← Chapters

အခန်း (၁၃၆၁-၁၃၆၅)

Vol. 81 Ch. 1361-1365

အခန်း (၁၃၆၁-၁၃၆၅)

Vol. 81 Ch. 1361-1365

အခန်း(၁၃၆၁)

ဆွစ်

ကောင်းကင်မှ မိုးစက်များကဲ့သို့ မရေမတွက်နိုင်သော သေးငယ်သည့် ကျောက်တုံးလေးများက ပြုတ်ကျလာသည်။ တခဏခန့်ကြာပြီးနောက် နှစ်ယောက်၏ တိုက်ပွဲက ဆက်လက်ဖြစ်ပွားပြန်သည်။

ခြိမ်း

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက်ဖြစ်ပေါ်နေပြီး လေထုထဲတွင် ပဲ့တင်ထပ်နေကာ ကောင်းကင်ကြီးကပင် အလိုလို စုတ်ပြဲတော့မည်ဟု ထင်ရလေသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်....

စုန့်ယွမ်ယွီနှင့် ရွှေရောင်လူထွားကြီးတို့က အချင်းချင်း လက်သီးထိုးကာ တိုက်ခိုက်ကြပြန်သည်။ မည်သည့်ဘက်ကမှ အလျော့မပေးကြပေ။ ထိုသို့ဖြင့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်၏ ကိုယ်အတွင်းမှ များပြားလွန်းသော ရွှေရောင်အားလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ စုန့်ယွမ်ယွီအား ကျောက်တုံးအဖြစ် ပြောင်းလဲရန် ကြိုးစားလေသည်။

သို့ရာတွင် ရွှေရောင်လူထွားကြီးကဲ့သို့ အင်အားကြီးမားလွန်းသော သူကိုယ်တိုင်ကပင် ကြမ်းတမ်းသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ ရွှေရောင်အားလှိုင်းများ၏ ထိုးဖောက်မှုက စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်ကို ကျောက်သားအဖြစ် ပြောင်းလဲနိုင်စွမ်းရည် လုံလောက်သည်။ သို့သော် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသော စုန့်ယွမ်ယွီနှင့် မြောက်များလွန်းသော ကျင့်ကြံခြင်းအဆင့်ကို ထိတွေ့ခွင့် မရခဲ့ပေ။ ထို့ကြောင့် ရွှေရောင်လူထွားကြီးကပင် တစ်ဖက်သူကို ရှုံးအောင်လုပ်ရန် ဖော်ပြရန်ခက်ခဲလောက်အောင် ခက်ခဲနေလေသည်။

စုန့်ယွမ်ယွီရဲ့ အင်အားက ရွှေရောင်လူထွားကြီးထက် နည်းနည်းလေးပဲလျော့တာ။ ဒါပေမဲ့...

ပုန်းနေသော နေရာမှတစ်ဆင့် ဝမ်ချောင်သည် တောင်၏ အခြားတစ်ဖက်ခြမ်းမှ အဖြစ်အပျက်များကို တဖြည်းဖြည်းချင်းစီ စောင့်ကြည့်လေ့လာနိုင်လေသည်။ ပထမနှင့် ဒုတိယမြောက် ဝါးဦးထုပ်လူသားတို့က စတင်ကာ လှုပ်ရှားပြီး ကြီးမားသည့် သတ်ဖြတ်မှုကို စတင်ခဲ့သည်။ အကြီးအကဲများနှင့် ကျွမ်းကျင်ပညာရှင်များကပင် ကြမ်းတမ်းသော ခုခံမှုမျိုးအထိ ရောက်ရှိသွားခဲ့သော်လည်း သူတို့က မယှဉ်နိုင်ခဲ့ပေ။

မာရာမီးတောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အကြီးအကဲများနှင့် ကျွမ်းကျင်ပညာရှင်များ မခုခံစေနိုင်လောက်သော ကြယ်တာရာစွမ်းအင်ကို လောင်ကျွမ်းစေနိုင်သည့် အရာမျိုးဖြစ်လေသည်။

ဝမ်ချောင်က သူ၏အကြည့်အား ဝရုန်းသုန်းကားဖြစ်နေသော တောင်တန်းတစ်ခုလုံးအနှံ့ ကြည့်ရင်း ရေရွတ်လိုက်သည်။

ငါထွက်သွားဖို့အချိန်ကျပြီ။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ စခန်းကြီးသည် သူ့အတွက် အလွန်အမင်း အန္တရာယ်များလွန်းနေပြီဖြစ်သည်။ စုန့်ယွမ်ယွီကလည်း သူ့ကို ရှာဖွေနေသေးပြီး ဝါးဦးထုပ်နှင့် လူနှစ်ယောက်ကလည်း မည်သည့်နေရာသို့ သွားစေကာမူ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို လွှတ်ထုတ်နေသေးလေရာ သူတို့ကလည်း သူ့ကို ရှာဖွေနေခြင်းဖြစ်ပေလိမ့်မည်။

သူကသာ သူ၏အစစ်အမှန် နောက်ခံကို ဖော်ထုတ်လိုက်မည်ဆိုလျှင် ထိုအင်အားစုနှစ်စုက ချက်ချင်းလိုလို သူ့ကို ပြန်လည်တိုက်ခိုက်ပေလိမ့်မည်။ စုန့်ယွမ်ယွီက ထာဝရနွေဦးဂါထာကို ရွတ်ဆိုနိုင်ကြောင်း မြင်ပြီးသလို အနက်ရောင်ဝတ်စုံနှင့် လူများ၏ အင်အားကိုလည်း နက်ရှိုင်းစွာ နားလည်ထားပြီးကတည်းက ထွက်သွားဖို့ အချိန်ကျပြီဟုထင်လေသည်။

ငါပြန်ပြီး ဆရာ့ကိုရှာရမယ်။

ဝမ်ချောင်က တွေးလိုက်သည်။ သူ့အနေဖြင့် အခြားသောသူများကို ထိပ်တိုက်ရင်ဆိုင်သော အခြေအနေမျိုးတွင် နောက်ဆုတ်ခြင်းက အကောင်းဆုံး အခိုက်အတန့်ဖြစ်လေသည်။ သူသည် မီးနှင့် မကစားသင့်ပေ။ တောင်ပေါ်တွင် တစ်ရက်ခန့် နေထိုင်ခဲ့ခြင်းကပင် လုံလောက်လေပြီ။

ထိုအတွေးများက ဝမ်ချောင်၏စိတ်အတွင်း ဝင်ရောက်လာပြီးနောက် သူသည် တောင်အောက်သို့ စဆင်းသည်။ ထိုနေရာသည် လူအင်အား အနည်းဆုံးဖြစ်သည်။

“ဘာဖြစ်တာလဲ အနက်ရောင်ဝတ်စုံနဲ့လူက တော်တော်လေးတော့ လေးစားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဘာလို့ ငါ့ရဲ့ ဒုမဟာမိတ်အရှင်နဲ့ အခြားလူတွေက ပြန်မလာသေးတာလဲ”

ဝမ်ချောင်က ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ အမှောင်ထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုစကားလုံးများက သူ့အား မျက်မှောင်ကျုံ့မိစေသည်။

ဒုမဟာမိတ်အရှင်ဟုတ်လား။

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။ သူသည် အသံလာရာဘက်သို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် ဒဏ်ရာရထားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်နှစ်ယောက်က အချင်းချင်း စကားပြောနေကြသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်း နေထိုင်နေစဉ် အတောအတွင်း ဝမ်ချောင်သည် အကြီးအကဲအချို့နှင့် ကျွမ်းကျင်ပညာရှင်အချို့ကို မြင်ခဲ့ရသည်။ သို့သော် ထိုဒုမဟာမိတ်အရှင် အကြောင်းကိုမူ မကြားဖူးပါချေ။ တစ်ဖက်နှစ်ယောက်က ဆက်ပြီး စကားပြောနေကြသည်။

“အရင်ကဆိုရင် ဒုမဟာမိတ်အရှင်က သူအဲ့ဒီဘက်ခြမ်းကကိစ္စတွေ ကိုင်တွယ်ပြီးတာနဲ့ အနောက်မြောက်ပိုင်းကိုလာပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ပူးပေါင်းကိုင်တွယ်ပေးမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ ဒါပေမဲ့ ဒုမဟာမိတ်အရှင်က လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက အဲ့ဒီကိစ္စကို သွားလုပ်ပြီးတာလေ။ သတင်းပို့ငှက်ကလည်း ဒုမဟာမိတ်အရှင်က လမ်းမှာရောက်နေပြီလို့ ပြောထားပြီးသား။ ဘာလို့အခုအချိန်ထိ မထွက်လာသေးတာလဲ”

ဒုတိယမြောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ စကားက ဝမ်ချောင်၏နှလုံးသားကို တုန်ယင်သွားစေသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဒုမဟာမိတ်အရှင်ဆိုသောလူက သံသယဝင်ရန် မလိုလောက်အောင် အော့ရန်ချန်းဟန်နှင့် စစ်ခွန်းယွမ်ကျားတို့ထက် အင်အားကြီးမားပေလိမ့်မည်။ စုန့်ယွမ်ယွီ တစ်ယောက်ကတင် ကိုင်တွယ်ရ ခက်ခဲနေပြီးသားဖြစ်သည်။ သူကသာ လေးစားဖွယ်ကောင်းသော ဒုမဟာမိတ်အရှင်နှင့် ပူးပေါင်းလိုက်ခဲ့သော် အနောက်မြောက်ပိုင်းခရီးက ဝမ်ချောင်တို့၏အဖွဲ့အတွက် အလွန်အမင်း အန္တရာယ်များနေလေပြီ။

ကြည့်ရတာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူ့ရဲ့အင်အားတွေ အားလုံးကို စုစည်းလိုက်ပြီးပဲ။ ဆရာဒီတစ်ကြိမ် ပေါ်လာတာက သူတို့ရဲ့အာရုံ အများကြီးကို ဆွဲဆောင်လိုက်မိတာ ဖြစ်လောက်တယ်။ နောက်ပြီး ဆရာကိုယ်တိုင်လည်း ဒီခရီးရဲ့အန္တရာယ်ကို အထင်သေးမိခဲ့လောက်တယ်။

ဝမ်ချောင်က တွေးလိုက်သည်။ သူ၏စိတ်က အနည်းငယ် မသက်မသာ ဖြစ်သွားသည်။ ကျွမ်းကျင်ပညာရှင် နှစ်ယောက်က ဝမ်ချောင်ကို သတိမထားမိသေးပေ။

“မဟာမိတ်အရှင်က ပြောတဲ့အတိုင်းဆိုရင် ဒုမဟာမိတ်အရှင်နဲ့ အခြားသူတွေက နောက်နှစ်ရက်ကျော်လောက်ဆိုရင် ရောက်လာမှာတဲ့။ ဒီတော့ သိပ်မကြာခင် ရောက်လာမှာပါပဲ။ အခြေအနေကလည်း ကြပ်နေတာကိုး။ အနည်းဆုံးတော့ ဒုမဟာမိတ်အရှင် ဒီနေရာကို အမြန်ဆုံး ရောက်လာဖို့ ကြိုးစားကြည့်ရမှာပဲ။ ဒုမဟာမိတ်အရှင်ကလွဲပြီး အဲ့ဒီ အနက်ရောင်ဝတ်စုံနဲ့ လူနှစ်ယောက်ကို ဘယ်သူကမှ မကိုင်တွယ်နိုင်ဘူးလေ”

ဒဏ်ရာရနေသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် နှစ်ယောက်က ပြောလေသည်။

“စမ်းသပ်ကြည့်ရုံကလွဲပြီး အခြားနည်းလမ်းမှ မရှိတော့တာ။ မြန်မြန် အချက်ပြပို့လိုက်တော့။ ငါတို့တွေ ဒုမဟာမိတ်အရှင်ကို အမြန်ဆုံးရောက်လာအောင် လုပ်ရမယ်”

သူတို့၏စိတ်ကို ဆုံးဖြတ်ပြီးရုံနှင့် ထိုနှစ်ယောက်က ထွက်သွားသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် သတင်းပို့ငှက် တစ်ကောင်က စတင်ကာ ထွက်ခွာသည်။ ထို့ပြင်...

ဆွစ်

ထို့နောက် တောက်ပလွန်းသော မီးပန်းက ကောင်းကင်သို့ ထိုးတက်သွားပြီး စူးရှသည့် လေချွန်သံကို ကြားလိုက်ရသည်။ ထိုအရာက မီတာရာပေါင်းများစွာ မြောက်တက်သွားပြီးနောက်တွင် ပေါက်ကွဲသွားကာ ညကောင်းကင်ကို လင်းထိန်သွားစေလျှက် ယင်ရန်သင်္ကေတနှင့် အဖြူရောင် ကြိုးကြာငှက်ပုံကို ဖော်ပြလေသည်။ ဒါဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ သင်္ကေတဖြစ်သည်။

ထိုအခိုက်အတန့်တွင် တောင်တန်းတစ်ခုလုံးက နေ့အလား လင်းထိန်သွားပြီး ပေါက်ကွဲသွားသော မီးပန်းကလည်း လီတစ်ဆယ်ကျော် အကွာမှပင် မြင်နိုင်လေသည်။

ဝမ်ချောင်က တောင်တစ်ဝက်ခန့်အထိ ဆင်းခဲ့ပြီးသားဖြစ်သည်။ သူက ကောင်းကင်တွင်ရှိသော ကြီးမားသည့် မီးပန်းကြီးကို မြင်သောအခါ ကြောက်လန့်မှုဖြင့် တုန်ယင်သွားလေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သိုင်းပညာလောကအတွင်းတွင် နံပါတ်တစ် အဖွဲ့အစည်းအဖြစ် ကျော်ကြားသည်မှာ အကြောင်းပြချက် တစ်ခုရှိသေးသည်။ ယခုလို မီးပန်းမျိုးနှင့်ဆိုလျှင် ခပ်မြန်မြန် အကူအညီတောင်းလျှက် အကူအညီကို ရရှိနိုင်လေသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က မီတာနှစ်ဆယ်၊ သုံးဆယ်ခန့်အကွာတွင် ရှိသည့် လူတစ်ယောက်ထံမှလာသော ခပ်ဆတ်ဆတ်နိုင်သော လေးနက်သည့်အသံကို ကြားလိုက်ရသည်။ အသံပိုင်ရှင်က သူ့ကို ကျော်ဖြတ်သွားခြင်းဖြစ်သည်။

“မြန်မြန်လေး သူ့ကိုရှာကြ။ သူပြန်ထွက်သွားနိုင်မယ်လို့ ငါတော့မယုံဘူး။ ဗိုလ်ချုပ်ကြီးသုံးယောက်ကလည်း အောက်ဘက်မှာ စောင့်ကြပ်နေတာဆိုတော့ သူက တောင်ပေါ်က ထွက်သွားဖို့ လမ်းလည်းမရှိဘူး။ သူ့ကိုရှာကြ။ ဘယ်လိုနည်းနဲ့မဆို ငါတို့သူ့ကို ထွက်သွားခွင့်ပြုလို့မရဘူး”

ဝမ်ချောင်က အရှိန်ကို ချက်ချင်းနှေးကျလျှက် အနားတွင်ရှိနေသော မီးပုံမီးအနောက်ဘက်တွင် ပုန်းနေလိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူ၏အရှိန်အဝါကို တက်နိုင်သမျှ ချုံ့ထားလိုက်သည်။

ထိုလူက ရှင်းလင်းစွာပင် ဝမ်ချောင်ကို သတိမထားမိပေ။ ထို့ကြောင့် တောင်၏အခြားတစ်ဖက်ခြမ်းတွင် ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

သူတို့က တကယ်ကို ကိုင်တွယ်ရခက်တယ်။

ဝမ်ချောင်က တိတ်တဆိတ် မှတ်ချက်ချသည်။

သူသည် စုန့်ယွမ်ယွီနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အနက်ရောင်ဝတ်စုံနှင့် လူတိုင်း၏အာရုံကို ဆွဲဆောင်ထားသောကြောင့် သူ့ကိုစိုးရိမ်ရန် အချိန်မရှိတော့ဟု ယုံကြည်ထားခြင်းဖြစ်သည်။ သို့သော် ယခုလိုအခြေအနေမျိုးတွင်ပင် သူ့အနေဖြင့် ထွက်ပြေးရန် ခက်ခဲနေသေးသည်။ ထွက်ပြေးခြင်းက ထင်သလောက် မလွယ်နိုင်ချေ။

ခြိမ်း

ထိုကဲ့သို့ တွေးတောနေသည့်အချိန်တွင် ရုတ်တရက် သူ၏ဘေးနားရှိ မြေပြင်တွင် ပုံရိပ်တစ်ခုက ကြေမွလျှက် ရောက်ရှိလာသည်။

“မင်းဆိုးယုတ်တဲ့ မိစ္ဆာကောင်တွေ။ မင်းတို့အားလုံး အပြစ်ပေးခံရဖို့ပဲ တန်တယ်။ ဒီနေ့ ဒီအဘိုးကြီးက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကို သယ်ဆောင်ပြီး မင်းတို့နတ်ဆိုးတွေ အားလုံးကို သုတ်သင်ပေးမယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတစ်ယောက်၏ ဝတ်ရုံက လေထဲတွင်လွင့်နေသည်။ သူ၏တစ်ကိုယ်လုံးက သွေးများစိုရွှဲနေ၏။

“ဟင်း ရယ်ရတယ်။ မင်းက ကိုယ့်ကိုယ်ကိုတောင် မကိုင်တွယ်နိုင်ဘဲနဲ့ ငါ့ကိုသေစေချင်နေသေးတယ်”

မြေပြင်မှ ဆိုးယုတ်သော လှောင်သံက ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံနှင့်လူက ကန်ချခံခဲ့ရသော်လည်း ညာဘက်လက်ဖြင့် မြေပြင်ကို တစ်ချက်ဖိလျှက် ခုန်ထလိုက်သည်။ သူ၏ အာကာသ ရွေ့လျားမှုသိုင်းကို အသုံးပြုနေရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲ၏ လိုက်ပါသတ်ဖြတ်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။

ထိုအခိုက်အတန့်တွင် သွေးမျက်လုံး၏ နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဒီစီမံကိန်းက အစပိုင်းကတည်းက ဆိုးရွားလွန်းခဲ့ပြီးသားဖြစ်သည်။ လျိုလျောင်မြို့တွင် အသတ်ခံခဲ့ရသော လူများကို ဖယ်ထားလိုက်လျှင် သူတို့သည် ဒီတောင်ပေါ်တွင် လူအမြောက်အများကို ဆုံးရှုံးထားရပြီးသားဖြစ်သည်။ အများဆုံးမှ ဒုက္ခပေးနိုင်လောက်သော အင်အားစုတစ်ခုသာ ဖြစ်သင့်သော အသေးစား အဖွဲ့အစည်းလေး တစ်ခုက ခေါင်းဆောင်သုံးယောက်ကိုယ်တိုင် လှုပ်ရှားခဲ့ပြီးသည့်တိုင်အောင် ရန်သူများကို ကိုင်တွယ်ရန် ခက်ခဲနေသေးလေသည်။

“နိမ့်ကျတဲ့ ပုရွက်ဆိတ်ကောင် ငါတို့ကို အတိုက်အခံလုပ်တဲ့ ဘယ်သူကမဆို သေဖို့ပဲရှိတယ်”

သွေးမျက်လုံး၏ အမူအရာဟာ ခက်ထန်ကြမ်းတမ်းနေသည်။ သူသည် အာကာသ ရွေ့လျားမှုသိုင်းကို အကန့်အသတ်သို့ တိုးမြှင့်ကာ အသုံးပြုလျှက် ပျောက်ကွယ်မတက် ဝေဝါးသော ပုံရိပ်ယောင်အသွင် ပြောင်းလဲလိုက်ကာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲထံ ခုန်ဝင်သွားလေသည်။ သူ၏တိုက်ကွက်ထဲမှ တစ်ကွက်ချင်းစီတိုင်းက သေစေနိုင်သော နေရာများကို ရည်ရွယ်ထားသည်။ အနက်ရောင်မီးတောက်များကလည်း လိမ့်တက်လာနေရင်း ထိုအကြီးအကဲရှိရာ နေရာသို့ ဆက်တိုက်ဟိန်းဟောက်ကာ ဝင်ရောက်သွားသည်။

သူပဲ။

ထိုအချိန်တွင် ဝမ်ချောင်က သွေးမျက်လုံး၏ အနီးအနားတွင်ဖြစ်သည်။ သူ့အနေဖြင့် ပထမဦးဆုံး အကြိမ်အနေဖြင့် အနက်ရောင်ဝတ်စုံနှင့် လူများကို ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ချေ။ ဝမ်ချောင်သည်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူသည် အနက်ရောင်ဝတ်စုံနှင့် လူများအတွင်း အဆင့်အတန်း အချို့ရှိကြောင်း သိနိုင်သည်။

ထိုအရာသာမကသေးပေ။ ဝမ်ချောင်က ကောင်းကင်ပေါ်မှ သိန်းငှက်က ပြုတ်ကျလာသောအခါ ထိုလူက လမ်းကိုဦးဆောင်လာသူဖြစ်ကြောင်း မှတ်မိလိုက်သည်။

ပို၍အရေးကြီးသည်မှာ ထိုလူသည် သူနှင့် နီးလွန်းနေသည်။ ဝမ်ချောင်က လှုပ်ရှားမှု အနည်းငယ် လုပ်မည်ဆိုလျှင်ပင် ချက်ချင်းသိသွားလောက်သည်။

သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ဝင်ရောက်လာသည်။ ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခု ရလာ၏။ သို့သော်သူသည် ချက်ချင်းလိုလို မလှုပ်ရှားလေဘဲ တိတ်တဆိတ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။

အနီးအနားတွင်ရှိသော သွေးမျက်လုံးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲကိုသာ တောက်လျှောက်အာရုံစိုက်ထားပြီး မြေပြင်မှ ဝမ်ချောင်၏ လှုပ်ရှားမှုမဲ့သောပုံရိပ်ကို သတိထားမိခြင်းမရှိပေ။ သူ၏ လှုပ်ရှားမှုက မြန်သထက် မြန်ဆန်လာပြီး ပို၍စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲက အကန့်အသတ်သို့ ရောက်နေကြောင်းကိုလည်း သိသည်။ ထို့ကြောင့် တိုတောင်းသော ကာလအတောအတွင်း ဒဏ်ရာငါးခုခြောက်ခုခန့် ထပ်ရလာလေသည်။ ထိုဒဏ်ရာ တစ်ခုချင်းစီတိုင်းက အရိုးကိုပင် မြင်ရလောက်အောင် နက်လေသည်။

သိပ်မကြာခင်အချိန်တွင် ထိုအကြီးအကဲကို အဆုံးသတ်နိုင်ပေလိမ့်မည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲက ဘယ်ညာခုန်ရှောင်နေရင်း သွေးမျက်လုံး၏ တိုက်ကွက်များအောက်တွင် လဲကျလုနီးပါးဖြစ်သွားသည်။ သို့သော် ရုတ်တရက် စိတ်စွမ်းအားများက သွေးမျက်လုံး၏ စိတ်ထဲ ဝင်ရောက်လာသည်။

သွေးမျက်လုံးက အင်အားကြီးမားသော်လည်း ထိုတိုက်ကွက်က သူ့ကို သတိလက်လွတ် ဖြစ်သွားစေခဲ့ပြီး သူ၏ဦးနှောက်ကို တူဖြင့်ထုရိုက်လိုက်သလိုမျိုး ဖြစ်သွားသည်။ သူ၏စိတ်က ဗလာဖြစ်လျှက် ခန္ဓာကိုယ်က တောင့်ခဲသွားသည်။ သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် ထိုကဲ့သို့သော တခဏခန့် ရပ်တန့်သွားမှုက အရေးမကြီးပါပေ။ သို့သော် ယခုအခါ ကြမ်းတမ်းသော တိုက်ပွဲ၏ အလယ်တွင် ဖြစ်နေသောကြောင့် သေစေနိုင်လောက်လေသည်။

ဗွက် ဗွက် ဗွက်

ချက်ချင်းဆိုသလိုပင် ဓားတစ်လက်က သူ၏ရင်ဘက်ကို ထိုးဖောက်သွားပြီး သိပ်သည်းသော စွမ်းအားများ ခြံရံထားသည့် လက်ဝါးတစ်ဖက်ကလည်း သူ၏ခေါင်းကိုဆွဲဖြဲကာ ချက်ချင်းလိုလို ချေမွပစ်လိုက်သည်။

ခေါင်းမဲ့သွားသော သွေးမျက်လုံး၏ ခန္ဓာကိုယ်က တစ်ကြိမ်၊ နှစ်ကြိမ်ခန့် တုန်ယင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

“ဘာ ဘာဖြစ်သွားတာလဲ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အကြီးအကဲ ကိုယ်တိုင်ကပင် အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ အင်အားကြီးမားလွန်းသော ပုဂ္ဂိုလ်အား လက်ဝါးတစ်ချက်တည်းဖြင့် သတ်နိုင်သည့်အပေါ် မှင်သက်သွားလေသည်။ သူက စိတ်ရှုပ်ထွေးစွာ ထိုနေရာကို အကဲခတ်ကြည့်သော်လည်း တိတ်ဆိတ်ပြီး ရိုးရှင်းနေကြောင်းကိုသာ မြင်လိုက်ရ၏။ သူယခုလေးတင် ကြုံတွေ့လိုက်ရသမျှက ထင်ယောင်ထင်မှား ဖြစ်ရပ်အလားပင် ထင်ရသည်။

“ငါ့ရဲ့မျက်လုံးက ငါ့ကိုလှည့်စားနေတာလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲက ရေရွတ်လိုက်သည်။ သူ၏စိတ်က မှင်သက်သွားရင်း စိတ်ရှုပ်ထွေးသွားပုံပေါက်သည်။ သို့သော် ထိုကိစ္စကိုစဉ်းစားနေရန် အချိန်မရှိပေ။ အကြောင်းမူကား တိုက်ပွဲက အလုံးအရင်းဖြင့် ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူက ခန္ဓာကိုယ်ကို ခပ်မြန်မြန် လှုပ်ရှားလိုက်လေရင်း တိုက်ပွဲ၏ အခြားတစ်ဖက်ခြမ်းသို့ အပြေးအလွှား သွားလိုက်လေသည်။

အခန်း(၁၃၆၂)

မမျှော်လင့်ထားတဲ့ ပြဿနာ

အကြီးအကဲက ထွက်သွားသည်နှင့် ဝမ်ချောင်ကလည်း မီးပုံနားရှိ အလောင်းပုံမှ ထွက်လာသည်။ အကြီးအကဲ ထွက်သွားသောဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ချောင်က တောင်အောက်သို့ လျှင်မြန်စွာ ဆင်းသက်သည်။

“ဟွန်”

ရုတ်တရက် ဝမ်ချောင်က သွေးမျက်လုံး၏ ခေါင်းမဲ့သောအလောင်းကို တစ်ချက်ကျော်ကြည့်လိုက်ပြီးနောက် မျက်လုံးက ပြူးကျယ်သွားသည်။ သူက နောက်လှည့်ကာ သွေးမျက်လုံး၏ ဘေးနားသို့ ဆင်းသက်လိုက်သည်။ ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီးနောက် သွေးမျက်လုံး၏ ဝမ်းဗိုက်အတွင်းမှ လျို့ဝှက်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုစာအုပ်သည် သွေးမျက်လုံးက အလွန်သိုဝှက်သော နေရာမျိုးတွင် ဝှက်ထားခြင်းဖြစ်သည်။ သို့သော် ကြမ်းတမ်းသောတိုက်ပွဲနှင့် နောက်ဆုံးပြုတ်ကျသွားသော ဖြစ်ရပ်က ထိုအလာင်းကို အပြင်သို့ လှန်ထွက်လာစေခဲ့လေသည်။

ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများနှင့်အတူ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်မှ မည်သည့်ရတနာကိုမှ မရရှိခဲ့ဖူးပေ။ အနက်ရောင်ဝတ်စုံနှင့် လူများက ရိုးရှင်းစွာပင် လုပ်နိုင်စွမ်းရည် ရှိကြသည်။ တာဝန်ရှိချိန်တိုင်းလိုလို သူတို့လိုအပ်သည့် အရာကိုသာ ယူလာတတ်ကြသည်။ ထိုအတွက်ကြောင့် ထိုလျို့ဝှက်စာအုပ်မျိုးက အလွန်တရာ ထူးဆန်းလှသည်။

ဝမ်ချောင်က တစ်ချက်ယူပြီး ကြည့်လိုက်သောအခါ စာအုပ်အဖုံးပေါ်မှ စကားလုံး သုံးလုံးကိုသာ မြင်လိုက်ရသည်။

အာကာသရွေ့လျားမှုသိုင်း

ဝမ်ချောင်သည်လည်း သူ၏နှလုံးသားက လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။

“အဲ့ဒါဖြစ်လောက်တယ်”

ဝမ်ချောင်က အံ့အားသင့်သလို အပျော်လွန်သွားသည်။ ဒါဟာ မမျှော်လင့်ထားသော အကျိုးအမြတ်ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်များရှိသည်။ သို့သော် သူတု့ိ၏သိုင်းများကလည်း ပြောစရာပင်မလိုလောက်အောင် နက်နဲပေလိမ့်မည်။ ထို့ကြောင့် ကျွီပိုင်မီးတောက်ပင်ဖြစ်စေ၊ မာရာမီးတောက်ပင်ဖြစ်စေ လုဝူမီးတောက်အတွက်ပင်ဖြစ်စေ အားလုံးက အလွန်အမင်း အင်အားကြီးမားလွန်းသော စွမ်းအင် အမျိုးအစားများ ဖြစ်လေသည်။

ယခုတလော ထုတ်လွှတ်လိုက်သည့် အနက်ရောင်ဝတ်စုံနှင့် လူများက အသုံးပြုသော ရွေ့လျားမှုသိုင်းများဆိုလျှင် အလွန်အမင်း နက်နဲသော သိုင်းဖြစ်နေသေးသည်။ ထိုရွေ့လျားမှုသိုင်းက သူတို့အား ဝမ်ချောင်ကိုယ်တိုင်ကပင် စွမ်းအင်လောကအတွင်းမှ စွမ်းအင်ညင်လက္ခဏာများကိုသာကြည့်၍ ခြေရာခံကောက်ရလောက်အောင် လျှင်မြန်လွန်းလေသည်။ အခြားသောသူများအတွက်ဆိုလျှင် အလားတူ အင်အားမျိုး ရှိသောလူများကပင် ရန်သူ၏တိုက်ကွက်များအောက်တွင် သံသယဝင်ရန် မလိုလောက်အောင် ထိမှန်ခံရပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ရွေ့လျားမှုသိုင်းသည် ဝမ်ချောင် မမြင်ဖူးသေးသော သိုင်းတစ်မျိုး ဖြစ်နေသည်။ ထိုရွေ့လျားမှုသိုင်းက လောကရွေ့လျားမှုသိုင်း အမြောက်အများကိုပင် ကျော်လွန်နေခဲ့သောကြောင့် ဝမ်ချောင်၏ တစ်ခုတည်းသောပြစ်ချက် ဖြစ်လာလေသည်။

သူ၏လက်ရှိ ကျင့်ကြံခြင်း သွေဖယ်နေသော အခြေအနေမျိုးတွင် ထိုသိုင်းက ဝမ်ချောင်အား အချို့သော အခြေအနေမျိုးမှ ပို၍လျှင်မြန်လွယ်ကူစွာ ရွေ့လျားထွက်ပြေးစေနိုင်လောက်သည်။ ဒီနည်းအားဖြင့် သူ၏ရှင်သန်နိုင်ချေကို မြင့်စေလိုက်သည်။ ဝမ်ချောင်ကလည်း ထိုစာအုပ်ကို သူ၏အင်္ကျီ ဝမ်းဗိုက်အတွင်းသို့ ထည့်လိုက်သည်။

အမှောင်ထဲတွင် ဝရုန်းသုန်းကား အခြေအနေများက ကြီးစိုးနေသေးပြီး အော်ဟစ်သံများကလည်း အဆုံးအစမဲ့လောက်အောင် နားအတွင်း ဟိန်းထွက်လာသည်။

ဝမ်ချောင်က ဆင်ခြေလျောအောက်သို့ ဆက်ဆင်းသည်။ ဒီနည်းအားဖြင့် အနက်ရောင်ဝတ်စုံနှင့် လူနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများ၏ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တွေ့ခဲ့သည်။ အမှောင်ထု၏ အကာအကွယ်အောက်တွင် ဝမ်ချောင်က အရာအားလုံးကို ကျော်ဖြတ်လျှက် တောင်ခြေစခန်းနားသို့ ခပ်မြန်မြန် ရောက်ရှိသွားသည်။ သူသည် အနည်းငယ်ခန့် စောင့်ရုံနှင့် ထွက်ခွာနိုင်ပြီဖြစ်သည်။

ခီး...

ရုတ်တရက် တောင်ခြေမှ မီတာအနည်းငယ်အကွာသို့ ရောက်သွားသောအခါ အပေါ်စီးမှ ထွက်လာသည့် စူးရှသော ငှက်အော်သံကို ကြားရသည်။ ထိုအသံဟာ အလွန်အမင်း ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသောကြောင့် ဝမ်ချောင်ကိုယ်တိုင်ကပင် အလန့်တကြား ခေါင်းမော့ကြည့်မိလိုက်သည်။ ထိုအခါ ကောင်းကင်မှ အနက်ရောင် ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက တောင်ပံနှစ်ခုဖြန့်လျှက် ရှိနေသည်။

အနက်ရောင်သိန်းငှက်

ကြယ်အလင်းရောင်က မှေးမှိန်သည်။ ဝမ်ချောင်က သိန်းငှက်စူးရှသော မျက်လုံးကို ရှင်းလင်းစွာ မြင်နိုင်နေသေးသည်။ ထိုမျက်လုံးက ကြယ်နှစ်ပွင့်အလား ထင်ရသည်။ ထိုသိန်းငှက်က အောက်သို့ ငုံ့ကြည့်နေရင်း တစ်စုံတစ်ရာကို ရှာဖွေနေသလိုမျိုး ဝိုင်းပတ်ကာ ရှာဖွေနေသည်။

ဝုန်း

ဝမ်ချောင်၏ အမူအရာက အေးစိမ့်သွားပြီး သူ၏စိတ်အတွင်း ခံစားချက်တစ်ရပ်က ပေါ်ထွက်လာသည်။

ဒါက အနက်ရောင်ဝတ်စုံနဲ့လူတွေ ငါ့ကို ရှာဖွေဖို့ သုံးထားတာပဲ။

ဝမ်ချောင်ကလည်း အဖြစ်အပျက်ကို သိလိုက်သည်။ တောင်နယ်နိမိတ်အနားတွင် တိုက်ပွဲများမရှိပေ။ ထို့ကြောင့် သိန်းငှက်ကလည်း ဒီနေရာတွင် စောင့်ကြည့်ရန် မလိုအပ်ပါပေ။ ထို့ကြောင့် ထိုသိန်းငှက်က ဒီနေရာတွင် ရှိနေသည်မှာ တောင်မှထွက်သွားသော လူများကို တားဆီးရန်အတွက်ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲ၏ အလယ်တွင်ပင် အနက်ရောင်ဝတ်စုံနဲ့ လူများက သတိကို မပေါ့လျော့ထားပေ။ ထို့ကြောင့် သိန်းငှက်ကိုစောင့်ကြည့်ရန် လွှတ်ထားလေသည်။

ဝမ်ချောင်က ဝါးဦးထုပ်နှင့် လူများထဲမှ ခေါင်းဆောင်က စုန့်ယွမ်ယွီနှင့် ပြင်းထန်သောတိုက်ပွဲကို တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်းတွင် ရောက်ရှိနေသော်လည်း သူကသာ ဒီနေရာတွင် ပေါ်ထွက်လာမည်ဆိုလျှင် သူတို့က အရာအားလုံးကို ဘေးဖယ်လျှက် သူ့နောက်သို့ ချက်ချင်းလိုက်လာမည် ဖြစ်ကြောင်းကိုလည်း ခံစားမိနေလေသည်။

ဝှစ်

သူက တွေးတောနေသည့် အချိန်တွင် ရုတ်တရက် အနီးအနားမှ အသံကို ကြားရသည်။ နောက်လှည့်ကြည့်လိုက်သောအခါ တောင်ပေါ်မှ ပြုတ်ကျလာသည့် ကျောက်တုံးကြီးတစ်တုံးကို မြင်လိုက်ရသည်။ ထိုကျောက်တုံးက ပြင်းထန်သောလေ သို့မဟုတ် စွမ်းအင်လှိုင်းတစ်ရပ်ကြောင့် ပြုတ်ကျလာခြင်းဖြစ်လောက်သည်။

ခီး....

ကောင်းကင်မှ သိန်းငှက်ကအော်သည်။

တခဏခန့်ကြာပြီးနောက် ဘုန်းကနဲမြည်သံနှင့်အတူ ကြယ်တာရာစွမ်းအင်များက ထွက်ပေါ်ပြီး ပြုတ်ကျသော ကျောက်တုံးကို ထိမှန်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဖျက်ဆီးပစ်လိုက်၏။

ဝုန်း

ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များ ထွက်ပေါ်လာသောနေရာသို့ ကြည့်လိုက်သောအခါ အနက်ရောင်နှင့် လူတစ်ယောက်က လက်ဝါးကို နောက်ပြန်ရိုက်ချပြီးမှသာ ကျောက်တုံးဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူက တစ်ချက်ခုန်ပေါက်လိုက်ပြီးနောက် အဝေးသို့ ချက်ချင်းလိုလို ထွက်ခွာသွားသည်။ သူ၏မျက်လုံးကလည်း တောင်ကို စောင့်ကြည့်လေ့လာနေသေးသည်။ ထိုအခြေအနေက ဝမ်ချောင်၏နှလုံးသားကို လေးလံစေသည်။

ဝမ်ချောင်က ထိုအခိုက်အတန့်ကို အသုံးပြုလျှက် သူ၏ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထိုအချိန်တွင် ဝမ်ချောင်သည် ပထမဦးဆုံး အကြိမ်အဖြစ် သူသတိမထားမိသော အချက်အလက် အချို့ကို တွေ့လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် လူများက တောင်မှ မီတာသုံးဆယ်၊ လေးဆယ်ခန့်တွင် နေရာယူထားကြပြီး အမှောင်ထုအတွင်း လှုပ်ရှားမှုရပ်လျှက် ရှိနေကြသေးလေသည်။

တိုက်ပွဲက မည်မျှပြင်းထန်နေစေကာမူ သူတို့က ဝင်ရောက်စွက်ဖက်မည့် အရိပ်အယောင် မပြသေးပေ။ သူတို့က တောင်ပတ်ဝန်းကျင်ကိုသာ စောင့်ကြပ်နေကြရင်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုထားကာ ကြည့်နေကြသည်။ သေးငယ်သော လှုပ်ရှားမှု အနည်းငယ်ကတင် သူတို့၏အာရုံကို ဆွဲဆောင်နိုင်၏။

ထိုလူများက ဒီနေရာတွင် စောင့်ကြည့်ရန် ရောက်ရှိနေကြခြင်းဖြစ်ပြီး တိုက်ခိုက်ရန်မဟုတ်ပေ။

ကောင်းကင်တွင် သိန်းငှက်ရှိသည်။ မြေပြင်တွင် အနက်ရောင်လူများ ရှိနေသည်။ ထို့ကြောင့် ဝမ်ချောင်၏ နှလုံးသားက ပို၍ပင် လေးလံသွားသေးသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက သူ့ကို ရင်ဆိုင်ရန်အတွက် အရာအားလုံးကို အစီအစဉ်ချထားပြီးသားဖြစ်သည်။ သူထင်ထားသလိုမျိုး မည်သူမှ သတိမထားမိခင် တောင်ပေါ်မှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

ပြဿနာပဲ။

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ သူ၏လက်ရှိ စွမ်းအင်မျိုးနှင့်ဆိုလျှင် သူသည် သဘာဝအလျောက်ပင် အင်အားသုံးကာ ထွက်သွားနိုင်သည်။ သို့သော် ထိုအခြေအနေက စုန့်ယွမ်ယွီ၊ ရွှေရောင်လူထွားကြီးနှင့် အနက်ရောင်ဝတ်စုံနှင့်လူများ အားလုံး၏အာရုံကို ဆွဲဆောင်မိပေလိမ့်မည်။

သူတို့ရဲ့ လိုက်ဖမ်းမှုနောက်ကနေ လွတ်မြောက်ဖို့က မလွယ်ဘူး။

ကြည့်ရတာ ငါအခြားနည်းလမ်း တွေးရတော့မယ်ထင်တယ်။

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ သူ၏စိတ်အတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူများက နေရာကို ပိတ်လှောင်ထားသော်လည်း နည်းလမ်းတစ်ခုကတော့ဖြင့် သေချာပေါက် ရှိပေလိမ့်မည်။ သို့သော် အနည်းငယ် အန္တရာယ်ပိုများလောက်၏။

စွစ်

ဝမ်ချောင်က ကိုယ့်ကိုယ်ကို ဖုံးကွယ်လျှက် စတင်ကာ တွေးတောနေသည့် အချိန်တွင် ရုတ်တရက် စူးရှသော အသံကြောင့် အလန့်တကြားဖြစ်သွားပြီး လွင့်ထွက်လုနီးပါးဖြစ်သွားသည်။

ဘုန်း

ဝမ်ချောင်က ချက်ချင်းဆိုသလို ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။

ကျင်

ခုနှစ်လက်မ ဝန်းကျင်ခန့်သာလျှင်ရှည်သော သေးငယ်ပါးလျသည့် ငွေရောင်အပ်လေး တစ်ချောင်းက ဝမ်ချောင်ကို ကျော်ဖြတ်လျှက် အရှေ့ဘက်ရှိ ကျောက်သားထဲသို့ ဝင်ရောက်သွားသည်။ ခိုင်မာလွန်းသော ကျောက်သားကလည်း ထိုအပ်၏အရှေ့တွင် တို့ဟူးအလား ပျော့ညံ့ပုံရသည်။

ထိုအခိုက်အတန့်တွင် သူ၏အနောက်ဘက်မှ လှောင်သလို ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။

“သခင်လေးချင်းယန် မင်းက ဘယ်သွားလို့ရမယ်လို့ ထင်နေတာလဲ”

အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ပုခုံးနှင့် အင်္ကျီလက်များတွင် သွေးများစွန်းထင်းနေသော ကျစ်အန်းတုက ဝမ်ချောင်ကို သုန်မှုန်စွာကြည့်သည်။ သူ၏မျက်လုံးက အဆိပ်ပြင်းမြွေတစ်ကောင်အလား ထင်ရသည်။

“သခင်လေးကြီး ဘာလုပ်တာလဲ”

ဝမ်ချောင်က ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး အံ့အားသင့်သလို စိတ်ရှုပ်ထွေးသော အမူအရာမျိုးကို ပြလိုက်သည်။

“ဟွန်း ဟန်ဆောင်မနေနဲ့။ အစပိုင်းနေ့ကတည်းက မင်းနဲ့ပတ်သတ်ပြီး ထူးဆန်းတာ ရှိမယ်ဆိုတာ ငါသိထားပြီးသား။ ဘာမှားမှန်းတော့ ငါမသိပေမဲ့လည်း မင်းက သခင်လေးချင်းယန် မဟုတ်တာ သေချာတယ်။ ပိုဆိုးတာက တောင်ပေါ်မှာ မင်းငါ့ကို ထောင်ချောက်ဆင်လိုက်တယ်”

ထိုစကားလုံးများနှင့်အတူ ကျစ်အန်းတုက အံ့ကိုကြိတ်သည်။ သူ၏မျက်နှာတွင် သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲလာသည်။

အနက်ရောင်ဝတ်စုံနှင့် လူများ၏ တိုက်ကွက်က အလွန်ထူးဆန်းသည်။ ထို့အပြင် အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူက ပျောက်သွားခဲ့သည့် အခိုက်အတန့်တွင် ရှိနေသေးသည်။ သူကသာ သွေးလွတ်မြောက်ခြင်းသိုင်းကို အသုံးပြုခဲ့ပါက သေသွားပြီးလောက်လေပြီ။

သူဟာ တောင်ပေါ်မှထွက်ပြေးရန် ကြိုးစားခဲ့သည့် အချိန်တွင်လည်း ဝါးဦးထုပ်နှင့်လူများနှင့် အခြားသောသူများက စောင့်ကြပ်နေသည်ကို တွေ့ခဲ့ရသည်။ အဆုံးသတ်တွင်မူ ကျစ်အန်းတုက တောင်ပေါ်သို့ပြန်ပြီး ပုန်းနေခဲ့ရသည်။

ကျစ်အန်းတုက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်းတွင် ထိုသို့လုပ်နိုင်စွမ်းရည် ရှိသောသူ သူ့အား ထောင်ချောက်ဆင်သောသူက သခင်လေးချင်းယန်သာ ဖြစ်ရမည်ဟု တွေးလိုက်သည်။

“ကာကွယ်စောင့်ရှောက်သူကြီး မင်းဘာပြောနေမှန်း ငါတော့မသိဘူး။ မင်းနားလည်မှု လွဲနေတာပဲ”

ဝမ်ချောင်က ဒေါသတကြီးဖြစ်သွားသလိုမျိုး ကျစ်အန်းတုကို ပြန်လည်ချေပသည်။

“ဟွန်း မင်းသိသိ မသိသိ အရေးမကြီးဘူး။ ဒီတစ်ကြိမ်မှာ ဘယ်သူကမှ မင်းကို လာမကယ်နိုင်တော့ဘူး။ ဆိုတော့ မင်းကငါ့အရှေ့မှာ ဘယ်လောက်ထိ ဆက်ရှိနိုင်မလဲဆိုတာကို ကြည့်ရအောင်”

ကျစ်အန်းတုက အေးစက်စွာပြောသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ဆန္ဒများက ပြင်းထန်လာ၏။

ဘန်း

ကျစ်အန်းတုက ရှေ့သို့ ဖနောင့်ပေါက်လိုက်သည်။ သူ၏ဝတ်ရုံနှင့် ဆံပင်များက ပတ်ပတ်လည်တွင် ကခုန်ပြီး လေတွင်လွင့်နေသည်။ ဝမ်ချောင်၏ စောင့်ကြည့်နေမှုအောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ သူယခင်က လွှတ်ထုတ်နိုင်သော စွမ်းအားထက် ပိုပြီးပြင်းထန်သော စွမ်းအားတစ်ရပ်က ဖြာထွက်လာသည်။ ဒီတစ်ကြိမ်တွင်မူ ထိုစွမ်းအင်က မည်းမှောင်ကာ ဆိုးယုတ်သော အရှိန်အဝါများနှင့် ဖြစ်လေပြီး ဖော်ပြရန်ခက်ခဲသော ဆိုးယုတ်မှုများက ကပ်ပါနေသေးသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ပြင်းထန်သော သွေးရနံ့ကိုရလိုက်သည်။

“ဒါက”

ဝမ်ချောင်ကလည်း တစ်စုံတစ်ရာကို တွေးမိပြီး အလန့်တကြားဖြစ်သွားသည်။

“ဟွန်း ငါဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲကိုဝင်ပြီး ဖြောင့်မတ်မှန်ကန်တဲ့လမ်းကို လိုက်ပြီးကတည်းက စုန့်ယွမ်ယွီက ငါ့ကိုဒီသိုင်းသုံးဖို့ တားထားတယ်။ ဒါပေမဲ့ သူကလည်း အခု သူ့ကိစ္စသူတောင် စိုးရိမ်နေရတဲ့ အခြေအနေ ရောက်နေပြီဆိုတော့ ဟွန်း မင်းကို ဘယ်သူလာကယ်နိုင်မလဲ ငါကြည့်မယ်။ မင်းက အစစ်အမှန်ပဲဖြစ်ဖြစ်၊ အတုအယောင်ပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ ငါမင်းကို ရှုံ့တွနေတဲ့ အလောင်းအဖြစ် ပြောင်းလိုက်မှာပဲ”

ကျစ်အန်းတု၏မျက်နှာက အနက်ရောင်စွမ်းအင်များဖြင့် လွှမ်းခြုံခြင်းကိုခံရပြီး ကြောက်စရာကောင်းလောက်အောင် ရှုံ့တွလာသည်။

ဝုန်း

ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် ကျစ်အန်းတု၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အနက်ရောင်စွမ်းအင်များက ပေါက်ကွဲလာသည်။ ထို့နောက် သူ၏ပတ်ပတ်လည်တွင် အရိပ်များက ဖြတ်ပြေးလာသည်။ ရုတ်တရက် ကျစ်အန်းတု၏ ခန္ဓာကိုယ်အရှေ့တွင် အနက်ရောင် နေတစ်လုံးက ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော ဆွဲစုပ်အားကို လွှတ်ထုတ်လိုက်ကာ သူ၏ပတ်ပတ်လည်တွင် ရှိသော ကျောက်တုံး၊ ဖုန်မှုန့်နှင့် လေများအားလုံးကို လည်ပတ်လာစေသည်။

ခလွက်

အနီးအနားတွင်ရှိသော ကြီးမားသော ကျောက်တုံးတစ်တုံးက မြေပြင်မှ ကျွတ်ထွက်လျှက် ကျစ်အန်းတုဆီသို့ ဝင်ရောက်သွားသည်။

“ဒါကဘာလဲ”

ဝမ်ချောင်က မျက်လုံးပြူးသွားသည်။ ကျစ်အန်းတုက လွှတ်ထုတ်နေသော အရှိန်အဝါက သူ့ကို ရင်းနှီးသောခံစားချက်မျိုး ပေးစွမ်းပြီး ရှောင်ယင်ရန်သိုင်းနှင့်တူသည်။ သို့သော် ပို၍ပင် အင်အားကြီးမားသေးပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် တူနေသေးပြန်သည်။ သို့ရာတွင် ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကမူ ထိုကဲ့သို့ အနက်ရောင်နေကို မလွှတ်ထုတ်နိုင်ပါပေ။

“သူဘယ်လိုသိုင်းမျိုးကို ကျင့်ကြံနေတာလဲ”

ဝမ်ချောင်၏ မျက်ခုံးများက ကျုံ့သွားလေသည်။

အခန်း(၁၃၆၃)

စကြာဝဠာထိုးဖောက်ခြင်းသိုင်း

ကျစ်အန်းတုသည် ဆရာဖြစ်သူ၏ အစစ်အမှန် အမွေကို မရခဲ့သေးပေ။ ထို့ကြောင့် သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မသိပါပေ။ ဝမ်ချောင်သည် ကျစ်အန်းတုကဲ့သို့ သစ္စာဖောက် တစ်ယောက်က ထိုသိုင်း၏ အခွဲပုံစံတစ်မျိုးကို နားလည်သဘောပေါက်ထားမည်ဟု မမျှော်လင့်ထားမိချေ။

သို့သော် ထိုသု့ိဖြစ်နေခဲ့သည့်တိုင်အောင် ထိုသိုင်းဟာ ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားနေသေးသည်။ ဝမ်ချောင်၏ ရှု့ထောင့်မှကြည့်သော် အစစ်အမှန် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း စွမ်းအား၏ လေးဆယ်၊ ငါးဆယ် ရာခိုင်နှုန်းခန့်အထိ လုပ်နိုင်စွမ်းရည် ရှိနေလေသည်။

“ငါ့ရဲ့အရှေ့မှာ လှည့်ကွက်တွေ ထုတ်ဖို့ကြိုးစားတာက ဆရာရဲ့အရှေ့မှာ လာကြွားပြဖို့ ကြိုးစားနေတဲ့ အတုအယောင် တစ်ယောက်လိုပဲ။ ဒီနေ့ ငါက ဒီမဟာရင်ယန် သိုင်းကိုသုံးပြီး မင်းရဲ့အရိုးတွေကို ဖုန်ဖြစ်သွားအောင် ကြိတ်ချေပစ်မယ်။ အဲ့ဒီနောက် အနက်ရောင်ဝတ်စုံနဲ့ လူတွေကို လွှဲချလိုက်မယ်”

ကျစ်အန်းတု၏ ဆိုးယုတ်သောအသံက အဘက်ဘက်မှ ထွက်လာသည်။ ခြောက်ခြားဖွယ်ကောင်းသော ဆွဲစုပ်အားနှင့် ကြယ်တာရာစွမ်းအင်လှိုင်းများက ဝမ်ချောင်ထံ တိုးဝင်လာသည်။ ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။

ကျစ်အန်းတု၏ အင်အားသည် ဒုတိယသာဖြစ်ပြီး အရေးကြီးဆုံးအရာကမူ ဝမ်ချောင်သည် ခုန်ရှောင်နေရုံလောက်နှင့် အရူးလုပ်၍ မရနိုင်တော့ပေ။

ဝမ်ချောင်ကလည်း ဒီလိုအခြေအနေမျိုးတွင် သူ၏အင်အားကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူက လှုပ်ရှားလိုက်ရုံနှင့် သူယခင်က ကြိုးစားထားသမျှ အကြောင်းပြချက်များ အားလုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။

ကြည့်ရတာ ငါ ရင်းနှီးပြီး ဖောက်ထွက်သွားရတော့မှာပဲ။

ဝမ်ချောင်က ရေရွတ်လိုက်သည်။

သူက တိုက်ခိုက်လိုက်သည်နှင့် စုန့်ယွမ်ယွီနှင့် အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်တို့ကလည်း အဖြစ်အပျက်ကို သတိထားမိပေလိမ့်မည်။ ဝမ်ချောင်၏ တစ်ခုတည်းသော ရွေးချယ်ရာက အဝိုင်းခံရသော နေရာမှ ထွက်ပြေးသွားစေရန်ဖြစ်သည်။ ထို့ကြောင့် သူဟာ အောင်မြင်မည် မအောင်မြင်မည်နှင့် မည်မျှ ပြေးနိုင်မည်ဆိုသော အရာက သူ၏ ကံအပေါ် မူတည်နေလေပြီ။

သို့သော် သံသယဝင်ရန် မလိုသော ကိစ္စတစ်ခုရှိသည်။ နောက်လာမည့်ကိစ္စဟာ ကြမ်းတမ်းသော တိုက်ပွဲ ဖြစ်ပေလိမ့်မည်။

“ကာကွယ်စောင့်ရှောက်သူကြီး ဘာလုပ်တာလဲ”

ဝမ်ချောင်နှင့် ကျစ်အန်းတုတို့က ကြမ်းတမ်းသော တိုက်ပွဲအတွင်းသို့ ဝင်ရောက်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် ဘေးဘက်မှ အသံတစ်သံ ထွက်လာသည်။ ထို့နောက် ငယ်ရွယ်သော ပုံရိပ်တစ်ခုက ကျစ်အန်းတုနှင့် ဝမ်ချောင်တို့၏အနားသို့ ရောက်လာသည်။

“စုန့်ကြွယ်”

ကျစ်အန်းတုက အလန့်တကြားဖြစ်သွားသည်။ ဝမ်ချောင်သည်လည်း ရောက်လာသူကို သတိထားမိလိုက်၏။ စုန့်ယို့ရန်၏ မောင်ငယ်လေး စုန့်ကြွယ်သည် မည်သည့်အချိန်ကမှန်းမသိ အစွန်အဖျားနားတွင် ပေါ်လာပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်။

“မျိုးမစစ်ကောင် မင်းရူးသွားပြီလား”

ကျစ်အန်းတုက ဒေါသတကြီးအော်သည်။ သူက ဝမ်ချောင်ကို ထိခိုက်အောင်လုပ်ရန် ပို့လွှတ်ထားသော ရင်ယန်သိုင်းကို အခြားတစ်ဖက်သို့ လွင့်ထွက်သွားစေအောင် လုပ်လိုက်ရသည်။

တစ်ချိန်ထဲလိုလိုတွင် ဝမ်ချောင်က စုန့်ကြွယ်ကိုခေါ်လျှက် အကွာအဝေးတစ်ခုခြားကာ နောက်ဆုတ်လိုက်သည်။

“စုန့်ကြွယ် မင်းဘာလုပ်နေလဲသိလား”

ကျစ်အန်းတုက ဒေါသတကြီးပြောသည်။

စုန့်ယို့ရန်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီ၏ သမီးဖြစ်ပြီး စုန့်ကြွယ်ကလည်း စုန့်ယို့ရန်၏ ဝမ်ကွဲမောင်လေးဖြစ်သည်။ ထိုနှစ်ယောက်က အလွန်အမင်း ဆက်ဆံရေး ကောင်းမွန်လေသည်။ ထို့ကြောင့် ကျစ်အန်းတုသည် ဒီနေရာတွင် ဝမ်ချောင်ကို သတ်ဖြတ်ချင်စိတ်ထက် ပိုလွန်နေခဲ့သည့်တိုင်အောင် စုန့်ကြွယ်က ရှိနေပါက တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

“ကျစ်အန်းတု ငါကမင်းကို ဒီမေးခွန်းမေးရမှာပါ။ သခင်လေးချင်းယန်က ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ လေးစားရတဲ့ ဧည့်သည်တစ်ယောက်ဖြစ်သလို ငါတို့ကိုလည်း အရင်က ကူညီထားခဲ့ဖူးပြီးသား။ မင်းက ရူးသွားပြီလား ရူးလွန်းလို့ သူ့ကိုတိုက်ခိုက်နေတာလား”

စုန့်ကြွယ်၏မျက်နှာက နီရဲနေသည်။ သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ သူဟာ ပေါ်မလာခဲ့လျှင် သခင်လေးချင်းယန်က ကျစ်အန်းတု၏ ရက်စက်သော လက်အောက်တွင် တိုက်ခိုက်ခံရလောက်သည်။

“သေစမ်း”

ကျစ်အန်းတုက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူသည် စုန့်ကြွယ်ကို အလွယ်တကူ သတ်နိုင်သည်။ သို့သော် ထိုသို့လုပ်လိုက်ပါက သူ့အနေဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲတွင်ဖြစ်စေ၊ ဂိုဏ်းလောကတွင်ဖြစ်စေ နေရာရှိတော့လိမ့်မည် မဟုတ်ပေ။

ကျစ်အန်းတုက မည်မျှ ခေါင်းမာနေစေကာမူ စုန့်ယွမ်ယွီ၏ ရန်သူမဖြစ်ရဲပေ။

ခီး....

ကျစ်အန်းတုက ဘာလုပ်ရမှန်း မသိသေးသောအချိန်တွင် ရုတ်တရက် အဝေးမှ ပေါက်ကွဲသောအသံက ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက ကောင်းကင်ထဲမှ ထိုးသွင်းလာလေပြီး လေထဲတွင် အစင်းကြောင်းတစ်ခု ချန်ထားရစ်ခဲ့လျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရှိရာ စခန်းဘက်သို့ အပြေးလာလေသည်။

ထိုအခိုက်အတန့်တွင် လေထုကပင် ဟိန်းဟောက်ပြီး လေပြင်းက ဖုန်များကို သယ်ဆောင်လာသည်။ လူတိုင်းကလည်း စွမ်းအင်တန်း၏ အရှေ့ဆုံးတွင် ပေါ်ထွက်လာသောလူက သမုဒ္ဒရာကိုပင် ခြောက်ကပ်အောင်လုပ်လျှက် လောကကိုပင် စုတ်ဖြဲနိုင်စွမ်းရည် ရှိသူဖြစ်ကြောင်း မြင်ရပေလိမ့်မည်။

“ဘယ်သူလဲ”

ဝမ်ချောင်၏ဝတ်ရုံက လေတွင်လွင့်နေရင်း ကောင်းကင်ကို အံ့အားတကြီးကြည့်သည်။

ကောင်းကင်တွင် ပေါ်လာသောပုံရိပ်က ဥက္ကာတုံးတစ်ခုအလား ခန္ဓာကိုယ်တွင် တောက်ပသော အဖြူရောင်အလင်းများဖြင့် ခြံရံထားသည်။ ဝမ်ချောင်သည်လည်း တစ်ဖက်သူထံမှ အလွန်အမင်း အန္တရာယ်များသော အရှိန်အဝါကို ရလိုက်သည်။ ထိုစွမ်းအားက ပြင်းထန်လွန်းသဖြင့် မဟာမိတ်အရှင် စုန့်ယွမ်ယွီကိုပင် ယှဉ်နိုင်နေသည်။ ထိုပုဂ္ဂိုလ်၏ အရှိန်အဝါက ပို၍ပင် ကြောက်စရာကောင်းကာ လွှမ်းမိုးနိုင်စွမ်း ရှိသေးသည်။

ဝုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ထိုပုဂ္ဂိုလ်က ကောင်းကင်တစ်ခုလုံးကို ထိုးခွဲလျှက် တောင်ထိပ်နှင့် ထိပ်တိုက်ဆုံသွားရင်း ဖုန်မှုန့်များကို ပေထောင်ပေါင်းများစွာ အမြင့်ထိ မြောက်တက်သွားစေလေသည်။

တောင်တန်းတစ်ခုလုံးက ယမ်းခါသွားပြီး မြေကမ္ဘာကြီးကပင် ကွဲအက်လုနီးပါး ဖြစ်သွားသည်။

“ဒုမဟာမိတ်အရှင်”

ကျစ်အန်းတုကလည်း သူအာရုံခံမိလိုက်သည့် အရာကြောင့် မှင်သက်သွားရင်း တောင်ထိပ်ဆီသို့ လှည့်ကြည့်သည်။ ကျစ်အန်းတုသည် မောက်မာထောင်လွှားပြီး အညံ့မခံတတ်သလို အေးစက်ကာ ထောင်လွှားတက်သလို ထိုအခိုက်အတန့်တွင် သူ၏မျက်နှာတွင် ကြောက်လန့်မှုကို ဖော်ပြသည်။

ခြိမ်း

မျက်တောင်တခတ် အချိန်အတွင်းတွင် ထိုပုံရိပ်က တောင်ထိပ်ပေါ်မှ ဝါးဦးထုပ်နှင့် လူများနှင့်အတူ ပြင်းထန်သည့်တိုက်ပွဲကို ရင်ဆိုင်နေပြီဖြစ်သည်။

“ဒုမဟာမိတ်အရှင်”

“ဒုမဟာမိတ်အရှင်”

“ဒုမဟာမိတ်အရှင်”

တိုတောင်းသော အချိန်ကာလအတောအတွင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားတိုင်းက ကျယ်လောင်သော အားပေးသံများကို လွှတ်ထုတ်ကြသည်။

တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် နောက်ထပ်တစ်သုတ် ထပ်ရောက်လာကြောင်း ခံစားမိလိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ နောက်ထပ်ရောက်လာသော တပ်ကူများဟာ ချက်ချင်းလိုလို ပေါ်ထွက်လာပြီဖြစ်သည်။

“စုန့်ကြွယ်၊ သခင်လေးချင်းယန် မင်းတို့ မင်းတို့ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

ဘေးဘက်မှ အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။ ဝမ်ချောင်က အပြေးလာသော အော့ရန်ချင်းဟန်ကိုကြည့်လိုက်သည်။ သူ၏အသက်ရှုသံကပင် နွမ်းလျနေသည်။

“ဒီနေရာက မလုံခြုံဘူး။ ငါ့ရဲ့ ငါ့ရဲ့နောက်ကနေလိုက်ပြီး တောင်ထိပ်ကို တက်လာခဲ့။ ဒုမဟာမိတ်အရှင်က ရောက်လာပြီဆိုတော့ သူသာ မဟာမိတ်အရှင်နဲ့ ပူးပေါင်းလိုက်ရင် အနိုင်က ငါတို့အပိုင်ပဲ”

ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲကို မြင်လိုက်ရခြင်းက ဝမ်ချောင်၏မျက်လုံးကို မှောင်မည်းမတက် ဖြစ်သွားစေသည်။ ဒီဝမ်ချောင်သည် မူလကမူ ထွက်သွားရန် မျှော်လင့်ချက်အချို့ ရှိသေးသည်။ သို့ရာတွင် ယခုမူ မျှော်လင့်ချက် မရှိတော့ပေ။ သူဟာ စုန့်ကြွယ်ကို လှမ်းကြည့်လျှက် အော့ရန်ချန်းဟန်ကို ဖြူစင်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“သွားရအောင်”

သူဟာ ထွက်မသွားနိုင်ကတည်းက ဝမ်ချောင်သည်လည်း ဒီတိုင်း လက်လျော့လိုက်ရန် ဆုံးဖြတ်လိုက်ပြီး စုန့်ကြွယ်နှင့် အော့ရန်ချန်းဟန်တို့၏ နောက်မှသာလိုက်လျှက် တောင်ပေါ်သို့ ပြန်တက်လိုက်ကြသည်။ ကျစ်အန်းတုကမူ ပျောက်ကွယ်သွားပြီဖြစ်သည်။

ဝမ်ချောင်က စိတ်ကို တည်ငြိမ်အောင်ထိန်းလျှက် သူ၏စွမ်းအင်များ အားလုံးကို ချုပ်ထိန်းရင်း အော့ရန်ချန်းဟန်၏ အနောက်မှလိုက်ကာ တောင်ထိပ်သို့တက်လိုက်သည်။

ဝမ်ချောင်က တောင်ထိပ်သို့တက်သော လမ်းတစ်ဝက်တွင်ပင် တောင်တန်းတစ်ခုလုံးဟာ ဖျက်ဆီးခံနေရကြောင်း မြင်နိုင်လေသည်။ တောင်တစ်ဝက်က ပျက်စီးသွားပြီဖြစ်ပြီး ကျောက်တုံးပေါင်း များစွာကလည်း တောက်လျှောက် ပျက်စီးပြိုကျနေပြီဖြစ်သည်။ တောင်အထက်တွင် စုန့်ယွမ်ယွီနှင့် အဖြူရောင်ဝတ်စုံနှင့်လူတို့ ပူးပေါင်းကာ ဝါးဦးထုပ်နှင့် လူသုံးယောက်ကို တိုက်ခိုက်နေကြသည်။

ထိုငါးယောက် တိုက်ပွဲဖြစ်နေသော နေရာက တိုက်ပွဲ၏နယ်မြေ၏ အန္တရာယ်အများဆုံး နေရာလည်းဖြစ်သည်။ ထိုပုံရိပ်များက ရှေ့ပြန်နောက်ပြန် တိုက်ခိုက်နေကြလေပြီး လေထုကပင် ရှုံ့တွကာ ကြာပွတ်များ၏ ဟိန်းဟောက်သံများ၊ ဖြတ်ရိုက်ခံရသံများ၊ မီးတောက်၏ လောင်ကျွမ်းပုံများကို မြင်နိုင်သည်။

ဝါးဦးထုပ်နှင့် လူသုံးယောက်က အလွန်အမင်းထက်ရှကာ ပြင်းထန်လွန်းသော တိုက်ကွက်များကို လွှတ်ထုတ်နေကြပြီး ရွှေရောင်လူထွားကြီးက ပို၍ပင် အင်အားကြီးမားသေးသည်။ သူ၏တိုက်ကွက် တစ်ခုချင်းစီတိုင်းက အဖြူရောင်အလင်းတန်းဖြင့် ပေါက်ကွဲနေစေကာ အာကာသပြင် အစိတ်အပိုင်း တစ်ခုကိုပင် စုတ်ဖြဲနိုင်ပုံပေါ်သည်။ တိုက်ကွက်တစ်ခုချင်းစီတိုင်းတွင် မြောက်များလှသော ကြယ်တာရာစွမ်းအင်များက ကြီးမားသော ကျောက်တုံးကြီးပေါင်း များစွာအသွင် ပြောင်းလဲလျှက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။

အခြားတစ်ဖက်ခြမ်းတွင် စုန့်ယွမ်ယွီကလည်း သူ၏သိုင်းကို အကန့်အသတ်သို့ တိုးမြှင့်ထားသည်။ သူ၏ ထာဝရနွေဦးဂါထာ၏ ထူးခြားသော ကြယ်တာရာစွမ်းအင်က သူ၏ကိုယ်မှ ဖြာထွက်လျှက် မြေပြင်သို့ ထိမှန်လာသောအခါ မြက်ခင်းနှင့် ပန်းပင်များကိုပင် ပွင့်လန်းပေါက်ထွက်လာစေလေသည်။ သူ၏ရန်သူ သုံးယောက်ဖြစ်သော ဝါးဦးထုပ်နှင့် လူများကပင် သစ်ရွက်များ ပန်းများအကြားတွင် ဖြစ်နေ၏။ သို့သော် ထိုအရာများအားလုံးက မာရာအနက်ရောင်မီးတောက်ကြောင့် အလောင်ကျွမ်းခံထားရသည်။

ဝမ်ချောင်၏အာရုံကို အရဆုံးလူက စုန့်ယွမ်ယွီ၏ ဘေးဘက်တွင် တိုက်ခိုက်နေသော ဆုံးဖြတ်ချက်ပြတ်သားပြီး အေးစက်သော အမျိုးသားဖြစ်သည်။

သူသည် နဂါးပုံသဏ္ဍန် ရွှေရောင်လက်စွပ်ကို ဘယ်ဘက်လက်ညိုးတွင် ဝတ်ဆင်ထားသည်။ ထိုအမျိုးသားသည် မြင့်မြတ်ပြီး ထင်ရှားသော အရှိန်အဝါကို လွှတ်ထုတ်ထားကြောင်းကို ဘေးဘက်မှပင် မြင်နိုင်သည်။ ဝမ်ချောင်ဂရုစိုက်ဆုံးက ထိုလူ၏ ကြောက်စရာကောင်းသော စွမ်းအားဖြစ်သည်။

ဘန်း

စုန့်ယွမ်ယွီနှင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည်လည်း မည်သည့်လက်နက်ကိုမှ အသုံးမပြုထားပေ။ သူသည် လက်သီးကိုသာသုံးသည်။ သို့သော် လက်သီးထိုးချက်တိုင်းက ကောင်းကင်ကိုပင် ချိုင့်ဝင်သွားစေနိုင်ပြီး မြေပြင်ကိုပင် ခုတ်ထွင်ရှင်းလင်းနိုင်ပုံပေါ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုလူ၏ လက်သီးထိုးချက် တစ်ချက်ချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူနှင့် တိုက်ခိုက်နေသော ဝါးဦးထုပ်နှင့်လူ၏ ကျယ်ပြောလွန်းသော ကြယ်တာရာစွမ်းအင်များက သူ၏အရှေ့တွင်မူ စက္ကူများကို စုတ်ဖြဲခံနေရသည်။

လူထွားကြီးယခု ရင်ဆိုင်နေရသည်မှာ အဖြူရောင်ဝတ်စုံနှင့်လူ၏ သာမာန်လက်သီးထိုးချက် ဖြစ်နေသည့်တိုင်အောင် သူ၏ပတ်ဝန်းကျင်မှ ရွှေရောင်အားလှိုင်းများက သူ့အား တိုက်ကွက်တိုင်းကို တားဆီးပေးနေစေလေသည်။

စုန့်ယွမ်ယွီက ကြာရှည်စွာ တိုက်ခိုက်နေခဲ့ရရာမှ နားချိန်ရလာချိန်တွင် ဝါးဦးထုပ်နှင့် လူသုံးယောက်ကမူ အဖြူရောင်ဝတ်စုံနှင့်လူနှင့် သိသာထင်ရှားစွာ ရင်ဆိုင်နေရလေသည်။ လေထဲတွင် အနက်ရောင် အလင်းတန်းများက သူတို့ဆီသို့ ဦးတည်လာသည်နှင့် ထိုလူများဟာ ချက်ချင်းလိုလို နောက်သို့ အပြေးဆုတ်သည်။ သူတို့ အတက်နိုင်ဆုံး ရှောင်ရှားနေကြ၏။

ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုမြင်ကွင်းကြောင့် နှလုံးသားဟာ တုန်ယင်သွားရသည်။

အဖြူရောင်ဝတ်စုံနှင့်လူက လက်သီးထိုးလိုက်သည့် အချိန်တိုင်းလိုလို ဝါးဦးထုပ်နှင့်လူများ၏ တိုက်ကွက်တိုင်းကို ဖျက်ဆီးနိုင်နေသည့်အပြင် ဝမ်ချောင်ဟာ ရုတ်တရက် ထိုသိုင်းကိုသိလိုက်သည်။ ထိုသိုင်းကို သိလိုက်သောအခါ သူသည် ဆက်လက်ပြီး မတည်ငြိမ်နိုင်တော့ပေ။

စကြာဝဠာ ထိုးသွင်းခြင်းသိုင်း

ထိုသိုင်းသည် ဗဟိုပြင်ကျယ်၏ မဟာသိုင်း ဆယ်မျိုးထဲတွင် အလွန်အမင်း ရှားပါးသော သိုင်းတစ်မျိုးဖြစ်သည်။ ဝမ်ချောင်သည် စုန့်ယွမ်ယွီက အမရစကြာဝဠာ ထာဝရနွေဦးဂါထာကို ထုတ်သုံးနေကြောင်း မြင်ရချိန်တွင် ဖိအားများခဲ့ပြီးသားဖြစ်သည်။ ယခုအခါ အလွန်အမင်း မြင့်မြတ်ပြီး ထည်ဝါသော ဒုမဟာမိတ်အရှင်က နောက်ထပ် ထူးခြားသော သိုင်းတစ်မျိုးကို ထုတ်သုံးနေကြောင်း မြင်လိုက်ရသည်။ ထိုသိုင်းကလည်း ကြယ်တာရာစွမ်းအင်များကို ဖျက်ဆီးနိုင်စွမ်းရည်နှင့် ပတ်သတ်လာသော နံပါတ်တစ်ဖြစ်သည့် စကြာဝဠာထိုးသွင်းခြင်းသိုင်း ဖြစ်နေလေသည်။

ထိုသိုင်းသည် နတ်ဘုရားနှင့် မိစ္ဆာသုတ်သင်ခြင်းသိုင်းနှင့် မူလအမရသိုင်းတို့၏ အောက်ဘက်တွင် ရှိနေသေးသည့်တိုင်အောင် သိုင်းပညာရှင်များ အကြားတွင်မူ ကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် လောကတွင် ရှိသမျှသော ကြယ်တာရာစွမ်းအင် သိုင်းတိုင်းကို ထိုးဖြတ်နိုင်စွမ်းရည် ရှိသည်ဟု ပြောရပေမည်။ ထိုသိုင်းကို အသုံးပြုခြင်းက အကြမ်းတမ်းဆုံး သံမဏိကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် တို့ဟူးတုံးကို ရင်ဆိုင်ရသလိုသာ ခံစားရစေပေလိမ့်မည်။

စုန့်ယွမ်ယွီကိုယ်တိုင်ကပင် အလွန်အမင်း အင်အားကြီးမားနေပြီဖြစ်သည်။ ယခုအခါ သူ၏ ဘေးဘက်တွင် အလွန်အမင်း တိုက်ခိုက်နိုင်စွမ်းရည် ပြင်းထန်လွန်းသော ဒုမဟာမိတ်အရှင်သခင်က ရောက်လာသောအခါ ဝါးဦးထုပ်နှင့်လူများသည် ပြင်းထန်စွာ ဖိအားပေးခံရလေသည်။

တောင်အောက်ဘက်တွင်ရှိသော မြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးကလည်း ပြင်းထန်သည့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

အခန်း(၁၃၆၄)

အနက်ရောင်ဝတ်စုံနဲ့လူတွေ နောက်ဆုတ်သွားပြီ

“နောက်ဆုတ် အားလုံးပဲ နောက်ဆုတ်ကြတော့”

တောင်ထိပ်မှ ရွှေရောင်လူထွားကြီးက မိုးခြိမ်းသံလို ကျယ်လောင်သော အော်သံမျိုးနှင့် ဟိန်းဟောက်လိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလွန်းနေသေးသည်။ ထို့ကြောင့် ယခုလို အနေအထားမျိုးတွင် တစ်ဖက်သူများအတွက် အနိုင်ယူရန် ခက်ခဲသွားပေလိမ့်မည်။

ဝုန်း

သစ်ပင်များ ပြိုလဲသွားသောအခါ မျောက်များအားလုံးက အုပ်စုခွဲကာ ပြေးကြသည်။ တောင်ခြေမှ အနက်ရောင်ဝတ်စုံနှင့် လူများက အရင်ဦးဆုံး နောက်ဆုတ်သွားကြပြီး တောင်တက်လမ်းအလယ်တွင် ရှိသော အနက်ရောင်ဝတ်စုံနဲ့လူများကလည်း အမှောင်ထုအတွင်းသို့ ချက်ချင်းလိုလို ထွက်ပြေးကြသည်။ နောက်ဆုံးတွင် ဝါးဦးထုပ်နှင့် လူသုံးယောက်က စတင်ကာပြေးသည်။

“ဟွန်း တွေးတောင်မတွေးနဲ့”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဒုအရှင်က အရိုးကွဲမတက် အေးစက်သော အသံမျိုးနှင့်အတူ နောက်မှလိုက်သည်။ သူ၏ဝတ်ရုံက လေတွင့်လွင့်နေသည်။

သို့သော် တခဏခန့်ကြာပြီးနောက် အဖြူရောင်မြူထုတစ်ခုက စုန့်ယွမ်ယွီနှင့် ဒုမဟာမိတ်အရှင် နှစ်ယောက်ကို လွှမ်းခြုံလိုက်သည်။

“သတိထား”

အနောက်ဘက်မှ သတိပေးသံက ထွက်ပေါ်လာသည်။

ဒုမဟာမိတ်အရှင်က ပို၍ပင် အာရုံစူးစိုက်များပုံရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မြူထဲတွင် အဆိပ်များရှိကြောင်း သိနေသည်။ သို့သော် သူသည် ထင်သလောက် မစိုးရိမ်ပေ။

ခြိမ်း

အဖြူရောင်ကြယ်တာရာ စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲမှ ပြန့်ထွက်လာရုံနှင့် ထိုမြူထုတစ်ခုလုံးကို ကွဲအက်သွားစေလိုက်သည်။ တိုက်ကွက်မှ ကျန်သောစွမ်းအားများက ရှေ့သို့ဆက်လက် တိုးဝင်သွားရင်း အနောက်ဆုံးမှ ထွက်ပြေးနေသည့် ဝါးဦးထုပ်နှင့်လူကို ထိမှန်သွားသည်။

စွစ်

ထိုတိုက်ကွက်က ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့် ရောက်ရှိသွားသည်။ တတိယမြောက် ဝါးဦးထုပ်နှင့်လူက အနည်းနှင့်အများ ပြင်ဆင်ထားခဲ့သေးသည့်တိုင်အောင် သူသည်လည်း စကြာဝဠာ ထိုးသွင်းခြင်းသိုင်း၏ဒဏ်ကို မခံနိုင်ခဲ့ပေ။ သူ၏ကြယ်တာရာ စွမ်းအင်များက ချက်ချင်းဆိုသလိုပင် ချိုင့်ဝင်သွားရင်း သူသည် ပြင်းထန်လွန်းသော ဒဏ်ရာကို ရရှိသွားပြီဖြစ်ကာ သွေးအန်လိုက်ရသည်။

ထိုစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ ဆက်လက်ယိုင်ကျသွားစေလျှက် လေထဲတွင် ဖလပ်ဖလပ် ဖြစ်သွားစေသေးသည်။ သို့သော် သူသည် ထိုစွမ်းအင်များကို အသုံးပြုလျှက် ပြန်ကန်အားတစ်ခုအသွင် ပြောင်းရင်း အမှောင်ထုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

“ကွမ်းထင် ထားလိုက်တော့ ရန်သူကို ချောင်ပိတ်မရိုက်နဲ့”

ဒုမဟာမိတ်အရှင်က ဆက်လက် လိုက်ဖမ်းချင်နေသေးကြောင်း မြင်သောအခါ စုန့်ယွမ်ယွီက လှမ်းတားလိုက်သည်။

ထိုသို့ကြန့်ကြာသွားခြင်းကလည်း အနက်ရောင်ဝတ်စုံနဲ့လူများအား ချက်ချင်းလိုလို ပျောက်ကွယ်သွားစေလေသည်။ ရန်သူက ထွက်ပြေးသွားပြီဆိုကတည်းက ရှဲ့ကွမ်းထင်ကလည်း လိုက်လံမှုကို လက်လျော့လိုက်ရင်း စုန့်ယွမ်ယွီကို လှည့်ကြည့်သည်။

“ယွမ်ယွီ ဘာတွေဖြစ်နေတာလဲ။ ဘယ်နေရာကနေ ဒီလောက်အင်အားကြီးတဲ့ ရန်သူတွေက ရောက်လာတာလဲ။ နောက်ပြီး ဘာလို့ ဒီလိုနားမလည်နိုင်တဲ့ သိုင်းတွေကို သုံးနေတာလဲ”

“အနက်ရောင်ဝတ်စုံနဲ့လူတွေရဲ့ ဇစ်မြစ်ကိုတော့ မသိရဘူး။ ငါလည်းမင်းရဲ့မေးခွန်းတွေ မဖြေနိုင်ဘူး။ ငါအရင်ဆုံး ဒဏ်ရာရတဲ့လူတွေကို ကုသခိုင်းပြီး ဒီကိစ္စကို နောက်မှပြောသင့်တယ်လို့ထင်တယ်”

စုန့်ယွမ်ယွီ၏ မျက်နှာကလည်း ဖြူဖျော့နေသည်။ ရှင်းလင်းစွာပင် သူသည်လည်း ကြမ်းတမ်းသော တိုက်ပွဲအတွင်းတွင် ဒဏ်ရာရရှိထားခဲ့သည်။ ထို့ကြောင့် သူသည် ကောင်းကင်မှ တဖြည်းဖြည်းချင်းစီ ဆင်းလာသည်။

စွစ်

သူဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏ တဖြတ်ဖြတ်လွင့်နေသော အင်္ကျီလက်အတွင်းတွင်ရှိသော လက်တစ်ဖက်ထံမှ မှိတ်တုပ်မှိတ်တုပ် အလင်းက ဖြတ်ကနဲလက်လာသည်။ လေထဲသို့ စွမ်းအင်အလင်းတန်း ဆယ်တန်းက ဝင်ရောက်သွားပြီးနောက်တွင် ဒဏ်ရာရနေသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်းထံ ဝင်ရောက်သွားလေသည်။

စုန့်ယွမ်ယွီက ပြိုင်ဘက်က မရှုံးသေးခင် စွမ်းအင်အများကြီး မသုံးရဲခဲ့ချေ။ ထို့ကြောင့် ယခုအခါ တိုက်ပွဲပြီးသွားမှသာ သူ၏စွမ်းအင်ကို ပေါပေါသီသီ သုံးရဲလေသည်။

“အား”

နာကျင်သော အော်သံများနှင့်အတူ ဖြောင့်မတ်မှန်က်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများက လှုပ်ရှားမှုကင်းမဲ့နေရာမှ စတင်ကာ ချောင်းဆိုးလျှက် သတိရလာကြသည်။

သူတို့၏ အသက်ရှုသံက အားနည်းနေသေးသော်လည်း မျက်နှာအရောင်က တဖြည်းဖြည်းချင်း သွေးရောင်လွှမ်းလာပြီဖြစ်သည်။ ဒဏ်ရာများကလည်း ပိတ်သွား၏။

“မဟာမိတ်အရှင်”

စုန့်ယွမ်ယွီကို မြင်သောအခါ ထိုလူများက ဂါရဝပြုကြသည်။ သို့သော် စုန့်ယွမ်ယွီက သူတို့ကို လျစ်လျူရှု့ရင်း ထိုလူများကိုသာ ကျော်ဖြတ်သွားသည်။

ဘုန်း

အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ချိန်တိုင်းလိုလို ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များက တစ်သုတ်ပြီးတစ်သုတ် ထွက်လာတတ်သည်။ ထိုလှိုင်းက ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ လဲကျနေသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက စတင်ကာ မတ်တပ်ထရပ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကလည်း သက်သာလာ၏။

အချို့သော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများဆိုလျှင် ကောင်းကင်ဘုံ ဆေးမှုန့်ကြောင့် အဆိပ်မိထားကြသေးသည်။ သို့သော် စုန့်ယွမ်ယွီ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်ကြောင့် ကုသခြင်းခံရပြီး အသိဝင်လာကြသည်။

ခြိမ်း

စုန့်ယွမ်ယွီ၏ ထာဝရနွေဦးဂါထာက တောင်ဆင်ခြေလျောတောက်လျှောက် လောင်းချပေးလိုက်သည်။ များပြားလှသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက စတင်ကာ မတ်တပ်ထရပ်လာကြသည်။ သို့သော် အများစုကမူ လှုပ်ရှားမှု ကင်းမဲ့နေကြလေသည်။

ထိုလူများသည် အနက်ရောင်ဝတ်စုံနှင့် လူများနှင့် တိုက်ပွဲတွင် သေသွားခဲ့သူများ ဖြစ်လေသည်။ အချို့ ပမာဏ အနည်းငယ်ကသာ ကောင်းကင်ဘုံဆေးမှုန့်ကြောင့်ဖြစ်သည်။ စုန့်ယွမ်ယွီ၏ ထာဝရနွေဦးဂါထာကမူ သူတို့အပေါ် မသက်ရောက်တော့ချေ။

ဝမ်ချောင်ကလည်း တောင်ပေါ်သို့ တက်နေချိန်ဖြစ်သည်။ သူသည်လည်း ကောင်းကင်ဘုံဆေးမှုန့် မိသွားသော တပည့်ဂိုဏ်းသားများ၏ ဆိုးရွားသော အခြေအနေကို သတိထားမိလိုက်၏။

ဒီကောင်းကင်ဘုံဆေးမှုန့်က မတူတော့ပုံပဲ။ ပိုပြီးလည်း ပြင်းထန်နေတယ်။

အနက်ရောင်ဝတ်စုံနဲ့ လူများက လျိုလျောင်မြို့တွင် သူ့အား ကောင်းကင်ဘုံဆေးမှုန့်သုံးကာ ရင်ဆိုင်လိုခဲ့သေးသည်။ ထိုအရောင်အဆင်း အနံ့မဲ့သည့် အမှုန့်က ကြယ်တာရာစွမ်းအင်များကို ထုံထိုင်းသွားစေလျှက် ပစ်မှတ်ကို အရှင်လတ်လတ် ဖမ်းစေနိုင်သည်။ ဒီတစ်ကြိမ် အဆိပ်ကမူ ပို၍ပင် သေစေနိုင်သေးသည်။

ကံကောင်းသည်မှာ ထိုညက လေသည် တစ်ဖက်ခြမ်းမှ တိုက်ခတ်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် အရှုံးက ဒီထက်ပိုဆိုးပေလိမ့်မည်။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

သေဆုံးသွားသော တပည့်ဂိုဏ်းသား အများစုက တောင်၏အရှေ့ပိုင်းကို မျက်နှာမူနေကြသည်။ အနက်ရောင်ဝတ်စုံနှင့် အဖွဲ့အစည်းမှ လူများကလည်း လေတိုက်ရာ လမ်းကြောင်းအတိုင်း အမှုန့်ကို ဖြူးခဲ့ကြခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် ထိုတပည့်ဂိုဏ်းသားများကို သတိလက်လွတ် ဖြစ်သွားစေလျှက် အဆိပ်မိသွားစေခဲ့သည်။

ဝမ်ချောင်ကလည်း သူတို့၏ အသားအရည် လက်သည်းများနှင့် နှုတ်ခမ်း မျက်နှာများက အနက်ရောင်ပင်ပြောင်းကာ ကျုံ့နေကြောင်း မြင်လိုက်ရသည်။ သူတို့သည် သေပြီးသော်လည်း ခန္ဓာကိုယ်ကမူ မသေခင် ပြင်းထန်လွန်းသော နာကျင်မှုကို ခံစားခဲ့ရသလိုမျိုး ရှုံ့မဲ့နေလေသည်။

စုန့်ယွမ်ယွီ၏ ထာဝရနွေဦးဂါထာက အရိုးများကို ပြန်ပေါက်စေနိုင်သလို သေမျိုးဒဏ်ရာများကို ကုသပေးနိုင်သည့်တိုင်အောင် ဒီလိုအခြေအနေမျိုးတွင်မူ အားအင်မဲ့ရလေသည်။

အရာအားလုံးက တည်ငြိမ်သွားသော်လည်း အခြေအနေကို ရှင်းလင်းမှုကမူ အချိန်အတန်ကြာလောက်သည်။

......

တိုက်ပွဲက ပြီးဆုံးသွားမှုနှင့်အတူ ဝါးဦးထုပ်နှင့်လူများနှင့် ရှင်သန်သော အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် လီတစ်ဆယ်ကျော် ဝေးကွာသောနေရာသို့ ရောက်ရှိသွားလေသည်။ ရွှေရောင်လူထွားကြီးအသွင် ပြောင်းလဲခဲ့သည့် ဝါးဦးထုပ်နှင့် လူကလည်း ပုံမှန်အရွယ်အစားသာ ပြန်ပြောင်းလိုက်ပြီဖြစ်သည်။

“ဘာဖြစ်တာလဲ ဒီလောက်အချိန် ကြာသွားတာတောင် ပစ်မှတ်ရဲ့လက္ခဏာကို မတွေ့ရဘူးလား”

ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏မျက်နှာက ဖြူဖျော့နေသည်။ သူ၏ခန္ဓာကိုယ်က အကုန်လုံးဗလာဖြစ်နေပြီး လက်အောက်ငယ်သားတစ်ယောက်ကပေးသော တဘတ်တစ်ခုကိုယူကာ မျက်နှာကိုသုတ်နေသည်။ အကြောင်းမူကား သူ၏မျက်နှာတစ်ခုလုံး ချွေးများစိုရွှဲနေသောကြောင့်ဖြစ်သည်။ ဂရုစိုက် ကြည့်မည်ဆိုပါက ခေါင်းဆောင်၏ ဝမ်းဗိုက်နားတွင်ရှိသော ရွှေရောင်တက်တူးကြီးက ကြွက်သားများ၏ လှုပ်ခတ်မှုအတိုင်း အလင်းရောင်အောက်တွင် လှုပ်ရှားနေကြောင်းကို မြင်ရမည်ဖြစ်သည်။

ဝါးဦးထုပ်နှင့် ခေါင်းဆောင်သည် အလွန်အမင်း မောပန်းနေသည်။ ရွှေရောင်လူထွားကြီး၏ ပုံသဏ္ဍန်မှ မူရင်းခန္ဓာကိုယ်ကို ပြန်ပြောင်းကြခြင်းက စွမ်းအင်အများကြီးကို ကုန်ဆုံးစေသည်။ သို့သော် ပြင်းထန်လွန်းသော နာကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အင်အားအမြောက်အများကို လိုအပ်လေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က သူမျှော်လင့်ထားသည်ထက် ကိုင်တွယ်ရပိုခက်နေသည်။

“မတွေ့ဘူး ငါတို့တစ်ချိန်လုံး လိုက်ရှာနေတာ။ သူ့ရဲ့လက္ခဏာကို မတွေ့တာ”

အနက်ရောင်ဝတ်စုံနှင့် လူများက ခေါင်းငုံ့လိုက်ကြသည်။

မျက်နှာကိုသုတ်နေသော ဝါးဦးထုပ်နှင့် ခေါင်းဆောင်က ချက်ချင်းလိုလို ရပ်တန့်လိုက်သည်။ သူ၏မျက်လုံးအတွင်း အေးစက်သောအလင်းက လက်သွားသည်။

ဘန်း

ကြယ်တာရာစွမ်းအင်က ပေါက်ကွဲသွားသည်။ ယခုလေးတင် စကားပြောလိုက်သော အနက်ရောင်ဝတ်စုံနှင့် လူများက ရှေးဟောင်းသစ်ပင်များ၏ ပင်စည်နှင့် ရိုက်မိသွားကြသည်။

ဘုန်း

ထိုလူများ၏ ခန္ဓာကိုယ်တစ်ဝက်က ထိုသစ်ပင်များအတွင်း မြုပ်သွားချိန်တွင် သစ်သားများက လွင့်ထွက်ကုန်သည်။

“အသုံးမကျတဲ့ဟာတွေ”

ဝါးဦးထုပ်နှင့်လူများထဲမှ တစ်ယောက်က ခပ်တိုးတိုး ဆဲရေးလိုက်ပြီး လက်ကိုပြန်ရုတ်သည်။ ထိုညက သူတု့ိအတွက် ကြီးမားသောအရှုံးကြီး ဖြစ်ခဲ့သည်။ နိုင်လုနီးပါး အနေအထားမျိုးက သွေဖယ်သွားခဲ့၏။ အဆုံးသတ်တွင် သူတို့သည် ပစ်မှတ်၏တည်နေရာကို မသိခဲ့ရပေ။ ထိုအခြေအနေက သိက္ခာကျစေသည်။

အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းငုံ့ရင်း ခပ်တိုးတိုးရေရွတ်သည်။

“အရှင် ငါတို့လည်း တစ်ချိန်လုံး တောင်ခြေမှာ စောင့်ကြပ်နေတာပါ။ ဒါပေမဲ့ ဘယ်သူမှ မထွက်သွားပါဘူး။ ငါတို့ ဘာဖြစ်မှန်းတော့ မသိပေမဲ့ ဝိညာဉ်သိန်းငှက်ကတောင် မကျရှုံးသင့်ဘူး”

“အမှိုက်”

ထိုအနက်ရောင်ဝတ်စုံနှင့်လူကို လွင့်ထွက်သွားစေခဲ့သော ဝါးဦးထုပ်နှင့်လူက စိတ်စွမ်းအားလှိုင်း တစ်လှိုင်းကို လွှတ်ထုတ်လိုက်သည်။ ထိုတခဏတွင် ထိုအနက်ရောင်ဝတ်စုံနှင့် လူ၏မျက်လုံးက ဗလာဖြစ်သွားပြီး သူ၏လက်က သူ့လည်ပင်း သူပြန်ကိုင်လျှက် ညှစ်နေသည်။ ခန္ဓာကိုယ်ကလည်း ဒူးထောက်လျှက်သား ကျသွားသည်။ သူ၏မျက်လုံးက စတင်ကာ ပြူးထွက်လာသည်။ ထို့နောက် ခွက်ကနဲအသံနှင့်အတူ သူ၏မျက်လုံးထဲမှ သွေးများစီးကျလာ၏။ ထို့နောက် ပါးစပ်၊ နား၊ နှာခေါင်းထဲမှ သွေးများစီးကျလာ၏။

ခွက်

သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဆုံးသွားသည်။

ထိုအခါမှသာ အနက်ရောင်ဝတ်စုံနှင့်လူ၏ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာသည်။ အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ကြောက်လန့်တကြား ထိတ်လန့်သွားကြ၏။ မည်သူကမှ မလှုပ်ရဲတော့ပေ။ ထိုအခြေအနေတွင် တတိယမြောက် ဝါးဦးထုပ်နှင့်လူက ပြောလာသည်။

“ထားလိုက်တော့ ဒီတာဝန်က ကျရှုံးသွားပြီ။ ဒီလူတွေကို သတ်တာကလည်း အသုံးမှမဝင်တာ။ အမရအရှင်တောင်မှ ဒီကောင်ရဲ့ ထပ်ခါတလဲလဲ ထွက်ပြေးတဲ့ အခြေအနေတွေကနေ အလန့်တကြားဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ထွက်လာလုနီးပါး ဖြစ်နေပြီ။ ပစ်မှတ်က ငါတို့ထင်ထားသလောက် ကိုင်တွယ်ရ မလွယ်ကူဘူး။ ငါတို့အခု အရင်ဦးဆုံး လုပ်ရမှာက ငါတို့နောက်ထပ် ဘာလုပ်မလဲဆိုတာကို စဉ်းစားဖို့ပဲ”

တတိယမြောက် ဝါးဦးထုပ်နှင့်လူက မူလအနက်ရောင်ဝတ်စုံနှင့် လူများကို ပြန်ကြည့်သည်။

“မင်းတို့အားလုံး ထွက်သွားကြတော့ မင်းတို့ကို လိုမှလှမ်းခေါ်လိုက်မယ်”

“ဟုတ်ကဲ့အရှင်”

အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ကြောက်လန့်သော ငှက်များအလား လူစုခွဲသွားကြသည်။

ထိုအခါမှသာ လူသုံးယောက်က ပုံမှန်အတိုင်း ပြန်လှည့်ကြသည်။

“အရှင် ငါတို့ဘယ်လိုလုပ်ကြမလဲ”

ဒုတိယနှင့် တတိယမြောက် ဝါးဦးထုပ်နှင့်လူများက ခေါင်းဆောင်ကို လှည့်ကြည့်သည်။ အခြားသောသူများက သတိမထားမိလောက်သော်လည်း သူတို့၏ခေါင်းဆောင်က ရွှေရောင်စစ်သည်တော် ပြောင်းလဲမှုအသွင်ကို ဖယ်ရှားလိုက်သောကြောင့် သူ၏အခြေအနေဟာ ဆိုးရွားနေကြောင်းကို နားလည်နေကြလေသည်။

“ငါသူ့ကို အထင်သေးမိသွားတာ။ သူ့မှာ ဒီလိုဗဟိုပြင်ကျယ်ရဲ့ ဂိုဏ်းလောကထဲမှာတောင် ဒီလောက် လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေမယ်လို့ မထင်ထားမိဘူး။ ငါ့အထင် သူက အဲ့ဒီသိုင်းကို ဒီအဆင့်ထိ ကျင့်ကြံထားပြီးပြီ”

ဝါးဦးထုပ်နှင့်ခေါင်းဆောင်က အဖြေကို တိုက်ရိုက်မဖြေပေ။ သူ့မျက်လုံးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်စခန်းရှိရာ တောင်ပေါ်သို့ပြန်ကြည့်သည်။ သူ၏နှုတ်ခမ်းမှ အနက်ရောင်သွေးများက ခပ်ပါးပါး စီးကျလာသည်။

အခြားသော ဝါးဦးထုပ်နှင့် လူများက ထိုမြင်ကွင်းကြောင့် အလန့်တကြား ဖြစ်သွားကြသည်။ သူတို့သည်လည်း သူတို့ခေါင်းဆောင်၏ အင်အားကို ကောင်းကောင်းနားလည်သည်။ ဒီတိုက်ပွဲတွင် သူသည် ရွှေရောင်လူထွားကြီး ပုံသဏ္ဍန်တွင် ပြိုင်ဘက်ကင်းခဲ့ပုံရသည်။ သို့သော် အဆုံးသတ်တွင် သူဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ရင်ဆိုင်ခဲ့သော တိုက်ပွဲတွင် ရှုံးသွားသည်။

“သူကငါ့ထက် အင်အားမကြီးပေမဲ့လည်း သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက ငါ့ထက်ပိုပြီး သန်မာပြီး ကြောက်စရာကောင်းလောက်အောင် အားကောင်းနေတယ်။ ငါက လူထွားနဲ့ ခန္ဓာကိုယ်ပုံသဏ္ဍန်နဲ့တောင်မှ သူ့ကို မယှဉ်နိုင်ဘူး။ ငါသာ ကိုယ်တိုင်မမြင်ခဲ့ရရင် ယုံကြည်နိုင်မှာတောင်မဟုတ်ဘူး။ ဒီတစ်ကြိမ် သတိလက်လွတ် နိုင်သွားတာပဲ”

ခေါင်းဆောင်ဝါးဦးထုပ်နှင့်လူက ပြောသည်။

“ဒီဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က တော်တော်လေး ခေါင်းမာတယ်။ သူတို့လို သေနိုင်တဲ့ ပုရွက်ဆိတ်သာသာက ငါတို့လိုနတ်တွေကို အတိုက်အခံလုပ်ကြတာပဲ။ ဒီပစ်မှုကို ခွင့်လွှတ်ပေးလို့တော့ မရဘူး။ ငါတို့ အခွင့်အရေးတစ်ခုရှာပြီး ဒီမဟာမိတ်တစ်ခုလုံးကို ဖယ်ရှားပစ်ရမယ်”

ဒုတိယမြောက် ဝါးဦးထုပ်နှင့်လူကပြောသည်။ သူ၏မျက်နှာက ကြောက်စရာကောင်းသော အလင်းမျိုးကို လွှတ်ထုတ်ထားသည်။

“အခုက ဒီအကြောင်းအရာကို တွေးရမဲ့အချိန် မဟုတ်သေးဘူး”

ခေါင်းဆောင်က လက်ကိုယမ်းလျှက် အကြံကို ပယ်ချသည်။

“အစစ်အမှန် အရှင်က ဆင်းသက်လာတော့မှာ။ မင်းတို့အားလုံး အစစ်အမှန်အရှင် မဆင်းသက်လာခင် အတောအတွင်း ငါတို့က ပစ်မှတ်ကို ရှာပြီး တာဝန်ကိုပြီးမြောက်အောင် မလုပ်ထားရင် ဘာဖြစ်မယ်ဆိုတာကို သိပါတယ်”

ဝုန်း

အစစ်အမှန်အရှင် ဆင်းသက်မည်ဆိုသော အကြောင်းအရာကို ကြားသောအခါ အခြားသော ဝါးဦးထုပ်နှင့် လူနှစ်ယောက်၏မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် ပြင်းထန်သိပ်သည်းသော ကြောက်လန့်စိတ်များက ပေါ်ထွက်လာ၏။

“အရှင် ဒါဆိုရင် ငါတို့တွေ...”

ဝါးဦးထုပ်နှင့်လူနှစ်ယောက်က တံတွေးမြိုချလိုက်သည်။ သူတို့သည်လည်း ယခင်ကလောက် မထက်ရှရဲတော့ပေ။

“စိတ်အေးအေးထား မူလအမရတောင်က သိပ်မကြာခင် ပေါ်လာတော့မှာ။ အဲ့ဒီနောက် ငါတို့သူတို့ကို ကိုင်တွယ်နိုင်ပြီ မျှော်လင့်ထားတဲ့အတိုင်းပဲ ငါတို့ရဲ့ပစ်မှတ်ကလည်း အဲ့ဒီမှာပေါ်လာမှာပဲ”

ဝါးဦးထုပ်နှင့်ခေါင်းဆောင်က ထိုသို့ပြောသည်။ သူ၏မျက်လုံးများက အနောက်မြောက်ပိုင်းသို့ ကြည့်ချိန်တွင် ပို၍နက်နဲသွားပုံပေါ်သည်။ သူ၏နှုတ်ခမ်းမှ အေးစက်ပြီး ထီမထင်သော အပြုံးမျိုးကလည်း ပေါ်ထွက်လာသေးသည်။

အခန်း(၁၃၆၅)

နောက်ခံကို သံသယဝင်ခြင်း

အနက်ရောင်ဝတ်စုံနှင့် လူများက သူတို့၏အကြံကို ဆွေးနွေးနေချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အလံများကို တဖန်ပြန်လည် မြှောက်တင်လိုက်ပြီဖြစ်သည်။ ယင်ရန်သင်္ကေတကို ရစ်ပတ်ထားသော အဖြူရောင်ကြိုးကြာက အမှောင်ထုထဲတွင် ထင်းထွက်နေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တိုက်ပွဲကို ရှင်းလင်းရင်း အလုပ်များနေကြသည်။

စုန့်ယွမ်ယွီ၏ တောင်ထိပ်ပေါ်မှ အဖြူရောင်ရွက်ဖျင်တဲက သုတ်သင်ခြင်းခံထားရပြီး တဲအသစ်တစ်ခုက ခပ်မြန်မြန် တည်ဆောက်ပြီးလေပြီ။ တဲအတွင်းတွင် စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က စကားပြောနေကြသည်။

“မင်းအခု ပြောနိုင်ပြီလား။ ဒီမှာဘာတွေ ဖြစ်နေတာလဲ။ ငါသာနည်းနည်းလေး နောက်ကျသွားမယ်ဆိုရင် မင်းနဲ့အတူ ခေါ်လာတဲ့ ကျွမ်းကျင်ပညာရှင်တွေ အားလုံး အရှင်းခံရလောက်တယ်။ ဘာလို့ဒီလို ဂိုဏ်းလောကမှာ ဒီလောက်လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်က ပေါ်လာတာလဲ”

ရှဲ့ကွမ်းထင်က တင်းမာစွာပြောသည်။

ရွက်ဖျင်တဲအတွင်းမှ လေထုအခြေအနေက တင်းမာနေသည်။ စုန့်ယွမ်ယွီကလည်း တိတ်ဆိတ်သွား၏။ သူ၏ အသားအရောင်က အနည်းငယ်ပင် ကြည့်ရဆိုးနေသည်။ ထာဝရနွေဦးဂါထာကို အသုံးပြုပြီးနောက် သူသည် တပည့်ဂိုဏ်းသားအချို့ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် ဒီတိုက်ပွဲအတောအတွင်း တပည့်ဂိုဏ်းသား ခြောက်ရာမှ၊ ခုနှစ်ရာခန့်က ကျရှုံးသွားလေသည်။

ဒါဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွက် ကြီးမားသော အရှုံးဖြစ်သည်။ အထူးသဖြင့် တိုက်ပွဲထဲတွင် မဟာမိတ်အကြီးအကဲ သုံးယောက်ကပင် သေဆုံးသွားခဲ့သေး၏။ ဘိုးဘေးငါးယောက် မဟာမိတ်နှင့် တိုက်ခိုက်နေသော တိုက်ပွဲကပင် ဒီမျှအထိ ဆုံးရှုံးမှုမကြီးမားခဲ့ပေ။

ပို၍တိကျစွာဆိုရသော် သိုင်းပညာလောက တစ်ခုလုံးတွင် မည်သူကမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို အခုလိုမျိုး ဆိုးရွားစွာ မတိုက်ခိုက်ရဲခဲ့ပေ။

“ဘာဂိုဏ်းမှမဟုတ်ဘူး”

စုန့်ယွမ်ယွီက ရုတ်တရက် ကြေညာသည်။

“ငါလည်း ဒီအနက်ရောင်ဝတ်စုံနဲ့ လူတွေက မင်းပြောသလိုမျိုး ဘယ်နေရာက ရောက်လာလဲဆိုတာကို စိတ်ရှုပ်ထွေးနေခဲ့တာ။ အစကနေ အဆုံးအထိ သူတို့က ဘယ်သူဆိုတာကို မပြောကြဘူး။ နောက်ပြီး ငါတောင်မှ ဘာတွေဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း နားလည်လာရတဲ့အထိပဲ။ ဒီလူတွေက ငါတို့လူတွေကို သတ်ဖို့လာတာမဟုတ်ဘူး”

“အိုး”

ရှဲ့ကွမ်းထင်က မျက်ခုံးပင့်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုကို မြင်နိုင်သည်။

စုန့်ယွမ်ယွီက ဘာစကားမှမပြောချေ။ သူ၏နက်နဲသောအကြည့်က တစ်နေရာရောက်သွားသည်။

ထိုအချိန်တွင် ဝမ်ချောင်က မြေပြင်တွင် တင်ပြင်ခွေထိုင်ရင်း ကျင့်ကြံနေချိန်ဖြစ်သည်။ သူသည် မကောင်းသော ခံစားချက်နှင့်အတူ နှလုံးသားက ဆောင့်ခုန်သွားသည်။

တခဏခန့်ကြာပြီးနောက် သူ၏နားအတွင်းသို့ အသံတစ်သံက အော်ဟစ်လာသည်။

“သခင်လေးချင်းယန် မဟာမိတ်အရှင်က မင်းကိုတွေ့ချင်နေတယ်”

ထိုအချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ တပည့်ဂိုဏ်းသား တစ်ယောက်က ဝမ်ချောင်၏ အနောက်ဘက်မှ ပေါ်လာလေသည်။

“အိုး”

ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သူ၏စိတ်အတွင်း အတွေးတစ်ချို့က ဖြတ်ပြေးသွားသည်။ သို့သော် သူသည် ခပ်မြန်မြန် ဟန်အမူအရာ ထိန်းလိုက်သည်။

“ကောင်းပြီ ငါအခုလာပြီ”

ဝမ်ချောင်က တောင်ထိပ်သို့ ရောက်သောအခါ လူအများက စုစည်းနေကြပြီဖြစ်သည်။ စစ်ခွန်းယွမ်ကျားနှင့် အော့ရန်ချန်းဟန်ကဲ့သို့ မဟာမိတ်အကြီးအကဲများအပြင် မဟာမိတ်၏ အခြား ကျွမ်းကျင်ပညာရှင်များလည်း ရှိသည်။ ကျစ်အန်းတုလည်းရှိနေ၏။ သူတို့အားလုံးက စုန့်ယွမ်ယွီနှင့် ဒုမဟာမိတ်အရှင်ကို ဝိုင်းထားပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်။

ဝမ်ချောင်က ရောက်သွားသောအခါ တစ်တောင်လုံးက တိတ်ဆိတ်သွားသည်။

ဝမ်ချောင်ကလည်း တောင်ပေါ်မှ အင်အားစုဝင်္ကပါကို မြင်လိုက်သောအခါ သူ၏နှလုံးသားက ရင်ဘက်မှ ခုန်တက်လာသည်။ သို့သော်သူသည် မည်သည့်စကားမှ မပြောချေ။ ယုံကြည်မှုရှိစွာ လျှောက်သွားသည်။

“မဟာမိတ်အရှင်ကို ဂါရဝပြုပါတယ်”

ဝမ်ချောင်က ခြေသုံးလှမ်း၊ လေးလှမ်းခန့်အကွာတွင် ရပ်တန့်လိုက်ပြီး ဂါရဝပြုလိုက်သည်။

“အွန်း”

ဝမ်ချောင်ကို မြင်သောအခါ စုန့်ယွမ်ယွီက ခေါင်းညိမ့်သည်။

“မင်းလာပြီ ငါတို့အခု အနက်ရောင်ဝတ်စုံနဲ့ လူတွေရဲ့ တိုက်ခိုက်မှုအကြောင်းကို ဆွေးနွေးနေကြတာ။ မဟာမိတ်က ဆုံးရှုံးမှုကြီးမားသွားတာဆိုတော့ သခင်လေးချင်းယန်က ငါတို့နဲ့ရှိနေကတည်းက မင်းလည်း ဝင်နားထောင်ပြီး မင်းရဲ့အတွေးကို ထုတ်ပြောတာက ပြဿနာမရှိဘူးလို့ထင်တယ်။ မင်းတောင်မှ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရဦးမယ်”

“ကောင်းပါပြီ”

ဝမ်ချောင်၏မျက်လုံးက တစ်ချက်လက်သွားသည်။ သို့သော် ဘာစကားမှမပြောပေ။ ဘေးဘက်တွင် ရပ်နေလိုက်သည်။

ထိုအဖွဲ့က ဆက်လက်ပြီး ဆွေးနွေးကြသည်။

“မဟာမိတ်အရှင် ငါတို့သူတို့ရဲ့ အလောင်းတွေကို ရှာပြီးသွားပြီ။ ဒါပေမဲ့ သူတို့ရဲ့ နောက်ခံကို ခွဲခြားနိုင်တဲ့ ဘာမှမရှိဘူး”

“ငါတို့လည်း သူတို့ထဲကနှစ်ယောက်ကို အရှင်ဖမ်းမိခဲ့ပေမဲ့ အခြားသူတွေလိုပဲ သူတို့လည်း ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ်။ သူတို့ရဲ့သွားတွေထဲမှာရှိတဲ့ အဆိပ်အိတ်ကို ထိုးဖောက်လိုက်ပြီးတာနဲ့ စကားလုံးအနည်းငယ်တောင် မပြောရသေးဘူး။ သေသွားကြတာပဲ”

“ဒီတစ်ကြိမ် ငါတို့ရဲ့ဆုံးရှုံးမှုက တော်တော်လေးတော့ များတယ်။ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က တအားအင်အားကြီးတာ။ ဒါပေမဲ့ ဒီလူတွေနဲ့ ပတ်သတ်ပြီး သဲလွန်စ တစ်ခုကိုမှ မရခဲ့ဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဟုတ်တယ် မင်းတို့လည်း အဆုံးသတ်မှာပေါ်လာတဲ့ အဲ့ဒီလူထွားကြီးကို မြင်တဲ့အတိုင်းပဲ။ သူ့ရဲ့လက်သီးချက်တွေက ကြယ်တာရာစွမ်းအင်တွေကို ကျောက်တုံးအဖြစ် ပြောင်းလဲနိုင်တယ်။ ဒါက သာမာန်သိုင်းမျိုးမှ မဟုတ်တော့တာ။ ငါ့ရဲ့အမြင် ဒါက လူသားတွေကမဟုတ်ဘဲ မိစ္ဆာတွေက လုပ်နိုင်တဲ့ စွမ်းအားမျိုးပဲ။ သူတို့က မိစ္ဆာသိုင်းတွေကို သုံးကြတာ”

ဒီညရဲ့အဖြစ်အပျက်က လူတိုင်းကို အလွန်အမင်း အံ့ဩသွားစေခဲ့သည်။ ပထမဦးဆုံး အကြိမ်အဖြစ် ဒီလောကတွင် ထိုမျှအထိ လျို့ဝှက်ဆန်းကြယ်သော အင်အားစု ရှိကြောင်း သိလိုက်ရခြင်းဖြစ်သည်။

“အခုလောလောဆယ် ဒီလူတွေနဲ့ပတ်သတ်တဲ့ ကိစ္စကို မပြောနဲ့ဦး”

စစ်ခွန်းယွမ်ကျားက ကြမ်းတမ်းသော လေသံဖြင့် ရုတ်တရက် ထပြောသည်။

“ငါကိစ္စတစ်ခုပဲ သိချင်တာ။ သူတို့ဘာလို့ ငါတို့ကို တိုက်ခိုက်တာလဲ”

သူ၏ တောင့်တင်းသန်မာသော ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကြီးက ဒေါသများနှင့် ပြည့်နှက်နေပုံရသည်။ တိုက်ပွဲက ရှင်းပြရန်ခက်ခဲလွန်းသော ပုံစံမျိုးနှင့် စတင်လာခဲ့သော် ယခုအချိန်အထိ စစ်ခွန်းယွမ်ကျား ကိုယ်တိုင်ကပင် သူတို့ဟာ မည်သည့်အတွက်ကြောင့် အချင်းချင်း တိုက်ခိုက်ကြကြောင်း နားမလည်ကြသေးပေ။

အနက်ရောင်ဝတ်စုံနှင့် လူများက လျို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာပြီး လျို့ဝှက်ဆန်းကြယ်စွာ ထွက်ခွာသွားကြသည်။ ထိုသို့ဖြင့် မဟာမိတ်အတွင်း အလောင်းများနှင့် ရှင်သန်ကျန်ရစ်သူများကိုသာ ချန်ထားရစ်ခဲ့သည်။

“ဟုတ်တယ် သူတို့က ဘာလိုချင်တာလဲ။ ရုတ်တရက် ဖြစ်ပျက်လာတော့ ငါအခု ခေါင်းကိုဆက်တိုက် ကုပ်နေရတာ။ အဖြေကို မသိသေးဘူး”

အခြားသောသူများကလည်း စစ်ခွန်းယွမ်ကျား၏ စကားကို သဘောတူညီစွာ ထောက်ခံကြသည်။ အရာအားလုံးတွင် ပန်းတိုင်တစ်ခုရှိသည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများက မည်သည့်အရာကို လိုချင်ကြောင်းကို မည်သူကမှ မသိကြပေ။

ကံကောင်းမှုလား။ ဒါဆိုရင် သူတို့ အဲ့ဒီပိတ်လှောင်နေတဲ့ လောကထဲက အင်ပါယာခုံရုံးကို သွားသင့်တာလေ။

ရတနာအတွက်လား။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဘာရတနာမှ မရှိတာ။

ကလဲ့စားချေဖို့လား။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဒီလူတွေကို မြင်တောင်မမြင်ဖူးတာ။ အခုတိုက်ပွဲပြီးသွားတာတောင် နှစ်ဖက်လုံးက အရှုံးကို ခံစားရတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူတို့လိုချင်တာကို မသိသေးဘူးလေ။

“ဟီး ဟီး ဟီး”

ထိုအချိန်တွင် လူတိုင်း၏နားအတွင်း ထူးဆန်းသော အော်ရယ်သံကိုကြားရသည်။

“မင်းတို့အားလုံး ဘာဖြစ်မှန်းမသိပေမဲ့ ငါသိတယ်”

ထိုလူက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

“ကျစ်အန်းတု မင်းဘာတွေ ချဲ့ကားပြောနေတာလဲ။ မင်းတစ်စုံတစ်ရာကို တွေးမိတယ်ဆိုလည်း မြန်မြန်လေးပြောလိုက်။ လျို့ဝှက်ဆန်းကြယ်သလို လုပ်မနေနဲ့”

အနားရှိ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲတစ်ယောက်က လှောင်လိုက်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က မျက်မှောင်ကျုံ့လိုက်သည်။ သို့သော် တိတ်ဆိတ်နေလိုက်၏။ ကျစ်အန်းတုက မကြားချင်ယောင်ဆောင်သည်။ သူ၏ပုခုံးကပင် တုန်ခါနေရင်း သူသည် ဂုဏ်ယူစွာပြောသည်။

“ဟား ဟား ဒါက ကံကောင်းမှုအတွက်မဟုတ်ဘူး။ ရတနာတွေနဲ့ ကလဲ့စားချေတာတွေလည်း မဟုတ်ဘူး။ အဲ့ဒီအစား ဒီနေရာကိုလာပြီး မိန်းမတွေကို ဖမ်းဆီးတာလည်း မဟုတ်လောက်ဘူး။ ဒီတော့ သူတို့က ဘာလာလုပ်တာလဲ။ မင်းတို့အားလုံး နားမလည်နိုင်လောက်ဘူး။ ဒါပေမဲ့ အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်။ ဒီလူတွေက ငါတို့ဆီလာတာမဟုတ်ဘဲ တစ်စုံတစ်ယောက်ကြောင့် မျှားခေါ်ခံလာရတာပဲ”

“တစ်ယောက်ယောက်က ထောင်ချောက်ဆင်ထားတာ”

ဝှစ်

အစပိုင်းတွင် အကြီးအကဲများနှင့် ကျွမ်းကျင်ပညာရှင်များက ကျစ်အန်းတုကို ဒေါသတကြီး ကြည့်နေခဲ့ကြပြီဖြစ်သည်။ ယခုမူ သူတို့အားလုံးက အုပ်အော်သောင်းနင်း ဖြစ်ကုန်သည်။

ဝမ်ချောင်က တိတ်ဆိတ်နေသည်။ သူ၏နှလုံးသားကမူ လေးလံလာ၏။ သူသည် ကျစ်အန်းတု ကြိုးစားနေသည့် အကြောင်းအရာကို နားလည်နိုင်သည်။

“ကာကွယ်စောင့်ရှောက်သူကြီး ချဲ့ကားပြောမနေနဲ့တော့။ ဘယ်သူက ငါတို့ကို ထောင်ချောက်ဆင်ချင်တာလဲ။ ဘယ်သူက ဒီလိုလုပ်ရဲမှာလဲ။ မင်းက ဒီလိုပေါက်ကရ စပြောတာနဲ့ ဒီလိုဖြစ်လာမှာတဲ့လား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အကြီးအကဲတစ်ယောက်ကမူ ဝင်ပြောသည်။

ကျစ်အန်းတုက မိစ္ဆာလမ်းကြောင်းမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ထိုအရာတွင်လည်း ကျွမ်းကျင်ခဲ့သေးသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အမှန်ပြင်ခဲ့ပြီး ခြေတစ်လှမ်းနောက်ဆုတ်ထားကာ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည့်တိုင်အောင် မဟာမိတ်များကမူ သူ့ကိုသဘောမကျ ဖြစ်နေသေးသည်။

“ဟုတ်တယ် ကာကွယ်စောင့်ရှောက်သူကြီး ဘာပြောချင်တာလဲ။ ဒီနယ်မြေတစ်ခုလုံးမှာ ဘယ်သူက ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်းကို ကြံစည်ရဲမှာလဲ”

သူတု့ိအားလုံးကလည်း ထိုကိစ္စဟာ ဟာသတစ်ခုဟုသာ ထင်ကြသည်။

“ဟွန်း”

ကျစ်အန်းတုက လှောင်ပြုံးပြုံးသည်။

“သူ့ကိုပြောခိုင်းလိုက်”

စစ်ခွန်းယွမ်ကျားက ဖြတ်ပြောသည်။

စစ်ခွန်းယွမ်ကျားက ဝါးဦးထုပ်နှင့်လူ၏ တိုက်ပွဲအတောအတွင်း ဒဏ်ရာသိသိသာသာ ထင်ထင်ရှားရှား ရရှိထားသည်။ သူသည် ကျူးရုန်နတ်သိုင်းကို ကျင့်ထားသောကြောင့်သာ မဟုတ်လျှင် သူသည် သေသွားပြီးလောက်လေပြီ။ သူသည် ယခုမူ ဖြစ်နိုင်ချေတိုင်းကို နားထောင်ချင်နေသည်။

သူလိုအပ်သမျှက အမှန်တရားဖြစ်သည်။ စစ်ခွန်းယွမ်ကျား၏ အော်ဟစ်သံက လူအုပ်ကို ငြိမ်သွားစေသည်။

“ဟား ဟား မင်းတို့အားလုံး တွေးကြည့်စမ်းပါ။ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဒီလိုပြိုင်ဘက်မျိုးကို အခြားအခြေအနေ တစ်ခုမှာ ကြုံတွေ့ရတာမျိုး ရှိခဲ့ဖူးလို့လား။ နောက်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကိုမပြောနဲ့။ နောက်ကိုပြန်ကြည့်လိုက်ဦး။ မင်းတို့ထဲက ဘယ်သူတွေကများ ဒီလိုကျော်ကြားတဲ့ သိုင်းပညာလောကထဲမှာ ဒီလိုရန်သူနဲ့ ရင်ဆိုင်တွေ့ရတယ်ဆိုတဲ့ အကြောင်း ကြားဖူးလို့လား”

“သိုင်းတွေ နည်းလမ်းတွေ အရာအားလုံးက လျို့ဝှက်ဆန်းကြယ်နေတာ။ ငါတို့ အနောက်မြောက်ပိုင်းမှာနေတာ အချိန်တစ်ခုကြာပြီ။ ဒါပေမဲ့ ဒီလိုမတော်တဆမှုမျိုး ကြုံတွေ့ရသေးလို့လား”

“ဒါတွေအားလုံးက ငါတို့ရဲ့မဟာမိတ်မှာ အပြင်လူတစ်ယောက် ပေါ်လာပြီးမှ ဖြစ်တယ်ဆိုတာကို မင်းတို့ သတိထားမိကြလား”

ကျစ်အန်းတုက ရုတ်တရက် ဆိုးယုတ်စွာပြုံးရင်း ဝမ်ချောင်ကိုလှမ်းကြည့်သည်။

ထိုသို့ဖြင့် စိတ်အခြေအနေက ပြောင်းလဲသွားရင်း ကျွတ်စီနေသော လူအုပ်ကလည်း ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ သူတို့၏မျက်နှာတွင် သံသယများကိုဖော်ပြသည်။

မည်သူကမှ စကားမပြောနိုင်သေးခင် စုန့်ယို့ရန်က အရင်ခုန်ထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်က ဒေါသများကြောင့် တုန်ယင်နေသည်။

“ကျစ်အန်းတု ဒါကစွပ်စွဲတာပဲ။ ဟွန်း နင်သခင်လေးချင်းယန်ကို အတိုက်အခံလုပ်ဖို့အတွက် ဘာမဆို လုပ်ရဲနေတယ်ဆိုတာကို ငါမသိဘူးများထင်နေလား”

စုန့်ကြွယ်ကလည်း ရှေ့သို့ခုန်ထွက်လာသည်။

“ဟုတ်တယ် သခင်လေးချင်းယန်က ဒီလိုလူမဟုတ်ဘူး”

“အန်းတု ပေါက်ကရတွေကိုထိန်း”

ထိုအချိန်တွင် စုန့်ယွမ်ယွီက ထည်ဝါသောအသံနှင့် ဝင်ပြောသည်။

“သခင်လေးချင်းယန်က ငါတို့မဟာမိတ်ရဲ့ လေးစားရတဲ့ ဧည့်သည်တစ်ယောက်။ သူကငါတို့ကို ကူညီခဲ့ဖူးသေးတာ။ ငါတို့ကိုထိခိုက်အောင် ဘာလို့လုပ်ရမှာလဲ”

စုန့်ယွမ်ယွီ၏ အမူအရာဟာ တည်ငြိမ်သည်။ သို့သော် သူ၏လေသံကမူ မေးခွန်းထုတ်ဝံ့ခြင်းမရှိအောင် ပိတ်ပင်နိုင်သည်။

စုန့်ယွမ်ယွီက ဝင်ပြောလာကြောင်း မြင်သောအခါ စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့ကလည်း ပျော်ရွှင်စွာနှင့် စိတ်အေးစွာ သက်ပြင်းချကြသည်။

“မဟာမိတ်အရှင် ဒီလူက ပေါက်ကရပြောနေတာ မဟုတ်ပါဘူး။ ဒီလူက တော်တော်လေးကို သံသယဝင်ဖို့ ကောင်းနေတယ်။ နောက်ပြီးငါကလည်း အကြောင်းပြချက်မရှိ လျှောက်ပြောနေတာ မဟုတ်ဘူး”

ကျစ်အန်းတုသည် နောက်ဆုံးတွင် လေးနက်တည်ကြည်ပုံ ပြောင်းသွားရင်း လက်နှစ်ဖက်ကို ဖိကပ်လျှက် ဂါရဝပြုသည်။

“ငါဒီလိုသံသယဝင်တယ်လို့ အကြောင်းပြချက်တွေလည်းရှိတယ်။ သူစပေါ်လာတဲ့အချိန်က အရမ်းကို သံသယဝင်စရာ ကောင်းနေတယ်။ အားလုံးလည်း အနက်ရောင်ဝတ်စုံနဲ့ လူတွေက သူရောက်လာပြီးမှ တိုက်ခိုက်တယ်ဆိုတာကို သိထားကြတာပဲ။ ငါ့အနေနဲ့ ဒီထက်ပိုပြီး ဆက်ပြောဖို့ မလိုဘူးလို့ထင်တယ်”

“သခင်လေးချင်းယန်က သိုင်းပညာတွေမှာ တက်ကျွမ်းတယ်။ ပထမရောက်လာတဲ့ နေ့ကတည်းက သူ့ရဲ့ပါးစပ်ကို သုံးရုံနဲ့ ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က တပည့်ဂိုဏ်းသားတွေ အားလုံးကို ဓားဝင်္ကပါတွေသုံးရုံနဲ့ မတည်မြဲခြင်းဗိုလ်ချုက်နက်ကိုတောင် သတ်ဖြတ်ပြီး ယင်နက်ဘိုးဘေးကို မောင်းထုတ်နိုင်တဲ့အထိ ကူညီပေးနိုင်ခဲ့တယ်”

“ဒါပေမဲ့ ဒီည မဟာမိတ်ထဲမှာ ဒီလောက်လူတွေအများကြီး သေနေတာ။ သခင်လေးချင်းယန်က ငါတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကို အမိန့်ပေးပြီး အနက်ရောင်ဝတ်စုံနဲ့ လူတွေကို ကိုင်တွယ်တာ မင်းတို့မြင်ကြလား။ ကျော်ကြားတဲ့ သခင်လေးချင်းယန်က ပုန်းကွယ်နေဖို့ပဲ ရွေးချယ်ခဲ့တာ။ ဒါက သံသယဝင်စရာ မကောင်းဘူးလား”

ကျစ်အန်းတုက လှောင်သည်။

All Chapters