အခန်း (၁၄၂၁-၁၄၂၅)
Vol. 85 Ch. 1421-1425
အခန်း(၁၄၂၁)
အဆိပ်ငါးမျိုး အကြီးအကဲ
“ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်လာခဲ့ရင် ဆိုးယုတ်သူတစ်ယောက်က ကြိတ်ပုန်းခုတ်တယ်လို့ သတ်မှတ်ရမှာပဲ။ ငါတို့က တိတ်ဆိတ်ပြီး လူသူရှင်းလင်းတဲ့ နေရာတစ်ခုကို ရှာလို့ ရတနာမြေပုံအကြောင်း ပြောရုံလေးပဲ ရှိသေးတယ်။ ရတနာမြေပုံက ငါတို့ရဲ့ တံခါးရှေ့ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီ။ ဒါက အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူးဆိုတာကို သိရမယ်”
ဝမ်ချောင်က ထိုသို့ပြောနေရင်းမှ အပြင်ဘက်ရှိ လူတစ်ဖွဲ့ကိုကြည့်သည်။
“အစ်ကိုကျိုး ငါလည်းအဲ့ဒီလိုပဲ ပြောချင်တာ။ ဒါက အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် အခုတော့ စောင့်ကြည့်တာပေါ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အသက်အရွယ် ကြီးရင့်သူ ဖြစ်သည့်အလျောက် လေးနက်တည်ကြည်ပြီး ထည်ဝါသော အသံမျိုးနှင့် ပြောလိုက်သည်။
“ကျန်းဝမ်ဖူ မင်း....”
ဝင်္ကပါအကြီးအကဲက ထိုဆရာတပည့် နှစ်ယောက်ကို တအံ့တဩကြည့်သည်။
“အစ်ကိုဖန် မင်းလည်းဒီလို တွေးတာပဲလား”
ဝင်္ကပါအကြီးအကဲက တိတ်ဆိတ်နေသော ဝူရှန်းရွာသူကြီးကို ကြည့်လိုက်သည်။
ဝူရှန်းရွာသူကြီးက တိတ်တဆိတ်သာ ခေါင်းညိမ့်သည်။ ဝင်္ကပါအကြီးအကဲ၏စိတ်က မုန်တိုင်းထန်သွားပြီးနောက် စကားပင် မပြောနိုင်တော့ပေ။
ကျောက်တုံးဝင်္ကပါ၏ အပြင်ဘက်မှ လူနှစ်ဖွဲ့က တိုက်ပွဲ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။ ထိုအဖွဲ့ထဲမှ ထွက်ပြေးသွားသော လူသုံးယောက်၊ လေးယောက်ခန့်က လဲကျသွားပြီးချိန်တွင် ကျန်ရစ်နေသော လူများကလည်း အဝိုင်းခံရပြီး နေရာတွင်ပင် အသတ်ခံရမည့် အနေအထားမျိုးအထိ ဖြစ်လာသည်။
သို့သော် တခဏခန့်ကြာပြီးနောက် နောက်ဆုံးနှစ်ယောက်က အဝိုင်းခံပြီး တဖန်ပြန်လည် ခုတ်သတ်ခံရတော့မည့် အချိန်တွင် ရုတ်တရက် အချိန်က ရပ်တန့်သလိုဖြစ်သွားသည်။ နှစ်ဖွဲ့လုံးက လှုပ်ရှားမှု ရပ်တန့်သွားကြသည်။
“လောင်လျို့ တစ်ခုခု သတိထားမိလား”
အချိန်အတန်ကြာပြီးနောက် အသံတစ်သံက မေးလာသည်။ ထိုအသံက လိုက်ဖမ်းနေသူများထဲမှ တစ်ယောက်ဖြစ်သည်။
“သတိမထားမိဘူး။ ငါမြေပြင်ကိုတောင် မြေပုံလွင့်ပစ်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူကမှ လာမယူဘူး။ ဆိုတော့ သူတို့ဒီမှာ မရှိဘူးနဲ့တူတယ်။ ငါတို့ဒီနေရာကို ဖယ်ထုတ်လို့ရပြီ”
နောက်ထပ်ပြောသူ တစ်ယောက်ကတည်း အဝိုင်းခံထားရသောလူဖြစ်သည်။
ထိုအချိန်တွင် သူတို့၏လေသံများက လိုက်ဖမ်းသူနှင့် ထွက်ပြေးသူဟုပင် မထင်ရတော့ချေ။
“ဒါဆိုရင်လည်း ထားလိုက်တော့ ငါတို့ဒီနေရာကို စာရင်းထဲကနေ ဖယ်ထုတ်လိုက်ပြီး နောက်တစ်နေရာကို သွားပြီးစစ်ဆေးကြည့်တာပေါ့”
ထိုနှစ်ဖွဲ့က သူတို့၏ လက်နက်များကို ခပ်မြန်မြန် ပြန်သိမ်းပြီး မိတ်ဆွေများအဖြစ် ပြောင်းလဲသရုပ်ဆောင်ပြန်သည်။ တစ်ချိန်ထဲတွင်ပင် ယခင်က လိုက်လံသတ်ဖြတ်ခံနေရသော မြောက်ပိုင်း ဖြတ်သန်းခွင့်နယ်မြေမှ သူရဲကောင်းရှစ်ယောက်က စိတ်အေးစွာနှင့် သက်ပြင်းများကို ချလျှက် သေဆုံးသူအဖြစ်မှ ရှင်သန်သူအဖြစ် ပြန်ပြောင်းလိုက်ကြကာ ထရပ်လာကြသည်။
သူတို့ဟာ တစ်ချိန်လုံး အသက်ရှုအောင့်ထားရသည်။ ယခုလိုမျိုး ပြဇာတ်ပြီးသွားသောအခါတွင် သရုပ်ဆောင်နေရန် မလိုအပ်တော့ပါပေ။
“ဒါ ဒါ”
ကျောက်တုံးဝင်္ကပါထဲမှ ဝင်္ကပါအကြီးအကဲ၏ မျက်လုံးက ပြူးထွက်မထွက် ဖြစ်သွားသည်။ သူသည် စွံ့အသွားသည်။
“ဒီမျိုးမစစ်တွေ ... အရမ်းကို အရှက်မဲ့လွန်းတယ်”
ဝင်္ကပါအကြီးအကဲက အံ့ကိုကြိတ်သည်။ သူ၏မျက်နှာက နီနေ၏။
သူယုံကြည်ထားသောအရာက ထိုအဖွဲ့နှစ်ဖွဲ့က ငါးစာဟပ်ရန်အတွက် ဖန်တီးထားသော သရုပ်ပြမှုသာ ဖြစ်နေသည်။ နောက်ပြီး သူတို့အဖွဲ့မှ လေးယောက်ထဲတွင် သူတစ်ယောက်တည်းကသာ ငါးစာကို ဟပ်သောသူဖြစ်ပြီး အခြားသောသုံးယောက်၏ အရှေ့တွင် အရှက်ကွဲသွားသည်။
“မျိုးမစစ်တွေ မျိုးမစစ်တွေ ဒီအမှိုက်ကောင်တွေက တော်တော်လေးကို အကြံအစည် ကြီးတာပဲ။ အရှက်မဲ့လွန်းတယ်”
ဝင်္ကပါအကြီးအကဲက ဒေါသတကြီး လက်သီးကျစ်ကျစ် ဆုပ်ထားသည်။ ဝင်္ကပါအပြင်ဘက်မှ အဖွဲ့နှစ်ဖွဲ့ကမူ အဖြစ်အပျက်ကို မသိကြသေးပေ။ သူတို့က လက်နက်များကို ကောက်ပြီးသည်နှင့် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ကာ ထွက်သွားကြသည်။
“စီနီယာကျိုး အနောက်မြောက်ပိုင်း တစ်ခုလုံးက မူလအမရ ရတနာသိုက်ကြောင့် ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီးသား။ ဒီတော့လူတိုင်းက ငါတို့ကို နေရာအနှံ့ လိုက်ရှာနေကြတယ်။ အခုအချိန်မှာ ရတနာမြေပုံနဲ့ ပတ်သတ်လာရင် သတိမဲ့လို့ မဖြစ်တော့ဘူး။ ဒီတော့ အရမ်းကို သတိကြီးကြီး ထားဖို့လိုအပ်တယ်။ လုံးဝသေချာနေပြီဆိုမှ လှုပ်ရှားသင့်တယ်”
ဝမ်ချောင်က ပြုံး၍ နှစ်သိမ့်သော လေသံမျိုးဖြင့် ပြောလိုက်သည်။
“ကလေး ငါမသိဘူး ထင်လို့လား။ ငါကဒီတိုင်း မင်းတို့ဘယ်လို တုန့်ပြန်မလဲဆိုတာကို သိချင်လို့ ဟန်ပြခဲ့ရုံပဲ”
ဝင်္ကပါအကြီးအကဲက ထပြောသည်။ ဝမ်ချောင်က စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ သို့သော် မည်သို့မှ မတုန့်ပြန်လိုက်ပါပေ။
ထိုနှစ်ဖွဲ့ထွက်သွားပြီး သိပ်မကြာခင် အထက်မှ စူးရှသော အော်သံကိုကြားရသည်။ သူတို့က မော့ကြည့်လိုက်သောအခါ ကြီးမားသော သိန်းငှက်ကြီးများက ဖြတ်ပျံသွားကြောင်း မြင်ရသည်။ သူတို့၏ စူးရှသောမျက်ဝန်းက အောက်ဘက်ကို တောက်လျှောက် အကဲခတ်နေသည်။
သူတို့လေးယောက်ကလည်း ထိုနေရာကို အချိန်အတန်ကြာအောင် ဝိုင်းပတ်ပြီးနောက် အခြားတစ်နေရာကို ပျံသန်းသွားသည့် သိန်းငှက်များကို စိုက်ကြည့်နေလိုက်ကြသည်။
“မူလအမရ ရတနာရဲ့ ဆွဲဆောင်မှုက အရမ်းပြင်းလွန်းတယ်။ သိုင်းပညာရှင်တွေ ဒီလောက်အများကြီး အတူပေါင်းလိုက်တဲ့အခါ ငါတို့က မြေအောက်ထဲကို သုံးပေလောက်ထိ ဝင်ပုန်းနေမယ်ဆိုရင်တောင်မှ သေချာပေါက် တူးထုတ်ဦးမှာပဲ”
ဝူရှန်းရွာသူကြီးက သက်ပြင်းချသည်။
အလွန်အမင်း အနစ်နာခံကာ ပြဇာတ်ကပြသွားသော ထိုအဖွဲ့က သိန်းငှက်များကို ပို့လွှတ်ကာ နေရာကို စောင့်ကြည့်ခိုင်းသော အဖွဲ့နှင့် တူညီလိမ့်မည်မဟုတ်ပေ။ ထိုတိုတောင်းသော အချိန်တိုအတွင်းတွင်ပင် သူတို့ဟာ နှစ်ဖွဲ့နှင့် တွေ့ကြုံခဲ့ပြီးသွားလေပြီ။
သူတို့အားလုံးသည်လည်း မမြင်ရသော ဖိအားတစ်မျိုးကို ခံစားလာရသည်။ အနောက်မြောက်ပိုင်းက ကြီးမားသော်လည်း သိုင်းပညာရှင်ပေါင်း များစွာ၏ ရှာဖွေမှုကို အလွယ်တကူ မျက်ခြေဖြတ်နိုင်မည် မဟုတ်ပေ။
ဝင်္ကပါအကြီးအကဲဟာ နောက်ဆုံးတွင် ဝင်ရောက်ဖြတ်ပြောရန် အခွင့်အရေး ရသွားသည်။
“အဘိုးကြီးဖန်း မင်းကိုယ့်လူကို ဆွဲထားစရာ မလိုပါဘူး။ ဒီအဘိုးကြီးရဲ့ ကျောက်တုံးဝင်္ကပါက အရမ်းကို ကောင်းလွန်းလို့ သူတို့က ဒီကျောက်တုံးဘေး ကပ်လျှက် ရပ်နေမယ်ဆိုရင်တောင်မှ ဘာမှ ကြားရမှာမဟုတ်ဘူး။ ဒါကို ဖောက်မြင်နိုင်တဲ့ လုံလောက်တဲ့စွမ်းရည် ရှိနေလိမ့်မယ်လို့တော့ ငါမယုံဘူး”
ထိုစကားက အလဟသ ပြောခြင်းမဟုတ်ပေ။ သူသည် သူ၏ဝင်္ကပါကို အမှန်တကယ်ပင် ယုံကြည်မှုရှိသည်။ အနည်းဆုံး တည်ခေတ်ကဲ့သို့ ဝင်္ကပါဗဟုသုတများက ပျောက်ဆုံးနေသည့် ကာလမျိုးတွင် မည်သူကမှ သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူသည် ဒီနည်းအားဖြင့် ပထမနှစ်ဖွဲ့ကို လှည့်စားနိုင်ခဲ့လေသည်။
ထိုဝင်္ကပါများက သူ၏ယုံကြည်မှုနှင့် ဂုဏ်ယူကာ အရင်းအမြစ်ဖြစ်သည်။
ဝုန်း
ဝမ်ချောင်က တစ်စုံတစ်ရာ ပြောတော့မည့် အချိန်တွင် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်လာပြန်သည်။
ကျောက်တုံးဝင်္ကပါက တိတ်ဆိတ်သွားပြီး သူတို့လေးယောက်လုံးကလည်း အသံလာရာဘက်သို့ အာရုံစိုက်လိုက်ကြသည်။
“ဒါ ပျားတွေ”
“ဒီအမှိုက်ကောင် အဆိပ်ငါးမျိုး အကြီးအကဲပဲ”
ဝင်္ကပါအကြီးအကဲက ချက်ချင်းလိုလို မျက်နှာဖြူဖျော့သွားသည်။ အခြားသောသူများ၏ မျက်နှာကလည်း တင်းမာသွားသည်။
မိုးကုတ်စက်ဝိုင်း တည့်တည့်မှ အနက်ရောင် တိမ်စိုင်ကြီးက အုံ့စိုင်းလာပြီး သူတို့ရှိရာဘက်သို့ လျှင်မြန်စွာ ဦးတည်လာနေသည်။ ထိုအနက်ရောင် တိမ်စိုင်ကြီးက ဆူနာမီ မုန်တိုင်းတစ်ခုကဲ့သို့ လောကတစ်ခုလုံးကို အုပ်စိုးမည့် ပုံစံမျိုးဖြင့် လာနေသည်။
ဂရုစိုက်ကြည့်ရှု့မည် ဆိုပါက ထိုတိမ်စိုင်ကြီးဟာ မရေမတွက်နိုင်အောင် မြောက်များလွန်းသော ပျားများ အထွေးလိုက် ရှိနေခြင်းဖြစ်ကြောင်း မြင်ရပေလိမ့်မည်။ အရေအတွက်က သန်းပေါင်းများစွာ ရှိနိုင်၏။ သိုင်းပညာလောကတွင် ထိုပျားပေါင်းများစွာကို ယဉ်ပါးအောင် လုပ်နိုင်သော တစ်ဦးတည်းသောလူက အဆိပ်ငါးမျိုး အကြီးအကဲဖြစ်သည်။
ဝါအရဆိုလျှင် ထိုအဆိပ်ငါးမျိုး အကြီးအကဲက ကျန်းဝမ်ဖူနှင့် မျိုးဆက်တူသည်။ သူသည် နာမည်ကြီးကာ အင်အားကြီးမားလွန်းသဖြင့် သိုင်းပညာလောကမှ အခြေအနေများကို အာရုံစိုက်ခဲသော ဝင်္ကပါအကြီးအကဲကပင် ထိုလူကိုသိနေသည်။
“ပြဿနာပဲ”
ဝင်္ကပါအကြီးအကဲက မျက်မှောင်ကျုံ့လိုက်သည်။ သူ၏ယုံကြည်မှုများက တိုက်စားခံရ၏။
ဝင်္ကပါအကြီးအကဲ၏ ဝင်္ကပါက မျက်လုံးများကို အရူးလုပ်နိုင်သည်။ စွမ်းအင်များကို ဖုံးကွယ်ထားနိုင်သည်။ သို့သော် ထိုနည်းလမ်းက အဆိပ်ငါးမျိုးအကြီးအကဲကို လှည့်စားနိုင်စွမ်းအား မရှိချေ။ ထိုပျားတိမ်စိုင်ကြီးက ဝင်္ကပါထဲသို့ ဝင်ရောက်လာသည်နှင့် အားလုံးက ပေါ်သွားပေလိမ့်မည်။
ထိုပျားများက မျှော်လင့်ထားသည်ထက် မြန်သည်။ အနည်းငယ်ခန့် ကြာပြီးရုံနှင့် ဘုန်းကနဲအသံက ထွက်လာသည်။ ပျားတစ်သောင်းက ကျောက်တုံးဝင်္ကပါကို ဝင်တိုက်၏။
ဘန်း
ထိုပျားတိမ်စိုင်များက စိမ့်ဝင်လာပြီးနောက် ဘာကိုမှ မမြင်သလိုမျိုး ရှေ့ဆက်သွားသည်။ အချို့ပျားများက အခြားသော ဦးတည်ရာဘက် တစ်ခုသို့ ကွေ့သွား၏။
“ဖယ်တော့”
ထိုအရာကို မြင်သောအခါ သူတို့အဖွဲ့က နောက်ဆုံးသော မျှော်လင့်ချက် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
စွစ်
မြေပြင်မှ မရေမတွက်နိုင်သော ကျောက်တုံးများက မြောက်တက်လာပြီး ပျားတိမ်စိုင်များအတွင်းသို့ ဝင်သွားသည်။ တစ်ချိန်ထဲတွင်ပင် ထိုအာကာသပြင်က တွန့်လိမ်ကာ လေထဲတွင် အလွန်ကြီးမားသော ကြယ်တာရာစွမ်းအင် လက်ကြီးတစ်ဖက်က ပေါ်ထွက်လာလျှက် မြေကမ္ဘာကို ရိုက်ချလိုက်သည်။ ထို့နောက် မြေပြင်က တသိမ့်သိမ့်တုန်ကာ လေးလံသွားပြီးနောက်တွင် မရေမတွက်နိုင်သော ပျားပေါင်းများစွာက သေသည်အထိ ချေမွခံရသည်။
ဝူရှန်းရွာသူကြီး၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝင်္ကပါအကြီးအကဲနှင့် ဝမ်ချောင်တို့အားလုံးက တိုက်ခိုက်လိုက်ကြပြီး ပျားတိမ်စိုင်ကို ထိုးသတ်လိုက်ကြသည်။ တစ်ချိန်ထဲတွင်ပင် ဝင်္ကပါကပွင့်လျှက် ဝင်္ကပါအကြီးအကဲက အပြင်သို့ ပြေးထွက်သွားသည်။ နောက်မှ အခြားသောသူများက လိုက်သွားသည်။
“ဒီနေရာက သွားရအောင် ဒီနေရာက မလုံခြုံတော့ဘူး။ အဆိပ်ငါးမျိုး အကြီးအကဲက ပျားတွေကို ထိန်းချုပ်နိုင်တယ်။ အခြားပျံသန်းနိုင်တဲ့ ပိုးကောင်တွေ၊ သားရဲတွေတောင် ထိန်းချုပ်နိုင်သေးတယ်။ သူက ငါ့ရဲ့ဝင်္ကပါကို တိုက်ရိုက် ထိုးဖောက်နိုင်တယ်။ ဒီတော့ ငါတို့ ဒီနေရာမှာ ပုန်းနေလို့မဖြစ်တော့ဘူး”
ဝင်္ကပါအကြီးအကဲက စိုးရိမ်တကြီးပြောသည်။
လောကရှိ အရာအားလုံးတွင် အားနည်းချက်များရှိသည်။ ဝင်္ကပါအကြီးအကဲ၏ ဝင်္ကပါက လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များကို လှည့်စားနိုင်သည်။ သို့သော် သူသည် အဆိပ်ငါးမျိုး အကြီးအကဲက ထိန်းချုပ်ထားသော အကောင်များကိုမူ ကိုင်တွယ်နိုင်စွမ်းရည် မရှိပေ။
အနောက်မြောက်ပိုင်းကြီး တစ်ခုလုံးက မလုံခြုံတော့ပေ။ သို့သော် သူတို့၏အဖွဲ့က လျှင်မြန်စွာ တုန့်ပြန်သော်လည်း အနည်းငယ် နှေးလွန်းသွားပြန်သည်။
“ဟား ဟား ရှာတွေ့ပြီ”
ရုတ်တရက် အကြီးအကဲတစ်ယောက်၏ ကောက်ကျစ်သော ရယ်သံက ထွက်လာသည်။
“အရာအားလုံးကိုမေ့ပြီး ပြေးတော့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တင်းမာစွာပြောသည်။ သူ၏အင်္ကျီလက်ကို တစ်ချက်ယမ်းလျှက် ရှေ့သို့ တိုးထွက်သွားပြီးနောက်တွင် ကျန်ရှိနေသော ပျားများအားလုံးကို ချေမွရန်အလို့ငှာ ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်လိုက်သေးသည်။
မြောက်များလှစွာသော သိုင်းပညာရှင်များနှင့် အဖွဲ့အစည်းပေါင်း များစွာက သူတို့ကို ရှာဖွေနေကြသည်။ ယခုအခါ သူတို့က ပေါ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်လာမည့် အခြေအနေကို တွေးကြည့်၍ရသည်။
သူတို့အဖွဲ့က ထွက်ပြေးသည်နှင့် အနောက်တောင်ပိုင်းမှ ကျီးကန်းတစ်ကောင်က ထွက်လာသည်။ လေထဲတွင် ထိုကျီးကန်းများက ပြည့်နှက်သွားသည်။
ဝမ်ချောင်က တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်နှာက တင်းမာသွားသည်။ ထိုကျီးကန်း သောင်းကျော်က အနောက်တောင်ပိုင်းမှလာသည်။
“သေစမ်း အဆိပ်နက်ဘုရင်လည်း ရောက်လာပြီ”
ထိုကျီးကန်းအုပ်က သူတို့ဆီ လာရောက်နေသော မြင်ကွင်းကိုကြည့်ပြီး ဝင်္ကပါအကြီးအကဲ၏ မျက်နှာက တင်းမာသွားသည်။
“စီနီယာကျိုး အဆိပ်နက်ဘုရင်က ဘယ်သူလဲ”
“အဆိပ်နက်ဘုရင်က အဆိပ်ငါးမျိုး အကြီးအကဲလိုပေါ့။ သူလည်း သိုင်းပညာလောကက မကောင်းဆိုးဝါး တစ်ကောင်ပဲ။ သူတို့အသက်တွေကို ပေါင်းလိုက်ရင် တစ်ရာတောင်ကျော်နေပြီ။ နှစ်ကောင်က ခွဲလို့မရတဲ့ အကောင်တွေလိုပဲ။ အဆိပ်ငါးမျိုးအကြီးအကဲက ဒီပျားတွေကို ထိန်းချုပ်နိုင်ပြီး အခြားသတ္တဝါ သေးသေးလေးတွေကို ထိန်းချုပ်နိုင်တယ်ဆိုရင် ဒီအဆိပ်နက်ဘုရင်က ကျီးကန်းနက်တွေကို ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းတယ်”
“အဲ့ဒီကျီးကန်းတွေကို ကြည့်လိုက်ဦး။ သူတို့အားလုံးက ခရမ်းရောင် အလင်းလက်နေပြီး တစ်ကိုယ်လုံးက မည်းနက်နေကြတာ။ သူတို့ရဲ့နှုတ်သီးနဲ့ လက်သည်းတွေ အားလုံးမှာ အဆိပ်တွေ သုတ်ထားတာ။ သူတို့ကို နည်းနည်းလေး ထိလိုက်မိတာနဲ့ သေချာပေါက် သေစေနိုင်တဲ့ အဆိပ်ကို မိသွားမှာပဲ။ ဒီလိုချောင်းမြောင်း တိုက်ခိုက်မှုကြောင့် သိုင်းပညာရှင် အနည်းငယ်တောင် သေကြေခဲ့ဖူးတယ်”
ဝင်္ကပါအကြီးအကဲကပြောသည်။ သူ၏မျက်လုံးထဲမှ တင်းအားက ပိုပြင်းလာ၏။
ဝမ်ချောင်က ဘာစကားမှမပြောဘဲ ကျီးကန်းများကိုသာ ကြည့်သည်။ သေချာစွာပင် ထိုကျီးကန်းများ၏ နှုတ်သီးနှင့် လက်သည်းများအားလုံးက ခရမ်းရောင်အလင်းများ လက်နေသည်။ ဝင်္ကပါအကြီးအကဲ ပြောသည့်အတိုင်းပင်ဖြစ်သည်။
++++
အခန်း(၁၄၂၂)
ကျီးအာသံများကိုလည်း ကြားလာရသည်။ ထိုကျီးကန်းများဟာ ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပျံသန်းလာကြ၏။ ပို၍ပင် စိတ်မအေးနိုင်အောင် ဖြစ်စေသည်မှာ အခြားသော ဦးတည်ရာဘက်များမှ လာသော ကျီးကန်းများကိုလည်း မြင်ရသည်။ သူတို့အားလုံးက ဝမ်ချောင်တို့ အဖွဲ့ရှိရာသို့ ဦးတည်လာနေ၏။ သူတို့ဟာ ကျီးကန်းများဖြင့် လျှင်မြန်စွာ အဝိုင်းခံလိုက်ရသည်။
“အစ်ကိုဝမ်ဖူ ငါတို့ပေါင်းပြီး ဒီကျီးကန်းတွေကို အရင်ရှင်းရအောင်။ ဘယ်လိုနည်းနဲ့မဆို သူတို့ကို အောက်ကိုဆင်းခွင့် ပြုလို့မရဘူး”
ဝူရှန်းရွာသူကြီးက ပြောသည်။
သူသည် သိုင်းပညာလောကကို အနည်းငယ်သာ နားလည်သည်။ သို့သော် လက်ရှိအခြေအနေက သူတို့အတွက် မျက်နှာသာ မပေးလွန်းသော အနေအထားမျိုးတွင်ဖြစ်သည်။ ထို့ကြောင့် သူတို့က အခွင့်အရေးကို မြင်နေရသော တိုက်ခိုက်ခြင်းတွင် ပိုကောင်းပေလိမ့်မည်။ သို့သော် အလုံးအရင်းဖြင့် တိုက်ခိုက်ခံရပါက ခုခံရသောအခါ အခြေအနေပိုဆိုးကာ ခက်ခဲသွားနိုင်ပြီး ဝမ်ချောင်နှင့် ဝင်္ကပါအကြီးအကဲကို ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
ဝုန်း
ဝူရှန်းရွာသူကြီးက သူ၏ညာဘက်လက်မှ လက်ညိုးနှင့် လက်ခလယ်ကို ပေါင်းစပ်လိုက်ချိန်တွင် သူ၏ကြယ်တာရာ စွမ်းအင်များက တန်ထျန်းထဲမှ လိမ့်ထွက်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း လှုပ်ရှားမှုကို ရပ်တန့်ပြီး ကောင်းကင်ကိုမော့ကြည့်သည်။ သူ၏မျက်လုံးထဲတွင် ရက်စက်သော အလင်းက ဖြတ်ပြေးသွား၏။ သူ၏ခန္ဓာကိုယ်မှ ကြမ်းတမ်းလွန်းသော ကြယ်တာရာစွမ်းအင် အားလှိုင်းများက ဖြာထွက်လာကာ ခန္ဓာကိုယ်ကို ယမ်းခါစေလျှက် တိုက်ခိုက်ရန် ကြံစည်သည်။
ငှက်များက မမောနိုင်၊ မပန်းနိုင်အောင် လိုက်ဖမ်းနေကြသည်။ ဒီအချိန်တွင် ထွက်ပြေးလျှင် ဒါဟာ ကောင်းသောဖြေရှင်းချက် မဖြစ်နိုင်တော့ပေ။
ခီး....
အနက်ရောင် ကျီးကန်းအုပ်က ကောင်းကင်ကို စောင်သဖွယ် အုပ်စိုးလိုက်သည်။ ထိုအဖွဲ့က တိုက်ခိုက်တော့မည့် အချိန်တွင် ကျီးကန်းများထဲမှ တစ်ကောင်က ရုတ်တရက် ပါးစပ်ကိုဟ၍ သူ၏ပါးစပ်ထဲမှ လက်ညိုးတစ်ချောင်းစာ အရွယ်အစားရှိသော အနက်ရောင် ဆေးလုံးလေးကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်... ထိုသို့ဖြင့် ကျီးကန်း တစ်သောင်းလုံးက ထိုအလုံးများကို မှုတ်ထုတ်ကြသည်။ အောက်ဘက်ရှိ အဖွဲ့ကလည်း ထိုမြင်ကွင်းကြောင့် ဖိအားများသွားကြသည်။
“သတိထား”
သတိကြီးလွန်းစွာနှင့် ဝူရှန်းရွာသူကြီးက ရိုက်ထုတ်လိုက်သည်။
“နဂါးငါးကောင်က ကောင်းကင်ဘုံကို ခုန်တက်ခြင်း”
သူ၏ခန္ဓာကိုယ်မှ ကြယ်တာရာစွမ်းအင် အားလှိုင်း ငါးလှိုင်းက တောက်ပလာပြီးနောက်တွင် နဂါးများအသွင် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားသည်။
တစ်စက္ကန့်ခန့်ကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးက အေးစက်သော အလင်းများဖြင့် လက်လာကာ တိုက်ခိုက်လိုက်သည်။
“လောကကို ဝါးမြိုတဲ့စွမ်းအင်”
ခွက် ခွက် ခွက်
များပြားလွန်းသော ကြယ်တာရာစွမ်းအင် အားလှိုင်းများက ဆေးလုံး ထောင်ကျော်ကို ရင်ဆိုင်လိုက်သောအခါ အနက်ရောင်အဆိပ်မြု တိမ်စိုင်လုံးများအသွင် ပြောင်းလဲပေါက်ကွဲသွားစေသည်။ ထိုဆေးလုံး သောင်းကျော် ပေါက်ကွဲသွားသောအခါ ထိုနယ်မြေကြီးတစ်ခုလုံးက သိပ်သည်းလွန်းသော အနက်ရောင်မြူထုဖြင့် အုပ်စိုးသွားပြီဖြစ်သည်။
ဘန်း ဘန်း ဘန်း
အနက်ရောင် ဆေးလုံးများက မြေပြင်သို့ ထိသွားသော နေရာတိုင်းတွင် အဆိပ်မြူငွေ့များက လေထဲသို့ မြောက်တက်လာကာ ထိုတစ်ဖွဲ့လုံးကို လွှမ်းခြုံသွားသည်။
ခီး....
ကျီးကန်းများ၏ အော်သံများနှင့်အတူ နောက်ထပ် ဆေးလုံးတစ်လုံးပြီးတစ်လုံးက အောက်ဘက်သို့ ပြုတ်ကျလာကာ ထိုအဖွဲ့နားတွင် ပေါက်ကွဲသည်။
“သတိထား”
ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည်။ သူသည် သူ၏ဆရာ ဝူရှန်းရွာသူကြီးနှင့် ဝင်္ကပါ အကြီးအကဲတို့၏ လက်ထဲသို့ ဆေးလုံးသုံးလုံးကို ထည့်ပေးလိုက်သည်။ ဒါဟာ ဖြေဆေးဖြစ်သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်တွင် ရှိသော လူတစ်ယောက်ဟာ သာမာန်အဆိပ်များလောက်ကို မှုရန်မလိုအပ်သော်လည်း လွဲမှားမှုများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝင်္ကပါအကြီးအကဲ၏ စကားလုံးများအရ ထိုအဆိပ်ငါးမျိုး အကြီးအကဲနှင့် ထိုအဆိပ်နက်ဘုရင်တို့ဟာ သာမာန်လူမျိုး မဟုတ်ပါပေ။ ထို့ကြောင့် သူတို့သုံးသော အဆိပ်ကလည်း ပုံမှန်မဟုတ်နိုင်ပေ။
အား အား အား
သို့သော် ထိုအချိန်တွင် ဝမ်ချောင်၏ အနောက်ဘက် ကျီးကန်းအုပ်များထဲမှ တစ်ကောင်က သူ၏တောင်ပံကိုခေါက်၍ မျှားတစ်စင်းကဲ့သို့ အောက်ဘက်သို့ ထိုးဆင်းလာသည်။ သူဟာ အောက်သို့ မကျနိုင်သေးခင် ဝမ်ချောင်က ဓားချီတစ်စင်းကို ပစ်ထုတ်၍ လေထုကိုထိုးဖောက်ကာ သူ၏ပါးစပ်မှတစ်ဆင့် ကျောဘက်သို့ ဖောက်ထွက်နေခဲ့စေပြီးသားဖြစ်သည်။ ထိုကျီးကန်းက လမ်းတစ်ဝက်မှာတင် အောက်သို့ပြုတ်ကျသွားသည်။
သို့သော် ဒါဟာ အစမျှသာဖြစ်သည်။ ထိုအဆိပ်မြူငွေ့က ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံပြီးသွားသည်နှင့် ထိုကျီးကန်းတစ်သောင်းလုံးက ဗျူဟာကိုပြောင်းကာ မြေပြင်မှ လေးယောက်ကို အရပ်မျက်နှာအနှံ့မှ ထိခိုက်အောင်လုပ်ရန် ထိုးဆင်းလာကြသည်။
“ချောင်အာ ဒီတိုင်းငြိမ်ငြိမ်ထိုင်ပြီး နားနေ။ မင်းရဲ့စွမ်းအားတွေကို အလဟသမသုံးနဲ”
“မင်းဆရာက ဒီကျီးကန်းတွေကို ကိုင်တွယ်နိုင်တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အသံက ထွက်လာသည်။
ဘန်း
သူ၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင် တစ်လှိုင်းက ပျံ့နှံ့ထွက်သွားပြီး သူတို့တစ်ဖွဲ့လုံးကို လွှမ်းခြုံသော အလွှာတစ်ခုကို ဖန်တီးပေးလိုက်သည်။ ထို့နောက် သူဟာ သူ၏လက်ညိုးလေးကို အသာအယာ ယမ်းလိုက်သည်။ ထိုသို့ယမ်းလိုက်ရုံဖြင့် သူဟာ မရေမတွက်နိုင်သော စွမ်းအင်တန်းပေါင်းများစွာကို ဖြာထွက်သွားစေလျှက် ကောင်းကင်မှ ကျီးကန်းအုပ်ကို ပစ်ခတ်လေသည်။
အား အား အား
သို့သော် ပျားများနှင့် မတူညီစွာပင် ထိုကျီးကန်းများက တစ်စုံတစ်ရာကို အာရုံခံနိုင်သည်။ ထို့ကြောင့် ချက်ချင်းလိုလို လူစုခွဲတတ်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်လုံးထဲတွင် စူးရှသော အလင်းကလက်သွားသည်။ ကျီးကန်းများက ထိုသို့တုန့်ပြန်ပုံအရ ထိန်းချုပ်သောသူက အနီးအနားတွင်ရှိကြောင်း ပြောနိုင်သည်။ ဒီနည်းအားဖြင့် သူတို့ကို ပို၍ဖြတ်လတ်စွာ လှုပ်ရှားနိုင်နေခြင်းဖြစ်သည်။
“ဟွန်း”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က နှာခေါင်းရှုံ့လိုက်သည်။ သူ၏ရန်သူက ထိုကျီးကန်းများကို ထိန်းချုပ်ရန် မည်သို့သော နည်းလမ်းများကို အသုံးပြုထားစေကာမူ သူ၏တိုက်ကွက်များမှ အလွယ်တကူ မရှောင်နိုင်တတ်ပေ။
သူ၏စိတ်ထဲ ထိုအတွေးဝင်ရောက်လာသည်နှင့် အရပ်မျက်နှာအနှံ့မှ ဝိုင်းနေပြီး တကွဲတပြားစီ ခွဲပျံသွားသည့် ကျီးကန်းများအားလုံးက မိုးစက်များကဲ့သို့ ပြုတ်ကျကုန်သည်။
ဟေ့
သို့သော် ထိုအချိန်တွင် အလွန်တိုးလျလွန်းသော အသံတစ်သံက ထွက်လာသည်။ အစပိုင်းတွင်မူ ထိုအသံကို သေချာကြားနိုင်ခြင်း မရှိလောက်အောင် တိုးလျသေးသည်။ သို့သော် တဖြည်းဖြည်းချင်းစီ လျစ်လျူမရှု့နိုင်လောက်အောင် ကျယ်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ကြယ်တာရာစွမ်းအင် အားလှိုင်းများအား အဆိပ်မြူထု၏ အဟကြားထဲသို့ ထိုးသွင်းလိုက်သည်။ ထိုအဟကြားမှတစ်ဆင့် မြေပြင်မှ ရုန်းကန်နေသော အနက်ရောင်ပုံရိပ်ပေါင်း များစွာကို မြင်လိုက်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာက တင်းမာသွားသည်။
မြွေ
ပျားများ၊ ကျီးကန်းများပြီးနောက် မြောက်များလှစွာသော မြွေများက သူတို့လေးယောက်ထံသို့ လာနေသည်။
ပျားများ၊ ကျီးကန်းများထက်ပင် မြွေများက ပိုများသေးပြီး အမျိုးအစားပင် စုံသေးသည်။ သဲမြွေ၊ ကျောက်မြေ၊ သံမဏိအစင်းကြားမြွေ၊ ရွှေအစင်းကြားမြွေ၊ ငွေအစင်းကြားမြွေ... အားလုံးက မြောက်များလွန်းစွာဖြင့် ဒုလိုက်၊ ထည်လိုက်ဖြင့် သိပ်သည်းစွာရှိနေသည်။
ထို့ပြင် ကြယ်တာရာစွမ်းအင် အကာအကွယ်အတွင်းရှိ အခြေအနေကလည်း မတည်ငြိမ်ပါပေ။
စွစ် စွစ်
မြေအောက် အောက်ပိုင်းထဲမှ ခပ်တိုးတိုး ဆူညံသံများက ထွက်လာသည်။ အခြားသော အခြေအနေမျိုးတွင်ဆိုလျှင် သူတို့က သတိမထားမိလောက်သော်လည်း ယခုလို အခြေအနေမျိုးတွင် ဆိုလျှင် ပုံမှန်မဟုတ်သော အနေအထားက ဝမ်ချောင်၏အာရုံကို ဆွဲဆောင်သွားသည်။ သူဟာ မြေအောက်ထဲသို့ စိတ်စွမ်းအင်ကို ပို့လွှတ်ကြည့်လိုက်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် ဝမ်ချောင်တို့ရှိရာဘက်သို့ တလွန့်လွန့်လူးကာ လာနေသော အဆိပ်ပိုးကောင်ပေါင်း များစွာကို မြင်လိုက်သည်။
“ဒီမျိုးမစစ်တွေ”
ဝမ်ချောင်၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ခပ်အုပ်အုပ် ဆဲရေးလိုက်သည်။ ပျားများ၊ ကျီးကန်းများပြီးနောက် မြေပြင်မှအဖွဲ့က စတင်ကာ တိုက်ခိုက်လာလေသည်။ သို့သော် ထိုအခြေအနေကတင် လုံလောက်ပြီဟု တွေးလိုက်လျှင် အမှားကြီးမှားသွားပေလိမ့်မည်။
ဘုန်း
ဝမ်ချောင်က ဖနောင့်ဖြင့် ပေါက်ချလိုက်သည်။ သူ၏ ကြယ်တာရာစွမ်းအင်များကို မြေပြင်ထဲသို့ ပို့လွှတ်လိုက်သည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် မြေအောက်ထဲတွင် ပုန်းနေသော ထိုပိုးကောင်ပေါင်း များစွာ၏ စူးရှသော အော်ဟစ်သံများနှင့်အတူ သေဆုံးသွားလေသည်။
သို့သော် ဝမ်ချောင်က အသက်ရှုချိန် မရှောင်နိုင်သေးခင် မြေပြင်ထဲမှ အဝါရောင်နှင့် အစိမ်းရောင် ရောယှက်နေသော အဆိပ်ငွေ့က ထွက်လာပြန်သည်။
ထိုအဝါရောင်နှင့် အစိမ်းရောင် ရောယှက်နေသော အဆိပ်ငွေ့က မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကြယ်တာရာစွမ်းအင်နှင့် တွေ့သောအခါ အကာအကွယ်လွှာကိုပင် စတင်ကာ ထိုးဖောက်သေးလေသည်။ သို့သော် ထိုးဖောက်နှုန်းက အလွန်နှေးသည့်တိုင်အောင် ထိုသို့ထိုးဖောက်နိုင်ခြင်းကတင် မှင်သက်ဖွယ်ကောင်းနေသည်။
“ဒီသားရဲကောင်တွေ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း သူ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာက တိုက်ခိုက်ခံရကြောင်း သိလိုက်သည်။
ဘုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုအဆိပ်ငွေ့များအားလုံး ပျောက်ကွယ်သွားသည်အထိ ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော စွမ်းအင်ပေါင်းများစွာက ကြီးမားသော လက်ကြီးတစ်ဖက်ကဲ့သို့ မြေပြင်ကို ထုရိုက်လာပြီး မြေပြင်တစ်ခုလုံးအား သံမဏိသားကဲ့သို့ မာကြောသွားစေသည်။
“ဟား ဟား အဓိပ္ပာယ်မရှိဘူး။ မင်းမှာ အဆင့်မြင့်လွန်းတဲ့ ကျင့်ကြံခြင်းအဆင့် ရှိမှန်းသိတော့ ငါဒီအဆိပ်ကို နည်းနည်းပို အားစိုက်ထားတယ်”
ရုတ်တရက် သူတို့၏နားအတွင်း ဆိုးယုတ်ကာ ဖော်ပြရန်ခက်ခဲလောက်အောင် ဝေဝါးလွန်းနေသည့် အသံတစ်သံက ထွက်လာသည်။
“ကျန်းဝမ်ဖူ မင်းရဲ့အင်အားက ဖော်ပြဖို့ ခက်လောက်ပါတယ်။ ဒီတော့ ပုံမှန်အဆိပ်တွေက မင်းကို ဘာလုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ငါလည်း ဒီတစ်သုတ်ပြီးတစ်သုတ် ပို့လွှတ်ပြီးတဲ့နောက်မှာ မင်းရဲ့ ကြယ်တာရာစွမ်းအင်တွေက ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာကို သိချင်တာ”
“ဟွန်း အဲ့ဒီလိုလား”
မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က လှောင်လိုက်သည်။ သို့သော် မည်သည့်အသံကမှ ပြန်မဖြေတော့ချေ။ ထိုလူများက လျို့ဝှက်သိုင်းတစ်မျိုးဖြင့် ဝေးကွာလွန်းသော တစ်နေရာမှ အသံကို ပို့လွှတ်ထားပုံရသည်။ သို့သော် ဒါဟာ သာမာန်နည်းလမ်း အမျိုးအစား မဟုတ်နိုင်ပေ။
ဝူရှန်းရွာသူကြီးက ပြောလာသည်။
“အစ်ကိုဝမ်ဖူ အခြေအနေက ဆိုးနေပြီ။ အဆိပ်ငါးမျိုး အကြီးအကဲနဲ့ အဆိပ်နက် အကြီးအကဲတွေက ပုန်းနေတာ။ သူတို့က သူတို့ရဲ့ ဒီပိုးကောင်တွေကိုသုံးပြီး မျက်စိနဲ့နားလိုမျိုး လှုပ်ရှားနိုင်တယ်။ ငါတို့က သူတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို မရှာနိုင်ဘူးဆိုရင် ဒီကောင်တွေကို ဘယ်လောက်သတ်သတ် အသုံးမဝင်ဘူး”
အဆိပ်ရှိပိုးကောင် တစ်သုတ်ပြီးတစ်သုတ် သတ်နိုင်နေခဲ့သော်လည်း ဝူရှန်းရွာသူကြီး၏ နှလုံးသားကမူ လေးလံနေသေးသည်။
အဆိပ်မြူထုက သိပ်သည်းလွန်းစွာ ဝိုင်းထားသောကြောင့် သူတို့သည် အပြင်ဘက်ကို ဖောက်မမြင်နိုင်ပေ။ ထို့ပြင် ကျီးအာသံများကလည်း ဆူညံနေသေးသည်။ ထူးဆန်းသော အော်သံများကလည်း ပတ်ပတ်လည်တွင် ဝိုင်းနေသေး၏။ ထို့ကြောင့် ထိုအကောင်များ၏ အဆိပ်က နည်းပါးလာရမည့်အစား ပို၍ပင် များပြားလာသေးသည်။
“အဆိပ်ငါးမျိုးအကြီးအကဲ၊ အဆိပ်နက်ဘုရင် နောက်ပြီး သားရဲခုနှစ်ကောင်ဘုရင်၊ မြွေဘုရင်... ဒီသားရဲကောင်တွေ ဘယ်လောက်များများ ရောက်နေတာလဲ။ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တွေ ခုနှစ်ရက်ခုနှစ်ညလုံးလုံး သတ်မယ်ဆိုရင်တောင်မှ ပြီးဦးမှာမဟုတ်ဘူး”
ဝင်္ကပါအကြီးအကဲက ရုတ်တရက် ထအော်သည်။ သူ၏မျက်နှာက ဖျော့တော့နေ၏။
“အစ်ကိုကျိုး ဘာကိုဆိုလိုတာလဲ”
ဝူရှန်းရွာသူကြီးက မနေနိုင်ဘဲမေးသည်။
“ပင့်ကူတွေ၊ အဆိပ်ပြင်းပိုးကောင်တွေ၊ ပျားတွေ၊ မြွေတွေ၊ ကျီးကန်းတွေ... အဆိပ်ငါးမျိုး အကြီးအကဲနဲ့ အဆိပ်နက်ဘုရင်တွေ လောက်ကတင် ဒီလောက်သတ္တဝါတွေ အများကြီးကို မထိန်းချုပ်နိုင်ဘူး။ နောက်ပြီး ဒါကိုအခြေခံကြည့်ရရင် ပိုးကောင်တွေက သန်းကျော်တယ်။ ဒီတော့ ဒီလူဆိုးနှစ်ကောင် ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေပြီးသား။ သိုင်းပညာလောကမှာ အဆိပ်ပြင်းပိုးကောင်တွေကို ထိန်းချုပ်နိုင်တဲ့လူတွေက မြွေဘုရင်နဲ့ သားရဲခုနှစ်ကောင်ဘုရင်ပဲ”
“မူလအမရသိုင်းရဲ့ ဆွဲဆောင်မှုက ဒီလောက်ထိ ကြီးလွန်းနေတယ်။ အခု ဒီမကောင်းဆိုးဝါးတွေ အားလုံး ရောက်နေပြီလို့တောင် ငါသံသယဝင်တယ်။ ဒါအချိန် အရမ်းဆိုးတာပဲ”
ဝင်္ကပါအကြီးအကဲ၏ မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
အစောပိုင်းက ဝင်္ကပါထဲတွင် ပုန်းအောင်းနေသောကြောင့် သူတို့သည် အခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်သည်။ ထို့ကြောင့် သိုင်းပညာလောကမှ မည်မျှအဖွဲ့အစည်းများများ လာစေကာမူ ဂရုစိုက်ရန် မလိုအပ်ပါချေ။
သို့သော် ယခုအခါ အဆိပ်ပြင်း သတ္တဝါပေါင်းများစွာကို ရင်ဆိုင်နေရသည့်အတွက် ဝင်္ကပါအကြီးအကဲက မည်သည့်နေရာတွင် မည်သို့ပုန်းပုန်း သေချာပေါက် ပေါ်သွားပေလိမ့်မည်။
ထိုအဆိပ်ရှိသတ္တဝါများ အားလုံးက ဝင်္ကပါအကြီးအကဲကို ဒုက္ခပေးနိုင်နေသည်။
+++++
အခန်း(၁၄၂၃)
“စီနီယာကျိုး ဒီအခြေအနေက ထင်သလောက် မပြင်းထန်သေးပါဘူး။ အဆိပ်ငါးမျိုး အကြီးအကဲ၊ မြွေဘုရင်နဲ့ အဆိပ်နက်ဘုရင်တွေက လေးစားဖို့ ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ ပြိုင်ဘက်မကင်းဘူး”
ဝမ်ချောင်က ရုတ်တရက်ထပြောသည်။ သူဟာ ခေါင်းကို ငုံ့လိုက်သည်။ သူ၏စိတ်က လျှင်မြန်စွာ လည်ပတ်နေသလို မျက်လုံးကလည်း တောက်ပလာသည်။
“အရာအားလုံးမှာ ပြစ်ချက်ဆိုတာရှိတယ်။ ငါတု့ိက ဒီမြွေတွေ၊ ပျားတွေအားလုံးကို မသတ်နိုင်ပေမဲ့ သတ်ဖို့ မလိုတာလည်း ဖြစ်နိုင်တာပဲ။ ငါတို့ဒီတိုင်း သူတို့ရဲ့ ထိန်းချုပ်သူကို ရှာရုံပေါ့။ အစစ်အမှန် ခန္ဓာကိုယ်ကို တွေ့ပြီးသတ်လိုက်တာနဲ့ အားလုံးဖြေရှင်းလို့ ပြီးသွားမှာပဲ”
“ဟား ဟား အဲ့ဒီလောက် ဘယ်လိုလွယ်ကူနိုင်ပ့ါမလဲ”
ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ စကားများကြောင့် သက်ပြင်းချသည်။
“မင်းပြောသလို လုပ်ရင် လွယ်ပေမဲ့လည်း ဒီအဆိပ်ငါးမျိုး အကြီးအကဲနဲ့ အခြားသူတွေက ထင်သလောက် ကိုင်တွယ်ဖို့ လွယ်တာမဟုတ်ဘူး။ သူတို့အားလုံး သူတို့ကိုသာ ကိုင်တွယ်လို့ လွယ်နေရင် အသတ်ခံရပြီးလောက်ပြီ။ မင်းရဲ့ ဆရာကလည်း ဒီအခြေအနေကို လူတိုင်းထက်ပိုပြီး နားလည်လိမ့်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က မငြင်းဆန်ချေ။ သူသည် ပတ်ဝန်းကျင်မှ အခြေအနေ တစ်ခုလုံးကို တောက်လျှောက် သတိအပြည့်ကပ်ကာ ကြည့်နေပြီး သူ၏လက်ချောင်းများကို ဆက်တိုက်ဆိုသလို ခါထုတ်နေသည်။ ထိုသို့ဖြင့် စွမ်းအင်ပေါင်းများစွာကထွက်လျှက် လေထုထဲရှိ အရာအားလုံးကို ထိခိုက်အောင် လုပ်ခြင်းအားဖြင့် နောက်ထပ် ကျီးကန်းတစ်သုတ်ကို ဖြတ်တောက်ပစ်လိုက်သည်။
သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထင်သလောက် စိတ်အေးနေပုံမရချေ။ အကြောင်းမူကား အဘက်ဘက်မှ မရေမတွက်နိုင်သော မြွေပေါင်းများစွာက ဝင်ရောက်လာနေသေးသည်။ ထိုမြွေအုပ်က ရုတ်တရက်ပေါ်လာပြီး သူတို့အဖွဲ့နှင့် ပေတစ်ရာသာ ကွာတော့သည်။
ဟေ့
ထိုအကွာအဝေးတွင် မြွေများက လိမ်တွန့်လျှက် ခေါင်းများကိုမြှောက်ကာ ပါးစပ်ထဲမှ အဆိပ်ငွေ့များကို မှုတ်ထုတ်ကြသည်။ ထိုသို့ဖြင့် အဆိပ်မြူထုက ပို၍ပင် သိပ်သည်းလာပြီး ပို၍ အန္တရာယ်များလာသည်။ ထိုအဖွဲ့၏ နှလုံးသားက လေးလံလာ၏။
ဝင်္ကပါအကြီးအကဲက မျက်မှောင်ကျုံ့ရင်း စိုးရိမ်တကြီးပြောသည်။
“အရင်ကလည်း လူတွေက သူတို့ကိုသတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သူတို့အားလုံးက ချွင်းချက်မရှိ သေဆုံးသွားရတယ်။ ဘယ်သူကမှ ဒီမကောင်းဆိုးဝါးတွေရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို မရှာနိုင်ဘူး။ သူတို့ရဲ့နာမည်ကိုပဲ ကြားဖူးကြတာ။ သူတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ဒီလောက်တိုတောင်းတဲ့ အချိန်တိုအတွင်း ရှာနိုင်ဖို့က မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ဝမ်ချောင်က ခေါင်းကိုအသာခါသည်။
ဝမ်ချောင်နှင့်အဖွဲ့က ထိုအဆိပ်ငါးမျိုး အကြီးအကဲအဖွဲ့ကို ကိုင်တွယ်ရန် စဉ်းစားနေချိန်တွင် ကြယ်တာရာ စွမ်းအင် အကာအကွယ်လွှာ အပြင်ဘက်တွင်လည်း နောက်ထပ် ပြောင်းလဲမှုတစ်ခုက ဖြစ်ပျက်လာသည်။
အသက်မဲ့သော ထိုကျီးကန်းများက ရုတ်တရက် စတင်ကာ တုန်ခါလာသည်။ ထို့နောက် သူတို့၏တောင်ပံများက လှုပ်ခါသွားပြီးနောက် လေထဲသို့ ခုန်တက်သွားသည်။ မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် အသတ်ခံရပြီးသော ကျီးကန်းများအားလုံးက ခေါင်းပြန်မော့လာသည်။ ထိုထဲမှ အချို့က အကြည့်များစူးရှစွာနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အကာအကွယ်လွှာကို ကြည့်ကာ စူးရှစွာ အော်ဟစ်ရင်း ထိုးဆင်းလာကြသည်။
ခွက် ခွက် ခွက်
ထိုကျီးကန်းများက အကာအကွယ်လွှာကို သံမဏိသားဖြင့် လုပ်ထားသလိုမျိုး လာရောက်ထိုးတိုက်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကြယ်တာရာ အကာအကွယ်လွှာက အလွယ်တကူ ကွဲကြေသွားလိမ့်မည်မဟုတ်ပေ။ ထိုကျီးကန်းများက ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို တိုက်ရင်း သူတို့၏ လည်တိုင်များပင် ကျိုးသွားကြသည်။
သို့သော် ထိုကျီးကန်းများဟာ ထိုအခြေအနေကို သတိထားမိပုံမရချေ။ သူတို့၏လည်တိုင်များက လိမ်တွန့်နေသည့်တိုင်အောင် သူတို့၏ကျောများဖြင့် ပြန်တိုက်သည်။ သူတို့၏ တောင်ပံများဖြင့်လည်း ဆက်တိုက်နေသေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ သူ၏နောက်မှ ဝင်္ကပါအကြီးအကဲက အလန့်တကြား ခြေဆောင့်ခုန်ချိန်တွင် ဝူရှန်းရွာသူကြီး၏ မျက်နှာက ပျက်ယွင်းသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ဝမ်ချောင်၏မျက်လုံးထဲတွင် အံ့အားသင့်မှုများက ပေါ်ထွက်လာသည်။ သူသည် ယခုလို အခြေအနေမျိုးကို မတွေ့ကြုံဖူးချေ။ ဒါဟာ သူ၏ မျှော်လင့်နိုင်စွမ်းအားကို ကျော်နေသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ စည်းမျဉ်းက ပြိုင်ဘက်ကင်းသည်။ သေဆုံးသွားသော အရာက သေချာပေါက် သေရပေလိမ့်မည်။ မည်သည့် နည်းလမ်းနှင့်မျှ ပြန်ရှင်အောင် လုပ်ပိုင်ခွင့်မရှိပေ။ ဝမ်ချောင်ကဲ့သို့ တစ်ကြိမ်သေပြီး ပြန်လည်မွေးဖွားပြီးသော သူကပင် ဒီလိုအခြေအနေမျိုးကို မတွေ့ကြုံဖူးချေ။
သိုင်းပညာလောကမှ ထူးဆန်းသော အခြေအနေများက သူ၏ မျှော်လင့်နိုင်စွမ်းအားကို ကျော်လွန်သွားပြီး သူ့အား မယုံကြည်နိုင်မှုများဖြင့် ဖိအားများသွားစေသည်။
“ဒါက ကုအဆိပ်ဘုရင်ပဲ။ ကုအဆိပ်ဘုရင် သူတောင် ပါလာမယ်လို့ မထင်ထားဘူး”
ဝင်္ကပါအကြီးအကဲ၏ မျက်နှာက တင်းမာလာသည်။
အဆိပ်ငါးမျိုး အကြီးအကဲ ပေါ်လာခြင်းကတင် သူ့ကို အနည်းနှင့်အများ မသက်မသာ ဖြစ်စေခဲ့ပြီးသားဖြစ်သည်။ တစ်ဖက်သူဟာ သူ၏ဝင်္ကပါကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် ယခုအဆိပ်ဘုရင်ကမူ မတူညီသော အခြေအနေမျိုးဖြစ်သွားသည်။
“ကုအဆိပ်ဘုရင် မင်းက ဒီအဘိုးကြီးကို အတိုက်အခံလုပ်ရဲတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ပါးစပ်မှ ဒေါသတကြီးအော်သံက ထွက်လာသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် သူ၏ခန္ဓာကိုယ်မှ ကျယ်ပြောများပြားသည့် ကြယ်တာရာစွမ်းအင်မုန်တိုင်းက ဖြာထွက်ကာ တစ်လောကလုံးကို ဖယ်ရှားရှင်းလင်းရန် ကြိုးစားသည်။ ထိုသို့ဖြင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခန္ဓာကိုယ်မှ နောက်ဆုံးသော ညင်သာမှုက ပျောက်ကွယ်သွားလေသည်။
သိုင်းပညာလောကမှ ဒဏ္ဍာရီလာတည်ရှိမှု မိစ္ဆာဧကရာဇ် ကျန်းဝမ်ဖူဆိုသော နာမည်က ထိုနယ်မြေအပေါ် ပြင်းထန်သည့် သက်ရောက်မှု ထိန်းချုပ်ထားသေးသည်။ အမှန်အတိုင်းဆိုရသော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ယခင်နှစ်နှစ်အတွင်း အများကြီး ပြောင်းလဲခဲ့ခြင်းသာဖြစ်သည်။
အဆိပ်ငါးမျိုး အကြီးအကဲအဖွဲ့၏ စိန်ခေါ်မှုက သူ့ကို လှုံ့ဆော်နိုင်ပြီး သူ၏ကိုယ်တွင်းမှ မင်းမူတတ်လွန်းသော စွမ်းအင်ကိုသာ ထွက်လာအောင် လုပ်နိုင်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ စွမ်းအင်များက သူ၏ပတ်ဝန်းကျင်ရှိ အာကာသပြင်ကို လိမ်တွန့်သွားစေပြီး ဝရုန်းသုန်းကား ဖြစ်လာစေသည်။
“ဆရာ”
ဝမ်ချောင်ကလည်း ဆရာဖြစ်သူ၏ ကြောက်စရာကောင်းသော စွမ်းအားများကြောင့် အလန့်တကြား ဖြစ်သွားသည်။ ဆရာဖြစ်သူ ထိုမျှအထိ ဒေါသထွက်နေသည်အား ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် အလွန်အမင်း တည်ငြိမ်အေးဆေးကာ သာမာန်လူသားတစ်ယောက်၏ အသံဟုပင် မထင်ရလောက်သည့် တိတ်ဆိတ်လွန်းသော အသံတစ်သံက ထွက်လာသည်။ သို့သော် ထိုအသံက ဟိုနေရာ၊ ဒီနေရာမှ လွင့်လာသလိုမျိုး ရောက်ရှိလာခြင်းဖြစ်သည်။
“ဟား ဟား ဟား မိစ္ဆာဧကရာဇ် မင်းက မိစ္ဆာလမ်းစဉ်ကို အုပ်စိုးတယ်။ ငါက မြောင်ကိုအုပ်စိုးတယ်။ ငါတို့က အမြဲတမ်း ဒီလိုပဲ ရေတွင်းနဲ့မြစ်လို ရှိနေခဲ့ကြတာမဟုတ်လား။ ငါတို့ရဲ့ရေက ဘယ်တော့မှ မရောဘူး။ ဒါက မင်းရဲ့ကိုယ်ပိုင် အုပ်ချုပ်မှု အထွတ်အထိပ် ကာလမှာတောင် အဲ့ဒီလိုပဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ မင်းကအခု အပြစ်တင်ချင်ရင် မူလအမရသိုင်းရဲ့ ဆွဲဆောင်မှုကိုပဲ အပြစ်တင်။ ငါတို့ လူရမ်းကားအိုကြီးတွေက အဆိပ်သိုင်းနဲ့ပတ်သတ်ပြီး နာမည်ကျော်ကြားနေခဲ့ပေမဲ့လည်း ငါတို့လည်း လောကရဲ့ နံပါတ်တစ် ဖြစ်ချင်တယ်။ ငါတု့ိလည်း ဒီဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘူး ဟုတ်ပြီလား”
“နောက်ပြီး ခွေးတိုင်းက ကိုယ်ပိုင်နေ့ရက်ကို ပိုင်ဆိုင်ထားတယ်။ မင်းက သိုင်းပညာလောကကို နှစ်ပေါင်းများစွာ အုပ်စိုးထားခဲ့တာ။ အခု ပုလ္လင်ပေါ်က ဆင်းချိန်ကျပြီ”
ဝမ်ချောင်သည် ထိုကဲ့သို့သော အသံမျိုးကို ဘယ်သောအခါကမှ မကြားဖူးခဲ့သေးချေ။ ဒါဟာ ကုရှင်း၏ ကြိုးများကတုန်ခါကာ ထွက်လာသော အသံကဲ့သို့ မည်သည့် ယောကျာ်း၊ မိန်းမ၊ လူငယ်၊ လူကြီး အသံမျိုးနှင့်မှ မတူညီသော ခြားနားလွန်းသော အသံတစ်မျိုးဖြစ်နေသည်။
သို့သော် အတွင်းတွင် ပါဝင်နေသော ဆိုးယုတ်သည့် အန္တရာယ်များကမူ လူတိုင်းအား နက်ရှိုင်းသည့် ထင်မြင်ချက် ကျန်ရစ်ရန် လုံလောက်သည်။
ထိုအသံက သူ၏ အဆုံးစွန်ဆုံးသော တောင်းဆိုမှုကိုပြုသည်။
“မူလအမရ ရတနာသိုက်ကိုသွားတဲ့ မြေပုံနဲ့။ အဲ့ဒီရတနာသော့ကို ငါ့ဆီပေးလိုက်။ ငါက အခြားသူတွေ အားလုံးကို ခေါ်သွားပြီး မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်”
“ဟွန်း ကိုယ့်မျက်နှာကိုတောင် ထွက်မပြရဲတဲ့ အရှက်မဲ့တဲ့ အဆိပ်သုံးတဲ့ဟာတွေလောက်က လောကရဲ့ နံပါတ်တစ် ဖြစ်ချင်တယ် ဟုတ်လား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ မျက်နှာက အေးစက်ကာ တင်းမာလာသည်။ သူ၏အသံကလည်း အေးစက်လာ၏။
“ငါမင်းတို့ကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။ မင်းတို့မှာ နောက်ဆုတ်ဖို့ အချိန်ရှိတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ကို သေဆုံးခြင်းကပဲ စောင့်ကြိုနေလိမ့်မယ်။ မင်းတို့ကို မူလအမရသိုင်းက မင်းတို့လို အဆိပ်ပဲ သုံးတတ်တဲ့ဟာမျိုးတွေ ပိုင်ဆိုင်နိုင်တဲ့ အရာမျိုးလို့ထင်နေလား”
“ဟား ဟား ကျန်းဝမ်ဖူ မင်းက ငါတို့ကို ခြောက်ချင်နေတာပဲ။ မင်းက အမွှေးမရှိတော့တဲ့ ဖီးနစ်တစ်ကောင်ပဲလေ။ ငါတို့ကို ကိုင်တွယ်ချင်သေးတယ် ဟုတ်လား”
“မင်းက မိစ္ဆာဧကရာဇ် ဖြစ်တော့ရော ဘာအရေးကြီးလဲ။ မင်းတို့ရဲ့ အထွတ်အထိပ် အခြေအနေမှာတောင် ငါတို့က မကြောက်တာ။ အခုဘာလို့ ကြောက်ရမှာလဲ”
“ဟား ဟား မင်းက ငါတို့ရဲ့ တိရိစ္ဆာန်သေးသေးလေးကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်ရှိမှ ပြန်လာခဲ့”
ဆိုးယုတ်သော အသံ တစ်သံပြီးတစ်သံက ထွက်လာသည်။ ထိုအသံပိုင်ရှင်များက မိစ္ဆာငါးမျိုး အကြီးအကဲ၊ သားရဲခုနှစ်ကောင်ဘုရင်နှင့် အဆိပ်နက်ဘုရင်တို့ဖြစ်သည်။
“ဟွန်း ကျန်းဝမ်ဖူ မင်းကြားလား။ ငါတို့ထဲက တစ်ယောက်ကမှ မင်းကိုမကြောက်သလို ဘယ်သူကမှလည်း နောက်ဆုတ်ပေးမှာမဟုတ်ဘူး။ မင်းက အင်အားကြီးတဲ့ သိုင်းပညာရှင်ဆိုတာ ငါသိပါတယ်။ ဒါပေါ့ အင်အားအကြီးဆုံး သိုင်းပညာရှင်ကတောင် ကုအဆိပ်ကို ရင်မဆိုင်နိုင်ဘူးလေ။ ငါမင်းကို ငါးမိနစ် စဉ်းစားချိန်ပေးမယ်။ အဲ့ဒီရတနာကို အပ်လိုက်တော့။ ငါးမိနစ်အတွင်းမှာ ဘာရတနာကိုမှ မမြင်ရဘူးဆိုရင်တော့ မင်းနဲ့ မင်းရဲ့တပည့်က ဒီနေရာကို မင်းတို့ရဲ့ နောက်ဆုံး အနားယူရာ နေရာအဖြစ် ရွေးချယ်ဖို့ ပြင်ဆင်ထားလိုက်တော့”
ထိုသို့ပြောပြီးနောက် ကုအဆိပ်ဘုရင်က တိတ်ဆိတ်သွားသည်။
မြေပြင်ပေါ်မှ နှာမှုတ်သံများ၊ ပွတ်တိုက် တွားသွားသံများအပြင် ကောင်းကင်မှ ကျီးကန်းသံများကလည်း ဆက်တိုက်ဆိုသလို အော်ဟစ်နေသည်။ တိုက်ကွက်များကမူ ပျောက်ကွယ်သွားသည်။
ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာအတွင်းမှ လေးယောက်က မျက်မှောင်ကျုံ့လျှက် တွေးတောသည်။
“ဒီလူရမ်းကားတွေက ဘာလုပ်ကြမလို့လဲ။ သူတို့က အခုလိုမျိုး တိုက်ခိုက်ဖို့ကို ရပ်တန့်စရာ အကြောင်းမှမရှိတာ”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“သူတို့က မတိုက်ခိုက်ချင်တာမဟုတ်ဘဲ ငါတို့က ရတနာကို ဖျက်ဆီးလိုက်မှာကို စိုးရိမ်တာ။ ငါတို့က အဆိပ်မိသွားခဲ့ရင် ရတနာကိုဖျက်ဆီးပြီး ဘယ်သူမှ မရနိုင်အောင် လုပ်လိုက်မှာကို စိုးရိမ်ကြတာလေ”
ဝင်္ကပါအကြီးအကဲက တင်းမာစွာပြောသည်။ သူ၏မျက်နှာထားက အလွန်အမင်း စိုးရိမ်နေပုံရသည်။
“ဒီလိုအခြေအနေမျိုးမှာ ငါတို့ဖောက်ထွက်သွားမဲ့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ဒီတိုင်း အဝိုင်းခံပြီး သေဖို့ထိုင်စောင့်နေလို့မရဘူး”
ဝူရှန်းရွာသူကြီးက အော်ပြောသည်။
“အဲ့ဒီလောက် မရိုးရှင်းဘူး”
ဝင်္ကပါအကြီးအကဲက ခေါင်းခါသည်။ သူ၏မျက်မှောင်က ပိုကျုံ့လာသည်။
“ငါတို့လေးယောက် အတူပေါင်းရင်တော့ သူတို့ကို ဖယ်ရှားနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါတို့သာ လူစုခွဲလိုက်မယ်ဆိုရင် အဲ့ဒီပျံနိုင်တဲ့ လေထဲက ကုဆိုတဲ့အကောင်တွေက ငါတို့ကို ဆွဲချလိမ့်မယ်”
“ပိုဆိုးတာက ငါတို့ကို လူတိုင်းက နေရာတိုင်းမှာ ရှာနေကြတာ။ ငါတို့ထွက်သွားတာနဲ့ တစ်ယောက်ယောက်က သေချာပေါက် ရှာတွေ့သွားမှာပဲ။ အဲ့ဒီနောက် ဒီနေရာမှာ အပိတ်ခံနေရရင် အနည်းဆုံးတော့ ဒီအကောင်ကြီးတွေက ပေါ်လာဦးမှာမဟုတ်ဘူး”
အားလုံးက တိတ်ဆိတ်သွားကြသည်။ လူတိုင်းကလည်း ဝင်္ကပါအကြီးအကဲပြောသော အကြောင်းအရာကို နားလည်၏။ အကြောင်းမူကား စုန့်ယွမ်ယွီ၊ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အခြားသော သိုင်းလောကမှ ပုဂ္ဂိုလ်ကြီးများအားလုံး ရှိနေသေးသည်။ ထိုလူများက ထိုအဆိပ်အဖွဲ့ထက် ပို၍ ကိုင်တွယ်ရခက်ခဲသည်။
ထို့ကြောင့် ယခုသူတို့ မည်သည့်ကိစ္စကို လုပ်ဆောင်စေကာမူ အခြေအနေဟာ ပိုဆိုးရွားနေပြီဖြစ်သည်။ အရာအားလုံးက တိတ်ဆိတ်သွားပြီး အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်လာသည်။ ရုတ်တရက် ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်လိုက်သလို တုန်ယင်သွားသည်။ ထို့နောက် သူဟာ ပြုံးသည်။
“ဒီကိစ္စက ငါတို့ထင်သလောက် ဆိုးချင်မှလည်း ဆိုးမှာပဲ။ စုန့်ယွမ်ယွီနဲ့ ယင်နက်ဘိုးဘေးကို ခဏဖယ်ထားလိုက်ဦး။ ဒီအဆိပ်သုံးတဲ့လူတွေက သူတို့ထင်သလောက် လွယ်ချင်မှလွယ်မှာ”
“အာ”
ဝင်္ကပါအကြီးအကဲက တခဏခန့် ကြောင်သွားသည်။ သူဟာ ခေါင်းကို တအံ့တဩကြည့်၍ စိတ်ရှုပ်ထွေးစွာမော့သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း ဝင်ပြောသည်။
“ချောင်အာ မင်းတစ်ခုခုကို သတိထားမိလို့လား”
ထိုအသံဟာ ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်သည်။
“ဟွန်း ဟွန်း ဒီတိုင်း အယောင်ဆောင် တစ်သိုက်ပါပဲ။ သူတို့က ငါတို့သူတို့ကို တကယ်ပဲ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား”
ဝမ်ချောင်က ခေါင်းကိုမော့၍ရယ်သည်။
“မင်းသူတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာတွေ့ပြီလား”
ဝင်္ကပါအကြီးအကဲက အခြေအနေကို နားလည်လိုက်ပြီး တုန်ယင်သွားသည်။
အဆိပ်ငါးမျိုးအကြီးအကဲ၊ အဆိပ်နက်ဘုရင်နှင့် အခြားသောသူများ အားလုံးက အဆိပ်ကိုမှီခိုပြီး ကျော်ကြားလာကြသူများဖြစ်သည်။ သူတို့သည် အနီးကပ် တိုက်ခိုက်ရာတွင် လုပ်နိုင်စွမ်းရည် မရှိချေ။ ဆိုလိုသည်မှာ သူတို့သည် အလွန်အမင်း ဝေးကွာသော တစ်နေရာတွင် ပုန်းနေပေလိမ့်မည်။ သူတို့သည် သတိကို အပြည့်ကပ်ထားပြီး သူတို့၏ အစစ်အမှန် တည်နေရာကို ရှာမတွေ့အောင် ကွယ်ထားပေလိမ့်မည်။
သို့သော် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ လေသံအရ ထိုလူများကို ရှာတွေ့ပြီးလောက်လေပြီ။
ဝမ်ချောင်က တည်ငြိမ်စွာ ပြုံးနေချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကလည်း အလားတူပင် အေးဆေး တည်ငြိမ်နေသည်။ သူ၏မျက်လုံးများကမူ လေးနက်ကာ နက်နဲနေ၏။
++++
အခန်း(၁၄၂၄)
“ငါ့ကိုအရင် သွားခွင့်ပေး”
ဝမ်ချောင်က ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာထဲမှ ခုန်ထွက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ပေထောင်ပေါင်းများစွာ ဝေးကွာသော တစ်နေရာတွင် ရုတ်တရက် ပြန်ပေါ်လာသည်။
ဘုန်း
ကြယ်တာရာစွမ်းအင် အားလှိုင်းများက ရှေ့သို့ဝင်တိုးသွားသည်။ ထိုမြေပြင်တွင် မြွေပေါင်းများစွာက အုံနေပြီး တောင်အသေးစားလေးကဲ့သို့ ဖြစ်နေရာမှ ထိုတိုက်ကွက်ကြောင့် လွင့်ထွက်သွားလေသည်။ အဆိပ်ပြင်းမြွေပေါင်းများစွာက အစိတ်စိတ် အပိုင်းပိုင်းဖြစ်လျှက် ကောင်းကင်အနှံ့ လွင့်ပျံထွက်သွားသည်။ သို့သော် တောင်က မရှိတော့သည်နှင့် အောက်ဘက်မှ လူတစ်ယောက်၏ ခန္ဓာကိုယ်က ပေါ်လာသည်။ ထိုလူသည် မြေပြင်တွင်ကပ်ကာ တဖြောင့်တည်း လှဲနေသည်။ သူဝတ်ထားသော ဝတ်စုံကလည်း မြွေသားရေဖြင့် လုပ်ထားသောကြောင့် သူ့အား ပတ်ဝန်းကျင်ရှိ မြွေများနှင့် ပေါင်းစပ်နေစေသည်။
ဝမ်ချောင်က ကောင်းကင်တွင် ပေါ်လာသောအချိန်တွင် ထိုလူ၏မျက်လုံးက မှိတ်ထားသည်။ ထို့ကြောင့် အရှိန်အဝါကလည်း ကင်းစင်နေလေရာ လူသေတစ်ယောက်နှင့်ပင် ခြားနားခြင်း မရှိတော့ပေ။ သို့ရာတွင် ထိုသူ၏ အိုမင်းနေသော မျက်နှာနှင့် လက်ကောက်ဝတ်မှ မြွေကြေးခွံများက သူဟာ မည်သူဖြစ်ကြောင်း ဖော်ပြနေသည်။
မြွေဘုရင်
သူဟာ အောက်ဘက်တွင် လှဲနေသောသူကို မြင်လိုက်ချိန်တွင် ဝမ်ချောင်က လှောင်ပြောင်သလို ပြုံးလိုက်သည်။ ထိုလူများဟာ အဆိပ်ပြင်းမြွေများ၊ ပျားများ၊ ကျီးကန်းများလောက်ကိုသုံးပြီး သူတို့ကို ထိန်းထားနိုင်မည်ဟု ထင်နေရင် စိတ်သဘောထားက ရိုးရှင်းလွန်းနေသည်ဟု ပြောရပေမည်။
ဘုန်း
ဝမ်ချောင်၏ ပုခုံးတစ်ဖက် တစ်ချက်စီပေါ်တွင် နေတစ်စင်းနှင့် လတစ်စင်းက ပေါ်ထွက်လာပြီးနောက်တွင် သူဟာ ထိုမြွေဘုရင်ရှိရာ နေရာသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
တူညီသော အခိုက်အတန့်တွင်ပင် အောက်ဘက်မှ သေချင်ယောင် ဆောင်နေသော မြွေဘုရင်၏ မျက်လုံးက ဖြတ်ကနဲပွင့်လာသည်။ သူသည် အန္တရာယ်ကို အာရုံခံမိလိုက်၏။ သူဟာ လေထဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ ဝမ်ချောင်၏ ပုံရိပ်ကို မယုံနိုင်သလိုကြည့်သည်။
သူ၏ မြွေခြုံခိုတိုက်ခိုက်သည့်သိုင်းက အဆင့်လွန် သိုင်းတစ်မျိုးဖြစ်ကာ ရှေးခေတ်ကာလကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော မြွေဘုရင်မျိုးဆက်ပေါင်း များစွာတွင် အောင်မြင်ခဲ့သည်။ အသုံးပြုလိုက်သည်နှင့် အနည်းငယ်သော အရှိန်အဝါကပင် ပေါက်ကြားနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အတော်ဆုံးသော ကျွမ်းကျင်ပညာရှင်များကပင် အာရုံခံမိရန် ခက်ခဲလေသည်။
ထို့ကြောင့် အရှိန်အဝါက မြွေတစ်ကောင်ကဲ့သို့ ဖြစ်သွားလေရာ ပြင်ပလူများကလည်း ဒီနေရာတွင် မြွေအုံသာ ရှိနေမည်ဟု ထင်ပေလိမ့်မည်။
ထိုသို့ ထူးဆန်းလွန်းသော ပုန်းကွယ်သည့် သိုင်းမျိုးကြောင့် ထိုမြွေဘုရင်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်နေခဲ့ပြီး မည်သူကမှ သူ၏အစစ်အမှန် ခန္ဓာကိုယ်ကို ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။
သူ၏မြွေသက်တမ်းကို ထိန်းချုပ်နိုင်သော စွမ်းအင်က လူအနည်းစုသာ သူ့ကို ရန်စရဲလေသည်။
မြွေဘုရင်သည်လည်း အသက်(၁၈)နှစ်၊ (၁၉)နှစ်အရွယ်သာရှိသော လူငယ်လေးတစ်ယောက်က သူ့ကို ဖော်ထုတ်လိုက်မည်ဟု မထင်ထားမိချေ။
မြွေဘုရင်က ချက်ချင်းလိုလို ထလိုက်သည်။ သူ၏ပါးစပ်ထဲမှ အနက်ရောင် မြူထုများကို မှုတ်ထုတ်လိုက်၏။ သူဟာ ထွက်ပြေးလိုသေးသည်။ သို့သော် နောက်ကျသွားလေပြီ။
တစ်ချက်ပေါက်ကွဲရုံနှင့် တိုက်ပွဲဟာ အဆုံးသတ်သွားပြီဖြစ်သည်။
မြွေဘုရင်က လေထဲသို့ ခုန်တက်ရုံသာ ရှိသေးသည်။ ချက်ချင်းလိုလို အောက်သို့ ပြန်ပြုတ်ကျသွားပြီး သူ၏ ဒွာရအပေါက်တိုင်းမှ သွေးများပန်းထွက်လာသည်။ သူ၏ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများ အားလုံးဟာ ပေါက်ကွဲသွားပြီဖြစ်သည်။
ထိုကဲ့သို့ အဆိပ်သုံးသော သိုင်းပညာရှင်များက သူတို့ကို ရှာတွေ့သွားသည်နှင့် လျှင်မြန်စွာ အသတ်ခံရတတ်သည်။ အကြောင်းမူကား ဝမ်ချောင်၏ အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်မျိုးက တော်လွန်းသောကြောင့်ဖြစ်လေသည်။
ဟူး
ထိုအချိန်တွင် လေပြင်းက တိုက်ခတ်သွားပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လေထဲသို့ ခုန်တက်လာကာ တိမ်စိုင်အထက်တွင် ပေါ်လာသည်။
“မကောင်းတော့ဘူး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကို မြင်လိုက်ရုံနှင့် နှာခေါင်းကောင်းကောင်းနှင့် ဆိုးယုတ်သည့် အကြီးအကဲ တစ်ယောက်က ကြောက်လန့်တကြား ဖြူဖျော့သွားသည်။
ဆိုးယုတ်သော မျက်လုံးနှင့် ထိုအကြီးအကဲက ခုနှစ်မီတာ၊ ရှစ်မီတာခန့် ကြီးမားသော ကျီးကန်းတစ်ကောင်၏ ကျောပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကျီးကန်းက အရှည်အားဖြင့် လေးမီတာ၊ ငါးမီတာခန့် ရှိနေသေးသည်။ သူ၏ ခန္ဓာကိုယ် ကြွက်သားများက တောင့်တင်းပြီး စွမ်းအားများဖြင့် ပေါက်ကွဲမတက် ပြင်းထန်နေလေသည်။ ထိုကျီးကန်းကိုစီးနေသည့် ဆိုးယုတ်သည့် အကြီးအကဲက လေထဲတွင်နေလျှက် မီတာတစ်သောင်းအကွာမှ အဆိပ်ပြင်း ကျီးကန်းများကိုပင် ထိန်းချုပ်နိုင်စွမ်းရည် ရှိလေသည်။
“ပြေး”
အဆိပ်နက်ဘုရင်ကလည်း သူ၏ကျီးကန်းကြီးကို ချက်ချင်းလိုလို နောက်လှည့်ကာ ထွက်ပြေးစေသည်။ သူသည်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ယခုလိုမျိုး မြင့်မားလွန်းသော အထက်ထိ ခုန်တက်ကာ ပေါ်လာလိမ့်မည်ဟု မထင်ထားမိပါချေ။
အနက်ရောင် တိမ်စိုင်များက သူ့ကို ပြီးပြည့်စုံသော ကာကွယ်မှုတစ်ခု ပေးထားသည်။ ပို၍ဆိုးသည်မှာ သူသည် မြေပြင်အထက် အလွန်မြင့်မားသော နေရာတွင် ရှိနေသောကြောင့် စုန့်ယွမ်ယွီကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးကပင် ထိုနေရာထိ ခုန်တက်ကာ မလိုက်နိုင်ပေ။
အဆိပ်နက်ဘုရင်ကလည်း ကိုယ်ပိုင်စွမ်းအားကို မှီခိုသော ကျွမ်းကျင်ပညာရှင်တစ်ယောက်က သူ၏အရှေ့တွင် ပေါ်လာရဲမည်ဟု မထင်ထားမိပေ။ အဆိပ်နက်ဘုရင်၏ မျက်နှာက ဖျော့တော့သွားသည်။ သူ၏မျက်နှာမှ ကြောက်ရွံ့မှုများက ကြီးထွားလာသည်။
“မင်းက ဒီအဘိုးကြီးဆီက ထွက်ပြေးနိုင်မယ် ထင်လို့လား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အေးစက်စွာပြောရင်း ထွက်ပြေးသွားသော အဆိပ်နက်ဘုရင်၏ ကျောကိုကြည့်သည်။
သူသည် ရှာမတွေ့ခင်က လုပ်ခဲ့လျှင် အခွင့်အရေး ရှိလောက်သေးသည်။ ယခုအခါ သူ့ကို သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။
ခီး
ကျီးကန်းတစ်ကောင်က လျှပ်စီးလက်သလိုမျိုး အဝေးသို့ ပျံသန်းသွားသည်။
သို့သော် သူဟာ ပေတစ်ထောင်ကျော်ခန့်အထိသာ သွားရသေးသည်။ နောက်မှ မိုးကြိုးတန်းတစ်စင်းက လိုက်မိလာပြီးနောက်တွင် ထိုကျီးကန်းနှင့် ကျောပေါ်မှ ထိုအဆိပ်နက်ဘုရင်ကိုပါ တစ်ပါတည်း ထိုးဖောက်နိုင်လောက်မည့် ရှု့ထောင့်မျိုးမှ လိုက်မှီလာလျှက် ဖောက်ဝင်သွားကာ ပေါက်ကွဲသွားစေသည်။
“သေစမ်း သတိထား”
“ကျန်းဝမ်ဖူ မင်းလုပ်ရဲတယ်”
“ပြေးတော့”
“သူတို့ကိုသတ်”
အဆိပ်ပြင်းမြွေနှင့် အဆိပ်နက်ဘုရင်တို့ သေဆုံးမှုက ထိုအဆိပ်သခင် ငါးယောက်ထဲမှ နှစ်ယောက်ကို ဆွဲထုတ်လိုက်ရစေသည်။ ထိုအခြေအနေကို မည်သူမှ မမျှော်လင့်ထားကြချေ။
ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ သတ်ဖြတ်မှုက သူတို့အား အငိုက်မိသွားစေသည်။
ဟေ့
အဆိပ်ဘုရင်နှင့် အဆိပ်နက်ဘုရင်တို့၏ သေဆုံးမှုက လောကတစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်သွားစေသည်။ ထိုသို့ဖြင့် ထိုလူအုပ်ကို ဝိုင်းထားသော မြွေစစ်တပ်ကလည်း ရုတ်တရက် ဦးတည်ရာမဲ့ကာ ခေါင်းဆောင်မရှိသလို ဖြစ်သွားသည်။ သူတို့သည်လည်း တဖြည်းဖြည်းချင်းစီ လူစုခွဲသွားလေသည်။
အချို့သောမြွေများက ပါးစပ်ကိုဖွင့်၍ မြွေဘုရင်၏ ခန္ဓာကိုယ်ကိုပင် သွားကိုက်ကြသေးသည်။ ထိုအလောင်းကို ဝါးမြိုပိုင်ခွင့်ကို အချင်းချင်း တိုက်ခိုက်နေကြသည်။
အချို့သော အဆိပ်ပြင်းမြွေများက သဘာဝရန်သူများဖြစ်ကြသည်။ ထို့ကြောင့် အချင်းချင်း တိုက်ခိုက်ကြပြီး ထိုနေရာတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
ခီး....
ထိုအချိန်တွင် ကောင်းကင်မှ ကျီးကန်းများက ရုတ်တရက် အသိဝင်လာသလိုမျိုး ဦးတည်ရာဘက်ခွဲကာ ပြေးကြသည်။
အဆိပ်နက်ဘုရင်နှင့် မြွေဘုရင်တို့ မရှိတော့သောအခါ ထိုမြွေများနှင့် ကျီးကန်းများကလည်း ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီဖြစ်သည်။ သို့သော် မြွေများနှင့် ကျီးကန်းများက မရှိတော့သော်လည်း ပင့်ကူနှင့် အခြားသော အဆိပ်ပြင်း ပိုးကောင်များအားလုံးက သူတို့၏ သတ်ဖြတ်မှုကို ပို၍ပြင်းထန်စေလိုက်သည်။ ဝရုန်းသုန်းကား အသံများနှင့်အတူ အမျိုးမျိုးသော အရွယ်အစားရှိသည့် ပိုးကောင်များ အားလုံးက မြေပြင်ထဲမှ ခုန်ထွက်ကာ ဝမ်ချောင်တို့၏ အဖွဲ့ကို တိုက်ခိုက်သည်။
ခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသော ပင့်ကူများက အများပြားဆုံးဖြစ်သည်။ ထိုအချိန်တွင် ကြီးမားလွန်းသော ပျားအုံတိမ်စိုင်ကြီးကလည်း စတင်ကာ တိုက်ခိုက်သည်။
“အစ်ကိုကျိုး အသင့်ပဲလား”
ဝူရှန်းရွာသူကြီးက ရုတ်တရက်မေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လှုပ်ရှားလိုက်သောအခါ သူသည် ဝင်္ကပါအကြီးအကဲကို စောင့်ကြည့်ပေးရန်အတွက် ဒီနေရာတွင် တာဝန်ကျထားသည်။
“စိတ်အေးအေးထား ခဏလောက် တောင့်ထားဖို့ကတော့ ပြဿနာမရှိဘူး”
ဝင်္ကပါအကြီးအကဲကပြုံးသည်။ ထိုတိုတောင်းသော ကာလအတောအတွင်းတွင် သူဟာ ဝင်္ကပါ တစ်ခုကို ချခင်းထားပြီးသားဖြစ်သည်။ ထိုဝင်္ကပါက ထင်သလောက် မသန်မာသော်လည်း ထိုတိုက်ကွက်များကိုမူ တားနိုင်သည်ထက် လုံလောက်သည်။
ဝူရှန်းရွာသူကြီးက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ တခဏခန့်ကြာပြီးနောက် ဘုန်းကနဲမြည်သံနှင့်အတူ သူဟာ ကျည်ဆံတစ်ခုကဲ့သို့ လေထဲသို့ ခုန်တက်လျှက် ပြင်းထန်သော စွမ်းအားများကို ခန္ဓာကိုယ်မှ လွှတ်ထုတ်ပစ်လိုက်သည်။
ဘန်း ဘန်း ဘန်း
မရေမတွက်နိုင်သော ပျားများက အုံလိုက်ကျင်းလိုက် အောက်ဘက်သို့ ပြုတ်ကျသည်။ ထို့နောက် ဝူရှန်းရွာသူကြီး၏ ကြယ်တာရာစွမ်းအင်များကြောင့် သေဆုံးသွားကြသည်။
“မင်းက မြေအောက်ထဲမှာ ပုန်းနေတာနဲ့ပဲ ဘယ်သူကမှ မရှာနိုင်ဘူးလို့ ထင်နေတာလား”
ဝူရှန်းရွာသူကြီးက လေထဲသို့ ခုန်တက်သွားချိန်တွင် မတိုးလွန်း၊ မကျယ်လွန်းသောအသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ သူဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကဲ့သို့ မင်းမူလွန်းသော အရှိန်အဝါမျိုး မရှိလေဘဲ တည်ငြိမ်ကာ အေးဆေးပုံပေါ်သည်။ သို့ရာတွင် ဝူရှန်းရွာသူကြီး၏ အပြုအမူက ညင်သာသော လေထုအခြေအနေနှင့်မူ ခြားနားထားသည်။
ဝုန်း...
တခဏခန့်ကြာပြီးနောက် လောက၏ သံစဉ်များအားလုံးနှင့် ပေါင်းစပ်နေသည်ဟု ထင်ရသော အသံတစ်သံက ထွက်လာသည်။ ထို့နောက် ကောင်းကင်ဘုံမှ မိုးကြိုးတန်းကြီးက မြေပြင် တစ်နေရာသို့ ထိုးဆင်းသွားလေသည်။
“မကောင်းတော့ဘူး”
မြေအောက်ဘက် လေးမီတာ၊ ငါးမီတာခန့်တွင် ရှိနေသော မီးခိုးရောင် ပုံရိပ်က အံ့အားတကြီး တုန်ယင်သွားပြီး မျက်လုံးကိုဖွင့်လိုက်သည်။
အနီးကပ်ကြည့်ရှု့မည်ဆိုလျှင် တစ်ဖက်သူဟာ ကင်းခြေများကဲ့သို့ မကောင်းဆိုးဝါး၏ ပါးစပ်ထဲတွင် လဲှနေသည်ဖြစ်ကြောင်း မြင်ရမည်ဖြစ်သည်။ ထိုမြေအောက်က သိုင်းပညာရှင်များအတွက် တားမြစ်နေရာဖြစ်သည်။ မည်သူကမှလည်း လေထဲသို့ ခုန်တက်သကဲ့သို့ မြေလျိုးနိုင်စွမ်းရည် မရှိပေ။
ထိုအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးက ကင်းခြေများ မကောင်းဆိုးဝါး၏ ပါးစပ်ထဲမှတစ်ဆင့် မြေအောက်ထဲသို့ တိုးလျိုးဝင်ရောက်ကာ နေနေလေရာ မည်သူကမှ သူ့ကိုရှာတွေ့ရန် မဖြစ်နိုင်သင့်ပေ။
သို့သော် သူဟာ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သည့်တိုင်အောင် ဝမ်ချောင်တို့၏ အဖွဲ့က ရှာတွေ့သွားသေးသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
သားရဲခုနှစ်ကောင်ဘုရင်၏ မျက်လုံးများတွင် ထိတ်လန့်မှုများက ကြီးစိုးလာသည်။ သူသည် အလိုအလျောက်ပင် သူ၏ညာဘက်လက်ကို မြေပြင်ပေါ်သို့ဖိလျှက် ထရပ်ရန် ကြိုးစားလိုက်သည်။ သူဟာ သူ့ကိုယ်သူ မြေအောက်ထဲတွင်ဖြစ်ကြောင်း မေ့လျော့နေခဲ့သည်။ ထို့ကြောင့် သူသည် ထွက်ပြေးရန် မလွယ်ကူတော့ပါချေ။
ဝုန်း
ထိုအချိန်တွင် အဖြူရောင် ကြယ်တာရာစွမ်းအင် အတန်းကြီးက ဓားတစ်လက်ကဲ့သို့ အောက်သို့ ထိုးဖောက်လာပြီး ထိုသားရဲခုနှစ်ကောင် ဘုရင်နှင့် ကင်းခြေများ မကောင်းဆိုးဝါးကိုပါ လှီးဖြတ်လိုက်သည်။
“အား”
ထို့နောက် စူးရှသော အော်သံနှင့်အတူ နာမည်ကျော်ကြားလွန်းသော အဆိပ်ပိုးကောင် ထိန်းချုပ်သူ၏ အပေါက်တိုင်းက သွေးများထွက်လျှက် သေဆုံးသွားရသည်။
ထိုသို့ဖြင့် ဝင်္ကပါဘုရင်ကို ဝိုင်းနေသော အလွန်အမင်း သိပ်သည်းစွာ တည်ရှိနေသည့် အဆိပ်ပြင်း ပိုးကောင်များက သူနှင့် ဆယ်ပေခန့်အကွာတွင် ရုတ်တရက် ရပ်တန့်သွားကြပြီး အချင်းချင်း တိုက်ခိုက်ကြသည်။
အဆိပ်သခင် ငါးယောက်ထဲမှ သုံးယောက်၏ သေဆုံးမှုက တိုက်ပွဲနယ်မြေ တစ်ခုလုံးမှ ဝရုန်းသုန်းကား အခြေအနေကို ပို၍တိုးတက်လာစေသည်။
“သေစမ်း ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ ငါတို့ကို ဘယ်လိုရှာတွေ့မှာလဲ”
တစ်ချိန်ထဲတွင်ပင် ဝေးကွာလွန်းသော တစ်နေရာရှိ တောင်တန်းများ၏ အနောက်ဘက်တွင် ကျောက်ပြားများအတွင်း ပုန်းနေသော ပုံရိပ်တစ်ခုက စတင်ကာ ထွက်ပြေးသည်။
သူဟာ ထိုသို့ ထွက်ပြေးသည်နှင့် မရေမတွက်နိုင်သော ရွှေရောင်ပျားများက သူနှင့်အတူ လိုက်ပျံကြသည်။ ထိုသူဟာ သဘာဝအလျောက်ပင် အဆိပ်ငါးမျိုး အကြီးအကဲဖြစ်လေသည်။ သူ၏မျက်နှာက ထိတ်လန့်မှုနှင့် ပြာနှမ်းနေသည်။ သူသည် တက်နိုင်သမျှ အဝေးကိုသာပြေးရန် ကြိုးစားသည်။
ဝမ်ချောင်တို့၏အဖွဲ့ကို ဝိုင်းထားသော သူတို့၏ လှုပ်ရှားမှုက သေချာနေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့က မည်မျှသန်မာနေစေကာမူ အဆုံးအစမဲ့သော မြွေများ၊ ပျားများ၊ ကျီးကန်းများ ပိုးကောင်များကို ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။
သို့သော် ယခုအခါတွင်မူ သူတို့ထဲမှ သုံးယောက်က သေသွားသည်။ အဆိပ်ငါးမျိုး အကြီးအကဲကို ရှာမတွေ့သေးသော်လည်း သူတို့သည် တစ်ဖက်သူများ၏ လုပ်နိုင်စွမ်းရည်ကို အထင်မသေးရဲပါပေ။
မည်သို့ပင်ဆိုစေ သူ၏ သေဆုံးသွားသော အဖော်များက သူ့ထက်ပို၍ ဖုံးကွယ်နိုင်စွမ်းရည် ပြင်းထန်ကြသည်။ သိုင်းပညာလောကတွင် ဝေးဝေးတွင် ပုန်းနေသည်က ချွင်းချက်မဖြစ်သွားနိုင်ပေ။
ထို့ကြောင့် မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် အဆိပ်ငါးမျိုး အကြီးအကဲက အလွန်ဝေးကွာသော နေရာသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ကျန်ရစ်သော ပျားအုပ်က ဝမ်ချောင်တို့၏ အဖွဲ့ကို ကိုင်တွယ်ရန် မလုံလောက်ပေ။ ထို့ကြောင့် သူသည်လည်း အနောက်မြောက်ပိုင်းတွင် တခဏပင် မနေရဲတော့ပါပေ။
...
“ကျန်းဝမ်ဖူ မင်းနဲ့ မင်းရဲ့တပည့်က အရမ်းကို ထောင်လွှားလွန်းတယ်။ မင်းတို့က ဒီလိုမျိုး ဖြစ်နေတာနဲ့ပဲ ငါတို့က မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား”
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ပြိုင်ဘက်များကို ဖယ်ရှားပြီးနောက် ရုတ်တရက် အေးစက်ပြီး ဒေါသထွက်နေသော အသံတစ်သံက ထွက်လာသည်။ ထိုအသံက ပြောသူ၏ ပါးစပ်မှ ထွက်လာပြီးနောက် လေထဲတွင် အကြိမ်အနည်းငယ်ခန့် ဝဲပျံကာ ပဲ့တင်ထပ်နေသေးလေသည်။
++++
အခန်း(၁၄၂၅)
“အဲ့ဒီမှာ ကုအဆိပ်ဘုရင်ပဲ”
ကျောက်တုံးဝင်္ကပါအတွင်းမှ ဝင်္ကပါအကြီးအကဲက ပျားများဟာ စတင်ကာ ကွဲထွက်လာကြောင်း မြင်လိုက်သည်နှင့် ပျော်ရွှင်သွားပြီး သူတို့ဟာ ဒီတစ်ခေါက် တိုက်ခိုက်ခံရမှုမှ အောင်မြင်သွားပြီဟု ယုံကြည်လိုက်သည်။ သို့သော် အသံကိုကြားသည်နှင့် သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ အားလုံးထဲမှ အန္တရာယ်အများဆုံးဖြစ်သော ကုအဆိပ်ဘုရင်က မလှုပ်ရှားသေးကြောင်း သိလိုက်သည်။
ဝုန်း
တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ အားလုံး၏ မျက်နှာက တင်းမာလျှက် ပတ်ဝန်းကျင်ကို သတိအပြည့်ကပ်ကာ စိုက်ကြည့်ကြလေသည်။
“မွှေးညှင်းပေါက်တွေ အားလုံးကိုပိတ်ပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်ကြ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အသံက ဝမ်ချောင်နှင့် ဝူရှန်းရွာသူကြီးတို့၏ နားအတွင်း ဟိန်းထွက်လာသည်။ သူ၏မျက်လုံးက လျှပ်စီးလက်သကဲ့သို့ လျှင်မြန်စွာ လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လေသည်။
သူတို့သည် အခြားသော အဆိပ်ဘုရင်သုံးယောက်ကို သတ်ခဲ့ပြီးသည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က စိတ်မအေးသေးပေ။ အနှစ်ချုပ်ဆိုရသော် သူသည် ပိုပြီး မျက်နှာထားတင်းမာလာသည်။ ဝူရှန်းရွာသူကြီးနှင့် ဝမ်ချောင်တို့သည် သိုင်းပညာလောကမှ မဟုတ်သောကြောင့် အတွင်းမှ အခြေအနေကို အနည်းငယ်သာ သတိကပ်နိုင်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝင်္ကပါအကြီးအကဲကမူ ကောင်းကောင်းသိထားသည်။
သူတို့၏ အဖွဲ့ဝင်ငါးယောက်ထဲမှ သုံးယောက်ကို ရုတ်တရက် ကြမ်းတမ်းစွာ သတ်ဖြတ်ခဲ့ပြီး နောက်ထပ် တစ်ယောက်ကို ထွက်ပြေးသွားစေခဲ့သည့်တိုင်အောင် နောက်ဆုံးကျန်ရစ်သူက အခြားလေးယောက် ပေါင်းသည်ထက်ပင် ကြောက်စရာကောင်းလွန်းနေသေးသည်။
တိတိကျကျ ပြောရသော် ကုအဆိပ်ဘုရင်က သိုင်းပညာရှင်ဟု သတ်မှတ်၍ မရနိုင်ပေ။
အကြောင်းမူကား သိုင်းပညာရှင်များတွင် ကြယ်တာရာစွမ်းအင်များကလွဲပြီး အခြားသော နည်းလမ်းများကို သုံးပြီး တိုက်ခိုက်သူက သိပ်မများတတ်သောကြောင့် ဖြစ်သည်။ ထိုလူများကို တိုင်းတာရ ခက်ခဲသော သိုင်းပညာရှင်များဟု အများက ခေါ်ကြသည်။ ကုအဆိပ်ဘုရင်ကမူ မြောင်ပိုင်နက်မှဖြစ်ပြီး ထိုခေါင်းစဉ်အောက်သို့ ရောက်နေကြသည်။ သူ၏တိုက်ကွက်များက သေချာရှင်းလင်းစွာ မသိနိုင်လောက်အောင် ဝေဝါးလွန်းနေပြီး မြင်နိုင်စွမ်းရည်ပင် မရှိချေ။ သူသည် ပျံသန်းတတ်သော ကုတစ်ကောင်ကို အသုံးပြု၍ တိုက်ခိုက်တတ်သည်ဟု ပြောကြသော်လည်း ထိုကဲ့သို့ ကုမျိုးကို သာမာန် မျက်စိဖြင့် မြင်ရရန် ခက်ခဲလေသည်။ ကောလဟာလများအရ သိုင်းပညာရှင်၏ ကြယ်တာရာစွမ်းအင်များကို တဖြည်းဖြည်းချင်းစီ ဝါးမြိုစားသောက်ပြီး ကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ဖျက်ဆီးတတ်သည်ဟု ပြောထားသည်။
ထိုကဲ့သို့ တိုက်ခိုက်သော ပုံစံမျိုးက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းပြီး ကြောက်စရာကောင်းလေရာ ခန့်မှန်းရလည်း ခက်ခဲသေးသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ မိစ္ဆာလမ်းကြောင်းကို မင်းမူနေသော လူမျိုးကပင် မြောင်ပိုင်နက်ထဲသို့ ဝင်ခဲလေသည်။
သဘာဝကျကျပင် သူသည်လည်း ကုအဆိပ်ဘုရင်နှင့် အနည်းငယ်သော ကတောက်ကဆမျိုး ရှိခဲ့ဖူးသည်။
ပို၍ဆိုးသည်မှာ ကုအဆိပ်ဘုရင်က မြောင်ပိုင်နက်နယ်မြေ အပြင်ဘက်သို့ ဘယ်သောအခါမှ မသွားတတ်ချေ။ သူသည် အမြဲတစေ တိုင်းတာရခက်ခဲသော တည်ရှိမှုတစ်ခုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် အမှန်တကယ် မတိုက်ခိုက်ဖူးကြပါချေ။
သို့သော် မူလအမရသိုင်း၏ ထွက်ပေါ်လာမှုနှင့် လောက၏ နံပါတ်တစ် နေရာကို ရရှိမည်ဆိုသော လှုံ့ဆော်မှုက ထိုတည်ငြိမ်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ပထမဦးဆုံး အကြိမ်အဖြစ် ခေါင်းဆောင်ကြီး နှစ်ယောက်ဟာ တိုက်ခိုက်ကြတော့ပေမည်။
“ကျန်းဝမ်ဖူ ငါမင်းကို ငါးမိနစ် စဉ်းစားချိန်ပေးမယ်။ အဲ့ဒီငါးမိနစ်အတွင်းမှ မူလအမရအရှင်က ချန်ထားရစ်ခဲ့တဲ့ ရတနာကို ငါ့ကိုအပ်။ ဒါပေမဲ့ မင်းက ဒီအခွင့်အရေးကို သုံးဖို့အတွက် အခြားအဆိပ်ဘုရင်တွေကို သတ်လိုက်ပြီ။ ဆိုတော့ သူတို့ပြောတဲ့အတိုင်းပဲ ဒါကို သည်းခံနေမယ်ဆိုရင် ဘယ်လိုများ လက်သင့်ခံပေးရတော့မှာလဲ။ မင်းက မင်းရဲ့ အနိုင်ကျင့်တဲ့ပုံစံကို အသုံးပြုတာ လုံလောက်သွားပြီဆိုရင် ငါက ငါ့ရဲ့ကုကို အသုံးပြုတဲ့အခါ အပြစ်မတင်နဲ့တော့”
ရုတ်တရက် အေးစက်ပြီး ဒေါသထွက်နေသော အသံက သူတို့၏နားအတွင်း ဟိန်းထွက်လာသည်။ ထိုအသံထဲတွင် အလွန်အမင်း အန္တရာယ်များသော ခံစားချက်မျိုးက ကပ်ပါလာသည်။
“အစ်ကိုဝမ်ဖူ၊ အစ်ကိုဖန်း ဝင်တော့။ ကုအဆိပ်ဘုရင်ရဲ့ ပျံသန်းခြင်းကုကို သတိထား”
ဝင်္ကပါအကြီးအကဲက မြေပြင်မှ လှမ်းအော်သည်။
ကုအဆိပ်ဘုရင်က သူရန်မစရဲသော တည်ရှိမှုမျိုးဖြစ်သည်။
တစ်ဖက်သူ၏ မမြင်ရသော တိုက်ကွက်များက ကြောက်စရာကောင်းလွန်းအားကြီးသည်။ ဝင်္ကပါများကို ခုခံရန်အတွက်သာ အသုံးပြုနိုင်ပြီး တိုက်ခိုက်၍မရပေ။ တိုက်ခိုက်သည့် နည်းလမ်းတစ်ခုချင်းစီတိုင်းက ခြားနားကာ ကိုင်တွယ်ရန် အကြံအစည် တစ်ခုချင်းစီကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လေသည်။ ကြမ်းတမ်းသော အားတစ်ရပ်တည်းဖြင့် လုပ်၍မရနိုင်ပေ။
“အစ်ကိုဖန်း၊ ချောင်အာ မြန်မြန်လေး ပြန်ဝင်တော့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တဖြည်းဖြည်းချင်းစီ ဆင်းသက်လာသည်။ သူ၏အင်္ကျီလက်က လေထဲတွင် ဝဲပျံသွား၏။ သူဟာ သူ၏မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို သတိအပြည့်ကပ်၍ ကြည့်သည်။ ဝမ်ချောင်နှင့် ဝူရှန်းရွာသူကြီးတို့က ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ကိုင်တွယ်ရသည့် အတွေ့အကြုံ မရှိပေ။ သူကိုယ်တိုင်သာဆိုလျှင် အနည်းဆုံး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် လုံလောက်နေသည်။
“ဆရာ သတိထားပါ”
ဝမ်ချောင်သည်လည်း သူ၏ဆရာဖြစ်သူက ထိုမျှအထိ လေးနက်နေသည်အား မမြင်ဖူးချေ။ ထိုအခြေအနေမှတစ်ဆင့် ထိုကုအဆိပ်ဘုရင်က မည်မျှအထိ လေးစားဖွယ်ကောင်းကြောင်းကို နားလည်လိုက်သည်။ ဝမ်ချောင်သည် သတိမမဲ့ရဲချေ။ ချက်ချင်းဆိုသလိုပင် သူသည် ဝူရှန်းရွာသူကြီးနှင့်အတူ ဝင်္ကပါအကြီးအကဲရှိရာသို့ သွားလိုက်သည်။
ဝှစ်
သူတို့နှစ်ယောက်က နောက်ဆုတ်သွားသည်နှင့် ရုတ်တရက် အရှေ့တောင်ပိုင်းမှ ကြီးမားသော လေပြင်းက ဖြတ်တိုက်လာသည်။
ထိုလေက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် ဝမ်ချောင်တို့အပြင် ဝင်္ကပါအကြီးအကဲက ချခင်းထားသော ကျောက်တုံးဝင်္ကပါကို ဖြတ်တိုက်သွားသည်။
ခွက်
ညဉ်းညူသံ တစ်ချက်နှင့်အတူ ဝင်္ကပါအကြီးအကဲက ရုတ်တရက် အံကိုတင်းတင်းကြိတ်ရင်း သစ်သားတုံးကြီးတစ်ခုလို လဲကျသွားလေသည်။
“မကောင်းတော့ဘူး”
တစ်စက္ကန့်အတွင်းတွင်ပင် ဝူရှန်းရွာသူကြီး၏ မျက်နှာက တင်းမာစွာနှင့် ကောင်းကင်ပေါ်မှ ပြုတ်ကျပြီး မြေပြင်တွင် နွမ်းလျစွာ ရှိနေသည်။
“ဝမ်ချောင် သတိထား”
သူ၏ခြေထောက်က မြေပြင်ကို ထိလိုက်သည်နှင့် သူ၏မျက်နှာက စတင်ကာ ခရမ်းရောင်သမ်းလာသည်။ ဝူရှန်းရွာသူကြီးက ချက်ချင်းဆိုသလိုပင် ထိုင်ချ၍ ကြယ်တာရာစွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားသည်။ မရေမတွက်နိုင်သော ပိုးကောင်ပေါင်း များစွာက သူ၏ အရေပြားအောက်တွင် တွားသွားနေသလိုမျိုး ခံစားရပြီး ထိုအရေပြားများက ဖောင်းထွက်လာကာ တွန့်နေလေသည်။
“ကုအဆိပ်”
ဝမ်ချောင်သည်လည်း ထိုဆိုးယုတ်သောလေက မည်သည့်အရာဖြစ်ကြောင်း ချက်ချင်းသိလိုက်ကာ သတိအပြည့် ကပ်လိုက်သည်။
ကုအဆိပ်ဘုရင်က သူ၏ ကုအဆိပ်ကို ထိုလေထဲသို့ ထည့်သွင်းလိုက်ခြင်းဖြစ်ရပေမည်။
သူသည်လည်း ဝူရှန်းရွာသူကြီး၏ အင်အားကို သိသည်။ ထိုလူက ဆရာပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံး ဖြစ်သည်။ သို့တိုင်အောင် ထိုတိုက်ကွက်အောက်တွင် သူတို့ဟာ ခပ်မြန်မြန် လဲကျသွားသေးသည်။
သို့သော် သူ၏စိတ်အတွင်း အတွေးများက ဖြတ်ပြေးနေပြီး ဝမ်ချောင်ဟာ ရုတ်တရက် ယိုင်နဲ့သွားသည်။ သူ၏မြင်ကွင်းက မည်းမှောင်သွားပြီးနောက် သူ၏ကြယ်တာရာစွမ်းအင်များက လည်ပတ်မှု ရပ်တန့်သွားကာ သူ့အား ကောင်းကင်ပေါ်မှ ပြုတ်ကျစေသည်။
ထိုအရာတင် မကသေးပေ။ ဝမ်ချောင်သည် သူ၏ မွှေးညှင်းပေါက်တိုင်းကို ရှင်းလင်းစွာဖြင့် ပိတ်လှောင်ထားပြီးသား ဖြစ်သည့်တိုင်အောင် သူဟာ သူ၏စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ မွှေးညှင်းပေါက်များအနှံ့ ထိုးဖောက်ဝင်ရောက်လာသော မရေမတွက်နိုင်အောင် မြောက်များသည့် သေးငယ်သော သတ္တဝါပေါင်း များစွာကို မြင်လိုက်ရသည်။
ထိုသေးငယ်သော အရာများက ဆံပင်မွှေးခန့်သာရှိပြီး အလွန်အမင်း သေးငယ်နေလေသည်။ သို့သော် ဆက်တိုက်ဆိုသလို လှုပ်ရှားနေလေပြီး သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ တိုးဝင်ရန် ကြိုးစားနေလေသည်။ ရှင်းလင်းစွာပင် သူတို့ဟာ သက်ရှိသတ္တဝါများ ဖြစ်နေသည်။
အလွန်မြန်ဆန်လွန်းသော အကောင်များဆိုလျှင် စက္ကန့်အနည်းငယ်တည်းနှင့် ဝမ်ချောင်၏ သွေးကြောများထဲသို့ ရောက်သွားသည်။
သူတို့က တကယ်ပဲ ဘာတွေလဲ။
အံ့အားသင့်သွားသော ဝမ်ချောင်က ဝူရှန်းရွာသူကြီးကို တုပ၍ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ကြယ်တာရာစွမ်းအင်များဖြင့် ဖိနှိပ်ရန် ကြိုးစားသည်။
သို့သော် ကြယ်တာရာ စွမ်းအင်များက ထိုကဲ့သို့ ဆံပင်မွှေးအရွယ်အစားခန့်သာ ရှိသော အကောင်များအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိလေသည်။ သူတို့၏ အရှိန်နှုန်းကို နှေးကျသွားအောင်သာ လုပ်၍ရသည်။ တားမြစ်၍ မရပါချေ။
ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် ချွေးစေးပျံလာသည်။
သူသည်လည်း ယခုလို နားလည်ရခက်သော တိုက်ကွက်မျိုးကို မကြုံဖူးပါချေ။ သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုများက ထိုအကောင်များနှင့် ပတ်သတ်လျှင် အသုံးမဝင်တော့ပုံပေါ်သည်။
ထိုအချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကသာ အကောင်းအတိုင်း ရှိနေသေးသည်။ သူ၏မျက်နှာက ဖျော့တော့နေပြီး သူ၏နဖူးမှ ချွေးစေးများ စီးကျနေသည်။ သို့သော် သူဟာ လေပေါ်တွင် ဝဲပျံလျှက် ရှိနေသေးသည်။
“ကျန်းဝမ်ဖူ ဒါက မင်းငါ့ကို အတိုက်အခံလုပ်တဲ့အခါ ဖြစ်လာမဲ့ကိစ္စပဲ။ အဲ့ဒီငါ့ရဲ့ ဆံချည်မျှင်ကုတွေ အားလုံးကို မြောင်ပိုင်နက်က အရက်စက်ဆုံး ကုအကောင် လေးဆယ့်ကိုးကောင် အချင်းချင်း ဝါးမြိုပြီးမှ ဖန်တီးထားတာ။ ဆိုတော့ မြောက်ပိုင်းတစ်ခုလုံးမှာတောင်မှ အသန်မာဆုံးကုပဲ”
ကုအဆိပ်ဘုရင်၏ အသံက ထွက်လာသည်။ သူတို့ရုန်းကန်မှုများအတွက် ပျော်ရွှင်နေကြောင်း ဖော်ပြသည်။
“မင်းတို့သိုင်းပညာရှင်တွေရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံတွေကို ငါသိထားတယ်။ ဒါကြောင့် ငါသူတို့ကို မွေးတဲ့အချိန်မှာ ငါ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကိုသုံးပြီး ငါ့ရဲ့ ကိုယ်ပိုင် ကြယ်တာရာစွမ်းအင်ကို ကျွေးထားပြီးသား။ မင်းရဲ့ခေါင်းမာတဲ့ တွန်းလှန်မှုက မင်းရဲ့ သေဆုံးချိန်ကို လျော့ချရုံပဲ တက်နိုင်မှာ။ ဘယ်လိုပဲလုပ်လုပ် သေရမှာပဲ”
“မင်းတို့သာအခု အဲ့ဒီ မူလအမရအရှင်ရဲ့ ရတနာကို အပ်ဦးမယ်ဆိုရင်တော့ ဒီကံကြမ္မာကို ရှောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့ကို အတိုက်အခံ လုပ်ရဲတယ်ဆိုကတည်းက ကိုယ့်ကံကြမ္မာကို ဖန်တီးသလိုဖြစ်သွားပြီ။ ငါမင်းတို့ကို သတ်ပြီးတာနဲ့ အဲ့ဒီရတနာက င့ါအပိုင်ဖြစ်မှာပဲ”
မည်သူကမှ စကားမပြောကြတော့ချေ။ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့ အားလုံးက အံ့ကိုကြိတ်ပြီး အာရုံစိုက်ထားကြသည်။ ဝင်္ကပါ အကြီးအကဲကမူ သတိလစ်သွားပြီဖြစ်သည်။
လူအများကို ပြိုင်ဘက်ကင်း သတ်ဖြတ်နိုင်စွမ်းရည်ဆိုလျှင် ကုအဆိပ်ဘုရင်က ကြောက်စရာအကောင်းဆုံး ညင်လက္ခဏာကို ပိုင်ဆိုင်ထားသည်ဟု ဆိုရပေမည်။
ဝင်္ကပါအကြီးအကဲက အချက်တစ်ချက်ဖြစ်သည်။ သို့သော် ဝမ်ချောင်နှင့် ဝူရှန်းရွာသူကြီးတို့ကမူ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်နေသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းတွင်ပင် ကုအဆိပ်ဘုရင်၏ တိုက်ကွက်က သူတို့အပေါ် သက်ရောက်မှုရှိသွားသည်။ ထိုအခြေအနေကတင် ကုအဆိပ်ဘုရင်၏ ဆံချည်မျှင်ကု စွမ်းအားကို သိနိုင်သည်။
တကယ်ပဲ ဒါတွေက ဘာတွေလဲ။
ဝမ်ချောင်၏ နဖူးတွင် ချွေးများစီးကျလာသည်။ သူဟာ ထိုမျှအထိ ကြောက်စရာကောင်းလွန်းပြီး သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များအားလုံးကတင် အတိုက်အခံ မပြုနိုင်လောက်အောင် အင်အားမဲ့စေလောက်မည့် တိုက်ကွက်မျိုးကို ရင်ဆိုင်ရလိမ့်မည်ဟု မထင်ထားဖူးပါချေ။
စီနီယာကျိုးက အဆိပ်ကြောင့် သတိလစ်သွားပြီး ဆရာနှင့် ဝူရှန်းရွာသူကြီးတို့ကလည်း အဆိပ်ဒဏ်ကို ခံစားနေရသည်။
“ငါတို့အားလုံး ဒီနေရာမှာ သေကုန်လိမ့်မယ်”
ဝမ်ချောင်၏စိတ်က လျှင်မြန်စွာ လည်ပတ်နေသည်။
သို့သော် ကုအဆိပ်ဘုရင်က မြောင်ပိုင်နက်ကို လွှမ်းမိုးမင်းမူလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကပင် သူ့ကို ဘာမှမလုပ်နိုင်ချေ။
သူကဘယ်လိုကြောင့်များ လူတွေကို အလွယ်တကူ ကိုင်တွယ်နိုင်တဲ့ စွမ်းအားမျိုးက ရှိနေရတာလဲ။
သို့သော် ဝမ်ချောင်က အထိတ်တလန့် ဖြစ်နေရင်း မမျှော်လင့်ထားသော အခြေအနေမျိုးက ဖြစ်လာသည်။
“သတိပေးချက် အမည်မသိရတဲ့ သေးငယ်တဲ့ ဖြစ်တည်မှုလေးတွေက ကံကြမ္မာကျောက်တုံးထဲကို ကျူးကျော်ဝင်ရောက်လာဖို့ ကြိုးစားနေပါတယ်။ အခြေအနေတွေက ကံကြမ္မာကျောက်တုံးရဲ့ သန့်စင်ခြင်းစွမ်းရည်ကို အသက်သွင်းဖို့ သင့်လျော်လာပြီလို့ သတ်မှတ်လိုက်တယ်။ ဒါကြောင့် အသုံးပြုသူသည် စွမ်းရည်ကို အသက်သွင်းချင်ပါသလား”
ကံကြမ္မာကျောက်တုံး၏ ခံစားချက်မဲ့သော အသံက စိတ်ထဲတွင် ထွက်လာသောအခါ ဝမ်ချောင်ကပင် အံ့အားတကြီး ဖြစ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
ထိုအခြေအနေဟာ မမျှော်လင့်ထားသော အနေအထားမျိုးဖြစ်သည်။ ဝမ်ချောင်သည် ကံကြမ္မာကျောက်တုံးနှင့် အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဆေးကြောခြင်းဆိုသော စွမ်းရည်မျိုးကို မကြားဖူးပါချေ။ သို့သော် အံ့အားသင့်သွားပြီးနောက်တွင် ဝမ်ချောင်ဟာ အခြေအနေကို ခပ်မြန်မြန် နားလည်လိုက်သည်။
ဒီဆံချည်မျှင်ကုတွေက သွေးကြောတွေကနေတစ်ဆင့် ငါ့ရဲ့ ဦးနှောက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားပြီး အဲ့ဒီနေရာကလည်း ကံကြမ္မာကျောက်တုံးက လွှမ်းမိုးနေတဲ့ နေရာဖြစ်နေတယ်။ ဒါကြောင့် ကျူးကျော်သူတွေလို့ သတ်မှတ်ခံရလိုက်တာပဲ။ အဲ့ဒီလိုနဲ့ ကံကြမ္မာကျောက်တုံးက ပြန်လည်တိုက်ခိုက်ချင်တာ။
သန့်စင်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်။
ဝင်္မချောင်သည် တုန့်ဆိုင်းမနေဘဲ ကံကြမ္မာကျောက်တုံးအား အသက်သွင်းခိုင်းလိုက်သည်။
ကံကြမ္မာကျောက်တုံး၏ အသံက ထပ်ထွက်လာသည်။
“သန့်စင်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီ။ တစ်နာရီဆိုသော ကြာချိန်အတွင်းမှာ အသုံးပြုသူက ဒီလိုမျိုး အမည်မသိရတဲ့ ဖြစ်တည်မှုတွေကို ကြိုက်သလောက် သုတ်သင်နိုင်ပါတယ်။ ရေတွက်ချိန်က အခုပဲ စတင်ပါပြီ”
တစ်နာရီ
ဝမ်ချောင်က ထိုအသံကြောင့် အံ့ဩသွားသည်။
သူသည် ထိုစွမ်းရည်အား သူ့ကိုယ်သူ ပစ်မှတ်အဖြစ် သတ်မှတ်၍ ခုခံသည့် အနေအထားမျိုးကို လက်ခံလိုက်ရာမှ သန့်စင်ခြင်းစွမ်းရည်က အခြားသောသူများအပေါ်ပင် သက်ရောက်မှုရှိကြောင်း သိလိုက်ရသည်။ ဒါဟာ အလွန်အမင်း ကောင်းမွန်သော တိုက်ခိုက်စွမ်းရည်တစ်မျိုး ဖြစ်သွားသည်။
ငါသိပြီ။
ဒီဆံချည်မျှင်ကုက ဆက်တိုက် ကျူးကျော်နေတာ။ ဒီတော့ ရှင်းလင်းစွာပဲ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဒီဆံချည်မျှင်ကုတွေက မလုံလောက်သေးဘူး။ အဲ့ဒီအတွက်ကြောင့် ကံကြမ္မာကျောက်တုံးက ငါ့ကို ဒီလိုတိုက်ခိုက်နိုင်တဲ့ စွမ်းရည်တစ်မျိုး ပေးတာပဲ။
ဝမ်ချောင်က အခြေအနေကို ခပ်မြန်မြန် နားလည်သွားသည်။ သူ၏ယုံကြည်မှုများက ဖောင်းကားတက်လာသည်။
အသက်သွင်း သန့်စင်
ဝမ်ချောင်သည် ကံကြမ္မာကျောက်တုံး၏ စွမ်းရည်ကို ချက်ချင်းလိုလို အသက်သွင်းလိုက်သည်။ တခဏခန့် ကြာပြီးနောက် သူ၏ခန္ဓာကိုယ် အတွင်းမှ မမြင်ရသော စွမ်းအားလှိုင်း တစ်ရပ်က ဖြာထွက်လာသည်။
အခြားသော စွမ်းအင်မျိုးနှင့် မတူညီစွာပင် ထိုသန့်စင်ခြင်းစွမ်းအင်ဟာ ကံကြမ္မာကျောက်တုံးရှိရာ သူ၏ဦးနှောက်ထဲမှ ဖြာထွက်လာခြင်းဖြစ်သည်။
ထိုသန့်စင်ခြင်းစွမ်းရည်က ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်နှင့် ဝမ်ချောင်ဟာ သူ၏ ကြယ်တာရာစွမ်းအင်ကိုလည်း ချက်ချင်းဆိုသလို ဆန့်ထုတ်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်အနှံ့ တွားသွားနေသော ထိုဆံချည်မျှင်ကုများ အားလုံးက ချက်ချင်းဆိုသလို သုတ်သင်ခံလိုက်ရကြောင်း တွေ့လိုက်ရလေသည်။