← Chapters

အခန်း (၁၇၆၄-၁၇၆၆)

Vol. 94 Ch. 1764-1766

အခန်း (၁၇၆၄-၁၇၆၆)

Vol. 94 Ch. 1764-1766

အခန်း (၁၇၆၄) - တိရစ္ဆာန်ထက် ဆိုးတဲ့ကောင်

~ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက်... ဒီဗွန်ရှိုင်းယား ဟွတ်ခ် သည် အိတ်ကပ်ထဲမှ လက်ကိုင်ပဝါ တစ်ထည်ကို အလျင်စလို ဆွဲထုတ်လိုက်ပြီး... ရွံရှာသော မျက်နှာထားဖြင့် လက်ပေါ်ရှိ သွေးစွန်းကွက်များကို သုတ်ပစ်လိုက်လေ၏။

ထို့နောက် ကားပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ လွှင့်ပစ်လိုက်သည်။

သွေးစွန်းသွားသော သူ့ဘောင်းဘီကို သူ ဆက်မကြည့်တော့။ ထို့အတူ... သူ ပုံမှန် အမြတ်တနိုး သိမ်းဆည်းထားလေ့ ရှိသော ဘောင်းဘီ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ငယ်လေး ပျောက်ဆုံးသွားသည်ကိုလည်း သူ လုံးဝ သတိမထားမိလိုက်ချေ။

...

တစ်ဖက်တွင်...

အလှပြုပြင်ရေး အုပ်စု၏ ကားပါကင်၌... ဖာနန်ဒိုသည် ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ အော်ဟစ် ညည်းညူနေရှာလေ၏။ သွေးအန်ပြီးနောက်... ဦးရေပြား တစ်ခုလုံး စုတ်ပြတ်ထွက်သွားသကဲ့သို့သော နာကျင်မှု ဒဏ်မှ အနည်းငယ် သက်သာလာသောအခါ... သူ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ် နှင့် သူ့ကား ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ... သူ့မျက်လုံးများ သွေးရောင် လွှမ်းသွားတော့၏။

"မင်းက တိရစ္ဆာန်ပဲ ဒီဗွန်ရှိုင်းယား ဟွတ်ခ်... တိရစ္ဆာန်ကောင်... မဟုတ်ဘူး... မင်းက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"

"မင်းအတွက် ငါက ကုမ္ပဏီ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အကြီးအကျယ် စီစဉ်ပေးခဲ့တာလေ... ကုသိုလ် မရရင်တောင်မှ ငါ့ရဲ့ ပင်ပန်းမှုတွေ ရှိသေးတယ်... အဲ့ဒါကို မင်းက ငါ့ကို ဒီလို ဆက်ဆံရက်တယ်ပေါ့"

"ငါ မင်းကို မုန်းတယ်... တကယ် မုန်းတယ်... ငါ့အလှည့် ပြန်ရောက်မလာပါစေနဲ့လို့သာ ဆုတောင်းထားလိုက်တော့... မဟုတ်ရင် ငါ သရဲဘဝ ရောက်သွားရင်တောင် မင်းကို အလွတ်မပေးဘူး"

"..."

ဖာနန်ဒို၏ အသံမှာ အက်ကွဲလုနီးပါး ဖြစ်နေ၏။

သို့သော်လည်း... ဘယ်သူမှ ဂရုမစိုက်သလို၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ် လည်း ကြားတော့မည် မဟုတ်ပေ။

ခဏတာမျှ ဒေါသတကြီး အော်ဟစ် သောင်းကျန်းပြီးနောက်... သူ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်ချလိုက်လေ၏။

"အရင်တုန်းက ငါ့ကို အသုံးလိုတုန်းကကျတော့... မိုးထိအောင် မြှောက်စားထားပြီးတော့"

"အခု အသုံးမလိုတော့ဘူး ဆိုတာနဲ့... ဘောလုံးတစ်လုံးလို ကန်ထုတ်ပစ်လိုက်တာလား"

"ဘာ... သူကောင်းမျိုးနွယ် ဟုတ်လား... ဘာ... ဖော့ခ်စီးတီးရဲ့ သခင်လေး သုံးယောက် ဟုတ်လား... ဖော့ခ်စီးတီးရဲ့ ထိပ်တန်း ပါရမီရှင် ဟုတ်လား... မင်းက မွေးလာတုန်းက ကံကောင်းခဲ့တဲ့ လူတန်းစားခွဲခြားတတ်တဲ့ ကောင်စုတ်လေး တစ်ကောင်ပဲ"

ထိုင်ချလိုက်စဉ်... ဖာနန်ဒိုသည် သူ့ရင်ခွင်ထဲတွင် ဖွက်ထားမိသော ပစ္စည်းတစ်ခုကို အမှတ်တမဲ့ စမ်းမိလိုက်လေ၏။ စောစောက ဒီဗွန်ရှိုင်းယား ဟွတ်ခ် ၏ အိတ်ကပ်ထဲမှ သူ မတော်တဆ ဆွဲထုတ်မိလိုက်သော ပစ္စည်းပင်။

"ဘဝဇာတ်ညွှန်း ဒီဇိုင်း "

သူ ထိုပစ္စည်းကို ထုတ်ကြည့်လိုက်သောအခါ... မှတ်စုစာအုပ် တစ်အုပ်သာ ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ စာအုပ် မျက်နှာဖုံးပေါ်တွင် ထူးဆန်းသော ခေါင်းစဉ်တစ်ခု ရေးသားထားသည်။

လှန်ကြည့်လိုက်သောအခါ... လူပုဂ္ဂိုလ် အချို့၏ အချက်အလက်များ၊ နားမလည်နိုင်သော အရာများ၊ ပြီးတော့ ထိုလူများအပေါ် အခြေခံပြီး လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းပုံပြင်များ ရေးသားထားသည်ကို တွေ့လိုက်ရ၏။

"ဒါ ဘာသောက်ကျိုးနည်းတွေလဲ"

ဖာနန်ဒို ချက်ချင်း စိတ်ပျက်သွားပြီး အဝေးသို့ လွှင့်ပစ်လိုက်တော့သည်။

"ဒီဗွန်ရှိုင်းယား ဟွတ်ခ် ရဲ့ အိတ်ကပ်ထဲက ပါလာတာ ဆိုတော့... တန်ဖိုးရှိတာ တစ်ခုခုများလားလို့"

"ကြည့်လိုက်တော့... ပေါက်ကရတွေ လျှောက်ရေးထားတဲ့ စာအုပ်စုတ် ဖြစ်နေတာကိုး"

မှတ်စုစာအုပ်ကို လွှင့်ပစ်ပြီးနောက်... သူ ထိုအရာကို အလေးအနက် မထားတော့ပေ။

ဒီဗွန်ရှိုင်းယား ဟွတ်ခ် ကို ထပ်မံ ကျိန်ဆဲလိုက်သေး၏။

ထို့နောက် ယိုင်နဲ့နဲ့ဖြင့် သူ့ကားဆီသို့ ပြန်လျှောက်သွားလေသည်။ စုတ်ပြတ်နေသော ဦးရေပြားနှင့် ပန်းထွက်နေသော သွေးများကို အုပ်ကိုင်လျက်... ဆေးရုံသို့ အပြေးအလွှား မောင်းနှင်သွားလေတော့သည်။

...

တစ်ချိန်တည်းမှာပင်...

အလှပြုပြင်ရေး အုပ်စု၏ ခမ်းနားထည်ဝါသော ရုံးခန်းအတွင်း၌... ယဲ့ဖန်သည် လှပသော မန်နေဂျာမလေး လာချပေးထားသည့် ကော်ဖီပူပူ၊ သစ်သီးပန်းကန်နှင့် မုန့်များကို အရသာခံ သုံးဆောင်နေလေ၏။

ဥက္ကဋ္ဌ ရှယ်လီ၊ ဒုတိယ ဥက္ကဋ္ဌ လုခ် နှင့် ဒါရိုက်တာ အိုက်ရှီ တို့၏ ရှင်းပြချက်များကို နားထောင်ရင်း... လက်ထဲမှ လွှဲပြောင်းရေး စာရွက်စာတမ်းများကို ဖြည်းညှင်းစွာ ဖတ်ရှုလိုက်သည်။

စာရွက်စာတမ်းများကို တစ်ချက် ဝေ့ကြည့်ပြီးနောက်... သူ လက်မှတ်ထိုးလိုက်ပြီး လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်လေ၏။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး ဥက္ကဋ္ဌ ရှယ်လီ ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ခုနက ခင်ဗျား ပြောတယ်နော်... ကျွန်တော်တို့ မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေး အုပ်စုက နှစ်တိုင်း သုတေသန ဌာန တချို့ကို ငွေကြေး ထောက်ပံ့ပေးနေတယ် ဆို... နေမဝင်အင်ပါယာရဲ့ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာန တချို့ လား"

"ဟုတ်ပါတယ် သူဌေး"

ဥက္ကဋ္ဌ ရှယ်လီ ချက်ချင်း ကိုယ်ကိုကိုင်းပြီး လေးလေးနက်နက် ရှင်းပြလေ၏။

"ဒီ သက်ရှိသိပ္ပံ သုတေသန ဌာနတွေက နည်းပညာ သုတေသနပိုင်းမှာ အရမ်း တော်ကြပေမယ့်... သူတို့ရဲ့ သုတေသန လုပ်ငန်းတွေနဲ့ အဖွဲ့အစည်း လည်ပတ်ဖို့အတွက် ရန်ပုံငွေ အများကြီး လိုအပ်ပါတယ်... ဒါကြောင့် ကျွန်မတို့လို သူတို့ရဲ့ နည်းပညာတွေကို လက်တွေ့ အကောင်အထည် ဖော်ပေးနိုင်တဲ့ ကုမ္ပဏီတွေက သူတို့မျက်လုံးထဲမှာ ရေပန်းစားတဲ့ မိတ်ဖက်တွေ ဖြစ်လာကြတာပါ"

"အရင်တုန်းကတော့... သူတို့က ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေးမှာ အသုံးချလို့ရမယ့် သက်ရှိသိပ္ပံ နည်းပညာ တချို့ကို ခွင့်ပြုပေးပြီး လိုင်စင်ကြေး ယူတတ်ကြပါတယ်... နောက်ပိုင်းကျတော့ ပူးပေါင်းဆောင်ရွက်မှုတွေ များလာတဲ့အခါ... သက်ရှိသိပ္ပံ သုတေသန ဌာန တချို့က ကျွန်မတို့ရဲ့ လိုအပ်ချက်တွေကို ဦးတည်ပြီး သုတေသနတွေ စလုပ်လာကြပါတယ်"

"ပုံမှန်အားဖြင့်တော့... ဒီ သက်ရှိသိပ္ပံ သုတေသန ဌာနတွေက ၂ နှစ် တစ်ကြိမ်လောက် ကျွန်မတို့ဆီ ဖိတ်စာ ပို့လာတတ်ပါတယ်... သူတို့ရဲ့ ဓာတ်ခွဲခန်းကို လာလည်ဖို့၊ နောက်ဆုံးပေါ် နည်းပညာတွေကို လာကြည့်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ၊ ဒါမှမဟုတ် စပွန်ဆာပေးဖို့ ကိစ္စတွေ ဆွေးနွေးဖို့ပေါ့..."

ယဲ့ဖန် ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူမ ရှင်းပြပြီးသည်နှင့် ဆက်မေးလိုက်သည်။

"ကျွန်တော်တို့ အုပ်စုက နောက်ဆုံးအကြိမ် မိတ်ဖက် ရွေးချယ်ခဲ့တာ ဘယ်တုန်းကလဲ"

"လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပါ"

ရှယ်လီကလည်း ဉာဏ်ကောင်းသူ ပီပီ... ယဲ့ဖန်၏ မေးခွန်းကို ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားလေ၏။

"သူဌေး... ဒီကိစ္စကို စိတ်ဝင်စားလို့လား"

"တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ကျွန်မတို့ အုပ်စုရဲ့ ၂ နှစ် စာချုပ်က သက်တမ်းကုန်တော့မယ်လေ... နေမဝင်အင်ပါယာရဲ့ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာန တချို့ကလည်း လာလည်ဖို့ ဖိတ်စာတွေ ပို့ထားကြပါတယ်"

"တကယ်လို့ သူဌေး စိတ်ဝင်စားတယ် ဆိုရင်... ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး သွားလေ့လာကြည့်လို့ ရပါတယ်"

သူ ဒီအခွင့်အရေးကို စောင့်နေတာ ကြာပြီလေ။

ယဲ့ဖန်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့၏။

"ဘယ် သုတေသန ဌာနတွေက ဖိတ်စာ ပို့ထားတာလဲ... သူတို့ ဘယ်အချိန် ဖွင့်ပြမလဲ”

အခန်း (၁၇၆၅) - ဒီဗွန်ရှိုင်းယား ဟွတ်ခ် ရဲ့ လျှို့ဝှက်ချက်

~ဥက္ကဋ္ဌ ရှယ်လီသည် စာရွက်စာတမ်း အစုအဝေး တစ်ခုပေါ်တွင် နာမည်အချို့ကို ဝိုင်းပြပြီး ယဲ့ဖန်ထံ ကမ်းပေးလိုက်လေ၏။

"လေးဖို့ဒ် သက်ရှိသိပ္ပံ သုတေသန ဌာန (Layford Life Science Research Institute)၊ အသိဉာဏ်အလင်း သက်ရှိသိပ္ပံ သုတေသန ဌာန (Enlightenment Life Science Research Institute)၊ ဖော့ခ်စီးတီး အလင်းရောင် သက်ရှိသိပ္ပံ သုတေသန ဌာန (Light of Fog City Life Science Research Institute)..."

"ဖော့ခ်စီးတီးမှာ ရှိတဲ့ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာန အားလုံးနီးပါးက ကျွန်မတို့ကို လာလည်ဖို့ ဖိတ်ခေါ်ထားပါတယ်"

"ဒါပေမဲ့... လေးဖို့ဒ်၊ အောက်စ်ဖို့ဒ်၊ ကိန်းဘရစ်ချ် နဲ့ နေမဝင်အင်ပါယာ တော်ဝင် သက်ရှိသိပ္ပံ သုတေသန ဌာနတွေလို ထိပ်တန်း အဆင့်တွေကျတော့... ကျွန်မတို့ သွားလည်ခွင့် ရနိုင်ပေမယ့်... ပူးပေါင်းဆောင်ရွက်ခွင့်၊ ဒါမှမဟုတ် စပွန်ဆာပေးခွင့်တော့ မရှိပါဘူး"

ပြောရင်းဆိုရင်း သူမ ပခုံးတွန့်ပြလိုက်လေ၏။

"အကြောင်းရင်းကိုတော့ သူဌေး နားလည်မယ် ထင်ပါတယ်"

"အဲ့ဒီ သုတေသန ဌာန တော်တော်များများက... သူကောင်းမျိုးနွယ်တွေ၊ တော်ဝင် မိသားစုတွေ၊ ဒါမှမဟုတ် ကမ္ဘာ့ ထိပ်တန်း ငွေကြေး အုပ်စုကြီးတွေနဲ့ အင်အားကြီး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကို ရထားကြတာလေ"

"ကျွန်မတို့က သူတို့နဲ့ ကစားဖို့ အရည်အချင်း မမီသေးပါဘူး... သွားလည်ခွင့် ရရင်တောင်မှ... သူတို့ရဲ့ နည်းပညာ တချို့ကိုပဲ မြင်ခွင့်ရမှာပါ"

ယဲ့ဖန် ဒါတွေကို ဂရုမစိုက်ပေ။

သူ့ထံတွင် 'နက်ရှိုင်းသော ရတနာ ရှာဖွေရေး လမ်းညွှန်စနစ်' ရှိနေသည် မဟုတ်ပါလော။ ထိုကဲ့သို့သော နေရာများသို့ ဝင်ရောက်နိုင်မည့် ဝင်ခွင့်လက်မှတ် တစ်စောင် ရရှိရုံမျှဖြင့်တင်... အလွန်တရာ အသုံးဝင်လှသော သတင်းအချက်အလက် အမြောက်အမြားကို ရရှိနိုင်ရန်မှာ သေချာသလောက် ရှိနေပေတော့သည်။

မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေး အုပ်စုက ဒီလို ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာနတွေကို သွားလည်ခွင့် ရှိသည် ဆိုတာ သိလိုက်ရသည့် အခါ... သူ ချက်ချင်း ဆက်မေးလိုက်လေ၏။

"ဖိတ်ကြားတဲ့ အချိန်က ဘယ်တော့လဲ"

"အတိအကျတော့ မထွက်သေးပါဘူး"

ဥက္ကဋ္ဌ ရှယ်လီ ပြန်ဖြေလိုက်လေ၏။

"ဒါပေမဲ့ ကျွန်မတို့ သိထားရသလောက် ဆိုရင်... ဖိတ်စာက တစ်ပတ်အတွင်း ရောက်လာပါလိမ့်မယ်"

"သွားလည်ရမယ့် အချိန်ကတော့... ဒီလဝက် အတွင်း ဖြစ်ဖို့ များပါတယ်"

"ကောင်းပြီ"

ယဲ့ဖန် သူလိုချင်သော သတင်းအချက်အလက်ကို ရရှိလိုက်ပြီ ဖြစ်သဖြင့် ခေါင်းညိတ်လိုက်လေ၏။

"အလှပြုပြင်ရေး အုပ်စုက ဖော့ခ်စီးတီးရဲ့ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာန တချို့ဆီကနေ ဖိတ်စာ ရတာနဲ့... ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားဖို့ မမေ့နဲ့နော်"

"ကျွန်တော် အဲ့ဒီနေရာတွေကို သွားကြည့်ချင်တယ်... သူတို့ရဲ့ သက်ရှိသိပ္ပံ နည်းပညာတွေက ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာ သိချင်လို့"

"ဟုတ်ကဲ့ပါ သူဌေး"

ဥက္ကဋ္ဌ ရှယ်လီ အမြန် မှတ်သားလိုက်လေ၏။

ယဲ့ဖန်သည် သက်ရှိသိပ္ပံ သုတေသန ဌာနများနှင့် ပတ်သက်သော အခြား မေးခွန်းများကိုလည်း ဆက်လက် မေးမြန်းလိုက်လေသည်။

သူ မေးချင်တာတွေ အကုန်မေးပြီး... ဒီခရီးစဉ်ရဲ့ အဓိက တာဝန် ပြီးဆုံးသွားသောအခါ... ဥက္ကဋ္ဌ ရှယ်လီနှင့် အဖွဲ့သားများ၏ ဧည့်ခံကျွေးမွေးမှုကို ငြင်းပယ်လိုက်ပြီး အရင် ပြန်ထွက်လာခဲ့လေ၏။

အလှပြုပြင်ရေး အုပ်စုမှ ထွက်ခွာပြီး ကားပါကင်သို့ ဦးတည်သွားစဉ်... ယဲ့ဖန်သည် အစ္စဘယ်လာကို ဖုန်းဆက်ပြီး သူမ ကတိပေးထားသော 'နေမဝင်အင်ပါယာရှိ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာနများဆိုင်ရာ အချက်အလက်များ' မည်သည့် အခြေအနေ ရောက်နေပြီလဲ ဟု မေးမြန်းရန် စဉ်းစားလိုက်လေသည်။ သို့သော် ကားပါကင်ထဲသို့ ဝင်လိုက်သည်နှင့်... သွေးညှီနံ့ သဲ့သဲ့ကို ရုတ်တရက် ရလိုက်လေ၏။

"ဘာဖြစ်တာလဲ"

သူ၏ ခွန်အားများ တိုးတက်လာပြီးသည့်နောက်တွင်... ယဲ့ဖန်၏ အာရုံငါးပါးမှာလည်း အမြင့်ဆုံး အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ရုတ်တရက် သွေးညှီနံ့တစ်ခုကို ရလိုက်သည့်အခါတွင်မူ... သူ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ သတိအနေအထားကို အပြည့်အဝ ယူလိုက်ခြင်းပင် ဖြစ်၏။

သို့သော် ဂရုတစိုက် အာရုံခံကြည့်ပြီး... ကားပါကင်ထဲတွင် မည်သူမျှ မရှိကြောင်း၊ ချောင်းမြောင်းနေသူ မရှိကြောင်း သေချာသွားမှသာ... ယဲ့ဖန် အနည်းငယ် စိတ်လျှော့လိုက်လေ၏။

ယဲ့ဖန်သည် ဆက်လက် သတိထားရင်း... သွေးညှီနံ့ လာရာ လမ်းကြောင်းဆီသို့ ဖြည်းညှင်းစွာ တိုးကပ်သွားလိုက်လေသည်။

နောက်ဆုံးတွင် သွေးညှီနံ့၏ မူလအစကို ရောက်ရှိသွားသောအခါ... ယဲ့ဖန် အံ့သြသွားလေ၏။

အကြောင်းမှာ... လမ်းတစ်လျှောက်တွင် သွေးကွက်အချို့နှင့် သွေးစက်များကို တွေ့လိုက်ရသောကြောင့်ပင်။

ထင်ရှားသည့် အရာကတော့... ဆံပင်တစ်ထွေးနှင့် တွဲလျက် ပါနေသည့် သွေးစွန်း‌နေသော ဦးရေပြား တစ်စပင်။

မြင်ကွင်းနှင့် သွေးခြေရာများက ရှင်းလင်းနေလေ၏။

ဒီနေရာတွင် တစ်စုံတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်မှာ အသေအချာပင် ဖြစ်လေသည်။

အချို့သော နေရာများတွင်ဆိုလျှင် ဦးရေပြားတစ်ခုလုံးပင် စုတ်ပြတ်ကာ ပါသွားခဲ့သည်အထိ အခြေအနေမှာ ဆိုးဝါးလှ၏။

ဒဏ်ရာ ရရှိထားသူသည် ကားပေါ်သို့ အလုအယက် တက်ရောက်ကာ မောင်းနှင်ထွက်ခွာသွားပုံ ရလေသည်။

"ဒီနေရာမှာ ရန်ဖြစ်ခဲ့ကြတာလား"

ယဲ့ဖန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိလေ၏။

မြင်ကွင်းကို တစ်ချက် ဝေ့ကြည့်ပြီး အကြမ်းဖျင်း သုံးသပ်ပြီးနောက်... သူ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် အကြည့်ပြန်ရုပ်သိမ်းလိုက်ချိန်၌... ဘေးတစ်ဖက်တွင် လွှင့်ပစ်ခံထားရသော အတော်လေး သေသပ်လှပသည့် မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို တွေ့လိုက်ရလေ၏။

"ဒါ ဘာကြီးလဲ"

သူ ချက်ချင်း လျှောက်သွားပြီး ကောက်ယူလိုက်ကာ... ဖွင့်ကြည့်ရန် ပြင်လိုက်လေသည်။

သို့သော် အံ့သြစရာ ကောင်းသည်မှာ... စာအုပ်ကို ကောက်ယူလိုက်ပြီး မျက်နှာဖုံးစာမျက်နှာပေါ်မှ "ဘဝဇာတ်ညွှန်း စီမံကိန်း" ဟူသော စာလုံးများကို မြင်လိုက်ရသည့် အချိန်၌...

စနစ်၏ အသိပေးသံ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။

"ဂုဏ်ယူပါတယ်... သင်ဟာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်ရဲ့ ဘဝဇာတ်ညွှန်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်... အချိန်ကန့်သတ် မစ်ရှင်တစ်ခုကို စတင်လိုက်ပါပြီ"

[မစ်ရှင် အသေးစိတ် - ဒီဗွန်ရှိုင်းယား ဟွတ်ခ်ရဲ့ နောက်ထပ် ဘဝဇာတ်ညွှန်း (၃) ခုကို တားဆီးပေးရမှာ ဖြစ်ပါတယ်]

[ဆုလာဘ် - လျှို့ဝှက်ဆန်းကြယ်တဲ့ အံ့အားသင့်ဖွယ်ရာ တစ်ခုကို ရရှိမှာပါ]

[မစ်ရှင်ကို လက်ခံမလား၊ မခံဘူးလားဆိုတာ ရွေးချယ်ဖို့ (၃) နာရီ အချိန်ရပါမယ် (မှတ်ချက် - ဒီမစ်ရှင်ဟာ မတော်တဆ စတင်မိတာ ဖြစ်တဲ့အတွက်... လက်ခံတာနဲ့ မခံတာဟာ ပိုင်ရှင်ရဲ့ သဘောဆန္ဒသာ ဖြစ်ပါတယ်... လက်မခံရင်လည်း ဘာဆိုးကျိုးမှ ရှိမှာ မဟုတ်ပါဘူး)]

[ပိုင်ရှင်... ဒီအချိန်ကန့်သတ် မစ်ရှင်ကို လက်ခံမှာလား...]

အခန်း (၁၇၆၆) - သူ့ကို ကောင်းကောင်းကြီး ပညာပေးရမည်!

~"အချိန်ကန့်သတ် မစ်ရှင်... ဟုတ်လား"

ယဲ့ဖန် တစ်ယောက် အနည်းငယ် အံ့အားသင့်သွားရသည်။ စနစ်က ဤကဲ့သို့သော မစ်ရှင်မျိုး ထုတ်ပေးသည်ကို သူ ကြားဖူးခြင်းမှာ ဒါပထမဦးဆုံးအကြိမ် ဖြစ်လေသည်။

သူသည် စိတ်ဝင်စားစွာဖြင့် စနစ်ထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်ရာ စာတန်းသေးသေးလေး တစ်ကြောင်းကို တွေ့လိုက်ရ၏။

"အချို့သော အထူးအချိန်အခါမျိုးတွေမှာ မတော်တဆ ပွင့်လာတတ်တဲ့ မစ်ရှင်မျိုးပါ... ဆုကြေးကတော့ ပုံမှန်ထက် အဆပေါင်းများစွာ များပြားပေမယ့်... အဲ့ဒီမစ်ရှင်ကို လက်ခံမလား၊ ငြင်းပယ်မလား ဆိုတာကိုတော့ ပိုင်ရှင်ကိုယ်တိုင်ပဲ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"

ထိုရှင်းလင်းချက်စာသား၏ အောက်ဘက်တွင်မူ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ 'ဘဝဇာတ်ညွှန်း စီမံကိန်း' နှင့် ပတ်သက်သော သဲလွန်စတစ်ခုကို ဖော်ပြထားလေသည်။

"ဤ 'ဘဝဇာတ်ညွှန်း စီမံကိန်း' ဆိုသည်မှာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်က သူ၏ သားကောင်များကို စိတ်ကြိုက် ခြယ်လှယ်ကစားရန်အတွက် အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။ ဤသူသည် စိတ်ဖောက်ပြန်နေသော လူသတ်သမား (Psychopath) တစ်ဦး ဖြစ်ပြီး... သူတစ်ပါး၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း ကစားရသည်ကို အထူးပင် နှစ်သက်ခုံမင်သူ ဖြစ်လေသည်..."

စနစ်၏ ရှင်းလင်းချက်များကြောင့် ယဲ့ဖန်၏ မျက်မှောင်များမှာ အလိုအလျောက်ပင် တွန့်ချိုးသွားရတော့၏။

'ဟား... တော်တော်လေး ဖောက်ပြန်နေတဲ့ကောင်ပဲ။ ဒါဆိုရင်တော့ ငါ ကြည့်မှဖြစ်တော့မယ်'

ယဲ့ဖန်သည် ကလေးဆန်သော ခေါင်းစဉ်တပ်ထားသည့် ဤ 'ဘဝဇာတ်ညွှန်း စီမံကိန်း' ဆိုသည်ကို သိပ်ပြီး စိတ်မဝင်စားလှသော်လည်း၊ စနစ်၏ အသိပေးချက်ကို မြင်လိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် ဖွင့်ဖတ်ကြည့်လိုက်မိတော့သည်။

သို့သော်...၊

စာမျက်နှာအနည်းငယ်ကို လှန်လှောဖတ်ရှုလိုက်ပြီးနောက်၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ် ပစ်မှတ်ထားနေသည့် သားကောင် သုံးဦးနှင့် သူ ရေးဆွဲထားသော ဇာတ်ညွှန်းများကို မြင်လိုက်ရသည့် အခိုက်အတန့်၌...

ယဲ့ဖန်၏ မျက်နှာထားသည် ချက်ချင်းပင် မည်းမှောင်သွားတော့၏။

'ဒီကောင်က... ငါ့ရည်းစားကိုတောင် မျက်စိကျနေပါလား'

သူ့ရင်ထဲ၌ ဒေါသတရားတို့က အုံကြွလာချေ၏။

'စနစ်က မစ်ရှင်မပေးရင်တောင်မှ၊ ဒီဇာတ်ညွှန်းတွေကို ငါ တားဆီးရမယ်'

ယဲ့ဖန်၏ မျက်ဝန်းများတွင် ရက်စက်သော အရောင်အဝါတို့ ဖြတ်ပြေးသွားသည်။

'ဒါတင်မကသေးဘူး... သူ့ကို ကောင်းကောင်းကြီး ပညာပေးမှ ရတော့မယ်'

ထိုသို့ တွေးလိုက်ပြီးသည်နှင့် တဆက်တည်းမှာပင် သူက စနစ်ကို အမိန့်ပေးလိုက်လေသည်။

"မစ်ရှင်ကို လက်ခံမယ်"

ထို့နောက် ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ဘဝဇာတ်ညွှန်း စီမံကိန်း စာအုပ်ကို သိမ်းဆည်းလိုက်ပြီး မိမိ၏ ကားဆီသို့ လျင်မြန်စွာ ပြန်လာခဲ့လိုက်သည်။ ကားပေါ်ရောက်သည်နှင့် ယဲ့ဖန်သည် ဆာမီယာထံသို့ ဖုန်းဆက်လိုက်ပြီး ဒီဗွန်ရှိုင်းယား ဟွတ်ခ်နှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်ကို စုံစမ်းပေးရန် ညွှန်ကြားလိုက်တော့သည်။

...

အခြားတစ်ဖက်တွင်မူ... ဖော့ခ်စီးတီး၏ အချက်အချာကျသော ဗဟိုဥယျာဉ် ဗီလာဇုန်ရှိ အလွန်တရာ ဇိမ်ကျသော စံအိမ်ကြီးတစ်လုံး၌ ဖြစ်ပေသည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် အိမ်သို့ ရောက်ရောက်ချင်းမှာပင် သန့်စင်ခန်းထဲသို့ ဝင်ကာ အဝတ်အစား တစ်စုံ လဲလှယ်လိုက်သည်။

သူသည် သန့်ရှင်းမှုကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကိုပါ စွဲလမ်းနေသူ တစ်ဦးဖြစ်သည်။

သူ့ဘောင်းဘီပေါ်တွင် သွေးကွက်များ စွန်းထင်းနေသည်ကို သူ လုံးဝ သည်းမခံနိုင်ပါ။ အထူးသဖြင့် ထိုသွေးကွက်များသည် အဆင့်အတန်းနိမ့်သော လူတန်းစား တစ်ရပ်၏ သွေးများ ဖြစ်နေလျှင် ပို၍ပင် ရွံရှာမိလေသည်။

ထို့ကြောင့် မေရို့ထျန်းချန် အလှပြုပြင်ရေး အုပ်စုတွင် အသားအရေ ထိန်းသိမ်းမှု ပြုလုပ်ပြီးသည်နှင့်၊ သူသည် ယခင်တစ်ခေါက်က တွေ့ထားသော အမျိုးသမီး ပစ်မှတ်နောက်သို့ လိုက်ကာ 'သခင်နှင့် ကျွန်' ကစားပွဲကို ကစားရန် စီစဉ်ထားသော်လည်း... အိမ်သို့ အရင်ပြန်လာခဲ့ခြင်း ဖြစ်သည်။

ရေချိုးပြီး သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ပြီးမှသာ ထိုနေရာသို့ သွားမည်ဟု သူ ဆုံးဖြတ်ထား၏။

ဤသို့ ပြုလုပ်ခြင်းအားဖြင့် သူသည် အကောင်းဆုံးသော အခြေအနေနှင့် နေ့ဘက်အချိန်ကို ထိုအမျိုးသမီးနှင့် ပျော်ရွှင်စွာ ကုန်ဆုံးနိုင်မည် ဖြစ်သည်။ တဆက်တည်းမှာပင် ညဘက်ရောက်သည့်အခါ သူ၏ ဘဝဇာတ်ညွှန်း အစီအစဉ် နောက်တစ်ပိုင်းကို စတင်နိုင်ရန်အတွက် တစ်ဖက်လူ၏ ရုပ်ဖျက်စွမ်းရည်ကို အသုံးပြု၍ သူ၏ ရုပ်ရည်ကို ပြောင်းလဲနိုင်မည် မဟုတ်ပါလား။

...

ရေချိုးပြီးနောက်...

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ဖာနန်ဒို၏ သွေးများ စွန်းထင်းနေသော ဘောင်းဘီကို အစေခံများထံသို့ ပစ်ပေးလိုက်ရန် ရည်ရွယ်လိုက်သည်။

သို့သော်... သန့်စင်ခန်းထဲမှ ထွက်လာပြီးသည်နှင့် တပြိုင်နက် အလွန် အရေးကြီးသော အသေးစိတ် အချက်တစ်ခုကို ရုတ်တရက် သတိရလိုက်မိလေ၏။

သူ အမြတ်တနိုး သိမ်းဆည်းထားပြီး ဂရုတစိုက် ရေးဆွဲထားသော ဘဝဇာတ်ညွှန်းများ ပါဝင်သည့် မှတ်စုစာအုပ်မှာ... ထိုဘောင်းဘီ အိတ်ကပ်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလော။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အိတ်ကပ်ထဲသို့ လက်နှိုက်ရှာဖွေလိုက်သည်။

သို့သော်... လက်ထဲသို့ စမ်းမိလိုက်သည်နှင့် သူ ကြက်သေသေသွားရတော့သည်။

အိတ်ကပ်ထဲတွင်... ဘာမှ မရှိ။ ဗလာဟင်းလင်း ဖြစ်နေတော့၏။

မှတ်စုစာအုပ် ပျောက်ဆုံးနေပြီ ဖြစ်သည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ကျန်ရှိနေသော အခြား အိတ်ကပ်တစ်ခုကို အလျင်အမြန် စမ်းသပ် ရှာဖွေကြည့်သော်လည်း ဘာမျှ မတွေ့ရပေ။

သန့်စင်ခန်းထဲရှိ လျှော်ဖွပ်ရမည့် အဝတ်ခြင်းတောင်းထဲတွင်လည်း မရှိ။

ထိုအခါ သူသည် ကားဆီသို့ အပြေးပြန်သွားကာ ရှာဖွေကြည့်ပြန်သည်။

ကားထဲတွင်လည်း... ရှာမတွေ့ပေ။

"ငလူး!"

သူ့ပါးစပ်မှ ရိုင်းစိုင်းသော ကျိန်ဆဲသံတစ်ခု အလိုလို ထွက်ပေါ်လာလေ၏။

"ငါ အလှပြုပြင်ရေး အုပ်စုမှာ အသားအရေ ထိန်းသိမ်းမှု လုပ်တုန်းကတောင် ရှိနေသေးတာပါ"

"အဲဒီကနေ ထွက်လာပြီးတော့ ဘောင်းဘီအိတ်ကပ်ကို စမ်းကြည့်တုန်းကလည်း ရှိနေသေးတယ်လေ"

"..."

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ထိုသဲလွန်စများကို ဆက်စပ်တွေးတောကြည့်လိုက်ရာ၊ ရုတ်တရက်ဆိုသလိုပင် သူ့မျက်လုံးများ အရောင်လက်သွားတော့သည်။

"ဟုတ်တယ်... ငါ အလှပြုပြင်ရေး အုပ်စုက ထွက်လာတုန်းက ရှိနေသေးတာ သေချာတယ်"

"ဒါပေမဲ့ ဟို သနားစရာကောင်းတဲ့ကောင်က ငါ့ပေါင်ကို ပြေးဖက်လိုက်တဲ့ အချိန်တုန်းက... ငါ့အိတ်ကပ်ကို သူ ဆွဲမိသွားသလိုပဲ။ ပြီးတော့မှ ငါ့မှတ်စုစာအုပ် ပျောက်သွားတာ"

"အဲဒီကောင်စုတ်... ငါ့ဘောင်းဘီကို ဆွဲတဲ့အချိန်မှာ အဲဒါကြီး ပါသွားတာ သေချာတယ်"

"..."

"ကျစ်... သောက်ကျိုးနည်း။ အဲဒီ မှတ်စုစာအုပ်ကို သူများတွေ မြင်လို့ မဖြစ်ဘူး"

"အဲဒီ ခွေးအိုကြီးကတော့လေ... အလုပ်မဖြစ်တဲ့အပြင် ငါ့ကိစ္စတွေကိုပါ ဖျက်ဆီးပစ်တာပဲ"

သူ ထပ်မံ၍ မကျေမနပ် ရေရွတ်လိုက်မိပြန်သည်။ ထို့နောက် ချက်ချင်းပင် ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့ဘေးနားရှိ ယာဉ်မောင်းနှင့် သက်တော်စောင့်အား အမိန့်ပေးလိုက်တော့သည်။

"အခုချက်ချင်း လူလွှတ်ပြီး ဖာနန်ဒို ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းလိုက်"

"ပြီးရင် ငါ့ကို မေရို့ထျန်းချန် အလှပြုပြင်ရေး အုပ်စုရဲ့ ကားပါကင်ဆီကို အမြန်ဆုံး ပြန်ပို့ပေး"

"ငါ့မှာ အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခု ပျောက်သွားလို့"

စကားပြောနေရင်းနှင့်ပင် ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ကားပေါ်သို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးတက်လိုက်လေသည်။

သူ၏ ယာဉ်မောင်းနှင့် သက်တော်စောင့်တို့သည်လည်း လျင်မြန်စွာပင် လှုပ်ရှားလိုက်ကြသည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် စကားပြောစက် (Walkie-talkie) မှတဆင့် ညွှန်ကြားချက်များ ပေးပို့ရင်း၊ ယာဉ်မောင်းခုံသို့ ကမန်းကတန်း ပြေးသွားကာ ကားစက်နှိုးလိုက်လေတော့သည်။

All Chapters