← Chapters

အခန်း (၁၄၀၆-၁၄၁၀)

Vol. 84 Ch. 1406-1410

အခန်း (၁၄၀၆-၁၄၁၀)

Vol. 84 Ch. 1406-1410

အခန်း(၁၄၀၆)

“မြန်မြန်လေး ဒီနေရာက ထွက်သွားကြတော့။ အခုအခြေအနေက အရမ်းကို အန္တရာယ်များနေတယ်။ ဝင်္ကပါရဲ့ အမြူတေက အသက်သွင်းခံထားရပြီ။ ဒီတော့ ပိုပြင်းတဲ့ တိုက်ကွက်တွေက ဒီနေရာကို ရောက်လာတော့မှာ။ စက္ကန့် (၁၂)စက္ကန့်ကြာပြီးရင် ရပ်တန့်ခြင်းဂိတ်ပေါက်က အနောက်မြောက်ဘက်ပိုင်းကနေ တစ်ဆင့် ဖြတ်သွားလိမ့်မယ်။ မင်းတို့အဲ့ဒီထဲကို ဝင်ရောက်သွားတာနဲ့ မင်းတို့ရဲ့ အင်အား အားလုံးကို ပူးပေါင်းပြီး အချိန်အတိုင်းအတာတစ်ခုတော့ ထိန်းထားနိုင်အောင် ကြိုးစားကြ။ အဲ့ဒီဝင်္ကပါဂိတ်ပေါက်က မင်းတို့ကို ဝင်္ကပါရဲ့ အစွန်နားကို ခေါ်ဆောင်သွားပေးလိမ့်မယ်။ အဲ့ဒီအခါ ဒီကပ်ဘေးက လွတ်မြောက်နိုင်မှာပဲ”

ဝမ်ချောင်၏အသံက ထွက်လာသည်။ ထို့နောက် ကလပ်ဆိုသော အသံနှင့်အတူ ဝမ်ချောင်ဟာ သူ၏လက်ဖဝါးကို တစ်ချက်ဖိချလျှက် ကြယ်တာရာစွမ်းအင် အတန်းလိုက်အား သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ထံသို့ ပို့လွှတ်ရင်း သူ၏အခြေအနေကို လျှင်မြန်စွာ သက်သာလာစေသည်။

“ဒီမှာ မင်းတို့ကို ကူညီပေးနိုင်မဲ့ ဆေးလုံးအနည်းငယ်တော့ရှိတယ်။ ကျန်တဲ့ကိစ္စတွေကတော့ မင်းတို့ကိုယ်တိုင်အပေါ်ပဲ မူတည်တာပဲ”

ဝမ်ချောင်က ခိုဥအရွယ်အစားခန့်ရှိသော အဖြူရောင် ဆေလုံးအချို့ကို ပစ်ပေးလိုက်ပြီးနောက် လှည့်ကာ ထွက်ခွာလိုက်သည်။ အချိန်ဟာ တိုတောင်းသည်။ ဝမ်ချောင်အနေဖြင့် ဝင်္ကပါ၏အမြူတေသို့ အပြေးသွားပြီး ဝင်္ကပါကို ဖျက်ဆီးလိုလျှင် ပို၍ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ယခုအခါ သိုင်းပညာရှင်များ ပို၍သေဆုံးဦးမည့်အပြင် သူနှင့် ဆရာဖြစ်သူကပင် ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။

“ညီအစ်ကို ခဏနေပါဦး ညီအစ်ကိုရဲ့ လေးစားရတဲ့နာမည်က ဘယ်သူလဲ”

သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က ဝမ်ချောင်ကို တားရန်ကြိုးစားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က နောက်ထပ် ဂိတ်ပေါက်တစ်ခုထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။ ထိုသိုင်းပညာရှင်ကလည်း မှင်သက်စွံ့အလျှက် ကျန်ရစ်ခဲ့သည်။

“အစ်ကိုကြီး ငါသူ့ကိုမှတ်မိတယ်”

သူ၏နားနားတွင် ခပ်တိုးတိုးပြောသံကို ကြားရသည်။

“ဒီလူက သခင်လေးချင်းယန်အတုလေ။ ကျန်းဝမ်ဖူရဲ့တပည့်တဲ့။ မဟာထန်ရဲ့ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင် ဝမ်ချောင်လည်းဟုတ်တယ်”

“ဘာ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်ဟုတ်လား သူလား”

သွေးသောက်ညီနောင်၏ စကားက ကျန်းရှန်းဝူအား ဖိအားများသွားစေသည်။

“ဒီလူက လွတ်လပ်သူဝူကျင်း ငါတို့ကိုပြောတဲ့ သွားပြီးပူးပေါင်းခိုင်းတယ်ဆိုတာ...”

“ဟုတ်တယ် သူပဲ”

တစ်ဖက်မှ သိုင်းပညာရှင်က ခိုင်မာစွာပြောသည်။

ထိုအဖွဲ့ဟာ စွံ့အသွားသည်။ ထိုသို့ဖြင့် သေလုခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုကသာ ကြီးစိုးသွားလေသည်။

...

ဝမ်ချောင်က ဝင်္ကပါ၏ အမြူတေရှိရာနေရာသို့ ဆက်လက်ပြီး တိုးဝင်သွားလေလေ သူ၏ခြေလှမ်းများဟာ စတင်ပြီး နှေးလာလေလေဖြစ်သည်။ သူသည် အမြူတေသို့ နီးသွားလေလေ အန္တရာယ်ဟာ ပိုများလေလေဖြစ်ပြီး ထောင်ချောက်များကလည်း ပို၍သန်မာလာသည်။

ဘုန်း ဘုန်း ဘုန်း

မြေပြင်ကို ဦးတည်လျှက် ထိုးစိုက်လာသော ကျောက်တုံးတိုင်များက မိုးခြိမ်းမတက် ပြင်းထန်လွန်းသော အရှိန်အဝါကိုပင် သယ်ဆောင်လာသည်။

ဒါဟာ ရိုးရှင်းသော ရုပ်ပိုင်ဆိုင်ရာ တိုက်ကွက်မျိုး မဟုတ်တော့ပေ။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုကျောက်တုံးတိုင်များအတွင်းမှ ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအင်လှိုင်းများကို ခံစားမိနေသည်။ လေထဲမှ စွမ်းအားများကလည်း ထိုတိုင်များအတွင်းတွင် အဆုံးအစမဲ့လောက်အောင် ထပ်မံ အားဖြည့်ပေးထားပြီး တိုက်ခိုက်နိုင်စွမ်းအားကို အဆပေါင်းမြောက်များစွာ မြှင့်တင်ပေးနေလေသည်။

“အား”

ရုတ်တရက် သိုင်းပညာရှင်တစ်ယောက်က ကျောက်တုံးတိုင်တစ်တိုင်၏ ချေမွခြင်းကိုခံရပြီး အော်ဟစ်သံနှင့်အတူ အဆုံးသတ်သွားလေသည်။

ဝင်္ကပါ၏တိုက်ကွက်အောက်တွင် ကျရောက်နေသော သိုင်းပညာရှင်များက အမြောက်အများ ရှိနေလေသည်။ ဝမ်ချောင်ကပင် လူတိုင်းကို လိုက်လံမကယ်တင်ပေးနိုင်ပေ။

“ငါ့ရဲ့နောက်ကိုလိုက်ခဲ့”

ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသက်သွင်းလျှက် ဝင်္ကပါထဲတွင် ပိတ်မိနေသော သိုင်းပညာရှင်များကို ဆွဲခေါ်လိုက်ရင်း သူတို့အား သေဆုံးမည့်အခြေအနေမှ ကယ်တင်လျှက် အနီးအနားရှိ အန္တရာယ်ကင်းလောက်မည်ဟု ယူဆရသော ဝင်္ကပါဂိတ်ပေါက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

ဝမ်ချောင်သည် သူတို့အား ရှင်းပြရန် အချိန်မရှိသလို သူတို့၏ဒဏ်ရာများကိုလည်း ကုသပေးရန် အချိန်မရှိပါပေ။ ဒီဝင်္ကပါဂိတ်ပေါက်များထဲတွင် အချိန်ပိုဖြုန်းလေလေ အန္တရာယ်က ပိုကြီးလေလေဖြစ်သည်။

ငါတွေ့တဲ့လူကိုတော့ ကယ်သွားပေးရုံပဲ။ ရှင်တာ မရှင်တာကတော့ သူတို့အပိုင်းပေါ့။

ဝမ်ချောင်က ထိုသို့သာတွေးလိုက်သည်။

ဒီနေရာသို့လာသောလမ်းတွင် သူသည် မြောက်များလှစွာသော သိုင်းပညာရှင်များ၏ အလောင်းများကို မြင်ခဲ့ပြီးသားဖြစ်သည်။ အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်နေသော သိုင်းပညာရှင်များကလည်း အရမ်းကို များပြားလွန်းလောက်သေး၏။ ဝမ်ချောင်ယခုလုပ်နိုင်သမျှက အမြူတေသို့ အမြန်ဆုံးသွားပြီး ဝင်္ကပါကို ဖျက်ဆီးရုံသာဖြစ်သည်။

ဝမ်ချောင်သည် လမ်းတွင် တွေ့သမျှလူတိုင်းကို တက်နိုင်သမျှ ကယ်တင်ပေးသွားလေသည်။

ခီး....

ဝမ်ချောင်က နောက်ထပ် ဝင်္ကပါဂိတ်ပေါက် တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် သတ္ထုချင်းထိခတ်သံနှင့်အတူ မျှားမိုးနှင့် ကျောက်တုံးမိုးများ ရောက်ရှိလာပြန်သည်။

အနီးအနားရှိ ရွှေရောင်နွားချေးပိုးထိုးကောင်က တစ်စုံတစ်ရာ၏ ဆွဲဆောင်မှုကို ခံရသလိုမျိုး မူရင်းပစ်မှတ်ကိုပင် စွန့်ပစ်လျှက် ဝမ်ချောင်ထံ ပျံသန်းလာသည်။

ဝမ်ချောင်ယခင်က ကြုံတွေ့ခဲ့ရဖူးသော ရွှေရောင်နွားချေးပိုးထိုးကောင်များနှင့် မတူသည်မှာ ထိုအကောင်များက ရွှေရောင်ပိုတောက်ပြီး သူတို့၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှုပ်ခါလျှက်ရှိနေသည့် စွမ်းအားလှိုင်းများက ပို၍ပင် ပြင်းထန်လေသည်။

သိသာစွာပင် အကောင်ကလည်း ပိုကြီးသည်။

သူတို့က ဒီသိုင်းပညာရှင်တွေရဲ့ ကြယ်တာရာစွမ်းအင်တွေကို စားပြီး ကြီးထွားလာတာဖြစ်မယ်။

ဝမ်ချောင်က တွေးလိုက်သည်။

ထိုရွှေရောင်နွားချေးပိုးထိုးကောင်များက သူတို့သတ်ထားသော သိုင်းပညာရှင် တစ်ယောက်ချင်းစီထံမှတစ်ဆင့် ကြယ်တာရာစွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ စုပ်ယူနိုင်လေသည်။ ထို့ကြောင့် သူတို့က ပို၍အင်အားကြီးမားလာသည်။

ထိုသို့ဖြင့် သူတို့၏ခန္ဓာကိုယ်ပတ်ဝန်းကျင်မှ အလင်းက ပိုတောက်လာခြင်းဖြစ်သည်။

ထိုရွှေရောင်နွားချေးပိုးထိုးကောင်များက ထိုမျှအထိ ထူထည်းပြီး တောက်ပလွန်းသော အလင်းများကို ပိုင်ဆိုင်ထားကတည်းက သူတို့သည် မြောက်များလှစွာသော သိုင်းပညာရှင်များကို သတ်ဖြတ်ပြီးလောက်လေပြီ။

ဖန်း ဖန်း ဖန်း

ဝမ်ချောင်က နွားချေးပိုးထိုးကောင်များထဲမှ တစ်ကောင်ထံသို့ ဓားချီတစ်စင်းကို ပစ်လွှတ်လိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူ့ကိုမှင်သက်စေသည်မှာ သူ၏တိုက်ကွက်က ထိုပိုးကောင်၏ ပတ်ဝန်းကျင်မှ အလင်းကိုသာ စုတ်ဖြဲနိုင်စွမ်းရည် ရှိတော့သည်။ ထိုသို့ဖြင့် ထိုပိုးကောင်က ထိခိုက်ဒဏ်ရာရခြင်း မရှိလေဘဲ ဆက်လက်ပြီး တိုးဝင်လာသေးသည်။

ဝမ်ချောင်၏ နှလုံးသားကပင် ထိုမြင်ကွင်းကြောင့် တုန်ယင်သွားသည်။ ထိုပိုးကောင်များက မည်မျှ အင်အားကြီးမားလာကြောင်း သိလိုက်၏။ ယခုအခါ သူသည် ဓားချီငါးစင်း၊ ခြောက်စင်းခန့် ပို့လွှတ်ပြီးမှသာ တစ်ကောင်ကို သတ်နိုင်တော့လေသည်။

ခီး....

လေထုက စူးရှသော အော်ဟစ်သံနှင့်အတူ ဟိန်းထွက်လာချိန်တွင် မြောက်များလှစွာသော ရွှေရောင် နွားချေးပိုးထိုးကောင်များက ဝမ်ချောင်ထံ တိုးဝင်လာကြပြီဖြစ်သည်။

ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုပမာဏကို တောင့်ခံရန် ခက်ခဲလာသည်။

ဝမ်ချောင်က တုန့်ဆိုင်းမနေတော့လေဘဲ သူ၏ခန္ဓာကိုယ်အတွင်းမှ ရတနာတစ်ခုကို ဆင့်ခေါ်လိုက်သည်။

“ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာ”

ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏ကိုယ်တွင် အနီရင့်ရောင် သံချပ်ကာက ဝတ်ဆင်ပြီးသားဖြစ်သွားသည်။ ထို့အပြင် ဦးထုပ်၊ မျက်နှာဖုံး၊ ပုခုံးကာ၊ ဒူးကာ စသဖြင့် တစ်စုံလုံးကို ဝတ်ဆင်လျှက်သားဖြစ်သွားသည်။

ထိုဝတ်စုံ တစ်စုံလုံးက ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ပိတ်လှောင်လိုက်ပြီး အပိုင်းတစ်ပိုင်းချင်းစီအကြားမှ သေးငယ်သော အစင်းကြောင်းရာကိုသာ ချန်ထားရစ်ခဲ့တော့လေသည်။

ဝမ်ချောင်၏ အတွေးတစ်ခုနှင့်အတူ ထိုအစင်းကြောင်းရာများကလည်း အလိုအလျောက်ပင် ပိတ်သွားလေပြီး သူ၏ရန်သူက တိုက်ခိုက်နိုင်သည့် အဟကြားနေရာများ မကျန်ရစ်တော့ပါပေ။

ခွက် ခွက် ခွက်

ထိုသို့ဖြင့် သံချပ်ကာပေါ်သို့ တွန်းတိုက်ရာများက ပေါ်ထွက်လာသည်။

ရွှေရောင်နွားချေးပိုးထိုးကောင်များကလည်း ဝမ်ချောင်၏ ခန္ဓာကိုယ်ကို ရင်ဆိုင်လျှက် တိုက်ပွဲဝင်နေသော်လည်း ဆက်လက်တိုးဝင်နိုင်စွမ်းရည် မရှိခဲ့ပေ။

“ဒါကဘာလဲ”

ဝင်္ကပါ၏အလယ်မှ ဝမ်ချောင်ကို တစ်ချိန်လုံးကြည့်နေခဲ့သော ပုဂ္ဂိုလ်သုံးယောက်ကလည်း ဝမ်ချောင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာခဲ့သော အနီရင့်ရောင် သံချပ်ကာကို မြင်လိုက်ကြသည်။ သူတို့၏ခေါင်းဆောင်က မျက်ခုံးပင့်လျှက် လှောင်သည်။

အခြားသော လက်အောက်ငယ်သားနှစ်ယောက်ဆိုလျှင် အလွန်တရာ ထိတ်လန့်သွားကြလေသည်။

ရွှေရောင်နွားချေးပိုးထိုးကောင်များသည် သာမာန်ဖြစ်တည်မှုများ မဟုတ်ပေ။ သူတို့သည် ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကိုပင် ထိုးဖောက်ပြီး စွမ်းအင်ကို စားသုံးနိုင်သော ရှေးဟောင်းဖြစ်တည်မှုများ ဖြစ်လေသည်။ ပို၍ဆိုးသည်မှာ ကြယ်တာရာစွမ်းအင်များက အင်အားကြီးမားသည့် သံမဏိနှင့် သတ္ထုသားကိုပင် ထိုးဖောက်စားသောက်နိုင်သည်။ သာမာန် သံချပ်ကာများလောက်က အသုံးမဝင်ပေ။

သို့သော် ဝမ်ချောင်က ဝတ်ဆင်ထားသော သံချပ်ကာကမူ သိသာစွာပင် သူတို့အတွက် ခိုင်ခံ့လွန်းနေလေသည်။

“အရှင် ဒီလိုရတနာက သိုင်းပညာလောကထဲမှာ မတည်ရှိသင့်ဘူး။ သူအရင်က ဒါကိုဝတ်တာကိုလည်း မမြင်ဖူးပါဘူး။ သူအဲ့ဒီလူတွေဆီက ရလာတာဖြစ်လိမ့်မယ်”

လက်အောက်ငယ်သားများထဲမှ တစ်ယောက်ကပြောသည်။

ထိုသုံးယောက်၏မျက်နှာတွင် မည်းမှောင်သောအကြည့်က ပေါ်ထွက်လာပြန်သည်။ ခေါင်းဆောင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ဆန္ဒများက ပြင်းထန်လာသည်။

“ဘယ်ရတနာကမဆို ကြယ်တာရာစွမ်းအင်ကို ကုန်ဆုံးစေမှာပဲ။ ဒီကောင်ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ငါကြည့်မယ်”

“အဲ့ဒီကလေးကို မျက်စိဒေါက်ထောက်ကြည့်ထား။ လိုအပ်ရင် သူ့ကိုရင်ဆိုင်တဲ့ တိုက်ကွက်တိုင်းရဲ့ အင်အားကို မြှင့်လိုက်။ ငါတို့ဒီကောင့်ကို ဝင်္ကပါရဲ့ အမြူတေဘက်ခြမ်းကို နီးကပ်သွားစေခွင့် ပြုလို့မရဘူး”

ခေါင်းဆောင်၏ အမူအရာဟာ အလွန်အမင်း တင်းမာနေသည်။

“ဟုတ်ကဲ့”

လက်အောက်ငယ်သားနှစ်ယောက်က ပြန်ဖြေကြသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် အဖြစ်အပျက်များကို အာရုံမစိုက်နိုင်တော့သလို ဂရုစိုက်ရန်လည်း အချိန်မရှိတော့ပေ။ ရွှေရောင်နွားချေးပိုးထိုးကောင်များက ဆက်တိုက်ဆိုသလို တိုးဝင်လာလိုက်၊ ချေမွခံရလိုက်၊ ပြန်ကန်ထွက်လာလိုက် ဖြစ်နေခဲ့ပြီး ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာကို ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

သို့သော် ဝမ်ချောင်ကလည်း ပျော်မနေပေ။ အကြောင်းမူကား ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာသည် တိုက်ပွဲဝင်စွမ်းအင် အမြောက်အများကို ကုန်ဆုံးစေသည်။ ထို့ကြောင့် ကြယ်တာရာစွမ်းအင်များနှင့် တိုက်ခိုက်ရသည်နှင့် မခြားနားတော့ပေ။ ဝမ်ချောင်ကဲ့သို့ ကြယ်တာရာစွမ်းအင်များက ကစဉ့်ကလျားဖြစ်နေပြီး အချိန်မရွေးကျင့်ကြံခြင်း သွေဖယ်နိုင်သော အနေအထားမျိုးတွင် ရှိနေသောလူအတွက်မူ အလွန်အမင်း အန္တရာယ်များနေလေသည်။

ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ထိုတိုက်ပွဲဝင်သံချပ်ကာကို အလွယ်တကူ ထုတ်မသုံးခဲ့ခြင်းဖြစ်သည်။

ထိုအရာသာမကသေးချေ ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာက ရွှေရောင်နွားချေးပိုးထိုးကောင်များ၏ တိုက်ကွက်များကို တားဆီးနိုင်နေသေးသည့်တိုင်အောင် နောက်ထပ် သိသာထင်ရှားလွန်းသည့် ပြစ်ချက်က ရှိနေသည်။ ထိုအရာက အချိန်ကန့်သတ်ချက်ဖြစ်သည်။

ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာကို တစ်နာရီထက် ပိုသုံး၍မရပေ။ သူ၏ လက်ရှိအခြေအနေအရ ဆယ်မိနစ်ပင် မခံနိုင်လောက်ချေ။ ထို့ကြောင့် မည်သည့်နည်းနှင့်မဆို အမြူတေသို့ အမြန်ဆုံးသွားပြီး ဝင်္ကပါကို ဖျက်ဆီးပြီးမှ အဆင်ပြေပေလိမ့်မည်။

ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာအတွင်းမှ ဝမ်ချောင်၏မျက်နှာက တစ္ဆေတစ်ကောင်လို ဖျော့တော့နေပြီဖြစ်သည်။

ယခုအချိန်မှစတင်ပြီး ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက ဆက်တိုက်ဆိုသလို ခြောက်ကပ်လာကာ သူ၏သွေးကြောများကလည်း စတင်ကာ ကစဉ့်ကလျားဖြစ်လာသည်။ ပထမဦးဆုံးအကြိမ်အဖြစ် ဝမ်ချောင်သည် ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရသည်။ ပုန်းအောင်းနေသော အကြံအစည်ချသူများက သူတို့၏တိုက်ကွက်ကို မြှင့်တင်ရင်း လူတိုင်းကိုသတ်ရန် ကြိုးစားထားသည်။ ဆရာဖြစ်သူနှင့် ဝင်္ကပါအကြီးအကဲကပင် မလုံခြုံနိုင်ပေ။ သူသည် ဝင်္ကပါကို သေချာပေါက် ဖျက်ဆီးရပေမည်။

ငါက ဝင်္ကပါရဲ့ သုံးလွှာအထိ ရောက်နေပြီးသား။ ငါသာ ဒီအလွှာကို ကျော်ဖြတ်လိုက်နိုင်ရင် ဒီအမြူတေကို ရောက်သွားမှာပဲ။

ဝမ်ချောင်က တွေးလိုက်သည်။ သူက မူလအမရဝင်္ကပါ၏ ပုံစံငယ်ကို စိတ်ထဲတွင် လည်ပတ်လိုက်သည်။ ထိုဝင်္ကပါပုံစံငယ်က ပို၍ပင် ကြီးမားလာကာ ပို၍ပင် ရှုပ်ထွေးလာသေးသည်။ သူ၏ စိတ်စွမ်းအားများကပင် လျှင်မြန်စွာ ကုန်ဆုံးလာနေ၏။ ပို၍ဆိုးသည်မှာ သူသည် အမြူတေသို့နီးလေလေ တွက်ချက်မှုများက ပိုများလာလေလေဖြစ်သည်။

ဝင်္ကပါအကြီးအကဲက ပြောသောစကားများကလည်း မှန်ကန်သည်။ မူလအမရဝင်္ကပါ အစစ်အမှန်သည် ရှုပ်ထွေးမှု များပြားလွန်းပြီး တွက်ချက်မှုများစွာ လိုအပ်သည်။ ထို့ပြင် အရာအားလုံးက ရှုပ်ထွေးလွန်းနေသေး၏။ ဝင်္ကပါ၏ မူလတည်ဆောက်ပုံအရ ဝင်္ကပါကို တွက်ချက်နိုင်စွမ်းရည် ရှိလောက်သည်။ သူကသာ မူလအမရဝင်္ကပါ၏ ပုံစံငယ်ကို ဖန်တီးခဲ့ပြီး တွက်ချက်မှုကို အထူးတလည်လုပ်ရန် ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါက နောက်ပိုင်း အမြူတေသို့ရောက်ရန် တွက်ချက်သွားရန် လိုအပ်သော ပမာဏက မှင်သက်ဖွယ်ကောင်းသော ပမာဏသို့ပင် ရောက်ရှိနေလောက်လေပြီး တွက်ချက်ရန်ပင် မဖြစ်နိုင်လောက်တော့ချေ။

ထို့ပြင် ပုံစံငယ်နှင့်ပင် ကြိုးစားအားထုတ်မှုများကို မြှင့်တင်ရန် လိုအပ်သေးလေသည်။

ခြိမ်း

သူက တွက်ချက်နေသည့် အခိုက်အတန့်တွင် နောက်ထပ် အမြူတေဘက်မှ ဝုန်းကနဲ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသေးပြန်သည်။ ဝမ်ချောင်က ခေါင်းကိုမော့လျှက် ကြည့်လိုက်သောအခါ စွမ်းအင်လောက အတွင်းတွင် ပို၍များပြားသော စွမ်းအင်လှိုင်းတစ်ရပ်က ပေါ်ထွက်လာလေပြီး သူရှိရာနေရာသို့ ဝင်ရောက်လာနေကြောင်း မြင်လိုက်ရသည်။

ဟွန်း ဒီလူယုတ်မာတွေက လှည့်ကွက်တွေ ထပ်သုံးပြန်ပြီ။

ဝမ်ချောင်၏မျက်ဝန်းက မှေးကျဉ်းသွားပြီး သူ၏မျက်ဝန်းအတွင်း စူးရှကာ ကြမ်းတမ်းသည့်အလင်းက လက်လာသည်။ သူသည် ယခုလိုအခြေအနေ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်ခန့် ကြုံတွေ့ခဲ့ဖူူးလေပြီး ပေါက်ကွဲသံ တစ်ကြိမ်စီတိုင်းလိုလို ဝင်္ကပါ၏ စွမ်းအားများက ပို၍မြင့်တက်သွားလေပြီး တိုက်ကွက်များက ပို၍အင်အားကြီးမားလာသည်။ လူတိုင်း၏ အခြေအနေက ဆိုးသထက် ဆိုးလာပြီး အန္တရာယ် များသထက် များလာသည်။

ငါမြန်မြန်သွားရမယ်။

ဝမ်ချောင်က ကိုယ့်ကိုယ်ကို တိုက်တွန်းသည်။

ခီး...

ရွှေရောင်နွားချေးပိုးထိုးကောင်များက သူ့ကို ဆက်လက်ပြီး တိုက်ခိုက်နေကာ ဆက်လက်ပြီး အော်ဟစ်နေသည်။ သို့သော် ဝမ်ချောင်ကမူ နောက်ထပ် ဝင်္ကပါဂိတ်ပေါက်တစ်ခု ရှိရာနေရာသို့ လျှင်မြန်စွာ သွားနေလေသည်။

အခန်း(၁၄၀၇)

ဝေါင်း

ဝမ်ချောင်က ဝင်္ကပါဂိတ်ပေါက်ထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် တဘန်းဘန်းအသံများ၊ အော်ဟစ်သံများကို ကြားရသည်။ ထိုဝင်္ကပါဂိတ်ပေါက်အတွင်းတွင် ဝမ်ချောင်သည် ယင်နှင့်ရန်ကို ရစ်ပတ်ထားသော ကြိုးကြာဖြူသင်္ကေတပါသည့် တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသော အမျိုးမျိုးသော အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကို မြင်လိုက်ရလေသည်။ သူတို့က တင်းကြပ်သော ဓားဝင်္ကပါတစ်ခုကို ထုတ်သုံးလျှက် ဆင်းသက်လာသော ကျောက်တုံးနှင့် မျှားမိုးများကို တောင့်ခံနေသလို မြေပြင်အောက်မှ အနီရင့်ရောင် ချော်ရည်များ၏ လိမ့်တက်လာမှုကိုလည်း တားဆီးထားသည်။

“သတိထား”

“ကျိန်းချန် တောင့်ထား မဟာမိတ်အရှင်က သေချာပေါက်လာပြီး ငါတို့ကို ကယ်တင်ပေးလိမ့်မယ်”

“ဟုတ်တယ် ငါတို့လက်လျော့လို့မရဘူး။ ဘယ်လိုနည်းနဲ့မဆို ဒီဝင်္ကပါကို အတူဖျက်ဆီးကြမယ်”

ထိုသိုင်းပညာရှင်များက အလွန်အမင်း ဆိုးရွားသော အနေအထားမျိုးတွင် ရှိနေကြသည်။ သူတို့သည် ဝင်္ကပါ၏ တိုက်ကွက်များကို တားဆီးရန် လိုအပ်ရုံသာမကသေးလေဘဲ ရွှေရောင်နွားချေးပိုးထိုး ကောင်များ၏ တိုက်ကွက်များကိုလည်း ခုခံနေရသေးလေသည်။ သို့ရာတွင် ထိုသိုင်းပညာရှင်များက အတူတကွ ပေါင်းစပ်နိုင်စွမ်းရည် ပြင်းထန်နေခဲ့သည်။ သူတို့က နာကျင်သော တန်ကြေးအချို့ကို ပေးဆပ်ရင်း ထိုနွားချေးပိုးထိုးကောင်များ၏ အားနည်းချက်ကို ရှာတွေ့သွားခဲ့ပုံရသည်။

သိုင်းပညာရှင်များက ပတ်ဝန်းကျင်ရှိ ရွှေရောင်နွားချေးပိုးထိုးကောင်များထံ သူတို့၏ ဓားများကို ဆက်တိုက်ဆိုသလို ယမ်းနေကြသည်။ ထိုနေရာတွင် အကောင်သုံးဆယ်မှ လေးဆယ်အထိ ရှိနေသော်လည်း မည်သည့်အကောင်ကမှ ဖောက်မဝင်လာနိုင်ကြပေ။ ထိုသို့ဖြင့် မနီးကပ်နိုင်သေးခင် လွင့်ထွက်သွားကြရသည်။

သို့သော် ထိုနေရာတွင် အသိသာ အထင်ရှားဆုံး အပိုင်းကမူ ဓားဝင်္ကပါ၏ အလယ်ဗဟိုတွင် ရပ်နေသည့် ကြီးမားသော အနက်ရောင်ချီလင်းဖြစ်သည်။ ထိုကြီးမားသော ချီလင်းကြီး၏ ခြေထောက်ကြီးက ဆက်တိုက်ဆိုသလို အောက်သို့ ဆောင့်နင်းနေခဲ့ပြီး ရောက်လာသောတိုက်ကွက် တစ်ဝက်ကျော်ကျော်ခန့်ကို ကွဲကြေနေစေသည်။ ထိုအချက်အပြင် သိသာထင်ရှားသော နွားချေးပိုးထိုး ကောင်များကိုလည်း ဆွဲဆောင်မိနေသည်။

ထိုနည်းလမ်းမှတစ်ဆင့် အနက်ရောင်ချီလင်းကြီးက သူ့ကိုယ်သူ စတေးလျှက် အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကို ကာကွယ်နေခြင်းဖြစ်ကြောင်း မြင်နိုင်သည်။

“ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်”

“အကြီးအကဲအော့ရန်”

ဝမ်ချောင်၏မျက်နှာကပင် အံ့အားသင့်မှုကြောင့် တောင့်ခဲသွားသည်။ သူသည်လည်း အော့ရန်ချန်းဟန်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို မူလအမရဝင်္ကပါရဲ့ အလယ်ဗဟိုနားတွင် တွေ့ရလိမ့်မည်ဟု မထင်ထားမိပေ။ သူတို့က ထိန်းထားနိုင်သေးပုံ ပေါ်သော်လည်း ဝမ်ချောင်ကမူ သူတို့၏ အခြေအနေဟာ အလွန်ဆိုးရွားနေကြောင်း ပြောနိုင်သည်။

အော့ရန်ချန်းဟန်၏ အနက်ရောင်ချီလင်းက ပုံမှန်အင်အား၏ တစ်ဝက်ကိုပင် မထုတ်သုံးနိုင်ချေ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များကလည်း ကာကွယ်နေသည့်တိုင်အောင် အားလုံး၏ မျက်နှာက ဖျော့တော့နေကြပြီး သူတို့၏နဖူးတွင် ချွေးများစီးကျလျှက် ကျောပြင်နှင့် ရင်ဘက်ကို စိုရွှဲနေစေသည်။ သူတို့၏ခြေထောက်အောက်တွင်ပင် ရေများ အိုင်ထွန်းနေသေးသည်။ သိသာစွာပင် သူတို့၏ ကြယ်တာရာစွမ်းအင်များက ကြာရှည်မခံနိုင်လောက်ပေ။

ပို၍ဆိုးသည်မှာ ကွာဟချက်တစ်ခု ပေါ်လာရုံနှင့် ရွှေရောင်နွားချေးပိုးထိုးကောင်များက ချက်ချင်းလိုလို ဝင်ရောက်မည်ဖြစ်ကာ အကျိုးဆက်က ကြောက်စရာပင် ကောင်းသေးသည်။

“အဲ့ဒီမှာဘယ်သူလဲ”

“မင်းပဲ”

“သခင်လေးချင်းယန်အတု”

“မင်းက ဘာပြောတာလဲ သူက မိစ္ဆာဧကရာဇ်ရဲ့ ဆက်ခံသူ။ မိစ္ဆာလမ်းကြောင်းက မိစ္ဆာကောင်ပဲ”

ထိုသို့ဖြင့် ဖြောင့်မတ်မှန်ကန်ခြင်း အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက ဝမ်ချောင်၏ ဝင်္ကပါဂိတ်ပေါက်ထဲ ဝင်ရောက်လာမှုကို သတိထားမိလိုက်ရုံဖြင့် ကျယ်လောင်သော အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ဓားနှင့်ဆေဘာများ၏ တချွင်ချွင် အသံများက ထွက်ပေါ်လာသည်။ ကောင်းနေသေးသော လူအချို့က သူတို့၏လက်နက်များကို ဝမ်ချောင်ထံ လှမ်း၍ ချိန်ရွယ်လိုက်ကြသည်။ လေထုက ချက်ချင်းဆိုသလို တင်းကြပ်သွားသည်။

“ဒီမိစ္ဆာလေးက ဒီလိုအချိန်မှာ ပေါ်လာတယ်ဆိုတော့ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရမယ်။ ငါတို့ သေချာပေါက် သေရမယ်ဆိုရင်တောင်မှ သူ့ကို အလွယ်တကူ မလွှတ်ပေးနိုင်ဘူး”

“မျိုးမစစ်ကောင် သူကငါတို့ကို ခြုံခိုတိုက်ခိုက်ချင်နေတာပဲ။ သူ့ကိုသတ်ကြစမ်း”

“ထားလိုက်တော့ ငါတို့သူ့ကို ငါတို့နဲ့အတူ ဆွဲထားမှဖြစ်မယ်”

အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များက ချက်ချင်းလိုလို ဒေါသတကြီး အော်ဟစ်ကြသည်။ ဝမ်ချောင်က လျို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံပြိုင်ဘက်ကင်း သံချပ်ကာကို ဝတ်ဆင်ထားသည့်အတွက် သူ့ကိုခပ်ရေးရေးသာ မြင်နိုင်သေးသည့်တိုင်အောင် သူ့ကို ချက်ချင်းဆိုသလို မှတ်မိသွားကြသည်။

ဝင်္ကပါ၏အပြင်ဘက်မှ ဝမ်ချောင်သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေး လော့ချီယင်တို့ကို ရင်ဆိုင်ရာတွင် ထိုသံချပ်ကာကို ထုတ်ဝတ်ခဲ့ဖူးသည်။ ထို့ကြောင့် ကြည့်ရှု့သူများက နက်နက်ရှိုင်းရှိုင်း မှတ်မိနေကြခြင်းဖြစ်လေသည်။

ဝမ်ချောင်က ဒီနေရာတွင် အန္တရာယ်များနှင့် ထောင်ချောက်များကို ရင်ဆိုင်ကျော်ဖြတ်နေသည့် အခိုက်အတန့်မျိုးတွင် ပေါ်လာမည်ဟု မည်သူကမှ မထင်ထားကြပေ။ သိုင်းပညာရှင်တိုင်းသည်လည်း မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူ၏ ကျော်ကြားသော ဂုဏ်သတင်းကို သိထားကြပြီးသားဖြစ်သည်။ ဝမ်ချောင်က မည်သည့်နေရာက လာစေကာမူ သူသည် မိစ္ဆာလမ်းကြောင်းနှင့် ပူးပေါင်းနေကတည်းက မိစ္ဆာဘွဲ့ရပေလိမ့်မည်။

အခြားသော အခြေအနေမျိုးတွင်ဆိုလျှင် သူတို့ကလည်း ထိုမျှအထိ ကြောက်နေလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုအခြေအနေအရ သူတို့၏ ကြယ်တာရာစွမ်းအင် တစ်ဝက်ကျော်ကျော်က ကုန်ဆုံးနေပြီဖြစ်ပြီး မျှော်လင့်ချက်အဆုံးသို့ ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် အားလုံးက အလန့်တကြားဖြစ်လျှက် ဒေါသထွက်သွားကြသည်။

ဝမ်ချောင်၏ အမူအရာကလည်း အေးစိမ့်သွားသည်။

သူသည် ထိုလူများကို ကယ်တင်သင့်မသင့် စဉ်းစားနေချိန်ဖြစ်သည်။ သူတို့က သူ့ကို အမှန်တကယ် တိုက်ခိုက်လာရဲလျှင်မူ နောက်ဆက်ဖြစ်မည့် ကိစ္စကို သူ့ကိုအပြစ်တင်၍ မရတော့ပေ။

“ရပ်တော့”

အပေါ်ဘက်မှ ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။ အရေးကြီးဆုံး အခိုက်အတန့်တွင် အော့ရန်ချန်းဟန်၏ အနက်ရောင်ချီလင်းက ထပြောလာသည်။ သူ၏အသံက အလွန်အမင်း ကြမ်းတမ်းကာ တင်းမာသည်။

“သခင်လေးဝမ်ကို တိုက်ခိုက်ဖို့ ကြိုးစားရဲတဲ့ ဘယ်သူကမဆို မဟာမိတ်ရဲ့ စည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်”

ထိုစကားလုံးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို အံ့ဩသွားစေသည်။ ထို့ပြင် ဝမ်ချောင်ကိုယ်တိုင်ကပင် မျက်ခုံးပင့်လိုက်မိသည်။

“ဒါပေမဲ့ အကြီးအကဲ သူက မိစ္ဆာဧကရာဇ်ရဲ့ တပည့်လေ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင် တစ်ယောက်က စိုးရိမ်တကြီးပြောသည်။ သူ၏ စိတ်ပျံ့လွင့်သွားသော အခြေအနေအရ ရွှေရောင်နွားချေးပိုးထိုးကောင် တစ်ကောင်ကိုပင် ဝင်ရောက်ခွင့် ပြုလုနီးပါးဖြစ်သွားသည်။

မင်းက မိစ္ဆာဧကရာဇ်နဲ့တွေ့တာ ဒါမှမဟုတ် သူ့ရဲ့တပည့်နဲ့တွေ့တာမျိုးဆိုရင် ချက်ချင်းသတ်လို့ရတယ်ဆိုသော အမိန့်က မဟာမိတ်အရှင် အမိန့်ဖြစ်သည်။ မည်သူကလည်း အော့ရန်ချန်းဟန်က ရုတ်တရက် အမိန့်ကို ဖီဆန်မည်ဟု မထင်ထားကြပေ။ သူတို့ကပင် တုန့်ဆိုင်းသွားသည်။

“ဒါပေမဲ့ဆိုတာ မရှိဘူး အားလုံးပဲ နောက်ဆုတ်တော့”

“သခင်လေးဝမ်က ငါတို့ရဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကို ကယ်တင်ခဲ့ဖူးတယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့ ယင်နက်ဘိုးဘေးရဲ့ လက်ထဲမှာ သေသွားပြီးလောက်ပြီ။ ငါတို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ဆိုးယုတ်တဲ့မဟာမိတ်မဟုတ်ဘူး။ ကြင်နာမှုကို ရန်လိုမှုနဲ့ ပေးဆပ်တယ်ဆိုတာက ငါတို့လုပ်သင့်တဲ့အရာမျိုးလည်း မဟုတ်ဘူး။ မဟာမိတ်အရှင်ရဲ့ အမိန့်ကို ငါက မဖီဆန်ချင်ပေမဲ့လည်း ဒီဝင်္ကပါအတွင်းမှာတော့ မင်းတို့ထဲက ဘယ်သူကမှ သခင်လေးဝမ်ကို တိုက်ခိုက်ပိုင်ခွင့်မရှိဘူး”

အော့ရန်ချန်းဟန်၏ အသံက တင်းမာပြီး နှောက်ယှက်ဖြတ်ပြောမှုများကို သည်းခံလိုစိတ်မရှိပေ။

“ဟုတ်ကဲ့”

ထိုလူများက အလွန်အမင်း ဆန္ဒမရှိသေးသည့်တိုင်အောင် ဘယ်သူကမှ အကြီးအကဲကို မဖီဆန်ရဲကြပေ။ ဝမ်ချောင်က အရာအားလုံးကို ဘေးဘက်မှ ရပ်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူဟာ တိုက်ပွဲကြီး ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။ သို့သော် အော့ရန်ချန်းဟန်၏ အပြုအမူက သူ့ကိုပင် အံ့ဩသွားစေသည်။

“သခင်လေးဝမ် ငါတောင်းပန်ပါတယ်။ ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ မိစ္ဆာလမ်းကို လျှောက်လှမ်းတဲ့လူတွေက ရှေးခေတ်ကာလကတည်းက အချင်းချင်း ကတောက်ကဆ ဖြစ်နေကြတာ။ ဒါကြောင့် ငါကိုယ်တိုင်တောင်မှ မဟာမိတ်အရှင်ရဲ့ အပြုအမူကို မပြောင်းလဲနိုင်ဘူး။ ဒါကြောင့် သခင်လေး ငါတို့ကိုခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်”

အော့ရန်ချန်းဟန်၏ အသံက အနက်ရောင်ချီလင်းကြီးထံမှ ထွက်လာသည်။

“အကြီးအကဲက ယဉ်ကျေးလွန်းနေပြန်ပါပြီ”

ဝမ်ချောင်ကလည်း တင်းမာစွာပြောသည်။

“အား”

ထိုအချိန်တွင် အရှေ့တောင်ပိုင်းမှ အော်သံကိုကြားရသည်။ အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်က သတိလက်လွတ် ဖြစ်သွားခြင်းအားဖြင့် ရွှေရောင်နွားချေးပိုးထိုးကောင် တစ်ကောင်ကို သူ၏ဓားကို ကျော်ဖြတ်လျှက် ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ဝင်ရောက်ခွင့် ပြုမိသွားသည်။ ထိုအင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်က အင်အား ကုန်ခမ်းနေသောကြောင့် ခုခံနိုင်စွမ်းရည် မရှိတော့ပေ။ မျက်တောင်တခတ် အချိန်အတွင်းတွင် ထိုရွှေရောင် နွားချေးပိုးထိုးအကောင်က ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ကြိတ်ဝါးလိုက်ပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

“အား ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါ”

အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး နာကျင်စွာ လိမ့်နေလေသည်။

“ဟွမ်ထုံ”

လူတိုင်း၏မျက်နှာက ဖျော့တော့သွားသည်။ သို့သော် သူတို့က အပြေးသွားကာ မကယ်တင်နိုင်သေးခင် နောက်ထပ် ရွှေရောင်နွားချေးပိုးထိုး အကောင်များက ဟွမ်ထုံလဲကျသွားသော နေရာအတွင်းသို့ အပြေးဝင်သွားကြသည်။

ချွင် ချွင် ချွင်

ဓားများက ရွှေရောင်နွားချေးပိုးထိုး အကောင်များနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသောအခါ သူ့ကို လွင့်ထွက်သွားအောင် လုပ်လိုက်နိုင်သည်။ သို့သော် ဒါဟာ ပို၍သာ ကစဉ့်ကလျားဖြစ်သွားစေခဲ့၏။ သူတို့၏ ဓားဝင်္ကပါ မရှိတော့သောအခါ ထိုသိုင်းပညာရှင်များကလည်း ရွှေရောင်နွားချေးပိုးထိုး အကောင်များကို တိုက်ခိုက်နိုင်စွမ်းရည် မရှိတော့ပေ။ ထိုသို့ဖြင့် ပို၍များပြားသော အော်သံများက ထွက်ပေါ်လာလေသည်။

မိုးရွာသောအခါ အောက်သို့ လောင်းဆင်းလာသလိုမျိုး နောက်ထပ် ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကောင်ကင်က မည်းမှောင်လျှက် ထောင်ပေါင်းများစွာသော မျှားနှင့်ကျောက်တုံးများက အောက်သို့ ဆင်းသက်လာသည်။

နောက်ထပ် ဝင်္ကပါတိုက်ကွက် တစ်သုတ် ထပ်မံရောက်ရှိလာသောအခါ ထိုမျှားနှင့် ကျောက်တုံးများက မိုးခြိမ်းသံများလို ကျယ်လောင်သော ဟိန်းသံများနှင့်အတူ ရောက်ရှိလာလေသည်။ ရှင်းလင်းစွာပင် ယခင်ကထက်ပို၍ အင်အားကြီးမားလာသည်။

“မကောင်းတော့ဘူး”

အော့ရန်ချန်းဟန်ကပင် ထိုမြင်ကွင်းကြောင့် အလန့်တကြားဖြစ်သွားသည်။ သူဟာ ဒေါသတကြီး အော်ဟစ်ပြီးနောက် သူ၏ကြီးမားသော ချီလင်းလက်သည်းတစ်ဖက်ကို ကောင်းကင်ဘက်သို့ ချိန်ရွယ်ကာ ယမ်းလိုက်သည်။

“အား”

အလွန်အမင်း ကြီးမားသော ရွှေရောင်နွားချေးပိုးထိုးကြီး တစ်ကောင်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပသည့် အလင်းဖြင့် ဝန်းရံလျှက် အော့ရန်ချန်းဟန်၏ ကြယ်တာရာစွမ်းအင်ကို ကြိတ်ဝါးပြီး သူ၏ပုခုံးအတွင်းသို့ တိုးဝင်သောအခါ ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။

အခြားသော ရွှေရောင်နွားချေးပိုးထိုးကောင်များနှင့် မတူသည်မှာ ထိုတစ်ကောင်က အနီရင့်ရောင် အလင်းဖြင့် ဝိုင်းနေပြီး ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ပင် ထင်ရသည်။

တခဏခန့် အာရုံပျက်ယွင်းသွားခြင်းက မရေမတွက်နိုင်သော မျှားပေါင်းများစွာအား အော့ရန်ချန်းဟန်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားစေလေသည်။ တစ်ခုချင်းစီတိုင်းက ပြင်းထန်သော အလေးချိန် ပါဝင်လေပြီး ထောင်ပေါင်းများစွာ ဝင်စိုက်သွားခြင်းက သူ၏ချီလင်း ခန္ဓာကိုယ်ကြီးကို လှုပ်ခါစေလျှက် သွေးအပြည့် အန်ထုတ်မိလေသည်။

အနက်ရောင်ချီလင်းကြီးက စတင်ကာ ယမ်းခါလာသည်။ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကပင် လျှင်မြန်စွာ မှေးမှိန်လာ၏။

“အကြီးအကဲ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက အလန့်တကြား အော်ဟစ်ကြသည်။ သူတို့က အော့ရန်ချန်းဟန်ဆီသို့ အထိတ်တလန့် သွားကြသည်။ သူတို့၏ ယခင်က တည်ငြိမ်မှုများ အားလုံးက ပျောက်ဆုံးသွားလေပြီး သူတို့၏ အနောက်ဘက်မှ တိုက်ကွက်များကိုပင် မှေးမှိန်သွားစေသည်။ ဝင်္ကပါ၏ အလယ်ဗဟိုသို့ နီးကပ်လေလေ တိုက်ကွက်များက ပို၍အင်အားကြီးမားလေလေ ဖြစ်သည်။ ထိုလူများက ထိုမျှအထိ တောင့်ခံနိုင်ခဲ့သည်မှာ အော့ရန်ချန်းဟန်ကြောင့်သာ ဖြစ်သည်။ အော့ရန်ချန်းဟန်ကြောင့်သာ မဟုတ်လျှင် ထိုမျှအထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“အား”

ရွှေရောင်နွားချေးပိုးထိုး ကောင်များက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များကို ဝိုင်းလာလေလေ အထိတ်တလန့် အော်ဟစ်သံများက ပေါ်ထွက်လေလေဖြစ်သည်။ ထို့ပြင် ဝမ်ချောင်ကိုပင် ဝိုင်းလာသေး၏။ အော့ရန်ချန်းဟန်နှင့် အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ရွှေရောင်နွားချေးပိုးထိုး ကောင်များကြောင့် သေတော့မည့် အခြေအနေကို မြင်သောအခါ ဝမ်ချောင်က ရှေ့သို့အပြေးသွားလိုက်သည်။

ဝုန်း

ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသော အလင်းက ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြန်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည် ကျောက်တုံးများနှင့် မျှားများကို ဆွဲယူရန်အတွက် ကြီးမားသည့် ဆွဲစုပ်အားတစ်ရပ်ကို ထုတ်သုံးလိုက်လေပြီး ဝင်္ကပါဂိတ် အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။

“ရင်ယန် အလှည့်အပြောင်း”

ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို တုန့်ဆိုင်းမနေဘဲ အသုံးပြုလိုက်သည်။

ခီး...

ရွှေရောင်နွားချေးပိုးထိုး ကောင်များသည် ရုတ်တရက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ကျွမ်းကျင်ပညာရှင်များထံမှတစ်ဆင့် ဝမ်ချောင်ထံ အာရုံစိုက်သွားကြသည်။

ရွှေရောင်နွားချေးပိုးထိုး ကောင်များကပင် ဝမ်ချောင်၏ အင်အားအပြည့်ဖြင့် ဆွဲယူမှုဒဏ်ကို မခံနိုင်ကြပေ။

ချွင် ချွင် ချွင်

ရာပေါင်းများစွာသော ရွှေရောင်နွားချေးပိုးထိုး ကောင်များက ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကို ဝင်စောင့်တိုက်ကြသည်။

“အကြီးအကဲအော့ရန် ကျေးဇူးကျွေးတစ်ခုကို ကျေးဇူးကျွေးနဲ့ပဲ ပြန်ဆပ်မယ်။ ဒါက ငါမင်းတို့ကို ကူညီနိုင်တာပဲ။ ဆယ်စက္ကန့်နေရင် အနောက်ဘက်က ရပ်တန့်ခြင်း ဂိတ်ပေါက်ထဲကို ဝင်ရောက်သွားပါ။ ဆယ်မိနစ် ထပ်ကြာပြီးရင် အဲ့ဒါက ခင်ဗျားတို့ကို ခုနှစ်လွှာကနေ ရှစ်လွှာအထိ ခေါ်သွားပေးနိုင်လိမ့်မယ်။ ဒီလိုမှပဲ ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော ဆုတ်လမ်းက ပေါ်ထွက်လာလိမ့်မယ်။ ခင်ဗျားတို့ ရှေ့ဆက်ပြီး တိုးဝင်မယ်ဆိုရင်တော့ အသက်ရှင်နိုင်ချေက မရှိသလောက်ပဲ”

ဝမ်ချောင်၏အသံက လူတိုင်း၏နားအတွင်း ထွက်လာသည်။

“ဒါက နောက်ဆုံးတစ်ကြိမ် ကူညီတာလည်းဟုတ်တယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက ဝမ်ချောင်၏ နောက်ဆုံး စကားလုံးများ၏ ဆိုလိုရင်းကို အပြည့်အဝ နားမလည်နိုင်သေးခင် ဝမ်ချောင်က ရုတ်တရက် ညာလက်ကိုဖုံးထားသော သံချပ်ကာကို တဖြည်းဖြည်းချင်းစီ ဆန့်တန်းလျှက် ကောင်းကင်သို့ လှမ်းချိန်လိုက်လေသည်။

ခြိမ်း

တစ်လောကလုံးဟာ စတင်ကာ ညဉ်းညူသလိုမျိုး ကျယ်လောင်ကာ သန့်စင်လွန်းသည့် ကြယ်တာရာစွမ်းအင်များက ကောင်းကင်ထက်မှ ဆင်းသက်လာလျှက် အော့ရန်ချန်းဟန်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ကျွမ်းကျင်ပညာရှင်များကို ရိုက်ခတ်လိုက်လေသည်။

အခန်း(၁၄၀၈)

လောက၏ ကြယ်တာရာစွမ်းအင်များဖြင့် သွန်းလောင်းခြင်းခံရသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ ကုန်ဆုံးသွားသော ကြယ်တာရာစွမ်းအင်များက ပြန်ပြည့်သွားသည်။

“ဘာ”

ရုတ်တရက် အခြေအနေက ဝင်္ကပါ၏ အလယ်ဗဟိုတွင် ပုန်းအောင်းနေသော ခေါင်းဆောင်နှင့် လက်အောက်ငယ်သား နှစ်ယောက်ကို မှင်သက်သွားစေသည်။ သူတို့၏မျက်နှာတွင် ပေါ်နေသော မယုံကြည်နိုင်သော မျက်နှာထားက ပြင်းထန်လွန်းသဖြင့် မျက်အိမ်ထဲမှ ကျွတ်ကျလုနီးပါး ဖြစ်နေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ သူက ဝင်္ကပါရဲ့ စွမ်းအားတွေကို သုံးနိုင်နေတယ်”

ဝမ်ချောင်က အော့ရန်ချန်းဟန်တို့၏ အဖွဲ့ကို ထောက်ပံ့ပေးရန် ဆွဲထုတ်လိုက်သော စွမ်းအားများသည် ထိုသုံးယောက်က ဝင်္ကပါ၏တိုက်ကွက်များကို မြှင့်တင်ရန် ထုတ်သုံးထားသော လောက၏ စွမ်းအားများ ဖြစ်နေလေသည်။

သူတို့ကသာ သေသည်အထိ ရိုက်သတ်ခံရမည်ဆိုလျှင်ပင် ဒီလိုအရာမျိုး ဖြစ်နိုင်မည်ဟု မယုံကြည်နိုင်ကြပေ။

“ဒီကောင်လေးက ဘယ်လိုနည်းနဲ့မဆို သေရမယ်။ ကြယ်တာရာစွမ်းအင် ထိုးဖောက်ခြင်း နွားချေးပိုးထိုးကောင်တွေ အားလုံးကိုလွှတ်လိုက်။ သူ ဒီအကောင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ငါကြည့်ဦးမယ်”

ခေါင်းဆောင်က ဒေါသတကြီးအော်သည်။

သူ၏မူရင်းပစ်မှတ်က ဝင်္ကပါထဲမှ သိုင်းပညာရှင်တိုင်းဖြစ်သည်။ သို့သော်ယခုမူ ဝမ်ချောင်က သတ်ဖြတ်ရန် စာရင်း၏ ထိပ်ဆုံးသို့ ခုန်တက်သွားသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ကို ကိုင်တွယ်ရန်အလို့ငှာ ရွှေရောင်နွားချေးပိုးထိုးကောင်ပေါင်း များစွာကို လွှတ်လိုက်လေသည်။

.....

ဝင်္ကပါအတွင်းတွင် ရွှေရောင်နွားချေးပိုးထိုးကောင်များ၏ အာရုံကို ဆွဲဆောင်ပြီးနောက် ဝမ်ချောင်က နောက်ထပ် ဝင်္ကပါဂိတ် တစ်ခုထဲသို့ တိုးဝင်သွားသည်။ သူက ထွက်သွားသောအခါ လေထဲမှ ရွှေရောင် နွားချေးပိုးထိုးကောင် အမြောက်အများကို လွတ်ထွက်သွားစေရန် ဓားချီများကို ပစ်လွှတ်ပေးခဲ့လေသည်။

ထိုစွမ်းအားများကို အာရုံခံမိသည့် ရွှေရောင်နွားချေးပိုးထိုးကောင်များက ရူးသွပ်သွားကြပြီး ဝမ်ချောင်ထံ အပြေးသွားကြသည်။

ဝုန်း

ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က ရွှေရောင်နွားချေးပိုးထိုး ကောင်များနှင့် အတူတကွ ပျောက်ကွယ်သွားလေသည်။ သူ၏အနောက်ဘက်တွင် တခဏခန့် ကြာသည်အထိ တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စွံ့အစွာ ကြည့်ကြသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ဝမ်ချောင်ကို ကျိန်ဆဲပြီး ပြောဆိုခဲ့ကြသော ကျွမ်းကျင်ပညာရှင်များက ယခုအခါ အရှက်တရားနှင့် မျက်နှာများ နီရဲကုန်ကြသည်။ သူတို့၏မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများက ပေါ်လာသည်။

အဆုံးသတ်မှာတော့ မင်းကငါတို့ကို ထပ်ပြီးကယ်သွားသေးတာပဲ။

အော့ရန်ချန်းဟန်က ဝမ်ချောင်ထွက်သွားသော ဘက်သို့ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချသည်။

“မင်းတို့အားလုံး ကြားလိုက်တယ်မဟုတ်လား။ အားလုံးပဲ အသင့်ပြင်တော့။ ဆယ်စက္ကန့်နေရင် ငါတို့ဒီနေရာကထွက်မယ်”

အော့ရန်ချန်းဟန်က အသက်ပြင်းပြင်းရှုလျှက် အမိန့်ကို ခပ်မြန်မြန်ထုတ်သည်။

.....

ဝမ်ချောင်သည် အော့ရန်ချန်းဟန်တို့၏ အဖွဲ့ကို လှုပ်ရှားမှုအနည်းငယ်နှင့် ကယ်တင်လိုက်ပုံ ပေါ်သော်လည်း ထိုသို့မဟုတ်ပေ။ ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးသည့် အချိန်တိုင်းလိုလို သူ၏ခန္ဓာကိုယ် အခြေအနေက ဆိုးရွားလာတတ်သည်။ ယခုလေးတင် သူဟာ ထပ်ထုတ်သုံးလိုက်ပြန်၏။

ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကိုသာ ဖောက်မြင်နိုင်မည်ဆိုလျှင် ဝမ်ချောင်၏ မျက်နှာဟာ ဖြူစုတ်နေပြီဖြစ်ကြာင်း သိသာပေလိမ့်မည်။

အချက်ပြဂိတ်ပေါက်၊ ရပ်တန့်ခြင်းဂိတ်ပေါက်၊ ကြည့်ရှု့ခြင်းဂိတ်ပေါက်၊ ဖွင့်လှစ်ခြင်းဂိတ်ပေါက်... နောက်ထပ်နှစ်လွှာပြီးရင် ငါအမြူတေကိုရောက်ပြီပဲ။

ဝမ်ချောင်က သူ့ကိုသူ မှတ်ချက်ချသည်။

ဒီတစ်ကြိမ်တွင် ဝမ်ချောင်သည် မည်သည့် သိုင်းပညာရှင်ကိုမှ မတွေ့တော့ချေ။ မည်သည့် သိုင်းပညာရှင်ကမှလည်း ထိုမျှအထိ နက်ရှိုင်းသော နေရာအထိ မဝင်ရောက်နိုင်ကြပေ။ ထိုမျှအထိ ရောက်နိုင်သော လူတိုင်းကလည်း သေဆုံးပြီးလောက်လေပြီ။

ဝမ်ချောင်က သူ၏ ပါရမီပါသော တွက်ချက်နိုင်လွန်းသော စွမ်းရည်ကို မှီခိုလျှက် အတွင်းသို့ ဆက်လက်ဝင်ရောက်သထက် ဝင်ရောက်သွားသည်။ သူ၏ပတ်ဝန်းကျင်မှ တိုက်ကွက်များက ပို၍ပြင်းထန်လာသည်။ သို့သော် ဝမ်ချောင်သည် အများစုကို ရှောင်ရှားနိုင်ခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ငြိမ်းချမ်းသော လောကကြီးက ရုတ်တရက် တုန်ခါသလိုမျိုး ညဉ်းညူသံကြီးကို ထုတ်လွှတ်ပြန်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် ဝမ်ချောင်သည် နောက်ထပ်တစ်လွှာကို ကျော်ဖြတ်လိုက်ပြီး မူလအမရဝင်္ကပါ၏ ဒုတိယအလွှာသို့ ရောက်ရှိသွားပြီဖြစ်သည်။

သွေးနီရောင်အလင်းက သူ၏မြင်ကွင်းအတွင်း ပြည့်နှက်နေကာ ပတ်ဝန်းကျင် အာကာသပြင် တစ်ခုလုံးကို အနီရောင်ဖန်သားပြင်က မြင်နေရသလိုမျိုး ခံစားမိစေသည်။ ထိုနယ်မြေ၏ အစွန်နားတွင် ဝမ်ချောင်ဟာ မြောက်များလှစွာသော အနီရင့်ရောင် ကျောက်တုံးကြီးပေါ်တွင်ရှိသော မြောက်များလှစွာသော ခုတ်ချက်များကို မြင်လိုက်ရသည်။ ထိုခုတ်ချက်များက ပေတစ်ရာကျော်ခန့်မြင့်ပြီး သူတို့၏ အပေါ်တွင် ထူးခြားသော စကားလုံးများကိုလည်း မြင်ရသေးသည်။ ပို၍ဆိုးသည်မှာ ထိုကျောက်တုံးများ အားလုံးက လှုပ်ရှားနေကြသည်။

စွမ်းအင်စုပ်ယူခြင်းကျောက်တုံး

ဝမ်ချောင်က ချက်ချင်းဆိုသလို မှတ်မိသွားသည်။ သူက ဝင်္ကပါအကြီးအကဲနှင့် စကားပြောနေချိန်တွင် ဝင်္ကပါတွင် အသုံးပြုရန်အတွက် အထူးစကားလုံးများ ရေးသားထားလေ့ရှိသည့် ကျောက်တုံးများအကြောင်း သိခဲ့ရသည်။ ရှေးခေတ်ကာလ အတောအတွင်းတွင် အင်အားကြီးမားသော ဝင်္ကပါတိုင်းနီးပါးက စွမ်းအင်စုပ်ယူခြင်း ကျောက်တုံးများကို ဝင်္ကပါ၏ အမြူတေနားတွင် ထားလေ့ရှိသည်။

စာထွင်းထားသော ကျောက်တုံးများကို ဝင်္ကပါအမြူတေ၏ ပတ်ပတ်လည်တွင် အသုံးပြုခြင်းအားဖြင့် မည်သည့် သိုင်းပညာရှင်ကမဆို အတွင်းသို့ ဝင်ရောက်လိုက်ရုံဖြင့် ကြယ်တာရာစွမ်းအင်ကို ဆုံးရှုံးသွားစေသော နယ်မြေတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် အမြူတေကို ကာကွယ်ရန် ဆိုလိုသည်။

သို့သော် ဝမ်ချောင်က ထိုအကြောင်းအရာကို ကြားသာကြားဖူးသည်။ ယခုအခါမှ ပထမဦးဆုံး မြင်ဖူးလိုက်ခြင်းဖြစ်သည်။

ဒီခေတ်သည် ဝင်္ကပါများအပေါ် နားလည်သဘောပေါက်မှု ဆုတ်ယုတ်နေသော ကာလဖြစ်လေပြီး ထိုကဲ့သို့သော အကြောင်းအရာများကပင် မတည်ရှိတော့သင့်ပေ။

ကြည့်ရတာ ငါထင်တာမှန်နေတာပဲ။ အရှေ့က ဝင်္ကပါရဲ့ အမြူတေနေရာဖြစ်မယ်။ ဒီလိုနဲ့ အတွင်းပိုင်းကို တိုက်ရိုက် ရောက်သွားလောက်တယ်။

ဝမ်ချောင်က ဝင်္ကပါထဲသို့ စဝင်သည်။

သူ၏ပတ်ပတ်လည်တွင် ပို၍များပြားသော ရွှေရောင်နွားချေးပိုးထိုးကောင်များက ပေါ်လာပြီး ဆက်တိုက်ဆိုသလို အော်ဟစ်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အရေအတွက်က ထောင်ကျော်နေကြောင်း မြင်နိုင်သည်။ ရေတွက်ရန်ပင် မြောက်များလွန်း၏။

ယခင်နှင့်မတူသည်မှာ ရွှေရောင်နွားချေးပိုးထိုး ကောင်များက ဝမ်ချောင်၏ ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာကို နားလည်နေပုံရသည်။ ထို့ကြောင့် သူတို့က ဗျူဟာကိုပြောင်းပြီး သူ့ကိုစတင်ကာ ဝိုင်းထားသည်။

သို့တိုင်အောင် သူတို့က တိုက်ခိုက်ရန် လက်လျော့ထားသော်လည်း ပို၍အန္တရာယ်များသွားပုံသာ ပေါ်သည်။ ရွှေရောင်နွားချေးပိုးထိုးကောင်များက ချောင်းမြောင်းနေသော သားရဲကောင်များအလား သားကောင်ကို ဆာလောင်တကြီး ကြည့်နေကြသည်။ သူတို့က အားနည်းသောနေရာကို တွေ့လိုက်ရုံနှင့် ချက်ချင်းဝင်လာမည့်ပုံပေါ်သည်။

ထို့ပြင် ထိုရွှေရောင်နွားချေးပိုးထိုး ကောင်များက ဝမ်ချောင်ကို ဆက်တိုက်ဆိုသလို ဝိုင်းလာနေသောကြောင့် သူ၏မြင်ကွင်းကိုပါ ပိတ်ထားသည်။ သူ၏ အရှေ့တွင် ပိုးကောင်များကိုသာ မြင်နေရသည်။ ဒီလိုအခြေအနေမျိုးတွင် ဝမ်ချောင်က သူ၏စိတ်စွမ်းအားကိုသာသုံးပြီး မျက်လုံးအစားထိုးလိုက်ရသည်။ သို့သော် စိတ်စွမ်းအားများနှင့် မြင်ရခြင်းက မျက်စိနှင့် မြင်ရခြင်းနှင့် မတူညီပေ။

ဝှစ်

တခဏခန့်ကြာပြီးနောက် ကြယ်တာရာစွမ်းအင်များ ပြင်းထန်စွာပါဝင်သည့် မည်းနက်နေသော မီးတောက်တစ်ခုက ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာသည်။ ယခင်က အကြောက်အလန့်မဲ့သော ရွှေရောင်နွားချေးပိုးထိုးကောင်များက အနက်ရောင် မီးတောက်မာရာကို တွေ့ကြုံသောအခါ ချက်ချင်းလိုလို အော်ဟစ်သံများကိုပြုလျှက် မြေပြင်ပေါ်သို့ လဲကျကုန်သည်။

ရွှေရောင်အစက်အပျောက်များပါသော အတောင်များကပင် မည်းကုန်သည်။

“ဟွန်”

ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုမြင်ကွင်းကြောင့် အလွန်အံ့ဩသွားသည်။ သူသည် ထိုပိုးကောင်များကို မီးဖြင့် ခြောက်ချင်ရုံသာဖြစ်သည်။ သို့သော် ထိုမာရာမီးတောက်က ရွှေရောင်နွားချေးပိုးထိုး ကောင်များနှင့် ရင်ဆိုင်ရာတွင် ထိုမျှအထိ သက်ရောက်မှုရှိနေမည်ဟု မထင်ထားမိပေ။

ဝမ်ချောင်၏ကိုယ်ပေါ်တွင် ပေါ်လာသော မာရာမီးတောက်က နွားချေးပိုးထိုးကောင်များကို ကြောက်လန့်စေပြီး သူတို့ကို လူစုကွဲသွားစေသည်။ ဝမ်ချောင်က ရှားပါးသော အခွင့်အရေးကို အပြည့်ယူပြီး ရှေ့သို့သွားကာ ဝင်္ကပါ၏အမြူတေကို အဆိပ်မြူကိုကျော်ဖြတ်လျှက် အပြေးသွားသည်။ ထို့နောက် မျှားများ၊ ကျောက်တုံးများ၊ တိုင်များကိုလည်း ကျော်ဖြတ်သွားရသည်။

သူ၏အနောက်ဘက်တွင်ရှိသော ရွှေရောင်နွားချေးပိုးထိုးကောင်များက အသိပြန်ဝင်လာသလို ဝမ်ချောင်၏ အနောက်ဘက်သို့ လိုက်ကြသည်။

ဘုန်း

ဝမ်ချောင်က နောက်ထပ်တစ်လွှာကို ကျော်ဖြတ်လိုက်သောအခါ လေထုက တုန်ခါသွားသည်။ သူသည် ပထမအလွှာသို့ ရောက်ရှိသွားလေပြီ။

လောက၏ မူလစွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေပြီး အန္တရာယ်ကို အာရုံခံမိနေသော ခံစားချက်ကလည်း မြောက်များလာသည်။

ဝမ်ချောင်က ဝင်္ကပါ၏ အချက်အချာ ဗဟိုနေရာသို့ ဆက်လက်ပြီးသွားလာသည်။

ဝုန်း

အမြူတေသို့ ရောက်လုနီးပါး အနေအထားမျိုးတွင် သူ၏ အနောက်သို့ လိုက်နေခဲ့သော ရွှေရောင်နွားချေးပိုးထိုး ကောင်များက ရုတ်တရက် တုန်ယင်သွားသည်။ သူတို့သည် အလွန်ကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် တွေ့မိလိုက်သလိုမျိုး နောက်ဆုတ်ကြလေသည်။ စက္ကန့်အနည်းငယ် အတွင်းတွင်ပင် အားလုံးက ပျောက်သွားသည်။

“ဟွန်”

ဝမ်ချောင်က အံ့အားတကြီး မျက်မှောင်ကျုံ့လိုက်သည်။ ထိုရွှေရောင်နွားချေးပိုးထိုး ကောင်များ၏ ရက်စက်မှုကို ကြုံတွေ့ခဲ့ပြီးချိန်တွင် မာရာမီးတောက်ကပင် သူတို့ကို လုံးဝထွက်ပြေးသွားအောင် မလုပ်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ သူတို့က ဆက်တိုက်ဆိုသလို နောက်မှလိုက်ပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကတည်းက မည်သည့် ကျွမ်းကျင်ပညာရှင်ကိုမဆို ကြောက်လန့်မှုဖြင့် တုန်ယင်စေလောက်လေသည်။

သို့သော် ယခုမူ ထိုရွှေရောင်နွားချေးပိုးထိုး ကောင်များက နောက်ဆုတ်ရန် ရွေးချယ်သွားကြသည်။ ဒါဟာ သူတို့ ပုံမှန်လုပ်လေ့လုပ်ထရှိသော အမူအကျင့်မျိုးလည်း မဟုတ်ပါပေ။

ဒါလည်း အဆင်ပြေတာပဲ။ အနည်းဆုံးတော့ ငါ့ရဲ့ ကြယ်တာရာစွမ်းအင်တွေကို ထိန်းသိမ်းထားလို့ ရတာပေါ့။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကို ပြန်ရုတ်သိမ်းလိုက်သည်။ သံချပ်ကာကို ပိုင်ဆိုင်ထားခြင်းက လေးစားဖွယ်ကောင်းသော ခုခံနိုင်စွမ်းရည်ကို ပေးစွမ်းသည်။ သို့သော် ကြယ်တာရာစွမ်းအင် အမြောက်အများကို ကုန်ဆုံးစေလေသည်။ ယခုအခါ သူ့ကို ရွှေရောင်နွားချေးပိုးထိုး ကောင်များက မခြိမ်းခြောက်နေကတည်းက ဝမ်ချောင်ကလည်း ဝင်္ကပါကို နည်းနည်းကြာကြာ တောင့်ခံနိုင်ရန် မျှော်လင့်မိလေသည်။

ဝမ်ချောင်က သူ၏ တောင်ရောက်မြောက်ရောက် ဖြစ်နေသော အတွေးများအားလုံးကို ဖိနှိပ်လျှက် ရှေ့သို့ဆက်သွားသည်။

တခဏခန့်ကြာပြီးနောက် သူသည် နောက်ဆုံးသော ဝင်္ကပါဂိတ်ကို ကျော်ဖြတ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားကြောင်း တွေ့လိုက်သည်။ ဝမ်ချောင်က ဝင်္ကပါ၏ အလယ်ဗဟိုသို့ ရောက်သွားလေပြီ။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဝမ်ချောင်သည် ဝင်္ကပါနယ်မြေ၏ အစွန်နားတွင်ရှိသော ကျောက်တုံးတိုင်ကြီးများကို မြင်နိုင်သည်။ ထိုတိုင်များက ကြီးမားသော သားရဲကောင်ကြီး၏ နံရိုးများအလား ကောင်းကင်သို့ မြောက်တက်လျှက် တည်ရှိနေသည်။ ထိုတိုင်များက သလင်းသားရောင် ဖြစ်နေကာ ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသေးပြီး ကောင်းကင်သို့ ဦးတည်ထားကြသည်။

ထို့ပြင် ထိုတိုင်များတွင် ရေးဆွဲထားသော လျို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် စာများကိုလည်း မြင်နိုင်သည်။

“ဒါက ဝင်္ကပါရဲ့ စွမ်းအားအရင်းအမြစ် ဖြစ်လောက်တယ်။ ဒီတိုင်တွေကတဆင့် ဝင်္ကပါက သူ့ရဲ့စွမ်းအင်တွေကို ပတ်ဝန်းကျင်ကို လမ်းညွှန်ပေးနေတာ။ အဲ့ဒီလိုနဲ့ ဒီဝင်္ကပါဂိတ်ပေါက်တွေကို ဆက်တိုက်ဆိုသလို ပြောင်းလဲပြီး အန္တရာယ်များစေတာပဲ”

ထိုတိုင်များက ဝင်္ကပါအတွက် အလွန်အမင်း အရေးကြီးသည်။ သို့သော် ဒီနေရာသို့ ရောက်လာရန်အတွက်လည်း မလွယ်ကူပေ။ မြောက်များလှစွာသော တွက်ချက်မှုများကို လိုအပ်ရုံသာမကသေးလေဘဲ သိုင်းပညာရှင် အမြောက်အများကိုလည်း ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဝမ်ချောင်က ရှေ့သို့ တုန့်ဆိုင်းမနေဘဲ ချီတက်သွားသည်။

ဝင်္ကပါရဲ့ အမြူတေက မုန်တိုင်းရဲ့မျက်လုံးလိုပဲ။ အပြင်ဘက်မှာ ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ ဖြစ်ပေမဲ့ ဒီနေရာမှာကတော့ အန္တရာယ်နည်းတယ်။

ဝမ်ချောင်က ထိုသို့တွေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျောက်တုံးတိုင်များက တည်ငြိမ်ကာ တိတ်ဆိတ်နေသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း ခပ်မြန်မြန် ကျော်ဖြတ်လိုက်ပြီး ကျောက်တုံးတိုင်များ တစ်တန်းပြီးတစ်တန်းကို ဖြတ်ကျော်လာခဲ့သည်။ သူက တိုင်များပေါ်တွင် ရေးထားသော စာများကို တစ်ချက်ကြည့်မိရင်း တစ်စုံတစ်ရာကို မှတ်မိလိုက်သလိုမျိုး မျက်ခုံးပင့်လိုက်လေသည်။

“ငှက်စည်းတံဆိပ်”

ဝမ်ချောင်ကပင် တိုင်များမှ အနက်ရောင် စကားလုံးများကို အံ့အားတကြီး ကြည့်လိုက်မိသည်။

ဝမ်ချောင်သည် ကွန်ဖြူးရှပ်ဂိုဏ်းအကြောင်း စုံစမ်းခဲ့ချိန်တွင် နွေဦးနှင့် ဆောင်းဦးကာလမှ ဘာသာစကား တစ်မျိုးကို တွေ့ကြုံခဲ့ရသည်။ သို့သော် ထိုစကားလုံးများက ဝမ်ချောင် စာအုပ်ထဲတွင် မြင်ခဲ့ဖူးသော စာများနှင့်တူသလို မတူသလို ဖြစ်နေသည်။ ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်နှင့် တူသော်လည်း ပို၍ပင် ရှေးကျပုံရသည်။

ဝမ်ချောင်သည် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်ပေ။ သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် အတွင်းတွင်ရှိနေသော များပြားလွန်းသည့် စွမ်းအားများကို ပြောနိုင်လေသည်။

သူက ဆက်လက်ပြီး ကြည့်ရှု့နေရင်း ကျောက်တုံးတိုင်များပေါ်တွင်ရှိသော အခြားသော စကားလုံးများနှင့် သင်္ကေတများကို တွေ့လိုက်ရသည်။ ရုတ်တရက် သူက ကျောက်တုံးတိုင်တစ်ခု၏ အောက်ခြေတွင်ရှိသော ထူးဆန်းသည့် သင်္ကေတတစ်ခုကို မြင်လိုက်ပြီး သူ၏မျက်လုံးက မှေးကျဉ်းကာ မျက်နှာက ဖျော့တော့သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဘာလို့ ဘာလို့ ဒီသင်္ကေတလဲ”

ဝမ်ချောင်၏ ခန္ဓာကိုယ်ကပင် အံ့အားတကြီး ဖြစ်သွားသည်။ ရှေးဟောင်း သားရဲကောင်ကြီး၏ ပုံတစ်ခုကို မြင်လိုက်ရ၏။ သူ၏ခေါင်းက ပျောက်သွားသည်မှာ ကြာပြီဖြစ်ပြီး နောက်ဘက်တွင် ရက်စက်ကြမ်းတမ်းလွန်းသော ကောက်ကွေးနေသည့် အစွယ်နှစ်ချောင်းနှင့် အောက်ပိုင်းမေးရိုးသာ ကျန်ရစ်သည်။ အောက်ပိုင်းမေးရိုးပေါ်တွင်လည်း စကားလုံးများကို မြင်နိုင်သည်။ ထိုစကားလုံးများက အလွန်အိုဟောင်းနေပုံရပြီး အစွယ်ထိပ်များမှ ထွက်နေသော အနက်ရောင် မီးခိုးငွေ့အလား ဝါးလာသည်။ ထို့ကြောင့် လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါမျိုးကို ထုတ်လွှတ်ထားလေသည်။

ဘာလို့ ကမ္ဘာပျက် ရစ်ပုလ္လင်ဆီက သင်္ကေတတွေက ဒီနေရာမှာ လာပေါ်နေတာလဲ။ နောက်ပြီး ဘာတွေဖြစ်နေတာလဲ။ မူလအမရ ဝင်္ကပါနဲ့ မူလအမရ အရှင်တို့က ဒီအခြေအနေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ။

ဝမ်ချောင်၏စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားရင်း မုန်တိုင်းလှိုင်းလုံးကြီးများကို ထန်လာစေသည်။ သူဟာ သူ၏ကျောက်တုံးတိုင်များကို ကြည့်သောအကြည့်ကပင် ပြောင်းလဲလာလေသည်။

အခန်း(၁၄၀၉)

ဝမ်ချောင်သည် အနောက်မြောက်ပိုင်းသို့ လာခဲ့သည်မှာ နံပါတ်တစ်သိုင်းကို ရှာရန်ဖြစ်ပြီး မူလအမရသိုင်းကို အသုံးပြုလျှက် သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များကို ထိုးဖောက်ကာ ကျင့်ကြံခြင်းသွေဖယ်မှုကို ကုသရန်ဖြစ်လေသည်။

သို့သော် ဒီနေရာတွင် အခြားသော လောကသားများ ကျူးကျော်လာသော သင်္ကေတကို ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ဖူးပေ။

ဝမ်ချောင်၏မျက်လုံးများက အချိန်နောက်ပြန် ခရီးသွားသလိုမျိုး အတွေးယာဉ်ကြောထဲသို့ ရောက်သွားကာ ဦးတည်ရာမဲ့သွားရင်း ကြာရှည်စွာ မေ့လျော့နေခဲ့ပြီဖြစ်သည့် မှတ်ဉာဏ်များကို ပြန်တွေးမိသွားသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က များပြားလှသော ကိစ္စပေါင်းများစွာကို ပြန်တွေးမိသွားသည်။

အခြားသော ကျူးကျော်သူများက ဦးတည်ရာဘက် တစ်ခုထဲမှ လာခဲ့ကြခြင်းမဟုတ်ပေ။ အများစုက နာမည်ကြီး ဝင်ပေါက်များထံမှ လာခဲ့ကြခြင်းဖြစ်ပြီး သူတို့က ထိုဝင်ပေါက်များမှတစ်ဆင့် ဒီလောကထဲ ရောက်ရှိလာကြသည်။ အန်းရာလော့ရှန်းက ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့သော စတေးခံမှုမှတစ်ဆင့် အနောက်မြောက်ပိုင်းမှ အချိန်နှင့် အာကာသ စီးကြောင်းတစ်ခုကို ဖွင့်နိုင်ခဲ့သည်။ ထိုဝင်ပေါက်ကို ကမ္ဘာပျက်ဘေးယစ်ပုလ္လင်ဟု လူသိများသည်။

အခြားသော လောကသားများကလည်း ထိုဝင်ပေါက်ကိုသုံးပြီး ကုန်းမြေသို့ စတင်ကာ ကျူးကျော်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် အခြားသော လောကသားများက အချိန်နှင့်အာကာသ နယ်မြေအတွင်း အခြားသော ဝင်ပေါက်များကို ဖွင့်လှစ်ရန် အပြေးရောက်လာကြသည်။

နောက်ဆုံးတိုက်ပွဲမတိုင်ခင် ဝမ်ချောင်က သူ၏လူများကို ထိုနေရာသို့ ပို့လွှတ်ခဲ့ရင်းဖြင့် အန်းရာလော့ရှန်းကိုယ်တိုင် တည်ဆောက်ခဲ့သော ကမ္ဘာပျက်ဘေး ယစ်ပုလ္လင်ကို ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ခဲ့ရလေသည်။

ထိုကြီးမားလွန်းသော ယစ်ပုလ္လင်ကြီးက မီတာခြောက်ဆယ်မှ ခုနှစ်ဆယ်မီတာခန့်အထိ မြင့်လေပြီး အလယ်ဗဟိုနေရာတွင် ထားထားသည့် ကြီးမားလွန်းသော သင်္ကေတပါ ကျောက်တုံးကြီးပေါင်း များစွာကို မြင်နိုင်သည်။ သွေးနီရောင်အပြင် ဖန်သားလို ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေလေသည်။

ထိုနေရာရှိ အကြီးဆုံးသော ကျောက်တုံးကြီးပေါ်တွင် များပြားလှသော အမျိုးမျိုးသော ပုံစံရှိ သင်္ကေတများကို ထုထွင်းထားသည်။ ထိုထဲမှ အလျို့ဝှက် အဆန်းကြယ်ဆုံး သင်္ကေတ ခုနှစ်ခုထဲမှ တစ်ခုသည် ယခုမြင်လိုက်ရသော သင်္ကေတထဲမှ တစ်ခုနှင့် တစ်ထေရာထဲ တူနေလေသည်။

မည်သူကမှ ထိုသင်္ကေတများကို မမြင်ဖူးခဲ့ကြပေ။ ထို့ကြောင့် ထိုသင်္ကေတများတွင် သယ်ဆောင်ထားသော အရာများကိုလည်း မည်သူကမှ မသိကြပေ။ သို့ရာတွင် သိသာစွာပင် ထိုသင်္ကေတ ခုနှစ်ခုက အခြားလောကမှ ကျူးကျော်သူများကို ဆင့်ခေါ်ရာတွင် အလွန်အမင်း အရေးကြီးခဲ့လေသည်။

“ဒီမူလအမရအရှင်ဆိုတာ ဘယ်သူလဲ။ သူနဲ့ ဒီလူတွေက ဘယ်လိုဆက်စပ်နေတာလဲ။ ဘာလို့ အန်းရာလော့ရှန်းက အသုံးပြုတဲ့ သင်္ကေတနဲ့ တူညီတဲ့သင်္ကေတကို ဒီဝင်္ကပါ တည်ဆောက်တဲ့ အချိန်မှာ ထည့်သုံးသွားတာလဲ။ ဖြစ်နိုင်တာက...”

ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး အတွေးများ အကြံပေါင်းများစွာက ပေါ်ထွက်လာသည်။

ဝင်္ကပါက ဝင်္ကပါသာ ဖြစ်နေသေးသည်။ သို့သော် ဝမ်ချောင်၏ စိတ်အတွင်းတွင်မူ သိသာထင်ရှားသော ကိစ္စတစ်ခုဖြစ်သွားသည်။

ခလွက်

ဝမ်ချောင်က သတိပေးခြင်း အလျဉ်းမရှိလေဘဲ သူ၏လက်ဝါးချက်ကို ရိုက်ထုတ်လိုက်ကာ ထိုကျောက်တုံးတိုင်ကို ခုတ်ပိုင်းပစ်လိုက်သည်။

ဘုန်း

ကျောက်တုံးတိုင်က အောက်သို့ ကြေမွလျှက် ပြုတ်ကျသွားချိန်တွင် မြေကမ္ဘာက တသိမ့်သိမ့်တုန်ကာ ယမ်းခါသွားသည်။ မူလအမရ ဝင်္ကပါကြီးတစ်ခုလုံးက တုန်ခါသွား၏။

“ဘာဖြစ်တာလဲ”

ဝင်္ကပါ၏ အလယ်ဗဟိုအပြင်ဘက် လေးလွှာ၊ ငါးလွှာခန့်ရှိနေသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ခေါင်းကို အလန့်တကြားမော့လျှက် အထိတ်တလန့် ကြည့်ကြသည်။ စုန့်ယွမ်ယွီကလည်း အပေါ်သို့မော့ကြည့်၏။

သူတို့အားလုံးသည်လည်း ဝင်္ကပါထံမှ ပေါက်ကွဲသံများကို ထပ်ခါတလဲလဲ ကြားနေကြဖြစ်သည်။ ထိုအသံများက အမြူတေဘက်မှလာသည်။ အချိန်တိုင်းလိုလို ဝင်္ကပါက ပို၍အင်အားကြီးမားသထက် ကြီးမားလာသည်။ အချို့သော အကြောင်းပြချက်များကြောင့် ယခုလေးတင် ပေါက်ကွဲသွားသော အသံဟာ ခြားနားသလိုမျိုး ခံစားလိုက်ရသည်။

“မဟာမိတ်အရှင် ဝင်္ကပါရဲ့ စွမ်းအင်တွေက အားနည်းသွားပြီ။ ကြည့်ရတာ တစ်ယောက်ယောက်က ဝင်္ကပါရဲ့ အမြူတေဆီ ရောက်သွားခဲ့တဲ့ပုံပဲ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ပြောသည်။

“ငါက ဘယ်သူလဲဆိုတာကို သိချင်တာ။ ဝင်္ကပါရဲ့ အမြူတေနေရာကို ခပ်မြန်မြန် ရောက်သွားတယ် ဆိုကတည်းက တော်တော်လေးကို လေးစားဖို့ကောင်းနေပြီ။ ဒီလိုအင်အားမျိုးကို အထင်သေးလို့မရဘူး”

အခြားသော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတစ်ယောက်က ထပ်ဖြည့်ပြောသည်။

စုန့်ယွမ်ယွီက ဘာစကားမှမပြောချေ။ သူက မျက်မှောင်သာ ကျုံ့နေသည်။ သူ၏မျက်နှာတွင် အဓိပ္ပာယ် ဖော်ရန် ခက်ခဲသော အကြည့်မျိုးကရှိနေသည်။

......

ဝုန်း

ထိုအချိန်တွင် ဝင်္ကပါ၏အပြင်ဘက် မြေပြင်က တုန်ခါနေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အကြီးအကဲတို့ကလည်း ဝင်္ကပါအကြီးအကဲ ယခုလေးတင် ချခင်ထားသော ကျောက်တုံးဝင်္ကပါအတွင်း ဘေးချင်းယှဉ်လျှက် ရပ်နေကြရင်း ဝင်္ကပါ၏ အလယ်ဗဟိုသို့ လှမ်းကြည့်ကြသည်။

“ဝင်္ကပါရဲ့စွမ်းအားက အားနည်းသွားပြီ။ အဲ့ဒီကလေးက အမြူတေကို ရောက်သွားပြီပဲ”

ဝင်္ကပါအကြီးအကဲက ရုတ်တရက်ပြောသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း ခေါင်းညိမ့်သည်။ သူ၏မျက်နှာက ခံစားချက် ကင်းမဲ့သည်။

“မင်းကနည်းနည်းလေးတောင် မစိုးရိမ်ဘူးလား”

ဝင်္ကပါအကြီးအကဲက မေးသည်။

မူလအမရဝင်္ကပါသည် အန္တရာယ်များ ပြည့်နှက်နေသည်။ ဝမ်ချောင်က သူ၏ ကျင့်ကြံခြင်း သွေဖယ်သည့် ကိစ္စကို အချိန်မရွေး ရင်ဆိုင်ရနိုင်သေးသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကမူ တည်ငြိမ်လွန်းအားကြီးနေသည်။

“မစိုးရိမ်ဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပြောသည်။ သူ၏မျက်နှာက ရှေးဟောင်းရေတွင်းအလား တည်ငြိမ်သည်။

ဝင်္ကပါအကြီးအကဲကပင် ထိုအခြေအနေကြောင့် ဒေါသထွက်သွားသည်။

“ကျန်းဝမ်ဖူ မင်းက ဘယ်လိုဆရာဖြစ်ချင်နေတာလဲ။ အဲ့ဒီကောင်လေးက ဝင်္ကပါရဲ့ အလယ်နေရာမှာ ပုန်းကွယ်နေတဲ့ အဖွဲ့အစည်း ရှိတာသေချာမှန်း ပြောပြသွားပြီးသား မဟုတ်ဘူးလား။ အဲ့ဒီလူတွေက အချိန်မရွေး ပေါ်ထွက်လာနိုင်သေးတယ်”

“ငါသိတယ်”

“မင်းကသိတယ် ဒါတောင်မှ တည်ငြိမ်နေတာလား”

ဝင်္ကပါအကြီးအကဲက ဒေါသတကြီးအော်သည်။ ဆရာတစ်ယောက်အနေနဲ့ တပည့်က အန္တရာယ်အတွင်းသို့ ဝင်သွားချိန်တွင် မစိုးရိမ်ကတည်းက ကောင်းမွန်သောဆရာ မဟုတ်တော့ပေ။ သူက ကျန်းဝမ်ဖူကို မယှဉ်နိုင်သလို ကြောက်လန့်နေသောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်ကို ကိုယ်ပိုင် တပည့်အဖြစ် လုပြီးလေပြီ။

“မင်းဘာတွေးနေတာလဲ ငါသိတယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးများက ရှေ့သို့ကြည့်နေသော်လည်း သူ၏အမူအရာကမူ တည်ငြိမ်နေသေးသည်။

“ငါသူ့ကို ဂရုမစိုက်တာမဟုတ်ဘူး။ ဒါပေမဲ့ သူက ငါ့တပည့်။ ဒီတော့ ငါသူ့ကိုယုံကြည်တာ”

ဝုန်း

ဝင်္ကပါအကြီးအကဲကပင် ထိုစကားလုံးများကြောင့် ကြောင်အသွားသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ရာကို နားလည်လိုက်ပြီး တိတ်တဆိတ် အကြည့်လွှဲသွားသည်။

ထိုအခိုက်အတန့်တွင် ဝင်္ကပါအကြီးအကဲက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးထဲမှ လှုပ်ခတ်သွားသော အားလှိုင်းကို သတိမထားမိခဲ့ကြပေ။ ထိုမျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားသေးသည်။ ဝမ်ချောင်ကသာ သာမာန်တပည့်ဆိုလျှင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း အလွန်အမင်း စိုးရိမ်နေရလောက်သည်။ သို့သော် တိုတောင်းသော နှစ်နှစ်အတောအတွင်းတွင်မူ ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်မြေအဆင့်မှ မဟာဗိုလ်ချုပ်ကြီး အထွတ်အထိပ် အဆင့်သို့ တောက်လျှောက် တက်လာခဲ့သည်။ ထို့ပြင် သူသည် သိမ်မွေ့နယ်မြေနားသို့ပင် ကပ်လာသေးပြီး အံ့အားသင့်ဖွယ်ကောင်းသော အောင်မြင်မှုများကို ဆက်တိုက်ဆိုသလို လုပ်ပြသွားခဲ့လေသည်။

ဝမ်ချောင်သည် အရာအားလုံးကို ကိုယ်တိုင် လုပ်သွားခဲ့ခြင်းဖြစ်သည်။ သူကပင် တစ်ဖက်သူအတွက် အထူးတလည် လမ်းမဖောက်ပေးခဲ့ရပါပေ။

ချောင်အာ ဘာတွေပဲဖြစ်ဖြစ် မင်းရဲ့ဆရာက အမြဲတမ်း မင်းကိုယုံတယ်။ မင်းက မင်းရဲ့ဆရာကို ကျော်နိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒီလောကက ဘယ်သူကမှ မင်းကို မဆွဲထားနိုင်ဘူး။

.....

“အရှင် သတင်းဆိုးပဲ။ အဲ့ဒီကလေးက ဝင်္ကပါကို စပြီးဖျက်ဆီးနေပြီ။ ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် သူကျောက်တုံးတိုင်တွေ အားလုံးကို ဖျက်ဆီးလိုက်လိမ့်မယ်”

ဝင်္ကပါ၏အတွင်းပိုင်း လေထဲတွင်ရပ်နေသော ပုံရိပ်များက ဝမ်ချောင်ကို စောင့်ကြည့်နေကြသည်။

ထိုအခိုက်အတန့်တွင် ဝင်္ကပါထဲမှ လူတိုင်းက သေဆုံးခြင်း၏တံခါးတွင် ရုန်းကန်နေကြသည်။ စုန့်ယွမ်ယွီ၊ ယင်နက်ဘိုးဘေးနှင့် အခြားသော မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က အတွင်းတွင် ပိတ်မိနေကြသည်။ ထိုအခိုက်အတန့်တွင် ဝင်္ကပါ၏ အမြူတေသို့ ရောက်ရှိလာခဲ့ပြီး ခြိမ်းခြောက်နေသောလူက ဝမ်ချောင် တစ်ယောက်တည်းသာဖြစ်သည်။

ထိုလူငယ်သည် အသက်(၁၇)နှစ်၊ (၁၈)နှစ်အရွယ်သာ ရှိသေးပြီး မူလအမရ အရှင်သခင်က ဖန်တီးထားခဲ့သော ဝင်္ကပါကို ဖျက်ဆီးနိုင်သော စွမ်းရည်မျိုး ရှိနေခဲ့သည်။ သူတို့၏ အရိုင်းစိုင်းဆုံးသော အိမ်မက်များတွင်ပင် ထိုဖြစ်နိုင်ချေကို ထည့်သွင်းပြီး စိတ်ကူးမယဉ်ရဲပေ။

“ဟုတ်တယ် အရှင် ငါတို့သူ့ကို တားရမယ်”

အခြားသော လက်အောက်ငယ်သားများကလည်း သဘောတူသည်။

“ကျောက်တုံးတိုင်တွေမရှိရင် ငါတို့ရဲ့ ဝင်္ကပါအပေါ် ထိန်းချုပ်မှုက အများကြီး သက်ရောက်သွားလိမ့်မယ်။ ဝင်္ကပါရဲ့ စွမ်းအားကလည်း အများကြီး ထိုးကျသွားမှာပဲ”

ခလွက်

ဝမ်ချောင်က နောက်ထပ် ကျောက်တုံးတိုင် တစ်တိုင်ကို ဖျက်ဆီးလိုက်ချိန်တွင် မြေပြင်က တဖန်ထပ်ပြီး တုန်ယင်သွားသည်။ ထို့နောက် အောက်သို့ ကျောက်တုံးတိုင်ကြီးက ပြိုကျသွားသည်။ ထိုသုံးယောက်လုံး၏ မျက်နှာက တင်းမာသွားပြန်သည်။

“အရှင် ငါတို့သွားပြီး တားသင့်လား”

လက်အောက်ငယ်သား တစ်ယောက်က စိုးရိမ်တကြီးမေးသည်။

သူတို့၏ခေါင်းဆောင်၏ မျက်လုံးက မသေချာ မရေရာမှုဖြင့် တောက်ပသွားပြီး သတ်ဖြတ်လိုစိတ်များက ပြင်းထန်စွာနှင့် ထိုလူငယ်ကိုကြည့်သည်။

“မသွားနဲ့”

ခေါင်းဆောင်က ခပ်ကြမ်းကြမ်း ငြင်းလိုက်သည်။

“ငါတို့က ဝင်္ကပါရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ပြီး စည်းမျဉ်းတွေကို ပြောင်းနိုင်တယ် ဆိုပေမဲ့လည်း မူလအမရအရှင်သခင်က သူ့ရဲ့ နောက်ဆုံး စိတ်ဆန္ဒအရ ဝင်္ကပါရဲ့ အမြူတေကို ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ထိတွေ့ခွင့်မပြုဘူးလို့ ပြောထားတယ်”

ခေါင်းဆောင်က နောက်ဆုံး စကားလုံးများကို ပြောချိန်တွင် လှောင်သံက ပါသေးသည်။ အခြားသော လက်အောက်ငယ်သား နှစ်ယောက်၏ အမူအရာကလည်း အလွန်အမင်း ပုံမှန်မကျဖြစ်သွားသည်။

သူတို့သည် ဝင်္ကပါ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်သော်လည်း ဖီဆန်၍မရသည့် စည်းမျဉ်းများလည်း ရှိနေသည်။

လက်အောက်ငယ်သား တစ်ယောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လက်သင့်မခံလိုသလို ပြောသည်။

“ဒါပေမဲ့အရှင် ငါတို့က ဒီကောင်ဝင်္ကပါကို ဖျက်ဆီးတာကို ဒီတိုင်းကြည့်နေရမှာလား။ မူလအမရ အရှင်သခင်ရဲ့ စိတ်ဆန္ဒကို သစ္စာဖောက်တာထက်တောင် ပိုပြီး မပြင်းထန်နေဘူးလား”

ထိုနှစ်ယောက်က ဝမ်ချောင်ဖျက်ဆီးနေသည့် ကျောက်တုံးတိုင်များကို ကြည့်နေချိန်တွင် ဖော်ပြရန်ခက်ခဲသည့် တင်းမာမှုများရှိနေသည်။

“အဲ့ဒီလောက် မလွယ်ပါဘူး။ ဒီကျောက်တုံးတိုင်တွေက အမြူတေရဲ့ အပြင်ဘက်ဆုံးအပိုင်းက တိုင်တွေပဲ။ သူတို့ကို ဖျက်ဆီးတာက ဝင်္ကပါကို အားနည်းသွားစေရုံပဲ တက်နိုင်မှာ။ ဒါပေမဲ့ ဝင်္ကပါကြီး တစ်ခုလုံးပေါ် သိသာထင်ရှားစွာ သက်ရောက်သွားတာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဝင်္ကပါကို မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့တာဆိုတော့ ဖျက်ဆီးဖို့ ဒီလောက်လွယ်မှာတဲ့လား။ သူက အဲ့ဒီနေရာထိ ရောက်နိုင်ရင်တောင်မှ တကယ့် အစစ်အမှန် အတွင်းပိုင်းကို မရောက်နိုင်သေးပါဘူး”

ခေါင်းဆောင်က ထိုသို့ပြောနေရင်း အကြံတစ်ခုရသွားပုံပေါ်သည်။ သူ၏မျက်ဝန်းအတွင်း နက်နဲသော အလင်းက ဖြတ်ပြေးသွား၏။ အခြားသော လက်အောက်ငယ်သားများကလည်း အစပိုင်းတွင် ကြောင်အသွားကြသည်။ ထို့နောက် သူတို့သည် တစ်စုံတစ်ရာကို နားလည်လိုက်ပြီး စိတ်အေးသွားကြသည်။

.....

“ကျောက်တုံးတိုင်ကို ဖျက်ဆီးတာက ဝင်္ကပါကို မပျက်စီးစေနိုင်ဘူး ဆိုပေမဲ့လည်း အနည်းဆုံးတော့ သခင်နဲ့ အခြားသိုင်းပညာရှင်တွေရဲ့ အခြေအနေကို တိုးတက်သွားစေမှာပဲ”

ခလွက်

အမြူတေ၏ ထောင့်စွန်းနားမှ ဝမ်ချောင်က နောက်ဆုံးသော ကျောက်တုံးတိုင်ကို ဖျက်ဆီး၍ပြီးသွားသည်။ အစွယ်ကဲ့သို့ ပုံသဏ္ဍန်မျိုးဖြစ်နေသော ကျောက်တုံးတိုင်က ပြိုကျသွားပြီး ပေါက်ကွဲသွားကြောင်း မြင်သောအခါ သူသည်အများကြီး စိတ်အေးသွားသည်။

“ဝင်္ကပါရဲ့ အမြူတေပဲကျန်တယ်”

ဝမ်ချောင်၏ခန္ဓာကိုယ်က ယမ်းခါလျှက် အမြူတေရှိရာဘက်သို့ သွားလေသည်။

တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် ထိုအမြူတေနယ်မြေ၏ အလယ်ဗဟိုသို့ ရောက်သွားသည်။ ထိုနေရာက သိပ်သည်းလွန်းသော အနီရောင်မီးခိုးများ ပြည့်နှက်နေကာ ကောင်းကင်သို့ပင် ထိုးတက်နေသေးသည်။ ပို၍ဆိုးသည်မှာ လိမ့်တက်နေသော မူလစွမ်းအင်များက ပြင်းထန်သိပ်သည်းလွန်းသဖြင့် သာမာန်လူများကပင် အာရုံခံမိလောက်သည်။

ဖျက်ဆီးခြင်းစွမ်းအားများက မည်သည့်သိုင်းပညာရှင်၏ မျက်နှာကိုမဆို ဖျော့တော့သွားစေလောက်သည်။

ဝမ်ချောင်က အရှေ့သို့ကြည့်ရင်း သူ့ကိုယ်သူရေရွတ်သည်။

တစ်လွှာပဲကျန်တယ်။

သူသည် ထိုအနီရင့်ရောင် မီးခိုးများအတွင်းတွင် မီးတောက်များရှိနေကြောင်း မြင်နိုင်သည်။ မီးတောက်များ၏ အလယ်ဗဟိုနေရာက ကြီးမားသော ရွှေရောင် စတုရန်းကွင်းကြီးဖြစ်သည်။ ထိုစတုရန်းတုံးကြီးက မီတာခုနှစ်ဆယ်မှ ရှစ်ဆယ်ခန့်အထိ မြင့်သေးကာ နတ်ဘုရားဆန်သည့် ခမ်းနားထည်ဝါမှုများကို လွှတ်ထုတ်နေပြီး အခြားသော ဝင်္ကပါအစိတ်အပိုင်းများနှင့် ခြားနားနေလေသည်။

ဝမ်ချောင်သည်လည်း ထိုစတုရန်းတုံးကြီး၏ အောက်ဘက်မှ မြောက်များလှစွာသော မည်းမှောင်နေသည့် တူးမြောင်းများကိုလည်းမြင်သည်။ အတွင်းက မည်းမှောင်ဆိုးယုတ်နေပြီး တိုင်းတာရပင် ခက်ခဲလွန်းသည်။ သိသာစွာပင် တူးမြောင်းများထဲမှ တစ်ခုက ထိုစတုရန်းတုံးကြီးဆီသို့ ဦးတည်ခေါ်သွားပေးပေလိမ့်မည်။

ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် ပို၍ပင် သတိကပ်လိုက်သည်။

မူလအမရဝင်္ကပါသည် လောကမှ နံပါတ်တစ် ဝင်္ကပါဖြစ်ပြီး အန္တရာယ်များ ပြည့်နှက်နေသည်။ ထိုကဲ့သို့သော နေရာမျိုးတွင်ပင် လုံခြုံသည်ဟု ထင်ရသည့်တိုင်အောင် အန္တရာယ်အများဆုံးလည်း ဖြစ်နေနိုင်သည်။

ကလပ်

သူ၏လက်ညိုးကို တစ်ချက်လွှဲယမ်းပြီးနောက် ဝမ်ချောင်က ယခင်က ဝင်္ကပါဂိတ်များထဲမှ တစ်ခုထံမှတစ်ဆင့် ကောက်လာခဲ့သည့် ကျောက်တုံး အချွန်အတက်များကို အနီရောင် မီးခိုးများထဲသို့ ပစ်လွှတ်လိုက်သည်။

ဟစ်

ထိုကျောက်တုံး အပိုင်းအစများက မီးခိုးထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် စတင်ကာ ပုံပျက်ပန်းပျက်နှင့် ပျက်စီးလာလေသည်။ အက်စစ်နှင့် ထိတွေ့မိပြီး ကျုံ့လာသလိုမျိုး ကျောက်တုံး သုံးတုံးကပင် မည်းမှောင်လျှက် စတင်ကာ ကျုံ့သွားသည်။

ထိုကျောက်တုံး တုံးများက မီးခိုးများကို လွှတ်ထုတ်ပြီး မီးတောက်လောင်သွားသည်။ ထို့နောက် အနက်ရောင် ပြာများအသွင် ပြောင်းလဲလျှက် ဘာမှမကျန်ရစ်တော့သည်အထိ လောင်ကျွမ်းခံလိုက်ရလေသည်။

ဝမ်ချောင်၏မျက်နှာက ချက်ချင်းဆိုသလို တင်းမာသွားလေသည်။

အခန်း(၁၄၁၀)

စွစ်

ဝမ်ချောင်က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ထံမှ ယူလာခဲ့သည့် ဓားကျိုးတစ်ချောင်းကို ထုတ်ပြီး ရှေ့သို့ပစ်လိုက်သည်။

ထိုဓားက ကျောက်တုံး အပိုင်းအစများထံ လျှင်မြန်လွန်းစွာ ဝင်ရောက်သွားသည်။ သို့သော် သံမဏိသားဖြင့် လုပ်ထားသောကြောင့် ကျောက်တုံးများထက်ပင် ဖျက်ဆီးခံရခြင်း မြန်ဆန်သေးလေသည်။ ထို့ကြောင့်ဓားက မြူထဲသို့ ဝင်ရောက်ပြီးပြီးချင်း ပျက်စီးသွားလျှက် မည်းတူူးနေသော အမှုန်များကသာ ကျန်ရစ်သည်။

ကျန်သော ဓားကိုယ်ထည်ဆိုလျှင် မီးတောက်ထဲသို့ ဝင်ရောက်ပြီးပြီးချင်း အရည်ပျော်ကျသွားလေသည်။

ဝမ်ချောင်က ကိုယ့်ကိုယ်ကို ကြိုတင်ပြင်ဆင်ထားသေးသည့်တိုင်အောင် ထိုမြင်ကွင်းကြောင့် ကြောင်အသွားလေသည်။

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ဓားများက သာမာန်သံမဏိသားဖြင့် လုပ်ထားခြင်းမဟုတ်ပေ။ ထိုအနီရောင် မြူထုများက လျှင်မြန်စွာ ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ကြောင့် အလွန်တရား ထူးခြားပေလိမ့်မည်။

အနောက်ဘက်မှ ကြမ်းတမ်းသော မီးတောက်များအတွက်ကမူ သာမာန် သံချပ်ကာများဆိုလျှင် အရည်ပျော်ကျသွားလောက်သည်။

“မူလအမရ အရှင်သခင်က အဆိပ်ရှိမြူထုနဲ့ မီးတောက်တွေ နှစ်ခုလုံးကို ချန်ထားရစ်ခဲ့တာ။ နှစ်ခုလုံးက တော်တော်လေး ကြမ်းတမ်းပြင်းထန်တယ်။ ဒီတော့ အဖိုးတန်ဆုံး လက်နက်နဲ့ အကောင်းဆုံး သံချပ်ကာတွေကိုတောင် ဖျက်ဆီးနိုင်တယ်”

“ရှေးခေတ်အချိန်ကတည်းက ဘယ်သူကမှ ဒီထောင်ချောက်တွေကို မကျော်ဖြတ်နိုင်ခဲ့ဘူး။ မူလအမရ အရှင်သခင်က ချန်ထားရစ်ခဲ့တဲ့ စည်းတံဆိပ်ကြောင့်သာ မဟုတ်ရင် ငါတို့တောင် အထဲကိုဝင်ရင်း အဆုံးသတ်သွားရမှာပဲ။ အပြင်လူတွေဆိုရင် ပြောဖို့တောင် မလိုသေးဘူး။ ဟွန်း ဒီကောင်က ဒီထောင်ချောက်တွေကို မဖျက်နိုင်ပါဘူး”

ခေါင်းဆောင်က ဝမ်ချောင်ကို ကြည့်ပြီးနောက် ရွေးချယ်မှုကို စောင့်နေလေသည်။ ရှေ့သို့ဆက်သွားလျှင် သေရမည်ဖြစ်သည်။ နောက်သို့ ထပ်ဆုတ်လျှင်လည်း သေရဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုသိုင်းပညာရှင်များကလည်း အတွင်းသို့ ဝင်ရောက်ရုံနှင့် သေချာပေါက် သေရပေလိမ့်မည်။

လက်အောက်ငယ်သား နှစ်ယောက်က တိတ်ဆိတ်နေသည်။ သူတို့သုံးယောက်လုံးက ဝမ်ချောင်ကို စောင့်ကြည့်ရင်း ဝမ်ချောင် ဆက်လက်လှုပ်ရှားမည့် အခြေအနေကို စောင့်ကြည့်နေကြသည်။

အရာအားလုံးဟာ နောက်ဆုံးတွင် အဆုံးသတ်တော့မည်ဖြစ်သည်ဟု သူတို့နှစ်ယောက်က တွေးလိုက်သည်။ စက္ကန့်တစ်ဝက်ခန့် ကြာပြီးနောက်

...

ချွင်

အတွေးတစ်ခုနှင့်အတူ ဝမ်ချောင်က ရှေ့သို့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူက အနီရောင်မီးခိုးထဲသို့ မဝင်ခင် ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင် သံချပ်ကာကို ဝတ်လိုက်သည်။

ဝုန်း

ထိုသုံးယောက်ကလည်း အံ့အားတကြီး ကြည့်လိုက်ကြသည်။

ဟွန် ငါသူ့ကို အထင်ကြီးမိတာပဲ။ အကောင်းဆုံး သံချပ်ကာတောင်မှ ပျက်စီးရမှာ။ ဒါကိုသူက အတွင်းကို ဝင်ဦးမယ်ဆိုတော့ ဒီကောင်လေးတော့ အဆုံးသတ်မှာသေချာတယ်။

လက်အောက်ငယ်သား နှစ်ယောက်က ခေါင်းကိုခါနေကြသည်။ သူတို့သည် ဝမ်ချောင်ဟာ အနည်းငယ် စမ်းသပ်ပြီးနောက်မှ ခက်ခက်ခဲခဲ ပြန်ဆုတ်သွားလိမ့်မည်ဟု ထင်သည်။ သို့သော် ရလဒ်ကမူ သူတို့မျှော်လင့်ထားသလို မဟုတ်ပေ။

ထိုနယ်မြေအတွင်းတွင် ဝမ်ချောင်၏ အသက်ရှင်နိုင်ချေက မရှိပေ။

သူတို့ကလည်း တစ်ဖက်သူဟာ မီးခိုးထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လိုက်ကြောင်း မြင်လိုက်ရသဖြင့် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလေသည်။

“ကံကြမ္မာကျောက်တုံး သံချပ်ကာကို ချိတ်ပိတ်လိုက်”

ဝမ်ချောင်က အာရုံအပြည့် စူးစိုက်ထားရင်း အပြင်ဘက်ရှိ အခြေအနေများကို အနည်းငယ်သာ ဂရုထားတော့သည်။ သူဟာ အမြူတေနေရာသို့ ဝင်ရောက်ပြီးချိန်ကတည်းက သံချပ်ကာ၏ အစင်းကြောင်း နေရာတိုင်းကို ပိတ်ထားပြီးသားဖြစ်သည်။ ထို့နောက် ကောင်းကင်ဘုံ တိုက်ပွဲဝင် သံချပ်ကာအား အရာအားလုံးမှ ကင်းထွက်နေစေရန် သီးသန့် အာကာသပြင် တစ်ခုအတွင်းသို့ ထည့်သွင်းလိုက်သလိုမျိုး ပိတ်လှောင်ပစ်လိုက်သည်။

ထိုအငွေ့များသည် ကောင်းကင်ဘုံတိုက်ပွဲဝင်သံချပ်ကာ ရှိရာနေရာသို့ ဝိုင်းလာသေးသည်။ သို့သော် ထိုပျက်စီးခြင်း စွမ်းအားများက အပြင်ဘက်တွင်သာ တိုက်ရိုက်ရှိနေ၏။ ထိုသို့ဖြင့် အာကာသပြင်တစ်ခု သီးသန့် ခွဲခြားထားသလိုမျိုး အနားသို့ မကပ်နိုင်ခဲ့ပေ။

မီးခိုးများက သိပ်သည်းလွန်းသဖြင့် ဘာကိုမှ မမြင်နိုင်ပေ။

ဝမ်ချောင်က သူ၏စိတ်စွမ်းအားကိုသာ ထုတ်လွှတ်ပြီး ရှေ့သို့ ဆက်သွားနေရသည်။

ငါ့မှာ ငါးမိနစ်ပဲကျန်တယ်။ ငါမြန်မြန်လုပ်ရမယ်။

ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။

သူသည် ဖျက်ဆီးခြင်း အဆိပ်မြူထဲသို့ အလွယ်တကူ ဝင်ရောက်နေပုံပေါ်သော်လည်း ဝမ်ချောင်ကိုယ်တိုင်ကသာ သူ၏အခြေအနေဟာ မည်မျှဆိုးကြောင်း သိနေလေသည်။ ကောင်းကင်ဘုံ တိုက်ပွဲဝင် သံချပ်ကာက အင်အားကြီးမားသည်။ သို့သော် ကြယ်တာရာစွမ်းအင် အမြောက်အများကို ကုန်ဆုံးစေလေသည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် အကြာကြီး မထိန်းထားနိုင်ပေ။

ဝှစ်

ဝမ်ချောင်က အရှိန်နှုန်းကိုမြန်လိုက်သည်။ သိပ်မကြာခင် သူက ထိုအဆိပ်ရှိမီးခိုးများကို ကျော်ဖြတ်ပြီး မီးတောက်များဆီသို့ ရောက်သွားသည်။

ထိုသို့ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင်ပင် နယ်မြေနှစ်ခု၏ အကူးနေရာတွင် အစီအစဉ်တကျ ပုံစံမျိုးဖြင့် စီတန်းထားသော ကြီးမားသည့် သလင်းတိုင်များကို တွေ့လိုက်ရသည်။ ဝမ်ချောင်က ထိုသလင်းတိုင်များတွင်လည်း ကမ္ဘာပျက်ဘေး ယစ်ပုလ္လင်တွင် ထွင်းထုထားသော အနက်ရောင်အစွယ် သင်္ကေတများနှင့် တူညီသည့် အရာများကို တွေ့လိုက်ရပြန်သည်။

ဒီသင်္ကေတတွေက ပိုများလာတယ်။

ဝမ်ချောင်ကတွေးသည်။ အရာအားလုံးက သူ့အား အလွန်အမင်း ဖော်ပြရန်ခက်ခဲသည့် နားမလည်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

မူလအမရ ဝင်္ကပါက မူလအမရဝင်္ကပါသာ ဖြစ်နေသေးသည်။ သို့သော် အရာအားလုံးကမူ လျို့ဝှက်ဆန်းကြယ်သလို လျို့ဝှက်ချက်များ ပြည့်နှက်လာသည်။

ခွက်

ထိုသို့ဖြင့် အရာအားလုံးကို ပိတ်လှောင်ထားသော သံချပ်ကာက မီးတောက်ထဲ တိုးဝင်ရောက်သွားသည်။ ဝမ်ချောင်သည် မီးတောက်ပင်လယ်၏ အတွင်းပိုင်းသို့ ဝင်ရောက်လေပြီ။

ဖော်ပြရန်ခက်ခဲသော အပူမီးက သူ၏ခြေထောက် တောက်လျှောက် ပျံတက်လာသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းကလည်း အပူလောင်သလို ကြိမ်းတက်လာသည်။ ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း သံချပ်ကာကပင် ထိုအပူဒဏ်ကို အပြည့်အဝ မဖယ်ရှားနိုင်ပေ။

ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးဟာ မီးလောင်ကျွမ်းနေသလို ခံစားရသည်။ သူ၏ အသက်ရှုမှုကပင် ပူပြင်းလာ၏။

အားသာချက်တိုင်းမှာ အားနည်းချက်ရှိတယ်။ ကောင်းကင်ဘုံ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာက ပိတ်လှောင်ထားပေမဲ့လည်း ငါက အသက်ပဲရှုနိုင်တာ။ အတွင်းက ကြာကြာခံနိုင်မှာမဟုတ်ဘူး။ ဒီတော့ ဒီနေရာကနေ မြန်မြန်ထွက်သွားရလိမ့်မယ်။

ဝုန်း

ဝမ်ချောင်က ကြီးမားသော ရွှေရောင် စတုရန်းတုံးကြီး ရှိရာနေရာသို့ အပြေးသွားနေသည့် ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါစေသည်။

“မဖြစ်နိုင်တာ”

အမြူတေတွေ ပုန်းအောင်းနေသော ပုံရိပ်သုံးခုကလည်း ဝမ်ချောင်ဟာ စတုရန်းတုံး ရှိရာနေရာသို့ အပြေးလာနေကြောင်း မြင်ချိန်တွင် ပိုပြီးထိတ်လန့်သွားကြသည်။ သူတို့၏မျက်လုံးကပင် ကျွတ်ထွက်မတက် ဖြစ်လာသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။

“ဗဟိုပြင်ကျယ်မှာပဲဖြစ်ဖြစ် အနောက်ပိုင်း နယ်မြေမှာပဲဖြစ်ဖြစ် ဘယ်သံချပ်ကာကမှ ဒီမီးခိုးကို မတားနိုင်ဘူး။ နောက်ပြီးဒါက အမရအရှင်သခင်ရဲ့ မီးခိုးနဲ့မီးတောက်။ မဖြစ်နိုင်တာ”

သုံးယောက်လုံးက ကိုယ့်မျက်လုံးကို မယုံနိုင်ကြပေ။ သူတို့၏စိတ်ကပင် ဖော်ပြရန်ခက်ခဲသော အံ့အားသင့်မှုများဖြင့် ဖိချေခံလိုက်ရသည်။

မူလအမရအရှင်သခင်သည် သူတို့၏ လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ပြီး မူလအမရ အရှင်သခင်က ဝင်္ကပါကို ကာကွယ်ရန် ချန်ထားရစ်ခဲ့သော ခုခံခြင်းနည်းလမ်းတိုင်းသည် ထိုးဖောက်ရန် မဖြစ်နိုင်သည့် ခံတပ်များနှင့် တူညီနေသည်။

သို့သော်ယခုမူ သူတို့၏ နက်ရှိုင်းသော ယုံကြည်မှုများက အသက်(၁၈)နှစ်၊ (၁၉)နှစ်အရွယ် လူငယ်တစ်ယောက်အတွက် ဖျက်ဆီးခံလိုက်ရသည်။

ဘုန်း ဘုန်း ဘုန်း

တမြေ့မြေ့ လောင်ကျွမ်းနေသော အနီရောင် မီးတောက်များအကြားတွင် ထိုပုံရိပ်က လျှင်မြန်စွာဖြင့် ရှေ့တက်နေသည်။ တခဏအတွင်းတွင်ပင် ဝမ်ချောင်က မီးပင်လယ်ကို ကျော်ဖြတ်ပြီး ရွှေရောင်စတုရန်းတုံးကြီး ရှိရာနေရာသို့ ရောက်သွားသည်။

သူတို့သည်လည်း သူတို့၏နှလုံးသားက ရေခဲတုံးများအသွင် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

“တအားနောက်ကျသွားပြီ သူက ဝင်္ကပါကို ဖျက်ဆီးတော့မှာ”

“ငါတို့မှာ သူ့ကိုတားဖို့ နည်းလမ်းမရှိတော့ဘူး”

ထိုသုံးယောက်က ဝမ်ချောင်၏ ဖြောင့်တန်းနေသော ပုံရိပ်ကိုသာ ကြည့်လိုက်သည်။

ပြိုင်ဘက်ကင်းသော ဝင်္ကပါ၏ ဒဏ္ဍာရီက နှစ်ရာကျော် အဓွန့်ရှည်တည်မြဲခဲ့ရာမှ ဝမ်ချောင်၏ လက်ထဲတွင် အဆုံးသတ်တော့မည့်ပုံပေါ်သည်။

ဝင်သွားမယ်။

ဝမ်ချောင်က တစ်နေရာတွင် ရှိနေလောက်မည့် အကြောင်းအရာများကို စိုးရိမ်နေခြင်း မရှိတော့ပေ။ သူက အရွယ်ရောက်ပြီးသော လူပေါင်းများစွာ ထပ်ပြီးရပ်နေနိုင်လောက်အောင် မြင့်မားလွန်းသော အမြင့်ရှိသည့် အနက်ရောင်တူးမြောင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး အတွင်းသို့ အပြေးဝင်သွားသည်။

ထိုတူးမြောင်းက တိတ်ဆိတ်နေသည်။ မည်သည့်ထောင်ချောက်နှင့် မည်သည့်စက်ပစ္စည်း အရန်အတားမှ ရှိမနေခဲ့ပေ။

ဝမ်ချောင်က အစပိုင်းတွင် အလွန်အမင်း သတိကပ်ထားသည်။ သို့သော် တဖြည်းဖြည်းချင်းစီ တူးမြောင်းထဲတွင် ပျံသန်းလျှက် ထွက်ခွာနေပြီဖြစ်သည်။

ဘုန်း

ဝမ်ချောင်က တူးမြောင်းအတွင်း ပေခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့် ဝင်ရောက်ပြီးသောအခါ သတ္ထုချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ထက်ရှသည့် သတ္ထုသွားများက တူးမြောင်းပတ်ပတ်လည် နံရံထဲမှ ထိုးထွက်လျှက် ဝမ်ချောင်ကို ဝိုင်းလိုက်သည်။

ထို့နောက် သတ္ထုဆူးချွန်လုံး၊ လှံတိုများက ကောင်းကင်ဘုံပြိုင်ဘက်ကင်း တိုက်ပွဲဝင်သံချပ်ကာကို ပွတ်တိုက်ခြစ်မိသောကြောင့် ထွက်ပေါ်လာသည့် အသံများကိုလည်း ကြားရသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်က အရှိန်နှုန်းကို မြန်ဆန်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် သူ၏ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသည်။ သူသည်လည်း ထိုအရာများက အမြူတေနေရာသို့ ရောက်ရန်အထိ လုံလောက်ရန် မျှော်လင့်နေလေသည်။

သို့သော် တခဏခန့်ကြာပြီးနောက် ကောင်းကင်ဘုံနှင့် မြေပြင်ကလည်း ပြောင်းပြန်ဖြစ်သွားသလို ပုံပေါ်သည်။ တစ်လောကလုံးက ပြောင်းပြန်လှန်သွားသည်။

ထိုအရာသာ မကသေးပေ။ တူးမြောင်းကြီးက အလွန်အမင်းရှည်လျားသော စက်ဝိုင်းခြမ်းကြီး တစ်ခုဖြစ်သွားသလိုမျိုး မြောက်များလှစွာသော စွမ်းအားများကလည်း သူ့ကိုရစ်ပတ်ကာ ဆွဲယူရင်း တူးမြောင်း၏ အဆုံးဘက်သို့ ပစ်ထည့်လိုက်လေသည်။

ဘုန်း

ဝမ်ချောင်ကပင် သတ္ထုသွားများအကြားသို့ ဝင်ရောက်ပေါက်ကွဲသွားသည်။

ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားများက သူ့အား ဖုန်မှုန့်တိမ်စိုင်များနှင့်အတူ မြေပြင်ပေါ်သို့ ပစ်ချပစ်လိုက်သည်။ ဝမ်ချောင်က အသိပြန်မဝင်သေးခင် လေထုက ဟိန်းဟောက်လျှက် ကျယ်ပြောများပြားလွန်းသော စွမ်းအားများက အထက်မှတစ်ဆင့် သူ၏ခေါင်းရှိရာ နေရာသို့ တိုးဝင်လာသည်။

ဝမ်ချောင်က နောက်သို့ လည်ပြန်လျှက်ရှောင်လိုက်ပြီး ကပ်သီးလေး ရှောင်ရှားလိုက်နိုင်သည်။ ဒီနည်းအားဖြင့် ကြီးမားသော ကျောက်တုံးတိုင်ကြီး တစ်တိုင်က မြေပြင်သို့ ထိုးစိုက်သွားသည်။

“အချက်ပေးဂိတ်ပေါက်”

ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်လျှက် ကျောက်တုံးတိုင်ကိုကြည့်သည်။ အမြူတေထဲတွင် ထိုကဲ့သို့သော ဝင်္ကပါတိုက်ကွက်မျိုး မရှိပေ။ ထိုကျောက်တုံးတိုင် တိုက်ကွက်များက အမြူတေ ပတ်ပတ်လည်တွင်ရှိသော ဂိတ်ပေါက်ရှစ်ခုတွင်သာ ပေါ်ထွက်ပေလိမ့်မည်။ သူသည်လည်း သူဟာ ဝင်္ကပါ၏ အမြူတေ၏ အပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရကြောင်း သိသည်။ သို့သော် ဒီနေရာသို့ ရောက်လာမည်ဟု မထင်ထားမိပေ။

သို့သော် ဝမ်ချောင်အတွက် တွေးတောရန် အချိန်အနည်းငယ်သာ ရှိသည်။ ပို၍များပြားသော ကျောက်တုံးတိုင်များက သူ့ကို ထိခိုက်နာကျင်အောင်လုပ်ရန် ဝင်ရောက်လာကြ၏။ အားလုံးက စွမ်းအင်များဖြင့် ပေါက်ကွဲနေသည်။ သူတို့က မြေပြင်ကို ထိခိုက်နေကြသည့် အခိုက်အတန့်တွင် ကြီးမားသောတွင်းများက ပေါ်ပေါက်လာသလို ဖုန်တိမ်စိုင်လုံးများကိုလည်း လွှတ်ထုတ်နေလေသည်။

ဝမ်ချောင်၏စိတ်ကမူ တွက်ချက်မှုများဖြင့် လျှင်မြန်စွာ လည်ပတ်သွားပြီး သိပ်မကြာခင် သူရောက်နေသော နေရာကိုသိလိုက်သည်။

တတိယအလွှာ ဒါက ဝင်္ကပါရဲ့ တတိယအလွှာမှာရှိတဲ့ ချန်နန်းတော်ရဲ့ အချက်ပေးဂိတ်ပေါက်ပဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။

သူသည် ရှင်းလင်းစွာဖြင့် ဝင်္ကပါ၏ အမြူတေသို့ ဝင်ထားပြီးသားဖြစ်သည်။ သို့သော် အပြင်ဘက်သို့ ရောက်လာ၏။

မူလအမရဝင်္ကပါက ပထမနှင့် ဒုတိယအလွှာကိုကျော်လျှက် သူ့အား အမည်မသိရသော နည်းလမ်းမျိုးဖြင့် တတိယအလွှာသို့ ပို့လိုက်သည်။

ခီး....

သတ္ထုချင်းထိခတ်သလို စူးရှသည့် အော်ဟစ်သံများက ဝမ်ချောင်အား အသိပြန်ဝင်စေသည်။ ရွှေရောင်နွားချေးပိုးထိုး တစ်အုပ်က ဝမ်ချောင်ကို ခပ်မြန်မြန် တွေ့သွားလေပြီး လျှင်မြန်စွာ အပြေးလာနေသည်။ သူတို့၏အော်သံများက ကျယ်လောင်စွာနှင့် ဝမ်ချောင်၏ တိုက်ပွဲဝင် သံချပ်ကာကို လာရောက်တိုက်ခိုက်သည်။

အချိန်အများကြီး မကျန်တော့ဘူး။

ဝမ်ချောင်၏နှလုံးသားက အေးစက်သွားသည်။ သူသည် ဝင်္ကပါအတွင်းသို့ အပြေးသွားလျှက် ဝင်္ကပါ၏ အမြူတေသို့ ပြန်လာရသည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် နောက်ထပ် ပေါက်ကွဲသံက ထွက်ပေါ်လာပြန်ကာ ဝမ်ချောင်က ပြန်လည် လွင့်ပစ်ခံရပြန်သည်။

ဒီတစ်ကြိမ်တွင်သူသည် နံပါတ်လေးအလွှာတွင်ဖြစ်သည်။ သူဟာ တတိယတစ်ကြိမ် ဝင်ရောက်သွားသောအခါ ဒုတိယအလွှာသို့ အပစ်ခံရ၏။ ထို့ကြောင့် မမြင်ရသော အကာအကွယ်လွှာ တစ်ရပ်က ဝမ်ချောင်အား ရှေ့ဆက်မတိုးအောင် တားထားပုံရသည်။

“အရှင် ဘာတွေဖြစ်နေတာလဲ”

လက်အောက်ငယ်သား နှစ်ယောက်ကပင် အချင်းချင်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

မည်သူကမှ ဝမ်ချောင်လောက် နက်ရှိုင်းသော အတွင်းပိုင်းသို့ မဝင်ရောက်သွားဖူးကြချေ။ ထိုအခိုက်အတန့်တွင် သူတို့ကိုယ်တိုင်ကပင် ဝမ်ချောင်ဟာ မည်သည့်အတွက်ကြောင့် ထိုသု့ိ အပြင်သို့ ပစ်ထုတ်ခံနေရကြောင်း နားမလည်ကြပေ။

ခေါင်းဆောင်က အနည်းငယ်တွေးတောပြီးနောက် ရယ်သည်။

“ဟွန်း ငါခန့်မှန်းတာမှန်ရင် ဒါက စကြာဝဠာပဟေဠိပဲ။ မူလအမရအရှင်သခင်က ချန်ထားရစ်ခဲ့တဲ့ နောက်ဆုံး စစ်ဆေးမှတ်ပေါ့”

“ဒီလူတွေက ကိစ္စတွေကို ရိုးရိုးရှင်းရှင်း တွေးနေကြတာ။ မူလအမရအရှင်သခင် ထားခဲ့တဲ့ အရာတွေက အလွယ်တကူ ရနိုင်တာမှမဟုတ်တာ။ တစ်စုံတစ်ယောက်ကသာ ဝင်္ကပါရဲ့ အမြူတေကို ဝင်ချင်နေတယ်ဆိုရင် စကြာဝဠာပဟေဠိကို အရင်ဆုံး ဖြေရှင်းရလိမ့်မယ်။ ဒါပေမဲ့ ငါသီအိုရီကိုပဲ နားလည်တာ။ ဘယ်သူကမှ အမှန်တကယ် ဖြေရှင်းခဲ့ဖူးတာမဟုတ်ဘူး။ နောက်ပြီး မိစ္ဆာဧကရာဇ်ရဲ့ ဆက်ခံသူက ဒီအဆင့်ထိရောက်နိုင်တာကတင် ဂုဏ်ယူစရာဖြစ်နေပြီ။ ဒါပေမဲ့ သူဒီလောက်ထိပဲ ဆက်သွားနိုင်မှာပါ”

All Chapters