← Chapters

အခန်း (၈၉၉-၉၀၀)

Vol. 54 Ch. 899-900

အခန်း (၈၉၉-၉၀၀)

Vol. 54 Ch. 899-900

အပိုင်း (၈၉၉)

ရှီလွန်အင်ပါယာ၏ ဘုရင်မမြို့တော် ...

ရှမ့်လန် ဤနေရာမှ ထွက်ခွာသွားသည်က ဆယ်လတိတိ ရှိ၏။ ဤဆယ်လအတွင်း ကလေးငယ်လေး ယောင်ယောင် က နိုးထလာသည့် အချိန်မျိုး ပိုမို၍ နည်းပါးလာခဲ့၏။ မကြာသေးခင်က သူမ တစ်နေ့လျှင် ၁၅ မိနစ်ခန့်သာ နိုးထနိုင်တော့၏။

သူမက သူမ၏နှလုံးသားထဲတွင် အချိန်ကို တိတ်တဆိတ်ရေတွက်နေခဲ့၏။ အကြောင်းရင်းက သူမ၏ဖခင်က တစ်နှစ်အတွင်း သူမကိုလာခေါ်မည်ဟု ကတိပေးထားခဲ့သောကြောင့်ပင်။ ထိုအချိန်မျိုးတွင် သူတို့က မည်သည့်အခါမှ ထပ်မံကာ ခွဲခွာရတော့မည် မဟုတ်ဘဲ သူမကို သူမ၏မောင်လေး၊ ညီမလေးတို့နှင့် တွေ့ဆုံပေးမှာ ဖြစ်သည်။

ယောင်ယောင်က သူမ၏အားအင် အကုန်လုံးကို အသုံးပြုကာ အားနည်းနေသည့် ဇီဝအသက်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားရှာ၏။ သူမ အိပ်ပျော်နေချိန်တွင်ပင်လျှင် သူမ၏မိသားစု ပုံတူကားချပ်များကို ဘေးတစ်ဖက်တွင် ထားရှိကာဖြင့် ဖခင်ပေးထားသည့် ရုဗစ်တုံးလေးကို ဖက်ထားတတ်၏။ ထိုသို့ဆိုလျှင် သူမ အိပ်ပျော်နေချိန်မျိုး၌ အထီးမကျန်တော့ချေ။ သူမ၏မိသားစုက သူမနှင့် အမြဲရှိနေသကဲ့သို့ပင်။

သူမ၏ အိပ်စက်ခြင်းက တကယ်ကို နက်ရှိုင်းပြီး တော်ရုံ အိမ်မက်မက်လေ့ မရှိချေ။ သို့သော်ငြား သူမ တစ်ခါတစ်ရံ အိမ်မက်မက်သည့် အချိန်မျိုးမှာတော့ သူမ၏ဖခင်၊ မိခင်၊ မောင်လေး၊ ညီမလေးတို့နှင့် အတူရှိနေသည်ကိုသာ မက်၏။ ထိုကဲ့သို့သော အိမ်မက်မျိုးက တကယ်ကို ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလွန်းသောကြောင့် ယောင်ယောင် က အိပ်ပျော်နေစဉ်မှာပင် ပြုံးနေတတ်၏။

ယခု စုန်းအင်ပါယာက အမှန်တကယ်ပင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဘုရင်မမြို့တော်၏ စစ်တပ်တစ်ခုလုံးက လူနှစ်သောင်းပင် မပြည့်တော့ချေ။ ဘုရင်မမြို့တော်၏ အပြင်ဘက်၌ ရှီလွန်တတိယအင်ပါယာ၏ စစ်တပ်ကြီးက အမြဲမပြတ် ဝန်းရံထားဆဲပင်။ အထွတ်အထိပ် အခြေအနေမျိုးတွင် စစ်သည် တစ်သန်းနီးပါး ရှိခဲ့ပြီး ယခု သိန်းနှင့်ချီသည့် စစ်သည်များ ရှိနေဆဲပင်။ သူတို့က မြို့တော်ကို လုံးဝ ဝိုင်းပိတ်ထားခဲ့သည်။

ဘုရင်မ မီဒူဆာ နောက်ဆုံး ထွက်ပေါ်လာခဲ့ပြီးနောက် သူမက ထပ်မံထွက်ပေါ် မလာခဲ့ချေ။ သစ္စာ အရှိဆုံးသော မြို့စောင့်နှင့် စစ်ဦးစီးချုပ်များပင်လျှင် သူမကို မမြင်တွေ့ခဲ့ရပေ။ အမှန်စင်စစ် ဘုရင်မမီဒူဆာက တစ်ခါမှ နိုးထမလာဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ခြင်းသာ ဖြစ်သည်။ သူမ၏ ဇီဝအသက်ဓာတ်အား အလွန် အကန့်အသတ်မဲ့စွာဖြင့် အသုံးပြုခဲ့ပြီး ဖြစ်သောကြောင့် သူမ၏ နောက်ဆုံးအချိန်များသို့ ရောက်ရှိနေ၏။

ယခင်က သူမသာ အကယ်၍ အိပ်စက်ခြင်းသို့သာ ကျရောက်သွားပါက တစ်နှစ်ခန့်သာ ဆက်လက် တောင့်ခံနိုင်မည်ဟု ဆိုခဲ့ဖူး၏။ ဘုရင်မမြို့တော်တွင် မည်သည့်စစ်ပွဲမှ မရှိချေ။ လူတိုင်းက မင်းသား ဆော်ရွှန် ရောက်ရှိလာမှုကို စောင့်ဆိုင်းနေ၏။ ထိုအချိန်မျိုးတွင် အတုမရှိ အစွမ်းထက်သည့် ပုဂ္ဂိုလ်နှစ်ဦးတို့က နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲကြပေလိမ့်မည်။ ဆော်ရွှန်က ဘုရင်မမီဒူဆာကို သူ၏မိဖုရားအဖြစ် လက်ခံမည် သို့မဟုတ်ပါက အသေခံရမည်ဟု ကြေညာထားသည်။

နန်းတော်၏ မြေအောက်ဂူအတွင်းမှာတော့ ဘုရင်မမီဒူဆာက နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။ သူမက နတ်ဆိုးတစ်ပါး ကဲ့သို့ပင် လှပနေဆဲဖြစ်ပြီး လူသားတစ်ဦးနှင့်ပင် မတူချေ။ သူမကို တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် လူတို့က သူမ၏ ဆွဲဆောင်မှုအတွင်းသို့ လုံးဝ နစ်မြုပ်သွားချင်ကြ၏။

ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာ၏။ အလွန်ဝေးကွာသည့် နေရာမှဖြစ်သော်လည်း သူမ၏ နားထဲတွင် တိုက်ရိုက်ကြားနေရသည်။

“ဘုရင်မမီဒူဆာ... ဆော်ရွှန်က တွေ့ဆုံခွင့် တောင်းခံပါတယ်။”

ဘုရင်မမီဒူဆာ၏ နုနယ်သည့် ခန္ဓာကိုယ်လေးက အနည်းငယ် တုန်လှုပ်သွား၏။ ပြီးနောက် သူမက မျက်လုံးများကို ဖွင့်လိုက်၏။ ထိုခဏမှာတော့ ကြယ်တာရာများ ပွင့်လင်းလာသကဲ့သို့ပင်။

“နောက်ဆုံး အချိန်ကို ရောက်လာပြီလား။ ရှမ့်လန်... ကျွန်မ ပြည့်စုံတဲ့ ချောင်ယောင်းအာကို ရှင့်ဆီ ပြန်ပေးပါ့မယ်။”

မင်းသားဆော်ရွှန်က ရောက်ရှိလာခဲ့၏။ သူက မျှော်လင့်ထားသည်ထက် နှစ်လစောကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး မည်သူ့ကိုမှ အသိပေးခဲ့ခြင်း မရှိချေ။ သို့မဟုတ်ပါက ပြင်ပကမ္ဘာမှလူများက သူ့ကို သောင်းသောင်းဖျဖျ ကြိုဆိုကြ ပေလိမ့်မည်။

“ဘုရင်မမီဒူဆာ... ဘုရင်မမြို့တော်ရဲ့ မြောက်ဘက် မိုင် ၃၀၀ အကွာက တောင်ထိပ်မှာ ကျုပ် စောင့်နေမယ်။ အဲဒီမှာ အခုနှင်းတွေ ကျနေတယ်။ အဲဒါက မင်းကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မီဒူဆာတွင် လူသားမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိ၏။ သူမက အပူကို နှစ်သက်ပြီး အအေးကို ကြောက်ရွံ့၏။ အဘယ်ကြောင့် နှင်းတောင်ပေါ်တွင် သူမက ပို၍သက်သောင့်သက်သာ ဖြစ်မည်နည်း။ ဖြစ်နိုင်သည်က သူမ၏ ဇီဝကမ္မဖြစ်စဉ် က နှေးကွေးလွန်းလှသောကြောင့် သူမ၏ ဇီဝအသက်ဓာတ်ကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဘုရင်မမီဒူဆာ ပေါ်ထွက်လာသည့် အခါတိုင်း မြေပြင်က ရေခဲပြင် ဖြစ်သွားလေ့ရှိသည် မဟုတ်ပါလား။

“ကောင်းပြီ။ မနက်ဖြန် တွေ့ကြတာပေါ့” ဘုရင်မ မီဒူဆာက ပြော၏။

“ကတိအတိုင်းပါပဲ။” ဆော်ရွှန်၏ အသံက ပျောက်ကွယ်သွား၏။ ခဏအကြာမှာပဲ သူ၏ စွမ်းအင်များကလည်း ပျောက်ကွယ်သွားသည်။

ဘုရင်မမီဒူဆာက မြေအောက်ဂူထဲမှ ဖြည်းညင်းစွာ လွင့်မျောထွက်လာ၏။ ပြင်ပတွင် စောင့်ကြပ်နေသည့် ကြီးမြတ်သည့် သခင်ကြီး လေးဦးတို့က ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။

“အချိန်ရောက်ပြီ။ ရှင်တို့ သွားသင့်တဲ့နေရာကို သွားကြတော့။” ဘုရင်မမီဒူဆာက အမိန့်ပေးလိုက်သည်။

ကြီးမြတ်သည့် သခင်ကြီး လေးဦးတို့က ဒူးတစ်ဖက်ထောက်ကာ ဂါရဝပြုပြီးနောက် လှည့်ထွက်သွားခဲ့၏။ ထိုသူတို့က အစအနပင် မကျန်အောင် ပျောက်ကွယ်သွားကြ၏။

ဘုရင်မမီဒူဆာက ရှည်လျားသည့် လိုဏ်ခေါင်းအတွင်းမှ ဖြတ်လျှောက်ပြီး မြေအောက်ဂူထဲမှ ထွက်ခွာ၏။ သူမက မြေပြင်ပေါ်ရှိ နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး ယောင်ယောင်၏ရှေ့၌ ပေါ်လာ၏။ သူမက လက်ကိုကမ်းပြီး ယောင်ယောင်၏ နုနယ်လှပသည့် မျက်နှာလေးကို အသာအယာ ပွတ်သပ်၏။ ထိုမျက်နှာလေးက ဖောက်ထွင်း မြင်နိုင်လုမတတ်ပင် ဖြူဖျော့နေရှာသည်။

ယောင်ယောင်က မျက်လုံးများကို ဖွင့်ကြည့်၏။ ဘုရင်မမီဒူဆာက ဘာမှမပြောဘဲ ယောင်ယောင်၏ လက်ကလေး ကို အသာအယာ ဆုပ်ကိုင်ထား၏။ မိခင်နှင့် သမီးကြားတွင် ဆက်သွယ်ပြောဆိုရန် စကားလုံးများ မလိုအပ်ချေ။ သူတို့က တစ်ဦး၏စကားကို တစ်ဦးက မျက်လုံးနှင့် ကြည့်ရှုရုံနှင့် နားလည်ကြ၏။

ရုတ်တရက် ယောင်ယောင်က ပုံတူကားချပ်တစ်ခုကို ထုတ်ယူပြီး သူမ၏ မိခင်ထံသို့ ကမ်းပေးသည်။ ဘုရင်မ မီဒူဆာက ထိုပုံကို ယူကြည့်၏။ ဤသည်က ယောင်ယောင် အသစ်ဆွဲထားခြင်းဖြစ်၏။ ပုံထဲတွင် မိသားစု သုံးဦး ပါဝင်၏။ သူမ၏ပန်းချီလက်ရာက ပို၍ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ပုံထဲရှိ လူသုံးဦး၏ မျက်နှာများက ဝေဝါးနေသော်လည်း ရှမ့်လန်၊ မီဒူဆာနှင့် ယောင်ယောင်တို့ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေလိမ့်မည်။ မေတ္တာတရားနှင့် ပြည့်စုံနေသည့် မိသားစုလေးပင်။

ဘုရင်မမီဒူဆာက ပြုံးလိုက်၏။

“ကလေးလေး... သမီးရဲ့ဖေဖေက မကြာခင် သမီးကို လာခေါ်လိမ့်မယ်။ အကယ်၍ မေမေ ပြန်မလာခဲ့ရင် သမီး အရွယ်ရောက်တဲ့အခါ မေမေ့ကို ဘယ်မှာရှာရမလဲဆိုတာ သမီး သိတယ်မလား။” ဘုရင်မမီဒူဆာက မေးသည်။

ယောင်ယောင်က ခေါင်းညိတ်ပြ၏။

“လိမ္မာတယ်။” ဘုရင်မမီဒူဆာက ညင်သာစွာဖြင့် ဆိုသည်။

ခဏကြာမှတော့ ယောင်ယောင်က သန်းဝေလာ၏။ သူမက အိပ်ချင်နေခြင်း မဟုတ်သော်လည်း သူမ၏ ဇီဝအသက်ဓာတ် က ကုန်ဆုံးလုနီးပါး ဖြစ်နေသောကြောင့်ပင်။ ယခုဆိုလျှင် သူမက တစ်နာရီ လေးပုံတစ်ပုံမျှပင် နိုးနိုးကြားကြား မရှိနိုင်တော့ချေ။ သို့သော်ငြား တတ်နိုင်သမျှတော့ တောင့်ခံထားရှာ၏။

ဘုရင်မမီဒူဆာက သူမ၏ နှုတ်ခမ်းလေးကိုဖွင့်ပြီး အလင်းလုံးလေးတစ်လုံးကို ညင်သာစွာ ထွေးထုတ်၏။ ဤသည်က တကယ်ကို ဆန်းကြယ်သည့် အရာဝတ္ထုတစ်ခု ဖြစ်ကာ တည်ရှိသလို ၊ မတည်ရှိသလို ပုံရိပ်ယောင်ပုံစံမျိုး မြင်ဖြစ်၏။ ထိုအရာက စိမ်းလန်းသည့် အလင်းတန်းများဖြင့်လည်း လှည့်ပတ်နေသေးသည်။

“ကလေးလေး ပါးစပ်ဟအုံး။” ဘုရင်မမီဒူဆာက ပြော၏။

ယောင်ယောင်က ခေါင်းကို အပြင်းအထန်ခါယမ်းပြီး သူမ၏ ပါးစပ်လေးကို ခပ်တင်းတင်း စေ့ထားရှာသည်။

“ကလေးလေး... သမီး မေမေ့ကို ဘယ်မှာရှာရမလဲဆိုတာ သိတယ် မဟုတ်လား။”

မီဒူဆာက ညင်သာစွာ မေး၏။ “လိမ္မာစမ်းပါ။ မေမေစကားကို နားထောင်ပါ။”

ယောင်ယောင်က ခေါင်းကို အပြင်းအထန် ခါယမ်းနေဆဲပင်။ ဘုရင်မမီဒူဆာက ယောင်ယောင်၏ ပါးစပ်လေးကို အသာဆွဲဖွင့်ကာ အလင်းလုံးလေးကို ယောင်ယောင်၏ ပါးစပ်ထဲသို့ ခွံ၏။ ယောင်ယောင်၏ မျက်ရည်များ ကျဆင်းမလာခင်မှာပဲ ဘုရင်မမီဒူဆာက သုတ်ပေးလိုက်၏။ ပြီးနောက် သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသည့် လက်ကလေးများဖြင့် ယောင်ယောင်၏ မျက်လုံးများကို အသာအယာ ပွတ်သပ်ပေးနေသည်။

“အိပ်လိုက်တော့ ကလေးလေး။ သမီး မျက်လုံးတွေ ပြန်ဖွင့်နိုင်တဲ့အခါကျရင် ဖေဖေက သမီးရှေ့မှာ ရှိနေလိမ့်မယ်။” ဘုရင်မမီဒူဆာက အသာပြော၏။

ကလေးငယ်က အိပ်ငိုက်ခြင်းကို အစွမ်းကုန် အန်တုကာဖြင့် မျက်လုံးများကို ဖွင့်ရန် ကြိုးစားနေသော်လည်း နောက်ဆုံးမှာတော့ မည်သို့မျှ မတတ်နိုင်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ဘုရင်မမီဒူဆာက သမီးဖြစ်သူ၏ နုနယ်သည့် ခန္ဓာကိုယ်လေးကို ညင်သာစွာ ပွေ့ချီပြီး အသာအယာ ပွတ်ကာ သားချော့တေး တစ်ပုဒ်ကို သီဆိုနေ၏။ ဤသည်က သူမ ပထမဦးဆုံးအကြိမ် သီချင်းဆိုခြင်းပင်။

ဘုရင်မမီဒူဆာ၏ အကြည့်အောက်တွင် မည်သူမဆိုတို့၏ စိတ်ဝိညာဉ်များက နစ်မြုပ်ကာ လုံးဝ ရုန်းထွက် နိုင်လိမ့်မည် မဟုတ်ချေ။ ဘုရင်မမီဒူဆာ သီချင်းဆိုချိန်မှာတော့ လူတိုင်းက ယစ်မူးကြပေလိမ့်မည်။

သူမ၏ အသံက တကယ်ကို ညင်သာလွန်းပြီး ဤဖုန်မှုန့်ကင်းစင်သည့် နန်းတော်ကြီးအတွင်း၌သာ ကြားနိုင်သည့်အသံမျိုးပင်။ သို့သော်ငြား ဤဆွဲဆောင်မှုရှိသည့် သားချော့တေးက ဘုရင်မမြို့တော်ရှိ ကလေးငယ် အားလုံး၏ နားထဲတွင် ကြားနေရသကဲ့သို့ပင်။ ဘုရင်မမြို့တော်ရှိ မရေတွက်နိုင်သည့် ကလေးများက နားစွင့်ထား ကြ၏။ ငိုယိုနေသည့် ကလေးများက ရပ်တန့်ပြီး အငိုရပ်ကာ လိမ္မာသွား၏။ နို့စို့နေသည့် ကလေးငယ်များက နို့စို့ခြင်းကို ရပ်တန့်ကာ နားထောင်ကြ၏။ သူတို့၏ လည်ပတ်လျက် ရှိနေသည့် မျက်လုံးလေးများက အသံ လာရာဆီသို့ လိုက်လံရှာဖွေနေကြသကဲ့သို့ပင်။

ခဏကြာမှတော့ မြို့တော်အတွင်းရှိ ကလေးငယ်အားလုံးတို့က မည်သူဂျစ်တိုက်နေသည်ဖြစ်စေ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့ကြ၏။ ယောင်ယောင် အိပ်ပျော်သွားခဲ့သလို ဘုရင်မ မီဒူဆာ၏ သီဆိုသံက သောင်းနှင့်ချီသည့် ကလေးငယ်များကို တပြိုင်နက်တည်း အိပ်ပျော်သွားစေခဲ့၏။

(ဤနေရာတွင် မရှင်းသည့်အချက်ရှိလာမည်စိုးသောကြောင့် ပြန်လည် ရှင်းပြချင်ပါသည်။ ချောင်ယောင်းအာ က ကိုယ်ဝန်ဆောင်ထားသော်လည်း သူမ ကိုယ်ဝန်သိပ်မရင့်ခင် မိဒူဆာက သူမ၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းကို ၉၀ ရာခိုင်နှုန်းလောက်ထိ ယူဆောင်ထားတောကြောင့် ယောင်ယောင်လေးက မီဒူဆာ၏ ရင်နှင့်လွယ်သည့် သမီးကဲ့သို့ ဖြစ်နေခြင်းပင်။ မွေးဖွားချိန်တွင်လည်း ချောင်ယောင်းအာ မွေးဖွားခြင်း မဟုတ်ဘဲ မီဒူဆာ မွေးဖွားခြင်း ဖြစ်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ဆယ်ရာခိုင်နှုန်းသာရှိသော ချောင်ယောင်းအာ ကလည်း မိခင်ရင်း တစ်ယောက်ဖြစ်သည်။)

“မေမေ့ကလေးလေး အိပ်လိုက်တော့။ မြို့ထဲက ကလေးတွေအားလုံးက သမီးနဲ့အတူ အိပ်ပေးကြလိမ့်မယ်။ သမီးနိုးလာတဲ့ အချိန်ကျရင်တော့ ဖေဖေက ဒီကို ရောက်နေပါပြီ။”

သူမက ယောင်ယောင်ကို ကျောက်စိမ်း ခုတင်ပေါ်သို့ မချင့်မရဲနှင့် ပြန်တင်ပေးလိုက်ပြီး သူမ၏ နဖူးလေးကို နမ်းရှိုက်၏။

“ကလေးလေး... အကယ်၍ မေမေ ပြန်မလာခဲ့ရင် သမီးအရွယ်ရောက်တဲ့ အချိန်မှာ မေမေ့ကို ဘယ်လို ရှာရမလဲဆိုတာ သိတယ် မဟုတ်လား။”

ဘုရင်မမီဒူဆာက ညင်သာစွာ ထပ်မေး၏။ ပြီးနောက် နောက်တစ်စက္ကန့်မှာပဲ သူမက လွင့်မျော ပျောက်ကွယ်သွား၏။ သူမက နန်းတော်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားပြီး မည်သူမျှ သတိမပြုမိစေဘဲ မိုင် ၃၀၀ ကွာဝေးသည့် တောင်တန်းဆီသို့ လွင့်မျောသွားခဲ့သည်။

.......................

ရှမ့်လန်က ယမ်းစိမ်းကျွန်းမှ ထွက်ခွာခဲ့ပြီး မရေတွက်နိုင်သည့် ယမ်းစိမ်းများနှင့်အတူ မူလန်မြို့သို့ ပြန်လာခဲ့၏။ ပြီးနောက် သူက မူလန်မြို့တွင် အချိန်အကြာကြီး မနေခဲ့ချေ။ အကြောင်းရင်းက ဤနေရာက ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထူးခြားမှု မရှိတော့သောကြောင့်ပင်။

ဒီဘိုရာသာမက အသူရာလှိုင်းပြည်နယ်တစ်ခုလုံးက ရှမ့်လန်ကို အစွမ်းကုန် ထောက်ခံကူညီကြ၏။ မင်းသမီး ဟယ်လင်က ရှမ့်လန်၏ အဆင့်အတန်းကို ကြေညာလိုက်တည်းက အရာအားလုံး ပြောင်းလဲသွားခဲ့၏။ ရှမ့်လန်က အရှေ့လောကမှလာသည့် ဂြိုလ်သားတစ်ဦး အဖြစ်မှသည် သူတို့လူမျိုး တစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူက ဤနေရာတွင် ကြာရှည်နေမည်မဟုတ်ကြောင်း လူတိုင်း သိကြ၏။ သူ့ကို ကူညီခြင်းက အနာဂတ် အရှေ့ဘက် ဧကရာဇ်အပေါ် ရင်းနှီးမြှုပ်နှံခြင်းပင်။

အနောက်ဘက် တော်ဝင်မျိုးနွယ်များက တကယ်ကို မာနကြီးကြသည် ဆိုသော်လည်း အရှေ့လောက က အတိုင်းအဆမရှိ အင်အားကြီးမားကြောင်းကိုတော့ သိရှိကြ၏။ ရှီလွန်အင်ပါယာက နှစ်ပေါင်းတစ်ထောင်ပင် မပြည့်သေးသည့် ဖွံ့ဖြိုးတိုးတက်မှု သမိုင်းသာရှိသော်လည်း အရှေ့ဘက်လောကကြီးက နှစ်ပေါင်းထောင်နှင့် ချီသည့် သမိုင်းများရှိ၏။ လူဦးရေ ပိုမိုများပြားပြီး နယ်မြေများက ပိုမိုကျယ်ပြန့်၏။ နိုင်ငံများ ပိုမိုများပြားသလို ပိုမိုအားကောင်းသည့် ယဉ်ကျေးမှုများလည်း ရှိ၏။

ရှမ့်လန်က သူ၏ ကြီးမားသည့် ရည်မှန်းချက်များ အောင်မြင်ပြီး အရှေ့လောက၏ ဧကရာဇ် ဖြစ်လာသည်နှင့် အရှေ့လောကတစ်ခုလုံးက မင်းသမီးဟယ်လင်၏ ကျောထောက်နောက်ခံ ဖြစ်လာမှာ ဖြစ်သည်။ တောင်ဘက်ပိုင်း မှ မိတ်ဆွေကောင်းများနှင့်အတူ အကျိုးတူ လက်တွဲဖော်များ ဖြစ်လာမည်။

ရက်အနည်းငယ်အတွင်း ပန်းပဲဆရာ တစ်ထောင်ကျော်တို့က မူလန်မြို့သို့ ဝင်ရောက်လာခဲ့ကြပြီး များပြားလွန်းသည့် သံစိမ်းများနှင့်အတူ အမြှောက်များကို ပြုလုပ်ကြတော့၏။ ရှမ့်လန်က ကျောက်စိမ်းလှိုင်း ကျွန်းစုကို သိမ်းပိုက်ရခြင်းက ဤနေရာတွင် သံတွင်းရှိနေသောကြောင့် ဖြစ်သည်ဟု ပြောရမည်မှာ ရယ်စရာပင် ဖြစ်ခဲ့သည်။

မူလက သူက ဤနေရာကို သံမဏိချက်လုပ်ရန်အတွက် အသုံးပြုလိုသော်လည်း နောက်ပိုင်း ထိုသို့ လုပ်ဆောင်ရန် မလိုအပ်သောကြောင်း သိရှိခဲ့ရ၏။ ဤသံတွင်းက ထုတ်လုပ်မှုပင် လုံးဝ ရပ်ဆိုင်းသွားခဲ့ပြီး ပီကျင်းမြို့မှ ပို့ဆောင်သည့် သံစိမ်းများမှာပင် သုံးမကုန်နိုင်ချေ။

အမြှောက်များ... အမြှောက်များ... ဤသည်က မူလန်မြို့ တစ်ခုလုံး၏ အဓိက အကြောင်းအရာကဲ့သို့ပင်။ ပန်းပဲဆရာ ထောင်နှင့်ချီ၍ တစ်နေ့လျှင် ၁၆ နာရီတိတိ အလုပ်လုပ်ကြပြီး လွတ်မြောက်ကျွန် တဖြစ်လည်း လုပ်သားပေါင်း သုံးသောင်းကျော် ကလည်း အမြှောက်ထုတ်လုပ်ရေး စက်ရုံတွင် ပါဝင်လုပ်ဆောင်ကြ၏။ ထုတ်လုပ်မှု က တကယ်ကို တိုးတက်နေ၏။

မူလက တစ်လလျှင် အမြှောက်အလက် ၁၀၀ ကျော်သာ ထွက်သော်လည်း ယခု တိုက်ရိုက်ပင် ၁၅၀ အထိသို့ တိုးလာ၏။ ထုတ်လုပ်မှုက ဆက်တိုက် တိုးတက်နေဆဲပင်။ နောက်ထပ် လအနည်းငယ်ကြာလျှင် ရှမ့်လန်က အံ့သြစရာကောင်းသည့် အမြှောက်အရေအတွက်နှင့် မရေတွက်နိုင်သည့် ယမ်းများကို ရရှိမှာဖြစ်သည်။

ပီကျင်းမြို့သာမက အသူရာလှိုင်းပြည်နယ်အတွင်းရှိ သင်္ဘောကျင်းအားလုံးကလည်း အလွန်ပင် အလုပ်များ နေကြ၏။ စစ်သင်္ဘောအသစ်များ တည်ဆောက်ရန် အချိန်မရှိသောကြောင့် ရှိရင်းစွဲ စစ်သင်္ဘောများကို ပြုပြင် မွမ်းမံကြ၏။

အစွမ်းထက်သည့် ဦးခေါင်းခွံကျွန်း၏ သင်္ဘောအုပ်စုက သူတို့၏ စစ်သင်္ဘောကြီးများတွင် မူလကတည်းက ဒူးလေးစက်များ ရှိခဲ့ကြပြီး ယခု ထိုအရာကို အနည်းငယ် ပြုပြင်လိုက်ရုံနှင့် အမြောက်များ တပ်ဆင်ရန် အသုံးပြုနိုင်သည်။

ရှမ့်လန်က သင်္ဘောအစီးရေ ၅၀၀ ကျော် ပါဝင်သည့် သင်္ဘောအုပ်စုကြီး တစ်ခုကို လိုအပ်၏။ သေချာ၏။ ဤသင်္ဘောများ ထဲတွင် အများစုက သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပို့သင်္ဘောများဖြစ်ပြီး အမြှောက် တပ်ဆင်ထားသည့် စစ်သင်္ဘောအရေအတွက်က ၁၀၀ ထက် မပိုနိုင်ပေ။ စုစုပေါင်း တပ်ဆင်ထားသည့် အမြှောက် အရေအတွက်က ၁၅၀၀ ကျော်ပေမည်။ ဤသည်က အံ့သြဖွယ်ကောင်းသည့် အရေအတွက်ပင်။

ရှမ့်လန်တွင် ငွေမရှိသော်လည်း အသူရာလှိုင်းပြည်နယ် တစ်ခုလုံးက သူ့အတွက် သင်္ဘောအုပ်စုအသစ်ကြီးကို တည်ဆောက်ပေးရန် အစွမ်းကုန် ကြိုးစားနေသကဲ့သို့ ရှိ၏။

ဦးခေါင်းခွံကျွန်းသားများက သူတို့၏ ရိုးရာအတိုင်း သင်္ဘောချင်းတိုက်၍ တိုက်ခိုက်ခြင်းကိုသာ ကျင့်သား ရနေသောကြောင့် အမြောက်များကို ငြင်းဆန်ကြမလားဟု ရှမ့်လန်က အနည်းငယ် စိုးရိမ်မိသေး၏။ သို့သော်ငြား သူ အပို တွေးမိခြင်းသာဖြစ်သည်။

အမြှောက်ပစ်ခတ်မှုကို တစ်ကြိမ်တွေ့ရပြီးနောက် ဦးခေါင်းခွံကျွန်းမှ ပင်လယ်ဓားပြများက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည့် ပြင်းထန်သည့် လက်နက်များကို ရူးသွပ်စွာ ချစ်မြတ်နိုးသွားကြ၏။ သူတို့က ထိုအရာများကို သုတေသနပြုလုပ်ပြီး လေ့ကျင့်ရေးများတွင်လည်း စိတ်အားထက်သန်စွာ ပါဝင်လာကြ၏။

တချို့သော လူမဆန်သည့် ကိစ္စရပ်များပင် ဖြစ်ပွားခဲ့သေး၏။ ဥပမာအားဖြင့် ဦးခေါင်းခွံကျွန်းမှ ပင်လယ်ဓားပြများ က ဖမ်းဆီးရမိသူများ၏ ခန္ဓာကိုယ်ကို အမြှောက်ထဲသို့ ထည့်၍ အရှိန်ပြင်းစွာ ပစ်ခတ်ခဲ့ကြခြင်းပင်။ ရလဒ်က မေးနေစရာမလိုပင်။ ထိုသူတို့က အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။

ဂျက်ထန်က ထိုဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြများကို ကြိုးနှင့်ချိတ်ဆွဲ၍ အချက်တစ်ရာတိတိ ရိုက်နှက် အပြစ်ပေးခဲ့ရပြီး အသက်ရှိသော အကျဉ်းသားများကို အမြှောက်ဆံအဖြစ် အသုံးပြုခြင်းကို တားဆီးခဲ့၏။ အသက်ရှင်နေသည့် လူသားများကို ထိုကဲ့သို့ မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။

ဤအချိန်မှာတော့ ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်းသားတို့၏ အနှစ်သာရက သင်္ဘောချင်း တိုက်ခိုက်ခြင်း သို့မဟုတ် အနီးကပ် တိုက်ခိုက်ခြင်း မဟုတ်ဘဲ သတ်ဖြတ်ခြင်းသာ ဖြစ်ကြောင်း သိရှိသွားခဲ့ရ၏။ သတ်ဖြတ်နိုင် သရွေ့၊ အစွမ်းထက်သည့် လက်နက်ဖြစ်နေသရွေ့ သူတို့က လက်ခံနိုင်၏။ ပင်လယ်ဓားပြများက ဤလောကကြီးထဲတွင် အရာရာသော အသစ်များကို အလွယ်ကူဆုံး လက်သင့်ခံနိုင်သူများ ဖြစ်ကြ၏။

***

အပိုင်း (၉၀၀)

ဒီဘိုရာက အတိုတောင်းဆုံး အချိန်အတွင်းမှာပဲ အင်ပါယာ၏ တောင်ဘက်ပိုင်းရှိ မှူးမတ်အားလုံးနီးပါးကို စုစည်းခဲ့၏။ မင်းသမီးဟယ်လင် ရောက်ရှိလာမှုကို ကြိုဆိုနိုင်ရန် မကြုံစဖူး ကြီးကျယ်ခမ်းနားလွန်းသည့် ပွဲတော်ကြီးကို ကျင်းပခဲ့၏။ ထို့နောက်တွင်တော့ ပီကျင်းမြို့က မကြုံစဖူးသော ဂုဏ်ကျက်သရေများကို ရရှိခဲ့ပြီး အင်ပါယာ တောင်ဘက်ပိုင်း၏ ဗဟိုချက်ဌာနတစ်ခု ဖြစ်လာခဲ့၏။

မှူးမတ် တစ်ထောင်ကျော်တို့က ပီကျင်းမြို့ဆီသို့ ရောက်ရှိလာခဲ့ပြီး သူတို့၏ ဇနီးသည်များနှင့်အတူ မျိုးဆက်များကိုပါ ခေါ်ဆောင်လာခဲ့၏။ အချိန်တိုအတွင်း ပီကျင်းမြို့တစ်မြို့လုံးက အဖိုးတန်ဝတ်စုံများ ဆင်မြန်းထားသည့် ကြွယ်ဝချမ်းသာသည့် တော်ဝင်မှူးမတ်များဖြင့် ပြည့်နှက်နေပြီး လမ်းပေါ်တွင် ရှိနေသည့် မည်သည့် မြင်းရထားတွင်မဆို၌ မိသားစု အမှတ်အသားများ ပါရှိနေ၏။ နှစ်ပေါင်းရာနှင့်ချီနေသည့် ပီကျင်းမြို့က ဤမျှကြီးမားသည့် ဂုဏ်ကျက်သရေများကို မရခဲ့ဖူးသလို ရော့ဆိုမိသားစုကလည်း ထိုကဲ့သို့ ကြီးမားသည့် ဂုဏ်သိက္ခာမျိုးကို မရရှိခဲ့ဖူးချေ။

ဒီဘိုရာက မကြုံစဖူးသော စိတ်လှုပ်ရှားမှု အခြေအနေဆီသို့ ရောက်ရှိနေပြီး ဤမှူးမတ်များအား ဧည့်ခံရန်အဖိုးတန် အရာအားလုံးကို ထုတ်သုံး၏။ နေ့စဉ်နေ့တိုင်း သူမက ရွှေဒင်္ဂါးများကို ရေလိုသုံး၏။ နေ့စဉ်နေ့တိုင်း ကုန်တင်သင်္ဘော ရာနှင့်ချီ၍ ပီကျင်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး ကုန်စည်အမျိုးမျိုးကို တင်ဆောင်လာသည်။

မကြာခင်မှာပဲ သင်္ဘောအစီးရေ တစ်ထောင်ကျော်သွား၏။ ပီကျင်းမြို့က မကြုံစဖူးသော ကုန်သွယ်မှု အခြေအနေ ဆီသို့ ရောက်ရှိပြီး တကယ်ကို ထွန်းကားလာခဲ့၏။ အနောက်လောကတွင် ရှိသမျှအရာမှန်သမျှ ပီကျင်းမြို့တွင် ပေါ်ထွက်လာ၏။

ဤသည်က ဂုဏ်ယူဖွယ်ရာ ကောင်းသလို ကြီးမားသည့် တာဝန် ဝတ္တရားလည်း ရှိ၏။ ဤပွဲတော်က မင်းသမီးဟယ်လင် အနေဖြင့် ရှီလွန်အင်ပါယာ၏ နိုင်ငံရေးစင်မြင့်ပေါ်သို့ တရားဝင် စတင် ခြေချလိုက်ခြင်းပင်။ တက်ရောက်လာသည့် မှူးမတ်အရေအတွက်တို့က သူမကို မည်မျှထောက်ခံကြကြောင်း သက်သေပြနေသလိုပင်။

ရလဒ်က မယုံကြည်နိုင်အောင်ပင်ဖြစ်ပြီး အင်ပါယာ တောင်ဘက်ပိုင်းရှိ မှူးမတ်သစ်များအားလုံး ရောက်ရှိ လာခဲ့၏။ ဘုရင်မမြို့တော်က လက်ရှိအချိန်တွင် ဝိုင်းရံခြင်းကို ခံထားရသော်လည်း မြို့တော်ဝန်ကလည်း ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့၏။ မြို့တော်ဝန် ကိုယ်စားလှယ် နှင့် မြို့စားကြီး ရပ်လ်ဆဲ၊ ဒီဘိုရာ သိမ်းပိုက်ထားသည့် တောင်ဘက်ပိုင်းမြို့များမှ နယ်စားပယ်စားများက တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသည်။

တောင်ဘက်ပိုင်းက တောင်ပိုင်းသားများ၏ နယ်မြေဖြစ်ပြီး မင်းသမီးဟယ်လင် တစ်ဦးတည်းကသာလျှင် တောင်ဘက်ပိုင်း တော်ဝင်မျိုးနွယ်သစ်များ၏ အကျိုးကျေးဇူးကို ကိုယ်စားပြုနိုင်၏။ မြောက်ဘက်ပိုင်းရှိ မှူးမတ်ဟောင်း များက ခေါင်းမာကြပြီး နေ့စဉ်နေ့တိုင်း တောင်ဘက်ပိုင်း၏ အာဏာကို ဖြိုခွဲရန်နှင့် တောင်ဘက်ပိုင်း တစ်ခုလုံးကို ထပ်မံကျွန်ပြုရန် နည်းလမ်းများကိုသာ တွေးတောနေကြ၏။

ထိုဆော်ရွှန်က ကြီးမြတ်သူဖြစ်နိုင်သလို စကား ကြီးကြီးမားမား ပြောနိုင်သူလည်း ဖြစ်၏။ သူက မြောက်ဘက်ပိုင်းသားများ ၏ ရွေးချယ်ချီးမြှောက်မှုကို ခံထားရသူဖြစ်သောကြောင့် မြောက်ဘက်ပိုင်း တော်ဝင် မျိုးနွယ်များ၏ အကျိုးကျေးဇူးများကိုသာ ဆောင်ရွက်ပေးပေလိမ့်မည်။

.......................

ထိုညမှာတော့ မင်းသမီးဟယ်လင် ပြန်လာခြင်းကို ကြိုဆိုသည့် ပွဲတော်ကို တရားဝင် စတင်၏။ ဒီဘိုရာ၏ စံအိမ်တော်က လူများနှင့် ပြည့်နှက်နေပြီး တကယ်ကို ခမ်းနားတောက်ပ၏။ ဤပွဲတော်က မကြုံစဖူး ခမ်းနားပြီး မကြုံစဖူးပင် အောင်မြင်ခဲ့၏။ ပွဲတော်သို့ လူပေါင်း သုံးထောင်ကျော် တက်ရောက်၏။

မင်းသမီးဟယ်လင်နှင့် ရှမ့်လန်တို့က ပွဲတော်သို့ တက်ရောက်ခဲ့ကြပြီး သူတို့က ပွဲတော်တစ်ခုလုံး၏ အဓိကလူများ ဖြစ်လာခဲ့၏။ ယခင်က ရှီလွန်အင်ပါယာတစ်ခုလုံးက ရှမ့်လန်အပေါ် ရန်လိုခဲ့ကြပြီး သူ့ကို လူလိမ်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပြီး အရှေ့တိုင်း၏ လူပြက်ဟုပင် ခေါ်ဆို၏။ သို့သော်ငြား ယခုအချိန်မှာတော့ လူတိုင်းက သူ့ကို “သခင်လေးရှမ့်လန်” ဟု ခေါ်ဆိုကြပြီး ပြည်နှင်ဒဏ် ခံထားရသည့် အရှေ့ဘက် ဧကရာဇ်လောင်းတစ်ဦးအဖြစ် ဆက်ဆံနေကြသည်။

“သခင်လေး... သခင်လေးမှာ သံအမြောက်အမြား လိုအပ်နေတယ်လို့ ကြားသိရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျုပ်တို့မိသားစုက အဆင့်မြင့်သံတွေ ထုတ်လုပ်တယ်။ ပိုပြီးတိုက်ဆိုင်တာက ဒီတစ်ခေါက် သင်္ဘောဆယ်စင်းစာ တင်ဆောင်လာခဲ့တာပဲ။ ဒါတွေကို ပီကျင်းမြို့ကို ပို့ပေးရမလား၊ မူလန်မြို့ကို ပို့ပေးရမလား သိပါရစေ။”

“သခင်လေး... ဒီတစ်ခေါက်မှာ ကျုပ်တို့က သင်္ဘောသုံးစင်းစာ လက်ဆောင်တွေ ယူခဲ့ပါတယ်။ စိတ်မရှိပါနဲ့။ ကျုပ်တို့မှာ တခြား ဘာတောင်းဆိုမှုမှ မရှိပါဘူး။ ကျုပ်တို့ရဲ့ မျိုးရိုးနာမည်နဲ့ နာမည်ကို သတိရပေးရင်ကို ကျေနပ်ပါပြီ။”

“သခင်လေး... တောင်ဘက်ပိုင်းတစ်ခုလုံးက သခင်လေးကို ထောက်ခံနေပါတယ်။ သခင်လေးလို အမျှော်အမြင်ရှိတဲ့ ဘုရင်တစ်ပါးက အရှေ့ဘက်လောကရဲ့ ထီးနန်းကို ဆက်ခံတာ အရမ်းကောင်းတာပဲ။ အင်ပါယာကျန်းလီရဲ့ ကြီးမြတ်မှုက ကျုပ်တို့ရဲ့ မှတ်ဉာဏ်ထဲမှာ လတ်လတ်ဆက်ဆက် ရှိနေဆဲပါပဲ။ အကယ်၍ အင်ပါယာကျန်းလီသာ ထီးနန်းကို ဆက်ခံခဲ့မယ်ဆိုရင် အရှေ့နဲ့အနောက် ချစ်ကြည်ရေးက တည်မြဲနေတာ ကြာလောက်ပြီ။ အခုလိုမျိုး နေရခက်တဲ့ အခြေအနေမျိုး ဖြစ်တည်ခဲ့မှာ မဟုတ်ပါဘူး။”

“သခင်လေး... သွေးသောက်ဘာရွန်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုတဲ့ လူတစ်ယောက်က သခင်လေးကို စော်ကားခဲ့တယ်လို့ ကြားသိရတယ်။ ဒါကြောင့် ကျုပ်တို့က ရိုင်းရာကျရင် ခွင့်လွှတ်ပါ။ မန်လိုရှော မိသားစုရဲ့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်အားလုံးကို ကျုပ်တို့ ဖမ်းဆီးပြီး သခင်လေးကို ပို့ဆောင်ပေးထားပါတယ်။ ဒီယုတ်မာတဲ့ မိသားစုက ဒီလောကကြီးထဲမှာ မတည်ရှိသင့်ဘူး။ ဒီလိုမိသားစုမျိုးက တစ်ခါက ရှီလွန်အင်ပါယာရဲ့ မှူးမတ် ဖြစ်ခဲ့ဖူးတယ်ဆိုတာ စဉ်းစားလို့တောင် မရနိုင်ဘူး။ ဒါက လောကရဲ့ အညစ်အကြေးပဲ။”

ရှမ့်လန်က လက်ဆောင်များကို လက်ခံရလွန်းသောကြောင့် လက်မောင်းများပင် ကိုက်နေ၏။ ငွေပြား တစ်ပြားကိုပင် သုံးစွဲရန် မလိုအပ်ခဲ့ချေ။ သူ စိုးရိမ်ရသည့် တစ်ခုတည်းသော အချက်က ထိုလက်ဆောင်များကို ထားရန် နေရာပင်ဖြစ်၏။ အကြောင်းရင်းက သိုလှောင်ရုံများက ထိုမျှလောက် မများပြားသောကြောင့်ပင်။

တောင်ဘက်ပိုင်းမှ မှူးမတ်အားလုံးက မင်းသမီးဟယ်လင်ထံသို့ လက်ဆောင်များ တိုက်ရိုက် မပေးဝံ့ကြဘဲ ရှမ့်လန်ထံသို့သာ ပေးအပ်ကြ၏။ အကြောင်းရင်းက ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် မင်းသမီးဟယ်လင်ကို အမှန်တကယ် ပျော်ရွှင်စေမည်ဖြစ်ကြောင်း သူတို့ သိရှိသောကြောင့် ဖြစ်သည်။

ထိုမျှသာမက ရှမ့်လန်၏ မျက်နှာသာပေးမှုကို ရရှိရန် ရှမ့်လန် အနောက်လောကတွင် လိုအပ်သမျှ အရာအားလုံးကို သူတို့က အကုန်ပြီးမြောက်အောင် ထောက်ပံ့ကြ၏။ ရှမ့်လန်က မန်လိုရှော မိသားစုကို အမြစ်ပြတ် သုတ်သင်ပစ်မည်ဟု ပြောခဲ့သောကြောင့် ထိုမှူးမတ်များက မန်လိုရှော မိသားစုမှ အဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ လွတ်မြောက်ခြင်းမရှိဘဲ အားလုံးကို ဖမ်းဆီးပေးထား၏။

တစ်ခါတစ်ရံတွင် ထက်မြက်သည့်လူများနှင့် ဆက်ဆံရသည်က တကယ်ကို ပျော်ရွှင်စရာကောင်း၏။ ဤမှူးမတ်များ၏ နှုတ်မှထွက်သည့် စကားလုံးများက တကယ်ကို နားဝင်ပီယံရှိ၏။ တစ်ခွန်းနှင့် တစ်ခွန်းက ထပ်တူညီခြင်း မရှိချေ။ သူတို့က ချီးကျူးစကားများနှင့် ရှမ့်လန်ကို အဆုံးအစမရှိ ချီးမွမ်း၏။ ရှမ့်လန်၏ ဆံပင်ကိုပင်လျှင် တခုတ်တရ ချီးကျူးခဲ့ကြသေးသည်။

ထို့အပြင် တော်ဝင်မှူးမတ်များအကြား ပြောဆိုသည့် စကားလုံးက ငါးခွန်းထက် မပိုချေ။ ဤသည်က သူတို့က နွေးထွေးပြီး ရိုသေမှုရှိကြောင်း ပြသရန်ဖြစ်သော်လည်း တခြားသောသူကို နှောင့်ယှက်သည်ဟု မခံစားရစေရန်ပင်။ ရာထူးအဆင့်အတန်း မြင့်မားလာလေ စကားပိုနည်းလေဖြစ်ပြီး လူတိုင်းက ယဉ်ကျေးမှု အစဉ်အလာကို ဂရုစိုက်၏။

ယနေ့ည၏ ပွဲတော်၏ အဓိကလူများမှာ ရှမ့်လန်နှင့် အော်စတင်ရော့ဆို ပင်။ အော်စတင်ရော့ဆိုက ဗီတာအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့်ပင်။ သူမက ရာထူးကြီး အရာရှိတစ်ဦး ၏ သမီးဖြစ်ပြီး လှပကာ အရည်အချင်း ရှိသလို ၊ ယဉ်ကျေးမှု အစဉ်အလာကိုလည်း စေ့စေ့စပ်စပ် နားလည်သည်။

ထို့အပြင် အော်စတင် ရော့ဆိုက ယနေ့ည ပွဲတော်တွင် သူ၏ စေ့စပ်ထားသူကိုပါ ခေါ်ဆောင်လာခဲ့၏။ မည်သည့် ကဲ့ရဲ့လှောင်ပြောင်မှု သို့မဟုတ် မကျေနပ်မှုမှ မရှိချေ။ တောင်ဘက်ပိုင်းရှိ မှူးမတ်အားလုံး နီးပါးတို့က ဤမောင်နှံသစ် ကို လာရောက်ကာ ဂုဏ်ပြုကြပြီး နက်နဲနွေးထွေးသည့် စကားလုံးများဖြင့် အော်စတင်၏ ရွေးချယ်မှုကို ချီးမွမ်းကြ၏။ ဗီတာအမျိုးသမီးလေး၏ အလှနှင့် ဉာဏ်ပညာကိုလည်း ချီးကျူးကြ၏။

အော်စတင်ရော့ဆိုက ယခင်က ခက်ထန်အေးစက်မှုများနှင့် လုံးဝမတူဘဲ စကားလုံးများကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ယဉ်ကျေးစွာ ပြောဆိုနေ၏။ သူက သူ၏ဗီတာမိန်းကလေးနှင့်အတူ တကယ် ချစ်ခင်ကြင်နာစွာဖြင့် နေထိုင်လျက်ရှိသည်။

“အချစ်ပေါ့၊ သေချာတာပေါ့။ ဒါ အချစ်ကြောင့်ပဲ။ ကျုပ် အော်စတင်က ကျုပ်ရဲ့နှလုံးသားကို ခုန်လှုပ်စေမဲ့ အမျိုးသမီး တစ်ယောက်ကို မတွေ့မချင်း တကိုယ်တည်း နေရတာ ကောင်းတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ရပ်တည်ခဲ့တာ။ ကျုပ်ရဲ့နှလုံးခုန်နှုန်းကို မြန်စေတဲ့ ဒီမိန်းကလေးကို မတွေ့မချင်း ဘယ်တော့မှ လက်မထပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒီမိန်းကလေးကြောင့် ကျုပ်ရဲ့နှလုံးသားတွေက ခုန်လာခဲ့ရတယ်။”

အော်စတင်နှင့် သူ့မိန်းကလေးတို့၏ သရုပ်ဆောင်မှုက ခန်းမတစ်ခုလုံးရှိ လက်ခုပ်သံများကိုပင် ရရှိခဲ့၏။ အကြောင်းရင်းက ရှီလွန် ဒုတိယအင်ပါယာ ဧကရီဟယ်လင်၏ ကြင်နာတတ်သည့်မူဝါဒက ကျွန်များကို လွတ်လပ်ခွင့်ပေးရန် နှင့် လူမျိုးနှစ်ခုကြား လက်ထပ်ထိမ်းမြားမှုကို အားပေးရန်ပင်။

ရောက်ရှိနေသည့် တောင်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များ၏သွေးထဲတွင် ဗီတာသွေးများ အနည်းနှင့် အများ ဆိုသလို ပါဝင်နေကြ၏။ အကြောင်းရင်းက သူတို့၏မိသားစုများက ဧကရီဟယ်လင်၏ တောင်ဘက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကာလအတွင်း ပေါ်ထွက်လာခဲ့သောကြောင့်ပင်။ ဤမူဝါဒ ဆက်လက် တည်ရှိနေသရွေ့ သူတို့၏ အဆင့်အတန်းကလည်း ခိုင်မာပေလိမ့်မည်။

အော်စတင် ရော့ဆိုက ဗီတာအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခြင်းဖြင့် ပြင်းထန်သော နိုင်ငံရေး အပြောင်းအလဲ တစ်ခုကို ပြုလုပ်ခဲ့၏။ မင်းသမီးဟယ်လင်က တောင်ဘက်ပိုင်းတစ်ခုလုံး၏ အကျိုးစီးပွားကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်ပြီး တော်ဝင်မျိုးနွယ်သစ်အားလုံး၏ အဆင့်အတန်းကိုလည်း ထိန်းသိမ်းပေးပေလိမ့်မည်။

ပွဲတော်တစ်ခုလုံးတွင် မည်သည့်လုပ်ကြံဖန်တီးမှု သို့မဟုတ် ထီးနန်းရေးရာ ဆွေးနွေးခြင်း မရှိခဲ့ချေ။ သို့သော်ငြား ထိုနေ့မှစ၍ တောင်ဘက်ပိုင်း အင်ပါယာ တစ်ခုလုံးက ကွဲပြားခြင်း မရှိတော့ဘဲ မင်းသမီး ဟယ်လင် ဦးဆောင်သည့် အင်အားကြီးမားသည့် အကျိုးတူ အုပ်စုကြီးတစ်ခု ဖြစ်လာခဲ့ကြောင်း လူတိုင်းက သိရှိနားလည်နေကြ၏။

ဒီဘိုရာကလည်း ဤအကျိုးတူအုပ်စု၏ နံပါတ်တစ် သူရဲကောင်း ဖြစ်လာ၏။ ယခုအချိန်တွင် သူမ၏ လောင်းကစားက အကြီးအကျယ်အောင်မြင်ခဲ့ပြီး ယခင်က ရင်းနှီးမြှုပ်နှံမှုများက ယနေ့ညတွင် ဆယ်ဆမက ပြန်လည် ရရှိခဲ့၏။

“ဒီဘိုရာ... ရှင့်မှာ ကိုယ်ဝန်ရှိနေပြီလို့ ကြားတယ်။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက် ပျက်စီးသွားတာမျိုးတော့ မဖြစ်စေရပါဘူး။”

“ရှင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အခုထိ လူတွေကို အားကျစေနေတုန်းပါပဲ။ အင်း... ကောင်းကင်ဘုံ။ ဒီဝမ်းဗိုက်ထဲမှာ မင်းသားလေးတစ်ပါး ရှိနေတာပေါ့။”

“ဒီဘိုရာ... ကျွန်မလည်း ကိုယ်ဝန်ရှိနေပါတယ်။ ရှင့်ရဲ့ ဝမ်းဗိုက်ကို ထိခွင့်ရမလား။ ဒါမှ ကျွန်မလည်း အနာဂတ် မင်းသားလေးရဲ့ မြင့်မြတ်မှုကို ခံစားရမှာပါ။”

“မြို့စားကတော်ကြီး... ရှင့်ရဲ့စကားတွေက ကျွန်မကို ရှက်စနိုး ဖြစ်စေပါတယ်။”

.......................

ဘုရင်မမြို့တော်၏ မြောက်ဘက် မိုင် ၃၀၀ အကွာမှာတော့ ....

ဤတောင်တန်းက ပင်လယ်ရေမျက်နှာပြင်၏ အထက် မီတာ ၃၀၀၀ ခန့် မြင့်မားသော်လည်း တောင်ထိပ်တွင် နှင်းများ ကျနေ၏။ မှော်ဆန်ပြီး ဆွဲဆောင်မှုရှိသော ဘုရင်မမီဒူဆာက တောင်ပေါ်သို့ ဖြည်းညင်းစွာဖြင့် တက်လာခဲ့၏။ သူမ၏ခြေဖဝါးများက နှင်းများပေါ်တွင် လမ်းလျှောက်နေသော်လည်း ခြေရာတစ်ချက်ပင် ထင်ကျန်ခြင်း မရှိချေ။

ကြီးမားလွန်းသည့် နှင်းပွင့်ကြီးများက တောင်တန်းတစ်ခုလုံးတွင် ဝဲပျံနေ၏။ နှင်းဖုံးတောင်တန်းကြီးက သူမ၏ နောက်ခံ ပန်းချီကားချပ် ဖြစ်လာ၏။ ဤလောကကြီးတစ်ခုလုံးတွင် မြင်တွေ့နိုင်သည့် တစ်ခုတည်းသော အရာက သူမ၏ အလှတရားသာ။ ထိုအလှက လူသားတို့နှင့် မသက်ဆိုင်သကဲ့သို့ပင်။

တောင်ထိပ်ပေါ်သို့ ရောက်သည့်အချိန်မှာတော့ ဘုရင်မမီဒူဆာ၏ ဗလာခြေဖဝါးများက ဖြူလွလွ နှင်းများအတွင်း နစ်ဝင်သွား၏။ သူမ ခြေထောက်ကို ပြန်ထုတ်ချိန်မှာတော့ သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသည့် ခြေထောက်များ ပေါ်တွင် နှင်းဖွေးဖွေးများဖြင့် ပြုလုပ်ထားသည့် ဖိနပ်တစ်စုံ ပါရှိလာခဲ့၏။ သူမက တောင်ထိပ်သို့ ရောက်ရှိ လာခဲ့သည်။

သူမ တောင်ထိပ်သို့ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် လူတစ်ဦး ရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နှင်းများဖြင့် ဖုံးလွှမ်းလျက်ရှိနေကာဖြင့် နှင်းလူသား တစ်ဦးကဲ့သို့ပင်။

ဆော်ရွှန်... ဤတိုက်ကြီး၏ အစွန်အဖျား မြောက်ဘက်ပိုင်းဆီမှ ပြန်လည်ရောက်ရှိလာသည့် ကြီးမြတ်သည့် မင်းသား၊ သူက လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်အတွင်း ရှီလွန်ဧကရာဇ်ပြီးလျှင် ဒုတိယမြောက် အကြီးကျယ်ဆုံးသော ပုဂ္ဂိုလ်ဖြစ် လူသိများ၏။

“ရောက်လာပြီလား။”

“ရောက်လာပြီ။”

“ဒါဆိုရင် စကြမလား။”

“စကြရအောင်။”

ဘုရင်မမီဒူဆာက သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသည့် လက်များကို အသာဖြန့်ကာဖြင့် နှင်းပွင့်များကို ဖမ်းယူ၏။ ထိုအရာများကို ဓားတစ်စင်းအဖြစ် အသွင်ပြောင်းကာ ခုတ်ပိုင်းလိုက်၏။ ထိုခဏမှာတော့ မုန်တိုင်းတစ်ခုက တိုက်ခတ်လာ၏။ ကောင်းကင်ယံပေါ်ရှိ နှင်းများက အဖြူရောင်မှ အပြာရောင်ဖြစ်သို့ ပြောင်းလဲသွားသည်။

ခဏအတွင်းမှာပဲ တောင်ထိပ်တစ်ခုလုံးရှိ ဖြူလွလွနှင်းများက တစ်လွှာပြီးတစ်လွှာ ခုတ်ဖြတ်ခြင်းကို ခံရ၏။ ခဏအကြာမှာတော့ တောင်ထိပ်တစ်ခုလုံးက ဗလာကျင်းသွား၏။ ထူထဲသည့်နှင်းများက မြေပြင်မှ ကောင်းကင်ယံသို့ လွင့်ပျံသွား၏။

ကောင်းကင်ယံတစ်ခုလုံးက လေထုအလွှာများ တစ်လွှာပြီးတစ်လွှာ အေးခဲသွားသကဲ့သို့ပင်။ နောက်ဆုံး တောင်ထိပ် တစ်ခုလုံးရှိ ရေခဲနှင့် နှင်းများအားလုံးက ပြိုကျသွား၏။ မရေတွက်နိုင်သည့် နှင်းများက ထိတ်လန့်ဖွယ်ရာ ဒီရေလှိုင်းများကဲ့သို့ အောက်သို့ လိမ့်ဆင်းလာခဲ့၏။ ကောင်းကင်နှင့် မြေပြင်က တုန်ခါ သွားသည်။ ကောင်းကင်ယံ၏ အရောင်ကပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဆော်ရွှန်နှင့် ဘုရင်မမီဒူဆာတို့၏ နောက်ဆုံးတိုက်ပွဲက ပြီးဆုံးသွားသည်။

လောကပျက်မတတ် ပြင်းထန်သည့် နှင်းလွှာကြီးထဲမှာ ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာ၏။ သူမ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။ သူမက ရေခဲလူသားတစ်ဦးကဲ့သို့ပင်။ သူမ၏ ခန္ဓာကိုယ်က ရေခဲ၊ နှင်းဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ မြင်တွေ့နိုင်သည့် တစ်ခုတည်းသောအရာက သူမ၏ မှော်ဆန်သည့် ကိုယ်လုံးသာ ဖြစ်၏။

တောင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာစဉ်မှာပဲ သူမ၏မျက်နှာက ဆက်တိုက် ပြောင်းလဲနေသကဲ့သို့ သူမ၏ ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက်ကလည်း ဆက်တိုက်ပြောင်းလဲနေ၏။ သူမ လမ်းလျှောက်သွားရာ နေရာတိုင်းတွင် လေဆင်နှာမောင်းလေးတစ်ခုကဲ့သို့ လည်ပတ်လျက်ရှိနေပြီး သူမ၏ကိုယ်ပေါ်ရှိ နှင်းများနှင့် သူမ၏ ကိုယ်ပေါ်မှာ တစ်စုံတစ်ရာကိုပါ စုပ်ယူသွား၏။

“ရှမ့်လန်... ကျွန်မ သူ့ကို ရှင့်ဆီ ပြန်ပေးလိုက်ပြီ။ ဘာအစအနမှမကျန် ပြည့်ပြည့်စုံစုံနဲ့ ရှင့်ဆီ ပြန်ပေးလိုက်ပြီ။”

………………………

ပီကျင်းမြို့ရှိ ရော့ဆိုစံအိမ်

ညစာစားပွဲက ကျင်းပနေဆဲပင်။ အဓိက ဇာတ်လိုက်ကျော်ဖြစ်သည့် မင်းသမီးဟယ်လင်က စကားပြောခဲ၏။ အချိန်တော်တော်များများကို နားထောင်ခြင်းနှင့် လူများနှင့် ရင်းနှီးအောင် ပြုလုပ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံး စေ၏။

သို့သော်ငြား သူမက လာရောက်နှုတ်ဆက်သူများ၏ အမည်နာမသာမက နောက်ဆုံးတွေ့ဆုံခဲ့သည့် အချိန်ကိုပါ တိတိကျကျ ပြောဆိုနိုင်သည်။

ဤအချက်က လူတိုင်းကို အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်စေခဲ့သည်။ ထိုသို့သောတွေ့ဆုံမှုများက လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကာလက ဖြစ်ပွားခဲ့သောကြောင့်ပင်။ ရံဖန်ရံခါဆိုသလို မွေးနေ့နီးကပ်နေသည့် မှူးမတ် အချို့က မင်းသမီးဟယ်လင် ဆီမှ မွေးနေ့ဆုတောင်း စကားကိုပါ ရရှိခဲ့သောကြောင့် ပိုမို၍ စိတ်လှုပ်ရှားခဲ့ကြ၏။

“ယောကျ်ား.... ခဏလောက် လာပါအုံး။”

ဒီဘိုရာက ရှမ့်လန်၏ ဘေးဆီသို့ လျှောက်လာပြီး တီးတိုး ပြောဆို၏။ ပြီးနောက် သူမက ရှမ့်လန်ကို လျှို့ဝှက်စာကြည့်တိုက်တစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ “ရှင့်ကို တွေ့ချင်နေတဲ့ လျှို့ဝှက်ဧည့်သည် တစ်ယောက်ရှိတယ်။”

ရှမ့်လန်က မေးလိုက်၏။ “မီးနတ်ဘုရားဂိုဏ်းက နတ်ဆရာမကြီး မဟုတ်လား။”

ဒီဘိုရာက ဖြေသည်။ “ကျွန်မရဲ့ ယောကျ်ားကတော့ အမြဲတမ်း ဉာဏ်ကောင်းနေတာပဲ။” ပြီးနောက် သူမက ရှမ့်လန်ကို နမ်းလိုက်၏။ ဧည့်သည်နှင့် ချက်ချင်းတွေ့ဆုံခွင့် မပြုသေးဘဲ မေးခွန်းတစ်ခုကို မေးမြန်းသည်။ “ယောကျ်ား... ကျွန်မ ဘာလို့ မီးနတ်ဘုရားဂိုဏ်းကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ သိလား။”

ရှမ့်လန်က ပြန်မေး၏။ “ဘာလို့လဲ။ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က မီးတောက်လို ပူလောင်လွန်းလို့လား။”

“ဒါကတော့ အကြောင်းပြချက် တစ်ခုပေါ့။ ဒီကိစ္စကို ရှင် အသိဆုံးပါ။”

ဒီဘိုရာက ပြောသည်။ “ဒါပေမဲ့ အဓိကအချက်ကတော့ မီးနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းထက်တဲ့ လျှို့ဝှက်စွမ်းအားတွေ ကို ကျွန်မကိုယ်တိုင် မြင်ဖူးလို့ပဲ။”

“ယမ်းမှုန့်လား။ ငရဲမီးပိုးကောင်တွေလား။” ရှမ့်လန်က ပြန်မေး၏။

“ဒါတင်မကသေးဘူး။”

ဒီဘိုရာက ဆက်ပြောသည်။ “တခြားအရာတွေလည်း ရှိနေသေးတယ်။ ဥပမာအားဖြင့် ကျွန်မရဲ့သားက မင်းသားတစ်ပါး ဖြစ်လာလိမ့်မယ်လို့ သူတို့ ပြောခဲ့တယ်။ ဒါက တကယ်ကို လက်တွေ့ကျလွန်းခဲ့တယ်။”

ရှမ့်လန်က စကားထောက်ပေး၏။ “ဟုတ်လား။ ဒါလောက်တင် မကဘူးထင်တယ်။”

ဒီဘိုရာက နိုင်ငံရေးသတ္တဝါ တစ်ဦးဖြစ်သောကြောင့် အကြွင်းမဲ့ ယုံကြည်ချက်မရှိဘဲနှင့် မီးနတ်ဘုရားဂိုဏ်းနှင့် အပြည့်အဝ ပူးပေါင်းရန် သို့မဟုတ် ဘာသာကူးပြောင်းရန် ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမ၏သား မင်းသားဖြစ်လာနိုင်မည်ဟူသည့် ဟောကိန်းက သူမအပေါ် အနည်းငယ်မျှသာ သက်ရောက်မှု ရှိပေလိမ့်မည်။

All Chapters