← Chapters

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အခန်း (၁၀၄၅) - ဖိတ်ကြားလွှာတစ်စောင်

"သွားကြစို့"

ကျင်းရှုန်းက အေးစက်စွာ အမိန့်ပေးလိုက်ပြီး နှာခေါင်းမှ သွေးများစီးကျနေသော သခင်မကျင်းကို ဦးဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ဝမ်ခယ်အား ဖြတ်ကျော်သွားချိန်တွင် သူသည် ထိုစားပွဲထိုးလူငယ်လေးကို နက်နက်ရှိုင်းရှိုင်း တစ်ချက် စူးစိုက်ကြည့်လိုက်မိသည်။ သူ၏ မျက်ဝန်းနက်ထဲတွင် ဝေခွဲမရဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ခယ်သည် မည်သည့်ထူးခြားမှုမှမရှိသော သာမန် စားပွဲထိုးလေးတစ်ဦးသာ ဖြစ်သည်ကို သူသိသောကြောင့်ဖြစ်သည်။ ဒါဆိုရင် ဘာကြောင့် ဟိုလူငယ်က ဒီလို သာမန် ပုရွက်ဆိတ်တစ်ကောင်အတွက် သီးသန့်မှာကြားခဲ့တာလဲ၊ တခြား လျှို့ဝှက်ချက်များ ရှိနေမလား?

ကျင်းရှုန်းသည် စဉ်းစားသော်လည်း အဖြေမပေါ်ခဲ့ပေ။ ရွှယ်အန်း၏ လုပ်ရပ်သည် လူတစ်ဖက်သားအပေါ် လေးစားမှုထားခြင်း သနားခြင်း သက်သက်သာဖြစ်ကြောင်း သူ လုံးဝ ထည့်မတွက်ခဲ့မိခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးထဲတွင် ဝမ်ခယ်ကဲ့သို့ လူမျိုးသည် သူ မွေးမြူထားသော ဝိညာဉ်သားရဲတစ်ကောင်လောက်ပင် တန်ဖိုးမရှိဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

ကျင်းရှုန်းသည် နားမလည်နိုင်သော မျက်နှာဖြင့် ထွက်ခွာသွားသည်။ ယခင်က မောက်မာဝင့်ကြွားခဲ့သော သခင်မကျင်းမှာမူ ယခုအခါ များစွာငြိမ်ကျသွားပြီး ဝမ်ခယ်ကိုပင် လှမ်းမကြည့်ရဲတော့ဘဲ ခေါင်းငုံ့ကာ သုတ်သုတ်ပြာပြာ လိုက်ပါသွားလေသည်။

ဝမ်ခယ်သည် ထောင့်တစ်နေရာတွင် ရပ်ကာ ကျင်းမိသားစုဝင်များ အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း ကွေးညွှတ်လာသည်။ ထိုအပြုံးသည် အလွန်ပင် လွတ်လပ်ပေါ့ပါးနေသော်လည်း ပြုံးနေရင်းပင် သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် စီးကျလာလေသည်။

...

နေအိမ်သို့ ပြန်လာသော လမ်းခရီးတွင် အန်းယန်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ သူတို့ သွားလိုရာခရီး ရောက်ခါနီးမှသာ အန်းယန်က မနေနိုင်တော့ဘဲ လှမ်းခေါ်လိုက်သည်။

"ယောက်ျား"

"ဟင်"

ရွှယ်အန်းက အန်းယန်ကို ငုံ့ကြည့်လိုက်သည်။

"ရန်အာ... ဘာဖြစ်လို့လဲ"

အန်းယန် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

ထိုသို့ ပြောလိုက်သော်လည်း အန်းယန်၏ မျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ပေါ်လွင်နေသည်။ အန်းယန် အဘယ်ကြောင့် စိတ်မသက်မသာ ဖြစ်နေသည်ကို ရွှယ်အန်း သဘာဝကျကျ နားလည်လိုက်ပြီး ပြုံး၍ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"ခုနက ကိုယ်လုပ်လိုက်တာ အရမ်းကြမ်းတမ်းတယ်လို့ မင်းထင်နေတာမလား"

အန်းယန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ယောက်ျား... ကျွန်မက..."

ရွှယ်အန်းက ပြုံး၍ လက်ကာပြကာ အန်းယန်၏ စကားကို တားလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ရန်အာ... စကြာဝဠာထဲက အရေးကြီးတဲ့ ကစားပွဲစည်းမျဉ်းတစ်ခုကို မင်းနားမလည်သေးတာ ဖြစ်လိမ့်မယ်"

အန်းယန် ကြောင်အမ်းသွားသည်။

"ဘာစည်းမျဉ်းလဲ"

"လူတိုင်းက ကိုယ်ပြောတဲ့စကားအတွက် ကိုယ်တာဝန်ယူရမယ်၊ ဘယ်သူပဲဖြစ်ဖြစ် ပြုလုပ်လိုက်တဲ့ အကြောင်းတရားတိုင်းအတွက် ထိုက်သင့်တဲ့ အကျိုးရလဒ်ကို ပြန်ပေးဆပ်ရမယ်ဆိုတာပဲ"

"ပြီးတော့... ကိုယ့်ရဲ့ ခံစားချက်ကို မင်းနားလည်မှာ မဟုတ်သေးဘူး"

ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။

"လူတော်တော်များများရဲ့ အမြင်မှာတော့ အဲ့ဒီကောင်လေးက နှုတ်နဲ့ ခြိမ်းခြောက်ရုံ သက်သက်ပဲ၊ သတ်လောက်တဲ့အထိ အပြစ်မကြီးဘူးလို့ ထင်ကြလိမ့်မယ်၊ ဒါပေမဲ့ ကိုယ့်အမြင်မှာတော့ ကိုယ့်မိသားစုကို ဘယ်သူပဲဖြစ်ဖြစ် လာခြိမ်းခြောက်ရဲရင် ရလဒ်ကတစ်ခုတည်းပဲ ရှိတယ်၊ အဲ့ဒါကတော့ ဝိညာဉ်ပါမကျန် ဖျက်ဆီးခံရပြီး ဒီလောကကြီးထဲကနေ လုံးဝ ပျောက်ကွယ်သွားစေရမယ်ဆိုတာပဲ"

အန်းယန်သည် စဉ်းစားဆင်ခြင်ဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း မနေနိုင်ဘဲ ဆက်ပြောသည်။

"ယောက်ျား... ကျွန်မလည်း အဲ့ဒီကောင်လေးကို တကယ်မုန်းပါတယ်၊ အထူးသဖြင့် သူ့ရဲ့ ယုတ်မာတဲ့ စကားတွေကိုပေါ့၊ ဒါပေမဲ့ ရှင်က ရှန်းရှန်းနဲ့ နျန်နျန်ရဲ့ ရှေ့မှာ လုပ်လိုက်တာဆိုတော့... ကလေးတွေအတွက်..."

ရွှယ်အန်း ပြုံးလိုက်ပြီး ရှေ့တွင် မုန့်စားကာ သွားနေသော ကလေးမလေးနှစ်ယောက်ဆီ မှီအောင် အပြေးလိုက်သွားသည်။

"ရှန်းရှန်း... နျန်နျန်... သမီးတို့ ဘယ်လိုထင်လဲ၊ ခုနက ဖေဖေလုပ်လိုက်တာ မှန်ရဲ့လား"

ရှန်းရှန်းက တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ဖေဖေ လုပ်လိုက်တာ မှန်တယ်"

"အိုး... ဘာလို့ အဲ့ဒီလို ပြောတာလဲ"

ရွှယ်အန်းက ပြုံး၍ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲ့ဒီကောင်လေးက တကယ် ဆိုးရွားလွန်းတယ်၊ အထူးသဖြင့် သူပြောတဲ့ စကားတွေက သိပ်ယုတ်မာတယ်၊ စဉ်းစားကြည့်ပါလား၊ တကယ်လို့ သူက သမီးတို့နဲ့ မတွေ့ဘဲ တခြားမိန်းကလေးတစ်ယောက်ယောက်နဲ့သာ တွေ့ခဲ့ရင် သူ့ရဲ့ မကောင်းတဲ့စိတ်က အောင်မြင်သွားနိုင်တယ်၊ ဒါကြောင့် သူက လူဆိုးပဲ၊ ဖေဖေ သတ်လိုက်တာ သူ့အပြစ်နဲ့သူပဲ"

ရှန်းရှန်းက အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ရွှယ်အန်း ပြုံးလိုက်ပြီး ရှန်းရှန်း၏ ဆံပင်ကို ဖွလိုက်သည်။

"လိမ္မာလိုက်တဲ့ သမီးလေး"

ထို့နောက် သူက ဘေးနားရှိ နျန်နျန်ဘက် လှည့်ကြည့်လိုက်သည်။

"နျန်နျန်ကရော... ဘယ်လိုထင်လဲ"

နျန်နျန်က ပါးစပ်ထဲမှ မုန့်ကို မျိုချလိုက်ပြီး မျက်မှောင်ကြုတ်ကာ အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"သမီးထင်တာကတော့ ဟိုဆိုင်က ပင်လယ်စာတွေက တကယ်ကောင်းတယ်၊ ဖေဖေ... သမီးတို့ ဘယ်တော့ ထပ်သွားစားကြမလဲဟင်"

ဤစကားကြောင့် ရွှယ်အန်း၊ အန်းယန်နှင့် ရှန်းရှန်းတို့ပါ အနည်းငယ် ကြောင်အမ်းသွားကြသည်။ ရှန်းရှန်းသည် နျန်နျန်၏ ဖောင်းနေသော ပါးမို့မို့လေးကို ဆွဲညှစ်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"နျန်နျန်... နင် တခြားအကြောင်း ဘာမှ မတွေးတတ်တော့ဘူးလား"

"ဘာတွေတွေးစရာလိုလို့လဲ၊ သမီစိတ်ထဲမှာတော့ စားတာထက် အရေးကြီးတာ ဘာမှမရှိဘူး၊ စားရတာက လောကမှာ အပျော်ဆုံးပဲ"

နျန်နျန်က အမှန်တရားတစ်ခုလို ပြောလိုက်သည်။ ရှန်းရှန်းမှာ စိတ်ပျက်လွန်းသဖြင့် ခြေဆောင့်လိုက်မိသည်။ ထိုစကားကို ကြားသောအခါ ရွှယ်အန်းက အားပါးတရ ရယ်မောလိုက်ပြီး အန်းယန်ကို မျက်စိတစ်ဖက် မှိတ်ပြကာ သူမ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ယန်အာ... တွေ့လား၊ ကလေးတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့၊ သူတို့ရဲ့ အတွေးတွေက မင်းထက်တောင် ပိုတော်နေနိုင်သေးတယ် ဟုတ်တယ်မလား"

အန်းယန်သည် အစောက သူမ၏ သမီးနှစ်ယောက် စိတ်ဒဏ်ရာရသွားမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် သူမ၏ စိုးရိမ်မှုမှာ မလိုအပ်ကြောင်း သိလိုက်ရသဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"အွန်း"

မိသားစုလိုက်ပျော်ရွှင်စွာဖြင့် နေအိမ်သို့ ပြန်ရောက်သောအခါ လေထုအခြေအနေမှာ အနည်းငယ် ထူးခြားနေသည်ကို တွေ့လိုက်ရသည်။ ဧည့်ခန်းထဲတွင် လူများ ပြည့်နေသည်။ မုန်လဲ့နှင့် ကျိုးယန်ယန်တို့လည်း ထိုအထဲတွင် ပါဝင်နေပြီး သူတို့၏ မျက်နှာထားများမှာ အလွန် လေးနက်တည်ကြည်နေသည်။ ရွှယ်အန်းကို မြင်သောအခါ ကျိုးယန်ယန်နှင့် မုန်လဲ့၊ နှစ်ယောက်စလုံး မတ်တတ်ထရပ်လိုက်ကြသည်။

"သခင်ကြီး"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

မုန်လဲ့က သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ရွှယ်အန်းကို ဖိတ်ကြားလွှာတစ်စောင် ကမ်းပေးလိုက်သည်။

"ကြည့်ပါဦး၊ ဒီနေ့ နေ့လယ်ကမှ လာပို့သွားတာ"

ရွှယ်အန်း ဖိတ်ကြားလွှာကို ယူ၍ ဖွင့်ဖတ်လိုက်သည်။ သူခေတ္တမျှ အံ့သြသွားပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ"

သူတို့သည် ဖိတ်ကြားလွှာကိုရွှယ်အန်း မြင်သောအခါ မျက်နှာပျက်သွားမည် သို့မဟုတ် အနည်းဆုံးတော့ တည်တန့်သွားမည်ဟု ထင်ထားခဲ့သော်လည်း ယခုလို ပြုံးလိုက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အတော်ပင် ကြောင်သွားသည်။

"သခင်ကြီး... ဘယ်လိုထင်လဲ"

"ဘယ်လိုထင်ရမလဲ၊ ဒီဧကရီဘုရင်မကြီးကတောင် စားသောက်ပွဲ လာတက်ဖို့ ဖိတ်ခေါ်မှတော့ သွားပြီး ပွဲကြည့်ရတာပေါ့"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဖိတ်ကြားလွှာမှာ မြို့စားမင်းအိမ်တော်ရှိ ကျိန်စာဘုရင်မထံမှ ဖြစ်သည်။ စာထဲတွင် မနက်ဖြန်ည စားသောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အရပ်ရပ်မှ အစွမ်းထက် ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း ရွှယ်အန်းကိုလည်း တက်ရောက်စေလိုကြောင်း ရှင်းလင်းစွာ ရေးသားထားသည်။ ရွှယ်အန်း၏ တုံ့ပြန်မှုကြောင့် မုန်လဲ့ ကြောင်အမ်းသွားပြီး အတော်ကြာမှ နားမလည်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။

"သခင်ကြီး... တကယ်သွားမလို့လား"

"သွားမှာပေါ့... ဘာလို့ မသွားရမှာလဲ"

ရွှယ်အန်းက ပြုံး၍ ပြန်ဖြေသည်။ မုန်လဲ့ ရွှယ်အန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ အမှန်တကယ်တော့ ဖိတ်ကြားလွှာကို လက်ခံရရှိကတည်းက သူ့ရင်ထဲတွင် ကြောက်ရွံ့စိုးရိမ်မှုများ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကျိန်စာဘုရင်မသည် ဖန်ထျန်းနယ်မြေတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ကျိန်စာသင့်မြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သဖြင့် ကြီးမားသော အာဏာစက်ကို တည်ဆောက်ထားနိုင်သူ ဖြစ်သည်။ ကျိုးမိသားစုကို ရင်ဆိုင်ရချိန်တွင် မုန်လဲ့၌ ယုံကြည်မှုအနည်းငယ် ရှိသေးသော်လည်း ကျိန်စာဘုရင်မနှင့် ရင်ဆိုင်ရမည်ဆိုလျှင်မူ သူ အမှန်ပင် ကြောက်ရွံ့နေမိသည်။

အထူးသဖြင့် ဖိတ်ကြားလွှာကို သူတို့နေထိုင်ရာ တိုက်ခန်းငယ်လေးအထိ လာပို့သွားခြင်းက ရွှယ်အန်း ဤနေရာတွင် ရှိနေကြောင်းကို ဘုရင်မကြီး အစကတည်းက သိနေသည်ဟု ဆိုလိုရာ ရောက်သည်။ တကယ်တမ်းတွင် ဤပုန်းခိုရာနေရာကို အရေးကြုံလာလျှင် ထွက်ပြေးပုန်းရှောင်ရန် လျှို့ဝှက်နေရာတစ်ခုအဖြစ် မုန်လဲ့ သေချာပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျိန်စာဘုရင်မ၏ ရှေ့မှောက်တွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိနိုင်ပေ။ မုန်လဲ့ တွေးလေလေ ပို၍ ကြောက်လေလေ ဖြစ်လာသည်။ သို့သော် ရွှယ်အန်း၏ တည်ငြိမ်အေးဆေးသော တုံ့ပြန်မှုမှာ နေရာနှင့် မလိုက်ဖက်လွန်းသဖြင့် မုန်လဲ့အတွက် ရယ်ချင်စရာပင် ဖြစ်နေသည်။

"သခင်ကြီး... ဒါ သေးမွှားတဲ့ကိစ္စ မဟုတ်ဘူးနော်၊ သေချာ ပြန်စဉ်းစားသင့်တယ် ထင်တယ်"

မုန်လဲ့က တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"စဉ်းစားမယ် ဟုတ်လား"

ရွှယ်အန်းက ခေါင်းခါလိုက်ပြီး ဘေးနားရှိ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ကျိုးယန်ယန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျိုးမိသားစုလည်း ဒီစားသောက်ပွဲကို သေချာပေါက် ရောက်လာလိမ့်မယ်၊ အချိန်ကျရင် မင်း ငါနဲ့အတူ လိုက်ခဲ့"

"ကျွန်မလည်း လိုက်ရမှာလား"

ကျိုးယန်ယန် မှင်သက်သွားသည်။ ရွှယ်အန်း ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါပေါ့”

အခန်း (၁၀၄၆) - နတ်ဘုရားအင်းကွက်များ၏ ဆန်းကြယ်သော အသုံးဝင်ပုံများ

"ဒါပေမဲ့..."

ကျိုးယန်ယန် နှုတ်ဖျားမှ တိုးညှင်းသော စကားသံထွက်ပေါ်လာပြီး မျက်နှာတွင် တွေဝေမှုများ အထင်းသား ပေါ်နေသည်။

ရွှယ်အန်းက သူမကို တစ်ချက်သာ စောင်းငဲ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းအပိုင်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်လိုချင်သေးရင် ကောင်းကောင်းပြင်ဆင်ပြီး မနက်ဖြန် ငါနဲ့အတူ လိုက်ခဲ့၊ မဟုတ်ရင်တော့ အားလုံးကို မေ့လိုက်တော့"

ထို့နောက် ရွှယ်အန်းသည် အန်းယန်နှင့် မိသားစုကို ခေါ်ဆောင်ကာ အပေါ်ထပ်သို့ တန်းတက်သွားပြီး ဧည့်ခန်းထဲတွင် ကျန်ခဲ့သော လူများကို ကြောင်အမ်းအမ်းဖြင့် ချန်ထားရစ်ခဲ့လေသည်။

"သခင်မလေး... ဘယ်လို စီစဉ်မလဲ"

မုန်လဲ့က တွန့်ဆုတ်စွာ မေးလိုက်သည်။

ကျိုးယန်ယန်၏ မျက်နှာအမူအရာသည် အစပိုင်းတွင် မရေမရာ ဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် မျက်ဝန်းများမှာ ပြတ်သားလာသည်။ နောက်ဆုံးတွင် သူမသည် ခေါင်းကို မော့လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဦးလေးမုန်... သမီး သွားမယ်"

မုန်လဲ့ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ကျိုးယန်ယန်က လက်ကာပြကာ လေးနက်စွာ ဖြတ်ပြောလိုက်သည်။

"ဦးလေးမုန်... ဘာမှ ဆက်ပြောမနေပါနဲ့တော့၊ ဦးလေး ဘာဆိုလိုချင်လဲဆိုတာ သမီး နားလည်ပါတယ်၊ သမီး ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တော်ကြောင်း သက်သေပြချင်လို့ သွားမှာ မဟုတ်သလို၊ တစ်စုံတစ်ခုကို ပြန်လိုချင်လို့ သွားမှာလည်း မဟုတ်ပါဘူး"

"တကယ်တမ်း သမီးသွားချင်တဲ့ အကြောင်းရင်းက ဒီစားသောက်ပွဲက သခင်ကြီးရွှယ်အတွက် အများကြီး အားနည်းချက် ရှိနေလို့ပါ"

"ကျိုးမိသားစုလည်း သွားကြမှာဖြစ်သလို ကောင်းကင်အဆောင်တော်ဂိုဏ်းက လူတွေလည်း သေချာပေါက် ရောက်လာကြမှာ၊ ကျိန်စာဧကရီရဲ့ သဘောထားကို မသိရသေးပေမယ့် ကောင်းမွန်တဲ့ဘက်မှာတော့ ရှိမနေလောက်ဘူး၊ ဒီလို အစွမ်းထက်တဲ့ ရန်သူတွေ ဝိုင်းနေတဲ့ အခြေအနေမျိုးက တကယ် အန္တရာယ်များပါတယ်"

"ဒါပေမဲ့ ဒီကိစ္စတွေ အားလုံးက သမီးကြောင့် အများကြီး ဖြစ်လာရတာလေ၊ ဒီအချိန်မှာ သမီးက နောက်ဆုတ်နေပြီး သမီးကို ကူညီခဲ့တဲ့ သခင်ကြီးရွှယ်ကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလို့ မဖြစ်ဘူး"

"ဦးလေး ပြောဖူးတယ်မလား... ရေတစ်စက် ကျေးဇူးရှိဖူးရင် စမ်းချောင်းတစ်ခုလို ပြန်ပေးဆပ်ရမယ် ဆိုတာလေ၊ ဒါကြောင့် ဒီတစ်ခေါက် သမီး သခင်ကြီးရွှယ်နဲ့အတူ အသက်ရှင်ရင် အတူတူ၊ သေရင် အတူတူ ရင်ဆိုင်မယ်"

ဤစကားများကို ပြောလိုက်ချိန်တွင် ကျိုးယန်ယန်၏ မျက်နှာထားမှာ မယုံကြည်နိုင်လောက်အောင် တည်ငြိမ်နေသော်လည်း မျက်လုံးများမှာမူ ယခင်က မမြင်ဖူးလောက်အောင် တောက်ပနေလေသည်။ မုန်လဲ့သည် သူမကို ကြည့်ပြီး အနည်းငယ် မှင်သက်သွားပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာကာ အားပါးတရ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ဒါမှ ကျိုးမိသားစုဝင် စစ်စစ်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်မျိုး၊ ဒီတစ်ခေါက် ကျွန်တော် မုန်လဲ့လည်း ရှိသမျှ အကုန်ပုံအောပြီး သခင်ကြီးရွှယ်နဲ့အတူ လိုက်ပါ့မယ်"

"ဦးလေးမုန်... ရှင်က..."

ကျိုးယန်ယန် ထိတ်လန့်သွားပြီး တားရန် ပြင်လိုက်သည်။ မုန်လဲ့က လက်ကာပြလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျွန်တော့် ကျင့်ကြံမှုအဆင့်နဲ့ အဆင့်အတန်းက ဟိုအထက်စီးက လူတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပေမယ့် ကျွန်တော်တို့က သူတို့ အလွယ်တကူ နင်းချေလို့ရတဲ့ ပုရွက်ဆိတ်တွေ မဟုတ်ဘူး၊ ကျောရိုးရှိမရှိ ယှဉ်ရမယ်ဆိုရင် ကျွန်တော့်လူတွေကလည်း သူရဲဘောကြောင်တဲ့ကောင်တွေ မဟုတ်ဘူး"

ထိုသို့ပြောကာ မုန်လဲ့က အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်ပြီး တိုးညှင်းသော်လည်း ပြတ်သားသောအသံဖြင့် မေးလိုက်သည်။

"ရဲဘော်တို့... မနက်ဖြန် ငါနဲ့အတူ ဒီစွန့်စားခန်းကို လိုက်ရဲကြလား"

ဧည့်ခန်းထဲရှိ သင်္ဘောသား အားလုံးသည် လေးနက်သော မျက်နှာထားဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

"သေသည်အထိ တိုက်ပွဲဝင်ပါ့မယ်"

အခန်းတစ်ခုလုံး ဟိန်းထွက်သွားသော အသံကြောင့် မုန်လဲ့က အားပါးတရ ရယ်မောလိုက်သည်။

"ကောင်းပြီ... မနက်ဖြန်ကျရင် ငါတို့ သင်္ဘောသားတွေ ဘယ်လောက် သွေးရဲသလဲဆိုတာ မြို့ထဲက အထက်လူကြီးတွေကို ပြလိုက်ကြတာပေါ့"

...

အပေါ်ထပ်သို့ ရောက်သောအခါ ဟွီယင်နှင့် ရှောင်ယွီတို့သည် မှော်ရတနာမျှော်စင်ထဲသို့ ပြန်ဝင်သွားကြသည်။ အန်းယန်က မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။

"ယောက်ျား... ဒီစားသောက်ပွဲက ဘာအတွက်လဲဟင်"

"ဖြစ်နိုင်တာကတော့ မကြာခင် ပေါ်လာတော့မယ့် နတ်ဘုရားအင်းကွက်ကြောင့် နေမှာပါ"

"ယောက်ျား... ရှင် ဒီရက်ပိုင်း နတ်ဘုရားအင်းကွက်အကြောင်း ခဏခဏ ပြောနေတာ ကြားတယ်၊ အဲ့ဒါက တကယ်တမ်း ဘာကြီးလဲ"

အန်းယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။

"နတ်ဘုရားအင်းကွက် ဆိုတာက ကျဆုံးသွားတဲ့ ရှေးဟောင်းနတ်ဘုရားတွေဆီကနေ ပေါ်ထွက်လာတဲ့ မန္တန်အင်းကွက် တစ်မျိုးပါ"

"မင်းသိတဲ့အတိုင်းပဲ၊ လေနတ်ဘုရားမျိုးနွယ်တွေရဲ့ စွမ်းအားက ကြီးမားလေပဲ၊ အခုခေတ် နတ်ဘုရားမျိုးနွယ်တွေရဲ့ စွမ်းအားက တော်တော် ယိုယွင်းကျဆင်းသွားပြီ၊ ရှေးခေတ်တုန်းကဆိုရင် ဒီရှေးဟောင်းနတ်ဘုရားတွေက မိုးမြေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိကြတယ်၊ အဲ့ဒီအထဲမှာ စစ်မှန်နတ်ဘုရား တွေ ပါတယ်၊ ပြောရရင် အင်မော်တယ်ဘုရင်နဲ့ အင်မော်တယ်အင်ပါယာအဆင့်လောက် ရှိတဲ့သူတွေပေါ့"

"ဒီရှေးဟောင်းနတ်ဘုရားတွေ ကျဆုံးပြီးနောက်မှာ သူတို့ဆီကနေ နတ်ဘုရားအင်းကွက်တွေ ပေါ်ထွက်လာတတ်တယ်"

"အဲ့ဒီ နတ်ဘုရားအင်းကွက်တွေက ဘာလုပ်လို့ရလဲ"

အန်းယန်က မေးပြန်သည်။

"ပြောရရင်တော့ အသုံးဝင်ပုံတွေက အကန့်အသတ်မရှိအောင် များပြားတယ်၊ ဒါပေမဲ့ တော်တော်များများကတော့ နတ်ဘုရားမျိုးနွယ်တွေ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီး ချဲ့ကားပြောထားတာတွေပါ၊ ဒါပေမဲ့ အရေးအကြီးဆုံး အသုံးဝင်ပုံ တစ်ခုကိုတော့ ကိုယ်သိထားတယ်"

"ဘာလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဒီနတ်ဘုရားအင်းကွက်တွေက အဆောင်ရတနာတွေရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်တယ်"

"အဆောင်ရတနာ အဆင့်ကို မြှင့်တင်ပေးနိုင်တယ် ဟုတ်လား"

အန်းယန် အံ့အားသင့်သွားပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"ယောက်ျား... ရှင် ပြောချင်တာက..."

ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကိုယ်တို့ရဲ့ မှော်ရတနာမျှော်စင်က လောလောဆယ် အဆင်ပြေနေသေးပေမယ့် မကြာခင်မှာ အဆင့်မြှင့်တင်ဖို့ လိုလာလိမ့်မယ်၊ ဒါကြောင့် အခုက အခွင့်ကောင်းပဲ"

ထိုအခါမှ ရွှယ်အန်း အဘယ့်ကြောင့် ကျိန်စာသင့်မြို့တော်တွင် စောင့်ဆိုင်းနေရသလဲ ဆိုသည်ကို အန်းယန် နားလည်သွားတော့သည်။

"ဒါပေမဲ့... ဖန်ထျန်းနယ်မြေက အစွမ်းထက် ပုဂ္ဂိုလ်တွေက အလွယ်တကူ လက်လျော့ကြပါ့မလား"

အန်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။ ရွှယ်အန်းသည် နှုတ်ခမ်းနားတွင် ဝဲကျနေသော အန်းယန်၏ ဆံနွယ်စတစ်မျှင်ကို ဖွဖွလေး ကစားရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သူတို့ လက်လျော့တယ်ဖြစ်စေ၊ မလျော့တယ်ဖြစ်စေ၊ ဒီနတ်ဘုရားအင်းကွက်ကို ယူမယ်လို့ ကိုယ်ဆုံးဖြတ်ပြီးပြီ၊ အဲ့ဒီအချိန်ကျရင်... သူတို့ လက်လှမ်းမမီတော့ပါဘူး"

...

ရွှယ်အန်း ပြောခဲ့သည့်အတိုင်းပင် ဤစားသောက်ပွဲ၏ အတိုင်းအတာသည် အလွန် ကျယ်ပြန့်လှသည်။ မြို့ထဲရှိ အထက်တန်းလွှာ မိသားစုများ၊ အရပ်ရပ်မှ ရောက်ရှိနေကြသော အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးသည် မြို့စားမင်းအိမ်တော်မှ ဖိတ်ကြားလွှာများကို လက်ခံရရှိကြသည်။

ဤသို့ အကဲဆတ်သော အချိန်ကာလတွင် ကျိန်စာဧကရီက ရုတ်တရက် စားသောက်ပွဲ ကျင်းပခြင်းသည် လူအများ ကောင်းစွာ နားလည်ထားသော အဓိပ္ပာယ်တစ်ခု ရှိနေပေသည်။ ထို့ကြောင့် စားသောက်ပွဲ မစတင်မီကပင် အရိပ်ထဲ၌ မုန်တိုင်းကြီးတစ်ခု စတင်ဖွဲ့တည်နေပြီဖြစ်သည်။

စားသောက်ပွဲက ကျိန်စာသင့်မြို့တော် တစ်ခုလုံးကို လှုပ်ခတ်စေခဲ့သလို လူတိုင်းအတွက် စိမ်းနေသော နာမည်တစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။

"ရွှယ်အန်းဆိုတာ ဘယ်သူလဲ၊ ဘာလို့ သူကလည်း ဧကရီကြီးဆီက ဖိတ်ကြားလွှာ ရထားတာလဲ"

လူတစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။

"ငါမှတ်မိပြီ... သူက ကျိုးမိသားစုမှာ ပြဿနာအကြီးအကျယ်ရှာပြီး ကောင်းကင်အဆောင်တော်ဂိုဏ်းက ရှုပေါင်ကို သတ်ခဲ့တဲ့သူ မဟုတ်လား"

နောက်တစ်ယောက်က ပြန်ဖြေသည်။

"အေး... ဟုတ်တယ်၊ အဲ့ဒီလူပဲ၊ သူပါ ဖိတ်ကြားလွှာ ရလိမ့်မယ်လို့ ထင်မထားဘူး၊ ကျွတ်... ကျွတ်... ပွဲကတော့ စည်ဦးမှာပဲ"

"ဒါပေါ့... ကျိုးမိသားစုကို ထားလိုက်ဦး၊ ကောင်းကင်အဆောင်တော်ဂိုဏ်းက လူတွေကတော့ သူ့ကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ အထူးသဖြင့် နာမည်ကျော် ဂိုဏ်းသားကြီး ခန်းဟွာကျန်း မြို့ထဲရောက်နေတာဆိုတော့ ဒီစားသောက်ပွဲက တော်တော် ကြည့်ကောင်းလိမ့်မယ်"

နောက်တစ်ယောက်က သက်ပြင်းချရင်း ဝင်ပြောသည်။

"ငါ့အထင် ပြောရရင်တော့ ဒီရွှယ်အန်းဆိုတဲ့လူက စားသောက်ပွဲ လာတက်မှာ မဟုတ်ဘူး၊ လာတက်ရင် သေသွားဖို့ပဲ ရှိတာလေ"

လူတစ်ယောက်က အခိုင်အမာ ပြောလိုက်သည်။ လူအတော်များများက ထိုကောက်ချက်ကို သဘောတူကြသည်။

"မှန်တယ်... ငါလည်း သူလာမှာ မဟုတ်ဘူးလို့ ထင်တယ်၊ အန္တရာယ်ရှိမှန်း အရူးတောင် သိတာပဲလေ၊ တစ်ဖွဲ့လုံးကို သူတစ်ယောက်တည်း နိုင်မယ်လို့ ယုံကြည်ချက်ရှိရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ ဖြစ်နိုင်ပါ့မလား"

ဆွေးနွေးငြင်းခုံမှုများကြားတွင် ကျိုးမိသားစု အိမ်တော်နောက်ဘက်၌ ကျိုးသခင်မကြီးသည် ဒေါသတကြီးဖြင့် ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးပြီးနောက် သံတမန်နှစ်ဦးကို လက်ဆောင်ပဏ္ဏာများစွာဖြင့် မြို့စားမင်းအိမ်တော်နှင့် ကောင်းကင်အဆောင်တော်ဂိုဏ်းတို့ထံ စေလွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျိန်စာသင့်မြို့တော်၏ ထောင့်တစ်နေရာတွင် ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်လုံး တည်ရှိသည်။ ၎င်းမှာ ကျင်းမိသားစု၏ နေအိမ်ဖြစ်သည်။

ကျင်းမိသားစု၏ စာကြည့်ခန်းထဲတွင်...၊ ကျင်းရှုန်းသည် လက်အောက်ငယ်သားများ ပေးပို့လာသော စုံစမ်းစစ်ဆေးမှု ရလဒ်များကို ကြည့်ရင်း မျက်နှာထား မည်းမှောင်နေသည်။

"ရွှယ်အန်း... ဟားဟား၊ မင်းက ကျိုးမိသားစုရော ကောင်းကင်အဆောင်တော်ဂိုဏ်းကိုပါ ပြစ်မှားထားတဲ့ ရွှယ်အန်း ဖြစ်နေလိမ့်မယ်လို့ ငါထင်မထားဘူး"

ထိုသို့ပြောကာ ကျင်းရှုန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"အရှင်... ဒီကောင်က အရမ်းမောက်မာလွန်းတယ်၊ ကျိုးမိသားစုနဲ့ ပူးပေါင်းပြီး သူ့ကို သတ်ပစ်လိုက်သင့်တယ် မဟုတ်လား"

သခင်မကျင်းက ရှေ့တိုးလာပြီး နာကြည်းသော မျက်နှာဖြင့် မေးလိုက်သည်။ ကျင်းရှုန်း ခေါင်းခါလိုက်သည်။

"လောစရာ မလိုဘူး"

"ဒါဆို ချွင်းအာအတွက် လက်စားချေဖို့ကို မေ့လိုက်တော့မှာလား"

သခင်မကျင်းက မကျေမနပ် ပြောလိုက်သည်။

"လက်စားချေရမှာပေါ့... သေချာပေါက် လက်စားချေရမှာပေါ့"

ကျင်းရှုန်းက အမုန်းတရားပြည့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကောင့်ရဲ့ စွမ်းအားကို လျှော့တွက်လို့မရဘူး၊ အနည်းဆုံးတော့ ငါ့အနေနဲ့ သူ့ကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး"

"ဒါဆို ဘာလုပ်ကြမလဲ"

ထိုစကားကို ကြားသောအခါ ကျင်းရှုန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ငါ မနိုင်ပေမယ့် တခြားတစ်ယောက်က နိုင်မှာပါ"

"ဟင်"

သခင်မကျင်း အံ့အားသင့်သွားသည်။

ကျင်းရှုန်းသည် ကောင်းကင်မြောက်ဘက်ရှိ တောက်ပသော ကြယ်တစ်လုံးကို မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။

"မနက်ဖြန်ဆိုရင် အဲ့ဒီကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး ဒီကို ဆင်းသက်လာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ရွှယ်အန်းလောက်တင်မကဘူး၊ ဧကရီကြီး ကိုယ်တိုင်တောင် သူ့ကို အရိုအသေပေးရလိမ့်မယ်”

အခန်း (၁၀၄၇) - ခင်ပွန်းသည်ပီသကြောင်း သက်သေပြရန် သင်ခန်းစာပေးခြင်း

"ယန်အာ... မှော်ရတနာမျှော်စင်မှာ ပြန်မနေပါနဲ့တော့လား၊ ဒီမှာပဲ ကိုယ်နဲ့အတူ အနားယူပါလား"

ရွှယ်အန်းက ညင်သာသော အပြုံးဖြင့် ဖျောင်းဖျလိုက်သည်။ အန်းယန်၏ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး ရွှယ်အန်းကို မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။

"မဖြစ်ဘူး... ကျွန်မ မပြန်ရင် ယင်းအာရော၊ ရှောင်ယွီရော၊ ရှန်းရှန်းနဲ့ နျန်နျန်တို့ပါ ပေါင်းပြီး မျှော်စင်ကို ဇောက်ထိုးလှန်ပစ်ကြလိမ့်မယ်"

"အာ... သူတို့ဘာသာ ဆော့နေကြတာပဲဟာကို၊ ဘာဖြစ်မှာမို့လို့လဲ"

စကားပြောနေရင်းပင် ရွှယ်အန်း၏ လက်တစ်ဖက်က အန်းယန်၏ သွယ်လျသော ခါးသိမ်သိမ်လေးဆီသို့ မြွေတစ်ကောင်လို တိုးဝင်သွားသည်။ သို့သော် အန်းယန်သည် ကိုယ်ကို ဘေးသို့ တိမ်းရှောင်လိုက်သဖြင့် ရွှယ်အန်း၏ လက်မှ သီသီလေး လွတ်သွားသည်။ ထို့နောက် သူမက တခစ်ခစ်ရယ်ကာ စိန်ခေါ်လိုက်သည်။

"ယောက်ျားရေ... လာဖမ်းလေ၊ မိအောင်ဖမ်းနိုင်ရင် နေပေးမယ်"

ရွှယ်အန်းသည် အန်းယန်၏ စိန်ခေါ်မှုကို ဒေါသထွက်သွားသယောင် ဟန်ဆောင်ကာ လက်ဝါးချင်းပွတ်လိုက်ပြီး ရယ်မောလိုက်သည်။

"ရန်အာ... မင်းပဲ ပြောတာနော်၊ စကားမပြင်ကြေး"

ရွှယ်အန်း၏ မျက်နှာပေါ်မှ ကောက်ကျစ်သော အပြုံးကို မြင်လိုက်ရချိန်တွင် အန်းယန် နှလုံးခုန်နှုန်းများပင် မြန်သွားမိသည်။ ထို့နောက် သူမသည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်သည်။

"ယ... ယောက်ျား... ရှင် ဘာလုပ်မလို့လဲ"

"ဘာလုပ်မလို့လဲဆိုတာ... မင်း မသိဘူးလား"

ရွှယ်အန်းက ညစ်ကျယ်ကျယ် အပြုံးဖြင့် ပြောရင်း ရုတ်တရက် ရှေ့သို့ တိုးဝင်လာသည်။ အန်းယန် လန့်ဖျပ်ပြီး အော်လိုက်မိသော်လည်း သူမ၏ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက် ရွှေ့ကာ ရွှယ်အန်း၏ ဖမ်းဆုပ်မှုကို ရှောင်ရှားလိုက်ပြန်သည်။ ထို့နောက် စိတ်သက်သာရာရသွားပြီး ရွှယ်အန်းကို လျှာထုတ်ပြောင်ပြကာ နောက်ပြောင်လိုက်သည်။

"ယောက်ျားရေ... ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က ရှင်နဲ့ တစ်ဆင့်ပဲ ကွာတော့တာကို မေ့နေတာလား၊ ကျွန်မကို ဒီလောက်လွယ်လွယ်နဲ့ ဖမ်းလို့မရဘူးလေ"

ရွှယ်အန်းသည် ဝမ်းနည်းပက်လက်ဖြစ်သွားသည့်ပုံစံဖြင့် ညည်းတွားလိုက်သည်။

"ကိုယ့်ခင်ပွန်းကို ဒီလိုပုံစံနဲ့ ပြောရဲတယ်ပေါ့၊ ကြည့်ရတာ ကိုယ် မင်းကို အရမ်းအလိုလိုက်ထားမိပြီ ထင်တယ်၊ ဒီနေ့တော့ ခင်ပွန်းတစ်ယောက်ရဲ့ အာဏာစက်ကို သိအောင် သင်ခန်းစာ ပေးမှဖြစ်မယ်"

ရွှယ်အန်းသည် ခြေဆောင့်လိုက်ရာ သူတို့ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံး သံရည်ပူလောင်းချလိုက်သကဲ့သို့ ချက်ချင်း မာကျောခဲသွားပြီး အန်းယန် ပိတ်မိသွားတော့သည်။ အန်းယန် ရုန်းကန်ကြည့်သော်လည်း မလွတ်မြောက်နိုင်သဖြင့် အနည်းငယ် ပြာသွားသည်။

"ယောက်ျား... ရှင် အတည်လုပ်နေတာလား"

"ဟားဟား... ကိုယ်က ဘယ်တုန်းက စနောက်ဖူးလို့လဲ"

ရွှယ်အန်းက မုဆိုးတစ်ယောက်ပမာ ပြုံးရင်း ခုန်အုပ်လိုက်သည်။ သို့သော် ထိုအချိန်တွင် အန်းယန်၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်ဝေဝါးသွားပြီး ရွှယ်အန်းမှာ လေကိုသာ ဖမ်းမိလိုက်ပြန်သည်။

ထို့နောက် လေဟာနယ်ထဲမှ အန်းယန်၏ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာသည်။

"ယောက်ျားရေ... အံ့သြသွားလား၊ ကျွန်မလည်း အခု လေဟာနယ်ကို ဖြတ်သန်းသွားလာတတ်နေပြီလေ၊ ရှင် ကျွန်မကို ဖမ်းလို့မရပါဘူး"

အန်းယန်၏ စကားကို ကြားသောအခါ ရွှယ်အန်း အနည်းငယ် မှင်သက်သွားပြီးနောက် လက်လျော့လိုက်သည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

"ဟူး... ညကလည်း ရှည်လိုက်တာ၊ ကိုယ်တစ်ယောက်တည်း အိပ်ရဦးမှာပေါ့၊ ပျင်းစရာကြီးကွာ၊ မိန်းမကမှ မရှိတော့တာ ယန်ယန်လေးဆီသွားပြီး ဘဝရည်မှန်းချက်တွေအကြောင်းပဲ ဆွေးနွေးလိုက်ပါတော့မယ်လေ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်း လှည့်ထွက်ရန် ပြင်လိုက်သည်။

"ရှင်... သွားရဲလား"

အန်းယန်၏ စိုးရိမ်တကြီးအသံသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီးနောက် ရွှယ်အန်း၏ နောက်ကျောဘက်တွင် သူမ၏ပုံရိပ် တဖြည်းဖြည်း ပေါ်လာသည်။ ရွှယ်အန်း လှည့်မကြည့်သော်လည်း နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် အန်းယန်သည် ဒေါသတကြီးဖြင့် ရွှယ်အန်း၏ ပခုံးကို လှမ်းဆွဲလိုက်သည်။ ထိုခဏ၌ပင် ရွှယ်အန်း ရုတ်တရက် လှည့်လိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

"ဟားဟား... အခု ဘယ်ပြေးဦးမလဲကွ"

အငိုက်မိသွားသော အန်းယန်သည် ရွှယ်အန်း၏ ရင်ခွင်ထဲတွင် မြဲမြံစွာ ပိတ်မိနေတော့သည်။ သို့သော် ရွှယ်အန်း နိုင်ပြီဟု ထင်လိုက်ချိန်တွင် သူ့ရင်ခွင်ထဲရှိ အန်းယန်၏ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ပေါ်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ယောက်ျား... ရှင် အလိမ်ခံလိုက်ရပြန်ပြီ"

သူမ၏ စကားဆုံးသည်နှင့် ပုံရိပ်သည် ပြန်လည်မှေးမှိန်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ ရွှယ်အန်း ရပ်တန့်သွားပြီး လေဟာနယ်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

"ဒါ... ကိုယ်ပွားအတတ်လား"

"ဟီးဟီး... ဟုတ်တာပေါ့၊ ဘယ်လိုလဲ ယောက်ျား... ကျွန်မ တော်တယ်မလား၊ မှော်ရတနာမျှော်စင်ထဲမှာ အလကားနေတာ မဟုတ်ဘူး၊ ရှင်ပေးထားတဲ့ ကျင့်စဉ်တွေကို အမြဲလေ့လာနေတာနော်"

ထို့နောင် လေထဲတွင် ဝေဝါးသော အရိပ်တစ်ခု ပေါ်လာပြီး အလွန်ပျော်ရွှင်နေသော အန်းယန် ဖြစ်နေသည်။ ရွှယ်အန်းသည် လက်လျော့လိုက်ရသလို ခါးသီးစွာ ပြုံးလိုက်သည်။

"ဟူး... ကိုယ့်ရှူးကိုယ်ပတ်ပြီပဲ၊ ငါ့မိန်းမကို ဘာလို့ ဒီလောက်တော်အောင် သင်ပေးလိုက်မိပါလိမ့်၊ အခုတော့ ဖက်တောင် မဖက်ရတော့ဘူး"

ရွှယ်အန်း၏ မျက်နှာပေါ်ရှိ ခါးသီးသော အပြုံးကို မြင်သောအခါ အန်းယန် စိတ်မကောင်းဖြစ်သွားပြီး သူ့ရင်ခွင်ထဲတွင် ရုတ်တရက် ပြန်ပေါ်လာသည်။

"ယောက်ျား... စိတ်မဆိုးပါနဲ့၊ ကျွန်မက စနောက်လိုက်တာပါ..."

အန်းယန်က စိုးရိမ်တကြီး ပြောလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ စကားသံများ ပျောက်ဆုံးသွားသည်။

တစ်မိနစ်ခန့် ကြာပြီးနောက် ရွှယ်အန်းသည် နှုတ်ခမ်းချင်း ခွာလိုက်ပြီး မျက်နှာရဲနေသော အန်းယန်ကို ပြုံး၍ ကြည့်လိုက်သည်။

"ဆရာထက် တပည့်လက်စောင်းထက်တယ် ဆိုပေမယ့်... နောက်ဆုံးကျတော့လည်း မင်းက ကိုယ့်လက်ထဲကနေ မပြေးနိုင်ပါဘူးကွာ"

"တော်ပါ... လူလည်ကြီး"

အန်းယန်က ရွှယ်အန်းကို စိတ်ဆိုးချင်ယောင်ဆောင်ကာ ရင်ဘတ်ကို ထုရိုက်လိုက်သည်။

"ဟေ... ကိုယ်က ဘာလိမ်လို့လဲ၊ ခင်ပွန်းသည်က ဇနီးသည်ကို နမ်းတာ သဘာဝပဲလေ၊ လိမ်စရာလိုလို့လား"

ရွှယ်အန်းက စနောက်လိုသော လေသံဖြင့် ပြောလိုက်သည်။ အန်းယန်မှာ ရှက်လွန်းသဖြင့် ရွှယ်အန်း၏ ရင်ဘတ်ထဲ ခေါင်းတိုးဝင်ကာ ညည်းတွားလိုက်သည်။

"ရှင်က လူလည်ကြီးပါ၊ ကျွန်မကို မနိုင်တော့ ဉာဏ်ဆင်ပြီး အပြင်ထွက်လာအောင် မျှားခေါ်တာ"

ရွှယ်အန်းသည် အန်းယန်၏ ကျောပြင်ကို ဖွဖွလေး ပွတ်သပ်ပေးရင်း ပြုံး၍ ပြောလိုက်သည်။

"ရန်အာရယ်... မင်းကို အဲ့ဒီပညာတွေ အကုန်လုံး ဘယ်သူသင်ပေးတာလဲဆိုတာ မစဉ်းစားမိဘူးလား၊ ကိုယ်သာ တကယ်ဖမ်းချင်ရင် မင်းလွတ်မယ် ထင်လို့လား၊ စနောက်နေတာပါကွ"

ရွှယ်အန်းသည် စကားမဆုံးခင် လေအေးတစ်ချက် ရှိုက်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အန်းယန်၏ လက်နုနုလေးများသည် သူ့ခါးမှ အသားနုနေရာကိုဆွဲဖျစ်ပြီး တစ်ပတ်တိတိ လိမ်လိုက်သောကြောင့် ဖြစ်သည်။ အန်းယန်သည် ယခုအခါ အစွမ်းထက်သူများ စာရင်းဝင်နေပြီဖြစ်ရာ သူမ၏ လက်စွမ်းမှာ ရွှယ်အန်းကိုပင် မျက်နှာပျက်သွားစေလောက်အောင် နာကျင်စေသည်။

"မိန်းမရေ... ဖြည်းဖြည်း... ဖြည်းဖြည်း... နာတယ်ကွ"

ရွှယ်အန်း မဲ့ရွဲ့ကာ အော်လိုက်သည်။

"ဟွန့်... ရှင်က တစ်ချိန်လုံး ကျွန်မကို စနောက်နေတာကိုး၊ တကယ့် လူဆိုးကြီးပဲ၊ ရှင်သနားစရာကောင်းနေလို့ ဒီည မပြန်တော့ဘူးလို့ စဉ်းစားနေတာ၊ အခုတော့ ဒီမှာပဲ တစ်ယောက်တည်း ကိုယ့်အပြစ်ကိုယ် ဆင်ခြင်ပြီး နေခဲ့ပေတော့"

အန်းယန်သည် ငါးခိုးစားခံလိုက်ရသော ကြောင်မလေးကဲ့သို့ စိတ်ကောက်ကာ ရွှယ်အန်းကို မျက်စောင်းထိုးပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"ယန်အာ... ဒီလောက်ထိ ရက်စက်စရာ လိုလို့လား"

ရွှယ်အန်းက အန်းယန် တကယ်စိတ်ဆိုးသွားသည် ထင်မှတ်ပြီး အနည်းငယ် ပြာသွားကာ သူမကို လှမ်းဆွဲလိုက်သည်။

"လွှတ်... ကျွန်မကို လွှတ်"

အန်းယန်က ရုန်းကန်ရင်း အော်လိုက်သည်။

"ရန်အာ... ကိုယ်တောင်းပန်ပါတယ်နော်၊ စနောက်လိုက်တာပါ၊ မင်းရဲ့ ကိုယ်ပွားပညာက တကယ် အံ့မခန်းပါပဲ၊ အစတုန်းကဆို ကိုယ်တောင် အလိမ်ခံလိုက်ရတာ၊ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကိုယ်ပွားပညာကို ကျွမ်းကျင်အောင် လုပ်နိုင်တာ မင်းက ဉာဏ်ကြီးရှင်ပဲ"

"တကယ်လား"

အန်းယန် ရပ်တန့်သွားပြီး ရွှယ်အန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ရွှယ်အန်း အလေးနက်ဆုံး ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပေါ့... ပြိုင်ဘက်ကင်းပဲ"

အန်းယန်သည် မျက်နှာထား တင်းထားချင်သော်လည်း အဆုံးတွင် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။ အန်းယန်၏ ပွင့်လန်းလာသော ပန်းပွင့်လေးပမာ အပြုံးကို ကြည့်ပြီး ရွှယ်အန်း နားမလည်နိုင် ဖြစ်သွားသည်။

"ဘာရယ်တာလဲ"

အန်းယန်သည် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်လိုက်ပြီး ပါးကို ရွှတ်ခနဲ နမ်းလိုက်သည်။ ထို့နောက် သူ့နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ဒီရက်ပိုင်း ကျွန်မ နေလို့ သိပ်မကောင်းဘူး၊ နောက်ရက်နည်းနည်းကြာမှ ယောက်ျားအနား နေပေးမယ်နော်၊ ပြီးတော့ ခုနက ကျွန်မ စနောက်လိုက်တာပါ၊ ရှင့်မျက်နှာကြီး ဖြစ်သွားတာ ရယ်စရာကောင်းလွန်းလို့... ဟီးဟီး"

ရွှယ်အန်းသည် အငိုက်မိသွားသဖြင့် နားမလည်နိုင်သော မျက်နှာနှင့် အန်းယန်ကို လှမ်းဖမ်းရန် ပြင်လိုက်သည်။ သို့သော် ဤတစ်ခါတွင်တော့ အန်းယန်သည် မှော်ရတနာမျှော်စင်ထဲသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားပြီး သူမ၏ အောင်နိုင်သူ ရယ်သံများ ထွက်ပေါ်လာသည်။

"ဟဲဟဲ... အခုတော့ ကျွန်မကို မဖမ်းနိုင်တော့ဘူး၊ ရှင့်ရဲ့ မမလေးယန်ယန်ဆီပဲ သွားလိုက်တော့၊ ကျွန်မကတော့ ရှန်းရှန်းနဲ့ နျန်နျန် စာကျက်တာ သွားကြည့်တော့မယ်"

ရွှယ်အန်းသည် နေရာတွင် ရပ်လျက် တဖြည်းဖြည်း ပျောက်ကွယ်သွားသော အန်းယန်၏ အသံကို နားထောင်ရင်း အနမ်းခံလိုက်ရသော ပါးပြင်ကို လက်ဖြင့်အုပ်ကာ တဖြည်းဖြည်း ပြုံးလိုက်သည်။

"ဟေ့... ကောင်မလေး၊ မင်းစိတ်ဆိုးချင်ယောင်ဆောင်နေတာကို ကိုယ်မသိဘူးများ မှတ်နေလား”

All Chapters