← Chapters

အခန်း (၁၃၉၁-၁၃၉၅)

Vol. 83 Ch. 1391-1395

အခန်း (၁၃၉၁-၁၃၉၅)

Vol. 83 Ch. 1391-1395

အခန်း(၁၃၉၁)

စီနီယာကျိုး အာရုံခံမိတာကတော့ မမှားနိုင်ဘူး။ ဒီနေရာမှာ တကယ်ပဲ တတိယမြောက် အဖွဲ့အစည်းက ရှိနေတာလား။ ဒါပေမဲ့ ဘယ်လိုမျိုးက ဒီလောက်ကြီးမားလွန်းတဲ့ ဝင်္ကပါကို ထိန်းချုပ်နိုင်မှာလဲ။ နောက်ပြီး ဝင်္ကပါအပေါ် နားလည်မှုတွေက ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေပြီမဟုတ်ဘူးလား။

ဝမ်ချောင်၏မျက်မှောင်က နက်နက်ရှိုင်းရှိုင်း ကျုံ့သွားသည်။ သူ၏မျက်နှာတွင် နားမလည်နိုင်သော မျက်နှာထားမျိုးက ပေါ်လာသည်။

ဝုန်း

ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ခုက ဝင်ရောက်လာသည်။ သူကမူ သူဒီနေရာတွင် တွေ့ထားသော ထိုအရိုးခြောက်များက လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က တွေးထင်ခဲ့မိခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်ကလည်း ဖြစ်လောက်သည်။ ဒီနေရာသို့ ဝင်ရောက်ခဲ့သော လူများအပိုင်ဖြစ်လောက်ပြီး ဒဏ္ဍာရီအမရသိုင်းနှင့် ပတ်သတ်၍ ဒဏ္ဍာရီ အများအပြားကြောင်း တွေးလိုက်မိသည်။ ဗဟိုပြင်ကျယ်မှ မဟာသိုင်းဆယ်မျိုးလုံးက ဒီနေရာတွင် ယခင်က ပေါ်လာလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ဆရာဖြစ်သူကျင့်သော ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကပင် ခြေရာခံ လိုက်ခဲ့ဖူးလေသည်။

နံပါတ်တစ် မူလအမရသိုင်းကသာ ဘယ်သောအခါ မပေါ်လာခဲ့ခြင်းဖြစ်သည်။ ကပ်ဘေးကာလတွင်လည်း မပေါ်လာခဲ့သလို ဗဟိုပြင်ကျယ်ပြိုကျသော ကာလတွင်လည်း မပေါ်လာခဲ့ပေ။ မူလအမရသိုင်းက သမိုင်းတွင် ပျောက်ဆုံးသွားလျှင် အဆင်ပြေသည်။ သို့သော် ဒီမူလအမရတောင်က ဒီလိုအခြေအနေမျိုးတွင် ပွင့်လာခဲ့ပြီး ဒီဝင်္ကပါကလည်း ကျန်ရစ်နေသေးကတည်းက ထိုသိုင်းဟာ သေချာပေါက် တည်ရှိနေပေလိမ့်မည်။

သူသည် ယခင်ကမူ အများကြီး မတွေးမိခဲ့ပေ။ သို့သော် ဝင်္ကပါအကြီးအကဲ၏ စကားလုံးများအရ အခြေအနေအားလုံးဟာ မည်မျှထူးဆန်းနေကြောင်း နားလည်လာစေသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က ရုတ်တရက် အကြံတစ်ခုရလာ၏။

ဝင်္ကပါအကြီးအကဲကမူ ဝမ်ချောင်၏အတွေးကို မသိပေ။ ဝမ်ချောင်၏ ဖော်ပြရန်ခက်ခဲသော ပါရမီကို အာရုံခံမိလိုက်ရုံနှင့် သဘာဝလျောက်ပင် ဝမ်ချောင်ကို သူသိသမျှအားလုံး တက်နိုင်သမျှ သင်ကြားပေးလိုသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏ဦးနှောက်ထဲသို့ သူသင်ကြားဖူူးသမျှ အရာအားလုံးကို ထိုးထည့်ချင်လာသည်။ သူသည် ဒီလိုဆရာမျိုး၏ သင်ကြားပေးမှုကို ခံရသောအခါ ဝမ်ချောင်၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှု စွမ်းရည်မျိုးကြောင့် ဝမ်ချောင်သည် ဝင်္ကပါများအား နားလည်သဘောပေါက် ဖမ်းဆုပ်မိရာတွင် လျှင်မြန်စွာနှင့် တိုးတက်လာတော့သည်။

ဝမ်ချောင်က ဝင်္ကပါအကြီးအကဲနှင့်အတူ ဝင်္ကပါပညာကို ဆက်လက်ပြီး လေ့လာသင်ယူနေသည်။ အခြားတစ်နေရာတွင်ရှိသော လူအနည်းစုကသာ အရာအားလုံးကို တိတ်တဆိတ် ကြည့်နေကြ၏။ သူတို့ကလည်း သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်က ဝင်္ကပါထဲသို့ ဝင်ရောက်ပြီး ဝင်္ကပါ၏ ကြိတ်ဆုံကျောက်တုံးကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသော မြင်ကွင်းကိုကြည့်ကာ အေးစက်ကာ လှုပ်ရှားမှု ကင်းမဲ့နေကြသည်။

“လူသားတွေက ကြွယ်ဝမှုအတွက်သေပြီး ငှက်တွေက အစာအတွက် သေကြတယ်တဲ့။ ဒီလို ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်”

ထိုလူက ဝင်္ကပါ၏ အပြောင်းအလဲကို ဆက်ကြည့်နေရင်း အေးစက်စွာပြောသည်။

“ဝင်္ကပါထဲမှာ လူဘယ်လောက်ကျန်သေးလဲ”

တိတ်ဆိတ်သော ပတ်ဝန်းကျင်အတွင်းမှ အသံတစ်သံ ထွက်လာသည်။ ထိုအသံက လေးစားမှုအပြည့်နှင့်ဖြစ်သည်။

“လူ(၅၇၆)ယောက် ရှိပါသေးတယ်။ (၁၅၀)ဝန်းကျင်ကိုတော့ သတ်ပြီးပါပြီ”

“ဘာ လူနည်းနည်းလေးပဲ သေသေးတာလား”

ပထမလူက ကျောဘက်သို့လက်ပို့ထားရင်း ဘေးဘက်သို့ ခပ်ကြမ်းကြမ်း လှည့်ကြည့်လာသည်။ သူ၏မျက်မှောင်က နက်နက်ရှိုင်းရှိုင်း ကျုံ့နေသည်။

“အရင်တစ်ခေါက်ထက် လာတဲ့လူက ပိုများတယ်။ နောက်ပြီး ဒီလူတွေက သတိတအားကြီးကြတာ။ နောက်ပြီး အသစ်ဖွဲ့စည်းထားတဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဆိုရင် အပြင်ဘက်မှာ လူသုံးရာတောင် ချန်ထားခဲ့သေးတယ်။ ဝင်္ကပါထဲမှာ လူတစ်ဝက်လောက် ပါတယ်ဆိုပေမဲ့လည်း ဒီခေတ်မှာ အရှိန်အဝါကြီးမြတ်တဲ့ ကျွမ်းကျင်ပညာရှင်ကြီးတွေဖြစ်တဲ့ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ ယင်နက်ဘိုးဘေးနဲ့ စုန့်ယွမ်ယွီတို့ ဝင်ရောက်လာကြတယ်”

“ဒီလူသုံးယောက်က ကျွမ်းကျင်ပညာရှင် အများကြီးကို စုစည်းထားတာ။ သူတို့က အဲ့ဒီမှာ ရှိနေမှာတော့ ငါတို့ရဲ့ဝင်္ကပါက ငါတို့ထင်ထားသလောက်တောင် သူတို့ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီဝင်္ကပါကိုယ်တိုင်ကတောင် အနည်းနဲ့အများ သက်ရောက်ခံနေရပြီ”

လက်အောက်ငယ်သားက ဂါရဝပြုလျှက် အကြိမ်အနည်းငယ်ခန့် ရပ်တန့်ပြီးမှသာ ဆက်လက်ပြီး ပြောပြသည်။

“ဒါ့အပြင် ဝင်္ကပါထဲမှာ မိစ္ဆာဧကရာဇ်လည်း ရှိသေးတယ်။ သူအရင်က ဒီနေရာက ဖြတ်သွားခဲ့တဲ့ပုံပဲ။ သိုင်းပညာမှာ မျက်တောင်မခတ်ဘဲ သတ်ဖြတ်နိုင်စွမ်းရည် ရှိတယ်လို့ ကျော်ကြားလွန်းတဲ့ မိစ္ဆာကြီးတစ်ယောက်လေ။ သူက ဘာကိုမှ ဂရုမစိုက်သလို တစ်ယောက်တည်း လှုပ်ရှားတတ်တယ်။ အပေါင်းအသင်းလည်း မရှိဘူးတဲ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ သူနဲ့အတူ ဝင်္ကပါ ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို ခေါ်လာတယ်။ မိစ္ဆာဧကရာဇ်က သူ့ရဲ့လမ်းညွှန်မှုကို ရရှိပြီး အနားယူခြင်း ဂိတ်ပေါက်ထဲမှာပဲ တစ်ချိန်လုံး ငြိမ်နေတာလေ။ ဒါကြောင့် ငါတို့တောင်မှ ငါတို့ရဲ့နည်းလမ်းတွေနဲ့ သူ့ကို ဘာမှမလုပ်နိုင်ဘူး”

“ဟွန်း ဘာဝင်္ကပါကျွမ်းကျင်ပညာရှင်လဲ။ ဒီလိုရှေးဟောင်းဝင်္ကပါတွေက ပျောက်ဆုံးနေပြီး ဝင်္ကပါနဲ့ ပတ်သတ်တဲ့ ဘာဗဟုသုတမှ မရှိတော့တဲ့ ဒီလိုဆုတ်ယုတ်နေတဲ့ ခေတ်မျိုးမှာ အမှိုက်ကောင်တွေ သပ်သပ်ပဲရှိမှာ။ အတုအယောင်တွေပဲဖြစ်မယ်။ အမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ ရှေးဟောင်းဝင်္ကပါမျိုးကို နားလည်နိုင်စွမ်းရှိမယ်လို့ မင်းတို့က ထင်နေတာလား”

ခေါင်းဆောင်က အေးစက်စွာပြောသည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

လက်အောက်ငယ်သားက ခေါင်းကို ခပ်မြန်မြန် ငုံ့ချလိုက်ပြီး စကားဆက်မပြောရဲတော့ပေ။

“သူတို့ကို ဝင်္ကပါထဲမှာ လုံလုံခြုံခြုံ ဖြတ်သန်းသွားခွင့် ပြုလို့မရဘူး။ သူတို့က အမရအရှင်သခင်ရဲ့ ရတနာကို လိုချင်တယ်ဆိုကတည်းက ဒီနေရာမှာ အသတ်ခံရဖို့ ပြင်ဆင်ထားသင့်တယ်။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဝင်္ကပါအမြူတေထဲက ဝင်္ကပါစွမ်းအင်တွေကို အသက်သွင်းလိုက်တော့။ စုန့်ယွမ်ယွီဖြစ်ဖြစ်၊ ယင်နက်ဘိုးဘေးဖြစ်ဖြစ် အဲ့ဒီမိစ္ဆာဧကရာဇ်ပဲဖြစ်ဖြစ် ငါအားလုံးကို သေစေချင်တယ်”

“ဟုတ်ကဲ့”

......

အနားယူခြင်းဂိတ်ပေါက်၏ တည်နေရာက အနောက်တောင်ပိုင်းသို့ ဦးတည်သွားနေချိန်တွင် ဝမ်ချောင်၏ ဝင်္ကပါအပေါ် ဗဟုသုတများက ခုန်ပျံကျော်လွှား တိုးတက်လာခြင်းအားဖြင့် ဝင်္ကပါအကြီးအကဲအား ချီးကျူးမှုနှင့်အတူ သက်ပြင်းချမိစေသည်။ သူသည် ဝမ်ချောင်ကို ပို၍ပို၍ပင် သဘောကျလာကြောင်း တွေ့ရှိလာရ၏။ အစပိုင်းတွင်မူ သူသည် ဒီတိုင်း ဝမ်ချောင်ကို အချိန်ကုန်လွန်ရုံတမျှ သင်ပေးချင်ရုံသာဖြစ်သည်။ လက်ရှိ အရေးတကြီး လုပ်ရမည့်အရာက ဝင်္ကပါကို ကျော်ဖြတ်သွားရန် ဖြစ်နေသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် ထွက်သွားရန်ပင်ကိုပင် မေ့လျော့သွားလေပြီး ဒီနေရာက တပည့်ဖြစ်သူကို ညွှန်ကြားပေးရန်အတွက် ချိန်းဆိုထားသည့် လျို့ဝှက်နေရာတစ်ခုလိုမျိုး စတင်ကာ သတ်မှတ်နေပြီဖြစ်သည်။

“ငါမင်းကို မေးပါဦးမယ်။ အနားယူခြင်းဂိတ်ပေါက်က (၁၅)မိနစ်ကြာတိုင်း အကြိမ်ရေမည်မျှ ပြောင်းလဲသွားလဲ”

“(၂၅၆)ကြိမ်”

ဝမ်ချောင်က မတွေးတောဘဲ ချက်ချင်းပြန်ဖြေသည်။

“ရပ်တန့်ခြင်းဂိတ်ပေါက်ကရော”

“(၅၂၂)ကြိမ်”

ဝမ်ချောင်က ချက်ချင်းပြန်ဖြေသည်။ သူ၏မျက်နှာတွင် တွေးဆသော အကြည့်မျိုးက ပေါ်လာသည်။

“ဒါဆိုရင် ငါမင်းကိုမေးမယ်။ လူတစ်ယောက်ကသာ အချက်ပေးဂိတ်ပေါက်ထဲကို ဝင်ရောက်သွားရင် ဝင်္ကပါက ဒီလူတွေကို နာကျင်ခြင်းဂိတ်ပေါက်ဆီ မတွန်းပို့ခင် ဘယ်လောက်ကြာမယ်ထင်လဲ။ နောက်ပြီး သေဆုံးခြင်းဂိတ်ပေါက်ဆီကို ဘယ်လောက်ကြာမလဲ”

ဝင်္ကပါအကြီးအကဲက မေးသည်။ သူ၏မျက်နှာက ပို၍ပင် တင်းမာလာသည်။

“နာရီတိုင်းလိုလို အလှည့်အပြောင်းကတော့ ရှိတာပဲ။ သူကသာ ကောင်းကောင်း မတုန့်ပြန်နိုင်ဘူးဆိုရင် (၁၂)ကြိမ်ပြောင်းတဲ့ဝန်းကျင်မှာ (၁၂)နာရီကြာတဲ့အချိန်အတောအတွင်း သူနာကျင်ခြင်းဂိတ်ပေါက်ကို အပို့ခံရလိမ့်မယ်။ ဒါပေမဲ့ နာကျင်ခြင်းဂိတ်ပေါက်ကနေ သေဆုံးခြင်းဂိတ်ပေါက်ကိုတော့ (၄)နာရီပဲကြာမှာ။ အဲ့ဒီကနေ ဒီဝင်္ကပါရဲ့ အင်အားအပြည့်နဲ့ တိုက်ခိုက်မှုကို ခံရပြီး သေချာပေါက် သေသွားမှာပဲ”

ဝမ်ချောင်က တင်းမာသော မျက်နှာထားနှင့်ပြောသည်။ သူ၏စိတ်က အလွန်အမင်း မြန်ဆန်စွာ ပြေးလွှားနေ၏။ ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အချက်ပေါင်းများစွာက ကြီးမားသော ဝင်္ကပါကြီးအသွင် ပြောင်းလဲလျှက် အချင်းချင်းပူးပေါင်းကာ လည်ပတ်နေကြသည်။

“ဒါဆိုရင် ငါမင်းကိုမေးမယ်။ လူတစ်ယောက်က နာကျင်ခြင်းဂိတ်ပေါက်ထဲကို ပြုတ်ကျသွားရင် ကြည့်ရှု့ခြင်းဂိတ်ပေါက်ထဲကို ပြန်သွားနိုင်ဖို့အတွက် ဝင်္ကပါဂိတ်ပေါက် ဘယ်နှစ်ပေါက် ခြေလှမ်း ဘယ်နှစ်လှမ်းကို လှမ်းဖို့လိုမလဲ။ နောက်ပြီး အနားယူခြင်းဂိတ်ပေါက်ကိုသွားပြီး အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ခြေလှမ်းဘယ်လောက် လှမ်းရမလဲ”

ဝင်္ကပါအကြီးအကဲက ထိုသို့သောစကားကို တင်းမာသော မျက်နှာထားမျိုးနှင့်ပြောသည်။ သူ၏မေးခွန်းက မြန်သထက်မြန်လာပြီး ခက်ခဲသထက် ခက်ခဲလာသည်။

ဒီတစ်ကြိမ်တွင်မူ ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ သူ၏စိတ်က လျှင်မြန်စွာ တွက်ချက်နေသည်။ ထိုအခြေအနေကို မြင်သောအခါ ဝင်္ကပါအကြီးအကဲက မုတ်ဆိတ်ကိုပွတ်လျှက်ရယ်သည်။ ဝမ်ချောင်၏ နားလည်နိုင်စွမ်းရည်က မြင့်မားလွန်းနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်ကပင် ဆရာကို အရှက်ရစေလုနီးပါး ဖြစ်လာသည်။

ငါသူ့ကို နည်းနည်းလေး ခက်တဲ့အရသာမျိုး ခံစားပေးခိုင်းလိုက်မယ်။ ဒါမှ ဝင်္ကပါပညာက သင်ရတာမလွယ်ဘူးဆိုတာကို သိသွားပြီး မိုက်ရူးရဲဆန်ဆန် မလုပ်မိတော့မှာ။

ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ အလေးအနက်ထားကာ တွေးတောနေပုံကိုကြည့်ရင်း စိတ်ထဲတွင် ပျော်သွားသည်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ အဖြေက ထိုအကြီးအကဲ၏ စိတ်အခြေအနေကို ဝမ်းနည်းသွားစေသည်။

“နာကျင်ခြင်းဂိတ်ပေါက်ကနေ ကြည့်ရှု့ခြင်းဂိတ်ပေါက်ကို ပြန်သွားချင်တယ်ဆိုရင် အရင်ဦးဆုံး အချက်ပြဂိတ်ပေါက်၊ ရပ်တန့်ခြင်းဂိတ်ပေါက်၊ ဖွင့်လှစ်ခြင်းဂိတ်ပေါက်၊ အဲ့ဒီတွေကို တစ်ပတ်ပြီးတစ်ပတ် ပြန်ကျော်ဖြတ်ရလိမ့်မယ်။ အဲ့ဒီနောက်ပိုင်းမှ ကြည့်ရှု့ခြင်းဂိတ်ပေါက်ဆီ ပြန်ရောက်သွားမှာ။ နောက်ပြီး နန်းတော်ကိုးခုအတွင်းက အလှည့်အပြောင်း အရေအတွက်ကတော့ ခြေလှမ်းပေါင်း (၁၃၆၄)လှမ်း လှမ်းဖို့လိုလိမ့်မယ်”

“နောက်ပြီး အနားယူခြင်းဂိတ်ပေါက်ကို ရောက်သွားချင်းရင် နောက်ထပ်ခြေလှမ်း (၃၃၅၁)လှမ်းကို ထပ်လှမ်းရမယ်”

ဝမ်ချောင်က ရိုးရှင်းစွာပင် ထပ်ဖြည့်ပြောလိုက်သည်။

“???”

ဝင်္ကပါအကြီးအကဲက မျက်လုံးပြူးကျယ်ကာ မေးရိုးကို အဟောင်းသားဖြစ်သွားသည်။

“ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝင်္ကပါအကြီးအကဲကလည်း ဝမ်ချောင်ဟာ ထိုမျှအထိ သူ၏နာရီအနည်းငယ်ခန့် သင်ကြားပေးမှုနှင့် ထိုမျှအထိ လျှင်မြန်စွာတွက်ချက်ပြီး ဝင်္ကပါကို ထိုမျှအထိ နားလည်သဘောပေါက်မည်ဟု မထင်ထားမိချေ။ ထိုအခြေအနေက ဝင်္ကပါအကြီးအကဲ၏ ဝင်္ကပါ အနုပညာအပေါ် နားလည်သဘောပေါက်မှုကိုပင် ကျော်လွန်သွားပြီဖြစ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘေးဘက်တွင်ရပ်နေရင်း ထိုမြင်ကွင်းကြောင့် တိတ်တဆိတ် ရယ်နေသည်။ သူသည်လည်း ဝင်္ကပါအကြီးအကဲဟာ ဝမ်ချောင်ကို သူ၏အမွေ ဆက်ခံမည့် တပည့်တစ်ယောက်လို ဆက်ဆံနေကြောင်း မြင်နိုင်သည်။ ရိုးရှင်းစွာပင် သူဟာ ထိုအကြောင်းအရာကို ထုတ်မပြောရန်သာ ရွေးချယ်ထားလိုက်၏။

ဝမ်ချောင်သည် မဟာထန်၏ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်အဆင့်သို့ရောက်ရန် နှစ်နှစ်သာလျှင် လိုအပ်ခဲ့သည်။ တစ်ချိန်ထဲတွင်ပင် သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းအား အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ခဲ့သေး၏။ ထိုမျှနားလည်နိုင်သော စွမ်းရည်က သာမာန်လူများကို ကျော်လွန်နေခဲ့ပြီးသားဖြစ်သည်။ ဝင်္ကပါအကြီးအကဲ၏ ဝင်္ကပါများကလည်း သူ့အပေါ် ခက်ခဲစေလိမ့်မည် မဟုတ်ချေ။

“ဟွန်း စီနီယာ အမှန်တိုင်းပြောရရင် ငါက တော်တော်လေးကို လေးစားဖို့ကောင်းတဲ့ တွက်ချက်နိုင်စွမ်းရည် ရှိနေလို့ပါ။ ဒါကြောင့် စီနီယာရဲ့ ပြဿနာတွေအတွက်တော့ ငါက စိတ်ထဲကို ပစ်ထည့်လိုက်ပြီး တွက်ချက်လိုက်ရုံနဲ့ ရလဒ်က ထွက်လာတာပဲ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။

“မင်း မျိုးမစစ်ကောင်လေး”

ဝင်္ကပါအကြီးအကဲက ဒေါသထွက်သွားသည်။ သူ၏ရင်ဘက်က နိမ့်လိုက်မြင့်လိုက် ဖြစ်လာ၏။ ဝင်္ကပါပညာသည် အလွန်အမင်း နက်နဲသည်။ ဝမ်ချောင်အတွက်ကမူ ဝင်္ကပါများကို ရိုးရှင်းသော တွက်ချက်မှုအသွင် ဖော်ပြခြင်းက သူ့အား ဒေါသထွက်ပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားစေလေသည်။

သူတို့နှစ်ယောက်က စကားပြောနေသည့် အချိန်တွင် ရုတ်တရက် ဝုန်းကနဲအသံက ထွက်လာပြီး မြေပြင်က တဖန်ပြန်တုန်သွားသည်။

“အား”

ဝမ်ချောင်တို့အဖွဲ့နှင့် တစ်နေရာထဲတွင်နေသော သိုင်းပညာရှင်များက အလန့်တကြား ထအော်ကြသည်။ သူတို့၏မျက်နှာက ကြောက်လန့်မှုဖြင့် ပျက်ယွင်းလာသည်။

“စပြန်ပြီ”

ထိုလူများက မသက်မသာဖြစ်သလို ပြောကြသည်။ သူတို့သည်လည်း သိသာထင်ရှားသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်များဖြစ်သည်။ သို့သော် ကြီးမားသောဝင်္ကပါ၏ စွမ်းအားများနှင့် ရင်ဆိုင်ရသော အခါတွင်မူ ပုရွက်ဆိတ်များအလား ဖြစ်သွားကြသည်။

“ဒီတစ်ခါ ခြားနားတယ်”

ဝမ်ချောင်က မီးခိုးရောင်ကောင်းကင်ကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။ အချို့သော အကြောင်းပြချက်များကြောင့် ဝင်္ကပါ၏ အလှည့်အပြောင်းဟာ ယခင်တစ်ခေါက်နှင့် ခြားနားနေသည်ဟု ခံစားရသည်။

“ကောင်လေး ကျန်းဝမ်ဖူ သတိထား”

ဝင်္ကပါအကြီးအကဲက ရုတ်တရက်အော်သည်။ သူ၏မျက်လုံးက ကောင်းကင်ကို ထိတ်လန့်တကြားကြည့်သည်။

“ဒီနေရာမှာ တစ်ခုခု ထူးဆန်းတာဖြစ်တော့မယ်။ ဝင်္ကပါရဲ့ စွမ်းအင်တွေက အဆင့်မြှင့်ခံလိုက်ရသလိုပဲ”

ဝုန်း

သူဟာ စကားပြောပြီးရုံသာ ရှိသေးသည်။ လူတိုင်း၏နားအတွင်း ကျယ်လောင်သော စုတ်ဖြဲသံကြီးက ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အားလှိုင်းတစ်ရပ်က လောကကို စုတ်ဖြဲသလိုမျိုး ထင်ရသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် အစိမ်းရင့်ရောင် မြူထုကြီးက လိမ့်ဝင်လာ၏။ ထိုမြူထုက ယခင်အခြေအနေများထက် အဆပေါင်းများစွာ ပြင်းထန်လွန်းသည်။

တစ်ချိန်ထဲတွင်ပင် ထိုနေရာတစ်ခုလုံးက ထိန်းချုပ်မှုလွတ်ကင်းသွားသော စွန်ကဲ့သို့ဖြစ်သွားပြီး ဟိုနေရာ၊ ဒီနေရာလွင့်လျှက် ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များအသွင် ဆက်တိုက်ဆိုသလို ပြောင်းလဲကုန်သည်။

“အား”

သိုင်းပညာရှင်များ၏ အချက်ပြ အော်သံများနှင့်အတူ အလန့်တကြား အော်ဟစ်သံများကလည်း ထွက်လာသည်။

“င့ါကိုကယ်ပါ သခင်လေး ငါ့ကိုကယ်ပါ”

ရေနစ်နေသော လူများကဲ့သို့ ထိုလူများက ဝမ်ချောင်ရှိရာဘက်သို့ လာကြသည်။ ဝင်္ကပါသည် သူတို့ မျှော်လင့်ထားသည်ထက် ကြောက်စရာကောင်းလွန်းသည်။ ဝမ်ချောင်က သူတို့ကို မကယ်လျှင် သူတို့ အသတ်ခံရပေလိမ့်မည်။

ဝုန်း

ထိုလူများက စကားပြောနေချိန်တွင် ရုတ်တရက် ပြင်းထန်သော ဆွဲစုပ်အားက သူတို့ကို ဆွဲသွားသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များကလည်း ဖြန့်ကျက်လျှက် ထိုလူများကို ကာကွယ်ပေးလိုက်သည်။

ဝမ်ချောင်က ထိုသို့လုပ်ပြီးကာစ အချိန်တွင်ပင် ပျက်စီးခြင်းမြူထုက ပွတ်တိုက်ကျော်ဖြတ်သွားသည်။ အာကာသပြင်ကပင် တိုက်စားခံရသလိုမျိုး နှာမှုတ်သံကို ထုတ်လွှတ်လေသည်။

ဒီတစ်ကြိမ် အဆိပ်မြူထုက ခြားနားသော်လည်း ဝမ်ချောင်ကမူ ခပ်မြန်မြန် တည်ငြိမ်သွားသည်။ ဝမ်ချောင်ကလည်း အဆိပ်ထောင်ချောက်များကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိသည့်အတွက် ထိုထောင်ချောက်များက သူ့ကို ခြိမ်းခြောက်ရန် ခက်ခဲသွားပြီဖြစ်သည်။

“ချောင်အာ သတိထား”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် အော်လိုက်သည်။ သူ၏လေသံက တင်းမာနေ၏။

ဝမ်ချောင်က အဖြစ်အပျက်ကို တွေးတောရုံသာ ရှိသေးသည်။ ရုတ်တရက် ကျယ်ပြောပြီး မသိသာ မထင်ရှားသည့် တစ်စုံတစ်ရာက သူ့ကိုဆွဲလာသလိုမျိုး ခံစားရသည်။ မြေကမ္ဘာကြီး တစ်ခုလုံးက သူ၏စွမ်းအားများကို ဆွဲစုပ်ယူရန် ကြိုးစားနေသလိုမျိုး ခံစားရ၏။ ဝမ်ချောင်သည် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး အံ့အားသင့်ကာ မှင်သက်ကြောင်အသွားလေသည်။

အခန်း(၁၃၉၂)

ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက မမြင်ရသော စွမ်းအားအချို့ကြောင့် စတင်ကာ ဆွဲယူခံရနေသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် ကမ္ဘာနံပါတ်တစ် မိစ္ဆာသိုင်းဖြစ်သည်။ အခြားသောသူများ၏ သိုင်းများကို ဆွဲစုပ်နိုင်သည်။ သို့သော် တစ်စုံတစ်ယောက်က သူ၏စွမ်းအင်ကို စုပ်နိုင်သော အခြေအနေမျိုးကို မကြုံဖူးချေ။

ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီအချိန်တွင် အံ့ဩသွားရသည်။

“သတိထား ဒါက ဝင်္ကပါရဲ့စွမ်းအားပဲ။ လောကရဲ့ စွမ်းအင်တွေကို သုံးနေတာ။ ငါတို့ကပဲ ဒီလိုဆွဲခံနေရတာ မဟုတ်လောက်ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အသံက ဘေးဘက်မှထွက်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည်လည်း ဆွဲခေါ်နေမှုကို ခံစားရသည်။ လောဘကြီးသော သတ္တဝါကြီးတစ်ကောင်၏ အရှေ့တွင် ရပ်နေရင်း စွမ်းအင်များ စုပ်ယူမှုကို ခံနေရသလိုမျိုး ခံစားလိုက်ရသည်။

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ကျင့်ကြံထားသောအဆင့်တွင် သူတို့၏ ကြယ်တာရာစွမ်းအင်များက သန်မာပြီး သံမဏိလို သိပ်သည်းသွားပြီဖြစ်သည်။ ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်မျိုးကပင် သက်ရောက်ခံရလျှင် အခြားသောသူများ၏ အခြေအနေကို သိနိုင်သည်။ ထိုအခြေအနေကတင် လူတိုင်းကို ကြောက်လန့်စေရန် လုံလောက်သည်။

“အား”

“ငါမလှုပ်နိုင်တော့ဘူး ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာတာလဲ”

“ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါ ငါမသေချင်ဘူး ငါမသေချင်ဘူး”

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးတို့က အတက်နိုင်ဆုံးကြိုးစားပြီး ဝင်္ကပါ၏ ဆွဲအားကို တင်းခံနေကြချိန်တွင် ပတ်ဝန်းကျင် နေရာအသီးသီးမှ အော်သံများကိုလည်း ကြားရသည်။

တခဏခန့်ကြာပြီးနောက် ငယ်သံပါအောင် အော်ဟစ်သံများက ရုတ်တရက် ရပ်တန့်သွားသည်။ သို့သော် သေဆုံးသူများ ချန်ရစ်ထားခဲ့သည့် အော်သံလိုမျိုး နှလုံးသားအတွင်း အေးစက်မှုကသာ ကျန်ရစ်သည်။

ခြိမ်း

ပထမတစ်သုတ်က တည်ငြိမ်သေးခြင်း မရှိခင်မှာ ဒုတိယတစ်သုတ်က ရောက်ရှိလာပြန်သည်။

ဝမ်ချောင်နှင့် အခြားသောသူများက အတက်နိုင်ဆုံးကြိုးစားပြီး တောင့်ခံနေကြချိန်တွင် သူတို့၏ ပတ်ဝန်းကျင်က လှုပ်ခါသွားသည်။ တစ်ချိန်ထဲတွင်ပင် ဝင်္ကပါအကြီးအကဲက အလျင်စလိုအော်သည်။

“မကောင်းတော့ဘူး ဝင်္ကပါက ကစဉ့်ကလျားဖြစ်တော့မယ်။ ငါတို့ အနားယူခြင်းဂိတ်ပေါက်ကနေ အချက်ပေး ဂိတ်ပေါက်ကို အပို့ခံလိုက်ရပြီ”

ဝင်္ကပါအကြီးအကဲ၏ လေသံကပင် ပြောင်းလဲသွားသည်။ အနားယူခြင်းဂိတ်ပေါက်သည် အလုံခြုံဆုံး ဂိတ်ပေါက် ရှစ်ပေါက်ထဲမှ တစ်ခုဖြစ်ပြီး တည်ငြိမ်မှုကို ရနိုင်သော နေရာတစ်ခုလည်းဖြစ်လေသည်။ အန္တရာယ်များကလည်း အခြားသောနေရာများထက် နည်းပါးလေသည်။

သို့သော် ယခုလေးတင် ဝင်္ကပါစွမ်းအားများက အနားယူခြင်း ဂိတ်ပေါက်ထဲမှတစ်ဆင့် သူတို့အား အလွန်အမင်း အန္တရာယ်များသော အချက်ပေးဂိတ်ပေါက်ထဲသို့ တွန်းပို့လိုက်သည်။

ဝင်္ကပါ၏ ဂိတ်ပေါက်ရှစ်ပေါက်က အချင်းချင်း ဆက်သွယ်နေကြသည်။ ထို့ကြောင့် အသက်ဂိတ်ပေါက် သို့မဟုတ် အနားယူခြင်းဂိတ်ပေါက်သို့ မဝင်ရောက်လျှင် ပို၍အန္တရာယ်နည်းသော ဂိတ်ပေါက်များက အန္တရာယ်များသော ဂိတ်ပေါက်များသို့ တောက်လျှောက် ကျော်ဖြတ်ရဦးမည်ဖြစ်ကာ သေဆုံးခြင်းဂိတ်ပေါက်သို့ တွန်းပို့ခံရပေလိမ့်မည်။ ထိုနေရာတွင်မူ ဝင်္ကပါ၏ စွမ်းအားက သေချာပေါက် သေအောင်သတ်ပေလိမ့်မည်။

ဝုန်း

ဝင်္ကပါအကြီးအကဲ၏ အသံက သူ၏နားအတွင်း ဟိန်းထွက်နေသေးသည်။ ဝမ်ချောင်က ဝင်္ကပါ၏ ဆွဲအားက အဆပေါင်းများစွာ မြင့်မားသွားကြောင်း ခံစားလိုက်ရသည်။ သူ၏ကြယ်တာရာ စွမ်းအင်များကပင် ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် ထွက်လာသည်။

ဘန်း

တူညီသော အခိုက်အတန့်တွင်ပင် အပေါ်စီးမှလာသည့် အော်ဟစ်သံကို ကြားရသည်။

“အထက်မှာ”

ဝင်္ကပါအကြီးအကဲက တစ်ချက်မော့ကြည့်လိုက်ပြီး သူ၏မျက်နှာက တင်းမာသွားသည်။ ကောင်းကင်ထဲတွင် ကြီးမားသော ကျောက်တုံးတိုင်ကြီးများကို မြင်ရသည်။ ထိုတိုင်များက လူနှစ်ယောက် ဝိုင်းပတ်နိုင်လောက်အောင် ကြီးမားသော တိုင်ကြီးများဖြစ်ပြီး မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထိုးဆင်းလာသည်။

တိုင်တစ်တိုင်ချင်းစီတိုင်းက ကျင်းခုနှစ်ထောင်မှ ရှစ်ထောင်လောက်ထိ လေးလံလောက်သည်။ ပို၍အရေးကြီးသည်မှာ ထိုတိုင်များသည် မူလစွမ်းအင် အားလှိုင်းများနှင့် ဖြာထွက်နေသည်။

ဝင်္ကပါက ကျယ်ပြောသော လောက၏ စွမ်းအားများကို အသုံးပြုလျှက် ကျောက်တုံးတိုင်များကို ပို့လွှတ်ထားခြင်းအားဖြင့် သူတော်စင် သိုင်းပညာရှင်တစ်ယောက်၏ အင်အားအပြည့်နှင့် တိုက်ကွက်မျိုးကို ထုတ်နိုင်စွမ်းရည် ရှိစေလေသည်။

ထိုကဲ့သို့သော သိုင်းကွက်မျိုးက ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်မျိုးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရည်ရှိသည်။ လူတိုင်း၏မျက်နှာက ဖြူဖျော့သွားသည်။

အချက်ပေးဂိတ်ပေါက်

ဒါဟာ ဒီဝင်္ကပါအတွင်းမှ အန္တရာယ်များသော ဂိတ်ပေါက်များထဲမှ တစ်ခုဖြစ်သည်။ တိုက်ကွက်များက ထိုမျှအထိ အင်အားကြီးမားနေပြီဆိုလျှင် သေဆုံးခြင်းဂိတ်ပေါက်နှင့် နာကျင်ခြင်းဂိတ်ပေါက်မှ အခြေအနေကို သိနိုင်သည်။

ဝုန်း

တူညီသော အခိုက်အတန့်တွင်ပင် ကျယ်ပြောသော ကြယ်တာရာစွမ်းအင်များက ထိုးတက်သွားပြီး ထိုကျောက်တုံးတိုင်များကို ရင်ဆိုင်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးတိုင်များက ပျက်စီးသွားသည်။

“အချိန်ကတိုတယ် ငါဒီကျောက်တုံးတိုင်တွေကို ရင်ဆိုင်ထားမယ်။ မင်းတို့က နည်းလမ်းကိုရှာကြ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ကျယ်လောင်စွာအော်သည်။ သူသည် ကျောက်တုံးတိုင်များကို ပျက်စီးစေသောလူဖြစ်သည်။ သို့သော် အန္တရာယ်က သူတို့၏အနောက်မှ အရိပ်လိုလိုက်နေလေရာ ဒါဟာ အစသာဖြစ်လောက်သည်။

ကောင်းကင်တွင် အားလှိုင်းများက ထပ်ပေါ်လာပြန်သည်။ မမြင်ရသော စွမ်းအားများက အာကာသပြင်အတွင်းသို့ တိုးဝင်သွားသည်။ ကျောက်တုံးများက စတင်ကာ စုစည်းလိုက်ပြီး မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ကြီးမားသော ကျောက်တုံးတိုင်အသွင် ပြန်ပြောင်းလာပြန်ကာ ဒုတိယနှင့် တတိယမြောက် ကျောက်တုံးတိုင်များက ဆင်းသက်လာပြန်သည်။

ဒီလိုကျောက်တုံးတိုင် အမျိုးအစားက တိုက်ခိုက်ခံရရုံနှင့် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ အချက်ပေးဂိတ်ပေါက်ထဲတွင် ရှိနေသေးသမျှ ကျောက်တုံးတိုင်များက အဆုံးအစမဲ့အောင် ပေါ်ထွက်လာပြီး မိုးများလို ဆင်းသက်လာဦးမည်ဖြစ်သည်။

အခြေအနေဟာ တင်းကြပ်နေသည်။ သူတို့၏စွမ်းအားကလည်း ကျောက်တုံးတိုင်များနှင့် ဆက်တိုက်ဆိုသလို ကုန်ဆုံးပေလိမ့်မည်။

“သေစမ်း”

ဝင်္ကပါအကြီးအကဲက ခေါင်းကိုငုံ့လျှက် နဖူးမှ ချွေးစေးများ ကျသည်အထိ ဆက်လက်တွေးတောသည်။ အချိန်တခဏအတွင်းတွင် ဝင်္ကပါအကြီးအကဲ၏ မျက်နှာက နီရဲလျှက် ခန္ဓာကိုယ်က စိုရွှဲနေပြီဖြစ်သည်။

ဝင်္ကပါအကြီးအကဲကလည်း ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့်သူနှင့် ဝမ်ချောင်ထံမှ ကွာဟချက်ကကြီးသည်။ တောင်ပြိုကျသောအခါ တည်ငြိမ်နိုင်သော စွမ်းအားမျိုး မရှိတော့ပါပေ။

အေးချမ်းသောဝန်းကျင်တွင် သူသည် နည်းလမ်းတစ်ခုကို စဉ်းစားမိလောက်သည်။ သို့သော် ယခုလို အလျင်လိုနေသော ကာလအတောအတွင်းတွင်မူ ဖိအားကလည်း များပြားလွန်းနေလေရာ သူသည် ဘာကိုမှ မတွေးနိုင်တော့ပေ။

သူက ပြဿနာရှိနေကြောင်း သိနေသည့်တိုင်အောင် ဝင်္ကပါအကြီးအကဲအနေဖြင့် မှန်ကန်အောင် မဖြေပေးနိုင်တော့ချေ။

နောက်ထပ် အားလှိုင်းအသစ်က ဆင်းသက်လာတော့မည်ဖြစ်ပြီး အောက်က လူအုပ်ကလည်း ပို၍အန္တရာယ်များသော သေဆုံးခြင်းနှင့် နာကျင်ခြင်းဂိတ်ပေါက်ထံသို့ ရောက်ရှိရန် တွန်းပို့ခံနေရသည်။ ထိုအခိုက်အတန့်တွင် အလွန်အမင်း တည်ငြိမ်သောအသံက ထွက်လာသည်။

“ချန်နန်းတော် မြောက်ပိုင်းတည့်တည့် ခြေလှမ်း တစ်ရာ့တစ်ဆယ့်နှစ်လှမ်း ကြည့်ရှု့ခြင်းဂိတ်ပေါက် ပေါ်လာလိမ့်မယ်”

သူကထိုသို့ ပြောပြီးရုံနှင့် ဝမ်ချောင်က လက်ဝါးတစ်ချက်ကို ရိုက်သွင်းလိုက်ကာ ကြယ်တာရာစွမ်းအင်များကို လေထဲရှိ တတိယမြောက် ကျောက်တုံးတိုင်ကို ပျက်ပျယ်သွားစေလိုက်ရင်း ချန်နန်းတော် ရှိရာဘက်သို့ ခုန်ထွက်သွားလိုက်သည်။

အခြားသောသူများကလည်း အခြေအနေကို နားလည်သွားကြသည်။ အခြားသော သိုင်းပညာရှင်များကလည်း ဝမ်ချောင် ညွှန်ပြသောဘက်သို့ အပြေးဝင်ကြ၏။

“ဟုတ်တယ် ကြည့်ရှု့ခြင်းဂိတ်ပေါက် ကြည့်ရှု့ခြင်းဂိတ်ပေါက်ပဲ”

ဝမ်ချောင်၏ စကားလုံးများက ဝင်္ကပါအကြီးအကဲကို ခပ်မြန်မြန် တည်ငြိမ်သွားစေသည်။ သူသည်လည်း ကြည့်ရှု့ခြင်းဂိတ်ပေါက်နေရာကို ခပ်မြန်မြန် တွက်ချက်လိုက်မိ၏။ တိုတောင်းသော ကာလအတောအတွင်းတွင် သူတို့က အနားယူခြင်း ဂိတ်ပေါက်မှ အချက်ပေးဂိတ်ပေါက်သို့ ရောက်ရှိလာကြသည်။ ထို့ကြောင့် ခြေလှမ်း (၃၂၄)လှမ်းကို လှမ်းပြီးလေပြီ။

ယခုအခါ တုန့်ပြန်မှုက စတင်လာသည်နှင့် အချက်ပေးဂိတ်ပေါက်မှ အနားယူခြင်းဂိတ်ပေါက်သို့ ပြန်သွားရန် မဖြစ်နိုင်တော့ချေ။ ပို၍ဆိုးသည်မှာ ခြေလှမ်း(၃၂၄)လှမ်းတိုင်တွင် အန္တရာယ်များသော သေဆုံးခြင်းဂိတ်ပေါက်သို့ ရောက်ရှိနေနိုင်သေးလေသည်။ သိပ်မကြာခင် ခြေလှမ်း(၆၈၂)လှမ်းက ရောက်ရှိလာတော့မည်ဖြစ်သည်။

ချန်နန်းတော် ဦးတည်ရာဘက်သည် ကြည့်ရှု့ခြင်းဂိတ်ပေါက် ပေါ်လာမည့်နေရာဖြစ်ပြီး သူတို့၏ တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်သည်။ သူတို့ကလည်း ကြည့်ရှု့ခြင်းဂိတ်ပေါက်သို့ ဝင်နိုင်မည်ဆိုလျှင် သေဆုံးခြင်းဂိတ်ပေါက်နှင့် ရင်ဆိုင်ရမည့် သေဆုံးခြင်းကို ရှောင်ရှားနိုင်ပေလိမ့်မည်။ ဒါဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

သို့သော် ထိုအခွင့်အရေးက တခဏခန့်သာပေါ်မည်ဖြစ်ပြီး သူတို့သာ မဖမ်းဆုပ်နိုင်ပါက လက်ရှိအနေအထားမျိုးမှ လွတ်မြောက်ရန် အခွင့်အရေး မရှိလောက်တော့ပေ။ ရှင်သန်ရန် အခွင့်အရေးကို ရှာဖွေရာတွင် အကြိမ်တခဏ အတောအတွင်း ခြေလှမ်းခြောက်ရာမှ ခုနှစ်ရာခန့်အထိ တွက်ချက်ရန်လည်း လိုအပ်သေးသည်။ ထို့ကြောင့် တွက်ချက်မှုနှင့် ပတ်သတ်လာသော် ဝမ်ချောင်က မှင်သက်ဖွယ်ကောင်းသော ပါရမီကို ထုတ်ပြသည်။

“ချန်နန်းတော် အနောက်ဘက်ကိုမှီ (၁၆)လှမ်း ဒီလိုဆိုရင် ငါတို့တွေ ကြည့်ရှု့ခြင်းဂိတ်ပေါက်ထဲကို (၆)စက္ကန့်လောက်စောပြီး ဝင်နိုင်လိမ့်မယ်”

ဝင်္ကပါအကြီးအကဲက ရုတ်တရက်အော်သည်။ ဝမ်ချောင်ကလည်း ဝင်္ကပါအကြီးအကဲ၏ စကားကို ခပ်မြန်မြန် တုန့်ပြန်သည်။ အသက်ပိုကြီးသူက ပိုဉာဏ်ရှိသည်။ သူသည် သူတို့၏ ရှင်သန်ရန် အခွင့်အရေးကို တွက်ချက်နိုင်ခဲ့ပြီး ဦးတည်ရာဘက်နှင့် အကွာအဝေးကိုပင် တွက်ချက်နိုင်ခဲ့သည်။ သူ၏တွက်ချက်မှုက အနည်းနှင့်အများဆိုသလို အနည်းငယ် သွေဖယ်တတ်သေးသည်။ ဝင်္ကပါအကြီးအကဲကသာ ပို၍လေးစားဖွယ်ကောင်းလေသည်။

“မြန်မြန်”

ဝမ်ချောင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲအပြင် အခြားသော ကျွမ်းကျင်ပညာရှင်များ အားလုံးက ဝင်္ကပါအကြီးအကဲ ညွှန်ပြသော ဦးတည်ရာဘက်သို့ အပြေးသွားကြသည်။

ခြိမ်း

ဝင်္ကပါကြီးတစ်ခုလုံးက ဆက်တိုက်ဆိုသလို ရွေ့ပြောင်းနေသည်။ ထိုအဖွဲ့က အချိန်မရွေး ပို၍အန္တရာယ်များသော ဂိတ်ပေါက်အတွင်းသို့ ရောက်ရှိသွားနိုင်သည်။

ဝုန်း

ရုတ်တရက် သူတို့သည် ခြားနားသော လောကတစ်ခုကို ဖြတ်ကျော်လိုက်ရသလိုမျိုး ဖြစ်သွားသည်။ ကြီးမားသော ကျောက်တုံးတိုင်ကြီးများက ပျောက်ကွယ်သွားပြီး ကြီးမားသော ဆွဲစုပ်အားကလည်း အားနည်းသွားသည်။

ကြည့်ရှု့ခြင်းဂိတ်ပေါက်

သူတို့အဖွဲ့သည်လည်း ဝင်္ကပါဂိတ် အသစ်တစ်ခုထဲသို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

“ငါတို့ရောက်ပြီ”

ဝမ်ချောင်က စိတ်အေးစွာသာ သက်ပြင်းချလိုက်သည်။ သို့သော် တခဏခန့် ကြာပြီးနောက် သူသည် တစ်စုံတစ်ရာက မှားယွင်းကြောင်း ခံစားမိလိုက်၏။ နောက်မှဝင်လာသော လူများဖြစ်သည့် သူ၏ဆရာ၊ ဝင်္ကပါအကြီးအကဲ၊ အခြားသော သိုင်းပညာရှင်များ အားလုံးက ပျောက်သွားကြသည်။ ဝမ်ချောင် တစ်ယောက်တည်းကသာ ကျန်ရစ်သည်။

“ဆ....”

ဝမ်ချောင်က စကားမပြောရသေးခင် မီးခိုးရောင် ကောင်းကင်ကြီးက လိမ္မော်နီရောင်ပြောင်းသွားသည်။ တစ်ချိန်ထဲတွင်ပင် သူ၏ဘယ်ညာတွင် ဆရာသခင်နှစ်ယောက် ပေါ်လာသည်။ မှင်သက်သွားသောသူက သူ၏စကားလုံးများ အားလုံးကို မြိုချလိုက်သည်။

ဝမ်ချောင်သည် ထိုဆရာနှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေချိန်တွင် ထိုနှစ်ယောက်က လေးယောက်ဖြစ်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝင်္ကပါအကြီးအကဲ ရှစ်ယောက်က ပေါ်လာပြန်ကာ သူ့ကို အံ့အားတကြီး ကြည့်သည်။

“ကောင်လေး ဘယ်တစ်ယောက်ကမင်းလဲ”

ဝင်္ကပါအကြီးအကဲ၏ စိတ်ရှုပ်ထွေးသောအသံကို ကြားသောအခါ ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ သူက စကားပြောတော့မည့် အချိန်တွင် ရှေ့တည့်တည့်ကို ကြည့်လိုက်ပြီး စွံ့အသွားရသည်။

ဝင်္ကပါအကြီးအကဲနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့အကြားတွင် အလင်းလှိုင်းများက ဖြတ်ပြေးသွားပြီးနောက် ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် လူတစ်ယောက်က စထွက်လာသည်။ သူရှိရာဘက်သို့လျှောက်လာရင်း သူနှင့် မျက်လုံးချင်းဆုံသွားချိန်တွင် နှစ်ယောက်လုံး ကြောင်အသွားရသည်။

တောင်အတု၊ သစ်ပင်အတု၊ ဝါးအတု၊ စမ်းရေကန်အတု၊ အခြားသောပစ္စည်းတု အမျိုးမျိုးက ပတ်ဝန်းကျင်တွင် အလိုအလျောက် ပေါ်လာ၏။

ဝမ်ချောင်က စီးဆင်းနေသော ရေသံကိုပင် ကြားရသည်။ စမ်းရေများ၊ ဥယျာဉ်များအကြားတွင် သိုင်းပညာရှင် ဆယ်ယောက်ကျော်က ပေါ်လာသည်။ သူတို့အားလုံးက အံ့အားတကြီးဖြစ်နေသော မျက်နှာမျိုးနှင့် မြေပြင်တွင် ကပ်နေကြသည်။

“သတိထား အရာအားလုံးက ပုံရိပ်ယောင်တွေပဲ။ မျက်လုံးကိုမှိတ်ပြီး စိတ်စွမ်းအားကိုသုံးပြီး အာရုံခံကြည့်”

ရုတ်တရက် ဝမ်ချောင်၏စိတ်အတွင်း အသံတစ်သံကထွက်လာသည်။ ထိုအသံဟာ သူ၏ဆရာဖြစ်သူ၏ အသက်အရွယ် ကြီးရင့်ကာ လေးနက်သောအသံမျိုးဖြစ်သည်။

ဝမ်ချောင်က ချက်ချင်းဆိုသလို နားလည်သွားသည်။

ကြည့်ရှု့ခြင်းဂိတ်ပေါက်တွင် ပုံရိပ်ယောင်များကို ကြုံတွေ့နိုင်သည်။ သို့သော် ဒါဟာ သာမာန် ပုံရိပ်ယောင်ပင် မဟုတ်လေဘဲ ပုံရိပ်ယောင်များက အစစ်အမှန်မှ ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်နေသည်။ စီးဆင်းနေသော ရေသံကိုပင် တုပနိုင်သေး၏။ ထို့ကြောင့် ဒီနေရာတွင် ဒဏ်ရာရသွားမည်ဆိုပါက ရိုးရှင်းသောပုံရိပ်ယောင် မဖြစ်နိုင်လောက်ပေ။

အခန်း(၁၃၉၃)

ဝုန်း

ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူ၏ ကြယ်တာရာစွမ်းအင်များအား ပတ်ပတ်လည်သို့ ရှင်းလင်းရန် ပို့လွှတ်လိုက်သည်။ ပုံရိပ်ယောင်များ အားလုံးက ပျောက်ကွယ်သွားပြီး ဝမ်ချောင်နှင့် သူ၏ဆရာ၊ ဝင်္ကပါအကြီးအကဲနှင့် အခြားသော သိုင်းပညာရှင်များကို ရှာတွေ့လိုက်လေသည်။

ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝင်္ကပါအကြီးအကဲနှင့် ထိုသိုင်းပညာရှင်များ အကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အနီရောင်ချော်ရည်စီးကြောင်းများက ရှိနေ၏။ ဝမ်ချောင်သည်လည်း သူကြားလိုက်ရသည့် စီးဆင်းနေသော ရေသံဟာ ထိုချော်ရည်စီးသံဖြစ်ကြောင်း သိလိုက်သည်။ အမှန်က အမှားနှင့် ရောနေခြင်းလည်းဖြစ်သည်။

ကောင်းကင်၏ လိမ္မော်နီရောင် ပြောင်းလဲသွားမှုသည် ထိုချော်ရည်ကြောင့် ပြောင်းလဲနေခြင်းဖြစ်သည်။ ပုံရိပ်ယောင်က အတုအယောင် ဖြစ်နေသော်လည်း ချော်ရည်အတွင်းသို့ မကျသင့်လောက်ပေ။

“မင်းရဲ့ခြေထောက်ကို အာရုံစိုက်ထား ချော်ရည်ရဲ့အပူချိန်က တအားမြင့်တယ်။ သာမာန်ချော်ရည်မဟုတ်ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏အသံက ဝမ်ချောင်၏နားအတွင်း ဟိန်းထွက်လာပြန်သည်။ သူသည်လည်း သိသာစွာပင် ချော်ရည်ကို သတိထားမိပုံရသည်။

ဘန်း

ဝမ်ချောင်က ရုတ်တရက် ပေတစ်ဆယ်ကျော်ခန့် အကွာမှ ချော်ရည်စီးကြောင်း ရှိရာဘက်သို့ လက်သီးကို လှမ်းထိုးလိုက်သည်။ မီးခိုးများက လေထဲသို့ လိမ့်တက်လာပြီးနောက်တွင် အနီရောင်ချော်ရည်များက တုန်ခါလျှက် လေထဲသို့ မြောက်တက်စင်လေသည်။

ထိုလှုပ်ရှားမှုဟာ ရုတ်တရက်ဆန်ပြီး ရှင်းပြရန်ခက်ခဲလွန်းသည်။ သိပ်မကြာခင် သက်ရောက်မှုက သိသာလာသည်။

လိမ္မော်နီရောင် ကောင်းကင်ကြီးက ရုတ်တရက် လိမ်တွန့်သွားသည်။ တစ်ချိန်ထဲတွင်ပင် ပုံရိပ်ယောင်များက စာရွက်အလွှာတစ်လွှာကို ခွဲလိုက်သလိုမျိုး စတင်ကာ ပြောင်းလဲလာသည်။

“အာ ဘာတွေဖြစ်နေတာလဲ”

သိုင်းပညာရှင်များသည်လည်း ချက်ချင်းလိုလို အသိဝင်လာကြသည်။ သူတို့က သူတို့၏အရှေ့မှ စီးဆင်းနေသော ချော်ရည်ကန်ကို အံ့အားတကြီးစိုက်ကြည့်ကြသည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် ချော်ရည်နှင့် အနီးဆုံး ပုဂ္ဂိုလ်များသည် ထိုကန်အတွင်းသို့ ခြေနင်းဝင်မိလောက်လေသည်။

“စီနီယာကျိုး ခင်ဗျားက နန်းတော်ကိုးခု အရွှေ့အပြောင်းကို တွက်ချက်နိုင်တာပဲ။ ဒီတော့ငါက ဝင်္ကပါဂိတ် အရွှေ့အပြောင်းကို တွက်ချက်လိုက်မယ်”

ဝမ်ချောင်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ ကြည့်ရှု့ခြင်းဂိတ်ပေါက်သည် ထင်သလောက် အန္တရာယ်မများပေ။ သို့သော် ဝင်္ကပါစွမ်းအင်များ၏ လွှမ်းမိုးမှုကြောင့် အချိန်မရွေး အခြေအနေ ဆိုးလာနိုင်သေးသည်။ ထို့ကြောင့် ဒီနေရာမှ အမြန်ဆုံးထွက်ခွာလျှင် အကောင်းဆုံးဖြစ်လေသည်။

ဝမ်ချောင်သည် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ဝင်္ကပါဂိတ်ပေါက်များကို တွက်ချက်ခြင်းနှင့် ပတ်သတ်လာသော် ဝင်္ကပါအကြီးအကဲကပင် သူ့ကို မယှဉ်နိုင်ပေ။ သို့သော် ဝမ်ချောင်က ကျောင်းသားသာ ရှိနေသေးပြီး ဝင်္ကပါအရွှေ့အပြောင်းကို တွက်ချက်ရာတွင် ကျွမ်းကျင်သော်လည်း ဝင်္ကပါ၏ ယေဘုယျနယ်ပယ်များနှင့် နန်းတော်ကိုးခု အရွှေ့အပြောင်းများနှင့် ပတ်သတ်လာသော် သူသည် နိမ့်ကျနေသေးသည်။ ထိုအတွက်ကြောင့် သူ၏ ယခင်တွက်ချက်မှုတွင် အမှားအယွင်း အနည်းငယ် ပါလာခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ ငါတို့နှစ်ယောက် အတူပေါင်းပြီး ဒီဝင်္ကပါရဲ့ ရွေ့လျားမှုတွေကို တွက်ချက်ကြတာပေါ့”

ဝင်္ကပါအကြီးအကဲက ချက်ချင်းဆိုသလိုပင် စိတ်အားထက်သန်သည့် အနေအထားမျိုးသို့ ရောက်ရှိသွားပြန်သည်။ မူလအမရဝင်္ကပါအရှင်သခင်က ချန်ထားရစ်ခဲ့သော ထိုဝင်္ကပါသည် သူကြုံတွေ့ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးဖြစ်ပြီး သောင်းပေါင်းများစွာသော အစီအစဉ် အလှည့်အပြောင်းများက ရှိနေသေးလေသည်။ ဝင်္ကပါအကြီးအကဲ ကိုယ်တိုင်ကပင် လိုက်မှီရန် ခက်ခဲသေး၏။ သေးငယ်သော မှားယွင်းတွက်ချက်မှုကတင် အရွေ့အပြောင်းကြီးတစ်ခု ဖြစ်သွားစေနိုင်သေးသည်။ ထို့ကြောင့် သူသည် ဝင်္ကပါ၏ နိယာများကို ကောင်းကောင်း မတွက်ချက်နိုင်ခဲ့ဖူူးချေ။ သို့သော် ဝမ်ချောင်က သိသာစွာပင် ဝင်္ကပါအကြီးအကဲ၏ ပစ်ချက်ကို ဖာထေးနိုင်စွမ်းရည် ရှိနေသည်။

ဝှစ်

သူတို့၏ပတ်ပတ်လည်မှ လေပြင်းများက ဟိန်းဟောက်ပြီး သေဆုံးသွားသောလူများ၏ အော်သံများကိုလည်း အတူသယ်ဆောင်လာပေးသေးသည်။ ထို့ပြင် ထိုအော်သံများက ပို၍ ကျယ်သထက် ကျယ်လောင်လာကာ အကြိမ်ရေကလည်း များသထက် များပြားလာလေသည်။ ဝမ်ချောင်နှင့် ဝင်္ကပါအကြီးအကဲတို့က မျက်လုံးကိုမှိတ်လိုက်ကြပြီး တွက်ချက်မှုအတွင်းသာ အာရုံစူးစိုက်လိုက်ကြ၏။ သူတို့၏ပတ်ပတ်လည်တွင် ဝမ်ချောင်၏ နှောက်ယှက်ပေးမှု မရှိသောအခါ ပုံရိပ်ယောင်များက ပြန်လည်ပေါ်ထွက်လာရင်း ဆက်လက်ပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြန်သည်။

ဘုန်း

ကြယ်တာရာစွမ်းအင်တစ်တန်းက မြေပြင်ကို ထိမှန်သွားပြီး ပို၍များပြားသော ပုံရိပ်ယောင်များကို စုတ်ဖြဲပစ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ထိုသို့လုပ်သူက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ဖြစ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် ဝင်္ကပါပညာတွင် မကျွမ်းကျင်သောကြောင့် ထိုနယ်ပယ်ပိုင်းတွင် ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအတွက်ကြောင့် ထိုသို့ ထောက်ပံ့ကူညီပေးရုံသာ တက်နိုင်သည်။

“အကြီးအကဲကျိုး စက္ကန့်နှစ်ဆယ်နေရင် ခမ်းနေရာက ဘယ်နေရာမှာလဲ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။ ဝင်္ကပါအကြီးအကဲက လက်ညိုးကို အသာယမ်းရင်း တိကျသောအဖြေကို ခပ်မြန်မြန်ပေးသည်။

“အရှေ့တောင်ပိုင်း ဘယ်ဘက်ခြမ်းရဲ့ သုံးဒီဂရီ”

နန်းတော်ကိုးပေါက် နေရာများက မပြောင်းလဲသင့်ပေ။ သို့သော် ဝင်္ကပါကို မူလအမရ အရှင်သခင်က ချန်ထားရစ်ခဲ့ပြီး ထိုဝင်္ကပါကြီးသည် အင်အားကြီးမားလွန်းသောကြောင့် နန်းတော်ကိုးပေါက်၏ ပတ်ပတ်လည်တွင် မြေမျက်နှာသွင်ပြင်များက ပြောင်းလဲနိုင်လေသည်။

“ကောင်လေး မြန်မြန်လုပ် အခုက ပြောင်းလဲတဲ့နှုန်းက မြန်လာပြန်ပြီ။ နောက်ထပ် လုံခြုံတဲ့ ဝင်္ကပါဂိတ်က ဘာလဲဆိုတာကို ရှာတွေ့ပြီလား”

ဝင်္ကပါအကြီးအကဲက မျက်လုံးကိုဖွင့်လျှက် ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။

သာမာန်လူများသည် အာရုံမခံမိလောက်ပေ။ သို့သော် သူ၏တွက်ချက်မှုအရ ဝင်္ကပါအကြီးအကဲသည်လည်း ဝင်္ကပါသည် ပို၍လျှင်မြန်စွာ ရွေ့လျားနေကြောင်း သိလိုက်သည်။ ထို့ပြင် အပြင်ဘက်မှ အင်အားစုတစ်ခုက တွန်းပို့နေခြင်းဖြစ်သည်။ ဒါဟာ သာမာန်မဟုတ်တော့ချေ။ ထို့ကြောင့် ထိုအဖွဲ့ကို ရင်ဆိုင်ရန် နည်းလမ်းလည်းမရှိသေးလေရာ ပို၍အန္တရာယ်များလေသည်။ သူသည် ဝမ်ချောင်အပေါ်သာ မျှော်လင့်ချက်ထားရတော့ပေမည်။

“ခမ်းနေရာ ဘယ်ဘက်ခြမ်း ခြေလှမ်း(၁၁၇)လှမ်း ဒီငါ့ရဲ့ အမှတ်အသားကိုကြည့်”

ဝမ်ချောင်က မျက်လုံးကို ရုတ်တရက်ဖွင့်လျှက် သူ၏တောက်ပသော မျက်လုံးက ခမ်းနေရာကိုလှမ်းကြည့်သည်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ခပ်မြန်မြန်အော်သည်။

“မြန်မြန်လေး အခုပဲ”

ဘန်း

ဝမ်ချောင်၏ အမိန့်အောက်တွင် လူတိုင်းက ရှေ့သို့ခုန်တက်ကြသည်။ ချော်ရည်ကန်များထဲမှ တစ်ခုက ရုတ်တရက် စတင်ကာ စီးထွက်လာပြီး ကောင်းကင်သို့ပင် မီးညွှန့်အားလှိုင်းများကို ပို့လွှတ်လေသည်။ လိမ္မော်နီရောင် မီးတောက်ကြီးက စတင်ကာ မည်းမှောင်လာသည်။

“မြန်မြန်”

ဝမ်ချောင်က ရှေ့သို့ခုန်ထွက်သည်။ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်လာပြီး သိုင်းပညာရှင်များ အားလုံးကိုဖယ်ရှားလျှက် ရပ်တန့်ခြင်းဂိတ်ပေါက်သို့ အရင်ဆုံးသွားသည်။

.....

ဝမ်ချောင်က အဖွဲ့ကိုဦးဆောင်ကာ ရပ်တန့်ခြင်းဂိတ်ပေါက်သို့ သွားနေသည့်အချိန် တစ်နေရာတွင် နယ်မြေများအားလုံးကို စောင့်ကြည့်လျှက် ထိန်းချုပ်နေသော လူပုဂ္ဂိုလ်များကလည်း ဝမ်ချောင်၊ ဝင်္ကပါအကြီးအကဲနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ကို ထားထားသော နေရာသို့ ခေါင်းစိုက်နေကြသည်။

“အရှင် ဒီအဖွဲ့ပဲဖြစ်ပြန်ပြီ။ ဒီကောင်တွေက ငါတို့ရဲ့ဝင်္ကပါမှာ ရှိနေတဲ့ နိယာမတွေကို တွက်ချက်နိုင်စွမ်းရည် ရှိနေတယ်။ ငါတို့သူတို့ကို မထိန်းထားနိုင်ဘူး”

လူများထဲမှ တစ်ယောက်ကပြောသည်။

ဝမ်ချောင်တို့၏အဖွဲ့က သိသာထင်ရှားလွန်းသည်။ အခြားသောဝင်္ကပါနေရာ အသီးသီးမှ အော်ဟစ်သံများ၊ ဟိန်းဟောက်သံများက ပေါ်ထွက်နေပြီး ဝင်္ကပါက ထိုလူများကို ကြိတ်ချေကိုက်စားနေချိန်တွင် ဝမ်ချောင်တို့၏ အဖွဲ့ကမူ သိသာစွာပင် ဝင်္ကပါ၏ စွမ်းအားကြောင့် ဒုက္ခမများနေသလို သက်ရောက်ခံရခြင်းလည်း မရှိပေ။

နောက်ထပ် အသံတစ်သံက ထွက်လာသည်။

“အရှင် သူတို့လှုပ်ရှားနေပုံအရ သူတို့က အနားယူခြင်းဂိတ်ပေါက်ကို ပြန်သွားချင်နေတာဖြစ်မယ်။ သူတို့ အဲ့ဒီကို ပြန်ရောက်သွားတာနဲ့ ငါတို့ရဲ့ တိုက်ခိုက်မှုတွေက အလဟသဖြစ်သွားပြီ။ သူတို့ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ဝင်္ကပါရဲ့ အလယ်မှာတောင် တစ်ခုခု ရှာတွေ့သွားလောက်တယ်”

“အနားယူခြင်းဂိတ်ပေါက်ကို ပြန်သွားမယ်ဟုတ်လား မဖြစ်နိုင်ဘူး။ သူတို့က ဒီတိုင်း ပုရွက်ဆိတ်တွေပဲ။ ဘယ်လိုများ ငါတို့ကို ရင်ဆိုင်နိုင်စွမ်းရည် ရှိနေမှာလဲ။ အမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ ဝင်္ကပါကို ဘယ်သူကမှ မဖြတ်နိုင်ဘူး”

ပြောလိုက်သည့်လူက ခေါင်းဆောင်ဖြစ်သည်။ သူသည် ကျောဘက်တွင် လက်ပို့ထားရင်း လှောင်ပြုံး ပြုံးနေသည်။ သူ၏မျက်လုံးများက ဝင်္ကပါ၏ တစ်နေရာရှိ ကြီးမားကာ ထောင်လွှားသော ပုံရိပ်တစ်ခုကိုသာကြည့်သည်။

“ဒီလူကလည်း ဝင်္ကပါထဲကို ဝင်လာတာလား။ သူက ငါတို့ရဲ့ ဝင်္ကပါကြီးကို ကိုင်တွယ်ဖို့ အင်အားကြီးမားလွန်းနေကတည်းက သူ့ကိုလည်း အဲ့ဒီကိုပို့ပြီး သူတို့ဘာသာ တိုက်ခိုက်ခိုင်းလိုက်။ ငါအသက်ရှင် ကျန်ရစ်သူတွေကို မလိုချင်ဘူး”

ခေါင်းဆောင်က အေးစက်စွာပြောသည်။

“ဟုတ်ကဲ့အရှင်”

.....

ဝမ်ချောင်ကမူ သူတို့၏အဖွဲ့ဟာ စောင့်ကြည့်ခံနေရကြောင်း မသိပေ။ သူတို့၏ ပတ်ပတ်လည်မှ အာကာသပြင်က ကြမ်းတမ်းစွာ ပြောင်းလဲလာချိန်တွင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ကျန်ရစ်သော သိုင်းပညာရှင်များ အားလုံးက ရပ်တန့်ခြင်းဂိတ်ပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။

စွစ် စွစ် စွစ်

သူတို့က ဝင်ရောက်သွားပြီးရုံသာ ရှိသေးသည်။ အဘက်ဘက်မှ မျှားမိုးက ဟိန်းဟောက်လျှက် ဝင်ရောက်လာသည်။ တစ်စက္ကန့်သာ ကြာသေးသည်။ မီးညွှန့်များကလည်း မြေပြင်ကို အပြောင်ရှင်းလိုက်ရင်း ဝရုန်းသုန်းကားဆန်သော မီးခိုးတိမ်များကို ချန်ထားရစ်ခဲ့လေသည်။

“အား”

“ဘာဖြစ်တာလဲ။ ဘာလို့ ဒီနေရာကပိုပြီး အန္တရာယ်များနေတာလဲ”

“မကောင်းတော့ဘူး နောက်ကိုကြည့်”

သိုင်းပညာရှင်များက အလန့်တကြားအော်သည်။ မူလကမူ ဝမ်ချောင်၏ တွက်ချက်မှုနောက်သို့ လိုက်ခြင်းအားဖြင့် လုံခြုံသောနေရာသို့ ရောက်သွားမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအစား တိုက်ကွက် မုန်တိုင်းကသာ ကြိုဆိုလာသည်။

“အသက်ရှု့အောင့်ပြီး တိုက်ခိုက်မှုတွေကို အာရုံစိုက်ထား”

ဝင်္ကပါအကြီးအကဲ၏ အသံကထွက်လာသည်။

“ကြည့်ရှု့ခြင်းဂိတ်ပေါက်က အပေါ်ယံမှာ တည်ငြိမ်တယ်လို့ ထင်ရပေမဲ့ အောက်ဘက်မှာ အန္တရာယ်တွေ ချောင်းနေတာ။ ရပ်နားခြင်းဂိတ်ပေါက်က အန္တရာယ်တွေ ရှိနေတယ်လို့ ထင်ရပေမဲ့ သူတကယ်ကို လုံခြုံတာ။ တိုက်ကွက်တွေက အမြောက်အများဆုံးလို့ ထင်ရပေမဲ့လည်း မင်းတို့ သတိမထားမိတာက ဒီတိုက်ကွက်တွေက အချက်ပေးဂိတ်ပေါက်လောက်တောင် မပြင်းထန်ဘူးဆိုတာပဲ”

ဝင်္ကပါအနုပညာသည် အစစ်အမှန်နှင့် အတုအယောင်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်္ကပါထဲမှ အမှန်တကယ် မထွက်သေးသမျှ အမှန်တကယ် လုံခြုံသော နေရာဟူ၍ မရှိပါပေ။

အန္တရာယ်နှင့် လုံခြုံမှုသည် ဆွေမျိုးသာဖြစ်သည်။

ဝင်္ကပါအကြီးအကဲ၏ သတိပေးချက်က လူတိုင်းအား အသိဝင်သွားစေသည်။ ထိုမျှားများက လက်နှစ်ချောင်းလောက်ထူပြီး အလွန်အမင်း အန္တရာယ်များပုံပေါ်သလို သူတို့၏ အနောက်ဘက်မှ ထွက်လာသော ထိုကျောက်တုံးပျံများက အတော်လေး အင်အားကြီးမားပုံ ပေါက်သည့်တိုင်အောင် အဆင့်မြင့် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် အဆင့်လောက်သာရှိသော တိုက်ကွက်များ ဖြစ်နေလေသည်။ ဝင်္ကပါအကြီးအကဲ ပြောသလိုမျိုး အန္တရာယ်များသည်ဟု ထင်ရသော်လည်း ထင်သလောက် မဆိုးပါချေ။

“ရပ်တန့်ခြင်းဂိတ်ပေါက်က မလုံခြုံဘူး။ အခြေပြုဓာတ်စွမ်းအင် ငါးမျိုးထဲမှာ ရပ်တန့်ခြင်းဂိတ်ပေါက်က သစ်သားစွမ်းအင်ကို ကိုယ်စားပြုတယ်။ ဒီတော့ အခြားဂိတ်ပေါက်တွေကို ကန့်သတ်ထားပြီးသား။ အခြေခံအားဖြင့် နမိတ်မကောင်းတဲ့ ဂိတ်ပေါက်တစ်ခုပေါ့။ ကံဆိုးမှုတွေနဲ့ သက်ရောက်ခံရနိုင်တယ်။ ဒါပေမဲ့ ဒီကံဆိုးမှုတွေကလည်း ကံကောင်မှုအဖြစ် ပြောင်းသွားနိုင်သေးတာပဲ။ ဒါကြောင့် ဝင်္ကပါကြောင့် သေဆုံးခြင်းဂိတ်ပေါက်ဆီ အပို့ခံရမဲ့ အနေအထားကနေ ရှောင်ရှားဖို့အတွက် ငါတို့က ရပ်တန့်ခြင်းဂိတ်ပေါက်ကိုသုံးပြီး အခြေအနေကို ပြောင်းပြန်ပြန်လှန်ရမယ်။ ကောင်လေး မြန်မြန်လေး အသက်ဂိတ်ပေါက်ကိုရှာ။ ငါနန်းတော်ကိုးခုရဲ့ အလှည့်အပြောင်းကို တွက်ချက်လိုက်မယ်”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို အသုံးပြုလျှက် ဝင်္ကပါအကြီးအကဲနှင့် အခြားသော သိုင်းပညာရှင်များကို ကာကွယ်ပေးထားလိုက်ရင်း မျက်လုံးကိုမှိတ်ကာ စတင်ကာ တွက်ချက်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

မျှားနှင့်ကျောက်တုံးများက ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို လာရောက် တိုက်ခိုက်သော်လည်း အားလုံးက အပြင်ဘက်တွင်သာ ကျန်နေရစ်ခဲ့သည်။ ကျောက်တုံးများက ဖုန်ဖြစ်သွားပြီး မျှားများကလည်း ကွေးကောက်ကာ ပျက်စီးကုန်သည်။

“ချောင်အာ အာရုံစိုက်ထား ကျန်တာကို ငါကိုင်တွယ်ထားမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ ထိုသို့ဖြင့် ပို၍ကြမ်းတမ်းသော ကြယ်တာရာစွမ်းအင် တစ်လှိုင်းက ပျံ့နှံ့လာလေပြီး ရှိသမျှသော လူတိုင်းကို တိုက်ကွက်များဒဏ်မှ ကာကွယ်ပေးလိုက်သည်။

ဝမ်ချောင်က ဘာစကားမှမပြောဘဲ ခေါင်းသာညိမ့်လျှက် တွက်ချက်ရန်သာ အာရုံစိုက်ထားသည်။

“စီနီယာကျိုး ငါ့အတွက် ရွှမ်နန်းတော်ရဲ့ တည်နေရာကို တွက်ချက်ပေးပါ။ ဒီတစ်ကြိမ် ငါတို့တွေ အနားယူခြင်းဂိတ်ပေါက်ကို တစ်ဖြောင့်တည်းပြန်သွားမယ်။ ဒါက ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ”

ဝမ်ချောင်က တင်းမာသော မျက်နှာထားမျိုးနှင့် ပြောလေသည်။

အခန်း(၁၃၉၄)

ခြေတစ်လှမ်း လွှဲမှားသွားလျှင် အမှားအယွင်း လမ်းပေါ်သို့ ဦးတည်သွားနိုင်သည်။ ကြည့်ရှု့ခြင်းဂိတ်ပေါက်၊ ရပ်တန့်ခြင်းဂိတ်ပေါက်မှတစ်ဆင့် အနားယူခြင်းဂိတ်ပေါက်သို့ ပြန်သွားလျှင် အန္တရာယ်ကို ရှောင်ရှားနိုင်မည့် အတိုဆုံးလမ်းဖြစ်ပေလိမ့်မည်။ သူတို့သာ လွဲချော်သွားခဲ့သော် ဝင်္ကပါ၏ အလှည့်အပြောင်းက သူတို့အား စုပ်ဝဲကြီးတစ်ခုအတွင်းသို့ လှည်းကျင်းပစ်လေရင်း သေသည်အထိ အန္တရာယ်အများဆုံးသော နေရာများသို့ ပို့ပေလိမ့်မည်။

သူတို့က သေဆုံးခြင်းဂိတ်ပေါက်သို့ မရောက်သေးသည့်တိုင်အောင် အနားယူခြင်းဂိတ်ပေါက်သို့ ပြန်သွားရန်အတွက် ဝင်္ကၤပါဂိတ်ပေါက် (၁၀၈)ခုကို ကျော်ဖြတ်ရန် လိုအပ်သေးပြန်သည်။ ထိုသို့ဖြင့် ဖြစ်စဉ်တစ်ခုလုံးအနှံ့ တွက်ချက်ရန် လိုအပ်သေးပြီး တွက်ချက်မှု တစ်သိန်းကျော်ကို ပစ်လွှတ်ရန် လိုအပ်သည်။ အရေအတွက်က အလွန်မြောက်များသောကြောင့် ဝမ်ချောင်ကဲ့သို့သော လူမျိုးအတွက်ပင် ဂဏန်းကကြီးလေသည်။

ဝုန်း

ဝမ်ချောင်က တွက်ချက်ရန် အာရုံစိုက်နေချိန်တွင် အာကာသပြင်က ရုတ်တရက် တုန်ခါသွားလေပြီး ကျယ်ပြောသော စွမ်းအားတစ်ရပ်က စတင်ကာ ချဉ်းကပ်လာလေသည်။

“မဟာမိတ်အရှင် ကြည့်ဦး”

အော်သံတစ်သံက ထွက်လာသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ပိန်ပါးသော ကိုယ်ထည်တစ်ခုက မုန်တိုင်းထဲမှ ထွက်လာ၏။

ကလွက်

ထိုလူက ပေါ်လာသည့် အခိုက်အတန့်တွင် လေထဲတွင် သိပ်သည်းသော မွှေးရနံ့က ပျံ့လွင့်လာပြီး မရေမတွက်နိုင်သော ပန်းများ၊ မြက်များက အသက်ဝင်လာသလိုမျိုး ကောင်းကင်မှ ဆင်းသက်လာသည်။ တစ်ချိန်ထဲတွင်ပင် ပေါ်လာသော ထိုလူ၏ ပတ်ပတ်လည်တွင် အစိမ်းရောင် အခင်းကြီးတစ်ခင်း ပေါ်လာလျှက် စတင်ကာပျံ့လာသည်။

မရေမတွက်နိုင်သော လူပုဂ္ဂိုလ်များကလည်း ထိုလူ၏ အနောက်ဘက်မှ လိုက်လာသည်။ သူတို့အားလုံးက တူညီသောဝတ်စုံကို ဝတ်ဆင်ထားကြပြီး ယင်ရန်သင်္ကေတကို အဖြူရောင်ကြိုးကြာက ရစ်ပတ်ထားသော ပုံစံကို ဘယ်ဘက်ရင်ဘက်တွင် မြင်နိုင်သည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်

ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်သော စွမ်းအားကို အာရုံခံမိသောအခါ အလန့်တကြား လှည့်ကြည့်လိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် မာနကြီးသော ပုံရိပ်တစ်ခုက ရပ်နေသည်။ လွှမ်းမိုးထောင်လွှားပြီး ထည်ဝါသောပုံရိပ်က မြင်သူတိုင်းအား လေးနက်သော ခံစားချက်မျိုး ရှိစေသည်။ မဟာမိတ်အရှင်သခင် စုန့်ယွမ်ယွီသာမဟုတ်လျှင် မည်သူကမှ ထိုသို့မလုပ်နိုင်ပေ။

“အား မိစ္ဆာဧကရာဇ်”

“အားလုံးပဲ သတိထား”

မျက်နှာဖြူဖျော့သွားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ချက်ချင်းဆိုသလိုပင် ဓားနှင့်ဆေဘာများကို ဆွဲထုတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့အားလုံးက ခုခံမည့် အနေအထားကို ယူလိုက်ကြသည်။

လူတစ်ယောက်၏ ဂုဏ်သတင်းက သစ်ပင်အရိပ်နှင့်တူသည်။ သိုင်းလောကအတွင်းတွင် ကျန်းဝမ်ဖူ၏နာမည်ကို မသိသူမရှိပေ။ ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းကိုမဆိုထားဘိ မိစ္ဆာလမ်းကြောင်းမှ တပည့်ဂိုဏ်းသားများကပင် သူ၏နာမည်ကို ထည့်ပြောမိရုံနှင့် ခြောက်ခြားကာ ကြောက်လန့်ရိုသေကြသည်။

ဇွက် ဇွက် ဇွက်

ကျောက်သားနှင့် မျှားများက ဆက်တိုက်ဆိုသလို သွန်းကျလာသည်။ ထိုနေရာတွင် ရပ်နေရုံနှင့် စုန့်ယွမ်ယွီက တိုက်ကွက်အားလုံးကို ဖယ်ရှားပစ်နိုင်သည်။

အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာ

ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းမှ ထိပ်တန်းသိုင်းပညာ သုံးမျိုးထဲမှ တစ်မျိုးဖြစ်သည့်အလျောက် ထုတ်သုံးလိုက်ရုံနှင့် ပြိုင်ဘက်ကင်းသည်။ အထူးသဖြင့် ခုခံခြင်းတွင်ဖြစ်သည်။ မူလအမရ ဝင်္ကပါက ထောင်ချောက်များနှင့် ပြည့်နှက်နေလောက်သော်လည်း စုန့်ယွမ်ယွီကို ခြိမ်းခြောက်နိုင်စွမ်းရည်က အကန့်အသတ်နှင့်ဖြစ်သည်။ ထာဝရနွေဦးမာန်ထရာသည် အခြားသော သိုင်းပညာများထက် တိုက်ကွက်များကို ရင်ဆိုင်ရာတွင် ပို၍လွယ်ကူသည်။ ထိုအတွက်ကြောင့်လည်း စုန့်ယွမ်ယွီက ရှဲ့ကွမ်းထင်ကို အပြင်ဘက်တွင် စောင့်ကြည့်ခိုင်းခဲ့ခြင်းဖြစ်သည်။

“ကျန်းဝမ်ဖူ ငါနောက်ဆုံးတော့ မင်းနဲ့ မင်းရဲ့တပည့်ကို ရှာတွေ့ပြီ။ ဒီတစ်ကြိမ် မင်းတို့ထဲက ဘယ်သူကမှ အရှင်လတ်လတ် ထွက်သွားဖို့ မစဉ်းစားကြနဲ့”

စုန့်ယွမ်ယွီ၏မျက်နှာထားက အေးစက်ကာ တင်းမာသည်။ သူ၏မျက်လုံးက စူးရှကာ လွှမ်းမိုးနိုင်စွမ်းရည် ပြင်းထန်သော အလင်းကို လွှတ်ထုတ်ထားသည်။ ယခုလို အခြေအနေမျိုးတွင် သူတစ်ယောက်တည်းကသာ အတည်ငြိမ်ဆုံးဖြစ်လေသည်။

ဖြောင့်မတ်မှန်ကန်ခြင်း လမ်းစဉ်ကို ဦးဆောင်ပေးနေသော အလင်းရောင်ဖြစ်သည့်အလျောက် စုန့်ယွမ်ယွီသည် လက်ရှိခေတ်တွင် အင်အားအကြီးဆုံး ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်လေသည်။ သူ၏ ထာဝရနွေဦး မာန်ထရာကြောင့် မိစ္ဆာဧကရာဇ်ကိုပင် အကြောက်အလန့်မဲ့စွာ ရင်ဆိုင်နိုင်သည်။

“ဟား ဟား စုန့်ယွမ်ယွီ ဒီအဘိုးကြီးက နာမည်ကျော်ကြားနေတဲ့အချိန်မှာ မင်းက ဘာကောင်မှမဟုတ်တဲ့ သိုင်းပညာရှင် သပ်သပ်ပါပဲ။ မင်းရဲ့ဆရာသာ ဒီမှာရှိနေရင် ဒီအဘိုးကြီးက နည်းနည်း အာရုံစိုက်ပေးလောက်တယ်။ မင်းကတော့ တန်တောင်မတန်ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီး၏ မုတ်ဆိတ်နှင့် ဆံပင်များက လေထဲတွင် ကခုန်နေချိန်တွင် သူသည် မှင်သက်ဖွယ်ကောင်းသော စွမ်းအင်အားလှိုင်းများကို ဖြာထုတ်လိုက်ပြီဖြစ်သည်။ ဒါဟာ ခြင်္သေ့တစ်ကောင်၏ သဘာဝ အရှိန်အဝါကဲ့သို့ သိုင်းလောကမှ တိုင်တန်တစ်ယောက်ဖြစ်သော စုန့်ယွမ်ယွီကပင် သူ့ထက် နိမ့်ကျပုံပေါ်သည်။

လက်ရှိသိုင်းပညာလောကတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီသည် မိုးခြိမ်းတမျှ ကျယ်လောင်သော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားပြီး များစွာသော လူပေါင်းများစွာက အသိအမှတ် ပြုထားကြသည်။ စုန့်ယွမ်ယွီဆိုသော နာမည်ကတင် လေးစားမှု၊ ကြောက်ရွံ့ရိုသေမှုများကို လှုံ့ဆော်ပေးနိုင်သည်။ ဝမ်ချောင်ကပင် စုန့်ယွမ်ယွီနှင့် တိုက်ခိုက်သောအခါ အနည်းငယ် အားနည်းကြောင်း ရှာတွေ့ရသည်။

သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ခြားနား၏။ မိစ္ဆာဧကရာဇ်သည် အသက်ခြောက်ဆယ်နီးပါး ရောက်ရှိနေချိန်တွင် စုန့်ယွမ်ယွီက ငါးဆယ်ဝန်းကျင်သာ ရှိနေသေးသည်။ ထိုနှစ်ယောက်က ဆယ်နှစ်ကျော် ကွာခြားချက်ရှိနေသည်။ စုန့်ယွမ်ယွီက ဂုဏ်သတင်း ကျော်ကြားနေချိန်တွင် ကျန်းဝမ်ဖူကမူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်ကို ကျော်လွန်လွန်းသော ဂုဏ်သတင်းမျိုးနှင့် အထွတ်အထိပ် အခြေအနေတွင် ရှိနေပြီဖြစ်သည်။

စုန့်ယွမ်ယွီက အသက်ဆယ်နှစ်အရွယ်သာ ရှိသေးသော လူငယ်ဘဝတွင် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကမူ သိုင်းပညာလမ်းကြောင်းမှ မိစ္ဆာကြီး ဖြစ်နေလေပြီ။ ထိုသို့ဖြင့် သူ၏နာမည်ကို ကြားရုံဖြင့် လူပေါင်းများစွာကို ခြောက်ခြားစေနေပြီဖြစ်သည်။ အတွေ့အကြုံအားဖြင့်ယှဉ်သော် စုန့်ယွမ်ယွီက ကျန်းဝမ်ဖူကို ယှဉ်ရန်ပင် မဖြစ်နိုင်ပေ။

“မိစ္ဆာဧကရာဇ် အဲ့ဒါကအရင်က အခုက အခုပဲ။ မင်းရဲ့ခေတ်က ပြီးသွားပြီ။ ဆိုးယုတ်သူတွေက ဖြောင့်မတ်မှန်ကန်သူတွေကို မဖိနှိပ်နိုင်ဘူး။ မင်းကဘာပဲပြောပြော ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်းလျှောက်တဲ့ သူရဲကောင်းတွေကို ငါက ကိုယ်စားပြုပြီး မင်းသတ်ခဲ့တဲ့ လူတိုင်းကို မင်းနဲ့ မင်းရဲ့တပည့်ကို စတေးရင်းနဲ့ အစားထိုးပေးရမှာပဲ”

စုန့်ယွမ်ယွီက တင်းမာစွာပြောသည်။ သူသည်လည်း သိုင်းပညာလောကမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများ၏ အရှေ့တွင် နောက်မတွန့်သွားပေ။

လက်ရှိဟာ အတိတ်မဟုတ်ပေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကျင့်ကြံခြင်းအဆင့်က ဆုတ်ယုတ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မသုံးနိုင်တော့ပေ။ ထိုအချိန်တွင် စုန့်ယွမ်ယွီကမူ အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာကို ဖော်ပြရန် ခက်ခဲလောက်အောင် မြင့်မားသည့်အဆင့်သို့ ကျင့်ထားနိုင်မည်ဖြစ်သည်။ မိစ္ဆာဧကရာဇ်တွင် ဆိုးယုတ်သော သိုင်းအချို့ ရှိလောက်သေးသော်လည်း သူကမူ မကြောက်ပေ။

“ယွမ်ကျား၊ ချန်းဟန် ငါတို့ မိစ္ဆာဧကရာဇ်ကို ရင်ဆိုင်မယ်။ မူလအမရသိုင်းက ဒုတိယ အရေးကြီးဆုံးပဲ။ ငါတို့တွေ ဒီဆရာတပည့်ကို သတ်ရမယ်”

“ဟုတ်ကဲ့”

စစ်ခွန်းယွမ်ကျားနှင့် အကြီးအကဲတို့က ဂါရဝပြုကြသည်။ အော့ရန်ချန်းဟန်ကသာ ဝမ်ချောင်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် တစ်ချက်ကြည့်သည်။

ဘာလို့သူက မိစ္ဆာဧကရာဇ်ရဲ့ တပည့်ဖြစ်နေတာလဲ။

အော့ရန်ချန်းဟန်က စိတ်ထဲတွင် သက်ပြင်းချသည်။

သူသည် ယခုမူ ဝမ်ချောင်ဟာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို မည်သို့မည်ပုံ ကူညီခဲ့ပြီး ယင်နက်ဘိုးဘေးကို မောင်းထုတ်ခဲ့ကြောင်း မှတ်မိနေသေးသည်။ ထို့ကြောင့် သူသည် တစ်ဖက်သူကို အလွန်ကျေးဇူးတင်မိသည်။ ဝမ်ချောင်ကသာ အခြားတစ်ယောက်ယောက်၏ တပည့်ဆိုလျှင် သူတို့ထဲက မည်သူကမှလည်း သူ့ကို ဒီလိုအခြေအနေမျိုးသို့ ကျဆင်းစေခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော် မိစ္ဆာဧကရာဇ်ကမူ ညှိနှိုင်း၍မရပေ။

ဘန်း

စုန့်ယွမ်ယွီက အရင်လှုပ်ရှားလိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ စုန့်ယွမ်ယွီနှင့် ပထမဦးဆုံး အကြိမ်အဖြစ် ဒီအဆင့် တိုက်ပွဲမျိုးကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူသည် သိုင်းပညာလောကတွင် အင်အားအကြီးဆုံးနှင့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးဖြစ်လေရာ အကြောက်ရဆုံးလည်း ဖြစ်လေသည်။

စုန့်ယွမ်ယွီက သိုင်းပညာလောကအတွင်းတွင် အမြဲတစေ ကောင်းမွန်သော ဂုဏ်သတင်းကို ထိန်းသိမ်းထားပြီး ဦးဆောင်နေသော ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်ဖြစ်သလို အတွေ့အကြုံ ပေါများသော်လည်း သူနှင့် မိစ္ဆာဧကရာဇ်အကြား ကွာဟချက်ရှိကြောင်း သိနေသေးသည်။ ဒီလိုရန်သူမျိုးကို ရင်ဆိုင်ရသောအခါ သူသည် သတိမမဲ့ရဲပေ။ ထို့ကြောင့် အရင်လက်ဦးမှု ရယူခြင်းဖြင့် အားသာချက်တိုင်းကို အရယူသင့်ကြောင်း နားလည်နေသည်။

ဇွက်

စုန့်ယွမ်ယွီက သူ၏ညာဘက်လက်မှ လက်ညိုးနှင့် လက်ခလယ်ကို လှံအသွင် အသုံးပြုလျှက် ရှေ့သို့ လှမ်းထိုးလိုက်သည်။ ထာဝရနွေဦး စွမ်းအင်ကို ဆင့်ခေါ်သောအခါ ဓားထောင်ပေါင်းများစွာက လေထုအတွင်း စူးရှသော အော်ဟစ်သံကို ထုတ်လွှတ်လျှက် မိစ္ဆာဧကရာဇ်ထံ တိုးဝင်သွားသည်။ တစ်ချိန်ထဲတွင်ပင် ပို၍များပြားသော ကြယ်တာရာစွမ်းအင်များက စတင်ကာ ပြောင်းလဲထွက်ပေါ်လာလျှက် မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် အရှိန်အဝါ ကြီးမြတ်သည့် ထာဝရနွေဦးဧကရာဇ်ကြီးကို ဆင့်ခေါ်ခံရသည်။

ထာဝရနွေဦးမာန်ထရာသည် လေ့လာရန်လွယ်ကူပြီး ကျွမ်းကျင်ရန် ခက်ခဲသည်။ ခြေတစ်လှမ်းချင်းစီတိုင်းက အချိန်ကာလပေါင်းများစွာ၊ စွမ်းအင်ပေါင်းများစွာကို အသုံးပြုရန် လိုအပ်လေသည်။ စုန့်ယွမ်ယွီသည် ခြောက်နှစ်နီးပါး ခါးသီးစွာ ကျင့်ကြံပြီးမှသာ ထာဝရနွေဦး မာန်ထရာ၏ အထွတ်အထိပ်ကို ကိုယ်စားပြုသော တည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် နောက်ဆုံးတွင် ထာဝရနွေဦးဧကရာဇ်ကို ဆင့်ခေါ်နိုင်သွားသည်။

သူက ထာဝရနွေဦးဧကရာဇ်ကို ဆင့်ခေါ်လိုက်ချိန်တွင် စုန့်ယွမ်ယွီက အင်အားအကြီးဆုံး အနေအထားသို့ ဝင်ရောက်သွားသည်။ ပြိုင်ဘက်က မည်မျှ အင်အားကြီးမားနေစေကာမူ သူသည် အချိန်အတန်ကြာအောင် တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ ဒီလောကတွင် အကြာရှည်ဆုံး တိုက်ခိုက်နိုင်ခြင်းနှင့် ပတ်သတ်လာသော် သူ့ကိုမည်သူကမှ မယှဉ်နိုင်ပေ။

ဝုန်း

စုန့်ယွမ်ယွီ၏ တိုက်ကွက်များကို ရင်ဆိုင်ရသောအခါ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်အေးဆေးနေသည်။ သူသည် လက်ညိုးတစ်ချောင်းကိုသာ ညွှန်လိုက်သောအခါ သူ၏အမိန့်အောက်တွင် မရေမတွက်နိုင်သော အလင်းစွမ်းအားပေါင်း များစွာက ရောက်ရှိလာလျှက် စုန့်ယွမ်ယွီ၏ ထာဝရနွေဦး စွမ်းအင်၏ဓားများကို ချိန်ရွယ်ကာ တိုက်ခိုက်သည်။

ဘုန်း

မတူညီသော စွမ်းအားများက လေထဲတွင် ထိပ်တိုက်ရင်ဆိုင်ကြသည်။ မရေမတွက်နိုင်သော သတ်ဖြတ်လိုစိတ် ဆန္ဒများက လေထဲတွင် ပြည့်နှက်လာလျှက် သိပ်သည်းလွန်းသော အားလှိုင်းများက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသည်။

“ကျန်းဝမ်ဖူ မင်းရဲ့လှည့်ကွက်တွေ အားလုံးကိုသုံးလိုက်။ ဒီနေ့ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်”

စုန့်ယွမ်ယွီ၏ အေးစက်သောအသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ သူသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားစေပုံပေါ်သည်။ ရုတ်တရက် မျောလွင့်နေသော စုန့်ယွမ်ယွီက လက်ဝါးတစ်ဖက်ကို ထိုးသွင်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ထာဝရနွေဦးစွမ်းအင် အားလှိုင်းပေါင်းများစွာကို မြေပြင်သို့ စီးဆင်းသွားစေလိုက်သည်။ သို့သော် ယခင်ကနှင့် မတူသည်မှာ ထိုစွမ်းအားများက သတ္ထုရောင် တောက်ပနေသည်။

စုန့်ယွမ်ယွီသည် ထာဝရနွေဦး ကြယ်တာရာစွမ်းအင်ကို မြင့်မားသော အဆင့်ရောက်အောင် ကျင့်ကြံထားခဲ့ပြီးလေရာ သူ၏ ကြယ်တာရာစွမ်းအင်များက သတ္ထုအလား မာကြောနေပြီဖြစ်သည်။

ဘန်း

မိစ္ဆာဧကရာဇ်ကြီးက ရှေ့သို့ခုန်တက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လေထဲသို့ မြောက်တက်သွားသည်။ တစ်ချိန်ထဲတွင်ပင် အဆုံးအစမဲ့သော ကြယ်တာရာစွမ်းအင်များကလည်း သူ၏ မွှေးညှင်းပေါက်များမှ ထိုးထွက်လာလျှက် စုန့်ယွမ်ယွီထံသို့ ဒေါသတကြီးဖြစ်နေသော မုန်တိုင်းတစ်ခုအလား တိုးဝင်သွားသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကြယ်တာရာစွမ်းအင်များက သတ္ထုရောင် ပြောင်လက်နေသည်။ သို့သော် စုန့်ယွမ်ယွီနှင့် ခြားနားသည်မှာ ထိုသတ္ထုရောင်က သိမ်မွေ့နယ်မြေမှ ရရှိထားခဲ့သည့် ငွေရောင် တောက်ပနေခြင်းဖြစ်သည်။

ဘုန်း

ကြယ်တာရာစွမ်းအင်များက ထိပ်တိုက်ရင်ဆိုင်သောအခါ စုန့်ယွမ်ယွီ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားရင်း တုန်ယင်သွားလေသည်။

သူ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်ကို အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီး ထာဝရနွေဦးဧကရာဇ်ကို ဆင့်ခေါ်ထားခဲ့သေးသည့်တိုင်အောင် စုန့်ယွမ်ယွီသည် သိုင်းလောကမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်နှင့်ယှဉ်သော် လွတ်လမ်းအချို့ ရှိနေသေးသည်။

“နောက်တစ်ကြိမ်”

စုန့်ယွမ်ယွီ၏ မျက်လုံးက အေးစက်သောအလင်းဖြင့် တောက်ပသွားပြီး တိုက်ပွဲထဲသို့ ခုန်ဝင်သွားပြန်သည်။ သူသည် မိစ္ဆာဧကရာဇ်ထက် အနည်းငယ် အားနည်းသော်လည်း ထိုမိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အင်အားချင်း၊ ကျင့်ကြံခြင်းအဆင့်ချင်း ယှဉ်ရာတွင် အားနည်းသော်လည်း ထာဝရနွေဦး ကြယ်တာရာစွမ်းအင်၏ ပြန်လည်ကုစားနိုင်စွမ်းရည်နှင့် စွမ်းအားများကို ထိန်းချုပ်နိုင် စွမ်းရည်ကမူ စုန့်ယွမ်ယွီအား မည်သည့် အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်ကိုမဆို စိန်ခေါ်ရဲစေသည်။

သူသည်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို မကြောက်ပါပေ။

လေထုက ဟိန်းဟောက်နေရင်း ညဉ်းညူသံများက ထွက်ပေါ်လာသည်။ စုန့်ယွမ်ယွီနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အကြားမှ တိုက်ပွဲက ကြမ်းတမ်းသထက် ကြမ်းတမ်းလာကာ ရပ်တန့်ခြင်းဂိတ်၏ ကျောက်တုံးများ၊ မျှားများကိုပင် အနားမကပ်နိုင်ခင် အလိုအလျောက် ပျက်စီးသွားစေသည်။

သိုင်းလောကမှ ကျော်ကြားသော ပုဂ္ဂိုလ်ဟောင်းနှင့် ပုဂ္ဂိုလ်သစ်တို့က တိုက်ခိုက်နေသည့် အချိန်တွင် အခြားတစ်ဖက်တွင် စစ်ခွန်းယွမ်ကျားနှင့် အခြားကျွမ်းကျင်ပညာရှင်များကလည်း ဝမ်ချောင်နှင့် အနီးအနားရှိ ဝင်္ကပါအကြီးအကဲကို ချိန်ရွယ်ကာ သတ်ဖြတ်ရန် ကြိုးစားကြလေသည်။

အခန်း(၁၃၉၅)

“ဒီလူရမ်းကားကောင်က မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူနဲ့ တပည့်တွေနဲ့ ပေါင်းထားတာဆိုတော့ သူ့ကိုလည်း ကိုင်တွယ်ရ မလွယ်ကူလောက်ဘူး။ ဝေ့ဝမ် လူနည်းနည်းခေါ်ပြီး အဲ့ဒီအဘိုးကြီးကို သွားသတ်လိုက်။ အဲ့ဒီ သခင်လေးချင်းယန် အတုအတွက်ကတော့ ငါ့တာဝန်ထား”

စစ်ခွန်းယွမ်ကျားက ကျယ်လောင်သော လေသံဖြင့် လှမ်းအော်ပြောလိုက်သည်။ သူ၏လက်ညိုးအား ဝင်္ကပါအကြီးအကဲထံ ညွှန်လိုက်သည်။ ထိုအခါ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် ရှစ်ယောက်ခန့်က ထိုလူထံ ခုန်ဝင်သွားလေသည်။

“သေစမ်း ဘာလို့ငါ့ဆီလာတာလဲ”

ဝင်္ကပါအကြီးအကဲက ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့သွားသည်။ သူသည် ဒီတိုင်း လောင်ကျွမ်းလာသော မီးအတွင်း ပိတ်မိသွားသည့် ဘေးလူတစ်ယောက်သာ ဖြစ်လေသည်။ သူသည် ဒီလောကကို အတိုက်အခံဖြစ်စေသော ပြစ်မှုများကို မကျူးလွန်ခဲ့ဖူးချေ။ ကျန်းဝမ်ဖူနှင့် အတူရှိယုံဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ တိုက်ခိုက်မှုကို နှစ်ကြိမ်ခန့် ခံရပြီးလေပြီ။

“စီနီယာကျိုး ငါ့ရဲ့နောက်မှာနေ ငါကာကွယ်ပေးမယ်”

ထိုသို့ အရေးကြီးသော အခိုက်အတန့်တွင် ဝမ်ချောင်က ဝင်္ကပါအကြီးအကဲ၏ အရှေ့သို့ထွက်လျှက် ကာကွယ်ပေးသည်။

“ကောင်လေး မင်းကဒီတိုင်း ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တဲ့ ရွှံ့စေးဗောဓိစာပါ သပ်သပ်ပါပဲ။ ဒါတောင်မှ အခြားသူအတွက် စိုးရိမ်ချင်စိတ် ရှိသေးတယ်။ တစ်ယောက်လာစမ်း ငါနဲ့ပေါင်းပြီး ဒီကလေးကို ဖမ်းရအောင်။ ဒီလိုဆိုရင် ငါတို့တစ်ခါတည်း အကျိုးအမြတ် ရနိုင်မှာပဲ”

စစ်ခွန်းယွမ်ကျား၏ မျက်လုံးက အေးစိမ့်စွာနှင့် ဝမ်ချောင်ထံသို့ ခုန်ဝင်ကာ တိုက်ခိုက်လိုက်သည်။

ဘုန်း

စစ်ခွန်းယွမ်ကျားက တိုက်ခိုက်လိုက်သည်နှင့် ဝမ်ချောင်သည် ချက်ချင်းဆိုသလို လက်ဝါးတစ်ချက်ကို ရှေ့သို့ တွန်းလိုက်သည်။ သို့သော် စစ်ခွန်းယွမ်ကျားက ရှောင်လိုစိတ်မရှိပေ။

“ကျူးရုန်နက်သံချပ်ကာ”

စစ်ခွန်းယွမ်ကျားကအော်သည်။

သူ၏ခန္ဓာကိုယ်ထဲမှ သိပ်သည်းသော မီးတောက်များက ပေါက်ထွက်လာပြီး ကြမ်းတမ်းသော အနီရောင် သံချပ်ကာတစ်ခုကို ပေါ်ပေါက်လာစေသည်။ ဝမ်ချောင်၏ လက်ဖဝါးထံမှ ထွက်လာသော တိုက်ကွက်က ကျူးရုပ်နက်သံချပ်ကာနှင့် ပေတစ်ဝက်ခန့်အကွာသို့ ရောက်သွားသောအခါ အလိုအလျောက်ပင် ပြန်ကန်ထွက်လာသည်။ ထိုအချိန်တွင် စစ်ခွန်းယွမ်ကျားက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ရှေ့သို့ ခုန်ဝင်လာလေသည်။ သူ၏လုပ်ဆောင်မှုက သက်ရောက်မှုမရှိပေ။

ခုခံခြင်းနက်သိုင်း

ဝမ်ချောင်၏မျက်ဝန်းက လင်းလက်သွားသည်။

သူသည်လည်း တောင်ပေါ်တွင် ရှိနေချိန်က စစ်ခွန်းယွမ်ကျား၏ တိုက်ခိုက်ပုံကို မြင်ခဲ့ဖူးသည်။ သို့သော် တိုက်ကွက်ချင်း ဖလှယ်ဖူးခြင်းကမူ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

လောကရှိ သိုင်းလောကသည် တိုက်ခိုက်ခြင်း၊ ခုခံခြင်း၊ ဖြတ်လတ်ခြင်း၊ အရှိန်နှုန်းသိုင်း စသဖြင့် အမျိုးမျိုးကွဲနေသည်။ စစ်ခွန်းယွမ်ကျား၏ သိုင်းကမူ သိသာစွာပင် ခုခံသည့် ကဏ္ဍအောက်သို့ ရောက်နေလေပြီး အကောင်းဆုံးများထဲမှ တစ်ခုဖြစ်လောက်သည်။ စစ်ခွန်းယွမ်ကျားက နက်သံချပ်ကာကို ဝတ်ဆင်ထားသောကြောင့် သူ၏တိုက်ကွက်များကို ခံစားရလျှင်ပင် သက်ရောက်မှု မရှိနိုင်ပေ။ သူ၏ ခုခံနိုင်စွမ်းရည်က မှင်သက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလောက်သည်။ သို့သော် ဝမ်ချောင်ကမူ ခပ်မြန်မြန် တုန့်ပြန်လိုက်သည်။

စွစ် စွစ် စွစ်

ဝမ်ချောင်က လက်ညိုးကို လှုပ်ရှားလိုက်ပြီးနောက် နို့နှစ်ဖြူရောင် အလင်းတန်းပေါင်း များစွာကို စစ်ခွန်းယွမ်ကျားထံ ပို့လွှတ်လိုက်သည်။

“ဟွန်း လှည့်ကွက်တွေပဲ”

စစ်ခွန်းယွမ်ကျားက လှောင်လိုက်ရင်း ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်တန်းများကို လက်သီးဖြင့်ထိုးလိုက်သည်။

သို့သော် တခဏခန့်ကြာပြီးနောက် လက်သီးစွမ်းအားက ထိုတစ်ဖက်မှ စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်သွားပြီး စစ်ခွန်းယွမ်ကျားဟာ သူ၏လက်မောင်းမှ နက်သံချပ်ကာက ထိုးဖောက်ခံရသလို ခံစားချက်မျိုးကိုရလိုက်သည်။ မနှိုင်းယှဉ်နိုင်အောင် မာကြောပါသည်ဆိုသော ကျူးရုန်နက်သံချပ်ကာကပင် နို့နှစ်ဖြူရောင် စွမ်းအင်တန်းကို ကာကွယ်နိုင်စွမ်းရည် မရှိတော့လေဘဲ စွမ်းအင်တန်း နှစ်တန်းက သူ၏မျက်နှာကွက်တိ ထိမှန်လာသည်။

မကောင်းတော့ဘူး ဓားချီ

စစ်ခွန်းယွမ်ကျား၏ စိတ်အတွင်း ကြောက်လန့်သွားသော အတွေးတစ်ရပ်က ဖြတ်ပြေးသွားသည်။ စစ်ခွန်းယွမ်ကျားသည် မူလကမူ ဝမ်ချောင်ဟာ စွမ်းအင်တန်းလေး အနည်းငယ်ကို လွှတ်ထုတ်ရုံလောက်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။ သို့သော် သူအမှန်တကယ် ထိတွေ့မိမှသာ ထိုစွမ်းအင်သည် ဖော်ပြရန်ခက်ခဲလောက်အောင် အလွန်အမင်း ထက်ရှပြီး ကျင့်ကြံရန် အခက်ခဲဆုံးသော ဓားချီတစ်မျိုးဖြစ်နေကြောင်း သိလိုက်ရသည်။

စစ်ခွန်းယွမ်ကျားကလည်း နို့နှစ်ဖြူရောင် စွမ်းအင်တန်းက လက်ညိုးတစ်ချောင်းစာမျှ ထူသလို ဓားချီမျှင်များ သိပ်သည်းလျှက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိလိုက်သည်။ ဓားချီတစ်မျှင်ချင်းစီတိုင်းက သံမဏိထက် မာကြောလေပြီး နက်လက်နက်အလား ထက်ရှလွန်းသည့် စစ်ခွန်းယွမ်ကျား၏ ကျူးရုန်နက်သံချပ်ကာက ဝမ်ချောင်၏တိုက်ကွက်ကို တားနိုင်သည်။ သို့သော် ထိုဓားချီမျှင်များ၏ ဖြတ်တောက်ခံရမည့် အရေးမှပင် ကာကွယ်မပေးနိုင်ချေ။

ဝုန်း

တွေးတောရန် အချိန်မရှိတော့သည့် စစ်ခွန်းယွမ်ကျားက ခေါင်းကိုဘေးဘက်သို့ လိမ်လှည့်လျှက် ရှောင်လိုက်ရင်း ဝမ်ချောင်၏တိုက်ကွက်ကို ကပ်သီးလေး ရှောင်လိုက်နိုင်သည်။

“အား”

သို့သော် သူ၏အနောက်ဘက်မှ အော်သံများအရ ဝမ်ချောင်၏ ဓားချီများထဲမှ တစ်ခုက အနောက်ဘက်မှာရှိသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်၏ ခေါင်းထဲသို့ ဝင်သွားစေလျှက် သူ့အား မြေပြင်သို့ ပြုတ်ကျသွားစေသည်။

နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်း

ဝမ်ချောင်သည် ထိုသိုင်းကို စစ်နတ်ဘုရား စုကျန်းချန်ထံမှ ရရှိထားခဲ့ခြင်းဖြစ်သည်။ သို့သော် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသာ ပို၍လွယ်ကူစွာ အဆင့်တက်နိုင်ခဲ့ပြီး ခက်ခဲလွန်းသော ထိုသိုင်းကိုမူ အစောပိုင်းအဆင့်တွင်သာ ချန်ထားရစ်မိသွားသည်။ ဒီနည်းအားဖြင့် ထိုသိုင်းပေါ် နားလည်မှုဟာ ဝေးကွာနေသေးသည်။

သို့တိုင်အောင် ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်း၏ လုပ်ဆောင်နိုင်စွမ်းအားများအရ အစောပိုင်းအဆင့်မှ ဓားချီများကိုပင် ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ထုတ်သုံးနိုင်စွမ်းရည် ရှိစေလေသည်။ စစ်ခွန်းယွမ်ကျား၏ ကျူးရုပ်နက်သံချပ်ကာကပင် မတားနိုင်ပေ။

“အားလုံးပဲ အတူပေါင်းပြီးသတ်ကြ”

စစ်ခွန်းယွမ်ကျားက အနည်းငယ် နောက်ဆုတ်လိုက်ရပြီး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက အော်ဟစ်လျှက် ခပ်မြန်မြန် ချီတက်လာကြသည်။

“သောက်ကျိုးနည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အသုံးမကျတဲ့ အမှိုက်တစ်သိုက်”

ဝင်္ကပါအကြီးအကဲက အံ့အားသင့်သလို ဒေါသလည်းထွက်သွားသည်။ ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက သူတို့၏တိုက်ကွက်ထဲတွင် ဝင်္ကပါအကြီးအကဲကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ထားလေသည်။ တွေးတောရန် အချိန်မရှိတော့သည့် ဝင်္ကပါအကြီးအကဲက အင်္ကျီလက်ကို ယမ်းခါလျှက် ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်လိုက်ကာ သူ့ကိုချိန်ရွယ်ထားသော မျှားများကို ဖယ်ရှားလိုက်ရသည်။ တစ်ချိန်ထဲတွင်ပင် သူဟာ လက်ဖဝါးကိုဖြန့်လျှက် ရောင်စုံ ကျောက်စရစ်ခဲလေး ငါးတုံးကိုထုတ်လျှက် သူ၏ပတ်ပတ်လည်တွင် ဖြန့်ချလိုက်သည်။ ထိုကျောက်စရစ်ခဲလေးများ မြေပြင်သို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ဝင်္ကပါအကြီးအကဲက ပျောက်သွားသည်။

“ဘာဖြစ်တာလဲ”

တိုက်ခိုက်နေသော ကျွမ်းကျင်ပညာရှင် ရှစ်ယောက်က အရှိန်နှုန်း နှေးချလျှက် မျက်လုံးပြူးကျယ်စွာနှင့် မြင်ကွင်းကိုကြည့်သည်။

“မဖြစ်နိုင်ဘူး ဒီအမှိုက်ကောင်က ထွက်ပြေးသွားတာလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်က အံ့ကိုကြိတ်လျှက် လက်ဝါးတစ်ချက်ကို ပို့လွှတ်လိုက်ကာ လေထဲတွင် ကျောက်တုံးများကို လွင့်ထွက်သွားစေလျှက် ဝင်္ကပါအကြီးအကဲ ပြုတ်ကျသွားသော နေရာသို့ ပုံသွားစေသည်။

ဘုန်း

လေထဲတွင် အားလှိုင်းများက ထွက်လာသည်။ စွမ်းအင်များက မာကြောသော တစ်စုံတစ်ရာကို တိုက်မိသွားပုံပေါ်၏။

“အဲ့ဒီမှာပဲ သူ့ကိုမပြေးစေနဲ့”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကလည်း ဝင်္ကပါအကြီးအကဲ ပျောက်သွားသောဘက်သို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်သွားကြပြီး အမျိုးမျိုးသော စွမ်းအင်များကို ပို့လွှတ်ကြသည်။

သို့သော် သူတို့၏တိုက်ကွက်များက မကျသေးခင် လေထဲတွင်ရှိနေသော မျှားများနှင့် ကျောက်တုံးများက မမြင်ရသော အားတစ်ရပ်၏ စုပ်ယူမှုကို ခံရသည့်အလား စုပ်ဝဲတစ်ခုအသွင် ပြောင်းလဲလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များထံ ဦးတည်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း

ထိုမျှားနှင့်ကျောက်တုံးများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များထံသို့ ဝင်ရောက်သွားရင်း တစ်ဖက်သူများ၏ တိုက်ကွက်များကိုပင် ကျော်ဖြတ်ကာ ရှေ့သို့ ဆက်ဝင်သွားလေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဒီလူရမ်းကားက မူလအမရစွမ်းအင်တွေရဲ့ ဝင်္ကပါကို ထိန်းချုပ်နိုင်နေတယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ကြောက်လန့်မှုကြောင့် မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့၏ မျက်လုံးက မျက်အိမ်ထဲမှ ပြူးထွက်လာမတက် ဖြစ်လာသည်။ ထိုလူအိုကြီးသည် ထိုမျှအင်အားကြီးကြောင်း မည်သူကမှ မထင်ထားကြပေ။ ထို့ပြင်သူက ဝင်္ကပါ၏ စွမ်းအင်များကိုပင် ပြန်သုံးကာ ရန်သူများကိုရင်ဆိုင်နေသည်။

“သတိထား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက သူတို့၏ ကြယ်တာရာစွမ်းအင်များကို အသုံးပြုလျှက် မျှားနှင့်ကျောက်တုံးများကို တိုက်ခိုက်လိုက်ကြသည်။ ဆင်းသက်လာသော မျှားနှင့် ကျောက်တုံးများက ယခင်တစ်ခေါက်ထက် ပို၍ အင်အားကြီးမားနေပြီး ကျွမ်းကျင်ပညာရှင်များကို ဆိုးဆိုးရွားရွား လှုပ်ခါစေသဖြင့် သူတို့လက်ကောက်ဝတ်များကပင် ထုံထိုင်းသွားကာ အတွင်းမှ စွမ်းအင်များကပင် ယိုစိမ့်ကျလာသည်။

အနီးအနားမှ နောက်ထပ် စုတ်ဝဲတစ်ခုက စတင်ကာ ပေါ်ထွက်လာပြန်ပြီး ဒုတိယမြောက် မျှားနှင့် ကျောက်တုံးမိုးများကို ရွာသွန်းစေပြန်သည်။

“သေစမ်း နောက်ဆုတ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက အခြေအနေကို သတိထားမိလေပြီး ခပ်မြန်မြန် နောက်ဆုတ်လေသည်။

သူတို့သည် ဝင်္ကပါအကြီးအကဲကို တိုက်ခိုက်ပြီး တခဏခန့်ကြာပြီးနောက် သူတို့ကသာ ထွက်ပြေးရသည်။

“မျိုးမစစ်လေးတွေ ဒီနေရာကိုလာစမ်း လာ ဒီအဘိုးကြီးကို လာစမ်းစမ်းပါ”

စတုရန်းပေ အနည်းငယ်ခန့်သာရှိသော ဝင်္ကပါငယ်လေးအတွင်းမှ ဝင်္ကပါအကြီးအကဲက သဘောတကျ အော်ရယ်နေသည်။ သူ၏မျက်နှာတွင် လှောင်ပြုံးကရှိနေသည်။

သူသည် သိုင်းပညာတွင် မတော်ပေ။ သို့သော် သူသည်လည်း အားမနည်းပါပေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ စုန့်ယွမ်ယွီနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲ စစ်ခွန်းယွမ်ကျားတို့ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မယှဉ်နိုင်လောက်သော်လည်း ယခုလို အန္တရာယ်များသော လောကအတွင်းတွင်မူ လှည့်ကွက်အနည်းငယ်ကို သုံးရုံဖြင့် လောကအနှံ့ သွားနိုင်နေခဲ့ခြင်းဖြစ်သည်။

ကျောက်စရစ်ခဲလေး ငါးတုံးက အကြီးအကဲ၏ လှည့်ကွက်များထဲမှ တစ်ခုမျှသာဖြစ်လေသည်။

ဝင်္ကပါအကြီးအကဲက မူလအမရ ဝင်္ကပါ၏ စည်းမျဉ်းများကို အပြည့်အဝ နားမလည်သေးသော်လည်း သူသည်လည်း အချို့လျို့ဝှက်ချက် အချို့ကို နားလည်ထားပြီးသားဖြစ်သည်။ လျို့ဝှက်ချက်များကို ကိုယ်ပိုင်နားလည်မှုနှင့် ပေါင်းစပ်ခြင်းအားဖြင့် ဝင်္ကပါ၏ အချို့သောစွမ်းအင်များကို ထိန်းချုပ်နိုင်သည်။ ဒီနည်းအားဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို ပြန်လည်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

“ဆိုးယုတ်တဲ့လမ်းကြောင်းကို လျှောက်တဲ့လူတွေက ကောက်ကျစ်တဲ့လူတွေပဲ။ ဒီလူတွေအားလုံးက အပြစ်ပေးခံရမယ်။ အားလုံးပဲ အတူပူးပေါင်းလို့ ဒီမိစ္ဆာတွေကို သုတ်သင်ရအောင်”

ထိုအချိန်တွင် ဝမ်ချောင်နှင့် စစ်ခွန်းယွမ်ကျားတို့၏ အဖွဲ့ကြားမှတိုက်ပွဲက ပြင်းထန်လာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲ အချို့၏ ဝတ်စုံများက လေထဲတွင်လွင့်လျှက် ဝမ်ချောင်အား အမျိုးမျိုးသော ရှု့ထောင့်များမှ တိုက်ခိုက်ကြသည်။ ထိုသို့ဖြင့် ကြယ်တာရာစွမ်းအင်များက ရှေ့ပြန်နောက်ပြန် ဖြစ်နေသည်။

ထိုသို့သော တိုက်ခိုက်မှုက မည်သူ့ကိုမဆို မျက်နှာများ ဖြူဖျော့စေသွားသည်။

ဝမ်ချောင်ကလည်း အားနည်းသော အခြေအနေတွင် ရှိနေသေးပြီး ကျင့်ကြံခြင်း သွေဖယ်မှုကို ကုစားနေခြင်း ဖြစ်နေသေးသည်။ ထို့တိုင်အောင် ဝမ်ချောင်က အကြောက်အလန့်မဲ့သည်။

“ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာ”

“ကျယ်ပြောသော ကောင်းကင်ဘုံ မြေကမ္ဘာသိုင်း”

“နတ်ဘုရားနဲ့မိစ္ဆာ သုတ်သင်ခြင်းသိုင်း”

“အာကာသရွေ့လျားမှုသိုင်း”

ဝမ်ချောင်၏ ခန္ဓာကိုယ်တွင် အနက်ရောင် ကောင်းကင်ဘုံ ပြိုင်ဘက်ကင်းသံချပ်ကာက ဖုံးလွှမ်းသွားပြီးနောက် အလင်းများက လက်လာသည်။ ထို့နောက်သူသည် မဟာရင်ယန် ကောင်းကင်ဘုံ ဖန်တီးခြင်းသိုင်းကို အသုံးပြုလိုက်ပြီး တစ်ချိန်ထဲတွင်ပင် သူ၏လက်ချောင်းမှ ဓားချီများက ပြေးထွက်သွားပြန်သည်။

ကြောက်စရာအကောင်းဆုံးအရာသည် အာကာသအရွေ့လျားမှုသိုင်းဖြစ်သည်။ ဝမ်ချောင်က ထိုသိုင်းကို အပြည့်အဝ မတက်ကျွမ်းသေးချေ။ သို့သော် တိုက်ပွဲအလယ်တွင် ကြောက်စရာကောင်းလောက်အောင် နားလည်လာသည်။

အစပိုင်းတွင်မူ ဝမ်ချောင်က အာကာသရွေ့လျားမှုသိုင်းကို အသုံးပြုရာတွင် အားနည်းမှုများ ရှိနေသေးပြီး ခြေလှမ်းကွက်များက ယိမ်းယိုင်နေသည်။ သို့သော် ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာ၏ ကြောက်စရာကောင်းသော ခုခံနိုင်စွမ်းအားက သူ့အား စစ်ခွန်းယွမ်ကျားနှင့် အဖွဲ့၏ တိုက်ကွက်များကို ခံနိုင်စွမ်းရည် ရှိစေသည်။

ထို့ကြောင့် ဝမ်ချောင်သည် အာကာသရွေ့လျားမှုသိုင်းတွင် ခပ်မြန်မြန် ကျွမ်းကျင်သွားလေသည်။ တိုက်ပွဲ၏ ဖိအားအပြင် အာကာသရွေ့လျားမှုသိုင်း၏ ဂါထာက စိတ်ထဲတွင် တဖန်ပြီးတဖန် လည်ပတ်လာလေပြီး သူ၏ထိုသိုင်းအပေါ် နားလည်မှုက စတင်ကာ နက်ရှိုင်းလာသည်။ ပို၍ဆိုးသည်မှာ အစစ်အမှန် အသုံးပြုခြင်းက လေ့ကျင့်သည်နှင့် ခြားနားလေသည်။

စစ်ခွန်းယွမ်ကျားနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဝမ်ချောင်၏ သဲလွန်စကို အစပိုင်းတွင် လိုက်မှီကြသေးသည်။ သို့သော် တဖြည်းဖြည်း တိုက်ခိုက်နေရင်းမှ အဆုံးသတ်နားတွင် ဝမ်ချောင်ဟာ မြန်သထက် မြန်ဆန်လာကာ တိုင်းတာရ ခက်ခဲလောက်သော လှုပ်ရှားမှုများကို ပြသသွားလေသည်။

နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်းကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကြယ်တာရာစွမ်းအင်များနှင့် ပေါင်းစပ်ကာ အသုံးပြုသောကြောင့် သူတို့၏ သေစေနိုင်သော နေရာများကို ထိစေလေသည်။ ထို့ကြောင့် စစ်ခွန်းယွမ်ကျားတို့၏ အဖွဲ့က ခြေနောက်ပြန် ဆုတ်နေရသလိုမျိုး ဆက်တိုက်သာ ဆုတ်နေရလေသည်။

All Chapters