← Chapters

အခန်း (၁၃၈၁-၁၃၈၅)

Vol. 82 Ch. 1381-1385

အခန်း (၁၃၈၁-၁၃၈၅)

Vol. 82 Ch. 1381-1385

အခန်း(၁၃၈၁)

ဝမ်ချောင်၏မျက်လုံးထဲတွင် တောင်းပန်လိုဟန် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့သော်သူသည် သူ၏ကိုယ်ကို ခပ်မြန်မြန် တည်ငြိမ်အောင် ထိန်းလိုက်ပြီး စုန့်ယွမ်ယွီကိုသာ အာရုံစိုက်လိုက်သည်။ သူ၏မျက်နှာ အမူအရာက တည်ငြိမ်ကာ လှုပ်ရှားမှုမရှိပေ။ ကြောက်လန့်မှုလည်း ဖော်ပြထားခြင်းမရှိပေ။ သူသည် သိုင်းပညာလောက၏ တိုင်တန်ကြီး လေးယောက်၏ အရှေ့တွင်ပင် တည်ငြိမ်နေသေးသည်။

“မဟာမိတ်အရှင်စုန့် ငါ့မှာ နောက်ဆုံးမေးခွန်း တစ်ခုပဲရှိတယ်။ ငါ့ရဲ့ပြစ်ချက်က ဘယ်နေရာမှာလဲ။ ကိုယ့်ကိုယ်ကို စစ်ဆေးအကဲဖြတ် ကြည့်ရသလောက် ငါ့မှာ သိသာထင်းထွက်နေတဲ့ နေရာမျိုး ရှိတယ်လို့တော့မထင်ဘူး။ နောက်ပြီး ငါကနိုင်သွားတယ်။ ဒီတော့ငါက အစစ်အမှန် သခင်လေးချင်းယန်ပဲ။ ဒါကို မဟာမိတ်အရှင်က ဘာလို့ငါ့ကို တိုက်ခိုက်တာလဲ”

ဝမ်ချောင်၏ ယုံကြည်မှုနှင့် အေးဆေးပေါ့ပါးသော မေးခွန်းက လူအုပ်ကို တိတ်ဆိတ်သွားစေသည်။ ယခုလို အခြေအနေမျိုးတွင် ဝမ်ချောင်ဟာ တည်ငြိမ်ဆေးဆေးစွာနှင့် ယုံကြည်မှု ပြန်ရလာသေးပြီး မည်သည့် နေရာက မှားယွင်းသွားခဲ့ကြောင်း အတိအကျ ပြန်မေးနေသေးသည်။ လူအုပ်ထဲမှ အမောက်မာ၊ အထောင်လွှားဆုံး လူများကပင် သူ၏လုပ်နိုင်စွမ်းရည်ကို လေးစားမိသွားကြသည်။

ဒီကလေးက ထူးခြားတဲ့ အကျင့်စရိုက်တော့ ရှိသားပဲ။ သူ့ရဲ့ဒီလို လုပ်ရဲတဲ့ အချက်တစ်ချက်တည်းကတင် လူအနည်းစုလောက်ကပဲ ယှဉ်နိုင်တော့မယ်။

လူအုပ်က စိတ်ထဲတွင် မှတ်ချက်ချသည်။

သို့သော် သိပ်မကြာခင် စုန့်ယွမ်ယွီကို အာရုံစိုက်ကြပြန်သည်။

“ဟုတ်တယ် ဒီဘိုးဘေးကလည်း သိချင်တယ်”

ယင်နက်ဘိုးဘေး၏ မေးခွန်းထုတ်သံကလည်း လူတိုင်း၏စိတ်အတွင်း ဟိန်းထွက်လာသေးသည်။

“စုန့်ယွမ်ယွီ ဒီကလေးက ဘယ်နေရာက မှားသွားလို့လဲ။ သိပ်မကြာခင်ကတင် မင်းကသူ့ကို စိတ်ရင်းနဲ့ ပစ်ယုံထားတာမဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး နောက်ဆုံးအခိုက်အတန့်မှ နောက်ပြန်တိုက်ခိုက်တာလဲ”

ကြည့်ရှု့သူများပင် မဆိုထားဘိ သူကိုယ်တိုင်ကပင် စုန့်ယွမ်ယွီဟာ မည်သည့်အတွက်ကြောင့် အနိုင်ရသွားသူကို ရုတ်တရက်ထ၍ တိုက်ခိုက်ကြောင်း သိချင်နေလေသည်။ ဒါဟာ လူတိုင်း၏ စိတ်ထဲမှ မေးခွန်းဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် အဖြေကို ရရှိတော့မည်ဖြစ်သည်။

“ငါဘယ်တော့မှ ငါ့ရဲ့လုပ်ရပ်တိုင်းကို အခြားသူတွေကို ရှင်းပြလေ့မရှိဘူး။ ဒါပေမဲ့မင်းက ယို့ရန်ကို ကယ်ခဲ့တဲ့အချက်ကို စဉ်းစားဆင်ခြင်ကြည့်ခြင်းအားဖြင့် မင်းသေရမဲ့ အကြောင်းပြချက်ကို သိခွင့်ပေးလိုက်မယ်”

ဝတ်ရုံက တစ်ချက်လှုပ်ခါသွားမှုနှင့်အတူ မထူးခြားနားသော မျက်နှာထားနှင့် စုန့်ယွမ်ယွီက ရှေ့သို့တစ်လှမ်း တက်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကျယ်ပြောသော စွမ်းအင်များက ပျံ့ထွက်လာသည်။

“မင်းကတကယ်ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ အား မင်းကမင်းရဲ့ အပိုင်းကို ကောင်းမွန်လွန်းအောင် ကစားပြသွားနိုင်တာပဲ။ လူတစ်ယောက်က သူနဲ့ပတ်သတ်ပြီး သံသယဝင်စရာ အချက်တစ်ချက် ရှိနေတယ်ဆိုတာက ထူးခြားတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယ၊ တတိယ အချက်တွေ ထပ်ရှိလာပြီဆိုရင်တော့ ထင်သလောက် မရိုးရှင်းတော့ဘူး”

“မင်း တောင်ပေါ်မှာ စပေါ်လာပြီး သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ခဲ့တဲ့အချိန်က မင်းရဲ့ဘေးနားမှာ အစောင့်မရှိဘူး။ ဒါက သံသယဝင်စရာ အချက်တစ်ချက်ပဲ။ ဟုတ်တယ် အဲ့ဒီညက ကျစ်အန်းတုက မင်းကို ညပိုင်းဝင်စီးတဲ့ကာလမှာ မင်းက ဘာမှမလုပ်ဘဲ ထွက်ပြေးဖို့ ကြိုးစားတယ်လို့ စွပ်စွဲခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင် တွေးတောဆင်ခြင်နိုင်စွမ်းရည် အကျင့်စရိုက်တွေက တော်တော်လေး နိမ့်ကျတာတော့ မှန်တယ်။ ဒါပေမဲ့ သူကလည်း လိမ်စရာ အကြောင်းပြချက်တော့ မရှိသေးဘူး။ ဒါက ဒုတိယမြောက် သံသယဝင်စရာ အချက် နောက်ပြီး ဘိုးဘေးငါးယောက် မဟာမိတ်မှာ နောက်ထပ် သခင်လေးချင်းယန် တစ်ယောက်က ပေါ်လာတယ်။ ဒါက တတိယမြောက် သံသယဝင်စရာအချက်ပဲ။ ဒီအချက် သုံးချက်ရဲ့ အနောက်မှာ အမှန်တရားက ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့နောက်ခံကို သေချာပေါက် သံသယဝင်မှာပဲ”

စုန့်ယွမ်ယွီ၏ အသံက လူတိုင်း၏နားအတွင်း ဟိန်းထွက်လာသည်။ လူတိုင်းက ဂရုတစိုက် နားထောင်နေကြ၏။ ဝမ်ချောင်အတွက်ကမူ ရှင်းပြချက်ကို နားထောင်ပြီးသောအခါ သက်ပြင်းချလိုက်မိသည်။

သိုင်းပညာလောကရဲ့ တိုင်တန်တွေဆိုတဲ့အတိုင်းပဲ တစ်ယောက်မှကို မရိုးရှင်းဘူး။ စုန့်ယွမ်ယွီက ငါ့ကို သံသယဝင်နေရာ ရှင်းနေတာပဲ။ ဒါတောင်မှ စကားတစ်ခွန်းမှ မပြောဘူး။ အခုအခါမှပဲ သတ်ဖြတ်ဖို့ တစ်ချက်တည်းရိုက်ချလိုက်တယ်။

အနက်ရောင်ဝတ်စုံနှင့် လူများက ညပိုင်းဝင်စီးခဲ့သောညတွင် စုန့်ယွမ်ယွီသည် သူ့ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ကံကြမ္မာကျောက်တုံး၏ စွမ်းအားများက သူ့ကို စုန့်ယွမ်ယွီအား အောင်မြင်အောင် လှည့်စားနိုင်ခဲ့ခြင်းအားဖြင့် ထိုစမ်းသပ်မှုကို ကျော်ဖြတ်စေနိုင်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုမူ ဝမ်ချောင်သည် စုန့်ယွမ်ယွီ၏ သူ့အပေါ် သံသယများဟာ ဘယ်သောအခါမှ မပျောက်ကွယ်သွားခဲ့ကြောင်း သိလိုက်ရသည်။

ဒီတိုင်းသူသည် ကောက်ကျစ်လွန်းအားကြီးသောကြောင့် သူ၏ သံသယများကို အပြည့်အဝ ဖုံးကွယ်ထားခဲ့ခြင်းသာလျှင် ဖြစ်သည်။

ဝမ်ချောင်ကိုယ်တိုင်ကပင် တစ်ချိန်လုံး သတိကပ်နေခဲ့သောကြောင့်သာ မဟုတ်လျှင် စုန့်ယွမ်ယွီ၏ ထောင်ချောက်အတွင်းသို့ ကျသွားလောက်သည်။

“မဟာမိတ်အရှင်စုန့်က တကယ်ကို လေးစားဖို့ ကောင်းပါပေတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းက ခေါင်းဆောင်ဆိုတဲ့အတိုင်းပဲ”

ဝမ်ချောင်က ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။ သူ၏နှုတ်ခမ်းက ကော့တက်လျှက် ပြုံးလိုက်သည်။ သူသည် တဖန်ထပ်ပြီး လူငယ်အမတ်တစ်ယောက်၏ တည်ငြိမ်အေးဆေး ကျော့ရှင်းကြည့်ကောင်းသော အမူအရာကို ချိတ်ဆွဲလိုက်သည်။

“ဒါပေမဲ့ ဒါက သံသယဝင်တယ်ဆိုတဲ့ အတိုင်းအတာမှာပဲ ရှိနေသေးတယ်။ အဆုံးသတ်မှာတော့ မဟာမိတ်အရှင်စုန့်က ဘယ်လိုအတွက်ကြောင့် ငါ့ရဲ့နောက်ခံကို သေချာသွားတာလဲ။ အနိုင်က မှားနေလို့လား”

လူတိုင်းက နားကိုစွင့်လျှက် စုန့်ယွမ်ယွီကိုကြည့်သည်။ ထိုကလေးဟာ သေရမည်ဖြစ်သည်။ စုန့်ယွမ်ယွီ၏ လက်ထဲမှ ထို့အပြင် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် မိစ္ဆာလမ်းကြောင်းလျှောက်သော သိုင်းပညာပေါင်း များစွာ၏ လက်ထဲမှ မည်သူကမှ လွတ်မြောက်လိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့သော အရာက တစ်လောကလုံး၏ ရယ်စရာပျက်လုံး ဖြစ်သွားနိုင်သည်။ လူအများ ယခုသိချင်နေသော ကိစ္စကမူ စုန့်ယွမ်ယွီဟာ မည်သည့်အတွက်ကြောင့် ဝမ်ချောင်က အစစ်အမှန် သခင်လေးချင်းယန် မဟုတ်ကြောင်း သေချာနေရသည့် အချက်ဖြစ်သည်။

ကျစ်အန်းတုကပင် ထိုအဖြေကို အာရုံစိုက်နေမိသည်။ သူကိုယ်တိုင်လည်း ဝမ်ချောင်ကို တစ်ချိန်လုံး သံသယဝင်ကာ ပြောဆိုစွပ်စွဲနေခဲ့သည့်အပြင် သူ့ကို သတ်ဖြတ်သည်ထက် မပိုသော ခံစားချက်မျိုး ရှိနေသည့်တိုင်အောင် ဟာကွက်ကို မမြင်ခဲ့ရပေ။

“အနိုင်ဆိုတာက သဘာဝအလျောက်ပဲ ပြစ်ချက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မင်းရဲ့ပြစ်ချက်က မင်းက အရမ်းကောင်းကောင်း လုပ်နိုင်လွန်းတာပဲ။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ အလွန်အကျူး လုပ်တာကလည်း အခြေအနေ ဆိုးသွားစေတယ်”

စုန့်ယွမ်ယွီ၏ မျက်လုံးက လင်းလက်လျှက် တည်ငြိမ်စွာပြောသည်။

“နောက်ဆုံးတစ်ကွက်မှာ မင်းက တစ္ဆေမိစ္ဆာပေါင်းစပ်မှုကို အသုံးပြုတဲ့ အခိုက်အတန့်မှာ ကျိုးဟန်ရီကို တောင်ပိုင်းတောင်စည် ဓားအမှတ်အသားတွေ တွန်းပို့ရင်း ဆုတ်ခွာခိုင်းခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မင်းရဲ့ဟာကွက်က ပေါ်လာတာပဲ”

“အာ”

ပထမဦးဆုံး အကြိမ်ပင် ဝမ်ချောင်က ကြောင်သွားသည်။ လူတိုင်းကလည်း အလားတူသာလျှင်ဖြစ်သည်။ အဝေးရှိ သခင်လေးချင်းယန်ကမူ ဖိအားများသွား၏။ သူ၏ရှု့ထောင့်အရ ဝမ်ချောင်၏ တောင်ပိုင်းတောင်တန်းသို့ ဓားအမှတ်များ ညွှန်ပြခိုင်းခြင်းသည် သာမာန် သိုင်းကွက်သာဖြစ်သည်။ စုန့်ယွမ်ယွီ၏ ဆိုလိုရင်းကို သူကိုယ်တိုင်ကပင် နားမလည်နိုင်ပေ။

“သိုင်းပညာတွေ အားလုံးအပေါ် နားလည်သဘောပေါက်မှုနဲ့ ပတ်သတ်လာရင် အပေါ်ယံနဲ့ နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်။ ခပ်ပါးပါး နားလည်ထားတယ်။ နက်ရှိုင်းတဲ့ အပိုင်းအထိ သိထားတယ်ဆိုတဲ့ အချက်အလက်တွေက ကွာခြားသေးတယ်။ အစစ်အမှန် သခင်လေးချင်းယန်က ကျင့်ကြံခြင့်အဆင့်မှာ အစစ်အမှန် သိုင်းနယ်မြေအဆင့်မှာပဲ ရှိတာ။ သူကဘယ်လိုကြောင့် အင်ပါယာသိုင်းနယ်မြေ အဆင့်နဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို သိနေမှာလဲ”

“ဒါပေမဲ့ မင်းကတော့ ထူးခြားတယ်။ မင်းက ဘိုးဘေးငါးယောက် မဟာမိတ်ရဲ့ အင်ပါယာသိုင်းနယ်မြေ အဆင့်က တပည့်ဂိုဏ်းသားကို နတ်ဆိုးကို အသက်ဆက်သခြင်း မိစ္ဆာက ဆယ်ပေမြောက်တက်ခြင်းတွေကို အသုံးပြုတာကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ မင်းရဲ့ခန္ဓာကိုယ်က အမြင့်ဆုံး ဝန်ထုတ်ဝန်ပိုးတစ်ခုကို တောင့်ခံရတော့မယ်ဆိုတာကို သိနေတဲ့ပုံစံပဲ။ ဒါကြောင့် တတိယအကွက်ဖြစ်တဲ့ တစ္ဆေမိစ္ဆာပေါင်းစပ်ခြင်းအကွက်ကို အသုံးပြုလိုက်တဲ့အချိန်မှာ မင်းက ဒီတံစက်မြိတ်ကိုကျော်ပြီး သူ့ရဲ့ ကြယ်တာရာစွမ်းအင်တွေကို ကစဉ့်ကလျားဖြစ်အောင် လုပ်ပစ်လိုက်တယ်။ ငါပြောတာမှားလား”

“အင်ပါယာသိုင်းနယ်မြေအဆင့်ကို ဘယ်တော့မှ မရောက်ဖူးတဲ့ လူတစ်ယောက် ဘာတိုက်ပွဲ အတွေ့အကြုံမှ မရှိတဲ့လူတွေက ဒီလိုအကြောင်းအရာမျိုးကို မသိနိုင်ဘူး”

“သခင်လေးချင်းယန်က သီအိုရီကိုပဲသိတာ။ မင်းကတော့ အစစ်အမှန် တိုက်ပွဲစွမ်းရည် အတွေ့အကြုံ ရှိနေတယ်။ သူတို့ပြောကြတဲ့အတိုင်းဆိုရင် ဆံပင်တစ်ပင် ခြားနားချက်ကတင် လီတစ်ထောင်အထိ တောက်လျှောက် မှားယွင်းသွားစေနိုင်တယ်တဲ့။ ဘယ်သူကအစစ်၊ ဘယ်သူက အတုဆိုတာကို ပြောဖို့ လိုအပ်ဦးမလား”

စုန့်ယွမ်ယွီက ဝမ်ချောင်ကို မထူးခြားနားသလိုကြည့်သည်။

သခင်လေးချင်းယန် အစစ်အတုကြားမှ တိုက်ပွဲသည် လူတိုင်းအား မှင်သက်စေလျှက် စိတ်ရှုပ်ထွေးစေခဲ့သည်။ သို့သော် စုန့်ယွမ်ယွီကသာ အရာအားလုံးကို အကျိုးအကြောင်းကျကျ ရှင်းပြသွားသည်။ တစ်ယောက်က သီအိုရီသာရှိပြီး အခြားတစ်ယောက်ကမူ အစစ်အမှန် တိုက်ပွဲဝင်စွမ်းရည် ရှိနေသည်။ ထိုအတွက်ကြောင့် မည်သူကအစစ်၊ မည်သူကအတုဖြစ်ကြောင်း ခွဲခြားရ လွယ်ကူလေသည်။

စုန့်ယွမ်ယွီ၏ ရှင်းပြချက်ကို ကြားသောအခါ လူအုပ်က စတင်ကာ ပွက်လောရိုက်ပြန်သည်။ ဝမ်ချောင်ကိုယ်တိုင်ကမူ မှင်သက်သွား၏။ သူသည်လည်း သူ၏ အနိုင်ရရန် အသုံးပြုခဲ့သော နည်းလမ်းက သူ့ကို ရှုံးသွားစေမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားမိပေ။ သီအိုရီနှင့် အစစ်အမှန် တိုက်ပွဲအကြား ဖော်ထုတ်ပြသသည့် ငြင်းခုံမှုကတင် ဝမ်ချောင်ကို ပြန်မငြင်းနိုင်အောင် ဖြစ်သွားစေသည်။ အဝေးရှိ သခင်လေးချင်းယန်ကပင် စွံ့အသွားသည်။

“အသက်ပိုကြီးတဲ့လူက ပိုဉာဏ်ကောင်းတယ်”

စုန့်ယွမ်ယွီကလည်း ထည့်မပြောခဲ့ချေ။ သူသည်လည်း သူနှင့်ဝမ်ချောင်အကြားမှ သိသာထင်ရှားသည့် ကွာခြားချက်ကို သတိထားမိလိမ့်မည် မဟုတ်ချေ။

“ဆိုတော့ ဒီလူက တော်တော်လေးကို အင်အားကြီးမားတဲ့ သိုင်းပညာရှင်ပေါ့။ ဒီလိုဆိုရင် သူဘာလို့ ဒီလိုလုပ်တာလဲ”

သခင်လေးချင်းယန်က ဝမ်ချောင်ကိုလှည့်ကြည့်သည်။ ဝမ်ချောင်ကို ယင်နက်ဘိုးဘေးနှင့် အခြားသော ပုဂ္ဂိုလ်ကြီးသုံးယောက်က ဝိုင်းနေပြီဖြစ်သည်။ နောက်ဆုံးအဖြေကို သူကသိနေသော်လည်း ပို၍ပင် စိတ်ရှုပ်စေသေးသည်။

သခင်လေးချင်းယန်သည် သိုင်းပညာကို မလေ့ကျင့်သော်လည်း သိုင်းပညာ ဗဟုသုတများမှတစ်ဆင့် ကြီးမားသော မာနတစ်ခုကို စိုက်ထူနိုင်ခဲ့သည်။ သို့ရာတွင် ဝမ်ချောင်၏အရှေ့တွင် သူသည် မည်သည့်မာနမှပင် မထုတ်ပြနိုင်တော့ချေ။ သူသည် ဝမ်ချောင်နှင့် အသက်တူသည်။ သို့သော် ဝမ်ချောင်ကမူ သူ့ထက် သိုင်းပညာတွင်ဖြစ်စေ၊ ပါရမီတွင်ဖြစ်စေ သာလွန်နေသည်။ ပထမဦးဆုံး အကြိမ်အဖြစ် သူ၏ တစ်ဘဝလုံးစာ ကာလအတောအတွင်း တစ်စုံတစ်ယောက်ဟာ သူ့အား အလဲထိုးလာခြင်းဖြစ်သည်။

ဝမ်ချောင်က သူအဖြစ် ဟန်ဆောင်သော်လည်း သခင်လေးချင်းယန်ကမူ သူ့ကို မမုန်းပါပေ။ အနှစ်ချုပ်ဆိုရသော် ပို၍ပင် အနည်းငယ် လေးစားမိသေးသည်။

အရာအားလုံး ဘေးဖယ်ထားလိုက်မည်ဆိုလျှင်ပင် လေ့လာနိုင်စွမ်းအားနှင့် နားလည်နိုင်စွမ်းအားတွင် သူသည် တစ်ဖက်သူထံတွင် ရှုံးပြီးသားဖြစ်သည်။ ထို့ပြင် တစ်ဖက်သူသည် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးကိုပင် လှည့်စားရဲသေးသည်။ လူအနည်းစုကသာ ထိုကဲ့သို့သော လူမျိုးကို ယှဉ်နိုင်လောက်သည်။

“မဟာမိတ်အရှင်စုန့် ဒီလူက တကယ်ကို လေးစားစရာပဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ မဟာမိတ်အရှင်စုန့်ရဲ့ နေရာကို ရောက်သွားတဲ့လူတွေက သာမာန်စွမ်းရည်ကို ပိုင်ဆိုင်မှာတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်တာက တကယ်ပဲ သေဒဏ်ပေးဖို့ ထိုက်တန်လို့လား။ ငါက ခင်ဗျားကို တစ်ကြိမ်ကူညီခဲ့ဖူးသေးတယ်မဟုတ်လား”

ဝမ်ချောင်က စုန့်ယွမ်ယွီကိုကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ ယခုလေးတင် သူဟာ သိုင်းပညာရှင် သုံးယောက်၏ တိုက်ကွက်များကို ရင်ဆိုင်ရမည့်အတွက် စိုးရိမ်မိသေးသည်။ သို့သော် ယခုမူ သူသည် ပွင့်ပွင့်လင်းလင်းနှင့် အမြင်ကျယ်လာပုံပေါ်သည်။

“ဟား ဟား ဆိုးယုတ်တဲ့ကောင်စုတ်လေး မင်းက ဒီအဆင့်ရောက်မှ အသက်ရှင်လျှက် ထွက်သွားနိုင်ဦးမယ် ထင်နေတာလား။ မဟာမိတ်အရှင်စုန့်က ဘာမှမလုပ်ရင်တောင် ဒီအဘိုးကြီးက မင်းကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်တဲ့အထိ စုတ်ဖြဲပစ်ဦးမှာ”

ယင်နက်ဘိုးဘေး၏ စိတ်အတွင်း သတ်ဖြတ်လိုစိတ်များက လိမ့်ထွက်လာရင်း သူ၏မျက်လုံးကလည်း အန္တရာယ်များသော အလင်းဖြင့် လက်လာသည်။

“မင်းက သခင်လေးချင်းယန်အဖြစ် ဟန်ဆောင်ခဲ့ပြီး ယို့ရန်ကို ကယ်ခဲ့တယ်။ နောက်ပြီး ငါ့ကို လှည့်စားခဲ့တယ်။ ဒီလိုဆိုရင် ငါကမင်းကို ချမ်းသာပေးနိုင်သေးတယ်။ ဒါပေမဲ့မင်းက မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူရဲ့တပည့် ဖြစ်နေတာပဲ”

စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။

ဝှစ်

လူတစ်အုပ်လုံးက ပွက်လောရိုက်ကုန်သည်။ ယင်နက်ဘိုးဘေးနှင့် ဘေးလူအဖြစ် ဟန်ဆောင်နေသော ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ မျက်နှာထားက တင်းမာသွားပြီး မျက်လုံးက မှေးကျဉ်းသွားသည်။

“စုန့်ယွမ်ယွီ မင်းသေချာလား။ သူက ကျန်းဝမ်ဖူရဲ့တပည့်လား”

ယင်နက်ဘိုးဘေးက စိုးရိမ်တကြီး မေးသည်။ သူက စုန့်ယွမ်ယွီကို လှည့်ကြည့်နေပြီဖြစ်သည်။

“ငါအစပိုင်းကတော့ မသေချာဘူး။ အခုတော့ သေချာသွားပြီ”

စုန့်ယွမ်ယွီက ထိုသို့ပြောပြီး လက်ကိုတစ်ချက်ယမ်းလိုက်သည်။

“ချူနန် မင်းသိထားတဲ့အကြောင်းကို လူတိုင်းကိုပြောပြလိုက်”

“ဟုတ်ကဲ့ မဟာမိတ်အရှင်”

ချူနန်ဟုခေါ်သော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က ဒူးတစ်ဖက် ထောက်ချလျှက် ဂါရဝပြုပြီးမှ ပြန်ထရပ်သည်။

သူသည်သူ၏ လက်ကို အခြားအင်္ကျီလက်ထဲသို့ ထည့်သွင်းလျှက် စာလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။ ခပ်မြန်မြန်ဖွင့်လိုက်ပြီးနောက် လူတစ်ယောက်၏ ပန်းချီကားတစ်ချပ်က ပေါ်လာသည်။

အသက်ရှစ်ဆယ်၊ ကိုးဆယ်အရွယ်ခန့်ရှိမည့် အကြီးအကဲတစ်ယောက်ပုံဖြစ်ပြီး ဆံပင်များက ဖြူဖွေးနေလျှက် လက်ထဲတွင် တုတ်ကောက်ကိုကိုင်ထားသည်။

ဝုန်း

ထိုမြင်ကွင်းကြောင့် ဝမ်ချောင်၏နှလုံးသားက တုန်ယင်သွားသည်။

ရွာသူကြီး

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်၏ လက်ထဲမှ ထိုပန်းချီပုံက ဝမ်ချောင်နှင့် ကွဲသွားသော ဝူရှန်းရွာသူကြီး၏ ပုံဖြစ်နေသည်။ ပုံကိုဆွဲထားသောလူက အလွန်အမင်း လေးစားဖွယ်ကောင်းသည်။ ဝူရှန်းရွာသူကြီးက တိုက်ပွဲအလယ်တွင် ရှိနေသောပုံစံကို ဆွဲထားခြင်းဖြစ်ပြီး သူ၏မျက်နှာထားနှင့် ပြုမူပုံများက အလွန်အမင်းတိကျသည်။ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းခန့်အထိ တူသည်။

“ဒီလူက မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူနဲ့ အတူရှိနေတဲ့ အဖွဲ့ဝင်တွေထဲက တစ်ယောက်ပဲ။ ငါတို့မနေ့က တွေ့ခဲ့တဲ့အထဲမှာ သူပါတယ်။ သူက တော်တော်လေး အင်အားကြီးတယ်။ မဟာမိတ်အရှင်ကသာ အချိန်ကိုက် မရောက်လာခဲ့ရင် ငါတို့ရဲ့ လူအမြောက်အများက သူ့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့မှာပဲ။ အဲ့ဒီအချိန်မှာ ရှိနေတဲ့ ကျွမ်းကျင်ပညာရှင်တွေထဲက တစ်ယောက်က ဒီလူရဲ့ပုံကို ပြန်ဆွဲပေးခဲ့တာ။ ငါတို့က သတင်းပို့ငှက်ကိုသုံးပြီး ဒီပုံကို နေရာတိုင်းကို ဖြန့်ထားပြီးသား။ မဟာမိတ်ကြီးရဲ့ အင်အားစု တစ်ခုလုံးကိုသုံးပြီး ဒီမိစ္ဆာဧကရာဇ်ရဲ့ အပေါင်းအဖော်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ရှာဖွေထားတယ်”

“ငါတို့အစကတော့ ဒီလူက သိုင်းပညာလောကမှာ အရင်က မပေါ်လာဖူးဘူးဆိုကတည်းက သူ့နောက်ကြောင်းကို ခြေရာခံကောက်ဖို့ ခက်မယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ ငါတု့ိ မမျှော်လင့်ထားတာက အနီးအနား အနောက်ပိုင်းနယ်မြေကနေ တစ်ခုခုကို သိလာရတာပဲ။ ငါတို့ကြားထားတဲ့ အတိုင်းဆိုရင် ဒီလူကို မဟာထန် အင်ပါယာခုံရုံးရဲ့ လက်ရွေးစင်အင်အားစုမြင်းတပ် ခေါင်းဆောင်လို့ သိကြတယ်။ နောက်ပြီးသူ့ကို လူအများစုက ဝူရှန်းရွာသူကြီးလို့ ခေါ်တယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ရွာက ထွက်လာတဲ့ ဝူရှန်းမြင်းတပ်က တစ်လောကလုံးအနှံ့ ကျော်ကြားနေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နေလို့ပဲ”

ထိုသို့ပြောပြီးနောက် ချူနန်က တခဏခန့် ရပ်တန့်သွားသေးသည်။

အခန်း(၁၃၈၂)

“အနောက်မြောက်ပိုင်းမှာ အရှိန်အဝါကြီးမြတ်တဲ့ ဝူရှန်းရွာသူကြီးက တကယ်ပဲ ပေါ်လာတယ်။ နောက်ပြီးငါတို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်။ ဒါက တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်။ ငါတို့ ဒီသဲလွန်စနောက်ကို ဆက်လိုက်လိုက်တော့ အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ ကျော်ကြားတဲ့ ဝူရှန်းမြင်းတပ်က မဟာထန်ရဲ့ လူငယ်အမတ်မင်းရဲ့ အမိန့်အောက်မှာ ရှိနေတာကို သိလိုက်ရတယ်”

ချူနန်က ထိုသို့ပြောနေရင်း သူ၏ဘယ်ဘက် အင်္ကျီလက်အတွင်းမှ နောက်ထပ် ပန်းချီကားတစ်ချပ်ကို ထပ်ထုတ်ကာ ဖွင့်ပြသည်။ လူအုပ်ကလည်း ခြားနားသော ပုံရိပ်ကို မြင်လိုက်ရသည်။

“အာ”

ပန်းချီပါပုံကို မြင်ပြီးနောက် လူအုပ်က အံ့အားတကြီးအော်ကြသည်။

အကြောင်းမူကား ထိုပုံထဲတွင် အသက်(၁၇)နှစ်၊ (၁၈)နှစ်အရွယ် ချောမောသော လူငယ်လေး တစ်ယောက်ပါသည်။ ဂရုစိုက်ကြည့်ရှု့မည်ဆိုပါက ထိုလူငယ်သည် ဝမ်ချောင်ဖြစ်ကြောင်း တွေ့ရပေမည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဆိုတော့သူက သခင်လေးချင်းယန်မဟုတ်ဘူးပေါ့”

“လူငယ်အမတ်ဟုတ်လား။ အင်ပါယာခုံရုံးက အမတ်တစ်ယောက်ပေါ့။ အသက်(၁၈)နှစ်အရွယ်နဲ့တင် အမတ်ဖြစ်နေတာလား”

ပတ်ဝန်းကျင်လူအုပ်၏ မျက်လုံးပေါင်းများစွာအတွင်း အံ့အားသင့်သော ခံစားချက်များကို မြင်နိုင်သည်။ တစ်ယောက်ချင်းစီတိုင်းက ဝမ်ချောင်၏နောက်ခံနှင့်ပတ်သတ်ပြီး ထင်မြင်ချက်အမျိုးမျိုး ရှိနေပြီးသားဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူသည် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် ဆော့ကစားရဲလောက်အောင် လုပ်နိုင်စွမ်းရည် ရှိသောလူမျိုးဖြစ်သည်။ သို့သော် မည်သူကမှလည်း ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်လျှောက်သော အဖွဲ့အစည်းများ၊ ဆိုးယုတ်သော လမ်းစဉ်လျှောက်သော အဖွဲ့အစည်းများကို အနည်းငယ်သာ အာရုံစိုက်သည့် ထိုပုဂ္ဂိုလ်က မဟာထန်ဘက်မှ သူကောင်းမျိုးနွယ်သားတစ်ယောက် ဖြစ်နေမည်ဟု မထင်ထားမိချေ။

“ဟာ”

ပတ်ပတ်လည်ရှိ လူအုပ်ထံမှ ထွက်လာသော အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည့် ဝမ်ချောင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

“ကြည့်ရတာ ဒီနေ့ ကောင်းကောင်း အဆုံးသတ်ဖို့ ခက်သွားပြီပဲ”

သူတော်စင်သည်ပင် အမှားလုပ်နိုင်သည်။ သူသည်လည်း မမျှော်လင့်ထားစွာပင် အဆုံးသတ်နား နောက်ဆုံး အချက်အချာကျသော အခိုက်အတန့်တွင် သတင်းပေါက်ကြားလာသည်မှာ သူထံမှမဟုတ်လေဘဲ ဆရာဖြစ်သူကို သွားရှာသော ဝူရှန်းရွာသူကြီးထံမှ ဖြစ်နေမည်ဟု မထင်ထားမိပေ။

တြိဂံပုံမြေကွက်လပ်တွင် တပ်ဆွဲခဲ့သော ကာလအတောအတွင်းနှင့် တာလာ့၏ တိုက်ပွဲထံမှ အနိုင်နှင့်အတူ ပြန်လာခဲ့သော တိုက်ပွဲထံမှ ဝူရှန်းရွာသူကြီးက ဝူရှန်းမြင်းတပ်ကို အဖော်ပြုကာ ပြန်လာခဲ့ခြင်းအားဖြင့် လူပေါင်းများစွာက မြင်တွေ့သွားခဲ့ကာ ဒီနေ့လိုဖြစ်ရပ်မျိုးက ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“ဟား ဟား ဟား ဒီဘိုးဘေးက မင်းက အင်ပါယာခုံရုံးက အမတ်တွေဘာတွေ ဖြစ်နေတာကို ဂရုစိုက်မှာမဟုတ်ဘူး။ ဘယ်အဆင့်အတန်းကမှ ဒီနေရာမှာ အသုံးဝင်နေမှာမဟုတ်ဘူး။ ဒီဘိုးဘေးကို အရူးလုပ်ရဲကတည်းက ဒီဘိုးဘေးက မင်းကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်မှာပဲ”

သူက ထူးဆန်းသော လှောင်ရယ်သံကို ယင်နက်ဘိုးဘေးက သူ၏ပိန်းပိတ်အောင် မည်းမှောင်သော မျက်လုံးများနှင့် ပေနှစ်ဆယ်ခန့်အကွာမှ ဝမ်ချောင်ကိုလှမ်းကြည့်သည်။

“အား”

မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ယင်နက်ဘိုးဘေးက ကြီးမားသော ငှက်ကြီးတစ်ကောင်က ရှေ့သို့ ခုန်အုပ်လိုက်သည့်အလား အနက်ရောင်မီးခိုးများဖြင့် လွှမ်းခြုံလျှက် ရှေ့သို့ ခုန်ဝင်လာသည်။ လူတိုင်းက အဖြစ်အပျက်ကို မသိနိုင်သေးခင် သူသည် ဝမ်ချောင်နှင့် နှစ်ပေအကွာသို့ရောက်လာသည်။

ဝုန်း

ထို့နောက် လူအုပ်က တဖန်ထပ်ပြီး အံ့ဩရပြန်သည်။ ယင်နက်ဘိုးဘေးက တိုက်ခိုက်လိုက်ပြီး တခဏခန့် ကြာပြီးနောက် စုန့်ယွမ်ယွီက လှုပ်ရှားလိုက်သေးသည်။

“အဖေ”

စုန့်ယို့ရန်က ဖခင်ဖြစ်သူကို လှမ်းဆွဲရင်း မျက်နှာက ဖျော့တော့သွားသည်။ သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်က စုန့်ယွမ်ယွီကို လှမ်းမမှီနိုင်ချေ။

“သူ့ကိုသတ် မြန်မြန်လေး သတ်လိုက်တော့”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများအကြားမှ ကျစ်အန်းတုက သူ၏လက်သီးကို စိတ်လှုှုပ်ရှားစွာ ဆုပ်ထားရင်း သူ၏မျက်လုံးအတွင်း စိတ်လှုပ်ရှား မျှော်လင့်စောင့်စားမှုများက တောက်လောင်လာသည်။

စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က သိုင်းပညာလောကမှ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက လှုှုပ်ရှားလိုက်သောအခါ ဝမ်ချောင်က သေမည်မှာ သေချာသည်။ ရှိနေသေးသော ထိုပုဂ္ဂိုလ်ကြီးများကြောင့်သာ မဟုတ်လျှင် ကျစ်အန်းတုကလည်း ခုန်ဝင်သွားပြီးလောက်လေပြီ။

ဘန်း

တခဏခန့်ကြာပြီးနောက် ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ယင်နက်ဘိုးဘေးသည် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာသော စွမ်းအင်လှိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုအဆုံးအစမဲ့သည်ဟု ထင်ရလောက်အောင် ပြန်ကန်ထွက်လာသည့် စွမ်းအားလှိုင်းများက မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့်အတူ ပျံ့ထွက်လာပြီး ရှိနေသမျှသော မရေမတွက်နိုင်လောက်အောင် မြောက်များသည့် သိုင်းပညာရှင်များအား မှင်သက်ကြောင်အလျှက် ငေးငိုင်သွားစေသည်။ ထိုအခိုက်အတန့်တွင် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီကဲ့သို့သော ကျွမ်းကျင်ပညာရှင်များကလွဲပြီး ရှိနေသမျှသော လူတိုင်းက မသိသာ မထင်ရှားသည့် ပုရွက်ဆိတ်များအလား ဖြစ်သွားသည်။

ခြိမ်း

အားလှိုင်းနှစ်ရပ်က ထိပ်တိုက်ဆုံသွားသည်။ ထို့နောက် ယင်နက်ဘိုးဘေးက ခြေလှမ်းခြောက်လှမ်း၊ ခုနှစ်လှမ်းခန့် ယိုင်လျှက် ဆုတ်လာခဲ့ရသည်။

“မဖြစ်နိုင်လိုက်တာ”

ယင်နက်ဘိုးဘေး၏ မျက်လုံးက လုံးဝိုင်းသွားပြီး အလွန်အမင်း အံ့အားသင့်သော မျက်နှာထားကို ဖော်ပြသည်။

ထိုအချိန်တွင် ယင်နက်ဘိုးဘေးကို နောက်ပြန်ပို့လိုက်ပြီးနောက် ဝမ်ချောင်က ချက်ချင်းလိုလို တစ်ဖက်သို့ လှည့်ကာ အသက်ရှုချိန်ပင် မရှိဘဲ ဒုတိယမြောက်ပြိုင်ဘက်ကို ရင်ဆိုင်ရပြန်သည်။

စုန့်ယွမ်ယွီ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်သည် ကိုင်တွယ်ရ အလွန်ပင်ခက်သည်။ စကြာဝဠာ ထိုးသွင်းခြင်းသိုင်းကဲ့သို့ ဖော်ခွဲမှုပြင်းထန်ပြီး ရုတ်ရင်းကြမ်းတမ်းလွန်းသော ဝိသေသလက္ခဏာမျိုး လိုအပ်နေသည့်တိုင်အောင် သူ၏ သဘောသဘာဝနှင့် ပိုင်ဆိုင်ထားသော စွမ်းအင်များကလည်း အတုမရှိနိုင်ပေ။ အကြောင်းမူကား အနက်ရောင်ဝတ်စုံနှင့် လူများကို ခေါင်းဆောင်သည့် ရွှေရောင်လူထွားကြီးကပင် ကြယ်တာရာစွမ်းအင်များကြောင့် ပြင်းထန်လွန်းသော အတွင်းဒဏ်ရာများက ရှိခဲ့သည်။ အခြားသူများဆိုလျှင် ပို၍ပင်ဆိုးသေးသည်။

တခဏခန့်ကြာပြီးနောက် အလင်းက တစ်ချက်လက်သွားသည်။ ဖျက်ဆီးခြင်းစွမ်းအားများ ပြင်းထန်စွာ တောက်ပနေသည့် လတစ်စင်းနှင့် နေမင်းတစ်စင်းက ပေါ်ထွက်လာသည်။

“မဟာယင်ရန်သိုင်း”

နေမင်းနှင့်လတို့ အတူပေါ်လာသောအခါ ဒေါသတကြီးဖြစ်နေသော မုန်တိုင်းက ထိုးထွက်လာလျှက် ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်ရေလှိုင်းကလည်း ပျံ့ထွက်လာသည်။ စုန့်ယွမ်ယွီ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်က ပျက်ပြယ်သွားသည့် အခြေအနေကိုတစ်မျိုး၊ ဘေးသို့ ဖယ်ချခံရသည့် အခြေအနေကိုတစ်ဖုံ ရင်ဆိုင်လိုက်ရသည်။ စုန့်ယွမ်ယွီ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သို့သော် ဝမ်ချောင်ကလည်း ဖျော့တော့သော မျက်နှာနှင့်အတူ ပေခြောက်ဆယ်ခန့်အထိ ဆုတ်ခွာလိုက်ရသည်။ ဝမ်ချောင်သည် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့၏ ပူးပေါင်းတိုက်ကွက်ကို ပြင်းပြင်းထန်ထန် ကြိုးစားကာ ခုခံလိုက်ရသည်။

သို့သော် လူတိုင်းက မယုံနိုင်စရာ ကောင်းလောက်အောင် အံ့ဩသွားကြပြန်သည်။

မည်သူကမှလည်း အသက်(၁၈)နှစ်သာရှိသေးသော သခင်လေးချင်းယန်နှင့် ယှဉ်လျှင်ပင် အားနည်းသည်ဟု ယူဆရသော ထိုကောင်လေးက မျက်တောင်တစ်ခတ် အချိန်အတွင်း ပြင်းထန် ကျယ်ပြောလွန်းသော စွမ်းအားများကို လွှတ်ထုတ်လျှက် သိုင်းပညာလောကအတွင်းမှ တိုင်တန်နှစ်ယောက်ဖြစ်သည့် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာသည့် တိုက်ကွက်များကိုပင် ရင်ဆိုင်လိုက်နိုင်မည်ဟု မထင်ထားကြချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ သူကဘာလို့ ဒီလောက်ထိ ကျင့်ကြံခြင်းအဆင့် မြင့်နေတာလဲ”

လူအုပ်အတွင်းရှိ လူတိုင်း၏မျက်နှာတွင် အံ့အားသင့်မှုကို အထင်းသား ရေးထိုးထားသည်။ သခင်လေးချင်းယန်ထက် မည်သူကမှ ပိုပြီးမအံ့ဩလောက်ချေ။ သူသည်လည်း ဝမ်ချောင်သည် အမြင့်ဆုံးမှ သူတော်စင်သိုင်းနယ်မြေအဆင့်တွင် ရှိလောက်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် သူနှင့် သက်တူရွယ်တူဖြစ်နေသော တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။

သူသည် သူ့ကိုယ်သူ မွေးရာပါ ပါရမီရှင်တစ်ယောက်အဖြစ် အမြဲတစေ မှတ်ယူထားခဲ့သည်။ သို့သော် ယခုမူ ပထမဦးဆုံးအကြိမ်အဖြစ် သိုင်းပညာကို နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံခြင်းအဆင့်တွင် သူ့အား ချောင်းတဟွတ်ဟွတ်ဆိုးရင် ပြတ်ကျန်ခဲ့ရလောက်အောင် လုပ်နိုင်သော လူမျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် တွေ့လိုက်သည်။

“လူငယ်အမတ်မင်း ဟုတ်လား။ သူက အင်ပါယာခုံရုံးက အဖွဲ့ဝင်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီလောကမှာ ဒီလိုလူမျိုးက ရှိနေတာလဲ”

သခင်လေးချင်းယန်က ခပ်တိုးတိုးရေရွတ်သည်။ သူ၏စိတ်ကမူ မုန်တိုင်းထန်လာသည်။

လူအုပ်က အံ့အားသင့်နေချိန်တွင် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့၏ သွေးကြောများက တောင့်တင်းသွားသည်။

“မဟာယင်ရန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

စုန့်ယွမ်ယွီက ဝမ်ချောင်ကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးက အေးစက်သော အလင်းဖြင့်လက်လာသည်။

“မိစ္ဆာကောင် ငါတကယ်ကို မင်းနဲ့ပတ်သတ်ပြီး မှန်နေတာပဲ။ မင်းက မင်းရဲ့ဆရာလိုပဲဆိုးတယ်။ မင်းဒီနေ့ ငါ့ရဲ့လက်ထဲကို ကျလာပြီဆိုမှတော့ အသက်ရှင်လျှက် ထွက်သွားဖို့ မစဉ်းစားထားနဲ့”

“မဟာယင်ရန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်း ဖြစ်နေတာပဲ။ မင်းက အဲ့ဒီလူရမ်းကားအိုကြီးရဲ့ တပည့် ဖြစ်ထိုက်တာပဲ”

ယင်နက်ဘိုးဘေးက စုန့်ယွမ်ယွီထက်ပို၍ အလွန်အံ့ဩသွားသည်။ သူသည် ဒေါသနှင့် အံ့အားသင့်မှုများကို ဖော်ပြသည်။ ထိုထဲတွင် မနာလိုမှုနှင့် လောဘလည်းပါသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် ဆိုးယုတ်သောလမ်းစဉ်တွင် နံပါတ်တစ် မိစ္ဆာသိုင်းဖြစ်ပြီး ယင်နက်ဘိုးဘေးက စုန့်ယွမ်ယွီနှင့် ပူးပေါင်းလျှက် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို ရင်ဆိုင်ခဲ့သည်မှာလည်း ထိုသိုင်းကိုလိုချင်ခဲ့၍ဖြစ်သည်။ ထိုသိုင်းကို အောင်မြင်အောင် ကျင့်ကြံပြီးလျှင် တိုင်းတာရခက်ခဲလောက်သော အင်အားမျိုးကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီလောကအတွင်းတွင် ကျင့်ကြံခြင်းအရှိန်နှုန်း မြန်ဆန်ခြင်းနှင့်ပတ်သတ်လာသော နံပါတ်တစ်သိုင်းဖြစ်လေသည်။

လူများ၏ အကြံအစည်က ကောင်းကင်ဘုံ၏ အကြံအစည်ကို မယှဉ်နိုင်ပေ။ အဆုံးသတ်တွင် သူတို့သည် နောက်ဆုံးအခိုက်အတန့်တွင် ကျရှုံးသွားခဲ့ပြီး မိစ္ဆာဧကရာဇ်ကို ထွက်ပြေးသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဒဏ္ဍာရီတစ္ဆေဘိုးဘေးက အလံထိပ်မှ လှမ်း၍ပြောသည်။ သူ၏မျက်နှာက အေးစက်ပြီး မောက်မာသည်။

“ပေါင်းပင်တွေကို ဖယ်ရှားတဲ့အခါ အမြစ်ကနေ မနှုတ်ဘူးဆိုရင် နွေဦးလေပြေနဲ့အတူ ပြန်ပေါက်လာမှာပဲ။ ကျန်းဝမ်ဖူက ပျောက်သွားတယ်။ ဒါပေမဲ့ ငါတို့မင်းကို ဖမ်းမိပြီဆိုတော့ မင်းရဲ့ဆရာက လာမှာပဲ။ မိစ္ဆာလေး မင်းက ကျန်းဝမ်ဖူကို မင်းရဲ့ဆရာအဖြစ် တင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်တော့”

သူ၏အေးစက်သော မျက်လုံးများက ဝမ်ချောင်အား စိုက်ကြည့်လာသည်မှာ ဓားများဖြင့် ညွှန်ထားသည့်အလား ထင်ရသည်။

ထို့နောက် တစ်ချိန်ထဲလိုလို ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ဒုအရှင် ရှဲ့ကွမ်းထင်က စုန့်ယွမ်ယွီ၏ အနောက်ဘက်တွင် လာရပ်ရင်း ဝမ်ချောင်ကို မျက်နှာသေနှင့်ကြည့်ကာ ရှေ့တစ်လှမ်းတိုးလာသည်။ သိုင်းပညာလောကမှ တိုင်တန်လေးယောက်လုံးက အတူတကွ ပူးပေါင်းလျှက် ဝမ်ချောင်ကို ဝိုင်းထားကြသည်။ တစ်ယောက်ချင်းစီတိုင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များကို မြင်နိုင်သည်။ မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းသည် သွေးမုန်တိုင်း ထန်စေခဲ့ဖူးလေရာ လူတိုင်းက ထိုမိစ္ဆာကို ခက်ခက်ခဲခဲ ဖယ်ရှားခဲ့ရသည်။ ဆယ်စုနှစ် အနည်းငယ်သာ ကြာသေးသည်။ မိစ္ဆာဧကရာဇ်၏ မျိုးဆက်က သူတို့၏အရှေ့တွင် ပေါ်လာပြန်သည်။

စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့အားလုံးက ဒီလုပ်ကြံသတ်ဖြတ်မှုတွင် ဝင်ပါကြမည်ဖြစ်သည်။ သူတို့လေးယောက်လုံးက မိစ္ဆာဧကရာဇ်၏ မျိုးဆက်တွင် အလားတူပုဂ္ဂိုလ်တစ်ယောက် ထပ်ပေါ်လာမည့် အခြေအနေကို လက်မခံနိုင်ပေ။

ဘယ်လိုဖြစ်နိုင်မှာလဲ မဟာရင်ယန်သိုင်း ဒါက မဟာရင်ယန်သိုင်းဖြစ်နေတာပဲ။ ဆရာက နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်တယ်။ နောက်ပြီး မဟာရင်ယန်သိုင်းကိုတောင် ပေးလိုက်သေးတယ်။

လူအုပ်၏အနောက်တွင် ရပ်နေသော ကျစ်အန်းတု၏မျက်နှာက ပြာနှမ်းလာပြီး မျက်နှာတစ်ခုလုံးက ပြင်းထန်စွာ ရှုံ့မဲ့လာသည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်က မဟာရင်ယန် ကောင်းကင်ဘုံ ဖန်တီးခြင်းသိုင်းကို လွှတ်ထုတ်လိုက်သောအခါ ကျစ်အန်းတုက ကြမ်းတမ်းစွာတုန့်ပြန်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် မဟာရင်ယန်သိုင်းထက် ပို၍ လေးစားဖွယ်ကောင်းသော ပုံစံအခွဲတစ်ခုကို ထုတ်ပြနေကြောင်း သိသာထင်ရှားနေပြန်သည်။

ကျစ်အန်းတုသည် ရင်းနှီးကျွမ်းဝင်ပြီး ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်ကို မည်သည့်အချိန်က နောက်ဆုံးတွေ့ခဲ့ကြောင်းကိုပင် မမှတ်မိနိုင်တော့ချေ။ သူ၏နှလုံးသားထဲတွင် ကြောက်လန့်မှု၊ မုန်းတီးမှုနှင့် ဖော်ပြ၍မရနိုင်သော မနာလိုမှုများ ရှိနေသည်။

မျိုးမစစ်အိုကြီး ငါမင်းကို နှစ်ပေါင်းများစွာ ခစားလာတာ။ ဒါတောင်မှ ငါ့ကို ရှောင်ယင်ရန်သိုင်းလေးပဲပေးတယ်။ ငါ့ကို ဘယ်တော့မှ ဒုတိယတစ်ပိုင်းကို ဆက်မသင်ပေးဘူး။ နောက်ပြီး ငါ့ရဲ့လမ်းကြောင်းကို အတင်းဖောက်လို့ အပြင်လူတွေနဲ့ပေါင်းပြီး ခင်ဗျားကို ဖယ်ရှားအောင် လုပ်ခဲ့တာပဲ။ ခင်ဗျားမသေသေးဘူးလို့ ငါမထင်ထားဘူး။ နောက်ပြီး နောက်ထပ် တပည့်တစ်ယောက် လက်ခံလိုက်သေးတယ်။ နောက်ပြီး မဟာရင်ယန် သိုင်းကိုတောင် ပေးလိုက်သေးတယ်။ သောက်ကျိုးနည်း သောက်ကျိုးနည်းတာပဲ။ မျိုးမစစ်အိုကြီး ငါမင်းကို အကြိမ်ထောင်သောင်းမက စုတ်ဖြဲပစ်သင့်တာ။

ကျစ်အန်းတု၏ ဖျော့တော့သောမျက်နှာတွင် မှတ်မိရန်ပင် ခက်ခဲလွန်းသည့် ပြင်းထန်လွန်းသော မနာလိုမှုကြောင့် ရှုံ့တွသွားလေသည်။

အကြည့်ကသာ လူသတ်နိုင်မည်ဆိုလျှင် ဝမ်ချောင်သည် အကြိမ်ထောင်သောင်းမက သေပြီးလောက်လေပြီ။

ကျစ်အန်းတု၏ နှလုံးသားက မနာလိုစိတ်များဖြင့် ပြင်းထန်တောက်လောင်လာသည့် အချိန်တွင် ဝမ်ချောင်နှင့် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ဆိုးယုတ်သော လမ်းစဉ်ဘက်မှ တိုင်တန်လေးယောက်တို့က လူအများအာရုံစိုက်ရာ ဖြစ်နေကြသည်။ သူ၏အခြေအနေက တင်းကြပ်နေပြီး တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်သည်။

လူအုပ်ထဲမှ လူတစ်ယောက်ကအော်သည်။

“မဟာရင်ယန် မိစ္ဆာသိုင်း ဒါက မဟာရင်ယန် မိစ္ဆာသိုင်းပဲ။ အားလုံးပဲ ဝေးဝေးသွားကြတော့ ပြေးတော့”

ချော်ရည်မြစ်က တည်ငြိမ်သော ရေကန်အတွင်းသို့ စီးဆင်းလာသလိုမျိုး ဘေးမှ ရပ်ကြည့်နေသော သိုင်းပညာရှင်များ အားလုံးက အလန့်တကြားပြေးကြသည်။ အထူးသဖြင့် ရှေ့ဆုံးမှ လူများဖြစ်သည်။ ထို့နောက် ဒုတိယ၊ တတိယ... ထိုသို့ဖြင့် ထိုနေရာတွင် ရပ်ကြည့်နေသော သိုင်းပညာရှင် ရာပေါင်းများစွာက သူတို့၏ခြေထောက်ကို အရှိန်နှုန်းမြှင့်လျှက် အနည်းငယ်ပင် မနှေးကွေးရဲလေဘဲ ထွက်ပြေးကြလေသည်။

လူအချို့ကဆိုလျှင် ထွက်ပြေးရင်း လဲကျသွားကြသည်။

တစ်ဖက်သူသည် အသက်(၁၈)နှစ်သာ ရှိနေသော လူငယ်လေး မဟုတ်လေဘဲ တစ်လောကလုံးကို ဖျက်ဆီးပစ်မည့် ကြောက်စရာကောင်းသော သားရဲကြီးဖြစ်နေလေသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း

ထိုသိုင်းသည် သိုင်းပညာလောကတွင် နာမည်အကြီးဆုံးဖြစ်ပြီး မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည့် မိစ္ဆာသိုင်းလည်းဖြစ်သည်။ သူ၏ဂုဏ်သတင်းက အသတ်ခံထားရသော လူများ၏ သွေးအရိုးများဖြင့် ဆောက်တည်ခဲ့ခြင်းဖြစ်သည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံသော ကျင့်ကြံသူ အသစ်တစ်ယောက်က ပေါ်လာသောအခါ လူတိုင်းသည်လည်း မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်းများစွာက တစ်ဖက်သူ၏ ကြီးထွားမှုအတွက် စတေးခံရမည်ဖြစ်ကြောင်း သိနေကြလေသည်။

အခန်း(၁၃၈၃)

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ဝင်ရောက်ပူးပေါင်းပြီးနောက် ကျစ်အန်းတုကို ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားတိုင်းက သတိကြီးကြီး ကပ်နေရသော အကြောင်းပြချက် တစ်ခုရှိသည်။ အထူးသဖြင့် စစ်ခွန်းယွမ်ကျားနှင့် အော့ရန်ချန်းဟန်တို့ကပင် သတိကပ်ထားရ၏။ စုန့်ယွမ်ယွီကမူ ချွင်းချက်ဖြစ်သည်။ အကြောင်းမူကား မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းသည် နာမည်ကျော်ကြားလွန်းပြီး ကြောက်စရာကောင်းသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏အဆင့်တွင် သူသည် ပေတစ်ဆယ်ကျော် အကွာအဝေးမှပင် လူတစ်ယောက်၏ သွေးများနှင့် စွမ်းအင်များကို ခြောက်ကပ်သွားအောင် စုပ်နိုင်သည်။ ဒီနည်းအားဖြင့် သွေးမြူများက သူ၏ကိုယ်အတွင်းသို့ စီးဝင်လျှက် သူ၏ကြယ်တာရာစွမ်းအင် တစ်စိတ်တစ်ပိုုင်းဖြစ်သွားနိုင်လေပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်စေနိုင်သည့် အာဟာရဖြစ်လာပေလိမ့်မည်။

ထိုမိစ္ဆာသိုင်းသည် အလုံးအရင်းနှင့် တိုက်ပွဲများတွင်ပင် နံပါတ်တစ်အဖြစ် လူသိများလေသည်။ လူက များများသိလေလေ စွမ်းအားက မြန်မြန်ရလေလေဖြစ်သည်။

ဂိုဏ်းလောကတွင် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ ဘဝသည် အမျိုးမျိုးသော အလှည့်အပြောင်းများကို ခံစားခဲ့ရသည်။ ထိုသို့ ကြုံတွေ့ခဲ့ရချိန်က တစ်ကြိမ်မကပေ။ သို့သော် အကြိမ်တိုင်းလိုလို ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ စုစည်းလာတတ်ပြီး အဆုံးသတ်တွင် အားလုံးက အသတ်ခံရသည်။ လူများလေလေ သူဟာ သန်မာလေလေဖြစ်သည်။

သူသည် ဘယ်သောအခါမှ မပင်ပန်းတော့ဟုထင်ရပြီး အကန့်အသတ်မဲ့သော ကြယ်တာရာစွမ်းအင်များကို စုပ်ယူနိုင်ပုံပေါ်သည်။ တိုက်ပွဲဟာ မည်မျှကြာရှည်စေကာမူ ကျန်းဝမ်ဖူသည် သူဆုံးရှုံးသမျှ စွမ်းအားများကို ရန်သူများထံမှ စုပ်ယူနိုင်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီကပင် ထိုအခြေအနေမှ ကယ်တင်ရန် ခက်ခဲသေးလေသည်။ သူ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်၏ အရည်အသွေးက ပြိုင်ဘက်၏သိုင်းကို တွန်းဖယ်နိုင်ပြီး အချိန်တန်ကြာကြာ တောင့်ခံနိုင်စေသည်။ သို့သော် သိုင်းပညာလောကမှ မရေမတွက်နိုင်သော လူပေါင်းများစွာက ကျန်းဝမ်ဖူကို သတ်ဖြတ်ချင်နေကြသည့်တိုင်အောင် မည်သူကမှ မအောင်မြင်ခဲ့ပေ။ စုန့်ယွမ်ယွီကပင် မအောင်မြင်ခဲ့ဖူးချေ။

ဝှစ်

လူအုပ်က ပြန်လည်ဆင်းကျသွားသော ဒီရေအလား နောက်သို့ပြန်ဆုတ်နေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ထိုနေရာတွင် နေရာကျယ်ကြီးဖြစ်သွားပြီး စုန့်ယွမ်ယွီ၊ ယင်နက်ဘိုးဘေးတို့ကသာ ကျန်ရစ်ခဲ့သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ တပည့်ဂိုဏ်းသားများက ဖျော့တော့သောမျက်နှာနှင့် ဝမ်ချောင်ကို ကြောက်လန့်တကြားကြည့်ရင်း နောက်ဆုတ်ကြသည်။

“ငါ့ကိုသွားခွင့်ပေး”

စုန့်ယို့ရန်က မထွက်သွားချင်ပေ။ သူမက အော့ရန်ချန်းဟန်၏ လက်မောင်းအတွင်း ပြင်းထန်သော မျက်နှာနှင့် ရုန်းကန်နေသည်။

“ယို့ရန် အခုက မင်းအနေနဲ့ အတင့်ရဲရမဲ့ အချိန်မဟုတ်သေးဘူး။ အဲ့ဒီကလေးက အဲ့ဒီလူရဲ့ တပည့်ဖြစ်နေတယ်။ ဒီတော့ ဘယ်သူကမှ သူ့ကိုမကယ်နိုင်တော့ဘူး။ ပိုဆိုးတာက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ဆိုးယုတ်တဲ့ ဂုဏ်သတင်း ရှိနေတာပဲ။ နောက်ပြီး တော်တော်လေးကို ကြောက်စရာကောင်းလွန်းနေတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ထင်သလောက် မမြင့်ဘူးဆိုတော့ ဒီနေရာမှာ ဆက်နေတာက အရမ်းအန္တရာယ်များတယ်။ မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်း တစ်ခုတည်းကတင် ဒီလူကို သွေးမိုးရွာပြီး ပေါက်ကွဲစေဖို့ လုံလောက်နေပြီ။ ငါတောင်မှ တောင့်မခံနိုင်ဘူး။ မင်းဆိုရင် ပိုဆိုးတယ်”

အော့ရန်ချန်းဟန်က တင်းမာစွာပြောသည်။

“အကြီးအကဲ”

စုန့်ယို့ရန်က ထိုစကားလုံးများကြောင့် မှင်သက်သွားသည်။ သူမသည် နောက်ဆုံးအကြည့်တစ်ချက် ကြည့်ပြီးနောက် အော့ရန်ချန်းဟန်အား သူမကို တိုက်ပွဲနယ်မြေမှ ဝေးရာသို့ ခေါ်သွားခွင့်ပြုလိုက်သည်။

...

ဘယ်လောက်လေးစားဖို့ကောင်းလဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ မဟာဗိုလ်ချုပ်ကြီးအဆင့်က အထွတ်အထိပ်ကို ရောက်နေတဲ့ ဘယ်သူကမဆို လောကကို မာနတကြီး ငုံ့ကြည့်နိုင်တော့ ဘယ်သူကမဆို ကိုင်တွယ်ရ မလွယ်ဘူးပေါ့။

ထိုအခါ တိုက်ပွဲနယ်မြေ အလယ်မှ ဝမ်ချောင်က သိုင်းပညာလောကမှ ထိုတိုင်တန်လေးယောက်၏ သူ့ကို တင်းမာစွာ စိုက်ကြည့်နေပုံကို ကြည့်လိုက်သည်။ သူတို့၏ စွမ်းအင်များက သူ့ကိုပိတ်လှောင်ထားသည်။ သူ၏မျက်လုံးက ခံစားချက်များဖြင့် အားလှိုင်းထလာ၏။ ယင်နက်ဘိုးဘေးက ဖမ်းမိရန် ခက်ခဲလောက်အောင် ဆိုးယုတ်သော သိုင်းမျိုးကို ကျင့်ကြံထားပြီး စုန့်ယွမ်ယွီ၏ ထာဝရနွေဦးမာန်ထရာကမူ ဒီရေတစ်ခုအလား သူ၏ တိုက်ကွက် သုံးဆယ်ရာခိုင်နှုန်းခန့်ကို သူ့ထံ ပြန်ရောက်လာအောင် လုပ်နိုင်စွမ်းရည်ရှိသည်။ ဒဏ္ဍာရီ တစ္ဆေဘိုးဘေးနှင့် ရှဲ့ကွမ်းထင်တို့ကမူ သူတို့ကိုယ်ပိုင် နည်းလမ်းများဖြင့် ကိုင်တွယ်ရခက်ခဲနေပြီးသားဖြစ်သည်။

ဝမ်ချောင်က တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သိုင်းပညာလောကမှ တိုင်တန်လေးယောက်ကမူ တစ်ယောက်ချင်းစီ တိုက်ခိုက်သော တိုက်ပွဲများနှင့် ပတ်သတ်လာသော် ပို၍ပင် စွမ်းအင်ကြီးမားသည်။

နှမြောစရာကောင်းတာက ငါ့ရဲ့ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ကစဉ့်ကလျား ဖြစ်နေတာပဲ။ ဒါကြောင့် တစ်ကြိမ်သုံးလိုက်ချိန်တိုင်း င့ါရဲ့ဒဏ်ရာကို ဆိုးလာစေတယ်။ အဲ့ဒီလိုမှမဟုတ်ရင် ငါဒီလို ရှားပါးတဲ့အခွင့်အရေးကိုသုံးပြီး သူတို့နဲ့တိုက်ခိုက်ရင်း ငါ့ရဲ့စွမ်းရည်ကို မြှင့်တင်မှာပဲ။

ဝမ်ချောင်က တိတ်တဆိတ်တွေးလိုက်သည်။

တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ခြင်းက သိုင်းပညာလောကအတွင်း တစ်ယောက်ချင်း ရင်ဆိုင်ခြင်းနှင့် ခြားနားသည်။ ဂိုဏ်းလောကမှ သိုင်းပညာရှင်များက ကိုင်ဆွဲထားသည့် ထိုလက်နက်တိုင်းက နေ့တိုင်းလိုလို သွေးများစွန်းထင်းနေပြီးသားဖြစ်သည်။ သူတို့၏သိုင်းများ၊ စွမ်းရည်များကလည်း ပို၍ပင် နက်နဲသေးသည်။ ဂိုဏ်းလောကမှ လူများသည် အမှီအခိုကင်းပြီး ချုပ်တည်းမှုများလည်း မရှိချေ။ ထို့ကြောင့် အင်ပါယာခုံရုံး၏ အသုံးချမှုကို ငြင်းဆန်ကြခြင်းဖြစ်သည်။

မည်သူကမှ ဒီလိုကိစ္စမျိုးကို မပြောင်းလဲနိုင်ချေ။

“မဟာမိတ်အရှင်စုန့်၊ ယင်နက်ဘိုးဘေး မင်းတို့က အတော်ခေါင်းမာတာပဲ။ ငါက အင်ပါယာခုံရုံးရဲ့ လူငယ်အမတ်မင်းဆိုတာကို သိနေတာတောင် နောက်ပြီး အသစ်စက်စက် ခန့်အပ်ထားခြင်းခံရတဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင်မှန်း သိနေတာတောင် ငါ့ကိုတိုက်ခိုက်ရဲသေးတာလား”

ဝမ်ချောင်က သူ၏စိတ်ကို အာရုံပြန်စိုက်လိုက်ပြီး ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ကို ပြန်ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးက ရှိနေသေး၏။ သူ၏ကိုယ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်၏ အရှိန်အဝါကို လွှတ်ထုတ်ထားပြီး သူ့အား စုန့်ယွမ်ယွီတို့အလား ထည်ဝါမြင့်မြတ်စေသည်။

ဝမ်ချောင်သည် (၁၈)နှစ်သာ ရှိသေးသော်လည်း သူသည် နှစ်ပေါင်းများစွာ အမိန့်ပေးအုပ်ချုပ်လာသော အတွေ့အကြုံရှိသလို တိုက်ပွဲနယ်မြေတွင် အကြံအစည်ချဖူးသူလည်းဖြစ်သည်။ စစ်သားများကို ရက်ပေါင်းများစွာ လပေါင်းများစွာ အမိန့်ပေးလာခဲ့ပြီးနောက်တွင် တစ်လောကလုံးကို အထင်သေး ငုံ့ကြည့်နိုင်သော မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ အရှိန်အဝါမျိုးကို ပိုင်ဆိုင်လာပြီဖြစ်သည်။ စုန့်ယွမ်ယွီနှင့် အခြားသော သိုင်းပညာရှင်များကပင် လာမယှဉ်နိုင်ပေ။ သူသည် ပြင်းထန်သိပ်သည်းလွန်းသော အရှိန်အဝါကို လွှတ်ထုတ်လိုက်ရုံနှင့် ဝမ်ချောင်က သာမာန် သတိမထားမိလောက်သည့် လူငယ်လေးတစ်ယောက်မှ စုန့်ယွမ်ယွီနည်းတူ ထိုးနှက်ချက်ပေါင်းများစွာကို ရင်ဆိုင်နိုင်သော အရှိန်အဝါကြီးမြတ်သည့် တည်ရှိမှုတစ်ခု ဖြစ်သွားနိုင်လေသည်။

ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ရှဲ့ကွမ်းထင်တို့ကပင် ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။

“ဒီကျန်းဝမ်ဖူ ... ငါသူ့ကို တကယ်အထင်သေးမိတာပဲ”

သူတို့အားလုံးသည်လည်း ကျန်းဝမ်ဖူသည် ကျန်သောနှစ်များတွင် ကောင်းကောင်း နေထိုင်ခဲ့ရမည်မဟုတ်ကြောင်း ယုံကြည်ထားကြသည်။ သူသည် အဆိုးဆုံးမှ ယခင်ကျင့်ကြံခြင်းအဆင့်ကို ပြန်ရောက်အောင် လုပ်နိုင်ရုံသာ ရှိလောက်၏။ မည်သို့ပင်ဆိုစေ သူ၏တပည့်အသစ်၏ လုပ်ဆောင်မှုအရ အကန့်အသတ် ရှိလောက်သေးသည်။ အကောင်းဆုံးမှ ကျစ်အန်းတု အဆင့်လောက်တွင်သာ ရှိလောက်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် နောက်ဆုံးတပည့်က ကြောက်စရာ အကောင်းဆုံးဖြစ်နေသည်။

“ဟား ဟား ကောင်လေး ငါတို့ကိုရန်စပြီးတဲ့နောက်မှာ မင်းရဲ့ကံကြမ္မာကိုသာ လက်ခံလိုက်ပါတော့။ မင်းက ဘုရင်ပဲဖြစ်ဖြစ်၊ အမတ်ပဲဖြစ်ဖြစ် ဒီနာမည်တွေက ဒီနေရာမှာ အသုံးမဝင်ဘူး။ ဒီဘိုးဘေးက မင်းဘာကောင်လဲဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ငါ့ရဲ့လက်ထဲမှာတော့ မင်းကို ကြက်တွေ၊ ခွေးတွေလို သတ်လိုက်မှာပဲ။ နည်းနည်းတောင် တုန့်ဆိုင်းမနေဘူး”

ယင်နက်ဘိုးဘေးက တဖြည်းဖြည်း ချဉ်းကပ်လာရင်း အထင်တသေး လှောင်ရယ်နေသည်။

“ဒါ့အပြင် ကောင်လေး ထွက်ပြေးဖို့ မတွေးနဲ့။ ဒီမှာငါတို့လေးယောက်လုံး ရှိနေတာနော်။ ငါတို့သာ ဒီလိုအခြေအနေမျိုးမှာ မင်းကို ထွက်ပြေးခွင့်ပြုလိုက်မယ်ဆိုရင် ငါတို့ရဲ့နာမည်တွေကို ပြောင်းပြန် ပြန်ရေးလိုက်တော့မယ်”

“ဒီလောက်ငယ်ငယ်လေးနဲ့ မင်းက ဒီလောက် နက်နဲတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားပြီးပြီ။ နောက်ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုလည်း ဒီအဆင့်ထိရောက်အောင် ကျင့်ထားသေးတယ်။ မင်းရဲ့ဆရာလိုမျိုး မင်းက လူပေါင်းများစွာကို သတ်ခဲ့ပြီး သူတို့ရဲ့စွမ်းအားတွေကို စုပ်ထားပြီးမှာပဲ။ ကျန်းဝမ်ဖူက မင်းရဲ့ဆရာအဖြစ် ယူထားတာကတင် တော်တော်လေးကို လက်သင့်မခံနိုင်တဲ့ ရန်စမှုဖြစ်နေပြီးသား။ နောက်ပြီးမင်းက ဒီလောက်ထိ ရက်စက်ပြီး သွေးဆာတတ်နေတယ်ပေါ့။ ဘယ်လိုနည်းနဲ့မဆို ငါတု့ိမင်းကို ယှဉ်ခွင့်ပြုလို့မရဘူး။ မင်းကိုဒီမှာသာ မကွပ်မျက်ဘူးဆိုရင် မင်းက လူတွေဘယ်လောက် ထပ်သတ်မလဲဆိုတာကို ဘယ်သူကသိမှာလဲ”

စုန့်ယွမ်ယွီက ထိုသို့ပြောသည်။ သူ၏မျက်နှာက ရေခဲတုံးလိုမျိုး ခံစားချက်ကင်းမဲ့သည်။

“ဆရာလို တပည့်ပဲ။ မင်းရဲ့ကံကြမ္မာကိုသာ လက်ခံ”

အေးစက်ပြီး မောက်မာသော ရှဲ့ကွမ်းထင်ကလည်း ထပ်ဖြည့်ပြောသည်။

အဝေးမှ သခင်လေးချင်းယန်၏ကျောကို စိုက်ကြည့်ရင်း မှတ်ချက်ချသည်။

“သူအသက်ရှင်လျှက် ထွက်ပြေးဖို့ တော်တော်ခက်မှာ”

လူပေါင်းများစွာက ရူးသွပ်စွာ ထွက်ပြေးသွားခဲ့ချိန်တွင် သခင်လေးချင်းယန်ကမူ လက်ရှိ အခြေအနေကို ရင်ဆိုင်ရန် ကျန်ရစ်နေသော ကျောက်တုံးအလား လှုပ်ရှားမှုကင်းမဲ့နေသည်။

“စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဒီသိုင်းလောကက ပုဂ္ဂိုလ်ကြီး လေးယောက်လုံးက မတိုက်ခိုက်သေးဘူးဆိုတာက သူနဲ့ စကားပြောချင်နေလို့မဟုတ်ဘဲ သူ့ကို ထွက်မပြေးနိုင်တာ သေချာစေချင်လို့ပဲ။ ဒီလေးယောက်က သူ့ကို ဒီမှာထာဝရထားဖို့ ဆုံးဖြတ်ထားပြီးသား”

ဝုန်း

သခင်လေးချင်းယန်၏ စကားကို ကြားလိုက်သော အစောင့်က မှင်သက်သွားသည်။ ယခုအခါမှသာ သူသည် ဂရုစိုက်ကြည့်လိုက်မိပြီး သူသည်လည်း စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့က အချင်းချင်းလူစု ဖြန့်ကျက်လျှက် ဝမ်ချောင်၏ ပတ်ပတ်လည်တွင် လှောင်ချိုင့်သဖွယ် ခပ်ရေးရေး ဖန်တီးထားကြောင်း မြင်နိုင်သည်။

ဝမ်ချောင်က ကောင်းကင်သို့ ခုန်တက်ကာ ပျံသန်းရန် ကြိုးစားလိုက်သည်နှင့် ထိုလေးယောက်လုံးကလည်း သူ့ကိုချက်ချင်း မြေပြင်သို့ ဆွဲချပေလိမ့်မည်။

ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်လျှောက်သောလူ၊ မိစ္ဆာလမ်းကို လျှောက်လှမ်းသောလူများကို အဖွဲ့အစည်း အသီးသီး တည်ထောင်ပြီးချိန်ကတည်းက ထိုနှစ်ဖက်က ဘယ်သောအခါမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းမျိုး မရှိပေ။ စုန့်ယွမ်ယွီနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့က ရေနဲ့မီးကဲ့သို့ ဖြစ်နေပြီး တွေ့တိုင်းလိုလို တိုက်ခိုက်လေ့ရှိကြသည်။ ယခင်တစ်ခေါက်မှ ထိုနှစ်ယောက် ဦးဆောင်သော အဖွဲ့အစည်းများက ယခုလို ပူးပေါင်းခဲ့သည်မှာ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို ရင်ဆိုင်ခဲ့ချိန်တွင်သာဖြစ်သည်။ သူတို့ကသာ ဝမ်ချောင်ကို ဒီနေရာတွင် ဖယ်ရှားရန် မဆုံးဖြတ်ခဲ့လျှင် ဘယ်သောအခါမှ အတူပူးပေါင်းရန် သဘောတူလိမ့်မည်မဟုတ်ပေ။

“သခင်လေး”

အစောင့်က သခင်လေးချင်းယန်ကိုကြည့်သည်။ သူသည်လည်း တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး ပြောရန် တုန့်ဆိုင်းသွားသည်။

သခင်လေးချင်းယန်က ဖျော့တော့စွာပြုံးသည်။ သို့သော် မရှင်းပြချေ။ အချို့သော အကြောင်းပြချက်များကြောင့် သူ့ဟန်ဆောင်ခဲ့သော ထိုလူက သူ့ကို သတ်စေလုနီးပါး ဖြစ်ခဲ့သည့်တိုင်အောင် ထိုလူသည် ထိုအမျိုးသား၏ တပည့်ဖြစ်နေသေးသည့်တိုင်အောင် သခင်လေးချင်းယန်ကမူ တစ်ဖက်သူပေါ် မုန်းတီးစိတ်များ မရှိချေ။ အနှစ်ချုပ်ဆိုရသော် သူသည် လေးစားမိသေးသည်။

လူတစ်ယောက်သည် ဒီထက်ပိုသာနေလျှင် သူတို့က အနည်းငယ်ပိုပြီး အင်အားကြီးနေလျှင် မနာလိုမှုကို ခံစားရပေလိမ့်မည်။ သို့သော် တစ်ဖက်သူက အင်အားကြီးမားလွန်းသဖြင့် မျက်ခြေပျက် ကျန်ရစ်ခဲ့လောက်အောင် ဖြစ်နေခဲ့လျှင်မူ မနာလိုမှုဟာ အလိုအလျောက် ပျောက်ကွယ်သွားလေပြီး လေးစားမှုသာ ရှိပေလိမ့်မည်။

ဝမ်ချောင်သည် ရိုးရှင်းစွာပင် သခင်လေးချင်းယန်၏ သိုင်းပညာပေါ် နားလည်သဘောပေါက်မှုကို ကျော်လွန်ထားသည်။ သူ၏သိုင်းပညာအဆင့်ကလည်း မမျှော်လင့်နိုင်လောက်အောင် ဖြစ်နေ၏။ သခင်လေးချင်းယန်က မာနကြီးပြီး ဘဝင်မြင့်သော်လည်း သူ၏ခန္ဓာကိုယ်သာ ပုံမှန်ဖြစ်နေခဲ့မည်ဆိုလျှင်ပင် ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်လို အသက်(၁၇)နှစ်၊ (၁၈)နှစ်အရွယ်တွင် မရောက်နိုင်ကြောင်း သေချာနေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးကိုပင် တိုက်ရိုက် တိုက်ခိုက်နိုင်နေသူဖြစ်သည်။ ထိုအချက်တစ်ခုတည်းကတင် ဂုဏ်ယူရန် ထိုက်တန်နေပြီဖြစ်သည်။

သို့သော် ဝမ်ချောင်ကမူ သခင်လေးချင်းယန်၏ အတွေးကို မသိစလို ဂရုလည်းမစိုက်ပေ။ သူ၏အာရုံစိုက်ရာက ဖြောင့်မတ်မှန်ကန်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ဘက်မှ တိုင်တန်လေးယောက်သာဖြစ်သည်။ သူက ယခုလို အဝိုင်းခံထားရသည့် အချိန်တွင် ကြောက်လန့်မှုကို မပြသချေ။

“ယင်နက်ဘိုးဘေး၊ မဟာမိတ်အရှင်စုန့် ခုံရုံးက အရာရှိတစ်ယောက်ကို ဒီလို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်တာက သေဒဏ်ပဲ။ မင်းတို့က ဂိုဏ်းလောကကို အကြောက်အလန့်မဲ့ ဂရုမစိုက်စွာနဲ့ ပြောင်းပြန်လှန်နိုင်လောက်အောင် အင်အားကြီးမားတဲ့ သိုင်းပညာရှင်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ဘိုးဘေးငါးယောက် မဟာမိတ်မှာလည်း အခြေစိုက်စခန်းတော့ ရှိရမှာပဲ။ တော်ဝင်ခုံရုံးက သိုင်းလောကကို လုံးဝ ဝင်ရောက်စွက်ဖက်ခဲ့ဖူးတာ မဟုတ်ဘူး။ ဆိုလိုတာက မလုပ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒီနေ့ မင်းတို့ရဲ့ လုပ်ရပ်တွေအရ ဒီဘုရင်က မြောက်များတဲ့စစ်တပ်ကို စုစည်းပြီး မင်းတို့ရဲ့ သိုင်းလောကက အဲ့ဒီနိမ့်ကျတဲ့ အသက်တွေကို ရှင်းလင်းလိုက်မယ်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ဘိုးဘေးငါးယောက် မဟာမိတ်က အင်အားကြီးမှန်း ငါသိတယ်။ ဒါပေမဲ့ အင်ပါယာခုံရုံးရဲ့ စစ်တပ်တစ်ခုကို တားနိုင်လောက်အောင် အင်အားကြီးမှာတဲ့လား”

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ခါယမ်းလျှက် ပြောလိုက်သည်။ သူ၏မျက်နှာ အမူအရာက ကြောက်ရွံ့ရိုသေ လေးစားဖွယ် ကောင်းလောက်အောင် ထည်ဝါနေသည်။

တိုက်ပွဲနယ်မြေတွင် ဝမ်ချောင်သည် တည်ငြိမ်ကာ သူ၏စစ်သားများကို အမိန့်ပေးလျှက် အာရပ်စစ်သား တစ်သန်းကိုပင် သတ်နိုင်စေခဲ့သည်။ စစ်တပ်တစ်ခု၏ အမြင့်ဆုံးသော ဗိုလ်ချုပ်မှူးကြီး တစ်ယောက်အနေဖြင့် သူသည် ပြောသောအရာတိုင်းကို ဖြစ်အောင်လုပ်နိုင်သည်။ ထိုအရှိန်အဝါကတင် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးကဲ့သို့ ဂိုဏ်းလောကမှ အဓိက ကစားသမားများအတွက်ပင် သက်ရောက်မှု ရှိနေသေးသည်။

စုန့်ယွမ်ယွီက ဘာစကားမှ မပြောသော်လည်း လော့ချီယင်ဖြစ်သည့် ယင်နက်ဘိုးဘေးကမူ မျက်နှာထား တင်းမာသွားပြီး မျက်လုံးကလည်း မှေးကျဉ်းသွားသေးလေသည်။

အခန်း(၁၃၈၄)

ဂိုဏ်းများသည် အင်ပါယာခုံရုံးနှင့် ခြားနားသောလောကတွင် ရှိနေပြီး တစ်ဖက်နှင့်တစ်ဖက် စွက်ဖက်ခြင်း မရှိကြပေ။ ခုံရုံးမှ အရာရှိတစ်ယောက်က ဂိုဏ်းလောကမှ သိုင်းပညာရှင်တစ်ယောက်ကို လာရောက် ရန်စခဲ့လျှင် သိုင်းပညာရှင်များကလည်း ထိုလူများကို သေချာပေါက် သတ်ဖြတ်လောက်သည်။ အင်ပါယာ ခုံရုံးမှ အရာရှိများကလည်း သူတို့ကို သေချာပေါက် ဖမ်းနိုင်စွမ်းရည် ရှိနေသေးပြန်သည်။

သို့သော် ရှုပ်ထွေးမှုတစ်ခု စတင်ဖြစ်လာပြီဆိုကတည်းက မည်သည့်ခုံရုံးကမှ အင်ပါယာခုံရုံးကို မယှဉ်နိုင်တော့ပေ။ ဂိုဏ်းလောကမှ လူများသည် မှင်သက်ဖွယ်ကောင်းသော သိုင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ရာတွင် စွမ်းရည်ကြီးသော်လည်း သူတို့သည် ပြေလျော့နေသော အဖွဲ့အစည်းသာဖြစ်ပြီး အဖွဲ့လိုက် ကစားသမားများလည်း မဟုတ်ပေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကဲ့သို့ လူဆယ်ယောက်ခန့်ပါသော ဓားဝင်္ကပါမျိုးကို စုစည်း အသုံးပြုနိုင်ခြင်းကတင် အမြင့်ဆုံးသော လုပ်နိုင်စွမ်းရည် ဖြစ်နေခဲ့ပြီးသားဖြစ်သည်။

သို့သော် စစ်တပ်ထဲတွင် အရေအတွက် ရာကျော်၊ ထောင်ကျော်၊ သောင်းကျော်၊ သိန်းကျော်ခန့်ရှိမည့် စစ်သားများက ပူးပေါင်းလျှက် ကြီးမားသော ဝင်္ကပါများကို ထုတ်သုံးနိုင်၏။

ပို၍ဆိုးသည်မှာ စစ်တပ်မှ ထိုဗိုလ်ချုပ်တိုင်းသည် စစ်ချီစက်ကွင်းများကို ကျင့်ကြံထားကြပြီး စစ်သားများ၏ အင်အားကို မြှင့်တင်ပေးနိုင်သေးသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီးကို ပိုင်ဆိုင်ထားသော စစ်တပ်တစ်ခု ဖြစ်လာစေနိုင်သည်။

စစ်သည်တော် တစ်ယောက်ထဲက ဂိုဏ်းလောကမှ သိုင်းပညာရှင်တစ်ယောက်ကို မယှဉ်နိုင်ပေ။ သို့သော် စစ်သည် သောင်းပေါင်းများစွာ အတူပူးပေါင်းခဲ့ပြီး ဝင်္ကပါကို ထုတ်သုံးလိုက်လျှင် မည်သည့်ဂိုဏ်းကမှ မယှဉ်နိုင်တော့ပေ။

ယင်နက်ဘိုးဘေး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများက ပေါ်ထွက်လာသည်။ အင်ပါယာခုံရုံးမှ ထိုသူကောင်းမျိုးရိုးက သူထင်သလောက် ကိုင်တွယ်ရမလွယ်ပေ။

“ဖြောင့်မတ်မှန်ကန်တာက ဖြောင့်မတ်မှန်ကန်တာ၊ ဆိုးယုတ်တာက ဆိုးယုတ်တာ မင်းပြောတဲ့ ဘယ်ပေါက်ကရ စကားကမှ ဘာအဓိပ္ပာယ်မှ ရှိမနေဘူး။ မင်းက မိစ္ဆာသိုင်းကိုကျင့်ပြီး မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကို သတ်ရဲတယ်ဆိုကတည်းက မင်းဒီမှာ သေရမှာပဲ။ မင်းရဲ့စွမ်းအင်ကို အကုန်ခံပြီး ဒီလိုစကားတွေ ဖြုန်းတီးပြီးပြောမနေနဲ့”

စုန့်ယွမ်ယွီက ရှေ့သို့ တဖြည်းဖြည်းချင်းစီတိုးသည်။ သူ၏မျက်နှာ အမူအရာက တင်းမာကာ အေးစက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်သခင် တစ်ယောက်အနေနှင့် ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်လျှောက်သော ခေါင်းဆောင် တစ်ယောက်အနေနှင့် သူသည် ဝမ်ချောင်ထံမှ စကားလုံး အနည်းငယ်လောက်ဖြင့် ခြိမ်းခြောက်ခံရလိမ့်မည်မဟုတ်ချေ။

“ကွမ်းထင် သူ့ကို မပြေးစေနဲ့။ ငါကိုယ်တိုင်ကိုယ်ကျ သတ်မယ်”

စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။

ဝုန်း

သူ၏မျက်လုံးထဲတွင် သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်များက ဖြတ်ပြေးသွားပြီးနောက် စုန့်ယွမ်ယွီက ရှေ့သို့ ခုန်ဝင်သည်။

ဘုန်း

သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်အားလှိုင်းက ထိုးထွက်သွားသည်။ ပထမဦးဆုံး အကြိမ်အဖြစ် အနောက်မြောက်ပိုင်း ရောက်လာပြီးချိန်ကတည်းက စုန့်ယွမ်ယွီက သူ၏ကိုယ်အတွင်းမှ စွမ်းအားတိုင်းကို စစ်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်က အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ချက်ချင်းလိုလို ရောက်ရှိသွားသည်။ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များက ဆူနာမီမုန်တိုင်းတစ်ခုကဲ့သို့ သူ့ထံတိုးဝင်လာသော မြင်ကွင်းက သူ၏မျက်နှာထားကိုပင် အနည်းငယ် တင်းမာသွားစေသည်။ သူသည် တပ်ကူများ၏ ခြိမ်းခြောက်မှုကိုသုံးပြီး ထိုလေးယောက်ကို အချိန်ဆွဲလိုသည်။ သို့သော် စုန့်ယွမ်ယွီကမူ အလွယ်တကူ ခြိမ်းခြောက်မခံပေ။

သူသည် ပြောသောစကားအတိုင်း လုပ်တတ်သော လူမျိုးဖြစ်ပြီး မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် သက်ရောက်မှုရှိအောင် တိုက်ခိုက်လိုက်သည်။ ဝမ်ချောင်က စကားလုံးအနည်းငယ်သာ ပြောရသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း ထိုလမ်းစဉ်မှ တိုင်တန်ကြီးက သူ့ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

“ကောင်လေး မင်းကိုယ်မင်း အဲ့ဒီဆရာကို သင်မိတဲ့အတွက် အပြစ်ပဲတင်လိုက်တော့”

ထို့နောက် လှောင်သံက ထွက်လာပြန်သည်။ ကောင်းကင်တွင် စူးရှစွာ အော်ဟစ်နေသည့် တစ္ဆေအရိပ်များက ပြည့်နှက်သွား၏။ ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းကလည်း လှုပ်ရှားလိုက်သည်။ သူ၏အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ရုံနှင့် သူသည် ကျယ်ပြောသော အနက်ရောင်စွမ်းအားလှိုင်းများကို လွှတ်ထုတ်လိုက်ပြီး ကောင်းကင်သို့ ထိုးတက်သွားစေကာ မရေမတွက်နိုင်သည့် တစ္ဆေစစ်သည်တော်များ၊ တစေဗိုလ်ချုပ်များ၊ မကောင်းဆိုးဝါးများ၊ တစ္ဆေဘုရင်များ... ဖြစ်လာစေသည်။ ထိုအကောင်များ အားလုံးက လေထဲတွင် စူးရှစွာ အော်ဟစ်ကြသည်။ သူတို့၏ အရေအတွက်က အလွန်မြောက်များလေသည်။ ထို့နောက် ပတ်ပတ်လည်ဝိုင်းလျှက် ဝမ်ချောင်ထံ တိုးဝင်လာသည်။

မြေပြင်ကပင် တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်ဟီးလျှက် တုန်ခါလာသည်။ အကြောင်းမူကား ဒဏ္ဍာရီတစ္ဆေ ဘိုးဘေး၏ ဒဏ္ဍာရီတစ္ဆေ မဟာရင်သိုင်းက ပေါ်ထွက်လာပြီး မြောက်များလွန်းသော ဆိုးယုတ်သည့် စွမ်းအင်များ၊ အလောင်းစွမ်းအင်များ၊ ယင်စွမ်းအင်များကို ကမ္ဘာမြေကြီးအောက်ဆုံးပိုင်းအတွင်းမှ ဆွဲထုတ်လိုက်သည်။

“စကြာဝဠာ ထိုးသွင်းခြင်းသိုင်း”

“လောကက အမှောင်ထုထဲကို ကျရောက်သွားပြီ။ အားလုံးက ဆိုးယုတ်သွားတယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် ရှဲ့ကွမ်းထင်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်မှ ယင်နက်ဘိုးဘေးတို့ နှစ်ယောက်လုံးက ရှေ့သို့ခုန်ဝင်လာသည်။ သူတို့၏ ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်များဖြင့် ပတ်ပတ်လည် ဝိုင်းနေရင်း ဝမ်ချောင်အား ထွက်မပြေးနိုင်အောင် တားထားသည်။

ဝုန်း

အင်အားကြီးမားသောကြောင့် အရှိန်အဝါ လေးခုက အချင်းချင်း ထွက်လာပြီး ကျယ်ပြောလွန်းသော အကာအကွယ်တစ်ခုကို ဖန်တီးလျှက် ဝမ်ချောင်အား ပိတ်လှောင်ထားကာ အသက်ပင် မရှုနိုင်အောင် ဖြစ်စေသည်။ ထိုမြင်ကွင်းကို မြင်သော လူတိုင်းက မျက်နှာများ ဖြူဖျော့သွားကြသည်။

ဒီကလေးတော့သေပြီ။

ဝမ်ချောင်ကို ကြည့်နေသော သိုင်းပညာရှင်တိုင်း၏ စိတ်အတွင်း ထိုအတွေးသာ ရှိတော့သည်။ ဂိုဏ်းလောကမှ မည်သူကမှ တိုင်တန်လေးယောက်၏ တိုက်ကွက်ကို တစ်ချိန်ထဲ မတားနိုင်ပေ။ ယင်နက်ဘိုးဘေးကပင် သေနိုင်လေရာ အခြားသောသူများဆိုလျှင် ပို၍ဆိုးသေးသည်။

ဘာမှလုပ်စရာမရှိတော့ဘူး။

လေပြင်းက ဟိန်းဟောက်ပြီး စွမ်းအင်က ပေါက်ကွဲလာသောအခါ ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခုသာ ဝင်ရောက်လာသည်။ သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကောင်းကောင်း မသုံးနိုင်သေးပေ။ ထို့ပြင် ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့၏ တိုက်ကွက်ကပင် ဝမ်ချောင်အား အတွင်းဒဏ်ရာ ရစေခဲ့ပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ ရွာလူကြီးက သူ့အား မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အတက်နိုင်ဆုံး မသုံးရန် သတိပေးထားပြီးသားဖြစ်သည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိတော့ပေ။

ဘန်း

သူ၏တန်ထျန်းက လှုှုပ်ခတ်သွားပြီးနောက်တွင် ကြယ်တာရာစွမ်းအင်များက သွေးကြောအတွင်းသို့ ဝင်ရောက်သွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ ခန္ဓာကိုယ်တွင် နေတစ်စင်းနှင့် လတစ်စင်းက ပေါ်ထွက်လျှက် ကျယ်ပြောထောင်လွှားလွန်းသည့် အရှိန်အဝါဖြင့် တောက်ပလာသည်။

ဝမ်ချောင်က နောက်ဆုံးတွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသုံးပြုလျှက် ကြယ်တာရာစွမ်းအင် မုန်တိုင်းကို ပို့လွှတ်ကာ ထက်ရှပြီး ကြမ်းတမ်းသော စွမ်းအားအား ကောင်းကင်သို့ လိမ့်တက်သွားစေလိုက်သည်။

ထိုသို့ဖြင့် ဗဟိုပြင်ကျယ်၏ ထိပ်တန်းသိုင်းဆယ်မျိုးအတွင်းမှ စာရင်းဝင်သော သိုင်းအချင်းချင်း တိုက်ပွဲက ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းကိုမြင်သော ဘယ်သူကမဆို ဖော်ပြရန်ခက်ခဲလောက်အောင် ရှားပါးသော မြင်ကွင်းတစ်ခုဟု ထင်မှတ်မိလောက်သည်။ ယခုမူ နံပါတ်တစ်သိုင်းဖြစ်သည့် အဆင့်လွန်နှင့် မူလအမရသိုင်း ရှိလောက်မည်ဟု ယူဆရသော နေရာမျိုးတွင် သိုင်းသုံးမျိုးက အတူတကွ စုစည်းလျှက် ပေါ်လာသည်။

ဝုန်း

တစ်လောကလုံးက ပြင်းထန်လွန်းသော တိုက်ပွဲအောက်တွင် လှုပ်ခတ်သွားသည်။ သို့သော် တခဏခန့်ကြာပြီးနောက် အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်လာသည်။

“အား”

“အဲ့ဒီကိုကြည့်”

“မူလအမရတောင် မူလအမရတောင် ဒါက မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူပဲ”

စုန့်ယွမ်ယွီက အစောပိုင်း အော်ဟစ်သံများကို လျစ်လျူရှု့လိုက်သည်။ သို့သော် သူ၏အာရုံက ဝမ်ချောင်ကို သတ်ဖြတ်ရန် အာရုံစိုက်ထားခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးသော အော်ဟစ်သံ အခိုက်အတန့်တွင် စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့က အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့လေးယောက်လုံးသည် လူအုပ်အော်ဟစ်နေသော အရာကို မြင်လိုက်ရသည်။ သူတို့ကမူ မော့ကြည့်လိုက်သောအခါ တောက်ပလွန်းသော အလင်းတန်းများ လွှမ်းခြုံထားသည့် မူလအမရတောင်ဘက်မှ ထူးဆန်းသော လှုပ်ရှားမှုကို မြင်လိုက်ရသည်။

သို့သော် ယခုမူ အလင်းနှင့်အရိပ်များဟာ ရွေ့သွားလေပြီး လေထဲမှ ပုံရိပ်ယောင်က တဖြည်းဖြည်းချင်းစီ လိုက်ကာတစ်ခု လိမ့်တက်သွားသလိုမျိုး ဖြစ်သွားသည်။ ကောင်းကင်အတွင်းမှ ထိုတောင်က တဖြည်းဖြည်းချင်းစီ စစ်မှန်လာလျှက် အခြားသောလောကအတွင်း တည်ရှိနေသော ထာဝရဆန်သည့် တည်ရှိမှုကြီးတစ်ခုကို အစစ်အမှန်လောကသို့ ဆွဲခေါ်လာသလိုမျိုး ပုံပေါ်လာလေသည်။

ထိုအရာသာ မကသေးပေ။ လောကက လှုပ်ခါသွားရင်း ကောင်းကင်တွင် ဆံချည်တစ်မျှင်မျှ ပါးလျလွန်းသည့် ကွဲအက်ကြောင်းက ပေါ်လာကာ မြေပြင်သို့ စတင်ကာ ထိုးဆင်းလာသည်။ ထိုကွဲအက်ကြောင်းက ထူထည်းလာသည်နှင့်အမျှ ကြီးမားသော မမြင်ရသည့် လက်ကြီးနှစ်ဖက်က လမ်းကြောင်းကို ဆွဲခွာနေကြောင်း မြင်ရမည်ဖြစ်သည်။

မူလအမရတောင်က ထွက်ပေါ်လာတော့ပေမည်။

စုန့်ယွမ်ယွီနှင့် အခြားသောလူများ၏ စိတ်အတွင်း ထိုအတွေးက ဖြတ်ပြေးလာသည်။ သို့သော် စုန့်ယွမ်ယွီ၏ အကြီးမားဆုံး စိုးရိမ်မှုက ထိုအရာမဟုတ်သေးချေ။ ပို၍ဆိုးသည်မှာ အေးစက်ပြီး ထောင်လွှားမောက်မာသော ပေနှစ်ရာကျော်ခန့် မြင့်မားသည့် ပုံရိပ်ကြီးတစ်ခုက ကောင်းကင်တွင် ပေါ်ထွက်လာ၍ဖြစ်သည်။

ထိုအကြီးအကဲက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်လုံးက အထင်သေးမှုအပြည့်နှင့် တောက်ပနေကာ နေမင်းနှင့် လမင်းအလင်းဖြင့် ထည်ဝါနေသေးသည်။

“မိစ္ဆာဧကရာဇ်”

စုန့်ယွမ်ယွီကဲ့သို့ မဟာဗိုလ်ချုပ်ကြီး အထွတ်အထိပ်အဆင့်တွင် တည်ရှိနေသော ပုဂ္ဂိုလ်မျိုးကပင် လေးစားဖွယ်ကောင်းလွန်းသော အမရ စကြာဝဠာ ထာဝရနွေဦးမာန်ထရာကို ပိုင်ဆိုင်ထားသော လူမျိုး၏ မျက်နှာကပင် ဖြူဖျော့သွားရလေသည်။

“အား”

ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့က တောင်ပေါ်တွင် ပေါ်လာသော စူးရှလွန်းသော မျက်လုံးနှင့် ပုံရိပ်ကို မြင်လိုက်ရုံနှင့် အလန့်တကြား အော်ဟစ်ကြသည်။ သူတို့၏မျက်နှာက အံ့အားသင့်မှုကြောင့် ရှုံ့တွသွားသည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာလမ်းကြောင်းလျှောက်သော ထိုပုဂ္ဂိုလ်ကြီးနှစ်ယောက်က အလွန်အမင်းကြောက်လန့်ကာ ခြောက်ခြားသွားကြသည်။

အမျိုးသားတစ်ယောက်၏ နာမည်တစ်ခုကတင် သစ်ပင်၏ အရိပ်နှင့်တူသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်တိုင်အောင် လူတိုင်းကလည်း ထိုအမျိုးသားကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနေသေးသည်။ မိစ္ဆာဧကရာဇ်က ဂိုဏ်းလောကကို အုပ်စိုးခဲ့သော ကာလအတောအတွင်း ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းတွင်ဖြစ်စေ၊ မိစ္ဆာလမ်းကြောင်းလျှောက်သော အဓိက ပုဂ္ဂိုလ်ကြီးများကပင်ဖြစ်စေ သူနှင့် အဆက်အသွယ် မလုပ်ရဲခဲ့ပေ။

ပို၍ဆိုးသည်မှာ မည်သူကမှလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ယှဉ်ရာတွင် အခွင့်အရေး မရရှိခဲ့ဖူးပေ။ မိစ္ဆာလမ်းကြောင်းလျှောက်သော လူများကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ကြောက်ကြသည်။ သူ၏နာမည်ကတင် သူတို့၏ မျက်နှာကို ဖြူဖျော့စေနိုင်၏။ သူ၏ အထွတ်အထိပ် အမြင့်တွင် ဂိုဏ်းလောကတွင် မိစ္ဆာဧကရာဇ် သို့မဟုတ် ကျန်းဝမ်ဖူဆိုသော နာမည်ကို ထုတ်မပြောရဲသော လူများကပင် ရှိသေးသည်။ ထိုအစား သူ့အား ထိုလူဟုခေါ်ရုံနှင့် သူတို့၏ နှလုံးသားအတွင်း မသက်မသာ ဖြစ်တတ်သည်။

ဘန်း

တိုင်တန်လေးယောက်က လေထဲတွင်ပေါ်လာသော မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ ပုံရိပ်ယောင်ကြီးကို ကြည့်ရင်း အံ့အားသင့်နေကြချိန်တွင် ထိုနယ်မြေအတွင်းမှ ကျွမ်းကျင်ပညာရှင်တိုင်းက ဆည်ပေါက်၍ ရေလှိုင်းများ လိမ့်ဝင်လာသလိုမျိုး အသားကုန် ထွက်ပြေးကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကြောက်လန့်လွန်းရသော မိစ္ဆာဧကရာဇ်ကြီးက ထွက်ပေါ်လာသေးပြန်သည်။

“ပြေးတော့ ပြေးတော့ မိစ္ဆာဧကရာဇ်က ပေါ်လာပြီ။ သူငါတို့ကို သတ်တော့မှာ”

လူအုပ်အတွင်း ကြောက်လန့်မှုက ဖြတ်ပြေးသွားလေသည်။

“စုန့်ယွမ်ယွီ၊ လော့ချီယင် မင်းတို့တကယ်လုပ်ရဲတယ်”

“ဘယ်ကောင်က ငါ့တပည့်ကို ထိခိုက်အောင် လုပ်ရဲလဲ ငါကြည့်မယ်”

ကြီးမားလွန်းသော ကျန်းဝမ်ဖူ၏ ပုံရိပ်ကြီးက အေးစက်သော မျက်လုံးဖြင့်စုန့်ယွမ်ယွီ၊ လော့ချီယင်၊ ဖေးလွမ်ချန်းနှင့် ရှဲ့ကွမ်းထင်တို့ကိုကြည့်ရင်း ကျယ်လောင်သော အသံမျိုးနှင့် အော်ပြောလိုက်သည်။ သူ၏အသံက လေထဲတွင် ဟိန်းထွက်သွား၏။ ထိုနယ်မြေတခွင်တွင် ရှိသမျှသော ကြယ်တာရာစွမ်းအင်များက ကြီးမားသော မိုးပြာရောင် လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲလျှက် စုန့်ယွမ်ယွီတို့ ရှိရာနေရာသို့ ဝင်ရောက်လာသည်။

“မိစ္ဆာအိုကြီး”

စုန့်ယွမ်ယွီ၏ မျက်နှာက တင်းမာသွားသော်လည်း ဝမ်ချောင်ကပျော်သွားသည်။

“ဆရာ”

ဝမ်ချောင်နှုတ်ခမ်းက ကော့တက်လျှက် အပြုံးအသွင် ပြောင်းသွားသည်။ ဂရုတစိုက် ကြည့်မည်ဆိုပါက သူသည် ဒီအပြောင်းအလဲကို မျှော်လင့်ထားသော လူတစ်ယောက်၏ မျက်နှာထားမျိုး ရှိနေကြောင်း မြင်ရပေလိမ့်မည်။

ဘန်း

ဝမ်ချောင်က အနည်းငယ်ပင် နှောင့်နှေးနေခြင်း မရှိလေဘဲ သူ၏ကြယ်တာရာစွမ်းအင်များကို စုန့်ယွမ်ယွီ၊ လော့ချီယင်တို့၏ ကြယ်တာရာစွမ်းအင်ထက် ထိပ်တိုက်တွေ့ဆုံစေလိုက်ရင်း ဆရာဖြစ်သူနှင့် ပူးပေါင်းကာ သတ်ဖြတ်မှုအတွင်းသို့ ဝင်ရောက်လိုက်သည်။

ခလွက်

ဝုန်း

မြေကမ္ဘာကပင် ထိုးဖောက်ခံရလျှက် ပေါက်ကွဲသွားပုံပေါ်သည်။ လေပြင်းက ဟိန်းဟောက်ပြီး ဖုန်မှုန့်များက မြေပြင်အထက် ပေရာပေါင်းများစွာ မြင့်သည်အထိ မြောက်တက်သွားသေးသည်။ ကျန်းဝမ်ဖူ၏ တိုက်ကွက်က ရုတ်တရက် ဆန်လွန်းသဖြင့် ဂိုဏ်းခေါင်းဆောင်များက သတိလက်လွတ် ဖြစ်သွားသည်။

“ဒီကလေးကို မပြေးစေနဲ့”

အေးစိမ့်သော အော်သံတစ်ရပ်က ထွက်လာသည်။ ထို့နောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ဒုအရှင် ရှဲ့ကွမ်းထင်က ဖုန်များကိုခါထုတ်လျှက် ဝမ်ချောင်၏အနားသို့ လာသည်။

“စကြာဝဠာ ထိုးသွင်းခြင်းသိုင်း”

ရှဲ့ကွမ်းထင်က သူ၏အဆင့်လွန်သိုင်းကို တုန့်ဆိုင်းခြင်းမရှိဘဲ ထုတ်သုံးလိုက်သည်။

ခလွက်

မမြင်ရသော စွမ်းအားတစ်ရပ်က သူ၏ခန္ဓာကိုယ်အတွင်းမှ ဖြာထွက်လျှက် သူ၏အရှေ့တွင် ထိတွေ့ကိုင်တွယ်၍ရသော အာကာသပြင်တစ်ရပ် ဖြစ်ပေါ်လာစေသည်။ ရှဲ့ကွမ်းထင်က သူ၏လက်ဖဝါးနှင့် ထိုခိုင်မာသွားသော အာကာသပြင် အလယ်ဗဟိုသို့ ရိုက်ချလိုက်ပြီး ထိုနေရာမှစတင်၍ ပင့်ကူအိမ်ကဲ့သို့ အားလှိုင်းများကို စတင်ကာ ပျံ့နှံ့သွားစေလေသည်။

အခန်း(၁၃၈၅)

စကြာဝဠာ ထိုးသွင်းခြင်းသိုင်းသည် ကြယ်တာရာစွမ်းအင်များကို ကွဲအက်စေနိုင်ခြင်းနှင့် ပတ်သတ်လာသော် လောက နံပါတ်တစ်သိုင်းဖြစ်သည်။ ရှဲ့ကွမ်းထင်၏ အရှေ့တွင် အင်အားအကြီးဆုံး ခုခံနိုင်စွမ်းရည် ရှိသူဟု ကြွားဝါသူများကပင် ချဲ့ကားပြောရုံလောက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ရှဲ့ကွမ်းထင်က ထိုသို့ခုန်ထွက်ကာစသာ ရှိသေးသည်။ ဝမ်ချောင်က လေပြင်းအတွင်း မြောက်တက်လာသော သစ်ရွက်တစ်ရွက်အလား ကောင်းကင်သို့ ထိုးတက်သွားပြီး ကြမ်းတမ်းသော စွမ်းအင်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

ရှဲ့ကွမ်းထင်က သူ့ကိုတားနိုင်စွမ်းရည် မရှိခဲ့ပေ။ သူသည် ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်ရသည်။ ဖြတ်ကနဲ တစ်ချက်လက်ပြီးနောက် ဝမ်ချောင်က ပူဖောင်းလေးတစ်လုံးလို ပျောက်ကွယ်သွားသည်။

“???”

ရှဲ့ကွမ်းထင်ကဲ့သို့ ကောက်ကျစ်ပြီး အတွေ့အကြုံများသော လူမျိုးကပင် ထိုမြင်ကွင်းကြောင့် ကြောင်အသွား၏။ သူ၏ များပြားလွန်းသော ကြယ်တာရာစွမ်းအင်များက သူ့ကိုဝိုင်းပတ်လျှက် လိမ့်တက်နေသေးပြီး မည်သည့်နေရာသို့ သွားရမှန်းပင် မသိတော့ပေ။

“ဒါက မူလအမရတောင် စည်းတံဆိပ်ပဲ”

တခဏခန့် တွေးတောပြီးနောက် ရှဲ့ကွမ်းထင်က အဖြစ်အပျက်ကို နားလည်သွားသည်။

“မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူက သူ့ကို မူလအမရတောင်ထဲ ခေါ်သွားတာ”

စုန့်ယွမ်ယွီက ရှေ့သို့တစ်လှမ်းတိုးလျှက် စောင့်ကြည့်လေ့လာလိုက်သည်။ သူ၏ တည်ငြိမ်သော မျက်လုံးများက ရှဲ့ကွမ်းထင်နှင့် တူညီသောဘက်သို့ ကြည့်နေသည်။

“မူလအမရတောင်ရဲ့ စည်းတံဆိပ်က ပွင့်သွားပြီ”

စုန့်ယွမ်ယွီ၏စကားကို ပြန်ဖြေသည့်အလား ကောင်းကင်၏အလယ်မှ အောက်ကို ဆန့်တန်းနေသော ကွဲအက်ကြောင်း၏ ပွင့်ဟနှုန်းအရှိန်က မြင့်မားလာသည်။ မြေပြင်က စတင်ကာ လှုပ်ခါလာလေပြီး မူလက မူလအမရတောင်၏ ပုံရိပ်ယောင်ကြီးကို ဝိုင်းထားသော တောက်ပလွန်းသည့် အလင်းများက ပျောက်ကွယ်သွားလျှက် တဖြည်းဖြည်း ကျယ်သထက် ကျယ်လာသည့် အားလှိုင်းများကသာ ပေါ်ထွက်လာသည်။ ထိုအားလှိုင်း၏ အလယ်တွင် ကောင်းကင်ကို ထိုးတက်နေသော တောင်ထိပ်ကြီးရှိသည်။ အပေါ်ယံမျက်နှာပြင်က မည်းမှောင်ကာ ညိုမည်းနေပြီး တဖြည်းဖြည်းချင်းစီ ဝေဝါးနေသော အာကာသပြင်အတွင်းမှ စထွက်လာသည်။

ထိုသို့ဖြင့် ပုံရိပ်ယောင်သာသာ မြင်နေရသော တောင်တန်းကြီးက တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်နှင့်အမျှ ရှိနေသော လူတိုင်းကလည်း နက်မူလအမရတောင်ကြီးကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်မျိုးကို ရလာသည်။ ထိုတောင်သည် ယခင်က အာကာသပြင်အတွင်း ဖုံးကွယ်နေခြင်းသာ ဖြစ်လောက်သည်။

ယခုမူ အာကာသပြင်က ဖုံးကွယ်ထားမှုကို ဖြည်ပြလိုက်ရင်း ထိုဆန်းကြယ်သော တောင်ကြီးက သေမျိုးများ၏ မျက်လုံးရှေ့တွင် ပေါ်လာပြီဖြစ်သည်။

“အဲ့ဒီကိုကြည့်”

လူတစ်ယောက်က လက်ညိုးထိုးလျှက် အော်လိုက်သည်။ တခဏခန့်ကြာပြီးနောက် အခြားသော လူများကလည်း ထိုလူသတိထားမိလိုက်သည့် မူလအမရတောင်၏ အရှေ့မှ ကြီးမားသော ကျောက်တုံးတိုင်ကြီးကို တွေ့လိုက်ကြသည်။ ထိုတိုင်ကြီးသည် အကြမ်းတမ်းဆုံးသော ရွှမ်ဝူကျောက်သားဖြင့် လုပ်ထားခြင်းဖြစ်ပြီး ရွှေရောင်စာတန်း နှစ်တန်းကို ရေးထားသည်။

“မူလအမရသိုင်း ရတနာသိုက်ကို ကံကြမ္မာပါတဲ့ လူတွေအတွက် ချန်ထားရစ်ခဲ့မယ်”

လူတိုင်းက ထိုစာကို ဖတ်လိုက်မိရုံနှင့် တောက်ပလွန်းသော စကားလုံးများကြောင့် စိတ်အခြေအနေက ပြောင်းလဲကုန်သည်။

“ဒါက မူလအမရတိုင်ပဲ မူလအမရတိုင်... နောက်ဆုံးတော့ ဒီမှာပဲ”

အခြားသော သိုင်းပညာရှင်များ၏ မျက်လုံးများက ပြူးကျယ်လျှက် အသက်ရှုသံများက မြန်ဆန်ကာ မတည်မငြိမ် ဖြစ်လာသည်။ အခြားသော သိုင်းပညာရှင်များ၏ မျက်လုံးကလည်း နီရဲသွားရင်း သူတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်သည်။

အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းသည် ဗဟိုပြင်ကျယ်တွင် နံပါတ်တစ် အင်အားအကြီးဆုံး သိုင်းဖြစ်သည်။ ထိုနာမည်ကို ကြားသောလူတိုင်းကလည်း မည်မျှအင်အားကြီးကြောင်း သိပေလိမ့်မည်။

စုန့်ယွမ်ယွီ၏ အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာက ပြန်လည်ကုစားနိုင်စွမ်းရည် စွမ်းအား ဖြည့်တင်းနိုင်စွမ်းရည်၊ ကြာရှည်တိုက်ခိုက်နိုင်စွမ်းရည်နှင့် ပတ်သတ်လာသော် ပြိုင်ဘက်ကင်းလေသည်။ ရှဲ့ကွမ်းထင်၏ စကြာဝဠာ ထိုးသွင်းခြင်းသိုင်းသည် တိုက်ခိုက်စွမ်းရည်နှင့် ကြယ်တာရာစွမ်းအင်များကို ကွဲအက်နိုင်စွမ်းရည်၊ လာရောက်တိုက်ခိုက်မှုများတွင်လည်း ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးသေးပြန်သည်။ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၏ ဒဏ္ဍာရီတစ္ဆေ မဟာရင်သိုင်းနှင့် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းများသည်လည်း လောကအတွင်းတွင် အလားတူ အဆင့်ရှိသည့် အဆင့်လွန်သိုင်းများ ဖြစ်နေလေသည်။

ထို့ကြောင့် ထိုသိုင်းတစ်မျိုးမျိုးကို သင်ကြားထားမည်ဆိုပါက ဒီလောက အတွင်းတွင် အခြားသောသူများက လေးစားစွာသာ မော်ကြည့်ရသည့် ပုဂ္ဂိုလ်ကြီး ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုသိုင်းများအားလုံးထဲတွင် မည်သည့်သိုင်းကမှ အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းကို မယှဉ်နိုင်ကြပေ။ အဆင့်လွန်သိုင်း ဆယ်ခုထဲတွင် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းကသာ တစ်ခုတည်းသော အမရသိုင်းဖြစ်လေသည်။

“မူလအမရသိုင်း မူလအမရသိုင်း ... ငါဒီသိုင်းကို ရတာနဲ့ ငါစုန့်ယွမ်ယွီ၊ ယင်နက်ဘိုးဘေးနဲ့ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကိုတောင် ကျော်သွားနိုင်မှာပဲ ဟား ဟား ရတနာသိုက်ကပွင့်ပြီ။ လောကနံပါတ်တစ်သိုင်းက ငါ့အပိုင်ပဲ”

သိုင်းပညာရှင်တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏မျက်လုံးက မူလအမရတောင်ကိုကြည့်ရင်း ရူးသွပ်သွားသည်။

စွစ်

သူက ရှေ့သို့ခုန်ဝင်သွားချိန်တွင် အခြားသောသူများက အံ့အားသင့်နေကြသေးသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် တောင်ထံ ချီတက်သွားကြ၏။

စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်ပင်ဖြစ်စေ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူပင်ဖြစ်စေ သူတို့အားလုံးကလည်း ဂိုဏ်းလောကအတွင်း ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ နံပါတ်တစ်သိုင်း၏ လှုံ့ဆော်မှုက ကြီးမားလွန်းသဖြင့် သူတို့၏ ကြောက်လန့်မှုကိုပင် မေ့သွားစေသည်။ ပြောကြသည့်အတိုင်း ကြွယ်ဝမှုနှင့် ဂုဏ်အဆင့်အတန်းသည် အန္တရာယ်များ အတွင်းမှသာ ရှာတွေ့နိုင်သည်။ သူတို့ကသာ မီးပင်လယ်ကို ကျော်ဖြတ်လျှက် ဓားတောင်ကိုကျော်ကာ ခရီးဆက်သွားနိုင်မည်ဆိုလျှင် ထိုသိုင်းကို ပိုင်ဆိုင်ရပေလိမ့်မည်။

“ဘယ်သူက ငါနဲ့အတူ တိုက်ခိုက်ရဲလဲ။ ငါ့ရဲ့လမ်းကဖယ်”

ပထမဦးဆုံး ထွက်သွားသည့် သိုင်းပညာရှင်က ရှေ့သို့ ချီတက်သွားသည်နှင့် သူ၏ကျောကို မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် ဓားတစ်လက်က လာစိုက်သည်။

“အား”

ထိုသိုင်းပညာရှင်က အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ချေ။ ထိုဓားက သူ့ကိုကျော်ဖြတ်သွားပြီး သူ့အား အသေကောင်အဖြစ် မြေပြင်သို့ ပြုတ်ကျသွားစေသည်။

“ငါ့ရဲ့လမ်းကဖယ် မူလအမရသိုင်းက ငါ့အပိုင်ပဲ။ ငါ့ကိုတားတဲ့ကောင်တိုင်း သေရမယ်။ မူလအမရသိုင်းကို ရတဲ့သူက လောကက အင်အားအကြီးဆုံး ကျွမ်းကျင်ပညာရှင် ဖြစ်လာမှာပဲ”

....

လူရာကျော်၊ ထောင်ကျော် သို့မဟုတ် သောင်းကျော်ပင် ရှိနိုင်သည့် ထိုပုဂ္ဂိုလ်များအားလုံးက မူလအမရတောင်ဆီ ချီတက်သွားကြသည်။

အထူးသဖြင့် လူအုပ်က ကစဉ့်ကလျားဖြစ်သွားသည်။ ထိုလူများ၏ မျက်လုံးက နီရဲနေလျှက် အလန့်တကြားဖြစ်ကာ ခြောက်ခြားဖွယ် ကောင်းလာပုံအရ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကို ကြောက်လန့်စေသည်။ ထိုအခြေအနေမျိုးတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကပင် ထိုလူများကို မတားရဲပေ။

“မဟာမိတ်အရှင် ငါတို့ဘယ်လိုလုပ်ကြမလဲ”

စစ်ခွန်းယွမ်ကျားနှင့် အော့ရန်ချန်းဟန်တို့က စုန့်ယို့ရန်၏ အနားသို့လာသည်။ သူတို့က မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူနှင့် လာရောက်ရင်ဆိုင်ခြင်းဖြစ်သည်။ သို့သော် အဆင့်လွန်နှင့် အဆုံးအစမဲ့ မူလအမရသိုင်းကလည်း သူတို့၏ ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည်။

“မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းက မူလအမရသိုင်းနဲ့မှ ပြင်လို့ရမဲ့ ကြီးမားတဲ့ မွေးရာပါ ပြစ်ချက်ကြီးတစ်ခုရှိတယ်။ ယခုအဖြစ်အပျက်အရ ကျန်းဝမ်ဖူကလည်း အတွင်းကိုတောင် ရောက်နေလောက်ပြီ။ သူသာ ဒီသိုင်းကို ရခဲ့မယ်ဆိုရင် သူ့ရဲ့ ဆုံးရှုံးသွားတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်ရဦးမဲ့အပြင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနဲ့ မူလအမရသိုင်းကို ဆက်တိုက် ပိုင်ဆိုင်သွားမှာပဲ။ ဒီထဲက တစ်ခုကတင် ဂိုဏ်းလောကမှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကို ထန်စေနေပြီးပြီ။ လူပေါင်းများစွာကိုတောင် သူ့ရဲ့နာမည်ကို ကြားရုံနဲ့ မျက်နှာဖြူဖျော့စေနိုင်မိပြီ။ ငါတို့ကသာ သူ့ကို နှစ်ခုလုံး ကျင့်ခွင့်ပြုလိုက်ရင် ဂိုဏ်းလောကက ဘယ်သူကမှ သူ့ကို ဆွဲချနိုင်တော့မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ဂိုဏ်းလောက တစ်ခုလုံးက ကပ်ဘေးစိုက်လိမ့်မယ်”

အော့ရန်ချန်းဟန်ကပြောသည်။ သူ၏မျက်လုံးက စိုးရိမ်မှုဖြင့် တောက်ပနေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကသာ မလှုပ်ရှားလျှင် အခွင့်အရေးကို ထာဝရဆုံးရှုံးရလောက်သည်။

စုန့်ယွမ်ယွီက ရှေ့သို့တစ်ချက်ကြည့်ရင်း တည်ငြိမ်စွာပြောသည်။

“အလျင်လိုစရာမလိုဘူး။ ဒီရတနာမျိုးက အလွယ်တကူလည်း မရနိုင်ဘူး။ အရင်ဝင်တဲ့လူက မူလအမရသိုင်းကို အရင်ရမယ်လို့ မဆိုလိုနိုင်ဘူး။ အရင်စောင့်ရအောင်”

ရတနာများသည် ရဲရင့်တက်ကြွသော လူများကသာ ပိုင်ဆိုင်တတ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက ရတနာတစ်ခုဟာ ပို၍ပင် သဘောကျစရာ ကောင်းလေလေ ပို၍ အန္တရာယ်များလေလေဖြစ်ကြောင်း သတိထားမိလေသည်။

ဝုန်း

စုန့်ယွမ်ယွီ၏ အနှစ်ချုပ်မှုကို ပြန်ဖြေသည့်အလား ရှေ့သို့ အလျင်စလို တိုးဝင်သွားကြသည့် ကျွမ်းကျင်ပညာရှင်များ အားလုံးက မူလအမရတောင်နှင့် ခြေလှမ်း ငါးဆယ်၊ ခြောက်ဆယ်သို့အရောက် သွားမိရုံနှင့် ပျောက်ကွယ်သွားကြသည်။

စစ်ခွန်းယွမ်ကျားနှင့် အော့ရန်ချန်းဟန်တို့ကလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်မှုအပြည့်နှင့် မျက်တောင်ခတ်ကြရင်း မျက်နှာထားများက တင်းမာသွားကြသည်။ သူတို့သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အကြီးအကဲများဖြစ်သည်။ ထို့ကြောင့် ထိုသိုင်းပညာရှင်များ မည်သို့ ပျောက်ကွယ်သွားကြောင်းကို မသိကြပေ။ သူတို့၏ အရှိန်အဝါက ချွင်းချက်မရှိ ပျောက်ကွယ်သွားကြခြင်းဖြစ်ပြီး မတည်ရှိခဲ့သလိုမျိုးပင် ထင်ရသည်။ ပို၍အရေးကြီးသည်မှာ ထိုလူများအားလုံးက ဝမ်ချောင်နည်းတူ ပျောက်ကွယ်သွားခြင်းဖြစ်နေသည်။

“ချီတက်”

“ဒီရတနာက အရင်ရတဲ့လူ အပိုင်ပဲ”

“ဟား ဟား မူလအမရသိုင်း ငါလာပြီ”

ရတနာ၏လှုံ့ဆော်မှုက သိုင်းပညာရှင်များကို ရူးသွပ်သွားစေသည်။ သူတို့အားလုံးက နောက်တွင် မကျန်ရစ်လိုကြပေ။ မည်သူကမှလည်း ရှေ့မှ အဖြစ်အပျက်ကို သတိမထားမိကြပေ။ မည်သူကမှလည်း သတိမထားမိကြပေ။

ဝုန်း

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... တစ်ရာ၊ နှစ်ရာ၊ သုံးရာ... ပို၍များပြားသော လူများက ရှေ့သို့ ဆက်သွားကြပြီး လူတစ်သုတ်ပြီး တစ်သုတ်ကလည်း မူလအမရတောင်နှင့် ခြေလှမ်း ငါးဆယ်၊ ခြောက်ဆယ်ခန့်အကွာတွင် ပျောက်ကွယ်သွားကြသည်။ ရတနာကို သူတို့အပိုင်အဖြစ် အရယူရန်အလို့ဌာ လူပေါင်းများစွာက သူတို့၏ပတ်ပတ်လည်မှ သိုင်းပညာရှင်များကို တိုက်ခိုက်ကြသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော ကြယ်တာရာစွမ်းအင်များ လက်နက်များက လေထုအတွင်း ပျံသန်းရင်း ဝရုန်းသုန်းကား ဖြစ်စေလေသည်။

မရေမတွက်နိုင်သော လူပေါင်းများစွာက မြေပြင်သို့ပြုတ်ကျသည်။ ထို့နောက် လှုပ်ရှားမှုှု ကင်းမဲ့သွားကြ၏။ သူတို့က ရှေ့သု့ိ မချီတက်နိုင်တော့ချေ။ ဘိုးဘေးငါးယောက် မဟာမိတ်မှ ဆိုးယုတ်သော လမ်းစဉ်လျှောက်သော တပည့်များကပင် ထိုမြင်ကွင်းကြောင်း မျက်နှာများ ဖြူဖျော့သွားကြသည်။ ဘိုးဘေးငါးယောက် မဟာမိတ်က ဒီလိုအခြေအနေမျိုးတွင် ချီတက်သွားပါက ဝရုန်းသုန်းကား ဖြစ်နေသော လူအုပ်ကပင် သူတို့ကို ခုတ်ပိုင်းရဲလောက်သည်။

“အား”

စူးရှပြီး ငယ်သံပါအောင် အော်ဟစ်သံတစ်ရပ်က ပျံ့ထွက်လာသည်။ ထို့နောက် မြောက်များလှစွာသော အော်ဟစ်သံများက ပျံ့နှံ့လာ၏။ ထိုအသံက လူတိုင်း၏ဆံပင်မွှေးကို ထောင်ထစေနိုင်သည်။

ထိုအော်သံများက ရေခဲရေတစ်ပုံဖြင့် လောင်းချလိုက်သလိုမျိုး ဖြစ်သွားပြီး ရူးသွပ်နေကာ ကမူးရူးထိုး အပြေးသွားနေကြသည့် သိုင်းပညာရှင်များနှင့် အချင်းချင်း တိုက်ခိုက်နေသော သိုင်းပညာရှင်များ အားလုံးက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ အရှေ့ဆုံးမှ သိုင်းပညာရှင်များဆိုလျှင် မသက်မသာဖြစ်သလိုမျိုး ရပ်တန့်လိုက်ကြ၏။

“သတိထား အထဲမှာ ထောင်ချောက်တွေရှိတယ်”

သိုင်းပညာရှင်တစ်ယောက်က ရပ်တန့်သွားသည်။ သူ၏မျက်နှာက မသက်မသာ ဖြစ်မှုနှင့်အတူ ပြာနှမ်းနေသည်။

ကြောက်လန့်တကြား အော်သံများက လူတိုင်းကို တည်ငြိမ်သွားစေလျှက် ပျောက်ကွယ်သွားသော သိုင်းပညာရှင်များအကြောင်း သတိထားမိသွားစေသည်။

“သေစမ်း ရတနာက အလွယ်တကူ မရနိုင်မှန်း ငါသိသင့်တယ်”

လူအများစုက စိုးရိမ်တကြီး ဖြစ်နေကြသေးပြီး ရတနာကို အရယူချင်ကြသေးသော်လည်း အလွန်အမင်း ကြောက်နေကြပြီဖြစ်သည်။

အရင်ချီတက်သွားသော သိုင်းပညာရှင်တိုင်းက ဖော်ပြရန်ခက်ခဲသော သိုင်းပညာ ကျင့်ကြံခြင်းအဆင့် မြင့်ကြသည်။ သို့သော် တိုတောင်းသော ကာလအတောအတွင်း သူတို့အားလုံး အသတ်ခံလိုက်ရ၏။ ထိုအချက်မှတစ်ဆင့် အတွင်းရှိ သိုင်းပညာရှင်များက မည်မျှပင် လေးစားဖွယ်ကောင်းကြောင်း မြင်နိုင်သည်။

“ဟား ဟား ငကြောက်တွေ”

ယင်နက်ဘိုးဘေးကလည်း အထင်သေးမှုကို ဖုံးကွယ်ထားရန် မကြိုးစားပေ။ သူနှင့် စုန့်ယွမ်ယွီတို့က မလှုပ်ရှားရသေးပေ။ သို့သော် ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်ကမူ အကြံမတူပေ။ စုန့်ယွမ်ယွီက အရှေ့တွင် အန္တရာယ်ရှိကြောင်း ခန့်မှန်းမိချိန်တွင် ယင်နက်ဘိုးဘေးနှင့် သူ၏လူများကမူ အခြားသောလူများက သူတို့အတွက် လမ်းဖောက်ပေးမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။

ထိုလူများက ရတနာကို အရယူနိုင်ခဲ့လျှင်ပင် ဘိုးဘေးငါးယောက် မဟာမိတ်က ဝင်ပေါက်တွင် စောင့်ကြပ်နေသေးသမျှ မည်သူက ထိုသိုင်းကိုရရ သေချာပေါက်သတ်ပြီး အရယူနိုင်သေးသည်။

“သွားစို့ ငါတို့အလှည့်ပဲ”

ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းက ဝတ်ရုံကို တစ်ချက်မြောက်လိုက်ပြီး ခြေတစ်လှမ်းတည်းနှင့် ပေတစ်ရာကျော်ကို ကျော်လွှားပစ်လိုက်သည်။ ထိုသို့ဖြင့် လူအုပ်ထံမှ ခွဲထွက်လျှက် ရှေ့ဆုံးထံမှ ဦးတည်သွားလေသည်။ ယခုအခါ လူတိုင်းက ရပ်တန့်သွားပြီဖြစ်သဖြင့် ဘိုးဘေးငါးယောက် မဟာမိတ်က လှုပ်ရှားရန် အချိန်ကျလေပြီ။

ဝုန်း

ဒဏ္ဍာရီတစ္ဆေဘိုးဘေးက ပထမခြေလှမ်းသာ လှမ်းရသေးသည်။ လောကက တုန်ခါသွားသည်။ ထို့နောက် မူလအမရတောင်အတွင်းမှ မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်အလင်းတန်းက ဖြာထွက်လာပြီး ကောင်းကင်တွင် ဝူကျိသင်္ကေတက ပေါ်ထွက်လာလေသည်။

...

(ဝူကျိသင်္ကေတဆိုတာက အဆုံးအစမဲ့ပြီး ထာဝရတည်ရှိမှုကို ဖော်ပြတယ်။ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ ထိုက်ကျိသင်္ကေတလိုပဲ။ ယင်နဲ့ရန်ကို ကိုယ်စားပြုတဲ့ အနက်နဲ့အဖြူ ချိတ်ဆက် တည်ရှိနေတဲ့ ပုံစံပါပဲ)

All Chapters