အခန်း (၈၉၃-၈၉၄)
Vol. 54 Ch. 893-894
အပိုင်း (၈၉၃)
ပီကျင်းမြို့၏ မြို့တံခါးများက ဖြည်းညင်းစွာ ပွင့်သွားပြီးနောက် မြို့စားကတော်ကြီး ဒီဘိုရာက ရှမ့်လန်၏ လက်ကို ချိတ်ကာဖြင့် အေးအေးလူလူ လမ်းလျှောက်ထွက်လာ၏။
ခဏအတွင်း ရွှေရောင်ဝတ်စုံကို လဲလိုက်ရုံတင်မကဘဲ ဆံပင်ကိုလည်းပြင်၊ မိတ်ကပ်တွေတောင် လိမ်းလာသေးသည်။
ရှမ့်လန်ကလည်း သူ၏ ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားခဲ့ပြီးဖြစ်၏။ သူနှင့် ဒီဘိုရာတို့ ဘေးချင်းယှဉ် ရပ်နေကြသည်က တကယ်ကို လိုက်ဖက်သည့် စုံတွဲတစ်ခုကဲ့သို့ပင်။ စောဏကမှ တောင်ပေါ်တွင် ရှိနေခြင်းဖြစ်ပြီး ယခု ဤနေရာသို့ ရောက်ရှိလာခြင်းက မင်းသမီးဒိုဟာ တာဝန်ယူ ကူညီပေးခဲ့သောကြောင့်ပင်။
စစ်တပ်ကြီး၏ မျက်စိအောက်တွင် အဖိုးတန်ဝတ်စုံကို ဆင်မြန်းထားသည့် ဒီဘိုရာက မင်းသမီးဟယ်လင်၏ ရှေ့သို့ ရောက်ရှိလာ၏။ သူမက ဒူးတစ်ဖက်ကို ထောက်ကာဖြင့် မင်းသမီး၏ လက်စွပ်ပေါ် နမ်းရှိုက်ကာ ဂါရဝပြု၏။ “လှပမွန်မြတ်ပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ မင်းသမီးကို ဂါရဝပြုပါတယ်။”
စနစ်တကျ ဂါရဝပြုပြီးနောက် ဒီဘိုရာက ထရပ်ကာဖြင့် ဟယ်လင်ကို ဖက်လဲတကင်း နှုတ်ဆက်၏။ သူမက လူပုံအလယ်တွင် ပြုမူရမည့် ပြယုဂ်အတိုင်း ပြုလုပ်ပြီးနောက် ပုဂ္ဂလိက ခင်မင်မှုကို ပြသခြင်းပင်။
“အင်း... မင်းနဲ့အခုလိုတွေ့ရတာ ငါ့အတွက် အတိုင်းမသိ ဝမ်းမြောက်စရာပါပဲ ညီမလေး။” ဒီဘိုရာက ငြိမ်းအေးနေသည့် လေသံဖြင့် ဆို၏။
သူမက တကယ်ကို လူရည်နပ်လွန်းသူ၊ နိုင်ငံရေးပါးဝနေသူ တစ်ယောက်ပင်။ သူမက ဟယ်လင်ကို မိမိ၏ ညီမအရင်းကဲ့သို့ သဘာဝကျကျ ခေါ်ဆိုလိုက်၏။ သူမသည် ယခင်က မြောက်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ် တစ်ဦးဖြစ်ပြီး မင်းသမီးဟယ်လင်နှင့် ဆန့်ကျင်ဘက် အုပ်စုတွင် ရှိခဲ့သူပင်။
“အင်း...ကျွန်မလည်း အခုလို တွေ့ရတာ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ် ယောင်းမ။” မင်းသမီး ဟယ်လင်က နွေးထွေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
သူတို့အနည်းငယ်က မြို့စားကြီး ရပ်လ်ဆဲနှင့်အတူ စင်မြင့်ပေါ်တွင် ရင်းနှီးစွာ စကားပြောဆိုနေကြ၏။
အမှန်စင်စစ် ဟယ်လင်၊ ဒီဘိုရာနှင့် မြို့စားကြီး ရပ်လ်ဆဲတို့ သုံးဦးသာ စကားပြောနေကြခြင်းဖြစ်ပြီး ကျန်ရှိသည့် သူများက နားထောင်သူများပင်။ သူတို့ သုံးဦးလုံး၏ တူညီသည့် ပြောစရာ အကြောင်းအရာက ဧကရီ ဟယ်လင်အကြောင်းပင် ဖြစ်သည်။
“လူများစုက ကျုပ်ကို မြောက်ဘက်ပိုင်းရဲ့ တော်ဝင်မျိုးနွယ်လို့ ထင်နေပေမဲ့ ကျုပ်က အဲလို မယူဆပါဘူး။”
မြို့စားကြီး ရပ်လ်ဆဲက ပြော၏။ “အင်ပါယာထဲက လူတိုင်းက ဧကရီကြီး ပြုလုပ်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်သင့်တယ်လို့ ကျုပ်ထင်တယ်။ သူလုပ်ခဲ့တဲ့ အကြောင်းအရာတွေက ဒုတိယရှီလွန်အင်ပါယာ ပြိုကွဲစေဖို့ သွယ်ဝိုက်ပြီး ဖြစ်ပွားစေခဲ့တယ် ဆိုပေမဲ့ ရှီလွန်မင်းဆက်က ပိုပြီး အင်အားတောင့်တင်းလာခဲ့သလို အခွင့်အလမ်းသစ် တွေကိုလည်း ဆောင်ကျဉ်းပေးနိုင်ခဲ့တယ်။”
ဒီဘိုရာက ဝင်ပြောသည်။ “ကျွန်မကတော့ တောင်ပိုင်းတော်ဝင်မှူးမတ်မျိုး ဖြစ်နေတာ ကြာပါပြီ။”
ရှမ့်လန်က သူမ၏လှပသည့် မျက်နှာကို လှမ်းကြည့်မိ၏။ ‘မင်း လူရှေ့လူရှေ့ ဒီလိုလည်း ပြောတတ် သေးတာပဲ။’
ယခင်က ဒီဘိုရာက မာနကြီး အေးစက်ပြီး စကားတစ်လုံးပြောရန်ပင် ဝန်လေးသူပင်။ ယခုမှာတော့ သူမ၏ လှပသည့် မျက်နှာက ပွင့်လန်းနေသည့် ပန်းတစ်ပွင့်ကဲ့သို့ပင်။ ယခင်က သူမ၏မျက်နှာကို မြင်လျှင် ပြုံးတတ်ပါ့မလားဟုပင် သံသယဝင်ရသော်လည်း ယခု သူမ မပြုံးဘဲ နေနိုင်ပါ့မလားဟုပင် သံသယဝင်မိသည်။
မြို့စားကြီးရပ်လ်ဆဲက ဆက်လက်ကာ ပြော၏။ “မင်းသမီးရဲ့ မွေးနေ့တိုင်းမှာ တောင်ဘက်ပိုင်းက တော်ဝင်မှူးမတ်တွေက မွေးနေ့ပွဲ ပြုလုပ်ပေးကြတယ်။ ဒါကြောင့် ကျုပ်ကလည်း မင်းသမီးကို နှစ်တိုင်း မြင်တွေ့ခဲ့ရတယ်။ အရှေ့တိုင်းသားတွေရဲ့ စကားနဲ့ ပြောရမယ်ဆိုရင် အချိန်က ရေလို စီးဆင်းသွားပေမဲ့ တချို့ မြင်ကွင်းတွေကတော့ ထာဝရ တည်ရှိနေသလိုပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မင်းသမီးကို နောက်ဆုံး တွေ့ခဲ့ရတာ မနေ့ကလိုပဲ ကျုပ်အတွက်တော့ လတ်ဆက်နေဆဲပါ။”
ဟယ်လင်က ပြောသည်။ “အဲဒါက ကျွန်မ ပြောချင်တဲ့ စကားပါပဲ။ ၁၀ နှစ်ကျော်သွားခဲ့ပြီ ဆိုပေမဲ့ ဆရာကြီး ရပ်လ်ဆဲကတော့ အရင်အတိုင်း ရဲစွမ်းသတ္တိ ရှိနေတုန်းပဲ။”
“ဟားဟား။”
မြို့စားကြီးရပ်လ်ဆဲက ရယ်မော၏။ “မင်းသမီးကတော့ ဒီ ၁၀ နှစ်အတွင်း အရမ်းကြီး တိုးတက် ပြောင်းလဲ သွားခဲ့တယ်။ ကျုပ်ကတော့ အချိန်တွေ ဖြုန်းနေခဲ့တာပါပဲ။”
မင်းသမီးဟယ်လင်က ချီးကျူးစကား ဆိုသည်။ “ဒီ ၁၀ နှစ်အတွင်း မြို့စားကြီး ရပ်လ်ဆဲရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုကို အင်ပါယာအနေနဲ့ လုံးဝ မမေ့သင့်ဘူး။ ရှင့်လိုသူရဲကောင်း ရှိနေလို့ပဲ ရှီလွန်မင်းဆက်က ပျံ့ကျဲနေတယ် ဆိုပေမဲ့ ဗရုတ်သုတ်ခ ဖြစ်မနေတာပါပဲ။”
မှူးမတ်များအကြား နှုတ်ဆက်စကား ပြောဆိုခြင်းက တကယ့်ကို ရှည်လျား၏။ အခြေအနေ မည်မျှ အရေးကြီးနေသည် ဆိုစေကာမူ သူတို့က အစဉ်အလာအတိုင်း အချိန်ယူကာ ပြောဆိုကြ၏။ နာရီဝက်ခန့် နှုတ်ဆက် စကားများ ပြောဆိုပြီးနောက် မြို့စားကြီး ရပ်လ်ဆဲက ပြော၏။
“မင်းသမီး... ကျုပ် တရားဝင် အတည်ပြုစရာ တစ်ခုရှိပါတယ်။ ဒီရှမ့်လန်ဆိုတဲ့ ပုဂ္ဂိုလ်က တကယ်ပဲ မင်းသမီးရဲ့ မောင်အရင်း ဟုတ်ပါသလား။ ဒီကိစ္စက အရမ်းကို အရေးကြီးနေလို့ပါ။”
“သေချာတာပေါ့။”
မင်းသမီးဟယ်လင်က ပြောသည်။ “မြို့စားကြီးရပ်လ်ဆဲ အနေနဲ့ ကျွန်မတို့ရဲ့ မျက်လုံးတွေကို ကြည့်နိုင်ပါတယ်။ အဲဒီမှာ ထင်မှတ်မထားတဲ့ အရာတစ်ခုကို တွေ့ရှိပါလိမ့်မယ်။”
မြို့စားကြီးရပ်လ်ဆဲက ရှမ့်လန်နှင့် မင်းသမီးဟယ်လင်တို့၏ မျက်လုံးများကို စူးစိုက်ကြည့်၏။ မကြာခင်မှာပဲ တစ်စုံတစ်ခုကို တွေ့ရှိလိုက်၏။ ထိုနှစ်ဦးတို့၏ မျက်လုံးများက သာမန်လူများနှင့် မတူဘဲ ပို၍ ဆွဲဆောင်မှုရှိ၏။ အနီးကပ်ကြည့်လိုက်သည့်အချိန်မျိုးတွင် မျက်စိသူငယ်အိမ် တည်ဆောက်ထားမှုက ပိုမိုနက်နဲပြီး ရှုပ်ထွေး နေသလိုပင်။ သူငယ်အိမ်ချင်း အနည်းငယ် ကွဲပြားသော်လည်း အခြေခံအားဖြင့် တူညီနေကြ၏။
ဤနှစ်ဦးက လူသားတို့နှင့် မတူညီသည့် သီးခြားမျိုးဆက်တစ်ခုကဲ့သို့ပင်။ သူက ရှမ့်လန်၊ ဟီလာနှင့် ဟယ်လင် တို့ကို စမ်းသပ်ရန် မဝံ့ရဲတော့ပေ။ အားလုံးက ကျန်းလီ၏ ထူးခြားသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသူများပင် ဖြစ်၏။
ရှေးဟောင်းတရုတ်ပြည်တွင် ရှောင်ယွီ ဆိုသူ၌ သူငယ်အိမ်နှစ်ခု ပါသည်ဟု ဆိုကြ၏။ ထိုသို့ဆိုလျှင် ကျန်းလီ၏ ထူးခြားသည့် မျက်လုံးများက အဘယ်သို့ ရှိမည်နည်း။ အနီးကပ်ကြည့်ရှုပါက ရှမ့်လန်၏ မျက်လုံးထဲတွင် အရိပ်အထပ်ထပ် ပါရှိနေသကဲ့သို့ ထင်ရပြီး တကယ်ကို နက်ရှိုင်းဆန်းကြယ်လွန်း၏။ ဤကဲ့သို့သော အခြေအနေမျိုးက လူပေါင်းကုဋေကုဋာတွင် တစ်ယောက်မျှသာ တွေ့နိုင်သော်လည်း ယခု ရှမ့်လန်၊ ဟယ်လင်နှင့် ဟီလာ သုံးဦးလုံးတွင် တပြိုင်နက်တည်း တွေ့ရှိခြင်းပင်။
“ဒီအထောက်အထားတွေက ကျွန်မတို့ရဲ့ မောင်နှမတော်စပ်မှုကို သက်သေပြနိုင်မလား။”
မင်းသမီး ဟယ်လင်က ပြောသည်။ “ပြီးတော့ ဒီမှာ နောက်တစ်ခု ရှိသေးတယ်။ ဒါက ကျွန်မဖခင်ဆီက ရထားတဲ့ လက်ဆောင်ပဲ။”
ဟယ်လင်က ရိုးရှင်းသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဆွဲသီးတစ်ခုကို ထုတ်ပြ၏။ ထိုဆွဲသီးပေါ်တွင် သူမ တစ်ခါမှ မမြင်ဖူးသော စကားလုံးတစ်လုံး ပါရှိ၏။ ထိုအရာက ကျန်းလီ၏ အမှတ်အသားပင်။
“မောင်လေး... မင်း ဒီပစ္စည်းကို ရင်းနှီးနေမှာပေါ့။” မင်းသမီးက မေးမြန်း၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါက ကျုပ်အဖေရဲ့ သီးသန့်အမှတ်အသားပဲ။ တစ်လောကလုံးမှာ သူ တစ်ယောက်တည်း ကပဲ ဒါကို သုံးနိုင်တယ်။”
မြို့စားကြီး ရပ်လ်ဆဲက ပြော၏။ “မင်းသမီးရဲ့ စကားက ရွှေလို အဖိုးတန်ပြီး တစ်ခွန်းမှ မမှားနိုင်ပါဘူး။ အခုကစပြီး ကျုပ်က ဒါကို သက်သေခံမယ့်သူ ဖြစ်လာပါပြီ။ အနောက်လောက တစ်ခုလုံးက ဘယ်သူ့ရှေ့မှာမဆို ရှမ့်လန်နဲ့ မင်းသမီးတို့ရဲ့ မောင်နှမတော်စပ်မှုကို ကျုပ်က သက်သေခံပေးပါ့မယ်။”
မြို့စားကြီးရပ်လ်ဆဲက တကယ်ကို ဖြောင့်မတ်မှန်ကန်သူ တစ်ဦးဖြစ်၏။ သူက ရှမ့်လန်၏ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ရုံသာမက တစ်လောကလုံး၏ ရှေ့တွင်ပင် သက်သေခံရန် ဝန်မလေးခဲ့ချေ။
မင်းသမီးဟယ်လင်က မေးမြန်းသည်။ “ဒါဆိုရင် ဒီဘိုရာက ကျွန်မရဲ့မောင်လေးနဲ့ လက်ထပ်ပြီး သူ့ကို ကူညီပံ့ပိုးနေတာက ယုတ်မာတဲ့ လုပ်ရပ် မဟုတ်တော့ဘူးပေါ့။”
မြို့စားကြီးရပ်လ်ဆဲက ခဏမျှ စဉ်းစား၏။ “ရှမ့်လန်... အနောက်လောကမှာ ခင်ဗျား ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ သိပါရစေ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်က စစ်တပ်ကို ဦးဆောင်ပြီး အရှေ့တိုင်းလောကကို ပြန်မှာ။ ဒါကြောင့် အခု အနောက်တိုင်းက ဒီနေရာကို လာပြီးတော့ အင်အားစုဆောင်းနေတာပဲ။”
မြို့စားကြီး ရပ်လ်ဆဲက ပြော၏။ “မင်းသမီးဟယ်လင်ရဲ့ မောင်တစ်ယောက်အနေနဲ့ ခင်ဗျားက မြေတည်နေရာ အတော်အသင့်ကို ပိုင်ဆိုင်မှု ရသင့်တယ်။ ကျုပ် ဒါကို မေးမြန်းရတာ နယ်စားကြီးဒီဘိုရာက ပီကျင်းမြို့ကို ခင်ဗျားနဲ့ ခွဲဝေပိုင်ဆိုင်ခွင့်ပေးခဲ့တာ ခင်ဗျားရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက် အတွက်လား သိချင်လို့ပါ။”
“သံသယဖြစ်စရာ မလိုပါဘူး။”
ရှမ့်လန်က ပြောသည်။ “ကျုပ်တို့ နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးထားတဲ့ လက်တွဲဖော်တွေပါပဲ။ ကျုပ်ရဲ့ ရည်မှန်းချက်က ဘရွတ်ရဲ့ ရည်မှန်းချက်ပါပဲ။ ဒါကြောင့် ဒီဘိုရာက ပီကျင်းမြို့ကို ကျုပ်နဲ့ ခွဲဝေရယူတာ ယုတ်မာတဲ့ လုပ်ရပ် ဖြစ်ပါ့မလား။ ရော့ဆိုမိသားစုရဲ့ အကျိုးစီးပွားကို သစ္စာဖောက်တာ ဖြစ်ပါ့မလား။”
အမှန်စင်စစ် မဟုတ်နိုင်ပေ။ ရှမ့်လန်က အရှေ့တိုင်းတွင် အောင်မြင်မှုရရှိခဲ့ပါက ဒီဘိုရာ၏ သားက အရှေ့တိုင်းအင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်လာပေလိမ့်မည်။ ရှမ့်လန်နှင့် မင်းသမီးဟယ်လင်တို့၏ ပတ်သက်မှုကြောင့် အရှေ့နှင့် အနောက် လောကနှစ်ခုလုံးက အချင်းချင်း တော်ဝင်မှူးမတ် အဆင့်အတန်း များဖြင့် အသိအမှတ်ပြုကြပေလိမ့်မည်။ ဤအတွက် ရော့ဆိုမိသားစုက ကြီးမားသည့် အရှိန်အဝါတစ်ခုကို ထောက်ပံ့ပေးခဲ့သောကြောင့် ဒီဘိုရာ၏လုပ်ရပ်က အလွန်ကြီးမားလွန်းသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုဟုပင် သတ်မှတ်နိုင်၏။
သို့နှင့် မင်းသမီးဟယ်လင်နှင့် ဒီဘိုရာတို့ နှစ်ဦးလုံးက မြို့စားကြီး ရပ်လ်ဆဲ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
မြို့စားကြီး ရပ်လ်ဆဲက သေသေချာချာ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။ “ဒီဘိုရာရဲ့ လုပ်ရပ်က မွန်မြတ်သလား၊ မမွန်မြတ်ဘူးလား ဆိုတာကိုတော့ ကျုပ် မဝေဖန်တော့ဘူး။ ဒါပေမဲ့ ဒီလုပ်ရပ်က ရော့ဆိုမိသားစုရဲ့ အကျိုးစီးပွားကို မထိခိုက်စေတာတော့ အမှန်ပဲ။
ပြီးတော့ ရှမ့်လန်ရဲ့အဆင့်အတန်းက ဒီဘိုရာရဲ့ တရားဝင်ခင်ပွန်းဖြစ်ဖို့နဲ့ ပီကျင်းမြို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေရယူဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေထဲမှာ ရော့ဆိုမိသားစုရဲ့ အစိတ်အပိုင်း တစ်ခုလည်း ပါဝင်ရမယ် ဆိုတာကိုတော့ ကျုပ် ပြောထားပါရစေ။”
ရှမ့်လန်က ကတိပေးသည်။ “ဒါပေါ့။ ကျုပ်မိသားစုရဲ့ သမိုင်းမှတ်တမ်းထဲမှာ ထည့်သွင်းရေးထိုးပေးပါ့မယ်။”
မြို့စားကြီးရပ်လ်ဆဲက ပြော၏။ “ဒါဆိုရင်တော့ ဒီဘိုရာက ရော့ဆိုမိသားစုရဲ့ နယ်စားကြီးတစ်ယောက် ဖြစ်နေဆဲပဲလို့ ကျုပ် အသိအမှတ်ပြုပါတယ်။ သူက ရော့ဆိုမိသားစုရဲ့ အမြင့်ဆုံး အကျိုးစီးပွားကို ကိုယ်စားပြု နိုင်သူပါ။ ဒါဆိုရင် ဒီစစ်ပွဲက လုံးဝ ပြီးဆုံးသွားပါပြီ။ ရော့ဆိုမိသားစုရဲ့ လက်အောက်ခံ မှူးမတ်အားလုံးကို ခေါ်ယူပြီး ဒီဆုံးဖြတ်ချက်ကို ကျုပ် ကြေညာပေးပါ့မယ်။”
အနောက်လောကတွင် မြင့်မြတ်သည့် သွေးမျိုးဆက် ရှိနေခြင်းက အရာအားလုံးကို ရရှိခြင်းပင်။ မင်းသမီး ဟယ်လင်က ရှမ့်လန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြလိုက်သည်နှင့် ဒီဘိုရာ၏ ပြစ်မှုအားလုံးတို့က လေထဲသို့ လွင့်စင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
..........................
ခဏမျှ ကြာပြီးနောက် ရော့ဆိုမိသားစု၏ လက်အောက်ခံ မှူးမတ် ၁၀၀ ကျော်တို့က မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။
မြို့စားကြီး ရပ်လ်ဆဲက ကြေညာသည်။ “စစ်သည်တော်တို့... ဒီဘိုရာအပေါ် ကျုပ် စွပ်စွဲခဲ့သမျှ အချက်တွေကို ပြန်လည် ရုပ်သိမ်းလိုက်မယ်။ သူ့ရဲ့ တရားဝင် အဆင့်အတန်းကိုလည်း ကျုပ် အသိအမှတ်ပြုပါတယ်။”
ဒီဘိုရာက ပြော၏။ “စစ်သည်တော်တို့... ရှင်တို့က အရင်က အမှန်တရားကို မသိရှိခဲ့တာပါ။ ရှင်တို့ လုပ်ဆောင်သမျှတွေ ကလည်း ရော့ဆိုမိသားစုရဲ့ အကျိုးအတွက်ပဲမို့ ရှင်တို့က သစ္စာရှိတဲ့သူတွေအဖြစ် ရှိနေဆဲပါပဲ။ အရင်က ဖြစ်ပျက်ခဲ့သမျှတွေကို ကျွန်မ မေ့လိုက်ပါ့မယ်။ အခုကစပြီး ကျွန်မတို့ရဲ့ နှစ်ပေါင်းရာချီတဲ့ ပတ်သက်မှုကို ဆက်ပြီး ထိန်းသိမ်းသွားရအောင်။ အားလုံး ဘယ်လိုလဲ။”
ရောက်ရှိနေသည့် မှူးမတ်များက မြို့စားကြီး ရပ်လ်ဆဲကို တစ်ချက်ကြည့်၊ မင်းသမီးဟယ်လင်ကို တစ်ချက်ကြည့်၊ ပြီးနောက် သူတို့အားလုံးက ဗြုန်းစားကြီး ဒူးထောက်သည်။
“နယ်စားကြီးကို ဂါရဝပြုပါတယ်။ ကျုပ်တို့ကို အပြစ်ပေးတော်မူပါ။”
“အပြစ်မရှိဘူး။ အပြစ်မရှိဘူး။”
ဒီဘိုရာက အသံကျယ်ကျယ်ဖြင့် ပြော၏။ “ကျွန်မရဲ့ မိဘဘိုးဘွားတွေကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ ပြီးခဲ့တဲ့ကိစ္စကြောင့် ရှင်တို့ကို ဘယ်တော့မှ အပြစ်ပေးမှာ မဟုတ်ဘူး။ အတိတ်က အတိတ်မှာပဲ ထားရအောင်။ အနည်းဆုံး ဒီနေ့ ဒီနေရာမှာ ရှိနေကြတဲ့ သူတွေထဲမှာ သစ္စာဖောက်တစ်ယောက်မှ မရှိဘူး။ ရှင်တို့ အားလုံးက ရော့ဆိုမိသားစုရဲ့ ဖြောင့်မတ်တဲ့ လက်အောက်ခံတွေပဲ။ ရှင်တို့အတွက် ကျွန်မ ဂုဏ်ယူပါတယ်။”
“ရော့ဆိုမိသားစုအပေါ် သစ္စာစောင့်သိရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ။” မှူးမတ်များက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
ပြီးနောက် လူတစ်ရာတို့က ဒီဘိုရာ၏ ရှေ့တွင် တစ်ဦးချင်းစီ ဒူးထောက်၍ သစ္စာခံယူပွဲကို ကျင်းပ၏။ ဒီဘိုရာက လှပသည့် ဓားတစ်စင်းကို ကိုင်ဆောင်ပြီး လူတစ်ဦးချင်းစီ ဦးခေါင်းကို အသာအယာ ထိတွေ့ကာ ကတိသစ္စာခံမှုကို ပြန်လည် အတည်ပြုပေး၏။
ဤအချိန်မှာတော့ ဒီဘိုရာ ရင်ဆိုင်ခဲ့ရသည့် အကျပ်အတည်းက တရားဝင် ပြီးဆုံးသွားခဲ့သည်။ သူမက အသူရာလှိုင်းပြည်နယ် တစ်ခုလုံး၏ အာဏာကို ပြန်လည် ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်ပြီး တောင်ပိုင်းဒေသ အစောင့်အရှောက် ဆိုသည့် အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်လား ဆိုသည်ကတော့ မင်းသမီး ဟယ်လင်၏ အစွမ်းအစပေါ်တွင်သာ မူတည်ပေတော့မည်။
မင်းသမီးဟယ်လင်နှင့် မြို့စားကြီးရပ်လ်ဆဲတို့က သီးသန့် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်၏။
“တတိယရှီလွန် အင်ပါယာ တည်ထောင်မှုကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီးရဲ့သဘောထား ဘယ်လိုရှိပါသလဲ။” မြို့စားကြီး ရပ်လ်ဆဲက မေးမြန်းသည်။
ဟယ်လင်က ပြော၏။ “ကျွန်မက အပြည့်အဝ ထောက်ခံတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ သမိုင်းကို နောက်ပြန်လှည့်လို့ မရဘူး။ တောင်ပိုင်းက ပြုပြင်ပြောင်းလဲမှုတွေကို ဖျက်ဆီးလို့မရသလို ဧကရီဟယ်လင်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အလဟဿ အဖြစ်မခံနိုင်ဘူး။
ကျွန်ကုန်သွယ်မှုလို ရွံရှာစရာကောင်းတဲ့ ကိစ္စတွေကို လုပ်ကိုင်ခွင့်မပေးဘူး။ ပြီးတော့ ရှီလွန်လူမျိုးတွေနဲ့ ဗီတာလူမျိုးတွေအကြား သဟဇာတဖြစ်မှုကိုလည်း ဆက်လက်ထိန်းသိမ်းရမယ်။ မဟုတ်ရင် ရှီလွန် အင်ပါယာက တစ်နေ့နေ့မှာ တကယ်ပဲ ပျက်စီးသွားလိမ့်မယ်။”
သူမက ပြတ်ပြတ်သားသား ပြောနေခြင်းပင်။
“မင်းသမီးက တကယ်ကို အမြော်အမြင် ရှိလှပါပေတယ်။”
မြို့စားကြီး ရပ်လ်ဆဲက ဆိုသည်။ “တတိယရှီလွန် အင်ပါယာ တည်ထောင်ဖို့ဆိုတာ မင်းသမီးရဲ့ ဆန္ဒနဲ့ ထပ်တူကျနေပါပြီ။ မင်းသမီးကသာ သဘောထားတစ်ခုကို ပေးရင် တောင်ပိုင်းနိုင်ငံတစ်ခုလုံးက လက်ခံ ထောက်ခံကြမှာပါ။ ပြီးတော့ တစ်ခုလောက် မဝံ့မရဲနဲ့ မေးပါရစေ။ မင်းသမီးအနေနဲ့ ရှီလွန်အင်ပါယာရဲ့ ထီးနန်းကို ဆက်ခံဖို့၊ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် ရှိပါသလား။”
မင်းသမီးဟယ်လင်က ပြော၏။ “ဒီမေးခွန်းအတွက် ကျွန်မမှာ အဖြေနှစ်ခုရှိတယ်။ ပထမတစ်ခုက ကျွန်မက အာဏာပေါ်မှာ ဘာစိတ်ဝင်စားမှုမှ မရှိဘူး။ ထီးနန်းဆိုတာက ကျွန်မအတွက်တော့ အဆုံးမရှိတဲ့ နာကျင်မှုတွေနဲ့ တာဝန်ဝတ္တရားတွေပဲ။ အဲဒီ တာဝန်ဝတ္တရားတွေကနေ ရှောင်လွှဲနိုင်ဖို့ ကျွန်မက ၁၀ နှစ်ကျော် လှည့်လည် သွားလာနေခဲ့တာ။”
မြို့စားကြီး ရပ်လ်ဆဲက ခေါင်းကို လေးလံစွာ ညိတ်မိ၏။ သူက ဖြောင့်မတ်သည့် မင်းမှုထမ်း တစ်ယောက် ဖြစ်လေရာ မင်းသမီးဟယ်လင်ကလည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု ယုံကြည်ထား၏။ သူတို့နှစ်ဦးက မျိုးဆက် ကွဲပြားသော်လည်း အချင်းချင်း လေးစားမှု ရှိကြ၏။ ရှီလွန်အင်ပါယာ ပြန်လည် ထူထောင်ရေးအတွက် အားထားရမည့်သူများအဖြစ် မြင်နေကြခြင်းပင်။
“ဒုတိယအချက်ကတော့ ကျွန်မ ထီးနန်းကို လုမလား၊ မလုဘူးလား ဆိုတာက ကျွန်မပေါ်မှာ မမူတည်ဘူး၊ ကျွန်မ မောင်လေးပေါ်မှာလည်း မမူတည်ဘူး။ အင်ပါယာရဲ့ အကျိုးစီးပွားပေါ်မှာပဲ မူတည်တယ်။”
မြို့စားကြီး ရပ်လ်ဆဲက အရေးကြီးသည့်အချက်ကို သတိပြုလိုက်မိ၏။ မင်းသမီးက လူထု၏ဆန္ဒဟူသော စကားလုံးကို ထည့်သွင်းမပြောခဲ့ချေ။ သာမန်နိုင်ငံရေးသမားသာ ဆိုပါက လူထုဆန္ဒကို လုပ်ဆောင်ပါ့မည် ပြောပေလိမ့်မည်။
သို့သော်ငြား မင်းသမီးဟယ်လင်၌ တောင်ပိုင်းဒေသတစ်ခုလုံး၏ ထောက်ခံမှု ရှိနေသကဲ့သို့ ဗီတာမျိုးနွယ်စု အားလုံးနီးပါးတို့၏ ထောက်ခံမှု ရှိနေသည်ကို လူတိုင်းသိ၏။ ဆော်ရွှန်၌ မြောက်ပိုင်း တော်ဝင် မှူးမတ်များနှင့် ရှီလွန်လူမျိုး စစ်စစ်များ၏ ထောက်ပံ့မှုများ ရှိသော်လည်း လူဦးရေအရ ပြောရမည်ဆိုလျှင် မင်းသမီးဟယ်လင်က သာလွန်၏။ ရှီလွန်အင်ပါယာ၏ ၈၀ ရာခိုင်နှုန်းက ဗီတာလူမျိုးများ ဖြစ်နေသောကြောင့်ပင်။
မင်းသမီးဟယ်လင် ဆိုလိုရင်းက ရိုးရှင်း၏။ သူမက လူထု၏ဆန္ဒကို အသုံးချ၍ အာဏာကို ခြိမ်းခြောက်မည် မဟုတ်ခဲ့သကဲ့သို့ ထီးနန်း လုယူရန် လက်နက်အဖြစ်လည်း အသုံးချလိမ့်မည် မဟုတ်ချေ။
“အင်း... ကျုပ် နားလည်ပါပြီ မင်းသမီး။”
မြို့စားကြီးက ဆို၏။ “မင်းသမီးက အရင်အတိုင်းပဲ မွန်မြတ် ဖြောင့်မတ်နေဆဲပါပဲ။ တောင်ပိုင်းဒေသမှာ မင်းသမီးလို ခေါင်းဆောင်မျိုး ရှိနေတာ ကံကောင်းခြင်း တစ်ရပ်ပါပဲ။”
***
အပိုင်း (၈၉၄)
မင်းသမီးဟယ်လင်က ဆို၏။ “မြို့စားကြီး ရပ်လ်ဆဲ... ဆော်ရွှန်ဆီကို သတင်းစကား တစ်ခုလောက် ပါးပေးပါ။”
“ပြောပါ။”
“ကျွန်မက ဘုရင်မမြို့ရဲ့ အရှင်သခင်ပဲ။ ဘုရင်မ မီဒူဆာဆိုတာ ဖြတ်သွားဖြတ်လာ သူရဲကောင်း တစ်ယောက်ပဲ။ ဒါကြောင့် ဆော်ရွှန်အနေနဲ့ သူ့ကို နောက်ဆုံး ပြိုင်ဘက်အဖြစ် မရွေးချယ်သင့်ဘူး။ သူ့ရဲ့ တကယ့်ပြိုင်ဘက်က ကျွန်မပဲ။ ကျွန်မ မကြာခင်မှာ ဘုရင်မမြို့ကို လာပြီး သူနဲ့ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲပါ့မယ်။”
မြို့စားကြီးရပ်လ်ဆဲက ပြောလိုက်သည်။ “နားလည်ပါပြီ။ ဒီသတင်းကို ကျုပ် သေချာပေါက် ပါးပေးပါ့မယ်။ အဲဒီအချိန်ကျရင် ကျုပ်ကလည်း မင်းသမီး ရောက်လာမယ့်ရက်ကို ရိုရိုသေသေနဲ့ စောင့်ဆိုင်းနေပါ့မယ်။ မင်းသမီးက ဘုရင်မမြို့တော်ရဲ့ အရှင်သခင် ဖြစ်သလို ကျုပ်ရဲ့ တစ်ဦးတည်းသော အရှင်သခင်လည်း ဖြစ်နေမှာပါ။”
မြို့စားကြီး ရပ်လ်ဆဲ၏ စကားလုံးက ရှင်းလင်း၏။ သူက လူပုဂ္ဂိုလ် တစ်ဦးထက် ရှီလွန်အင်ပါယာ အပေါ်တွင်သာ သစ္စာစောင့်သိသူ ဖြစ်၏။ သူ ဆော်ရွှန်အပေါ် သစ္စာရှိနေခြင်းက ထိုသူက အင်ပါယာ၏ အကျိုးစီးပွားအတွက် အသင့်တော်ဆုံးသော ခေါင်းဆောင်ဖြစ်သည်ဟု ယူဆထားသောကြောင့်ပင်။
“အချိန်က အရမ်းကို တန်ဖိုးကြီးတယ်။ သူ လမ်းမှာ အချိန်မဖြုန်းဘဲနဲ့ တောင်ပိုင်းက ဘုရင်မမြို့ကနေ မြန်မြန် ဆင်းလာပြီး ကျွန်မနဲ့ တိုက်ခိုက်ဖို့ မျှော်လင့်မိတယ်။” မင်းသမီးဟယ်လင်က ပြော၏။
မြို့စားကြီး ရပ်လ်ဆဲက ပြောလိုက်သည်။ “အချိန်ဆိုတာ ဘယ်သူ့ကိုမှ မစောင့်ပါဘူး။ ဒါက ကျုပ်ရဲ့ သဘောထားလည်း ဖြစ်ပါတယ်။ အင်ပါယာကို စောစောတည်ထောင်နိုင်လေ ကောင်းလေပါပဲ။ ဒါဆိုရင် ကျုပ်ကို ခွင့်ပြုပါအုံး။”
“လမ်းခရီးတစ်လျှောက် အဆင်ပြေပါစေ မြို့စားကြီး ရပ်လ်ဆဲ။”
“ကောင်းကင်ဘုံက မင်းသမီးကို စောင့်ရှောက်ပါစေ။ မင်းသမီး ပြန်လာတာက အင်ပါယာ အတွက်တော့ ကံကောင်းခြင်း တစ်ခုပါ။” သို့နှင့် မြို့စားကြီးရပ်လ်ဆဲက သူ၏စစ်တပ်ကြီးနှင့်အတူ ထွက်ခွာသွားရန် ပြင်ဆင်လေတော့၏။
“ကျုပ်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါ့မယ် ရပ်လ်ဆဲ။” အဒေါ့ဖ်က ရုတ်တရက် ဝင်ပြောသည်။
ဒီဘိုရာက အေးစက်စက်နှင့် တားမြစ်လိုက်၏။ “ရှင် ထွက်သွားလို့ မရဘူး ဆရာအဒေါ့ဖ်။”
အဒေါ့ဖ်ကပြန်မေးသည်။ “ကျုပ်ကို ဘာအကြောင်းပြချက်နဲ့ တားမှာလဲ။ ဘာနဲ့ တားမှာလဲ သိပါရစေအုံး။”
ဤမေးခွန်းက လူတိုင်းကို အခက်တွေ့စေ၏။ အဒေါ့ဖ်က သွေးသောက်ဘာရွန်ကို အမိန့်ပေး၍ ရှမ့်လန်၏ သင်္ဘောအုပ်စုကို ဝိုင်းရံဖြုတ်ချခိုင်းခဲ့ဖူးသလို မူလန်မြို့ထဲသို့ ဝင်ရောက်ကာဖြင့် ရှမ့်လန်၏ ယမ်းနှင့် အမြှောက်များကို လုယူရန် ကြိုးပမ်းခဲ့၏။
ထို့ပြင် သူက ဒီဘိုရာကို ခြိမ်းခြောက်၍ ရှမ့်လန်ကို သစ္စာဖောက်ခိုင်းခဲ့ပြီး အမေဇုန်တပ်ဖွဲ့များကိုလည်း အဆိပ်ခတ်၍ အမျိုးသမီး စစ်သည်တော်များကို ဖမ်းဆီးသွားရန် ကြိုးစားခဲ့၏။ သို့သော်ငြား ဤလုပ်ရပ်များက အင်ပါယာဥပဒေကို ချိုးဖောက်ခြင်း မရှိချေ။
အကြောင်းရင်းက ယခင်က ရှမ့်လန်၏ မူလန်မြို့က ရှီလွန်အင်ပါယာ၏ ဥပဒေအောက်တွင် မရှိသကဲ့သို့ အမေဇုန်မျိုးနွယ်စုများကလည်း အင်ပါယာ၏ အသိအမှတ်ပြုခြင်းကို မခံထားရသောကြောင့်ပင်။ ထို့ကြောင့် အဒေါ့ဖ်၏ လုပ်ရပ်များက တစ်နည်းအားဖြင့် အင်ပါယာအတွက် လုပ်ဆောင်နေခြင်းဟုပင် အကြောင်းပြနိုင်သည်။
ထို့ပြင် သူက ကျန်းလီအပေါ် သစ္စာဖောက်ခဲ့သည် ဟူသော ပြစ်မှုကလည်း အင်ပါယာဥပဒေနှင့် မသက်ဆိုင်ခဲ့ပေ။ မြို့စားကြီးရပ်လ်ဆဲနှင့် မင်းသမီးဟယ်လင်တို့က မင်းမှုထမ်းတို့၏ ကျင့်ဝတ်စည်းကမ်းများကို အလွန်လေးစားသူများ ဖြစ်သောကြောင့် ပုဂ္ဂိုလ်ရေး အာဃာတကြောင့် အပြစ်ပေးမှုကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သူက ရှမ့်လန်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း မရှိသောကြောင့် သူ့တွင် ပြစ်မှု မရှိသကဲ့သို့ပင်။ ထို့ကြောင့် မင်းသမီးဟယ်လင်၏ အဆင့်အတန်းနှင့် သူ့ကို အပြစ်ပေးရန် ခက်ခဲ၏။
ဟယ်လင်က ခဏလောက် စဉ်းစား၏။ ပြီးနောက် သူမ၏ ဓားကို ဆွဲထုတ်ကာဖြင့် အေးအေးလူလူ ပြော၏။ “ဆရာကြီး အဒေါ့ဖ်... ရှင်က ကျွန်မအဖေရဲ့ တပည့်တစ်ယောက် ဖြစ်ပေမဲ့ ရှင်က ကျွန်မ မောင်လေးကို လုပ်ကြံမှုတွေနဲ့အတူ ဒုက္ခပေးခဲ့တယ်။ ဒါက သစ္စာဖောက်မှုပဲ။ အဖေရဲ့ သမီးတစ်ယောက် အနေနဲ့၊ မောင်လေးရဲ့ အစ်မတစ်ယောက်အနေနဲ့ ရှင့်ကို တိုက်ရိုက် စိန်ခေါ် တိုက်ခိုက်ချင်တယ်။”
သူမက တရားဝင် အဆင့်အတန်းနှင့် အဒေါ့ဖ်ကို အပြစ်ပေး၍မရသောကြောင့် ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်လိုက်ခြင်းပင်။ အဒေါ့ဖ်က မင်းသမီးဟယ်လင်ကို ကြည့်ပြီး ရင်ထဲတွင် လောဘဇောများ ထကြွလာ၏။ ဤအမျိုးသမီးက အနောက်လောက၏ အမွန်မြတ်ဆုံးသော အမျိုးသမီး တစ်ယောက်ဖြစ်သလို တစ်နည်းအားဖြင့် သူ၏ ဆရာတူညီမလေးလည်း ဖြစ်၏။ သူမကိုသာ ရရှိခဲ့ပါက သူက ရှီလွန်အင်ပါယာ၌ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားပေလိမ့်မည်။
“ကျုပ် မင်းသမီးရဲ့ စိန်ခေါ်မှုကို ငြင်းပယ်ပါတယ်။”
ထိုစကားကြောင့် လူတိုင်းက အံ့အားသင့်သွား၏။ စိန်ခေါ်မှုကို ငြင်းပယ်လိုက်သောကြောင့် အတင်းအကျပ် တိုက်ခိုက်ခိုင်းရန် မဖြစ်နိုင်တော့ချေ။
အဒေါ့ဖ်ကဦးညွှတ်ကာ ဆိုသည်။ “ဒါဆိုရင် ကျုပ် ဆော်ရွှန်မင်းသား အနားကိုပဲ ပြန်ပါတော့မယ်။ အားလုံးကို နှုတ်ဆက်ပါတယ်။ မင်းသမီး... ကျုပ်တို့ မကြာခင် ဘုရင်မမြို့တော်မှာ ပြန်တွေ့ကြတာပေါ့။ နှုတ်ဆက်ပါတယ်။”
ပြီးနောက် သူက လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့၏။ လူတိုင်းက သူ မဆင်မခြင် ထွက်ခွာသွားသည်ကို ထိုင်ကြည့်နေရုံမှအပ တခြားဘာမှ မတတ်နိုင်တော့ချေ။
ထိုအချိန်မှာပင် အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “ဆရာကြီးအဒေါ့ဖ်... မင်းသမီး ဟယ်လင်က ခင်ဗျားကို မတားနိုင်ပေမဲ့ ကျွန်မကတော့ တားနိုင်တယ်။”
ဤလူကတော့ အနောက်လောကတွင် အစွမ်းထက်ဆုံးနှင့် အပြည့်စုံဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်သူ၊ အမေဇုန်မျိုးနွယ်စု၏ ဘုရင်မ အီဒါ ပင် ဖြစ်၏။ သူမသည် လွန်ခဲ့သည့် နှစ်လကျော်က အဒေါ့ဖ်၏ လက်ချက်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့၏။ သူမ၏ ပုံရိပ်က ပျက်စီးသွားခဲ့ပြီဟု ခံစားရသောကြောင့် အဒေါ့ဖ်ကို အနိုင်ယူရန် နည်းလမ်းများကို ရှာဖွေရင်း လူသူမသိသည့်နေရာတွင် ပုန်းအောင်းနေခဲ့ခြင်းပင်။ ယခု သူမ ထွက်ပေါ်လာပြီ ဖြစ်သည်။
ဘုရင်မ အီဒါက ဖြည်းညင်းစွာ လမ်းလျှောက်လာ၏။ “အဒေါ့ဖ်... ရှင်က ကျွန်မကို စကားလုံးတွေနဲ့ အကြိမ်ကြိမ် စော်ကားခဲ့တယ်။ ရှင့်ကို အနိုင်ယူပြီး ရှင့်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်လိုက်မယ်လို့ ကျွန်မ ကျိန်ဆိုထားခဲ့ပြီးသား။ အခု ကျွန်မ ဒီမှာ ရှိနေပြီ။ ကျွန်မရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပါ။”
မြို့စားကြီး ရပ်လ်ဆဲက မေးမြန်းသည်။ “အရှင်မအီဒါ... သူ့ရဲ့ စော်ကားမှုတွေထဲမှာ ယောက်ျားနဲ့ မိန်းမကြား လျှို့ဝှက်ကိစ္စတွေ ပါဝင်နေတာလား။”
“ပါဝင်တာပေါ့။” အီဒါက ဖြေ၏။
မြို့စားကြီး ရပ်လ်ဆဲက ပြောသည်။ “ဆရာအဒေါ့ဖ်... ဒါဆိုရင်တော့ ခင်ဗျားအနေနဲ့ ဘုရင်မအီဒါရဲ့ စိန်ခေါ်မှုကို ငြင်းပယ်ပိုင်ခွင့် မရှိတော့ဘူး။ အနောက်လောကက အမေဇုန်မျိုးနွယ်စုကို နှင်ထုတ်ထားတယ် ဆိုအုံးတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဒီလို မစော်ကားသင့်ဘူး။ ကျုပ်တို့ ယောက်ျားတွေအနေနဲ့ လေးစားသမှုတော့ ရှိသင့်တယ်။”
ဘုရင်မ အီဒါက မီတာ တစ်ရာကျော် မြင့်မားသည့် ချောက်ကမ်းပါးထိပ်သို့ လျင်မြန်စွာ တက်သွား၏။ “အဒေါ့ဖ်... ဒီချောက်ကမ်းပါးထိပ်မှာပဲ ကျွန်မတို့ စိန်ခေါ်တိုက်ခိုက်ကြတာပေါ့။ လူတိုင်းလည်း ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့။ ကျွန်မသာ ဒီနေ့ ရှင့်ကို အနိုင်မတိုက်နိုင် ၊ ရှင့်ရဲ့လိင်အင်္ဂါကို မဖြတ်တောက်နိုင်ဘူးဆိုရင် ဒီချောက်ကမ်းပါးပေါ်မှာပဲ အသေခံလိုက်မယ်။
အမေဇုန်ဘုရင်မ နိုင်ငံရဲ့ နိုင်ငံသားတွေ အားလုံး နားထောင်ကြ၊ ဒါက စိန်ခေါ်တိုက်ခိုက်ပွဲပဲ။ ဘယ်သူမှ ဝင်မကူညီရဘူး။ သေသွားခဲ့မယ်ဆိုရင်တောင် ဘယ်သူမှ လက်စားမချေရဘူး။ ကျွန်မ သေသွားခဲ့ပြီဆိုရင် အားလုံးက အစဉ်အလာအတိုင်း ဘုရင်မအသစ် တစ်ယောက်ကို ရွေးချယ်ပြီး ဆက်လက် တိုက်ပွဲဝင်ကြပါ။”
ထိုစကားကြောင့် လူတိုင်းက အံ့အားသင့် တုန်လှုပ်သွား၏။ ဘုရင်မအီဒါက တကယ်ကို ပြတ်သားလွန်း နေ၏။ သူမက အဒေါ့ဖ်ကို အနိုင်ယူ၍ လိင်အင်္ဂါကို ဖြတ်တောက်မည်။ ထိုသို့မဟုတ်ပါက မိမိကိုယ်ကိုယ် အဆုံးစီရင်မည်ဟု ဆိုနေခြင်းပင်။
အဒေါ့ဖ်က ဆွဲဆောင်မှု အပြည့်ရှိသည့် အီဒါကို ကြည့်ကာ ဦးညွှတ်၏။ သူက ပြုံးကာ ဆို၏။ “ဒါဆိုရင်လည်း ခင်ဗျားရဲ့ ဆန္ဒအတိုင်းပါပဲ။ ကျုပ်တို့ သေသေရှင်ရှင် တိုက်ခိုက်ကြတာပေါ့။”
ပြီးနောက် အဒေါ့ဖ်က စွန်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာဖြင့် ချောက်ကမ်းပါးပေါ်သို့ တက်သွားလေသည်။
မြို့စားကြီး ရပ်လ်ဆဲက ချက်ချင်း ထွက်ခွာသွားခြင်း မရှိသေးဘဲ အဒေါ့ဖ်နှင့် ဘုရင်မအီဒါတို့၏ တိုက်ပွဲ အဆုံးသတ်ကို စောင့်ဆိုင်းနေ၏။
“မြို့စားကြီး ရပ်လ်ဆဲ... အရှင့်အထင် အရှေ့တိုင်းသိုင်းပညာနဲ့ အနောက်တိုင်း သိုင်းပညာ ဘယ်ဟာ ပိုပြီး အစွမ်းထက်တယ်လို့ ထင်လဲ။” ဒီဘိုရာက မေးမြန်းလိုက်သည်။
မြို့စားကြီး ရပ်လ်ဆဲက ပြန်လည်မေးခွန်းထုတ်၏။ “သခင်လေး ရှမ့်လန်... ဘယ်လိုထင်လဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်က ကြက်ကလေးတစ်ကောင်ကိုတောင်မှ ဖမ်းနိုင်တဲ့ ခွန်အားမျိုး မရှိပါဘူး။ ကျုပ်ကို မေးတာက မျက်မမြင်ကို လမ်းမေးတာနဲ့ အတူတူပါပဲ။ ပြီးတော့ ကျုပ်က အနောက်တိုင်းကို တစ်ယောက်တည်း လာခဲ့ရတာဆိုတော့ နှိုင်းယှဉ်ပြစရာ အထောက်အထား မရှိဘူး။ ဒါပေမဲ့ အချက်အလက် တစ်ခုခုကိုတော့ သက်သေပြနိုင်မယ့်အရာ ရှိပါတယ်။”
“အဲဒါက ဘာများလဲ။” ဒီဘိုရာက ဝင်မေး၏။
ရှမ့်လန်က ဖြေသည်။ “အရှေ့တိုင်းမှာ သဘာဝလွန် အင်အားစု ခြောက်ခု ရှိတယ်။ ကျောက်စိမ်းဖြူ မြို့တော်တောင်မှ တော်ဝင်အင်ပါယာ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို နာခံရတယ်။ အနောက်တိုင်းမှာတော့ အဲဒီလို သဘာဝလွန် အင်အားစုတွေရဲ့ အဆောက်အအုံ ပုံသဏ္ဍာန်ကိုပဲ ကျုပ် မြင်ရသေးတယ်။
ဥပမာအားဖြင့် မီးနတ်ဘုရားဂိုဏ်းတို့၊ ပျောက်ဆုံးနိုင်ငံထဲက နှင်းဖုံးတောင်ပေါ်မှာ ရှိတဲ့ ပိရမစ်တို့ပေါ့။ အရှေ့နဲ့ အနောက်က ကျောက်စိမ်းဖြူမြို့တော်တွေ ဆက်စပ်မှု ရှိ၊ မရှိကိုတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ အနောက်တိုင်းက ကျောက်စိမ်းဖြူမြို့တော်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။” သူက မေးမြန်းလိုက်၏။
ရပ်လ်ဆဲက ပြောသည်။ “မြင့်မြတ်လွန်းတယ်။ နတ်ဘုရားတစ်ပါးလိုပဲ သတ္တဝါတွေ အားလုံးကို ငုံ့ကြည့်နေတာမျိုးပေါ့။”
ရှမ့်လန်က ပြန်ပြော၏။ “နောက်ထပ် တစ်ခုရှိသေးတယ်။ ကျုပ် အရှေ့တိုင်းမှာ ရှိနေတုန်းက သဘာဝလွန် ဖြစ်ရပ်တွေနဲ့ မကြုံခဲ့ရလို့ အရမ်းကို နက်နဲပြီး ဆန်းကြယ်တဲ့ အရာတွေကို မမြင်ဖူးသလောက်ပါပဲ။ ဒါပေမဲ့ ဒီမှာတော့ ရှေးဟောင်းစွမ်းအင် အမြူတေတွေ၊ အိပ်မက်ဆိုး တောင်တန်းက ပေါက်ကွဲမှုတွေ၊ ပျောက်ဆုံးနိုင်ငံထဲက မိစ္ဆာမယ်တော်ကြီးနဲ့ ပင်လယ် မွန်းစတားသောင်းချီ ကိစ္စရပ်တွေ၊ အရာအားလုံးက ဆန်းကြယ်ပြီး စိမ်းသက်နေတယ်။ ဒါက လူတွေကို အနောက်တိုင်းက ပိုပြီး စွမ်းထက်တယ်၊ ဆန်းကြယ်တယ်လို့ ခံစားရစေတယ်။ ဒါပေမဲ့ သေချာ စိစစ်ကြည့်ရင်တော့ အဲလိုမဟုတ်ဘူး။ လုံးဝ ဆန့်ကျင်ဘက်ပဲ။”
မြို့စားကြီး ရပ်လ်ဆဲက စကားထောက် ပေးလိုက်သည်။ “အသေးစိတ်လေး သိပါရစေအုံး။”
ရှမ့်လန်က ပြော၏။ “အဲဒီ ဆန်းကြယ်တဲ့ အရာတွေ အားလုံးက ရှေးဟောင်းယဉ်ကျေးမှုက လာတာပဲ။ ဒါကြောင့် အရှေ့တိုင်းမှာလည်း အဲဒါတွေက အကြီးအကျယ် ပေါ်ပေါက်ခဲ့မှာ သေချာတယ်။ ဒါပေမဲ့ အခု အရှေ့တိုင်းမှာ ဘာလို့ အဲဒါတွေ မတွေ့ရတော့တာလဲ။ အဖြေကတော့ အဲဒါတွေကို အားလုံးကို ချိတ်ပိတ် သိမ်းဆည်းထားလို့ပဲ။”
သူ၏စကားက အချက်အလက် ကျလွန်း၏။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် ကျန်းလီ အာဏာမရခင် အချိန်ထိ အရှေ့တိုင်းလောကကြီး တစ်ခုလုံးတွင် ရှေးဟောင်းအကြွင်းအကျန်များအကြောင်း ကြားရခဲ၏။ ရှေးဟောင်း လျှို့ဝှက်ကျမ်းစာများ အကြောင်းကို သာမန်လူများ မကြားဖူးကြချေ။ ကျန်းလီကသာ ထိုအက်ကွဲကြောင်းကို ဆွဲဖွင့်ပေးခဲ့ပြီး အားကောင်းသည့် ရှေးဟောင်းယဉ်ကျေးမှုကို ထင်ရှားလာစေ ခဲ့ခြင်းပင်။
အမှန်စင်စစ် အရှေ့တိုင်းလောကရှိ ဆန်းကြယ်ပြီး စွမ်းထက်သည့် နေရာများကို သဘာဝလွန် အင်အားစုများက ထိန်းချုပ်၍ သိုဝှက်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှား၏။ ထိုနေရာများက သဘာဝလွန် အင်အားစု ခြောက်ခု၏ နယ်မြေများ ဖြစ်လာခဲ့ကြသည်။
ထိုသူတို့၏ ပိတ်ပင်မှုကြောင့် သာမန်လူများက ဘာကိုမျှ မမြင်နိုင်၊ မကြားနိုင်ခဲ့ရခြင်းပင်။ သို့သော်လည်း သဘာဝလွန် အင်အားစု ခြောက်ခုတို့က ဤမျှ စွမ်းထက်နေပါလျက် အဘယ်ကြောင့် ဧကရာဇ်မင်းမြတ်၏ အမိန့်ကို နာခံနေရသနည်း။ ဤသည်က ရှမ့်လန် လောလောဆယ် နားမလည်နိုင်သေးသည့် အချက်ပင်။
“ဒါဆိုရင် ကျုပ်တို့ တစ်ခုခုကိုတော့ ဆုံးဖြတ်နိုင်ပြီ။”
ရှမ့်လန်က ပြော၏။ “အနောက်လောကက ရှေးဟောင်းယဉ်ကျေးမှုကို ဖော်ထုတ်ဖို့ အစပျိုးရုံပဲ ရှိသေးတာမို့ အရှေ့တိုင်းထက် နှစ်ပေါင်းများစွာ နောက်ကျနေသေးတယ်။
နောက်ထပ် နှစ်ပေါင်းရာချီလို့ အနောက်တိုင်းရဲ့ ဆန်းကြယ်တဲ့နယ်မြေတွေက တစ်စတစ်စနဲ့ စူးစမ်းပြီး ဖော်ထုတ်လာနိုင်မယ်ဆိုရင် အနောက်တိုင်းမှာ သဘာဝလွန် အင်အားစုတွေ ပေါ်ထွက်လာလိမ့်မယ်။ ပြီးတော့ ရှေးဟောင်းယဉ်ကျေးမှု တစ်ခုလုံးကို လက်ဝါးကြီးအုပ် စိုးမိုးသွားလိမ့်မယ်။”
ထိုစကားကို တခြားသောသူများသာ ကြားပါက အနောက်လောကက အရှေ့တိုင်းထက် နှစ်ပေါင်းရာချီ နောက်ကျနေသည်ဟု ပြောသောကြောင့် မကျေမနပ် ဖြစ်ပေလိမ့်မည်။ သို့သော်ငြား မြို့စားကြီး ရပ်လ်ဆဲက ထိုစကားကို ကြားချိန်မှာတော့ ခေါင်းညိတ်ကာ ပြောသည်။ “သခင်လေး ရှမ့်လန် ပြောတာက ကျုပ် တွေးနေတဲ့ အချက်ပါပဲ။”
“မဲမှောင်နေတဲ့ တိမ်တိုက်တွေ ရောက်နေပြီ။ မိုးရွာတော့မှာလား မသိဘူး။” ဒီဘိုရာက ရုတ်တရက် ဆို၏။ သူမ ပြောသည့်အတိုင်းပင် မဲမှောင်နေသည့် တိမ်တိုက်ကြီးက ကောင်းကင်ယံပေါ်သို့ စတင်ကာ ဖုံးအုပ်လာခဲ့၏။
……………
ချောက်ကမ်းပါး၏ ထိပ်မှာတော့ ဘုရင်မအီဒါနှင့် အဒေါ့ဖ်တို့က ပေ ၆၀ ခန့် အကွာအဝေး၌ မတ်တပ်ရပ်ကာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုနေသည်။
“အရှင်မ... ခင်ဗျားက တကယ့်ကို ပါးနပ်တဲ့ နေရာတစ်ခုကို ရွေးချယ်ခဲ့တာပဲ။ ဒီချောက်ကမ်းပါးထိပ်က နေရာ အရမ်းကျဉ်းတယ်၊ စတုရန်းပေ တစ်ထောင်တောင် မပြည့်ဘူး။”
အဒေါ့ဖ်က လှောင်ပြောင်လိုက်၏။ “ဒါပေမဲ့ အလကားပါပဲ။ ဒီလောက် နေရာလေးက ကျုပ်အတွက် လုံလောက်တာထက်တောင် ပိုပါသေးတယ်။ ကျုပ်တို့ နောက်ဆုံး တိုက်ခိုက်ခဲ့တာ နှစ်လပဲ ရှိသေးတယ်။ ခင်ဗျား ဘယ်လောက်ပဲ လေ့ကျင့်၊ လေ့ကျင့် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။”
“ဝှစ်...”
အဒေါ့ဖ်က စကားပြောနေရင်းနှင့် သူ၏ တည်နေရာကို သုံးကြိမ်တိုင်တိုင် ပြောင်းလဲလိုက်ရာ အစပိုင်းတွင် သူက ဘုရင်မ အီဒါ၏ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာခဲ့ပြီး ကိုယ်ဖျောက်လိုက်သကဲ့သို့ ချက်ချင်း ဘုရင်မ၏ ဘေးသို့ ရောက်၏။ ပြီးနောက် နောက်ဆုံး အီဒါ၏ နောက်ကျောဘက်ဆီသို့ ရောက်ရှိသွားသည်။
ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ရပ်လ်ဆဲ၏ မျက်လုံးများက ကျဉ်းဝင်သွား၏။ ဤမျှ မြန်ဆန်သည့် အရှိန်မျိုး ရှိနေသေးသည်လား။ အဘယ်သို့ ပြုလုပ်လိုက်သနည်း။ ဤမျှ လျင်မြန်သည့် လှုပ်ရှားမှုကို မည်သို့မှ ကာကွယ်ရန် မဖြစ်နိုင်ချေ။ မိမိသာ တိုက်ခိုက်ရမည်ဆိုပါက အဒေါ့ဖ်၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းအတွင်း သေဆုံး သွားနိုင်ကြောင်း ရပ်လ်ဆဲက သိရှိလိုက်၏။
ရှမ့်လန်က ပြောသည်။ “ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ စွမ်းအင်ပဲ။ အဒေါ့ဖ်ကိုယ်ပေါ်မှာ ရှေးဟောင်း ယဉ်ကျေးမှုရဲ့ ကိရိယာတစ်ခု တပ်ဆင်ထားတယ်။ ရှေးဟောင်း သိုင်းပညာတွေနဲ့ ပေါင်းစပ်တိုက်တဲ့ အချိန်မှာ ဒါက အရမ်းကို လျင်မြန်တဲ့ အရှိန်မျိုးနဲ့ လှုပ်ရှားနိုင်တာပေါ့။”
ဘုရင်မအီဒါက လခြမ်းပုံစံ ဓားကောက်တစ်စင်းကို ဖြည်းညင်းစွာ ထုတ်ယူရာ ထိုဓားက မိုးမခရွက်ကဲ့သို့ပင် ပေါ့ပါးလွန်း၏။
အဒေါ့ဖ်က ဆိုသည်။ “အီဒါ... အရင်ကလိုပဲ။ ခင်ဗျား ကျုပ်ရဲ့ ဆံခြည်တစ်မျှင်ကို ထိအောင် လုပ်နိုင်ရင် အရှုံးလို့ သတ်မှတ်ပေးမယ်။ မဟုတ်ရင်တော့ အချည်းနှီး ခုခံမနေဘဲ အေးအေးဆေးဆေး လဲလျောင်းပြီး ကျုပ်ရဲ့ သိမ်းပိုက်မှုကို ခံယူလိုက်ပါ။”
ဘုရင်မ အီဒါက မျက်လုံးကို မှိတ်၏။ ပြီးနောက် မျက်လုံးကို ဖြည်းညင်းစွာ ပြန်ဖွင့်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအား အားလုံးကို စုစည်း၏။ “သေစမ်း...”
သူမ၏ ကိုယ်ဟန်က လျှပ်စီးလက်သကဲ့သို့ပင် တစ်ဖက်လူထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွား၏။ သူမ၏ အရှိန်က တကယ့်ကို အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူမက မည်သည့်ကိရိယာကိုမျှ မသုံးဘဲ မိမိကိုယ်ပိုင် ခွန်အားဖြင့် ဤမျှ မြန်သည့် အရှိန်နှုန်းကို ရယူထားခြင်းပင်။
အဒေါ့ဖ်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ တကယ့်ကို အံ့အားသင့်သွား၏။ သူ လိုချင်တပ်မက်နေသည့် အမျိုးသမီး၊ အနောက်လောက၏ အစွမ်းထက်ဆုံး အမျိုးသမီးဖြစ်သူက တိုတောင်းသည့် နှစ်လတာအတွင်း ဤမျှထိ တိုးတက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သို့သော်ငြား အရာအားလုံးက အဓိပ္ပာယ်မဲ့နေဆဲပင်။ မည်မျှ မြန်နေသည်ဆိုဦးတော့ လူသားတစ်ဦး၏ခွန်အားက အကန့်အသတ် ရှိ၏။ ရှေးဟောင်းသိုင်းပညာများ၊ ရှေးဟောင်း ကိရိယာများ နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
အဒေါ့ဖ်ကနောက်တစ်ကြိမ် ကိုယ်ပျောက်ခဲ့ပြီး အသာအယာ ရှောင်တိမ်းနိုင်၏။ သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းများ ထောင်ထလာပြီး အေးစက်သွားသလို ခံစားလိုက်ရ၏။
“ရွှီ...”
လေတိုးသံတစ်ခုနှင့်အတူ သူ၏မျက်နှာက ပူထူသည့် နာကျင်မှုကို ခံစားရ၏။ သူက အနောက်ဘက်သို့ အသည်းအသန် ဆုတ်ခွာ၏။ ဘုရင်မ အီဒါနှင့် ဆယ်ပေခန့်အကွာသို့ ရောက်ချိန်မှ ရပ်တန့်မိ၏။ သူက သူ၏မျက်နှာကို စမ်းကြည့်၏။ လက်ထဲတွင် သွေးများ စွန်းပေလာခဲ့၏။ သူ တကယ်ပင် ဒဏ်ရာ ရရှိခဲ့သည်။
အဒေါ့ဖ်က ဘုရင်မ အီဒါကို မယုံကြည်နိုင်စွာ စိုက်ကြည့်၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာဖြင့် တီးတိုး ပြောဆိုလိုက်၏။ “အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ။”
အီဒါ၏ အရှိန်က တိုးတက်လာသည် မှန်သော်လည်း အဒေါ့ဖ်၏ လှုပ်ရှားဟန်များကို မမီသေးချေ။ သို့သော်ငြား သူမက အဒေါ့ဖ်၏ ရွေ့လျားမည့်ပုံစံကို ကြိုတင်ခန့်မှန်းကာဖြင့် လမ်းခုလတ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။
စကားနှင့် ပြောရမည် ဆိုလျှင် လွယ်ကူသော်လည်း လက်တွေ့တွင် အလွန် ခက်ခဲ၏။ သူမက အဒေါ့ဖ်၏ ရွေ့လျားမှု ပုံစံများကို အပြည့်အဝ နားလည်ထားရမည့်အပြင် ရှောင်ရှားနိုင်သည့် နည်းလမ်းများကိုပါ သိရှိရပေလိမ့်မည်။
အီဒါက ထိုအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့၏။ အစပိုင်းတွင်တော့ အဒေါ့ဖ်က ဆံခြည်တစ်မျှင် ထိလျှင် အရှုံးပေးမည်ဟု ကြွားဝါခဲ့သော်လည်း ယခု မျက်နှာတွင် ဓားချက်တစ်ခု ထင်သွားသည့်တိုင် အရှုံးပေးရန် စကား မဟတော့ချေ။