← Chapters

အခန်း (၈၉၇-၈၉၈)

Vol. 54 Ch. 897-898

အခန်း (၈၉၇-၈၉၈)

Vol. 54 Ch. 897-898

အပိုင်း (၈၉၇)

ရှမ့်လန်က ပြန်လည်ကာ မေးခွန်းထုတ်လိုက်ပြန်သည်။ “အဒေါ့ဖ်ကကျောက်စိမ်းဖြူမြို့တော်ကလား။”

“သူက အရင်တုန်းက အဲဒီမှာ ရှိနေခဲ့တာပဲ။ အဲဒီတုန်းက ကျန်းလီကိုယ်တိုင် သူ့ကို ကျွန်မတို့နဲ့ မိတ်ဆက်ပေး ခဲ့တာပဲ။”

ကျန်းလီက အဒေါ့ဖ်ကို ကျောက်စိမ်းဖြူမြို့နှင့် မိတ်ဆက်ပေးတည်းက ကျောက်စိမ်းဖြူမြို့က သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်ဟု ဆိုလိုခြင်းလား။ အတိတ်ကာလတုန်းက ကျန်းလီနှင့် ကျောက်စိမ်းဖြူ မြို့တော်ကြား ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့ပုံပေါ်၏။ ကျန်းလီက တော်ဝင်ချန်၏ ဧကရာဇ် ဆိုသည့်အပြင် တခြား မည်သည့် အဆင့်အတန်းမျိုး ရှိနေရသနည်း။

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်၏။ “အရှေ့တိုင်းက ကျောက်စိမ်းဖြူမြို့ ဆိုတာက ဒီကျောက်စိမ်းဖြူ မြို့တော်ကို ဆိုလိုတာလား။”

“ဒါကို မှတ်ချက် မပြုနိုင်ဘူး။”

ရှမ့်လန်က ပြောသည်။ “အိပ်မက်ဆိုးတောင်တန်း ပေါက်ကွဲတုန်းက အမေဇုန် မျိုးနွယ်စုတွေက ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက နှင်းလိုမျိုး ဖြူဖွေးနေတဲ့ လှေတစ်စင်းက မျောပါလာခဲ့တယ်။ အဲဒါ ကျောက်စိမ်းဖြူမြို့တော်ရဲ့ အလိုဆန္ဒဖြစ်တာကြောင့် ပေါ်ပေါက်လာခဲ့တာလား။”

“မဟုတ်ဘူး။ အမေဇုန်မျိုးနွယ် ပျက်စီးတာလောက်က ကျောက်စိမ်းဖြူရဲ့ လှေငယ်ပေါ်လာဖို့အထိ မထိုက်တန်ပါဘူး။”

ဤစကားက တကယ့်ကို အတိုင်းအဆမရှိ မောက်မာလွန်းလှ၏။

ရှမ့်လန်က ပြောသည်။ “ဒါဆိုရင် အဒေါ့ဖ်ကကျောက်စိမ်းဖြူရဲ့ နှင်းလှေငယ်ကို အတုလုပ်ပြီး လောကကြီး တစ်ခုလုံး ပျက်စီးတော့မယ့် ခံစားချက်မျိုးဖြစ်အောင် လုပ်ခဲ့တာပေါ့။ ပြီးတော့မှ သူက အမေဇုန်မျိုးနွယ်ကို ကယ်တင် ဟန်ပြပြီး ပိုပြီး အထင်ကြီးစရာကောင်းအောင် လုပ်ခဲ့တာပေါ့။”

ကြည့်ရသည်က တစ်ဖက်လူက တကယ်ကို ပါရမီရှင်တစ်ဦးပင်။ မိမိ၏အစွမ်းဖြင့် အိပ်မက်ဆိုးတောင်တန်း ပေါက်ကွဲမှုကို သုံးနာရီကြာအောင် ဟန့်တားနိုင်ရုံတင်မက ကျောက်စိမ်းဖြူမြို့တော်၏ လှေငယ်ကိုပါ တုပကာ အတု ပြုလုပ်ထားခဲ့၏။ ဤတစ်ချက်တည်းဖြင့်ပင် သူက ကျန်းလီ၏တပည့်ဖြစ်ရန် ထိုက်တန်ပေ၏။

“အဲဒီ အဒေါ့ဖ်က အဖြူရောင်မြို့တော်မှာ ဘာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ။”

တစ်ဖက်လူ၏ တိတ်ဆိတ်နေမှုကပင် အဖြေဖြစ်နေသေးသည်။

“ဟား ဟား ဟား။”

အဒေါ့ဖ်ကရယ်မောလိုက်၏။ “ဒီလောက က သွေးမျိုးဆက်ကိုပဲ အလေးထားတဲ့ လောကကြီးပဲ။ ကျုပ်လို ဗီတာမျိုးနွယ်ဝင် တစ်ယောက်က ဘယ်လောက် ပါရမီရှိရှိ ဘယ်နေရာကိုပဲ သွားသွား နိမ့်ကျတဲ့လူ ဖြစ်နေမှာပဲ။”

ရှမ့်လန်က မေးသည်။ “မိန်းကလေး... အဒေါ့ဖ်ကို ဘယ်လိုစီရင်စေချင်လဲ။ ဒါမှမဟုတ် ခင်ဗျားဆီကို အပ်ရမှာလား။”

“သူ့ကို ကြိုက်သလို နှိပ်စက်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံး ကျွန်မတို့ဆီပဲ လွှဲပေးပါ။ အခု ပင်လယ်ထဲမှာ လှေတစ်စင်း မျောနေလိမ့်မယ်။ သူ့ကို အဲဒီလှေပေါ် တင်ပေးလိုက်ပါ။”

ထိုစကားကိုကြားရုံမျှနှင့်ပင် ဒီဘိုရာ၏ မျက်နှာက ပြောင်းလဲသွား၏။ ကျောက်စိမ်းဖြူမြို့၏ နှင်းလှေငယ်က ပီကျင်းမြို့၏ ပင်လယ်ပြင်သို့ ရောက်ရှိနေပြီလား။ ဤသည်မှာ မကောင်းသည့် နိမိတ်တစ်ခုပင်ဖြစ်၏။ အတိတ်ကာလက ကျောက်စိမ်းဖြူမြို့၏ လှေငယ်ပေါ်လာတိုင်း အင်အားကြီးမားသည့် အင်ပါယာတစ်ခု ပျက်စီးလေ ့ရှိသည် မဟုတ်ပါလား။

ရှမ့်လန်က အဒေါ့ဖ်ကိုကြည့်၏။ “အခု ခင်ဗျားကို ကျုပ် နည်းနည်း နားလည်သွားပြီ။ ကျုပ်အဖေက ခင်ဗျားကို ကျောက်စိမ်းဖြူမြို့နဲ့ မိတ်ဆက်ပေးခဲ့တယ်ဆိုပေမဲ့ သူနဲ့အတူ ခေါ်မသွားခဲ့ဘူး။ ဒါကြောင့် ခင်ဗျားက သူ့ရဲ့ အကာအကွယ် ကို ဆုံးရှုံးပြီး နိမ့်ကျတဲ့ဘဝကို ပြန်ရောက်သွားခဲ့တာပဲ။ ခင်ဗျား ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီး ဖြစ်နေခဲ့တယ်။ ဒါကြောင့် ခင်ဗျားက ရှီလွန်လူမျိုးအမည်ကိုပြောင်း၊ ဆံပင်တွေ ဖြူအောင်လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် လူဖြူထက် ဖြူအောင် လုပ်ခဲ့တာပေါ့။”

“ရယ်စမ်းပါ။ ငါ့ကို အားရအောင် ရယ်လိုက်စမ်းပါ။”

အဒေါ့ဖ်ကနာကျင်စွာ ရယ်မောလိုက်၏။ “မင်းရဲ့အဖေက ငါ့ကို ကူညီခဲ့ပေမဲ့ သူကပဲ ငါ့ကို ဖျက်ဆီးခဲ့တာ။ သူ အရှေ့တိုင်းကို ပြန်သွားတော့ ဘာလို့ ငါ့ကို ခေါ်မသွားတာလဲ။

အကြောင်းရင်းက အရှေ့တိုင်းမှာ သူ့ရဲ့ တပည့်ရင်းတစ်ယောက် ရှိနေလို့ပဲ မဟုတ်လား။ အဲဒီလူက သူ့ရဲ့ မွေးစားသား ရင်ဝူမင် မဟုတ်လား။”

“ရင်ဝူမင်လား။”

ရှမ့်လန်က ပြောသည်။ “အဲဒါကြီးပဲတော့ မဟုတ်လောက်ပါဘူး။”

“အဲဒါကြောင့် မဟုတ်ရင် ဘာကြောင့်လဲ။”

အဒေါ့ဖ်က ပြော၏။ “သူ့မွေးစားသားကို ဒီလောက် ကောင်းအောင်ထားခဲ့တာတောင်မှ နောက်ဆုံး အရှက်မရှိ သစ္စာဖောက်ခံရတာပဲ မဟုတ်လား။ မင်းတို့ ကျန်းမျိုးနွယ်စုက ရင်ကွမ်းတို့သားအဖပေါ်ထားတဲ့ ကျေးဇူးက တောင်တစ်လုံးလောက်တောင် ကြီးတယ်။ ဒါပေမဲ့ ရလဒ်က ဘာလဲ။

သူက တော်ဝင်ရန်အင်ပါယာဆီမှာ လက်နက်ချရုံတင်မက မင်းတို့ မိသားစုဝင်အားလုံးကို သတ်ပြီး တော်ဝင်ချန် အင်ပါယာကိုပါ လုယူခဲ့သေးတယ်။ ဒါက တကယ်ကို ကြီးမားတဲ့ သစ္စာဖောက်မှုပဲ။ ငါက ဘာအဆင့်ရှိလို့လဲ။ ဟား ဟား ဟား.. ရှမ့်လန်... မင်းက ကျန်းလီရဲ့ သားပဲ။ မင်း ငါ့ကို ဝအောင် နှိပ်စက်ပြီး တကယ့်သာ စွမ်းတယ်ဆိုရင် တကယ့် သစ္စာဖောက်ကို သွားပြီး နှိပ်စက်ပြစမ်းပါ။ ငါ့ရဲ့ လုပ်ရပ်က ဘာတွေများ ကြီးကြီးမားမား မှားယွင်းနေလို့လဲ။”

ရှမ့်လန်က ဘာမှမပြောချေ။ ထိုခဏမှာပဲ အဒေါ့ဖ်က အဘယ်ကြောင့် ကျန်းလီကို ဤမျှထိ မုန်းတီးနေကြောင်း သူ နားလည်သွားခဲ့သည်။

အကြောင်းရင်းက ကျန်းလီက သူ့အား လောကသစ်တစ်ခုနှင့် မျှော်လင့်ချက်အသစ် များစွာ ဆောင်ကျဉ်း ပေးခဲ့သည်။ သို့သော်ငြား ကျန်းလီ အရှေ့တိုင်းသို့ ပြန်သည့်အချိန်တွင် သူ့အား ခေါ်မသွားခဲ့ဘဲ ကျောက်စိမ်းဖြူမြို့ဆီသို့သာ လွှဲအပ်ပေးခဲ့၏။ မျိုးနွယ်စုနှင့် သွေးမျိုးနွယ် ခွဲခြားမှုကြောင့် အဒေါ့ဖ်ကမည်မျှ ထူးချွန်စေကာမူ နေရာရရန် ခက်ခဲပြီး အမြဲတမ်း ဘေးဖယ်ခံထားရ၏။ အရေးကြီးသောအချိန်တွင် ကျန်းလီက သူ့အား စွန့်ပစ်ခဲ့သည်ဟု ခံစားခဲ့ရ၏။

ရှမ့်လန်က ဓားကို ဆွဲထုတ်၏။ ပြီးနောက် အဒေါ့ဖ်၏ ခြေ ၊ လက်များ ၊ ကြွက်သားနှင့် အကြောများကို တိုက်ရိုက် ဖျက်ဆီးပစ်၏။ ပြီးနောက် ဓားမြှောင်ဖြင့် အဒေါ့ဖ်၏ မျက်နှာပေါ်၌ “သစ္စာဖောက်” ဟူသည့် စာလုံးကို ထွင်းထု၏။ ချက်ချင်းပဲ အဒေါ့ဖ်၏ မျက်နှာမှ သွေးများ ဆက်မပြတ် စီးကျလာသည်။

“ဟား ဟား ဟား ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။”

အဒေါ့ဖ်ကရူးသွပ်စွာ ရယ်မော၏။ “ရှမ့်လန်... မင်းက ငါ့လို နိမ့်ကျတဲ့ လူတစ်ယောက်ပေါ်မှာပဲ အစွမ်းပြ တတ်တာလား။ တကယ်စွမ်းရင် ရင်ကွမ်းတို့ သားအဖကို သွားသတ်ပြစမ်းပါ။”

ရှမ့်လန်က ပြောသည်။ “အဒေါ့ဖ်... ကျုပ် မမှားဘူးဆိုရင် ကိုယ်ယောင်ဖျောက်နိုင်တဲ့ ဒီရှေးဟောင်းကိရိယာကို ခင်ဗျားကိုယ်တိုင် ပြုပြင်ထားတာ ဖြစ်ရမယ်။ ခင်ဗျား ကျောက်စိမ်းဖြူမြို့ကနေ ထွက်လာပြီးတည်းက ရှေးဟောင်းပစ္စည်းတွေ အားလုံးကို သိမ်းဆည်းခဲ့ပြီးသား ဖြစ်လိမ့်မယ်။ ဒါကြောင့် ခင်ဗျားက ကျောက်စိမ်းဖြူမြို့ရဲ့ နှင်းလှေငယ်ကိုတောင် အတုလုပ်နိုင်ခဲ့သေးတာပေါ့။

ခင်ဗျားက တကယ်တော့ သိုင်းပညာကြောင့် လမ်းမှားသွားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒါကြောင့် ကျုပ် ခင်ဗျားရဲ့ အကြောတွေကို ဖျက်ဆီးပြီး မျက်နှာကို ဖျက်ဆီးပစ်လိုက်ပြီ။ အခုကစပြီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး ဘာလုပ်ရမလဲ ဆိုတာ သေချာစဉ်းစားပါ။ ခင်ဗျား သေချာစဉ်းစားမိလိမ့်မယ်လို့လည်း ကျုပ် ယုံကြည်တယ်။ နှုတ်ဆက်ပါတယ် အဒေါ့ဖ် .... သူ့ကို ခေါ်သွားကြတော့။”

ရှမ့်လန်၏ အမိန့်အတိုင်းပဲ အမေဇုန် အမျိုးသမီး စစ်သည်တော်တစ်ဦးက အဒေါ့ဖ်ကို ဆံပင်မှ ဆွဲကာဖြင့် ကမ်းခြေဘက် ဆီသို့ ဆွဲခေါ်သွား၏။ ကမ်းခြေနှင့် ဝေးရာတွင် နှင်းလှေငယ်တစ်စင်းက အမှန်တကယ် ရှိနေပြီး ထိုလှေက မျောပါသွားရာ နေရာတိုင်းတွင် နှင်းဖွေးဖွေးများ လေထဲ လွင့်ပျံနေ၏။

ထိုအရာက ဒဏ္ဍာရီလား လောကပျက်သင်္ဘောနှင့် မတူချေ။ ထိုလှေက အဖြူရောင် မဟုတ်ဘဲ အစိမ်းရောင် ဖြစ်နေသောကြောင့်ပင်။ ဘာကို ဆိုလိုသနည်း။ အစိမ်းရောင်က ငြိမ်းချမ်းရေးကို ကိုယ်စားပြုခြင်းလား၊ အဖြူရောင်က သေခြင်းတရားနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုခြင်းလား။

ကံကောင်းထောက်မစွာဖြင့် ထိုလှေကို မည်သူမှ မမြင်တွေ့ရချေ။ သို့သော်လည်း ထိုအရာက ဖျက်ဆီးတတ်သည့် လူတို့၏ အမြင်ကို ဆောင်ကျဉ်းပေဦးမည်။ လှေအရောင်က ဖြူဖြူစိမ်းစိမ်း လူတိုင်းက လောကပျက် ကပ်ကြီးတစ်ခု ရောက်ရှိလာပြီဟုသာ ထင်မှတ်ကြပေလိမ့်မည်။

အမေဇုန်စစ်သည်တော်များက အကြောများ ဖျက်ဆီးခံရသည့် အဒေါ့ဖ်ကို လှေငယ်ပေါ်သို့ ပစ်တင်၏။ မကြာခင်မှာပဲ ထိုလှေငယ်က မြောက်ဘက်သို့ မျောပါသွားလေတော့သည်။

“မိန်းကလေး... ကျုပ်ကို ဘာလို့ လာရှာတာလဲ ပြောပြလို့ ရပြီလား။” ရှမ့်လန်က မေးမြန်းလိုက်၏။

“အင်း... အကြံတစ်ခု လာပေးတာပါ။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘယ်လို အကြံမျိုးလဲ။”

“အနောက်လောကရဲ့ ကျောက်စိမ်းဖြူမြို့ဆီကို လာပါ။”

သူမက စကားများများ မပြောသော်လည်း ရှမ့်လန်က နားလည်သဘောပေါက်လိုက်မိ၏။ သူမက သူ့ကို ရန်ငြိုးရန်စအားလုံး စွန့်လွှတ်ကာဖြင့် ကျောက်စိမ်းဖြူမြို့တော်ထံတွင် လာရောက် ခိုလှုံစေလိုခြင်းပင်။ ထိုသို့ဆိုပါက သူက အသက်ရှင်သန်ခွင့်ရရှိမှာဖြစ်ပြီး တော်ဝင်ရန်အင်ပါယာကလည်း သူ့ကို လိုက်လံ နှောင့်ယှက်နေတော့မည် မဟုတ်ပေ။

ရှမ့်လန်က ပြုံးကာဆိုလိုက်သည်။ “ဒါပေါ့။ ကျုပ်လာချင်တာပေါ့။ တစ်နေ့နေ့မှာတော့ ကျုပ် လာမှာပါ။ အနည်းဆုံးတော့ မိန်းကလေးကို တွေ့ရဖို့အတွက်ပေါ့။ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး။”

“ကျွန်မရဲ့ အကြံကို ပြောပြီးပါပြီ။ နှုတ်ဆက်ပါတယ်။” သူမ၏အသံက ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် တောင်ထိပ်ပေါ်တွင် ကျနေသည့်နှင်းများကလည်း ရပ်တန့်သွားခဲ့၏။

လက်ရှိအချိန်တွင်တော့ ရှမ့်လန်က ကျောက်စိမ်းဖြူမြို့တော်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်း မရှိသေးချေ။

.......................

“နှုတ်ဆက်ပါတယ်။”

မြို့စားကြီး ရပ်လ်ဆဲက ဆိုသည်။ “မင်းသမီး၊ သခင်လေးရှမ့်၊ ကျုပ်နဲ့ မင်းသားဆော်ရွှန်တို့က ဘုရင်မမြို့တော်မှာ စောင့်ကြိုနေပါမယ်။”

ပြီးနောက် မြို့စားကြီးရပ်လ်ဆဲက စစ်သည်ပေါင်းတစ်သိန်းကို ဦးဆောင်ပြီး ခမ်းနားထည်ဝါစွာဖြင့် ထွက်ခွာသွား သည်။

ဘုရင်မအီဒါက ရှမ့်လန်ကိုကြည့်၏။ “ကျွန်မရဲ့ဒဏ်ရာတွေက သိပ်ပြီးမပြင်းထန်ဘူး။ ဆယ်ရက်အတွင်း ကောင်းသွား လိမ့်မယ်။ ကျွန်မကို ဘယ်မှာရှာရမလဲဆိုတာ ရှင်သိပါတယ်။ နှုတ်ဆက်ပါတယ်။”

သူမကလည်း ထွက်ခွာသွားသည်။

ဒီဘိုရာက ပြောလိုက်၏။ “မင်းသမီး... မြို့ထဲကိုဝင်ကြစို့။ မင်းသမီး ပြန်လာခြင်းကို ဂုဏ်ပြုဖို့အတွက် ကြီးကျယ်တဲ့ ဧည့်ခံပွဲတစ်ခုကို ကျင်းပခွင့်ပြုပါ။ အင်ပါယာရဲ့ တောင်ဘက်ပိုင်းက တော်ဝင်မျိုးနွယ်တွေ အားလုံးကို ဖိတ်ကြားပါ့မယ်။ ရော့ဆိုမိသားစုရဲ့ မင်းမှုထမ်းတွေက မင်းသမီးကို ကြိုဆိုပွဲ ကျင်းပပေးပါမယ်။ ရှင်တို့က ကြင်ယာတော်နဲ့ ဆွေမျိုးတွေကိုပါ ခေါ်ဆောင်လာဖို့ ဖိတ်ကြားပါတယ်။”

ဒီဘိုရာက ထိုလက်အောက်ခံမှူးမတ်များကို ပီကျင်းမြို့ထဲသို့ ချက်ချင်းဖိတ်ခေါ်ခြင်း မပြုခဲ့ချေ။ အကြောင်းရင်းက နှစ်ဖက်ကြားထဲတွင် လေထုက အနည်းငယ် နေရခက်နေသောကြောင့်ဖြစ်၏။ ထို့အပြင် ယခုအချိန် မြို့ထဲသို့ ဖိတ်ခေါ်ပါက ထိုသူများအနေဖြင့် စိတ်အေးလက်အေး ရှိကြလိမ့်မည် မဟုတ်ချေ။

“ဒါက ကျုပ်တို့အတွက် အကြီးမားဆုံးသော ဂုဏ်ပြုမှုပါပဲ။ မိသားစုဆီ ပြန်ပြီး အားလုံးပြင်ဆင်ပြီးတော့မှ ပီကျင်းမြို့မှာ ကျင်းပမဲ့ပွဲတော်ကို အခမ်းနားဆုံးနဲ့ အကြီးကျယ်ဆုံးပုံစံမျိုးနဲ့ တက်ရောက်ပြီး မင်းသမီး ပြန်လာခြင်းကို ကြိုဆိုပါ့မယ်။”

ပြီးနောက် တော်ဝင်မှူးမတ်များက စစ်သည်ပေါင်းတစ်သိန်းကို ဦးဆောင်ပြီး ခမ်းနားစွာ ထွက်ခွာသွားကြ၏။

ဒီဘိုရာက ပြောလိုက်သည်။ “အင်း... ကျွန်မရဲ့ညီမလေး၊ ကျွန်မရဲ့ယောကျ်ား၊ အခု အိမ်ပြန်ကြရအောင်။”

မင်းသမီးဟယ်လင်က ဆို၏။ “ယောင်းမရေ.. ပီကျင်းမြို့ရဲ့ ဘေးအန္တရာယ်က ပြေလည်သွားခဲ့ပြီ။ ကျွန်မအတွက် ပွဲတော်ကို ပြင်ဆင်ပေးတာဆိုတာ အဲဒီနေ့ကျမှပဲ ယောင်းမရဲ့အဆောင်ကို သွားကြရအောင်။ မဟုတ်သေးဘူး၊ ကျွန်မ တစ်ရက်စောပြီး ရောက်လာပါ့မယ်။ အခုအချိန်မှာတော့ ကျွန်မရဲ့မောင်လေးက သူ့ရဲ့မူလန်မြို့ကို ပြန်ဖို့ ပိုပြီး စိတ်အားထက်သန်နေလိမ့်မယ်။ ကျွန်မကလည်း ဒီရိုးရှင်းပြီး အသစ်စက်စက် ရှိနေတဲ့မြို့လေးကို မြင်ချင်သေးတယ်။”

ဒီဘိုရာက ပြောသည်။ “မင်းသမီး... ကျွန်မတို့က မိသားစုတွေပဲလေ။ ဒီလိုလုပ်ပါလား။ ဒီညတော့ အိမ်မှာပဲ အနားယူလိုက်ပါ။ မနက်ဖြန်မနက်ကျမှ ကျွန်မက မင်းသမီးနဲ့အတူ မူလန်မြို့ကို လိုက်လည်ပတ်ပါ့မယ်။ ဘယ်လိုလဲ။”

သူမက ထိုသို့ဆိုလေသောကြောင့် မင်းသမီးဟယ်လင်အနေနှင့် အဘယ်သို့ ငြင်းဆန်ရတော့မည်နည်း။

“ဒါဆိုရင်လည်း အနှောင့်အယှက် ပေးရတော့မှာပေါ့။” ဟယ်လင်က ပြုံးကာဆို၏။

“ကျွန်မတို့က မိသားစုဝင်တွေပဲ မဟုတ်လား။” ဒီဘိုရာက ပြန်လည်ကာ ခွန်းတုံ့ပြန်သည်။

................

ဒီဘိုရာက အမြင့်ဆုံးသော ခံယူချက်အနေအထားဖြင့် မင်းသမီးဟယ်လင်ကို ပီကျင်းမြို့၌ ကြိုဆို၏။ ပြီးနောက် တောင်ထိပ်ရှိ စံအိမ်တော်ဆီသို့ ဦးတည်ခဲ့၏။

မြို့ထဲသို့ ဝင်ချိန်မှာတော့ မင်းသမီးဟယ်လင်က ဒီဘိုရာ၏ ကျွန်စနစ်ကိုတွေ့ရပြီး အနည်းငယ် မျက်မှောင် ကြုတ်မိသည်။

ချက်ချင်းပဲ ဒီဘိုရာက ပြော၏။ “အသူရာလှိုင်းပြည်နယ်သားတွေနဲ့ ပီကျင်းမြို့သားတွေအားလုံး နားထောင်ကြ။ ဒီနေ့ကစပြီး ငါတို့ရဲ့ အသူရာလှိုင်းပြည်နယ်ထဲမှာ ကျွန်ဆိုတာ တစ်ယောက်မှ မရှိစေရဘူး။ ငါ့ရဲ့နယ်မြေထဲမှာ ကျွန်ကုန်ကူးမှုကို လုံးဝခွင့်မပြုတော့ဘူး။ ရှာဖွေတွေ့ရှိခဲ့ရင် ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်း ကွပ်မျက်ခံရမယ်။”

သူမက ချက်ချင်းအမိန့်ထုတ်ပြန်သည်။ “ပီကျင်းမြို့ကကျွန်တွေအားလုံး.. ဒီနေ့ကစပြီး မင်းတို့ရဲ့ သံခြေကျင်းတွေကို ချွတ်ကြတော့။ မင်းတို့ လွတ်လပ်သွားပြီ။ ဒီနေ့ကစပြီး အသူရာလှိုင်းပြည်နယ်ထဲမှာ ကျွန်ဆိုတာ လုံးဝရှိတော့မှာမဟုတ်ဘူး။”

ထိုစကားကို ကြားချိန်မှာတော့ မရေတွက်နိုင်သည့်လူများက အံ့အားသင့်သွားကြ၏။ တကယ်ပဲလား။ သူတို့က ကျွန်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးမှ ရုတ်တရက် လွတ်လပ်သွားခဲ့ခြင်းလား။

ကျွန်အားလုံးက လှုပ်ရှားမှုမရှိဘဲ ရပ်နေကြဆဲပင်။ တချို့က ကြောင်တောင်တောင်နှင့်ဖြစ်၏။ သူတို့က ကျွန်အဖြစ် အချိန်အကြာကြီး နေထိုင်ခဲ့ရသည်ဖြစ်သောကြောင့် သူတို့၏ စိတ်အာရုံများက ထုံထိုင်းလျက်ရှိ၏။

နယ်စားကြီး ဒီဘိုရာက ရှေ့သို့လှမ်းတက်ပြီး ကျွန်တစ်ယောက်၏ လည်ပင်းရှိ သရေလည်ပတ်ကို သူမ၏ဓားဖြင့် ခုတ်ဖြတ်သည်။ “လွတ်လပ်သွားပြီ။ ဒါက မင်းသမီးဟယ်လင်ရဲ့ ကြင်နာမှုကြောင့်ပဲ။ စစ်သည်တွေအားလုံး .... ကျွန်တွေရဲ့ လည်ပင်းက လည်ပတ်တွေ အားလုံးကို ခုတ်ဖြတ်ပေးလိုက်ရအောင်။”

ချက်ချင်းပဲ ဒီဘိုရာ၏ စစ်တပ်က စနစ်တကျ လှုပ်ရှား၏။ ပီကျင်းမြို့ တစ်မြို့လုံးတွင် အကြီးအကျယ်ဖြင့် လည်ပတ် လိုက်လံခုတ်ဖြတ်ခြင်း လုပ်ငန်းကို စတင်လေတော့၏။

“မင်းသမီး မြို့ထဲကို ကြွပါ။” ဒီဘိုရာက ဖိတ်ခေါ်သည်။

မင်းသမီးဟယ်လင်က ခေါင်းညိတ်၏။ ပြီးနောက် ဖြူဖွေးလျက် ရှိနေသည့် မြင်းတစ်ကောင်ပေါ်သို့ တက်စီး၏။ ပြီးနောက် ပီကျင်းမြို့တစ်မြို့လုံးတွင် ကြွေးကြော်သံများက လှိုင်းတပိုးသဖွယ် ပဲ့တင်ထပ် သွားလေတော့၏။ လူအုပ်ကြီးက တိုးဝှေ့လျက် ရှိနေပြီး မရေတွက်နိုင်သည့် ဗီတာလူမျိုးများက ထွက်လာကာဖြင့် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ထိုင်ချလိုက်ကြ၏။

“မင်းသမီးကို ဂါရဝပြုပါတယ်။ မင်းသမီးဟယ်လင် သက်တော်ရာကျော် ရှည်ပါစေ။”

အစပိုင်းက လူအနည်းငယ်သာ လာရောက်ကြသော်လည်း နောက်ပိုင်းမှာတော့ လူထုတစ်ရပ်လုံးက လှုပ်ရှားလာခဲ့၏။ သောင်းနှင့်ချီ၊ သိန်းနှင့်ချီသော ဗီတာလူမျိုးများက လမ်းမပေါ်သို့ အုတ်အော်သောင်းနင်းနှင့် တိုးဝှေ့ ထွက်လာခဲ့ပြီး မင်းသမီးဟယ်လင်ကို ကြိုဆိုကြသည်။

လူထု၏ ကြွေးကြော်သံများက ခမ်းနားသည့် ပွဲတော်ကြီးတစ်ခုကဲ့သို့ပင်။

ရှမ့်လန်က ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်ရ၏။ ထိုအရာက သူ၏ အချစ်ဟောင်း ဖြစ်ခဲ့ဖူးသော မုဆိုးမဟေးလ် ပင် ဖြစ်လေသည်။ သူမက ကြွေးကြော်နေသည့် လူအုပ်ကြားထဲတွင် ပါဝင်နေပြီး မင်းသမီးဟယ်လင်၏နာမည်ကို အစွမ်းကုန် အော်ဟစ်လျက် ရှိနေ၏။

အကယ်၍ သူမတွင် အကြောင်းပြချက် ရှိသည်ဆိုပါက ရှမ့်လန်နှင့် ဟယ်လင်တို့၏ဘေးတွင် ရပ်ကာ မရေတွက်နိုင်သည့် လူများ၏ ကြွေးကြော်မှုကို ခံယူနိုင်၏။ ထို့အပြင် သူမက ဗီတာလူမျိုးတစ်ဦး ဖြစ်သောကြောင့် ဤသည်က ပို၍အဓိပ္ပာယ် ရှိပေလိမ့်မည်။

သို့သော်ငြား သူမက ထိုသို့ မလုပ်ခဲ့ချေ။ သူမက လူအုပ်ထဲ၌ ရပ်လျက်ရှိနေပြီး တခြားဗီတာလူမျိုးများကဲ့သို့ပင် ဝါသနာရှင်တစ်ယောက်အဖြစ် အားပေးလျက် ရှိနေသည်။

***

အပိုင်း (၈၉၈)

ဒီဘိုရာက ပြော၏။ “မြင်ရရဲ့လား ညီမလေး.. ဒါတွေက ညီမလေးရဲ့ လူတွေပဲ။ သူတို့လိုလူတွေ မရေတွက်နိုင်အောင် ရှိနေသေးတယ်။ တောင်ဘက်ပိုင်း ပြည်နယ်တစ်ခုလုံးက ညီမလေးရဲ့လူတွေပဲ။ သူတို့က ညီမလေးအတွက် အသက်ပေးဖို့တောင် အသင့်ရှိတယ်။”

မင်းသမီးဟယ်လင်က ယဉ်ကျေးစွာ ပြုံးပြနေမိသော်လည်း ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ စိတ်လှုပ်ရှားမှုများ ရှိ၏။ ကြီးမားသည့် တာဝန်ဝတ္တရားကိုလည်း တပြိုင်နက်တည်း ခံစားရ၏။ ဤလောကကြီးတွင် အကြောင်းမဲ့ ချစ်ခြင်းဆိုသည်မှာ မရှိသလို၊ အကြောင်းမဲ့ မုန်းတီးခြင်းဆိုသည်မှာလည်း မရှိချေ။

မရေတွက်နိုင်သည့် ဗီတာလူမျိုးများက ဟယ်လင်ကို ထောက်ခံနေခြင်းက သူမဆိုသော လူပုဂ္ဂိုလ်ကြောင့် မဟုတ်ဘဲ သူမ၏ အဆင့်အတန်းကြောင့်သာ ဖြစ်၏။ လူတိုင်းက ဟယ်လင်သည် သူတို့၏ဆန္ဒကို ကိုယ်စားပြုပြီး သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည်ဟု ထင်နေသောကြောင့်ပင်။

တစ်နည်းအားဖြင့် ဤသည်က ဗီတာလူမျိုးများ၏ ယုံကြည်မှုပင်ဖြစ်၏။ သို့သော်လည်း ဤယုံကြည်မှုက ညံ့ဖျင်းလှသော်လည်း အကယ်၍ ထိုကဲ့သို့သော ယုံကြည်ကိုးကွယ်အပ်သူမရှိပါက သူတို့၏ယုံကြည်မှုက တော်လှန်ရေး တစ်ခုဆီသို့ ဦးတည်သွားနိုင်လိမ့်မည်။

“အစ်မ... တွေးတောတာက ကောင်းတဲ့အရာဖြစ်ပေမဲ့ အမြဲတမ်းတော့ တွေးတောမနေပါနဲ့။ မြန်မြန် အိုစာ သွားလိမ့်မယ်။ တာဝန်ကို ထမ်းဆောင်ရမှာမှန်ပေမဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းရအုံးမှာ မဟုတ်လား။” ရှမ့်လန်က ရယ်မောကာ ပြော၏။

မင်းသမီးဟယ်လင်က ပြုံး၏။ ပြီးနောက် ရှမ့်လန်ထံသို့ သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသည့်လက်ကလေးကို ကမ်းပေး၏။ ရှမ့်လန်က အံ့အားသင့်သွား၏။ သူတို့က မြင်းစီးနေခြင်း မဟုတ်ပါလား။ အကယ်၍ ဤသို့ လက်ချင်းတွဲလိုက်မည်ဆိုလျှင် သူက ဆွဲခေါ်ခံရပြီး မြေပေါ်သို့ ပြုတ်ကျသွားရင် မည်သို့လုပ်မည်နည်း။ သူ၏ မြင်းစီးပညာက သာမန်မျှသာ ဖြစ်သည်။

မင်းသမီးဟယ်လင်က ရှမ့်လန်၏မြင်းနားသို့ တိုးကပ်လာပြီး သူ့လက်ကို တိုက်ရိုက်ဆွဲယူကာ မြှောက်တင်လိုက်၏။

ချက်ချင်းပဲ သိန်းနှင့်ချီသည့် လူအုပ်ကြီးထံမှ ဆူနာမီလှိုင်းလုံးကဲ့သို့သော ကြွေးကြော်သံများ ထွက်ပေါ်လာခဲ့သည်။

“မင်းသမီး သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန်... အရှင်ရှမ့်လန်...”

ဤဗီတာလူမျိုးများက မင်းသမီးဟယ်လင်၏ စိတ်ဆန္ဒကို ချက်ချင်းရိပ်စားမိပြီး ရှမ့်လန်၏အမည်ကို တပြိုင်နက်တည်း ကြွေးကြော်ကြ၏။ ဤသည်က လူတိုင်းအနေဖြင့် ရှမ့်လန်၏ အဆင့်အတန်းကို အသိအမှတ်ပြု လိုက်ခြင်းနှင့် အတူတူပင်။

ဤအခြင်းအရာက ရှမ့်လန်ကို အရှေ့လောကတွင်ရှိစဉ် အချိန်များအား ပြန်လည်ကာ အမှတ်ရစေ၏။ သူ၏အဆင့်အတန်း ပေါ်ပေါက်သွားခဲ့ပြီးနောက် လူတိုင်းက သူ့ကို အလိုလို ကြည်ညိုကိုးကွယ်ခဲ့ကြ၏။ သူလုပ်ဆောင်သမျှ အရာအားလုံးကို မှန်ကန်သည်ဟု တွေးထင်ခဲ့ကြ၏။ ယခု အနောက်ဘက်လောက၏ တောင်ဘက်ပိုင်းတွင်လည်း ဟယ်လင်က ထိုကဲ့သို့သော ဆက်ဆံမှုကို အပြည့်အဝ ရရှိနေသည်။

မြောက်ဘက်မြို့တံခါးမှ အိမ်တော်ဆီသို့ အကွာအဝေးက ဆယ်မိုင်ပင် မပြည့်သော်လည်း သူတို့က သုံးနာရီတိတိ အချိန်ယူခဲ့ရ၏။ အကြောင်းရင်းမှာ လူအုပ်ကြီးက အလွန်မင်း စိတ်အားထက်သန်လျက်ရှိနေပြီး ဒီရေလှိုင်းကဲ့သို့ တိုးဝှေ့ လာခဲ့သောကြောင့်ပင်။ သို့သော်ငြား မည်သူကမျှ လမ်းကို ပိတ်ဆို့ခြင်းမပြုဘဲ လမ်းဘေး တစ်ဖက်တစ်ချက်တွင် ဒူးထောက်ကြွေးကြော်ရုံသာ သတ္တိရှိကြ၏။

အိမ်တော်သို့ ရောက်ရှိပြီးနောက် ဒီဘိုရာက ပြောသည်။ “ညီမလေး... ညီမလေးအတွက် ရေချိုးဖို့ ပြင်ဆင်ထားတယ်။ ညီမလေးနဲ့အတူ ရေချိုးခွင့်ရမဲ့ဂုဏ်ယူမှုကို ကျွန်မ ရနိုင်မလား။ ဘာလို့လဲဆိုတော့ ညီမလေးကို ပြောစရာ သတင်းကောင်း တစ်ခု ရှိနေလို့ပါ။”

“ဒါပေါ့။” မင်းသမီးဟယ်လင်က ဆို၏။

ပြီးနောက် ရှမ့်လန်ကို လှမ်းကြည့်လိုက်သည်။ “မောင်လေး... အစ်မကြီး ဟီလာက ကုန်းပေါ်တက်ဖို့ ဆန္ဒ မရှိဘူးလား။။”

ရှမ့်လန်က ခေါင်းခါယမ်းပြ၏။ “သူတို့က ဆန္ဒမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ ပထမဦးဆုံး ခြေချမဲ့ကုန်းမြေက ဦးခေါင်းခွံကျွန်းပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားကြလို့ပဲ။”

ညအချိန်မှာတော့ ဒီဘိုရာက မင်းသမီးဟယ်လင်ကို နွေးထွေးစွာ ဧည့်ခံကျွေးမွေး၏။ သူတို့နှစ်ဦးက တကယ်ကို ရင်းနှီးစွာဖြင့် တီးတိုးစကား ပြောဆိုနေကြ၏။

“ယောကျ်ား... ကျွန်မရဲ့ဦးလေး အော်စတင်က အခုထိ အိမ်ထောင်မရှိသေးဘူး။ သူက ဗီတာလူမျိုး အမျိုးသမီး တစ်ယောက်နဲ့ လက်ထပ်ရင် ဘယ်လိုနေမလဲ။”

ဒီဘိုရာက မေးသည်။ “ပီကျင်းမြို့မှာ အရမ်းကို လှပြီး စင်ကြယ်တဲ့ အရည်အချင်းရှိတဲ့ ဗီတာလူမျိုး အနည်းငယ်ရှိတယ်။”

“မင်းက တကယ်ကို နိုင်ငံရေးသတ္တဝါ တစ်ဦးပဲ။”

သူမက ယခင်က ဗီတာလူမျိုးများကို မီးခိုးရောင် တိရိစ္ဆာန်များဟုပင် ခေါ်ဆိုခဲ့၏။ ယခု မိသားစု၏ ဒုတိယ အာဏာရှိသူကို ဗီတာမျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်စေလိုနေ၏။ သူမက မင်းသမီး ဟယ်လင်နှင့် တစ်ဖက်တည်းတွင် ရှိနေကြောင်း ပြသရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေ၏။

“ဒီထက် ပိုပြီးကောင်းတာတော့ မရှိတော့ဘူး။” ရှမ့်လန်က ပြောသည်။

ဧကရီဟယ်လင်၏ ခေတ်ကာလတွင် လူတစ်ဦးက မြောက်ဘက် သို့မဟုတ် တောင်ဘက် တစ်ခုခု၏ တော်ဝင်မျိုးနွယ် ဖြစ်ကြောင်း သက်သေပြရန်က တကယ်ကို လွယ်ကူ၏။ ဗီတာအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်လိုက်ရုံမျှနှင့် သူတို့၏ သားစဉ်မြေးဆက်များက ဗီတာသွေးများ ပါဝင်လာပေလိမ့်မည်။ မရေတွက်နိုင်သည့် ဗီတာလူမျိုးများကလည်း သူတို့ကို သူတို့၏လူမျိုးအဖြစ် ရှုမြင်ကြပေလိမ့်မည်။

ခမ်းနားသည့် ညစာစားပွဲပြီးနောက် ဒီဘိုရာက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ “ညီမလေးနဲ့ ယောကျ်ားတို့.. ရှင်တို့အတွက် သီချင်းအနည်းငယ် တီးခတ်ဖျော်ဖြေခွင့် ရမလား သိချင်ပါတယ်။”

မင်းသမီးဟယ်လင်က ပြောသည်။ “မျှော်လင့်နေပါ့မယ်။”

ပြီးနောက် ဒီဘိုရာက သူမတို့နှစ်ဦးအတွက် အတိုင်းအဆမရှိသော စိတ်အားထက်သန်မှုနှင့် ဂီတကို တီးခတ် ဖျော်ဖြေ၏။ ဤသည်က မျက်နှာသာရမှုကို လိုချင်ရုံသက်သက် မဟုတ်ဘဲ သူမ၏ နှလုံးသားထဲ၌ အမှန်တကယ် ပျော်ရွှင်နေခြင်းလည်း ဖြစ်၏။

ဤအရာက မင်းသားရှီလွန်၏ ကိုယ်လုပ်တော်ဖြစ်ရသည်ထက် သာလွန်၏။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တော် ဖြစ်ရသည်မှာ မကောင်းပေ။ ရှမ့်လန်၌ အရှေ့လောကတွင် ဇနီးသည် ရှိ၊ မရှိကို သူမ ဂရုမထားပေ၊ အနောက်ဘက် တွင်တော့ သူမက တစ်ဦးတည်းသော တရားဝင်ဇနီး ဖြစ်၏။ ဤသည်က သူမ ရှာဖွေနိုင်သည့် အမြင့်မြတ်ဆုံးသော ကြင်ယာတော် နေရာပင် မဟုတ်ပါလား။ ထို့အပြင် ဤယောကျ်ားက တကယ်ကို ခမ်းနားထည်ဝါပြီး ထူးကဲသည့် ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားသေးသည်။

..............

နောက်တစ်နေ့မှာတော့ ဒီဘိုရာက ပီကျင်းမြို့ရှိ အရာအားလုံးကို ပစ်ထားပြီး မင်းသမီးဟယ်လင်နှင့်အတူ မူလန်မြို့သို့ လိုက်ပါလာခဲ့၏။ ယခုအချိန်တွင်တော့ မူလန်မြို့က လူဦးရေ တစ်သိန်းခန့်ဖြင့် တကယ့်ကို ကြီးမားနေ၏။ သေချာသည်က ဤမြို့က အနုပညာလက်ရာ မဆန်သေးဘဲ သေချာလှပသည့် စတုရန်းကွက်များ ကဲ့သို့ ရှိနေ၏။

မြို့နှင့် အနည်းငယ် ဝေးကွာသည့်နေရာသို့ ရောက်ချိန်မှာတော့ ဒီဘိုရာက မေးသည်။ “ယောကျ်ား... ဒီမြို့က တကယ်ကို ထူးခြားတယ်။ အနည်းဆုံးတော့ အနောက်လောကမှာ ထူးခြားနေတာပေါ့။”

တကယ်ကို စကားပြောတတ်ပေ၏။ မင်းသမီးဟယ်လင်က မူလန်မြို့ထဲသို့ ဝင်ရောက်၏။ မည်သည့် ခမ်းနားမှုမှ မရှိသလို၊ ကြွေးကြော်နေသည့် လူအုပ်ကြီးလည်း မရှိချေ။ သို့သော်ငြား ဤသည်က တကယ်ကို သက်သောင့်သက်သာ ဖြစ်ပြီး သဘာဝကျ၏။

သူမက စံအိမ်ဆီသို့ ရောက်သည်နှင့်တပြိုင်နက် ဟီလာက သူမထံသို့ ရောက်လာသည်။ “ညီမလေး.. ငါတို့ လက်ရည်စမ်းကြမလား။”

သူမက ဤကဲ့သို့ပင် သိုင်းပညာကို ရူးသွပ်သူတစ်ဦး ဖြစ်၏။

ဒီဘိုရာက မေးသည်။ “အစ်မကြီး ... အစ်မကြီးနဲ့အတူ သိုင်းပညာ လေ့လာခွင့်ရမလား သိရှိချင်တယ်။”

ဟီလာက ပြော၏။ “ရှင့်ရဲ့ အဖိုးတန်ဝတ်စုံကြီး ပျက်စီးသွားမှာ မကြောက်ဘူးလား။”

အကြောင်းရင်းက သူမက ဒီဘိုရာကို နားမလည်သောကြောင့်ပင်။ ဤနိုင်ငံရေးသတ္တဝါက တိုက်ပွဲဝတ်စုံကို ဝတ်ဆင်လိုက်သည် နှင့် သူမ၏ အကြမ်းတမ်းဆုံးသော သားရဲတစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ဟီလာ၏ သိုင်းပညာကလည်း သူမနှင့်သာ နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

မင်းသမီးဟယ်လင်က ပြောသည်။ “အင်း... ကျွန်မပဲ လုပ်ပါ့မယ်။”

ပြီးနောက် သူမက ဒီဘိုရာ၏ ဝမ်းဗိုက်ကို လှမ်းကြည့်၏။ ထိုနေရာတွင် မည်သည့် ဖောင်းကြွမှုမှ မရှိသေးသော်လည်း သူမက သိ၏။

..................

ဒီဘိုရာက အော်စတင်နှင့် ထပ်မံတွေ့ဆုံ၏။ ရော့ဆိုမိသားစု၏ ဒုတိယအာဏာရှိဆုံးသူက လအနည်းငယ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရ၏။ ကိုယ်အလေးချိန် အနည်းငယ် ကျဆင်းသွားခဲ့သော်လည်း စိတ်ဓာတ်ကတော့ တက်ကြွနေဆဲပင်။ မျက်နှာထားကလည်း တည်ကြည်လေးနက်နေသည်။

ဒီဘိုရာက ဖြစ်ပျက်သမျှ အရာအားလုံးကို ပြောပြ၏။ အော်စတင်မျက်နှာက ထိတ်လန့်တုန်လှုပ်မှုမှသည် အံ့သြဝမ်းသာမှု၊ ပြီးနောက် လက်ခံယုံကြည်မှု အဖြစ်သို့ ပြောင်းလဲသွား၏။

“ဦးလေးအော်စတင်... ရော့ဆို မိသားစုရဲ့ ဒုတိယအာဏာရှိသူ တစ်ယောက်အနေနဲ့ ကျွန်မမှာ တောင်းဆိုချက်တစ်ခုရှိတယ်။ ဦးလေးကို ဗီတာမျိုးနွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်စေချင်တယ်။ သေချာတာပေါ့။ ကျွန်မက ဦးလေး အတွက် အလှပဆုံးနဲ့ စင်ကြယ်တဲ့ ဗီတာအမျိုးသမီးတစ်ယောက်ကို ရွေးချယ်ပေးပါ့မယ်။”

အော်စတင်က ဘာမှမပြောချေ။ သူက ဒေါသတကြီး ဖြစ်သွားခြင်း မရှိသော်လည်း မျက်နှာကမူ အနည်းငယ်တော့ ပျက်ယွင်းသွားခဲ့သည်။

“တခြား ရွေးချယ်စရာ မရှိဘူးလား။။” အော်စတင်က ပြော၏။

သူက ဗီတာအမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုက်သည်နှင့် မြောက်ပိုင်းတော်ဝင်မျိုးနွယ်များနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားမှာဖြစ်ပြီး တောင်ဘက်ပိုင်း တော်ဝင်မျိုးနွယ်ဝင်သာ ဖြစ်လာတော့မည်။

“သေချာတာပေါ့၊ ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး။”

ဒီဘိုရာက ပြောသည်။ “စကားလုံး တစ်ထောင်ထက် သေးငယ်တဲ့ လုပ်ရပ်တစ်ခုက ပိုပြီးထိရောက်တယ်။ ကျွန်မတို့က မင်းသမီးဟယ်လင်ကို ထောက်ခံကြောင်း လက်တွေ့လုပ်ရပ်တွေနဲ့ ပြသရမယ်။”

အော်စတင်က ပြော၏။ “ဒါဆိုရင်လည်း မင်းရဲ့ဆန္ဒအတိုင်းပါပဲ ဘရွတ်။”

“ကျေးဇူးတင်ပါတယ် ဦးလေး။ ဦးလေး ဒီမှာရှိနေတာ တကယ်ကို ကောင်းပါတယ်။”

အော်စတင်က မေးသည်။ “ဘရွတ်... အခု အခြေအနေကော မင်း ပျော်ရွှင်ရဲ့လား။”

ဒီဘိုရာက ခဏမျှ စဉ်းစား၏။ ပြီးနောက် ခေါင်းညိတ်ပြ၏။ “ဒါပေါ့။ ကျွန်မ သိပ်ပျော်ပါတယ်။ ပြီးတော့ ဦးလေးအတွက် သတင်းကောင်းတစ်ခု ရှိသေးတယ်။ ကျွန်မရဲ့ ဝမ်းဗိုက်ထဲမှာ မြေးလေးလား၊ မြေးမလေးလား မသိတဲ့ တစ်ယောက်ယောက် ရှိနေတယ်။ ကလေးမွေးလာတဲ့အခါ သူ့ကို နာမည်နှစ်ခုပေးဖို့ ဆုံးဖြတ်ထားတယ်။ အကယ်၍ သားလေးမွေးလာမယ်ဆိုရင်တော့ လီယွန်ကျန်းစီယန်လို့ နာမည်ပေးမယ်။ အကယ်၍ သမီးလေး ဆိုရင်တော့ ဟယ်လင်ကျန်းစီယန်လို့ နာမည်ပေးရမှာပေါ့။”

အနောက်လောကက ဤသို့ပင် သူတို့က သူတို့၏ အဘိုးသို့မဟုတ် မိသားစုဝင် တစ်ဦးဦး၏ အမည်ကို မှည့်ခေါ်လေ့ရှိသည်။

............

ရှမ့်လန်က မူလန်မြို့တွင် လေးရက်မျှသာ နေထိုင်ခဲ့ပြီးနောက် ယမ်းစိမ်းကျွန်းဆီသို့ လှေဖြင့် ထွက်ခွာ၏။ သူက ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့်တပြိုင်နက် အနည်းငယ် မှင်သက်မိ၏။ အကြောင်းရင်းက ထိုကျွန်းပေါ်တွင် မြင့်မားသည့် ပိရမစ်ပုံစံ ရဲတိုက်တစ်ခု ရှိနေသောကြောင့်ပင်။ ဤသည်က အမေဇုန်မျိုးနွယ်က ရှမ့်လန်ကို ပေးအပ်သည့် လက်ဆောင်ပေလား။

ရှမ့်လန်က အတွင်းသို့ လျှောက်ဝင်ချိန်မှာတော့ ကြီးမားသည့် ရေချိုးကန်ကြီးတစ်ခုကို မြင်ရ၏။ အတုမရှိအောင် လှပသည့် အမျိုးသမီးတစ်ယောက်က ရေသူမလေးတစ်ကောင်ကဲ့သို့ ကူးခတ်နေ၏။ သူမက သေချာပေါက် အနောက်လောက၏ အစွမ်းထက်ဆုံးသော အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သည့် ဘုရင်မအီဒါပင် ဖြစ်၏။

သူမ၏ ကိုယ်ခန္ဓာပေါ်တွင် နက်ရှိုင်းခြင်း မရှိသည့် ဒဏ်ရာပေါင်း တစ်ရာကျော် ရှိနေသော်လည်း ယခု ထိုဒဏ်ရာများက အမာရွတ်ပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြည့်ဖြိုး ဝင်းပကာ တင့်တယ်လှပနေသည်။

ရှမ့်လန်က ဘာမှမပြောဘဲ သူ၏ အဝတ်အစားများကိုချွတ်ပြီး ရေချိုးကန်ထဲသို့ လျှောက်ဝင်သွားခဲ့၏။ မကြာခင်မှာပဲ သူတို့နှစ်ဦးလုံးက ရစ်ပတ်နှောင်ဖွဲ့ကာဖြင့် နမ်းရှိုက်မိကြ၏။

“ဒီနေ့က မင်းရဲ့ မျိုးဥကြွေတဲ့နေ့လား။” ရှမ့်လန်က မေးသည်။

“မဟုတ်ဘူး။ သုံးရက်ကြာအုံးမယ်။”

ဘုရင်မအီဒါက ပြော၏။ “ဒါကြောင့် ဒီသုံးရက်အတွင်းမှာ ရှင် အရမ်းပင်ပန်းရမယ်။”

ရှမ့်လန်က အံကြိတ်ကာ ပြောသည်။ “ကဲ... မင်းအတွက်ဆိုရင်တော့ သေရင်လည်း သေပလေ့စေတော့။”

ပြီးနောက် သူက တကယ်ကို သေမတတ် ဖြစ်ခဲ့၏။ ဤအမေဇုန်ဘုရင်မက တကယ်ကို ညှို့အား ပြင်းထန်လွန်းလှချေ၏။

.............

သုံးရက်ကြာမှာတော့ ရှမ့်လန်က ခွေးတစ်ကောင်ကဲ့သို့ လျှာထွက်ကာဖြင့် အလွန်အမင်း ပင်ပန်း နွမ်းနယ်လျက်ရှိ၏။ သူက အသာအယာ လဲလျောင်းနေရ၏။ ခြေထောက်များက ကြွက်တက်သကဲ့သို့ ဖြစ်ကာ လက်ကိုပင် ကောင်းကောင်းမမြှောက်နိုင်တော့ပေ။

“သခင်လေးရှမ့်... ရှင်မကြာခင် ထွက်ခွာတော့မှာ မဟုတ်လား။” ဘုရင်မအီဒါက မေးသည်။

ဟုတ်တယ်။”

ရှမ့်လန်က ဖြေလိုက်၏။ “နောက်ရက်အနည်းငယ်အတွင်း ကျုပ်ရဲ့သမီးကို သွားခေါ်ဖို့ ဘုရင်မ မြို့တော်ကို ပြန်ရမယ်။ ပြီးတော့ ဟယ်လင်နဲ့ ရှီလွန်တို့ရဲ့ကိစ္စ ပြေလည်သွားခဲ့ပြီဆိုရင် အရှေ့လောကဆီကို ပြန်ကောင်း ပြန်ရလိမ့်မယ်။”

ဘုရင်မအီဒါက မေးသည်။ “ရှင် စစ်သည် ဘယ်လောက် ခေါ်သွားနိုင်မလဲ။”

ရှမ့်လန်က ပြော၏။ “ငါးသောင်းလောက်ပေါ့။”

ဘုရင်မအီဒါက ပြောသည်။ “ဒီအရေအတွက်က နည်းလွန်းမနေဘူးလား။ ရှင်ပြောတဲ့ အကြောင်းအရာတွေ အရဆိုရင် တော်ဝင်ရန်အင်ပါယာက ရှီလွန်အင်ပါယာထက် အများကြီး ပိုပြီးအင်အားကြီးတယ်။ အဲဒီမှာ သဘာဝလွန် အင်အားစုကလည်း ခြောက်ခုလောက် ရှိနေသေးတယ်။ တစ်ခုချင်းစီကလည်း ကျောက်စိမ်းဖြူ မြို့တော်လို နက်နဲဆန်းကြယ်ပြီး အစွမ်းထက်ကြတယ် မဟုတ်လား။”

ရှမ့်လန်က ပြော၏။ “အီဒါ... ကျုပ် အနောက်လောကကို လာခဲ့တာက အသက်ရှူချောင်ဖို့အတွက်ပဲ။ ကျုပ်ရဲ့ စစ်သည်တစ်သန်းက အရှေ့လောကမှာ ရှိနေတာ။ အနောက်လောကမှာ မဟုတ်ဘူး။ ကျုပ် အမေဇုန်စစ်တပ်နဲ့ ဦးခေါင်းခွံဂိုဏ်းက စစ်တပ်ကိုပဲ ခေါ်သွားနိုင်တာ။ ဒီလူတွေက အရင်က ဘယ်အုပ်စုဝင်၊ ဘယ်အဖွဲ့ကမှ မဟုတ်ကြလို့ပဲ။ သူတို့က ကျုပ်အပေါ် လုံးဝသစ္စာရှိနေကြပြီ

ကျုပ် ရှီလွန်အင်ပါယာ စစ်တပ်ထဲက တစ်ယောက်ကိုမှ ခေါ်မသွားနိုင်ဘူး။ ကျုပ်က တော်ဝင်ရန်အင်ပါယာကို တိုက်ခိုက်ဖို့ ရှီလွန်အင်ပါယာဆီက စစ်သည်တွေ ငှားရတယ်ဆိုတဲ့ အထင်အမြင်မျိုးကို မပေးချင်ဘူး။ အနောက်လောက က အရှေ့လောကကို ကျူးကျော်တယ်ဆိုတဲ့ အသွင်သဏ္ဍာန်မျိုးလည်း မဖြစ်စေချင်ဘူး။”

သူက သေချာရှင်းပြသည်။

ဘုရင်မအီဒါက မေး၏။ “ရှင့်မှာ အမြှောက်တွေကော လုံလောက်ရဲ့လား။”

“အခုထိတော့ မလုံလောက်သေးဘူး။”

ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ ကျုပ် ထွက်ခွာတဲ့ အချိန်ကျရင်တော့ လုံလောက်သွားမှာပါ။”

ဘုရင်မအီဒါက ဆို၏။ “ဒီယမ်းစိမ်းကျွန်းကို ရှင့်ကို ပေးမယ်။ ကျွန်းပေါ်မှာ ရဲတိုက်တစ်ခု တည်ဆောက်ပြီး လူတွေကို အလှည့်ကျ စောင့်ရှောက်ခိုင်းထားပါ့မယ်။”

ရှမ့်လန်က သူမကို မနမ်းဘဲ မနေနိုင်တော့ချေ။ “ကျုပ် အရှေ့လောကကို ပြန်ရောက်လို့ နယ်မြေတစ်ခုကို သိမ်းပိုက်ခြေကုပ်ယူမယ်။ ပင်လယ်ပြင်ကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီဆိုရင် ဒီယမ်းစိမ်းကျွန်းဆီကို သင်္ဘော အုပ်စုတွေ အဆက်မပြတ် စေလွှတ်ပေးမယ်။ အနောက်လောကနဲ့ ပင်လယ်ကုန်သွယ်မှုကို ပြန်လည် တည်ထောင်မယ်။ သေချာတာပေါ့။ အရေးအကြီးဆုံးကတော့ မင်းဆီကို စာတွေ ခဏခဏရေးပြီး လက်ဆောင်တွေ ပေးပို့မှာပေါ့။”

ဘုရင်မအီဒါက ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ကလေးအတွက် လက်ဆောင်တွေပေါ့။ သူက အနာဂတ် အမေဇုန် နိုင်ငံတော်ရဲ့ ဘုရင်မသစ် ဖြစ်လာမှာပါ။”

ရှမ့်လန်က သူမ၏ဝမ်းဗိုက်ကို နမ်းရှိုက်ကာ ပြော၏။ “အနာဂတ်ဘုရင်မကို နှုတ်ခွန်းဆက်ပါတယ်။”

ဘုရင်မအီဒါက ပြော၏။ “သခင်လေးရှမ့်... ဒီနေ့ကစပြီး နှစ်တိုင်း ဆယ်ရက်တိတိ ကျွန်မ ဒီနေရာကို လာခဲ့မယ်။ ရှင် လာသည်ဖြစ်စေ ၊ မလာသည်ဖြစ်စေ၊ ကျွန်မ ဆယ်ရက်ကြာအောင် ဒီမှာစောင့်မယ်။ ကျွန်မတို့ရဲ့ ကလေးကိုလည်း ခေါ်လာပါ့မယ်။”

All Chapters