← Chapters

အခန်း (၁၃၇၆-၁၃၈၀)

Vol. 82 Ch. 1376-1380

အခန်း (၁၃၇၆-၁၃၈၀)

Vol. 82 Ch. 1376-1380

အခန်း(၁၃၇၆)

“မဟာမိတ်အရှင်စုန့်က ဒီနေရာမှာ ရှိနေတာဆိုတော့ လုံခြုံမှုကရှိပြီးသား။ မင်းအနေနဲ့ ဘာများစိုးရိမ်စရာ လိုမှာလဲ”

ဝမ်ချောင်၏ နောက်ဆုံးစကားလုံးများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားကို စိတ်အေးသွားစေသည်။ သူသည်လည်း သတ္တိအချို့ကို စုစည်းလိုက်နိုင်၏။ တစ္ဆေဇီးကွက်သည် လေးစားဖွယ်ကောင်းသည်။ သို့သော် မဟာမိတ်အရှင်စုန့်က ခြားနားလွန်းသော အဆင့်ကြီးတစ်ခုတွင် ရှိနေလေသည်။ ယင်နက်ဂိုဏ်းကသာ သူ့ကိုသတ်ရန် ကြိုးစားမည်ဆိုပါက အောင်မြင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။

“သခင်လေး စိတ်အေးအေးထား ငါကအင်အားအကုန်သုံးပြီး တိုက်ခိုက်မှာ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားက အင်အားအပြည့်နှင့် ပြောလိုက်သည်။

ဒီတိုက်ပွဲက မရေမတွက်နိုင်သော လူပေါင်းများစွာ၏ တိုက်ပွဲကို ဆွဲဆောင်ထားသည်။ ယခုအခါ လူအုပ်ကလည်း ဘိုးဘေးငါးယောက် မဟာမိတ်နှင့် သခင်လေးချင်းယန်၏ စွမ်းအားကို မြင်ခဲ့ပြီးသားဖြစ်သည်။ သူတို့သည်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ သခင်လေးချင်းယန်ကို မျှော်လင့်စောင့်စားနေကြ၏။ တစ်ယောက်ကတော့ဖြင့် အတုဖြစ်ရပေမည်။ ထိုသို့ဖြင့် နှစ်ယောက်က ရှေ့ထွက်လိုက်သောအခါ လေထုက တင်းကြပ်လာသည်။

“ကြည့်ရတာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်ခြမ်းက အတုဖြစ်လောက်တယ်။ ငါသုံးကွက်ထဲနဲ့ သူလဲကျသွားမယ်လို့ လောင်းတယ်”

“သုံးကွက်ဟုတ်လား မင်းရူးနေလား။ တစ္ဆေဇီးကွက်ရဲ့ တစ္ဆေအကျဉ်းထောင် ကြယ်တာရာစွမ်းအင်က ခြေသုံးလှမ်း မလှမ်းနိုင်သေးခင် မြေပြင်ကိုလဲကျသွားအောင် လုပ်နိုင်မှာပဲ”

လူအုပ်ထဲတွင် စကားများနေသော လူတိုင်းနီးပါးက ဝမ်ချောင်အတွက် မကောင်းသော ထင်မြင်ချက်များ ရှိနေကြသည်။

“သူ့ကိုသတ်”

တစ္ဆေဇီးကွက်က ခံစားချက်ကင်းမဲ့စွာနှင့် တိုက်ပွဲနေရာသို့ ဝင်ရောက်လာသည်။ ထိုအချိန်တွင် သူ၏နားနား ကပ်ပြောသော တိုးလျသည့်အသံကို ကြားလိုက်ရသည်။ သူက မှင်သက်သွားသော်လည်း ခပ်မြန်မြန် နားလည်လိုက်သည်။

သူက ကြယ်တာရာစွမ်းအင်များကို စုစည်းနေသည့် အချိန်တွင် သူနှင့်မျက်နှာချင်းဆိုင်မှ ပုံရိပ်တစ်ခုက ရုတ်တရက် ရှေ့သို့ခုန်တက်သွားပြီဖြစ်သည်။ တစ္ဆေဇီးကွက်က အံ့ဩသွားသော်လည်း ဒါဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း ခပ်မြန်မြန် သိသွားသည်။ အဆင့်မြင့်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်လောက်က အရင်လက်ဦးမှုယူကာ တိုက်ခိုက်ရဲသည်။

“ဟွန်း သေချင်နေတာပဲ”

တစ္ဆေဇီးကွက်က လိုက်ရောညီထွေ မနေတတ်သလို သုန်မှုန်သော စိတ်နေသဘောထားရှိသည်။ သို့သော် သူက

အခန်း(၁၃၇၇)

“ငါ့မျက်စိရှေ့က ထွက်သွားစမ်း”

ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။ ယင်နက်ဘိုးဘေးက အလွန်အမင်း တင်းမာလွန်းသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ သူသည် တစ္ဆေဇီးကွက်ကို ရွေးချယ်ခဲ့သောသူဖြစ်သည်။ တစ်ဖက်သူ၏ အရှုံးက ဝမ်ချောင်ဟာ သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားတော့ပေ။

“ကောင်းတယ်”

“သခင်လေးချင်းယန် သူက သခင်လေးချင်းယန်ပဲ”

“အခြားတစ်ဖက်ခြမ်းက အတုဖြစ်မယ်။ သူစပြီး ပြေးနေလောက်ပြီ”

တခဏကြာအောင် တိတ်ဆိတ်ပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်း ကျယ်လောင်စွာ အော်ဟစ်အားပေးသံများက ပြည့်နှက်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များကို ဘိုးဘေးငါးယောက် မဟာမိတ်ဘက်က သုံးကြိမ်ဆက်တိုက် အလဲထိုးခဲ့ခြင်းဟာ သူတို့အား အငမ်းမရ ပင့်သက်ရှိုက်စေရင်း စိတ်ဓာတ်ထိုးကျစေခဲ့သည်။ သို့သော် ယခုလို ကလဲ့စားချေနိုင်မှုကို ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ထိုအခိုက်အတန့်ကို အရယူလျှက် ဘိုးဘေးငါးယောက် မဟာမိတ်ကို ကျယ်လောင်စွာ ရက်စက်စွာ လှမ်းလှောင်ခြင်းဖြစ်သည်။

ယင်နက်ဘိုးဘေး၏ အမူအရာဟာ ချက်ချင်းဆိုသလိုပင် ကြည့်ရဆိုးသွားသည်။

“မျိုးမစစ်ကောင်”

ဘိုးဘေးငါးယောက် မဟာမိတ်မှ အစစ်အမှန် သခင်လေးချင်းယန်အတွက်ကမူ သူ၏လက်များကိုသာ လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် မျက်နှာက နီရဲနေပြီဖြစ်သည်။ အစစ်အမှန် သခင်လေးချင်းယန်သည် ထိုနေရာတွင်ရှိနေသည်။ သို့သော် လူအုပ်ကမူ သခင်လေးချင်းယန် အတုကိုသာ အော်ဟစ်အားပေးနေကြ၏။ ထိုအခြေအနေဟာ လှောင်ရယ်သည်ထက် မပိုတော့ချေ။

“သခင်လေး ဒီလူက မရိုးရှင်းဘူး”

သခင်လေးချင်းယန်၏ အနောက်ဘက်မှ အစောင့်က ခပ်တိုးတိုးပြောသည်။ သူ၏မျက်မှောင်က ကျုံ့နေရင်း ညာဘက်လက်ကိုလည်း ခါးရှိ ဆေဘာဓားပေါ်သို့ တင်ထားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အန္တရာယ်များပြီး ရက်စက်သော အရှိန်အဝါကို လွှတ်ထုတ်ထားသည်။

သူသည် သခင်လေးချင်းယန်ကို ကာကွယ်ရန် တည်ရှိနေခြင်းဖြစ်သည်။ သူ၏သခင်လေးချင်းယန်ကို ဒုက္ခပေးသူဖြစ်စေ၊ မလေးစားသူဖြစ်စေ အသတ်ခံရပေမည်။

သခင်လေးချင်းယန်က ဒေါသကိုဖိနှိပ်လျှက် တင်းမာစွာပြောသည်။

“ငါသူ့ကိုအထင်သေးမိတာ”

သူသည် မူလကမူ ယင်နက်ဘိုးဘေးနှင့် လိုက်လာခြင်းအားဖြင့် အတုအယောင် ချင်းယန်ကိုကြည့်လျှက် စိန်ခေါ်မည်ဟု ရည်ရွယ်ထားသည်။ ဒီနည်းအားဖြင့် ထိုအတုအယောင်ဟာ နောက်ဆုတ်သွားမည်ဟု မျှော်လင့်ထားသည်။ သို့သော် ယခုအခါ သူ၏အတွေးဟာ ရိုးရှင်းလွန်းကြောင်း သိသာနေပြန်သည်။ ယခုထုတ်ပြထားသော အနေအထားအရ သူသည် အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူမျှော်လင့်ထားသော သာမာန်ဟန်ဆောင်သူ မဟုတ်ပေ။

သို့သော် ထိုသို့ဖြစ်လာလေလေ သူ့အနေဖြင့် ထိုအတုအယောင်ကို မလွှတ်ပေးနိုင်တော့လေလေဖြစ်သည်။ သိုင်းပညာလောကအပေါ် နားလည်သဘောပေါက်မှုအရ သူသည် မည်သူ့ကိုမဆို မရှုံးနိုင်ပေ။

“သူလူတိုင်းရဲ့ရှေ့မှာ ဘယ်လောက်ထိ ဟန်ဆောင်မလဲ ငါကြည့်မယ်”

သခင်လေးချင်းယန်၏ မျက်လုံးအတွင်း အေးစိမ့်သောအလင်းက ဖြတ်ပြေးသွားသည်။

ဝုန်း

လူအုပ်က ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့ ပါဝင်ပတ်သတ်သော ထိုရန်ပွဲက နာမည်ကျော်ကြားသော သခင်လေးချင်းယန်နှင့် သက်ဆိုင်နေသည်။ လူတိုင်းကလည်း လာရောက်ကြည့်ရှု့နေရင်း ထိုဖြစ်ရပ်တစ်ခုလုံးကို ပြဇာတ်တစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် ယခုဇာတ်ကြောင်းက ပို၍ရှုပ်ထွေးကာ စိတ်ရှုပ်ထွေးစရာ ဖြစ်လာသောအခါ လူတိုင်းနီးပါးကလည်း အာရုံစိုက်မိသွားကြသည်။

“နှစ်ယေက်လုံးက ဒီလောက်ကြောက်စရာကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာ။ ဒါပေမဲ့ ဘယ်တစ်ယောက်က သခင်လေးချင်းယန်အစစ်လဲ”

လူအုပ်က ဝမ်ချောင်ကိုကြည့်သည်။ ထို့နောက် အခြားတစ်ဖက်ခြမ်းမှ သခင်လေးချင်းယန်ကို ပြန်ကြည့်ပြန်သည်။ သူတို့၏စိတ်ကလည်း ထိုမေးခွန်းဖြင့် လွှမ်းမိုးခြင်းခံရသည်။

“ယင်နက်ဘိုးဘေး မင်းရလဒ်ကို မြင်ပြီပဲ။ ထပ်ပြောချင်တာ ရှိသေးလား”

စုန့်ယွမ်ယွီက နောက်ဆုံးတွင်ပြောသည်။ သူ၏ မျက်နှာတွင် ခံစားချက်ကင်းမဲ့စွာနှင့် ယင်နက်ဘိုးဘေးကို ကြည့်သည်။

“ဟား ဟား မပြီးသေးဘူး။ စုန့်ယွမ်ယွီ မင်းကဘာကို အလျင်လိုနေတာလဲ။ ဒါမှမဟုတ် မင်းတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လူပေါင်းများစွာရဲ့အရှေ့မှာ အရှုံးကို လက်မခံနိုင်ဘူးလို့ ပြောချင်တာလား”

ယင်နက်ဘိုးဘေးက ပြန်လည်ငြင်းခုံရင်း အေးစက်စွာ လှောင်လိုက်သေးသည်။

စုန့်ယွမ်ယွီက ပြန်လည်ငြင်းသည်။

“ဒီကိစ္စက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာပြီ”

ယင်နက်ဘိုးဘေး၏ မျက်ဝန်းအတွင်း ရက်စက်မှုက ပေါ်ထွက်လာသည်။

“အခု မဟာမိတ်အရှင်စုန့်နဲ့ငါက အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်စီရွေးမယ်။ စိတ်အေးအေးထား ငါပဲဖြစ်ဖြစ်၊ မဟာမိတ်အရှင်စုန့်ကပဲဖြစ်ဖြစ် လှည့်ကွက်တွေ မသုံးဘူး။ သူတို့ရဲ့အင်အားက အဆင့်တူစေရမယ်။ ဒါပေမဲ့ ငါကြိုတင်ပြီးတော့ သတိပေးထားမယ်။ ဒီတိုက်ပွဲပြီးရင် ဘယ်သူကရှုံးရှုံး အဲ့ဒီသခင်လေးချင်းယန် အတုက သေရမယ်”

ဝှစ်

ဝမ်ချောင်က မည်သည့်အမူအရာမှ မပြချေ။ သို့သော် သခင်လေးချင်းယန်၏ အမူအရာက အနည်းငယ် ဖြူဖျော့သွားသည်။ ယင်နက်ဘိုးဘေးကမူ ယခင်ကသူ့ကို ဒီစကားမျိုးမပြောဖူးချေ။

“ဟား ဟား ဒီလောကက လူတိုင်းကလည်း သခင်လေးချင်းယန်က သိုင်းပညာလောကက သိုင်းတိုင်းကို သူ့ရဲ့လက်ခုံလို သိထားတယ်ဆိုတာကို သိထားကြပြီးသား။ မင်းတို့နှစ်ယောက်လုံးက မင်းတို့ရဲ့ သိုင်းပညာရှင်အသီးသီးကို တိုက်ပွဲမှာ ညွှန်ကြားနိုင်တယ်။ ရှုံးတဲ့သူကအတုပဲ”

ယင်နက်ဘိုးဘေးက ဆိုးယုတ်သောအကြည့်နှင့် ဝမ်ချောင်နှင့် သခင်လေးချင်းယန်ကို ရှေ့ပြန်နောက်ပြန် ကြည့်သည်။

“မင်းတို့ထဲက ဘယ်သူကမှ မဟာမိတ်အရှင်စုန့်နဲ့ငါ့ကို လူပေါင်းများစွာရဲ့ရှေ့မှာ လိမ်ညာပြီး ထွက်သွားနိုင်မယ်လို့ မထင်ထားနဲ့”

ဝမ်ချောင်က သူ၏လက်ကို ကျောဘက်သို့ပို့ထားရင်း ယုံကြည်မှုရှိစွာပြောသည်။

“ယင်နက်ဘိုးဘေး ခင်ဗျားမှာ တကယ်နှလုံးသားဆိုး ရှိတာပဲ။ ဒါပေမဲ့ ငါတော့ မရှုံးဘူး”

သခင်လေးချင်းယန်က သိုင်းပညာလောကတွင် သိုင်းပညာများကို နှံ့စပ်မှုကြောင့် လူသိများ ကျော်ကြားသော်လည်း ဝမ်ချောင်ကမူ ပို၍များပြားသော သိုင်းပညာများကို မြင်ဖူးသည်။ ထို့ပြင်သူသည် သခင်လေးချင်းယန်လောက် ရှာဖွေထားခြင်းမျိုး မဟုတ်ပေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် စွမ်းအင်လောက ရှိသေးသည်။ ဆရာဖြစ်သူကဲ့သို့သော စွမ်းရည်မျိုးကြောင့် သူသည် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ကျင့်ကြံပြီး ရရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့သော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရစေကာမူ ကြယ်တာရာစွမ်းအင်များ စီးဆင်းပုံကတစ်ဆင့် ချက်ကောင်းနေရာများကို ရှာနိုင်သည်။ ဒီနည်းအားဖြင့် အားနည်းချက်ကို တွေ့နိုင်သည်။

ဒီနည်းအားဖြင့် ဝမ်ချောင်သည်လည်း သခင်လေးချင်းယန်နည်းတူ ခြားနားသော နည်းလမ်းမျိုးကိုသုံးသည့် ရလဒ်မျိုးကို ရနိုင်သည်။

“ဟား ဟား ကောင်လေး မင်းမှာသတ္တိရှိတယ်”

ယင်နက်ဘိုးဘေး၏ ဖြူဖွေးသောသွားများက ထင်းထွက်လာရင်း ထူူးဆန်းစွာ ရယ်ပြန်သည်။

“ဟွန်း ဒါဆိုလည်း စရအောင်။ ငါက သခင်လေးချင်းယန်အစစ်ပဲ ဘယ်သူမှငါ့ကို မတုပနိုင်ဘူး”

သခင်လေးချင်းယန်က အစပိုင်းတွင် တုန့်ဆိုင်းနေသေးသည်။ သို့သော် သူသည် နက်နဲသော ရှု့ထောင့်တစ်ခုမှ ကြည့်ရှု့ထားနိုင်သလို အင်အားက လိုအပ်ချက် ရှိနေသေးသည့်တိုင်အောင် သူသည် ယင်နက်ဘိုးဘေးကဲ့သို့ သိုင်းပညာလောက၏ လူထွားတစ်ယောက်၏ရှေ့တွင် ကြောက်လန့်တတ်သည်။ သို့သော် ဝမ်ချောင်၏ ရန်စသော စကားလုံးများက သူ့ကိုတွန်းအားပေးလိုက်သည်။

“ဟား ဟား ကောင်းပြီ”

ယင်နက်ဘိုးဘေးက ကျယ်လောင်စွာ အော်ရယ်သည်။

“မဟာမိတ်အရှင်စုန့် မင်းမှာငြင်းစရာရှိလား”

“ဘိုးဘေးအိုကြီး ပြောတဲ့အတိုင်းလုပ်မယ်”

စုန့်ယွမ်ယွီက ထိုသို့သာ ပြန်ပြောလိုက်သည်။ သူတို့ဟာ စတင်ပြီးပြီဆိုကတည်းက အဆုံးသတ်ထိ သွားရပေမည်။

လူအုပ်ကလည်း စတင်ကာ ပွက်လောရိုက်သွားကြပြန်သည်။ သူတို့က ဝမ်ချောင်နှင့် သခင်လေးချင်းယန်အကြား ရှေ့ပြန်နောက်ပြန် ကြည့်ကြပြန်သည်။

“ဘယ်သူနိုင်မှာလဲလို့ ငါသိချင်မိတယ်”

ဒီအဆင့်တွင် ဖြစ်ပျက်သမျှ အရာအားလုံးက လူတိုင်းကို စိတ်ဝင်စားစေနေပြီဖြစ်သည်။ မည်သူက အတုဖြစ်နေစေကာမူ သခင်လေးချင်းယန်သည် ထိုအခိုက်အတန့်အထိ ယှဉ်နိုင်နေကတည်းက သာမာန်လူ မဖြစ်နိုင်တော့ပေ။

ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ကလည်း အသီးသီးသော ကျွမ်းကျင်ပညာရှင်များကို ခပ်မြန်မြန် ရွေးလိုက်ကြသည်။ ဒီတစ်ကြိမ်တွင် နှစ်ယောက်လုံးက မျှတစွာရွေးချယ်ကြသည်။ နှစ်ယောက်လုံးက စွမ်းအားချင်းတူ၏။ မည်သူကမှ လှည့်ကွက်များကို မသုံးထားကြပေ။ အင်အားချင်း အနည်းငယ် ကွာခြားမည်ဆိုလျှင် ကွာခြားချက်က လျစ်လျူရှု့၍ ရလောက်သည်။

“စမယ်”

ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့ နှစ်ယောက်လုံးက ရှေ့ထွက်ကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများက သူတို့ဆီသို့ရောက်နေ၏။ ပွဲကြီးပွဲကောင်းကြည့်ရန်လာသော သိုင်းပညာရှင်များကပင် အပြုံးများ ရပ်သွားကြလေ၏။

ထိုတိုက်ပွဲကို လူတိုင်းက မျှော်လင့်စောင့်စားနေကြ၏။ အရှုံးသမားကမူ လူအုပ်၏အရှေ့တွင် ကွပ်မျက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းသောပွဲမျိုး မဟုတ်တော့ချေ။ ထို့ကြောင့် ပြုံးနေရန် မတန်တော့ပါချေ။

ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က ရှေ့ထွက်ကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်၏ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကလည်း အလားတူသာလျှင်ဖြစ်သည်။

သခင်လေးချင်းယန်က တစ်ဖက်သူကိုကြည့်ရင်း တည်ငြိမ်စွာပြောသည်။

“မင်းအမှားလုပ်မိသွားပြီ မင်းအနေနဲ့ ငါအဖြစ်ဟန်ဆောင်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွင်းကို မဝင်ရောက်ခဲ့သင့်ဘူး။ အခု ငါမင်းကို ကူညီချင်ရင်တောင် မတက်နိုင်တော့ဘူး”

“အိုး”

ဝမ်ချောင်က မျက်ခုံးအသာပင့်သည်။ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွား၏။ အရာအားလုံးကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် ထိုသခင်လေးချင်းယန်သည် ဝမ်ချောင်၏ တစ်ဖက်သူပေါ် ထင်မြင်ချက်မျိုးကို မြင့်တက်စေသည်။

“စိတ်အေးအေးထား ငါမရှုံးဘူး”

ဝမ်ချောင်ကရယ်သည်။

“ဟွန်း ခေါင်းတကယ်မာတယ်”

သခင်လေးချင်းယန်က အံ့ကိုကြိတ်လိုက်သည်။ သူ၏အသားအရောင်က မည်းမှောင်သွားသည်။

“ဒီလိုဆိုမှတော့ ငါမင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်”

စိတ်အခြေအနေက ချက်ချင်းလိုလို တောင့်တင်းသွားပြန်သည်။

ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကလည်း တဖြည်းဖြည်းချင်းစီ ရှေ့ထွက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။ သူတို့၏ မျက်နှာထားများက ဝမ်ချောင်နှင့် သခင်လေးချင်းယန်ထက်ပင် ထိတ်လန့်နေသေးသည်။

မည်သို့ပင်ဆိုစေ ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့ နှစ်ယောက်လုံးက ပါးစပ်ကိုသာ လှုပ်ရမည်ဖြစ်ပြီး သူတု့ိကမူ အစစ်အမှန် တိုက်ခိုက်ရမည်ဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့က တစ်နေရာတည်းတွင် စုစည်းနေကြသောအခါ မည်သို့သော အကြောင်းပြချက်ကြောင့်ဖြစ်စေ တိုက်ပွဲသာ သေချာပေါက် ဖြစ်ရပေလိမ့်မည်။ သွေးလွှမ်းသော တိုက်ပွဲပင် ဖြစ်နိုင်သည်။

တိုက်ပွဲက ခပ်မြန်မြန် စတင်သည်။ နှစ်ဖက်လုံးမှ ကျွမ်းကျင်ပညာရှင်များက နီးကပ်သထက် နီးကပ်လာသည်။ သို့သော် ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့ကမူ ဆက်လက်ပြီး တိတ်ဆိတ်နေကာ ညွှန်ကြားမှုများ မပေးကြပေ။

ယခင်ကတိုက်ပွဲများတွင် နှစ်ယောက်လုံးက ပြိုင်ဘက်အသီးသီး၏ စွမ်းအင်များကို အကြမ်းဖျင်း နားလည်ထားကြပြီးသားဖြစ်သည်။ သူတို့၏ ပါရမီအဆင့်နှင့် စွမ်းရည်အဆင့်မျိုးတွင် မလိုအပ်သော ကိစ္စများ လုပ်ရန်မလိုအပ်ပါချေ။

ဘန်း

လူတိုင်းကလည်း ထိုနှစ်ယောက်က ဆက်လက်ပြီး အရှိန်ဆွဲတော့မည်ဟု ထင်ထားသည့် အခိုက်တွင် သူတို့ဟာ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုက်သည်။ ထိုသို့ဖြင့် ခေါင်းမာကာ ဖြောင့်မတ်သော ကြယ်တာရာစွမ်းအင်က ဆိုးယုတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ကြယ်တာရာစွမ်းအင်များဖြင့် ထိပ်တိုက်ဆုံသွားသည်။

စွစ်

အင်အားကြီးမားသော စွမ်းအင်လှိုင်းများက ရှေ့သို့ထိုးထွက်လာကာ မြေပြင်တွင် နက်ရှိုင်းလွန်းသော တူးမြောင်းများကို ထွက်ပေါ်လာစေသည်။ အဆင့်မြင့် သိုင်းနယ်မြေအဆင့်မှ တိုက်ပွဲများနှင့် မတူသည်မှာ အင်ပါယာသိုင်းနယ်မြေအဆင့်မှ တိုက်ပွဲများသည် အန္တရာယ်ပိုများသည်။

အင်ပါယာသိုင်းနယ်မြေအဆင့်မှ ကျွမ်းကျင်ပညာရှင်နှစ်ယောက်က တိုက်ခိုက်နေသော ကျားများအတွင်း ရင်ဆိုင်နေကြသည်။ တိုတောင်းသော ကာလအတောအတွင်း သူတို့နှစ်ယောက်လုံးက အန္တရာယ်များလွန်းသော တိုက်ကွက်များကို ဖလှယ်ပြီးကြလေပြီ။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ အသီးသီးသော လှုပ်ရှားမှုသိုင်းများကို အကန့်အသတ်ထိ ထုတ်သုံးထားကြရင်း ဟိုနေရာ ဒီနေရာ ပြေးလွှားလျှက် အလွန်မြန်ဆန်သော အရှိန်နှုန်းကို သယ်ကာ တိုက်ပွဲနယ်မြေကို ကျော်ဖြတ်နေကြလေရာ သူတို့၏ တည်နေရာကိုပင် ပြောရန်ခက်ခဲလေသည်။

လူတိုင်းကလည်း အသက်ရှုအောင့်ရင်း ကြည့်နေမိကြသည်။ ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က ပို၍ပင် အာရုံစိုက်နေကြပြီး လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေကြသည်။ ဒါဟာ နှစ်ယောက်အကြားမှ ပြိုင်ပွဲဖြစ်သည်။ သူတို့နှစ်ယောက်လုံး စွမ်းရည်ချင်းယှဉ်နိုင်သည့် အစစ်အမှန် တိုက်ပွဲလည်းဖြစ်သည်။ ယခုအခါအတွက်မူ သူတို့၏ မျက်လုံးစမ်းသပ်မှုအတွက်ဖြစ်နေသည်။

တိုတောင်းသော တိုက်ခိုက်မှု ပြီးဆုံးပြီးချိန်တွင် ထိုနှစ်ယောက်က အင်အားသိုင်းပညာနှင့် ကိုယ်ပိုင်ကျွမ်းကျင်ပညာရှင် တိုက်ခိုက်သောပုံစံများကို သိလာကြသလို ပြိုင်ဘက်သိုင်းပညာရှင်၏ အလေ့အကျင့် လှုပ်ရှားမှုနှင့် အားနည်းချက်များကိုလည်း သိသွားကြပြီဖြစ်သည်။

ဒါဟာ အခွင့်အရေးတစ်ခုသာဖြစ်သည်။ သိုင်းပညာရှင်နှစ်ယောက်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကြီးမားစွာ လွှမ်းမိုးနိုင်စွမ်း ရှိနေသည့်အလျောက် မည်သူဟာ ရှင်သန်မည်ဖြစ်ကြောင်း ဆုံးဖြတ်ရမည့် အနေအထားမျိုးလည်းဖြစ်သည်။

အရာအားလုံးဟာ တိတ်ဆိတ်နေသည်မှာ အပ်ကျသံကိုပင် ကြားရလောက်သည်။ လူအုပ်၏ မျက်လုံးများက တိုက်ခိုက်နေသော ကျွမ်းကျင်ပညာရှင်များနှင့် သခင်လေးချင်းယန်နှင့် ဝမ်ချောင်တို့ဆီ ရောက်နေသည်။

“သခင်လေး မင်းလုပ်နိုင်ပါတယ်”

စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့က လက်သီးများကိုဆုပ်လျှက် ဝမ်ချောင်ကို စိုးရိမ်တကြီး အားပေးကြသည်။ ထိုအချိန်တွင် ကျစ်အန်းတုကမူ မတူညီသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။

“ဟွန်း ဒီတိုင်းပေါက်ကရ အတုအယောင်ပဲ။ မင်းဒီနေ့ ဘယ်လိုသေမလဲ ငါကြည့်မယ်”

ကျစ်အန်းတုသည်လည်း အစပိုင်းကတည်းက ဝမ်ချောင်ကို မယုံကြည်ခဲ့ပေ။ အခြားတစ်ဖက်ခြမ်းမှ သခင်လေးချင်းယန်ကို မြင်သောအခါ သူသည် ပို၍ သေချာသွားသည်။ သူသည် ဒီတိုက်ပွဲကို အနည်းငယ်သာ ဂရုစိုက်သည်။ မည်သို့ပင်ဆိုစေ အတုကအစစ်နှင့် တွေ့သောအခါ ရလဒ်များက အံ့အားသင့်စရာပင် ကောင်းလိမ့်မည်မဟုတ်ပေ။

အခန်း(၁၃၇၈)

လုံလောက်ပြီ နှစ်ယောက်လုံးက တကယ်ကို အင်အားချင်းတူတာပဲ။ ယင်နက်ဘိုးဘေးက ဒီတစ်ကြိမ် လှည့်ကွက်တွေ မသုံးထားဘူး။

ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားရင်း မှတ်ချက်ချလိုက်သည်။ သို့သော် ယင်နက်ဘိုးဘေးဟာ သူ့ကိုမည်မျှ သတ်ဖြတ်ချင်နေကြောင်း ပို၍ပင် သေချာသွားသေးသည်။

မိစ္ဆာလမ်းစဉ်လျှောက်သော လူများက သေးငယ်သော အညိုးတရားဆိုလျှင်ပင် ရအောင် ကလဲ့စားချေတတ်သည်။ ယင်နက်ဘိုးဘေးကဲ့သို့ မိစ္ဆာလမ်းစဉ်လျှောက်သော အဓိကခေါင်းဆောင်ကြီး တစ်ယောက်အနေဖြင့် သူ့ကိုယ်သူ အလွန်မြင့်မြင့်မားမား မှန်းထားလောက်သည်။ ထို့ကြောင့် ဝမ်ချောင်ကဲ့သို့ ဘာမဟုတ်သော လူတစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ယာယီစခန်းအတွင်း သူ၏အကြံအစည်ကို ဖျက်ဆီးလိုက်ကာ သူ့ကိုထွက်ပြေးအောင် တွန်းအားပေးခဲ့သည်။ ဒါဟာ ရန်စခြင်းတစ်ခုဖြစ်သလို ယင်နက်ဘိုးဘေးအတွက်လည်း သိက္ခာကျစေသည်။ ထို့ကြောင့် ကျားတစ်ကောင်၏နောက်ခြေကို လှမ်းပုတ်လိုက်သလို နဂါးတစ်ကောင်၏ နှာမောင်းကို သွားဆွဲလိုက်သလိုမျိုး ဖြစ်သည်။ ယင်နက်ဘိုးဘေး၏ ရှု့ထောင့်တွင် ဝမ်ချောင်ဟာ သေလူဖြစ်နေလောက်လေပြီ။

ဘန်း

သုံးစက္ကန့်ခန့်ကြာပြီးနောက် အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် နှစ်ယောက်က အချင်းချင်း တိုက်ခိုက်လျှက် နောက်ဆုတ်သွားအောင် လုပ်လိုက်ရင်း ကြီးမားသော ပေါက်ကွဲသံကြီးကို ဖြစ်ပေါ်လာစေသည်။ ထိုပေါက်ကွဲမှုက သူတို့၏ မူရင်းနေရာတွင်သာ ဖြစ်ပျက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ သို့သော် စိတ်အခြေအနေက ပို၍ပင် ပြင်းထန်လာသေး၏။ ကျွမ်းကျင်ပညာရှင် နှစ်ယောက်က အမဲလိုက်နေသော ကျားသစ်များအလား အချင်းချင်း သတိကပ်ကာ ကြည့်နေကြရင်း အချိန်မရွေး စတင်ကာ တိုက်ခိုက်မည့်ပုံစံကို ထိန်းထားကြသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့် ဝမ်ချောင်ပင်ဖြစ်စေ သခင်လေးချင်းယန်ပင်ဖြစ်စေ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ပင်ဖြစ်စေ မည်သူကမှ မလှုပ်ကြပေ။

“သူတို့ဘာလုပ်နေတာလဲ”

လူအုပ်ကလည်း တဖြည်းဖြည်းချင်း စိတ်ရှည်မှု ပျောက်ဆုံးလာပြီဖြစ်သည်။

ဘန်း

ကျွမ်းကျင်ပညာရှင် နှစ်ယောက်က ရှေ့သို့ခုန်အုပ်လိုက်ပြန်သည်။

သူတို့နှစ်ယောက်က အချင်းချင်း ပေအနည်းငယ်သာ ဝေးကွာလျှက် ထိပ်တိုက်ရင်ဆိုင်တော့မည့် အခိုက်အတန့်တွင် ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က တစ်ပြိုင်တည်းလိုလို အော်ကြသည်။

“နဂါးပုံစံ မီးတောက်ပုံရိပ်”

“ဒဏ္ဍာရီတစ္ဆေက ယင်ထဲက ထွက်ပေါ်တယ်”

တခဏခန့်ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်၏ ခန္ဓာကိုယ်က နဂါးနှင့် တစ္ဆေများ ရစ်ခွေလျှက် ပေါ်ထွက်လာသော ပုံစံများဖြင့် တောက်ပလာရင်း အမျိုးမျိုးသော ရှု့ထောင့်များမှတစ်ဆင့် ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှလာသော ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်လေသည်။ သို့သော် ပို၍ပင် ဖော်ပြဖို့ ခက်ခဲသေးသည်မှာ တစ်စက္ကန့်ခန့် ကြာပြီးရုံနှင့် ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်ကလည်း တူညီသောနေရာမှတစ်ဆင့် မီးခိုးများကို လွှတ်ထုတ်လိုက်ရင်း တိုက်ခိုက်လာခြင်းဖြစ်သည်။

နှစ်ယောက်က တူညီသောသိုင်းနှင့် တူညီသောရှု့ထောင့်များတွင် တိုက်ခိုက်နေကြသည်မှာ ကိုယ်ပိုင်အရိပ်ကို ပြန်လည်တိုက်ခိုက်နေသလိုမျိုးဖြစ်သည်။ ရလဒ်က သိသာထင်ရှားလွန်းသည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲမှု အတန်းလိုက် ထွက်ပေါ်ပြီးနောက်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ သူ၏တိုက်ခိုက်မှုနှင့် မိစ္ဆာလမ်းစဉ်လျှောက်သော ကျွမ်းကျင်ပညာရှင်၏ တိုက်ခိုက်မှုတို့က ထိပ်တိုက်ဆုံသွားသည်။ နှစ်ယောက်လုံးက ပြိုင်ဘက်များကို အလဲထိုးနိုင်ရန် တိုက်ခိုက်လိုကြသည်။ ထိုတိုက်ခိုက်မှု ရလဒ်ကမူ ယခင်တစ်ခုနှင့် တူသည်။

နှစ်ယောက်က လူစုခွဲရင်း တိုက်ပွဲထောင့်နေရာသို့ ပြန်ဆုတ်သွားကြသည်။ ဝမ်ချောင်နှင့် သခင်လေး ချင်းယန်တို့က အလိုလို မျက်မှောင်ကျုံ့သည်။ သူတို့သည်လည်း ဒီတစ်ပွဲတွင် တူညီသောသုံးသပ်ချက်ကို ရရှိခဲ့ပြီး သရေဖြစ်သွားသည်။

သိုင်းပညာရှင်လောကတွင် ထိုကဲ့သို့သော အခြေအနေမျိုးဟာ အလွန်အမင်း ရှားသည်။

နှစ်ယောက်အကြားရှိ လေဟာနယ်အတွင်းသို့ လေထုက စူးရှစွာ ကျော်ဖြတ်သွားရင်း နှစ်ယောက်၏ စိတ်အခြေအနေကို ပို၍ပင် တင်းကြပ်လာစေသည်။ ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ကလည်း ထိုတိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံထားရသည်။

ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က နောက်ထပ် လှုပ်ရှားမှုများကိုလုပ်သည်။

“တောင်မြစ်ဆွဲခြင်း”

“ကောင်းကင်မိစ္ဆာဆင်းသက်ခြင်း”

ဝမ်ချောင်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်နှင့် ဘိုးဘေးငါးယောက်ဘက်မှ ကျွမ်းကျင်ပညာရှင်တို့က အနည်းဆုံး အင်အားကြီးမားသည့် သိုင်းသုံးမျိုးစီခန့် ရှိလိမ့်မည်ဟု ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ တောင်မြစ်ဆွဲခြင်းသည်လည်း ထိုသုံးမျိုးထဲမှ တစ်မျိုးဖြစ်ပြီး ယခင်တစ်ခု နဂါးပုံစံ ကြိုးကြာပုံရိပ်နှင့်တူသည်။ အမြိတ်နှစ်ခုတွင် တိုက်ပွဲနယ်မြေက နောက်ထပ် ပုံသဏ္ဍန်တစ်ခုအသွင် ပြောင်းသွားသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်၏ ခန္ဓာကိုယ်အတွင်းမှ ခေါင်းမာပြီး ဖြောင့်မတ်မှန်ကန်လွန်းသော ကြယ်တာရာစွမ်းအင်များက မီးတောင်ကဲ့သို့ ပေါက်ထွက်လာသည်။ သူ၏အရှိန်အဝါက ချက်ချင်းဆိုသလိုပင် သိပ်သည်းသွား၏။ လေထဲတွင်လည်း ကြီးမားသော တောင်တစ်လုံး၏ ပုံရိပ်က ပေါ်ထွက်လာသည်။ သို့သော် ထိုတောင်သည် ချွန်ထက်သောဘက်ကို အောက်ဘက်သို့ ထိုးစိုက်ထားရင်း ပြောင်းပြန်လှန်ထားသောကြောင့် တောင်တန်းကြီးတစ်ခုလုံးက သူ၏အင်အားတိုင်းကို အောက်ဘက်ရှိ မဟာမိတ် ကျွမ်းကျင်ပညာရှင်၏ ကိုယ်ထဲသို့ ထည့်သွင်းပေးထားသလို ထင်ရသည်။

တောင်မြစ်ဆွဲခြင်းသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်က တိုက်ခိုက်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် သိုင်းမျိုးဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ဒီရှု့ထောင့်ဘက်မှ ထိုသိုင်းကို ရွေးချယ်ခြင်းကမူ အသုံးပြုသော ပုံစံအလိုက် ခြားနားသော သက်ရောက်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

“လင်းရွှီအမှတ်”

ဝမ်ချောင်က ရုတ်တရက်အော်သည်။

“ရင်သုအမှတ်”

သခင်လေးချင်းယန်၏ အသံကလည်း ထွက်လာသည်။ ထိုတစ်လှည့်တွင် နှစ်ယောက်လုံးက တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့ရွေးချယ်သော အမှတ်များကလည်း ကျွမ်းကျင်ပညာရှင် နှစ်ယောက်လုံး၏ အားနည်းချက်များ ရှိရာနေရာဖြစ်သည်။ ယခင်နှစ်ခေါက် တိုက်ခိုက်ခဲ့ပြီးချိန်တွင် သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်အသီးသီး၏ အားနည်းချက်ကို ရှာဖွေနိုင်ခဲ့သည်။ သို့သော် နှစ်ယောက်လုံးကလည်း ပြိုင်ဘက်အသီးသီး၏ အားနည်းချက်ကို ရှာတွေ့ခဲ့သောကြောင့် ရလဒ်ကလည်း မျှော်လင့်ကြည့်၍ရသည်။

ဘန်း

ကြယ်တာရာစွမ်းအင်များက အချင်းချင်း လိမ်ယှက်ထွေးသွားသောအခါ ကျယ်လောင်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။ အင်အားကြီးမားသော အားလှိုင်းများက လွင့်ထွက်လာ၏။ ထိုသို့ဖြင့် ကျွမ်းကျင်ပညာရှင် နှစ်ယောက်လုံးက လွင့်ထွက်သွားသည်။ သခင်လေးချင်းယန်ကမူ မျက်မှောင်ကျုံ့နေသည်။ သူသည် ဖြေရှင်းရန်ခက်ခဲသော ပြဿနာကို ရင်ဆိုင်နေရသလိုမျိုး ခံစားရစေသည်။

“မဖြစ်နိုင်ဘူး ဘာတွေဖြစ်နေတာလဲ”

သခင်လေးချင်းယန်က ခေါင်းကိုမော့လျှက် ဝမ်ချောင်ကိုစိုက်ကြည့်သည်။

သူသည် ငယ်စဉ်ကလေးဘဝကတည်းက သိုင်းပညာလောကနှင့် ပတ်သတ်သော အရာအားလုံးကို လေ့လာသင်ကြားခဲ့သည်။ ယခုပေးလိုက်သော ညွှန်ကြားချက်နှစ်ခုက ရိုးရှင်းသည်ဟု ထင်ရသော်လည်း သူ၏ကျယ်ပြောသော အတွေ့အကြုံနှင့် ဗဟုသုတမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆံချည်တစ်မျှင်မျှ သေးငယ်သော ကွာဟချက်ကပင် လီတစ်ထောင်အထိ အမှားဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် သေးငယ်သော ကွာဟချက် ရှိနေသမျှ ရလဒ်က သေချာပေါက် ခြားနားပေလိမ့်မည်။

မည်သည့်သာမာန်လူကမှ ထိုသို့မလုပ်နိုင်ပေ။

ကြက်သွန်နီတွင် အလွှာမည်မျှရှိကြောင်း နားလည်ထားသကဲ့သို့ဖြစ်သည်။ သခင်လေးချင်းယန်သည်လည်း သူသည် ရန်သူကို အလိုအလျောက် အလဲထိုးနိုင်သည်ဟု ယုံကြည်ထားသည်။ သို့သော် ရလဒ်ကမူ မျှော်လင့်ထားသည်နှင့် ခြားနားနေပြန်သည်။

“သူကတကယ်ပဲ ဘယ်သူလဲ။ ဒီလောကမှာ ဘယ်လိုကြောင့် ငါ့လိုမျိုး သိုင်းပညာတွေ အားလုံးကို လက်ခုံလို ကောင်းကောင်းသိနေတဲ့လူ၊ နောက်ပြီး အလားတူ နားလည်ထားတဲ့အဆင့်ထိ ရောက်နေတဲ့လူက ရှိနေတာလဲ။ ပိုပြီးအရေးကြီးတာက ဒီလူကငါ့ကို ငယ်နေသေးတယ်”

သခင်လေးချင်းယန်က ဝမ်ချောင်၏မျက်နှာကို အကဲခတ်ကြည့်သည်။ သူသည် ယုံကြည်ရန် ခက်ခဲသော်လည်း တစ်ဖက်ခြမ်းမှ သခင်လေးချင်းယန်ကလည်း (၁၇)နှစ်၊ (၁၈)နှစ်အရွယ်သာ ရှိနေသေးပြန်သည်။

တစ်စုံတစ်ယောက်ဟာ သူနှင့်တူသော အဆင့်သို့ ရောက်ရန်ဖြစ်နိုင်သေးသည်။ သို့သော် ထိုမျှအထိ မငယ်နေသင့်ပေ။ ထို့ပြင် စုန့်ယွမ်ယွီပင်ဖြစ်စေ၊ ယင်နက်ဘိုးဘေး အတွက်ပင်ဖြစ်စေ ထိုအရွယ်တွင်ရှိသော လူတစ်ယောက်သာဆိုလျှင် လက်ခံ၍ရသေးသည်။ ထိုကလေးချင်းယန် ကိုယ်တိုင်ကပင် ဒီလောကတွင် သူနှင့်တူသောလူတစ်ယောက် ရှိနေသည့်အတွက် အံ့ဩရသည်။

ထိုအခိုက်အတန့်တွင် သခင်လေးချင်းယန်ထက် ပို၍အံအားသင့်နေသည်မှာ သူ၏အနောက်ဘက်မှ အစောင့်ဖြစ်သည်။

“မဖြစ်နိုင်တာ။ သခင်လေးက ဒီလောက်ထိ လေးစားဖို့ကောင်းနေတာက... ဒါကိုဘာလို့ ဒီကောင်က ဘယ်နေရာကလာတာလဲ။ ဘာလို့ သခင်လေးအဖြစ် ဟန်ဆောင်နေတာလဲ”

အရပ်ရှည်ရှည် သန်သန်မာမာနှင့် အစောင့်ကိုယ်တိုင်ကပင် ဟန်အမူအရာပျက်သွားသည်။ ဒီတိုက်ပွဲက တိုတောင်းသော ကာလတစ်ခုသာ စတင်ရသေးပြီး သူ၏သခင်လေးနှင့် ထိုလူငယ်တို့က နှစ်ကြိမ်သာ စကားပြောရသေးသည်။ သို့သော် နှစ်ကြိမ်ကတင် သူ၏စိတ်အတွင်းသို့ မြေသားကို ထိုးခုတ်သွင်းလိုက်သလို ရိုက်ချက်မျိုးဖြင့် ထိုးနှက်နိုင်နေပြီဖြစ်သည်။

သူသည် သခင်လေးနှင့်အတူ နယ်မြေတခွင်အနှံ့ လှည့်လည်သွားလာနေပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ဆရာသခင်ပေါင်း များစွာကို တွေ့ကြုံခဲ့ဖူးလေပြီ။ ထို့ကြောင့် ပါရမီရှင်ပေါင်းများစွာ လူငယ်လက်ရွေးစင်ပေါင်း များစွာကို တွေ့ခဲ့၏။ တစ်ယောက်ထက်တစ်ယောက်က ပို၍ မျက်စိဖမ်းစားနိုင်သေးသည်။ သို့သော် သူ၏အမြင်တွင် မည်သူကမှ သာလွန်ခြင်းမရှိပေ။ ပါရမီချင်းယှဉ်သော် နားလည်မှုချင်းယှဉ်သော် သိုင်းပညာအပေါ် ကျွမ်းကျင်မှုချင်းယှဉ်သော် မည်သူကမှ သူ၏သခင်လေးကို မယှဉ်နိုင်ခဲ့ပေ။

သို့သော် သူ၏ခန္ဓာကိုယ်မှ အကန့်အသတ်ကြောင့်သာ မဟုတ်လျှင် သူ၏သခင်လေးက တစ်လောကလုံးအနှံ့ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးကဲ့သို့ ထိပ်ဆုံးတွင် ရပ်နေနိုင်သော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေပေလိမ့်မည်။

“တစ္ဆေပြောင်းပြန်လှန်သွား”

“တောင်မြစ်မုန်တိုင်း”

“နတ်ဆိုးလမ်း အကျဉ်းထောင်ငါးခု”

“ကောင်းကင်က တောက်ပတဲ့နေမင်း”

.....

တိုက်ပွဲက ဆက်ဖြစ်နေသည်။ သခင်လေးချင်းယန်ကလည်း သူ၏အင်အားများကို အသုံးပြုလျှက် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်အား တိုက်ကွက်များအတန်းလိုက် ထုတ်လျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်က ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်ခိုင်းထားသည်။ ထိုအခိုက်အတန့်တွင် ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ထက်ရှသော ဆေဘာဓားတစ်လက်အသွင် ပြောင်းထားရင်း သူ၏လျှင်မြန်ဖြတ်လတ်ကာ ရိုးရှင်းသော တိုက်ကွက်များနှင့် တစ်ဖက်၏ သေစေနိုင်သော နေရာတိုင်းကို ချိန်ရွယ်နေလေသည်။

သခင်လေးချင်းယန်၏ လက်ထဲတွင် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်၏ အင်အားက မြင့်မားသွားသည်။ သူ၏ တည်နေရာက ဆက်တိုက်ဆိုသလို ပြောင်းလဲလျှက် သိုင်းပညာက တစ်ခုပြီးတစ်ခု စီးဆင်းသောရေကဲ့သို့ ပြောင်းလဲအသုံးပြုနိုင်လေသည်။ သခင်လေးချင်းယန်က မရေမတွက်နိုင်သော တိုက်ကွက်အလှည့်အပြောင်းများကို ကြိုတင်ကာ တွေးတောထားရင်း ရိုးရှင်းကာ ကြမ်းတမ်းပြီး သေစေနိုင်သော တိုက်ကွက်များကိုသာ ရွေးချယ်ထားသည်။

“အား”

လူအုပ်က အံ့အားတကြီး အော်ဟစ်ရင်း ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်၏ ဖျော်ဖြေမှုများကို မှင်သက်စွာ စိုက်ကြည့်နေလေသည်။ အချို့သော အကြောင်းပြချက်များကြောင့် ထိုကြမ်းတမ်းသော တိုက်ကွက်များကို မြင်ရသောအခါ သူတို့၏ကျောကုန်းကို ဓားမြှောင်ဖြင့် လာထောက်ထားသလို ခံစားရစေသည်။ သူတို့အားလုံးကလည်း သူတို့ကသာ ကွင်းထဲတွင် ရှိနေခဲ့သော် တိုက်ခိုက်ခံရပြီးလောက်ကြောင်း ခံစားနေရလေသည်။ ရိုးရှင်းစွာပင် ထိုတိုက်ကွက်များက သူတို့၏ ဆံပင်များကို ထောင်ထစေသည်။

သို့သော် ပို၍မှင်သက်ဖွယ် ကောင်းသည်မှာ ဝမ်ချောင်၏ တုန့်ပြန်မှုဖြစ်သည်။

ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က သခင်လေးချင်းယန်၏ ထိန်းချုပ်မှုအောက်တွင် ရပ်တန့်၍မရနိုင်သော ဆေဘာဓားကဲ့သို့ ဖြစ်နေခဲ့လျှင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ဝမ်ချောင်၏ ထိတွေ့မှုအောက်သို့ ရောက်သွားခဲ့သောအခါ သေစေသော နေရာများကို လေထုကိုကျော်ဖြတ်ကာ ထိုးထွင်းဝင်ရောက်လျှက် ကူးခတ်နေသည့် ဓားတစ်လက်ဟု ဆိုရမည်ဖြစ်သည်။

သူ၏ရွေ့ရှားမှုသိုင်းများကို အကန့်အသတ်သို့ ရောက်သည်အထိ ဖြတ်လတ်မြန်ဆန်နေစေသည်။ ပို၍အရေးကြီးသည်မှာ သခင်လေးချင်းယန်၏ ဆက်တိုက်ဆိုသလို ရောက်လာသော တိုက်ကွက်မုန်တိုင်းများအောက်တွင် ဝမ်ချောင်က နောက်ဆုတ်ရန် မရွေးချယ်ခဲ့ဘဲ သခင်လေးချင်းယန်နည်းတူ အကောင်းဆုံး ခုခံမှုဖြစ်သည့် ဗျူဟာတိုက်ခိုက်ခြင်းကိုသာ လက်ဆွဲသုံးထားလေသည်။

နှစ်ယောက်လုံးက တူညီသောဗျူဟာကို ရွေးထားသည်။ ကြည့်ရသည်မှာ ကိုယ့်ကိုယ်ကို တိုက်ခိုက်နေသည့် ပုံစံမျိုးနှင့်ပင် တူနေသေးလေ၏။ တဖန်ထပ်ပြီး နောက်ဆုံးသောရလဒ်က သိသာထင်ရှားပြန်သည်။

“အာ”

လူအုပ်က စိုးရိမ်မှုအပြည့်နှင့် ပင့်သက်ရှိုက်လိုက်သည်။ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကလည်း နေရာအသီးသီးသို့ ပြန်ဆုတ်သွားကြ၏။

“သေစမ်း ဒီနှစ်ကောင်က ကြောက်စရာကောင်းလွန်းတယ်။ ဒါကတကယ်ပဲ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တွေလား”

သိုင်းပညာရှင်တစ်ယောက်က သူ၏နဖူးကိုသုတ်လိုက်သည်။ ထိုနေရာတွင် ချွေးစေးများရွှဲနေသည်။

သခင်လေးချင်းယန် အတုအစစ်တို့က ကြောက်စရာကောင်းလွန်းသည်။ သူတို့၏ အမိန့်အောက်တွင် အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များက မယှဉ်နိုင်လောက်အောင် အန္တရာယ်များသွားသည်။

သတ္ထုဝါယာကြိုးပေါ်တွင် လမ်းလျှောက်နေသလိုမျိုး သတိအနည်းငယ် ပေါ့လျော့သွားရုံနှင့် ချောက်ကမ်းပါးထဲတွင် ပြုတ်ကျသွားနိုင်သည်။ ဆိုးယုတ်သော လမ်းစဉ်လျှောက်သော သိုင်းပညာရှင်များ၊ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်လျှောက်သော သိုင်းပညာရှင်များ အားလုံးက လမ်းပေါ်တွင် အချင်းချင်း တွေ့ဆုံပါက သေသည်အထိ တိုက်ခိုက်လေ့ရှိကြလေသည်။ တူညီသော အန္တရာယ်မျိုးကို ရင်ဆိုင်ရနိုင်သလို ခြားနားသော အဆင့်အရ ခြားနားသော တိုက်ပွဲမျိုးက ဖြစ်ပျက်လာနိုင်သည်။

သို့သော် ထိုတိုက်ပွဲတွင် အရင်ရှုံးသောလူက အခြားတစ်ဖက်ခြမ်း၏ လမ်းဆုံးကို သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။ ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့ကမူ တည်ငြိမ်နေကြလေ၏။

“ငါတော့မယုံဘူး။ ငါလုံးဝမယုံနိုင်ဘူး ဒါတွေက တကယ်ပဲ ငါတို့ ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တို့ရဲ့ သိုင်းတွေလား”

ကြည့်ရှု့သူများ၏ မျက်နှာက ဖြူဖျော့နေသလို ချွေးစေးများ ရွှဲကုန်သည်။ ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ တပည့်ဂိုဏ်းသားများက ပို၍ပင် အံ့ဩကြသေး၏။ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များအတွက်မူ ထိုသို့သာလျှင်ဖြစ်သည်။ သူတို့၏မျက်နှာတွင် မယုံကြည်နိုင်မှု၊ အကြွင်းမဲ့ အံ့အားသင့်မှုများကိုသာ မြင်နိုင်သည်။

အခန်း(၁၃၇၉)

မဟာမိတ်နှစ်ဖွဲ့မှ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များသည်လည်း ဒီတိုက်ပွဲ အတောအတွင်းတွင် အသုံးပြုထားသော တိုက်ကွက်တိုင်းကိုသိသည်။ သို့သော် ထိုနှစ်ယောက်လက်ထဲသို့ ရောက်သွားသောအခါ ထိုသိုင်းကွက်များက ခြားနားသော အကွက်များကို ပိုင်ဆိုင်ထားသလိုမျိုး ပုံစံတစ်မျိုးဖြစ်သွားသည်။

“ဒီညီနောင်က တကယ်ကို လေးစားဖို့ကောင်းတယ်”

ထိုအချိန်တွင် ဝမ်ချောင်က အနည်းငယ် မျက်မှောင်ကျုံ့သည်။ စုန့်ယို့ရန်သည် သူ၏အရှေ့တွင် သခင်လေးချင်းယန်အကြောင်း စပြောခဲ့ချိန်က တစ်ဖက်သူသည် သိုင်းပညာလောကအတွင်းတွင် ဖော်ပြရန်ခက်ခဲလောက်အောင် ပါရမီကြီးလွန်းသူဖြစ်ပြီး သိုင်းပညာတိုင်းကို သူ၏လက်ခံလို ကောင်းကောင်း ကျွမ်းကျင်နှံ့စပ်ကြောင်း ပြောပြဖူးပြီးသားဖြစ်သည်။

ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်၏ အင်အားကို အမြင့်ဆုံးမြှင့်ပြီး ထိုမျှအတိုင်းအတာအထိ စစ်ထုတ်အောင် လုပ်ပေးနိုင်သည်မှာ သူသည် နှစ်ဘဝရှင်သန်ခဲ့သူ ဖြစ်သည့်အပြင် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေဖြင့် တိုက်ပွဲနယ်မြေမှ စစ်သည် သောင်းပေါင်းများစွာကို အမိန့်ပေးဖူးသောကြောင့် ဖြစ်သည်။

သို့သော် သခင်လေးချင်းယန်ကမူ အင်အားတွင် လိုအပ်ချက်ရှိသည်။ သူသည် အမြင့်ဆုံးမှ အဆင့်မြင့်သိုင်းနယ်မြေအဆင့်တွင်သာ ရှိ၏။ ထိုကဲ့သို့သော လူမျိုးက သူ၏ကျွမ်းကျင်ပညာရှင်အား ထိုမျှ များပြားလွန်းသော အင်အားများ စိုက်ထုတ်နိုင်အောင် လုပ်ဆောင်ပေးခဲ့ခြင်းကပင် အလွန်အမင်း မှင်သက်စရာကောင်းနေပြီဖြစ်သည်။

တိုက်ပွဲက ပို၍ပြင်းထန်လာသည်။ သို့သော် ဝမ်ချောင်ကမူ မျက်မှောင်သာကျုံ့ရင်း လေးနက်တည်ကြည်လာသည်။ သခင်လေးချင်းယန်၏ မျက်နှာက ဖြူဖျော့ပြီး နဖူးတွင်ပင် ချွေးစေးများထွက်နေသည်။

“ကုကုန်းအမှတ် လွတ်မြောက်ခြင်း မိစ္ဆာပင်လယ်”

“ကွမ်ဝမ်အမှတ် ဒဏ္ဍာရီမိစ္ဆာသွေးမျက်ရည်”

“ခွန်းအမှတ် အလောင်းတောင် သွေးမြစ်”

သခင်လေးချင်းယန်က ဆက်တိုက်ဆိုသလို သိုင်းများကို အော်ထုတ်နေသည်။ သူ၏စိတ်က ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လည်ပတ်နေရင်း ပြိုင်ဘက်ကို အလဲထိုးနိုင်ရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကို အသုံးချနေသည်။ တဖြည်းဖြည်းချင်း ဆိုသလိုပင် သူသည် တည်ငြိမ်မှု ပျောက်ဆုံးလာ၏။

တည်ငြိမ်ပြီး ယုံကြည်မှုရှိနေသည့် မျက်လုံးများတွင် စိုးရိမ်မှုက ပေါ်ထွက်လာသည်။

တစ်ဖက်သူသည် သူဘယ်သောအခါကမှ မမြင်ဖူးသည့် အင်အားကြီးမားလွန်းသော ရန်သူဖြစ်သည်။ သူ၏တိုက်ကွက်တိုင်းက သေချာ အနုစိတ်ကျကျ တွက်ချက်ထားပြီး စိတ်စွမ်းအား အမြောက်အများကိုလည်း ထုတ်သုံးရသည်။ သို့တိုင်အောင် သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မလွှမ်းမိုးနိုင်သေးဘဲ လက်ရည်တူနေသည်။

“သခင်လေးချင်းယန် မင်းဒီကလေးကို မနိုင်ဘူးဆိုရင် ငါတို့ သဘောတူညီမှုအတိုင်း ငါမင်းကို သခင်လေးချင်းယန် အတုအဖြစ် သတ်မှတ်ပြီး သတ်ရမှာပဲ”

ယင်နက်ဘိုးဘေးက ရုတ်တရက် လှောင်ရယ်သံနှင့် ပြောသည်။

ထိုစကားလုံးများက စိတ်အခြေအနေကို ပို၍ပင် တောင့်တင်းသွားစေသေးပြီး သခင်လေးချင်းယန်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏အသားအရောင်က ပို၍သာဆိုးလာ၏။ သခင်လေးချင်းယန်၏ ဘေးဘက်မှ အစောင့်ကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျှက် ခါးမှဆေဘာဓားကို ကိုင်ထားသည်။

“မျိုးမစစ်ကောင်”

သူသည် ဒေါသထွက်နေပြီဖြစ်သည်။ သို့သော် မိစ္ဆာလမ်းစဉ်လျှောက်သော ကျော်ကြားကာ အင်အားကြီးမားလွန်းသည့် ဘိုးဘေးကို ဘာမှလည်း မတုန့်ပြန်နိုင်ချေ။

ယင်နက်ဘိုးဘေးသည် သူတို့နှင့်မတူပေ။ သူသည် သူ့ကို စဉ်းစားဆင်ခြင်ဉာဏ်မဲ့စွာ တိုက်ခိုက်ခဲ့မည်ဆိုပါက အသတ်ခံရနိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ရှိသည်။

“အရှက်မဲ့တယ်”

ပတ်ဝန်းကျင်မှ လူအုပ်ကလည်း ယင်နက်ဘိုးဘေး၏ စကားလုံးများကို ကြားသောအခါ ခပ်တိုးတိုး ကျိန်ဆဲသည်။

သို့သော် ဒါဟာ ယင်နက်ဘိုးဘေး၏ အကျင့်စရိုက်သာဖြစ်သည်။ လူအုပ်ကလည်း ခပ်ကျယ်ကျယ် မကျိန်ဆဲရဲကြပေ။ ထိုအချိန်တွင် ယင်နက်ဘိုးဘေး၏ စကားလုံးများက တိုက်ပွဲကို အလှည့်အပြောင်း ဖြစ်စေသည်။

တိုက်ပွဲက အစစ်အမှန် အန္တရာယ်က ချက်ချင်းဆိုသလို ထိုးထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်က ယင်နက်ဘိုးဘေး၏ စကားလုံးများကို ကြားလိုက်ရပြီး ပို၍ပင် ကြမ်းတမ်းစွာ တိုက်ခိုက်လေသည်။

“လိမ့်တက်ခြင်း တစ္ဆေမီးတောက်”

“ပြိုင်ဘက်ကင်း မိစ္ဆာအုပ်”

“နတ်ဆိုးဆီ ဆက်သတဲ့အသက်”

သူ၏အင်္ကျီလက်အတွင်းမှ သခင်လေးချင်းယန်၏ လက်ချောင်းများက ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏အသားအရောင်က ပို၍ပင် ဖြူဖျော့လာပြီး အာရုံကိုလည်း ပို၍ပင် စူးစိုက်ထားသည်။

“ငါမရှုံးဘူး ဘယ်သူ့ကိုမှ မရှုံးဘူး”

ရှည်ကြာကာ ကြမ်းတမ်းသော ထိပ်တိုက်ရင်ဆိုင်မှုက သခင်လေးချင်းယန်၏ မာနကြီးပြီး မယိမ်းယိုင်သော စိတ်နေသဘောထားကို လှုံ့ဆော်ပေးလိုက်နိုင်သည်။

သူသည် သက်တူရွယ်တူများအကြားတွင် မည်သူကမှ သူ့ကိုမနိုင်ဖူးချေ။ ထိုအတွက်ကြောင့်သာ သူ၏မာနနှင့် သူ၏ ဂုဏ်သိက္ခာသည် ကြီးမြတ်နေရခြင်းဖြစ်သည်။ အနည်းဆုံးသူသည် ကွင်းထဲတွင် လက်ရည်တူ ကျွမ်းကျင်ပညာရှင်ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း အလင်းတစ်ချက်က လက်သွားသည်။ သူသည် ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်၏။

“လီနေရာ နတ်ဆိုးကို အသက်ဆက်သမယ်”

“ရွှမ်နေရာ မိစ္ဆာက ဆယ်ပေလောက် မြောက်တက်သွားတယ်”

“တစ္ဆေမိစ္ဆာပေါင်းစပ်မှု ရှန်းကျုံးအမှတ်”

သခင်လေးချင်းယန်က အမိန့်သုံးခုကို ဆက်တိုက်ပေးသည်။ ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ချက်ချင်းဆိုသလို တုန့်ပြန်သည်။

စွစ်

သူ၏ခန္ဓာကိုယ်က ရေကိုကျော်ဖြတ်သော ငါးတစ်ကောင်ကဲ့သို့ လေထုကို ကျော်ဖြတ်သွားရင်း လျှင်မြန်စွာနှင့် အရှိန်နှုန်းကို မြှင့်တင်လိုက်သည်။

ချွင်

သူက ပြိုင်ဘက်နှင့် ပေအနည်းငယ်သာ ဝေးကွာသော အချိန်တွင် သူ၏လက်ထဲမှဓားက ရုတ်တရက် အော်ဟစ်သံကို ထုတ်ဖော်လေပြီး တောက်ပလွန်းသော မိစ္ဆာဓားချီကို ပို့လွှတ်လေသည်။

ဓားချီတန်းများက တစ်လောကလုံးကို စုတ်ဖြဲချင်ပုံရသည်။ ထိုဓားချီတန်းက ယခင်တစ်ခေါက် ဓားချီထက်ပင် ပို၍ကြောက်စရာကောင်းနေသေးသည်။ သခင်လေးချင်းယန်ကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်ကို အနည်းငယ် အသာစီးအရယူလျှက် သူ၏လှုပ်ရှားမှုများကို ကန့်သတ်ရန် ကြိုးကိုင်လိုက်နိုင်သည်။

နောက်ပိုင်း ကပ်လိုက်ပါလာသော အင်အားကြီးမားသော တစ္ဆေမိစ္ဆာ ပေါင်းစပ်မှုဖြစ်သည်။

“ဒါက”

ဝမ်ချောင်၏ နှလုံးသားကပင် ထိုမြင်ကွင်းကြောင့် တုန်ယင်သွားသည်။

သူတို့နှစ်ယောက်လုံးသည် ကြာရှည်စွာ တိုက်ခိုက်နေကြပြီး သခင်လေးချင်းယန်ဟာ ရှားပါးသော ပါရမီရှိကြောင်း သူကိုယ်တိုင်ကပင် ဝန်ခံရပေမည်။

ဝမ်ချောင်သည်လည်း တစ်ဖက်သူကို အလဲထိုးနိုင်ရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရှုံးနိမ့်သွားခဲ့ရသည်။

ဒီလိုအခြေအနေမျိုး ထပ်ဖြစ်နေခဲ့လျှင် သူကိုယ်တိုင်က တစ်ဖက်သူကို နိုင်နိုင်ခဲ့သည့်တိုင်အောင် အချိန်အများကြီး ကုန်ပေလိမ့်မည်။

သို့သော် ယခုမူ သခင်လေးချင်းယန်က သုံးကွက်ဆက်ဆိုက် လှုပ်ရှားလာသည်။ တိုက်ကွက် တစ်ခုချင်းစီတိုင်းက အင်အားကြီးမားပြီး ဝမ်ချောင်ကိုပင် ခြိမ်းခြောက်လာနိုင်သည်။

သို့ရာတွင် ထိုအခြေအနေက ဝမ်ချောင်အား ယခင်အခြေအနေများထက် ပို၍ အနိုင်နှင့် နီးကပ်သွားစေသည်။

ဘန်း

ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲလျှက် အနက်ရောင်မီးခိုးများက ထွက်လာပြီး ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က တတိယတိုက်ကွက်ကို ထုတ်သုံးတော့မည့် အခိုက်အတန့်တွင် ဝမ်ချောင်၏မျက်လုံးက လင်းလက်လျှက် ဦးတည်ရာဘက်ကို ထုတ်ပြန်ကြေညာလိုက်သည်။

“လီနေရာ တောင်ပိုင်းတောင်ကို ဓားတွေညွှန်မယ်”

ဝုန်း

ဝမ်ချောင်၏ အမိန့်အောက်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က မြက်ခင်းတောတွင် တွားသွားသော မြွေတစ်ကောင်ကဲ့သို့ ချော်ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် နောက်ဆုတ်သည်။

“အသုံးမဝင်ဘူး မင်းမလွတ်ဘူး”

အခြားတစ်ဖက်ခြမ်းမှ သခင်လေးချင်းယန်၏ မျက်လုံးက ထက်ရှသောအလင်းဖြင့် လက်သွားသည်။ တစ္ဆေမိစ္ဆာပေါင်းစပ်မှုသည် ဝမ်ချောင်အနေနှင့် နောက်ဆုတ်လိုက်ရုံဖြင့် မရှောင်ရှားနိုင်ပါပေ။

ကျား

စူးရှသော အော်ညဉ်းသံများက ထွက်ပေါ်လာသည်။ ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ဓားကိုလွှဲယမ်းခုတ်ချလိုက်ပြီး ကြမ်းတမ်းရက်စက်သော တစ္ဆေဘုရင်တစ်ယောက်နှင့် ခြောက်ခြားဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်က အနောက်ဘက်ရှိ မြူထဲမှ ထွက်ပေါ်လာသည်။

ထိုဖြစ်တည်မှုနှစ်ခုက ဟိန်းဟောက်အော်ဟစ်ကြရင်း ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်နှင့်အတူ ပေါင်းစပ်လျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်ထံ ချီတက်လာသည်။

လေးပေ၊ သုံးပေ၊ နှစ်ပေ... ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်ကလည်း သူသည် ခုခံသည့်ဘက်သို့ ရောက်နေကြောင်း သိလိုက်သည်။ သူက အလွန်အမင်း အင်အားကြီးမားလွန်းသည့် တစ္ဆေမိစ္ဆာပေါင်းစပ်မှုကို ရင်ဆိုင်ရသောအခါ သူ၏မျက်နှာတွင် ထိတ်လန့်မှုက ပေါ်ထွက်လာသည်။

“ဒီကလေးရှုံးပြီ”

ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ မိစ္ဆာလမ်းစဉ်လျှောက်သော တပည့်ဂိုဏ်းသား အများစုက ထိုအပြောင်းအလဲကြောင့် ပြုံးလိုက်ကြသည်။

“ဟား ဟား အခု ငါမင်းကို သတ်မယ်ဆိုရင် စုန့်ယွမ်ယွီတောင်မှ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

ယင်နက်ဘိုးဘေးက ထူးဆန်းသော ရယ်သံနှင့်အတူပြောသည်။ သူ၏တန်ထျန်းထဲတွင် ဆိုးယုတ်သော လမ်းစဉ်ဘက်မှ မိစ္ဆာစွမ်းအင်များက လျှင်မြန်စွာ စီးဆင်းလာလျှက် သူ၏ညာဘက်လက်၏ လက်ချောင်းများထံ ရောက်ရှိလာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်က ရှုံးသွားသည့် အခိုက်အတန့်တွင် သူသည် ဝမ်ချောင်ကို ချက်ချင်းသတ်မည်ဖြစ်သည်။

“သခင်လေးချင်းယန်”

ဝမ်ချောင်က ရှုံးလုနီးပါး ဖြစ်လာကြောင်း မြင်သောအခါ စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့၏ မျက်နှာက ဖြူဖျော့သွားသည်။ ဒီတိုက်ပွဲမှအရှုံးဟာ အသတ်ခံရမည်ဟု သဘောတူထားပြီးသားဖြစ်သည်။ ထိုအချိန်တွင် စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့၏ ဝတ်ရုံများကပင် ပတ်ပတ်လည်လွင့်လာသည်။ သို့သော် နှစ်ယောက်က မလှုပ်ရှားသေးဘဲ ချုပ်ထိန်းထားကြသည်။

ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့အကြားမှ တိုက်ပွဲအပြောင်းအလဲက သိသာထင်ရှားနေသည်။ တစ်ပေ၊ ရှစ်လက်မ၊ ခြောက်လက်မ... အချိန်ကပင် ရပ်တန့်သွားသည်။ လူတိုင်းကလည်း အသက်ရှုရပ်လိုက်မိကြသည်။ တိုက်ပွဲက ထိုအခိုက်အတန့်တွင် ဆုံးဖြတ်နိုင်တော့မည်ဟု ထင်ရသည်။ လူတိုင်းကလည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ရှုံးသွားပြီး ဝမ်ချောင်က အသတ်ခံရတော့မည်ဖြစ်ကြောင်း သိကြသည်။

ရှုံးသွားသောလူက သခင်လေးချင်းယန် အတုဖြစ်ကြောင်း သံသယဝင်စရာပင် မရှိပေ။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အရှင်သခင်နှင့် ယင်နက်ဘိုးဘေးကဲ့သို့ သိုင်းလောကမှ ပုဂ္ဂိုလ်ကြီးများကို လှည့်စားရဲသော မည်သူကမဆို သေရမည်မှာ သေချာသည်။ သို့သော် နောင်ဖြစ်လာသော မိစ္ဆာများက လူတိုင်းကို မျက်လုံးပြူးစေလျှက် ပါးစပ်အဟောင်းသား ဖြစ်စေသည်။

ဝုန်း

သတိပေးချက် အလျဉ်းမရှိပါလေဘဲ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်နှင့် လက်မအနည်းငယ်သာ ဝေးခဲ့သော ထိုဓားက ရုတ်တရက် ရပ်တန့်လျှက် တုန်ခါသွားသည်။ ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်၏ ခန္ဓာကိုယ်အတွင်းတွင် ရှိသော ကြယ်တာရာစွမ်းအင် စီးကြောင်းနှစ်ခုက အချင်းချင်း အပြင်းအထန် အကြိတ်အနှယ် တိုက်ခိုက်နေကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က မှင်သက်သွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။ သူသည် ရတော့မည့်အနိုင်အတွက် အောင်ပွဲခံလိုနေခြင်းဖြစ်သည်။ သို့သော် ဒီလိုမျိုးဖြစ်လာမည်ဟု မထင်ထားမိချေ။ ရုတ်တရက်ဆန်စွာ ဝရုန်းသုန်းကားဖြစ်လာသော စွမ်းအားများက သာမာန်အခြေအနေမျိုးတွင် ကိုင်တွယ်ရလွယ်ကူသော်လည်း ဒီလိုတိုက်ပွဲမျိုး အတွင်းတွင်မူ သေစေနိုင်လောက်သည်။

ဝှစ်

လူအုပ်ကလည်း အံ့အားသင့်မှုများဖြင့် ပေါက်ကွဲကုန်သည်။

“ဘာဖြစ်တာလဲ”

လူတိုင်းက သံသယဝင်သွားကြသည်။ ထိုအပြောင်းအလဲက သိသာထင်ရှားလွန်းသည်။ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ထိုအမှားဟာ ခွင့်လွှတ်၍မရနိုင်ပေ။

ထိုအခိုက်အတန့်တွင် အတည်ငြိမ်ဆုံးလူက ဝမ်ချောင်ဖြစ်သည်။

“အခုပဲ”

ဝမ်ချောင်၏မျက်ဝန်းထဲတွင် ကြမ်းတမ်းသောအလင်းက ဖြတ်ပြေးသွားသည်။ အခြားသော သူများကမူ ဒီမြင်ကွင်းကြောင့် မှင်သက်လာသည်။ သို့သော် ဝမ်ချောင်ကမူ ကြိုတင်တွက်ဆထားပြီးသားဖြစ်သည်။

“ချီချုံးအမှတ် မသေမျိုးက လမ်းစဉ်ကိုဦးဆောင်တယ်”

ဘုန်း

လေထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံက ပေါ်ထွက်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က ဝမ်ချောင်၏ ညွှန်ကြားချက်ကို ချက်ချင်းဆိုသလို လိုက်လုပ်လိုက်သည်။

ရှည်ကြာသောတိုက်ပွဲကြောင့် သူသည် ဝမ်ချောင်၏ အမိန့်ကို လိုက်လုပ်ရာတွင် ကျင့်သားရလာသည်။ ပို၍အရေးကြီးသည်မှာ ယခုလိုအခြေအနေမျိုးတွင် ပို၍ပင် ကောင်းမွန်သေးသည်။

“အား”

ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင်က သူ၏ချီချုံးအမှတ်ကို လက်သီးအထိုးခံရလေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အရုပ်ကြိုးပျက် လွင့်ထွက်သွားလျှက် မြေပြင်သို့ ဝုန်းကနဲပြုတ်ကျလေပြီး မြေပြင်တွင် ကြီးမားသည့် တွင်းကြီးပင် ဖြစ်လာလေသည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။

နောက်ဆုံးရလဒ်က သွေးလွှမ်းနေသော ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ ကျွမ်းကျင်ပညာရှင် တွင်းထဲသို့ ဝင်ရောက်သွားခြင်းဖြင့် အဆုံးသတ်သွားသည်။ လူတိုင်းကမူ မှင်သက်အံ့ဩစွာနှင့် ကြောင်အကုန်ကြလေသည်။

အခန်း(၁၃၈၀)

နောက်ခံပေါ်ပြီ

“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုကြောင့် ဒီလိုကိစ္စက ဖြစ်နိုင်မှာလဲ”

ယင်နက်ဘိုးဘေး၏ ပါးစပ်က အဟောင်းသားပွင့်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုက ပြည့်နှက်လာသည်။ ထိုအခြေအနေက သူလိုချင်သည့် ရလဒ်မဟုတ်ပေ။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါသူ့ကို လုံးဝမရှုံးနိုင်ဘူး”

မည်သူကမှ သခင်လေးချင်းယန်ထက် မအံ့ဩလောက်ချေ။ ယခုလေးတင် သူဟာ ယုံကြည်မှုအပြည့် ရှိနေပြီး စိတ်အေးအေးနှင့် တက်ကြွနေခဲ့သေးသည်။ သူကအနိုင်ကို မြင်နိုင်နေသလိုမျိုး သူ၏နှုတ်ခမ်းတွင် အပြုံးယဲ့ယဲ့က ရှိနေသးသည်။

သို့သော် တခဏခန့်ကြာပြီးနောက် သူက ရှုံးသွားသည်။ မျှော်လင့်စောင့်စားမှုနှင့် ဖြစ်လာသော ရလဒ်အကြား ကွာခြားချက်က ကျယ်ပြောလွန်းသဖြင့် သခင်လေးချင်းယန်၏ မျက်လုံးထဲမှ အလင်းက ချက်ချင်းဆိုသလို ကုန်ဆုံးသွားလျှက် နှုတ်ခမ်းကပင် တုန်ယင်သွားသည်။

သူသည် သခင်လေးချင်းယန် အစစ်ဖြစ်သည်။ သခင်လေးချင်းယန်က သူဖြစ်သည်။

သိုင်းပညာများကို နားလည်သဘောပေါက်မှုတွင် မည်သူကမှ သူ့ကိုမယှဉ်နိုင်ပေ။ ဒါဟာ သူ၏ ယုံကြည်မှုအရင်းအမြစ်ဖြစ်သည်။ ထိုအခြေအနေကြောင့်လည်း သူဟာ ယင်နက်ဘိုးဘေးကို သွားရှာလျှက် ဝမ်ချောင်နှင့် ယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ သခင်လေးချင်းယန်အနေဖြင့် သူ့ကိုယ်သူ သံသယမဝင်ဖူးသလို သူရှုံးပြီး ဆက်ဖြစ်လာမည့် ကိစ္စကိုလည်း မတွေးထားဖူးပေ။ ဒါဟာ ရိုးရှင်းစွာပင် မဖြစ်နိုင်ချေ။

သို့သော် ရလဒ်ကမူ သူ့အား မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ခြင်းသာဖြစ်သည်။

“မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး”

သခင်လေးချင်းယန်က ခေါင်းကိုငုံ့လျှက် ခပ်တိုးတိုးရေရွတ်သည်။ သူ၏ခန္ဓာကိုယ်က ဝိညာဉ်မဲ့သလို ဖြစ်သွားပြီး ပြင်းထန်လွန်းသော အံ့အားသင့်မှုကို လက်သင့်မခံနိုင်သလို စိတ်ဓာတ်ကျသွားသည်။

သူ၏ခန္ဓာကိုယ်မှ မွေးရာပါပြစ်ချက်က သူ့အား သိုင်းပညာများ မကျင့်ကြံနိုင်အောင် တားမြစ်ထားသည်။ သို့မဟုတ် ပို၍ တိတိကျကျပြောရသော် သူ့အား အများကြီး မလုပ်ဆောင်နိုင်အောင် တားထား၏။ သူ၏မြင်နိုင်စွမ်းအား အတွေ့အကြုံနှင့် နားလည်နိုင်စွမ်းအားချင်းယှဉ်သော် သူဟာ မည်သူ့ကိုမှ မရှုံးနိုင်ပေ။

သူ၏ အစစ်အမှန် သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းအဆင့်ကြောင့် သူသည် သူ၏အနားတွင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကိုပင် ယှဉ်နိုင်သည့် သူတော်စင် သိုင်းနယ်မြေအဆင့်မှ အစောင့်ကို ခေါ်ထားသည်။ ဒါဟာသူ၏ ယုံကြည်မှုနှင့် မာနအုတ်မြစ်ဖြစ်သည်။ သို့သော် ယခုမူ သူဟာ သူ၏အကြီးမားဆုံး အားသာရာနေရာတွင် ရှုံးသွားသည်။ ထို့ကြောင့် အသတ်ခံရမည်ဆိုသော ကိစ္စထက်ပင် ပို၍ လက်မခံနိုင်ပေ။

“ယင်နက်ဘိုးဘေး မင်းလည်းရလဒ်ကို မြင်ပြီပဲ။ ငါ့အနေနဲ့ မင်းမှာ ပြောစရာမရှိတော့ဘူးလို့ ယုံတယ်”

ရုတ်တရက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက ရှေ့သို့လှမ်းတက်လိုက်ရင်း အေးစက်စွာပြောလိုက်သည်။

သူ၏အကြည့်က အဝေးရှိ သခင်လေးချင်းယန်ထံတွင်ဖြစ်သည်။

“မျိုးမစစ်ကောင်”

ယင်နက်ဘိုးဘေး၏ မျက်နှာက ရှုံ့မဲ့သွားသည်။

“သခင်လေး ဒီနေရာက သွားရအောင်”

သခင်လေးချင်းယန်၏ အနောက်ဘက်မှ အစောင့်ကလည်း သူ၏ပုခုံးကို လှမ်းကိုင်လိုက်ရင်း အဝေးသို့ ထွက်ပြေးသည်။

“ဟွန်း ပြေးဖို့တွေးနေသေးတာလား”

စုန့်ယွမ်ယွီက သခင်လေးချင်းယန်နှင့် အစောင့်ကို တစ်ချက် နှာခေါင်းရှုံ့လိုက်သည်။ သိုင်းပညာလောကမှ ကျော်ကြားလွန်းသော ခေါင်းဆောင်တစ်ယောက်ဖြစ်သလို ကျွမ်းကျင်ပညာရှင် ငါးယောက်ထဲတွင် ထိပ်ဆုံးတစ်ယောက်ဖြစ်သည့်အလျောက် သခင်လေးချင်းယန်နှင့် အစောင့်ကို အလွယ်တကူ ထွက်ပြေးခွင့် ပြုမည့်လူမျိုးမဟုတ်ပေ။

စွစ်

လေထုက ပဲ့တင်ထပ်လာရင်း သတ္ထုချင်း ထိခတ်သံများက ပေါ်ထွက်လာသည်။ စုန့်ယွမ်ယွီက လေထဲသို့ ခုန်တက်လိုက်သည်။

“အား”

လူတိုင်းက အလန့်တကြား အော်ဟစ်ကြသည်။ လူအများစု၏ မျက်နှာများက တင်းမာသွားကြ၏။

အရာအားလုံးတွင် တန်ကြေးတစ်ခု ပေးဆပ်ရပေလိမ့်မည်။ ထိုအခိုက်အတန့်တွင် လူတိုင်းကလည်း ထိုသခင်လေးချင်းယန် အတုက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဘက်မှ စုန့်ယွမ်ယွီ၏ ထင်မြင်ချက် တစ်ခုတည်းနှင့် အသတ်ခံရမည့်ဖြစ်ရပ်ကို မြင်နေကြသည်။

သခင်လေးချင်းယန်သည် သိုင်းပညာလောကအနှံ့ ကျော်ကြားပြီး သူ၏အစောင့်က ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သော်လည်း စုန့်ယွမ်ယွီနှင့် မယှဉ်နိုင်သေးပေ။

ထို့ကြောင့် သခင်လေးချင်းယန်၏ အစောင့်ကို စုန့်ယွမ်ယွီက တစ်ချက်တည်းနှင့် သတ်တော့မည်ဟု ထင်ရသည့် အခိုက်အတန့်တွင်...

ဘုန်း

ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းလွန်းသော ထာဝနွေဦး ကြယ်တာရာစွမ်းအင်လှိုင်းက လေထုကို ထိုးခွဲလျှက် ဝင်ရောက်သွားသည်။ သို့သော် သခင်လေးချင်းယန်နှင့် အစောင့်ထံသို့ မဟုတ်လေဘဲ မလှုပ်ရှားသည့် ဝမ်ချောင်ထံသို့ဖြစ်သည်။

“အဖေ”

“မဟာမိတ်အရှင်”

စုန့်ယို့ရန်နှင့် အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက အံ့အားသင့်မှု၊ မှင်သက်မှုအပြည့်ဖြင့် အော်ကြသည်။

သူတို့တကယ် သဘောတူထားသည့်အတိုင်းဆိုလျှင် သခင်လေးချင်းယန်က အခြားတစ်ယောက်ကို အနိုင်ယူပြီးလေပြီ။ သူ၏နောက်ခံကို သက်သေပြပြီးသားဖြစ်၏။ စုန့်ယွမ်ယွီသည် သခင်လေးချင်းယန် အတုကိုသာ သတ်သင့်သည်။ သို့သော်သူက ထိုအစား အစစ်အမှန် သခင်လေးချင်းယန်ကိုသတ်ရန် ရွေးချယ်လိုက်သည်။

ထိုအခြေအနေဟာ လမ်းမှားနေလေပြီ။

သခင်လေးချင်းယန်က သူတို့ကိုပင် တစ်ကြိမ် ကူညီခဲ့ဖူးသေးသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်က ဝမ်ချောင်ကို တိုက်ခိုက်သောအချက်က သိသာထင်ရှားနေသည်။ ဝမ်ချောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရတော့ပေမည်။

ဘုန်း

ထိုစွမ်းအင်အားလှိုင်းက အောက်သို့ ဆင်းသက်သွားသည်။ သို့သော် ဝမ်ချောင်ကမူ ပေတစ်ဆယ်ကျော်သို့ ဆုတ်ခွာလျှက် ရှောင်လိုက်နိုင်သည်။

“မဟာမိတ်အရှင်စုန့် ခင်ဗျားက ဘာလုပ်တာလဲ”

ဝမ်ချောင်၏ဝတ်ရုံက လေတွင့်လွင့်နေသည်။ သူသည် တဖြည်းဖြည်း ဆင်းသက်လာသော စုန့်ယွမ်ယွီကို အံ့အားသင့်မှုအပြည့်နှင့်ကြည့်သည်။

“ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ဟန်ဆောင်ချင်တုန်းပဲလား”

စုန့်ယွမ်ယွီက သူ၏လက်ကို ကျောဘက်သို့ပို့လျှက် ခံစားချက်ကင်းမဲ့သော မျက်နှာနှင့် ဝမ်ချောင်ကိုကြည့်သည်။

“မင်းသာ သခင်လေးချင်းယန် အစစ်ဆိုရင် ဒီလိုမရှောင်နိုင်သင့်ဘူး”

စုန့်ယွမ်ယွီ၏ စကားလုံးများက လူအုပ်ကို ပွက်လောရိုက်သွားစေသည်။ ထိုအချိန်တွင် စုန့်ယို့ရန်နှင့် စုန့်ကြွယ်တို့က တစ္ဆေများအလား မျက်နှာများ ဖြူဖျော့ကုန်သလို အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။

သိုင်းပညာလောကတစ်ခုလုံးတွင် သခင်လေးချင်းယန်သည် အင်အားကြီးမားသော သိုင်းပညာရှင်တစ်ယောက် မဟုတ်ကြောင်း သိကြပြီးသားဖြစ်သည်။ ဝမ်ချောင်က အစစ်အမှန် သခင်လေးချင်းယန်သာဆိုလျှင် သူသည် စုန့်ယွမ်ယွီ၏ ရုတ်တရက်တိုက်ကွက်ကို မရှောင်နိုင်သင့်ပေ။ ထိုအခိုက်အတန့်တွင် နယ်မြေတစ်ခုလုံးက မှင်သက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ ထောင်ပေါင်းများစွာသော မျက်လုံးများကလည်း နေရာတစ်ခုတည်းကို အာရုံစိုက်ထားသည်။

တိုတောင်းလွန်းသော ကာလအတောအတွင်း မတော်တဆမှုပေါင်းများစွာက ဖြစ်သွားလွန်းသောကြောင့် လူအများစု၏ ခေါင်းကပင် ကိစ္စတစ်ခုလုံးအနှံ့ နားလည်အောင် မနည်းကြိုးစားနေရသည်။ ပထမဦးဆုံးအနေဖြင့် ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ သခင်လေးချင်းယန်က အံ့အားသင့်စရာ ကောင်းလောက်အောင် ရှုံးသွားသည်။ ထို့နောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက သခင်လေးချင်းယန်အတုကို သတ်ရမည်အစား အစစ်အမှန် သခင်လေးချင်းယန်ကိုသတ်သည်။ သို့သော် ယခုမူ သခင်လေးချင်းယန် အတုက အစစ်ဖြစ်နေပြီး အစစ်က အတုဖြစ်လာသည်။ ထိုအခြေအနေက နှေးကွေးသောသူများကို အံ့ဩသွားစေလျှက် လိုက်မမှီနိုင်အောင် ဖြစ်စေသည်။

စိတ်အခြေအနေက ပြောင်းလဲသွားပြီး လူတိုင်းကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လျှက် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် အသက်ကျယ်ကျယ်ပင် မရှုရဲကြပေ။

လူတိုင်းသည်လည်း သူတို့ သတိမထားမိသော အချို့အချက်များ ရှိနေကြောင်း သတိထားမိလိုက်ကြသည်။ အဝေးသု့ိ သခင်လေးချင်းယန်နှင့်အတူ ထွက်ပြေးသွားသော အစောင့်ကပင် မှင်သက်စွာရပ်သွားသည်။

“သခင်လေး ဘာဖြစ်တာလဲ”

ထိုအစောင့်က ခပ်တိုးတိုးပြောသည်။ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုက ပြည့်နှက်နေ၏။ သူသည်လည်း သူနှင့် ထိုမဟာမိတ်နှစ်ခုအကြား အကွာအဝေးတစ်ခု ခြားထားသောကြောင့် တစ်စုံတစ်ရာ ဖြစ်လာလျှင် ထွက်ပြေးနိုင်မည်ဟု ယုံကြည်သည်။

သို့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီပင်ဖြစ်စေ၊ ယင်နက်ဘိုးဘေးကပင်ဖြစ်စေ သူတို့ကို မစိုးရိမ်နေပေ။

“ဟား ဟား စုန့်ယွမ်ယွီ ဒီအဘိုးကြီးက မင်းကို အထင်သေးမိတာပဲ။ ကြည့်ရတာ မင်းလည်း ဘယ်သူက အတု၊ ဘယ်သူက အစစ်ဆိုတာ သိနေတဲ့ပုံပဲ”

ယင်နက်ဘိုးဘေးက တဖြည်းဖြည်းချင်း ရှေ့ထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲကာ အော်ရယ်သည်။ သူ၏မျက်လုံးက ဝမ်ချောင်ကို ကြည့်လာသည်။

“ကောင်လေး တကယ်ပဲမင်းက ဘာလဲ။ မင်းက သိုင်းပညာလောကက သခင်လေးချင်းယန်ကိုတောင် ကျော်ပြီး မဟာမိတ်အရှင်သခင်စုန့်နဲ့ ငါ့ကိုတောင် လှည့်စားရဲတယ်။ တကယ်ကို အတင့်ရဲတာပဲ။ မင်းလိုလူမျိုးက သိုင်းပညာလောကက မဖြစ်နိုင်ဘူး။ ပြောစမ်း မင်းက ဘယ်နေရာက လာတာလဲ”

ယင်နက်ဘိုးဘေးက ထိုသု့ိပြောလိုက်ပြီး သူ၏မျက်လုံးက လင်းလက်လာသည်။ များပြားလွန်းသော စိတ်စွမ်းအားလှိုင်းများက ဝမ်ချောင်ကို ပိတ်လှောင်ထားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကသာ သံသယဝင်စရာ ကောင်းသော အပြုအမူ လုပ်ခဲ့ပါက ကြီးမားသော ထိုးနှက်ချက်ဒဏ်ကို ခံရလောက်သည်။

တစ်ကြိမ်တည်းတွင်ပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဒုအရှင် ရှဲ့ကွမ်းထင်နှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖဲလွမ်ချန်းတို့ကလည်း ကြည့်လာကြသည်။ သိုင်းပညာလောကမှ ဘိုးဘေးကြီး လေးယောက်က သူတို့ကိုယ်တိုင်ပင် နာမည်မသိသော လူငယ်တစ်ယောက်ကို စိုက်ကြည့်နေကြသည်။

လျို့ဝှက်ဆန်းကြယ်သော လူငယ်က ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ဘက်မှ ပုဂ္ဂိုလ်ကြီးလေးယောက်ကို တစ်ပြိုင်တည်းလိုလို ရန်စထားသည်။ ထိုအခြေအနေကို သိုင်းပညာလောက အတွင်းတွင်ပင် မကြားဖူးချေ။

တကယ်ပဲ ဒီကလေးက ဘယ်သူလဲ။

ထိုနေရာက တိတ်ဆိတ်လွန်းသခြင့် အပ်ကျသံကိုပင် ကြားလောက်သည်။ ဘေးလူအဖြစ် သရုပ်ဆောင်နေကြသည့် သိုင်းပညာလောကမှ လူအုပ်များကပင် စကားမပြောရဲကြပေ။ သူတို့အားလုံးသည် ပွဲကြီးပွဲကောင်း ကြည့်ရန်သာ လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒီလိုအခြေအနေမျိုးတွင် မည်သူကမှ မရယ်နိုင်ကြပေ။

သိုင်းပညာလောကမှ ထိုပုဂ္ဂိုလ်ကြီးလေးယောက်ကို လှည့်စားရဲသောသူ သိုင်းပညာတွင် နှံ့စပ်လွန်းကြောင်း ကျော်ကြားသည့် သခင်လေးချင်းယန်ကို စိန်ခေါ်ရဲပြီး ရှုံးနိမ့်အောင် လုပ်ရဲသောသူ... ထိုလူသည် ငယ်ရွယ်သေးသော်လည်း သူသည် မိစ္ဆာလမ်းစဉ်လျှောက်သော တပည့်ဂိုဏ်းသားများထဲမှ အထောင်လွှားဆုံး အကောက်ကျစ်ဆုံး လူများကိုပင် မှင်သက်စေလောက်အောင် လှုပ်ကိုင်ရဲလေသည်။

“ဟား ဟား ကောင်လေး မင်းတော့အဆုံးသတ်ပြီ။ အခုမင်းကို ဘယ်သူလာကယ်မလဲ ငါကြည့်မယ်”

ထိုအခိုက်အတန့်တွင် ကျစ်အန်းတုက အပျော်ရွှင်ဆုံးဖြစ်သည်။

စုန့်ယွမ်ယွီက သခင်လေးချင်းယန် အတုနောက်သို့ မလိုက်လေဘဲ ဝမ်ချောင်ကို တိုက်ခိုက်ခဲ့ခြင်းက သူ့ကို အံ့ဩစေသည်။ သို့သော် ရုတ်တရက် သူ့ကို အံ့အားသင့်မှု ပေးလိုက်သလို ပျော်သွားသည်။ သူသည်လည်း ဝမ်ချောင်က အရူးလုပ်နေသည်ဟု ယုံကြည်ထားခဲ့သည်။ ကြည့်ရသည်မှာ ထိုသို့ မဟုတ်လောက်ချေ။

ဒီကောက်ကျစ်တဲ့ မြေခွေးအိုကြီးကတော့

“အဖေ မဖြစ်နိုင်ဘူး တစ်ခုခု မှားနေတာပဲဖြစ်မယ်”

ထိုအခိုက်အတန့်တွင် စုန့်ယို့ရန်က လူအုပ်ထဲမှထွက်ပြီး သူ၏အဖေဘက်သို့ အပြေးသွားသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေလျှက် သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရေးရေးက ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ သူမသည်လည်း သူမကို ဝေ့ချန်းထင်ထံမှ ကယ်ခဲ့ပြီး အကြီးအကဲအော့ရန်နှင့် အခြားသော အဖွဲ့ဝင်များကို ကူညီခဲ့သောသူက သခင်လေးချင်းယန်အတု မဖြစ်နိုင်ကြောင်း ယုံကြည်ထားပြီးသားဖြစ်သည်။

“ဒါ့အပြင် သူသာအတုဆိုရင်တောင်မှ ငါတို့ရဲ့မဟာမိတ်ကို တစ်ခုခု လုပ်ထားတာမှ မဟုတ်တာ။ အဖေကဘာလို့ သူ့ကိုတိုက်ခိုက်တာလဲ”

စုန့်ယို့ရန်က သူ၏လက်ကို တင်းတင်းလှမ်းကိုင်ထားရင်း ဖခင်ဖြစ်သူကိုကြည့်သည်။ စုန့်ယွမ်ယွီသည် ဝမ်ချောင်ကို တိုက်ခိုက်လိုက်မည့် အခြေအနေကို စိုးရိမ်နေပုံရသည်။

“ဂျူနီယာညီမ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက သူ့အတွက် ပြောပေးနေတုန်းလား”

ကျစ်အန်းတုကလည်း ဒေါသတကြီး အော်ပြန်သည်။

ဝမ်ချောင်က ကျစ်အန်းတု၏ ထင်မြင်ချက်ကို ဂရုမစိုက်ပေ။ သို့သော်သူသည် စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဒီလိုအခြေအနေမျိုးတွင် စုန့်ယို့ရန်ကို ဆက်လက်လှည့်စားရန် မလိုအပ်တော့ပေ။ သူမသည် မိန်းမကောင်းဖြစ်သည်။ သူ့အား အစစ်အမှန် သခင်လေးချင်းယန်ဟုပင် ဆက်လက် ယုံကြည်ပေးနေသေးသည်။

သူမကသာ ထိုသို့ယုံကြည်သော တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။

“မိန်းကလေး မင်းအနေနဲ့ ငါ့အတွက် ပြောပေးဖို့ မလိုအပ်တော့ပါဘူး။ ငါက သခင်လေးချင်းယန် အစစ်မဟုတ်တာ အမှန်ပဲ”

ဝမ်ချောင်က ကျယ်လောင်စွာပြောလိုက်သည်။

ကိစ္စဟာ အဆုံးသတ်သို့ ရောက်ရှိလာပြီးလေပြီ။ သိုင်းပညာလောက အတွင်းတွင်လည်း သူ၏ဟန်ဆောင်မှုဟာ အဆုံးသတ်သင့်လေပြီ။

စုန့်ယို့ရန်၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သူမ၏နှုတ်ခမ်းက တင်းတင်းကြပ်ကြပ် စေ့ပိတ်သွားရင်း သူမ၏မျက်နှာတွင် သွေးများက ခြောက်ကပ်လာသည်။

All Chapters