အခန်း (၁၀၃၆-၁၀၃၈)
Vol. 70 Ch. 1036-1038
အခန်း (၁၀၃၆) ကောင်းကင်ဘုံရဲ့ ဆန္ဒတဲ့လား... ငါကိုယ်တိုင်က ကောင်းကင်ဘုံပဲလေ
ရွှယ်အန်းနှင့် ကျိုးယန်ယန်တို့သည် မုန်လဲ့ စီစဉ်ပေးထားသော တိုက်ခန်းသို့ ရောက်ရှိလာကြသည်။ ကျိုးယန်ယန်သည် တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေရှာသဖြင့် မကြာမီမှာပင် အိပ်စက်အနားယူရန် အခန်းထဲသို့ ဝင်သွားလေတော့သည်။
ရွှယ်အန်းကမူ မအိပ်စက်သေးဘဲ ဧည့်ခန်းထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ မွှေးပျံ့သင်းလှသော လက်ဖက်ရည်ရနံ့တို့သည် အခန်းအတွင်း လှိုင်လှိုင်ထနေချိန်တွင် သတင်းသွားစုံစမ်းနေသည့် မုန်လဲ့သည် တံခါးဖွင့်၍ ဝင်လာသည်။ သူ၏ ပုံစံမှာ အတော်ပင် နွမ်းနယ်နေပုံရသည်။
ရွှယ်အန်းသည် ခေါင်းပင်မော့မကြည့်ဘဲ လှမ်းမေးလိုက်သည်။
"လက်ဖက်ရည် နည်းနည်းသောက်ဖို့ ထိုင်ပါဦးလား"
မုန်လဲ့သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အလိုက်သင့်ပြုံးလိုက်ကာ ရွှယ်အန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ မုန်လဲ့သည် လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားသည်။
"ဒီလက်ဖက်ရည်က..."
ရွှယ်အန်းက ပြုံးလိုက်သည်။
"ငါ ကျင်းးနည်းနည်း ထည့်ထားတာလေ၊ အရသာ တစ်မျိုးဖြစ်နေလို့လား"
"သောက်ရတာ ဆိုးတော့ မဆိုးပါဘူး၊ အရသာ နည်းနည်း ဆန်းနေလို့ပါ"
မုန်လဲ့က ပြောပြောဆိုဆိုနှင့် နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်သည်။ ထို့နောက် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ ခေတ္တမျှကြာသောအခါ မုန်လဲ့က စကားစရမလို၊ မရမလို ဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည်။
"အရှင်ရွှယ်... ကျွန်တော် ကိစ္စတစ်ခုကို ပြောရမလား၊ မပြောနေရမလား မဝေခွဲတတ်ဘူးဖြစ်နေတယ်"
"ပြောလေ... ငါနားထောင်နေတယ်"
"တကယ်တမ်းပြောရရင်... ဒီနေ့ ကျိုးအိမ်တော်မှာတုန်းက အဲ့ဒီမိန်းမကြီးကို အရှင်တန်းသတ်ပစ်လိုက်သင့်တာ"
"အိုး... ဘာလို့ အဲ့ဒီလို ပြောရတာလဲ"
ရွှယ်အန်းက မျက်လုံးကိုပင့်ကာ ခေါင်းဆောင်မုန်လဲ့ကို စူးစိုက်ကြည့်လိုက်သည်။ မုန်လဲ့က သက်ပြင်းချလျက် ပြောလာသည်
"အရှင် ဒီမှာရှိနေတာဆိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်၊ အဲ့ဒီမိန်းမကြီးရဲ့ လက်ဝါးကြီးအုပ် ထိန်းချုပ်မှုအောက်မှာ ကျိုးမိသားစုက လုံးဝ ပျက်စီးယိုယွင်းသွားပြီ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာ သခင်ကြီးရှိစဉ်တုန်းက ကျိုးမိသားစုက အခုလို အောက်တန်းကျပြီး ကြောက်စရာကောင်းတဲ့ပုံမျိုး မဟုတ်ခဲ့ဘူး"
"ဒါဆို မင်းသူ့ကို မုန်းလား"
ရွှယ်အန်းက အေးစက်သောလေသံဖြင့် မေးလိုက်သည်။
"မုန်းတာပေါ့၊ ကျိုးမိသားစုထဲမှာ သူ့ကို မမုန်းတဲ့သူ ဘယ်ရှိမလဲ"
မုန်လဲ့က စကားကို ခဏရပ်ကာ ရွှယ်အန်း၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။ ၎င်းသည် ထူးခြားမှုမရှိပဲ တည်ငြိမ်နေသည်ကို တွေ့မှ ဆက်ပြောလေသည်။
"အဲ့ဒီတုန်းကသာ အဲ့ဒီမိန်းမကြီးကို ဆရာတန်းသတ်လိုက်ရင် အခြေအနေက အခုထက် အများကြီး ပိုကောင်းသွားနိုင်တယ်၊ သူ့လက်အောက်မှာ ကျိုးမိသားစုက ဖရိုဖရဲဖြစ်နေတာ ကြာပြီ၊ လူတိုင်းက ကိုယ်ကျိုးအတွက်ပဲ ကြံစည်နေကြတာ၊ သူသေသွားတာနဲ့ အကျိုးစီးပွားအတွက် အချင်းချင်း ပြန်တိုက်ခိုက်ကြမှာ၊ လက်စားချေမယ်ဆိုရင်တောင် ဟန်ပြလောက်ပဲ လုပ်ကြမှာ၊ အခုလို ငြိမ်ခံနေရတဲ့ အခြေအနေတော့ ဖြစ်လာမှာ မဟုတ်ဘူး"
ရွှယ်အန်းသည် လက်ဖက်ရည်ခွက်ထဲမှ အရည်ကြည်များကို ငွေရောင်မွှေတံလေးဖြင့် ဖြည်းညှင်းစွာမွှေလျက် တိတ်ဆိတ်စွာ နားထောင်နေသည်။
ထိုစဉ် တာကျိုးပေါက်သွားသကဲ့သို့ မုန်လဲ့က ဆက်ပြောလာသည်။
"အခု အဲ့ဒီမိန်းမကြီးက တစ်ဖက်မှာ ထျန်ဖုအဆောင်တော်ဆီ သတင်းပို့နေသလို၊ တစ်ဖက်မှာလည်း မြို့စားမင်းနဲ့ ဆက်သွယ်ပြီး ပူးပေါင်းကြံစည်နေကြပြီ၊ ကြည့်ရတာ အရှင်ကို လက်တုံ့ပြန်ဖို့ သူ အကြီးအကျယ် ကြိုးစားနေပြီနဲ့တူတယ်"
"ဒါကြောင့် အစကတည်းက သူ့ကို အပြတ်ရှင်းပစ်လိုက်သင့်တယ်လို့ ကျွန်တော်ပြောတာ၊ အနည်းဆုံးတော့ အခုလို မြွေကိုရိုက်မိပြီး ကိုယ်ပဲ ပြန်ဒုက္ခရောက်ရမယ့်အဖြစ်မျိုး မကြုံရတော့ဘူးပေါ့"
ထိုစကားကို ကြားသောအခါ ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်သည်။
"မင်းပြောတာ အဓိပ္ပာယ်ရှိသားပဲ"
မုန်လဲ့က ခေါင်းငုံ့လိုက်ကာ တောင်းပန်စကားဆိုလိုက်သည်။
"အရှင်... ဒါတွေက ကျွန်တော့်ရဲ့ အတွေးတွေပါ၊ စိတ်မရှိပါနဲ့နော်"
"စိတ်မရှိပါဘူးကွာ"
ရွှယ်အန်းက ခေါင်းခါလိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ဧည့်ခန်းပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ အပြင်ဘက်တွင် မှောင်မိုက်သော ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ အမှောင်ထုသည် လောကတစ်ခုလုံးကို ဝါးမျိုထားသယောင်ထင်ရသည်။ ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။
"တကယ်တော့ မင်းပြောတဲ့အချက်တွေကို အဲ့ဒီအချိန်တုန်းက ငါတွေးမိပြီးသားပါ"
"ဒါဆို ဘာလို့..."
မုန်လဲ့က အံ့အားသင့်သွားသည်။ ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက အဲ့ဒီမိန်းမကြီးကို ငါသာ သတ်လိုက်ရင် ကျိုးယန်ယန် ဘယ်လိုခံစားရမယ်လို့ မင်းထင်လဲ"
မုန်လဲ့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
"ကျိုးယန်ယန်က ကျိုးမိသားစုဝင်တွေကို ရွံရှာနေမှာ သေချာပေမယ့် သူ့ရဲ့အမုန်းတရားက တခြားသူတွေနဲ့ မတူဘူး၊ ငယ်ငယ်ကတည်းက သူက ဒီအရိပ်မည်းကြီးအောက်မှာ နေခဲ့ရတာ၊ သူသာ တကယ် လွတ်မြောက်ချင်ရင် သူ့လက်စားချေမှုကို ကိုယ်တိုင်ပဲ လုပ်ယူရလိမ့်မယ်၊ သူများလက်နဲ့ သူ့ရန်သူကို သတ်သွားတာမျိုး ကြည့်နေရုံနဲ့ မဖြစ်ဘူး"
"ဒါမှမဟုတ်ရင် သူ့ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေရ ကိုယ့်အရိပ်ထဲမှာပဲ ကိုယ်ပိတ်မိနေလိမ့်မယ်"
ရွှယ်အန်းသည် မုန်လဲ့ကို လှည့်ကြည့်လိုက်သည်။
"ငါပြောတာကို မင်းနားလည်လား"
မုန်လဲ့သည် ခေတ္တမျှ စဉ်းစားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် နားလည်ပါပြီ၊ အရှင် နောက်ဆုံးတုန်းက ရွှေဒင်္ဂါးပြား မြှောက်လိုက်တုန်းကလည်း ရလဒ်က သူ့ကို လွှတ်ပေးလိုက်ဖို့ ဖြစ်နေတာဆိုတော့ ဒါက ကံတရားပဲ ဖြစ်မှာပါ၊ ကျွန်တော် စိတ်လောသွားမိတယ်"
သူ စကားဆုံးသည်နှင့် နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။ အမှောင်ထုထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော မုန်လဲ့၏ ကျောပြင်ကို ကြည့်ပြီး ရွှယ်အန်းက နေရာတွင်ပင် ထိုင်နေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက မသိမသာ ကွေးညွတ်သွားပြီးနောက် ရွှေဒင်္ဂါးပြားသည် သူ့လက်ထဲသို့ ရောက်ရှိလာသည်။ သူ၏ သွယ်လျသော လက်ချောင်းများက ဒင်္ဂါးပြားကို ပင့်တင်လိုက်ရာ ရွှေဒင်္ဂါးပြားသည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ လေထဲတွင် ဝဲပျံလည်ပတ်သွားသညါ။ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် အရိပ်များပင် ထပ်နေသယောင် ထင်ရသည်။ ထို့နောက် ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ရေရွတ်လိုက်သည်။
"ကံတရားတဲ့လား... ဟက်... ငါကိုယ်တိုင်က ကံတရားပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဒင်္ဂါးပြားကို ပစ်ချလိုက်ရာ စားပွဲပေါ်သို့ ကျသွားပြီး ခေတ္တမျှ လည်ပတ်ကာ ရပ်တန့်သွားသည်။ သို့သော် ဒင်္ဂါးပြားပေါ်ရှိ ရုပ်ပုံမှာ ဝေဝါးနေပြီး တိမ်တိုက်ပုံစံပမာ၊ စာလုံးပုံစံလိုလို ပေါ်နေလေသည်။
ကျိုးမိသားစု၏ လှုပ်ရှားမှုများက လူအများ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်လှသည်။ ညပင် မကုန်ဆုံးသေးမီ ရှုပေါင်၏ အလောင်းသည် ကျိန်စာသင့်မြို့တော်ရှိ ထျန်ဖုအဆောင်တော် ဂိုဏ်း၏ စံအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သာမန်အချိန်တွင် ဤနေရာ၌ အဆင့်နိမ့် တပည့်အနည်းငယ်သာ ရှိတတ်သော်လည်း မကြာသေးမီက နတ်ဘုရားအစီအရင်များ ပေါ်ထွက်လာတော့မည့် အခြေအနေကြောင့် ဂိုဏ်းမှ ထိပ်တန်းတပည့်အများအပြား ရောက်ရှိနေကြပြီဖြစ်သည်။ ရှုပေါင်သည်လည်း ထိုအထဲမှ တစ်ယောက်ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်ကိုယ်တိုင် သဘောကျသည့် ဤတပည့်ကျော်သည် ညစာစားပွဲ တက်ရောက်ရာမှ အသားစများအဖြစ်နှင့်သာ ပြန်ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ အခန်းထဲတွင် မီးရောင်များက စူးရှတောက်ပနေသော်လည်း လူတိုင်း၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ လေထုသည်လည်း သေမင်းတမန် အငွေ့အသက်များ ဖုံးလွှမ်းနေသကဲ့သို့ လေးလံအုပ်မှိုင်းနေသည်။
ထျန်ဖုအဆောင်တော်ဂိုဏ်းမှ အဓိကတပည့်ကြီးများ၏ မျက်နှာထားများမှာ ကြည့်ရအလွန်ဆိုးနေသည်။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုအထဲမှ လူကောင်အကြီးဆုံး အမျိုးသားက ရုတ်တရက် စားပွဲကို ရိုက်ချလိုက်သည်။ သူ၏ မျက်လုံးများတွင် ဒေါသအိုး ပေါက်ကွဲနေပြီး ဟိန်းဟောက်လိုက်လေသည်။
"ငါ့ဂျူနီယာညီလေးကို သတ်ရဲတယ်ဆိုတော့ ဒါ ကောင်းကင်ဘုံကိုဆန့်ကျင်လိုက်တာပဲ၊ လူသတ်ကောင်ကို ငါ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်"
ပြောပြောဆိုဆိုဖြင့် သူသည် ထွက်သွားရန် ပြင်လိုက်သည်။
"နေပါဦး..."
ပျင်းရိလေးတွဲသော အသံတစ်သံမှာ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်မှ ပိန်ပါးသွယ်လျပြီး မိန်းကလေးဆန်သောပုံစံမျိုး ဖြစ်နေသည်။ ကျိုးပဲ့လွယ်မည့်ပုံ ပေါက်နေပြီး မျက်နှာပေါ်တွင် မိတ်ကပ်များ ထူပိန်းနေအောင် လိမ်းခြယ်ထားကာ အလွန်အမင်း ပြင်ဆင်ခြယ်သထားသူ တစ်ဦးဖြစ်သည်။ သို့သော် သူ့ထံမှ ထွက်ပေါ်နေသော အော်ရာမှာ ကြက်သီးထဖွယ် ကောင်းလှသည်။ ထိုသူ ဝင်လာသည်ကို မြင်သောအခါ အခန်းထဲရှိ လူအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။
"အစ်ကိုကြီးခန်းကို... နှုတ်ခွန်းဆက်ပါတယ်"
"အစ်ကိုကြီးကို ဂါရဝပြုပါတယ်"
လူကောင်ကြီးမားလ*သော အမျိုးသားသည် အံ့အားသင့်သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး... ဘာလို့ ကျွန်တော့်ကို တားရတာလဲ၊ ဂျူနီယာညီလေးရှုအတွက် ကျွန်တော် လက်စားချေချင်တာ မှားလို့လား"
ထိုအမျိုးသားက မိန်းမဆန်စွာ တခစ်ခစ် ရယ်မောလိုက်ပြီး ပြန်ဖြေသည်။
"မှားစရာတော့ ဘယ်ရှိမလဲ၊ ဒါပေမဲ့ မင်းမေ့နေပြီလား၊ ဒီဂျူနီယာညီလေးရှုရဲ့ ကျင့်ကြံမှုအဆင့်က မင်းထက် အများကြီး ပိုမြင့်တယ်၊ သူတောင်မှ အခုလို ဇာတ်သိမ်းသွားရတာ၊ မင်းသွားရင် အလကားသက်သက် အသေခံသလို ဖြစ်မနေဘူးလား"
စကားပြန်ပြောစရာ မရှိတော့သဖြင့် ထိုလူကောင်ကြီးလူမှာ ခေါင်းငိုက်စိုက် ကျသွားတော့သည်။ ထိုအမျိုးသားသည် ရှုပေါင်၏ အလောင်းနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သာမန်လူဆိုလျှင် မျက်နှာလွှဲသွားမည့် ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ထိုအမျိုးသားမှာ စိတ်လှုပ်ရှားနေပုံရပြီး နှုတ်ခမ်းကိုပင် လျှာဖြင့် သပ်လိုက်သေးသည်။
"လှလိုက်တဲ့ မြင်ကွင်းပါလား..."
သူက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ရုတ်တရက် ကိုယ်ကိုကိုင်းကာ ရှုပေါင်၏ အလောင်းကို အမဲလိုက်ခွေးတစ်ကောင်ကမာ လိုက်လံနမ်းရှူကြည့်လေသည်။ ထို့နောက် သွေးစအချို့ကို လက်ဖြင့်တို့ယူကာ ပါးစပ်ထဲ ထည့်မြည်းကြည့်လိုက်သေးသည်။ ကျန်သူများမှာ ထိုအဖြစ်ကို မြင်ပြီး မျက်နှာများ ဖြူရော်ကုန်ကြသည်။ သို့သော် ထိုအမျိုးသားကမူ ရှားပါးအစားအစာ တစ်ခုကို အရသာခံနေသည့်အလား မူးမေ့ရီဝေစွာဖြင့် ချီးကျူးလိုက်လေသည်။
"အားကောင်းလိုက်တဲ့ စွမ်းအားပဲ... လက်ဝါးချက်တစ်ချက်တည်းနဲ့ ဂျူနီယာညီလေးရှုကို အသားစတွေဖြစ်အောင် လုပ်ပစ်လိုက်တာပဲ…”
အခန်း (၁၀၃၇) - အစ်ကိုဖြစ်သူကို လှောင်ပြောင်ဖို့ ကြိုးစားနေတဲ့ ဟွီယင်
ဤရောက်ရှိလာသော ဧည့်သည်တော်မှာ ထျန်ဖုအဆောင်တော်ဂိုဏ်း၏ ထိပ်တန်းတပည့်ကြီး ခန်းဟွာကျန်းဖြစ်သည်။ သူသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း ကျင့်ကြံမှုအဆင့်မှာမူ ကြောက်ခမန်းလိလိ မြင့်မားလှပြီး စစ်မှန်အင်မော်တယ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
မကြာမီ ပေါ်ထွက်လာတော့မည့် နတ်ဘုရားအင်းကွက်များကို လက်ဝါးကြီးအုပ် သိမ်းပိုက်ရန်အတွက် ယခုတစ်ခေါက်တွင် သူသည် အဖွဲ့ကို ဦးဆောင်ကာ ကျိန်စာသင့်မြို့တော်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
"အစ်ကိုကြီး... လူသတ်သမားက ဘယ်သူလဲ"
လူကောင်ကြီးမားသော အမျိုးသားက မေးလိုက်သည်။ ခန်းဟွာကျန်း၏ မျက်ဝန်းအစုံမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ အတော်ကြာမှ သူသည် ပါးစပ်ကို ဟကာ မီးခိုးငွေ့တစ်ချို့ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။
ထိုမီးခိုးငွေ့များသည် လေထဲတွင် လွင့်စင်ပျောက်ကွယ်မသွားဘဲ တစ်နေရာတည်းတွင် စုစည်းသွားကာ ရုပ်ပုံရိပ်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
ဤသည်မှာ အတိတ်ကို ပြန်လည်ကြည့်ရှုနိုင်သည့် မှော်ပညာတစ်မျိုးဖြစ်သည်။ ပေါ်လာသော ပုံရိပ်များမှာ ရှုပေါင်သေဆုံးခဲ့သည့် မြင်ကွင်းပင်ဖြစ်သည်။ မီးခိုးငွေ့မှန်ပြင်ထက်တွင် ရွှယ်အန်း၏ ပုံရိပ်မှာ တဖြည်းဖြည်း ထင်ရှားလာသည်နှင့် အခန်းထဲရှိ လူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ရှုပေါင်ကို သတ်လိုက်တဲ့ လူသတ်သမားက ဒီကောင်လား"
"ကြည့်ရတာ မျက်နှာစိမ်းပဲ၊ ဖန်ထျန်နယ်မြေက မဟုတ်ဘူး ထင်တယ်"
"လက်ဝါးတစ်ချက်တည်းနဲ့ ရှုပေါင်ကို ကြေမွသွားအောင် သတ်နိုင်တယ်ဆိုတော့ ဒီလူ့ရဲ့ အင်အားကို လျှော့တွက်လို့မရဘူး"
လူအများ တီးတိုးပြောဆိုနေကြစဉ် ခန်းဟွာကျန်း၏ မျက်လုံးများမှာ ရွှယ်အန်း၏ ပုံရိပ်ကို ကြည့်ရင်း ထူးဆန်းစွာ တောက်ပလာပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ချောမောလိုက်တဲ့ ကောင်လေးပဲ... ငါ့ရဲ့ စုဆောင်းမှုတွေထဲ ထည့်ထားလိုက်ရရင် သိပ်ကောင်းမှာ..."
ထိုသို့ပြောရင်းနှင့် ခန်းဟွာကျန်းသည် ရူးနှမ်းနှမ်းပုံစံဖြင့် တခစ်ခစ် ရယ်မောလိုက်လေသည်။ သို့သော် ထိုအချိန်၌ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ မီးခိုးငွေ့ထဲမှ ရွှယ်အန်း၏ ပုံရိပ်သည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ခေါင်းမော့လာကာ အခန်းထဲရှိ လူအများကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်များက ခန်းဟွာကျန်းထံသို့ တည့်တည့်မတ်မတ် ရောက်ရှိလာပြီး နှုတ်ခမ်းစွန်းကို ကွေးကာ ပြုံးလိုက်လေသည်။
"ဝုန်း...!"
မီးခိုးငွေ့ဖြင့် ဖန်တီးထားသော ပုံရိပ်သည် ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ချက်ချင်း ကွဲကြေသွားသည်။ ခန်းဟွာကျန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ယိုင်နဲ့သွားကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။
"အစ်ကိုကြီး...!"
အခန်းထဲရှိ လူတိုင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ခန်းဟွာကျန်းသည် လက်ကာပြကာ သူဘာမှမဖြစ်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် ပျောက်ကွယ်သွားသော မီးခိုးငွေ့များကို စဉ်းစားဆင်ခြင်ဟန်ဖြင့် ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပိုအေးစက်လာသည်။
"ငါ့ရဲ့ အတိတ်ရိပ်ထင် နည်းလမ်း ကိုတောင် ဖြိုခွင်းနိုင်တယ်ဆိုတော့ မင်းကို ငါလျှော့တွက်မိတာပဲ၊ ဒါပေမဲ့ မင်းဘယ်သူပဲဖြစ်ဖြစ် ဖန်ထျန်နယ်မြေထဲက ထျန်ဖုအဆောင်တော်ဂိုဏ်းကို စော်ကားမှတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်"
တစ်ချိန်တည်းမှာပင် ဆိပ်ကမ်းရှိ နှစ်ထပ်တိုက်ထဲတွင် ရွှယ်အန်းသည် သူ၏ အခန်းထဲ၌ထိုင်ကာ အန်းာန်နှင့် စကားပြောနေသည်။
ရုတ်တရက်ဆိုသလို သူသည် အဝေးတစ်နေရာသို့ အကြည့်ပို့ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်
။
"ယောက်ျား... ဘာဖြစ်လို့လဲ"
အန်းယန်က အံ့အားသင့်သွားသည်။ ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က လျှို့ဝှက်နည်းလမ်းသုံးပြီး အချိန်မြစ်ရေစီးကြောင်းကို ပြန်တက်ပြီးတော့ ငါ့ခြေရာကို လိုက်ရှာနေလို့ပါ"
"အချိန်ကာလကို နောက်ပြန်ကြည့်တယ်... ဟုတ်လား"
အန်းယန်မှာ ထိုဆန်းကြယ်သော စကားလုံးကြောင့် ကြောင်အမ်းသွားသည်။ ရွှယ်အန်းက ပြုံးလိုက်သည်။ "
သေးမွှားတဲ့ လှည့်ကွက်လေးပါ၊ ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး"
"ပြဿနာတက်နိုင်လားဟင်"
အန်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။
ရွှယ်အန်းသည် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်ပြီး အန်းယန်၏ ဆံနွယ်များကို လက်ချောင်းများဖြင့် ညင်သာစွာ ကစားပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းယောက်ျားရှေ့မှာ ဘာပြဿနာမှ မရှိနိုင်ပါဘူးကွာ၊ တကယ်တမ်းပြောရရင် မကြာခင်ပေါ်လာတော့မယ့် နတ်ဘုရားအင်းကွက်နဲ့ ရှေးဟောင်းနတ်ဘုရားတွေ ကိစ္စသာ မရှိရင် ဒီကောင်တွေနဲ့ ကိုယ် အချိန်ဖြုန်းမနေပါဘူး"
အန်းယန်သည် တစ်ဝက်တစ်ပျက်သ။ နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် ရွှယ်အန်းအပေါ်တွင် သေးမွှားသော ကိစ္စရပ်များနှင့် ပတ်သက်၍ စိတ်ကောက်လေ့ရှိသော်လည်း အရေးကြီးကိစ္စများတွင်မူ ယောက်ျားဖြစ်သူ၏ စကားကို အမြဲနာခံလေ့ရှိသည်။
"ဒါနဲ့ သမီးနှစ်ယောက်ရဲ့ စာသင်တဲ့အခြေအနေ ဘယ်လိုလဲ"
ရွှယ်အန်းသည် ထိုကိစ္စကို ရုတ်တရက် သတိရသွားကာ မေးလိုက်သည်။ ထိုမေးခွန်းကြောင့် အန်းယန်၏ ဒေါသများ ထွက်ပေါ်လာသည်။
"ရှင်က မေးနေသေးတယ်၊ ရှင့်သမီးနှစ်ယောက်က တကယ့်ကို ဒေါသထွက်စရာကောင်းတယ်"
"ဟေး... ဘာဖြစ်လို့လဲ"
ရွှယ်အန်း အနည်းငယ် အံ့သြသွားသည်။
"သူတို့ကို စာလုပ်ခိုင်းတော့ ကျွန်မကို ပြန်ပြီး တရားချနေကြတယ်၊ အစတုန်းက ရှန်းရှန်းတစ်ယောက်တည်း အခုတော့ နျန်နျန်ပါ ခေါင်းမာတတ်လာပြီ၊ အခုဆို ဒီအမေမှာ ဘာအာဏာမှ မရှိတော့ဘူး"
အန်းယန်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။
"ခေါင်းမာတယ် ဟုတ်လား"
"ဟုတ်တယ်... ကျွဋုံ အခုပဲ ခေါ်လိုက်မယ်၊ ရှင်ကိုယ်တိုင်သာ ကြည့်ပေတော့"
"နေပါစေ... မှော်ရတနာမျှော်စင်ထဲသွားပြီး ကိုယ်ပဲ ကြည့်လိုက်ပါ့မယ်"
ရွှယ်အန်း မှော်ရတနာမျှော်စင်ထဲသို့ ဝင်သွားသောအခါ ဟွီယင်နှင့် ရှောင်ယွီတို့သည် ကွန်ပျူတာရှေ့တွင် အသည်းအသန် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။
"သောက်ကျိုးနည်း... ဇွန်ဘီတွေ ဟေ့၊ မြန်မြန်... ဒီဘက်ကို မြန်မြန်လာ၊ ပစ်... ပစ်လေ"
ဟွီယင်သည် စခရင်ပေါ်မှ ဂိမ်းထဲတွင် အာရုံအပြည့်ရောက်နေပြီး ရံဖန်ရံခါ အော်ဟစ်နေသည်။ တစ်ဖက်တွင် ရှောင်ယွီသည် သူမ၏ မျိုးနွယ်စု ပါရမီစွမ်းရည်များကို အပြည့်အဝ ထုတ်သုံးနေသည်။ သူမ၏ ရေဘဝဲလက်တံ ၇ ချောင်း၊ ၈ ချောင်းစလုံး ဆန့်ထွက်နေပြီး ကွန်ပျူတာ ၃ လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ကစားနေသည်။ ဟွီယင် အော်လိုက်သံကြားသည်နှင့် ရှောင်ယွီ၏ ခန္ဓာကိုယ် တွန့်သွားသည်။
"ဘယ်မှာလဲ... ဘယ်မှာလဲ"
"ဒီဘက်မှာ... ဟိုကားအနောက်မှာ၊ သောက်ကျိုးနည်း... နောက်ထပ် အများကြီး လာနေပြန်ပြီ၊ မြန်မြန်... ဒီဘက်လာ၊ တောက်... ငါ အဝိုင်းခံလိုက်ရပြီ"
ဟွီယင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ကွန်ပျူတာထဲ ဝင်သွားချင်သည့်ပုံပင် ပေါက်နေသည်။
"ခဏလေး၊ အရှင်ဟူ... ကျွန်မ အခုပဲ လာကယ်မယ်"
ရှောင်ယွီက အော်ပြောလိုက်ပြီး သူမ၏ လက်တံအချို့က လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားကာ ကီးဘုတ်ရိုက်သံများ တဒုန်းဒုန်း ဆူညံသွားသည်။ မကြာမီ ရှောင်ယွီ ကစားနေသည့်ကောင်မှာ ဟွီယင်ပိတ်မိနေသော နေရာသို့ ရောက်ရှိသွားပြီး အံ့မခန်း ဂိမ်းကစားကွက်များကို ပြသလေသည်။
သေနတ်ပစ်လိုက်တိုင်း ဇွန်ဘီတစ်ကောင်၏ ခေါင်း ပေါက်ကွဲထွက်သွားသည်။ ဤထူးချွန်လှသော လက်ဖြောင့်စွမ်းရည်ဖြင့် ဟွီယင်ကို ဝိုင်းထားသော ဇွန်ဘီအုပ်ကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ဟွီယင်က ရှောင်ယွီကို လက်မထောင်ပြလိုက်သည်။
"မိုက်တယ်ဟေ့"
ရှောင်ယွီက တခစ်ခစ်ရယ်လိုက်ပြီး လက်တံများဖြင့် အသည်းပုံလုပ်ပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါပေါ့... ငါက ရေဘဝဲလောကရဲ့ ဂိမ်းပါရမီရှင်ပဲလေ"
"နင့်ရဲ့ လက်တွေအများကြီးကို ငါအားကျလိုက်တာ၊ ငါရော ဘယ်တော့မှ လက်တွေအများကြီး ထွက်လာမလဲ မသိဘူး"
ဟွီယင်က အားကျသော မျက်နှာထားဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက ပြုံး၍ ဝင်လာသည်။
"သူ့ကို အားကျမနေပါနဲ့၊ မင်းလည်း လုပ်နိုင်ပါတယ်"
"အစ်ကိုရွှယ်"
"အရှင်"
နှစ်ယောက်စလုံး ကပျာကသီ မတ်တတ်ထရပ်လိုက်ကြသည်။ ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် ဟွီယင်ကို စလိုက်သည်။
"မင်း တစ်ပတ်အတွင်း ကွန်ပျူတာ ၈ လုံး လောင်သွားအောင် ကစားပစ်လိုက်တယ်ဆို"
ဟွီယင်၏ မျက်နှာ ရဲခနဲဖြစ်သွားသည်။
"အာ... အစ်ကိုရွှယ်ကလည်း၊ ညီမက ဂိမ်းဆော့ရင်း... ကြောက်သွားလို့ပါ"
"ကြောက်တယ်... ဘာကို ကြောက်တာလဲ"
"သရဲတွေ၊ ဇွန်ဘီတွေလေ... အစ်ကိုသိတဲ့အတိုင်းပဲ"
ဟွီယင်၏ အသံမှာ တဖြည်းဖြည်း တိုးသွားပြီး ရှက်နေပုံရသည်။ ရွှယ်အန်း မရယ်ဘဲ မနေနိုင်တော့ချေ။
"စကြာဝဠာတစ်ခုလုံးက လေးစားရတဲ့ မြင့်မြတ်တဲ့ ကောင်းကင်မြေခွေးမျိုးနွယ်ဝင်တစ်ယောက်က သရဲနဲ့ ဇွန်ဘီကို ကြောက်တယ်တဲ့လား၊ မင်းအစ်ကိုသာ ကြားရင် ငါ့ကို လာရန်ရှာတော့မှာပဲ"
"ဟီးဟီး... လာပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုကြီးက အစ်ကို့ကို နိုင်မှမနိုင်တာ၊ အရင်က သူ အစ်ကို့ကို ဘယ်နှကြိမ်တောင် ရှုံးခဲ့ဖူးလဲ၊ တစ်သောင်း..."
"တစ်သောင်းသုံးထောင်လေးရာနှစ်ဆယ့်တစ်ကြိမ်၊ တကယ်တမ်းက တစ်သောင်းသုံးထောင်လေးရာနှစ်ဆယ်တိတိ ဖြစ်ရမှာ၊ ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာ ငါတို့တစ်ခါ ထပ်ချကြသေးတယ်၊ သူထပ်ရှုံးသွားတာလေ"
ရွှယ်အန်းက လေသံအေးအေးဖြင့် တိတိကျကျ ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်... အဲ့ဒီအရေအတွက်ပဲ၊ မှတ်စုစာအုပ်လေးထဲ ရေးမှတ်ထားမှ၊ ဒါမှ သူညီမရှေ့မှာ ကြွားရင် အတိအကျ ပြန်ပြောနိုင်မှာ"
အစ်ကိုဖြစ်သူအား သစ္စာဖောက်မည့်လမ်းသို့ ပျော်ရွှင်စွာ ဦးတည်နေသည့် ဟွီယင်ကို ကြည့်ပြီး ရွှယ်အန်းတစ်ယောက် ဟူယွဲ့အတွက် စိတ်မကောင်းဖြစ်မိသွားသည်။
"ဒါနဲ့ အစ်ကိုရွှယ်... ခုနက ညီမက ရေဘဝဲကင်ကို အားကျစရာမလိုဘူး၊ ညီမလည်း လုပ်နိုင်တယ်လို့ ပြောလိုက်တာလားဟင်"
ဘေးတွင် ရပ်နေသော ရှောင်ယွီက မယုံကြည်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ငါ့နာမည်က ရေဘဝဲကင် မဟုတ်ပါဘူးနော်"
"ဟုတ်ပါပြီ ရေဘဝဲကင်ရေ... ငါမှတ်ထားပါ့မယ်၊ ရေဘဝဲကင်"
ရှောင်ယွီ "..."
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
"ဒါဆို အခုပဲ စကြရအောင်လေ၊ ညီမလည်း လက်တွေအများကြီး လိုချင်တယ်"
ဟွီယင်မှာ အလွန်တက်ကြွနေသည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
"မင်းက မြေခွေးလေ၊ ရေဘဝဲမှ မဟုတ်တာ၊ ဘယ်လိုလုပ် လက်တွေအများကြီး ထွက်လာမှာလဲ"
"ဟင်"
ဟွီယင် ကြောင်သွားသည်။
"ဒါပေမဲ့..."
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက လက်တွေအများကြီး ထွက်မလာနိုင်ပေမယ့် တခြားသူတွေမှာ မရှိတဲ့ အမြီးတွေ ထွက်လာနိုင်တာပဲလေ”
အခန်း (၁၀၃၈) - ကောင်းကင်မြေခွေး သွေးစည်းမျိုးနွယ်
"အမြီးတွေ... ဟုတ်လား"
ဟွီယင် အနည်းငယ် အံ့သြသွားသည်။
"အစ်ကိုရွှယ် ပြောချင်တာက... ဒီဟာကိုလား"
သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ ကျောနောက်မှ ဖြူစင်သန့်ရှင်းပြီး ကြည်လင်တောက်ပနေသော အမြီးသုံးချောင်း ဝုန်းခနဲ ပေါ်ထွက်လာသည်။ ထိုအမြီးသုံးချောင်းသည် အလွန်ရှည်လျားလှသဖြင့် အခန်း၏ တစ်ဝက်ကျော်ကျော်လောက် နေရာယူသွားပြီး တစ်ခန်းလုံးကို အလင်းရောင်များဖြင့် လွှမ်းခြုံသွားလေသည်။ ရွှယ်အန်းသည် ခဏတာမျှ မှင်သက်သွားပြီးနောက် သဘောကျစွာ ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
"အေး... ဟုတ်တယ်၊ အဲ့ဒါပဲ"
"ဒါပေမဲ့ ဒါတွေက ဘာလုပ်လို့ရလဲဆိုတာ ညီမ တကယ် မသိဘူး၊ အိပ်ရင် စောင်လုပ်လို့ရတာရယ်၊ မိုးရွာရင် ထီးမလိုတာရယ်ကလွဲရင် ဘာသုံးလို့ရသေးလဲဟင်"
ဟွီယင်က သူမ၏ လက်ထဲရှိ ပျော့ပျောင်းအိစက်သော မြေခွေးမြီးများကို ကစားရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ရွှယ်အန်းက ချောင်းဟန့်လိုက်ပြီး အကြည့်ကို လွှဲလိုက်သည်။
"ယင်းအာ... အမြီးတွေကို အရင်ပြန်သိမ်းလိုက်ပါဦး"
"ဘာဖြစ်လို့လဲဟင်"
"အဟမ်း... ချင်းချိုးမြေခွေးတိုင်းပြည်မှာတုန်းက ဘယ်သူမှ မင်းကို မပြောပြဖူးဘူးလား၊ ကောင်းကင်မြေခွေးတစ်ကောင်ရဲ့ အမြီးတွေဆိုတာ အင်မတန် လျှို့ဝှက်ထားရမယ့်အရာတွေ၊ လွယ်လွယ်ကူကူ ထုတ်မပြသင့်ဘူး၊ ကိုယ်နဲ့ အရင်းနှီးဆုံးလူကိုပဲ ပြသင့်တယ်ဆိုတာလေ"
ဟွီယင်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ပြောဖူးသလိုလိုတော့ ရှိသား၊ ဒါပေမဲ့ ညီမက ပေါ့ပေါ့ဆဆ ထုတ်ပြတာမှ မဟုတ်တာ၊ ညီမ စိတ်ထဲမှာ အစ်ကိုရွှယ်က အရင်းနှီးဆုံးလူပဲလေ"
ထိုသို့ပြောကာ ဟွီယင်က ခေါင်းလေးစောင်းကာ ရွှယ်အန်းကို ကြည့်၍ တခစ်ခစ်ရယ်မောလိုက်သည်။ သူမ၏ သွေးစည်းမျိုးနွယ်စွမ်းအားများ တဖြည်းဖြည်း ပြန်လည်နိုးထလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်သည် ကလေးပုံစံမှ ရင့်ကျက်သည့် မိန်းမပျိုပုံစံသို့ ပြောင်းလဲလာကာ ဟွီယင်၏ လှပမှုသည်လည်း အဆမတန် တိုးတက်လာခဲ့သည်။ အထူးသဖြင့် ကောင်းကင်မြေခွေးမျိုးနွယ်ဝင်များ အမြီးထုတ်ပြလိုက်ချိန်တွင် သွေးစည်းမျိုးနွယ်၌ ပါရှိပြီးသားဖြစ်သော သဘာဝဆွဲဆောင်မှုစွမ်းအားများက ထိုအလှတရားကို ပိုမို ပြင်းထန်စေသည်။
ယောက်ျားလေးများကို မဆိုထားနှင့်၊ ဘေးတွင် ရပ်နေသော မိန်းကလေးချင်းဖြစ်သည့် ရှောင်ယွီပင်လျှင် ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူမ မျက်လုံးများထဲတွင် အံသြမှင်သတ်များ ပြည့်နှက်နေလေသည်။ သို့သော် ရွှယ်အန်းကမူ ထိုညှို့ဓာတ်များကို ဂရုမစိုက်ပေ။ သူသည် ဟွီယင်၏ ခေါင်းကိုပင် လက်ဖြင့် လှမ်းခေါက်လိုက်သေးသည်။
"ငါ့ကို နောက်တစ်ခါ ထင်ယောင်ထင်မှားကျင့်စဉ် သုံးရဲရင်တော့ အပြစ်ပေးမယ်မှတ်"
ဟွီယင်သည် နာကျင်သွားသဖြင့် ခေါင်းကိုပွတ်ကာ သနားစဖွယ် မျက်နှာပေးဖြင့် ညည်းတွားလိုက်သည်။
"အား... အစ်ကိုရွှယ်ကလည်း... ညီမက သွေးစည်းမျိုးနွယ်စွမ်းအား ဘယ်လိုနေလဲဆိုတာ စမ်းကြည့်ချင်ရုံလေးပါ... ဝူး... မမအန်းယန်ရေ... ကြည့်ပါဦး၊ အစ်ကိုရွှယ် ညီမကို ရိုက်တယ်... နာလိုက်တာ"
သူမသည် ပြောပြောဆိုဆိုနှင့် မျက်ရည်အတုများကိုပင် သုတ်ပြလိုက်သေးသည်။ ရွှယ်အန်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အန်းယန်က သူ့ကို စူးစူးရဲရဲ လှမ်းကြည့်လိုက်ပြီးနောက် ရှေ့တိုးလာကာ ဟွီယင်၏ ခေါင်းကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်သည်။
"ကဲပါ... ကဲပါ... တခါတလေကျရင် သူက လက်လွန်ခြေလွန် လုပ်တတ်တယ်၊ မငိုနဲ့တော့နော်"
"အွန်း"
ဟွီယင်က ဝမ်းနည်းပက်လက်ပုံစံဖြင့် ပြန်ဖြေကာ ရွှယ်အန်းကို လျှာထုတ်ပြောင်ပြလိုက်သေးသည်။ ရွှယ်အန်းမှာ ခေါင်းခါရင်း ရယ်မောလိုက်ရသည်။
"ကဲပါ... မနောက်နဲ့တော့၊ မင်း မြေခွေးတိုင်းပြည်မှာတုန်းက ဘယ်သူမှ မင်းအမြီးတွေအကြောင်း ပြောမပြကြဘူးလား"
ဟွီယင် ခေါင်းခါလိုက်သည်။
"တကယ် ဘယ်သူမှ မပြောပြဖူးဘူး၊ အကြီးအကဲကြီးကတော့ အမြီးတွေကို သေချာဂရုစိုက်ပါလို့ပဲ မှာတယ်"
ရွှယ်အန်း တိတ်ဆိတ်စွာ တွေးတောနေလိုက်သည်။ အန်းယန်က မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
"ယောက်ျား... ယင်းအာရဲ့ အမြီးတွေက ဘာဖြစ်လို့လဲ"
"ဪ... ဘာမှမဟုတ်ပါဘူး၊ ချင်းချိုးမြေခွေးတိုင်းပြည်က အကြီးအကဲတွေက ဒီကောင်မလေးကို အရမ်းအလိုလိုက်ထားလွန်းတယ်လို့ တွေးမိလို့ပါ၊ ဒီလို အခြေခံဗဟုသုတလောက်တောင် မပြောပြဘဲ သူ့ကို ပျော်ပျော်နေတတ်တဲ့ ငနုံလေးအဖြစ် ထားထားကြတာကိုး"
"ညီမက ပျော်ပျော်နေတတ်တဲ့ ငနုံလေး မဟုတ်ပါဘူးနော်"
ဟွီယင် ဒေါသထွက်သွားသည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ငါလက်ခံပါတယ်၊ ဘာလို့လဲဆိုတော့ တခါတလေကျရင် မင်းက သိပ်မပျော်ရွှင်တတ်လို့လေ"
ဟွီယင်သည် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် အန်းယန်ဘက် လှည့်မေးလိုက်သည်။
"မမအန်းယန်... အစ်ကိုရွှယ်က ညီမကို လှောင်နေတာလားဟင်"
အန်းယန်မှာ ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး ဟွီယင်၏ ပါးကို မဆွဲဘဲ မနေနိုင်တော့ချေ။
"နင်လေးကတော့လေ... တကယ့်ကို ချစ်ဖို့ကောင်းသလို ဒေါသထွက်စရာလည်းကောင်းတဲ့ အမွှေစိန်လေးပဲ"
ရွှယ်အန်းက လေသံအေးအေးဖြင့် ရှင်းပြလိုက်သည်။
"ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ သွေးစည်းမျိုးနွယ်က မြင့်မြတ်တယ်၊ ရှေးဟောင်းခေတ်ဦးကာလကတည်းက ဆင်းသက်လာခဲ့တာဖြစ်ပြီး ဘယ်တော့မှ မပြတ်တောက်ခဲ့တဲ့ မျိုးရိုးစဉ်ဆက် ရှိတယ်၊ ကောင်းကင်မြေခွေးတွေရဲ့ စွမ်းအားကိုလည်း စကြဝဠာတိုင်းက တညီတညွတ်တည်း အသိအမှတ်ပြုထားကြတယ်"
"ပြီးတော့ ဒီအမြီးတွေက ကောင်းကင်မြေခွေး သွေးစည်းမျိုးနွယ် ဘယ်လောက်အထိ နိုးထလာသလဲဆိုတာကို ကိုယ်စားပြုတယ်"
"အမြီးသုံးချောင်းက သတ်မှတ်ချက်ပဲ၊ သုံးချောင်းအောက်ဆိုရင် သွေးစည်းမျိုးနွယ် မနိုးထသေးတဲ့ သာမန်မြေခွေးမျိုးနွယ်ဝင်တွေ ဖြစ်ပြီး သုံးချောင်းအထက်ဆိုရင်တော့ တဖြည်းဖြည်း နိုးထလာတာကို ပြတာပဲ၊ ဒီသဘောတရားအရဆိုရင် အမြီးခြောက်ချောင်း ပိုင်ဆိုင်ထားသူက ကောင်းကင်မြေခွေးတွေထဲမှာ ထူးချွန်တဲ့အဆင့်ရောက်နေပြီ"
ထိုစကားကို ကြားသောအခါ ဟွီယင်က ခေါင်းညိတ်လိုက်သည်။
"ဪ... ဒါကြောင့်ကိုး၊ အဲ့ဒီတုန်းက ညီမ ပတ်ဝန်းကျင်က မြေခွေးတွေ တော်တော်များများက အမြီးခြောက်ချောင်းပဲ ရှိကြတာ၊ ဒါပေမဲ့ အကြီးအကဲကြီးတွေကျတော့ အမြီးခုနစ်ချောင်း ရှိကြတယ်၊ အဲ့ဒါက ဘယ်အဆင့်လဲဟင်"
ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။
"ခုနစ်ချောင်းဆိုတာ ကောင်းကင်မြေခွေးတွေထဲမှာ အလွန်စွမ်းအားကြီးတဲ့သူတွေပဲ၊ ရှေးဟောင်းသွေးစည်းမျိုးနွယ်ရဲ့ အငွေ့အသက်တချို့ကိုတောင် ရရှိထားပြီးပြီ၊ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်နေရာမှာမဆို လျှော့တွက်လို့မရဘူး"
"ဒါဆို သမီးအစ်ကိုရော... သူက ဘယ်အဆင့်လဲ"
ဟွီယင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သူလား..."
ရွှယ်အန်း ပြုံးလိုက်သည်။
"မင်းအစ်ကိုက ငါ့ကို အကြိမ်တစ်သောင်းကျော် ရှုံးဖူးပေမယ့် ပါရမီနဲ့ သွေးစည်းမျိုးနွယ်အရဆိုရင်တော့ စကြာဝဠာရဲ့ ထိပ်တန်းအဆင့်မှာ တကယ်ရှိပါတယ်၊ အစက သူ အမြီးရှစ်ချောင်း နိုးထပြီးသား"
"အမြီးရှစ်ချောင်းတောင်..."
ဟွီယင် အံ့သြတကြီး ရေရွတ်လိုက်သည်။
"ဟုတ်တယ်။ အမြီးရှစ်ချောင်းဆိုရင် စစ်မှန်ကောင်းကင်မြေခွေးအဖြစ် ပြောင်းလဲဖို့ တစ်လှမ်းပဲ လိုတော့တာ၊ ဒါတောင်မှ မင်းအစ်ကိုက အင်မော်တယ်ဘုရင်အဆင့်ဖြစ်ကြောင်း သက်သေပြပြီးသား၊ သူသာ အဲ့ဒီတစ်လှမ်းကို လှမ်းလိုက်ရင် အင်မော်တယ်အင်ပါယာပြီးတော့ နတ်ဘုရားအဆင့်အထိတောင် ရောက်နိုင်တယ်"
"မိုက်လိုက်တာ..."
"ဒါပေါ့... ဒါကြောင့် ချင်းချိုးမြေခွေးတိုင်းပြည်က အကြီးအကဲတွေက မင်းကို အရမ်းအလိုလိုက်ထားလွန်းတယ်၊ ဒီလို အခြေခံဗဟုသုတလောက်တောင် မသင်ပေးဘူးလို့ ငါပြောတာပေါ့"
"ဟီးဟီး"
ဟွီယင်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ရွှယ်အန်းကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။
"ဒါဆို... အစ်ကိုရွှယ်၊ ညီမရဲ့ အမြီးတွေမှာ တခြားအသုံးဝင်ပုံတွေ ရှိသေးတယ်ပေါ့"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"
"ဒါဆို ညီမကို သင်ပေးလေ"
ဟွီယင်၏ မျက်လုံးများ တောက်ပလာသည်။ ရွှယ်အန်းမှာ ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။
"ယင်းအာ... မင်းက ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ မင်းသမီးလေးလေ၊ ဒါတွေကို ကောင်းကင်မြေခွေးမျိုးနွယ်က အကြီးအကဲတွေ၊ ဒါမှမဟုတ် မင်းအစ်ကိုက သင်ပေးရမှာ မဟုတ်ဘူးလား၊ ငါသာ သင်ပေးလိုက်ရင် ငါက စည်းကျော်ရာ မရောက်ဘူးလား"
"အာ... အစ်ကို ဘာတွေ လာပြောနေတာလဲ၊ သူတို့မကျေနပ်ရင် အစ်ကိုရွှယ်နဲ့ လာချခိုင်းလိုက်မယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အစ်ကို့ကို နိုင်မှ မနိုင်တာ"
ဟွီယင်က ထိုအရာသည် လောကတွင် အမှန်ကန်ဆုံး တရားတစ်ခုလို ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ ဟွီယင်၏ စကားကြောင့် ရွှယ်အန်း ရယ်မောလိုက်မိပြီး သူမ၏ နှာခေါင်းကို ဖွဖွလေး ဆွဲလိုက်သည်။
"မင်းက တကယ့်ကို ထိန်းမနိုင်သိမ်းမရ အမွှေစိန်လေးပါလား"
"ဟီးဟီး... ဒါဆို သင်ပေးမှာလားဟင်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး သူမထံသို့ နတ်ဘုရားအာရုံတစ်ခု တိုက်ရိုက်ပေးပို့လိုက်သည်။ ဟွီယင် အနည်းငယ် ကြောင်အမ်းသွားပြီး ခဏကြာမှ အံ့သြတကြီး ပြောလိုက်သည်။
"ဒါက ရှုပ်ထွေးလှချည်လား"
"မင်းက ဘယ်လိုထင်လို့လဲ၊ ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ အမြီးတွေက ကြောက်စရာကောင်းတဲ့ လက်နက်တွေပဲ၊ ကောင်းကောင်းအသုံးချတတ်ရင် နတ်ဘုရားလက်နက်တွေကိုတောင် ယှဉ်နိုင်တယ်၊ ဒါက မင်းအစ်ကို ငါ့ဆီမှာ ရှုံးလို့ ပေးလိုက်ရတဲ့ အရာတွေထဲက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်၊ အများကြီး ကျန်သေးတယ်၊ ဒါပေမဲ့ မင်းရဲ့ လက်ရှိအင်အားနဲ့ဆို အကုန်သင်ဖို့ မဖြစ်နိုင်သေးဘူး၊ ဘယ်လိုသုံးရမလဲဆိုတာ အရင်လေ့လာပြီး တဖြည်းဖြည်းချင်း စကျင့်သင့်တယ်"
ရွှယ်အန်းက ဟွီယင်ကို အကြံဉာဏ်အချို့ ပေးလိုက်သည်။ သူကိုယ်တိုင် ကျင့်ကြံထားခြင်း မဟုတ်သလို၊ လူသားတို့၏ ကျင့်စဉ်မဟုတ်သော်လည်း ရွှယ်အန်း၏ ဉာဏ်ပညာအမြော်အမြင်ဖြင့် ပေါ့ပေါ့ပါးပါး ပေးလိုက်သော အကြံဉာဏ်များက ဟွီယင်အတွက် များစွာ အကျိုးရှိစေသည်။
မကြာမီ ဟွီယင်သည် စိတ်အားထက်သန်စွာဖြင့် သူမ၏ အမြီးများကို စတင်စုစည်းလိုက်သည်။ ခဏကြာသောအခါ သူမ၏ အမြီးသုံးချောင်း ရုတ်တရက် ပျောက်ကွယ်သွားပြီး အလင်းရောင်များ စုစည်းကာ 'ကိုယ်ပွား' သုံးခုအဖြစ် ပြောင်းလဲသွားသည်။
ဤကိုယ်ပွားသုံးခုသည် ဟွီယင်နှင့် ထပ်တူကျနေပြီး သာမန် ဂါထာမန္တန်များဖြင့် ဖန်တီးထားသော ကိုယ်ပွားများနှင့်မတူပေ။ အမြီးများမှတစ်ဆင့် ပြောင်းလဲထားခြင်း ဖြစ်သောကြောင့် အစစ်အမှန်နှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီလွန်းနေပေသည်။