← Chapters

အခန်း (၁၀၄၂-၁၀၄၄)

Vol. 70 Ch. 1042-1044

အခန်း (၁၀၄၂-၁၀၄၄)

Vol. 70 Ch. 1042-1044

အခန်း (၁၀၄၂) - မိမဆုံးမ ဖမဆုံးပဲ ပစ်ထားတဲ့ ကလေးဆိုးတွေကတော့ တကယ့်ကို... သေသင့်တဲ့ကောင်တွေပဲ

ထိုကလေးစုတ်သည် ရုတ်တရက် ရှေ့သို့တိုးလာပြီး ဝမ်ခဲ့၏ မျက်နှာကို နောက်ထပ် သုံးလေးချက်ခန့် ဆင့်ကာဆင့်ကာ ပါးရိုက်လိုက်လေသည်။ သူ‌သည် အသက်အရွယ် ငယ်ရွယ်သော်လည်း သိုင်းပညာပါရမီ အသင့်အတင့်ရှိပြီး ကျင့်ကြံမှုအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ရာ ထိုအားပါသော ရိုက်ချက်များကြောင့် ဝမ်ခဲ့၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာတော့သည်။ ထို့နောက် ကျင်းမိသားစု၏ သခင်လေးက ဂရုမစိုက်သော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်သည်။

"နောက်တစ်ခါ ငါ့ကို ဒီလိုရိုင်းပြရဲရင် မင်းရဲ့ ခွေးအသက် ပျောက်သွားမယ်ဆိုတာ မှတ်ထားလိုက်"

ဤစကားကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကလေးငယ်တစ်ဦး၏ မျက်နှာပေါ်ရှိ အပြစ်ကင်းစင်မှုများနေရာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ အစားထိုး ဝင်ရောက်လာသည်ကို မြင်တွေ့ရသဖြင့် လူအများမှာ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။ သို့သော် မိခင်ဖြစ်သူ သခင်မကျင်းမှာမူ ရှက်ရွံ့ခြင်းမရှိသည့်အပြင် ဂုဏ်ယူဝင့်ကြွားနေပုံရပြီး တခစ်ခစ်ပင် ရယ်မောလိုက်သေးသည်။

"ကောင်းတယ်... ဒါမှ ငါတို့ ကျင်းမိသားစုရဲ့ သခင်လေး ပီသမှာပေါ့၊ မေမေ ပြောထားသလိုပဲ၊ ဒီလို အောက်ခြေလူတန်းစားတွေကို ဘယ်တော့မှ ကြင်နာတဲ့မျက်နှာ မပြရဘူး... မဟုတ်ရင် သူတို့က အခွင့်အရေး ယူတတ်ကြတယ်"

"ဟုတ်ကဲ့မေမေ... သား နားလည်ပါပြီ"

ကျင်းသခင်လေးသည် မိခင်ဖြစ်သူ၏ ထောက်ခံမှုကို ရရှိသဖြင့် မေးကိုမော့ကာ မောက်မာစွာဖြင့် ပြန်ဖြေလိုက်သည်။ ဤမြင်ကွင်းသည် ကြည့်ရှုနေသူ အများအပြားကို ဒေါသထွက်စေသော်လည်း မည်သူမျှ အသံမထွက်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ကျင်းမိသားစုသည် ကျိန်စာသင့်မြို့တော်တစ်ခုလုံးတွင် ဩဇာအာဏာကြီးမားသော မိသားစုဖြစ်ရာ ဝမ်ခယ်ကို ပါးရိုက်သည် ထားစေဦး၊ နေရာတွင်ပင် ရိုက်သတ်လိုက်လျှင်ပင် မည်သူမျှ ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ပေ။

"ဘာရပ်လုပ်နေတာလဲ၊ ငါတို့အတွက် သီးသန့်အခန်း မစီစဉ်ပေးသေးဘူးလား"

သခင်မကျင်းက အော်ငေါက်လိုက်သည်။

ဝမ်ခဲ့သည် မျှော်လင့်ချက်မဲ့မှုပဲ အရှက်ရမှုများနှင့်အတူ ကြမ်းပြင်ပေါ်မှ ထရပ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေသော နျန်နျန်သည် လက်ထဲမှ ပုစွန်ကြီးကို ချလိုက်ပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဖေဖေ... ဟိုအန်တီကြီးက ဘာလို့ ကိုကြီးကို အနိုင်ကျင့်နေတာလဲဟင်"

ရွှယ်အန်းက ပြုံးလိုက်သော်လည်း နျန်နျန်ကို တိုက်ရိုက်ပြန်မဖြေဘဲ ရှန်းရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ရှန်းရှန်း... သမီးကရော ဘာအကြောင်းကြောင့်လို့ ထင်လဲ"

ရှန်းရှန်းသည် ခေါင်းလေးစောင်းကာ ခဏစဉ်းစားပြီးနောက် ဖြေလိုက်သည်။

"ဖေဖေ... သူတို့က တခြားလူတွေထက် သူတို့ကိုယ်သူတို့ ပိုသာတယ်လို့ ထင်နေကြလို့လား"

ရွှယ်အန်း ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရှန်းရှန်းပြောတာ မှန်တယ်၊ ဒီလောကကြီးမှာ ကိုယ့်ကိုယ်ကို တခြားလူတွေထက် ပိုမြတ်တယ်လို့ ထင်မှတ်မှားနေတဲ့ လူတန်းစားတစ်ရပ် အမြဲရှိတတ်တယ်"

သူ၏ အသံမှာ မကျယ်လောင်သော်လည်း အခန်းထဲရှိ လူတိုင်း ပကတိရှင်းလင်းစွာ ကြားလိုက်ရသည်။ သခင်မကျင်းလည်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူ ပြောလိုက်တာလဲ... ဟမ့်"

သို့သော် သူမ၏ အကြည့်များ ရွှယ်အန်းတို့ မိသားစုထံ ရောက်သွားချိန်တွင် ကြောင်အမ်းသွားမိသည်။ မလှမ်းမကမ်းတွင် ထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးရှိပြီး ထိုလူငယ်၏ မျက်နှာထားမှာ တည်ငြိမ်အေးဆေးလျက် ခန့်ညားနေသည်။ ထိုလူငယ်၏ ဘေးတွင် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦးနှင့် ချစ်စရာကောင်းသော ကလေးမလေးနှစ်ယောက် ရှိနေသည်။ ဤပေါင်းစပ်မှုကို မြင်လိုက်ရသောအခါ သခင်မကျင်းမှာ ပြောချင်သော စကားများကို ပြန်မျိုချလိုက်ရသည်။

ထိုလူငယ်မှာ သာမန်မဟုတ်ဟု သူမ၏ အာရုံခံစားမှုက သတိပေးလိုက်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် သူထုတ်လွှတ်နေသော သဘာဝအရှိန်အဝါသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားနေသည်။ သူမ ဘာမှမပြောသော်လည်း ကျင်းသခင်လေး၏ မျက်လုံးများမှာမူ ထူးဆန်းစွာ အရောင်တောက်ပလာသည်။

သူသည် အသက် ၇ နှစ်၊ ၈ နှစ်အရွယ်သာ ရှိသေးသော်လည်း ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ထားသဖြင့် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့ အရပ်ရှည်ပြီး မွေးကတည်းက အလိုလိုက်ခံထားရသဖြင့် အလွန် မောက်မာဝင့်ကြွားသော စိတ်ထားရှိသူ ဖြစ်သည်။ သူသည် နျန်နျန်နှင့် ရှန်းရှန်း ထိုင်နေသည်ကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် မီးတောက်တစ်ခု တောက်လောင်လာပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရုတ်တရက် ပြောလိုက်သည်။

"မေမေ... သား သီးသန့်အခန်းထဲမှာ မစားချင်တော့ဘူး၊ ဒီခန်းမထဲမှာပဲ စားရအောင်"

သခင်မကျင်း အနည်းငယ် အံ့သြသွားသော်လည်း သားဖြစ်သူ၏ စိတ်ကို မည်သူထက်မဆို ပိုသိသဖြင့် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

ထို့နောက် သူမသည် ဝမ်ခယ်ကို စိုက်ကြည့်လိုက်သည်။

"ဘာရပ်လုပ်နေတာလဲ၊ ငါတို့အတွက် စားပွဲ ရှင်းမပေးသေးဘူးလား"

ဝမ်ခယ်သည် နာခံစွာဖြင့် လုပ်ဆောင်လိုက်သည်။ သို့သော် ခန်းမထဲတွင် စားပွဲတစ်လုံးသာ ကျန်တော့ပြီး ထိုစားပွဲမှာ ရွှယ်အန်းတို့ စားပွဲနှင့် ကပ်လျက်တွင် ရှိနေသည်။ ဝမ်ခဲ့သည် စောစောက ရွှယ်အန်းပြောလိုက်သည်ကို ကြားလိုက်ရပြီး သူ့ဘက်မှ ရပ်တည်ပေးမှန်း သိသဖြင့် ကျေးဇူးတင်မိနေသည်။ ထို့ကြောင့် စားပွဲသုတ်နေလျက် အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"သခင်ကြီး... တခြားကိစ္စ မရှိတော့ရင် ဒီကနေ မြန်မြန်ထွက်သွားတာ ကောင်းမယ် ထင်တယ်"

"အိုး... ထွက်သွားရမယ်၊ ဘာလို့ ငါက ထွက်သွားရမှာလဲ"

ရွှယ်အန်းက ပြုံး၍ ပြန်မေးလိုက်သည်။ ဝမ်ခဲ့က ခါးသီးစွာ ပြုံးလိုက်သည်။

"ကျွန်တော့်မျက်နှာကိုသာ ကြည့်ပါတော့၊ ကျွန်တော်တို့လို သာမန်လူတွေက ဒီသားအမိကို ရန်မစနိုင်ဘူးလေ၊ အထူးသဖြင့် သူ့သားက တကယ့် မိစ္ဆာဘုရင်လိုပဲ၊ သခင်ကြီးမှာလည်း သမီးလေးနှစ်ယောက် ပါလာတာဆိုတော့ တော်ကြာ သူက..."

သူဆိုလိုချင်သည်မှာ ရှင်းလင်းနေပြီဖြစ်သည်။ ရွှယ်အန်းက ထိုစကားကို ကြားသော်လည်း အပြုံးမပျက်ပေ။

"သတိပေးတဲ့အတွက် ကျေးဇူးပါ၊ ဒါပေမဲ့ ငါ့မှာ အကျင့်တစ်ခုရှိတယ်၊ ကိစ္စဘယ်လောက်ကြီးကြီး ထမင်းတော့ ကုန်အောင် စားရမယ် ဆိုတာပဲ"

"ဒါပေမဲ့..."

ဝမ်ခယ်က စိုးရိမ်နေသည်။ ရွှယ်အန်းသည် လက်ကာပြ၍ စကားဖြတ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

"နောက်ကျရင် မင်းဘာလုပ်စရာ ရှိသေးလဲ"

ဝမ်ခယ် အံ့အားသင့်သွားပြီး ခေါင်းခါလိုက်သည်။

"ဘာလုပ်စရာ ရှိဦးမှာလဲဗျာ၊ ဒီသားအမိ ရောက်လာကတည်းက စားပွဲထိုးတွေအကုန်လုံး ပုန်းကုန်ကြတာလေ၊ ဆိုင်ရှင်တောင် ရှောင်နေတာ၊ ဘာလို့လဲဆိုတော့ ဘယ်အချိန် ပါးရိုက်ခံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးကိုး၊ အခုတော့ ကျွန်တော်ပဲ ကံဆိုးပြီး သူတို့ကို ဧည့်ခံဖို့ ကျန်ခဲ့ရတာပါပဲ"

၀မ်ခယ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ရွှယ်အန်း ရယ်မောလိုက်သည်။

"ဒါဆို ကွက်တိပဲ၊ မင်းမအားရင် ဒီမှာနေပြီး ပွဲကြည့်လို့ရတာပေါ့"

"ပွဲကြည့်ရမယ်...?"

ဝမ်ခဲ့က နားမလည်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သခင်မကျင်းနှင့် သူမ၏သားတို့ လျှောက်လာကြပြီး စိတ်မရှည်ဖြစ်နေကြသည်။

"စားပွဲသုတ်တာ ဘယ်လောက်ကြာဦးမှာလဲ၊ ဖယ်စမ်း... ဟိုဘက်သွားစောင့်နေ"

"ဟုတ်... ဟုတ်ကဲ့ပါ"

ဝမ်ခဲ့သည် ကပျာကသီ ပြန်ဖြေလိုက်ပြီး ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်ကာ အဝေးသို့ ဆုတ်ခွာသွားလေသည်။ ယခုအချိန်တွင် ခန်းမထဲရှိ အခြားစားသုံးသူများလည်း အခြေအနေမဟန်သည်ကို သတိထားမိကြပြီး တိတ်တဆိတ် ထွက်ခွာသွားကြပြီဖြစ်သည်။ ခဏအတွင်းမှာပင် ခန်းမထဲ၌ ရွှယ်အန်းနှင့် သခင်မကျင်းတို့၏ စားပွဲနှစ်လုံးသာ ကျန်ရှိတော့သည်။

လေထုအခြေအနေမှာ ထူးဆန်းစွာ တိတ်ဆိတ်လာသည်။ ရွှယ်အန်းက အစားအစာကို အေးအေးဆေးဆေး ဆက်စားနေပြီး အန်းယန်ကလည်း ဘာမှမဖြစ်သည့်အလား သမီးနှစ်ယောက်အတွက် ပုစွန်အခွံခွာပေးနေသည်။ သခင်မကျင်းနှင့် သူမ၏သားမှာမူ တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ မကြာခဏ လှမ်းကြည့်နေကြသည်။

အဆုံးတွင် အစေခံတစ်ဦး အပြင်မှ အပြေးဝင်လာပြီး သခင်မကျင်း၏ နားနားကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ သခင်မကျင်း၏ မျက်လုံးများ အရောင်တောက်ပသွားပြီး သားဖြစ်သူကို မျက်ရိပ်ပြလိုက်သည်။ ကျင်းသခင်လေးသည် ရယ်မောလိုက်ပြီး ပုစွန်တစ်ပန်းကန်ကို ကိုင်ကာ ပေါ့ပေါ့ပါးပါး လျှောက်လာလေသည်။

"ညီမလေး... ပုစွန်ကြိုက်လား"

သူက နျန်နျန်ကို အရင်မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နျန်နျန်၏ ရှေ့တွင် ပုစွန်ခွံအများဆုံး ရှိနေပြီး အားပါးတရ စားသောက်နေသောကြောင့် ဖြစ်သည်။ နျန်နျန်သည် ကျင်းသခင်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းပြန်လှည့်ကာ ပုစွန်ကိုသာ ဆက်လက် အာရုံစိုက်နေသည်။ ထိုအပြုအမူသည် ကျင်းသခင်လေးကို လုံးဝ လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။

အမြဲတစေ အလိုလိုက်ခံရပြီး ရောက်လေရာတွင် အရေးပေးခံရသော ကျင်းသခင်လေး၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သို့သော် သူသည် ဒေါသကို ထိန်းချုပ်လိုက်ပြီး ရှန်းရှန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ညီမလေး... နာမည်ဘယ်လိုခေါ်လဲ၊ ကိုကြီးတို့ ခင်လို့ရမလား"

ရှန်းရှန်းသည် ခေါင်းပင်မမော့ဘဲ သူ့ကို တစ်ချက်စောင်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မရဘူး"

ထိုစကားတစ်ခွန်းက ကျင်းသခင်လေး ပြောမည့်စကားများကို လုံးဝ ပိတ်ဆို့သွားစေသည်။ သူသည် ညီအစ်မနှစ်ယောက်ကို ကြည့်နေရာမှ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ရုတ်တရက် သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် လက်ချော်သွားသယောင် ဟန်ဆောင်လိုက်ပြီး ပန်းကန်ပြားကို လွှတ်ချလိုက်လေသည်။

ပုစွန်အပြည့်ပါသော ပန်းကန်ပြားသည် ခေါင်းငုံ့စားနေသော နျန်နျန်ထံသို့ တည့်တည့် ပျံဝဲသွားသည်။ ပန်းကန်ပြားနှင့် ဆီပူများ နျန်နျန်အပေါ် ရောက်ခါနီးအချိန်တွင် ရွှယ်အန်းက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။

"မိမဆုံးမ ဖမဆုံးပဲ ပစ်ထားတဲ့ ကလေးဆိုးတွေကတော့လေ... တကယ့်ကို... သေသင့်တဲ့ကောင်တွေပဲ”

အခန်း (၁၀၄၃) - ဒီမြင်ကွင်းက မလှဘူးလား

ရွှယ်အန်း၏ စကားသံ ဆုံးသည်နှင့်တပြိုင်နက် ပြုတ်ကျလုဆဲဆဲဖြစ်နေသော ပန်းကန်ပြားနှင့် ဆီပူများသည် လေထဲတွင်ပင် ရုတ်ခြည်း လမ်းကြောင်းပြောင်းသွားကာ ကျင်းသခင်လေး၏ ဦးခေါင်းထက်သို့ တည့်မတ်စွာ ကျရောက်သွားလေတော့သည်။

"ခွမ်း..."

ပြင်းထန်သော အရှိန်ကြောင့် ပန်းကန်ပြားမှာ ကွဲကြေသွားပြီး ဒယ်အိုးထဲမှ ယခုလေးတင် ဆယ်ယူထားသော ပုစွန်ကြော်ဆီပူများသည် သူ့ ခေါင်းမှတဆင့် မျက်နှာတဝိုက်သို့ စီးကျလာရာ အရေပြားများမှာ ချက်ချင်းပင် ပူလောင်ဖူးရောင်လာတော့သည်။ နာကျင်မှုသည် သူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသဖြင့် ကျင်းသခင်လေး နှုတ်ဖျားမှ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"အား... မေမေ... သားကို ဝိုင်းအနိုင်ကျင့်နေကြတယ်..."

အဝေးမှနေ၍ ပွဲကြည့်ရန် ပြင်ဆင်နေသော သခင်မကျင်းသည် သားဖြစ်သူ တိုက်ခိုက်ခံလိုက်ရသည်ကို မြင်သောအခါ အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် ဒေါသအိုး ပေါက်ကွဲမတတ်ဖြစ်ကာ အပြေးအလွှား ရောက်ရှိလာသည်။

"ချွင်းအာ... သား ဘာဖြစ်သွားသေးလဲ"

"အား... အား... နာတယ်... အရမ်းနာတာပဲ၊ မေမေ... အဲ့ကောင် သားကို လုပ်တာ"

ကျင်းချွင်းက နာကျင်စွာ အော်ဟစ်ရင်း ရွှယ်အန်းကို လက်ညှိုးထိုးကာ မကျေမနပ် တိုင်တောလေသည်။ သားဖြစ်သူ၏ အဖြစ်အပျက်ကို မြင်သောအခါ ကျင့်ကြံသူတစ်ဦးအတွက် ဤဒဏ်ရာမှာ သေးမွှားသည် ဆိုသော်လည်း မောက်မာလှသော သခင်မကျင်းသည် သူမ၏သား အနိုင်ကျင့်ခံရသည်ကို သည်းမခံနိုင်ပေ။ ထို့ကြောင့် သူမသည် ခေါင်းမော့ကာ ရွှယ်အန်းကို စူးရဲစွာကြည့်လျက် ဟိန်းဟောက်လိုက်သည်။

"ငါ့သားကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ"

"ခင်ဗျားသားကို အနိုင်ကျင့်တယ် ဟုတ်လား..."

ရွှယ်အန်းက ခါးသီးစွာ ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။

"လူတိုင်း ကြည့်နေကြတာပဲ၊ ကျုပ်က အစကတည်းက နေရာကနေ တစ်ဖဝါးမှ မရွေ့ဘူးနော်၊ ဘယ်လိုလုပ် ခင်ဗျားသားကို အနိုင်ကျင့်ရမှာလဲ"

"နင် လိမ်နေတာ၊ ဒါဆို ဘယ်လိုလုပ် ပန်းကန်ပြားက ရုတ်တရက် ငါ့သားခေါင်းပေါ် ရောက်သွားရတာလဲ"

သခင်မကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျုပ် ဘယ်သိမလဲ၊ လေပြင်းတိုက်သွားလို့ နေမှာပေါ့"

ရွှယ်အန်းက ဂရုမစိုက်သလို ပခုံးတွန့်ကာ ဖြေသည်။

"နင်..."

သခင်မကျင်း ဒေါသကြောင့် ရူးမတတ် ဖြစ်သွားရသည်။ သူမသည် သားဖြစ်သူကို မလွှတ်ခင် တွန့်ဆုတ်နေခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းကို မမြင်ဖူးသဖြင့် တိတ်တဆိတ် စုံစမ်းခိုင်းခဲ့ရာ မည်သူမှ ရွှယ်အန်းအကြောင်း မကြားဖူးသကဲ့သို့ နာမည်ကြီး မိသားစုများမှ မဟုတ်ပဲ ကျင့်ကြံသူ ပါရမီရှင်လည်း မဟုတ်ကြောင်း သိရမှသာ စိတ်ချလက်ချ လွှတ်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် မကြာသေးမီက နတ်ဘုရားအင်းကွက်များ ပေါ်ထွက်လာခြင်းကြောင့် အပြင်လူ ကျင့်ကြံသူများစွာ ရောက်ရှိနေချိန်ဖြစ်၍ သူမ သတိထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမသား ဤသို့အရှက်ခွဲခံရမည်ဟု ထင်မထားခဲ့မိပေ။ သခင်မကျင်း၏ မူဝါဒမှာ သူမက သူတစ်ပါးကို နှိပ်စက်လျှင် ကိစ္စမရှိသော်လည်း သူတစ်ပါးက သူမကို ပြန်လည်စော်ကားခြင်းကို လုံးဝ သည်းမခံနိုင်ခြင်းပင် ဖြစ်သည်။

"တကယ်တမ်းကျတော့ ခင်ဗျားသားကသာ ပုစွန်ပန်းကန်နဲ့ ကျုပ်သမီးခေါင်းကို မှောက်ချဖို့ ကြိုးစားခဲ့တာလေ၊ ဒီကိစ္စကို ဘယ်လို ရှင်းပေးမလဲ"

ရွှယ်အန်းက အေးစက်စွာ မေးလိုက်သည်။

သခင်မကျင်းက ပြန်အော်သည်။

"ငါ့သားက နင့်သမီးနဲ့ ခင်ချင်လို့ စနောက်လိုက်ရုံလေးပါ၊ တမင်လုပ်တာမှ မဟုတ်တာ ပြီးတော့ ငါ့သားက ကလေးလေးပဲ ရှိသေးတယ်၊ နင် နည်းနည်းလောက်တောင် သည်းမခံနိုင်ဘူးလား"

ထိုစကားကို ကြားသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးက ပိုမိုနက်ရှိုင်းလာသော်လည်း သူ့မျက်ဝန်းအစုံကမူ ရေခဲတမျှ အေးစက်လာသည်။

"ကလေးလေးပဲ ရှိသေးတယ် ဟုတ်လား၊ ဟားဟား... တကယ်လို့ ပန်းကန်ပြားသာ ကျုပ်သမီးခေါင်းပေါ် မှောက်ကျသွားရင် ခင်ဗျား အဲ့ဒီလို ပြောပါ့မလား"

"ပြောတော့ရော ဘာဖြစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် တမင်လုပ်တာမှ မဟုတ်တာ၊ နင်က လူကြီးဖြစ်ပြီးတော့ ဘာလို့ ကလေးတစ်ယောက်ကို ရန်ရှာနေရတာလဲ"

သခင်မကျင်းက မောက်မာစွာ ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သခင်မကျင်း၏ မျက်နှာပေါ်တွင် အောင်နိုင်သူ၏ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် လက်တုံ့မပြန်သေးဘဲ စကားများဖြင့် အချိန်ဆွဲနေခြင်းမှာ ကျင်းမိသားစုဝင်များ ရောက်လာမည်ကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ သူမသည် သတိကြီးသောသူဖြစ်သည်။

ရွှယ်အန်း၏ နောက်ခံကို မသိရသေးသော်လည်း တကယ်လို့များ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ကျင့်ကြံသူဖြစ်နေလျှင် မလွယ်ကူပေ။ ထို့ကြောင့် စိတ်ချရစေရန် ကျင်းမိသားစုမှ စစ်ကူများကို ကြိုတင်ခေါ်ခိုင်းထားခြင်း ဖြစ်သည်။ သူမ၏ လူများ ရောက်လာသည်နှင့် ဤလူများအားလုံး လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းအနည်းငယ် ညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျား ပြောတာ မှန်ပါတယ်၊ ကျုပ်အနေနဲ့ ခင်ဗျားသားကို ရန်မရှာသင့်ဘူး"

သခင်မကျင်းက မဲ့ပြုံးပြုံးကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ကုလားထိုင်ပေါ်တွင် ထိုင်နေသော ရွှယ်အန်းသည် ရုတ်တရက် သူမရှေ့သို့ ရောက်ရှိလာပြီး လျှပ်တစ်ပြက် ပါးနှစ်ချက် ဆင့်ရိုက်လိုက်လေသည်။

"ဖြောင်း... ဖြောင်း..."

ပြတ်သားလှသော ပါးရိုက်သံ နှစ်ချက်သည် အစောက ဝမ်ခယ် အရိုက်ခံရသည့် အသံထက် ပိုမို ကျယ်လောင်ပြင်းထန်လှသည်။ သခင်မကျင်းမှာ လွင့်ထွက်သွားပြီး စားပွဲနှစ်လုံးကို တိုက်မိကာမှ ရပ်တန့်သွားသည်။ အသံကျယ်လွန်းသဖြင့် အခန်း၏ တန်းဘားများပင် တုန်ခါသွားသယောင် ရှိပြီး သခင်မကျင်း၏ မျက်နှာမှာ မျက်စိရှေ့တွင်ပင် တမဟုတ်ချင်း ဝက်ခေါင်းသဖွယ် ရောင်ကိုင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း သူမ၏ မျက်နှာသည် အလွန်အမင်း ရောင်ရမ်းလာသဖြင့် မျက်လုံးများမှာ မျဉ်းကြောင်းရာလောက်သာ ပွင့်နိုင်တော့သည်။

ကြည့်ရှု‌နေသူအားလုံး ထိတ်လန့်သွားကြသည်။ ကြည့်ရသည်မှာ ယဉ်ကျေးသိမ်မွေ့မည့်ပုံ ပေါက်နေသော ဤလူငယ်သည် ဤမျှ ပြတ်သားမြန်ဆန်စွာ၊ ရက်စက်စွာ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ထိုအချိန်တွင် ရွှယ်အန်းသည် အဝေးမှ တုန်ရီနေသော ဝမ်ခယ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"သူ မင်းကို နှစ်ချက်ရိုက်ခဲ့တယ်၊ ငါ မင်းအတွက် လက်စားချေပေးလိုက်ပြီ၊ ကျေနပ်ပြီလား"

"ဝူး..."

လူတိုင်း၏ အကြည့်များက ဝမ်ခယ်ထံ ရောက်ရှိလာသည်။ ဝမ်ခယ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သူသည် ကြောက်လွန်းသဖြင့် ငိုချင်လာပြီး စကားပင် မပြောနိုင်တော့ပေ။ ရွှယ်အန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကြည့်ရတာ မင်း သိပ်မကျေနပ်သေးဘူး ထင်တယ်"

ထိုအချိန်တွင် ကြမ်းပြင်ပေါ် လဲကျနေသော သခင်မကျင်းက သတိပြန်ဝင်လာပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"နင် ငါ့ကို ရိုက်ရဲတယ်ပေါ့"

သူမ၏ စကားဆုံးသည်နှင့် ရွှယ်အန်းက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်သည်။

"ဖြောင်း..."

အကွာအဝေး ဝေးကွာနေသော်လည်း ထိုပါးရိုက်ချက်ကြောင့် သခင်မကျင်း၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်မှ ကြွတက်သွားပြီး ပြန်ပြုတ်ကျသွားသည်။ မြေကြီးပေါ်သို့ ပြန်ကျချိန်တွင် သူမ၏ ပါးစပ်မှ သွေးများနှင့် ကျိုးပဲ့သွားသော သွားများ ထွက်ကျလာသည်။

"ရိုက်လိုက်ပြီလေ၊ တကယ်တော့ ငါက မိန်းမတွေကို ရိုက်ရတာ သဘောမကျပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့က ဘာလို့ ပါးလာပေးနေရတာလဲ"

ရွှယ်အန်းက ညည်းတွားလိုက်သည်။ သခင်မကျင်း၏ ခန္ဓာကိုယ်သည် ဆန်ကောပမာ တုန်ခါနေပြီး အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် ရွှယ်အန်းကို အကြိမ်တစ်ထောင်မက အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မိမည်မှာ သေချာသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ နီးကပ်လာပြီး တံခါးဝသို့ ရောက်ရှိလာသည်။ တစ်ပြိုင်နက်တည်းမှာပင် အိုမင်းသော်လည်း အာဏာသံပါသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူက ကျင်းမိသားစုဝင်ကို အနိုင်ကျင့်ရဲတာလဲ"

ကျင်းသခင်လေးသည် အားတက်သွားပြီး ငိုသံပါကြီးဖြင့် အော်ခေါ်လိုက်သည်။

"ဖေဖေ... သား ဒီမှာပါ၊ သားနဲ့ မေမေကို လူတစ်ယောက်က ဝိုင်းရိုက်နေကြတယ်"

ထို့နောက် သူက ရွှယ်အန်းကို ရန်ငြိုးကြီးစွာဖြင့် ပြောလိုက်သည်။

"မင်းတော့ သွားပြီ... ငါ့အဖေ ရောက်လာပြီ၊ မင်းတို့အကုန်လုံးကို ဖမ်းပြီး ဆီပူအိုးထဲ ထည့်ကြော်ခိုင်းပစ်မယ်"

ဤရက်စက်သော စကားလုံးများကြောင့် သဘောထားကြီးသော အန်းယန်ပင် ဒေါသထွက်သွားသည်။

"ယောက်ျား..."

သူမ စကားမဆုံးခင် ရွှယ်အန်းသည် ကျင်းသခင်လေး၏ ရှေ့သို့ ရောက်ရှိသွားသည်။ လေဟာနယ်ထဲမှ မမြင်ရသော ကြိုးများဖြင့် ချည်နှောင်လိုက်သကဲ့သို့ ကျင်းချွင်းသည် လေပေါ်သို့ မြောက်တက်သွားလေသည်။

သူသည် ရွှယ်အန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

"မင်း ဘာလုပ်မလို့လဲ၊ ငါ့အဖေက ကျင်းမိသားစုရဲ့ ခေါင်းဆောင်နော်..."

သို့သော် သူစကားမဆုံးခင် ရွှယ်အန်းက ခေါင်းခါလိုက်ပြီး ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"အသုံးမဝင်တော့ဘူး"

"မင်းအဖေက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ အကုန်သေရမယ်"

သူသည် ပြောပြောဆိုဆိုနှင့် ဖြူဖွေးသော မီးတောက်တစ်ခု ထွက်ပေါ်လာပြီး လေပေါ်ရှိ ကျင်းချွင်းထံသို့ တိုးဝင်သွားသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အသက်ချမ်းသာပေးပါ ဟူသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ရွှယ်အန်းက ဂရုမစိုက်ပေ။

အဖြူရောင် မီးတောက်များသည် ကျင်းချွင်းကို လုံးဝ လွှမ်းခြုံသွားပြီး ပြင်းထန်စွာ လောင်ကျွမ်းစေသည်။ မီးလောင်ကျွမ်းခြင်း၏ နာကျင်မှုသည် ပြင်းထန်လွန်းသဖြင့် တစ်ခဏအတွင်းမှာပင် ကျင်းချွင်းသည် သနားစဖွယ် အော်ဟစ်ကာ လဲကျသွားသည်။ ထိုမြင်ကွင်းကို အပြေးဝင်လာသော လူကြီးတစ်ယောက်မှာ အပြည့်အဝ မြင်တွေ့လိုက်ရပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

"ချွင်းအာ..."

သို့သော် ထိုအချိန်၌ပင် ကျင်းချွင်း၏ ခန္ဓာကိုယ်သည် မီးတောက်များကြားတွင် တဖြည်းဖြည်း ပြာကျပျောက်ကွယ်သွားတော့သည်။ ထိုလူကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောင်အမ်းကာ ရပ်နေသည်။ ရွှယ်အန်းက ထိုလူကြီးဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒီမြင်ကွင်းက မလှဘူးလား”

အခန်း (၁၀၄၄) - မျက်နှာဆိုတာ တစ်ပိဿာ ဘယ်လောက်တန်လို့လဲ

"ချွင်းအာ..."

သေဆုံးသွားပြီဖြစ်သော သားဖြစ်သူ၏ နာမည်ကို အော်ဟစ်လိုက်သော အသံသည် မျှော်လင့်ချက်မဲ့ခြင်းများစွာဖြင့် ပြည့်နှက်နေသည်။ ကြမ်းပြင်ပေါ်တွင် လဲကျနေသော သခင်မကျင်းသည် သတိပြန်ဝင်လာသည်နှင့် တပြိုင်နက် ခင်ပွန်းသည် ဖြစ်သူ ကျင်းရှုန်း၏ ခြေရင်းသို့ တွားသွားကာ ငိုယိုတိုင်တောလေတော့သည်။

"အရှင်... အားလုံး မြင်ပြီးပြီမလား၊ ချွင်းအာအတွက် လက်စားချေပေးပါနော်"

သခင်မကျင်းမှ အရှင် ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ကျင်းမိသားစု၏ ခေါင်းဆောင် ကျင်းရှုန်းဖြစ်သည်။ ကျင်းရှုန်း၏ မျက်နှာထားမှာ တင်းမာခက်ထန်နေသော်လည်း ချက်ချင်း လက်တုံ့ပြန်ခြင်း မပြုပေ။ သူသည် ဒေါသကို မြိုသိပ်လျက် ရွှယ်အန်းအား စိုက်ကြည့်ကာ အသက်ပြင်းပြင်းရှူပြီးနောက် လေးလေးနက်နက် မေးခွန်းထုတ်လိုက်သည်။

"မိတ်ဆွေ... ကျုပ်သား ကျင်းချွင်းမှာ အမှားရှိတယ်ဆိုရင်တောင် သူက ကလေးပဲ ရှိပါသေးတယ်၊ ဒါကို ခင်ဗျားက သူ့ဝိညာဉ်ကို ပြန်ဝင်စားလို့မရအောင်အထိ လုံးဝဖျက်ဆီးပစ်လိုက်တယ်၊ ခင်ဗျားလုပ်ရပ်က နည်းနည်း ရက်စက်လွန်းရာ မကျဘူးလား"

ကျင်းရှုန်းသည် မထင်မှတ်ထားလောက်အောင် ယဉ်ကျေးစွာ ပြောဆိုနေခြင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူသည် မေးခွန်းထုတ်နေခြင်း ဖြစ်သော်လည်း ရန်လိုသော အနေအထား လုံးဝမတွေ့ရဘဲ ဆွေးနွေးညှိနှိုင်းနေသည့် ပုံစံမျိုး ဖြစ်နေသည်။ ဤအခြေအနေက လူအများအပြားကို ကြောင်အမ်းသွားစေသည်။ အထူးသဖြင့် သခင်မကျင်းမှာ လုံးဝ မှင်သက်သွားရသည်။ ထိုစကားကို ကြားသောအခါ ရွှယ်အန်းက မထီမဲ့မြင် ပြုံးလိုက်သည်။

"ရက်စက်လွန်းတယ် ဟုတ်လား၊ ခင်ဗျားသား ပြောခဲ့တဲ့ စကားတွေကိုကျ မေ့နေတာလား၊ သူ့ဝိညာဉ်ကို အခုလို လျင်လျင်မြန်မြန် ပျောက်ကွယ်ခွင့် ပေးလိုက်တာကတောင် ကျုပ်က မေတ္တာထားလိုက်တာပဲ၊ မဟုတ်ရင်... မသေခင် ခံစားရတဲ့ ဝေဒနာကို ကမ္ဘာဆုံးတဲ့အထိ ခံစားခိုင်းလိုက်မှာ"

ရွှယ်အန်း၏ စကားကြောင့် ကျင်းရှုန်း၏ မျက်နှာထား ပိုမိုဆိုးရွားသွားသော်လည်း သူပြန်မပြောနိုင်ခင်မှာပင် သခင်မကျင်းသည် စိတ်မထိန်းနိုင်တော့ဘဲ ထခုန်လိုက်သည်။

"အရှင်... ကြည့်ပါဦး၊ သူပြောတာတွေ ဘယ်လောက် မောက်မာလိုက်သလဲ၊ ချွင်းအာရဲ့ ဝိညာဉ်ကို ဖျက်ဆီးရုံမကဘူး၊ ကျွန်မကိုလည်း ဒီလိုဖြစ်အောင် ရိုက်ထားသေးတယ်၊ ကျွန်မနဲ့ ချွင်းအာအတွက် အရှင် ရှေ့ထွက်ပေးမှ ဖြစ်မယ်"

သခင်မကျင်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ ဤသို့ အာခံရဲသော သဘောထားမှာ ကျင်းရှုန်း ရောက်ရှိနေခြင်းကြောင့်ဖြစ်ပြီး သူမတွင် ကျောထောက်နောက်ခံရှိပြီဟု ခံစားနေရသောကြောင့် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် မည်သူမျှ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ ရုတ်တရက်ဆိုသလို ကျင်းရှုန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ ယခုလေးတင် မတ်တတ်ထရပ်လိုက်သော သခင်မကျင်းအား ပြင်းထန်သော ပါးရိုက်ချက်ဖြင့် ဆုံးမလိုက်လေသည်။

"ဖြောင်း..."

သခင်မကျင်း ခမျာ ကြမ်းပြင်ပေါ်သို့ နောက်တစ်ကြိမ် ပြန်လည်လဲကျသွားရှာသည်။

"ပါးစပ်ပိတ်ထားစမ်း၊ ယောက်ျားတွေ စကားပြောနေတဲ့အချိန် မိန်းမတွေ ဝင်ရှုပ်ရမယ့်နေရာ မဟုတ်ဘူး"

ယခုအခါတွင် သခင်မကျင်းသည် လုံးဝ ကြောင်အမ်းသွားပြီး သူမ၏ ခင်ပွန်းကို မျက်လုံးပြူးကာ ကြည့်နေမိသည်။ ယနေ့ အိမ်ကထွက်လာတုန်းက သူမ နက္ခတ်မကြည့်မိလို့များလားဟုပင် သံသယဝင်လာမိသည်။ မဟုတ်ရင် သူမ ဘာလို့ ပါးပဲ အရိုက်ခံနေရတာလဲ...

ထို့နောက် ကျင်းရှုန်း၏ အပြုအမူသည် အံ့သြဖွယ်ကောင်းလောက်အောင် ယဉ်ကျေးသွားပြီး ရွှယ်အန်းကို လက်သီးဆုပ်ကာ အရိုအသေပင် ပေးလိုက်သေးသည်။

"မိတ်ဆွေ... ကျုပ် တကယ်တောင်းပန်ပါတယ်၊ ကျုပ်မိန်းမက ငယ်ရွယ်ပြီး နုံအလို့ပါ၊ ကျေးဇူးပြုပြီး သူနဲ့အဆင့်အတန်းချင်း လိုက်မဖက်ပါနဲ့ဗျာ"

ဝမ်ခယ်နှင့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံးမှာ မိမိတို့ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။ ရွှယ်အန်းက ကျင်းရှုန်း၏ သားကို သူ့မျက်စိရှေ့တွင်ပင် သတ်ပစ်လိုက်ခြင်းဖြစ်ပြီး ယခုတွင်မူ ကျင်းရှုန်းက ရွှယ်အန်းကို တောင်းပန်နေခြင်း ဖြစ်သည်။ ထို့အပြင် ဤသည်မှာ ပုံမှန်အားဖြင့် မောက်မာပြီး ဗိုလ်ကျတတ်သော ကျင်းမိသားစုတွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။ဤသည်မှာ လုံးဝ စဉ်းစား၍မရနိုင်သော ကိစ္စဖြစ်သည်။ သို့သော် ရွှယ်အန်းမှာ မလှုပ်မယှက် ရှိနေပြီး ကျင်းရှုန်းကို အေးစက်သော အကြည့်ဖြင့်သာ ကြည့်နေသည်။

ကျင်းရှုန်း၏ ဟန်လုပ်ထားသော အပြုံးမှာ တဖြည်းဖြည်း တောင့်တင်းလာ သော်လည်း လက်သီးဆုပ်ကာ အရိုအသေပေးထားသည့် အနေအထားကိုမူ မပျက်မကွက် ဆက်လက် ထိန်းသိမ်းထားသည်။ လက်ဖက်ရည်တစ်အိုး ကျက်လောက်သည့် အချိန်ကြာမှ ရွှယ်အန်းသည် မျက်လွှာချရာမှ ပြန်ပင့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကဲ... အခု ကျုပ်လုပ်ရပ်က ရက်စက်လွန်းတယ်လို့ ထင်သေးလား"

ကျင်းရှုန်းက သက်ပြင်းချလိုက်သည်။

"မိတ်ဆွေ... ကျုပ်လည်း ခုနက စိတ်လောသွားမိပါတယ်၊ သေချာစဉ်းစားကြည့်တော့ ခင်ဗျားပြောတာ အကြောင်းပြချက် မရှိတာတော့ မဟုတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်သား ကျင်းချွင်းက အရင်မှားခဲ့တာပဲလေ၊ သူ့ကို သတ်လိုက်တဲ့ ခင်ဗျားလုပ်ရပ်က အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး၊ ပြီးတော့ ဖခင်တစ်ယောက်အနေနဲ့ ကျုပ်လည်း တာဝန်မကင်းပါဘူး"

ဖြောင့်မတ်မှန်ကန်ဟန် ပါနေသော သူ၏စကားများသည် လူအများအပြားကို သူတို့၏ ဘဝအမြင်များကို ပြန်လည်သုံးသပ်မိစေသည်။ အထူးသဖြင့် သခင်မကျင်းမှာ လုံးဝ ကြောင်အမ်းသွားသည်။ သို့သော် ရွှယ်အန်းက ရုတ်တရက် ခပ်ပါးပါး ရယ်မောလိုက်ပြီးနောက် ကျင်းရှုန်းကို ကစားချင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားက ဘယ်အချိန် ရှေ့တက်ရမယ်၊ ဘယ်အချိန် ဆုတ်ရမယ်ဆိုတာသိတဲ့ ပညာရှိတစ်ယောက်ပဲ"

ကျင်းရှုန်းသည် ခါးကို ကုန်း၍ အရိုအသေပေးကာ တောင်းပန်သလို ပြုံးပြလိုက်သည်။

"မြှောက်လွန်းပါပြီဗျာ၊ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ခင်ဗျားကို တောင်းပန်တဲ့အနေနဲ့ ကျုပ်ရဲ့ ကျင်းမိသားစုအိမ်တော်ကို ဧည့်သည်အဖြစ် လာလည်ဖို့ ဖိတ်ခေါ်ပါရစေ"

ရွှယ်အန်းသည် ကျင်းရှုန်း၏ ဖိတ်ကြားမှုကို လျစ်လျူရှုလိုက်ပြီး ကလေးမလေးနှစ်ယောက်ဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။

"ရှန်းရှန်း... နျန်နျန်... ဗိုက်ဝပြီလား"

ကလေးမလေးနှစ်ယောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

"ဝပြီ"

"ဝပြီဆိုရင် သွားကြစို့"

ထို့နောက် ရွှယ်အန်းသည် မတ်တတ်ထရပ်ကာ သူ့မိသားစုကို ခေါ်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ အစမှအဆုံးထိ ရွှယ်အန်းသည် သူ့ရှေ့တွင် ဦးညွှတ်နေသော ကျင်းရှုန်းကို လေကဲ့သို့ သဘောထားကာ ဆက်ဆံခဲ့သည်။ ဤသဘောထားကြောင့် ကျင်းရှုန်း၏ မျက်ဝန်းနက်နက်ထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသော်လည်း သူ့ မျက်နှာပေါ်ရှိ အပြုံးမှာမူ ပိုမိုပီပြင်လာသည်။

ရွှယ်အန်းသည် ဝမ်ခယ်အား ဖြတ်ကျော်သွားစဉ် ရုတ်တရက် ရပ်တန့်လိုက်ပြီး သလင်းကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်သည်။ ဝမ်ခယ်က ကပျာကသီ ဖမ်းယူလိုက်ပြီးနောက် ထိတ်လန့်တကြား မျက်နှာဖြင့် ပြောလိုက်သည်။

"သခင်ကြီး"

"ဒါက ထမင်းဖိုးပဲ၊ ပြန်အမ်းစရာ မလိုဘူး"

ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။ ဝမ်ခယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရွှယ်အန်းကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးက ထမင်းဖိုးရှင်းပေးလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ထိုအချိန်တွင် ရွှယ်အန်းသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ကျင်းရှုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဪ... နေဦး၊ ဒီကိစ္စက ဒီဆိုင်ကလူတွေနဲ့ ဘာမှမဆိုင်ဘူးနော်၊ နောက်ပိုင်းကျရင် သူ့နဲ့ပတ်သက်ပြီး မကောင်းသတင်း ဘာမှမကြားချင်ဘူး၊ မဟုတ်ရင်တော့..."

"ခင်ဗျားတို့ ကျင်းမိသားစု တစ်ဆွေလုံး ကျုပ်ဒေါသကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ရလိမ့်မယ်"

ကျင်းရှုန်း တစ်ကိုယ်လုံး တုန်သွားပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

ထိုအခါမှ ရွှယ်အန်း ပြုံးလိုက်ပြီး ထပ်ပြောသည်။

"ပြီးတော့ ဒီမိုက်မဲတဲ့ မိန်းမကိုလည်း သေချာထိန်းထားစေချင်တယ်၊ နောက်တစ်ခါဆိုရင်တော့ ကျုပ်စိတ်က အခုလောက် ကြည်နေမှာ မဟုတ်ဘူးနော်"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် သူ့မိသားစုကို ခေါ်ဆောင်ကာ နက်ရှိုင်းပင်လယ်မျှော်စင်ထဲမှ ထွက်ခွာသွားလေသည်။ ကျင်းရှုန်းသည် နေရာတွင်ပင် ရပ်နေပြီး မျက်နှာအမူအရာမှာ ခန့်မှန်းရခက်စွာ ပြောင်းလဲနေသည်။ ဒေါသတစ်လှညါ နာကြည်းမုန်းတီးမှုတစ်လှည့်ဖြစ်နေသည်။

ထိုအချိန်တွင် သခင်မကျင်းသည် ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး အလွန်အမင်း ခါးသီးနာကြည်းစွာဖြင့် ရွှယ်အန်း ထွက်ခွာသွားရာ လမ်းကြောင်းကို စိုက်ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။

"အရှင်... ဒီကောင့်ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား၊ လူလွှတ်ပြီး နောက်ယောင်ခံလိုက်ခိုင်းမလား၊ သူ့နေတာ ဘယ်မှာလဲဆိုတာ စုံစမ်းပြီး ဒီည ဝင်စီးမလား"

သူမ၏ စကားမဆုံးခင် ကျင်းရှုန်းက လက်မြှောက်လိုက်ပြီး နောက်ထပ် ပါးတစ်ချက် ရိုက်ချလိုက်ပြန်ရာ သခင်မကျင်း မြေကြီးပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားတော့သည်။ ဤတစ်ခေါက်တွင်တော့ ကံဆိုးရှာသော သခင်မကျင်းသည် အမှနမတကယ်ကို ငိုချင်သွားပြီဖြစ်သည်။ ယနေ့မှ လူတိုင်းက သူမမျက်နှာကိုပဲ အငြိုးထားနေကြသလဲဆိုတာ သူမ နားမလည်နိုင်တော့ပေ။ အခုဆို သူမ ပါးရိုက်ခံရတာ ဘယ်နှချက် ရှိသွားပြီလဲ၊ ဒီအတိုင်းသာ ဆက်သွားရင် သူမမျက်နှာတော့ ဝက်ခေါင်းဖြစ်တော့မယ်...

"အကုန်လုံး မင်းကြောင့်ဖြစ်ရတာ၊ မင်းလို အရူးမကြောင့် ချွင်းအာရဲ့ အသက် အလကား သေသွားရတာ၊ လူလွှတ်ပြီး နောက်ယောင်ခံလိုက်မယ် ဟုတ်လား၊ အဲ့ဒီလောက် စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်မျိုးက သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတာ မသိဘဲနေမယ်များ ထင်နေလား"

သခင်မကျင်းမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး အသံမထွက်ရဲတော့ပေ။ ကျင်းရှုန်းမှာမူ ရွှယ်အန်း ထွက်ခွာသွားရာ လမ်းကြောင်းကို စိုက်ကြည့်နေပြီး သူ၏ အကြည့်များမှာ ယုတ်မာကောက်ကျစ်မှုများ ပြည့်နှက်နေသည်။ သူသည် အရူးမဟုတ်ပေ။ ပြောရလျှင် အရူးတစ်ယောက်သည် ကျိန်စာသင့်မြို့တော်တွင် မိသားစုခေါင်းဆောင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် နက်ရှိုင်းပင်လယ်မျှော်စင်ထဲသို့ ဝင်လာပြီး သူ့သားကို မီးတောက်များဖြင့် အရှင်လတ်လတ် ဝိညာဉ်သန့်စင်နေသည်ကို မြင်လိုက်ရသည့်အချိန်ကတည်းက ရွှယ်အန်းသည် သာမန်လူမဟုတ်မှန်း ကျင်းရှုန်း ရိပ်မိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခဏတာ ပေါ်လာသော အဖြူရောင်မီးတောက်သည် သာမန်အရာ မဟုတ်သောကြောင့်ဖြစ်သည်။

ထို့အပြင် အနည်းငယ် ထိတွေ့ဆက်ဆံကြည့်ပြီးနောက် သူ ပို၍ပင် ကြောက်ရွံ့လာမိသည်။ သူ့ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ဖြင့် ရွှယ်အန်း၏ အဆင့်ကို လုံးဝ မခန့်မှန်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ရွှယ်အန်း၏ ရှေ့တွင် သူသည် အောက်ခြေမမြင်ရအောင် နက်ရှိုင်း ရေကန်ကြီးတစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ ခံစားရပြီး ဝိညာဉ်တစ်ခုလုံး အေးစိမ့်သွားသည်။

ဤခံစားချက်ကြောင့် အတွေ့အကြုံရင့်သော ကျင်းမိသားစုခေါင်းဆောင်သည် မည်သည့် စွန့်စားရသော လှုပ်ရှားမှုကိုမျှ မလုပ်ရဲခြင်း ဖြစ်သည်။ သားတစ်ယောက် သေသွားလျှင် နောက်တစ်ယောက် ပြန်မွေးနိုင်သော်လည်း သူကိုယ်တိုင် အသက်ဆုံးရှုံးသွားပါက အရာရာ ပြီးဆုံးသွားမည် ဖြစ်သောကြောင့်ဖြစ်သည် ထို့အပြင် ယခုအချိန်တွင် ရန်သူကို စကားဖြင့် ယဉ်ပါးခိုင်းထားပြီး လက်စားချေရန် နောက်မှ ကြံစည်သည်က အကောင်းဆုံးဖြစ်သည်။

မျက်နှာပျက်မှာကို ကြောက်ရမှာလား၊ မျက်နှာဆိုတာ တစ်ပိဿာ ဘယ်လောက်တန်လို့လဲ?

All Chapters