အခန်း (၁၃၉၆-၁၄၀၀)
Vol. 83 Ch. 1396-1400
အခန်း(၁၃၉၆)
“ဘယ်လို ဘယ်လို ဘယ်လိုဖြစ်ပြီး ဒီကလိမ်ကကျစ်ကောင်က ဒီလောက်ထိ အင်အားကြီးနေတာလဲ။ ငါတို့မှာ ဒီလောက် လူတွေအများကြီးရှိတာတောင် သူ့ကိုဘာမှ မလုပ်နိုင်ဘူး”
စစ်ခွန်းယွမ်ကျားက ခေါင်းမာပြီး သူရဲကောင်းဆန်သော ပုံစံမျိုးဖြင့် တိုက်ပွဲကိုစတင်လျှက် ထိုမိစ္ဆာလေး ဝမ်ချောင်ကို တစ်သုတ်တည်းဖြင့် ဖမ်းဆီးရန် မျှော်လင့်ထားသည်။ သို့သော် သူသည် တဖြည်းဖြည်းချင်းစီ အထိတ်တလန့် ဖြစ်လာရပြီး နောက်ဆုံး ငါးမိနစ်နီးပါးခန့် ကြာပြီးနောက်တွင် ဝမ်ချောင်၏ လှုပ်ရှားမှုများနောက်သို့ ခြေရာခံ မကောက်နိုင်တော့ပေ။
စစ်ခွန်းယွမ်ကျား၏ ကျောတွင် ချွေးစေးများက စီးကျနေပြီဖြစ်သည်။
မူလအမရတောင် မဖွင့်ခင်က ဝမ်ချောင်သည် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့၏ တိုက်ကွက်များကို လက်ဗလာနှင့် တောင့်ခံနိုင်ခဲ့သည်။ အနောက်ဘက်မှ ကြည့်နေခဲ့သော စစ်ခွန်းယွမ်ကျားကလည်း အထူးတလည် လေးစားစရာကောင်းသော အရာများ မရှိလောက်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါမှသာ သူနှင့် အမှန်တကယ် တိုက်ကွက်များ ဖလှယ်ပြီးနောက်တွင်လည်း ထိုမိစ္ဆာလေးဟာ မည်မျှ ကြောက်စရာကောင်းကြောင်းကို နားလည်လာသည်။
အရိပ်တစ်ရိပ်လိုမျိုး သူ၏နောက်သို့ ကပ်လိုက်ကာ ဖိအားပေးနေပြီး သူနှင့် အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲများ အသက်ရှုချိန် မရှိအောင် ဖြစ်စေလျှက် သူတို့အားလုံး၏ အင်အားများအားလုံးကို အကုန်ထုတ်သုံးစေပြီး မျက်လုံးကိုပင် ပြူးကျယ်စေသေးသည်။
ထိုအခိုက်အတန့်တွင် မည်သူမှမသိသည်မှာ အခြားတစ်နေရာတွင် စောင့်ကြည့်နေသော အနက်ရောင် ပုံရိပ်များကလည်း မျက်မှောင်များ ကျုံ့နေကြခြင်းဖြစ်သည်။
“အရှင် ဒီမိစ္ဆာဧကရာဇ်က အင်အားကြီးမားလွန်းတယ်။ ငါတို့က စုန့်ယွမ်ယွီနဲ့ အခြားလက်အောက်ငယ်သားတွေ အားလုံးကို ရပ်တန့်ခြင်းဂိတ်ပေါက်ဆီကိုတောင် ရွေ့သွားအောင် လုပ်ပေးခဲ့တာ။ ဒါပေမဲ့ သူ့ကို ဘာမှမလုပ်နိုင်ဘူး”
ဘယ်ဘက်ခြမ်းမှ ပုံရိပ်တစ်ခုကပြောသည်။ သူ၏မျက်လုံးက ပြူးကျယ်နေရင်း အသံကလည်း တုန်ယင်နေသည်။
သူတို့သည် မူလကမူ သိုင်းပညာလောကမှ တိုင်တန်တစ်ယောက်ကို ပို့လိုက်ခြင်းအားဖြင့် မိစ္ဆာဧကရာဇ်တို့၏ အဖွဲ့ကို ဖိနှိမ်နိုင်မည်ဟု တွေးထားသည်။ သို့သော် အမှန်တကယ် ဖြစ်ရပ်ကမူ မျှော်လင့်ထားသည်ထက် ရှုပ်ထွေးလွန်းနေသည်။
“ဟွန်း ကျားနှစ်ကောင်က သာလွန်မှုအတွက် တိုက်ခိုက်ကြတဲ့အခါ တစ်ကောင်ကတော့ ဒဏ်ရာရမှာပဲ”
ခေါင်းဆောင်တစ်ယောက်က ကျောဘက်သို့ လက်ပစ်ရင်း ခိုင်မာစွာကျူံးဝါးသည်။
“မိစ္ဆာဧကရာဇ်က ဘယ်လောက်ပဲ အင်အားကြီးကြီး သူ့မှာ အကန့်အသတ်တော့ ရှိရမယ်။ စုန့်ယွမ်ယွီက မလုံလောက်ရင် နောက်တစ်ယောက်ကိုပို့လိုက်”
အခြားသော သူများက ထိုစကားလုံးများကြောင့် တုန်ယင်သွားကြပြီး သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုက ပေါ်ထွက်လာသည်။
“ဒါပေမဲ့အရှင်”
ပုံရိပ်များထဲမှ တစ်ယောက်က ငြင်းခုံရန်ကြိုးစားရင်း ချွေးစေးများပျံလာသည်။
“ဒီဝင်္ကပါက လောကရဲ့ စွမ်းအားတွေကို အသုံးပြုထားပြီး လည်ပတ်ပုံ စည်းမျဉ်းအသစ်တွေ ချထားကြတာ။ ငါတို့က တစ်စိတ်တစ်ပိုင်းပဲ ထိန်းချုပ်နိုင်သေးတာ။ နောက်ပြီး ကြီးမားတဲ့ အလှည့်အပြောင်းတွေ လုပ်မိတာမျိုး၊ ဝင်္ကပါရဲ့ နိယာမတွေကို အတိုက်အခံ လုပ်မိတာမျိုးဆိုရင် ငါတို့ ဒီလူတွေကို မထိန်းထားနိုင်တော့မဲ့အပြင် ဝင်္ကပါကိုတောင် ထိခိုက်မှုတွေဖြစ်လာနိုင်သေးတယ်။ အဆိုးဆုံး အခြေအနေအတိုင်းဆိုရင် ငါတို့က အနာဂတ်မှာ ဝင်္ကပါကို ထိန်းချုပ်နိုင်စွမ်းရည် ပျောက်ဆုံးသွားမှာ”
အရာအားလုံးသည် တန်ကြေးတစ်ခုရှိသည်။ သူတို့က ဝင်္ကပါကို အကန့်အသတ်မဲ့လောက်အောင် ချုပ်ကိုင်နိုင်စွမ်းရည် ရှိနေသည်လည်းမဟုတ်ပေ။
“ငါပြောတဲ့အတိုင်းသာလုပ်”
ခေါင်းဆောင်က ခိုင်မာစွာပြောသည်။
“ချန်နန်းတော်နဲ့ ရွှမ်နန်းတော်နေရာက လည်ပတ်ပုံကို ကြိုးကိုင်ထားပြီး အရှေ့တောင်ပိုင်း တည်နေရာကိုသာ ထွက်လာစေလိုက်။ ဒီလိုက ဆုံးရှုံးမှု အနည်းဆုံးပဲ။ ဒီလိုနည်းနဲ့မှပဲ အဆိုးဆုံး အခြေအနေအရ ဝင်္ကပါရဲ့ နည်းနည်းပါးပါးပဲ ထိခိုက်သွားနိုင်မှာ။ အလုံးစုံတော့ မပျက်သွားစေနိုင်ဘူး”
“ဟုတ်ကဲ့”
လက်အောက်ငယ်သားများက တခဏခန့် တုန့်ဆိုင်းနေပြီးနောက် အမိန့်အတိုင်း လုပ်ဆောင်ကြသည်။
.....
ရပ်တန့်ခြင်းဂိတ်ပေါက်မှ တိုက်ပွဲက ပြင်းထန်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စုန့်ယွမ်ယွီနှင့် ရင်ဆိုင်နေပြီး ဝမ်ချောင်က စစ်ခွန်းယွမ်ကျားကို ရင်ဆိုင်နေသလို ဝင်္ကပါအကြီးအကဲက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်ကို ရင်ဆိုင်နေကြသည်။ တိုက်ပွဲ တစ်ခုချင်းစီတိုင်းက အထွတ်အထိပ်သို့ရောက်ရှိကာ ပြင်းထန်လာ၏။ ပို၍ဆိုးသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ရပ်တန့်ခြင်းဂိတ်ပေါက်မှ ထောင်ချောက်များက ပို၍ပြင်းထန်လာသည်။
ဂိတ်ပေါက်ရှစ်ခုတွင် ရပ်တန့်ခြင်းဂိတ်ပေါက်၏ ထောင်ချောက်များဟာ အထူးခြားဆုံးဖြစ်သည်။ အတွင်းသို့ ဝင်ရောက်လိုက်ပြီးရုံနှင့် တိုက်ပွဲများက အင်အားမကြီးမားသည့်တိုင်အောင် သိုင်းပညာရှင်များက ကိုယ့်နည်းကိုယ်ဟန် ရင်ဆိုင်နိုင်ကြသေးသည်။ သို့သော် လူအနည်းစုကသာ ရပ်တန့်ခြင်းဂိတ်ပေါက်က အချိန်နှင့် ဆက်စပ်နေသော သေစေနိုင်သည့် အန္တရာယ်တစ်ခု ရှိနေကြောင်း နားလည်ပေလိမ့်မည်။ အချိန်ကြာလေလေ ရပ်တန့်ခြင်းဂိတ်ပေါက် အထူးတိုက်ကွက်များက ပြင်းထန်လေလေ ဖြစ်ပေလိမ့်မည်။
အစပိုင်းတွင် ထိုတိုက်ကွက်များက ဖိနပ်ကို လာခြစ်ရုံလောက်သာ ဖြစ်လောက်သည်။ သို့သော် အဆုံးသတ်တွင်မူ ကျောကို လာထောက်သည့် ဓားမြောင် ဖြစ်သွားပေလိမ့်မည်။
ဇွက် ဇွက် ဇွက်
လေထုက ဟိန်းဟောက်ပြီး မရေမတွက်နိုင်သော မျှားပေါင်းများစွာက အောက်သို့ဆင်းသက်လာသည်။ အစပိုင်းတွင် မျှားတစ်ချောင်းချင်းစီတိုင်းက နက်နဲသိုင်းနယ်မြေအဆင့်မှ ကျွမ်းကျင်ပညာရှင်၏ တိုက်ကွက်ခန့်သာ ရှိလေသည်။ သို့သော်ယခုမူ အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိသွားသေး၏။ တိုက်ကွက်များက အလုံးအရင်းဖြင့် ရောက်ရှိလာမှုအောက်တွင် လူအများ၏ ကြယ်တာရာစွမ်းအင်များက လျှင်မြန်စွာ ကုန်ဆုံးလာသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက အရင်ဦးဆုံး ဖိအားကို စတင်ကာ ခံစားလာရသည်။
“သေစမ်း ဒီဝင်္ကပါက အန္တရာယ်များလွန်းတယ်။ ဒီတိုင်း ဆက်ဖြစ်နေရင် ငါတို့အားလုံး ဒီမှာသေမှာပဲ”
“အဲ့ဒီအဘိုးကြီးက တအားကောက်ကျစ်လွန်းတာ။ သူက ဒီဝင်္ကပါထဲမှာ လိပ်တစ်ကောင်လိုမျိုး ပုန်းနေတယ်”
“သူ့ကိုမေ့လိုက်တော့ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကတင် အင်အားကြီးမားနေပြီးသား။ ငါတို့ အကြီးအကဲ စစ်ခွန်းကိုကူညီပြီး အဲ့ဒီသခင်လေးချင်းယန်အတုကို သတ်လိုက်ရအောင်”
မျှားမိုးနှင့် ကျောက်တုံးမိုးများအောက်တွင် မျက်နှာဖြူဖျော့နေသော ကျွမ်းကျင်ပညာရှင်များက ဝမ်ချောင်ကို အာရုံစိုက်ကြသည်။
“သွား”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များ လေထဲသို့ ခုန်တက်ကြပြီး အမျိုးမျိုးသော စွမ်းအင်များကို ပို့လွှတ်လျှက် ဝမ်ချောင်ကိုတိုက်ခိုက်ရန် ကြိုးစားကြသည်။ ထိုလူများအားလုံးက သူတို့၏ တိုက်ကွက်များ၏နောက်မှ အနီးကပ်လိုက်သွားလျှက် ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ချီတက်သွားကြလေသည်။
“အတုအယောင်ရဲ့ လှည့်ကွက်တွေပဲ”
ဝမ်ချောင်၏မျက်လုံးက အေးစိမ့်သွားသည်။ သူ၏ခန္ဓာကိုယ်က ယမ်းခါသွားပြီးနောက် မရေမတွက်နိုင်သော မျှားပေါင်းများစွာ၊ ကျောက်တုံးပေါင်းများစွာကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဖြင့် စုပ်ယူလျှက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များထံ ပို့လိုက်သည်။
“သတိထား”
ကျွမ်းကျင်ပညာရှင်များက ကြောက်လန့်တကြား အော်ဟစ်ကြသည်။ သူတို့က မတုန့်ပြန်နိုင်သေးခင် မျှားနှင့် ကျောက်တုံးများက ပြုတ်ကျလာလေသည်။
ချက်ချင်းဆိုသလိုပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင် အမြောက်အများက ကြယ်တာရာစွမ်းအင်များ လျှင်မြန်စွာ ကုန်ဆုံးသွားကြသည်။ သူတို့သည် အင်ပါယာသိုင်းနယ်မြေ အဆင့်မှ နက်နဲသိုင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကြပြီးနောက် အခြေခံအဆင့်ထိ ထိုးကျသွားသည်။ ထို့နောက် နောက်ဆုံးတွင် အစစ်အမှန် သိုင်းနယ်မြေ အဆင့်သို့ပင် ရောက်ရှိသွားသေးသည်။ ကျွမ်းကျင်ပညာရှင် အနည်းငယ်ဆိုလျှင် မျှားမိုးအောက်တွင် မြေပြင်တွင် ကပ်နေကြပြီဖြစ်သည်။
ဝမ်ချောင်က စွမ်းအားများကို အနုစိတ်ကျကျ ထိန်းချုပ်နိုင်စွမ်းရည်ရှိသည်။ ထိုမျှားများက သူတို့၏လက်၊ ပုခုံး၊ ခြေထောက်၊ ခြေချောင်းများကို ထိုးဖောက်ထားသောကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းရည်ကို ဆုံးရှုံးသွားစေသည်။ သို့သော် မသေစေပေ။ စုန့်ယို့ရန်အတွက်ကြောင့် ဝမ်ချောင်သည် ညှာတာရန် ဆုံးဖြတ်လိုက်သေးသည်။
ခြိမ်း
တိုက်ပွဲ၏ အပြင်းထန်ဆုံးသော အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အာကာသပြင်က တုန်ယင်သွားပြီး မမြင်ရသော လက်သီးတစ်လုံးက အတွင်းသို့ ထိုးသွင်းလိုက်သလိုမျိုး ဖြစ်သွားသည်။ တခဏခန့်ကြာပြီးနောက် တိုက်ပွဲအော်ဟစ်သံများကို ကြားနိုင်လေသည်။
“သတ်”
အော်သံများက အနက်ရောင် မီးခိုးလုံးများနှင့်အတူ လိမ့်ဝင်လာသည်။ ဝမ်ချောင်က အရှေ့တောင်ပိုင်းသို့ လှည့်၍ ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် အမျိုးမျိုးသော သိုင်းပညာရှင်များက အမျိုးမျိုးသော လက်နက်များကိုသုံးလျှက် ဝင်ရောက်လာကြောင်းကို မြင်ရသည်။
“ဘိုးဘေးငါးယောက်မဟာမိတ်”
ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားပြီး အင်အားစုကို မှတ်မိလိုက်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တစ်ခုတည်းကတင် ကိုင်တွယ်ရ ခက်ခဲနေခဲ့ပြီးသားဖြစ်သည်။ ဝမ်ချောင်သည်လည်း ဘိုးဘေးငါးယောက် မဟာမိတ်ဘက်မှ လူများကပင် ပေါ်လာမည်ဟု မထင်ထားမိပေ။
“ဒါက”
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များက ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်တို့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသော မြင်ကွင်းဟာ ဘိုးဘေးငါးယောက် မဟာမိတ် ကျွမ်းကျင်ပညာရှင်များကို စွံ့အသွားစေသည်။
“သတိထား”
ဟိန်းဟောက်ကာ လိမ့်ဝင်လာသော မျှားမိုးက မည်သူ့ကိုမှ အာရုံမစိုက်နိုင်အောင် ဖြစ်သွားစေသည်။
ချွင် ချွင် ချွင်
ကလင် ကလင်
ဆေဘာဓားများနှင့် ကြယ်တာရာစွမ်းအင်များ ပေါက်ကွဲထွက်ကုန်ကြပြီး တခဏခန့်ကြာပြီးနောက် ရပ်တန့်ခြင်းဂိတ်ပေါက်မှ တိုက်ကွက်မုန်တိုင်းက ပို၍ပြင်းထန်လာသည်။
“ဟား ဟား စုန့်ယွမ်ယွီ၊ ကျန်းဝမ်ဖူ ငါမင်းတို့နဲ့ ဒီလိုတွေ့ရမယ်လို့ မထင်ထားဘူး။ သူတို့ပြောကြတဲ့ အတိုင်းဆိုရင် စောစောရောက်တာထက်တောင် အချိန်ကောင်းကို ရောက်လာတာပဲ။ မဟာမိတ်အရှင်စုန့် ငါကူညီပေးမယ်”
ထိုအခိုက်အတန့်တွင် ဇီးကွက်တစ်ကောင် အော်ဟစ်သလိုမျိုး ထူးဆန်းသည့် ရယ်သံက ပေါ်ထွက်လာသည်။ ထို့နောက် ဘုန်းကနဲ ပေါက်ကွဲသံက ထွက်ပေါ်လာသေး၏။ ပုံရိပ်တစ်ခုက မှင်သက်ဖွယ်ကောင်းလွန်းသော အရှိန်နှုန်းတစ်ခုနှင့်အတူ စုန့်ယွမ်ယွီနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ထံ ခုန်ဝင်လာသည်။
“လော့ချီယင် မင်းက ဒီအဘိုးကြီးရှေ့မှာ ပေါ်ရဲလောက်အောင် ခေါင်းမာတာပဲ”
ကျယ်လောင်သော အော်ဟစ်သံနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းကိုလှည့်ရင်း ယင်နက်ဘိုးဘေး လော့ချီယင်ကို ဆိုးယုတ်သော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
ဝုန်း
လော့ချီယင်က ရှေ့သို့ ခုန်ဝင်လာနေပြီဖြစ်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ရုတ်တရက်ဆန်သော အေးစက်သည့် အကြည့်က သူ့အား နှလုံးခုန်နှုန်း မြန်ဆန်လာစေကာ လေထဲတွင်ပင် ရပ်တန့်လိုက်မိသည်။
သူ၏မျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းတွင် ထိတ်လန့်မှုနှင့် ခြောက်ခြားမှုများက ပေါ်လာသည်။
မြွေတစ်ကောင်၏ ကိုက်ခဲမှုကို တစ်ကြိမ်ခံဖူးရုံနှင့် ဆယ်နှစ်ခန့်ကြာသည်အထိ ကြိုးကိုပင် ကြောက်နေပေလိမ့်မည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဂိုဏ်းလောကအတွင်းမှ ဂုဏ်သတင်းဟာ ကြောက်စရာကောင်းလွန်းသည်။ အထူးသဖြင့် မိစ္ဆာလမ်းကြောင်းတွင်ဖြစ်သည်။ ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့သည် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည့်တိုင်အောင် ကျန်းဝမ်ဖူ အုပ်စိုးနေသော ကာလအတောအတွင်း ယင်နက်ဘိုးဘေးနှင့် တစ္ဆေဘိုးဘေးတို့က အဓိကခေါင်းဆောင်များ ဖြစ်နေသေးသော်လည်း မိစ္ဆာဧကရာဇ်၏ အရိပ်အောက်တွင် မြုပ်နေခဲ့ကြလေသည်။
မိစ္ဆာဧကရာဇ်ကို ကြောက်လန့်သော ကြောက်လန့်မှုက သူတို့၏ တန်ထန်း ကွဲကြေသွားပြီးသည့်တိုင်အောင် နစ်ဝင်နေဆဲဖြစ်နေသေးသည်။ တစ်ဖက်သူဟာ ကျင့်ကြံခြင်းအဆင့် သေဖွယ်သွားပြီး ဆယ်နှစ်ကျော်ခန့် ပျောက်ဆုံးနေပြီးသည့်တိုင်အောင် အဓိက ခေါင်းဆောင်များက သူ့ကိုကြောက်ကြသေးသည်။
“လော့ချီယင် မင်းနဲ့ ဖေးလွမ်ချန်းတို့က ငါ့ရဲ့အရှေ့မှာတောင် ရမ်းကားရဲတာလား။ ဒီအဘိုးကြီးက မင်းတို့သိုင်းကို ငါ့လက်ခုံလို သိနေပြီးသား။ မင်းတို့င့ါကို စိန်ခေါ်ရဲတယ်ဟုတ်လား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အာဏာရှင်လေသံမျိုးနှင့် အော်ဟစ်လိုက်သည်။
လော့ချီယင်၏ မျက်နှာက ကြောက်လန့်မှုဖြင့် ပြည့်နှက်သွားသည်။ သို့သော် သိပ်မကြာခင် သူ၏အနောက်ဘက်မှ မျက်လုံးပေါင်းများစွာ၏ အကြည့်ကို အာရုံခံမိသွားပြီးနောက် အတွေးတစ်ခုက ဖြတ်ပြေးသွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် အကြောက်အလန့် မဲ့သွားလျှက် ဒေါသများက သတ္တိကို ကျော်လွန်သွားသည်။
“ကျန်းဝမ်ဖူ မင်းရဲ့ ပေါက်ကရစကားတွေကို ရပ်လိုက်။ မင်းရဲ့ တန်ထန်းက ကွဲကြေသွားပြီးပြီ။ မင်းရဲ့ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မသုံးနိုင်တော့ဘူး။ မင်းက အတိတ်က မိစ္ဆာဧကရာဇ် ဖြစ်နိုင်ဦးမယ်လို့ မင်းကိုယ်မင်း ထင်နေတာလား။ စုန့်ယွမ်ယွီ ငါတို့အတူပူးပေါင်းပြီး ဒီမိစ္ဆာဧကရာဇ်ကို သတ်ရအောင်”
လော့ချီယင်က စုန့်ယွမ်ယွီကို လှည့်ပြောသည်။ သူတို့ အတူပူးပေါင်းသင့်ကြောင်းကိုလည်း အရိပ်အမြွတ်ပေး၏။
အား
ယင်နက်ဘိုးဘေး၏ သူ၏လက်မောင်းများကို ဖြန့်လိုက်ချိန်တွင် စူးရှသော အော်ဟစ်သံ၊ ငိုညဉ်းသံများက ပြည့်နှက်လာပြီး သူ၏ အင်္ကျီလက်ကျယ်ကြီးက သူ့အား ကြီးမားသော လင်းနို့ကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားစေသည်။ မိစ္ဆာစွမ်းအင်များက သူ၏ကိုယ်ထဲမှ လိမ့်ထွက်လာပြီး မိစ္ဆာဧကရာဇ်ထံ ဝင်ရောက်သွားသည်။
“အနက်ရောင်မိန်းမရဲ့လက်”
ယင်နက်ဘိုးဘေးက ကျန်းဝမ်ဖူနှင့် ပေတစ်ဆယ်ကျော်အကွာတွင်ရပ်လျှက် သူ၏ကိုယ် အနောက်ဘက်မှ သိပ်သည်းသော မြူထုများကို ရုတ်တရက် ပေါ်ထွက်လာစေလိုက်ရင်း ကြီးမားသော ပိန်းပိတ်အောင် မည်းမှောင်သည် လက်တစ်ဖက်ကို ထုတ်လွှတ်ကာ ကျန်းဝမ်ဖူရှိရာသို့ တိုးဝင်သွားစေသည်။
အနက်ရောင်မိန်းမရဲ့လက်
ထိုသိုင်းသည် ယင်နက်ဘိုးဘေး၏ အင်အားကြီးသော သိုင်းများထဲမှ တစ်မျိုးဖြစ်သည်။ သူသည် အရှေ့ပိုင်းပင်လယ်အနှံ့ ခရီးသွားနေချိန်က လော့ချီယင်သည် အလွန်အမင်း မိစ္ဆာစွမ်းအား ပေါများသော ရွှမ်သတ္ထုတုံးကို တွေ့ခဲ့သည်။ ထိုရွှမ်သတ္ထုတုံးက အလွန်အမင်း သိပ်သည်းသော ယင်စွမ်းအင်၊ မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေခဲ့၏။ ထိုသတ္ထုတုံးသည် မည်သည့်နေရာက ရောက်လာကြောင်းကို မည်သူကမှ မသိပေ။ သို့သော် လော့ချီယင်ကမူ မိစ္ဆာလမ်းကြောင်းအတွက် ဝှက်ဖဲအဖြစ် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက ကြီးမားသောလက်ကြီးအဖြစ် သန့်စင်ခဲ့ခြင်းဖြစ်သည်။
ထိုလက်ကို အသုံးပြုရန်အတွက် တစ်ကြိမ်အသုံးပြုတိုင်းလိုလို နှလုံးသွေးအချို့ကို စတေးရမည်ဖြစ်သည်။ ထို့ကြောင့် လော့ချီယင်က အသုံးပြုခဲသည်။ သို့သော် ဒီလိုစတေးမှုက အင်အားပိုကြီးစေသည်။ မိစ္ဆာဧကရာဇ်က သူရင်ဆိုင်ရသည့် အင်အားအကြီးဆုံး ရန်သူဖြစ်သော အချက်ကြောင့်သာ မဟုတ်လျှင် လော့ချီယင်က အသုံးပြုလိမ့်မည်မဟုတ်ပေ။
ခြိမ်း
ကြီးမားသော လက်သီးက အောက်သို့ ရိုက်ချလိုက်သည်နှင့် ကမ္ဘာမြေကြီးက ချိုင့်ဝင်သွားပြီး မိစ္ဆာများက ငိုညဉ်းကာ ထွက်လာသည်။ မရေမတွက်နိုင်သော တောင်ပေါင်းများစွာကလည်း ကွဲကြေကုန်ပုံရ၏။ ကွဲကြေသွားသော တောင်ပေါင်းများစွာက မိစ္ဆာဧကရာဇ်၏ ကိုယ်ပေါ်သို့ ဆင်းသက်သည်။
“ကောင်းကင်ဘုံက ဆင်းသက်လာသော ဧကရာဇ်”
တစ်ချိန်ထဲတွင်ပင် စုန့်ယွမ်ယွီကလည်း သူ၏ ထာဝရနွေဦး ဧကရာဇ်ကို တိုက်ခိုက်ရန် ထုတ်သုံးလိုက်ပြီး တောက်ပလွန်းသော ဓားချီများကို ကောင်းကင်ဘုံမှ အောက်သို့ ဆင်းသက်စေလျှက် မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ ခေါင်းတည့်တည့်သို့ တိုးဝင်သွားစေသည်။ ချက်ချင်းလိုလို စုန့်ယွမ်ယွီက ရှေ့သို့ခုန်ပေါက်ကာ တိုးဝင်သွားရင်း မိစ္ဆာဧကရာဇ်နှင့် အနီးကပ်တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။
အခန်း(၁၃၉၇)
ဘုန်း ဘုန်း ဘုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်အောင် မြောက်များလှစွာသော ကြမ်းတမ်းမာကြော တောက်ပသည့် အဖြူရောင်စွမ်းအင်များက ဖြာထွက်လာသည်။
ထိုကြယ်တာရာစွမ်းအင်များသည် အလွန်အမင်း သိပ်သည်းကာ အင်အားကြီးမားလွန်းပြီး သတ္ထုများကိုပင် ကျော်ဖြတ်လျှက် ကျောက်တုံးများကိုပင် ကွဲကြေစေနိုင်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ထိန်းချုပ်မှုအောက်တွင် စွမ်းအားကြီးမားသော ကြယ်တာရာစွမ်းအင်များက လျှပ်စီးလက်သလို မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားကြရင်း အနီးအနားနှင့် အဝေးတွင်ရှိသော လော့ချီယင်နှင့် စုန့်ယွမ်ယွီတို့ကို တိုက်ခိုက်လိုက်သည်။ ထိုအရာသာ မကသေးပေ။ ပတ်ဝန်းကျင်တွင် ဝိုင်းနေသော ကြယ်တာရာစွမ်းအင်များက အတူတကွ စုစည်းလျှက် မြောက်များလှစွာသော လှံများ၊ ပုဆိန်များအသွင် ပြောင်းလဲလျှက် လော့ချီယင်နှင့် စုန့်ယွမ်ယွီတို့၏ ကျောဘက်၊ ပုခုံးနှင့် အခြားသော အစိတ်အပိုင်းများကို တိုက်ခိုက်သေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ တိုက်ခိုက်သောနည်းလမ်းက စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့နှင့် မတူညီပေ။ သူတို့က အရေအတွက်များပြီး ဝရုန်းသုန်းကား ဖြစ်သည်ဟု ထင်ရသော်လည်း ဂရုစိုက် ကြည့်ရှု့မည်ဆိုပါက ဂရုတစိုက် တွက်ချက်၍ ထည့်သွင်းထားသော စူးရှလွန်းသည့် စွမ်းအင်တစ်မျှင်ချင်းစီ ပါဝင်နေကြောင်း မြင်ရမည်ဖြစ်သည်။
ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရည်ရှိပြီး ကောင်းမွန်လွန်းသဖြင့် စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့၏ အားနည်းသော နေရာများကိုပင် ကွက်တိ ချိန်ရွယ်နိုင်သေးသည်။
ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ နှစ်ယောက်လုံးက ကျင့်ကြံခြင်းအဆင့် အလွန်မြင့်သည်။ သူတို့နှစ်ယောက်သည် မြောက်များလွန်းသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားကြပြီး အားနည်းချက်ကို ဖော်ထုတ်ပြသခဲသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် တိုက်ပွဲ၏ မဟာဆရာသခင် တစ်ယောက်ဖြစ်သည်။ ယင်နက်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ကဲ့သို့ လူတိုင်းအပေါ် အနိုင်ရသော လူမျိုးများက သူ၏အရှေ့တွင် လိုအပ်ချက်များကို သိသိသာသာ ပြမိသွားသည်။ သူတို့၏ တိုက်ခိုက်သော နည်းလမ်းများကလည်း မလေ့ကျင့်ထားသလိုမျိုး ဖြစ်ကတတ်ဆန်နေသည်။
ဘန်း
ကြီးမားသော အနက်ရောင်လက်ကြီးက မိုးခြိမ်းသံများ ဟိန်းဟောက်လျှက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခေါင်းရှိရာတည့်တည့်သို့ ဆက်လက်တိုးဝင်လာသည်။ ထိုအချိန်တွင်ပင် ယင်နက်ဘိုးဘေး၏ ခန္ဓာကိုယ်က ရှေ့သို့ယမ်းလာပြီး လေထုကို လျှင်မြန်စွာ ကျော်ဖြတ်လျှက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို ရှု့ထောင့်တစ်ခုမှတစ်ဆင့် လျှင်မြန်စွာ ချည်းကပ်လာလေသည်။
သူက မြေပြင်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သောအခါ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော မျှားကျိုးနှင့် ကျောက်တုံးအပျက်အစီးများက မြောက်တက်လာကာ ကြယ်တာရာစွမ်းအင်လှိုင်းအတွင်းသို့ ပူးပေါင်းဝင်ရောက်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ရှိရာသို့ ဆက်လက်တိုးဝင်လာသည်။
ခြိမ်း
ယင်နက်ဘိုးဘေးက တိုက်ခိုက်ပြီး အချိန်တခဏသာကြာသေးသည်။ ကောင်းကင်မှ ဖြူဖွေးသန့်စင်လွန်းသော ကြယ်တာရာစွမ်းအင်များက ဆင်းသက်လျှက် သူ၏ ဆိုးယုတ်သော စွမ်းအင်လှိုင်းအတွင်းသို့ ပေါင်းဝင်သည်။ အနက်ရောင် ရေလှိုင်းများက သေစေနိုင်သော နေရာတစ်ခုကို ချိန်ရွယ်တိုက်ခိုက်ခံလိုက်ရသလိုမျိုး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။
စွစ်
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ၏ညာဘက်လက်ညိုးကို အဝေးသို့ညွှန်လိုက်ရင်း ကလေးတစ်ယောက်၏ လက်မောင်းတစ်ဖက်စာခန့် တုတ်ခိုင်သည့် စွမ်းအင်လုံးကြီး တစ်လုံးကို ယင်နက်ဘိုးဘေး၏ ဟွမ်ချင်းအမှတ်ထံ ချိန်ရွယ်လိုက်သည်။ ချိန်ရွယ်ခံရသော အမှတ်က သေစေနိုင်လောက်ခြင်း မရှိသော်လည်း ယင်နက်ဘိုးဘေး၏ မျက်နှာကမူ ချက်ချင်းဆိုသလို ဖြူဖျော့သွားပြီး ခပ်မြန်မြန်ပြေးလေသည်။
“ကျန်းဝမ်ဖူ ငါ့ရဲ့ အရာအားလုံး အမရလက်သီးကိုယူသွားလိုက်”
အေးစက်ကာ ခံစားချက်မဲ့သော အသံက ထပ်ထွက်လာသည်။ ယင်နက်ဘိုးဘေးက နောက်ဆုတ်သွားကြောင်း မြင်သောအခါ စုန့်ယွမ်ယွီကလည်း သူ၏ တိုက်ခိုက်မှုကို ဆက်လက်ပြီး အရှိန်မြင့်လိုက်ရင်း မိစ္ဆာဧကရာဇ်ထံ လက်သီးတစ်လုံးကို ပို့လွှတ်လိုက်သည်။ ထိုလက်သီးချက်က အစပိုင်းတွင် အလွန်အမင်း နှေးကွေးစွာ ရွေ့လျားလာသည်ဟု ထင်ရသည်။ သို့သော် လှုပ်ရှားမှုတိုင်းက တည်ငြိမ်ရှင်းလင်း ပြတ်သားနေသေးသည်။
သို့သော် အမှန်တိုင်းဆိုရသော် ထိုလက်သီးသည် ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားလာခြင်းဖြစ်ပြီး အတွင်းတွင် ပါဝင်နေသော ပူးပေါင်းအားထက်ပင် ကြောက်စရာကောင်းသေးသည်။ စုန့်ယွမ်ယွီ၏လက်သီးက ကျော်ဖြတ်သွားသည်နှင့် လေထုအတွင်း ပြတ်ရှရာများ၊ အမာရွတ်များက ကျန်ရစ်ခဲ့သည်။ လက်သီးတစ်လုံးဟု ထင်ရသော်လည်း သားကောင်တစ်ကောင်ကို ခုန်အုပ်သည့် သားရဲတစ်ကောင်နှင့်ပင် တူသေးလေသည်။
ပို၍ဆိုးသည်မှာ စုန့်ယွမ်ယွီ၏လက်သီးက ရှေ့သို့တိုးဝင်သွားသောအခါ သူ၏ အနောက်ဘက်မှ ထာဝရနွေဦးဧကရာဇ်က အသက်ဝင်လာသလိုမျိုး ဖြစ်လာပြီး မျက်လုံးက ဆာလောင်မှုများဖြင့် တောက်ပလျှက် အလင်းများက ထိန်လင်းလာလေသည်။ စုန့်ယွမ်ယွီသည် သူကိုယ်တိုင်ကပင် အတက်စွမ်းအားများဖြင့် ဖြာထွက်ကာ တောက်ပလင်းထိန်လာသည့်အပြင် လေထဲတွင်လည်း မရေမတွက်နိုင်သော မြက်ပင်များ၊ ပန်းပင်များက ပေါ်ထွက်လာလျှက် မိစ္ဆာဧကရာဇ် ရှိရာသို့ တိုးဝင်လာလေသည်။
ပန်းများသည် ပွင့်လန်းနေသော အလယ်တွင်ပင် သိမ်မွေ့သော အရှိန်အဝါများကို စတင်ကာ လွှတ်ထုတ်လာကြသည်။
အရာအားလုံး အမရလက်သီး
ထိုသိုင်းသည် အမရစကြာဝဠာ ထာဝရနွေဦးမာန်ထရာ၏ အင်အားအကြီးဆုံး တိုက်ကွက်များထဲမှ တစ်ကွက်ဖြစ်သည်။ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမှသာ ထိုအကွက်ကို ထုတ်သုံးနိုင်မည်ဖြစ်ပြီး ထာဝရနွေဦးဧကရာဇ်ကိုလည်း ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထိုသို့ ဆင့်ခေါ်နိုင်သော အချက်အရ သက်ရှိများအားလုံးကို မွေးဖွားနိုင်စွမ်းရည် ရှိလာသည်။ အသက်နှင့် အတက်စွမ်းအားများက အတိုင်းအတာတစ်ခုအထိ အာရုံစူးစိုက်လိုက်ရုံနှင့် ချက်ချင်းလိုလို သေဆုံးသွားစေနိုင်သလို သိမ်မွေ့နေသော စွမ်းအားများဖြင့်လည်း ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်လေသည်။
ထိုအဆင့်သည် နွေဦးရာသီတွင် ပေါ်ထွက်လာသော ဥတုက အထွတ်အထိပ်သို့ ရောက်ရှိသွားသလိုမျိုး ထင်ရသည်။ သို့သော် ညိုးနွမ်းသွားသော ဆောင်းဦးရာသီနှင့် ဆောင်းတွင်းပြီးလျှင် နွေရာသီက ရောက်ရှိလာဦးမည်ဖြစ်သည်။ ကွယ်သွားသောလက နိမ့်သွားသလို လပြည့်ဝန်းကလည်း မြင့်လာပေလိမ့်မည်။ ထိုသဘောတရားက အချိန်၏ တိုက်စားမှုအတိုင်း ပြောင်းလဲခံရလိမ့်မည် မဟုတ်ပေ။
အရာအားလုံး အမရလက်သီးဖြင့် အထိုးခံလိုက်ရသည်နှင့် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းအကြားမှ တင်းမာလွန်းသော အရှိန်အဝါက ခန္ဓာကိုယ်အတွင်းသို့ ဝုန်းကနဲ မြည်ဟီးလျှက် ဝင်ရောက်သွားမည် ဖြစ်လေရာ ကောင်းကင်ဘုံ အမရများကပင် အသက်ကယ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အရာအားလုံး အမရလက်သီးဖြင့် အထိုးခံလိုက်ရသော လူတိုင်းနီးပါးက အသက်ခံလိုက်ရလေသည်။
သို့တိုင်အောင် ထိုသိုင်းသည် အင်အားကြီးမားသော်လည်း တန်ကြေးကလည်း ကြီးသည်။ စုန့်ယွမ်ယွီသည် တန်ကြေးကိုပင် ဂရုမစိုက်တော့ပေ။ ရှင်းလင်းစွာပင် သူသည်လည်း မိစ္ဆာဧကရာဇ်ကို ဒီနေရာတွင်ပင် အပြတ်ရှင်းရန် ဆုံးဖြတ်ချက် ချထားပုံပေါ်သည်။
ဝုန်း
သို့ရာတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ထိုတိုက်ကွက်ကို အထင်တသေးသာ ကြည့်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ မြောက်များလှစွာသော စွမ်းအင်အလင်းတန်းများက ဖြာထွက်လာပြီးနောက်တွင် ခေါက်ထားသော ယပ်တောင်တစ်လက်အသွင် ပြောင်းလဲလျှက် စုန့်ယွမ်ယွီကို တားမြစ်ရန်အလို့ဌာ သိပ်သည်းလွန်းသော စွမ်းအင် တစ်တန်းတည်းကိုသာ ထုတ်ဖော်လိုက်ပြီး အပြေးဝင်သွားလေသည်။
တစ်ချိန်ထဲတွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘယ်ဘက်လက်ကိုမြှောက်လျှက် သူ၏လက်ညိုးကို စုန့်ယွမ်ယွီ၏ ထာဝရနွေဦးဧကရာဇ်၏ ဘယ်ဘက်မျက်ခုံးထံသို့ ညွှန်လိုက်သည်။
ဝှစ်
ထိုမြင်ကွင်းကို မြင်လိုက်သည့် အကြောက်အလန့်မဲ့ကာ မယိမ်းယိုင်သော စုန့်ယွမ်ယွီ၏ မျက်နှာက ဖျော့တော့သွားပြီး အနောက်ဘက်သို့ ဆုတ်လိုက်သည်။
“စုန့်ယွမ်ယွီ ထာဝရနွေဦး မာန်ထရာကို ဒီအဆင့်ထိရောက်အောင် ကျင့်ကြံထားနိုင်ကတည်းက မင်းက မင်းဆရာမလုပ်နိုင်တာကို လုပ်ခဲ့နိုင်ပြီးသားပဲ။ ဒါပေမဲ့ မင်းရဲ့ ထာဝရနွေဦးမာန်ထရာက အချိန်လိုအပ်ချက် ရှိနေသေးတယ်။ မင်းက နည်းလမ်းတစ်ခုရှာပြီး အဲ့ဒီပြစ်ချက်ကို ပြင်နိုင်မှပဲ ဒီအဘိုးကြီးကို ပြန်လာပြီး ရင်ဆိုင်သင့်တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တည်ငြိမ်ကာ ယိမ်းယိုင်သွားခြင်း မရှိပေ။ သူသည် ထိပ်ဆုံးတွင် ရပ်တည်နေသော ပုဂ္ဂိုလ်ကြီးတစ်ယောက်ကဲ့သို့သော အရှိန်အဝါမျိုးဖြင့် ထိုသို့သောစကားမျိုးကို ပြောလိုက်ခြင်းဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်နှင့် ယင်နက်ဘိုးဘေးတို့ နှစ်ယောက်လုံးသည် လက်ရှိခေတ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး သူတို့နှစ်ယောက်က အတူပေါင်းနေကြသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ ထိန်းထားနိုင်ရုံသာ မကသေးလေဘဲ ထိပ်ဆုံးတွင်ပင် ရပ်နေနိုင်သေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်သည် သိုင်းပညာလောကတွင် အကြောက်အလန့်မဲ့သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သိုင်းပညာတိုင်းကို သင်ပြီးသည်မှာ ကြာပြီဖြစ်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်၏ ထာဝရနွေဦးမာန်ထရာပင်ဖြစ်စေ၊ ယင်နက်ဘိုးဘေး၏ အနက်ရောင် အမျိုးသမီး၏ လက်ပင်ဖြစ်စေ၊ အခြားသော ဆိုးယုတ်သောသိုင်းများပင်ဖြစ်စေ သူအားလုံးကို မြင်ဖူးပြီးလေပြီ။
ထိုအချက်အပြင် မိစ္ဆာဧကရာဇ် ကိုယ်တိုင်ကပင် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို နက်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ထိုနက်သိုင်း၏ အင်အားက ဒုတိယအဆင့်သာဖြစ်ပြီး အရေးအကြီးဆုံး အချက်ကမူ မူလစွမ်းအင်တိုင်းကို နားလည်သဘောပေါက်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ စူးရှလွန်းသော အကြည့်၏အရှေ့တွင် စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့က ပြစ်ချက်များအားလုံးကို ဖော်ပြပြီးသား ဖြစ်သွားသည်။
အခြားသောသူများကမူ သိုင်းပညာလောကမှ တိုင်တန်ကြီးနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရာတွင် သူတို့၏အင်အား (၁၂၀)ခန့်ကိုပင် အသုံးပြုရန် လိုအပ်လောက်သော်လည်း ကျန်းဝမ်ဖူကမူ (၇၀)ခန့်ကိုသာ လိုအပ်သည်။
ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဘိုးဘေးငါးယောက် မဟာမိတ်တို့မှ တပည့်ဂိုဏ်းသားများ အားလုံးတို့ကလည်း ထိုမြင်ကွင်းကြောင့် ခြောက်ခြားသွားကြသည်။
နှစ်နှစ်သည် ကြာလွန်းသောအချိန်မဟုတ်ပေ။ သိုင်းပညာလောကမှ လူတိုင်းသည် ကျန်းဝမ်ဖူ၏ မှင်သက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို ကြားဖူးနေကြသေးသည်။ သူတို့အားလုံးသည်လည်း မိစ္ဆာဧကရာဇ်ကြီးက တန်ထန်းကွဲအက်သွားခဲ့ပြီးသောကြောင့် ဆုတ်ယုတ်နေမည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ကျန်းဝမ်ဖူက တန်ထန်းကွဲအက်ပြီးနောက် ယခင်ကထက်ပင် ပို၍ပင် ကြောက်စရာကောင်းလာသေးသည်။
“တကယ်ပဲ တကယ်ပဲ သူ့ကိုဘယ်သူက တိုက်ခိုက်နိုင်တော့မှာလဲ”
လူတိုင်းက ကြောက်လန့်မှုကြောင့် တုန်ယင်သွားကြပြီး သတိလက်လွတ် နောက်ကိုဆုတ်ကြသည်။
မကောင်းတော့ဘူး။ ဆရာက အကြာကြီးထိန်းနိုင်မှာမဟုတ်ဘူး။
သို့သော် အခြေအနေ ကောင်းနေပုံပေါ်သော်လည်း ဝမ်ချောင်ကမူ စိုးရိမ်မှုအပြည့်နှင့် ဆရာဖြစ်သူကိုကြည့်သည်။
ဝမ်ချောင်သည် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို လေ့လာထားသူဖြစ်သည့်အလျောက် ထိုသိုင်း၏ ညင်သဘောသဘာဝကိုလည်းသိသည်။
ဝမ်ချောင်သည် ဆရာဖြစ်သူ၏ ကြယ်တာရာစွမ်းအင်က ဘယ်ဘက်လက် ရှန်းယမ်အမှတ်နားကို ဖျက်ဆီးချိန်တွင် တုန်ခါနေကြောင်း မြင်လိုက်သည်။ ကြယ်တာရာစွမ်းအင်များက ကပြောင်းကပြန် တိုက်ခတ်ပြီး ကြမ်းတမ်းသောတိုက်ပွဲ ဖြစ်ပျက်ခဲ့သော်လည်း ထိုတုန်ခါမှုက ပင်လယ်သမုဒ္ဒရာအတွင်းမှ ရေလှိုင်းကဲ့သို့ ထင်ရသည့်အတွက် လျစ်လျူရှု့၍ ရလောက်သည်။
သို့ရာတွင် ဝမ်ချောင်ကမူ ဆရာဖြစ်သူ၏ ကြယ်တာရာစွမ်းအင်များက လျှင်မြန်စွာ ကုန်ဆုံးနေပြီး တစ်ဖက်သူသည် အကြာကြီး တောင့်မခံနိုင်တော့ကြောင်း မြင်နိုင်နေသည်။
တန်ထျန်းတစ်ခုက ကွဲအက်သွားပြီး ကျင့်ကြံခြင်း ပျက်စီးသွားပြီးပြီဆိုရင် မတူညီတဲ့အခြေအနေ ဖြစ်လာပြီ။ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ကျင့်ကြံတာက ကျင့်ကြံခြင်း ပျက်စီးသွားဖို့ လိုအပ်တယ်။ ဒါပေမဲ့ ဆရာက သူ့ရဲ့တန်ထျန်း ကွဲအက်သွားတာ။ စုန့်ယွမ်ယွီနဲ့ လော့ချီယင်တို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်တာကြောင့် ဆရာက အများဆုံး (၇)မိနစ်၊ (၈)မိနစ်လောက်ပဲ တောင့်ခံနိုင်မှာ။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းအတွင်းက အဲ့ဒီပေါ်လာတဲ့ ဟာကွက်ကို ထိန်းထားဖို့ တအားခက်လိမ့်မယ်။
ဝမ်ချောင်က အလွန်အမင်း စိုးရိမ်သွားသည်။ မည်သို့ပင်ဆိုစေ စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့သည် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်လေသည်။ သူ၏ဆရာသည် ထိုနှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရာတွင် ပြင်းပြင်းထန်ထန် ဖိအားပေးခံလိုက်ရသည်။
ထို့ပြင် ပြဿနာတစ်ခုရှိသေးသည်။ ဝမ်ချောင်က အောင်မြင်စွာနှင့် အာကသရွေ့လျားမှုသိုင်းကို ကျင့်ကြံနိုင်ခဲ့သောကြောင့် စစ်ခွန်းယွမ်ကျားနှင့် အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲများ၏အကြားတွင် ရေထဲရောက်နေသော ငါးတစ်ကောင်ကဲ့သို့ သွားလာနိုင်လေသည်။
သို့သော် ဝမ်ချောင်သည်လည်း သူ၏ အခြေအနေက ကောင်းမွန် လွယ်ကူနေသည်ဟု ထင်ရသည့်တိုင်အောင် သူသည် ကျင့်ကြံခြင်းသွေဖယ်မှုဖြစ်စဉ် အစွန်းတွင် တွန်းပို့ခံနေရလုနီးပါး ဖြစ်နေလေပြီ။
သာမာန်အခြေအနေမျိုးတွင် ဝမ်ချောင်အနေဖြင့် တစ်နာရီနီးပါး တောင့်ခံနိုင်လောက်သည်။ သို့သော် မြောက်များလှစွာသော အင်အားကြီးရန်သူများကို ရင်ဆိုင်ရသောအခါ သူ့ထံရောက်လာသော ဖိအားကြောင့် သူသည် အတက်နိုင်ဆုံး အချိန်ကိုသာဆွဲလျှက် တိုက်ခိုက်နေရလေသည်။
သူက အချိန်အကန့်အသတ်သို့ ရောက်ရှိသွားသည်နှင့် သူ၏ ကြယ်တာရာစွမ်းအင်က အက်ကွဲသွားပြီး သူသည် ကျင့်ကြံခြင်းသွေဖယ်ခြင်းထက် ပိုဆိုးသောဒဏ်ကို ခံရတော့ပေမည်။
“ဝမ်ချောင် ကောင်လေး ငါ့ကိုကယ် ငါအကြာကြီး မခံနိုင်တော့ဘူး။ ဒီလူရမ်းကားတွေက ငါ့ဝင်္ကပါကို ဖျက်တော့မယ်”
သူ၏နားအတွင်း ခပ်တိုးတိုး အော်ဟစ်သံကို ကြားရသဖြင့် ဝမ်ချောင်က မှင်သက်သွားသည်။ ဒါဟာ ဝင်္ကပါအကြီးအကဲ၏ အသံဖြစ်သည်။
ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုလှည့်ကာ ကြည့်လိုက်သောအခါ ဝင်္ကပါအကြီးအကဲကလည်း မကောင်းသော အခြေအနေသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ မည်သည့် အချိန်ကမှန်းမသိ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲများထဲမှ တစ်ယောက်က သူ့ကို သွားရောက် ရင်ဆိုင်နေပြီဖြစ်သည်။ ထိုအရာသာမကသေးပေ ဝင်္ကပါအကြီးအကဲသည် ယခင်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ရင်ဆိုင်နေခဲ့ရာမှ ထိုတိုက်ကွက်များက ကစဉ့်ကလျားဖြစ်လာလျှက် ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
အခန်း(၁၃၉၈)
ယခုအခါ ဝင်္ကပါအကြီးအကဲက အဝိုင်းခံလိုက်ရသော အနေအထားမျိုးတွင်ဖြစ်သည်။
“မင်းတို့ အသုံးမကျတဲ့ အမှိုက်တွေ မင်းတို့က လုံးဝကို သိက္ခာကျစေတာပဲ။ ဝင်္ကပါကိုပဲသုံးတတ်တဲ့ ဒီအဘိုးကြီးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး”
ဝင်္ကပါအပြင်ဘက်မှ အမြင်စူးရှသော ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် အကြီးအကဲက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များကို ဝိုင်းထားရန် အမိန့်ပေးရင်း ဝင်္ကပါအကြီးအကဲကို တိုက်ခိုက်စေသည်။
ဘန်း
လက်ညိုးတစ်ချောင်းစာ ထူသော မျှားတစ်ချောင်းက ထိုးထွက်သွားသော်လည်း ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က လက်ကိုယမ်းလိုက်ရုံဖြင့် ထိုမျှားက ထိုးဖောက်ခံလိုက်ရရင်း အနောက်ဘက်မှ ကျောက်တုံးများကပင် ပျက်စီးသွားသည်။
“အားလုံးပဲ အခုပဲတိုက်ခိုက်တော့။ ဒီအဘိုးကြီးက အကြာကြီး မတောင့်ခံနိုင်တော့ဘူး။ သူ့ကိုဖမ်း။ သူ့ကိုဖမ်းပြီးရင် အဲ့ဒီမိစ္ဆာလေးကိုဖမ်းမယ်။ နောက်ဆုံးမှာ ငါတို့ ဂိုဏ်းလောကရဲ့ ကပ်ဘေးကြီးဖြစ်တဲ့ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို ကွပ်မျက်ကြမယ်”
ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် အကြီးအကဲ၏ အမိန့်ပေးမှုအောက်တွင် ကျွမ်းကျင်ပညာရှင်များ အားလုံးက သူတို့၏ ဝင်္ကပါ အကြီးအကဲအပေါ် ဝိုင်းဝန်းတိုက်ခိုက်မှုကို စတင်ကြသည်။
လေထဲမှ ဝမ်ချောင်က အရာအားလုံးကိုတွေးသည်။ အခြေအနေက ထိုတိုင်းဆက်ဖြစ်နေပါက သူတို့သုံးယောက်လုံး ရှုံးသွားလောက်သည်။
ဝုန်း
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏မျက်လုံးက ဖြတ်ကနဲလက်လျှက် ခပ်မြန်မြန် အလုပ်စလုပ်သည်။
“စီနီယာကျိုး ချန်နန်းတော်က ဘယ်နေရာမှာလဲ”
ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် အသံပို့လွှတ်သည့် သိုင်းကိုအသုံးပြုလျှက် ဝင်္ကပါအကြီးအကဲ၏ နားနားကပ်ကာ စကားပြောလိုက်သည်။ ဝင်္ကပါအကြီးအကဲက အစပိုင်းတွင် ကြောင်သွားသည်။ ထို့နောက် ခပ်မြန်မြန် တုန့်ပြန်သည်။
“အနောက်မြောက်ပိုင်း မြောက်ပိုင်းရဲ့ ခြောက်ဒီဂရီ”
“စီနီယာကျိုး ငါ့ရဲ့အချက်ပြမှုကို ရတာနဲ့ မင်းရဲ့ဝင်္ကပါကို ချက်ချင်းရုတ်သိမ်းတော့။ ငါမင်းကို ဒီနေရာက ချက်ချင်းခေါ်သွားပေးမယ်”
“ကောင်းပြီ”
ဝင်္ကပါအကြီးအကဲ၏ စိတ်က ထိုစကားလုံးများကြောင့် အများကြီး ချော့မြူခံလိုက်ရသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲကိုသာ အာရုံပြန်စိုက်လိုက်၏။ သူ၏ လက်ညိုးကို တစ်ချက်လှုပ်ခါပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် အကြီးအကဲ၏ ခေါင်းထံသို့ ကျောက်တုံးတစ်တုံးက ခပ်မြန်မြန် ပြေးဝင်သွားသည်။
“လူယုတ်မာကောင် လာပြီး ဒီအဘိုးကြီးနဲ့ တိုက်ခိုက်စမ်းပါ”
သူကအော်ဟစ်ရင်း နောက်ထပ်တစ်တုံး ထပ်ပစ်ပြန်သည်။
အခြားတစ်ဖက်ခြမ်းတွင် ဝမ်ချောင်က အာကာသရွေ့လျားမှုသိုင်းကို အမြင့်ဆုံးသို့ ပို့လွှတ်အသုံးပြုလျှက် လျှင်မြန်စွာတွက်ချက်ရင်း ရွေ့လျားနေလေသည်။
အချိန်အများကြီး မရှိတော့ဘူး။ အခွင့်အရေးက တစ်ခုပဲရှိတယ်။ ကိုး၊ ရှစ်၊ ခုနှစ်၊ ခြောက်၊ ငါး....
ဝမ်ချောင်က စိတ်ထဲတွင် ရေတွက်နေသည်။ သူဟာ ငါးထိရေတွက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော အော်သံကိုလုပ်သည်။
“အခုပဲ”
ဝမ်ချောင်က လက်ဝါးတစ်ချက် ပို့လွှတ်လိုက်ပြီး နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်း ဓားချီပေါင်းများစွာကို ပစ်လွှတ်ကာ စစ်ခွန်းယွမ်ကျားနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲများကို နောက်ဆုတ်သွားစေလိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူက ဝင်္ကပါအကြီးအကဲရှိရာ နေရာသို့ အပြေးသွားသည်။
ဘုန်း
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ အချက်ပြမှုကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူက ဝင်္ကပါတွင် အသေးစား ကွဲအက်ရာလေး ဖန်တီးလိုက်သည်။
“သူတို့ကိုတား”
အခြားတစ်ဖက်ခြမ်းမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ မျက်နှာက တစ်စုံတစ်ရာ မှားယွင်းကြောင်း သတိထားမိလိုက်ပြီး မျက်နှာထားက တင်းမာသွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် လက်ဝါးတစ်ချက်ကို ပို့လွှတ်လိုက်သည်။ သို့သော် သူ၏တုန့်ပြန်မှုက မြန်ဆန်သည်ထက် ဝမ်ချောင်က ပိုမြန်သည်။
ခြိမ်း
သိပ်သည်းသော မျှားနှင့်ကျောက်တုံးမိုးများအပြင် မရေမတွက်နိုင်သော စွမ်းအင်အလင်းတန်းပေါင်း များစွာက ဝင်္ကပါအကြီးအကဲ ယူထားသော နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကြယ်တာရာစွမ်းအင်နှင့် ဖုန်မှုန့်များက ပေါက်ကွဲလာသောအခါ ကျောက်တုံးဝင်္ကပါက ဖျက်ဆီးခံလိုက်ရသည်။
သို့သော် သူ့ကိုမူ အတွင်းတွင် မမြင်ရတော့ပေ။
ရုတ်တရက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် အကြီးအကဲက စူးရှသောမျက်လုံးနှင့် ဝမ်ချောင် ဝင်္ကပါအကြီးအကဲကိုခေါ်ပြီး စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ ရှိရာဘက်သု့ိ သွားနေကြောင်း မြင်လိုက်ရသည်။
“အဲ့ဒီမှာ”
စုန့်ယွမ်ယွီသည်လည်း ဝမ်ချောင်ကိုမြင်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အထင်သေးသော အကြည့်များက ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ရှိရာဘက်သို့ လက်ဝါးတစ်ချက် ရိုက်သွင်းလိုက်သည်။
“ပုဇွန်ကြီးတစ်ကောင်က ရထားလုံးကို တားဖို့ကြိုးစားတယ်။ သေချင်နေတာပဲ”
ကပြောင်းကပြန်ဖြစ်နေသော ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များက လိမ့်ဝင်လာလျှက် နဂါးများ၊ မြွေများအသွင် ပြောင်းလဲလိုက်ပြီး ဝမ်ချောင်ရှိရာဘက်သို့ ဖျက်ဆီးခြင်းစွမ်းအားအပြည့်ဖြင့် လာလေသည်။
“ကျယ်ပြောသော ကောင်းကင်ဘုံမြေကမ္ဘာသိုင်း”
ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် သူ၏မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အမြင့်ဆုံးသို့ ထုတ်သုံးလိုက်ပြီး နေတစ်စင်းနှင့် လတစ်စင်းအား စုန့်ယွမ်ယွီထံ ပစ်လိုက်သည်။
ခြိမ်း
ကြယ်တာရာစွမ်းအင် အားလှိုင်းနှစ်ခုက ထိပ်တိုက်ရင်ဆိုင်သွားပြီး စုန့်ယွမ်ယွီက ဝမ်ချောင်၏အနောက်သို့ လိုက်တော့မည့် အခိုက်အတန့်တွင် သူ၏ ကြယ်တာရာစွမ်းအင်က ဆုတ်ယုတ်သွားကြောင်း ခံစားလိုက်ရသည်။ ထိုနေရာတွင် အဟကြားတစ်ခုပင် ဖြစ်လာသည်။ စုန့်ယွမ်ယွီက အလန့်တကြား အော်လိုက်မိသည်။
သူသည် သူ၏ ထာဝရနွေဦးမာန်ထရာကို ကြယ်တာရာစွမ်းအင်များ သိပ်သည်းခိုင်မာလွန်းပြီး သံမဏိထက်ပင် မာကြောလွန်းသော အခိုက်အတန့်သို့ ရောက်သည်အထိ ကျင့်ကြံထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်ကဲ့သို့ သိုင်းလောကအတွင်း ကျော်ကြားမှုအနည်းငယ်သာရှိသော ဂျူနီယာ တစ်ယောက်၏ အရှေ့တွင်ပင် သူ၏ကြယ်တာရာစွမ်းအင်က လှုပ်ခါသွားသည်။
“ဆရာ သွားတော့”
ဝမ်ချောင်က အချိန်ဆွဲမနေပေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီကို လက်ဝါးတစ်ချက်ဖြင့် ဖိနှိပ်ပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် အနောက်မြောက်ပိုင်း၏ ချန်နေရာသို့ အပြေးသွားသည်။
ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်တာရာစွမ်းအင် အားလှိုင်းနှစ်လှိုင်းက ထိပ်တိုက်ရင်ဆိုင်ကုန်သည်။
ဇွက်
ချက်ချင်းဆိုသလိုပင် မိစ္ဆာဧကရာဇ်ကြီးက ပျောက်သွားသည်။ သူသည် ဝမ်ချောင်၏ အကြံအစည်ကို မသိသော်လည်း ထိုတပည့်ကိုမူ ယုံသည်။
“ချောင်အာ မင်းအရင်သွား ငါနောက်ကိုထိန်းထားမယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူသည် အနောက်မှ ကပ်လိုက်လာပြီး ချန်နေရာသို့သွားသည်။
“စုန့်ယွမ်ယွီ မြန်မြန် သူ့ကိုမပြေးစေနဲ့။ ဒီဆရာတပည့်နှစ်ယောက်က အကန့်အသတ်ကို ရောက်နေလောက်ပြီ”
ယင်နက်ဘိုးဘေး လော့ချီယင်က ခပ်တင်းတင်းအော်သည်။
သူ၏မျက်ဝန်းက ရှေ့သို့ တဖြောင့်တည်းကြည့်ရင်း လျှပ်စီးလက်သလိုလိုက်သည်။
စုန့်ယွမ်ယွီက စကားတစ်ခွန်းမှ မပြောပေ။ သူ၏အမူအရာက တည်ငြိမ်အေးဆေးကာ ထောင်လွှားသည်။ သို့သော် သူသည်လည်း ယင်နက်ဘိုးဘေးထက် မြန်ဆန်စွာလိုက်လေသည်။
သို့ရာတွင် ထိုနှစ်ယောက်က နောက်သို့လိုက်ဖမ်းသည်နှင့် လေထုက အားလှိုင်းများထလာပြီး သိပ်သည်းသော စွမ်းအင်တောအုပ်ကြီးလို အားလှိုင်းတစ်ရပ်က သူတို့ထံသို့ ပြေးဝင်လာလေသည်။ ဒါဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းလည်းဖြစ်သည်။
“မင်းမလွတ်ပါဘူး”
ကျယ်ပြောသော စွမ်းအင်အားလှိုင်းများက ရှေ့သို့ ပေါက်ကွဲထွက်သွားပြီးနောက် ယင်နက်ဘိုးဘေးက အံ့ကိုကြိတ်လျှက် သူ၏စွမ်းအင်များကို လွှတ်ထုတ်လိုက်ကာ ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။
စုန့်ယွမ်ယွီကလည်း သူ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်လိုက်ပြီး ကျော်ဖြတ်လာသည်။ သူသည် စွမ်းအင်အားလှိုင်း တစ်ဝက်ကျော်ကျော်ခန့်ကို ရှောင်ရှားလိုက်ရင်း ကြယ်တာရာစွမ်းအင်များဖြင့် မှန်တစ်ချပ်ကဲ့သို့ လှီးဖြတ်လာခဲ့လေသည်။
ထိုနှစ်ယောက်သည် မိစ္ဆာဧကရာဇ်၏ တိုက်ကွက်များကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ရှောင်ရှားလာခဲ့သည်။ သူတို့၏အနောက်တွင် စစ်ခွန်းယွမ်ကျား၊ အော့ရန်ချန်းဟန်နှင့် မြောက်များလှစွာသော မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များပါသည်။
ဘုန်း ဘုန်း
စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က ရှောင်ရှားလျှက် အပြေးလိုက်လာချိန်တွင် လေထုက တုန်ခါသွားသည်။
“အသုံးမဝင်ဘူး မင်းတို့မလွတ်ဘူး”
စုန့်ယွမ်ယွီ၏ မျက်လုံးက အေးစက်သွားပြီး တင်းမာသော အလင်းများဖြင့် ပေါက်ထွက်လာသည်။ ထိုနှစ်ယောက်က အကွာအဝေး အနည်းငယ်သာ ခြားတော့သည်။ ထို့ကြောင့် စက္ကန့်အနည်းငယ်အတွင်း တစ်ဖက်လူများကို မှီနိုင်သည်။
ဝမ်ချောင်တို့၏အဖွဲ့က ဆက်ပြေးသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်ကို ပြောသည်။
“ချောင်အာ ငါတို့အခု ဘာလုပ်မှာလဲ”
မူလအမရတောင်က အလွန်အမင်း ရှုပ်ထွေးသည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့အတွက် ထွက်ပြေးရန် မဖြစ်နိုင်ပေ။
“စိတ်အေးအေးထား သူတို့မမှီပါဘူး”
ဝမ်ချောင်က ထိုသို့ပြောပြီး သူ၏မျက်လုံးက အလွန်အမင်း စူးရှသွားပြီးနောက် စိတ်ထဲတွင် ရေတွက်သည်။
သုံး၊ နှစ်၊ တစ်
တစ်သို့ရောက်သွားချိန်တွင် ဘုန်းကနဲအသံက ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် အာကာသပြင် တစ်ခုလုံးက တုန်ခါသွားချိန်တွင် ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့ကို ခေါ်ကာ ဝင်္ကပါဂိတ်ပေါက်ထဲသို့ ဝင်လိုက်သည်။
“ဘယ်သွားမှာလဲ”
အနောက်ဘက်မှ ပေါက်ကွဲသံ ထွက်လာသောအခါ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က လိုက်မှီလာပြီဖြစ်သည်။ သူတို့နှစ်ယောက်က နီးကပ်လွန်းသဖြင့် အသက်ရှုသံကိုပင် ကြားနိုင်၏။ ခြေငါးလှမ်း၊ ခြေလေးလှမ်း၊ ခြေသုံးလှမ်း... ထိုနှစ်ယောက်က နောက်ထပ် ကြမ်းတမ်းသောတိုက်ပွဲကို စတင်တော့မည့် အခိုက်အတန့်တွင် မမြင်ရသော လက်တစ်ဖက်က ဝမ်ချောင်တို့၏အဖွဲ့ကို ခေါ်ဆောင်သွားပုံပေါ်သည်။ လေတိုးသံလို ဟိန်းသံလိုလို အသံမျိုးက ထွက်ပေါ်လာပြီးနောက်တွင် ဝမ်ချောင်တို့၏အဖွဲ့က ပျောက်သွား၏။ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့သည်လည်း ဝမ်ချောင်က ခေါင်းကိုလှည့်လျှက် ထူးဆန်းသောအပြုံးမျိုး ပြုံးပြလာကြောင်းကိုသာ နောက်ဆုံး မြင်လိုက်ရသည်။
“???”
ထိုသုံးယောက်က ပျောက်ကွယ်သွားသည်နှင့် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က မှင်သက်စွာ ကျန်ရစ်ခဲ့သည်။
“သေစမ်း”
ယင်နက်ဘိုးဘေးက ရှေ့သို့ဆက်သွားသည်။ သူ၏အံ့ကိုကြိတ်ထားရင်း ဘာမှမရှိတော့သော အာကာသပြင်ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် လူတစ်ယောက်မှ မရှိပါပေ။
ဝမ်ချောင်သည် ဝင်္ကပါအကြီးအကဲနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့ကိုခေါ်ကာ အတူတကွ ပျောက်သွားသည်။
“ဆိုးယုတ်တဲ့ကောင်စုတ်လေး ဒီအဘိုးကြီးသာ မင်းနဲ့ပြန်တွေ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့မဆို ရအောင်သတ်မှာ။ မျိုးမစစ်ကောင် မျိုးမစစ်ကောင် ရမ်းကားတဲ့ကောင်”
ယင်နက်ဘိုးဘေး၏ အော်သံက အာကာသတခွင် ဟိန်းထွက်နေသည်။
သို့သော် တခဏခန့်ကြာပြီးနောက် ယင်နက်ဘိုးဘေး၏ အော်သံများကပင် ရပ်သွားသည်။ ဒေါသတကြီးဖြစ်သလိုမျိုး ပြင်းထန်လွန်းသည့် ပေါက်ကွဲမှုအတွင်းတွင် မြေကမ္ဘာက တဒုန်းဒုန်း တဒိုင်းဒိုင်း အော်မြည်လျှက် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော တိုက်ကွက်ပေါင်းများစွာက ဆင်းသက်လာသည်။ ဝင်္ကပါကြီးက လုပ်ကြံသတ်ဖြတ်မှုကို စတင်ပြီဖြစ်သည်။
....
စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က တိုက်ကွက်အောက်သို့ ရောက်နေချိန်တွင် အခြားသောသုံးယောက်က လုံခြုံဘေးကင်းသွားကြပြီဖြစ်သည်။ ဝမ်ချောင်တို့၏ အဖွဲ့က အနားယူခြင်းဂိတ်ပေါက်သို့ ပြန်ရောက်သွားသည်။
“တကယ်ကို အရင်းအနှီးကြီးလိုက်တာ”
ဝင်္ကပါအကြီးအကဲက ရင်ဘက်ကိုပုတ်ရင်း ဝမ်ချောင်၏အနောက်ဘက်မှ ထွက်လာသည်။ တခဏခန့်သာ ကြာသွားလျှင် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က လိုက်မှီလာတော့မည်ဖြစ်သည်။ ထိုတိုင်တန်ကြီး နှစ်ယောက်နှင့် အနောက်ဘက်မှ ကျွမ်းကျင်ပညာရှင်များ ပေါင်းလိုက်သော် သူတို့သုံးယောက်အနေဖြင့် ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။
“တော်တော်လေးကို အန္တရာယ်များတာတော့ အမှန်ပဲ။ ကံကောင်းတာက ဒီကလေးက အချိန်ကိုက် တွက်ချက်နိုင်ခဲ့တာပဲ။ သုံးစက္ကန့်သာ နောက်ကျသွားရင် အနားယူခြင်းဂိတ်က ငါတို့ကို ကျော်သွားမှာ။ အဲ့ဒီအခါ ငါတို့ ထွက်ပြေးနိုင်ချေမရှိတော့ဘူး”
ဝင်္ကပါအကြီးအကဲ၏ နှလုံးသားက ကြောက်လန့်မှုများဖြင့် ခုန်လှုပ်နေသေးသည်။
“ချောင်အာ ဘယ်လိုနေလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်ဆီသွားသည်။
ယခုလေးတင် ဝမ်ချောင်သည် သူ၏လေးစားဖွယ်ကောင်းသော တွက်ချက်နိုင်စွမ်းရည်ကို အသုံးပြုလျှက် အဖွဲ့ကို အတူတကွ လွတ်မြောက်နိုင်ရန် ကြိုးစားကူညီခဲ့သည်။ အရာအားလုံးဟာ လွယ်ကူသည်ဟု ထင်ရသော်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိလေသည်။
ဝမ်ချောင်၏မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူဖျော့နေပြီး အသက်ရှုသံကလည်း မတည်ငြိမ်ပေ။ သူ၏သွေးချွေးများကပင် တုန်ခါနေသည်။ သူ၏ခန္ဓာကိုယ် အခြေအနေက ထင်ရသလောက် မတည်ငြိမ်ပါပေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ကြာရှည်စွာ မတိုက်ခိုက်နိုင်သည်မှာ သူ၏တန်ထျန်းက ကွဲကြေနေခဲ့သောကြောင့်သာဖြစ်သည်။ သို့သော် ဝမ်ချောင်၏ အခြေအနေကမူ ကျင့်ကြံခြင်းသွေဖယ်မှု ဖြစ်လာနိုင်လောက်အောင် ပြင်းထန်သည်။
“အား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ စကားလုံးများက ဝင်္ကပါအကြီးအကဲကို အလန့်တကြား ဖြစ်သွားစေပြီး ချက်ချင်းလိုလိုလှည့်ကာ ဝမ်ချောင်ကို ကြည့်မိစေသည်။
အခန်း(၁၃၉၉)
“ဆရာ စိတ်အေးအေးထား ကျွန်တော် အဆင်ပြေသေးတယ်”
ဝမ်ချောင်က လက်ကိုယမ်းလိုက်ရင်း အရာအားလုံးက အဆင်ပြေကြောင်း ပြောပြချင်ခဲ့သည်။ သို့သော် ထိုသို့ပြောနေရင်း သူ၏နဖူးတွင် ချွေးစေးများ သီးလာသည်။
ဖြောင့်မတ်မှန်ကန်ခြင်း ကျွမ်းကျင်ပညာရှင်များနှင့် ဘိုးဘေးငါးယောက် မဟာမိတ် ကျွမ်းကျင်ပညာရှင်များကို လက်ဗလာနှင့် တိုက်ခိုက်ရသည့် တာဝန်သည် သူ့ကိုအလွန် ဖိအားများစေသည်။ အချို့သော ရှု့ထောင့်ဘက်မှကြည့်သော် ဆရာဖြစ်သူထက်ပင် အန္တရာယ်များခဲ့သေးသည်။
“ငါအချိန်ကာလကို တွက်ချက်လို့ပြီးသွားပြီ။ ငါ့ရဲ့ အကန့်အသတ်ကိုလည်း ရောက်နေပြီဆိုတော့ ဒီထက် ဆက်ကြာနေမယ်ဆိုရင် သေချာပေါက် အန္တရာယ်ကြုံရမှာပဲ။ ဒါပေမဲ့ အခု ခဏလောက်တော့ နားချိန်ရတယ်”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ့စကားကို ကြားသောအခါ သက်ပြင်းအသာချသည်။ သူသည်လည်း တပည့်ဖြစ်သူကို ရင်းနှီးနေပြီးသားဖြစ်သည်။ တပည့်ဖြစ်သူဟာ ဒီလိုအခြေအနေမျိုးကို လိမ်ညာလိမ့်မည်မဟုတ်ချေ။ ဝမ်ချောင်ဟာ အရာအားလုံး တွက်ချက်ပြီးမှသာ လှုပ်ရှားခဲ့ခြင်း ဖြစ်လောက်၏။ ထိုအကြောင်းပြချက်ကြောင့်လည်း သူသည် ဝမ်ချောင်ကို တပည့်အဖြစ် လက်ခံရရှိခဲ့သည့်အပေါ် ဂုဏ်ယူနေခဲ့ခြင်းဖြစ်သည်။
“အွန်း”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခေါင်းညိမ့်သည်။
“ခဏလောက်နားလိုက်ဦး။ အနားယူခြင်း ဂိတ်ပေါက်က တော်တော်လေးတော့ လုံခြုံပါတယ်။ နောက်ပြီး ငါတို့က အဲ့ဒီဖောက်ခွဲမှုအပြည့် ဖြစ်စေတဲ့ တိုက်ကွက်တွေကို ကျော်ဖြတ်ပြီးကာစဆိုတော့ အခြေအနေ တစ်ခုကြာတဲ့အထိတော့ လုံခြုံမှာပါပဲ”
“ဟုတ်တယ် ငါက စောင့်ကြပ်နေတဲ့အချိန်မှာ မင်းတို့ဆရာတပည့်တွေ ကျင့်ကြံကြပေါ့”
ဝင်္ကပါအကြီးအကဲက ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ ပတ်ပတ်လည်တွင် ကျောက်တုံးလေးအချို့ကို ပစ်ပေးလိုက်သည်။ ထိုကျောက်တုံးဆယ်တုံးက မြေပြင်သို့ ထိသွားရုံနှင့် ရိုးရှင်းသော ဝင်္ကပါတစ်ခုက ပေါ်လာသည်။
ဝမ်ချောင်က ခေါင်းအသာညိမ့်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အတူပေါင်းကာ ထိုင်လိုက်ရင်း ကျင့်ကြံသည်။
အချိန်ကြာလာသောအခါ ဝင်္ကပါအတွင်းမှ မြောက်များလှစွာသော သိုင်းပညာရှင်များက ဖုန်အဖြစ် ပြောင်းလဲသွားရင်း အော်ဟစ်သံများက ထွက်ပေါ်လာသည်။ နှိုင်းယှဉ်ကြည့်သော် ဝမ်ချောင်တို့၏ အဖွဲ့က ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် အထက်မှကြည့်နေသော ပုံရိပ်သုံးခုရှိသည်။ သူတို့၏အကြည့်က အနားယူခြင်းဂိတ်ပေါက် အတွင်းမှ ဝမ်ချောင်တို့အဖွဲ့ ရှိနေသော နေရာအတွင်းသို့ ရောက်နေသည်။
“အရှင် ငါတို့ ကျရှုံးသွားပြန်ပြီ။ ဒီလူငယ်က အဲ့ဒီပညာသင်သား အိုကြီးထက်တောင် ပိုပြီးလေးစားဖို့ ကောင်းသေးတယ်”
“ငါတော့ စုန့်ယွမ်ယွီနဲ့ ယင်နက်ဘိုးဘေးတို့ အတူပေါင်းရင်တောင်မှ သူတို့ကို မကိုင်တွယ်နိုင်ဘူးလို့ မထင်ထားဘူး”
ဝင်္ကပါ၏စည်းမျဉ်းများကို သူတို့က ကြိုးကိုင်ပြီး စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့အား အမျိုးမျိုးသော ထောင်ချောက်၊ လှည့်ကွက်များကို အသုံးပြုကာ ထိုနေရာသို့ ရွှေ့စေခဲ့ခြင်းဖြစ်သည်။ သို့သော် အဆုံးသတ်တွင် ထိုအဖွဲ့က အလွယ်တကူ လွတ်မြောက်သွားသည်။
အရာအားလုံးက တိတ်ဆိတ်နေပြီး ခေါင်းဆောင်က လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။ သူတို့၏ အေးစက်သော မျက်လုံးက အနားယူခြင်းဂိတ်ပေါက်ထဲမှ လူသုံးယောက်ကိုကြည့်နေသည်။
သူတို့၏ခန္ဓာကိုယ်မှ တည်ငြိမ်သော်လည်း အန္တရာယ်များသည့် စွမ်းအင်များက ဖြာထွက်နေသည်။ လက်အောက်ငယ်သားနှစ်ယောက်က အာရုံခံမိလိုက်ရုံဖြင့် ချက်ချင်းလိုလို တုန်ယင်သွားကာ ပါးစပ်ပိတ်သွားကြသည်။
သူတို့နှစ်ယောက်သည်လည်း ဝမ်ချောင်တို့အဖွဲ့ သုံးယောက်က ဝင်္ကပါအတွင်းမှ အခြားသော သိုင်းပညာရှင်သုံးယောက်ထက် ပိုပြီးအရေးကြီးလာပြီဖြစ်ကြောင်း အကင်းပါးစွာ သိလာကြသည်။ သူတို့သည် ယခုအခါ ခေါင်းဆောင်ဘက်မှ ဆူးတစ်ချောင်းဖြစ်လာလေပြီး တစ်ပတ်လည် ပြင်ဆင်မှုှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ဝမ်ချောင်တို့၏အဖွဲ့က တဖန်ထပ်ပြီး အနားယူခြင်းဂိတ်ပေါက်သို့ ပြန်ရောက်သွားပြန်သည်။
ထိုအခြေအနေက သူတို့အဖွဲ့အတွက် ကြီးမားသည့် အရှက်ခွဲမှုကြီး ဖြစ်နေသည်။
အချိန်အတန်ကြာပြီးနောက် ခေါင်းဆောင်က ရုတ်တရက် ရေခဲတမျှ အေးစက်သော အသံနှင့်ပြောသည်။
“ငါ့ရဲ့အမိန့်ကိုနာခံ ဝင်္ကပါကို သုံးပြီး သူတို့ကို အနားယူခြင်းဂိတ်ပေါက်ထဲက အတင်းထွက်ခိုင်းလိုက်။ ငါသူတို့ကို သေဆုံးခြင်းဂိတ်ပေါက်ထဲကို တစ်လှမ်းချင်းစီဝင်ပြီး ဝင်္ကပါရဲ့ စွမ်းအားအောက်မှာ အမှုန့်ဖြစ်သွားစေချင်တယ်”
ခေါင်းဆောင်၏လက်က ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အရိုးကွဲအက်သံများကပင် ထွက်လာလေရာ လက်အောက်ငယ်သားများက ကြောက်လန့်သွားကြသည်။
“ဒါပေမဲ့အရှင် အနားယူခြင်းဂိတ်ပေါက်က ပြောင်းလဲပြီးကာစ ဝင်္ကပါရဲ့ စွမ်းအားကိုလည်း သုံးပြီးကာစဖြစ်နေတယ်။ ငါတို့အနေနဲ့ သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိဘူး”
“ငါတို့အနည်းဆုံး (၁၂)နာရီလောက်စောင့်ပြီးမှ သူတို့ကိုပြန်ပြီး ရွှေ့ခိုင်းနိုင်တော့မှာ။ ဝင်္ကပါကို ပြောင်းပြန် ပြန်လှည့်ခိုင်းတာက ဆက်တိုက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေတယ်။ ဝင်္ကပါတစ်ခုလုံးတောင် ပြိုကျသွားစေလောက်တယ်”
လက်အောက်ငယ်သား နှစ်ယောက်ကလည်း အထိတ်တလန့် ပြောနေသည်။
ဘုန်း
ထိုစကားလုံးများကို ကြားသောအခါ ခေါင်းဆောင်၏မျက်နှာက ပြောင်းလဲသွားပြီး လေထုကပင် အေးခဲသွားပုံပေါ်သည်။
သိပ်သည်းသော သတ်ဖြတ်လိုစိတ်ဆန္ဒများက ခဲသွားသည်။ ထိုအခိုက်အတန့်တွင် ခေါင်းဆောင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများကိုပင် မြင်နိုင်၏။ ထိုမျက်လုံးတစ်စုံက လက်သီးဖြင့် အထိုးခံရသလိုမျိုး ဝမ်းဗိုက်အတွင်းရှိ ဒေါသများကပင် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်
“ဒါဆိုရင် သူတို့ကို နောက်ထပ် (၁၂)နာရီလောက် အသက်ရှင်ခိုင်းလိုက်။ (၁၂)နာရီပြီးတာနဲ့ နောက်ထပ် စည်းတံဆိပ်ကို ထပ်အသက်သွင်းပြီး ဒီထဲက သိုင်းပညာရှင်တိုင်းကို သတ်လိုက်တော့”
ခေါင်းဆောင်က ဝမ်ချောင်တို့၏အဖွဲ့ကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ဝတ်ရုံကိုခါကာ ထွက်သွားသည်။
......
မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် နာရီပေါင်းများစွာ ကုန်လွန်သွားသည်။
ဝမ်ချောင်က နောက်ဆုံးတွင် မျက်လုံးကိုဖွင့်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် အနီးအနားရှိ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း သူ၏စွမ်းအင် လည်ပတ်မှုကို ရပ်တန့်လိုက်သည်။ သူ၏မျက်နှာ အသားအရည်က အများကြီးကောင်းမွန်လာသည်။
“ဝမ်းသာစရာပဲ မင်းတို့နောက်ဆုံးတော့ သက်သာသွားပြီလား”
ဝင်္ကပါအကြီးအကဲက ဆရာတပည့်နှစ်ယောက်၏ အနားသို့ လျှောက်လာသည်။
“ဝမ်ချောင် ကောင်လေး မင်းရဲ့အခြေအနေက ဘယ်လိုလဲ”
ဝမ်ချောင်က မတ်တပ်ထရပ်ရင်း ယုံကြည်မှုရှိစွာပြောသည်။
“အဓိကပြဿနာတော့ မရှိတော့ဘူး”
သူူ၏အခြေအနေက အစပိုင်းကတည်းက ထင်သလောက် မပြင်းထန်ခဲ့ပေ။ သူ၏စွမ်းအားက ဝရုန်းသုန်းကား ဖြစ်သွားခဲ့ခြင်းပင် မရှိခဲ့သေးပေ။ ထိုအတွက်ကြောင့် အနည်းငယ် အနားယူလိုက်ရုံဖြင့် ပြန်လည်သက်သာနိုင်ခဲ့ခြင်းဖြစ်သည်။
“ဟား ဟား ကောင်လေး အခုဆိုရင် ဒီနေရာကထွက်သွားဖို့ နည်းလမ်းတစ်ခု တွေးလို့ရပြီ။ မင်းရဲ့ တွက်ချက်နိုင်တဲ့ စွမ်းရည်နဲ့ ငါ့ရဲ့ ဝင်္ကပါတွေကို နားလည်နိုင်တဲ့စွမ်းရည် ပေါင်းလိုက်မယ်ဆိုရင် ငါတို့ ဒီအသက်ဂိတ်ပေါက်ကိုတောင် ရှာပြီးထွက်နိုင်မှာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သူ၏လေးနက်ထည်ဝါသော အသံဖြင့် ဝင်ပြောလာသည်။
“ဟုတ်တယ် ဒီမှာ မူလအမရတောင်မှ မရှိတာ။ ဒီလို အန္တရာယ်များလွန်းတဲ့ ဝင်္ကပါကြီးပဲရှိတယ်။ ဒီတော့ ငါတို့ထွက်သွားဖို့ အချိန်ကျပြီ”
သူတို့သည် အနောက်မြောက်ပိုင်းသို့ လာသည်မှာ မူလအမရတောင်ကို ရှာရန်အတွက်ဖြစ်သည်။ အထူးသဖြင့် ဝမ်ချောင်၏ ကျင့်ကြံခြင်းသွေဖယ်မှုကို ကုသရန်ဖြစ်သည်။ သို့သော် ယခုအခါ မူလအမရတောင်က ရှိမနေပေ။
ပို၍ဆိုးသည်မှာ ဖြောင့်မတ်မှန်ကန်ခြင်းနှင့် မိစ္ဆာလမ်းစဉ်လျှောက်သော သိုင်းပညာရှင်များက စုစည်းနေကြသည်။ ထို့ကြောင့် ဒီနေရာတွင် အချိန်အကြာကြီး မနေသင့်တော့ပေ။
မိစ္ဆာဧကရာဇ်ကပင် နောက်ဆုတ်ရန် ရွေးချယ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ခေါင်းခါသည်။ သူ၏မျက်နှာက တည်ငြိမ်နေ၏။
“ဆရာ စီနီယာကျိုး ကြည့်ရတာ ကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ ငါတို့ အသက်ဂိတ်ပေါက်ကိုရောက်ဖို့ လွယ်မှာမဟုတ်ဘူး။ အနည်းဆုံး ဒီလူတွေက ငါတို့ကို ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး”
ဝုန်း
ဝင်္ကပါအကြီးအကဲနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က အချင်းချင်း အံ့အားတကြီး စိုက်ကြည့်လိုက်ကြသည်။
“ချောင်အာ မင်းဘာကို ဆိုလိုတာလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အရင်ဆုံးစပြောသည်။ သူ၏မျက်မှောင်ကကျုံ့ကာ စိတ်ရှုပ်သွားသည်။
“ဟုတ်တယ် မင်းဘာပြောချင်တာလဲ”
ဝင်္ကပါအကြီးအကဲကလည်း ပြောသည်။ သူသည် ဝမ်ချောင်ကို စိုက်ကြည့်နေ၏။
ဝမ်ချောင်နှင့် အတူရှိလာပြီးနောက် ဝင်္ကပါအကြီးအကဲသည်လည်း ဝမ်ချောင်ဟာ မတွေးတောဘဲ လက်လွတ်စပယ် ပြောတတ်သော လူမျိုးမဟုတ်ကြောင်း နက်နဲစွာ နားလည်လာပြီဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင် ထိုသို့ပြောကတည်းက အကြောင်းပြချက် ရှိပေလိမ့်မည်။
ဝမ်ချောင်က တိုက်ရိုက်မဖြေဘဲ ဝင်္ကပါအကြီးအကဲကိုသာ မေးခွန်းတစ်ခု မေးသည်။
“အကြီးအကဲကျိုး အကြီးအကဲကျိုးက ဝင်္ကပါကို တစ်ယောက်ယောက်က ဝင်ရှုပ်နေတယ်လို့ ခံစားမိတဲ့ အချိန်ကို မှတ်မိလား”
“ဒါကဒီတိုင်း ငါခန့်မှန်းကြည့်တာပဲ။ ဘာပဲဖြစ်ဖြစ် ဝင်္ကပါက ထူးထူးဆန်းဆန်း ရွေ့နေတာကိုး။ ကောင်လေး မင်းကဘာလို့ မေးတာလဲ။ ဖြစ်နိုင်တာက...”
ဝင်္ကပါအကြီးအကဲက ပြောနေရင်းမှ မျက်လုံးကပြူးကျယ်ကာ မယုံနိုင်သလို ဖြစ်သွားသည်။
“ခင်ဗျား ခန့်မှန်းတာ မှန်ကန်တယ်။ ဒီနေရာမှာ ဝင်္ကပါကိုသုံးပြီး ငါတို့ ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ မိစ္ဆာလမ်းကြောင်းလျှောက်တဲ့ သိုင်းပညာရှင်တိုင်းကို ပစ်မှတ်ထားနေတဲ့ အဖွဲ့အစည်းတစ်ခုကရှိတယ်”
“ဘာ”
အခြားနှစ်ယောက်ကလည်း ထိုစကားကြောင့် ရုတ်တရက် ဖိအားများသွားကြသည်။
“ချောင်အာ သေချာလား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်ခုံးပင့်သည်။ သူ၏ အမူအရာက ယခင်ကနှင့်ယှဉ်သော် ခြားနားလာသည်။ ဒီနေရာတွင် ဝင်္ကပါကို လျို့ဝှက်ထိန်းချုပ်နေသော တတိယမြောက် အဖွဲ့အစည်းသာရှိပြီး မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်းများစွာကို ဖြားယောင်းနေခဲ့လျှင် တစ်စုံတစ်ရာကတော့ဖြင့် ဖြစ်ရတော့ပေမည်။
“ကောင်လေး မင်းဘာပြောနေလဲ မင်းသိလား။ မူလအမရသိုင်းကို ဘယ်သူမှ မထိမကိုင်နိုင်တာ နှစ်ရာပေါင်းများစွာ ကြာသွားပြီ။ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ အကုန်လုံးက ကြိုးစားခဲ့ပေမဲ့ ပိုင်ဆိုင်သူမရှိတဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်သွားတာ။ ဒီလူတွေ အကုန်လုံးကလည်း သေကုန်တာပဲ။ ဒါပေမဲ့ မင်းပြောသလိုဆိုရင် ဒဏ္ဍာရီတွေက မှားနေတဲ့ပုံစံပေါ့။ အစကနေ အဆုံးအထိ အရာအားလုံးက တမင်တကာ ဖန်တီးထားတာ ဖြစ်နေတာပေါ့”
ဝင်္ကပါအကြီးအကဲက အလွန်အမင်း သည်းမခံနိုင်သလို ဖြစ်သွားသည်။ သူသည် သိုင်းပညာများကို စိတ်မဝင်စားပေ။ သို့သော် မူလအမရအရှင်သခင်၏ ရှေးဟောင်းဝင်္ကပါများကိုမူ အလွန်အမင်း စိတ်ဝင်စားသည်။
ဒါဟာ သူ၏ တစ်ဘဝလုံး တောင့်တခဲ့သော ဆန္ဒတစ်ခုဖြစ်သည်။ သို့သော် မူလအမရသိုင်းဟာ အတုဖြစ်နေခဲ့လျှင် ဆိုလိုသည်မှာ ဝင်္ကပါမှတ်တမ်းများ အားလုံးဟာလည်း အတုဖြစ်ပေလိမ့်မည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူစုတ်သွားသည်။
“အကြီးအကဲကျိုး မူလအမရသိုင်းနဲ့ ပတ်သတ်တဲ့ကိစ္စကို အရင်ဘေးဖယ်ထားရအောင်။ ဘာပဲဖြစ်ဖြစ် မူလအမရသိုင်းနဲ့ ပတ်သတ်တဲ့ ရတနာမြေပုံတွေက အချိန်အတန်ကြာအောင် တည်ရှိနေခဲ့တာပဲ မဟုတ်လား။ ဒီပြဿနာက အခြေအမြစ်မဲ့တာတော့ မဟုတ်လောက်ဘူးပေါ့။ ဒါပေမဲ့ အခု တစ်စုံတစ်ယောက်က ဒီဝင်္ကပါကို တစ်ချိန်လုံး ခိုးပြီးထိန်းချုပ်နေခဲ့တာနဲ့ ပတ်သတ်ပြီး မေးခွန်းကတော့ ထုတ်စရာဖြစ်နေပြီ”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
အကြီးအကဲနှစ်ယောက်၏ အရှေ့တွင် ဝမ်ချောင်သည် သူ၏စိတ်ထဲမှ သံသယများအားလုံးကို ချက်ချင်းလိုလို ထုတ်ပြောလိုက်သည်။ ဘာကိုမှ ထိန်ချန်မထားပေ။
“အနားယူခြင်းဂိတ်ပေါက်ထဲက ငါတို့ အတင်းကန်ထုတ်ခံခဲ့ရတဲ့ အချိန်ကိုမှတ်မိလား။ ဝင်္ကပါကြီး တစ်ခုလုံးက အဲ့ဒီအခြေအနေကြောင့် ကြိုးကိုင်ခံထားရမှန်း ရှင်းလင်းလာတာပဲ။ ဒါ့အပြင် အနားယူခြင်း ဂိတ်ပေါက်က လုံခြုံသင့်တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး (၁၂)နာရီအတွင်းမှာ နှစ်ကြိမ်တောင် တိုက်ခိုက်ခံရတယ်။ ဒီတစ်ခုကတော့ ပုံမှန်မဟုတ်ဘူး”
“ဒါပေမဲ့ဒါက သံသယပဲရှိသေးတယ်။ ဘာကိုမှ အတိအကျ ပြောလို့မရသေးဘူး။ ဘာပဲဖြစ်ဖြစ် မူလအမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ ရှေးဟောင်းဝင်္ကပါမှာလည်း ပြဿနာရှိနိုင်တာကို။ ဒါက သူ့ရဲ့ ထူးခြားတဲ့ လက္ခဏာတွေလား။ လည်ပတ်ပုံက အဲ့ဒီလိုဖြစ်နေခဲ့တာလားဆိုတာကို မသိနိုင်ဘူးလေ။ ဝင်္ကပါက ထူးဆန်းတယ်လို့ ပြောလာတဲ့အချိန်မှပဲ ပုံမှန်စည်းမျဉ်းတွေကို ထည့်သွင်းစဉ်းစားကြည့်တော့မှ အဲ့ဒီလိုဖြစ်နိုင်တယ်လို့ တွေးကြည့်တာ။ ဒါမှမဟုတ် ဒီနေရာက စည်းမျဉ်းက အခြားတစ်မျိုးလည်း ဖြစ်နိုင်နေခဲ့တာကို”
ဝင်္ကပါအကြီးအကဲပြောသည်။ သံသယနှင့် သေချာမှုသည် မတူခြားနားသော ချိတ်ဆက်မှုဖြစ်လေပြီး မခြားနားသော သက်ရောက်မှုမျိုးလည်းရှိသည်။
“အဲ့ဒါပဲသာဆိုရင် ပြောစရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ဆရာ အကြီးအကဲကျိုး မှတ်မိလား။ ငါတို့ အနားယူခြင်းဂိတ်ပေါက်ကနေ အတင်းကန်ထုတ်ခံရပြီး ဘယ်လောက်မှမကြာသေးခင် စုန့်ယွမ်ယွီနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့နဲ့တိုးတယ်ဆိုတာလေ”
ဝမ်ချောင်က တည်တင်းစွာပြောသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မျက်မှောင်ကျုံ့ကာပြောသည်။
“ချောင်အာ ဒါက မလုံလောက်သေးဘူး။ စုန့်ယွမ်ယွီက ဝင်္ကပါထဲကို ငါတို့နဲ့အတူ ဝင်လာခဲ့တာပဲ။ သူနဲ့တွေ့တာက မျှော်လင့်ထားလို့ရတယ်”
ရှင်းလင်းစွာပင် သူသည်လည်း ဝမ်ချောင်နှင့် အမြင်မတူပေ။
“ထပ်ပြီးပြောမယ် ဒါက မလုံလောက်သေးဘူး။ ဒါပေမဲ့... ယင်နက်ဘိုးဘေးကရော”
ဝမ်ချောင်ကမေးသည်။ သူသည် ဆရာကို လှည့်ကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် သူသည် လျို့ဝှက်ချက်အားလုံးကို မြင်နိုင်စွမ်းရည် ရှိပုံရသည်။
“ဝင်္ကပါထဲမှာ စုန့်ယွမ်ယွီနဲ့တွေ့တာက တိုက်ဆိုင်မှုလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ယင်နက်ဘိုးဘေးကို စုန့်ယွမ်ယွီနဲ့ တွေ့ပြီးပြီးချင်း ထပ်တွေ့တာကတော့ တိုက်ဆိုင်မှု ဖြစ်နေတုန်းပဲလား။ အတိအကျကိုပဲ သိုင်းပညာလောကက တိုင်တန်ကြီးနှစ်ယောက်ကို ဝင်္ကပါအတွင်းမှာ တစ်ချိန်ထဲ တွေ့နိုင်သင့်လို့လား”
ဝမ်ချောင်က အကြီးအကဲနှစ်ယောက်ကိုကြည့်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့ကလည်း အံ့အားသင့်မှုအပြည့်ဖြင့် တိတ်ဆိတ်သွားကြသည်။ သူတို့၏မျက်လုံးထဲတွင် နားမလည်နိုင်သော အကြည့်မျိုးက ရှိနေသေးသည်။
အခန်း(၁၄၀၀)
“ဟုတ်တယ် ဝင်္ကပါထဲမှာ စုန့်ယွမ်ယွီနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တို့နဲ့ ပက်ပင်းတွေ့နိုင်တဲ့ အခြေအနေက သေးငယ်တယ်ဆိုပေမဲ့လည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စုန့်ယွမ်ယွီနဲ့ လော့ချီယင်တို့နဲ့ တစ်ချိန်ထဲမှာ ရပ်တန့်ခြင်းဂိတ်ပေါက်ထဲမှာ တွေ့တာကတော့ တိုက်ဆိုင်မှုလို့တော့ ပြောလို့မရတော့ဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်မှောင်က ကျုံ့သထက် ကျုံ့သလို ဝင်္ကပါအကြီးအကဲ၏ အသံကလည်း စိုးရိမ်ကာ မသက်မသာဖြစ်လာပုံရသည်။
“ဒါကနေ တိုက်ဆိုင်မှုတွေကို ရှင်းပြလို့မရသေးဘူး။ ဒါပေမဲ့ကလေး မင်းပြောသလိုသာဆိုရင် အရာအားလုံးက ခြားနားသွားပြီ။ ပိုဆိုးတာက အခုဖြစ်သွားတဲ့အချက်ကို အခြေခံကြည့်ရရင် ငါတို့က သူတို့ဘက်ရဲ့ ဆူးဖြစ်နေပြီ။ အဲ့ဒီလိုမှမဟုတ်ရင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နဲ့ ဘိုးဘေးငါးယောက် မဟာမိတ်ကိုသုံးပြီး ငါတို့ကို ကိုင်တွယ်မှာမဟုတ်ဘူး”
ဝင်္ကပါအကြီးအကဲက ပို၍ပင် မသက်မသာ ဖြစ်လာသည်။ ဂရုတစိုက် ကြည့်မည်ဆိုပါက သူ၏နဖူးတွင် ချွေးစေးများကို မြင်နိုင်၏။
“ငါခန့်မှန်းတာ မှန်ကန်မယ်ဆိုရင် ငါကသူတို့ ဝင်္ကပါရဲ့ တစ်စိတ်တစ်ပိုင်းကို ဖောက်မြင်နိုင်နေလို့ သူတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာပဲ”
မိစ္ဆာဧကရာဇ်က မူလအမရ ဝင်္ကပါထဲသို့ ဝင်ရောက်ခဲ့သည့် တစ်ယောက်တည်းသော ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် မဟုတ်ချေ။ စုန့်ယွမ်ယွီနှင့် လော့ချီယင်တို့လည်းရှိသည်။ မိစ္ဆာဧကရာဇ် တစ်ယောက်တည်းကို ထိုမျှအထိ ဂရုစိုက်ပေးနေရန် မလိုအပ်သင့်ပေ။ ရှင်းလင်းစွာပင် ဝင်္ကပါ အကြီးအကဲက အားလုံးကို ဆွဲချသလို ဖြစ်လာသည်။ ထိုအချက်အလက်ကမူ ဝင်္ကပါအကြီးအကဲအား ရှက်သွားစေသည်။
“အကြီးအကဲကျိုး ဒါကဒီလောက် မရိုးရှင်းဘူး။ အကြီးအကဲမရှိရင် ငါတို့နှစ်ယောက်က ငါတို့သေတဲ့အထိ ဝင်္ကပါထဲမှာ အပိတ်ခံရမှာပဲ။ ဒီလူတွေက စုန့်ယွမ်ယွီနဲ့ လော့ချီယင်ကိုသုံးပြီး ငါတို့ကိုဖယ်ရှားဖို့ ကြိုးစားတာက အကြီးအကဲက သူတို့ကို ခြိမ်းခြောက်နိုင်နေလို့ပဲ။ အကြီးအကဲဒီနေရာမှာ ရှိနေသမျှ သူတို့က ငါ၊ ဆရာ၊ ဒါမှမဟုတ် ဝင်္ကပါထဲမှာရှိသမျှ အခြားလူတွေကို မခြိမ်းခြောက်နိုင်သေးဘူး။ ဒါကြောင့် စီနီယာက အားလုံးကို ဆွဲချသွားတာမဟုတ်ပါဘူး။ အနှစ်ချုပ်ပြောရရင် စီနီယာကြောင့်သာ ငါတို့က လုံခြုံနေတာ”
ဝမ်ချောင်က တည်ငြိမ်စွာပြောပြသည်။
“အဲ့ဒီလိုလား”
ဝင်္ကပါအကြီးအကဲက ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူသည် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်တို့အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်ဟု မျှော်လင့်ထားမိသည်။ မမျှော်လင့်ထားစွာပင် အခြားသော သက်ရောက်မှုက ရှိနေသည်။
“ဒါပေါ့ အမြဲတမ်းအဲ့ဒီလိုပါ”
ဝမ်ချောင်က ပြုံးပြီးခေါင်းညိမ့်သည်။ သူသည် ထိုစကားလုံးများကို ဝင်္ကပါအကြီးအကဲကို နှစ်သိမ့်ပေးရန်အလို့ငှာ တမင်ပြောနေခြင်းမဟုတ်ပေ။ ထိုအကြီးအကဲကြောင့်သာ မဟုတ်လျှင် သူသည်လည်း ဝင်္ကပါအား တွက်ချက်နိုင်လိမ့်မည် မဟုတ်ပါချေ။
“လူတွေများများသုံးပြီး ငါတို့ကိုကိုင်တွယ်ဖို့ ကြိုးစားကြလေလေ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိကြောင်း ဖော်ပြလေလေပဲ။ ကိစ္စတွေကသာ ဆိုးရွားလာခဲ့ရင် ဖြောင့်မတ်မှန်ကန်တဲ့ဘက်နဲ့ ဆိုးယုတ်တဲ့ ဘက်တိုင်းကလူတွေ ဒီနေရာမှာ သေရလိမ့်မယ်။ ငါတို့ကတော့ ဒီလိုဖြစ်ခွင့်ပြုလို့မရဘူး”
ဝမ်ချောင်က တင်းမာစွာပြောသည်။
ဒီနေရာတွင်ရှိနေသာလူများက သိုင်းပညာလောကမှ ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင်ကြီးများ ဖြစ်နေပြီး ဝမ်ချောင်ကပင် လျစ်လျူမရှု့နိုင်သည့် အင်အားစုဖြစ်သည်။ အနာဂတ်တွင် ကပ်ဘေးဖြစ်လာခဲ့သော် ဒီလောကကို ကြီးမားသည့် ကပ်ဘေးကြီးက စောင့်ကြိုနေပေလိမ့်မည်။ ထိုသိုင်းပညာရှင်များ အားလုံးကသာ ခုခံမှုအရင်းအမြစ်ဖြစ်သည်။
ထို့ကြောင့် သူတို့အကြားတွင် မည်သို့သောရန်ငြိုးများ ရှိနေစေကာမူ သူတို့ဟာ ဖြောင့်မတ်မှန်ကန်သည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ လူသားတစ်မျိုးနွယ်လုံးနှင့် တစ်လောကလုံး၏ ကံကြမ္မာကိုပြောင်းလဲရန် ထိုသူများကိုလိုအပ်သည်။
“အကြီးအကဲ ဒီလူတွေကနောက်မှာ ပုန်းရုံသာပုန်းပြီး လူတိုင်းနဲ့ကစားနေတာကို ဖြစ်ခွင့်ပြုလို့မရဘူး။ ငါတို့ အတူပေါင်းပြီး ဒီဝင်္ကပါကိုဖျက်ဆီးလို့ သူတို့ကို ငါတို့ရဲ့စွမ်းအားအရသာ ပေးလိုက်ရအောင်”
“ဟား ဟား ကောင်းတယ်ကောင်လေး မင်းမှန်တယ်။ ငါတို့အတူပေါင်းပြီး ဖျက်ဆီးလိုက်ကြရအောင်”
ဝမ်ချောင်၏ စကားလုံးများက ဝင်္ကပါအကြီးအကဲ၏ မာနတစ်စွန်းတစ်စကို လှုံ့ဆော်လိုက်နိုင်သည်။ သူသည် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ဝင်္ကပါများကို လေ့လာခဲ့ပြီး မည်သူကမှ သူ့ကို ယခုလို ဆော့ကစားခဲ့ဖူးခြင်းမရှိချေ။
ဝင်္ကပါအကြီးအကဲက ယုံကြည်မှုအပြည့်ရှိသည်။ ထိုလူများဟာ မည်သည့်နေရာက လာစေကာမူ အရိပ်၏လုံခြုံသောနေရာတွင်နေ၍ သူတို့အား ဆက်လက်ပြီး အကွက်ချကြံစည်ခြင်းကို ခွင့်ပြု၍မရပေ။
“အကြီးအကဲကျိုး အရင်က အခြေအနေတွေအရ သူတို့က (၁၂)နာရီကြာချိန်တိုင်းမှာ ဝင်္ကပါကို ထိန်းချုပ်နိုင်တဲ့ပုံပဲ။ ဒီစွမ်းရည်က ငါတို့ကို အနားယူခြင်းဂိတ်ပေါက်ကနေ ထွက်အောင်လုပ်ဖို့ လုံလောက်လောက်တယ်။ နောက်ပြီး ကျန်နေသေးတဲ့ အချိန်အရဆိုရင် ငါတို့အတွက် အများဆုံး လေးနာရီလောက်ပဲရှိတော့မှာ”
ဝမ်ချောင်၏မျက်လုံးက ဉာဏ်ပညာရှိသော အလင်းများဖြင့် တောက်ပလာသည်။
“ဝင်္ကပါကိုဖျက်ဆီးဖို့ နည်းလမ်းနှစ်မျိုးရှိတယ်။ တစ်မျိုးက အသက်ဂိတ်ပေါက်က ထွက်သွားတာပဲ။ အခြားဂိတ်ပေါက်တစ်ခုကတော့ ဝင်္ကပါရဲ့အမြူတေကို ဖျက်ဆီးတာ။ ဒီနည်းလမ်းနှစ်ခုလုံးက ငါတို့ကို ဝင်္ကပါထဲက ထွက်စေလိမ့်မယ်”
“မှန်တယ်။ ဒီနည်းလမ်းနှစ်ခုကတော့ မှန်တယ်”
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကိုကြည့်ပြီး မုတ်ဆိတ်မွှေးကိုပွတ်လျှက် သဘောတကျ ခေါင်းညိမ့်သည်။ ဝမ်ချောင်သည် သူနှင့် အချိန်တိုတစ်ခုသာ လေ့လာခဲ့ရသော်လည်း သူသည် ဖော်ပြရန်ခက်ခဲလောက်အောင် နားလည်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုနည်းလမ်းများ အားလုံးက သူတို့သုံးယောက်အတွက် အကောင်းဆုံး ရွေးချယ်နိုင်စရာတစ်ခုဖြစ်သည်။
“အသက်ဂိတ်ပေါက်က ထွက်သွားတာက ငါတို့သုံးယောက်လုံးရဲ့ အသက်ကိုပဲ ကယ်တင်နိုင်မှာ။ အခြားလူတွေကတော့ ဝင်္ကပါထဲမှာ ဆက်ပြီးပိတ်မိနေဦးမှာပဲ။ ဒါကအလွယ်ဆုံး ထွက်ပြေးနိုင်တဲ့ နည်းလမ်းပဲ။ အခြားနည်းလမ်းကတော့ ဝင်္ကပါရဲ့အမြူတေထိသွားပြီး အရင်းအမြစ်ကို ဖျက်ဆီးပစ်တာ။ ဒါကပိုပြီးခက်တယ်။ နောက်ပြီး ငါတို့က သေဆုံးခြင်းဂိတ်ပေါက်ထဲမှာ အဆုံးသတ်သွားနိုင်ချေကလည်း တအားမြင့်တယ်။ ငါတို့က နီးနေလေလေ အန္တရာယ်က ပိုများလေလေဖြစ်နေပြီး ဝင်္ကပါစွမ်းအားနဲ့ တိုက်ရိုက်ရင်ဆိုင်ရလိမ့်မယ်”
ဝမ်ချောင်က ထိုသို့ပြောရင်း သူ၏စိတ်က ဆက်တိုက် လည်ပတ်နေသည်။ တခဏခန့်ရပ်တန့်ပြီးနောက် ဆက်ပြောသည်။
“ဒါပေမဲ့ အဲ့ဒီတတိယအဖွဲ့ကသာ အမှောင်ထဲမှာဆက်ပြီး မိစ္ဆာတွေကို ထိန်းချုပ်နေဦးမယ်ဆိုရင် ငါတို့က အသက်ဂိတ်ပေါက်က ထွက်ဖို့ မဖြစ်နိုင်လောက်ဘူး။ အဆုံးသတ်မှာတော့ ငါတို့က အတက်နိုင်ဆုံး ကြိုးစားခဲ့ရင်တောင်မှ ဒီနေရာမှာ သေရဦးမှာပဲ။ အနှစ်ချုပ်ဆိုရရင် ဝင်္ကပါရဲ့အမြူတေကို ဖျက်ဆီးတာက ပိုခက်ပြီး ပိုအန္တရာယ်များပေမဲ့ တိုက်ရိုက်အကျဆုံးနည်းလမ်းပဲ”
ဝင်္ကပါအကြီးအကဲက အချိန်အတန်ကြာ တိတ်ဆိတ်ပြီးနောက် ပြောသည်။
“ငါဝန်မခံချင်ပေမဲ့လည်း ဒါက ငါတို့အတွက် အကောင်းဆုံးနည်းလမ်းပဲ”
သူသည် ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။ သူသည် သဘာဝအလျောက်ပင် ဝင်္ကပါကို နားလည်သည်။ သို့သော် အရင်းအနှီးက ကြီးမားလွန်းသည်။
သာမာန်ဝင်္ကပါသည် တစ်လွှာသာလျှင်ရှိသည်။ ဥပမာအားဖြင့် သူက ကျောက်တုံးအချို့ပစ်ချကာ ဖန်တီးထားသော ဝင်္ကပါမျိုးဖြစ်သည်။ လေးစားဖွယ်ကောင်းသော ဝင်္ကပါများက သုံးလွှာအထိရှိသည်။ ပို၍အင်အားကြီးမားသော ရှေးဟောင်းဝင်္ကပါများက ငါးလွှာ၊ ခြောက်လွှာ၊ ခုနှစ်လွှာအထိ ရှိတတ်၏။ ခုနှစ်လွှာက ဝင်္ကပါအများစုအတွက် အကန့်အသတ်ဖြစ်သည်။ သို့သော် ရှေးဟောင်း မူလအမရ ဝင်္ကပါကမူ ကိုးလွှာရှိနေသည်။
ဒီဝင်္ကပါသည် ထူးခြားသည်။ ရှုပ်ထွေးမှုနှင့် စွမ်းအားများက အခြားသော ဝင်္ကပါတိုင်းထက် သာလွန်နေသေးသည်။ ထို့အပြင် ကမ္ဘာ့နံပါတ်တစ် ဝင်္ကပါဟုပင် သတ်မှတ်၍ရလောက်၏။ ထို့ကြောင့် ဖျက်ဆီးရန်အတွက်မူကား အပြောကသာ လွယ်လောက်သည်။
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်နှင့်အတူပေါင်းပြီး ဝင်္ကပါကို ဖျက်ဆီးရန် လုပ်ဆောင်မည်ဟု ဂုဏ်ယူစွာ ပြောနေသည့်တိုင်အောင် သူ၏စိတ်အတွင်းပိုင်းတွင် ယုံကြည်မှုအများကြီး မရှိပါပေ။ ဝင်္ကပါများသည် ဆက်တိုက်ဆိုသလို ပြောင်းနေသည်။ ထို့ကြောင့် အမျိုးမျိုးသော အခြေအနေတိုင်းက ဖြစ်လာနိုင်၏။
ဝင်္ကပါကို ဖျက်ဆီးရန် ကြိုးစားသောသူက ဝင်္ကပါသည် လက်ရှိအချိန်တွင် မည်သို့ရွှေ့ပြောင်းနေကြောင်း မြင်နိုင်ရန် လိုအပ်ရုံသာ မကသေးလေဘဲ တစ်စက္ကန့်ခန့်ကြာပြီးနောက် ဆက်ပြောင်းမည့် နေရာကိုလည်း ကြိုမြင်ရနိုင်သည်။ ထို့နောက် တစ်နာရီခန့်ကြာပြီး သို့မဟုတ် ဒီထက်ပိုကြာပြီးလျှင် ပြောင်းလဲမည့် အနေအထားတိုင်းကို မြင်ရပေမည်။
ထိုဝင်္ကပါကိုးလွှာလုံးက ခြားနားသောနည်းလမ်းဖြင့် ပြောင်းနေကြသည်။ ထို့ကြောင့် ကိုးလွှာလုံးကို တွက်ချက်ရန်နည်းလမ်းက အကြိမ်ရေသန်းကျော် သို့မဟုတ် ထိုထက်ပိုများပြီး ကြာရှည်နိုင်သေး၏။ ဝင်္ကပါအကြီးအကဲကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို မေးကြည့်သည်။ သူကိုယ်တိုင်ကလည်း အချိန်တိုအတွင်းတွင် ထိုသို့မလုပ်နိုင်လောက်ပေ။
“အကြီးအကဲကျိုး ငါတို့နှစ်ယောက်သာ အတူပူးပေါင်းလိုက်မယ်ဆိုရင် ဖြစ်နိုင်မှာပါ။ ခင်ဗျားက နန်းတော်ကိုးခုရဲ့ အရွှေ့အပြောင်းကို တွက်ချက်ဖို့ပဲ တာဝန်ယူပေး။ ငါကတော့ ငါအတော်ဆုံးနယ်ပယ်ကို တွက်ချက်ဖို့ တာဝန်ယူပေးမယ်။ အသက်၊ နာကျင်မှု၊ အနားယူခြင်း၊ ရပ်တန့်ခြင်း၊ ကြည့်ရှု့ခြင်း၊ သေဆုံးခြင်း၊ အချက်ပေး ဖွင့်လှစ်ခြင်း ဂိတ်ပေါက်ရှစ်ခုရဲ့ အရွှေ့အပြောင်းတွေကို တွက်ချက်ပေးမယ်”
ဝမ်ချောင်က ထိုသို့ခိုင်မာစွာ ပြောလိုက်သည်။ သူ၏စကားလုံးများက မြေပြင်ကိုပင် ချိုင့်ဝင်သွားစေလောက်သည်။
“ဒါက .... ကောင်လေး မင်းဝင်္ကပါ တွက်ချက်တာက ရယ်စရာမဟုတ်ဘူးလို့ ငါမင်းကို သတိပေးချင်တယ်။ သန်းပေါင်းများစွာရဲ့ တွက်ချက်မှုတွေကို လုပ်ရမှာ”
ဝင်္ကပါအကြီးအကဲက မသက်မသာဖြစ်သလိုပြောသည်။
“ဟား ဟား တွက်ချက်မှု သန်းပေါင်းများစွာလောက်က ပြဿနာမရှိပါဘူး”
ဝမ်ချောင်ကပြုံးပြီး နှစ်သိမ့်သည့် အမူအရာပြသည်။
“???”
ထိုစကားလုံးများကြောင့် ဝင်္ကပါအကြီးအကဲပြောမည့် စကားလုံးများ နှုတ်ခမ်းတစ်ဝက်တွင် ရပ်သွားစေသည်။ သူသည် ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။ ဝမ်ချောင်က ပြန်ပြုံးပြသည်။ သူ၏အမူအရာက တည်ငြိမ်ကာ အေးဆေး၏။ ဝင်္ကပါအကြီးအကဲသည်လည်း ထိုကဲ့သို့ အမူအရာမျိုးကြောင့် ပြန်ပြောရန် ခက်ခဲသွားသည်။
“ဒါက မင်း ... ကောင်းပြီ မင်းပြောသလိုပဲ လုပ်ရအောင်”
အဆုံးသတ်တွင် ဝင်္ကပါအကြီးအကဲက မေးခွန်းတိုင်းကို မြိုချလိုက်ရသည်။
ဝမ်ချောင်က ဝင်္ကပါအကြီးအကဲ တွေးလောက်မည့် အရာမျိုးကို အာရုံစိုက်မနေပေ။ သူက ခပ်မတ်မတ် ထရပ်ရင်း သူ၏ပတ်ပတ်လည်တွင် ဝိုင်းနေသည့် မီးခိုးရောင် နယ်မြေကြီးကိုသာ အကဲခတ်ကြည့်သည်။ သူက မျက်လုံးကိုမှိတ်လိုက်သည်။ တခဏခန့်ကြာပြီးနောက် ကျယ်ပြောသော စိတ်စွမ်းအားများက ဖြာထွက်လာကာ ဝင်္ကပါအနှံ့ စတင်ကာ ပျံ့သွားသည်။
လက်ရှိအချိန်တွင် ဝမ်ချောင်သည် မူလအမရ ဝင်္ကပါကြီးက နှောက်ယှက်နိုင်သလို အမျိုးမျိုးသော အခြေအနေများ ရှိနိုင်ကြောင်း သတိထားမိသွားပြီဖြစ်သည်။ သို့သော် စွမ်းအင်အမျိုးအစားများကို အသုံးပြု၍ အာရုံခံခြင်းနှင့်နှိုင်းယှဉ်သော် ဝမ်ချောင်၏ စိတ်စွမ်းအားက သက်ရောက်မှု အနည်းဆုံး ဖြစ်လောက်သည်။
သူ၏စိတ်စွမ်းအားမှတစ်ဆင့် ဝမ်ချောင်သည်လည်း ဝင်္ကပါ၏ တည်ဆောက်ပုံကို အာရုံခံနိုင်သည်။
စိတ်စွမ်းအားလောက အတွင်းတွင်ပင် ဝင်္ကပါကြီးက မီးခိုးရောင်သမ်းနေပြီး ကောင်းမွန်သော အသေးစိတ် အချက်အလက်များကို မြင်နိုင်စွမ်းရည် နည်းပါးသည်။ မီတာထောင်ပေါင်းများစွာ ဆက်သွားပြီးနောက် စိတ်စွမ်းအားများက ရှေ့ဆက်၍ မတိုးနိုင်တော့ပေ။ အခြားစကားဖြင့် ဆိုရသော် ဝမ်ချောင်သည်လည်း ဝင်္ကပါတစ်ခုလုံးကို မမြင်နိုင်ပေ။
ဝမ်ချောင်က သူ၏စိတ်ထဲတွင် ပေါ်လာသော ဝင်္ကပါပုံကြမ်း အပိုင်းအစများကိုကြည့်ရင်း ရေရွတ်လိုက်သည်။
“ဒါက လုံလောက်လောက်ပါတယ်”
အစပိုင်းတွင် ဝမ်ချောင်သည် ဘာလုပ်ရမှန်း မသိလောက်အောင် စွံ့အရသည်။ သို့သော် အနားယူခြင်းဂိတ်ပေါက်မှ ကြည့်ရှု့ခြင်းဂိတ်ပေါက်၊ ကြည့်ရှု့ခြင်းဂိတ်ပေါက်မှ ရပ်တန့်ခြင်းဂိတ်ပေါက်၊ ထို့နောက် အနားယူခြင်းဂိတ်ပေါက်သို့ ပြန်လာခဲ့ပြီးနောက်တွင် ဝမ်ချောင်သည် ဝင်္ကပါဗဟုသုတနှင့် မူလအမရဝင်္ကပါအပေါ် နားလည်နိုင်စွမ်းရည်ကို နက်ရှိုင်းအောင် လေ့ကျင့်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း ဝင်္ကပါ၏ လည်ပတ်ပုံ စည်းမျဉ်းများကို နားလည်နိုင်လာသည်။
စိတ်စွမ်းအားသည် ဝင်္ကပါ၏ အပိုင်းအစကိုသာ မြင်ရအောင် လုပ်ပေးနိုင်သော်လည်း ဝမ်ချောင်က ဝင်္ကပါ၏ စည်းမျဉ်းများအပေါ် နားလည်သဘောပေါက်မှုကို အသုံးပြုလျှက် ကျန်သောကိစ္စများကို ကိုင်တွယ်နိုင်သေးသည်။
ခြိမ်း
ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်ချောင်၏စိတ်က လှုပ်ခါသွားပြီး သူကတစ်ချက် ညဉ်းညူလိုက်ရသည်။ ဝမ်ချောင်၏စိတ်အတွင်းမှ မူလအမရဝင်္ကပါ ပုံရိပ်များက စတင်ကာထွက်ပြေးသည်။
ဘုန်း
ဝင်္ကပါဂိတ်ပေါက်တစ်ခုက ပေါ်လာသည်။ ထို့နောက် ဒုတိယ၊ တတိယ...
ပထမဝင်္ကပါဂိတ်ပေါက် ပေါ်လာပြီးနောက် နောက်ပိုင်းဂိတ်ပေါက်များက ပို၍များပြားစွာ ပေါ်ထွက်လာပြီး လေထဲမှ ရုတ်တရက် ပေါ်ထွက်လာသလိုမျိုး အချင်းချင်း တွဲဆက်လျှက် ဝမ်ချောင်၏စိတ်အတွင်းမှ ဂိတ်ပေါက်များနှင့် ဆက်သွားသည်။ တိုတောင်းသော ကာလအတောအတွင်းတွင် ဝင်္ကပါက စတင်ကာ ကြီးထွားလာသည်။ အစပိုင်းတွင်မူ ဘယ်ညာ၊ ထို့နောက် ရှေ့သို့ ဆက်ပျံ့သွားသည်။ ထို့နောက် အတွင်းဘက်သို့ ဆက်ပျံ့၏။
ထိုဖြစ်စဉ်အတောအတွင်းတွင် ဝမ်ချောင်သည် လျှင်မြန်စွာ တွက်ချက်နေသည်။ အောင်မြင်စွာ တွက်ချက်ပြီးချိန်တိုင်းလိုလို သူသည် သူ၏စိတ်အတွင်းရှိ မူလအမရဝင်္ကပါအတွင်းသို့ ဂိတ်ပေါက်လေးများ ထပ်ဖြည့်ထည့်လေသည်။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မူလအမရ ဝင်္ကပါပုံရိပ်ယောင်က ပို၍ ပြီးပြည့်စုံသထက် ပြီးပြည့်စုံလာသည်။
ဝမ်ချောင်က မူလအမရ ဝင်္ကပါကြီးတစ်ခုလုံးကို ပဟေဠိဖြစ်နေချိန်တွင် ဝင်္ကပါအကြီးအကဲကလည်း သူ၏ကိုယ်ပိုင် ရှုပ်ထွေးသော တွက်ချက်မှုများနှင့် နစ်မြုပ်နေသည်။ ဝမ်ချောင်နှင့် မတူသည်မှာ ဝင်္ကပါအကြီးအကဲက တင်ပြင်ချိတ်ထိုင်နေရင်း ဘယ်ဘက်လက်က တွက်ချက်သည့် ပုံသဏ္ဍန်မျိုးကို လုပ်နေကာ ညာဘက်လက်ကမူ မြေပြင်တွင် စက်ဝိုင်းများ ဆက်တိုက်ဆွဲနေကာ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေသေးသည်။
ချန်နန်းတော်၊ ခမ်းနန်းတော်၊ ကမ်းနန်းတော်၊ ကျန်းနန်းတော်၊ အလယ်နန်းတော်၊ ရွှမ်နန်းတော်၊ လီနန်းတော် ခွန်းနန်းတော်၊ သွေ့နန်းတော် ထိုအရာများသည် နန်းတော်ကိုးခုဖြစ်ပြီး နေရာများသည် ပုံမှန်အားဖြင့် အတိတကျရှိလေသည်။
သို့သော် ယခုလို သိပ်သည်းရှုပ်ထွေးလွန်းသော မူလအမရ ဝင်္ကပါအတွင်းတွင် နန်းတော်ကိုးခု နေရာက ဆက်တိုက်ဆိုသလို ပြောင်းလဲနေသည်။ ဝင်္ကပါသိုင်းပညာတွင် အလွန်အမင်း ကျွမ်းကျင်သော လူမျိုးကသာ ထိုနန်းတော်များ၏ အပြောင်းအလဲကို တွက်ချက်နိုင်လောက်သည်။ နန်းတော်ဂိတ်ပေါက်က မြောက်၊ တောင်၊ အနောက်၊ အရှေ့ သံလိုက်အိမ်မြှောင်အလား တည်ရှိနေသော်လည်း ဦးတည်ရာဘက်များကမူ ပုံမှန်အတိုင်း လည်ပတ်နေခြင်း မဟုတ်ပါပေ။