အခန်း (၁၃၆၆-၁၃၇၀)
Vol. 81 Ch. 1366-1370
အခန်း(၁၃၆၆)
ကိုယ့်ခြေထောက်ပေါ် ကျောက်တုံးပစ်ချခြင်း
ဝုန်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များသည် မူလကမူ ကျစ်အန်းတုက ပေါက်ကရပြောနေသည်ဟုသာ ယုံကြည်ထားပြီး သခင်လေးချင်းယန်က စုန့်ယို့ရန်နှင့် နီးကပ်နေသော ဆက်ဆံရေးကြောင်း မနာလိုဖြစ်သွားသောကြောင့် အကွက်ချကြံစည်ရန် ကြိုးစားနေသည်ဟုသာ လက်ခံထားကြခြင်းဖြစ်သည်။ သို့သော် ယခုလိုမျိုး တွေးတောကြည့်လိုက်ပြီးသောအခါ ထိုသခင်လေးချင်းယန်သည် တိုက်ပွဲအတောအတွင်း မည်သည့်နေရာသို့ ရောက်နေကြောင်းကိုပင် မသိခဲ့ကြသည်မှာလည်း မှန်ကန်နေသေးသည်။ သူသည် ရေဝတ်များအလား ပြောင်းလဲပျောက်ကွယ် သွားနေခြင်းလည်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် အော့ရန်ချန်းဟန်ကဲ့သို့ ဝမ်ချောင်ကို အခိုင်အမာယုံကြည်စွာ ထောက်ခံပေးသော လူကပင် သတိလက်လွတ် သူ့ကိုကြည့်လာမိသည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူ၏အမူအရာက တည်ငြိမ်နေသည်။ သူသည် ကျစ်အန်းတု၏ စကားဆုံးသွားသည်အထိ စောင့်ပေးလေသည်။
“အဲ့ဒါတင် မကသေးဘူး။ သခင်လေးချင်းယန် ငါတို့ကို မကူညီတာက ကိစ္စတစ်ခု။ ဒါပေမဲ့ ငါသူ့ကို တိုက်ပွဲရဲ့ အကြမ်းတမ်းဆုံး အခိုက်အတန့်မှာ ဘယ်နေရာမှာ ရှာတွေ့သလဲဆိုတာကို မင်းတို့သိကြလား။ တောင်ခြေမှာ သူက တောင်ခြေမှာရပ်နေတာကို ငါတွေ့ခဲ့တယ်။ မင်းတို့ရဲ့ အဲ့ဒီသခင်လေးချင်းယန်က ဒီနေရာကနေ ခိုးပြီးပြေးဖို့ အသင့်ပြင်နေတာ”
ကျစ်အန်းတုက အေးစက်စွာပြောသည်။ သူ၏အသံက အထင်သေးမှုများပြည့်နေသည်။
ဘန်း
လူအုပ်က ဝရုန်းသုန်းကားဖြစ်သွားသည်။ သို့ရာတွင် စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ကမူ မလှုပ်ရှားသေးပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက အချင်းချင်းတီးတိုးပြောကြရင်း ဝမ်ချောင်ကို ကြည့်သော အကြည့်များကပင် ပြောင်းလဲလာသည်။
“ဒါတောင် အဆုံးမဟုတ်သေးဘူး။ ဒီလူတွေ စရောက်လာတဲ့အချိန်မှာ မင်းတို့ သတိထားမိကြလား။ သူတို့က ပန်းတိုင်တစ်ခု သေချာပေါက် ရှိနေသလိုမျိုး တောင်ပေါ်တောက်လျှောက် အပြေးတက်လာတာ။ ဒါပေမဲ့ သူတို့ကပစ်မှတ်ကို မရှာနိုင်ခဲ့တဲ့ပုံစံမျိုး ဖြစ်နေတယ်။ နောက်ပြီး ငါတို့ကို တိုက်ခိုက်ရင်းနဲ့ အဆုံးသတ်သွားတာပဲ။ သူတို့က ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှာ ဘာကိုလာရှာတာလို့ မင်းတို့ထင်ကြလဲ”
ကျစ်အန်းတုက သဘောတကျ အော်ရယ်နေသည်။ သူသည် ဝမ်ချောင်ကို ကြမ်းတမ်းစွာကြည့်ရင်း သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသည်။
ဝှစ်
ထိုအခိုက်အတန့်တွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ ထိုသို့ဖြင့် တိုက်ခတ်နေသော လေတိုးသံသာ ရှိတော့၏။ လူတိုင်းက သခင်လေးချင်းယန်ကို စိုက်ကြည့်နေကြရင်း လေထဲတွင် မမြင်ရသည့် တင်းအားက ပြည့်တက်လာသည်။
ထိုအချိန်တွင် လူသုံးယောက်ကသာ ဟန်အမူအရာ တည်ငြိမ်နေသည်။ တစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီဖြစ်ပြီး ဒုတိယတစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဒုအရှင် ရှဲ့ကွမ်းထင်ဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကမူ အာရုံစိုက်မှု၏ အလယ်တွင်ရှိသော ဝမ်ချောင်ကလွဲပြီး အခြားမဟုတ်ပါပေ။
“မင်းပြောလို့ပြီးပြီလား”
ဝမ်ချောင်က လက်များကိုကျောဘက်သို့ပို့ရင်း အရှေ့သို့ ခပ်အေးအေးလျှောက်လျှက် မထူးခြားနားသလို ပြောလိုက်သည်။ ထိုစကားလုံးများသည် စောင့်နေသောလူတိုင်းကို လေပြင်းများ ရှုသွင်းမိစေသည်။ သူ၏အမူအရာဟာ တည်ငြိမ်နေ၏။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တိုင်းက သူ့ကို ဝိုင်းနေခဲ့သည့်တိုင်အောင် သူသည် ကြောက်လန့်မှုကို မပြသပေ။ စုန့်ယွမ်ယွီကသူ့ကို ဖိတ်ကြားကြောင်း ကြားချိန်ကတည်းက ဝမ်ချောင်ကလည်း အခြေအနေကို ခန့်မှန်းပြီးသားဖြစ်သည်။
အလကားစား၍ရသော စားသောက်ပွဲဟူ၍မရှိပေ။ ကျစ်အန်းတုပင်ဖြစ်စေ၊ စုန့်ယွမ်ယွီပင်ဖြစ်စေ၊ ဒုမဟာမိတ်အရှင်ပင်ဖြစ်စေ သူတို့အားလုံးက ခြားနားသော စားသုံးသူများဖြစ်နေသည်။ ပထမတစ်ယောက်ကမူ သူ့ကို နည်းလမ်းမျိုးစုံသုံးကာ ပြဿနာရှာရန် ကြိုးစားနေလေပြီး နောက်ပိုင်း နှစ်ယောက်ကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အထွတ်အထိပ် အခြေအနေတွင်ပင် အောင်မြင်စွာ ထောင်ဖမ်းနိုင်ခဲ့သူဖြစ်သည်။ ထိုအချက်မှတစ်ဆင့် ထိုလူများသည် မည်မျှ အကြံအစည်ကြီးကာ ကောက်ကျစ်ကြောင်း အလွယ်တကူ သိနိုင်လေသည်။
ထိုလူများက အစပိုင်းကတည်းက သူ့ကို သံသယဝင်နေခဲ့ပြီးသားဖြစ်သည်။ ယခုတလော အဖြစ်အပျက်များက သူတို့၏သံသယကို ပိုတိုးစေလောက်သည်။ သူက ဆိုးရွားစွာ ပြန်ဖြေမိလျှင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက သူ့ကိုဝိုင်းကာ တိုက်ခိုက်ပေလိမ့်မည်။
ကြည့်ရသည်မှာ စုန့်ယွမ်ယွီက ဘေးဘက်တွင် ရပ်နေလိုစိတ် သို့မဟုတ် သူ့ကိုယ်စား ဝင်ပြောပေးလိုစိတ် မရှိပုံရသည်။ သို့သော် ဝမ်ချောင်ကလည်း သူသာ ရှေ့မထွက်ခဲ့လျှင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က ပို၍လျှင်မြန်စွာသာ ရိုက်ချလာပြီး ဒီနေရာတွင်ရှိသော လူတိုင်းကို ကြမ်းတမ်းစွာ တိုက်ခိုက်လာမည်ဟု ခံစားမိနေလေသည်။
“ကြည့်ရတာ ကာကွယ်စောင့်ရှောက်သူကြီးရဲ့ ငါ့အပေါ် ဘက်လိုက်တဲ့စိတ်က မယုံနိုင်စရာကောင်းတဲ့ အဆင့်အထိ ရောက်ရှိနေပြီထင်တယ်။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့တင် မင်းကငါ့ကို ချောက်ထဲကို တွန်းပို့နေတာပဲ။ တကယ်ကို ကောက်ကျစ်လွန်းတဲ့ ညီနောင် ပီသပါပေတယ်”
ဝမ်ချောင်က ကျစ်အန်းတုကို တစ်ချက်ကြည့်သည်။ တစ်ဖက်သူသည်လည်း မကောင်းသောခံစားချက်များ ရနေ၏။
“ဟွန်း မင်းဘယ်လိုပြန်ငြင်းမလဲ ငါကြည့်မယ်”
ကျစ်အန်းတုက အေးစက်စွာလှောင်သည်။
“ငါဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်ကို စရောက်တဲ့ ပထမဆုံးနေ့မှာ ကာကွယ်စောင့်ရှောက်သူကြီးက မိန်းကလေးစုန့်အပေါ်မှာ ငါကခံစားချက်ရှိတယ်လို့ထင်ပြီး ငါ့ကို အထင်မှားပြီး တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ မိန်းကလေးစုန့်က သူ့ကိုတားခဲ့တယ်။ အဲ့ဒီနောက် ငါကအစစ်အမှန် သခင်လေးချင်းယန် ဟုတ်မဟုတ် သူက သံသယဝင်ပြန်တယ်။ နောက်ပြီး အခုအနေအထားအရ ပြောရမယ်ဆိုရင် မဟာမိတ်က တိုက်ခိုက်ခံရပြီး လူတိုင်းက ခါးခါးသီးသီး တိုက်ခိုက်နေကြတဲ့ အချိန်မှာ ကာကွယ်စောင့်ရှောက်သူကြီးက အနက်ရောင်ဝတ်စုံနဲ့ လူတွေကို ရင်ဆိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားရမဲ့အစား တောင်ခြေထိတောက်လျှောက် ဆင်းလာပြီး ငါ့ကိုလာရှာတယ်။ ငါကာကွယ်စောင့်ရှောက်သူကြီးရဲ့ စိုးရိမ်မှုတွေကို နှလုံးသားတစ်ခုလုံးနဲ့ အသိအမှတ်ပြုမိပါတယ်”
ဝမ်ချောင်က ကျစ်အန်းတုကို တစ်ချက်ကြည့်ရင်း လှောင်ရယ်လိုက်သည်။
ဝုန်း
ကျစ်အန်းတုသည်လည်း သူ၏နှလုံးသားဟာ ခုန်လာကြောင်း ခံစားမိလိုက်ပြန်သည်။ သူ၏မျက်နှာကပင် ဆက်တိုက်ဖြူဖျော့လာ၏။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများ၏ အမူအရာများက ပြောင်းလဲသွားပြန်သည်။ သူတို့၏မျက်လုံးက ရွေ့သွား၏။ ဒီတိုက်ပွဲတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် ဆိုးရွားသောအရှုံးကို ကြုံခဲ့ရပြီး တပည့်ဂိုဏ်းသား ခြောက်ရာမှ ခုနှစ်ရာခန့်က သေဆုံးသွားခဲ့သည်။ သို့သော် ကျစ်အန်းတုကဲ့သို့ မဟာမိတ်၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ကို အလိုအပ်ဆုံးသော အခိုက်အတန့်တွင် သူသည် သခင်လေးချင်းယန်ကိုသာ သွားပြေးရှာနေသည်။ ထိုအခြေအနေကို မည်သူကမှ ငြင်းခုံ၍မရပေ။
“ပေါက်ကရတွေ ပြောမနေနဲ့။ တစ်တောင်လုံးက ရန်သူတွေပြည့်နေတာ။ ငါက အဲ့ဒီနေရာကို ကူညီပေးဖို့အတွက် အပြေးသွားခဲ့တာပဲ”
ကျစ်အန်းတုက ခပ်မြန်မြန်ပြန်ပြောသည်။
အခြားသောသူများ၏ အမူအရာများက သံသယများ ပြည့်နှက်နေသေးသည်။ ဒီလိုအခြေအနေမျိုးတွင် တစ်စုံတစ်ရာ ပြောခြင်းက အသုံးမဝင်တော့ပေ။ ကျစ်အန်းတုက သခင်လေးချင်းယန်ကို ပစ်မှတ်ထားနေသော အချက်က မေးခွန်းထုတ်စရာမလိုသလို သူက ယခုပေးသော ရှင်းပြချက်ကလည်း ယုံကြည်လက်ခံစရာ အကြောင်းမရှိတော့ပေ။
“ဟွန်း မှန်တာဖြစ်ဖြစ်၊ မှားတာဖြစ်ဖြစ် ငါမပြောပါဘူး။ အားလုံးကလည်း နားလည်မယ်လို့ ငါယုံတယ်”
ဝမ်ချောင်ကပြောသည်။
“မင်းရဲ့လှည့်ကွက်တွေကို ဒီနေရာမှာတင်ရပ်။ မင်းက ညပိုင်းဝင်စီးတဲ့ ကာလအတောအတွင်းမှာ မပေါ်လာဘူး။ ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားတွေကိုလည်း ကူညီပြီး အနက်ရောင်ဝတ်စုံနဲ့ လူတွေကို မတိုက်ခိုက်ခိုင်းဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု ဖြစ်လာတဲ့အချိန်မှာ နောက်မှာ ဆိုးယုတ်တဲ့လူတစ်ယောက်က ရှိနေမှာပဲ။ အားလုံးက အနက်ရောင်ဝတ်စုံနဲ့ လူတွေနဲ့ တိုက်ခိုက်နေကြတဲ့ အချိန်မှာ မင်းကတော့ လျှောက်ပြေးပုန်းနေတယ်။ နောက်ပြီး တောင်ပေါ်ကနေတောင် ပြေးဆင်းဖို့ ကြိုးစားသေးတယ်။ ဒီလူတွေက မင်းဆီကိုလာတာမဟုတ်ဘူးဆိုရင် သူတို့က ဘာအတွက်လာတာလဲ။ နောက်ပြီး မဟာမိတ်ရဲ့ အကြီးအကဲတွေကလည်း မျက်မြင်သက်သေအဖြစ် ရှိနေပြီးသား။ မင်းဒီအခြေအနေကနေ မလွတ်မြောက်နိုင်ဘူး”
ကျစ်အန်းတုက အေးစက်စွာပြန်ပြောသည်။ သူ၏ပြုမူပုံများက ထောင်လွှားပြီး ဝမ်ချောင်ကို လွှတ်ပေးမည့် အရိပ်အယောင်မပြပေ။
“ဟား ဟား ကာကွယ်စောင့်ရှောက်သူကြီးက ဒီလိုပြောတဲ့အတွက် ငါကျေးဇူးတင်ရမယ်”
ဝမ်ချောင်က မနေနိုင်ဘဲ အေးစက်စွာရယ်သည်။
“အရင်ဦးဆုံးအနေနဲ့ ငါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ တပည့်ဂိုဏ်းသားတစ်ယောက် မဟုတ်ဘူး။ ငါဒီမှာ ထာဝရနေချင်တယ်လို့လည်း တစ်ခါမှ မပြောမိသေးဘူး။ မဟာမိတ်အရှင်ကသာ ငါ့ကို ဖိတ်ခေါ်ထားခဲ့တာ။ အခြားစကားနဲ့ပြောရရင် ငါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ကူညီပေးဖို့ တာဝန်မရှိဘူး”
ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏စကားလုံးများက လူတိုင်းကို ရှက်မိသွားစေသည်။ သူတို့သည် မကြားချင်သော်လည်း သခင်လေးချင်းယန်က မှန်ကန်သည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကူညီခြင်း၊ မကူညီခြင်းကလည်း သူနှင့် မသက်ဆိုင်ပါချေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည်လည်း သူ့အား တစ်စုံတစ်ရာ တောင်းဆိုပိုင်ခွင့် မရှိချေ။ ပို၍ဆိုးသည်မှာ သခင်လေးချင်းယန်သည် မနေ့က မဟာမိတ်ကိုကူညီပြီး ယင်နက်ဘိုးဘေးနှင့် မတည်မြဲခြင်း ဗိုလ်ချုပ်နက်တို့ကို ကာကွယ်ပေးခဲ့သည်။ သို့သော် ယခုမူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူ့အား အမျိုးမျိုးသော အခက်အခဲများ ဖန်တီးပေးနေပြန်သည်။ ထို့ကြောင့်သူဟာ ဒေါသထွက်သည်မှာ အံ့ဩစရာမရှိပေ။
“သခင်လေးချင်းယန် ဒေါသမထွက်ပါနဲ့။ ငါတု့ိက အဲ့ဒီလိုမဆိုလိုပါဘူး”
ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ အကြီးအကဲတစ်ယောက်ကပြောသည်။ သူ၏အမူအရာကလည်း အလွန်အမင်း ရှက်နေပုံရသည်။
“အဆုံးသတ်မှာတော့ မင်းကိုရှောင်ဖို့ကြိုးစားရင်းနဲ့ ငါတောင်ခြေမှာ ပေါ်လာတာမဟုတ်ဘူးလား။ ဟုတ်တယ်မလား ကာကွယ်စောင့်ရှောက်သူကြီး”
ဝမ်ချောင်က ကျစ်အန်းတုကို အေးစက်စွာကြည့်လိုက်သည်။
စွစ်
လူတိုင်းက ဝရုန်းသုန်းကား ဖြစ်သွားပြန်သည်။
“ကောင်လေး မင်းပေါက်ကရတွေ လျှောက်ပြောမနေနဲ့”
ကျစ်အန်းတုက ခပ်တင်းတင်း ပြန်ကြည့်သည်။ သူ၏အမူအရာဟာ အေးစက်နေသည်။ သူ၏နားထဲတွင် ဝမ်ချောင်၏ စကားလုံးများဟာ ပေါက်ကရသာဖြစ်သည်။
“ဟွန်း အစပိုင်းကတည်းက ကာကွယ်စောင့်ရှောက်သူကြီးက ငါ့ကို အသားကုန် ရန်လိုနေခဲ့တာ။ ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲထဲမှာ ကာကွယ်စောင့်ရှောက်သူကြီးက အနက်ရောင်ဝတ်စုံနဲ့ လူတွေကို မတိုက်ခိုက်ဘူး။ အဲ့ဒီအစား ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကိုသုံးပြီး ငါ့ကိုကိုင်တွယ်ဖို့ ကြိုးစားတာမဟုတ်လား။ တောင်ထိပ်ကနေ တောင်ခြေအထိ မင်းကငါ့ရဲ့နောက်ကို တောက်လျှောက် လိုက်နေခဲ့တယ်။ တောင်ခြေမှာတောင် ငါ့ကိုသတ်ဖို့ ကြိုးစားသေးတယ်။ ကာကွယ်စောင့်ရှောက်သူကြီးကလည်း ဘယ်သူမှမသိဘူးလို့ ထင်ထားခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ ဒီအခြေအနေ အားလုံးကို သတိထားမိပြီးသားဖြစ်တယ်”
ဝမ်ချောင်ကအေးစက်စွာပြောသည်။
“ဟုတ်တယ်”
ဝမ်ချောင်၏စကား ဆုံးရုံသာရှိသေးသည်။ စုန့်ကြွယ်က လူအုပ်ထဲမှ ခုန်ထွက်လာသည်။ သူ၏အမူအရာက ဒေါသများဖြင့် တောက်လောင်နေသည်။
“ငါ ငါ့ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်တာ။ အဲ့ဒါတင်မကသေးဘူး။ သခင်လေးချင်းယန်ကို ကိုင်တွယ်ဖို့အတွက်နဲ့ ကျစ်အန်းတုက မဟာမိတ်အရှင် မသုံးဖို့ တားမြစ်ထားတဲ့ အဲ့ဒီယင်ရန်သိုင်းကိုတောင် ထုတ်သုံးသေးတယ်”
စုန့်ကြွယ်က သူမြင်ခဲ့ရသောအရာကို ချက်ချင်းလိုလို ထုတ်ပြောလိုက်သည်။
ဘန်း
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲများနှင့် ကာကွယ်စောင့်ရှောက်သူများ အားလုံးက စုန့်ကြွယ်၏ စကားလုံးများကြောင့် ပေါက်ကွဲကုန်ကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ဒုအရှင်ရှဲ့ကွမ်းထင်ကပင် မျက်မှောင်ကျုံ့သည်။
ယင်ရန်သိုင်းသည် မိစ္ဆာသိုင်းဖြစ်သည်။ သိုင်းပညာလောက တစ်ခုလုံးတွင် အကျော်ကြားဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် ကျန်းဝမ်ဖူဆိုသော မိစ္ဆာဧကရာဇ်၏ သိုင်းလည်းဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဖြောင့်မတ်မှန်ကန်သော ဂိုဏ်းတစ်ခုဖြစ်လေရာ ထိုကဲ့သို့သော မိစ္ဆာသိုင်းမျိုးကို မသုံးသင့်ပေ။ ထိုအတွက်ကြောင့် ကျစ်အန်းတုက ကြိမ်ဖန်များစွာ သတိပေးထားပြီးသားဖြစ်သည်။ ထိုအခြေအနေကို သိနေသေးသည့်တိုင်အောင် သူဟာထိုအမိန့်ကို ဖီဆန်ခဲ့သည်။ ထိုအရာသာ မကသေးချေ။ ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်က သခင်လေးချင်းယန်အပေါ် ကျေးဇူးကြွေးတစ်ခု တင်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ကျစ်အန်းတုကမူူ သူ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒအတွက်ကြောင့်နှင့် တောင်ထိပ်မှ တောင်ခြေအထိ တောက်လျှောက် အပြေးလိုက်ဖမ်းခဲ့သည့်အပြင် စွပ်စွဲရန်လည်း ကြိုးစားခဲ့သေးသည်။ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို လျှောက်သောလူများက ထိုသို့ယုတ်ညံ့သော အပြုအမူမျိုးကို မလုပ်ကြပေ။
အထင်သေးမှုများ အပြည့်ပါသည့် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ကျစ်အန်းတုကိုကြည့်သည်။
“မျိုးမစစ်ကောင် အားလုံးပဲ သူပေါက်ကရတွေပြောတာကို နားမထောင်နဲ့။ သူက စကားလုံး ကစားပွဲလုပ်နေတာ”
ကျစ်အန်းတု၏ မျက်နှာက ဒေါသ၊ အံ့အားသင့်မှုများကြောင့် ဖြူဖျော့သွားသည်။ အရာအားလုံးက လျှင်မြန်စွာပင် ဆန့်ကျင်ဘက်ဆန်သော သက်ရောက်မှုများ ဖြစ်ပေါ်လာသည်။
“ကျစ်အန်းတု နင်က တာဝန်မယူဘဲနဲ့ ထွက်ပြေးချင်သေးတာလား။ သခင်လေးချင်းယန်က လိမ်ရင်လိမ်လိမ့်တယ်။ ဒါပေမဲ့ စုန့်ကြွယ်က လိမ်မှာတဲ့လား”
စုန့်ယို့ရန်ကလည်း မနေနိုင်ဘဲ ဝင်ပြောလေသည်။ သူမက ကျစ်အန်းတုကို စိုက်ကြည့်နေ၏။ သူမ၏မျက်နှာက ဒေါသများဖြင့် ပြာနှမ်းလာသည်။ သူမသည်လည်း ကျစ်အန်းတုတွင် မကောင်းသော ခံစားချက်များရှိကြောင်း သိသည်။ သို့သော် ထိုမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားမိပေ။
“ကာကွယ်စောင့်ရှောက်သူကြီး မင်းကငါတို့ကို တကယ်စိတ်ပျက်စေတာပဲ။ သခင်လေးချင်းယန် အရင်က ငါတို့ကို ကူညီခဲ့ဖူးတယ်။ ဒါကိုဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ”
“ဟုတ်တယ် မင်းက မိန်းကလေးစုန့်ကို သဘောကျရင်တောင်မှ ဒီလောက်နိမ့်ကျတဲ့ နည်းလမ်းမျိုးကို မသုံးသင့်ဘူးလေ”
“လူတိုင်းက အနက်ရောင်ဝတ်စုံနဲ့ လူတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ မင်းမကူညီပေးတာက ကိစ္စတစ်ခု ဒါပေမဲ့ ကိုယ့်ဘက်ကလူကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားတာကတော့ ကိစ္စတစ်ခုဖြစ်သွားပြီ။ မင်းက ဖြောင့်မတ်မှန်ကန်ခြင်းလမ်းစဉ်ကို လျှောက်တဲ့လူတိုင်းကို အရှက်ရအောင် လုပ်နေတာပဲ”
“ဟား ဟား ကာကွယ်စောင့်ရှောက်သူကြီး ငါဘာပြောနိုင်မှာလဲ”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲများက ကျစ်အန်းတုကိုကြည့်ရင်း သက်ပြင်းချကြသည်။ အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဘာစကားမှ မပြောသော်လည်း သူတို့၏မျက်လုံးထဲမှ ထူူးဆန်းသော အကြည့်များကတင် လုံလောက်သည်။
“ယို့ရန် မင်းငါပြောတာနားထောင် ဒါကအဲ့ဒီလိုမဟုတ်ဘူး။ ဒီလူရမ်းကားကောင်က သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ထားတာ။ သူက ဘာသိုင်းမှ မတက်ဘူးလို့သာပြောတာ။ တကယ်တန်းတော့... ”
ကျစ်အန်းတုက ဝမ်ချောင်၏အကြောင်းကို ဖော်ရန်ကြိုးစားရင်း ကိုယ့်အတွက်ကို ဒုက္ခပေးသလိုဖြစ်သွားသည်။ ကျစ်အန်းတုက ဝမ်ချောင်ကို အရိုးထဲစွဲသည်အထိပင် မုန်းသွားမိသည်။ လူအများကြီးရှိနေသောကြောင့်သာ မဟုတ်လျှင် သူသည်ချက်ချင်း ပြေးသွားပြီး ဝမ်ချောင်ကို သူ၏လက်ဝါးဖြင့် ဇာတ်ပိုးအုပ်ပြီးလောက်လေပြီ။
“လုံလောက်ပြီ”
ရုတ်တရက် ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။ စုန့်ယွမ်ယွီ၏ အေးစက်သောအသံက လူအုပ်တစ်ခုလုံးကို ငြိမ်သက်သွားစေသည်။
“မဟာမိတ်အရှင်”
လူတိုင်းက အေးစက်ပြီး အာဏာကြီးသော စုန့်ယွမ်ယွီကိုကြည့်ကာ တိတ်ဆိတ်သွားကြသည်။ စုန့်ယွမ်ယွီက စကားပြောလာသောအခါ မည်သူကမှ ပြန်မပြောရဲကြပေ။
“ဒီလူကလည်း အခြေအနေကို နားလည်တယ်။ ကျစ်အန်းတု မင်းကငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီဆိုကတည်းက အဲ့ဒီ မိစ္ဆာလမ်းပေါ်ကသိုင်းတွေကို မသုံးသင့်ဘူးလို့ မပြောထားဘူးလား။ အထူးသဖြင့် အဲ့ဒီယင်ရန်သိုင်းပဲ”
အခန်း(၁၃၆၇)
စုန့်ယွမ်ယွီက ခေါင်းကိုလှည့်လျှက် ကျစ်အန်းတုကို အေးစက်စွာကြည့်သည်။ ထိုအကြည့်တစ်ချက်ကတင် ကျစ်အန်းတု၏ ခန္ဓာကိုယ်နှင့် စိတ်ကိုပါ တုန်ယင်သွားစေရန် လုံလောက်နေပြီဖြစ်သည်။ သူက ခပ်မြန်မြန် ခေါင်းငုံ့လိုက်သည်။ သူ၏အသားအရောင်က ဖြူဖျော့သွားသည်။
“မဟာမိတ်အရှင် ငါ့ကိုခွင့်လွှတ်ပါ”
“အနာဂတ်မှာ ဒီလိုလုံးဝ ထပ်မဖြစ်စေနဲ့။ သခင်လေးချင်းယန်က ငါတို့ရဲ့မဟာမိတ်ပဲ။ ငါ့အနေနဲ့ ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်တာမျိုးကို လက်မခံဘူး။ နားလည်လား”
စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။
“အန်းတုက နားလည်ပါပြီ”
ကျစ်အန်းတု၏ နှလုံးသားက တုန်ယင်စွာနှင့် ခေါင်းကိုငုံ့လိုက်သည်။ သူ၏ခေါင်းက ပိုငုံ့သွား၏။
လေထုအခြေအနေက အေးအေးဆေးဆေး ဖြစ်သွားသောအခါ ဒုမဟာမိတ်အရှင် ရှဲ့ကွမ်းထင်က ရုတ်တရက်ပြောလာသည်။
“မဟာမိတ်အရှင် ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဒီတိုက်ပွဲမှာ အများကြီး ဆုံးရှုံးနစ်နာသွားတယ်။ ကြည့်ရတာ သခင်လေးချင်းယန်ကလည်း ဒဏ်ရာရသွားတဲ့ပုံပဲ။ မင်းရဲ့ ထာဝရနွေဦးဂါထာက နှိုင်းယှဉ်လို့မရအောင် နက်နဲတာဆိုတော့ သခင်လေးချင်းယန်ကို နည်းနည်း ကူညီပေးတာကလည်း ပြဿနာတော့မရှိဘူး”
ထိုစကားလုံးများက ရုတ်တရက်ဆန်လွန်းသဖြင့် နောက်လှည့်ကာ ထွက်ခွာသွားရန် ကြံစည်နေသော ကျစ်အန်းတုကပင် တစ်စုံတစ်ရာက ဖြစ်ပျက်လာတော့မည်ဟု အာရုံခံမိလိုက်ပြီး ရပ်တန့်သွားလေသည်။
အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲများနှင့် ကျွမ်းကျင်ပညာရှင်များကလည်း တစ်စုံတစ်ရာကို သတိထားမိလိုက်သလိုမျိုး နှလုံးသားများ တုန်ယင်သွားကြသည်။
စုန့်ယို့ရန်နှင့် စုန့်ကြွယ်တု့ိ၏ မျက်နှာက မသက်မသာဖြစ်ကာ ဖြူဖျော့သွားသည်။
“ကျေးဇူးတင်ပါတယ် ဒုမဟာမိတ်အရှင် ဒါပေမဲ့ မလိုပါဘူး။ ဒီလူရဲ့ဒဏ်ရာက မပြင်းထန်သလို မဟာမိတ်အရှင်ကလည်း ကြီးမားတဲ့ တိုက်ပွဲကြီးကို ကျော်ဖြတ်ပြီးကာစဖြစ်နေလို့ သူရဲ့ ကြယ်တာရာစွမ်းအင်တွေ အမြောက်အများ ကုန်ဆုံးနေမှာပဲ။ ဒါကြောင့် မဟာမိတ်အရှင်အနေနဲ့ ဒီလို မပြောပလောက်တဲ့ ဒဏ်ရာအပေါ် အပင်ပန်းခံဖို့ မလိုပါဘူး”
ဝမ်ချောင်က ဂါရဝပြုလိုက်သည်။ သူ၏လေသံက မနှိမ့်ချထားသလို မာနကြီးနေခြင်းလည်းမဟုတ်ပေ။
“ဟား ဟား သခင်လေးချင်းယန်အနေနဲ့ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ သခင်လေးက ငါတို့ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှာ ဒဏ်ရာရသွားခဲ့တာ။ ဒီတော့ ဒါကငါတို့ရဲ့တာဝန်ပါ။ ငါတို့က ကြယ်တာရာစွမ်းအား ဘယ်လောက်သုံးရသုံးရ အရေးမကြီးဘူး။ အစ်ကိုစုန့်က သဘောမတူဘူးလား”
ရှဲ့ကွမ်းထင်က မထူးခြားနားသလိုပြောပြီး စုန့်ယွမ်ယွီကို တစ်ချက်ကြည့်သည်။
“ညီငယ်ရှဲ့ပြောတာ မှန်တယ်။ ကြယ်တာရာစွမ်းအင် နည်းနည်းပိုသုံးလိုက်တာက အရေးမကြီးပါဘူး။ သခင်လေးချင်းယန်အနေနဲ့ ငြင်းဖို့တောင်မလိုဘူး”
စုန့်ယွမ်ယွီက ပေ့ါပါးစွာပြောသည်။
ထိုနှစ်ယောက်က အချင်းချင်း အတိုင်အဖောက်ညီညီ ပြောနေကြသောအခါ ရှုံးသွားပြီဟု ယူဆထားသော ကျစ်အန်းတုကပင် ရုတ်တရက် လှောင်ပြုံးကိုထုတ်ပြလာသည်။
ထိုအချိန်တွင် ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ ကြည့်ရသည်မှာ သူသည် ဒီတစ်ခေါက်တွင် ကျစ်အန်းတုကို ရင်ဆိုင်ရုံသာ လုံလောက်ခြင်းမဟုတ်လောက်ပေ။ အမှန်တိုင်းဆိုရသော် သူ၏ အစစ်အမှန် ရန်သူက သူ့ကိုယ်စား ဝင်ပြောပေးခဲ့သော စုန့်ယွမ်ယွီဖြစ်နေသည်။
အဆုံးသတ်တွင် တစ်ဂိုဏ်းလုံးကလည်း ရှဲ့ကွမ်းထင်က ထိုသို့စကားပြောလာကတည်းက ကုသမည်ဆိုသော အကြောင်းအရာကိုသုံးပြီး ဝမ်ချောင်ကို စမ်းသပ်ခြင်းဖြစ်ကြောင်း သိသွားကြသည်။
တက်
ဝတ်ရုံကို တစ်ချက်ယမ်းလိုက်ရုံနှင့် စုန့်ယွမ်ယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်ရှိရာနေရာသို့ စလျှောက်လာသည်။ ထိုအချိန်တွင် အော့ရန်ချန်းဟန်နှင့် အခြားသော အကြီးအကဲများကလည်း အခြေအနေကို သိသွားကြသည်။ သူတု့ိသည်လည်း ဘာမှမဖြစ်သလိုမျိုး စုန့်ယွမ်ယွီနှင့် သခင်လေးချင်းယန်အကြား ယှဉ်ပြိုင်မှုကို ကြည့်နေကြလေသည်။ သို့ရာတွင် မည်သူကမှ ဘာစကားမှ မပြောရဲပေ။ မည်သို့ပင်ဆိုစေ မဟာမိတ်အရှင်က ဆုံးဖြတ်ချက် ချပြီးကတည်းက ငြင်းစရာအကြောင်း မရှိတော့ပေ။
သူတို့၏အမြင်တွင် ကျစ်အန်းတု၏ ငြင်းခုံမှုသာ သက်ရောက်မှု မရှိသည်တော့မဟုတ်ပေ။
တက်
စုန့်ယွမ်ယွီက နောက်ထပ် ခြေတစ်လှမ်းလှမ်းပြီး ဝမ်ချောင်နှင့် အကွာအဝေးကို ချုံ့လာသည်။ အေးစက်သော မျက်လုံးများဖြင့် အကြည့်ခံရသောအခါ ဝမ်ချောင်၏ ဆံပင်မွှေးက ထောင်ထသွားပြီး သူ၏ခေါင်းအတွင်း အချက်ပေးသံများ မြည်လာသည်။
တူညီသော အခိုက်အတန့်တွင်ပင် ဝမ်ချောင်၏စိတ်အတွင်း ကံကြမ္မာကျောက်တုံး၏ အသံက ထွက်လာသည်။ ထိုအသံက အန္တရာယ်ကို အာရုံခံမိသလိုမျိုး အလျင်လိုဟန်နှင့်ဖြစ်သည်။
“သတိပေးချက် အထူးဖြစ်ရပ် အသုံးပြုသူက ဂိုဏ်းတာဝန်တစ်ခုကို မရည်ရွယ်ထားဘဲ သက်ရောက်မိသွားပြီး အန္တရာယ်ရှိနေပြီ။ အရန်တာဝန် ‘မူလအမရသိုင်းက ရှုံးနိမ့်မဲ့အနေအထားကို ရောက်နေပြီ’ သတိပေးချက် ‘တာဝန်က ရှုံးနိမ့်ဖို့ သိသာနေပါပြီ’”
စုန့်ယွမ်ယွီက သာလွန်ထူးခြားလွန်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏ အမရစကြာဝဠာ ထာဝရနွေဦးဂါထာသည် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် တူညီလုနီးပါး ဖြစ်စေသေးသည်။ ဝမ်ချောင်ကလည်း သူ၏အင်အားများကို ပြန်မရသေးပေ။ သူ၏ခန္ဓာကိုယ်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ဝရုန်းသုန်းကားဖြစ်နေသော ကြယ်တာရာစွမ်းအင်များနှင့် ပြည့်နှက်နေသည်။ ဝမ်ချောင်အနေဖြင့် အတက်နိုင်ဆုံးကြိုးစားပြီး စွမ်းအင်များကို ချုပ်ထိန်းထားသော်လည်း စုန့်ယွမ်ယွီ၏ အင်အားမျိုးနှင့်သာဆိုလျှင် ကုသမည်ဆိုသော ခေါင်းစဉ်အောက်တွင် တစ်ဖက်သူက သူ၏ထာဝရနွေဦး မာန်ထရာ ကြယ်တာရာစွမ်းအင်များကို ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ပို့လွှတ်ခြင်းဖြင့် အရာအားလုံးကို တန်း၍ နားလည်သွားပေလိမ့်မည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ပေါ်သွားသည်နှင့် ဝမ်ချောင်၏ နောက်ခံဟာ နေ့အလား ရှင်းလင်းသွားမည်ဖြစ်ကာ ဆက်ဖြစ်မည့်ကိစ္စများကို အလွယ်တကူ စဉ်းစားကြည့်၍ရသည်။
ဒီအစည်းအဝေးမတိုင်ခင်က စုန့်ယွမ်ယွီသည် တောင်ပတ်ပတ်လည်တွင် အကြီးအကဲခုနှစ်ယောက်မှ ရှစ်ယောက်ခန့်ကိုထားလျှက် ဝမ်ချောင်အား မထွက်သွားနိုင်အောင် တားထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ သူနှင့်ရှဲ့ကွမ်းထင်တို့က တောင်ပေါ်တွင် အတူရှိနေကြသည်။ ထိုနှစ်ယောက် အတူပေါင်းလိုက်သောအခါ ဝါးဦးထုပ်နှင့် လူသုံးယောက်ကပင် မယှဉ်နိုင်လေရာ ဒဏ်ရာရနေသော ဝမ်ချောင်အနေဖြင့် ပြေးချင်လျှင်ပင် မဖြစ်နိုင်တော့ချေ။
ခွက်
သွယ်လျဖြူဖျော့သော လက်ညိုးလေးက ဝမ်ချောင်၏ပုခုံးကို အသာတို့လာသည်။ တစ်ချိန်ထဲတွင်ပင် အတက်စွမ်းအားများ ပြည့်နှက်နေပြီး အကန့်အသတ်မဲ့အောင် မြောက်များလွန်းသော စွမ်းအားများက ထိုထိပ်တွင်ပေါ်လာသည်။
ဘန်း
မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် ထိုကျယ်ပြောများပြားသည့် ကြယ်တာရာစွမ်းအင်များက စုန့်ယွမ်ယွီ၏ လက်ချောင်းကိုဖြတ်လျှက် ဝမ်ချောင်၏ကိုယ်အတွင်းသို့ ဝင်ရောက်လာကာ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း နေရာတိုင်းတွင်ရှိသော သွေးကြောများထံ ဖြတ်သန်းသွားလာ၍ တန်ထျန်းထံရောက်လာသည်။
တိုက်ပွဲအတောအတွင်းတွင် စုန့်ယွမ်ယွီ၏ ထာဝရနွေဦးဂါထာက နူးညံ့ကာ ကြမ်းတမ်းပြီး အားအင်အပြည့်ရှိသလို ထင်ရသော်လည်း သူ၏အင်အားကမူ နှိုင်းယှဉ်၍မရလောက်အောင် ကြောက်စရာ ကောင်းလေသည်။ ထို့ကြောင့် ထိုစွမ်းအင်က အချိန်တိုအတွင်းတွင် ဝမ်ချောင်၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားသည်။
ဝမ်ချောင်၏ခန္ဓာကိုယ်က တောက်ပသော မှန်တစ်ချပ်အလား စုန့်ယွမ်ယွီ၏ စိတ်အတွင်းတွင်ပေါ်လာသည်။
အချိန်ဟာ တဖြည်းဖြည်းချင်း တွားသွားနေသလိုမျိုး ထင်ရသည်။ ဆယ်လက်မ၊ ရှစ်လက်မ၊ ခြောက်လက်မ... စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ခန္ဓာကိုယ် နေရာအမြောက်အများကို ဖြန့်ကျက်လိုက်ပြီး သူ၏တန်ထျန်းနှင့် နေရာအနည်းငယ်သာ ဝေးကွာတော့သည်။ သိပ်မကြာခင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဖြင့် စုစည်းထားသော စွမ်းအားလုံးကို ကြုံတွေ့ရပေလိမ့်မည်။
ထိုအချိန်တွင် ဝမ်ချောင်၏ လျို့ဝှက်ချက်တိုင်းက ပေါ်သွားပေလိမ့်မည်။ ထို့အပြင် စုန့်ယွမ်ယွီနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တု့ိ၏ ဆက်ဆံရေးကြောင့် ဝမ်ချောင်၏ကိုယ်အတွင်းတွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ရှာတွေ့သွားပါက ဖြစ်လာမည့်ကိစ္စကို စိတ်ကူးယှဉ်ကြည့်၍ရသည်။
“သတိပေးချက်”
“သတိပေးချက်”
ဝမ်ချောင်ကလည်း သူ၏ဦးခေါင်းခွံက ပေါက်ကွဲတော့မလို ခံစားရသည်။ သူ၏စိတ်ကလည်း အလွန်အမင်းကို တင်းကြပ်လာ၏။ ကံကြမ္မာကျောက်တုံး၏ သတိပေးချက် အော်သံများက သူ၏စိတ်အတွင်း ဟိန်းထွက်နေသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သေရေးရှင်ရေးအကြား ရပ်နေရသလိုမျိုး ခံစားလာရသည်။
တစ်စက္ကန့်တည်းနှင့် ဝမ်ချောင်၏ကံကြမ္မာက ပေါ်သွားပေလိမ့်မည်။ ထို့နောက် စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က သူ့ကို သေသည်အထိ ဝိုင်းသတ်ကြပေလိမ့်မည်။
ဝုန်း
ဝမ်ချောင်က စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့နှင့်အတူ သေသည်အထိ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည့် အခိုက်အတန့်တွင် သူ၏စိတ်အတွင်း အံ့အားသင့်စေသော သတင်းစကားတစ်ခုက ထွက်ပေါ်လာသည်။
“သတိပေးချက် အသုံးပြုသူရဲ့ သေဆုံးမှုက ကျရောက်လာတော့မယ်”
ဝမ်ချောင်က တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေချိန်တွင် ကံကြမ္မာကျောက်တုံးက ပြောသည်။ သို့သော် ဒီတစ်ကြိမ် သတင်းစကားကမူ ယခင်ကနှင့် ခြားနားသည်။
“အသုံးပြုသူရဲ့ ပြိုင်ဘက်က ဒီလောကက ဖြစ်တည်မှုဖြစ်နေပြီ။ ဒီလောကရဲ့ ချုပ်ထိန်းမှု၊ ခုခံမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လက်ရှိကပ်ဘေးနဲ့ ပတ်သတ်မှုရှိနေတယ်။ ဒါကြောင့် ကံကြမ္မာကို ထိန်းချုပ်သူတစ်ယောက် အနေနဲ့ အသုံးပြုသူက လောကရဲ့ စွမ်းအင်တွေကနေ လွတ်ငြိမ်းခွင့်ရမဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်။ အသုံးပြုသူကဒါကို အသုံးပြုဖို့ ဆန္ဒရှိ...”
“သဘောတူတယ်”
ဝမ်ချောင်က ဆွေးနွေးနေရန် အချိန်မရှိတော့ပေ။ ချက်ချင်းဆိုသလိုပင် သဘောတူလိုက်သည်။
တခဏခန့်ကြာပြီးနောက် တစ်စုံတစ်ရာဟာ ဖြစ်ပျက်လာ၏။
ရုတ်တရက် စွမ်းအင်တစ်ရပ်က ဝမ်ချောင်၏ တန်ထျန်းအတွင်းမှ ထွက်ပေါ်လာပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် တည်ရှိလျှက်ရှိနေသော ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို လျှင်မြန်စွာနှင့် လွှမ်းခြုံလိုက်ကာ ချောမွေ့စွာနှင့် စုစည်းပေးနေရင်း တန်ထျန်း၏ ထောင့်တစ်နေရာသို့ တွန်းပို့လိုက်သည်။
ထိုဖြစ်စဉ်က အလွန်အမင်း မြန်ဆန်လွန်းလေရာ ဝမ်ချောင်ကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်း မသိလိုက်ခင် ပြီးသွားသည်။ စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်များ ဝင်ရောက်လာမှုနှင့် နှိုင်းယှဉ်ကြည့်သော် စုန့်ယွမ်ယွီ၏ဘက်က လိပ်တစ်ကောင် တွားသွားနေသလိုမျိုးပင် ထင်ရလေသည်။
ပို၍မယုံနိုင်စရာကောင်းသည်မှာ ထိုစွမ်းအင်များဖြစ်သည်။ ထိုစွမ်းအင်များသည် စက္ကူလိုပါးလျပြီး မည်သည့် ထူးခြားသည့် ဓာတ်သဘောမှ မပိုင်ဆိုင်ထားသလိုမျိုး ဖြစ်နေသည်။ ထို့ကြောင့် ရေလိုကြည်လင်ကာ လေလိုမျိုး ဖောက်ထွင်းမြင်နေရလေသည်။
ဝမ်ချောင်ကသာ ထိုစွမ်းအင်ကို ကြိုသိထားသောကြောင့်သာ မဟုတ်လျှင် တည်ရှိခဲ့ကြောင်းကိုပင် သိလိမ့်မည်မဟုတ်ပေ။
ဘန်း
တစ်စက္ကန့်ခန့်ကြာပြီးနောက် သူ၏တန်ထျန်းက တုန်ယင်သွားသည်။ စုန့်ယွမ်ယွီ၏ ထူးခြားသော ထာဝရနွေဦးကြယ်တာရာစွမ်းအင်များက စီးဝင်လာပြီး နေရာတိုင်းကိုလိုက်ရှာသည်။
စုန့်ယွမ်ယွီက သာမာန် ရှာဖွေမှုကို လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သူ၏ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များသည် ဝမ်ချောင်၏ တန်ထျန်း၏ အကွေ့အကောက်ကြားများအနှံ့ လိုက်ရှာနေခြင်းဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် စုန့်ယွမ်ယွီက မျက်မှောင်ကျုံ့သည်။ ရှင်းလင်းစွာပင် သူသည် လိုချင်သော ရလဒ်ကို မရခဲ့ပေ။
“ဘာဖြစ်လို့လဲ။ သခင်လေးချင်းယန်ရဲ့ ဒဏ်ရာက ပြင်းထန်လို့လား”
ရှဲ့ကွမ်းထင်က ရုတ်တရက်မေးသည်။
“ဟမ်း သခင်လေးချင်းယန်ရဲ့ ဒဏ်ရာတွေက မပြင်းထန်ပါဘူး။ သူ့အနေနဲ့ ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်စခန်းမှာတင် ဒဏ်ရာရသွားတာကတင် ငါတို့ရဲ့တာဝန်ဖြစ်နေပြီ”
စုန့်ယွမ်ယွီကပြောသည်။ သူ၏အမူအရာဟာ အများကြီး ကောင်းမွန်လာသည်။ ထိုသို့ပြောနေရင်းနောက် သူက ထာဝရနွေဦးဂါထာ၏ ကြယ်တာရာစွမ်းအင်များကို ဝမ်ချောင်၏ ခြေလက်အရိုးများအနှံ့ တောက်လျှောက် လှည့်ပတ်ပေးလိုက်ရင်း ကျင့်ကြံခြင်းသွေဖယ်မှုကြောင့်ဖြစ်သည့် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးကို ကုသပေးလိုက်လေသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ ခန္ဓာကိုယ်က အပြည့်အဝ သက်သာသွားသည်။
“သခင်လေးချင်းယန်ရဲ့ သွေးကြောတွေက ထူးခြားတယ်ဆိုပြီး အားလုံးက ပြောနေကြတာ။ ငါဒီနေ့ မြင်ရတဲ့အတိုင်းဆိုရင် တကယ်ပဲ ဒီလိုဖြစ်နေတာပဲ။ သခင်လေးရဲ့ပါရမီအတွက်တော့ နှမြောစရာပဲ”
စုန့်ယွမ်ယွီက လက်ကိုပြန်ရုတ်သည်။ ကြယ်တာရာစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်စီးသွား၏။ ဝမ်ချောင်က ကိစ္စတွေကို မြင်နိုင်နေသောကြောင့် ဖြစ်လောက်သည်။ စုန့်ယွမ်ယွီက စစ်ဆေး၍ပြီးသွားသောအခါ သူ၏မျက်လုံးဟာ အများကြီးညင်သာသွားသည်။
လူတိုင်းက စိတ်အေးစွာ သက်ပြင်းချလိုက်ကြပြီး လေထုကလည်း ပြေလျော့သွားသည်။ တင်းမာသောမျက်နှာ၊ မယုံကြည်နိုင်သော မျက်နှာနှင့် လူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
“ဒါက ဒါကမဖြစ်နိုင်ဘူး”
ထိုအချိန်တွင် ကျစ်အန်းတုကသာ အအံ့ဩဆုံးဖြစ်သည်။ သူသည်လည်း စုန့်ယွမ်ယွီ၏ စစ်ဆေးမှုဟာ အလဟသ ဖြစ်သွားမည်ဟု မထင်ထားမိချေ။
စုန့်ယွမ်ယွီသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ဖြစ်ပြီး တိုင်းတာရခက်ခဲလောက်အောင် နက်နဲသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်။ ပို၍ဆိုးသည်မှာ သူသည် ဝမ်ချောင်ကို သံသယဝင်ပြီးလေပြီ။ ထို့ကြောင့် ဝမ်ချောင်၏ဘက်တွင် ရပ်နေရန် အကြောင်းပြချက် မရှိပါချေ။
ဘာဖြစ်တာလဲ။ ငါပဲအထင်မှားတာလား။
ကျစ်အန်းတုက သံသယဝင်ပြီး စွံ့အနေသည်။ သူက ဝမ်ချောင်ကို အတိုက်အခိုက်လုပ်သည့် အကြောင်းပြချက်တစ်ဝက်က စုန့်ယို့ရန်ကြောင့်ဖြစ်ပြီး အခြားတစ်ဝက်ကမူ ဝမ်ချောင်နှင့်ပတ်သတ်ပြီး ပြဿနာရှိနေကြောင်းကို အစပိုင်းကတည်းက ခံစားမိနေသောကြောင့်ဖြစ်သည်။ သို့သော် ယခုမူ သူ့တွင် ပြောစရာမရှိတော့ပေ။
“ဝမ်းသာစရာပဲ”
စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့ကမူ ပျော်ရွှင်သွားသည်။
“မဟာမိတ်အရှင်စုန့် ကျေးဇူးအများကြီးတင်ပါတယ်။ ထာဝရနွေဦးမာန်ထရာက တကယ်ကို လျို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒီလူရဲ့ အခြေအနေက အရင်ကထက် အများကြီး ကောင်းမွန်လာပါတယ်”
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ တည်ငြိမ်စွာ ဂါရဝပြုလိုက်သည်။
အပေါ်ယံတွင် တည်ငြိမ်သည်ဟု ထင်ရသော်လည်း စိတ်အတွင်းတွင်မူ ချွေးစေးများ စိုရွှဲနေပြီဖြစ်သည်။ ထိုအခြေအနေဟာ အန္တရာယ်များလွန်းသည်။ သေးငယ်လွန်းသော နှောင့်နှေးကြန့်ကြာမှုကတင် သူ၏အခြေအနေကို ပေါ်သွားနိုင်ပြီး သူ၏အသက်အတွက် တိုက်ခိုက်ရနိုင်ချေရှိလေသည်။
အစပိုင်းတွင် သူကိုယ်တိုင်ကပင် စုန့်ယွမ်ယွီ၏ ရှာဖွေမှုဟာ အလဟသ ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိပေ။ သို့သော် ထိုအခြေအနေက အနည်းနှင့်အများဆိုသလို သူ့အား ဒီကပ်ဘေးမှ ကျော်လွှားနိုင်အောင် ကူညီပေးခဲ့လေသည်။
အခန်း(၁၃၆၈)
“ခဏနေပါဦး မဟာမိတ်အရှင်...”
ကျစ်အန်းတုက ရုတ်တရက်အော်သည်။ သူ၏မျက်နှာဟာ လက်မခံလိုစိတ်များဖြင့် တောက်ပနေသည်။ သို့သော် သူက ဝမ်ချောင်ကို ဆက်လက်ပြီး ပြဿနာမရှာနိုင်သေးခင်....
“သတင်းပို့”
အမှောင်ထုထဲမှ အော်သံနှင့်အတူ ဖုန်များက လိမ့်တက်လာသည်။ လူတိုင်းက လှည့်ကြည့်လိုက်သောအခါ မြင်းများတမျှ မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် တောင်ပေါ်ပြေးတက်လာသော ပုံရိပ်သုံးခုကို မြင်လိုက်ရသည်။
စူးရှသောအမြင်အာရုံနှင့် အနီးအနားရှိ အကြီးအကဲက ချက်ချင်းဆိုသလို မှတ်မိသွားသည်။
“ဒါက ငါတို့လွှတ်ထားတဲ့ ကင်းထောက်တွေပဲ”
ရုတ်တရက်ဆိုသလို နှောက်ယှက်ခံလိုက်ရသောအခါ ကျစ်အန်းတုက စကားပြောရန် အခွင့်အရေးဟာ ချက်ချင်းလိုလို ပျောက်ဆုံးသွားသည်။
တခဏခန့်ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တောင်ခြေမှ တောင်ထိပ်သို့ အပြေးလာကြပြီး စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့၏ရှေ့တွင် ဒူးထောက်ချလျှက် ပြောကြသည်။
“သတင်းပို့ အရှင်တို့ မူလအမရတောင်နဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို ရှာတွေ့ပါပြီ။ လူအများစုကလည်း အဲ့ဒီမှာစုနေကြပြီ။ ကြည့်ရတာ မူလအမရတောင်က နောက်အကျဆုံး မနက်ဖြန်ဆိုရင် ပေါ်လာမဲ့ပုံပဲ”
ဝုန်း
ထိုသတင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ ဝမ်ချောင်ကပင် သူ၏နှလုံးသားက လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။ ထိုတပည့်ဂိုဏ်းသားများကို ကြည့်လိုက်သည်။
မူလအမရတောင်က ပေါ်လာတော့မယ်ဆိုတော့ ဆရာနဲ့ ရွာသူကြီးတို့လည်း သေချာပေါက် အဲ့ဒီကိုသွားမှာပဲ။ ကြည့်ရတာ သူတို့ အဲ့ဒီကိုတောင် ရောက်နေလောက်ပြီ။
ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။
သူသည်လည်း မူလအမရတောင်အကြောင်းကို အနောက်မြောက်ပိုင်းသို့ ထွက်လာပြီးချိန်မှသာ ကြားဖူးခြင်းဖြစ်သည့်တိုင်အောင် ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး အမှန်တကယ် မသိသေးပါချေ။
“အားလုံးပဲ လူစုခွဲပြီး အသင့်ပြင်ကြတော့”
စုန့်ယွမ်ယွီက ရုတ်တရက်ပြောသည်။ သူ၏မျက်လုံးများက အေးစက်ပြီး တောက်ပနေသည်။
“နည်းနည်းအနားယူပြီးရင် ငါတို့ မူလအမရတောင်ဆီ ထွက်ခွာကြမယ်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ ကြီးမားတဲ့ပြစ်ချက်က ကျင့်ကြံလေလေ ကျင့်ကြံခြင်းသွေဖယ်သွားလေလေ ဖြစ်တတ်တာ။ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူက ဒီတစ်ကြိမ် အနောက်မြောက်ပိုင်းမှာ ပေါ်လာတာက မူလအမရသိုင်းကို အရယူချင်တာက သေချာနေတာပဲ။ ဒါကြောင့် ငါတို့ကသာ မူလအမရတောင် ပတ်ပတ်လည်မှာ စောင့်ကြပ်နေမယ်ဆိုရင် သူ့ကို သေချာပေါက် ဝိုင်းပြီးရှင်းလင်းပစ်နိုင်မှာပဲ”
ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်ခေါင်းဆောင် ဒုအရှင် ရှဲ့ကွမ်းထင်က ရှေ့တက်လျှက် ကြုံးဝါးသည်။
“မဟာမိတ်အရှင်ပြောတာ မှန်တယ်။ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူက လူပေါင်းများစွာကို သတ်ထားခဲ့တဲ့အပြင် ဖြောင့်မတ်မှန်ကန်ခြင်း ဂိုဏ်းတွေရဲ့ နံပါတ်တစ် ဘုံရန်သူပဲ။ ငါတို့က အရင်တစ်ခေါက်က တာဝန်ကို ပြီးအောင်မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီမိစ္ဆာကိုသတ်ပြီး ပြဿနာကို တစ်ခါတည်း ရှင်းပစ်ရမယ်”
“ဟုတ်ကဲ့”
လူတိုင်းက သဘောတူသံပေးကြသည်။ ထို့နောက် ခေါင်းများကို ငုံ့လိုက်ကြသည်။
....
တောင်ထိပ်ပေါ်မှ လူများက လျှင်မြန်စွာ ထွက်ခွာသွားကြသည်။ ဝမ်ချောင်နှင့် ကျစ်အန်းတုလည်းပါသည်။ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်ကသာ ကျန်ရစ်ခဲ့သည်။
မည်သူကမှ မရှိတော့သောအခါ ရှဲ့ကွမ်းထင်က မဟာမိတ်အရှင်ကို လှည့်ကြည့်ကာမေးသည်။
“ဘာဖြစ်တာလဲ သူမဟုတ်ဘူးလား”
“ငါကိုယ်တိုင်အောင် မသေချာဘူး”
စုန့်ယွမ်ယွီက အလွန်အမင်း စိတ်ရှုပ်ထွေးနေသလိုမျိုး မျက်မှောင်ကိုကျုံ့သည်။
“ငါခန့်မှန်းတာ မှားတာဖြစ်မှာပါ”
ထိုစကားကိုကြားသောအခါ ရှဲ့ကွမ်းထင်၏မျက်မှောင်ကလည်း ကျုံ့သွားသည်။ ထိုအဖြေက သူ့ကိုပင် အံ့ဩစေ၏။ သူစုန့်ယွမ်ယွီကို သိလာသော နှစ်များထဲတွင် စုန့်ယွမ်ယွီ၏ မသိစိတ်က အမြဲတစေ တိကျတတ်ပြီး မှားခဲသည်။ သူကိုယ်တိုင်ကလည်း သခင်လေးချင်းယန်နဲ့ ပတ်သတ်ပြီး ပြဿနာရှိကြောင်း ခံစားမိသည်။ ခံစားမိလျှင် သေချာပေါက် သူဖြစ်ရပေမည်။
သို့သော် ဒီတစ်ကြိမ်တွင်မူ စုန့်ယွမ်ယွီကလည်း သူကိုယ်တိုင်ပင် မသေချာကြောင်း ပြောလာသည်။ ထိုအခြေအနေက မယုံနိုင်စရာကောင်းနေသည်။
“ဘာဖြစ်လို့လဲ။ တကယ်ပဲ သူမဟုတ်တာလား”
ရှဲ့ကွမ်းထင်ကလည်း အလွန်အမင်း စိတ်ရှုပ်သွားသည်။ ရှဲ့ကွမ်းထင်က ဆက်လက်ပြီး မပြောနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ စုန့်ယွမ်ယွီက သခင်လေးချင်းယန်အပေါ် လက်တင်ပြီး စစ်ဆေးကြည့်ခဲ့ပြီးသားဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် စစ်ဆေးခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် စုန့်ယွမ်ယွီ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ပြဿနာကို ရှာမတွေ့စရာအကြောင်းမရှိပေ။
ဘာကိစ္စမဆို ဖြစ်လာဖို့အခွင့်အရေး ရှိနေတယ်။ ယွမ်ယွီတောင်မှ ဒီတစ်ကြိမ် မှားသွားနိုင်တာပဲ။
ရှဲ့ကွမ်းထင်က သူ့ကိုယ်သူ တွေးလိုက်သည်။ ထိုသို့ဖြင့် သူ၏ကျုံ့နေသော မျက်မှောင်ကလည်း ပြန်ပြေလျော့သွားသည်။
.....
ညက တိတ်ဆိတ်နေသည်။ တောင်၏အရှေ့ တောင်ပိုင်း မျက်နှာစာပေါ်တွင် ဝမ်ချောင်က ကြေမွနေသော ကျောက်တုံးငယ်လေးပေါ်တွင် ထိုင်နေသည်။ သူ၏ဝတ်စုံကလည်း လေတွင်လွင့်နေသည်။
ဟူး...
မည်သူကမှ မရှိတော့သောအခါ ဝမ်ချောင်က စိတ်အေးစွာ သက်ပြင်းချလိုက်သည်။
အခြေအနေဟာ အလွန်အမင်း နီးကပ်သွားခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူသည် လွတ်မြောက်ခဲ့သေးသည်။
တကယ်ပဲ ဒီကံကြမ္မာကို ထိန်းချုပ်သူဆိုတာ ဘာကိုဆိုလိုတာလဲ။
တည်ငြိမ်သော အခြေအနေတွင် ဝမ်ချောင်က အဖြစ်အပျက်ကို ပြန်တွေးနိုင်ပြီဖြစ်သည်။
‘လောကရဲ့ စွမ်းအင်တွေမှ ကင်းလွတ်ခွင့်’ဆိုသောအရာက ယခင်က မဖြစ်ပျက်ခဲ့ဖူးချေ။ ကံကြမ္မာကျောက်တုံးက ပေးထားသော ခေါင်းစဉ်များထဲမှ တစ်ခုမျှသာဖြစ်သည်။
တာလာ့တိုက်ပွဲတွင် အာရေးဗီးယားအင်ပါယာကို အလဲထိုးပြီး စစ်သည်သိန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် ဝမ်ချောင်သည် ကံကြမ္မာကျောက်တုံး၏ နာမည်အဆင့် မြှင့်တင်ပေးမှုကို ခံခဲ့ရသည်။ သို့သော် ဝမ်ချောင်ကမူ ထိုနာမည်အကြောင်း မသိထားသေးပါပေ။ ယခုအခါကျမှသာ အရေးကြီးဆုံးဖြစ်ကြောင်း နားလည်လိုက်ရသည်။
ထိုအတွေးတစ်ခုနှင့်အတူ ဝမ်ချောင်က ကံကြမ္မာကျောက်တုံးနှင့် ဆက်သွယ်လိုက်သည်။ ဆုလဒ်ကဏ္ဍ ငါးခုဘေးတွင် အသစ်တစ်ခုရောက်နေကြောင်း တွေ့လိုက်ရ၏။ ထိုအရာက ရွှေရောင်လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းခံရသည့် ရွှေရောင်ဘိမ်းလေးတစ်ခုဖြစ်သည်။ ရွှေရောင်ဘိမ်းလေး၏ ဟနေသော နေရာများမှတစ်ဆင့် ထိုလက်ဖဝါးတွင်ရေးထားသော စာအချို့ကို မြင်လိုက်ရသည်။
ကံကြမ္မာထိန်းချုပ်သူ
လက်နှင့်ဘိမ်းထဲမှ ရွှေရောင်မြူများထွက်နေပြီး လေထဲတွင် လျို့ဝှက်ဆန်းကြယ်စွာ ပေါင်းစပ်နေသည်။ ဝမ်ချောင်က အကြံတစ်ခုရလာသဖြင့် ထိုလက်နှင့်ဘိမ်းကို ဆက်သွယ်ရန် ကြိုးစားကြည့်လေသည်။ တခဏခန့်ကြာပြီးနောက် သတင်းအချက်အလက်များက သူ၏စိတ်အတွင်းသို့ ဝင်လာသည်။
“ကံကြမ္မာထိန်းချုပ်သူ ထူးခြားတဲ့စွမ်းရည်.. ထူးခြားတဲ့ အခြေအနေမျိုးမှာ ဒီလောကရဲ့ စွမ်းအင်တွေနဲ့ ဆက်စပ်မှုရှိတဲ့ တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေဆီက ကင်းလွတ်ခွင့်ရနိုင်တယ်။ တစ်လကို တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပြီး ထူးခြားတဲ့ အခြေအနေအောက်မှာမှပဲ ရရှိနိုင်တယ်။ ကုန်ကျစရိတ်.. ကံကြမ္မာစွမ်းအင်အမှတ် တစ်မှတ်”
ဝမ်ချောင်က ထိုအချက်အလက်ကို ဖတ်ပြီးပြီးချင်း မှင်သက်သွားသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ကံကြမ္မာကျောက်တုံး၏ လျို့ဝှက်ချက်တိုင်းကို နားမလည်ခဲ့သေးချေ။ အနှစ်ချုပ်ဆိုရသော် သူဟာ ပို၍သိလာလေလေ ပို၍လျို့ဝှက်ဆန်းကြယ်လာလေလေဖြစ်ကြောင်း ခံစားမိလေလေဖြစ်သည်။
ယခုအချိန်အထိ ဝမ်ချောင်သည် ကံကြမ္မာကျောက်တုံးတွင် ထိုကဲ့သို့သော စွမ်းအင်မျိုးရှိကြောင်း မသိခဲ့သေးပေ။
ငါအရင်က ကံကြမ္မာကျောက်တုံးဆီက နာမည်တစ်ခု ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုအသုံးဝင်သလဲဆိုတာကိုတော့ မသိခဲ့ဘူး။ နောက်ဆုံးစစ်ပွဲမှာ ငါက ကံကြမ္မာထိန်းချုပ်သူ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဒီလောကက စွမ်းအင်တွေကနေ ဇစ်မြစ်ခံတဲ့ တိုက်ကွက်တွေကနေ တစ်ကြိမ် ကင်းလွတ်ခွင့်ရတယ်ပေါ့။ နောက်တစ်ကြိမ် အဆင့်တက်ပြီးရင် ဘယ်လိုတောင်ဖြစ်မလဲမသိဘူး။
ဝမ်ချောင်က အချိန်အနည်းငယ် ပိုသုံးလျှက် အမျိုးမျိုးသော နည်းလမ်းများကိုသုံးကာ ကံကြမ္မာကျောက်တုံး၏ လျို့ဝှက်ချက်များကို ရှာဖွေတူးဆွရန် ကြိုးစားခဲ့သေးသည်။ သို့သော် အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက် သူဟာ ထိုကိစ္စကို ဘေးဖယ်ထားခဲ့သည်။
ငါဒါကို နောက်မှကိုင်တွယ်လို့ ရသေးတယ်။ အရင်ဦးဆုံး ဆရာ့ကိုရှာရမယ်။
ဆရာဖြစ်သူနဲ့ အခြားသောသူများ ပျောက်နေသည်မှာ အချိန်တစ်ခုကြာသွားပြီဖြစ်သည်။ သူက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထံမှ ကြားထားသော စကားအရဆိုလျှင် သူ၏ဆရာဟာ စုန့်ယွမ်ယွီနှင့် သိပ်မကြာခင်က တိုက်ခိုက်ထားပေလိမ့်မည်။ သို့သော် သူတို့၏ အခြေအနေကို မသိနိုင်သေးပေ။ ပို၍ဆိုးသည်မှာ ရွာသူကြီးနှင့် အခြားသောသူများကလည်း ကျောက်တုံးဝင်္ကပါသို့ ပြန်သွားခဲ့ပြီး သူကမရှိကြောင်း သိလျှင် သေချာပေါက် စိုးရိမ်နေပေလိမ့်မည်။
ငါဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့အတူ မူလအမရတောင်ကို မနက်ဖြန် လိုက်သွားတဲ့အခါ ဆရာတု့ိနဲ့တွေ့ဖို့ အခွင့်အရေးရှိမှာပဲ။
ဝမ်ချောင်က တွေးလိုက်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကင်းထောက်များက တင်ပြလာသော အချက်အရ မူလအမရတောင် ပေါ်ပေါက်လာမှုကို လူတိုင်းသိထားပြီးဖြစ်ကြောင်း နားလည်ထားရပေမည်။ ထို့ကြောင့် ဆရာဖြစ်သူကလည်း မသိစရာ အကြောင်းမရှိပေ။ ထိုအခြေအနေအရ သူ့အနေဖြင့် ရွာသူကြီးတို့နဲ့ ပြန်လည်ပူးပေါင်းရန် အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်လေသည်။
ပို၍ဆိုးသည်မှာ ကျစ်အန်းတုနှင့် စုန့်ယွမ်ယွီတု့ိထံမှ တစ်ကြိမ်ပြီးတစ်ကြိမ် သံသယအဝင်ခံရပြီး ရှင်သန်လာခဲ့ပြီးနောက်တွင် ဝမ်ချောင်သည်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ထဲတွင် အတော်လေး လုံခြုံနေပြီဟု ပြော၍ရသည်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က ခပ်မြန်မြန် စိတ်ငြိမ်သွားသည်။
.....
အရှေ့ပိုင်းကောင်းကင်က တဖြည်းဖြည်း လင်းချင်းလာသည်နှင့်အမျှ ညဟာ ကုန်လွန်လာသည်။ ပထမဦးဆုံး ငှက်အော်သံနှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က မတ်တပ်ထရပ်ရင်း အကြောဆန့်သည်။ သူ၏ အသားအရောင်ဟာ သွေးရောင်လွှမ်းကာ ကျန်းမာရေးကောင်းပုံရသည်။ တစ်ညတာ အနားယူပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက ပြန်လည်သက်သာလာကြသည်။ ပို၍များပြားသော တပည့်ဂိုဏ်းသားများက ထလာကြသည်။
“မဟာမိတ်အရှင်က ငါတို့ကို ထွက်ခွာဖို့ အသင့်ပြင်ခိုင်းထားတယ်။ ပစ်မှတ်က မူလအမရတောင်ပဲ”
ရုတ်တရက် တောင်တန်းတခွင်လုံးအနှံ့ အသံက ပဲ့တင်ထပ်လာပြီး ဝရုန်းသုန်းကား ဖြစ်လာစေသည်။
ရာပေါင်းများစွာသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း ချက်ချင်းလိုလို စတင်ကာ လှုပ်ရှားကြပြီး ရေကြီးသလို တောင်ပေါ်မှ ပြေးဆင်းလျှက် မူလအမရတောင်ရှိရာသို့ တိုက်ရိုက်သွားကြသည်။
ဂိုဏ်းကလူတွေက တကယ်ခြားနားတယ်။ မနေ့ညက အနက်ရောင်ဝတ်စုံနဲ့လူတွေ ဝင်စီးတော့ လူတွေအများကြီး သေသွားတယ်။ ဒါတောင်မှ သူတို့က ဒီအကြောင်းကို မေ့သွားတဲ့ပုံပဲ။ ဂိုဏ်းလောကမှာ သတ်ဖြတ်ခံရတာက မကြာခဏဖြစ်လွန်းလို့ သူတို့က ကျင့်သားရနေကြတာလား။
ဝမ်ချောင်က စိတ်ထဲတွင် သက်ပြင်းချသည်။
“သခင်လေးချင်းယန် သွားရအောင်”
သူ၏နားအတွင်း ခပ်ဆတ်ဆတ်အသံလေးက ထွက်လာသည်။ မည်သည့်အချိန်ကမှန်းမသိ စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့က ဝမ်ချောင်၏အနောက်ဘက်သို့ ရောက်နေပြီဖြစ်သည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်လျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်စစ်တပ်နှင့် ခပ်မြန်မြန် ပူးပေါင်းကာ မူလအမရတောင် ပေါ်လာမည်ဟု နာမည်ကျော်ကြားနေသော နေရာသို့ သွားလေသည်။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ စစ်တပ်ကလည်း အနောက်မြောက်ပိုင်း ဘက်ခြမ်းသို့ ရောက်ရှိလာ၏။ ပတ်ဝန်းကျင်တွင် လူသူကင်းရှင်းလာပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကသာ ရှင်သန်ကျန်ရစ်သော အင်အားစုအလား ထင်ရသည်။
“ကြည့်ရတာ အခြားအဖွဲ့အစည်းတွေ အားလုံးက ဒီအကြောင်းကို သိပြီးသားဖြစ်လို့ အဲ့ဒီတောင်ကို ရောက်နေလောက်ပြီ”
ဝမ်ချောင်က တွေးလိုက်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသား ရာပေါင်းများစွာက ဦးတည်ရာဘက် တစ်ခုတည်းသို့ စတင်ကာ သွားနေသည့် လမ်းကြောင်းတွင် မည်သည့် မတော်တဆမှုမှ ရှိမလာခဲ့ပေ။
ဝုန်း
လီနှစ်ဆယ်ကျော် ကြာပြီးနောက် အရှေ့ဘက်မှ ကျယ်လောင်သောအော်သံကို ကြားရသည်။
“သတင်းပို့”
တခဏခန့်ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က အရှေ့ဘက်မှ အပြေးအလွှားလာသည်။
“မဟာမိတ်အရှင် မူလအမရတောင်က အရှေ့မှာပါ”
စစ်တပ်၏ အလယ်ဗဟိုတွင် စုန့်ယွမ်ယွီက ခေါင်းအသာညိမ့်လျှက် တင်းမာစွာပြောသည်။
“ငါနားလည်ပြီ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထား။ တိုးတက်မှု အသစ်ရှိတာနဲ့ ငါ့ကိုလာပြော”
“ဟုတ်ကဲ့ မဟာမိတ်အရှင်”
ထိုအမိန့်နှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားက အရှေ့ဘက်သို့ အပြေးသွားပြန်သည်။
ငါတို့နောက်ဆုံးတော့ ရောက်လာပြီ။
အနီးအနားမှ ဝမ်ချောင်ကလည်း ထိုကင်းထောက်၏ သတင်းပို့ချက်ကိုကြားရင်း မျှော်လင့်စောင့်စားလာမိသည်။
မူလအမရသိုင်းသည် ပျောက်ဆုံးသွားခဲ့သည်မှာ နှစ်ရာကျော် ကြာခဲ့ပြီဖြစ်သည်။ ထိုမူလအမရတောင်ဆိုသော အရာက ဘာမှန်းပင် သူမသိသေးသော်လည်း သံသယဝင်ရန် မလိုလောက်အောင် ထိုသိုင်းနှင့် ဆက်စပ်နေပေလိမ့်မည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း ကိုးလီကို ကျော်ဖြတ်လာခဲ့သည်။ ဝမ်ချောင်က နောက်ဆုံးတွင် ဦးတည်ရာကို မြင်နိုင်လေပြီ။
သူတို့၏အရှေ့တွင် ကျယ်ပြောသော နယ်မြေကြီးတစ်ခုရှိပြီး လူအပြည့် ရှိနေသည်။ မရေမတွက်နိုင်သော ဝတ်စုံများကို ဝတ်စားထားသည့် အမျိုးမျိုးသော ဂိုဏ်းများမှ မရေမတွက်နိုင်သော လူပေါင်းများစွာက အချင်းချင်း စကားပြောနေကြသည်။ သူတို့အားလုံးက ဦးတည်ရာဘက် တစ်ခုတည်းသို့ကြည့်ပြီး တစ်စုံတစ်ရာကို စောင့်နေပုံပေါ်သည်။ ဝမ်ချောင်က သူတို့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ လေထဲတွင် မျက်စိကြိမ်းမတက် တောက်ပပြီး လိမ်တွန့်နေသော အလင်းတန်းများကို မြင်လိုက်ရသည်။ ထိုအလင်းတန်းများ အကြားတွင် တောင်ပုံကိုမြင်နိုင်သည်။
ထိုတောင်ဟာ မတ်စောက်ပြီး မြင့်မားသည်။ ချွန်ထက်နေပုံများက ဓားများအလားပင် ထင်ရ၏။
တောင်တစ်ဝက်ကို မြင်နေရသော အနေအထားအရ ထိုတောင်ကိုယ်ထည်ကြီးဟာ သံသယဝင်ရန် မလိုလောက်အောင် ကြီးမားပေလိမ့်မည်။
ဝမ်ချောင်ကဲ့သို့ အတွေ့အကြုံရှိသော လူမျိုးကပင် ထိုတောင်ကို မြင်လိုက်သောအခါ ကြောင်အသွားရလေသည်။
အခန်း(၁၃၆၉)
မယုံနိုင်စရာပဲ ဘာတွေဖြစ်နေတာလဲ။
ဝမ်ချောင်က စိတ်ထဲတွင် မှတ်ချက် ချလိုက်မိသည်။ အဝေးတွင် မြင်နေရသော အခြေအနေကတစ်ဆင့် ထိုသို့ တောင်ပုံကြီး ပေါ်နေခဲ့သည်မှာ အချိန်တစ်ခု ကြာလောက်လေပြီ။ ထို့ပြင် မည်သူကမှလည်း မည်သည့်အတွက်ကြောင့် ထိုသို့ပေါ်နေကြောင်းကို မရှင်းပြနိုင်ကြပေ။
“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ။ အရှိန်ကိုမြှင့်ပြီးချီတက်”
စုန့်ယွမ်ယွီက သူ၏ထည်ဝါသော အသံဖြင့် အော်ဟစ်လိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားတိုင်းကလည်း ရှေ့သို့ ဆက်လက်ထွက်ခွာကြသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား ရာပေါင်းများစွာက ရှေ့သို့ အရှိန်နှုန်းမြှင့်ကာ ထွက်ခွာသောအခါ ဖြစ်ပေါ်လာသော အရှိန်အဟုန်က မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို ဖြစ်ပေါ်လာစေသည်။
“အာ”
“ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်”
“သွားရအောင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ရောက်နေပြီ”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အလံများက လေထဲတွင် လွင့်နေပြီး အနောက်ဘက်မှ ပါလာသော အင်အားစုကလည်း ရှိနေပြီးသားလူများကို ဘေးဘက်သို့ ခွဲပေးစေသည်။ သူတို့၏မျက်နှာတွင် လေးစားမှုများကို မြင်နိုင်သည်။
သိုင်းပညာလောကတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် သိသာထင်ရှားသော နံပါတ်တစ် အဖွဲ့အစည်းကြီးဖြစ်ပြီး အခြားသူများအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က မိုးခြိမ်းသံတမျှ ကျယ်လောင်သော ကျော်ကြားမှုများကို ပိုင်ဆိုင်ထားကြပြီး ဂိုဏ်းလောကရှိ လူတိုင်းနီးပါးက သိကြသည်။ ထိုဒုအရှင်နှင့် အရှင်သခင်တို့က အတူတကွ ရောက်ရှိလာသောအခါ မည်သူကမှ ထိုအဖွဲ့အစည်းကို မိုက်ရူးရဲဆန်စွာ အတိုက်အခံ မလုပ်ရဲကြပေ။
ထိုသို့ဖြင့် ရာပေါင်းများစွာသော အင်အားစုက မိကျောင်းတစ်ကောင် ရေကန်ထဲသို့ ဝင်ရောက်သလိုမျိုး ထွက်ခွာသွားသောအခါ မရေမတွက်နိုင်သော အားလှိုင်းများကို ထလာစေလေသည်။ လူအုပ်ကလည်း အလိုအလျောက်ပင် နောက်ဆုတ်ထွက်ခွာပေးကြရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွက် နေရာပေးကြသည်။
“မဟာမိတ်အရှင် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”
စစ်ခွန်းယွမ်ကျား၊ အော့ရန်ချန်းဟန်နှင့် အခြားသောသူများက စုန့်ယွမ်ယွီကိုဝိုင်းလျှက် ဂါရဝပြုရင်း အမိန့်ကိုစောင့်သည်။
“အခုချက်ချင်း လူလွှတ်ပြီးစုံစမ်း။ သတိလက်လွတ်မလုပ်နဲ့”
စုန့်ယွမ်ယွီကပြောသည်။
“မဟာမိတ်အရှင် ဒီလူတွေအားလုံးက မူလအမရတောင် ပေါ်လာဖို့ စောင့်နေကြတာဆိုတော့ မူလအမရသိုင်းအတွက် တိုက်ခိုက်ကြမှာပဲ။ ငါတို့ဝင်ပါသင့်လား”
အကြီးအကဲတစ်ယောက်ကပြောသည်။
“ဒီနေရာမှာ ဂိုဏ်းသိုင်းပညာရှင်တွေ အများကြီးစုစည်းနေကြတာ”
နောက်တစ်ယောက်က ထပ်ဖြည့်ပြောသည်။
“သူတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ စီမံလှုပ်ရှားမှုတွေပေါ် သက်ရောက်မှု ကြီးမားစေမှာပဲ။ နောက်ပြီးဒါက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရဲ့ ထုံးတမ်းစဉ်လာတိုင်းဆိုရင် ဒီနယ်မြေတစ်ခုလုံးကို ပိတ်လှောင်သင့်တယ်”
“အလျင်မလိုနဲ့”
စုန့်ယွမ်ယွီ၏မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး မည်သည့်အမူအရာကိုမှ မမြင်ရပေ။
“မူလအမရတောင်က နှစ်ပေါင်းများစွာ ကြာတဲ့အထိ ပေါ်လာခဲ့တာမဟုတ်ဘူး။ မူလအမရတောင်က အခုပေါ်လာပြီဆိုတာက တော်တော်လေးကို ရုတ်တရက် ဆန်လွန်းနေတယ်။ ဒီကိစ္စက ငါတို့ထင်သလောက် မရိုးရှင်းလောက်ဘူး”
စုန့်ယွမ်ယွီက အေးဆေးပေ့ါပါးပြီး ယုံကြည်မှုရှိပုံရသော်လည်း သူ၏ နက်ရှိုင်းကာ နက်နဲသော မျက်လုံးများကမူ လျို့ဝှက်ချက်တိုင်းကို ဖော်ပြနိုင်ပုံပေါ်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီသည် ထိုစကားလုံးများကို လက်လွတ်စပယ် ပြောသောလူမျိုး မဟုတ်သလို ကောင်းကင်ဘုံမှ ရတနာများက သူ၏ပေါင်ပေါ်သို့ မလဟသ ပြုတ်ကျလာမည်ဟုလည်း မယုံကြည်ပေ။ ပုံမှန်မဟုတ်သော အရာတစ်ခုက ဖြစ်ပျက်လာသောအခါ နောက်ကွယ်တွင် ဆိုးယုတ်သူများက ရှိပေလိမ့်မည်။ စုန့်ယွမ်ယွီအတွက် မည်သည့် အကျိုးအမြတ်ကမှ အလွယ်တကူ ရောက်လာလောက်အောင် ရိုးရှင်းမနေပေ။
“ဟုတ်ကဲ့မဟာမိတ်အရှင်”
စစ်ခွန်းယွမ်ကျားနှင့် အခြားသောသူများကလည်း ချက်ချင်းဆိုသလို တစ်ပြိုင်တည်း ပြန်ပြောကြသည်။
“ဒါ့အပြင် ပတ်ဝန်းကျင်မှာ ကင်းထောက်တွေ ဆက်လွှတ်ထားဖို့ သတိရဦး။ မူလအမရတောင်က ဒီနေရာမှာ ရှိနေပြီဆိုကတည်းက မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကလည်း ဒီနေရာကို ရောက်လာမှာပဲ။ သေချာရှာကြ သူ့ရဲ့သဲလွန်စကိုတွေ့တာနဲ့ ချက်ချင်းတိုက်ခိုက်တော့”
စုန့်ယွမ်ယွီ၏မျက်လုံးက အေးစိမ့်လာပြီး သတ်ဖြတ်လိုစိတ်များက ပြည့်နှက်လာသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက အားလုံးနောက်ဆုတ်သွားကြသည်။ ဝမ်ချောင်က အရာအားလုံးကို ဘေးဘက်သို့ရပ်နေရင်း ကြားလိုက်ရသည်။ စုန့်ယွမ်ယွီနည်းတူ ဝမ်ချောင်ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ရှာနေသည်။
ဒီမှာလူများလွန်းတယ်။ ဆရာ့ကိုရှာဖို့က လွယ်မှာမဟုတ်ဘူး။
ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။ ဝမ်ချောင်က စုန့်ယွမ်ယွီကို ထင်သလောက် မစိုးရိမ်ပေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ထာဝရနွေဦးမာန်ထရာက အင်အားကြီးမားပြီး နှိုင်းယှဉ်နိုင်စွမ်းရည် မရှိလောက်အောင် နက်နဲသော်လည်း စုန့်ယွမ်ယွီသည် အတိတ်တွင် ဆရာဖြစ်သူကို ကိုင်တွယ်နိုင်စွမ်းရည် မရှိခဲ့ပေ။ သို့မဟုတ်လျှင် ကျစ်အန်းတုကို လိုအပ်လိမ့်မည်မဟုတ်ပေ။
ပို၍ဆိုးသည်မှာ ဆရာဖြစ်သူက ယခုအခြေအနေတွင် ဒဏ်ရာရသွားခဲ့ပြီဖြစ်ပြီး စုန့်ယွမ်ယွီက ယခင်ကလောက် သူ့ကို ကိုင်တွယ်နိုင်စွမ်းရည် မရှိတော့ပေ။
အချိန်ဟာတဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား ရာပေါင်းများစွာက အတူစုစည်းနေမှုနှင့်အတူ ကြက်အုပ်ထဲရောက်နေသော ကြိုးကြာကဲ့သို့ ဖြစ်နေသည်။ လူတိုင်းကလည်း အကွာအဝေးတစ်ခု ခြားထားကြ၏။ ထိုသို့ဖြင့် သူတို့နှင့် ခြေဆယ်လှမ်းခန့် အကွာတွင်သာ နေကြသည်။
ဝမ်ချောင်က သူ၏အကြည့်ကို ရှေ့ပို့နောက်ပို့ လုပ်နေရင်း ဆရာဖြစ်သူနှင့် ပတ်သတ်သည့် သဲလွန်စတိုင်းကို လူအုပ်ထဲတွင် လိုက်ရှာနေသည်။ သို့သော် သူ၏ကြိုးစားအားထုတ်မှုနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အားထုတ်မှုများကလည်း အလဟသဖြစ်ကြောင်း သက်သေပြလာသည်။
မဖြစ်နိုင်တာ။ ဒီနယ်မြေက ဒီလောက်ကြီးတာ။ ဆရာက ဒီနေရာမှာ မရှိလို့ပဲနေမှာ။ စုန့်ယွမ်ယွီနဲ့ ရှဲ့ကွမ်းထင်တို့ကြောင့် သူ့ရဲ့အကြံကိုတော့ မဖျက်လောက်ပါဘူး။
ဝမ်ချောင်က စိတ်ထဲတွင် တွေးတောလိုက်သည်။ သူ၏မျက်လုံးက တစ်ချက်လက်သွားရင်း အကြံတစ်ခုရလာ၏။
ဝုန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏မျက်လုံးက လင်းလက်သွားရင်း စွမ်းအင်လောကကို ဝင်ရောက်လိုက်သည်။ ယခင်က အဖြစ်အပျက်တိုင်းက ပျောက်ကွယ်သွားပြီး ထူးဆန်းကာ ရှုပ်ထွေးသော စွမ်းအင်တန်းများကသာ ပြည့်နှက်သွားသည်။ မရေမတွက်နိုင်သော စွမ်းအင်တန်းများက အမျိုးမျိုးသော သိပ်သည်းလျှက် တည်ရှိနေလေပြီး အမျိုးမျိုးသော သိုင်းပညာရှင်တိုင်း၏ ခန္ဓာကိုယ်မှ အမျိုးမျိုးသော အရောင်များကို လွှတ်ထုတ်ထားသည်။ သိုင်းပညာရှင် တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်တောက်ပသည့် စွမ်းအင်အရင်းအမြစ်ကို ပိုင်ဆိုင်ထားသောကြောင့် စွမ်းအင်လောကအတွင်း ထည်ဝါစွာ တောက်ပနေလေသည်။
ဝမ်ချောင်အတွက် စွမ်းအင်လောကကိုသုံးပြီး ဆရာဖြစ်သူကို ရှာဖွေခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။ စွမ်းအင်လောကထဲတွင် သက်ရှိများက မတည်ရှိသလို ရုပ်ပိုင်းဆိုင်ရာ မြင်ကွင်းဖြင့် ချုပ်ထိန်းခံရမှုလည်းမရှိပေ။ အရေးကြီးဆုံး အချက်ကမူ ဝမ်ချောင်သည် ဆရာဖြစ်သူ၏ စွမ်းအင်များနှင့် အလွန်အမင်း ရင်းနှီးနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျယ်ပြောသော အဝေးကို ကျော်ဖြတ်ပြီးပင် မြင်နိုင်လေသည်။
သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏မျက်မှောင်က ကျုံ့သွားသည်။
မဟုတ်သေးပါဘူး။ ဆရာက ဒီမှာမရှိဘူးလား။
ဝမ်ချောင်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူသည် ဒီနယ်မြေတစ်ခုလုံးကို လိုက်ရှာပြီးလေပြီ။ သို့သော် ဆရာဖြစ်သူ၏ အရိပ်အယောင်ကို မတွေ့ရပေ။
“ကြည့်ကြဦး”
ထိုအချိန်တွင် လူအုပ်ထဲမှ အော်သံတစ်သံ ထွက်လာသည်။ ထိုသု့ိဖြင့် ဝမ်ချောင်ကလည်း သတိထားမိသွား၏။ သူသည် နောက်လှည့်ကြည့်လိုက်သောအခါ လူအုပ်ထဲမှ ထွက်လာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူသည် ငှက်တစ်ကောင်ကဲ့သို့ လျို့ဝှက်ဆန်းကြယ်ပြီး မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသော တောင်တစ်ဝက်ပုံပေါ်နေသည့် နေရာနားသို့ ခုန်ဝင်သွားသည်။
“အား”
လူအုပ်က အလန့်တကြားအော်ကြသည်။ လူတိုင်းကလည်း ဒဏ္ဍာရီလာ မူလအမရသိုင်းက အန္တရာယ် အများကြီးရှိကြောင်း သိထားပြီးသားဖြစ်သည်။ ရတနာမြေပုံတောက်လျှောက် လိုက်ရှာရင်း သတ်ဖြတ်မှုများ ကြုံဆုံခဲ့ရသည့် အခြေအနေကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် ရတနာရှာဖွေသည့် ကာလအတောအတွင်း မြောက်များလှစွာသော လူများက အမျိုးမျိုးသော အစစ်အတု ရတနာမြေပုံများ အတွင်းသို့ ဝင်ရောက်သွားခဲ့ရင်း ဘယ်သောအခါမှ ပြန်မထွက်လာနိုင်တတ်ချေ။ ထိုတောင်နှင့် ရောင်စုံအလင်းတန်းများကလည်း မွှေးညှင်းပေါက်များ အတွင်းမှပင် အန္တရာယ်ကို အာရုံခံမိစေနိုင်ရန် လုံလောက်နေသည်။
“ဒီကောင်တော့ သေမှာပဲ”
မြေအောက်မှ အမျိုးမျိုးသောလူများက ထိုလူကိုမော့ကြည့်ရင်း နှလုံးသားများ တင်းကြပ်လာကြသည်။ ဝမ်ချောင်ကပင် အာရုံစိုက်လိုက်မိ၏။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီနှင့် ဒုအရှင်ရှဲ့ကွမ်းထင် အပါအဝင် အခြားသော အကြီးအကဲများ အားလုံးကလည်း လှည့်ကြည့်လာကြသည်။
လေထဲတွင် ထိုသိုင်းပညာရှင်က ထာဝရတောင်ကို ဝိုင်းထားသော အလင်းများနှင့် နီးကပ်သထက် နီးကပ်သွားသည်။ ပေတစ်ရာ၊ ပေခြောက်ဆယ်၊ ပေသုံးဆယ်၊ ပေနှစ်ဆယ်... မည်သည့်ဂိုဏ်းကမဆို လူတိုင်းက အသက်ရှုအောင့်ထားကြသည်။ အချိန်ကပင် ရပ်တန့်သွားပုံပေါ်၏။ သို့သော် တခဏခန့် ကြာပြီးနောက် ဝုန်းကနဲမြည်သံနှင့်အတူ ထိုလူက နီးကပ်သထက် နီးကပ်လျှက် နှေးကွေးသထက် နှေးကွေးသွားပြီး နောက်ဆုံးတွင် မြေအောက်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသည်။
ဝုန်း
လူအုပ်က ရယ်သံများဖြင့် ပေါက်ကွဲသွားသည်။ သူတို့၏မျက်လုံးထဲတွင်လည်း အထင်သေးမှုများ ရှိနေသည်။
“သူကဘယ်သူလဲ အင်အားလေး နည်းနည်းလေးနဲ့ ကြွားချင်သေးတယ်”
“အိမ်ကိုသာပြန်လိုက်ပါ ဟား ဟား ဟား”
လူအုပ်က အော်ရယ်ကြသည်။ မည်သူကမှ လှောင်ပြောင်သံများကို မဖုံးကွယ်ထားကြပေ။
ယခုမြင်ကွင်းကတစ်ဆင့် ထိုအသုံးမကျဘဲ မအောင်မြင်ခဲ့သော သိုင်းပညာရှင်က မှင်သက်ဖွယ်ကောင်းသော အခြေအနေမျိုး ပေါ်လာစေနိုင်ခြင်း မရှိလောက်အောင် အင်အားနည်းပါးလေသည်။ ထို့ကြောင့် လူပေါင်းများစွာအပြင် နံပါတ်တစ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက တည်ရှိနေသောအခါ သူသည် ကိုယ့်ကိုယ်ကို အရူးလုပ်သည်ထက် မပိုတော့ချေ။
“ဘေးဘက်မှာရပ်နေ ငါလုပ်မယ်”
ရယ်သံများအကြားမှ နောက်ထပ် လူတစ်ယောက်က တောင်ရှိရာကောင်းကင်ပေါ်သို့ ခုန်တက်သွားပြန်သည်။
ဒီတစ်ကြိမ်တွင် ထိုသိုင်းပညာရှင်က ပို၍မြင့်မားကာ မြန်ဆန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ သို့သော် တခဏခန့်ကြာပြီးနောက် လူတိုင်း၏ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေသည့် အခိုက်အတန့်တွင် တူညီသောမြင်ကွင်းက ထပ်ဖြစ်လာသည်။ သူသည် တောင်နှင့် ဆယ်ပေခန့်အကွာသို့ ရောက်ရှိသွားသောအခါ နှေးကွေးသထက် နှေးကွေးသွားပြီး နောက်ဆုံးတွင် ပြုတ်ကျသည်။
“ဟား ဟား ဟား”
ရယ်သံများက ပိုကျယ်လာသည်။ သိုင်းပညာရှင်တိုင်းက ထိုနှစ်ယောက်ကိုကြည့်ကာ လှောင်နေကြ၏။ ဝမ်ချောင်ကသာ မျက်မှောင်အသာကျုံ့သည်။ သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သည်။
ထို့နောက် ပို၍များပြားသော သိုင်းပညာရှင်များက ကြိုးစားကြည့်ကြသည်။ ဒီနည်းအားဖြင့် မူလအမရတောင်သို့ အမျိုးမျိုးသော အရပ်မျက်နှာများမှတစ်ဆင့် ဝင်ရောက်ကြည့်ရန် ကြိုးစားသည်။ သို့သော် မည်သူကမှ အောင်မြင်စွာနှင့် တောင်ကိုမထိနိုင်ခဲ့ပေ။ ရယ်သံများဟာ ကျယ်သထက် ကျယ်လာသည်။ လူများက အင်အားနည်းပါးလွန်းသည်ဟုသာ ထင်နေကြ၏။
သို့သော် ကျွမ်းကျင်ပညာရှင် အယောက်သုံးဆယ်ခန့်က အမျိုးမျိုးသောသိုင်းများကို အသုံးပြုခဲ့ပြီး လက်နက်များကို ပစ်ထုတ်ခြင်း၊ ကြယ်တာရာစွမ်းအင်များကို ပို့လွှတ်ခြင်းတို့ကို လုပ်ခဲ့ကြသည်။ သို့သော် တောင်အနားသို့ မကပ်နိုင်ခဲ့ပေ။ ထိုအခါ လူအုပ်ဟာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလာကြသည်။
“မဟာမိတ်အရှင် ငါတို့ ဘာလို့မစမ်းကြည့်တာလဲ”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က စုန့်ယွမ်ယွီကိုပြောသည်။
“မလိုဘူး”
စုန့်ယွမ်ယွီက ခပ်တိုးတိုးပြောသည်။ သူ၏လက်ကို ကျောဘက်တွင်သာ ပို့ထားပြီး သူ၏မျက်လုံးထဲတွင် ထူးခြားသောအလင်းက လက်နေသည်။
“ဒါက အင်အားကြီးမားတဲ့ စည်းတံဆိပ်ပဲ။ ဒီလူတွေက အင်အားလိုအပ်ချက်ကြောင့် မဟုတ်ဘဲ စည်းတံဆိပ်ကြောင့်သာ မကပ်နိုင်တာ”
ကလက်
စုန့်ယွမ်ယွီက ရုတ်တရက် လျှင်မြန်လွန်းစွာ လှုပ်ရှားလိုက်ပြီး မည်သူကမှ မမြင်နိုင်ကြပေ။ စွမ်းအင်လှိုင်းက လူထုကိုကျော်ဖြတ်လျှက် မူလအမရတောင်ဆီကို ဝင်ရောက်သွားချိန်တွင် လေထုကပင် ပေါက်ကွဲသွားသလိုမျိုး ဖြစ်သွားသည်။
ခြိမ်း
အားလှိုင်းများက လေထုတစ်ခုလုံးကို လှိုင်းထစေသည်။ ဒီတစ်ကြိမ်တွင် ကျွမ်းကျင်ပညာရှင်များကလည်း ထိုစွမ်းအင်လှိုင်းက တောင်နှင့် ဆယ်ပေအကွာခန့်တွင် ရပ်တန့်သွားကြောင်း မြင်လိုက်ရသည်။
မရေမတွက်နိုင်သော အားလှိုင်းများကလည်း စထလာ၏။
အစပိုင်းတွင်မူ သေးငယ်သည်။ ထို့နောက် တဖြည်းဖြည်းချင်း ကြီးမားလာပြီး ထိုအားလှိုင်းများက ကြီးမားသော အားလှိုင်းလုံးကြီးနှင့်ပင် ယှဉ်နိုင်သော အရွယ်အစားထိပင် ကြီးမားလာလေသည်။
မမြင်ရသော စွမ်းအင်ကြောင့် တဖြည်းဖြည်းချင်းစီ နောက်ဆုတ်ခံရသော စုန့်ယွမ်ယွီက သိပ်မကြာခင် သဲလွန်စများ မရှိလောက်အောင် ပျောက်ကွယ်သွားသည်။
အဆုံးသတ်တွင် စုန့်ယွမ်ယွီ၏ စွမ်းအင်လှိုင်းကပင် တောင်နှင့် ဆယ်ပေအကွာတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
ဝှစ်
ကျန်သော စွမ်းအင်လှိုင်းများကလည်း တဖြည်းဖြည်းချင်းစီ စုပ်ယူခံရသည်။
ဝါး
လူအုပ်ကလည်း ထိုမြင်ကွင်းကြောင့် ပေါက်ကွဲကုန်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်ကပင် အံ့ဩသွားရသည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းတွင် အင်အားကြီးမားလွန်းသော ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လေသည်။ သို့သော် သူ၏လက်ညိုးမှ သမန်ကာလျံကာ စွမ်းအင်ကတင် ဖော်ပြရန်ခက်ခဲလောက်သော စွမ်းအားများကို သယ်ဆောင်ထားပြီးသားဖြစ်သည်။ သို့သော် စုန့်ယွမ်ယွီ၏ တိုက်ကွက်ကပင် စည်းတံဆိပ်ကို မထိုးဖောက်နိုင်ခဲ့ပေ။
“အဆင့်လွန်နဲ့ အဆုံးအစမဲ့ မူလအမရသိုင်းက ဗဟိုပြင်ကျယ်မှာ နံပါတ်တစ်သိုင်းပဲ။ နောက်ပြီး မူလအမရအရှင်က ဖန်တီးထားခဲ့တာ။ ဒီလူက တော်တော်လေးကို လျို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံကို ပိုင်ဆိုင်ထားကြတယ်။ ပြောကြတာက နွေဦးနဲ့ ဆောင်းဦးကာလ စစ်ဖြစ်ပွားတဲ့ ပြည်နယ်ခေတ်ကာလမှာ မွေးဖွားခဲ့တဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်လို့ ဆိုကြတယ်။ သိုင်းပညာတွေအပြင် သူက ဝင်္ကပါ ဆရာသခင် အဖြစ်လည်း ကျော်ကြားတယ်။ ဒီမမြင်ရတဲ့ စွမ်းအားတွေက လူတွေကို မချဉ်းကပ်နိုင်အောင် တားမြစ်ထားတာပဲ”
“ဗဟိုပြင်ကျယ်မှာ သိုင်းတွေအများကြီးပဲ။ ဒါပေမဲ့ ဝင်္ကပါကို နားလည်သဘောပေါက်မှုတွေကလည်း တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာတယ်။ အင်အားကြီးမားတဲ့ ဝင်္ကပါတွေဆိုရင် ပျောက်ဆုံးနေခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ။ ကောင်းကင်မှာရှိတဲ့ တောင်တန်းနဲ့ အဲ့ဒီတောက်ပနေတဲ့ အလင်းတွေက အင်အားကြီးမားတဲ့ ဝင်္ကပါတစ်ခုဖြစ်လိမ့်မယ်။ ငါတို့က ဒါကိုမှ နားမလည်တာ။ ဒီတော့ မိုက်ရူးရဲဆန်ဆန် ဝင်မတိုးသင့်ဘူး”
စုန့်ယွမ်ယွီက ပေါ့ပါးစွာပြောသည်။
အခန်း(၁၃၇၀)
စုန့်ယွမ်ယွီ၏ စကားလုံးများကြောင့် ရှိနေကြသော လူပေါင်းများစွာ၏စိတ်က တုန်ယင်သွားကြသည်။
ဝင်္ကပါလမ်းစဉ်သည် အလွန်အမင်း ရှုပ်ထွေးသည်။ သိုင်းပညာရှင်များ၏ ခွန်အားလမ်းစဉ်နှင့် အလွန်အမင်း ခြားနားနေလေပြီး သဘာဝ၏ စွမ်းအားများကိုလည်း နှောက်ယှက်နိုင်သည်။ ပြင်ဆင်မှုမရှိဘဲ မိုက်ရူးရဲဆန်စွာ ဝင်တိုးမှုက ကိုယ့်ကိုယ်ကိုသာ ထိခိုက်စေပေလိမ့်မည်။
အနီးအနားမှ ဝမ်ချောင်ကလည်း စုန့်ယွမ်ယွီ၏ စကားလုံးကြောင့် စိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။
သူသည်လည်း စုန့်ယွမ်ယွီနှင့် အမြင်ချင်းတူသည်။ ထိုအရာသည် အလွန်အမင်း အင်အားကြီးမားသော ဝင်္ကပါတစ်ခုဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ဒါဟာ ဝင်္ကပါသီးသန့်မဟုတ်ကြောင်း ခံစားမိနေ၏။ စုန့်ယွမ်ယွီ တိုက်ခိုက်ခဲ့သောအခါ သူသည် အခြားတစ်စုံတစ်ရာကို ခပ်ရေးရေး ခံစားမိလိုက်သည်။
ဝုန်း
သူဟာ တွေးတောနေသည့် အချိန်တွင် ရုတ်တရက် မြေပြင်က ရုတ်ချည်းလိုလို တုန်ခါသွားရင်း ပြင်းထန်လွန်းသော စွမ်းအားများဟာ စတင်ကာ ချဉ်းကပ်လာသည်။
“ဘိုးဘေးငါးယောက်မဟာမိတ် ဒါက ဘိုးဘေးငါးယောက်မဟာမိတ်ပဲ”
အဝေးမှ အထိတ်တလန့် အော်သံများက ထွက်လာသည်။ အနည်းငယ်ဝေးကွာသော တစ်နေရာတွင် မြင့်မားသောနေရာတွင် ရပ်လျှက် ကြည့်ရှု့နေသော ပုဂ္ဂိုလ်တစ်ယောက်က အလန့်တကြား ထွက်ပြေးလာသည်။ သိပ်မကြာခင် သတင်းတစ်ခုက ကပ်ရောဂါတစ်ခုလိုမျိုး ပျံ့နှံ့သွားသည်။
“သတင်းပို့”
တခဏခန့်ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း ချက်ချင်းဆိုသလို အပြေးပြန်လာလျှက် စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့၏အရှေ့တွင် ဒူးထောက်လာသည်။
“ဘိုးဘေးငါးယောက် မဟာမိတ်ကလူတွေက ခုနှစ်လီ၊ ရှစ်လီအကွာကို ရောက်လာပါပြီ။ ယင်နက်ဘိုးဘေးကလည်း အင်အားစုကို ဦးဆောင်လာတာပါ။ သူတို့ကအခု ငါတို့ရှိရာဘက်ကို လာနေပါတယ်။ ငါတို့ရဲ့ အစောပိုင်း ခန့်မှန်းချက်အရ သူတို့ရဲ့ အရေအတွက်က လေးရာကနေ ငါးရာဝန်းကျင်အထိ ရှိပါတယ်”
ဝေါင်း
ဒူးထောက်နေသော ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားက ပြော၍ဆုံးသွားသည်နှင့် အဝေးမှ တစ္ဆေများ အော်ညဉ်းသံ၊ ဝံပုလွေများ အူသံများကိုကြားရသည်။
တခဏခန့်ကြာပြီးနောက် ကြီးမားလွန်းသော အနီရင့်ရောင် အလံကြီးက ထင်ရှားစွာ ပေါ်ထွက်လာသည်။ အမျိုးမျိုးသော ခြားနားပြီး ရက်စက်သည့် တစ္ဆေခေါင်းများကလည်း ထိုနေရာတွင် ရှိနေလေသည်။ အဝေးကကြည့်သောအခါ ထိုအလံသီးသန့်ကတင် မည်းမှောင်လွန်းကာ ဆိုးယုတ်သော အရှိန်အဝါကို လွှတ်ထုတ်ထားလေသည်။
ဝုန်း
ထိုအလံကိုမြင်လိုက်ရုံနှင့် လူအုပ်က ကြောက်လန့်တကြား လူစုခွဲကြသည်။ သူတို့၏မျက်နှာများက ဖြူဖျော့နေကြသည်။
“ဘေးဖယ်ထား ဘေးဖယ်ထား ယင်နက်ဘိုးဘေးက လူကိုသတ်ရင် မျက်တောင်မခတ်တတ်ဘူး။ အားလုံးပဲ သတိထားကြ”
“သေစမ်း ဒီမိစ္ဆာတွေ ဘာလို့လာတာလဲ”
“ဘိုးဘေးငါးယောက် မဟာမိတ်ကလူတွေက ဆိုးယုတ်တဲ့ကိစ္စတွေ အများကြီးကို လုပ်ထားကြတာ။ သူတို့နဲ့ တွေ့လိုက်တာနဲ့ သွေးလွှမ်းရင်လွှွမ်း မလွှမ်းရင် ကပ်ဘေးစိုက်ရောပဲ။ ဒီအဘိုးကြီးကတော့ မူလအမရသိုင်းကို ဘာမှမလုပ်ချင်တော့ဘူး”
ထိုနေရာတွင် စုစည်းနေကြသော သိုင်းပညာရှင်များက ချွေးစေးများပျံသွားကြသည်။ အချို့သော အင်အားနည်းသည့် သိုင်းပညာရှင်များဆိုလျှင် ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးကြပြီဖြစ်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဂိုဏ်းလောက၏ နေ့လည်ခင်း နေမင်းအလားဖြစ်သည်။ မည်သူကမှ သူတို့ကို ထိပ်တိုက်မရင်ဆိုင်ရဲပေ။ လူတိုင်းကလည်း ထိုအဖွဲ့သားများကို ကြောက်လန့်မှုအပြည့်ဖြင့်သာ ကြည့်ကြသည်။ ကြမ်းတမ်းပြီး ဆိုးယုတ်သော ဘိုးဘေးငါးယောက် မဟာမိတ်အတွက်ကမူ လူတိုင်းက သူတို့၏နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းမှလာသည့် ကြောက်လန့်မှုကိုသာ ခံစားမိကြပြီး သူတို့၏ အိမ်မက်ဆိုးများလည်းဖြစ်သည်။ ဘိုးဘေးငါးယောက်မဟာမိတ်သည် ကျွမ်းကျင်ပညာရှင် ဘိုးဘေးငါးယောက်ဖြင့် ဖွဲ့စည်းထားပြီး တစ်ယောက်ချင်းစီတိုင်းက အင်အားကြီးမားကာ ကြောက်စရာကောင်းသည်။ သူတို့ကိုရန်စလျှင် သေရပေလိမ့်မည်။
ဝေါင်း
ချက်ချင်းဆိုသလိုပင် ထိုနေရာကြီးတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။
ဘိုးဘေးငါးယောက် မဟာမိတ်က အရှိန်နှုန်းမြှင့်ကာ ရောက်လာကြသည်။ တခဏအတွင်းတွင် ထိုနေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်ရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ရှိရာသို့ လျှင်မြန်စွာ ချီတက်လာသည်။
ဝှစ်
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ လျှင်မြန်စွာ ရောက်လာနေသော မြင်ကွင်းကို မြင်လိုက်ရုံနှင့် နောက်ကိုဆုတ်ကြသည်။
“စုန့်ယွမ်ယွီ ဒီအဘိုးကြီးက လုံးဝသက်သာသွားပြီ။ ငါတို့ တစ်ယောက်ချင်းစီ မျှမျှတတ တိုက်ခိုက်ကြမလား”
ကျယ်လောင်သောအသံက လောကတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ ထို့နောက် အနက်ရောင် ကြယ်တာရာစွမ်းအင်လှိုင်း တစ်တန်းက လေထုကို ထိုးခွဲလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အလံဆီသို့ တိုးဝင်လာသည်။
“လော့ချီယင် မင်းက မပြောင်းလဲသေးဘူး”
စုန့်ယွမ်ယွီက တည်ငြိမ်စွာဖြင့် လက်ညိုးတစ်ချောင်း ယမ်းလိုက်ပြီး စွမ်းအင်တန်း တစ်တန်းအား ယင်နက်ဘိုးဘေးက ထုတ်လွှတ်လိုက်သည့် အနက်ရောင် ကြယ်တာရာစွမ်းအင်ထံ ပို့လွှတ်လိုက်သည်။
ခြိမ်း
ကြယ်တာရာစွမ်းအင်များက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကာ ပေါက်ကွဲသွားပြီး အချင်းချင်း ဖယ်ရှားလိုက်ကြသည်။
“ဟား ဟား စုန့်ယွမ်ယွီ ကြည့်ရတာမင်းက မင်းရဲ့ ကြယ်တာရာစွမ်းအင် တော်တော်လေး ကုန်ဆုံးနေတဲ့ပုံပဲ”
ထူးဆန်းသော ရယ်သံများက ပေါ်ထွက်လာသလို ဆိုးယုတ်သော စွမ်းအင်များ လွှမ်းခြုံထားခြင်းခံရသည့် ပုံရိပ်တစ်ခုကလည်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် လက်ဝါးတစ်ဖက်ကို ရိုက်ချလိုက်၏။ ကြယ်တာရာစွမ်းအင်များဟာ လိမ့်ဝင်လာသည်။ ထိုကြယ်တာရာစွမ်းအင်များက မည်းမှောင်ကာ ဆိုးယုတ်နေပြီး သံမဏိအလား ခိုင်မာသေးပြန်ကာ အောက်ဘက်သို့ ထိုးဆင်းလာသည်။ ထိုလက်ဖဝါးသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အလံကို ရည်ရွယ်ထားခြင်းမဟုတ်ဘဲ စုန့်ယွမ်ယွီကိုယ်တိုင်ကို ဖြစ်သည်။
“ငါကဘယ်လောက် ကုန်နေကုန်နေ မင်းကိုတော့ ကိုင်တွယ်နိုင်သေးတယ်”
စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။ သူ၏အသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားသည်။ တခဏခန့်ကြာပြီးနောက် သူသည် လေထဲသို့ ထိုးတက်သွား၏။ မြောက်များလှစွာသော ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များကလည်း မုန်တိုင်းစီးကြောင်းများအသွင် ပြောင်းလဲလျှက် လော့ချီယင်ထံ သွားလေသည်။
ဘုန်း ဘုန်း ဘုန်း
တခဏအတောအတွင်းတွင်ပင် ထိုနှစ်ယောက်က တိုက်ကွက်ဆယ်ကွက်ခန့်ကို ဖလှယ်ပြီးကြလေပြီ။ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ အားလုံးက ဂိုဏ်းလောကမှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်သည်။ သူတို့၏ ကြယ်တာရာစွမ်းအင်များက မာကြောပြီး ကျယ်ပြောလေသည်။
စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့အကြားမှ တိုက်ပွဲက ကြမ်းတမ်းသောလေပြင်းများကို ဖြစ်ပေါ်စေသည်။ လေကပင် ပြင်းထန်လေးလံသော အားလှိုင်းများအသွင် ပြောင်းလဲလျှက် ရိုက်ပုတ်ခံရရင်း ဟိန်းဟောက်နေသည်။
ဘုန်း
လေထုအားလှိုင်းများက မြေပြင်ကို ရိုက်ချလာသောအခါ မြေကမ္ဘာကပင် တသိမ့်သိမ့်တုန်သွားပြီး ဖုန်မှုန့်များနှင့် အုတ်ကျိုးအုတ်ပဲ့ ပစ္စည်းများကို မြောက်တက်လာစေသည်။
“အား”
ပတ်ဝန်းကျင်မှ လူများက အလန့်တကြား အော်ဟစ်လျှက် မြွေများ၊ ကင်းမြှီးကောက်များနှင့် ကြုံတွေ့သလိုမျိုး နောက်ဆုတ်ကြသည်။ ထိုအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထုတ်လွှတ်ထားသည့် ကြယ်တာရာစွမ်းအင်ဖြင့် အရိုက်ခံရပါက သေချာပေါက် သေပေလိမ့်မည်။
“ဟွန်း စုန့်ယွမ်ယွီ ဒီအဘိုးကြီးက မင်းကိုဖျော်ဖြေပေးမယ်”
အေးစက်သောအသံက ထွက်လာပြီး ထိုထဲတွင် ဖော်ပြရန်ခက်ခဲလောက်အောင် ဆိုးယုတ်သော ခံစားချက်များက ပါဝင်သည်။
ထိုသို့ဖြင့် သတိပေးချက် အလျဉ်းမရှိလေဘဲ မြေပြင်မှ လီတစ်ဆယ်ကျော် ဝန်းကျင်အတောအတွင်းတွင် ရှိသော ဖုန်မှုန့်များအားလုံးက တုန်ခါလျှက် မြောက်တက်လာရင်း ဖုန်ပင်လယ်အသွင် ပြောင်းလဲပစ်လိုက်သည်။ ထို့ပြင် တစ်ချိန်ထဲလိုလို ဂိုဏ်းသိုင်းပညာရှင်များ၊ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက အလန့်တကြား အော်ဟစ်ကြသည်။ အကြောင်းမူကား သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များ၏ လည်ပတ်မှုက ရုတ်တရက်ကြီး နှေးကျသွားကြောင်း အာရုံခံမိလိုက်၍ဖြစ်သည်။
ဘယ်လောက်တောင် အင်အားကြီးမားတဲ့ ဆိုးယုတ်တဲ့ စွမ်းအားလဲ။
ဝမ်ချောင်က အလန့်တကြားဖြစ်သွားသည်။ သူကိုယ်တိုင်ကပင် အသံလာရာဘက်သို့ကြည့်သည်။
သူသည်လည်း ဆယ်ပေကျော်ခန့်အကွာ တစ်နေရာ မြေပြင်ထဲမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းတစ်ရပ်က လေထုအတွင်း ပြည့်နှက်သွားကြောင်း ခံစားလိုက်ရသည်။ ထိုစွမ်းအင်သည် အငွေ့ပျံနိုင်စွမ်းရည် အမြင့်ဆုံး တည်ရှိနေလေပြီး မည်သည့်အရာနှင့်မှ သန့်စင်၍မရလောက်ပေ။ ထို့အပြင် ဒီနေရာတွင်ရှိနေသော သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းမှ ဖြောင့်မတ်ကာ တောက်ပသော ကြယ်တာရာစွမ်းအင်များနှင့် လေထဲရှိ ဝိညာဉ်စွမ်းအင်များအကြားတွင် ကွဲထွက်သလိုမျိုး ဖြစ်နေလေသည်။ မိစ္ဆာလမ်းကြောင်းကိုလျှောက်သော သိုင်းပညာရှင်များ၏ ကိုယ်အတွင်းမှ စွမ်းအားများကမူ ပို၍ပင် စစ်မှန်သေးသည်။
ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းကို လျှောက်သောသူဖြစ်စေ၊ ဆိုးယုတ်သောလမ်းကြောင်းကို လျှောက်သောသူများဖြစ်စေ သူတို့၏ ကြယ်တာရာစွမ်းအင်များက ထိုစွမ်းအင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်မိရုံနှင့် လည်ပတ်မှု နှေးကွေးသွားကြောင်း ခံစားမိလိုက်မည်ဖြစ်သည်။ ဝမ်ချောင်ကပင် သက်ရောက်ခံရ၏။ သို့ရာတွင် ဝမ်ချောင်သည် အတွေးတစ်ခုနှင့်တင် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ထိုစွမ်းအားများကို သူ၏ခြေထောက် အောက်ခြေတွင်ရှိသော ယုံချွမ်အမှတ်သို့ ပို့ရင်း မြေပြင်ထဲသို့ ပြန်ပို့နိုင်သည်။
“ဒဏ္ဍာရီတစ္ဆေဘိုးဘေး”
မရေမတွက်နိုင်သော သိုင်းပညာရှင်များက အလန့်တကြား အော်ဟစ်လျှက် နောက်ဆုတ်ကြသည်။ သူတို့သည် ယင်နက်ဘိုးဘေး လော့ချီယင်ထက်ပင် ထိုလူကို ပိုကြောက်ကြပုံပေါ်သည်။
တခဏခန့်ကြာပြီးနောက် အနက်ရောင်စွမ်းအားများက လိမ့်တက်လာရင်း တစ္ဆေအော်ညဉ်းသံများက ကပ်ပါလာသည်။ လက်ကျယ်သောဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ဘိုးဘေးငါးယောက် မဟာမိတ် တပည့်ဂိုဏ်းသားများ၏ အနောက်ဘက်မှ ခုန်တက်လာရင်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီကို တိုက်ခိုက်သည်။
ခီး...
ဒဏ္ဍာရီတစ္ဆေဘိုးဘေးက လက်ဝါးတစ်ချက်ကို ထုတ်လိုက်သောအခါ စူးရှသည့်အော်သံက ထွက်ပေါ်လာသည်။ မြေပြင်မှ အနက်ရောင်စွမ်းအင်များက အပေါ်သို့ မြောက်တက်လာရင်း မရေမတွက်နိုင်သော တစ္ဆေစစ်သည်တော်များအသွင် ပြောင်းလဲသွားသည်။ ထို့နောက် တစ္ဆေဗိုလ်ချုပ်များ၊ အရိုးခြောက်များ၊ ဘုရင်များ၊ မကောင်းဆိုးဝါးများ အမျိုးမျိုး ပြောင်းလဲကြသည်။ အားလုံးက စူးရှစွာအော်ဟစ်ပြီး ငိုညဉ်းနေကြ၏။ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ လက်ဖဝါးက ရှေ့သို့တွန်းလိုက်ရုံဖြင့် ထိုများပြားလွန်းသော တစ္ဆေစစ်တပ်က စုန့်ယွမ်ယွီထံ ချီတက်သွားသည်။
ထိုအခိုက်အတန့်တွင် မည်းမှောင်ပြီး ဆိုးယုတ်သောစွမ်းအင်က အဆတစ်ရာမက မြင့်တက်သွားသည်။ ထို့ကြောင့် သိပ်သည်းလွန်းသဖြင့် မွန်းကြပ်လုနီးပါး ဖြစ်စေလေသည်။ ပို၍အရေးကြီးသည်မှာ လူတိုင်းကလည်း အဆုံးအစမဲ့သော တစ္ဆေသရဲများနှင့် မိစ္ဆာများထံမှ ပြင်းထန်လွန်းသည့် ဆွဲစုပ်အားတစ်ရပ်ကို ခံစားမိကြသည်။ သို့သော် ဆွဲယူခံရသည်မှာ သူတို့၏စွမ်းအားမဟုတ်ဘဲ ဝိညာဉ်ဖြစ်နေသည်။
“ဒဏ္ဍာရီတစ္ဆေ မဟာယင်သိုင်း”
“အားလုံးပဲ နောက်ဆုတ်ကြ”
သိုင်းပညာရှင်တစ်ယောက်က ထအော်သည်။ ချက်ချင်းဆိုသလိုပင် အသည်းအသန် ထွက်ပြေးသော ဖြစ်ရပ်မျိုးက ဖြစ်ပေါ်လာသည်။
လူအုပ်အတွင်း ထိတ်လန့်မှု၊ ကြောက်လန့်မှုများက ချက်ချင်းလိုလို ပျံ့နှံ့သွားသည်။ သူတို့က အချင်းချင်း တွန်းထိုးလျှက် အလန့်တကြား ထွက်ပြေးကြ၏။ အချို့သော သိုင်းပညာရှင်များဆိုလျှင် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ထွက်ပြေးရန်ကြိုးစားကြသည်။ ဒီနည်းအားဖြင့် အခြားသော လူများ၏ ခေါင်းကိုကျော်ကာ ပြေးကြသည်။
ဘန်း ဘန်း ဘန်း
ဂိုဏ်းသိုင်းပညာရှင်များ၊ ဘိုးဘေးငါးယောက် အဖွဲ့မှ ဂိုဏ်းသားများက မြေပြင်ပေါ်သို့ လဲကျကုန်ကြပြီး အချိန်မှီ မထွက်ပြေးနိုင်ကြပေ။ သူတို့၏ အသွေးအသားများက စတင်ကာ ကျုံ့လာ၏။ သူတို့က မသေသေးခင် ကြောက်လန့်တကြား မျက်လုံးပြူးထွက်နေကြသည်။
“သေစမ်း ဒဏ္ဍာရီတစ္ဆေဘိုးဘေး ငါမင်းနဲ့ ကစားပေးမယ်”
ထို့နောက် ကျယ်လောင်သော အော်သံနှင့်အတူ ပုံရိပ်တစ်ခုက လေထဲသို့ ခုန်တက်သွားသည်။
ရှဲ့ကွမ်းထင်က လက်ဝါးတစ်ချက် ဆန့်ထုတ်လိုက်သောအခါ ပြင်းထန်လွန်းသော စွမ်းအားများက ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ ဒဏ္ဍာရီတစ္ဆေ မဟာရင်ယန်သိုင်းထံသို့ ဝင်ရောက်သွားလေသည်။
ခလွက်
မြေကမ္ဘာ ကွဲအက်သောအသံများက ထွက်ပေါ်လာပြန်သည်။ အဆုံးအစမဲ့သော ဆိုးယုတ်သည့် စွမ်းအားများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ စုတ်ဖြဲခံရပြီး မရေမတွက်နိုင်သော ကွဲအက်ကြောင်းများအသွင် ပြောင်းလဲကုန်သည်။ တစ္ဆေစစ်သားများ၊ ဗိုလ်ချုပ်များ၊ မိစ္ဆာများ... အားလုံးကပင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သည်အထိ စုတ်ဖြဲခံလိုက်ရသည်။
ဘုန်း ဘုန်း ဘုန်း
စုန့်ယွမ်ယွီက ယင်နက်ဘိုးဘေးနှင့် တိုက်ခိုက်နေချိန်တွင် ရှဲ့ကွမ်းထင်က ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် တိုက်ခိုက်သည်။ နှစ်ဖက်လုံးက ကောင်းကင်တွင် ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။
သို့သော် တခဏခန့်ကြာပြီးနောက် ကြယ်တာရာစွမ်းအင် ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြန်ကာ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က အချင်းချင်း လူစုခွဲလိုက်ကြသည်။ တစ်စက္ကန့်ခန့် ကြာပြီးနောက် ဒဏ္ဍာရီတစ္ဆေ ဘိုးဘေးကလည်း လေထဲတွင် နောက်ပြန်ခုန်ရှောင်လျှက် ဒဏ္ဍာရီတစ္ဆေဂိုဏ်း၏ အလံပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုအခါမှသာ လူတိုင်းက သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ နာမည်ကြီးကျော်ကြားပြီး ဘိုးဘေးငါးယောက် မဟာမိတ်ထဲတွင်ပင် ရက်စက်လွန်းသော ထိုပုဂ္ဂိုလ်က နှာတံကောက်ကောက် အသားမည်းမည်းနှင့်ဖြစ်သည်။ သူ၏လက်များကလည်း ငှက်တစ်ကောင်၏ လက်သည်းများကဲ့သို့ ကွေးကောက်နေ၏။ အရာအားလုံးထဲတွင် ထင်မြင်ချက်အကြီးဆုံး ဖြစ်စေသည်မှာ သူ၏ ကျဉ်းမြောင်းကာ ပိန်းပိတ်အောင် မည်းမှောင်နေသည့် မျက်ဝန်းတစ်စုံဖြစ်သည်။
အခြားတစ်ဖက်ခြမ်းတွင် ရှဲ့ကွမ်းထင်က အင်္ကျီလက်ကို ခါယမ်းလျှက် သစ်ရွက်တစ်ရွက်လို မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏ဝတ်စုံပေါ်တွင် ဖုန်တစ်စပင် မကပ်လာပေ။
နှစ်ယောက်လုံးဟာ နောက်ဆုတ်ရန် ရွေးချယ်လိုက်ကြသည်။
ယင်နက်ဘိုးဘေးက တိတ်ဆိတ်မှုကို စကားတစ်ခွန်းနှင့် ဖြိုခွဲသည်။
“ဟား ဟား စုန့်ယွမ်ယွီ သိုင်းပညာလောကက လူတိုင်းက မင်းကို အမြင်စူးရှပြီး ထက်မြက်တဲ့ မျက်လုံးပိုင်ရှင်လို့ ပြောကြတယ်။ ဒါပေမဲ့ မင်းမသိတဲ့ ကိစ္စတစ်ခုတော့ရှိတယ်”
သူကရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး ဆိုးယုတ်စွာ ရယ်လိုက်သည်။ ထို့နောက် တစ်ချက် ခုန်လိုက်ပြန်၏။ လေထဲသို့ရောက်သွားသောအခါ အနက်ရောင် စွမ်းအားလှိုင်းများက သူ့ကို ပတ်ပတ်လည်ဝိုင်းလျှက် လိမ့်တက်လာသည်။ သူက စုန့်ယွမ်ယွီထံ အနက်ရောင် ဥက္ကာခဲတစ်တုံးလိုမျိုး ထိုးဆင်းဝင်ရောက်လာသည်။
“မင်းမှာ လှည့်ကွက်တွေ ကုန်သွားပြီ”