အခန်း (၁၀၃၉-၁၀၄၁)
Vol. 70 Ch. 1039-1041
အခန်း (၁၀၃၉) - ကိုယ်ပိုင်အတွေးအခေါ်ရှိသော ရှန်းရှန်း
ဟွီယင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် နေရာတွင်ပင် အငြိမ်မနေနိုင်ဘဲ ခုန်ပေါက်မတတ် ဖြစ်နေသည်။ သူမသည် အမြီးများမှတစ်ဆင့် ဖန်တီးထားသော ကိုယ်ပွားသုံးခုကို ချက်ချင်းပင် စမ်းသပ်ထိန်းချုပ်လိုက်ပြီး ကွန်ပျူတာကို စတင်အသုံးပြုတော့သည်။ ထူးဆန်းသည်မှာ ဤကိုယ်ပွားသုံးခုသည် သူမ၏ ကိုယ်ပိုင် လက်များခြေများကဲ့သို့ပင် စိတ်သွားတိုင်းကိုယ်ပါ လှုပ်ရှားနိုင်ပြီး ဂိမ်းကစားရာတွင် မည်သည့်အတားအဆီး၊ နှောင့်နှေးမှုမျှ မရှိသည်ကို တွေ့ရှိလိုက်ရခြင်းပင်။ ထို့ကြောင့် သူမက ရှောင်ယွီဘက်သို့ လှည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်လိုက်သည်။
"တွေ့လား... အခုဆို နင့်အမေမှာ လက်ထောက်သုံးယောက် ရှိနေပြီ၊ နောက်ဆို ဂိမ်းဆော့ရင် ငါက နင့်အထက်မှာ ရှိနေမှာ ဟေ့"
ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး အလေးအနက်မေးလိုက်သည်။
"အစ်ကိုကြီးရွှယ်... အမြီးတွေ ပိုများလေ ကိုယ်ပွားတွေ ပိုများလေပဲလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့၊ တကယ်တမ်းပြောရရင် မင်းရဲ့ အမြီးသုံးချောင်းက အခြေခံအဆင့်ပဲ ရှိသေးတာ၊ အမြီးတစ်ချောင်း ထပ်တိုးလာတိုင်း ဖန်တီးနိုင်တဲ့ ကိုယ်ပွားအရေအတွက်က ဆတိုးကိန်းနဲ့ ပွားလာမှာ၊ မင်းအစ်ကိုအဆင့် ရောက်သွားရင်တော့ ကိုယ်ပွားသန်းပေါင်းများစွာအဖြစ် ပြောင်းလဲပြီး စကြာဝဠာအနှံ့ လျှောက်သွားနိုင်ပြီ"
"ကိုယ်ပွားသန်းပေါင်းများစွာတဲ့လား..."
ဟွီယင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ခေါင်းမော့ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
"ဒါဆို... အမြီးကိုးချောင်းဆိုရင်ရော"
"အမြီးကိုးချောင်းလား..."
ရွှယ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပခုံးကိုတွန့်ပြလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါလည်း သိပ်မသေချာဘူး၊ ဘာလို့လဲဆိုတော့ မမြင်ဖူးလို့လေ၊ ဒါပေမဲ့ ဒဏ္ဍာရီတွေအရတော့ အဲ့ဒီအဆင့်ရောက်ရင် အကန့်အသတ်မရှိတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်တဲ့"
ရွှယ်အန်း၏ ပေါ့ပါးသော အဖြေစကားကြောင့် ဟွီယင်မှာ ခေါင်းငိုက်စိုက်ကျသွားပြီး နက်နက်နဲနဲ တွေးတောနေပုံရသည်။
ရွှယ်အန်းနှင့် အန်းယန်တို့ ထွက်ခွာရန် ပြင်လိုက်စဉ် ဟွီယင်က ရုတ်တရက် ခေါင်းမော့လာပြီး ရွှယ်အန်းကို လေးလေးနက်နက် ကတိပေးလိုက်သည်။
"အစ်ကိုကြီးရွှယ်... ညီမ သေချာပေါက် အမြီးကိုးချောင်း နိုးထလာအောင်လုပ်ပြီး အစ်ကို့ကို ကျော်ဖြတ်ပြီး ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်မြေခွေးတစ်ကောင် ဖြစ်လာစေရမယ်"
ရွှယ်အန်း ခြေလှမ်းရပ်တန့်သွားပြီး ဟွီယင်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ... အဲ့ဒီနေ့ကို ငါစောင့်နေမယ်"
ထိုအချိန်ကမူ ဤကတိစကားသည် အနာဂတ်တွင် မည်မျှကြီးမားသော အဓိပ္ပာယ်ဆောင်လာလိမ့်မည်ကို သူတို့နှစ်ဦးစလုံး ကြိုတင်မသိရှိခဲ့ကြပေ။ မှော်ရတနာမျှော်စင်ကို စစ်မှန်အင်မော်တယ်တစ်ပါးက ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း ကံတရား၏ ဆန်းကြယ်သော အလှည့်အပြောင်းကြောင့် ကောင်းကင်တာအို နိယာမတရား တစ်စိတ်တစ်ပိုင်းသည် ဖန်တီးမှုလုပ်ငန်းစဉ်ထဲသို့ ရောနှောသွားခဲ့ပြီး မျှော်စင်အတွင်း၌ မှော်ဆန်သော ဂုဏ်သတ္တိများစွာ ပါဝင်လာခဲ့သည်။
ဥပမာအားဖြင့် အိတ်ဆောင်စကြာဝဠာသည် ထိုအရာများထဲမှ တစ်ခုဖြစ်သည်။
လက်မပတ်လည် နေရာလေးတစ်ခုထဲတွင် နယ်မြေတစ်ခုလုံးကို ထည့်သွင်းထားနိုင်ခြင်းသည် သေးငယ်သောကိစ္စ မဟုတ်ပေ။ ၎င်းကို ထိန်းချုပ်ထားသော ရွှယ်အန်းအတွက်မူ ဤအိတ်ဆောင်စကြာဝဠာထဲတွင် အရာအားလုံးထက် သာလွန်ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ရွှယ်အန်းသည် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ တက်သွားပြီး ဒုတိယထပ်သို့ ရောက်ရှိသွားသည်။ ထောင့်ချိုးတစ်ခုသို့ ကွေ့လိုက်သည်နှင့် ကလေးမလေးနှစ်ယောက်၏ ရှင်းလင်းပြတ်သားစွာ စာဖတ်သံကို ကြားလိုက်ရသည်။
"လူဟူသည် မွေးဖွားစတွင် အခြေခံအားဖြင့် ကောင်းမွန်ကြ၏၊ သူတို့၏ သဘာဝသည် တူညီကြသော်လည်း အကျင့်စရိုက်များက ကွဲပြားသွားကြသည်..."
ထိုအသံသည် ရိုးသားဖြူစင်ပြီး အနည်းငယ်လေးနက်နေသဖြင့် နျန်နျန်၏ အသံဖြစ်ကြောင်း သိသာလှသည်။ ရွှယ်အန်းက တခစ်ခစ်ရယ်မောလိုက်ပြီးနောက် အန်းယန်ဘက်သို့ လှည့်ကာ သမီးဖြစ်သူ၏ စာရွတ်သံမှာ အတော်ကောင်းမွန်ကြောင်း မျက်လုံးဖြင့် ပြောလိုက်သည်။ အန်းယန်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီးနောက် ရွှယ်အန်းကို ဆွဲကာ အခန်းအပြင်ဘက်သို့ ခြေသံတိတ် လျှောက်သွားလိုက်သည်။
တံခါးမှာ စေ့ရုံသာ စေ့ထားသဖြင့် အခန်းထဲမှ အခြေအနေကို လှမ်းမြင်နေရသည်။
ကလေးမလေးနှစ်ယောက်သည် စာကြည့်စားပွဲတွင် ထိုင်နေကြပြီး လက်ထဲတွင် ထူထဲသော စာအုပ်ကြီးများကို ကိုင်ထားကြသည်။ နျန်နျန်သည် စာရွတ်ရင်း ခေါင်းကို ဟိုဘက်ဒီဘက် ယိမ်းထိုးကာ လှုပ်ရှားနေသည်။ ထိုအချိန်တွင် ရှန်းရှန်းသည် စာအုပ်ကို ချလိုက်ပြီး လက်ကာပြကာ နျန်နျန်ကို တားလိုက်သည်။
"စာရွတ်တာ ရပ်လိုက်စမ်း"
"ဟင်... မမ၊ ဘာဖြစ်လို့လဲ"
နျန်နျန်လည်း စာအုပ်ကိုချကာ ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"ငါထင်တယ်... ဒီစာကြောင်းမှာ တစ်ခုခု မှားနေတယ်"
"ဘယ်နေရာမှာလဲ၊ ညီမ ရွတ်တာ မှားနေလို့လား"
နျန်နျန်က နားမလည်စွာ မေးလိုက်သည်။
"နင်ရွတ်တာ မှားတာ မဟုတ်ဘူး၊ ဒီစာကြောင်းကိုယ်တိုင်က အခြေခံအားဖြင့် မှားယွင်းနေတယ်လို့ ငါထင်တယ်"
ရှန်းရှန်းက ဆရာကြီးလေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မေမေက ဒီစာအုပ်ထဲကအတိုင်း ရွတ်ရမယ်လို့ ပြောထားတယ်လေ"
"မေမေပြောတိုင်း အကုန်မှန်တာမှ မဟုတ်တာ၊ ဥပမာ ငါဆို ပထမဆုံးစာကြောင်းကိုကို သဘောမတူဘူး၊ လူဟူသည် မွေးဖွားစတွင် အခြေခံအားဖြင့် ကောင်းမွန်ကြ၏ ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကလေးတွေက မွေးလာတုန်းက ဘာမှသိတာမဟုတ်ဘူး၊ သဘာဝဗီဇအရပဲ အသက်ရှင်ကြတာ၊ အကောင်းနဲ့ အဆိုးဆိုတဲ့ သဘောတရားတွေကို တခြားလူတွေက သူတို့ခေါင်းထဲ ထည့်ပေးလိုက်ကြတာ၊ ပြီးတော့ အကောင်းဆိုတာ ဘာလဲ၊ အဆိုးဆိုတာ ဘာလဲ၊ နင်သိလား"
နျန်နျန် ခေါင်းခါလိုက်သည်။
"ညီမ မသိဘူး၊ ပြီးတော့ မမပြောတာတွေကိုလည်း သိပ်နားမလည်ဘူး"
"တွေ့လား... နင်က ရိုးသားလွန်းနေလို့ပဲ၊ ငါ ဥပမာတစ်ခု ပေးမယ်၊ နင် တောထဲမှာ လမ်းလျှောက်နေရင်း သမင်တစ်ကောင်ကို စားတော့မယ့် ဝံပုလွေတစ်ကောင်ကို ရုတ်တရက် တွေ့လိုက်တယ် ဆိုပါစို့၊ နင်ဘာလုပ်မလဲ"
"ညီမက ဘာကိစ္စ တောထဲသွားပြီး လမ်းလျှောက်ရမှာလဲ၊ ညီမက လှုပ်ရရှားရတာ မကြိုက်ပါဘူး၊ အဲ့ဒီအချိန်မှာ မုန့်ထိုင်စားနေတာက ပိုမကောင်းဘူးလား"
နျန်နျန်က ခေါင်းစဉ်နှင့် လုံးဝလွဲချော်စွာ ဖြေလိုက်သည်။ ရှန်းရှန်း စိတ်ပျက်သွားပြီး မျက်မှောင်ကြုတ်ကာ အစ်မကြီးလေသံဖြင့် ပြောလိုက်သည်။
"အဲ့ဒါ အဓိက မဟုတ်ဘူးလေ၊ ငါက နင်လမ်းလျှောက်သွားတယ်လို့ ပြောရင် သွားလိုက်"
"ဟုတ်ပါပြီ... မေးခွန်းကဘာလဲ"
"သမင်ကို စားတော့မယ့် ဝံပုလွေကို တွေ့ရင် နင်ဘာလုပ်မလဲ"
"အင်း... ညီမလည်း တစ်ကိုက်လောက် ဝင်စားလို့ရမလားလို့ ဝံပုလွေကို မေးလိုက်မယ်လေ"
နျန်နျန်က ရိုးသားစွာ ဖြေလိုက်သည်။
ရှန်းရှန်း "..."
ထို့နောက် သူမသည် စိတ်မထိန်းနိုင်တော့ဘဲ စာအုပ်ဖြင့် နျန်နျန်၏ခေါင်းကို လှမ်းရိုက်လိုက်သည်။
"စားမယ်... စားမယ်... နင့်ခေါင်းထဲမှာ စားဖို့ပဲ ရှိတယ်"
"ဒါပေမဲ့ တကယ် အဲ့ဒီလို တွေးမိမှာပဲလေ"
နျန်နျန်က အတင်းငြင်းနေသည်။
"နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်၊ ဒီည ရေခဲမုန့် စားချင်သေးရင် ငါ့ကို ရိုးရိုးသားသား ဖြေနော်"
ရှန်းရှန်းက တင်းမာသော မျက်နှာဖြင့် သတိပေးလိုက်သည်။ ရေခဲမုန့်ဟု ကြားလိုက်သည်နှင့် နျန်နျန်သည် ခါးမတ်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ပုံပြင်တွေထဲမှာ ဝံပုလွေကြီးက လူဆိုးကြီးလို့ ပြောထားတာဆိုတော့ ဝံပုလွေကြီးလက်ထဲကနေ သမင်လေး လွတ်အောင် ညီမ ကူညီပေးမှာပေါ့"
"အဲ့ဒါမှပေါ့"
ရှန်းရှန်းသည် မတ်တတ်ထရပ်လိုက်ပြီး လက်ကိုနောက်ပစ်ကာ လူကြီးလေးတစ်ယောက်လို အခန်းထဲ လမ်းလျှောက်နေသည်။
"ငါတို့အမြင်မှာတော့ ဝံပုလွေက သမင်ကို စားတာ မှားတယ်၊ ဝံပုလွေက လူဆိုး၊ သမင်က သားကောင်ပေါ့၊ ဒါပေမဲ့ ရှုထောင့်ပြောင်းကြည့်ရင် ဝံပုလွေအတွက်ကျတော့ သမင်ကို မစားရရင် သူအသက်မရှင်နိုင်ဘူး၊ ပြီးတော့ သူ့အသိုက်ထဲမှာ အစာစောင့်နေတဲ့ ဝံပုလွေလေးတွေ ရှိချင်ရှိနေမှာ၊ ဒါကြောင့် သူက အကောင်းအဆိုး ခွဲခြားချင်လို့ သမင်ကို စားတာ မဟုတ်ဘူး၊ အသက်ရှင်ဖို့အတွက် စားတာ"
နျန်နျန်သည် လုံးဝနားမလည်သော်လည်း ရေခဲမုန့်စားရရေးအတွက် ငြိမ်သက်စွာ နားထောင်နေသည်။
"သမင်အတွက်ကျတော့လည်း အစားမခံချင်ဘူးပေါ့၊ ဒါကြောင့် သားကောင်မဖြစ်အောင် ပိုမြန်မြန်ပြေး၊ ပိုသန်မာအောင် ကြိုးစားကြတယ်၊ နောက်ဆုံးတော့ သန်မာတဲ့ကောင်တွေက အသက်ရှင်ကျန်ရစ်ပြီး အိုမင်း၊ အားနည်း၊ ဖျားနာပြီး ခြေကျိုးနေတဲ့ကောင်တွေက ဝံပုလွေ စားတာကို ခံလိုက်ရတယ်၊ ရက်စက်တယ်လို့ ထင်ရပေမယ့် မျိုးစိတ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် ဖြစ်လာတာပဲ"
"အခု နင်က တောထဲရောက်သွားပြီး ဝံပုလွေက သမင်ကို လိုက်ဖမ်းနေတာ တွေ့တော့ သမင်လေးကို ကယ်တင်လိုက်တယ်ဆိုပြီး ဝံပုလွေကို မောင်းထုတ်လိုက်တယ်၊ နင်ကတော့ သိပ်ပျော်သွားတာပေါ့၊ ဒါပေမဲ့ နင်မသိတာက ဝံပုလွေက အစာငတ်ပြီး သေသွားနိုင်တယ်၊ သူ့အသိုက်ထဲက ဝံပုလွေလေးတွေလည်း သေကုန်နိုင်တယ်၊ ဒါ့အပြင် သေသင့်တဲ့ ဒီသမင်က ကံကောင်းလို့ လွတ်သွားပြီး သမင်အုပ်စုတစ်ခုလုံး ကံဆိုးမိုးမှောင်ကျတာမျိုး ဖြစ်သွားနိုင်တယ်"
"ဒါတွေအားလုံးက လူတွေ သတ်မှတ်ထားတဲ့ အကောင်းနဲ့ အဆိုး သဘောတရားတွေအပေါ် အခြေခံထားတာ၊ ကဲ... ပြောစမ်း၊ ရယ်စရာ မကောင်းဘူးလား"
ရှန်းရှန်း၏ ကျိုးကြောင်းဆီလျော်ပြီး ရင့်ကျက်လွန်းသော တင်ပြချက်ကို ကြားလိုက်ရသဖြင့် ရွှယ်အန်း အနည်းငယ် အံ့အားသင့်မသွားဘဲ မနေနိုင်ပေ။ ထိုအချိန်တွင် အန်းယန်က သူ့ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
"ယောက်ျား... ကြားတယ်မလား၊ ဒီကောင်မလေးက စကားတွေ အရမ်းတတ်တာ၊ တခါတလေ သူပြောတာတွေကို ကျွန်မ ပြန်တောင် မငြင်းနိုင်တော့ဘူး၊ ဒါကြောင့် အခု ရှင်ပဲ ဆုံးမတော့၊ ကျွန်မတော့ လက်မြှောက်ပြီ"
ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် အရိပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာကာ အခန်းရှေ့သို့ ရောက်လာသည်။ ပြီးနောက် တိုးညှင်းစွာ ခေါ်လိုက်သည်။
"ရှန်းရှန်း... နျန်နျန်..."
ကလေးမလေးနှစ်ယောက် လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
"ဖေဖေ...!"
ကလေးမလေးနှစ်ယောက်သည် ဖခင်ဖြစ်သူထံသို့ အပြေးရောက်လာကြလေသည်။
အခန်း (၁၀၄၀) - ရှန်းရှန်း၏ ပြဿနာအသေးစား
ရွှယ်အန်းသည် သမီးနှစ်ယောက်လုံးကို သူ၏ ရင်ခွင်ကျယ်ကြီးထဲသို့ ဆွဲသွင်းကာ နွေးထွေးစွာ ပွေ့ဖက်လိုက်လေသည်။
"ဖေဖေ... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ရှန်းရှန်းက မေးလိုက်သည်။
"ဟုတ်တယ် ဖေဖေ... သမီးအတွက် စားကောင်းတာတွေ ပါလာလား"
နျန်နျန်ကလည်း အစ်မဖြစ်သူ၏ စကားကို ထောက်ခံလျက် ဝင်မေးလေသည်။ ရွှယ်အန်းက သဘောကျစွာ ရယ်မောလိုက်သည်။
"နျန်နျန်... မင်းအစ်မက မင်းခေါင်းထဲမှာ စားဖို့ပဲ ရှိတယ်လို့ ပြောတာ မဆန်းပါဘူး၊ သမီးက တကယ့် အစားပုတ်လေးကိုး"
"ဟင်... ဖေဖေ၊ သမီးတို့ ခုနက ပြောနေတာတွေကို ကြားသွားတယ်ပေါ့"
နျန်နျန်က မျက်လုံးလေးပြူးကာ အံ့သြတကြီး မေးလိုက်သည်။ ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သမီးအကြီး ရှန်းရှန်းကို ငေးကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
"ရှန်းရှန်း... သမီးပြောလိုက်တဲ့ စကားတွေက ဖေဖေ့ကို တကယ်ပဲ အံ့သြသွားစေတယ်လို့ ဝန်ခံရလိမ့်မယ်"
"ဖေဖေ... သမီးပြောတာ မှန်တယ်လို့ ထင်လားဟင်"
ရှန်းရှန်း၏ အသံတွင် စိတ်လှုပ်ရှားမှုအချို့ ပါဝင်နေသည်။
"မှန်တော့ မှန်တယ်၊ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ အမှန်တရားတော့ မဟုတ်သေးဘူး"
ရွှယ်အန်းက ဆက်ရှင်းပြသည်။
"မှန်တယ်ဆိုတာက အကောင်းနဲ့ အဆိုးဆိုတဲ့ အယူအဆတွေကို လူသားတွေက သတ်မှတ်ပြဌာန်းထားတာမို့လို့ပဲ၊ အဲ့ဒီအရာတွေ မရှိခင်တုန်းက သဘာဝတရားကြီးက လူသားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုမပါဘဲ သူ့အလိုလို ချောချောမွေ့မွေ့ လည်ပတ်နေခဲ့တာလေ၊ သမီးဆိုလိုချင်တာ အဲ့ဒါမလား"
ရှန်းရှန်းက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"ဟုတ်တယ်... အဲ့ဒါပါပဲ၊ ဖေဖေ... အဲ့ဒီအယူအဆက မမှန်ဘူးလား"
"မှန်တာပေါ့၊ ဒါပေမဲ့ ပြဿနာက... လူသားတွေကို တခြား သားရဲတိရစ္ဆာန်တွေနဲ့ ရောနှောမသွားဘဲ သက်ရှိအားလုံးရဲ့ ခေါင်းဆောင်အဖြစ် ဘယ်အရာက ခွဲခြားပေးထားလဲဆိုတာ သမီးသိလား"
ရှန်းရှန်းသည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားသည်။
"လူသားတွေက တခြားမျိုးနွယ်တွေထက် ကျင့်ကြံရတာ ပိုမြန်လို့လား"
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ကျင့်ကြံတဲ့အမြန်နှုန်းအရ ပြောရရင် မိစ္ဆာမျိုးနွယ်စုရဲ့ အားကောင်းတဲ့ သွေးစည်းအမွေအနှစ်တွေက လူသားမျိုးနွယ်ထက် အများကြီး ပိုမြန်ဆန်တယ်"
"ဒါဆို... လူသားတွေမှာ ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိလို့လား"
ရွှယ်အန်းက ထပ်မံ ခေါင်းခါလိုက်ပြန်သည်။
"တခြားသူတွေကို မပြောနဲ့ဦး၊ အခု ဖေဖေတို့ရောက်နေတဲ့ နတ်ဘုရားနယ်ပယ်ကိုပဲ ကြည့်၊ နတ်ဘုရားမျိုးနွယ်တွေရဲ့ ယဉ်ကျေးမှုတွေက နှစ်ပေါင်း သိန်းချီ ကြာမြင့်ခဲ့ပြီ၊ လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ ပိုပြီးရှေးကျတယ်"
"ဒါဆို ဘာဖြစ်လို့လဲဟင်"
ရှန်းရှန်း၏ မျက်ဝန်းများတွင် သိချင်စိတ်တို့ ပြည့်နှက်လာသည်။ ရွှယ်အန်းက ပြုံး၍ သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"သမီးခုနက ပြောခဲ့တဲ့ အကောင်းနဲ့ အဆိုးဆိုတဲ့ အယူအဆကြောင့်ပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခေါင်းမော့ကာ လေးနက်သော လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"အကောင်းနဲ့ အဆိုး ခွဲခြားခြင်းဆိုတာ လူသားမျိုးနွယ် မပေါ်ပေါက်ခင်ကတည်းက ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ လူသားမျိုးနွယ် ပေါ်ပေါက်လာမှသာ ဒီအယူအဆတွေက စကြဝဠာပေါင်းများစွာထဲမှာ ရေပန်းစားလာပြီး အဓိကကျလာတာ"
ထို့နောက် ရွှယ်အန်းက ရှန်းရှန်းကို ငုံ့ကြည့်လိုက်သည်။
"ရှန်းရှန်း... သမီးကရော အကောင်းနဲ့ အဆိုးကို ဘယ်လိုခွဲခြားမလဲ"
ရှန်းရှန်းသည် မျက်မှောင်ကြုတ်ကာ အကြာကြီး စဉ်းစားပြီးနောက် နောက်ဆုံးတွင် လက်လျော့လိုက်သည့်ပုံစံဖြင့် ခေါင်းခါလိုက်သည်။
"သမီး မသိဘူး"
ရွှယ်အန်း ရယ်မောလိုက်သည်။
"သမီး မသိတာ ပုံမှန်ပါပဲ၊ ဘာလို့လဲဆိုတော့ သက်တမ်းအကြာကြီး နေလာတဲ့သူတွေတောင် အခုထိ အဖြေရှာမတွေ့ကြသေးဘူးလေ"
ထို့နောက် ရွှယ်အန်းက အန်းယန်ဘက် လှည့်မေးလိုက်သည်။
"ယန်အာ... မင်းရော ဘယ်လိုထင်လဲ"
အန်းယန်သည် အတော်ကြာအောင် စဉ်းစားပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖြေလိုက်သည်။
"တခြားသူတွေကို ကူညီပေးတာလား"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ လူဆိုးတွေကလည်း အဲ့ဒါကို လုပ်နိုင်တယ်၊ တခါတလေ ပိုတောင် ကောင်းကောင်း လုပ်ပြနိုင်သေးတယ်"
"ဒါဆို... အဖြေမှန်က ဘာလဲ"
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ကိုယ်လည်း မသိဘူး"
"ဟင်"
အန်းယန် အနည်းငယ် အံ့အားသင့်သွားသည်။ ရှန်းရှန်းနှင့် နျန်နျန်တို့လည်း ကြောင်အမ်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်လုံးထဲတွင် ရွှယ်အန်းသည် အရာအားလုံးကို သိရှိနားလည်သူ၊ အရာရာကို ဖန်ဆင်းနိုင်သူအဖြစ် ရှိနေသောကြောင့်ဖြစ်သည်
"ရှန်းရှန်းပြောသလိုပဲ လောကမှာ ပကတိ အကောင်းနဲ့ အဆိုးဆိုတာ မရှိဘူး၊ ကိုယ်က ကောင်းတယ်လို့ ထင်တဲ့အရာက ဝံပုလွေရဲ့ ရှုထောင့်ကကြည့်ရင် အဆိုးဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ ဖေဖေ့မှာ ရိုးရှင်းတဲ့ စံနှုန်းတစ်ခုတော့ ရှိတယ်"
ရွှယ်အန်းက စကားကို ခေတ္တရပ်ပြီးမှ တိုးညှင်းသော်လည်း ပြတ်သားသော လေသံဖြင့် ဆက်ပြောသည်။
"ကိုယ် မလိုလားတဲ့အရာကို သူတပါးအပေါ်လည်း မလုပ်နဲ့"
"ကိုယ် မလိုလားတဲ့အရာကို သူတပါးအပေါ်လည်း မလုပ်နဲ့..."
အန်းယန်နှင့် ရှန်းရှန်းတို့က တိုးတိုးလေး လိုက်ရွတ်ကြည့်ကြသည်။ ရွှယ်အန်းက ဆက်ပြောသည်။
"ရှန်းရှန်း... တကယ်တော့ ဒီအရာတွေရော၊ သမီးခုနက ပြောခဲ့တဲ့ သဘောတရားတွေရော အားလုံးက သမီးအတွက်တော့ စာတွေ့သက်သက်ပဲ ရှိသေးတယ်၊ ဘာလို့လဲဆိုတော့ ကိုယ်တိုင် မကြုံတွေ့ဖူးရင် တကယ် နားလည်လာမှာ မဟုတ်ဘူး"
"ဒါကြောင့် ဖေဖေ မျှော်လင့်တာက ဒီလိုအချိန်မှာ အနှစ်သာရမရှိတဲ့ စကားလုံးတွေနဲ့ သမီးရဲ့ အနာဂတ်ဘဝကို စောစီးစွာ ဆုံးဖြတ်မပစ်ဖို့ပဲ၊ အခု သမီးလိုအပ်တာက ပေါ့ပေါ့ပါးပါး ကလေးဘဝလေးပဲလေ"
ရွှယ်အန်း၏ စကားကို ကြားသောအခါ ရှန်းရှန်း၏ မျက်မှောင်ကြုတ်ထားမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရင့်ကျက်နေသယောင်ရှိသော သူမ၏ မျက်လုံးများတွင် ကလေးဆန်သော အပြစ်ကင်းစင်မှုများ ပြန်လည် ဝင်ရောက်လာသည်။
"အွန်း... ကျေးဇူးပါ ဖေဖေ၊ သမီး နားလည်ပါပြီ"
ရွှယ်အန်းက စနောက်လိုသော အပြုံးဖြင့် မေးလိုက်သည်။
"ဘာကို နားလည်သွားတာလဲ"
"လက်တွေ့မပါတဲ့ ကျိုးကြောင်းဆင်ခြင်မှုဆိုတာ နောက်ဆုံးတော့ အနှစ်သာရမရှိတဲ့ စကားသက်သက်ပဲ ဖြစ်နေမှာမို့လို့ သမီး မြန်မြန်အရွယ်ရောက်အောင် ကြီးပြင်းပြီး ဒါတွေအကုန်လုံးကို အမြန်ဆုံး နားလည်အောင် လုပ်ရမယ်ဆိုတာပါ"
ရှန်းရှန်းက အလေးအနက် ပြောလိုက်သည်။ ထိုအရာကို မြင်သောအခါ ရွှယ်အန်း ရယ်လိုက်ပြီး သူမခေါင်းကို ပုတ်လိုက်သည်။
"ကလေးမလေး... တကယ်ကြီးလာတဲ့အခါကျရင် ဒီစကားကို ပြောမိတဲ့အတွက် နောင်တရနေဦးမယ်"
ယခုထိ တိတ်နေသော နျန်နျန်က ရုတ်တရက် ထပြောသည်။
"သမီးလည်း မြန်မြန်ကြီးချင်တယ်"
"ဟမ်... နျန်နျန်က ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ကြီးလာရင် ရေခဲမုန့်ကို အကန့်အသတ်မရှိ စားလို့ရပြီလေ၊ တွေးကြည့်တာနဲ့တင် ပျော်စရာကြီး"
နျန်နျန်က သွားရည်ကျမတတ် ပြောလိုက်သည်။ ရွှယ်အန်းက အားပါးတရ ရယ်မောလိုက်သည်။
"နျန်နျန်ရယ်... ရေခဲမုန့်ပဲ စားနေရတာ ဘာများကောင်းလို့လဲ၊ ဒီနေ့ ဖေဖေ သမီးတို့ကို တခြားဟာလိုက်ကျွေးမယ်"
"တကယ်လား"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"တကယ်ပေါ့"
"ရေး... ရေး... စားစရာကောင်းကောင်းတွေ သွားစားရတော့မယ်"
ကလေးမလေးနှစ်ယောက် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြလေသည်။ ရွှယ်အန်းက အန်းယန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"တွေ့လား... ကိုယ်ဝင်ပါမှပဲ ရတော့တယ်"
အန်းယန်မှာ ရွှယ်အန်းကို ကြည့်ပြီး ပြုံးမိသွားသည်။
"ယောက်ျား... ဘယ်သွားပြီး စားကြမှာလဲ"
"အပြင်က ဆိပ်ကမ်းဘက်ကို သွားတာပေါ့"
"ဒါပေမဲ့ အပြင်မှာ အခြေအနေတွေ နည်းနည်း ရှုပ်ထွေးမနေဘူးလား"
အန်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။ သူ၏ အပြုံးတွင် ယုံကြည်မှုတို့ အပြည့်ရှိနေသည်။
"မပူပါနဲ့၊ မင်းယောက်ျား ရှိနေသရွေ့ မိုးပြိုကျရင်တောင် အေးအေးဆေးဆေး ဖြစ်သွားအောင် လုပ်ပေးမယ်"
ကျိန်စာသင့်မြို့တော် တစ်ခုလုံးကို ပင်လယ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မူလက ဆိပ်ကမ်းများစွာ ရှိသော်လည်း ထူးခြားသော တည်နေရာကြောင့် တဖြည်းဖြည်းနှင့် ဆိပ်ကမ်းတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ အဆုံးတွင် ကြီးမားခမ်းနားသော ဆိပ်ကမ်းဈေးတန်းကြီးအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ကျိန်စာသင့်မြို့တော်တွင် ကုန်သွယ်ရေး ထွန်းကားပြီး နေ့စဉ်နှင့်အမျှ ဧရာမ သင်္ဘောကြီးပေါင်း ရာချီ ဝင်ထွက်သွားလာနေသဖြင့် သင်္ဘောလုပ်ငန်းကို မှီခိုအသက်မွေးနေရသော သင်္ဘောသားများနှင့် လူပေါင်းများစွာ ရှိနေပေသည်။ ထို့ကြောင့် ဤဆိပ်ကမ်းဈေးတန်းကြီးသည် ထူးခြားစွာ စည်ကားလှပေသည်။
အနယ်နယ်အရပ်ရပ်မှ သင်္ဘောများသည် မရေမတွက်နိုင်သော ဆန်းပြားသည့် ပစ္စည်းများကို သယ်ဆောင်လာကြသည်။ ဈေးကြီးပေးရသော နိုင်ငံခြားမှ နတ်ဘုရားရတနာများမှအစ ဈေးပေါသော ဝိညာဉ်ဆန်ကြမ်းများအထိ မရှိတာဟူ၍ မရှိသလောက်ပင်။
ရွှယ်အန်းတို့ မိသားစု လမ်းလျှောက်ထွက်လာသောအခါ ရှန်းရှန်းနှင့် နျန်နျန်တို့မှာ စည်ကားလှသော မြင်ကွင်းကြောင့် အံ့သြမှင်သက်နေကြသည်။ သို့သော် ကလေးသဘာဝ အပျော်ကြိုက်ကြသဖြင့် မကြာမီ သူတို့၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ နေရာယူလာသည်။
"ဖေဖေ... သမီး ဒါစားချင်တယ်"
နျန်နျန်က ထူးဆန်းသော မုန့်တစ်ခုကို လက်ညှိုးထိုးပြသည်။
"ရတာပေါ့"
"ဖေဖေ... သမီး ဒါလေးနဲ့ ကစားချင်တယ်"
ရှန်းရှန်းက ဆန်းပြားသော ကစားစရာတစ်ခုကို ညွှန်ပြသည်။
"ပြဿနာမရှိဘူး"
ရွှယ်အန်းသည် သမီးများ၏ တောင်းဆိုမှု မှန်သမျှကို ပြုံးပြုံးကြီး ခေါင်းညိတ်ကာ ဝယ်ပေးနေလေသည်။ အဆုံးတွင် ကလေးမလေးများက ကြောက်မက်ဖွယ်ကောင်းသော မြွေတစ်ကောင်ကို ဝယ်ပေးရန် ပူဆာကြရာ ရွှယ်အန်းက သဘောတူလိုက်မည် ပြုသောအခါ အန်းယန်ကလည်း ဝင်မတားဘဲ မနေနိုင်တော့ပေ။
"တော်ကြတော့နော်... လမ်းလျှောက်တာ ခြေလှမ်းနည်းနည်းပဲ ရှိသေးတယ်၊ ဝယ်လိုက်တာလည်း အများကြီးပဲ၊ တစ်လမ်းလုံးကို ဝယ်သိမ်းတော့မလို့လား"
ရှန်းရှန်းနှင့် နျန်နျန်တို့ ပါးစပ်ပိတ်သွားကြပြီး အသံမထွက်ရဲကြတော့ပေ။ သို့သော် ခဏကြာသောအခါ ရွှယ်အန်းက သမီးများကို ငုံ့ကြည့်ကာ ပြုံးစိစိဖြင့် မေးလိုက်သည်။
"ဗိုက်ဆာပြီလား၊ ဖေဖေ ဒီနားမှာ ပင်လယ်စာ လိုက်ကျွေးမယ်လေ... ဘယ်လိုလဲ"
ထိုအခါ သမီးနှစ်ယောက်လုံး၏ မျက်လုံးများ အရောင်တောက်ပသွားကြပြီး ပြိုင်တူ အော်ပြောလိုက်ကြလေသည်။
"စားမယ်!”
အခန်း (၁၀၄၁) - နက်ရှိုင်းပင်လယ်မျှော်စင်
ဝမ်ခဲ့သည် နက်ရှိုင်းပင်လယ်မျှော်စင်ဟု အမည်တွင်သည့် စားသောက်ဆိုင်ကြီးမှ စားပွဲထိုးတစ်ဦး ဖြစ်သည်။ သူသာ် ပြောရလျှင် ထိုဆိုင်ကြီး၏ အောက်ခြေသိမ်း အလုပ်ကြမ်းသမားလေး တစ်ဦးမျှသာဖြစ်သည်။ သူတစ်ပါးကို ခယဝပ်တွား ဝန်ဆောင်မှုပေးရသည့် အလုပ်ဖြစ်သော်လည်း ဝမ်ခဲ့သည် ဤအလုပ်ကို အလွန်တန်ဖိုးထားလေသည်။
ကျိန်စာသင့်မြို့တော်တွင် ဝမ်ခဲ့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်မရှိ၊ နောက်ခံအင်အားမဲ့သော သာမန်လူတန်းစားများအတွက် ထွက်ပေါက်မှာ ပင်လယ်ထွက်၍ သင်္ဘောသားလုပ်ခြင်းသာရှိသည်။ သို့သော် ကျယ်ပြောလှသော မဟာသမုဒ္ဒရာကြီးတွင် ရေအောက်သားရဲများ သောင်းကျန်းလွန်းသဖြင့် အသက်အာမခံချက် မရှိလှပေ။
ပင်လယ်ပြင်တွင် သေမင်းနှုတ်ခမ်းဝမှ သီသီလေး လွတ်မြောက်လာခဲ့ဖူးသော ဝမ်ခဲ့သည် နောက်ထပ် စွန့်စားရဲခြင်း မရှိတော့သဖြင့် အဆုံးတွင် ဤအလုပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ အနည်းငယ် ပင်ပန်းသော်လည်း သူ့ လက်ရှိဘဝကို အတော်လေး ကျေနပ်ရောင့်ရဲနေသည်။
နက်ရှိုင်းပင်လယ်မျှော်စင်သည် ဆိပ်ကမ်းဈေးတန်းရှိ ထိပ်တန်းစားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး လစာကောင်းရုံသာမက မကြာခဏဆိုသလို ဘောက်ဆူးငွေများလည်း ရရှိတတ်သဖြင့် အဘက်ဘက်မှ ကြည့်လျှင် အသက်နှင့်ရင်းရသော သင်္ဘောသားအလုပ်ထက် များစွာ သာလွန်ပေသည်။
ယနေ့တွင် ဝမ်ခဲ့သည် ဆိုင်အ၀၌ ဧည့်ကြိုတာဝန်ကျနေသည်။ ရက်ရောသော ဧည့်သည်များနှင့်တွေ့လျှင် စကားချိုချိုသာသာ ပြောရုံဖြင့် ဘောက်ဆူးငွေ အများအပြား ရနိုင်သဖြင့် သူပျော်ရွှင်နေမိသည်။ သို့သော် ယနေ့ ဧည့်သည်အဝင်အထွက် များပြားလွန်းသဖြင့် ဝမ်ခဲ့မှာ အပြုံးမပျက် ဧည့်ခံရလွန်း၍ မျက်နှာကြွက်သားများပင် တောင့်တင်းနေပြီ ဖြစ်သည်။ လူပါးသွားသည့် တစ်ခဏတွင် သူသည် တံခါးဘောင်ကိုမှီ၍ အသက်ရှူချောင်အောင် လုပ်နေစဉ် မိသားစုတစ်စု လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်ခဲ့သည် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သေချာကြည့်လိုက်မိသောအခါ ကြောင်အမ်းသွားမိသည်။ အဘယ်ကြောင့်ဆိုသော် လာနေသည့် မိသားစုသည် ထူးခြားစွာ လှပချောမောနေကြသောကြောင့် ဖြစ်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသည်မှာ ကျောက်စိမ်းရုပ်များသဖွယ် တူညီသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်ပုံစံတူ ထားရှိကာ ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ လှပသော ကလေးမလေးနှစ်ယောက် ဖြစ်သည်။
သူတို့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။ အမျိုးသားမှာ အရပ်ရှည်ပြီး ချောမောခန့်ညားကာ သူ၏ အမူအရာများက မွေးရာပါ အထက်တန်းလွှာဆန်နေသည်။ သို့သော် သူ့ဘေးနားရှိ အမျိုးသမီးကို မြင်လိုက်ရသောအခါ ဝမ်ခဲ့မှာ လုံးဝ မှင်သက်သွားတော့သည်။ နက်ရှိုင်းပင်လယ်မျှော်စင်မှ စားပွဲထိုးတစ်ဦးအနေဖြင့် ဝမ်ခဲ့သည် လူပေါင်းစုံကို တွေ့ဖူးသည်။ သို့သော် ဤအမျိုးသမီးကို မြင်လိုက်ရမှသာ ရင်သပ်ရှုမောဖွယ်အလှတရား ဆိုသည်ကို ဝမ်ခဲ့ နားလည်သွားတော့သည်။
ထိုမျှလောက် ရုပ်ရည်ချောမောသည့် မိသားစုသည် လူအများ၏ အကြည့်များကို ဖမ်းစားထားနိုင်ပေသည်။ ဝမ်ခဲ့တစ်ယောက် ငေးမောနေမိစဉ် ရွှယ်အန်းသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စားသောက်ဆိုင်ကို မော့ကြည့်ကာ ခပ်ပါးပါး ပြုံး၍ ပြောလိုက်သည်။
"သူတို့ပြောတဲ့နေရာက ဒီနေရာဖြစ်မယ်"
ထိုအခါမှ ဝမ်ခဲ့က သတိပြန်ဝင်လာပြီး အလျင်အမြန် ရှေ့တိုးကာ နှုတ်ဆက်လိုက်သည်။
"ဧည့်သည်တော်တို့ ထမင်းလာစားကြတာလားခင်ဗျ"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"သီးသန့်အခန်းရှိလား"
ဝမ်ခယ်က ပြုံး၍ တောင်းပန်လိုက်သည်။
"တကယ် တောင်းပန်ပါတယ်ခင်ဗျာ၊ ဒီနေ့ သီးသန့်အခန်းတွေ မအားတော့ပါဘူး၊ ဒါပေမဲ့ ခန်းမကြီးထဲမှာတော့ နေရာရှိပါသေးတယ်"
ရွှယ်အန်းက အန်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လူအများ၏ စိုက်ကြည့်ခြင်းကို မခံနိုင်သော အန်းယန်သည် ဂါထာမန္တန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုကာ သူမ၏ ပြိုင်ဘက်ကင်း အလှတရား တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်လိုက်ပြီးနောက် ခပ်တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုလည်း ဝင်ပြီး အရသာမြည်းကြည့်ကြတာပေါ့"
ခန်းမကြီးရှိ ခုံအများစုမှာ လူပြည့်နေပြီဖြစ်သည်။ သို့သော် ရွှယ်အန်းတို့မိသားစု ဝင်လာသောအခါ ဆူညံနေသော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
"ဧည့်သည်တော်တို့ ဘာသုံးဆောင်မလဲခင်ဗျ"
ဝမ်ခယ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ ရွှယ်အန်းသည် မည်သူမည်ဝါဖြစ်ကြောင်း သူ မသိသော်လည်း ရွှယ်အန်း၏ အရှိန်အဝါကြောင့် သာမန်လူမဟုတ်မှန်း သူသိသဖြင့် ဂရုတစိုက် ဝန်ဆောင်မှုပေးနေသည်။ ရွှယ်အန်းက ဂရုမစိုက်သလို ပြန်ဖြေသည်။
"မင်းတို့ဆိုင်ရဲ့ နာမည်ကြီးဟင်းပွဲတွေ ချပေးပါ"
"ဟုတ်ကဲ့ပါခင်ဗျ"
ဝမ်ခယ်က အော်ဒါသွားတင်လိုက်သည်။ မကြာမီ ဟင်းပွဲများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ နက်ရှိုင်းပင်လယ်မျှော်စင်မှ အစားအစာများမှာ တကယ်ပင် အရသာရှိလှသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ ကလေးမလေးနှစ်ယောက် အကြီးအကျယ် မြိန်ရေရှက်ရေ စားသောက်နေကြသည်။
အထူးသဖြင့် အစားပုတ်လေး နျန်နျန်သည် တူသုံးရသည်မှာ နှေးလွန်းသည်ဟု ထင်သဖြင့် လက်ဖြင့် ပုစွန်ကြီးတစ်ကောင်ကို ကိုင်ကာ ကိုက်ဝါးတော့သည်။ ဤပွင့်လင်းသော အပြုအမူကြောင့် လူအများက သဘောကျစွာ ပြုံးမိကြသည်။ ရှန်းရှန်းမှာမူ ရှက်သွားသဖြင့် စားပွဲအောက်မှနေ၍ နျန်နျန်ကို လှမ်းကန်လိုက်သည်။ နျန်နျန်က ပါးစပ်ထဲမှ ပုစွန်ကို မျိုချလိုက်ပြီး နားမလည်စွာ မေးလိုက်သည်။
"မမ... ဘာလို့ သမီးကို ကန်တာလဲ"
ရှန်းရှန်းက သက်ပြင်းချလိုက်သည်။
"နျန်နျန်ရယ်... နင်စားတာသောက်တာ နည်းနည်းလောက် မိန်းကလေး မဆန်နိုင်ဘူးလား"
"မိန်းကလေးဆန်ရမယ်..."
နျန်နျန် ခေါင်းခါလိုက်သည်။
"မိန်းကလေးမဆန်ချင်ပါဘူး၊ မိန်းကလေးဆန်နေရင် အရသာရှိအောင် စားရမှာ မဟုတ်ဘူး"
နျန်နျန်သည် ပြောပြောဆိုဆိုနှင့် ခေါင်းငုံ့ကာ လက်ထဲမှ ပုစွန်ကြီးကို ဆက်လက် အာရုံစိုက်လိုက်သည်။ ရွှယ်အန်းသည် ထိုမြင်ကွင်းကိုပြုံး၍ ကြည့်နေပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ဆိုင်အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော ဖြောင်း ခနဲ ပါးရိုက်သံတစ်ချက် ကြားလိုက်ရသည်။ ထို့နောက် မာန်မာနအပြည့်နှင့် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"နင်က ဘာကောင်မို့လို့လဲ၊ ငါ့ကို ဝန်ဆောင်မှုပေးရဲတယ်ပေါ့"
ထိုအသံကြောင့် ခန်းမထဲရှိ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ရွှယ်အန်းလည်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ ဆိုင်ရှေ့တွင် ခမ်းနားထည်ဝါသော ရထားလုံးတစ်စီး ရပ်ထားပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ယောက် ဆင်းလာသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးမှာ တောက်ပြောင်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး မိတ်ကပ်ထူပိန်းနေအောင် လိမ်းထားကာ ကလေးမှာမူ ယောကျ်ားလေး ဖြစ်သည်။
ရွှယ်အန်းတို့ကို ဧည့်ခံခဲ့သော ဝမ်ခဲ့မှာ ခေါင်းငုံ့ထားရပြီး ပါးပြင်ပေါ်တွင် လက်ဝါးရာ ထင်ထင်ရှားရှား ပေါ်နေသည်။ ထိုမောက်မာသော အမျိုးသမီး ရိုက်လိုက်ခြင်း ဖြစ်သည်။ ၀မ်ခယ်သည် မျက်နှာတစ်ခုလုံး ရောင်ရမ်းနေသော်လည်း မလှုပ်ရဲဘဲ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။
"သခင်မကျင်း... တကယ် တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် မှားသွားပါတယ်"
ထိုမြင်ကွင်းကြောင့် ခန်းမထဲရှိ ဧည့်သည်အများစုမှာ ဒေါသထွက်သွားကြသည်။
အန်းယန်က မျက်မှောင်ကြုတ်ကာ ခင်ပွန်းသည်ကို တိုးတိုးလေး မေးလိုက်သည်။
"ကလေးတွေ မမြင်ရအောင် ကွယ်လိုက်ရမလား"
ရွှယ်အန်းက ခေါင်းဖြည်းဖြည်း ခါလိုက်ပြီး အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးကို သူတို့ နောက်ကျရင်လည်း ကြုံရမှာပဲ၊ လောလောဆယ်တော့ ကြည့်ခိုင်းထားလိုက်ပါ၊ ဘာမှမဖြစ်ပါဘူး"
အန်းယန်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဆုံးတွင် သက်ပြင်းသာ ချလိုက်သည်။
"ဟွန့်"
ထိုအချိန်တွင် အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ငါ့အတွက် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးစမ်း"
ဝမ်ခယ်မှာ တုန်လှုပ်သွားပြီး ခြောက်ကပ်ကပ် ရယ်ကာ ပြန်ဖြေသည်။
"သခင်မကျင်း... တကယ် တောင်းပန်ပါတယ်ခင်ဗျာ၊ ဒီနေ့ သီးသန့်အခန်းတွေ မအားတော့လို့ပါ"
"နင်ဘာပြောလိုက်တယ်"
သခင်မကျင်း အသံမြင့်တက်သွားသည်။ ဝမ်ခယ် တံတွေးမြိုချလိုက်ပြီး ပြောလိုက်သည်။
"ဒီ... ဒီနေ့ သီးသန့်အခန်းတွေ အကုန် လူပြည့်နေပါပြီခင်ဗျ"
ဖြောင်း... ဖြောင်း...
ကျယ်လောင်သော ပါးရိုက်သံ နှစ်ချက် ထပ်မံ ထွက်ပေါ်လာသည်။ သခင်မကျင်း မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် လူအများစု မမြင်လိုက်ရဘဲ ဝမ်ခယ်၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းသွားတော့သည်။ ထိုသို့ ရိုက်ခံရသော်လည်း ဝမ်ခယ်မှာ မလှုပ်ရဲဘဲ ခေါင်းငုံ့ကာ တောင်းပန်နေရသည်။ သူ၏ စကားသံများပင် မပီသတော့ပေ။
"တကယ်တောင်းပန်ပါတယ် သခင်မကျင်း... အဆင်မပြေဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်"
"အဆင်မပြေဖြစ်တာ ဟုတ်လား၊ ဟားဟား... ငါ့စကားတစ်ခွန်းတည်းနဲ့ နင်တို့ရဲ့ ဒီမျှော်စင်ကို ပြာကျသွားအောင် လုပ်နိုင်တယ်ဆိုတာ ယုံလား"
သခင်မကျင်းက မောက်မာစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ယုံပါတယ်ခင်ဗျ"
ဝမ်ခယ်က အကြိမ်ကြိမ် ဦးညွှတ်ကာ ဖြေလိုက်သည်။ ထိုအချိန်တွင် သခင်မကျင်း၏ နောက်မှ ကလေးလေးက ရုတ်တရက် ပြောလိုက်သည်။
"သိရင် ဒူးထောက်လိုက်လေ"
ဝမ်ခယ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသများ ဖြတ်ပြေးသွားသည်။ သခင်မကျင်းကို သူရော၊ ဤဆိုင်ကပါ ပြစ်မှား၍ မရမှန်း သူသိသည်။ အမှန်တော့ သူလည်း ရထားလုံး ဆိုက်ကတည်းက ကြောက်နေခဲ့ခြင်းဖြစ်သည်။
သခင်မကျင်း လာတိုင်း သူမကို ဝန်ဆောင်မှုပေးရသည့် စားပွဲထိုးမှာ ကံဆိုးမိုးမှောင်ကျလေ့ရှိသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းကလည်း ဝမ်ခဲ့ပင် တာဝန်ကျခဲ့ပြီး အရိုက်ခံရသဖြင့် သုံးရက်ကြာ အိပ်ရာထဲ လဲခဲ့ရသည်။ ဤတစ်ခေါက်လည်း သူ မရှောင်လွှဲနိုင်တော့မှန်း သိလိုက်သည်။ ဝမ်ခဲ့သည် မလိုလားသော်လည်း နောက်ဆုံးတွင် ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်သည်။