← Chapters

အခန်း (၁၀၄၈-၁၀၅၀)

Vol. 70 Ch. 1048-1050

အခန်း (၁၀၄၈-၁၀၅၀)

Vol. 70 Ch. 1048-1050

အခန်း (၁၀၄၈) - လမ်းကြောင်းလွဲသွားတဲ့ ကျိုးယန်ယန်

အန်းယန် မှော်ရတနာမျှော်စင်သို့ ပြန်သွားပြီးနောက် ရွှယ်အန်းသည် သူ့အခန်းထဲမှ ထွက်လာပြီး ကျိုးယန်ယန်၏ နေထိုင်ရာ အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ တံခါးရှေ့ရောက်သောအခါ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် တံခါးကို ခေါက်လိုက်သည်။

"ဒေါက်... ဒေါက်..."

ထိုအချိန်တွင် ကျိုးယန်ယန်သည် ကုတင်ပေါ်၌ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်မှ ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို စိုးရိမ်တကြီး ငေးကြည့်နေမိသည်။ သူုံသညါ မနက်ဖြန် စားသောက်ပွဲသို့ ရွှယ်အန်းနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ထားသော်လည်း သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများက လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေဆဲဖြစ်သည်။

အထူးသဖြင့် မနက်ဖြန် စားသောက်ပွဲတွင် ကျိုးမိသားစုသာမက ကောင်းကင်အဆောင်တော်ဂိုဏ်းနှင့် အခြား အထက်တန်းလွှာ မိသားစုများပါ တက်ရောက်ဖွယ်ရှိနေသည်။ ထိုအချိန်ကျလျှင် ဘာဖြစ်လာမလဲဆိုတာ တကယ်ကို ခန့်မှန်းရခက်လှသည်။ ထိုအတွေးများကြောင့် ကျိုးယန်ယန်မှာ စိတ်ပူလွန်းသဖြင့် အိပ်မပျော်နိုင် ဖြစ်နေရသည်။

တံခါးခေါက်သံ ကြားလိုက်ရမှသာ ကျိုးယန်ယန် တွန့်ခနဲဖြစ်သွားပြီး သတိပြန်ဝင်လာကာ နားမလည်နိုင် ဖြစ်သွားရသည်။ ဒီလောက် ညနက်သန်းခေါင်ကြီး ဘယ်သူဖြစ်မလဲ။ စဉ်းစားရင်းနှင့် ကျိုးယန်ယန်က တိုးညှင်းစွာ မေးလိုက်သည်။

"ဘယ်သူလဲ"

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် အပြင်ဘက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါပါ"

ထိုအသံကို ကြားလိုက်ရသောအခါ ကျိုးယန်ယန် ရင်ထိတ်သွားသည်။ သခင်ကြီးရွှယ်ပဲ၊ ဒီလောက် ညနက်ကြီး သူ့ဆီလာပြီး ဘာကိစ္စ ရှိလို့လဲ... မဟုတ်မှ...

ကျိုးယန်ယန်၏ အတွေးများသည် ထိန်းချုပ်၍မရအောင် လမ်းကြောင်းလွဲမှား စပြုလာသည်။ အမှန်တော့ ကျိုးယန်ယန်၏ စိတ်ထဲတွင် သံသယကြီးတစ်ခု ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုသံသယမှာ သခင်ကြီးရွှယ်က ဘာကြောင့် သူမကို စေတနာအပြည့်နှင့် ကူညီနေရသလဲ ဆိုတာဖြစ်သည်။ ရွှယ်အန်းက နတ်ဘုရားအမျက်ဒေါသပင်လယ်ပြင်တွင် သူမကို တိုက်ဆိုင်စွာ ကယ်ခဲ့မိသည် ဆိုလျှင်တောင် ကျိုးမိသားစုအိမ်တော်တွင် အဘယ်ကြောင့် ထပ်ကယ်ခဲ့သနည်း။ မကောင်းကြံစည်နေသော ရှုပေါင်ကို မည်သည်ကြောင့် အပိုင်းပိုင်းအစစ ဖြစ်အောင် သတ်ခဲ့သနည်း။

သူမအပေါ် စိတ်ဝင်စားနေလို့များလား...

အမှန်တော့ မုန်လဲ့ပင်လျှင် သူမကို သီးသန့် မေးဖူးသည်။ ကျိုးယန်ယန်၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် ရွှယ်အန်း သူမကို သဘောကျနေသည်ဟု မုန်လဲ့လည်း ထင်မှတ်ခဲ့ဖူးသည်။ သို့သော် လက်တွေ့တွင် ရွှယ်အန်းသည် ကျိုးယန်ယန်နှင့် အမြဲတမ်း အကွာအဝေးတစ်ခု ထားလေ့ရှိပြီး သူမနှင့် စကားပင် သိပ်မပြောပေ။ ဤအချက်က မုန်လဲ့ကိုလည်း ဇဝေဇဝါ ဖြစ်စေခဲ့ပြီး ရွှယ်အန်း၏ ရည်ရွယ်ချက်မှန်ကို နားမလည်နိုင် ဖြစ်စေခဲ့သည်။

ယနေ့ ရွှယ်အန်းက ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးတစ်ယောက်နှင့် အစေခံနှစ်ယောက်ကို ခေါ်ပြီး ဈေးဝယ်ထွက်လာတာကို မြင်လိုက်ရမှသာ သူမ၏ ယခင်အတွေးများသည် ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးနေခြင်းသာဖြစ်ကြောင်း ကျိုးယန်ယန် နားလည်လိုက်တော့သည်။ ရုပ်ရည်ရော၊ အမူအရာပါ ရွှယ်အန်းဘေးနားမှ အမျိုးသမီးက သူမထက် အစစအရာရာ သာလွန်နေကြောင်း သူမ သိလိုက်ရသည်။

ဤကွာခြားချက်က ကျိုးယန်ယန်ကို လုံးဝ သိမ်ငယ်သွားစေပြီး ရင်ထဲတွင် ပို၍ပင် လမ်းပျောက်သွားစေသည်။

သို့သော် သံသယက ပိုမိုနက်ရှိုင်းလာသည်။ ရက်စက်ကြမ်းကြုတ်သော စီးပွားရေးလောကတွင် ကြီးပြင်းလာရသော မိန်းကလေးတစ်ယောက်အနေဖြင့် ဤလောကတွင် အလကားရသော နေ့လယ်စာမရှိကြောင်း ကျိုးယန်ယန် အခိုင်အမာ ယုံကြည်ထားသည်။ တံခါးခေါက်သူမှာ ရွှယ်အန်းဖြစ်ကြောင်း သိလိုက်ရမှသာ ကျိုးယန်ယန်၏ နှလုံးသားသည် ရုတ်တရက် လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို နားလည်လိုက်သလို ခံစားလိုက်ရသည်။

ယောက်ျားတစ်ယောက်ရဲ့ မိန်းမက ဘယ်လောက်ပဲ လှပပါစေ၊ သူတို့ရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ စိတ်ကို လုံးဝ ထိန်းချုပ်ထားနိုင်မှာ မဟုတ်ပါဘူး၊ သူမက ဟိုအမျိုးသမီးလောက် ပြိုင်ဘက်ကင်း လှပခြင်း၊ ပြည့်စုံခြင်း မရှိရင်တောင် အဆာပြေအနေနဲ့တော့ ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ၊ သူမက အခု ကိုယ့်ကိုယ်ကိုယ် ဘာလို့ သတ်မှတ်နေမိတာလဲ၊ စိတ်ဖြေဖျောက်စရာ ကိရိယာတစ်ခုအနေနဲ့လား...

ထိုအတွေးများက ကျိုးယန်ယန်၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ခဏတာမျှ မိန်းမောတွေဝေနေမိသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ရွှယ်အန်း၏ ဂရုမစိုက်သော အသံ ထွက်ပေါ်လာပြန်သည်။

"မိန်းကလေးယန်ယန်... ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ၊ ပြောစရာရှိလို့ပါ"

ကျိုးယန်ယန် အံကြိတ်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အရှက်ရမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သို့သော် ခဏအကြာတွင် သူမသည် လေလျှော့ထားသော ဘောလုံးတစ်လုံးလို ဖြစ်သွားပြီး မှေးမှိန်သော မျက်နှာထားဖြင့် တံခါးကို ဖွဖွလေး ဖွင့်ပေးလိုက်သည်။ ရွှယ်အန်းက တံခါးရှေ့တွင် ပြုံး၍ ရပ်နေသည်။

"အိပ်ပျော်နေပြီလား။ ဒါမှမဟုတ်ရင် ဘာလို့ တံခါးဖွင့်တာ ဒီလောက်ကြာနေရတာလဲ"

မူလက စိတ်ဆိုးနေသော ကျိုးယန်ယန်သည် ရွှယ်အန်း၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး ထစ်အထစ်အဖြင့် ပြန်ဖြေလိုက်သည်။

"အာ... သခင်ကြီးရွှယ်... ကျွန်မ... ကျွန်မ မအိပ်သေးပါဘူး"

ရွှယ်အန်းက ကျိုးယန်ယန်၏ ထူးဆန်းသော အမူအရာကို သတိမထားမိဘဲ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ကောင်းတာပေါ့"

ကောင်းတာပေါ့ ဟုတ်လား၊ ဘာကို ကောင်းတာလဲ၊ ငါမအိပ်သေးတော့ ကိစ္စလုပ်ရတာ ပိုလွယ်သွားလို့ ဝမ်းသာသွားတာများလား....

ကျိုးယန်ယန်၏ အတွေးများ နောက်တစ်ကြိမ် လမ်းကြောင်းလွဲသွားပြန်သည်။

"ဟို... အထဲဝင်ခွင့် ပြုလို့ရမလား"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အာ..."

ကျိုးယန်ယန်သည် သူမ တံခါးဝတွင် ပိတ်ရပ်နေမိမှန်း ရုတ်တရက် သတိရသွားပြီး ကပြာကသီ ဖယ်ပေးလိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်မ သတိလက်လွတ် ဖြစ်သွားလို့ပါ၊ ဝင်ပါရှင်"

ရွှယ်အန်း ပြုံးလိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။ ကျိုးယန်ယန် သတိပြန်ဝင်လာပြီး ရင်ခုန်သံများ မြန်ဆန်လာသည်။

ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ၊ ငါသူ့ကို အခန်းထဲ ပေးဝင်လိုက်ပြီ ဒါက သူ့အတွက် အောင်မြင်ဖို့ အခွင့်အရေး ပိုရသွားတာ မဟုတ်ဘူးလား...

ထိုသို့တွေးရင်း ကျိုးယန်ယန်သည် ရွှယ်အန်း၏ ကျောပြင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ခိုးကြည့်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အခန်းထဲ၌ ရပ်နေပြီး လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"မိန်းကလေးယန်ယန်... တံခါးပိတ်လိုက်ပါဦး"

ကျိုးယန်ယန် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။ သူမ၏ တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်ထားသော လက်ချောင်းလေးများမှာ အားစိုက်လွန်းသဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သို့သော် ခဏအကြာတွင် သူမသည် စိတ်လျှော့လိုက်ပြီး ခေါင်းငုံ့ကာ တံခါးကို ဖွဖွလေး ပိတ်လိုက်သည်။ ထို့နောက် ခေတ္တမျှ တွေဝေပြီးမှ သော့ခတ်လိုက်သည်။

ထားလိုက်ပါတော့... သူက ငါ့ကို အကြိမ်ကြိမ် ကယ်ခဲ့ဖူးတာပဲ... အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်...

ကျိုးယန်ယန်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကျိုးယန်ယန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ကျိုးယန်ယန် အော်မိလုနီးပါး ဖြစ်သွားသည်။

သူအခု စတော့မှာလား၊ ဒါပေမဲ့ ငါအဆင်သင့် မဖြစ်သေးဘူး၊ ဘယ်လိုလုပ်ရမလဲ၊ သူမ၏ အတွေးများ ရိုင်းစိုင်းရှုပ်ထွေးနေစဉ် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"မိန်းကလေးယန်ယန်... မင်းရဲ့ သဘောထားကို သိချင်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ"

ကျိုးယန်ယန် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကို ငြိမ်အောင် ထိန်းကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"မေးစရာ မလိုပါဘူး... ကျွန်မ ကြည်ဖြူပါတယ်"

"ဟင်"

ရွှယ်အန်း နားမလည်နိုင် ဖြစ်သွားပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။

"ဒါဆို မိန်းကလေးယန်ယန်က သိပြီးသားပေါ့၊ ကောင်းတာပေါ့... ငါ့အတွက် အလုပ်ရှုပ် သက်သာတာပေါ့၊ ဒါပေမဲ့ မင်း အဆင်သင့် ဖြစ်ပြီလား"

ကျိုးယန်ယန်၏ လှပသော မျက်ဝန်းများထဲတွင် မျက်ရည်စများ ဝေ့သီလာပြီး ခေါင်းငုံ့ကာ တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ရွှယ်အန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ဒါဆို အခု စကြတာပေါ့"

ထိုစကားကို ကြားသောအခါ ကျိုးယန်ယန် တစ်ကိုယ်လုံး တုန်သွားပြီး အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်မိသွားသည်။ ထို့နောက် ရွှယ်အန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

"သ... သခင်ကြီးရွှယ်... ကျွန်မ... ကျွန်မ အရင်က ဒီလိုကိစ္စမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး၊ ဒါကြောင့်... ကျွန်မကို အသားကျအောင် အချိန်နည်းနည်းလောက် ပေးပါနော်"

ရွှယ်အန်းက ကျိုးယန်ယန်ကို နားမလည်စွာ ကြည့်လိုက်သည်။

"တစ်ခါမှ မလုပ်ဖူးဘူး ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းလိုလူက ဒီလိုကိစ္စမျိုး တစ်ခါမှ မလုပ်ဖူးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"

သူ၏စကားကြောင့် ကျိုးယန်ယန်၏ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်လိုက်ပြီးနောက် ရှိုက်သံပါသော လေသံဖြင့် ပြောလိုက်သည်။

"ဒါဆို ရှင်က ကျွန်မကို လွယ်လွယ်လိုက်တဲ့ မိန်းမလို့ မြင်နေတာလား"

"ဟမ်"

ရွှယ်အန်း လုံးဝ ကြောင်အမ်းသွားသည်။ ကျိုးယန်ယန် အသက်ပြင်းပြင်း ထပ်ရှူလိုက်သည်။

"သခင်ကြီးရွှယ်... ကျွန်မ ကျိုးယန်ယန်က အခက်အခဲတွေ ကြုံခဲ့ရပေမယ့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ကျောက်စိမ်းတုံးလို ဖြူစင်အောင် နေခဲ့တာပါ၊ ရှင်က ဘယ်လိုလုပ် ဒီစကားမျိုးနဲ့ ကျွန်မကို စော်ကားရဲရတာလဲ"

ရွှယ်အန်း ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။

"မင်း ဘာတွေ ပြောနေတာလဲ၊ ငါက မင်းကို ငါနဲ့အတူ သိုင်းကျင့်စဉ်တချို့ လေ့လာချင်လားလို့ မေးမလို့လေ၊ အဲ့ဒါက ဘယ်လိုလုပ် စော်ကားတာ ဖြစ်သွားရတာလဲ"

ကျိုးယန်ယန်သညခ ကျောက်ရုပ် ဖြစ်သွားပြီး ရွှယ်အန်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။

"သိုင်း... သိုင်းကျင့်စဉ် လေ့လာမယ် ဟုတ်လား"

ရွှယ်အန်း ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ မဟုတ်ရင် မင်းက ဘာလို့ ထင်နေတာလဲ”

အခန်း (၁၀၄၉) - ကံကြမ္မာပေးတဲ့ လက်ဆောင်တိုင်းမှာ တန်ဖိုးသတ်မှတ်ချက် ရှိပြီးသားပါ

ကျိုးယန်ယန်၏ မျက်နှာနုနုလေးသည် ရုတ်ခြည်း ရဲခနဲဖြစ်သွားပြီး သူမ ပါးပြင်များမှ အပူရှိန်သည် ခြေဖနောင့်အထိပင် ဆင်းသက်သွားသယောင် ခံစားလိုက်ရသည်။ သူမသည် အရှက်ရလွန်းသဖြင့် နေရာတွင်ပင် မြေလျှိုးမိုးပျံ ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားမိသည်။

"ကျွန်မက ထင်နေတာ... ထင်နေတာက..."

ရွှယ်အန်းက ပြုံး၍ လက်ကာပြလိုက်သည်။

"ရပါတယ်... ရှင်းပြနေစရာ မလိုပါဘူး၊ မင်းကို သေချာရှင်းမပြခဲ့တဲ့ ငါ့အမှားလည်း ပါတာပဲ၊ အခု ငါမေးမယ်... မင်း ဆန္ဒရှိရဲ့လား"

ရွှယ်အန်း၏ မျက်နှာထားသည် တဖြည်းဖြည်း လေးနက်လာသည်။ ကျိုးယန်ယန်သည် ရွှယ်အန်းကို ကြောင်ငေးကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။

"သခင်ကြီး... ကျွန်မ... ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"မေးလေ"

"ဘာ... ဘာလို့ ကျွန်မကို ဒီလောက်ထိ ကူညီချင်နေရတာလဲ"

ရွှယ်အန်း ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ပြုံးလိုက်သည်။

"အကြောင်းပြချက် မရှိဘူးလို့ ပြောရင်ရော"

ကျိုးယန်ယန် ခေါင်းခါလိုက်သည်။

"သခင်ကြီး... ကျွန်မကို စကားတွေ လှည့်ပတ်ပြောနေစရာ မလိုပါဘူး၊ ကျွန်မက လောကကြီးအကြောင်း ဘာမှမသိဘဲ အိမ်ထဲမှာပဲ ပုန်းအောင်းနေတဲ့ မိန်းကလေး မဟုတ်ပါဘူး၊ ဒီလောကကြီးမှာ အကောင်းနဲ့ အဆိုးဆိုတာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူးလေ၊ ပြီးတော့ ကံကြမ္မာက ပေးလာတဲ့ လက်ဆောင်တိုင်းမှာ လျှို့ဝှက်ပေးဆပ်ရမယ့် တန်ဖိုးသတ်မှတ်ချက်တွေ ရှိပြီးသားဆိုတာ ကျွန်မ အခိုင်အမာ ယုံကြည်တယ်၊ ဒါကြောင့်..."

ကျိုးယန်ယန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ဆက်ပြောသည်။

"ရှင် ဘာလို့ ဒီလိုလုပ်ပေးရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ကျွန်မ သိချင်ပါတယ်"

ရွှယ်အန်းသည် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုနှင့် လေးစားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ကျိုးယန်ယန်သည် ဤမျှလောက်ထိ တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လောကအကြောင်း နားလည်မှုမှာ ဘဝအတွေ့အကြုံများသော လူကြီးတစ်ယောက်ကဲ့သို့ပင် ရင့်ကျက်လွန်းနေသည်။

အခန်းထဲတွင် လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျိုးယန်ယန်၏ မျက်ဝန်းထဲတွင် ခံစားချက်မျိုးစုံ ကခုန်နေသော်လည်း သူမသည် ရွှယ်အန်းကို နောက်ဆုတ်မည့်အရိပ်အယောင်မရှိဘဲ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ရွှယ်အန်းသည် ခေါင်းခါပြီး ရယ်လိုက်သည်။

"အမှန်အတိုင်းပြောရရင် မင်းရဲ့ တွေးခေါ်ပုံက ငါ့ကို အံ့သြသွားစေတယ်"

ကျိုးယန်ယန် တိတ်ဆိတ်နေသည်။ ရွှယ်အန်းက ကျိုးယန်ယန်ကို မော့ကြည့်ပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။

"မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ လုံးဝကြီး မှန်တာတော့ မဟုတ်ဘူး၊ အနည်းဆုံး ငါက မင်းကို ကူညီတာက အဖိုးအခ မယူပါဘူး၊ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်... ဘာလို့လဲဆိုတော့ မင်းဆီမှာ အတိတ်က လူတစ်ယောက်ရဲ့ အရိပ်အယောင်ကို မြင်နေရလို့ပဲ"

ကျိုးယန်ယန် အနည်းငယ် တုန်ရီသွားပြီး တိုးညှင်းစွာ မေးလိုက်သည်။

"ဒီနေ့ ဈေးဝယ်ထွက်တုန်းက ပါလာတဲ့ မိန်းကလေးလားဟင်"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... အဲ့ဒါ ငါ့မိန်းမပဲ"

ကျိုးယန်ယန်၏ ရင်ထဲတွင် စူးခနဲ နာကျင်သွားပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။ ရွှယ်အန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သူ့နာမည်က အန်းယန်တဲ့၊ သူ့ရဲ့ အတိတ်က အတွေ့အကြုံတွေက အတိုင်းအတာတစ်ခုအထိ မင်းနဲ့ တော်တော်ဆင်တူတယ်"

ထို့နောက် ရွှယ်အန်းက အန်းယန်၏ အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။ သူပြောပြီးသွားချိန်တွင် ကျိုးယန်ယန်၏ မျက်နှာပေါ်၌ မျက်ရည်များ ဖုံးလွှမ်းနေပြီဖြစ်သည်။ ရွှယ်အန်း ပြောခဲ့သည့်အတိုင်းပင် အန်းယန်၏ အဖြစ်အပျက်များထဲတွင် သူမ၏ ကိုယ်ပိုင်ပုံရိပ်ကို ထပ်တူမြင်ယောင်နေသောကြောင့် ဖြစ်သည်။ ရွှယ်အန်းက တည်ငြိမ်စွာ ဆက်ပြောသည်။

"ဒါပေါ့... ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်၊ ပိုအရေးကြီးတာက မင်းဆီမှာ လေးစားစရာကောင်းတဲ့ အရည်အချင်းတွေကို ငါမြင်တွေ့ခဲ့ရလို့ပဲ၊ ဒီလိုအခြေအနေမျိုး ကြုံနေရတာတောင် မင်းက ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးဘဲ လူတိုင်းအပေါ် ကြင်နာမှု ထားနိုင်ခဲ့တယ်၊ မင်းလိုလူမျိုးက ရှားပါးလာပြီ၊ ဒါကြောင့် ငါ မင်းကို ကူညီဖို့ ဆုံးဖြတ်လိုက်တာ"

"ဒါက... ငါမင်းကို ကူညီချင်တဲ့ အကြောင်းပြချက်ပဲ"

ရွှယ်အန်း၏ စကားကို ကြားပြီးနောက် ကျိုးယန်ယန်သည် တိုးညှင်းစွာ ရှိုက်ငိုလာပြီးနောက် ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ အားပါးတရ အော်ဟစ်ငိုကြွေးလေတော့သည်။ ဤငိုကြွေးမှုသည် အခြားအရာများနှင့် မသက်ဆိုင်ဘဲ ဤမျှလောက် အချိန်ကြာမြင့်စွာ တောင့်ခံလာပြီးနောက် သူမကို နားလည်ပေးနိုင်မည့်သူ တစ်ယောက် ပေါ်လာခြင်းကြောင့် ဖြစ်သည်။

နက်ရှိုင်း အထီးကျန်မှုနှင့် ဝမ်းနည်းမှုများက သူမကို တစ်ခဏချင်း လွှမ်းမိုးသွားသည်။ ရွှယ်အန်းသည် သူမကို မတားဘဲ စိတ်ရှိလက်ရှိ ငိုကြွေးခွင့် ပေးထားလိုက်သည်။ သူမ ငိုလို့ဝမှသာ ရှေ့တိုးသွားပြီး သူမပခုံးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

"ကဲ... ပြောပါဦး၊ မင်း ဆန္ဒရှိရဲ့လား"

ကျိုးယန်ယန်သည် မျက်ရည်များကို သုတ်ကာ ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေသေးသော်လည်း အလွန်ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"သခင်ကြီး... ယန်ယန်... ဆန္ဒရှိပါတယ်"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ထို့နောက် သူ၏ မျက်နှာထား ရုတ်တရက် လေးနက်သွားသည်။

"မျက်လုံးမှိတ်ပြီး အာရုံစိုက်ထားပါ၊ နည်းနည်း နာကျင်နိုင်ပေမယ့် သည်းခံလိုက်ရင် အဆင်ပြေသွားမှာပါ"

ကျိုးယန်ယန် တစ်ကိုယ်လုံး တုန်ရီသွားပြီး ရွှယ်အန်း ညွှန်ကြားသည့်အတိုင်း ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။

ရွှယ်အန်း၏ နတ်ဘုရားအာရုံသည် ပျံ့နှံ့သွားပြီး ကျိုးယန်ယန် ပိုင်ဆိုင်ထားသော အားနည်းသည့် ကျင့်ကြံမှုအခြေခံကို ချက်ချင်း သန့်စင်ဖယ်ရှားလိုက်သည်။ ထို့နောက် သူ၏ အထွတ်အထိပ် ကျင့်ကြံမှုစွမ်းအားဖြင့် သူမ၏ သွေးကြောများနှင့် ချီလမ်းကြောင်းများကို အတင်းအဓမ္မ ဖွင့်ထုတ်ပေးပြီး သန့်စင်ပေးလေသည်။

သာမန်လူကို ရူးသွားစေနိုင်လောက်သည့် နာကျင်မှုဖြစ်သော်လည်း ကျိုးယန်ယန်မှာ တိုးညှင်းစွာ ညည်းညူရုံသာ ပြုလိုက်သည်။

"နောက်ပိုင်းကျရင် နာကျင်မှုက ပိုပြင်းထန်လာလိမ့်မယ်၊ မခံနိုင်ရင် အော်သာငိုလိုက်နော်"

ကျိုးယန်ယန် ခေါင်းအနည်းငယ် ညိတ်ပြသည်။ ရွှယ်အန်း တွေဝေမနေတော့ဘဲ သူ၏ နတ်ဘုရားအာရုံကို ဓားသွားများအဖြစ် ပြောင်းလဲကာ ကျိုးယန်ယန်၏ သွေးကြောများနှင့် ဝိညာဉ်အသိပင်လယ်ကို လက်ရာမြောက်သော အနုပညာလက်ရာတစ်ခုကဲ့သို့ ပုံဖော်ထုဆစ်လေတော့သည်။

ဓားသွား တစ်ချက်ဖြတ်သန်းသွားတိုင်း ကျိုးယန်ယန်သည် နာကျင်မှုကြောင့် တုန်ရီသွားပြီး မေးဖျားမှ ချွေးစေးများ စီးကျလာသည်။ သို့သော် သူမသည် အစမှအဆုံး အံကိုကြိတ်ထားပြီး အသံတစ်ချက်မျှ မထွက်ခဲ့ပေ။ ထိုသို့သော ဇွဲလုံ့လမျိုးသည် ရွှယ်အန်းကိုပင် လေးစားမှု ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနာကျင်မှုသည် ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်စေသော နာကျင်မှုမျိုး ဖြစ်သောကြောင့်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ကျိုးယန်ယန်၏ ကျင့်ကြံမှုအဆင့်သည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်။ နောက်ပိုင်းတွင် တိုးတက်မှုနှုန်းက ပိုမိုမြန်ဆန်လာသည်။

စစ်မှန်ဆရာသခင်အဆင့် ၊ ရှောင်ယောင်းအဆင့်၊ ကောင်းကင်လူသားအဆင့် ၊ လွတ်မြောက်အင်မော်တယ်အဆင့်

အဆင့်တစ်ခုပြီးတစ်ခုကို ရွှယ်အန်း၏ နတ်ဘုရားအာရုံဓားသွားများ လမ်းပြမှုဖြင့် ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်။

အကယ်၍ အခြားသူများသာ ဤတိုးတက်မှုနှုန်းကို မြင်တွေ့ခဲ့လျှင် အလွန်အမင်း အံ့သြသွားကြမည်မှာ သေချာသည်။ ကံတရားကို အာခံနိုင်သော ဤကဲ့သို့ နည်းလမ်းမျိုးကို ဘယ်သူ မြင်ဖူးခဲ့သနည်း။ တကယ်တမ်းတွင် ရွှယ်အန်းသာလျှင် ဤကဲ့သို့ လုပ်ရဲခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနတ်ဘုရားအာရုံဓားသွား တစ်ခုချင်းစီသည် ဝိညာဉ်ကို သက်ရောက်စေပြီး အမှားအယွင်းမရှိ တိကျရမည် ဖြစ်သည်။ အနည်းငယ် လွဲချော်သွားသည်နှင့် အကောင်းဆုံးအခြေအနေတွင် ရူးသွပ်သွားနိုင်ပြီး အဆိုးဆုံးအခြေအနေတွင် ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။ ရူးသွပ်လုနီးပါးဖြစ်သော ဤစွန့်စားမှုကို ရွှယ်အန်းကဲ့သို့ လူမျိုးသာ ကြိုးစားရဲသည်။ မလွဲမသွေ လိုအပ်သည်မှာ ခံယူသူဘက်မှ ရွှယ်အန်းအပေါ် လုံးဝ ယုံကြည်မှု ရှိရန်ပင်ဖြစ်သည်။

ဤအချက်တွင် ကျိုးယန်ယန်သည် အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့သည်။

အဆုံးတွင် နတ်ဘုရားအာရုံဓားသွားသည် ထုဆစ်ပုံဖော်ခြင်းကို အဆုံးသတ်လိုက်သည်။

ကျိုးယန်ယန်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး သူမ၏ ကျင့်ကြံမှုသည် ရွှေရောင်အင်မော်တယ်တစ်၀က်အဆင့်မှ အတားအဆီးကို ဖြတ်ကျော်ကာ ရွှေရောင်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည်။ ရွှယ်အန်း နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ပြီးပြီ"

ကျိုးယန်ယန်သည် နာကျင်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်နေရာမှ ရွှယ်အန်း၏ ခေါ်သံကြောင့် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူမ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ အံ့သြမှင်သက်မသွားဘဲ မနေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော စွမ်းအားတစ်ခု ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ယခင်က ကျိုးယန်ယန်သည် မုန်လဲ့နှင့် အခြားသူများ၏ နောက်လိုက်ကာ ကျင့်ကြံခြင်းအကြောင်း အနည်းငယ် လေ့လာဖူးသူသာ ဖြစ်ပြီး နတ်ဘုရားနယ်ပယ်၏ ပေါများကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကြောင့် ကောင်းကင်ဘုံလူသားအဆင့်ကို မနည်း ထိန်းထားနိုင်ရုံသာ ရှိသည်။

ထို့အပြင် ကျိုးယန်ယန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို စစ်ဆေးကြည့်ပြီးနောက် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သူမသည် တစ်သက်လုံး လွတ်မြောက်အင်မော်တယ်အဆင့်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း ပြောဖူးသည်။ ထိုအချိန်က ကျိုးယန်ယန် လက်မခံချင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် လက်ခံလာခဲ့ရသည်။

သို့သော် ရွှယ်အန်း၏ ကုသမှုအောက်တွင် လွတ်မြောက်အင်မော်တယ်အဆင့်ကို ကျော်ဖြတ်နိုင်ရုံသာမက သူမ စိတ်ကူးပင် မယဉ်ရဲခဲ့သော အစွမ်းထက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

"ဒါက..."

ကျိုးယန်ယန် အံ့သြတကြီး ရေရွတ်လိုက်သည်။

"မင်းအခု ရွှေရောင်အင်မော်တယ်တစ်၀က်အဆင့် ရောက်သွားပြီ၊ မင်းတို့ရဲ့ ဖန်ထျန်းနယ်မြေ အခေါ်အဝေါ်နဲ့ ပြောရရင်တော့ နတ်ဘုရားတစ်၀က်အဆင့်ပေါ့"

နတ်ဘုရားတစ်၀က်အဆင့်...

ထိုစကားလုံးကို ကြားလိုက်ရသောအခါ ကျိုးယန်ယန် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ရွှယ်အန်းကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်၀က်အဆင့် စစ်သည်တော်တစ်ဦး ဖြစ်လာခြင်းက ဘာကို ဆိုလိုသလဲဆိုတာ သူမ ကောင်းကောင်း သိသောကြောင့်ဖြစ်သည်။

အစွမ်းထက် ပုဂ္ဂိုလ်များ တိမ်တိုက်သဖွယ် ပေါများလှသော ဤကောင်းကင်နယ်မြေတွင် နတ်ဘုရားတစ်‌၀က်အဆင့်သည် ထိပ်တန်းအလွှာထဲတွင် ပါဝင်နေပြီဖြစ်သည်။ အဓိကအချက်မှာ သူမသည် လွန်ခဲ့သော ခဏလေးကမှ ကောင်းကင်ဘုံလူသားအဆင့်သာ ရှိခဲ့ပြီး ယခုလို တိုတောင်းသော အချိန်အတွင်း အဆင့်များစွာကို ဖြတ်ကျော်ကာ ဤအမြင့်ဆုံးနေရာသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။

အခန်း (၁၀၅၀) - မကျေနပ်ရင် ဝင်ခဲ့၊ အကုန်ရှင်းပစ်မယ်... စကားများနေစရာ မလိုဘူး

သခင်ကြီးရွှယ်၏ နည်းလမ်းများသည် ဤမျှလောက်ထိ အစွမ်းထက်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ ကျိုးယန်ယန်၏ မျက်ဝန်းထဲရှိ အံ့သြမှင်သက်နေမှုများကို ခံစားလိုက်ရသဖြင့် ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

"ငါ့ကို အဲ့ဒီလိုကြီး ကြည့်နေစရာ မလိုပါဘူး၊ တကယ်တော့ ဒါက အစပဲ ရှိပါသေးတယ်၊ ငါပေးထားတဲ့ ကျင့်စဉ်ကို မင်းသေချာလေ့ကျင့်လိုက်ရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဒီထက်ပိုပြီး မြင့်တက်လာဦးမှာ"

"အနာဂတ်မှာ အနည်းဆုံးတော့ ရွှေရောင်အင်မော်တယ်အဆင့်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိတယ်၊ ပြီးတော့ စစ်မှန်အင်မော်တယ်တစ်၀က်၊ တနည်းအားဖြင့် မင်းတို့ခေါ်တဲ့ နတ်ဘုရားအဆင့်ကိုတောင် ရောက်နိုင်သေးတယ်"

"နတ်ဘုရားအဆင့်..."

ကျိုးယန်ယန်သည် ယခင်က အိပ်မက်ပင် မမက်ရဲခဲ့သော ထိုအဆင့်အတန်းတစ်ခုကို ရေရွတ်ရာမှ ကြက်သေသေသွားသည်။ ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ မင်းရဲ့ ပါရမီက တကယ်ကို သာမန်အဆင့်ပဲ ရှိပေမယ့် မင်းကို တတ်နိုင်သမျှ တိုးတက်လာအောင် ကူညီပေးဖို့ နည်းလမ်းတစ်ခုတော့ စဉ်းစားထားပါတယ်"

ကျိုးယန်ယန် သတိပြန်ဝင်လာပြီး ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

"သခင်ကြီး... သခင်ကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ယန်ယန် သေတဲ့အထိ မေ့မှာမဟုတ်ပါဘူး"

ရွှယ်အန်းသည် ရှောင်တိမ်းမနေဘဲ သူမ၏ ဂါရဝပြုမှုကို လက်ခံလိုက်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျိုးမိသားစုက ဟိုမိန်းမကြီးကို ငါမသတ်ခဲ့ဘဲ ချန်ထားခဲ့တာက မင်းအတွက်ပဲ"

"ကိုယ့်စိတ်ထဲက အရိပ်မည်းတွေထဲကနေ တကယ် လွတ်မြောက်ချင်ရင် လက်စားချေမှုကို ကိုယ်တိုင် လုပ်ယူရမယ်၊ ရှေးစကားတောင် ရှိသေးတယ်လေ... ရင်ထဲက အမုန်းတရားကို ဖြေဖျောက်ချင်ရင် ဓားကိုဆွဲထုတ်ပြီး ရန်သူ့ခေါင်းကို ဖြတ်ပစ်လိုက်တာက အကောင်းဆုံးပဲ တဲ့၊ ဒါကြောင့် မနက်ဖြန် စားသောက်ပွဲကျရင် မင်းကို အထင်သေးခဲ့ဖူးတဲ့သူတွေကို အကြောက်တရားဆိုတာ ဘာလဲ သိသွားအောင် သင်ခန်းစာပေးပြီး သူတို့ပေးဆပ်ရမယ့် တန်ဖိုးကို ပေးဆပ်ခိုင်းလိုက်ပါ၊ ငါပြောတာ နားလည်လား"

ကျိုးယန်ယန်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အေးစက်မှုများ ဖြတ်ပြေးသွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"သခင်ကြီး... ယန်ယန် နားလည်ပါပြီ"

"ကောင်းတယ်"

ရွှယ်အန်း တဖန် ပြုံးလိုက်ပြီးနောက် နတ်ဘုရားအာရုံတစ်ခုကို တိုက်ရိုက် ပေးပို့လိုက်သည်။

"ဒါက ကျင့်စဉ်တစ်ခုပဲ၊ သိပ်အံ့မခန်းကြီးတော့ မဟုတ်ပေမယ့် မင်းရဲ့ ပါရမီနဲ့ဆိုရင် အတော်ပဲ"

ကျိုးယန်ယန်သည် သူမ၏ ဝိညာဉ်ပင်လယ်ထဲသို့ ကျင့်စဉ်တစ်ခု ရုတ်တရက် စီးဝင်လာသည်ကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုများ ပြင်းထန်လာသည်။ ကျင့်စဉ်တစ်ခု၏ တန်ဖိုး ကြီးမားကြောင်း သူမသိသဖြင့် ရွှယ်အန်းက ဤမျှ ပေါ့ပေါ့ပါးပါး ပေးလိုက်သည်ကို မြင်သောအခါ ကျေးဇူးတင်မဆုံး ဖြစ်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပျင်းရိလေးတွဲစွာ အကြောဆန့်လိုက်ပြီး သမ်းဝေလိုက်သည်။

"ကဲ... အားလုံး ပြီးပြီဆိုတော့ ငါသွားတော့မယ်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။ ကျိုးယန်ယန် ရုတ်တရက် တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

"သခင်ကြီး..."

"ဟင်"

ရွှယ်အန်း ခြေလှမ်းရပ်တန့်လိုက်သည်။

"ဘာကိစ္စ ရှိသေးလို့လဲ"

ထိုအချိန်တွင် ကျိုးယန်ယန်သည် ရုတ်တရက် အရှေ့သို့ ပြေးတက်သွားပြီး ရွှယ်အန်းကို အနောက်မှ သိုင်းဖက်လိုက်ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"သခင်ကြီး... ကျွန်မ..."

သို့သော် သူမ စကားမဆုံးခင်မှာပင် သူမ ဖက်ထားသောသူ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ရွှယ်အန်းသည် တံခါးနားတွင် ရောက်နေပြီဖြစ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မိန်းကလေးယန်ယန်... မိုးချုပ်နေပြီ၊ စောစော အနားယူလိုက်ပါတော့"

ထိုသို့ပြောကာ ရွှယ်အန်းက တံခါးဖွင့်၍ ထွက်ရန် ပြင်လိုက်သည်။ သို့သော် တံခါးမှာ ပွင့်မလာပေ။ တံခါးကို အတွင်းမှ လှော့ချထားမိကြောင်း သတိပြုမိလိုက်သဖြင့် ရွှယ်အန်းက ဟမ် ဟု တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူသည် ကျိုးယန်ယန်ကို ရယ်ချင်သော မျက်နှာထားဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းဖြည်းဖြည်း ခါလိုက်သည်။

"လျှောက်မတွေးနဲ့တော့... သေချာ ကြိုးစားကျင့်ကြံဖို့ မမေ့နဲ့နော်"

ထိုစကားများ ပြောပြီးနောက် ရွှယ်အန်းသည် တံခါးဖွင့်၍ ထွက်ခွာသွားလေသည်။ ကျိုးယန်ယန်သည် နေရာတွင် ကြက်သေသေ ရပ်နေပြီး ထွက်ခွာသွားသော ရွှယ်အန်း၏ ကျောပြင်ကို ငေးမောကြည့်နေမိသည်။ ရွှယ်အန်းက သူမကို ဤမျှ ပြတ်သားစွာ ငြင်းပယ်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယောက်ျားတွေက ဒီလို ဖြားယောင်းမှုမျိုးကို ခံနိုင်ရည်မရှိဘူးလို့ ပြောကြတာ မဟုတ်ဘူးလား၊ ပြီးတော့ ဒါက ရွှယ်အန်းဘက်က ဘာပေးဆပ်မှုမှ လုပ်စရာမလိုဘူးလေ၊ အားလုံးက သူမဆန္ဒအလျောက်ပဲကို...

ရုတ်တရက် ရွှယ်အန်းသညခ် တံခါးဖွင့်မရသည့် မြင်ကွင်းကို ကျိုးယန်ယန် ပြန်သတိရသွားပြီး မျက်နှာတစ်ခုလုံး နားရွက်အထိ ရဲတက်သွားသည်။ သူမသည် အရှက်သည်းစွာဖြင့် သူမသည် တံခါးကို အမြန်သွားပိတ်လိုက်ပြီး တံခါးကိုမှီကာ တစ်ယောက်တည်း ရယ်မောနေမိတော့သည်။ ဤသို့နှင့် ထိုကိစ္စက ပြီးဆုံးသွားခဲ့သည်။ သူတို့ တစ်ညလုံး စကားမပြောဖြစ်ကြတော့ပေ။

...

နောက်တစ်နေ့တွင် မုန်လဲ့ ရောက်လာသောအခါ ကျိုးယန်ယန်သည် မျက်ကွင်းညိုကြီးများဖြင့် အခန်းထဲမှ ထွက်လာသဖြင့် ညက ကောင်းကောင်း အိပ်မပျော်ခဲ့မှန်း သိသာနေသည်။ မုန်လဲ့က သိပ်သတိမထားမိသော်လည်း သေချာကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားမတတ် ဖြစ်သွားသည်။

ဒါဘာလဲ၊ ဘာလို့ ယန်ယန်ဆီကနေ နတ်ဘုရားတစ်၀က်အဆင့်အရှိန်အဝါတွေ ထွက်နေရတာလဲ၊ သူ အမြင်မှားနေတာလား...

မုန်လဲ့ မျက်လုံးကို ပွတ်သပ်ပြီး သေချာထပ်ကြည့်လိုက်သော်လည်း သူ အမြင်မမှားကြောင်း သိလိုက်ရသည်။ ကျိုးယန်ယန်သည် တကယ်ပင် ခြေတစ်လှမ်းနတ်ဘုရားအဆင့် စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ ထိုအချက်က သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

"ယန်ယန်... သမီးရဲ့ ကျင့်ကြံမှုအဆင့်က ဘာဖြစ်သွားတာလဲ"

ထိုမေးခွန်းကို ကြားသောအခါ ကျိုးယန်ယန် ပြုံးလိုက်သည်။

"ဦးလေးမုန်... သမီးလည်း အခုပဲ ပြောပြမလို့၊ သခင်ကြီးရွှယ်က သမီးကို အဆင့်မြှင့်တင်ပေးခဲ့တာလေ"

"အဆင့်မြှင့်တင်ပေးခဲ့တယ် ဟုတ်လား၊ တစ်ညတည်းနဲ့ နတ်ဘုရားတစ်၀က်အဆင့် ရောက်သွားတယ်ပေါ့"

သူ ကိုယ်တိုင်သာ မမြင်ရလျှင် ကျိုးယန်ယန် ယောင်နေသည်ဟု ထင်မိမည်မှာ သေချာသည်။ ထို့နောက် ကျိုးယန်ယန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။ သို့သော် ရွှယ်အန်း၏ ရည်ရွယ်ချက်ကို အထင်လွဲပြီး အရှက်ရခဲ့သော အဖြစ်အပျက်ကိုတော့ ချန်လှပ်ထားခဲ့သည်။

မုန်လဲ့သည် နားထောင်ပြီးနောက် အချိန်အတော်ကြာ ကြောင်ငေးနေပြီးမှ အဆုံးတွင် ခါးသီးစွာ ပြုံးလိုက်သည်။

"ယန်ယန်... ကြည့်ရတာ သခင်ကြီးရွှယ်က တကယ့်ကို သမီးရဲ့ ကျေးဇူးရှင်ကြီးပဲ"

ထိုအချိန်တွင် ရွှယ်အန်း အောက်ထပ်ဆင်းလာပြီး ဧည့်ခန်းထဲသို့ ဝင်လာသည်။

"ဘာလို့ ဒီလောက်စောစော ရောက်လာတာလဲ၊ ဘာကိစ္စ ရှိလို့လဲ"

ရွှယ်အန်းက မေးလိုက်သည်။ မုန်လဲ့ ခေါင်းညိတ်လိုက်ပြီး သူ့ မျက်နှာထားလည်း လေးနက်သွားသည်။

"သခင်ကြီးရွှယ်... မနေ့က အပြင်ထွက်တုန်းက ကျင်းမိသားစုက လူတွေနဲ့ ပြဿနာတက်ခဲ့သေးလား"

ရွှယ်အန်း၏ မျက်နှာပေါ်တွင် အပြုံးပါးပါးလေး ပေါ်လာသည်။

"ခင်ဗျား သိပြီးပြီလား"

မုန်လဲ့က ခါးသီးစွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဒီလောက်ကိစ္စကြီး ဖြစ်သွားတာပဲ၊ သိတာပေါ့ဗျာ"

"ဟုတ်တယ်... ကျင်းမိသားစုက လူတွေနဲ့ စကားနည်းနည်း များခဲ့တယ်"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ စကားနည်းနည်း များခဲ့တယ်တဲ့...

မုန်လဲ့မှာ ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ ကျင်းမိသားစု သခင်လေးရဲ့ ဝိညာဉ်ကို ပြာကျအောင် လုပ်ပစ်လိုက်ပြီး သခင်မကျင်းကို သတိလစ်တဲ့အထိ ရိုက်ခဲ့တာလေ...၊ ဒါကို ရွှယ်အန်းက စကားနည်းနည်း များခဲ့တယ်လို့ပဲ ပြောနေသည်။

"ဘာပြဿနာ ရှိလို့လဲ၊ တစ်ခုခု ဖြစ်လို့လား"

ရွှယ်အန်းက မေးလိုက်သည်။ မုန်လဲ့က အသက်ပြင်းပြင်း ရှူလိုက်သည်။

"သခင်ကြီး... ကျင်းမိသားစုက တစ်ညလုံး အိမ်တော်ကို ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သတင်းရပါတယ်၊ ပြီးတော့ ဒီမနက်စောစောမှာပဲ မိသားစုခေါင်းဆောင် ကျင်းရှုန်းက လူတွေကို ဦးဆောင်ပြီး ကျိန်စာသင့်မြို့တော် အပြင်ဘက်ကို ထွက်သွားတယ်၊ ကြည့်ရတာ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို သွားကြိုတာ ထင်တယ်"

"ဒီကိစ္စက တော်တော်လေးနက်တယ်လို့ ထင်လို့ သခင်ကြီးကို အပြေးလာသတင်းပို့တာပါ"

သို့သော် ရွှယ်အန်းသည် လုံးဝ ဂရုစိုက်ပုံမရဘဲ ပျင်းလွန်းသဖြင့် သမ်းဝေလိုက်ပြီး ခပ်ပါးပါး ပြုံးကာ ပြောလိုက်သည်။

"ငါ သိပြီ"

"သခင်ကြီး... ဒါ သေးမွှားတဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ကျင်းမိသားစုတောင် ဒီလောက် အလေးအနက်ထားနေမှတော့ သူတို့သွားကြိုတဲ့လူက သေချာပေါက် သာမန်လူ မဟုတ်လောက်ဘူး၊ သခင်ကြီး..."

ရွှယ်အန်း အလေးအနက် မထားမည်ကို စိုးရိမ်သဖြင့် မုန်လဲ့က ထပ်လောင်းပြောဆိုရန် ပြင်လိုက်သည်။ သို့သော် ရွှယ်အန်းက ရုတ်တရက် ဖြတ်မေးလိုက်သည်။

"ဒီမနက် ဘာစားကြမလဲ"

"ဟင်"

မုန်လဲ့သည် ကြောင်အမ်းသွားသည်။

"ငါပြောတာ မနက်စာ ဘာစားမလဲလို့၊ ဗိုက်နည်းနည်း ဆာနေပြီကွ"

"ဒါပေမဲ့ သခင်ကြီး..."

ရွှယ်အန်း ပြုံးလိုက်သည်။

"ခင်ဗျား စိတ်ပူတာကို နားလည်ပါတယ် ဒါပေမဲ့ ကျုပ်အမြင်မှာတော့ အရေးကြီးပုဂ္ဂိုလ်က ဘယ်သူပဲဖြစ်ဖြစ် မနက်စာလောက်တော့ အရေးမကြီးဘူး"

"ကျင်းမိသားစုကိစ္စကတော့... ဒီည စားသောက်ပွဲမှာ သူတို့ တစ်ခုခု လုပ်ရဲတယ်ဆိုရင်... အကုန်လုံးကို မြေလှန်ပစ်လိုက်ရုံပဲ၊ စကားအများကြီး ပြောနေစရာ မလိုဘူး"

မုန်လဲ့သည် တစ်စုံတစ်ခု ထပ်ပြောချင်သေးသော်လည်း ရွှယ်အန်း၏ တည်ငြိမ်သော မျက်နှာထားကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့သည်။

"ဟုတ်ကဲ့ပါ"

"ဂျိန်း..."

ထိုအချိန်တွင် အပြင်ဘက်မှ မိုးခြိမ်းသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် ဧည့်ခန်းပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ အပြင်ဘက် ကောင်းကင်ကြီးသည် မည်းမှောင်အုပ်မှိုင်းနေပြီး မနက်ခင်း ဖြစ်သော်လည်း ညအချိန်ကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်တွင် လက်ခနဲ ဖြစ်သွားသော လျှပ်စီးများသည် အလွန်ဝေးကွာနေသော်လည်း ထိုကြမ်းတမ်းသော စွမ်းအားကို ခံစားမိနေရသည်။

"ဒါ နတ်ဘုရား ပြစ်ဒဏ်ခတ်တာပဲ၊ နတ်ဘုရားအမျက်ဒေါသ ပင်လယ်ပြင်ထဲက သားရဲကြီးတွေ ပြစ်ဒဏ်ခတ်ခံနေရပြန်ပြီ"

ကျိုးယန်ယန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးပါးပါးလေး ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"နတ်ဘုရား ပြစ်ဒဏ်ခတ်ခြင်းတဲ့လား... ဟက်”

All Chapters