← Chapters

အခန်း (၁၄၀၁-၁၄၀၅)

Vol. 83 Ch. 1401-1405

အခန်း (၁၄၀၁-၁၄၀၅)

Vol. 83 Ch. 1401-1405

အခန်း(၁၄၀၁)

နန်းတော်ငါးခုအတွက် တွက်ချက်မှုဟာ ရှုပ်ထွေးသော်လည်း ဝင်္ကပါများအပေါ် ခြုံငုံနားလည်နိုင်စွမ်းရည်ကို စမ်းသပ်ခြင်းနှင့် တူလေသည်။ နားလည်နိုင်စွမ်းရည်က ဝမ်ချောင်၏ လုပ်နိုင်စွမ်းရည်ထက် ရှုပ်ထွေးမှု လျော့နည်းနေသည်။ တိုက်တိုက်ဆိုင်ဆိုင် ဝင်္ကပါအကြီးအကဲက ကျွမ်းကျင်သော နယ်ပယ်လည်း ဖြစ်နေသည်။

နန်းတော်ဂိတ်ပေါက်သည် တွက်ချက်မှုကိုသာ တိတ်တဆိတ် လုပ်ဆောင်ရန် လိုအပ်လေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဘာစကားမှမပြောဘဲ နှစ်ယောက်၏ဘေးနားတွင်သာ တိတ်တဆိတ် ထိုင်နေလျှက် သူတို့အတွက် စောင့်ကြပ်ပေးနေသည်။

...

တစ်နာရီနီးပါးခန့်ကြာပြီး နောက်ဆုံးသော ဝုန်းကနဲ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် ဝမ်ချောင်က သူ၏စိတ်ထဲမှ နောက်ဆုံးသော ဝင်္ကပါဂိတ်ပေါက် အပိုင်းအစကို ပြီးမြောက်အောင် လုပ်လိုက်နိုင်ခြင်းအားဖြင့် ကြီးမားသိပ်သည်း ရှုပ်ထွေးလွန်းသည့် ဝင်္ကပါကြီးတစ်ခုလုံးကို ပြီးပြည့်စုံအောင် နောက်ဆုံးသောစုတ်ချက်ကို ဆွဲချလိုက်နိုင်သည်။ ထိုဝင်္ကပါသည် ဂိတ်ပေါက်တစ်သောင်းကျော် ရှိနေပြီး ရှုပ်ထွေးမှုသည် စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလွန်းသည်။ သို့သော် ထိုဝင်္ကပါတွင် နောက်ဆုံးတစ်ပိုင်းဖြစ်သည့် နန်းတော်ကိုးခုသာ လိုအပ်နေသည်။

ဝုန်း

ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်ပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာကို မြင်လိုက်ရသည်။

“ကောင်လေး မင်းအောင်မြင်သွားတာလား”

ဝင်္ကပါအကြီးအကဲက မေးသည်။ သူ၏မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။

ဝမ်ချောင်က ခပ်တိုးတိုး အသံပေးလိုက်ရင်း ခိုင်မာစွာ ခေါင်းညိမ့်ပြလိုက်သည်။

ထိုရိုးရှင်းသော လှုပ်ရှားမှုကတင် ဝင်္ကပါအကြီးအကဲ၏ မျက်လုံးအတွင်း အံ့အားသင့်သည့် အားလှိုင်းများကို ဖြတ်ပြေးသွားစေသည်။ သူ၏မျက်နှာက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။

“ကောင်လေး ငါမင်းကိုမေးမယ်။ ငါတို့ရဲ့ လက်ရှိနေရာက စတင်ပြီး ငါတို့ဆီကနေ ကြည့်ရှု့ခြင်း ဂိတ်ပေါက်အထိ ဝင်္ကပါဂိတ် ဘယ်နှစ်ခုရှိလဲ”

ဝင်္ကပါအကြီးအကဲက ရုတ်တရက်မေးသည်။

“တစ်နာရီအတွင်းမှာ နာကျင်မှုဂိတ်ပေါက် ဘယ်နှစ်ပေါက်နဲ့ အချက်ပေးဂိတ်ပေါက် ဘယ်နှစ်ပေါက်ကို ကြုံတွေ့ရမလဲ။ နောက်ပြီး လေးနာရီကြာရင် ဘယ်နှစ်ပေါက်ကို တွေ့ရမှာလဲ”

သူ၏အမူအရာက တည်ငြိမ်သွားသော်လည်း သူ၏စိတ် အတွင်းပိုင်းတွင်မူ အလွန်အမင်း ထိတ်လန့်နေလေသည်။ မူလအမရ ဝင်္ကပါသည် အချိန်တိုင်းလိုလို ဆက်တိုက်ပြောင်းလဲနေခြင်းဖြစ်သည်။ နာကျင်မှုဂိတ်ပေါက်နှင့် အချက်ပေးဂိတ်ပေါက်များ၏ အရေအတွက်ကို ရှာဖွေရန် နောက်ထပ် လေးနာရီလုံးလုံး ကြုံတွေ့ရမည့် အလှည့်အပြောင်းအတွက် သန်းပေါင်းများစွာကို တွက်ချက်ရမည် ဖြစ်လေသည်။ ဝင်္ကပါအကြီးအကဲကပင် ထိုသို့ တွက်ချက်ရန်အတွက် ယုံကြည်မှုမရှိပေ။

“ငါတို့နဲ့ အနီးဆုံး ကြည့်ရှု့ခြင်းဂိတ်ပေါက်က (၁၀၇)ဂိတ်ပေါက်မြောက်မှာပဲ”

ဝမ်ချောင်က ချက်ချင်းဆိုသလို ပြန်ဖြေသည်။ သူ၏အမူအရာက တည်ငြိမ်သည်။

“တစ်နာရီနေရင် နာကျင်မှုဂိတ်ပေါက် (၂၃၃)ပေါက်နဲ့ အချက်ပေးဂိတ်ပေါက် (၃၆၁)ပေါက်ကို တွေ့ရလိမ့်မယ်။ လေးနာရီနေပြီးရင်တော့ ဂိတ်ပေါက် (၁၈၇၆)ပေါက် အဝေးမှာ နာကျင်မှုဂိတ်ပေါက် (၁၂၄၅)ပေါက်နဲ့ အချက်ပေးဂိတ်ပေါက် (၃၇၄၂)ပေါက်အပြင် ရပ်တန့်မှုဂိတ်ပေါက် (၄၈၂၆)ပေါက်၊ အနားယူခြင်းဂိတ်ပေါက် (၂၅၇)ပေါက်တွေကိုလည်း ကြုံတွေ့ရလိမ့်မယ်”

ဝင်္ကပါအကြီးအကဲကပင် ထိုပြန်ဖြေမှုကြောင့် သတိလစ်လုမတက် ထိတ်လန့်သွားသည်။

“အသက်ဂိတ်ပေါက်က ဘယ်လိုလဲ။ ငါတို့တွေ အနားယူခြင်းဂိတ်ပေါက်ကနေ အသက်ဂိတ်ပေါက်ကို မသွားခင် ဘယ်လိုအလှည့်အပြောင်းတွေကို တွေ့ကြုံရမှာလဲ”

ဝင်္ကပါအကြီးအကဲကမေးသည်။

“ငါတို့ရဲ့ လက်ရှိနေရာကနေ အသက်ဂိတ်ပေါက်ဆီမရောက်ခင် အနည်းဆုံး ဝင်္ကပါ(၁၄၈၃၂)ပေါက်ကို ကျော်ဖြတ်သွားရလိမ့်မယ်။ ဒါပေမဲ့ အသက်ဂိတ်ပေါက်က တစ်ပေါက်ပဲရှိတာ။ တည်နေရာကလည်း ဆက်တိုက်ပြောင်းနေတာ။ အသက်ဂိတ်ပေါက်က အပြင်ဘက်ဆုံး အကွင်းဘက်မှာ ရှိနေမှပဲ အသက်ဂိတ်ပေါက်လို့ ယူဆနိုင်မှာလေ။ ပိုဆိုးတာက အသက်ဂိတ်ပေါက်က အပြင်ပိုင်းကနေ အတွင်းပိုင်းကို ရွှေ့လာနိုင်သေးတာပဲ။ နောက်ပြီး အဲ့ဒီအခါ အနေအထားကလည်း ပြောင်းလဲသွားပြီ။ အဲ့ဒီလိုနဲ့ နာကျင်မှုဂိတ်ပေါက်၊ အနားယူခြင်းဂိတ်ပေါက်၊ ရပ်တန့်ခြင်းဂိတ်ပေါက်၊ အချက်ပေးဂိတ်ပေါက်၊ စသဖြင့် တစ်ပတ်စီ ကြုံတွေ့ရမှာပေါ့။ ဒီလူတွေကသာ ဆန္ဒရှိရင် ငါတို့အသက်ဂိတ်ပေါက်ကို ရောက်သွားတာနဲ့ သူတို့က ဝင်္ကပါကိုပြောင်းလိုက်ပြီး အသက်ဂိတ်ပေါက်ကို ဖယ်လိုက်မှာပဲ။ အဲ့ဒီလိုဆိုရင် ငါတို့ရဲ့ ထွက်ပြေးနိုင်တဲ့ မျှော်လင့်ချက်က ပျက်စီးသွားပြီ။ ဒါကြောင့် ငါတို့ထွက်သွားဖို့ မဖြစ်နိုင်လောက်တော့ဘူး”

ဝမ်ချောင်က တင်းမာစွာပြောသည်။

ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကို အံ့အားတကြီး စိုက်ကြည့်နေလေပြီး စကားတစ်ခွန်းပင် မဆိုနိုင်တော့ပေ။ သူသည် ကြုံသလို မေးခွန်းများကို မေးလိုက်ပြီး မေးခွန်းတိုင်း၏ အဖြေကလည်း ရာပေါင်းများစွာ၊ သိန်းပေါင်းများစွာ တွက်ချက်မှုများ လိုအပ်နေသေးပြန်သည်။ အသက်ဂိတ်ပေါက်၏ တည်နေရာအတွက်ကမူ သူကိုယ်တိုင်ပင် မှန်ကန်အောင် ပြန်ဖြေမပေးနိုင်ပေ။

သိန်းပေါင်းများစွာသော ဝင်္ကပါဂိတ်ပေါက်များထဲတွင် အသက်ဂိတ်ပေါက် တစ်ခုတည်းကို လိုက်ရှာပြီး သူ၏ အရွှေ့အပြောင်းနေရာကို သန်းနှင့်ချီသော တွက်ချက်မှုများဖြင့် လုပ်ရပေလိမ့်မည်။ ထို့ပြင် သူက ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့နှင့် ပူးပေါင်းပြီး နာရီပေါင်းများစွာ အချိန်ရခဲ့သည်။ သို့သော် သူကိုယ်တိုင်ကပင် ထိုသို့ မတွက်ချက်နိုင်ခဲ့ပေ။ သို့ရာတွင် ဝမ်ချောင်ကမူ အချိန်ကာလတိုအတွင်း အသက်ဂိတ်ပေါက်ကို ရှာနိုင်သည်။

ဒါက တော်တော်လေးကို အံ့ဩဖို့ကောင်းနေပြီ။

ဝင်္ကပါအကြီးအကဲကလည်း အဖြေဟာ မှန် မမှန်မသိပေ။ သို့သော် ဝမ်ချောင်၏ တွက်ချက်နိုင်စွမ်းရည်ကမူ ကြောက်စရာကောင်းပြီး အံ့အားသင့်ဖွယ် ကောင်းလောက်သော အဆင့်သို့ ရောက်ရှိနေကြောင်း နားလည်လိုက်သည်။ ထိုကလေး၏ ပါရမီဟာ မယုံနိုင်စရာပင်ဖြစ်သည်။

“ဟွန့် အမှန်တိုင်းပြောရရင် ဒီလောက်တော့လည်း မရှုပ်ထွေးပါဘူး”

ဝင်္ကပါအကြီးအကဲ၏ အတွေးကိုသိသည့် ဝမ်ချောင်က ပြုံးလိုက်ရင်း မြေပြင်သို့ လက်ညိုးတစ်ချောင်း ညွှန်လိုက်သည်။ ထိုနေရာတွင်သူဟာ စက်ဝိုင်းများကို စတင်ကာ ဆွဲပြ၏။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် မူလအမရဝင်္ကပါကိုးလွှာ၏ ရိုးရှင်းသော ပုံစံခွက်က ပေါ်လာသည်။

“ခင်ဗျားသာ မူလအမရဝင်္ကပါရဲ့ အလွှာကိုးလွှာကို စိတ်ထဲမှာ ပုံရိပ်ယောင်အဖြစ် ဖန်တီးထားပြီး ဝင်္ကပါအတိုင်း လိုက်ရွှေ့ဖို့ပဲ လိုအပ်တယ်။ ဒီလောက်ရှုပ်ရှုပ်ထွေးထွေး တွက်စရာမလိုပါဘူး”

“ဟာ”

မူလအမရဝင်္ကပါ၏ ပုံစံခွက်ကို မြင်ရသောအခါ ဝင်္ကပါအကြီးအကဲက စိတ်ထဲတွင် သက်ပြင်းချသည်။ သူ၏မျက်လုံးတွင် ရှုပ်ထွေးသော အကြည့်ကလည်း ပေါ်လာ၏။ သန်းပေါင်းများစွာသော တွက်ချက်မှုက ရှုပ်ထွေးသည်။ သို့သော် မူလအမရဝင်္ကပါ၏ ပုံစံငယ်ကို စိတ်ထဲတွင် ပုံဖော်ရခြင်းက ပို၍ပင် ရှုပ်ထွေးစေသည်။

ညပိုင်းတစ်ခုက ခက်ခဲလွန်းသည်။ သူဟာ ထိုကဲ့သို့သော အရာမျိုးကို လုပ်နိုင်စွမ်းရည် ရှိနေခဲ့လျှင် သူသည် ဝင်္ကပါထဲကထွက်ပြီး အပြင်ဘက်တွင် ရပ်နေပြီးလောက်လေပြီ။

“အခု ဝင်္ကပါပညာကို လေ့လာတဲ့နေရာမှာ သဘာဝအလျောက် ပါရမီပါတယ်ဆိုတဲ့ လူတွေက တကယ်ရှိမှန်း ငါယုံကြည်သွားပြီ”

ဝင်္ကပါအကြီးအကဲက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။ ‘အား မင်းက နေရာတိုင်းမှာ ရည်မှန်းချက်ကြီးတာပဲ’ဆိုသော စကားက သူ၏နှုတ်ခမ်းဖျားထဲရောက်ပြီး အနီးအနားရှိ မိစ္ဆာဧကရာဇ်ကို တစ်ချက်ကြည့်ပြီးမှ ပြန်လည်မြိုချလိုက်သည်။

“အချိန်ကျပြီကောင်လေး ငါမင်းကို ငါတွက်ချက်ထားတဲ့ နန်းတော်ကိုးခုရဲ့ အရွှေ့အပြောင်းတွေကိုပြောမယ်”

ဝင်္ကပါအကြီးအကဲက ထိုသို့ပြောပြီး လက်ညိုးကိုညွှန်လိုက်သည်။ သူ၏လက်ညိုးထိပ်မှ နို့နှစ်ဖြူရောင် စွမ်းအင်တန်းကထွက်လျှက် ဝမ်ချောင်၏ ရိုးရှင်းသော မူလအမရဝင်္ကပါ၏ ဘေးဘက်တွင် နန်းတော်ကိုးခု၏ ပုံစံခွက်က ပေါ်လာသည်။ အလွှာက ကိုးလွှာရှိနေပြီး ဝမ်ချောင်၏ မူလအမရ ဝင်္ကပါနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေလေသည်။

နန်းတော်ကိုးခုနှင့် ဂိတ်ပေါက်ရှစ်ပေါက်တို့က အတူတကွ ပေါင်းစပ်သွားမှုနှင့်အတူ မူလအမရဝင်္ကပါကလည်း ပြီးပြည့်စုံသွားသည်။

“နန်းတော်ကိုးခုက ပြောင်းလဲနိုင်တယ်။ ဂိတ်ပေါက်ရှစ်ခုကလည်း ပြောင်းနေမှာပဲ။ အလယ်နန်းတော်ရဲ့ နေရာကပဲ မပြောင်းတာ။ ဒါကဝင်္ကပါရဲ့ အမြူတေလို ဖြစ်နေတယ်။ ဒီလူတွေက ဝင်္ကပါကို ထိန်းချုပ်ထားပြီး စည်းမျဉ်းတွေကို ကြိုးကိုင်နိုင်တယ်ဆိုကတည်းက သူတို့က ဒီအမြူတေရဲ့စွမ်းအားကို ချေးငှားယူထားတာပဲ။ မင်းသာ အဲ့ဒီနေရာကို ဖျက်ဆီးနိုင်ခဲ့ရင် သဘာဝအလျောက်ပဲ ဝင်္ကပါကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ပြီ”

ဝင်္ကပါအကြီးအကဲက တင်းမာစွာပြောပြီး လက်ညိုးကို ပြန်ရုတ်သည်။

“ငါနားလည်ပြီ”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူက ဝင်္ကပါအကြီးအကဲ ဆွဲပြသည့် နန်းတော်ကိုးခု ပုံစံခွက်ကိုကြည့်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ ဝင်္ကပါအကြီးအကဲကပြောသည့် နန်းတော်ကိုးခုက သူ၏စိတ်ထဲ တွက်ထားပြီးသားဖြစ်သွားလေပြီး နန်းတော်ကိုးခု၏ အလွှာကိုးလွှာက အလိုအလျောက်ပင် ပြောင်းလဲသွားကာ ဝမ်ချောင်၏စိတ်ထဲတွင် ရှိထားပြီးသား မူလအမရဝင်္ကပါပုံစံနှင့် ဆက်စပ်သွားလေသည်။

နန်းတော်ကိုးခုနှင့် ဂိတ်ပေါက်ရှစ်ပေါက်တို့သည် အနှစ်သာရနှင့် အုတ်မြစ်များဖြစ်လေသည်။ သူတို့က အတူတကွ ပေါင်းစပ်ပြီးသွားမှသာ အစစ်အမှန် မူလအမရ ဝင်္ကပါက ပေါ်လာတတ်သည်။ သို့သော် ထိုလိုအပ်ချက်က တွက်ချက်မှုပေါင်းများစွာ လိုအပ်လေသည်။ အချိန်ကလည်း လိုအပ်၏။

ဝင်္ကပါအကြီးအကဲနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ဝမ်ချောင်ကိုကြည့်ပြီး ခေါင်းညိမ့်နေကြသည်။ သူတို့က ဘေးဘက်တွင်ရပ်ကာ စောင့်ကြပ်ပေးနေရင်း ပြီးပြည့်စုံမည့် အခိုက်အတန့်ကို စောင့်နေကြသည်။

.....

ထိုအချိန် ဝင်္ကပါ၏အလယ်တွင် ပုံရိပ်သုံးခုက ဂုဏ်ယူစွာရပ်နေရင်း အခြေအနေ တစ်ခုလုံးကို စောင့်ကြည့်နေသည်။

တစ်ယောက်က တောင်ပေါ်သို့တက်သော လမ်းတစ်ဝက်တွင်ဖြစ်ပြီး အစစ်အမှန်မျက်နှာကို မမြင်ရပေ။ ထိုဝင်္ကပါအတွင်းတွင် ဝင်္ကပါ၏ အစစ်အမှန်ပုံစံကိုမြင်ရန် မဖြစ်နိုင်ပေ။ သို့သော် ထိုသုံးယောက်သည် ဝင်္ကပါ၏ တည်ဆောက်ပုံတစ်ခုလုံးကို မြင်နိုင်သလို အလှည့်အပြောင်းကိုလည်း မြင်နိုင်သည်။ အတွင်းမှ သိုင်းပညာရှင်များကလည်း သူတို့၏ စောင့်ကြည့်မှုအောက်တွင်ဖြစ်သည်။

ထိုနေရာမှတစ်ဆင့် သူတို့က ဝင်္ကပါ၏ အလွှာကိုးလွှာလုံးကို မြင်နိုင်သည်။ တည်ဆောက်ပုံက ပျားအုံလို ရှုပ်ထွေးလေသည်။

“သူတို့က အသင့်ပဲလား”

ခေါင်းဆောင်က ကျောဘက်သို့လက်ပို့လျှက် အရှေ့ဆုံးတွင်ရပ်နေရင်း အေးစက်သော သတ်ဖြတ်လိုစိတ်များကို လွှတ်ထုတ်ထားသည်။

“အရှင် အရာအားလုံးက အသင့်ပါပဲ”

လက်အောက်ငယ်သားနှစ်ယောက်က ရိုးသားစွာဖြေသည်။

“အရမ်းကောင်းတယ်”

ခေါင်းဆောင်၏ မျက်လုံးထဲတွင် အထင်သေးမှု အပြည့်နှင့်ဖြစ်ပြီး သူတို့၏မျက်နှာကလည်း အေးစက်ကာ ခံစားချက်မဲ့သည်။

“လောဘက တန်ကြေးရှိတယ်။ အခု ဒီလူတွေ ပေးဆပ်ဖို့အချိန်ကျပြီ။ အမြင့်ဆုံးအဆင့်ကို အသက်သွင်းဖို့ ပြင်ထား။ ဝင်္ကပါအောက်က လောကရဲ့စွမ်းရည်တွေ အားလုံးကို ထုတ်လိုက်ပြီးတာနဲ့ ဝင်္ကပါရဲ့ အစိတ်အပိုင်းတိုင်းက စွမ်းအားအမြောက်အများ စုပ်ယူခံရလိမ့်မယ်။ စုန့်ယွမ်ယွီ၊ လော့ချီယင် ဒါမှမဟုတ် မိစ္ဆာဧကရာဇ်ပဲဖြစ်ဖြစ် သူတို့က နှစ်ရာကျော်တည်ဆောက်ထားတဲ့ ဝင်္ကပါရဲ့စွမ်းအားတွေကို ကြုံဆုံရမှာပဲ။ သူတို့အားလုံး ဒီနေရာမှာသေလိမ့်မယ်”

“ဟုတ်ကဲ့”

လက်အောက်ငယ်သားနှစ်ယောက်က ခေါင်းကို ငုံ့လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့ရိုသေ လေးစားမှုများကို မြင်နိုင်သည်။

အရိပ်ကောင်းကင်ဘုံပိုက်ကွန်သည် ဒီဝင်္ကပါထဲတွင် ရနိုင်သမျှ စွမ်းအားအမြင့်ဆုံး သယ်ဆောင်ထားလေသည်။ ထိုပိုက်ကွန်ကို အသက်သွင်းလိုက်ရုံနှင့် အသက်ဂိတ်က ပိတ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် မူလအမရဝင်္ကပါကြီး တစ်ခုလုံးကို အကျဉ်းထောင်အတွင်း ပြောင်းလဲပေလိမ့်မယ်။ ဝင်္ကပါထဲတွင်ရှိသော သိုင်းပညာရှင်တိုင်းက အရှင်းခံရမည်ဖြစ်ပြီး အပြင်လောကတွင် ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။ ထိုစွမ်းအင်ကို ဝင်္ကပါအတွင်းတွင် အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ ပေါ်လာမှသာ အသုံးပြုလေ့ရှိသည်။

ထိုအရာက စကြာဝဠာ ပုံစံခွက်၏ စွမ်းအားကို အသုံးပြုခြင်း ဖြစ်လေပြီး လောက၏ စွမ်းအားများကို စုပ်ယူထားရသလို သိုင်းပညာရှင်များထံမှ စုပ်ယူထားသော စွမ်းအားများဖြင့် ဝင်္ကပါကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝင်္ကပါအတွင်းမှ သိုင်းပညာရှင်များက ဝင်္ကပါ၏ လှည့်ကွက်များကို ရင်ဆိုင်ရတော့မည် မဟုတ်လေဘဲ လောကကိုယ်တိုင်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

အင်အားအကြီးဆုံး သိုင်းပညာရှင်ကပင် လောကတစ်ခုလုံးကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

“ဒါ့အပြင်”

ခေါင်းဆောင်၏ အင်္ကျီလက်က တုန်ယင်စွာနှင့် လက်တစ်ဖက်ပေါ်လာသည်။ ထိုလက်ခုံပေါ်တွင် ထူးဆန်းသော နွားချေးပိုးထိုးကောင်လေးရှိသည်။ ထိုအကောင်က ကလေးတစ်ယောက်၏ လက်သီးဆုပ် အရွယ်အစားခန့်ရှိလေပြီး ရွှေရောင်အတိပြီးသည်။ သတ္ထုပေါ်တွင် တင်ထားပါက သူ၏ကျောပေါ်တွင် ရှိသော အနက်ရောင် အစက်ကြီးများကိုသာ မြင်နိုင်လောက်သည်။

ထိုအကောင်သည် အစက်ခုနှစ်စက်ပါသော ပိုးကောင်မာကဲ့သို့ ထင်ရသော်လည်း တစ်စုံတစ်ရာကတော့ဖြင့် ခြားနားနေသည်။

ထိုရွှေပိုးကောင်သည် လှုပ်ရှားမှုကင်းမဲ့စွာနှင့် ခေါင်းဆောင်၏ လက်ခုံပေါ်တွင် အိပ်ပျော်နေသလိုမျိုး ငြိမ်နေလေသည်။

“ရွှေသံချပ်ကာ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်တွေကို လွှတ်ဖို့အသင့်ပြင်ထား”

ခေါင်းဆောင်၏မျက်လုံးက အေးစက်ကာ ခံစားချက်မဲ့ပြီး ရွှေသံချပ်ကာ ကြယ်တာရာထိုးဖောက်ခြင်း နွားချေးပိုးထိုးအကြောင်းကို ပြောချိန်တွင် ကြောက်စရာကောင်းလောက်အောင် တောက်ပသွားသည်။ ထိုအချိန်တွင် လက်အောက်ငယ်သား နှစ်ယောက်ကမူ ထိုရွှေရောင်ပိုးကောင်ကို မြင်ရုံနှင့် ကြောက်လန့်စွာဖြင့် တုန်ယင်သွားကြသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့အရှင်”

သူတို့၏ ထိုးပိုးကောင်ကိုကြည့်သော မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် ခြောက်ခြားမှုများကို မြင်နိုင်သည်။ သူတို့၏ အဆိုးရွားဆုံးသော အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင် ခံစားမိနေကြပုံပေါ်၏။

ခေါင်းဆောင်က ဖျော့တော့စွာ ပြောလိုက်သည်။ သူ၏အကြည့်က အရှေ့သို့သာကြည့်နေသည်။ ဘယ်ဘက်လက်ကမူ စွမ်းအင်လုံးကို လွှတ်ထုတ်လိုက်ပြီး ညာဘက်လက်က ထိုပိုးကောင်၏ကိုယ်ပေါ် တင်လိုက်သည်။ ရုတ်တရက် ထိုထူထည်းသော စွမ်းအင်လုံးကြီးက ပျောက်ကွယ်သွားသည်။ လှုပ်ရှားမှုကင်းမဲ့နေသည့် ပိုးကောင်က ကြယ်တာရာစွမ်းအင်ကို စုပ်ယူပြီးနောက်တွင် တဆတ်ဆတ် တုန်ယင်လျှက် အသိဝင်လာသလိုမျိုး ဖြစ်လာသည်။ အတောင်ပံက တဖြတ်ဖြတ် ဖြန့်ကားလာပြီးနောက်တွင် ခေါင်းဆောင်၏လက်ထဲမှ ပျံတက်လျှက် ဝင်္ကပါအတွင်းသို့ မြန်ဆန်လွန်းသော အရှိန်ဖြင့် ဝင်ရောက်သွားလေသည်။

ခီး....

သူတို့၏နားအတွင်း ခပ်တိုးတိုးအော်သံကို ကြားရသော်လည်း ထိုပိုးကောင်ကမူ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။

အခန်း(၁၄၀၂)

အမှန်တရားကိုရှာဖွေခြင်း

ဝုန်း

အချိန်တချို့ကြာပြီးနောက် ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏စိတ်ထဲမှ ဂိတ်ပေါက်ရှစ်ခုနှင့် နန်းတော်ကိုးခု၏ ပေါင်းစပ်မှုဟာ အောင်မြင်သွားပြီဖြစ်သည်။

“အောင်မြင်သွားလား”

ဝင်္ကပါအကြီးအကဲက ဝမ်ချောင်ကိုမေးသည်။ ဝမ်ချောင်က ခေါင်းညိမ့်လိုက်သောအခါ ဝင်္ကပါအကြီးအကဲ၏ မျက်လုံးထဲမှအလင်းက တောက်ပလာသလို သူ၏မျက်နှာပေါ်တွင်လည်း စိတ်အေးသွားသလို အကြည့်မျိုးကပေါ်လာသည်။

“မဆိုးပါဘူး”

“အခု မင်းက မူလအမရဝင်္ကပါကြီး တစ်ခုလုံးကို တွက်ချက်လို့ပြီးသွားပြီ။ ဝင်္ကပါရဲ့ လည်ပတ်ပုံကိုလည်း အပြည့်အဝ ဖမ်းဆုပ်သွားနိုင်ပြီဆိုတော့ မင်းကို ထိခိုက်အောင်လုပ်နိုင်တဲ့ အရာတွေ အရမ်းနည်းသွားပြီ။ ဒါပေမဲ့ မင်းမှတ်ထားရမှာက မင်းဖန်တီးထားတဲ့ အဲ့ဒီပုံစံငယ်က အစစ်အမှန်ဝင်္ကပါနဲ့ ခြားနားမှုရှိနေသေးတယ်ဆိုတာပဲ။ ဒါကြောင့် သတိမဲ့လို့တော့ မရဘူး။ ဒါ့အပြင် အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ လူတွေကလည်း အရိပ်ထဲကနေ အရာအားလုံးကို ထိန်းချုပ်နေသေးတာဆိုတော့ ဝင်္ကပါရဲ့ စည်းမျဉ်းတွေကို အချိန်မရွေး ပြောင်းလဲလို့ရတယ်။ မင်းအနေနဲ့ ကိုယ့်ခြေထောက်ကို အသင့်ပြင်ထားပြီး အခြေအနေအရ ပြောင်းလဲတုန့်ပြန်နိုင်ဖို့ ပြင်ဆင်ထားရမယ်”

“နားလည်ပါပြီ”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဝင်္ကပါအကြီးအကဲနှင့် သူတို့ အတူပေါင်းလျှက် ထုတ်ထားသော ဝင်္ကပါက အလှည့်အပြောင်း ကိုးဆယ့်ခုနှစ်ရာခိုင်နှုန်းကိုသာ ခန့်မှန်းနိုင်လောက်သည်။ သို့သော် ကျန်သော သုံးရာခိုင်နှုန်းအတွက်ကမူ ကိုယ့်ကိုယ်ကိုသာ မှီခိုရပေမည်။

“ဝင်္ကပါပြန်ပြီးအသက်ဝင်ဖို့ တစ်နာရီအချိန်ရှိသေးတယ်။ မင်းအမြူတေနေရာကို အမြန်ဆုံးသွားနိုင်ရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် အပြင်ဘက် ဝင်္ကပါစက်ကွင်းထဲကို ရောက်သွားတာနဲ့ ဝင်္ကပါကိုဖျက်ဖို့ အခွင့်အရေး မရှိတော့ဘူး”

“စီနီယာ စိတ်အေးအေးထား။ တစ်နာရီကတင် လုံလောက်တာထက် ပိုပါတယ်။ ငါဝင်္ကပါရဲ့ အမြူတေနေရာကို သွားနိုင်မဲ့ အတိုဆုံးလမ်းကြောင်းကို ရှာတွေ့ထားပြီးသား။ အဲ့ဒီနေရာကိုရောက်ဖို့ မိနစ်နှစ်ဆယ်ပဲလိုမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။

“ချောင်အာ ဒီတစ်ကြိမ် ငါမင်းနဲ့မလိုက်ဘူး။ မင်းရဲ့ဆရာက ဝင်္ကပါအနုပညာကို နည်းနည်းပဲ နားလည်တာ။ ငါတောင်မင်းကို ကူညီပေးနိုင်ချင်မှ ကူညီပေးနိုင်မှာ။ ငါကတောင် အနှောက်အယှက်ဖြစ်စေလောက်တယ်”

သာမာန်လူတစ်ယောက်ဆိုလျှင် ဝမ်ချောင်အတွက် စိုးရိမ်မိလောက်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ သူ၏တပည့်ဟာ မည်မျှခြားနားကြောင်း နားလည်သည်။ သိုင်းလောကက လူများကပင် စိတ်ကူးကြည့်ရန် ခက်ခဲလောက်သော အန္တရာယ်များကို သူဟာ ကြုံတွေ့ခဲ့ပြီးလေပြီ။ ထပ်ပေါင်းဆိုရသော် မူလအမရဝင်္ကပါကို အထင်သေး၍မရနိုင်ပေ။ အလှည့်အပြောင်းများက မြန်ဆန်လွန်းသဖြင့် လူအုပ်က များသောအခါ ဝင်္ကပါအတွင်း အမျိုးမျိုးသော လမ်းကြောင်းကွဲသွားသော အခြေအနေမျိုးကို ကြုံကောင်းကြုံနိုင်သည်။ ထိုအခြေအနေက ဝမ်ချောင်ကို စိတ်လွင့်နိုင်သဖြင့် အကြံအစည်ကိုပျက်နိုင်သည်။

ထိုအကြောင်းပြချက်ကြောင့်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်နှင့် အတူမသွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူက ဝမ်ချောင်၏ ဘေးဘက်သို့လျှောက်သွားပြီး ဝမ်ချောင်၏ ပုခုံးပေါ်သို့ လက်ဖဝါးကို တင်လိုက်သည်။ သိပ်သည်းလွန်းသော စွမ်းအင်များက ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားလျှက် သူ၏တန်ထျန်းထဲတွင် သိုလှောင်ထားပြီးသားဖြစ်သွားသည်။

ဝမ်ချောင်ကပင် ကြောင်သွားသည်။ ထို့နောက် အခြေအနေကို နားလည်သွားသည်။

“ဒီစွမ်းအင်က ငါ့ရဲ့ အင်အားအပြည့်ရိုက်ချက်နဲ့ ညီမျှတယ်။ အရေးကြီးဆုံး အခိုက်အတန့်မှာ မင်းကို အကူအညီပေးနိုင်မှာပဲ။ ဒါပေမဲ့ မှတ်ထား ဒီစီမံကိန်းအတွက် အခြားသူတွေနဲ့ဖက်ပြီး တိုက်ခိုက်ပေးမနေနဲ့။ မင်းက ဝင်္ကပါကို ဖျက်ဆီးဖို့ပဲလိုတယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူ၏အသံထဲတွင် စိုးရိမ်မှုများရှိနေသည်။

“ဆရာ စိတ်အေးအေးထားပါ။ ငါဘာလုပ်ရမလဲဆိုတာကို သိပါတယ်”

ဝမ်ချောင်က လေးစားစွာ ဂါရဝပြုလိုက်သည်။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ဝမ်ချောင်က အသက်ပြင်းပြင်း ရှုလျှက် ဝင်္ကပါထဲသို့ ခပ်မြန်မြန် တိုးဝင်သွားသည်။

ဝုန်း

သူ၏အရှေ့မှမြင်ကွင်းက ပြောင်းလဲသွားချိန်တွင် ဝင်္ကပါ အနားယူခြင်းဂိတ်ပေါက်ထဲမှ ထွက်ပြီး မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် ဖြတ်ကနဲ တစ်ချက်လက်ပြီးနောက် ဝမ်ချောင်က သူရပ်နေသောနေရာမှတစ်ဆင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့မှတစ်ဆင့် စိုးရိမ်တကြီး ကြည့်ရှု့နေမှုကို မြင်လိုက်ရသည်။

သူ၏ပတ်ဝန်းကျင်က ယခုလေးတင် ထွက်လာခဲ့သော အနားယူခြင်းဂိတ်ပေါက် ဖြစ်ပုံရသည်။

“ကြည့်ရှု့ခြင်းဂိတ်ပေါက်”

ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် ဆရာနှင့် ဝင်္ကပါအကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။ ဂိတ်ပေါက်ရှစ်ပေါက်တွင် ကြည့်ရှု့ခြင်းဂိတ်ပေါက်က အန္တရာယ်အများဆုံး အနည်းဆုံးဖြစ်သည်။ ပုံရိပ်ယောင်များကို ဖောက်မြင်နိုင်သမျှ ခြိမ်းခြောက်မှုနည်းသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်ပြီး သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ကာ နောက်ထပ် ဝင်္ကပါဂိတ်ပေါက် တစ်ခုစီသို့ လျှင်မြန်စွာ သွားသည်။

ဒုတိယမြောက် ဝင်္ကပါဂိတ်ပေါက်ထဲတွင် ကျောက်တုံးတိုင် အတန်းလိုက် မျောလွင့်နေသည်။ သူတို့သည် မြေပြင်အထက် မီတာ ထောင်ပေါင်းများစွာအမြင့်တွင် မျောလွင့်နေကြခြင်းဖြစ်ပြီး ကျောက်တုံးတိုင်များက တုန်ခါလျှက် ဝမ်ချောင်ရှိရာဘက်သို့ လျှင်မြန်စွာ ထိုးဆင်းလာကြသည်။ သို့ရာတွင် ကျောက်တုံးတိုင်များက အောက်သို့မကျသေးခင် ဝမ်ချောင်က နောက်ထပ် ဂိတ်ပေါက်တစ်ခုထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။

သူ၏အမူအရာက တည်ငြိမ်ပြီး ခြေလှမ်းများက ပေါ့ပါးကာ အလျင်မလိုပေ။ ပို၍အရေးကြီးသည်မှာ သူ၏ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းက တွက်ချက်မှုရာကျော်ကို ကျော်ဖြတ်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း

ကျောက်တုံးတိုင်များက ကောင်းကင်ထဲသို့ ဖုန်မှုန့်များအဖြစ် ပျံတက်သွားချိန်တွင် ဝမ်ချောင်ဟာ ပျောက်ကွယ်သွားပြီဖြစ်သည်။

အနားယူခြင်းဂိတ်ပေါက်မှ ဝင်္ကပါ၏ အမြူတေနေရာသို့ မရေမတွက်နိုင်သော ဝင်္ကပါဂိတ်ပေါက်များကို ကျော်ဖြတ်သွားရန်လိုအပ်သည်။ ဝမ်ချောင်က ခြိမ်းခြောက်မှုအနည်းဆုံး ဂိတ်ပေါက်များကို ရွေးချယ်ထားသည်။ သို့သော် အမြူတေသို့ အမြန်ဆုံးရောက်ရှိပြီး ထိုပုန်းကွယ်နေသည့် အဖွဲ့အစည်းက ဝင်္ကပါဂိတ်ပေါက်ကို ပြောင်းရွှေ့လိုက်မည့် အခြေအနေကို ဖြစ်နိုင်ချေနည်းပါးရန်အလို့ငှာ ဝမ်ချောင်သည် အန္တရာယ်များသော ဂိတ်ပေါက် အမြောက်အများကိုလည်း ကျော်ဖြတ်ရန် ရွေးချယ်ထားရသည်။

သို့တိုင်အောင် သူတို့ဟာ အန္တရာယ်များသော်လည်း သူကသာ မှန်ကန်သောနည်းလမ်းကို ရွေးချယ်နိုင်သမျှ တိုက်ကွက်များက မရောက်လာခင် ဝင်္ကပါထဲက ထွက်သွားနိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း သေးငယ်သော တန်ကြေးကိုသာ ပေးဆပ်ရလောက်၏။

ဝုန်း

ဝမ်ချောင်က နောက်ထပ် ဝင်္ကပါတစ်ခုထဲသို့ ခြေလှမ်းဝင်လိုက်ချိန်တွင် ခြားနားသော အခြေအနေ တစ်ခုကို ကြုံလိုက်ရသည်။ သူ၏နှာခေါင်းအတွင်းသို့ သိပ်သည်းသော သွေးရနံ့က ဝင်ရောက်လာသည်။

ဝမ်ချောင်က တစ်ချက်ကြည့်လိုက်သောအခါ မြေပြင်တွင် မြောက်များလှစွာသော သိုင်းပညာရှင်များ၏ အလောင်းများ ပြည့်နှက်နေကြောင်း မြင်လိုက်ရသည်။ အချို့ဆိုလျှင် ကျောက်တုံးတိုင်များက ဖိချေထားခြင်းဖြစ်ပြီး အချို့ကမူ မျှားများဖြင့် ထိုးဖောက်ခံလိုက်ရသည်။ အခြားသော လူများကမူ တစ်ကိုယ်လုံး မည်းတူးလျှက် အဆိပ်ကြောင့် ရှုံ့တွကုန်သည်။ အချင်းချင်းတိုက်ခိုက်ပြီး သေထားသူများလည်းရှိသည်။ သို့ရာတွင် သူတို့အားလုံးထဲတွင် အချိတ်အဆက် မရှိစွာပင် သေဆုံးခြင်းကို ရင်ဆိုင်ထားရသည်။

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် သူ၏နှလုံးသားဟာ လှုပ်ခတ်သွားကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ထိုလူများက ထိုအဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် သေဆုံးသွားရခြင်းဖြစ်သည်။

သူဟာ ဆက်လက်ဖြတ်သွားချိန်တွင် ပို၍များပြားသော အလောင်းများကို တွေ့လိုက်ရသည်။

“ဝင်္ကပါက အကျိုးအမြတ်ကို မြန်မြန်ဆန်ဆန် ရိတ်သိမ်းနေပြီ”

ဝမ်ချောင်သည်လည်း အလောင်းများကိုမြင်ရခြင်းက သည်းမခံနိုင်လောက်အောင် ဖြစ်စေလာကြောင်း သိလိုက်ရသည်။ သူတို့အားလုံးက သိုင်းပညာလောကမှ ကျွမ်းကျင်ပညာရှင်များဖြစ်သည်။ သို့သော် ဒီလိုနေရာမျိုးတွင် သေဆုံးသွားရသည်။ ဝမ်ချောင်ကလည်း မူလအမရဝင်္ကပါထဲတွင် ရှိနေသော ထိုအဖွဲ့အစည်းက သိုင်းပညာရှင်များအပေါ် ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုစိတ်များ ရှိနေကြောင်း သိလိုက်ရသည်။

“ငါသူတို့ကိုရပ်တန့်ဖို့ နည်းလမ်းတစ်ခု မရှိဘူးဆိုရင် လူတိုင်းက သေရတော့မှာပဲ”

ဝမ်ချောင်က အရှိန်နှုန်းကိုမြန်လိုက်သည်။

သူ၏ပတ်ပတ်လည်မှ ဝင်္ကပါက ရုတ်တရက် တုန်ခါသွားလေပြီး အမျိုးမျိုးသော အစိတ်အပိုင်းများက အဝေးသို့ လျှင်မြန်စွာ ဖြတ်ပြေးသွားလေသည်။

ဝမ်ချောင်၏စိတ်က လျှင်မြန်စွာ တွက်ချက်နေ၏။ ပုံရိပ်ယောင် မူလအမရဝင်္ကပါက သူ၏အရှေ့မှ မူလအမရ ဝင်္ကပါ၏အထက်တွင် ထပ်ဟပ်ပြသနေသည်။

သူတို့နှစ်ယောက်က ပေါင်းစပ်သွားပြီးနောက် ဝမ်ချောင်က နောက်ထပ် ဝင်္ကပါဂိတ်ပေါက် တစ်ခုဆီသို့ အမြန်သွားသည်။

“အရှင် ဒီကလေးက လှုပ်ရှားနေပြီ”

ဝမ်ချောင်က စတင်ကာ လှုပ်ရှားနေချိန်တွင် ဝင်္ကပါ၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းမှ ကြည့်ရှု့နေသော ပုံရိပ်များကလည်း ဝမ်ချောင်၏ လုပ်ဆောင်မှုကို ခပ်မြန်မြန် သတိထားမိသွားကြသည်။

ဆယ်စက္ကန့်နီးပါးခန့်ကြာပြီးနောက် သူတို့၏အာရုံက အဝေးရှိ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲတို့ထံရောက်သည်။

“အရှင် သူတို့က အဖွဲ့ကို ချန်ထားရစ်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

တစ်ယောက်ကပြောသည်။ ဝမ်ချောင်တို့၏အဖွဲ့သည် အစပိုင်းတွင် အတူတကွ လှုပ်ရှားကြခြင်းဖြစ်သောကြောင့် ကိုင်တွယ်ရလွယ်ကူသည်။ သို့သော် ယခုမူ သူတို့က လူစုကွဲလိုက်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ထိုသုံးယောက်ကလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

“အဲ့ဒီကလေးအပေါ်မှာပဲ အာရုံစိုက်ထား။ သူ့ကို နာကျင်ခြင်းဂိတ်ပေါက်၊ ဒါမှမဟုတ် သေဆုံးခြင်းဂိတ်ပေါက်ကို ပစ်ထည့်လိုက်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အဲ့ဒီလူအိုကြီးအတွက်ကတော့ မျက်စိဒေါက်ထောက်ကြည့်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ပြင်ဆင်ထား။ ဒီနေ့ ဘယ်သူ့ကိုမှ မလွတ်စေရဘူး”

ခေါင်းဆောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်”

လက်အောက်ငယ်သားက ချက်ချင်းဆိုသလို ဂါရဝပြုလျှက် ထွက်ခွာသွားသည်။

ခြိမ်း

ဝမ်ချောင်က သူ၏စွမ်းအားများကို ထိုဝင်္ကပါပုံစံငယ်အတွင်းသို့ ထည့်သွင်းလိုက်ပြီးချိန်တွင် ဝင်္ကပါကြီးက ရုတ်တရက် ဝုန်းကနဲမြည်ဟီးလာလျှက် ပတ်ဝန်းကျင်အတွင်းရှိ ကြယ်တာရာစွမ်းအင်များ အားလုံးကို ကစဉ့်ကလျားဖြစ်သွားစေသည်။

“ငါ့ကိုသိသွားကြပြီလား”

ဝမ်ချောင်ကရပ်တန့်လျှက် ဝင်္ကပါ၏ အလယ်ဗဟို ဦးတည်ရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ဝင်္ကပါတစ်ခုလုံး၏ အပြောင်းအလဲကို မမြင်ရသော်လည်း ရွေ့လျားမှုများဟာ အရှိန်နှုန်း မြန်ဆန်လာကြောင်း သိလိုက်သည်။

“ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကို မတားနိုင်သေးဘူး”

ဝမ်ချောင်ကပြုံးသည်။ သူက ဝင်္ကပါ၏အလယ်ဗဟိုသို့သွားရန် ရွေးချယ်ခဲ့သော လမ်းကြောင်းက အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးဖြစ်သည်။ ရိုးရှင်းစွာပင် ထိုလူများထံမှတစ်ဆင့် သူ၏လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ဝမ်ချောင်သည်လည်း သူတို့ကို ကြုံတွေ့ရနိုင်ကြောင်း တွက်ထားပြီးသားဖြစ်သည်။ ဝမ်ချောင်က အရှိန်နှုန်းကိုမြန်ဆန်လျှက် ရှေ့သို့ဆက်သွားသည်။

“ဟေ့ ဒီကောင်လေးသွားတာ မြန်လာတာပဲ”

“သူတစ်ခုခု သတိထားမိနေပြီ”

“အရှင်ကပြောတယ် ဒီအဖွဲ့ထဲမှာ ဝင်္ကပါကိုနားလည်တဲ့လူပါတယ်။ ဒီလူက ဝင်္ကပါရဲ့ စည်းမျဉ်းတွေကို သိနေတယ်တဲ့။ ကြည့်ရတာ ဒီကောင်လေးဖြစ်မယ်”

“အမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ဝင်္ကပါကို ဒီလောက်ထိ ဖောက်မြင်ဖို့မလွယ်ပါဘူး။ ဝင်္ကပါ ဆရာသခင်ကြီးတွေတောင်မှ ဒီလိုမလုပ်နိုင်တာ။ ဒီလိုကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ သူကဒီလို ခပ်မြန်မြန် လျှောက်သွားရုံနဲ့ ဝင်္ကပါကိုဖျက်နိုင်မယ်လို့ ထင်နေတာလား။ သူ့ကို သေဆုံးခြင်းဂိတ်ပေါက်ထဲကို ထည့်ဖို့တောင် စိတ်မရှည်ဖြစ်နေတာ။ သူ့ကို သေတဲ့အထိ ချေမွချင်နေပြီ”

ဝင်္ကပါ၏ အလယ်မှ ပုံရိပ်နှစ်ခုက ဝမ်ချောင်ကို စောင့်ကြည့်နေသည်။ နောက်ကိုတစ်ချက် တွန်းထည့်လိုက်ပြီးနောက်တွင် ဝမ်ချောင်၏ ပတ်ပတ်လည်မှ ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်းကို စတင်ကာ အလျင်စလို ရွှေ့လေသည်။

တခဏခန့်ကြာပြီးနောက် အမျိုးမျိုးသော အချက်ပေးဂိတ်ပေါက်၊ နာကျင်ခြင်းဂိတ်ပေါက်၊ သေဆုံးခြင်းဂိတ်ပေါက်များက သူ၏ပတ်ပတ်လည်တွင် အတူတကွ စုစည်းလာပြီး သူ့အား အန္တရာယ်အတွင်းသို့ ထည့်လေသည်။

သူဟာ မည်သည့်ဦးတည်ရာဘက်သို့ သွားစေကာမူ အန္တရာယ်များသော ဂိတ်ပေါက် တစ်ခုကိုတော့ဖြင့် ဝင်ရောက်ရပေလိမ့်မည်။

ဝမ်ချောင်က အန္တရာယ်အနည်းဆုံး အချက်ပေးခြင်းဂိတ်ပေါက်ကို ဝင်ရောက်မည်ဆိုလျှင်ပင် ထိုလူများကလည်း ဝမ်ချောင်အား ပို၍အန္တရာယ်များသော ဂိတ်ပေါက်သို့ ဖြတ်သွားကို ဖြတ်သွားရစေရန်အတွက် လုပ်ဆောင်ဦးမည်ဖြစ်သည်။

အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကပင် ထိုသို့ ဆက်တိုက်ရောက်ရှိလာသော တိုက်ကွက်များအောက်တွင် စွမ်းအင်များ ကုန်ခမ်းလျှက် သေချာပေါက် သေသွားနိုင်သည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူတို့နှစ်ယောက်က စွံ့အသွားသည်။ အကြောင်းမူကား ဝမ်ချောင်က အရာအားလုံးကို နားလည်သည့် အပြုံးမျိုးနှင့် ရုတ်တရက် ရပ်တန့်လိုက်လေသည်။

ဝမ်ချောင်က အနားယူခြင်းဂိတ်ပေါက်ထဲက ထွက်ပြီးချိန်ကတည်းက ဆက်တိုက်ဆိုသလို ရှေ့ဆက်သွားနေခဲ့ခြင်းဖြစ်ပြီး ဝင်္ကပါ၏ အလယ်ဗဟိုသို့ တည်ငြိမ်စွာ ချဉ်းကပ်လာသည်။ သို့သော် ယခုမူ သူဟာ ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုနှစ်ယောက်ကလည်း သူသည် အပေါ်သို့ မော့ကြည့်ပြီး ရယ်ပြနေကြောင်းကို မြင်လိုက်ရလေသည်။

“ဘာဖြစ်တာလဲ”

ထိုနှစ်ယောက်က အချင်းချင်း ကြည့်လိုက်သည်။ လေထဲတွင် ထူးဆန်းသော ခံစားချက်တစ်ရပ်က ပျံ့နှံ့လာလေသည်။

အခန်း(၁၄၀၃)

“ဟွန်း ငါ့ကိုစပြီး အကွက်ချကြံစည်နေပြီပေါ့ ဟုတ်လား”

ဝမ်ချောင်က လေထဲရှိတစ်နေရာကို မော့ကြည့်လျှက် လှောင်ပြုံး ပြုံးလိုက်သည်။

လေ့ကျင့်မှုသည် အစစ်အမှန် နားလည်မှုကို ဦးဆောင်ပေးနိုင်သည်။ သူသည် ဝင်္ကပါပညာကို အချိန်အတန်ကြာ မလေ့လာရသေးသော်လည်း ဝင်္ကပါပုံစံငယ်တစ်ခုကို ဖန်တီးပြီး ဆက်တိုက်ဆိုသလို မွန်းမံပြင်ဆင်ကာ ဝင်္ကပါ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သထက်ရောက်အောင် လှည့်လည် သွားလာရင်း တောက်လျှောက် ပြင်ဆင်လာပြီးနောက်တွင် သူ၏ နားလည်နိုင်စွမ်းရည်က မှင်သက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ယခုလေးတင် ဝမ်ချောင်သည်လည်း သူ၏ပတ်ပတ်လည်မှ ဝင်္ကပါဂိတ်ပေါက်များ၏ အမြောက်အများ ပြောင်းလဲခြားနားသွားမှုကို ခံစားလိုက်ရလေသည်။ ဒါဟာသူ၏ တွက်ချက်မှုများနှင့် ခြားနားသွားသည်။ သူ၏ မသိစိတ်အရ သူ့ကို အန္တရာယ်နှင့် ထောင်ချောက်များ ဝိုင်းနေကြောင်း ပြောနေသည်။

ယခုလိုအခြေအနေမျိုးတွင် သူရွေးချယ်ရသော မည်သည့်လမ်းကမဆို သေသွားစေနိုင်သည်။

အဆိုးဆုံး အခြေအနေအရ သူသည် သေဆုံးခြင်းဂိတ်ပေါက်ထဲတွင် အဆုံးသတ်သွားနိုင်သေးသည်။ ထိုလူများသည် ဉာဏ်ကောင်းကြသည်။ သို့သော် တစ်စုံတစ်ရာကို မေ့နေကြသည်။

ဝင်္ကပါဂိတ်ပေါက်များသည် တခဏတိုင်းလိုလို ပြောင်းနေသည်။ ထို့ကြောင့် နေရာတစ်ခုတည်းတွင် အချိန်အကြာကြီး ထားပေး၍မရပေ။ သူ၏ ယခု ပတ်ပတ်လည်မှ ဝင်္ကပါဂိတ်ပေါက်များက မည်မျှ အန္တရာယ်များနေစေကာမူ အဆုံးသတ်တွင် အခြားနေရာသို့ ရွေ့သွားရဦးမည်ဖြစ်သည်။

ဝမ်ချောင်က တည်ငြိမ်စိတ်အေးမှု အပြည့်နှင့် လျို့ဝှက်ချက်တိုင်းကို ဖောက်မြင်နိုင်သလို ယုံကြည်မှုအပြည့် ရှိနေသည်။

“သုံး နှစ် တစ်... အခုပဲ”

ဝမ်ချောင်က အနောက်မြောက်ပိုင်းသို့ ရှေ့ဆက်သွားသည်။ သူဟာ အနောက်မြောက်ပိုင်းရှိ ဝင်္ကပါဂိတ်ပေါက်ထဲ ဝင်ရောက်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ခုန်တက်လျှက် ရှေ့သို့ လျှင်မြန်စွာသွားလေသည်။

“ကြည့်ရှု့ခြင်းဂိတ်ပေါက်”

ဝင်္ကပါ၏အလယ်မှ ပုန်းနေသောနှစ်ယောက်၏ မျက်နှာက ချက်ချင်းလိုလို တင်းမာသွားသည်။

ထိုနေရာသည် ဝမ်ချောင်၏ ပတ်ပတ်လည်မှ တစ်ခုတည်းသော ရှင်သန်ရာလမ်းကြောင်းဂိတ်ပေါက် ဖြစ်သည်။ ထောင်ချောက် ပြည့်နှက်နေသော နယ်မြေအတွင်းမှ ဝမ်ချောင်ကို ခေါ်သွားပေးနိုင်နေ၏။

ထိုနှစ်ယောက်သည်လည်း သူတို့၏ ဟန်အမူအရာကို ထိန်းသိမ်းရန်ပင် ခက်ခဲလာကြောင်း သိလိုက်သည်။

ဝင်္ကပါထဲသို့ ကျရောက်လာသော မည်သည့်သိုင်းပညာရှင်ကမဆို သူတို့၏အရှေ့တွင် ပုရွက်ဆိတ်သာ ဖြစ်သွားကြသည်။ သူတို့က စိတ်ကျေနပ်သလို ဆော့ကစား၍ရပြီး ချေမွ၍လည်းရသည်။ သို့သော် ဝမ်ချောင်ကမူ ရွှံ့နွံထဲရောက်နေသော ချော်ထွက်နေသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီး သူတို့၏လက်ထဲမှ ချောထွက်၍ သူတို့၏ လှည့်ကွက်များကိုပင် ဖောက်မြင်နိုင်နေသည်။ အဆုံးသတ်တွင် သူတို့ကသာ ကစားခံလိုက်ရသည်။

သို့သော် ထိုသို့ဖြစ်နေလေလေ သူတို့သည် ဝမ်ချောင်ကို သည်းမခံနိုင်လေလေဖြစ်လာသည်။

“သူ့ကြည့်ရတာ တွက်ချက်မှုမှာ တော်တော်လေး ကျွမ်းကျင်တဲ့ပုံပဲ။ ဒီအကွက်ကသူ့ကို တားနိုင်မှာမဟုတ်ဘူး”

“ဒီလိုဆိုမှတော့လည်း သူ့ရဲ့ပတ်ပတ်လည်က ဝင်္ကပါတိုင်းကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်လိုက်ရအောင်။ သူဘယ်လိုတွက်ပြီး ထွက်မလဲကြည့်မယ်”

“ဒါဆိုရင် နန်းတော်ကိုးခုကို ပြန်ပြီးရွှေ့ရတော့မှာပဲ။ ဒီလိုနဲ့ တွက်ချက်မှုရဲ့ ခက်ခဲမှုက အများကြီးမြင့်သွားလိမ့်မယ်။ ငါတို့သူ့ကို မတားနိုင်ဘူးလို့တော့ မယုံဘူး”

ထိုနှစ်ယောက်က ဝင်္ကပါကို တဖန်ထပ်ပြီး အသက်သွင်းလိုက်ပြန်ကာ ဝမ်ချောင်၏ ပတ်ပတ်လည်မှ ဝင်္ကပါများ၏ လှုပ်ရှားမှုကို ကြိုးကိုင်သည်။

ဘုန်း

ဝမ်ချောင်၏ ပတ်ပတ်လည်တွင် အန္တရာယ်များသော ဂိတ်ပေါက်များက တစ်ခုပြီးတစ်ခု ပေါ်လာလေလေ ဝမ်ချောင်ဟာ မြန်ဆန်စွာသွားလေလေဖြစ်သည်။

“အနောက်တောင်ပိုင်း သုံးစက္ကန့်”

“အရှေ့တောင်ပိုင်း နှစ်စက္ကန့်”

“ချန်နန်းတော် တစ်စက္ကန့်”

“ခံနန်းတော် သုံးစက္ကန့်”

ဝမ်ချောင်က လျှင်မြန်စွာ သွားနေသည်။ သူ၏အင်္ကျီလက်က လေတွင်လွင့်နေ၏။ သူ၏ဘယ်ဘက်လက်က ဟန်အမူအရာတစ်ခုကို ထုတ်ဖော်လျှက် စိတ်ထဲတွင် များစွာတွက်ချက်နေလေသည်။

သူဟာ ရှေ့သို့သွားနေရင်းမှ ဘယ်ညာဆက်တိုက် ရှောင်ရှားနေရင်း ဦးတည်ရာဘက်ကို ဆက်တိုက်ဆိုသလို ပြောင်းလဲနေသည်။

သူက ခြေတစ်လှမ်းခန့် ရုတ်တရက် နောက်ဆုတ်လိုက်သော အခိုက်အတန့်တွင် သူ၏အနောက်ဘက် ဝင်္ကပါဂိတ်ပေါက်ထဲသို့ ဝင်သွားသည့် အခြေအနေမျိုးတွင် ရှိသေးလေသည်။

ဒီဖြစ်စဉ်တစ်ခုလုံးတွင် သူ၏လှုပ်ရှားမှုများက ခန့်မှန်း၍မရနိုင်လောက်အောင် မြန်ဆန်နေလေပြီး အစီအစဉ်တကျ လှုပ်ရှားနေခြင်းလည်းမဟုတ်သလို အကျိုးအကြောင်း မသင့်သော ပုံစံမျိုးနှင့်လည်း တူနေသေးလေသည်။

ဝင်္ကပါ၏အလယ်မှ လူနှစ်ယောက်၏မျက်နှာက သိသိသာသာပင် ပျက်ယွင်းလာသည်။

ဝမ်ချောင်သည် ရှေ့သို့လျှင်မြန်စွာသွားလိုက်၊ နောက်သို့ လျှင်မြန်စွာဆုတ်လိုက် လုပ်နေခဲ့ပြီး ဘယ်ညာဆက်တိုက် ရွေ့လျားနေခဲ့လေရာ ကျဘမ်းသွားနေသည်နှင့်ပင် တူလာသည်။ သို့သော် ထိုမြင်ကွင်းကမူ ကြည့်ရှု့သူများ၏ မျက်လုံးထဲမှ ဖုံးကွယ်၍မရနိုင်ပေ။

ထိုနှစ်ယောက်က ဝင်္ကပါများကို ပတ်ပတ်လည် ရွှေ့နေကြပြီး ဝမ်ချောင်ကို ဝိညာဉ်ပင် လှုပ်ခါစေနိုင်သည့် အန္တရာယ်များဖြင့် ဝိုင်းထားလေသည်။

သို့သော် အကြိမ်တိုင်းလိုလို ဝမ်ချောင်က သူ၏သွား၊ အရေပြားလေးဖြင့် အန္တရာယ်ကို ကပ်သီးလေး ရှောင်ရှားသွားနိုင်လေသည်။

သူသည် သံမဏိဝါယာကြိုးပေါ်တွင် လျှောက်နေသလိုမျိုး အသေးငယ်ဆုံးသော အမှားကပင် သူ့အား ချောက်ကမ်းပါးထဲသို့ ဆွဲချနိုင်လေသည်။

ဆယ်မိနစ်နီးပါးခန့် ကြာပြီးနောက်

ခွက်

ဝမ်ချောင်က နောက်ထပ် ဝင်္ကပါတစ်ခုထဲသို့ ဝင်လိုက်ပြန်သည်။

ဝင်္ကပါ၏ အလယ်ဗဟိုနေရာသို့ တစ်ချက်ကြည့်ပြီးနောက် ဝမ်ချောင်က ပြုံးလိုက်သည်။

ထိုအချိန်တွင် အလယ်မှပုံရိပ်နှစ်ခု၏ မျက်နှာကမူ တင်းမာနေပြီဖြစ်သည်။

သူတို့၏အသက်ရှုသံက မြန်ဆန်လာပြီး သူတို့သည်လည်း သိသိသာသာပင် စွမ်းအင်အမြောက်အများ ကုန်ဆုံးနေပြီဖြစ်သည်။ ဝင်္ကပါကို ရွှေ့ပြောင်းခြင်း၊ စည်းမျဉ်းများကို ကိုင်တွယ်ခြင်းက ကြယ်တာရာစွမ်းအင်များ လိုအပ်သည်။

ဝမ်ချောင်နှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် သူတို့သည် ကြယ်တာရာစွမ်းအင် တစ်ဝက်ခန့်ကို အသုံးပြုခဲ့ရသည်။ သို့သော် အဆုံးသတ်တွင် သူတို့က ကျရှုံးသွားသေးသည်။ ထိုအခြေအနေကို နှစ်ယောက်လုံးကလည်း မမျှော်လင့်ဖူးပါချေ။

“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာတာလဲ”

ထိုနှစ်ယောက်က ဒေါသထွက်သွားသလို စိတ်ကစဉ့်ကလျား ဖြစ်လာသည်။ သူတို့က လက်သင့်မခံလိုသေးပေ။ ဒါဟာ သူတို့၏ ပိုင်နက်ဖြစ်သည်။ သူတို့အနေဖြင့် မရှုံးသင့်ပေ။

“ငါတို့သူ့ကို မကိုင်တွယ်နိုင်ဘူးလို့ မယုံဘူး”

ထိုနှစ်ယောက်က ဝင်္ကပါကို တဖန်ထပ်ပြီး ပြင်ဆင်တော့မည့် အခိုက်အတန့်တွင် ခမ်းနားထည်ဝါကာ အေးစက်သောအသံက ထွက်လာသည်။

“လုံလောက်ပြီ ဒီကောင်လေးကို လျစ်လျူရှု့လိုက်တော့။ အခုချက်ချင်း ဝင်္ကပါကို အသက်သွင်းပြီး အခြားလောဘကြီးတဲ့ သိုင်းပညာရှင်တွေကို ဖျက်ဆီးလိုက်”

“ဟုတ်ကဲ့အရှင်”

ထိုနှစ်ယောက်က တုန်ယင်စွာနှင့် အလျင်စလို ခေါင်းညိမ့်လိုက်သည်။

.....

“ဘာတွေဖြစ်နေတာလဲ”

တူညီသောအခိုက်အတန့် မူလအမရဝင်္ကပါအတွင်းတွင် ဝမ်ချောင်က ရပ်တန့်လိုက်သည်။ အရာအားလုံးက တိတ်ဆိတ်နေ၏။ သူမျှော်လင့်ထားသော တိရိစ္ဆာန်များက ရုတ်တရက်ပျောက်သွားသည်။

ထိုအခြေအနေက ဝမ်ချောင်ကို နှစ်သိမ့်ပေးခြင်းမဟုတ်ပေ။ အနှစ်ချုပ်ဆိုရသော် သူဟာ မျက်မှောင်သာ ကျုံ့နေမိပြီး ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားမိလိုက်သည်။

ခြိမ်း

ဝမ်ချောင်က တွေးတောနေချိန်တွင် ဝင်္ကပါ၏ အမြူတေနေရာမှ မြေကမ္ဘာတစ်ခုလုံးကိုပင် တုန်ယင်စေသည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။

“အဲ့ဒီမှာဘာတွေ ဖြစ်နေတာလဲ”

ရုတ်တရက်ဖြစ်လာသော အသံက ဝင်္ကပါအတွင်းမှ အခြားသော သိုင်းပညာရှင်များကိုလည်း အထိတ်တလန့် ဖြစ်သွားစေသည်။

မြေကမ္ဘာက သူ့အလိုလို စုတ်ပြဲသွားသလိုမျိုး လူတိုင်းက တစ်စုံတစ်ရာကို ဆိုးဆိုးရွားရွား စိုးရိမ်လာမိသည်။

“မဟာမိတ်အရှင် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”

ဝင်္ကပါ၏တစ်နေရာမှ စစ်ခွန်းယွမ်ကျားနှင့် အခြားသောသူများက စုန့်ယွမ်ယွီကို လှည့်ကြည့်သည်။

အခြားသောသူများနှင့် မတူသည်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည်လည်း ဒီပေါက်ကွဲမှုနှင့်အတူ ထွက်ပေါ်လာသော သိပ်သည်းလွန်းသည့် မူလစွမ်းအားများကို ခံစားမိလေသည်။

ထိုမူလစွမ်းအားများက သိုင်းပညာရှင် လောကအတွင်းမှ ကျော်ကြားသော အကြီးအကဲများကိုပင် သူတို့ဟာ သေးငယ်ပြီး သိမ်နုပ်သလို ခံစားရစေသည်။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ကြောက်လန့်ပြီး မသက်မသာ ဖြစ်လာကြသည်။ စုန့်ယွမ်ယွီက ဘာစကားမှ မဆိုပေ။ သူ၏ကျောက ဖြောင့်မတ်နေပြီး သူ၏မျက်နှာက အေးစက်ကာ ထောင်လွှားပုံပေါ်သည်။ လောကရှိ မည်သည့်အရာကမှ သူ့ကို လှုပ်နိုင်စွမ်းရည် မရှိပုံပေါ်သည်။ သူ၏မျက်လုံး အနက်ရှိုင်းဆုံး အပိုင်းတွင်မူ နားမလည်နိုင်မှုများ ပြည့်နှက်နေသေးသည်။ မူလအမရတောင်သည် သိုင်းပညာလောက၏ နံပါတ်တစ်သိုင်းကို ပိုင်ဆိုင်ထားသည်။

သို့သော် ရှင်းလင်းစွာပင် လက်ရှိအခြေအနေက ထောင်ချောက်သာဖြစ်ကြောင်း ဖော်ပြနေသည်။ မူလအမရတောင်၏ အစစ်အမှန်နေရာက ဝေးကွာလွန်းသော အိမ်မက်ကြီးဖြစ်လောက်သည်။ ယခုအခါ သူ့ကိုဒီနေရာတွင် ခေါ်ထားသည်မှာ မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူကို အမဲလိုက်ရန်အတွက်ကြောင့်သာ ဖြစ်သည်။

“ရှေ့ဆက်သွား”

စုန့်ယွမ်ယွီက ရုတ်တရက်ပြောသည်။ သူ၏အသံက တည်ငြိမ်ပြီး အမူအရာက တင်းမာကာ ဆုံးဖြတ်ချက်ပြတ်သားသည်။

“အခုမှနောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့အမြူတေကိုသွားပြီး ဖျက်ဆီးမှပဲ ဖြစ်နိုင်တော့မယ်”

လွှတ်ပြီးသားမျှားကို ပြန်ခေါ်၍မရပေ။ သူတို့က ဝင်္ကပါထဲသို့ ဝင်ပြီးပြီဆိုကတည်းက နောက်လှည့်၍ မရနိုင်တော့ပေ။

စုန့်ယွမ်ယွီကဲ့သို့ ဝင်္ကပါကို နားမလည်သောလူကပင် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ပြီး အမြူတေကို ဖျက်ဆီးခြင်းက တိုက်ရိုက်အကျဆုံး နည်းလမ်းဖြစ်ကြောင်း နားလည်နေလေသည်။

မူလအမရဝင်္ကပါသည် အန္တရာယ်များသော်လည်း စုန့်ယွမ်ယွီကဲ့သို့ အင်အားကြီးမားဆုံးသော ခုခံသိုင်းကို တက်ထားသော လူတစ်ယောက်အနေဖြင့် ကိုင်တွယ်ရလွယ်ကူလေသည်။

“သွားရအောင်”

စုန့်ယွမ်ယွီက ထိုသို့ပြောပြီး လမ်းကိုဦးဆောင်လေသည်။

တခဏခန့်ကြာပြီးနောက် အနောက်ဘက်မှ ပေါက်ကွဲသံကိုကြားရသည်။

ခလွက် ခလွက်

ဝင်္ကပါက ကွဲထွက်သွားပြီးနောက် ...

ဝုန်း

စုန့်ယွမ်ယွီ၏ အနောက်ဘက်မှ ဝင်္ကပါဂိတ်က ဂိတ်လေးခုဖြစ်သွားပြီး ချက်ချင်းဆိုသလိုပင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အဖွဲ့ဝင်များကိုခွဲလိုက်သည်။

“မဟာမိတ်အရှင် ငါ့ကိုကယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်၏ မျက်လုံးက ပြူးကျယ်စွာနှင့် စုန့်ယွမ်ယွီထံသို့ လက်ကိုလှမ်းသည်။ သူ၏အမူအရာကလည်း ရေနစ်နေသော လူတစ်ယောက်က ကြိုးကိုလှမ်းဆွဲပုံ ပေါ်နေလေသည်။

တခဏခန့်ကြာပြီးနောက် အလင်းက တစ်ချက်လက်သွားပြီး ဝင်္ကပါဂိတ်က ပြောင်းသွားသည်။ ထိုသို့ဖြင့် ထိုဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် အခြားသော တပည့်ဂိုဏ်းသား ဆယ်ယောက်ကျော်ခန့်ကို မမြင်ရသော မကောင်းဆိုးဝါးတစ်ကောင်က ဝါးမြိုသွားသလိုမျိုး ပျောက်ကွယ်သွားလေသည်။

စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် သူတို့က လုံးဝပျောက်သွားသည်။

“မကောင်းတော့ဘူး”

“အားလုံးပဲ သတိထား”

“အား မဟာမိတ်အရှင်”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် ကျွမ်းကျင်ပညာရှင် တစ်ယောက်ပြီးတစ်ယောက်က အော်ဟစ်သံများနှင့်အတူ ပျောက်ကွယ်ကုန်သည်။

ဝုန်း

စုန့်ယွမ်ယွီ၏ ထာဝရနွေဦး ကြယ်တာရာစွမ်းအင်က ရေဘဝဲလက်တံများအသွင် ပြောင်းလဲလျှက် လေထဲသို့ ပြန့်ကျက်သွားလေပြီး အဖွဲ့ဝင် လေးယောက်ငါးယောက်ခန့်ကို အချိန်ကိုက် ပြန်ဆွဲယူလိုက်သည်။

စုန့်ယွမ်ယွီ၏ဘေးဘက်မှ ဖြောင့်မတ်မှန်ကန်ခြင်း အကြီးအကဲအချို့နှင့် ကျွမ်းကျင်ပညာရှင်များကလွဲပြီး အခြားသောသူတိုင်းက ဝင်္ကပါ၏ နေရာအသီးသီးသို့ ရောက်ရှိလျှက် ပျောက်ကွယ်သွားလေသည်။ ထိုထဲတွင် စစ်ခွန်းယွမ်ကျားပင် ပါသွားသေးသည်။

“သေစမ်း”

စုန့်ယွမ်ယွီကပင် နောက်ဆုံးတွင် ဟန်အမူအရာပျက်သွာပြီး သူ၏မျက်နှာက ရှုံ့မဲ့လာသည်။

.....

“အား”

တစ်ချိန်ထဲတွင် အဝေးတစ်နေရာတွင် ဘိုးဘေးငါးယောက် မဟာမိတ် အဖွဲ့ကလည်း တူညီသော ပြဿနာကို ရင်ဆိုင်နေရသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် တပည့်ဂိုဏ်းသား ရာကျော်က အမျိုးမျိုးသော ဂိတ်ပေါက်များအတွင်းတွင် ရောက်ရှိကုန်သည်။ ထိုသို့ဖြင့် အော်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေလေသည်။

“အသုံးမကျတဲ့ဟာတွေ”

ယင်နက်ဘိုးဘေး လော့ချီယင်က ဒေါသတကြီး အော်ဟစ်လျှက် ကြီးမားသော မျက်နှာထားနှင့်အတူ ပတ်ဝန်းကျင်ကို ကြိမ်ဖန်များစွာ လက်သီးဖြင့်ထိုးသည်။ ဝရုန်းသုန်းကားဖြစ်သွားသော မိစ္ဆာစွမ်းအားများက ရှေ့သို့တိုးဝင်သွားလေသည်။ သို့သော် ပေတစ်ဆယ်ကျော်အထိ သွားလာပြီးသည့်တိုင်အောင် မမြင်ရသော အကာအကွယ်လွှာကိုသာ ထိမိသွားလျှက် ပြန်ကန်ထွက်လာသည်။

ဝင်္ကပါအတွင်းသို့ ဝင်ရောက်ပြီး အချိန်အနည်းငယ် ကြာပြီးနောက် ယင်နက်ဘိုးဘေးက ဒဏ္ဍာရီတစ္ဆေဘိုးဘေး ဖေးလွမ်ချန်းနှင့် လူစုကွဲသွားသည်။ ယခုမူ သူ၏တပည့်ဂိုဏ်းသားများကပင် လူစုကွဲကုန်သည်။ ထိုအခြေအနေက လော့ချီယင်ကို ဒေါသထွက်စေသည်။

သို့သော် ယင်နက်ဘိုးဘေးက ဒေါသကို မဖောက်ထုတ်နိုင်သေးခင် မြေကမ္ကာ ဝုန်းကနဲ ပေါက်ကွဲလေပြီး အာကာသပြင်ကလည်း တုန်ခါကာ ကွဲထွက်လာပြန်သည်။ မြောက်များလွန်းသော စွမ်းအားများက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာလျှက် ယင်နက်ဘိုးဘေး၏ ခြေထောက်ကို ရိုက်ချလိုက်ကာ သူ့အား ဝင်္ကပါဂိတ်ပေါက်ထဲမှ ကန်ထုတ်လေသည်။

“ဘိုးဘေး”

“ဘိုးဘေး”

ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသားများက ယင်နက်ဘိုးဘေး၏အဖြစ်ကို ကြောက်လန့်တကြား ကြည့်ကြလေသည်။

သူတို့သည်လည်း လေထဲသို့ခုန်တက်လျှက် ယင်နက်ဘိုးဘေးကို ပြန်ဆွဲရန် ကြံစည်လိုသည်။

သို့သော် သူတို့က ဘာမှမလုပ်နိုင်သေးခင် ယင်နက်ဘိုးဘေးက အလင်းတစ်ချက် လက်လျှက် နောက်ထပ် အာကာသပြင်အတွင်းသို့ ဝင်ရောက်လျှက် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

အခန်း(၁၄၀၄)

စွစ်

ပြာနှမ်းနေသော မျက်နှာထားနှင့် ယင်နက်ဘိုးဘေးက အောက်ဘက်သို့ ဆင်းသက်တော့မည့် အခိုက်အတန့်တွင် သူ၏အနက်ရောင်ဝတ်ရုံက ပတ်ပတ်လည်တွင် လွင့်ခါနေသည့် အခိုက်အတန့် ရုတ်တရက် သူ့ကို မရေမတွက်နိုင်သော မျှားပေါင်းများစွာက ချိန်ရွယ်လျှက် ပစ်ခတ်လိုက်သံနှင့်အတူ လေအတွင်းမှ စူးရှသော အော်သံကိုပင် ကြားလိုက်ရလေသည်။

“အချက်ပြဂိတ်ပေါက်”

ယင်နက်ဘိုးဘေးအနေဖြင့် ဒီတိုက်ကွက်များနှင့် ပက်ပင်းတိုးသည်မှာ ပထမဦးဆုံးအကြိမ်လည်း မဟုတ်ပေ။ ထိုဆင့်ကသူ့ကို ထိခိုက်သွားစေရန် လုပ်နိုင်စွမ်းရည် မရှိသေးပေ။ ယင်နက်ဘိုးဘေးက လက်ကိုတစ်ချက် ယမ်းလိုက်ပြီး ကျယ်ပြောလွန်းသော ကြယ်တာရာစွမ်းအင်များကို ပို့လွှတ်လျှက် အနက်ရောင် ဖန်သားပြင်ကြီးနှင့်တူသော အကာအကွယ်လွှာ တစ်ခုကို ချက်ချင်းလိုလို ပြောင်းလဲသွားစေသည်။

သို့ရာတွင် ပထမမျှားက အကာအကွယ်လွှာကို ဝင်တိုးသော အခိုက်အတန့်တွင်ပင် ယင်နက်ဘိုးဘေး၏ မျက်နှာက တင်းမာသွားသည်။

သူ့အနေဖြင့် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ပထမဦးဆုံးအကြိမ် လက်ခံရရှိခြင်းမဟုတ်ပေ။ သို့သော် တိုက်ကွက်အတွင်းမှ စွမ်းအားကမူ သိသာစွာပင် ခြားနားသွားသည်။

ထိုမျှားတစ်ချောင်းချင်းစီတိုင်းက အလွန်အမင်း သိပ်သည်းလေးလံလွန်းသော အားများကို သယ်ဆောင်ထားပြီး မျှားဆိုသည်ထက် တူနှင့်ပိုတူနေသည်။ ယင်နက်ဘိုးဘေးက ယခုလေးတင် ထုတ်လွှတ်လိုက်သည့် ကြယ်တာရာစွမ်းအင် အနက်ရောင်လှံကြီးကပင် ဆက်တိုက် တုန်ခါလာလေသည်။

မျှားတစ်ချောင်း၊ နှစ်ချောင်း၊ သုံးချောင်း... မျှားများက ပို၍များပြားလာလေလေ အနက်ရောင် အကာအကွယ်လွှာကြီးက စတင်ကာ မှေးမှိန်လာပြီး ပေါက်ကွဲသွားလေသည်။

“မကောင်းတော့ဘူး”

ယင်နက်ဘိုးဘေးက ရှေ့ကိုလက်သီးဖြင့်ထိုးလိုက်ပြီး မျှားမိုးကို သုတ်သင်ရှင်းလင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ယင်နက်ဘိုးဘေး၏ မျက်နှာက သိသိသာသာပင် ပျက်ယွင်းသွားလျှက် သူ၏မျက်နှာက အလွန်အမင်း တင်းမာသွားသည်။

ဝင်္ကပါပြောင်းသွားပြီ

တိုက်ကွက်အားလုံးက အင်အားကြီးမားလာသည်။ ပို၍အန္တရာယ်များပြီး ပို၍ထိခိုက်အောင် လုပ်နိုင်လာ၏။

ဝင်္ကပါအတွင်းတွင် ပိတ်မိနေသော အရာအားလုံးက အန္တရာယ်ရှိနေလေပြီ။

အာဝူး....

ယင်နက်ဘိုးဘေးက ရုတ်တရက် သားရဲဆန်သော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ သူ၏တန်ထျန်းက ဆိုးယုတ်သော စွမ်းအားများနှင့် ပေါက်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ယင်နက်ဘိုးဘေးသည် ပစ်လွှတ်ခြင်းခံရသည့် အမြှောက်တစ်ခုကဲ့သို့ ဝင်္ကပါ၏ အလယ်နေရာသို့ အပြေးသွားလေသည်။

“ဘယ်သူက ဒီဘိုးဘေးကို အတိုက်အခံလုပ်ရဲတာလဲ”

သူ၏အသံက အာကာသပြင်အတွင်း ဟိန်းထွက်သွားသည်။ သို့သော် သူကိုယ်တိုင်ကမူ ပျောက်သွားပြီဖြစ်သည်။

ယင်နက်ဘိုးဘေးက ဝင်္ကပါဆရာသခင် မဟုတ်ပေ။ သို့သော် ယခုလေးတင် ဝင်္ကပါနှင့်ပတ်သတ်ပြီး မှားယွင်းအောင် တစ်စုံတစ်ယောက်က ပြုမူနေကြောင်း သိလိုက်သည်။ ဒီနည်းအားဖြင့် ဝင်္ကပါ၏ လည်ပတ်ပုံ တစ်ခုလုံးကို ကစဉ့်ကလျားဖြစ်သွားခြင်း ဖြစ်ပေလိမ့်မည်။

အရာအားလုံးက သူ၏အရှေ့တွင် သိသာထင်ရှားစွာ ပေါ်ထွက်လာသဖြင့် ထိုသို့ထင်မြင်ချက်ထုတ်ရန် မခက်ခဲတော့ပေ။

....

“အား”

ထိုသို့ဖြင့် လေထဲတွင် သေလုခြောက်ခြားဖွယ် အော်ဟစ်သံများက တစ်သံပြီးတစ်သံ ထွက်လာသည်။

ဝမ်ချောင်ကလည်း အထက်မှလာသော ငယ်သံပါအောင် အော်ဟစ်သံများကို ကြားသည့်အခါ သူ၏မျက်နှာက တင်းမာသွားသည်။

ဝင်္ကပါကြီးတစ်ခုလုံးက ခြားနားသောပုံစံဖြင့် လည်ပတ်နေပြီး ဝင်္ကပါဂိတ်ပေါက် တစ်ခုချင်းစီတိုင်းက လေးပေါက်အဖြစ် ပြောင်းလဲသွားသည်။ ဆိုလိုသည်မှာ ဝင်္ကပါတစ်သောင်းအစား လေးသောင်းကျော်ကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ဝင်္ကပါတိုင်းက ပို၍မြန်ဆန်စွာ လှည့်ပတ်နေကာ တိုက်ကွက်များကလည်း ပို၍ကြမ်းတမ်းလာသည်။

“သူတို့က ဝင်္ကပါထဲက သိုင်းပညာရှင်တိုင်းကို သုတ်သင်ဖို့ ပြင်ဆင်ထားတာပဲ”

သူ၏ပတ်ပတ်လည်မှ လေများက ဟိန်းဟောက်နေချိန်တွင် ဝမ်ချောင်၏ အမူအရာက သိသိသာသာပင် တင်းမာလာသည်။ သူသည် အရာအားလုံးကို တစ်ချိန်လုံး တွက်ချက်နေခဲ့ခြင်းမဟုတ်ပေ။ စွမ်းအင်လောကမှတစ်ဆင့် ဝမ်ချောင်သည် သိုင်းပညာရှင်တိုင်း၏ မျက်နှာကို ဖျော့တော့သွားစေလောက်သည့် စွမ်းအင်လောက မုန်တိုင်းကြီးကို မြင်နိုင်လေသည်။ ထိုအရာအားလုံးက ဝင်္ကပါ၏ အမြူတေဘက်ခြမ်းမှ ထိုးထွက်လာလေပြီး ဝင်္ကပါဂိတ်ပေါက် တစ်ခုချင်းစီတိုင်းကို လွှမ်းခြုံရန် ဦးတည်လာနေသည်။

လျို့ဝှက်ဆန်းကြယ်သော နည်းလမ်းအချို့မှတစ်ဆင့် သိပ်သည်းများပြားလွန်းသော ထိုစွမ်းအားများဟာ ဝင်္ကပါဂိတ်ပေါက်တိုင်းကို ကြမ်းတမ်းစွာ ဖိလျှက် အမျိုးမျိုးသော တိုက်ကွက်များကို စွမ်းအားမြှင့်တင်ပေးနေသည်။

“အချိန်မရှိတော့ဘူး”

ဝမ်ချောင်၏ မျက်နှာထားဟာ ဖော်ပြရန်ခက်ခဲလောက်အောင် တင်းမာနေသည်။

ထိုလျို့ဝှက်ဆန်းကြယ်သည့် အဖွဲ့က ဝင်္ကပါအတွင်းတွင် ရှိသမျှသော သိုင်းပညာရှင်တိုင်းကို ဖယ်ရှားရှင်းလင်းရန် အလို့ငှာ ဝင်္ကပါ၏ နောက်ဆုံးသော စွမ်းအားများကို အသက်သွင်းလိုက်သည်။ ထို့ကြောင့် သူနှင့် ဝင်္ကပါအကြီးအကဲတို့ မျှော်လင့်ထားသည်ထက် အများကြီးစောသွားသည်။

သိသာစွာပင် ထိုလူများကလည်း စိတ်မရှည်တော့ချေ။ ထိုအတွက်ကြောင့် သိုင်းပညာရှင်တိုင်းကို အမြန်ဆုံး ဖယ်ရှားချင်နေသည်။

“ဒီနေရာမှာ စုစည်းနေတဲ့ သိုင်းပညာရှင်တွေက တအားများလွန်းတယ်။ ဘယ်လိုနည်းနဲ့မဆို ငါသူတို့ကို အောင်မြင်ခွင့်ပြုလို့မရဘူး”

ဝမ်ချောင်၏အကြည့်က စူးရှသွားသည်။

ဝူး....

သူ၏အဝတ်ဝန်းကျင်တွင် လေက ပွတ်တိုက်သွားသော အချိန်တွင် ဝမ်ချောင်သည် အရှိန်ကို မြှင့်တင်လိုက်သည်။ သူသည် နောက်ထပ် ဝင်္ကပါဂိတ်ပေါက် တစ်ခုထံ ပျံသန်းသလိုမျိုး ခုန်ဝင်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း

ဝင်္ကပါက လျှင်မြန်စွာဖြင့် ရွှေ့ပြောင်းနေသည့် အခိုက်အတန့်တွင် ဝမ်ချောင်၏စိတ်အတွင်းမှ မူလအမရ ဝင်္ကပါ၏ ပုံစံငယ်လေးကလည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် စတင်ကာ ပြောင်းလာသည်။

ဝမ်ချောင်၏ စိတ်စွမ်းအားများကလည်း ထိုဖြစ်စဉ်တောက်လျှောက် လျှင်မြန်စွာ ကုန်ဆုံးနေသည်။

စိတ်စွမ်းအားကို ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အလျောက် ဝမ်ချောင်သည် စိတ်စွမ်းအား အမြောက်အများကို ပိုင်ဆိုင်ထားသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ဝင်္ကပါ အကြီးအကဲကဲ့သို့ ဝင်္ကပါ ဆရာသခင်ကြီးတစ်ယောက်ထက် ပို၍မြန်ဆန်လွန်းစွာ တွက်ချက်နိုင်နေခြင်းဖြစ်သည်။

ဝင်္ကပါ၏ လှုပ်ရှားမှုတိုင်းကို လိုက်လံညှိယူနေရခြင်းကလည်း စိတ်စွမ်းအားများကို ကုန်ဆုံးစေသေးပြီး မူလအမရဝင်္ကပါကဲ့သို့ ရှုပ်ထွေးသော ဝင်္ကပါဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ထို့ကြောင့် ဝင်္ကပါက ပို၍မြန်ဆန်စွာ ကြာရှည်စွာ လည်ပတ်နေလေလေ သူ၏စိတ်စွမ်းအားများက ပို၍ ကုန်ဆုံးလေလေဖြစ်သည်။

ယခုအခါ တွက်ချက်ရသည့် အရေအတွက်က အလွန်အမင်း မြောက်များသွားသောအခါ စိတ်စွမ်းအားများကလည်း မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကုန်ဆုံးနေသည်။

သို့ရာတွင် ဝမ်ချောင်ကမူ ထိုအခြေအနေကို အာရုံစိုက်ခြင်းမရှိပေ။

“အား”

ရှေ့မှအော်သံထွက်လာသည်။ အလင်းက တစ်ချက်လက်ပြီးနောက် ဝမ်ချောင်က နောက်ထပ် ဝင်္ကပါဂိတ်ပေါက် တစ်ခုထဲသို့ ဝင်လိုက်သည်။ ထိုဝင်္ကပါဂိတ်ပေါက်ထဲတွင် မျက်နှာတွင် သွေးများစွန်းထင်းနေသော သိုင်းပညာရှင် အမြောက်အများက ကျောက်တုံးနှင့် မျှားမိုးများအောက်တွင် ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည်။

“သွားပြီ ငါတို့တော့သေပြီ”

ကောင်းကင်မှ ဆက်တိုက်ဆိုသလို ဆင်းသက်လာသော မျှားနှင့်ကျောက်တုံးများကို မြင်သည့် အခိုက်အတန့်တွင် သူတို့၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပေါ်လာသည်။

“တောင့်ထား မင်းတို့ မသေသေးဘူး”

ရုတ်တရက် ကျယ်လောင်သောအော်သံက ထွက်လာသည်။ သူတို့က မတုန့်ပြန်နိုင်သေးခင် ယင်နှင့်ရန် စွမ်းအားများက ထိုသိုင်းပညာရှင်တိုင်းကို လှည်းကျင်းဖယ်ရှားလျှက် အနားယူခြင်း ဝင်္ကပါဂိတ်ပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။

“မင်းတို့သုံးယောက် အတူပူးပေါင်းမယ်ဆိုရင် နည်းနည်းတော့ တောင့်ခံနိုင်ဦးမှာပဲ။ အဲ့ဒီနောက် ဝင်္ကပါရဲ့ ထောင့်စွန်းနေရာကို ရောက်သွားပါလိမ့်မယ်”

ကျယ်လောင်သော အော်သံကို မတောက်တခေါက် ကြားရပြီးနောက်တွင် ဝမ်ချောင်က ပျောက်သွားပြီဖြစ်သည်။

မူလအမရ ဝင်္ကပါ၏ အလယ်ဗဟိုနှင့် နီးကပ်သထက် နီးကပ်လာလေလေ ဝင်္ကပါက ပို၍မြန်သထက် မြန်လာမည်ဖြစ်လေသည်။ သို့သော် သူကြုံတွေ့ရမည့် အန္တရာယ်က မည်သို့သောအခြေအနေမျိုး ဖြစ်နေစေကာမူ ဝမ်ချောင်က အခွင့်အရေး တစ်ခုချင်းစီတိုင်းကို ကောင်းမွန်စွာ တွက်ချက်နိုင်လျှက် သူ့အား အန္တရာယ်ဘေးမှ ကပ်သီးလေး လွတ်မြောက်သွားစေခဲ့ခြင်းအားဖြင့် ယုံကြည်မှုအပြည့် ဆုံးဖြတ်ချက် ပြတ်သားသော အရှိန်နှုန်းဖြင့် ရှေ့ဆက်သွားနိုင်နေစေလေသည်။

ဝမ်ချောင်၏ စိတ်အတွင်းမှ ဝင်္ကပါ ပုံစံငယ်လေးကလည်း လျှင်မြန်စွာ လည်ပတ်နေပြီး ကိုးလွှာလုံးက အလွန်အမင်း မြန်ဆန်လွန်းစွာ ရွေ့လျားနေခဲ့သဖြင့် မျက်စိကိုပင် ကြိမ်းစေလောက်သည်။

သို့သော် ဝင်္ကပါက မည်သို့ပြောင်းလဲနေစေကာမူ ဝမ်ချောင်သည် သူ၏စိတ်အတွင်းမှ ပုံစံငယ်မှတစ်ဆင့် အလယ်ဗဟိုသို့သွားသောနေရာကို ရအောင်ရှာနိုင်နေလေသည်။

စွစ်

ဖျက်ဆီးခြင်းစွမ်းအားအပြည့်နှင့် မျှားတစ်ချောင်းက တိုးဝင်လာသောအခါ ဝမ်ချောင်က ဆံချည်မျှင် တစ်မျှင်မျှ အကွာအဝေးမျိုးနှင့် ကပ်သီးလေး ရှောင်လိုက်နိုင်သည်။

ခီး....

ဝမ်ချောင်က နာကျင်ခြင်းဂိတ်ပေါက်နှင့် သေဆုံးခြင်းဂိတ်ပေါက် အကြားမှ ကျဉ်းမြောင်းလွန်းသော နေရာကို ဝင်တိုးရင်း ဖွင့်လှစ်ခြင်းဂိတ်ပေါက်အတွင်းသို့ ဝင်ရောက်ပြီးသည့် အခိုက်အတန့်တွင် ရုတ်တရက် လေတိုးသံလို စူးရှသည့် အသံမျိုးကို ကြားလိုက်ရသည်။ သို့သော် ထိုအသံက ပိုးကောင်တစ်ကောင်၏ တကျီကျီ အော်သံမျိုးနှင့်လည်းတူသည်။ သို့သော် ခြားနားနေသေးပြန်၏။ အကြောင်းမူကား သတ္ထုသံ တဝီဝီက ပေါ်ထွက်နေသေးသည်။ ထိုအသံက အခြားသော ပိုးကောင်တိုင်းက လုပ်နိုင်သမျှထက် ကျယ်လွန်းနေသည်။

ဝမ်ချောင်က အစပိုင်းတွင် မျက်ခုံးကိုသာပင့်လိုက်ပြီး ရှေ့သို့ဆက်သွားသည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူ၏မျက်နှာတည့်တည့် တိုးဝင်လာသည့် ရွှေရောင်အလင်းတန်း တစ်တန်းကို မြင်လိုက်ရသည်။

“ဒီပိုးကောင်က ဘယ်နေရာကလာတာလဲ”

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုပိုးကောင်သည် ငွေဒင်္ဂါးပြား အရွယ်အစားခန့်ရှိသော ရွှေရောင် နွားချေးပိုးထိုးကောင်လေးဖြစ်ကြောင်း မြင်နိုင်သည်။ သူ၏ တောင်ပံများကို ခွဲကာပျံသန်းရင်း တိုးဝင်လာနေသည်။

သတိအပြည့်ကပ်ထားလေ့ရှိသော ဝမ်ချောင်က ခြေနှစ်လှမ်းခန့် နောက်ဆုတ်ပြီးမှသာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ စွမ်းအင်မုန်တိုင်းက ရှေ့သို့တိုးဝင်သွားလေပြီး လျို့ဝှက်ဆန်းကြယ်သော ထိုရွှေရောင် နွားချေးပိုးထိုးကောင်နှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

ထိုတိုက်ကွက်၏အနောက်ဘက်တွင် သိပ်သည်းလွန်းသော အလေးချိန်က ပါဝင်လေပြီး ကျောက်တုံးကိုပင် အလွယ်တကူ ထိုးဖောက်နိုင်သည်။

သို့ရာတွင် ထိုအခြေအနေနှင့် ဆန့်ကျင်ဘက် အခြေအနေမျိုးက ဖြစ်ပေါ်လာသည်။

ဝမ်ချောင်၏စွမ်းအားဖြင့် အရိုက်ခံရပြီးနောက် ထိုရွှေရောင် နွားချေးပိုးထိုးကောင်က လေထဲတွင် အနည်းငယ်သာ ယိမ်းယိုင်သွားပြီး တခဏခန့်ကြာပြီးနောက်တွင် ဝမ်ချောင်ထံ ပျံသန်းလာပြန်သည်။ ပို၍ဆိုးသည်မှာ လောက၏စွမ်းအင်များမှတစ်ဆင့် ဝမ်ချောင်သည်လည်း ထိုရွှေရောင် နွားချေးပိုးထိုးကောင်က ခြစ်ရာပင်မထင်ဘဲ လွတ်မြောက်သွားခဲ့ရုံသာမကသေးလေဘဲ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ အလင်းက ပို၍တောက်ပလာကြောင်း မြင်လိုက်ရသည်။ သူ၏ကိုယ်မှ စွမ်းအားလှိုင်းများ ဖြာထွက်နေပုံရ၏။ ထိုရွှေရောင် နွားချေးပိုးထိုးကောင်က ဝမ်ချောင်၏ တိုက်ကွက်မှ စွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းလိုက်နိုင်ပုံရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုပိုးကောင်လဲ”

ဝမ်ချောင်၏နှလုံးသားက ခုန်လှုပ်သွားပြီး မျက်နှာအမူအရာကလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲသွားလေသည်။

ဒီလောကတွင် သူ၏တိုက်ကွက်မှ သိပ်သည်းသော အလေးချိန်ဒဏ်ကို တောင့်ခံနိုင်သော ပိုးကောင်ဟူ၍ မရှိသင့်ပေ။ သတ္ထုသားဖြင့်လုပ်ထားသော အကောင်များကပင် မရှိသင့်ပေ။ ရှင်းလင်းစွာပင် ထိုပိုးကောင်နှင့်ပတ်သတ်ပြီး ထူးဆန်းနေလေပြီ။

ဝုန်း

ထိုရွှေရောင်နွားချေးပိုးထိုးကောင်က အလင်းတန်းနှင့်အတူ ရှေ့သို့တိုးဝင်လာသည့် အခိုက်အတန့်တွင် ဝမ်ချောင်က ချက်ချင်းလိုလို နောက်လှည့်လိုက်သည်။ အကြောင်းမူကား သူသည်လည်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိ၍ဖြစ်သည်။

ဝင်္ကပါအကြီးအကဲကလည်း မူလအမရဝင်္ကပါက လောကနံပါတ်တစ် ဝင်္ကပါဖြစ်ကြောင်း ပြောထားပြီးသားဖြစ်သည်။ ထို့ကြောင့် အမြူတေအနားသို့ ကပ်သွားသည်နှင့် အန္တရာယ်များက ပို၍များပြားလာပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ဝင်္ကပါကို လျို့ဝှက်အဖွဲ့အစည်း တစ်ခုက ထိန်းချုပ်နေသေးသည်။ ထို့ပြင် အင်အားကြီးမားသော ခုခံံခြင်း အကာအကွယ်လွှာများကလည်း ရှိနေသေးသည်။ ထို့ကြောင့် ထိုရွှေရောင်နွားချေးပိုးထိုးကောင်ကလည်း ခုခံမှုများထဲမှ တစ်ခုဖြစ်လောက်လေသည်။

ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးက ခပ်မြန်မြန် ပေါ်ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် စူးရှသော အော်သံနှင့် နောက်ထပ် ပိုးကောင်တစ်ကောင် ပေါ်ထွက်လာပြန်သည်။ သူတို့ကလည်း လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် သူ့ထံပြေးဝင်လာနေသည်။

ရွှေရောင်နွားချေးပိုးထိုး သုံးကောင်တွင် တစ်ကောင်က အရှေ့ဘက်မှဖြစ်ပြီး ကျန်သောနှစ်ကောင်က အစာရှာတွေ့သွားသလိုမျိုး အပြေးအလွှား အော်ဟစ်လျှက် ဘေးဘက်မှလာနေခြင်းဖြစ်သည်။

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်က နို့နှစ်ဖြူရောင် ဓားချီတန်းကိုသာ ထုတ်လွှတ်လိုက်သည်။ ထိုဓားချီသည် အလွန်အမင်းထက်ရှ၏။ ယခုအခိုက်အတန့်တွင် ဝမ်ချောင်က နတ်ဘုရားနှင့် မိစ္ဆာသုတ်သင်ခြင်းသိုင်းကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်ရလေသည်။

ခီး...

ဝမ်ချောင်၏ဓားချီဖြင့် အပစ်ခံရပြီးနောက် ဦးဆောင်နေသော နွားချေးပိုးထိုးကောင်က လေထဲတွင် လန်ကျသွားပြီး သူ၏ကျောဘက်မှ အငွေ့များက ပေါက်ထွက်လာသည်။ ဝမ်ချောင်က ထိုရွှေရောင် နွားချေးပိုးထိုးကောင်၏ စွမ်းအင်များဟာ သုံးပုံတစ်ပုံခန့် အားနည်းသွားကြောင်းကိုလည်း သတိထားမိလိုက်သည်။ သူသည်လည်း သိသာထင်ရှားစွာ ဒဏ်ရာရသွားလောက်လေပြီ။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပိုးကောင်လဲ။ ဒီလိုအကောင်မျိုးက ဒီလောက် လေးစားဖို့ကောင်းတဲ့ ခုခံမှုမျိုးကို ပိုင်ဆိုင်ထားတယ်”

ဝမ်ချောင်၏မျက်နှာကပင် ထိုမြင်ကွင်းကြောင့် အနည်းငယ် ဖျော့တော့သွားသည်။

သူသည် သူ၏နှစ်ဘဝတွင် အခြေအနေ အမျိုးမျိုး မြင်တွေ့ခဲ့ဖူးပြီးလေပြီ။ သို့သော် ယခုလို ပိုးကောင်မျိုးကို မတွေ့ဖူးသေးချေ။ ကြယ်တာရာစွမ်းအင်များက သူ့အပေါ် သက်ရောက်မှုရှိရုံသာ မကသေးလေဘဲ သူက စုပ်ယူပြီး ကိုယ်ပိုင်အင်အားတိုးမြှင့်နိုင်သေးသည်။

နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်း၏ တိုက်ကွက်များက လောကတွင် ဘာကိုမဆို ထိုးဖောက်နိုင်စွမ်းရည်ရှိသည်။ မဟာသိုင်းဆယ်မျိုးထဲတွင် မူလအမရသိုင်းသည် ဒုတိယမြောက် နေရာတွင် ရှိနေသေးပြန်၏။ သို့သော် ထိုမျှအထိ ပြင်းထန်လွန်းသော တိုက်ခိုက်နိုင်စွမ်းရည်က ထိုပိုးကောင်များကို မသတ်နိုင်သေးပေ။

သို့ရာတွင် ဓားချီကလည်း ရွှေရောင်နွားချေးပိုးထိုးကောင်ကို အောင်မြင်စွာ ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။ ထို့ကြောင့် ဒီနည်းလမ်းကိုသာ အသုံးပြုရန် ရွေးလိုက်သည်။

ဘန်း ဘန်း ဘန်း

ထိုသို့ဖြင့် အနောက်ဘက်မှ ရွှေရောင်နွားချေးပိုးထိုး နှစ်ကောင်က အရှေ့ဘက်သို့ တိုးဝင်လာချိန်တွင် လေထဲတွင် ဝဲပျံသွားသော ရွှေရောင်နွားချေးပိုးထိုးအကောင်ကလည်း တဖန်ပြန်လည် ဝင်ရောက်လာပြန်သည်။ သူက လမ်းကြောင်းကို တည့်မှန်လိုက်သလိုမျိုး ဝမ်ချောင်ရှိရာသို့ တိုးဝင်လိုက်၏။ ဝမ်ချောင်က သူ၏လက်ညိုးကို အကြိမ်အနည်းငယ် လှုပ်ခတ်ပြီးနောက် ထိုသုံးကောင်လုံးထံသို့ ဓားချီများကို ပစ်လွှတ်လိုက်လေသည်။

အခန်း(၁၄၀၅)

ဝမ်ချောင်၏ တိုက်ကွက်များက မြန်တိကျပြီး ကြမ်းတမ်းကာ သူ၏လက်ချောင်း တစ်ချက် လှုပ်ရှားလိုက်ချိန်တိုင်း ဂရုတစိုက် တွက်ချက်ထားပြီးသားဖြစ်သဖြင့် သူ၏စွမ်းအင်တန်းများက ရွှေရောင် နွားချေးပိုးထိုးကောင်များကို ကွက်တိ ထိမှန်လေသည်။

ဒုန်း ဒုန်း ဒုန်း

အသေးစား ပေါက်ကွဲမှု သုံးခုဖြစ်ပြီးနောက် ရွှေရောင်နွားချေးပိုးထိုးကောင် သုံးကောင်လုံးက တိုက်ခိုက်ခံလိုက်ရပြီး သူတို့၏ကိုယ်အတွင်းမှ အငွေ့များထွက်လာသည်။

ဝမ်ချောင်က ဓားချီများကို ဆက်တိုက်ဆိုသလို ပစ်ခတ်နေလိုက်သည်။ ထိုသို့ဖြင့် ဓားချီမျှင်လေးမျှင်ကို လက်ခံရယူပြီးနောက်တွင် ရွှေရောင်နွားချေးပိုးထိုးကောင် တစ်ကောင်က တစ်ကိုယ်လုံး ထိုးဖောက်ခံရပြီး သေဆုံးသွားလေသည်။ အခြားသော နှစ်ကောင်ကလည်း ခပ်မြန်မြန် သေဆုံးသွားကြ၏။ ထိုသို့ဖြင့် ကျရှုံးသွားသော ထိုအကောင်များ၏ အလောင်းက မြေပြင်တွင် ပက်လက်လှန်လျှက် တည်ရှိနေသည်။ သူတို့၏ကိုယ်အတွင်းမှ ရွှေရောင်သွေးများပင် ထွက်လာသည်။

ရွှေရောင်နွားချေးပိုးထိုးကောင် သုံးကောင်ကိုသတ်ပြီးနောက် ဝမ်ချောင်က ချက်ချင်းဆိုသလို ရှေ့ဆက်သွားသည်။

....

“အစ်ကိုကြီးကျန်း ငါတို့တော့ အဆုံးသတ်ပြီ”

ကျယ်ပြောသော ဝင်္ကပါ၏ တစ်ခုသောနေရာတွင် လေထဲတွင် မျောပါလျှက်လာနေသည့် ဖျက်စီးခြင်းစွမ်းအား ပြင်းထန်သော အဆိပ်ငွေ့များကို မြင်နိုင်သည်။ ထိုနေရာတွင် ရပ်နေသော သိုင်းပညာရှင်တစ်ယောက်၏ မျက်လုံးက စိတ်ပျက်အားငယ်မှုများပြည့်နေသည်။

ခီး....

သူ၏အရှေ့တွင် ရွှေရောင်နွားချေးပိုးထိုးကောင်များက လေထုကို ကျော်ဖြတ်လျှက် လာနေသည်။ သူတို့၏ ခန္ဓာကိုယ်က တောက်ပနေသည်။

သိမ်မွေ့သောနေရာတွင် အထိတ်တလန့် အော်ဟစ်နေသော သိုင်းပညာရှင်များကို မြင်နိုင်သည်။ သူတို့ကလည်း ရွှေရောင် နွားချေးပိုးထိုးကောင်များကို ရမ်းထုတ်နေကြ၏။ ဒီအတိုင်းအတာအထိ ရောက်ရှိလာပြီးသော လူတိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကြီးမားနေပြီးသားဖြစ်ပြီး သူတို့အားလုံးသည်လည်း ခိုင်မာအင်အားကြီးမားသည့် ကြယ်တာရာစွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။

သို့ရာတွင် အင်အားအကြီးဆုံး ကြယ်တာရာစွမ်းအင်များကပင် ထိုရွှေရောင်နွားချေးပိုးထိုးကောင်များနှင့် ယှဉ်သော် အားအင်မဲ့ရလေသည်။

ထူးဆန်းသော ပိုးကောင်များက သူတို့၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ကြိတ်ဝါးပြီး သူတို့၏ခန္ဓာကိုယ်က သစ်ရွက်များကဲ့သို့ တိုးဝေ့ဝင်ရောက်လျှက် သေးငယ်သောအပေါက်ကို ဝင်တိုးကာ သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လေသည်။

သိုင်းပညာရှင်များကလည်း သူတို့၏ အင်အားအကုန်သုံးပြီး ရွှေရောင်နွားချေးပိုးထိုးကောင်များကို ရမ်းထုတ်နေသည်။ သို့သော် သူတို့က ယာယီအားဖြင့် လေထဲသို့ ပြန်ရောက်သွားအောင်သာ လုပ်နိုင်သည်။ ထိုအကောင်များက ပြန်လာကြသေးသည်။

သူတို့၏ခန္ဓာကိုယ်များက သံမဏိကဲ့သို့ မာကြောသေးသည်။ ပြင်းထန်သော တိုက်ကွက်များက သူတို့အား အနည်းငယ်သာ ယိုင်သွားစေလေသည်။ ထို့နောက် သူတို့က တောင်ပံကို တဖန်ပြန်ခါပြီး ပြန်၍ လာပေလိမ့်မည်။

ထိုသိုင်းပညာရှင်များအတွက်မူ ထိုအခြေအနေက အဆိုးဆုံးသော အိမ်မက်ဆိုးဖြစ်နေသည်။ သူတို့၏ဘဝတွင်လည်း ဒီလိုကြောက်စရာကောင်းလွန်းသော အခြေအနေမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားမိကြပေ။

ပို၍ကြောက်စရာကောင်းသည်မှာ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာ ထိုးဖောက်ခံရသည့် သိုင်းပညာရှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ဆိုလျှင် သူတို့၏ကိုယ်အတွင်းသို့ ရွှေရောင်နွားချေးပိုးထိုး အကောင်များက ဝင်တိုးပြီးနောက် အသားအရည်များကို ကြိတ်ဝါးကြသည်။ ထိုသိုင်းပညာရှင်များက မြေပြင်တွင်လိမ့်ရင်း အော်ဟစ်ကြ၏။ သူတို့၏ အရေပြားများကိုပင် စုတ်ဖြဲပြီး ထိုအကောင်များကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ရန် ကြံစည်ကြသေးသည်။

သို့သော် သူတို့ဟာ အရေပြားကိုဆွဲထုတ်ပြီး အသားကိုဖြဲလျှက် သွေးအလိမ်းလိမ်း ဖြစ်စေခဲ့သည့်တိုင်အောင် ရွှေရောင် နွားချေးပိုးထိုးအကောင်များ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်တိုးသထက် ဝင်တိုးနေသည့် အခြေအနေကို မရပ်တန့်နိုင်ခဲ့ပေ။

ထိုမျှဝမ်းနည်းနာကျင်ဖွယ်ကောင်းပြီး သွေးလွှမ်းသောမြင်ကွင်းတွင် ရွှေရောင်နွားချေးပိုးထိုးကောင်များက အရေပြားအောက်တွင် တွားသွားနေသော မြင်ကွင်းကြီးကို မြင်နေရသေးသည်။ ထို့ပြင် ထိုသို့ မြင်နေရခြင်းကတင် အခြားသော သိုင်းပညာရှင်များအတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားများစေလေသည်။

သူတို့၏မျက်နှာက ကြောက်လန့်မှုဖြင့် ဖြူဖျော့နေပြီး သူတို့သည် ရွှေရောင်နွားချေးပိုးထိုးကောင်များ ခန္ဓာကိုယ်ထဲ ဝင်တိုးနေခြင်းကို ခံရသောလူများထက်ပင် ပို၍ အံ့ဩနေကြသည်။

သူတို့တစ်ယောက်ချင်းစီတိုင်းက စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေကြပြီဖြစ်သည်။

“အားလုံးပဲ အာရုံစိုက်ကြ ငါတို့အားလုံး သဘောတူထားကြတာကို မေ့သွားကြပြီလား။ ငါတို့အတူလာတယ် ဆိုကတည်းက အတူပဲထွက်မယ်။ မတ်တပ်ရပ်။ ငါတို့လက်မလျော့ဘူး။ ဘယ်လိုနည်းနဲ့မှ လက်မလျော့ဘူး”

ရုတ်တရက် ဝင်္ကပါအတွင်းတွင် ကြမ်းတမ်းသော်လည်း နှလုံးကွဲမတက် အော်ဟစ်လိုက်သည့် အသံကြီးက ထွက်လာသည်။ ထိုအသံက လက်မောင်းဗလာနှင့် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင် တစ်ယောက်ထံမှလာသည်။ သူ၏ဆံပင်များက ရှုပ်ပွနေလေပြီး အဝတ်နှင့် သံချပ်ကာများကလည်း စုတ်ပြဲနေသည်။ သူသည် လက်ထဲတွင် ကြီးမားသော ဓားကြီးကို ခပ်ကြမ်းကြမ်း လွှဲယမ်းနေရင်း ရွှေရောင်နွားချေးပိုးထိုးကောင်များကို ခုတ်ပိုင်းနေလေသည်။

ထိုဓားကျယ်၏ ဓားအသွားက ကွဲအက်ပဲ့ထွက်နေသည့်တိုင်အောင် ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကမူ လက်လျော့ရန် ငြင်းဆန်နေသေးသည်။ သူ၏မျက်လုံးကလည်း နီရဲရင်း ရှေ့သို့ တဖန်ပြန်လည် ခုန်ဝင်သွားပြန်ကာ သူ၏ညီနောင်များအတွက် ထိုပိုးကောင်များကို တားထားပေးလေသည်။

ရွှေရောင်နွားချေးပိုးထိုးကောင်များက ကြယ်တာရာစွမ်းအင်ကို မကြောက်ပေ။ သူတို့က စားပင်စားနိုင်သေးသည်။ ထို့ကြောင့် အင်အားကြီးမားဆုံး တိုက်ကွက်မျိုးကပင် သက်ရောက်မှု အကန့်အသတ်သာရှိသည်။ သို့သော် သာမာန်ဓားနှင့် ဆေဘာများ၏ တိုက်ကွက်များကမူ အားနည်းသည်ဟု ထင်ရသည့်တိုင်အောင် သက်ရောက်မှုပိုရှိသည်။

သို့ရာတွင် အတုံးအဆုံးလူကပင် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးကပင် သိပ်ကြာကြာ မခံနိုင်ကြောင်း နားလည်နေကြသည်။ ထိုဓားကျယ်ကြီးက ရွှေရောင်နွားချေးပိုးထိုးကောင်များကြောင့် ကျိုးသွားရုံနှင့် ကျန်သော အဖွဲ့ဝင်များနည်းတူ အဆုံးသတ်ပေလိမ့်မည်။

“အစ်ကိုကြီး မြန်မြန်လေး ဒီနေရာက ထွက်သွားပါတော့။ ငါတု့ိကို မေ့လိုက်ပါတော့။ ငါတို့ကတော့ သေမှာသေချာတယ်။ ဘယ်လိုနည်းနဲ့မဆို မင်းကတော့ အသက်ရှင်ရမယ် အား...”

ယခုအခါ ရွှေရောင်နွားချေးပိုးထိုးကောင်က ဝင်ရောက်သွားကာ အိမ်သဖွယ် ပြုမူနေသော ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်က ထိုသို့လှမ်းအော်ပြောသည့် စကားတစ်ဝက်တင်ပင် ငယ်သံပါအောင် အော်ဟစ်သံကို ထုတ်လွှတ်လိုက်လေသည်။

သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကလည်း သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေသလို ခံစားရသည်။ သူ၏သွားကို ခပ်တင်းတင်း ကြိတ်ထားသဖြင့် နာကျင်လွန်းလာသည်။ သူသည် ထိုသွားများကို အမှုန့်ဖြစ်အောင် ကြိတ်ချင်နေပုံရသည်။ သူတို့အဖွဲ့က နံပါတ်တစ် မူလအမရသိုင်းအတွက် လာကြသည်။ သို့သော် ယခုမူ ဘာကိုမှမရနိုင်ရုံသာ မကသေးလေဘဲ သူတို့အဖွဲ့ကပင် အလုံးစုံ ရှင်းပစ်ခံရနိုင်ချေ ရှိနေလေပြီ။

ငါ့အမှားပါ ငါ့ရဲ့အမှားပါ။ ငါ့ကြောင့်သာမဟုတ်ရင် သူတို့တွေ ဒီနေရာမှာ ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူး။

အသားညိုညိုနှင့် သတ်လတ်ပိုင်းအရွယ် လူကြီးက စိတ်ထဲတွင် အော်ဟစ်ကြုံးဝါးနေသည်။ သူ၏နှလုံးသားကလည်း ပြင်းထန်စွာ မွန်းကြပ်လာသည်။ သူက သူ၏ရဲဘော်ရဲဘက် ညီနောင်များအတွက် ရွှေရောင်နွားချေးပိုးထိုးကောင်များကို သုတ်သင်ပေးနေသည်။

“ငါတို့ သေရတော့မယ်ဆိုရင် အတူပဲ သေကြတာပေါ့။ ငါတို့က ဒီဘဝမှာ ညီအစ်ကိုတွေ မဖြစ်နိုင်ဘူးဆိုရင်လည်း နောက်ဘဝမှ ဆက်ဖြစ်ကြတာပေ့ါ”

သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးက နာကျင်စွာနှင့် မျက်လုံးကိုမှိတ်လိုက်ပြီး အသေခံရန် ပြင်ဆင်ထားလိုက်သည်။ ထိုအခိုက် ဝင်္ကပါ၏တစ်နေရာတွင် လူတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး အလင်းက တစ်ချက်လက်လာသည်။

နောက်ထပ် လူတစ်ယောက် ဝင်လာကြောင်း အာရုံခံမိသည့် သတ်လတ်ပိုင်းအရွယ် လူက အသိပြန်ဝင်သွားပြီး အော်လိုက်သည်။

“ဒီနေရာက ထွက်သွားတော့ ဒီမှာအန္တရာယ်များတယ်”

ချွင်

သူက အရှေ့နှင့်အနောက်မှညှပ်လျှက် ဝင်ရောက်လာနေသော ရွှေရောင်နွားချေးပိုးထိုးကောင် နှစ်ကောင်ထံသို့ ဓားကိုခုတ်ချလိုက်ပြီးနောက် လှမ်းပြောလေသည်။

ခီး....

သတ်လတ်ပိုင်းအရွယ် လူကြီးက ရွှေရောင်နွားချေးပိုးထိုးကောင်များကို နောက်သို့ တွန်းထုတ်လိုက်သည့် အခိုက်အတန့်တွင် အလွန်နီးကပ်သော တစ်နေရာမှလာသည့် အော်သံကို ကြားရသည်။ ရွှေရောင်နွားချေးပိုးထိုးကောင် နှစ်ကောင်က သူ၏နံရိုးအောက်သို့ မည်သို့မည်ပုံ ဝင်ရောက်မှန်း မသိလေဘဲ ဝင်ရောက်ရင်း ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ရန် ကြံစည်နေလေသည်။

“သွားပြီ”

သတ်လတ်ပိုင်းအရွယ် ကျွမ်းကျင်ပညာရှင်ကြီး၏ နှလုံးသားက အေးစက်သွားသည်။ သူ၏မျက်နှာက ဖျော့တော့သွားပြီး မျက်လုံးကလည်း စိတ်ပျက်အားငယ်သွားသည်။ သို့သော် တခဏခန့်ကြာပြီးနောက် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးကလည်း သူသေပြီဟု ထင်လိုက်သည့် အခိုက်အတန့်တွင်ပင် စူးရှသည့် လေတိုးသံကို ကြားရသည်။ ထိုလူကက မျက်လုံးကိုဖွင့်လိုက်သောအခါ ဓားချီနှစ်မျှင်ကြောင့် ထိုရွှေရောင်နွားချေးပိုးထိုးကောင် နှစ်ကောင်က အဝေးသို့ လွင့်ထွက်သွားကြောင်း မြင်လိုက်လေသည်။

“ဘေးမှာရပ်နေ ဒီကောင်တွေကိုကြည့်ထား”

ဝမ်ချောင်က ပေတစ်ဆယ်ကျော်အကွာမှ အပြေးလာသည်။ သူ၏လက်ချောင်းများကလည်း ဓားချီများကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေလေ၏။

ပွက် ပွက် ပွက်

ဓားချီများဖြင့် ထိမှန်ခံရသည့် ရွှေရောင်နွားချေးပိုးထိုးကောင်များက မီးခိုးငွေ့များကို စတင်ကာ လွှတ်ထုတ်ပေါက်ကွဲရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူတို့၏ ခြေခြောက်ချောင်းကမူ ကောင်းကင်ကို မျက်နှာချင်းဆိုင်ထားသေးသည်။

ရွှေရောင်နွားချေးပိုးထိုးကောင်များကို သတ်ပြီးနောက် ဝမ်ချောင်က နောက်ထပ် ဦးတည်ရာဘက်တစ်ခုသို့ ချက်ချင်းလိုလို အပြေးသွားသည်။ မြောက်များလှစွာသော နို့နှစ်ဖြူရောင် ဓားချီအလင်းတန်းများကလည်း ရွှေရောင်နွားချေးပိုးထိုးကောင်များကို ပစ်ခတ်သွားရင်း အားလုံးကို မီးခိုးငွေ့များ လွှတ်ထုတ်စေလျှက် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျစေသည်။ ထိုအကောင်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။

နတ်ဘုရားနှင့်မိစ္ဆာ သုတ်သင်ခြင်းသိုင်းသည် မဟာထန်စစ်နတ်ဘုရား စုကျန်းချန်းထံမှ အမွေဆက်ခံရရှိခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ဝမ်ချောင်က ကျင့်ကြံခြင်းသွေဖွယ်ခြင်း သို့မဟုတ် ဒဏ်ရာများကို ပိုဆိုးစေမည့် အခြေအနေကို စိုးရိမ်စရာမလိုဘဲ သုံးနိုင်သည့် တစ်ခုတည်းသော သိုင်းဖြစ်သည်။ ထိုအတွက်ကြောင့် သူသည် ကြယ်တာရာစွမ်းအင်များကို အသုံးပြု၍ရသေးပြီး ထိုနွားချေးပိုးထိုးကောင်များကို သတ်နေရသည့်တိုင်အောင် သူ၏အခြေအနေအပေါ် သက်ရောက်မှုမရှိပါပေ။

ထို့ကြောင့် တိုတောင်းသော ကာလအတောအတွင်းတွင် ဝမ်ချောင်က နွားချေးပိုးထိုးကောင် ခုနှစ်ကောင်၊ ရှစ်ကောင်ခန့်ကို သတ်ပြီးလေပြီ။

သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးကလည်း ထိုမြင်ကွင်းကြောင့် စွံ့အသွားသည်။ သူသည် သူ၏ ကြယ်တာရာစွမ်းအင်များကို ဓားထဲသို့လောင်းထည့်ပြီး အင်အားအကုန်သုံးလျှက် ရွှေရောင်နွားချေးပိုးထိုး အကောင်များကို သတ်ခဲ့သည့်တိုင်အောင် သူတို့ကို နောက်ဆုတ်သွားအောင်သာ လုပ်နိုင်ခဲ့သည်။ သို့တိုင်အောင် သူ့ကို အံ့အားသင့်စေသည်မှာ ရောက်လာသောလူသစ်က ဓားချီအနည်းငယ်ထဲနှင့် ရွှေရောင်နွားချေးပိုးထိုးအကောင်များကို ပစ်ခတ်နိုင်နေသည်။ ထိုအခြေအနေက မယုံနိုင်စရာကောင်းလွန်းသည်။ သို့ရာတွင် ဝမ်ချောင်ကလည်း သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီး၏ မျက်နှာအမူအရာကို အနည်းငယ်သာ အာရုံစိုက်ဖြစ်သည်။ သူ၏အဓိကအာရုံကမူ ရွှေရောင်နွားချေးပိုးထိုးကောင်များထံတွင်သာ ဖြစ်သည်။ သူသည် ထိုအကောင် သုံးကောင်ကိုသာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ဒီနေရာတွင် အလွန်များပြားလွန်းနေသည်။

ထိုသိုင်းပညာရှင်များကလည်း မျှော်လင့်ချက် မရှိကြပေ။ သူတို့သည်လည်း ဒီအကောင်များကို ရင်မဆိုင်နိုင်ကြပေ။ ထို့ကြောင့် တွေးတောရန် မလိုလောက်အောင်ပင် ဝမ်ချောင်က ရွှေရောင်နွားချေးပိုးထိုးကောင် တစ်ကောင်စီ အဝင်ခံထားရသော သိုင်းပညာရှင်များထဲမှ တစ်ယောက်ကို လှမ်းဆွဲခေါ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏လက်ညိုးဖြင့် တစ်ချက်ပွတ်ဆွဲလိုက်ကာ ရွှေရောင် နွားချေးပိုးထိုးကောင်နှင့်အတူ အထဲမှ အသားအပိုင်းအစ တစ်တုံးကို ဆွဲထုတ်ပစ်လိုက်သည်။

ဇွက် ဇွက် ဇွက်

ထိုရွှေရောင်နွားချေးပိုးထိုးကောင်က ပြဿနာမရှာနိုင်သေးခင် ဓားချီသုံးစင်းက ရောက်ရှိလာလေသည်။ ဝမ်ချောင်က ထိုကဲ့သို့ပုံစံမျိုးဖြင့် ဆက်လက်ပြီး သတ်ဖြတ်နေလိုက်သည်။

သူက ပျားအုံကိုကန်ထားသလိုမျိုး ရွှေရောင်နွားချေးပိုးထိုးကောင်များက ပစ်မှတ်များကို စွန့်ခွာလျှက် ဝမ်ချောင်ထံ ခုန်ဝင်လာကြသည်။ ထိုသို့ဖြင့် ဒေါသတကြီး အော်ဟစ်သံများကို ထုတ်လွှတ်နေသေးသည်။

“ညီငယ်လေး ငါတို့ကိုမေ့လိုက်တော့ ပြေးပါတော့”

သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကပင် ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားသည်။ ဒီနေရာတွင်ရှိသာ လူအယောက်နှစ်ဆယ်ကျော်ကပင် ထိုရွှေရောင် နွားချေးပိုးထိုးကောင်များကို မကိုင်တွယ်နိုင်ခဲ့ပေ။ ယခုအခါ ထိုပိုးကောင်တိုင်းက လူတစ်ယောက်တည်းကို အာရုံစိုက်လာသော အခြေအနေက အလွန်အမင်း အန္တရာယ်များကြောင်း သိသာနေလေသည်။

ထိုလူသည် သူတို့အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးကမူ သူတို့ကို ကယ်တင်နိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်ကို မထိခိုက်သွားစေချင်ပေ။

“ညီငယ် မစိုးရိမ်နဲ့တော့ ငါအဆင်ပြေတယ်”

ဝမ်ချောင်က သူ၏လက်ကို အကြိမ်အနည်းငယ် ယမ်းခါလိုက်ပြီး ဓားချီ တစ်တန်းပြီးတစ်တန်း ထုတ်လွှတ်လိုက်သည်။ တစ်တန်းချင်းစီတိုင်းက ပိုးကောင် တစ်ကောင်ချင်းစီကို ထိမှန်နေခဲ့သည်။ စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ရွှေရောင်နွားချေးပိုးထိုးကောင် အားလုံးက ဝမ်ချောင်၏အနားသို့ မကပ်နိုင်သေးခင် အသက်မဲ့စွာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီဖြစ်သည်။

“ဘယ်လို ဘယ်လိုဖြစ်ပြီးတော့လဲ”

ထိုအချိန်တွင် သတ်လတ်ပိုင်းလူပင်မဟုတ်ပေ။ အခြားသော သိုင်းပညာရှင်တိုင်းက မယုံနိုင်စရာကောင်းသည့် မြင်ကွင်းကို မြင်လိုက်ကြပြီး သူတို့၏မျက်လုံးက အံ့အားတကြီး ပြူးထွက်လာသည်။

သို့သော် ဝမ်ချောင်ကလည်း သူတို့ကို မစိုးရိမ်နိုင်သေးပေ။ သူ၏မျက်လုံးက မြေပြင်တွင်လိမ့်ကာ အော်ဟစ်နေသည့် သိုင်းပညာရှင်များထံ ရောက်သွား၏။ သူကလည်း ထိုအကောင်များက သူတို့၏ အရေပြားအောက်တွင် တွားသွားနေကြောင်းကို မြင်နိုင်သည်။ ထို့ကြောင့် တစ်ချက်စစ်ဆေးပြီးနောက် တူညီသောနည်းလမ်းကို ပြတ်သုံးလိုက်သည်။

စွစ်

ဓားချီခြောက်တန်းခန့် လေထဲသို့ ထိုးဖောက်သွားပြီးနောက်တွင် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

“အား ဘာလုပ်တာလဲ”

လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ ရွှေရောင်နွားချေးပိုးထိုးကောင်များက သံမဏိအလား ကြမ်းတမ်းမာကြောကာ ကြယ်တာရာစွမ်းအင်ကို စုပ်ယူနိုင်သည်။ ထိုလူ၏ဓားချီကသာ သူတို့၏အခွံကို ထိုးဖောက်နိုင်ကတည်းက အလွန်ထက်ရှပေလိမ့်မည်။ ထို့ကြောင့် ထိုဓားချီဖြင့် အပစ်ခံရသော လူတိုင်းက သေသွားနိုင်လေသည်။

ထိုသိုင်းပညာရှင်များက ဝမ်ချောင်ကိုသတ်ရန် ချက်ချင်းလိုလို ခုန်ဝင်လာကြသော်လည်း သူတို့သည် ထိုသို့လုပ်ရန် အားနည်းလွန်းနေသည်။

ဇွက် ဇွက် ဇွက်

တခဏခန့်ကြာပြီးနောက် သူတို့အားလုံးက ကြောင်တောင်တောင် ဖြစ်သွားသည်။

ဝမ်ချောင်၏ဓားချီက မြေပြင်တွင်လိမ့်နေသော သိုင်းပညာရှင်များ၏ အရေပြားကိုသာ ထိုးဖောက်သွားသည်။ ကျန်သောဓားချီသည် အောက်ဘက်တွင် တွားသွားနေသော ရွှေရောင်နွားချေးပိုးထိုးကောင်ထံသို့ လျောကာ ဆင်းဝင်သွားလေသည်။ တစ်ကောင်ချင်းစီတိုင်းက ဝမ်ချောင်၏ ဓားချီသုံးစင်းကို လက်ခံရရှိပြီးနောက် သေဆုံးသွားကြလေသည်။

ထိုသု့ိဖြင့် အော်သံများက ရပ်တန့်သွားသည်။ ထိုသိုင်းပညာရှင်များက စိတ်အေးစွာ အမောတကော အသက်ရှုနေပြီး မြေပြင်တွင် လှဲနေကြလေသည်။ သူတို့၏ မျက်နှာတွင် ချွေးစေးများကပင် စိုရွှဲနေသေးသည်။

All Chapters