← Chapters

အခန်း (၁၄၃၁-၁၄၃၅)

Vol. 85 Ch. 1431-1435

အခန်း (၁၄၃၁-၁၄၃၅)

Vol. 85 Ch. 1431-1435

အခန်း(၁၄၃၁)

ပါးကုရှီတု၏ လက်ဆောင်

ဝမ်ချောင်သည် အရိုးနတ်ဆိုး ဘိုးဘေးက ပစ်ပေးလိုက်သော ရတနာမြေပုံကို ခပ်မြန်မြန် ဆွဲယူကာ စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးနှင့် တိုက်စစ်ကြည့်သည်။ ထိုသို့ဖြင့် ငွေရောင်အပ်ချည်မျှင်များကဲ့သို့ တူညီသော အလင်းစက်များ ပေါ်လာကြောင်း မြင်လိုက်ရလေသည်။

“အစစ်ပဲ”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူသည် မအံ့ဩပုံရသည်။ ဘိုးဘေးငါးယောက် မဟာမိတ်၊ အထီးကျန်တိတ်ဆိတ် ဘိုးဘေးနှင့် အဆုံးသတ်လေးခု သိုင်းဘိုးဘေးတို့ အားလုံးက ပြင်းထန်သော အင်အားကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်ကြီးများဖြစ်သလို အတွေ့အကြုံလည်း ကြွယ်ဝကြသည့် တည်ရှိမှုများဖြစ်နေသည်။ ထိုကဲ့သို့သောလူမျိုးက ပိုင်ဆိုင်ထားသည့် ရတနာမြေပုံများက အစစ်၊ အတုဖြစ်ကြောင်း တွေးကြည့်၍ပင်ရသည်။

ဝမ်ချောင်တို့၏အဖွဲ့က ယခုအခါ ရတနာမြေပုံ လေးခုရှိသွားပြီဖြစ်သည်။ နောက်ထပ် နှစ်ခုခန့် ရရုံဖြင့် မူအမရ ရတနာသိုက်သို့ ဦးဆောင်ခေါ်သွားပေးနိုင်ပြီး ပြီးပြည့်စုံသည့် ရတနာမြေပုံကို ရရှိတော့မည်ဖြစ်သည်။

အဆုံးသတ်တွင် တိုက်ပွဲဖြစ်လုနီးပါး အနေအထားမှ ငြိမ်းချမ်းသော စုစည်းမှုအဖြစ် ပြောင်းလဲသွားသည်။ မည်သူကမှ ထိုရလဒ်ကို မထင်ထားကြပေ။

...

“ဘာ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၊ အဆုံးသတ်လေးခု သိုင်းအရှင်၊ ယင်နက်ဘိုးဘေးနဲ့ မိစ္ဆာဧကရာဇ်တို့ အားလုံးက အတူအလုပ်လုပ်နေကြပြီ ဟုတ်လား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ထိုသတင်းကို ရသောအခါ အလွန်အံ့ဩသွားကြသည်။ အလွန်အမင်း တည်ငြိမ်သော ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီကပင် ရှားရှားပါးပါး အံ့ဩသော အမူအရာမျိုးကို ပြသလေသည်။

သူသည်လည်း သိုင်းပညာလောကမှ ထိုတိုင်တန်များက ရတနာမြေပုံအတွက်ကြောင့်နှင့် တစ်လက်မခန့်ပင် အလျော့မပေးလိုဘဲ တိုက်ခိုက်ကြလိမ့်မည်ဟု ထင်ထားသည်။ သူ့ကို အံ့ဩစေသည်မှာ တိုက်ခိုက်ရမည့်အစား သူတို့၏ ရတနာမြေပုံများကို ထုတ်ပေးခဲ့ကြသည်။

“အဲ့ဒါတင် မဟုတ်သေးဘူး။ အဲ့ဒီအဖွဲ့ လေးဖွဲ့လုံးက အနောက်မြောက်ပိုင်းမှာရှိတဲ့ သိုင်းပညာရှင်တွေ အားလုံးကို သူတို့မှာ ရတနာမြေပုံတွေသာရှိရင် လာပေးနိုင်တယ်လို့ ပြောထားတယ်။ အဲ့ဒီနောက် သူတို့က ရတနာသိုက်ကို အတူဖွင့်ကြလိမ့်မယ်။ ငါတို့က ဒီလိုပြန်ပြီး သတင်းပို့နေကြတဲ့အချိန်မှာ သိုင်းပညာရှင် အမြောက်အများက သူတို့ရဲ့ ရတနာမြေပုံကို သွားယူပေးနေကြတယ်”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်တစ်ယောက်က မြေပြင်တွင် ဒူးထောက်နေရင်းမှ တက်တက်ကြွကြွ ပြောသည်။

အနောက်မြောက်ပိုင်းတွင် အလှည့်အပြောင်း အများဆုံးသော အပြောင်းအလဲများက ဖြစ်ပွားခဲ့သည်။ ကိစ္စများက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အတွက် တင်းမာသော အနေအထားမျိုးကို ဖြစ်ပေါ်စေလေသည်။

စုန့်ယွမ်ယွီက မျက်လုံးကိုမှိတ်လိုက်သည်။ သူသည် စတင်ကာ တွေးတောနေသလိုမျိုး သူ၏ခန္ဓာကိုယ်က လှုပ်ရှားမှုကင်းမဲ့သွားလေသည်။

“ဆက်ပြီးစောင့်ကြည့်နေ။ သူတို့ ဘာလုပ်မလဲဆိုတာကို ငါတစ်ချိန်လုံး သိချင်တယ်”

စုန့်ယွမ်ယွီက တင်းမာစွာပြန်ဖြေသည်။

သာမာန်အဖြစ်ဆုံး ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားကပင် စုန့်ယွမ်ယွီ၏ လေသံထဲမှ ခြားနားနေမှုကို ခံစားမိနိုင်လေသည်။

....

ဝမ်ချောင်၏အဖွဲ့က ဘိုးဘေးငါးယောက် မဟာမိတ်နှင့် အဆုံးသတ်လေးခု သိုင်းအရှင်တို့နှင့်အတူ သဘောတူညီမှု ရရှိသွားပြီးနောက်တွင် အနောက်မြောက်ပိုင်း နယ်မြေတစ်ခုလုံးမှာ အကြီးဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီး ဖြစ်သွားသည်။ ထိုမဟာမိတ်ကြီးက စည်းလုံးနေရမည့်အစား အတွင်းမှာတင် တိုက်ခိုက်မှုများက ရှိနေသေးပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည့်တိုင်အောင် နောက်ဆုံး ရတနာမြေပုံကို ရှာမတွေ့ခင်အထိ ငြိမ်းချမ်းမှုက တည်မြဲနေပေလိမ့်မည်။

“ငါ့ င့ါကို ငါ့ကိုခွင့်ပြု ငါ့ကိုခွင့်ပြု ငါ့မှာ ရတနာမြေပုံ တစ်ခုရှိတယ်”

“ငါ့မှာလည်း တစ်ခုရှိတယ်”

အမျိုးမျိုးသော နယ်မြေများမှ သိုင်းပညာရှင်များက စုစည်းလာကြသည်။ မဟာမိတ် ခေါင်းဆောင်များ၏ ဂုဏ်သတင်းကလည်း အရေးကြီးသော ကဏ္ဍတစ်ခုမှ ပါဝင်လေသည်။

သိုင်းပညာရှင်များ အားလုံးက နောက်ဆုံးမြေပုံနှစ်ခုကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ရှိသမျှ မြေပုံများကို လာအပ်လာကြသည်။ သို့သော် ရလဒ်က အားလုံးကို စိတ်ပျက်စေသည်။

လာအပ်လာသော ရတနာမြေပုံ ဆယ်ခုထဲတွင် အချို့ကို သိုင်းပညာရှင်များ၏ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ရတနာအဖြစ် သိုလှောင်ခဲ့ကြသည်။ သို့သော် အားလုံးက ချွင်းချက်မရှိစွာပင် အတုများဖြစ်နေသည်။

“အဓိပ္ပာယ်မရှိတာ။ ဒါတွေအားလုံးက တမင်ဖန်တီးထားတာတွေပဲ”

ဝမ်ချောင်က ရတနာမြေပုံ တစ်ခုကို ဘေးဘက်သို့ ပစ်ထုတ်လိုက်သည်။ သူ၏မျက်လုံးထဲမှ စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာကို ဖုံးကွယ်၍ပင် မရနိုင်ချေ။

ပထမရတနာမြေပုံများကို ရှာဖွေရ လွယ်ကူခဲ့သည်ထက် နောက်ဆုံးနှစ်ခုကို ရှာဖွေရန် ကိစ္စက အလွန်အမင်း ခက်ခဲလာသည်။ မြောက်များလှစွာသော အစစ်နှင့်အတု ရောနေသည့် ရတနာမြေပုံများက မူလအမရ ရတနာသိုက်သို့ ဦးဆောင်ခေါ်သွားပေးနိုင်သည်ဟု ရာစုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြခြင်း ဖြစ်နေသည်။ သို့သော် အစစ်အမှန် ရတနာမြေပုံကမူ ရှားပါးသည်။ ပို၍ဆိုးသည်မှာ နောက်ဆုံးတစ်ခု လိုလျှင်ပင် သူတို့ ကြိုးစားအားထုတ်မှုများက အလဟသ ဖြစ်ပေလိမ့်မည်။

မူလအမရအရှင်၏ ရတနာမြေပုံ အပိုင်းအစများ အားလုံးကို စုစည်းရန် ကြိုးစားအားထုတ်ထားသမျှက ကျဉ်းထဲကြပ်ထဲ ရောက်နေသော အနေအထားကဲ့သို့ ထိုအတိုင်းသာ ဆက်ရှိနေလေသည်။

လူတိုင်းကလည်း အတက်နိုင်ဆုံး ကြိုးစားပြီး အလုပ်လုပ်နေကြရင်းမှ ရုတ်တရက် အထီးကျန် တိတ်ဆိတ်ဘိုးဘေးက လူတိုင်း၏အာရုံကို ဆွဲဆောင်သော စကားတစ်ခွန်းကို ထုတ်ပြောလိုက်သည်။

“တကယ်တော့ မူလအမရအရှင် ရတနာမြေပုံတစ်ခုကို ကိုင်ဆောင်ထားရမဲ့ လူတစ်ယောက်ကို ငါသိတယ်”

“အထီးကျန်တိတ်ဆိတ်ဘိုးဘေး မင်းကဘာကို ဆိုလိုတာလဲ။ မင်းက သိနေရင် ဘာလို့ အခုမှ ထုတ်ပြောတာလဲ”

ယင်နက်ဘိုးဘေးက ဒေါသထွက်သွားသည်။

အခြားသော သူများကလည်း အထီးကျန်တိတ်ဆိတ်ဘိုးဘေးကိုကြည့်ပြီး အဖြေကို စောင့်ကြသည်။

“ဒီတိုင်း ဒီကိစ္စက နည်းနည်းလေး ရှုပ်ထွေးနေတာ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တခဏခန့် တိတ်ဆိတ်နေပြီးနောက် ထုတ်ပြောလာသည်။

အရှေ့မြောက်ပိုင်းနယ်မြေ၏ ခေါင်းဆောင်ကြီးဖြစ်သော အထီးကျန်တိတ်ဆိတ် ဘိုးဘေးသည် အမြဲတစေပင် စကားကို ခပ်ပြတ်ပြတ်သာ ပြောတတ်ပြီး အမြင်လည်း စူးရှသည်။ သူသည် ကတိလည်း တည်တတ်၏။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်အတွက်ပင် ထိုသို့ဖြစ်လေသည်။ သို့သော် သူတို့အဖွဲ့သည် ပထမဦးဆုံးအကြိမ် သူ၏မျက်နှာမှာ ထိုကဲ့သို့သော အမူအရာမျိုးကို မြင်ဖူးခြင်းဖြစ်လေရာ တစ်စုံတစ်ရာက ထူးဆန်းနေကြောင်း သိလိုက်သည်။

အဆုံးသတ်လေးခု သိုင်းအရှင်က အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ မျက်နှာကို ကြည့်ပြီးနောက် ရုတ်တရက်မေးသည်။

“အထီးကျန်တိတ်ဆိတ်ဘိုးဘေး ဗဟိုပြင်ကျယ်မှာ မင်းတောင်ကြောက်ရတဲ့ သိုင်းပညာရှင်တွေ ရှိတာလား”

“မင်းမှားနေပြီ။ ငါလည်းကြောက်ရသလို နံပါတ်ငါး ရတနာမြေပုံကို ပိုင်ဆိုင်ထားတဲ့ လူကလည်း ဗဟိုပြင်ကျယ်ကမဟုတ်ဘူး။ သူက တူရကီ”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခပ်တင်းတင်းပြောသည်။

“တူရကီဟုတ်လား”

ထိုစကားလုံးများက အားလုံးကို အံ့ဩသွားစေသည်။ ဝမ်ချောင်ကပင် အံ့အားသင့်သော မျက်နှာထားမျိုးပြသည်။ မဟာထန်၏ မျိုးနွယ်ခြားနယ်မြေများ၏ ဘုရင်ဖြစ်သလို မျိုးနွယ်ခြားများနှင့် တိုက်ခိုက်သည့် တိုက်ပွဲပေါင်းများစွာမှ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် ဝမ်ချောင်သည် တူရကီဟု ထုတ်ပြောလာသည်နှင့် အထိမခံဖြစ်လေသည်။

“ဖြစ်နိုင်တာက...”

ဝမ်ချောင်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည်။

“ဒီလူက တူရကီတွေကြားမှာတောင် အရမ်းကို အဆင့်အတန်းမြင့်တယ်။ သူက အရှေ့ပိုင်းတူရကီ ခါကာနိတ်ရဲ့ ဘုရင် ပါးကုရှီတုလို့ခေါ်တယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက လူတိုင်းကို ဆက်လက်ပြီး အတွေးမများခိုင်းလေဘဲ အဖြေကို ရုတ်တရက် ထုတ်ပြောလိုက်သည်။

“မင်းတို့ ဒီလူကို သေသေချာချာ နားမလည်ထားလောက်ဘူး။ ဒါပေမဲ့ သူက ရို့ကျိုးမှာတော့ ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းရှိပြီး ဖော်ပြဖို့ခက်တဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားတယ်”

“ပါးကုရှီတု... ငါဒီနာမည်ကို ကြားဖူးတယ်”

အရိုးနတ်ဆိုးဘိုးဘေးက ပြောသည်။

“ဒါပေမဲ့ အစ်ကို အထီးကျန်ဘိုးဘေး မင်းသူ့ကို အရမ်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ သူ့မှာ ရတနာမြေပုံသာ တကယ်ရှိတယ်ဆို ငါတို့အားလုံး ဒီမှာရှိနေမှတော့ ဘာလို့ ဒီလိုတူရကီတစ်ယောက်ကို ရင်မဆိုင်နိုင်ရမှာလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီး၊ အရိုးနတ်ဆိုးဘိုးဘေး၊ တစ္ဆေဘိုးဘေး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် အဆုံးသတ်လေးခု သိုင်းအရှင်... ထိုအင်အားစုဟာ အလွန်အမင်း ကြောက်စရာကောင်းသော အင်အားစုကြီး ဖြစ်နေသည်။ အရိုးနတ်ဆိုးဘိုးဘေးက ဘဝင်မြင့်သော လူမျိုးမဟုတ်ချေ။ သို့သော် သူကိုယ်တိုင်ကပင် သူတို့အဖွဲ့က ကြောက်ရမည့်လူတစ်ယောက် ရှိလိမ့်မည်ဟု မတွေးဖူးပါပေ။

“ဒါက ပုံပြင်ရှည်ကြီးလို့ ပြောရမယ်။ ဒါက ပါးကုရှီတုကိုယ်တိုင်က ထင်သလောက် အင်အားကြီးတာ မဟုတ်ဘူး။ သူကိုယ်တိုင်က ဖော်ပြဖို့ခက်ခဲတဲ့ အင်အားနဲ့ ပေါင်းစပ်နိုင်စေတဲ့ တော်တော်လေးကို အင်အားကြီးမားတဲ့ ရလဒ်တစ်မျိုးကို ပိုင်ဆိုင်ထားတယ်။ အရှေ့ပိုင်းတူရကီ ခါကာနိတ်မှာ ပါးကုရှီတုရဲ့ အင်အားက တိုင်းတာဖို့ခက်ခဲတဲ့ အဆင့်ကို ရောက်နေပြီလို့ပြောကြတယ်။ အရှေ့ပိုင်းတူရကီ ခါကာနိတ်ရဲ့ အော့စမစ်ခါကန်းကတောင်မှ သူ့ကို အကြွင်းမဲ့လေးစားမှု ပေးထားရတာ။ တိုက်တိုက်ဆိုင်ဆိုင် ငါသူ့ကို အဝေးကနေ တစ်ချက်မြင်ဖူးတယ်။ သူက တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ရန်သူတစ်ယောက်ဆိုတာကို ငါသိလိုက်တယ်”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တည်ငြိမ်စွာပြောသည်။

ပါးကုရှီတုသည် ဗဟိုပြင်ကျယ်၏ အတွင်းပိုင်းသို့ ဝင်ခဲသည်။ ထို့ကြောင့် သဘာဝအလျောက်ပင် သိုင်းလောကမှ တိုင်တန်ကြီးများကလည်း သူ့အကြောင်း သိပ်မသိပါပေ။ ထို့ကြောင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မည်မျှပင် ညွှန်းဆိုနေစေကာမူ သူတို့သည် နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည်လည်း အသေးစိတ် အခြေအနေကို မသွားတော့ပါပေ။

“အတိုဆုံးပြောရရင် ဒီလူက တော်တော်လေး အင်အားကြီးတယ်။ ပိုဆိုးတာက ရို့ကျိုးမှာကတည်းက သူ့မှာ မူလအမရအရှင်ရဲ့ ရတနာသိုက်ဆီ သွားနိုင်တဲ့ ရတနာမြေပုံ ရှိတယ်ဆိုတာကို ငါကြားဖူးထားတယ်။ သူသာ ငါတို့လုပ်ရပ်ကို ရှာတွေ့မယ်ဆိုရင် သေချာပေါက် ထွက်ပြေးဖို့ ကြိုးစားမှာပဲ။ အဲ့ဒီနောက် ငါတို့ကလည်း သူ့ကိုတားဖို့ အင်အားမရှိဘူး။ အဲ့ဒီအခြေအနေမျိုးမှာ ငါတို့က ရတနာမြေပုံကို ဘယ်နှစ်ပိုင်းပဲ စုစည်းစုစည်း အသုံးမဝင်တော့ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏ စကားလုံးများက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။

ထိုတူရကီကသာ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ပါက မည်သူကမှ သူ့ကို မတားနိုင်လောက်ပေ။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝမ်ချောင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်မှောင်ကျုံ့ကြသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက လိမ်စရာ အကြောင်းမရှိပေ။ ထိုစကားကသာ မှန်ကန်နေခဲ့ပါက သူတို့သည်လည်း မူလအမရသိုင်းကို ရှာဖွေရန် အလွန်အမင်း ခက်သွားပေလိမ့်မည်။

“သတင်းပို့”

ရုတ်တရက် ဘိုးဘေးငါးယောက် မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က ချက်ချင်းလိုလို အပြေးဝင်လာသည်။ သူဟာ နီးကပ်လာသည်နှင့် ချက်ချင်းလိုလို ဒူးထောက်လိုက်ကာ ခေါင်းကိုငုံ့ပြီး ပြောသည်။

“ဘိုးဘေးကို တင်ပြပါတယ်။ အပြင်ဘက်မှာ ဘိုးဘေးတို့နဲ့တွေ့ပြီး လက်ဆောင်တစ်ခု ကမ်းလှမ်းချင်တယ်လို့ ပြောနေတဲ့ လူတစ်ယောက် ရှိပါတယ်”

“ဘာ”

လူတိုင်းက ထိုစကားလုံးများကြောင့် မှင်သက်သွားသည်။

“ဖိတ်ခေါ်လိုက်ပါ”

ယင်နက်ဘိုးဘေးက ချက်ချင်းအမိန့်ပေးသည်။

“ဟုတ်ကဲ့”

...

တခဏခန့်ကြာပြီးနောက် အရှေ့ပိုင်းတူရကီ ခါကာနိတ် စစ်သည်တော်က ဝင်ရောက်လာသည်။ သူ၏မျက်လုံးက လေးနက်ပြီး သူ၏နှာခေါင်းကလည်း စွန်ရဲကဲ့သို့ဖြစ်သည်။ သူဟာ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်တွင် စွန်ရဲတစ်ကောင်၏ ပုံကိုမြင်ရသည်။

“ဘိုးဘေးတို့ကို ဂါရဝပြုပါတယ်”

တူရကီ သံတမန်က လေးစားစွာ ဂါရဝပြုသည်။ သူ၏အပြုအမူက မနိမ့်ချလွန်းသလို မထောင်လွှားလွန်းပါပေ။

ယင်နက်ဘိုးဘေးက မျက်မှောင်ကိုကျုံ့ရင်း မေးသည်။

“မင်းကဘယ်သူလဲ မင်းက ဘာကြောင့်လာတာလဲ”

“ဟား ဟား ဒီလူက ဒီတိုင်း သခင့်ရဲ့ကိုယ်စား ဘိုးဘေးတို့ကို လက်ဆောင်တစ်ခုပေးဖို့ ရောက်လာတဲ့ နာမည်မဲ့ စစ်သည်တော်တစ်ယောက်ပါ”

တူရကီ သံတမန်က ကျယ်လောင်စွာပြောသည်။

လူအုပ်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အဆုံးသတ်တွင် အဆုံးသတ်လေးခု သိုင်းအရှင်ကသာ ပြောလေသည်။

“မင်းရဲ့သခင်က ဘယ်သူလဲ။ လက်ဆောင်က ဘာလဲ”

“ဟား ဘိုးဘေးတို့က သူတို့ရဲ့ ရတနာမြေပုံတွေကို အပ်ခိုင်းနေတယ်။ ဒီလိုမှ မူလအမရအရှင်သခင် ချန်ထားရစ်ခဲ့တဲ့ ရတနာသိုက်ကို အတူဖွင့်နိုင်မယ်လို့ ပြောသံကြားလို့ ငါ့ရဲ့သခင် အရှင်ပါးကုရှီတုကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီလူကိုလွှတ်ပြီး သူ့ရဲ့ရတနာမြေပုံကို ပေးခိုင်းလိုက်တာပါ”

တူရကီ သံတမန်ကပြောသည်။

“ဘာ”

လူအုပ်က ဝရုန်းသုန်းကားပင် ဖြစ်ချင်သွားသည်။ သူတို့သည် အမျိုးမျိုး ခန့်မှန်းထားပြီးသည့်တိုင်အောင် ထိုမျှအထိ တိုက်ဆိုင်လွန်းစရာ အကြောင်းမရှိပေ။ သူတို့သည် ယခုလေးတင် အရှေ့ပိုင်း တူရကီဘုရင်အကြောင်း ပြောနေခဲ့သည်။ တခဏခန့်ကြာပြီးရုံဖြင့် တစ်ဖက်သူက ရတနာမြေပုံကို အိမ်တိုင်ရာရောက် လာပို့သည်။ ထိုအခြေအနေက အားလုံးကို သံသယဝင်စေသည်။

ထိုအရှေ့ပိုင်းတူရကီ သံတမန်က တောက်လျှောက် ပြုံးနေသည်။ သူ့ကိုကြည့်နေသော အကြည့်များထဲမှ အပြောင်းအလဲကို သတိမထားမိသလိုမျိုးသာ တုန့်ပြန်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏အရှေ့သို့ လျှောက်သွားလိုက်သည်။

“မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မဟာထန်ရဲ့ အင်ပါယာခုံရုံးက အများကြီး ပြောင်းလဲသွားပြီလို့ ငါကြားထားတယ်။ မျိုးနွယ်ခြားနယ်မြေတွေရဲ့ ဘုရင်က ဒီလောက်ထိ အမြင်ကျယ်ပြီး ဒီနေရာကိုတောင် ရောက်လာမယ်လို့ မထင်ထားဘူး”

ထိုသံတမန်ကပြုံးရင်း လက်နှစ်ဖက်ဖြင့် စာလိပ်တစ်လိပ်ကို ကမ်းလှမ်းလေသည်။

လူတိုင်းကလည်း ထိုအပြုအမူကြောင့် ကြောင်သွားကြသည်။ ဒီနေရာတွင် သိုင်းပညာလောကမှ တိုင်တန်ကြီးပေါင်းများစွာ ရှိနေကြသည်။ သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ ထိုအရှေ့ပိုင်း တူရကီဘုရင်က ရတနာမြေပုံအား မသိသာဆုံးဖြစ်သလို အငယ်ဆုံးလည်းဖြစ်သည့် မိစ္ဆာဧကရာဇ်၏ တပည့်ကို သွားပေးလိမ့်မည်ဟု မထင်ထားမိချေ။

ဝှစ်

ဝမ်ချောင်က ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ သို့သော် ဝမ်ချောင်က ဘာစကားမှ မပြောနိုင်သေးခင် တူရကီသံတမန်က သူ၏လက်ထဲမှ မြေပုံကိုချပြီး နောက်ဆုတ်သွားပြီဖြစ်သည်။

“ငါရတနာမြေပုံကို ပေးပြီးပြီဆိုတော့ ထွက်သွားခွင့်ပြုပါတော့”

သံတမန်က ချက်ချင်းလိုလို ထွက်ခွာသွားသည်။ သူသည် တခဏခန့်ပင် ဆက်မနေခဲ့ချေ။

+++++

အခန်း(၁၄၃၂)

“ငါတို့မှာ ပါးကုရှီတုနဲ့ ဘာဆက်ဆံရေးမှ ရှိတာမဟုတ်ဘူး။ သူက ရုတ်တရက်ကြီး ရတနာမြေပုံကို လာပို့တာက ဘာအဓိပ္ပာယ်လဲ”

ယင်နက်ဘိုးဘေးတို့အားလုံးက ထွက်သွားသော တူရကီသံတမန်၏ ကျောပြင်ကို သံသယအပြည့်ဖြင့် ကြည့်နေကြသည်။

မည်သူကမှ ပြဿနာမရှိဘဲ ဖြေရှင်းလိမ့်မည်မဟုတ်ပေ။ ဒီနေရာတွင် စုစည်းနေကြသော လူတိုင်းအားလုံးက သိုင်းပညာလောကမှ တိုင်တန်ကြီးများဖြစ်ကြသည်။ ထို့ကြောင့် ပါးကုရှီတုက ရိုးရှင်းသော စိတ်ဆန္ဒတစ်ခုဖြင့် ရတနာမြေပံုံကို ပေးလာသည်ဟု ပြောကြလျှင် မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

ဝမ်ချောင်က မသေချာ မရေရာသော အကြည့်မျိုးဖြင့် ထွက်သွားသော သံတမန်ကိုကြည့်သည်။ သူသည် အရှေ့ပိုင်းတူရကီဘုရင်ကို အနောက်မြောက်ပိုင်းသို့ ဝင်ရောက်ချိန်ကတည်းက ကြားထားပြီးသားဖြစ်သည်။ သို့သော် ဝင်္ကပါအကြီးအကဲကပင် ထိုလူနှင့် မဆုံဖူးလေရာ ဝမ်ချောင်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

ဝမ်ချောင်သည်လည်း ထိုပါးကုရှီတုက မူလအမရအရှင်၏ ရတနာမြေပုံကို သူ့ဆီ လာပေးလိမ့်မည်ဟု မထင်ထားမိပေ။ ထို့ပြင် သူ၏လက်သို့ တိုက်ရိုက်ပင် လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

“အင်ပါယာခုံရုံး...”

ဝမ်ချောင်၏ မျက်ခုံးထဲတွင် စိုးရိမ်မှု အနက်ရောင် တိမ်စိုင်က ဖြတ်ပြေးသွားသည်။ သူသည် တူရကီသံတမန်၏ စကားများကို သတိရလိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရ၏။ သို့သော် ခပ်မြန်မြန် ဖိနှိပ်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ချေ။

တောင်တစ်တောင်ပေါ်မှ အရှေ့ပိုင်းတူရကီ ကျွမ်းကျင်ပညာရှင်က စိတ်ဖြင့်ဆက်သွယ်ကာ မေးခွန်းထုတ်သည်။

“အရှင် ဒီထန်က ငါတို့နဲ့ အမြဲတမ်း မကျွမ်းဝင်တဲ့ အခြေအနေမျိုးမှာ ရှိနေတာ။ ဘာလို့ အရှင့်သားက ဒီလောက်အဖိုးတန် ရတနာမြေပုံကို သွားပေးရတာလဲ”

အရှေ့ပိုင်းတူရကီ ခါကာနိတ်များသည် မဟာထန်နှင့် အမြဲတစေ စစ်ဖြစ်နေကြဖြစ်သည်။ ထိုသိုင်းပညာရှင်များက တပ်ဆွဲထားသော ဗိုလ်ချုပ်များ မဟုတ်သည့်တိုင်အောင် သူတို့သည် ထန်ဖြစ်နေသေးသည်။ ထို့ကြောင့် ရိုးရှင်းစွာပင် မူလအမရအရှင်၏ ရတနာမြေပုံကို သူတို့ဆီ မပေးသင့်ပါချေ။

“တစ်ခုခုယူချင်ရင် အရင်ဆုံး ပြန်ပေးရမယ်။ ငါတို့က ရတနာသိုက်ကို မဖွင့်ဘဲ အထဲကဟာကို ဘယ်လိုရနိုင်မှာလဲ”

ပါးကုရှီတုက ကျောဘက်တွင် လက်ပို့ထားသည်။ ညင်သာသော လေပြေက တိုက်ခတ်သွားသောအခါ သူ၏ဝတ်စုံက လေတွင်လွင့်ကာ လှုပ်ခတ်သွားလေသည်။ သူသည် အမြင်ကျယ်လွန်းသော ဗျူဟာပညာရှင် တစ်ယောက်၏ လေထုအရှိန်အဝါကို လွှတ်ထုတ်ထားသည်။

ပုဇွန်ကြီးက ပုဇင်းရင်ကွဲကောင်နောက်သို့ လိုက်နေချိန်တွင် အနောက်ဘက်မှ အဝါရောင်ငှက်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။ သူဟာ အဝါရောင်ငှက်ဖြစ်သည်။

သူသည် ဗဟိုပြင်ကျယ်၏ နံပါတ်တစ်သိုင်းကို မည်မျှအထိ ဆိုးရွားစွာ လိုချင်နေကြောင်း သိသူ အလွန်နည်းလေသည်။

ဆရာ့ရဲ့ သေတမ်းစာထဲမှာ ဖော်ပြထားတဲ့ မူလအမရအရှင်က ဘယ်လောက်ထိ လျို့ဝှက်ဆန်းကြယ်လဲ ဆိုတာကို ကြည့်ရအောင်။

သူ၏မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် သူဟာ ပြန်လည်ပြီး တည်ငြိမ်သွားလေသည်။

....

ပါးကုရှီတု၏ ရတနာမြေပုံနှင့်အတူ သူတို့အဖွဲ့သည် ရတနာမြေပုံ ငါးခုပြည့်သွားပြီဖြစ်သည်။ သို့သော် နောက်ဆုံး ရတနာမြေပုံ တစ်ခုလုံးပြည့်ရန် တစ်ပိုင်းသာ လိုအပ်တော့သည်။

ဝမ်ချောင်ကပင် သူတို့ဟာ အောင်မြင်မှုနှင့် ထိုမျှအထိ နီးကပ်လာမည်ဟု မတွေးဖူးပါပေ။

“နောက်ဆုံးတစ်ပိုင်းပဲ လိုတော့တယ်။ ငါတို့အောင်မြင်ဖို့ တော်တော်လေး နီးကပ်နေပြီထင်တယ်”

ဝင်္ကပါအကြီးအကဲက ခပ်တိုးတိုး ရေရွတ်ပြီးနောက် စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံး၏ အရောင်များဖြင့် လင်းလက်နေသော မြေပုံငါးခုကိုကြည့်သည်။

မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း မူလအမရအရှင်၏ ရတနာသိုက်ကို ဖွင့်ရန်အတွက် ကြိုးစားခဲ့ကြသည်။ ထိုသို့ကြိုးစားခဲ့ကြသည်မှာ နှစ်ရာကျော် ကြာသွားလေပြီ။ သို့သော် မည်သူကမှ မအောင်မြင်ခဲ့ချေ။ လူအများစုက ရုန်းကန်ကာ တိုက်ခိုက်ရင်း သေဆုံးသွားကြရသည်။

သို့သော် ယခုအခါ အရာအားလုံးက အဆုံးသတ်တော့ပေမည်။

“ဒါပေမဲ့ ငါတို့မှာ မြေပုံငါးပိုင်းပဲ ရှိသေးတာ။ နောက်ဆုံးတစ်ပိုင်းမရှိရင် အသုံးမဝင်ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မနေနိုင်ဘဲပြောသည်။

လူတိုင်းကလည်း ချက်ချင်းလိုလို တိတ်ဆိတ်သွားကြသည်။ ဝမ်ချောင်ကပင် စတင်ကာ တွေးတောသည်။

သူတို့သည် ရတနာမြေပုံ ငါးခုရှိသော်လည်း နောက်ဆုံးတစ်နေရာကို မည်သူကမှ မသိကြပေ။ သူတို့က ရတနာမြေပုံကိုသာ မဖြည့်နိုင်လျှင် သူတို့ဟာ အလွန်အမင်း စောလွန်းစွာ အောင်ပွဲခံမိသလို ဖြစ်သွားပေလိမ့်မည်။

“ဟား ဟား အမှန်တိုင်းပြောရရင် ဒီနေရာမှာရှိတဲ့ လူအများစုက နောက်ဆုံးအပိုင်းက ဘယ်မှာလဲဆိုတာကို သိနေလောက်တယ်။ ဒါပေမဲ့ မပြောချင်ကြတာ။ ဒီလိုဆိုမှတော့ ငါကပဲ မင်းတို့ကိုယ်စား ပြောပေးမယ်”

ယင်နက်ဘိုးဘေးက ရုတ်တရက် ထပြောသည်။ သူဟာ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကို ကြည့်ပြီး ရယ်သည်။

“အနောက်မြောက်ပိုင်းမှာ ပေါ်လာတဲ့ သိုင်းပညာရှင်တိုင်းနီးပါးက မြေပုံတွေ ရှိကြတယ်။ မင်းတို့ပြောသလိုပေါ့ ပြဿနာမရှိဘဲ ဘယ်သူကမှ ဖြေရှင်းမှာမဟုတ်ဘူး။ ဒီနယ်မြေမှာ မူလအမရအရှင်ရဲ့ ရတနာရှိတယ်ဆိုတာကို အားလုံးသိထားကြတာပဲ။ အခုအချိန်မှာ ငါတို့က ရတနာမြေပုံတွေ အားလုံး အပ်ပြီးသွားပြီ။ ဆိုတော့ တွေးကြည့်ရအောင်။ ဒီနေရာမှာ ပေါ်လာတဲ့ ဘယ်အဖွဲ့အစည်းက ရတနာမြေပုံ မပေးရသေးတာလဲ”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်၊ စုန့်ယွမ်ယွီ

ဝမ်ချောင်၏ မျက်ခုံးများက ပင့်တက်သွားသည်။

အနောက်မြောက်ပိုင်းတွင် သူတို့ဆီ မပူးပေါင်းရသေးသော အဖွဲ့အစည်းဆို၍ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သာရှိသည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် အဆုံးသတ်လေးခု အရှင်တို့က မျက်နှာထား တင်းမာသွားသည်။ သူတို့သည်လည်း ယင်နက်ဘိုးဘေးက ထိုသို့ပြောမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်လောက်သည်။

“ဟား ဟား သခင်လေးဝမ်က တကယ်ကို ဉာဏ်ကောင်းပါတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သိုင်းပညာလောကရဲ့ နံပါတ်တစ် အဖွဲ့အစည်းတစ်ခု ဖြစ်နေတယ်။ သူတို့က အနောက်မြောက်ပိုင်း တောက်လျှောက်လာတာက မိစ္ဆာဧကရာဇ် လူအိုကြီးနဲ့ သူ့ရဲ့တပည့်ကို အမဲလိုက်ဖို့လို့ ထင်နေကြတာတော့ မဟုတ်ပါဘူးနော်”

ယင်နက်ဘိုးဘေးက ထိုသု့ိပြောသည်။ သူနှင့်ဝမ်ချောင်၏ တိုက်ပွဲပြီးကတည်းက ထိုမိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေးကြီးဟာ လေးစားမှုပိုထည့်၍ စကားပြောပေးလာသည်။

“ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် ဖြစ်နိုင်တယ်ဆိုတာ ငါတို့ တွက်ချက်ကြည့်ပြီးသား။ နောက်ပြီး ဖြောင့်မတ်မှန်ကန်ခြင်း အရှင်စုန့်က ကိုင်တွယ်ဖို့မလွယ်ဘူး”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တုန့်ဆိုင်းစွာ ဝင်ပြောသည်။

စုန့်ယွမ်ယွီ၏ ထာဝရနွေဦးမာန်ထရာက တစ်လောကလုံးအနှံ့ ကျော်ကြားထားပြီးသားဖြစ်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင် သူ့ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။

ပို၍ဆိုးသည်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည် နံပါတ်တစ်အဖွဲ့အစည်းတစ်ခု ဖြစ်လေပြီး သိပ်သည်းလွန်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ စုန့်ယွမ်ယွီ၊ ရှဲ့ကွမ်းထင်နှင့် အခြားသော ဒုအရှင်များအားလုံးက ကိုင်တွယ်ရခက်သည်။

ထို့ကြောင့် မလိုအပ်လျှင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း သူတို့ကို သွားရောက် ရန်မစချင်ပါပေ။

အဆုံးသတ်လေးခု သိုင်းအရှင်က မျက်မှောင်ကျုံ့ပြီးပြောသည်။

“မဟာမိတ်အရှင်စုန့်က မူလအမရ ရတနာကို လေးစာမှု သိပ်မရှိဘူးလို့ ထင်ရတဲ့ပုံပဲ။ နောက်ပြီးသူက ရတနာမြေပုံကိုသာ မအပ်ချင်ဘူးဆိုရင် ငါတို့ ဘာမှမတက်နိုင်လောက်ဘူး”

တစ်ယောက်ချင်းသည်သာဆိုလျှင် သူသည် စုန့်ယွမ်ယွီကို မကြောက်ပေ။ သို့သော် သူတို့ရင်ဆိုင်ရမည်မှာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်သာ မဟုတ်ပေ။

“ဟား ဟား စိတ်အေးအေးထား စုန့်ယွမ်ယွီက သေချာပေါက် ပေးလိမ့်မယ်”

ယင်နက်ဘိုးဘေးက လျို့ဝှက်ဆန်းကြယ်သလို ပြုံးကာပြောသည်။

“မဟာမိတ်အရှင် သူတို့မှာ ရတနာမြေပုံ ငါးခုပြည့်သွားပါပြီ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ ယာယီအခြေစိုက်စခန်းတွင် ရှိသမျှသော ဖြောင့်မတ်မှန်ကန်ခြင်း အကြီးအကဲများနှင့် ကျွမ်းကျင်ပညာရှင်များ အားလုံးက စုစည်းနေကြသည်။

သူတို့ထဲက မည်သူကမှလည်း ဝမ်ချောင်တို့၏ အဖွဲ့ဟာ ထိုမျှမြန်ဆန်စွာနှင့် အပိုင်းငါးပိုင်းပြည့်အောင် ရှာနိုင်မည်ဟု မထင်ထားကြချေ။ မည်သို့ပင်ဆိုစေ ထိုထဲမှ အစိတ်အပိုင်း တစ်ခုက ဗဟိုပြင်ကျယ်မှ အဖွဲ့ဝင်တစ်ယောက်၏ လက်ထဲတွင်ပင် ရှိနေခဲ့ခြင်းမဟုတ်ဘဲ လျို့ဝှက်ဆန်းကြယ်လွန်းသော အရှေ့ပိုင်း တူရကီဘုရင်ထံတွင် ဖြစ်သည်။ ပါးကုရှီတုက ကိုယ်တိုင်ကိုယ်ကျ လာအပ်ခြင်းက အမှန်ပင် အံ့ဩစရာ ကောင်းလေသည်။

“သေစမ်း ပါးကုရှီတုက ဘာဖြစ်တာလဲ။ မိစ္ဆာဧကရာဇ်ရဲ့ အဖွဲ့က အခု တစ်ပိုင်းပဲလိုတော့တယ်”

စစ်ခွန်းယွမ်ကျား၏ မုတ်ဆိတ်က ဒေါသများဖြင့် တုန်နေသည်။

“ဟွန်း သူတို့မှာ ဘယ်နှစ်ပိုင်းပဲရှိရှိ ယွမ်ကျား ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ ထွက်ခွာဖို့ အသင့်ပြင်တော့”

စုန့်ယွမ်ယွီက ရုတ်တရက် အင်္ကျီလက်ကိုယမ်းရင်း ပြောလေသည်။

“သတင်းပို့”

သူဟာ ထိုသို့ပြောပြီးချိန်တွင် တစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။ တခဏခန့် ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသား တစ်ယောက်က အပြေးဝင်လာသည်။

“မဟာမိတ်အရှင် ဘိုးဘေးငါးယောက် မဟာမိတ်က အရှင်က အရှင်နဲ့ တွေ့ခွင့်တောင်းနေပါတယ်”

“အာ”

ထိုစကားလုံးများက ရှိသောလူတိုင်းကို အံ့ဩသွားစေပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သလို ကြည့်မိစေသည်။ အော့ရန်ချန်းဟန်နှင့် စစ်ခွန်းယွမ်ကျားတို့က မျက်မှောင်ကျုံ့ကြသည်။

ဘိုးဘေးငါးယောက် မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တို့သည် မီးနှင့်ရေကဲ့သို့ဖြစ်သည်။ ဘိုးဘေးငါးယောက် မဟာမိတ်က ယခုလို လာရောက်တွေ့ဆုံခွင့် တောင်းသည်မှာ ကောင်းသောကိစ္စ မဟုတ်နိုင်ပေ။ လူတိုင်းကလည်း စုန့်ယွမ်ယွီကို လှည့်ကြည့်သည်။

“မတွေ့ဘူူး”

စုန့်ယွမ်ယွီက အေးစက်ကာ မာနကြီးသည်။ သူ၏အတွေးများက အမြဲတစေ နားလည်ရခက်လေသည်။

ဟား ဟား ဟား လေထဲတွင် ကျယ်လောင်သော အော်ရယ်သံက ထွက်လာသည်။

“မဟာမိတ်အရှင် မင်းက ဒီလောက် အလောတကြီး မိတ်ဆွေကိုတောင် မတွေ့ဘဲ ဘယ်သွားမလို့လဲ”

အလွန်ဝေးကွာသော တစ်နေရာမှ အသံတစ်သံ ထွက်လာသည်ဟု ထင်ရသော်လည်း စွမ်းအင်မုန်တိုင်းမှတစ်ဆင့် ထိုအသံဟာ သိပ်မကြာခင် ရောက်ရှိလာသည်။ ထိုသို့ဖြင့် လေထဲတွင် ရေငွေ့တန်းရှည်ကြီးပင် ပေါ်ထွက်လာခဲ့သေးသည်။

အချိန်တိုအတွင်းတွင်ပင် စွမ်းအင် အားလှိုင်း ငါးခု၊ ခြောက်ခုနှင့်အတူ ယင်နက်ဘိုးဘေးတို့၏ အဖွဲ့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ စခန်းသို့ ရောက်ရှိလာကြသည်။ သူတို့၏ အနောက်ဘက်တွင်လည်း မှင်သက်ဖွယ်ကောင်းသော အဖွဲ့ဝင်များ ပါဝင်သည်။ ထိုလူများက ဘိုးဘေးငါးယောက် မဟာမိတ်မှ မြောက်များလှစွာသော အဖွဲ့ဝင်များအပြင် လွတ်လပ်သော သိုင်းပညာရှင်များဖြစ်သည်။ အကြမ်းဖျင်း ခန့်မှန်းချက်အရ ငါးထောင်မှ ခြောက်ထောင်အထိ ရှိနိုင်သည်။

တောင်ပေါ်မှ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ ထိုအင်အားစုက တောင်ခြေသို့ ချက်ချင်းလိုလို ရောက်ရှိလာသည်။

“သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်တဲ့လူတွေ၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာကြတဲ့ လူတွေက လာမလည်ကြဘူး။ တစ်ချက် သွားကြည့်ရအောင်”

ဗျူဟာပညာရှင် ရှဲ့ကွမ်းထင်က ရုတ်တရက်ပြောသည်။ သူ၏အကြည့်က တောင်ခြေထံတွင်သာ ရှိနေသည်။

စုန့်ယွမ်ယွီက ပြန်ဖြေသည့်အနေဖြင့် ခေါင်းကိုအသာညိမ့်သည်။ သူသည် ရှဲ့ကွမ်းထင်နှင့်အတူ အောက်ဘက်သို့ ဆင်းလာခဲ့လိုက်သည်။

သူတို့နှစ်ဖက်က နီးကပ်သထက် နီးကပ်လာပြီး နောက်ဆုံးတွင် ပေနှစ်ရာခန့် အကွာအဝေးကိုသာ ခြားလိုက်ကြသည်။

စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အဖွဲ့ကို ဦးဆောင်လာပြီး စစ်ခွန်းယွမ်ကျား၊ အော့ရန်ချန်းဟန်နှင့် အခြားသော အကြီးအကဲများကလည်း နောက်တွင်ပါသေးသည်။

အခြားတစ်ဖက်ခြမ်းမှ အဖွဲ့ကို ယင်နက်ဘိုးဘေးက ဦးဆောင်လာသည်။ ထို့နောက် ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုး ဘိုးဘေးတို့လည်း ပါသေးသည်။ ထိုနောက်ဘက်တွင် အဆုံးသတ်လေးခု သိုင်းအရှင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့ဖြစ်သည်။

ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကမူ အနောက်ဘက်ဆုံးတွင် ရပ်နေကြလေသည်။

“ကြည့်ရတာ ယင်နက်ဘိုးဘေးက နောက်ဆုံးမြေပုံက စုန့်ယွမ်ယွီဆီမှာ ရှိတာကို သေချာနေလောက်တယ်”

ဝမ်ချောင်က စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့ကို နောက်ဆုံးမှ လှမ်းကြည့်ရင်း ခပ်ညစ်ညစ်ပြုံးသည်။

သိပ်မကြာခင်ကမှ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က သူ့ကို ကိုင်တွယ်ရန် အတူပူးပေါင်းခဲ့ကြသည်။ သို့သော် ယခုအခါ သူတို့က အတိုက်အခံ ဖြစ်နေကြလေပြီ။ မဟာမိတ်၏ အပြောင်းအလဲက ရုတ်တရက် ဆန်လွန်းသဖြင့် မည်သူကမှ မမျှော်လင့်ထားလောက်ပေ။

“ချောင်အာ ဒီကိစ္စနဲ့ပတ်သတ်ပြီး သတိမမဲ့နဲ့။ သိုင်းလောကထဲမှာ နောက်ကျောဓားထောက်တဲ့လူက ဖြစ်နေကြ ကိစ္စတစ်မျိုးပဲ။ သူတို့က စုန့်ယွမ်ယွီနဲ့ပေါင်းပြီး ငါတို့ကိုကိုင်တွယ်ဖို့ ကြိုးစားနိုင်တယ်။ အဲ့ဒီနောက် စုန့်ယွမ်ယွီနဲ့ ပြန်ပြောင်းပြီး ငါတို့ကိုလည်း ကိုင်တွယ်ဖို့ ကြိုးစားနိုင်တယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ခံစားချက်မဲ့စွာပြောသည်။ သူ၏လက်များကို ကျောနောက်ဘက်တွင်သာ ပစ်ထားသည်။

“ဆရာ့ရဲ့တပည့်က နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့ကို သူတို့က တောက်လျှောက် လိုက်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ဆိုတော့ မူလအမရသိုင်းကိုသုံးပြီး သူတို့ကိုပြန်ပြီး တိုက်ခိုက်ခိုင်းလို့ မရဘူးလား”

ဝမ်ချောင်ကပြုံးသည်။ သဘာဝအလျောက်ပင် ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်ကို မယုံကြည်ချေ။ သူဟာ ဒီတိုင်း အသုံးပြုချင်ရုံသာ ဖြစ်သည်။ သို့သော် သူသည်လည်း စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့၏ မျက်နှာပေါ်မှ မျက်နှာထားများကို မြင်ရသောအခါ အလွန်အမင်း ကျေနပ်သည်ဟု ခံစားရလေသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ပြန်မဖြေခဲ့ချေ။ သူဟာ အရှေ့သို့သာ ကြည့်နေသည်။ ထိုနေရာက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများက တိုက်ခိုက်ရန် အသင့်ပြင်ထားကြပြီး သူတို့၏ မျက်နှာများက တင်းမာနေကြသည်။

စုန့်ယွမ်ယွီက ဘာစကားမှမပြောနိုင်သေးခင် စစ်ခွန်းယွမ်ကျားက ဒေါသတကြီး ထအော်သည်။

“ယင်နက်ဘိုးဘေး မင်းက ဘာလုပ်တာလဲ”

“ဘာမှမဟုတ်တဲ့ကောင်က ဘယ်ကဝင်ပြောတာလဲ။ မင်းတို့ မဟာမိတ်အရှင်ကတောင် ဘာစကားမှ မပြောရသေးဘူး။ မင်းတို့လို ကျွန်တစ်ယောက်က ဝင်ပြောရမဲ့အလှည့်လား”

ယင်နက်ဘိုးဘေးက နှာခေါင်းရှုံ့ကာ တစ်ချက်လှောင်ရင်း စစ်ခွန်းယွမ်ကျားကို ခြိမ်းခြောက်သော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

+++++

အခန်း(၁၄၃၃)

ခြောက်ယောက်ပေါင်းတစ်ယောက်

“မင်း”

စစ်ခွန်းယွမ်ကျားသည် ယင်နက်ဘိုးဘေး၏ စကားများကြောင့် ဒေါသထွက်သွားလေသည်။

“မင်းက ဒီဘိုးဘေးကို တိုက်ခိုက်ဖို့တောင် တွေးနေတာလား”

ယင်နက်ဘိုးဘေးကလည်း ရယ်သည်။

စစ်ခွန်းယွမ်ကျားနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်တွင် မြင့်မားသော အဆင့်အတန်းရှိပြီး ဖော်ပြရန်ခက်ခဲသော အင်အားကို ပိုင်ဆိုင်ထားသေးသည့်တိုင်အောင် သူနှင့် ယင်နက်ဘိုးဘေးကဲ့သို့ သိုင်းပညာရှင်လောကမှ တိုင်တန်ကြားရှိ ကွာဟချက်က ကြီးမားနေသေးသည်။

ယင်နက်ဘိုးဘေးက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီကို လှည့်ကြည့်၍ပြောသည်။

“စုန့်ယွမ်ယွီ ဒါက မဟာမိတ်အရှင် တစ်ယောက်အနေနဲ့ မင်းပြုမူတဲ့ ပုံစံလား။ ကိုယ့်လက်အောက်ငယ်သားကိုတောင် မထိန်းချုပ်နိုင်ဘူး”

“ယွမ်ကျား နောက်ဆုတ်”

ထိုအချိန်တွင် စုန့်ယွမ်ယွီက ရှေ့သို့တက်လာပြီး ရန်စနေသော စစ်ခွန်းယွမ်ကျားကို နောက်ပြန်ခေါ်သည်။

“လော့ချီယင် ဒါက ငါတို့ပထမဦးဆုံးအကြိမ် စတွေ့တာလည်း မဟုတ်ဘူး။ မင်းကဘာလို့ ဒီလောက်ထိ ခေါင်းမာနေသေးတာလဲ”

စုန့်ယွမ်ယွီက အေးစက်စွာပြောသည်။ သူ၏မျက်နှာတွင် ခံစားချက်များ ကင်းမဲ့သည်။

“ဟား ဟား မဟာမိတ်အရှင်စုန့်ရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းပါတယ်။ ထာဝရနွေဦး မာန်ထရာက လောကရဲ့ အကောင်းဆုံးသိုင်းတွေထဲက တစ်ခုပဲလေ။ နှစ်ယောက်ချင်း ယှဉ်မယ်ဆိုရင် ဒီဘိုးဘေးက သဘာဝအလျောက် မင်းကို မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ မဟာမိတ်အရှင်စုန့်က ဘယ်လောက်ပဲ အင်အားကြီးကြီး ဒီလောက်လူတွေ အများကြီးကို တိုက်ခိုက်နိုင်မှာတဲ့လား။ ဒါကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ဘယ်လောက်ပဲ သန်မာသန်မာ တလောကလုံးကို ယှဉ်ပြီး တိုက်ခိုက်နိုင်မှာတဲ့လား”

ယင်နက်ဘိုးဘေးက ထိုသို့ပြောပြီး အနောက်ဘက်သို့ ဟန်အမူအရာပြသည်။

“ဟုတ်တယ် မဟာမိတ်အရှင်စုန့် မူလအမရအရှင်ရဲ့ ရတနာကို ငါတို့ဆီအပ်လိုက်တော့”

“ယင်နက်ဘိုးဘေးနဲ့ အခြားသူတွေအားလုံးက သူတို့အပိုင် ရတနာမြေပုံတွေကို အပ်ထားပြီးသား။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူတို့ဘာသာ သိမ်းထားချင်လို့လား”

“မူလအမရအရှင်ရဲ့ ရတနာမြေပုံကို သိမ်းထားရဲတဲ့ ဘယ်သူကမဆို တစ်လောကလုံးရဲ့ ရန်သူပဲ”

ယင်နက်ဘိုးဘေး၏ စကားလုံးများက အနောက်ဘက်ရှိ လူများအားလုံးအား စတင်ကာ အော်ဟစ်စေလေသည်။

ကျယ်လောင်လွန်းသော အသံများက စစ်ခွန်းယွမ်ကျား၊ ရှဲ့ကွမ်းထင်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲများ၊ တပည့်ဂိုဏ်းသားများ အားလုံး၏ မျက်နှာကို ဖျော့တော့သွားစေသည်။ စစ်ခွန်းယွမ်ကျားကဲ့သို့ ခေါင်းမာလွန်းသော အကျင့်စရိုက်ကြောင့် ဘယ်သောအခါမှ နောက်မဆုတ်တတ်သောလူဟု ကျော်ကြားသူကပင် မျက်နှာထား တင်းမာသွားသည်။

ယင်နက်ဘိုးဘေးနှင့် ဘိုးဘေးငါးယောက် မဟာမိတ်က ဘာကိုမှ ကြောက်စရာမရှိချေ။ ယခင်အတွေ့အကြုံများတွင် ဘိုးဘေးငါးယောက် မဟာမိတ်က ဘယ်သောအခါမှ အသာစီး မရခဲ့ကြချေ။

သို့သော် ယခုအခါ သူတို့၏အနောက်ဘက်တွင် သိုင်းပညာရှင် ထောင်ပေါင်းများစွာက ရှိနေကြသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကဲ့သို့ တိုင်တန်ကြီးများကပင် ရှိနေလေရာ အခြေအနေကမူ ပြောင်းသွားလေပြီ။

ထို့ကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က မည်မျှအင်အားကြီးမားနေစေကာမူ ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ဆိုးယုတ်သော လမ်းစဉ်လျှောက်သော လောကမှ ကျွမ်းကျင်ပညာရှင်တိုင်းကို ရင်မဆိုင်နိုင်ပါပေ။

ပြာနှမ်းနေသော မျက်နှာနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတစ်ယောက်က အနောက်ဘက်မှ ထွက်လာပြီး တင်းမာစွာပြန်ပြောသည်။

“လော့ချီယင် ပေါက်ကရတွေ ပြောမနေနဲ့။ မင်းက မူလအမရအရှင်ရဲ့ ရတနာမြေပုံတစ်ခု ပိုင်ဆိုင်ထားတာနဲ့ပဲ ငါတို့ဆီမှာ ပိုင်ဆိုင်ရမယ်လို့ မဆိုလိုဘူး။ မူလအမရအရှင်ရဲ့ ရတနာမြေပုံက အညီအမျှ ခွဲထားတယ်လို့များ ထင်နေလား”

“ဟုတ်တယ်”

နောက်ထပ် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အကြီးအကဲတစ်ယောက်က ထွက်လာပြီး ဆူပူပြန်သည်။

“ယင်နက်ဘိုးဘေး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပေါက်ကရတွေ ပြောမနေနဲ့။ မူလအမရအရှင်ရဲ့ မြေပုံတစ်ခု ငါတို့ဆီမှာရှိတယ်လို့ မင်းက ဘယ်နေရာကများ ကြားလာတာလဲ။ မင်းရဲ့သက်သေက ဘယ်မှာလဲ”

“ဟား ဟား ဟား ဒီဘိုးဘေးက အကျိုးအကြောင်း ထုတ်ပြောတာမျိုး သက်သေတွေ ထုတ်ပေးတာမျိုး မြင်ဖူးကြလို့လား။ အားလုံးပဲ နားထောင်ကြ။ ငါတု့ိကသာ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဆီကနေ ရတနာမြေပုံကို မနက်ဖြန်အထိ မရသေးဘူးဆိုရင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က ရတနာမြေပုံကို သူတို့ဘာသာ ထိန်းသိမ်းထားဖို့ ယူဆနေတယ်လို့ သတ်မှတ်ရလိမ့်မယ်။ ဒီလိုနဲ့ လောကရဲ့ နံပါတ်တစ် မူလအမရသိုင်းကို ဘယ်သူကမှ မရအောင် သူတို့က တမင်တကာနဲ့ အချိန်ဆွဲတာပဲ”

ယင်နက်ဘိုးဘေး၏ ဆိုးယုတ်သော ရယ်သံက ဖြာထွက်လာသည်။ သူသည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် အကျိုးအသင့် အကြောင်းသင့်တွေးရန် မစဉ်းစားထားပါချေ။ ထို့နောက် သူဟာ စုန့်ယွမ်ယွီကို လှည့်ကြည့်သည်။

“စုန့်ယွမ်ယွီ အားလုံးလည်းမြင်တယ်။ မင်း လူတိုင်းရဲ့လက်ကိုတော့ တွန်းအားပေးလို့ မရဘူးလေ။ ငါပြောတာ မှန်လား”

“အတင့်ရဲတယ်”

“လော့ချီယင် မင်းလုပ်ရဲလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အဖွဲ့ဝင်များက ဒေါသထွက်သွားကြသည်။ ဘိုးဘေးငါးယောက် အဖွဲ့မှ ထိုမျိုးမစစ်များက ဒီအခွင့်အရေးကိုသုံး၍ ပြဿနာလာရှာပြီး အတိတ်မှ ဖြစ်ရပ်များကို လက်စားချေချင်နေကြခြင်းဖြစ်သည်။

သူတို့အားလုံးသည် ဖြောင့်မတ်မှန်ကန်မှုကို ကိုင်ဆွဲထားသူများ ဖြစ်သည့်အလျောက် ယခုလို တိုက်ပွဲက ဖြစ်ပျက်လာရတော့ပေမည်။

“ရပ်”

မိုးခြိမ်းသံတမျှ ကျယ်လောင်သော အော်သံက သူတို့၏နားအတွင်း ဟိန်းထွက်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက အရှေ့ဆုံးတွင် ရပ်နေသည်။ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေး၊ အဆုံးသတ်လေးခု သိုင်းအရှင်အပြင် မိစ္ဆာဧကရာဇ် လူအိုကြီး ကျန်းဝမ်ဖူတို့ကို အေးစက်စွာကြည့်သည်။ သူ၏အမူအရာက တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေလေရာ သူ၏အတွေးကို မည်သူကမှ မသိနိုင်ပေ။

“မဟာမိတ်အရှင်က တိုက်ခိုက်တော့မယ်”

“ဒီမျိုးမစစ်တွေက တအားလွန်တာပဲ”

“လူကြီးလူကောင်းတစ်ယောက်ကို သတ်လို့ရတယ်။ ဒါပေမဲ့ အရှက်ခွဲလို့တော့ မရဘူး။ ညီအစ်ကိုတို့ တိုက်ခိုက်”

အနောက်ဘက်မှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများ အားလုံးက ဒေါသထွက်နေကြသည်။ စုန့်ယွမ်ယွီသည် သူတို့၏ နှလုံးသားထဲတွင် အလွန်မြင့်မားလွန်းသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ မည်သူကမှလည်း ယင်နက်ဘိုးဘေးက စုန့်ယွမ်ယွီကို ယခုလို ပေါ်တင်ခြိမ်းခြောက်နေလေရာ လက်သင့်မခံနိုင်ကြပေ။

“ယူလိုက်”

ရုတ်တရက် အသံတစ်သံထွက်လာသည်။ လူတိုင်းက အံ့ဩသွားကြ၏။ စုန့်ယွမ်ယွီက အင်္ကျီလက်ကို ခါလိုက်သည်။ ထိုသို့ဖြင့် မူလအမရ အရှင်၏ ရတနာမြေပုံက နောက်ဆုံးသော အပိုင်းက ယင်နက်ဘိုးဘေးဆီ ပျံသွားသည်။

“???”

နောက်ဆုံးမြေပုံ ပျံထွက်သွားသည်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် တပည့်ဂိုဏ်းသားများ အားလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ ဘေးဘက်ခြမ်းမှ ရှဲ့ကွမ်းထင်ကသာ အရာအားလုံးကို နားလည်နေသလိုမျိုး တည်ငြိမ်လေသည်။

“ဟား ဟား ဟား ဉာဏ်ကောင်းတဲ့လူက စမ်းရေအတိုင်း ဘယ်လိုဆက်လိုက်ရမလဲဆိုတာကို နားလည်တတ်တယ်။ စုန့်ယွမ်ယွီ မင်းက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ။ အခြားလူတွေ အားလုံးက သူတို့ရဲ့ကိုယ်ပိုင် ရတနာမြေပုံတွေ အားလုံးကို အပ်ထားပြီးသား။ ဒါကိုဘာလို့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က သူတို့အပိုင် ရတနာမြေပုံကို ထိန်းသိမ်းထားရမှာလဲ”

ယင်နက်ဘိုးဘေးက သဘောတကျ အော်ရယ်သည်။ စုန့်ယွမ်ယွီနှင့် မဟာမိတ်၏ လက်ထဲတွင် အကြိမ်ပေါင်းများစွာ အထိနာပြီးနောက်တွင် သူဟာ နောက်ဆုံးတွင် သာလွန်ညီမျှမှုကို ပြန်ရှာလိုက်နိုင်လေသည်။

“သခင်လေး ဒီမှာမင်းအတွက် ဒီမြေပုံက ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ဆီကလာတာ။ အခုဆိုရင် ခြောက်ခုလုံး စုစည်းပြီးသွားပြီ။ ငါတို့တွေ မူလအမရအရှင် ရတနာသိုက်ကို ရှာနိုင်တော့မယ်”

ယင်နက်ဘိုးဘေးက ရတနာမြေပုံအား ဝမ်ချောင်ဆီ ပစ်ပေးလိုက်သည်။

“တကယ်ကို သူနဲ့ရှိနေတာပဲ”

ဝမ်ချောင်က ပြုံးရင်း ရတနာမြေပုံကို လှမ်းယူသည်။ အဆုံးသတ်တွင် လူတစ်ယောက်ကို အနားလည်ဆုံးက ထိုလူ၏ ရန်သူဖြစ်နေသည်။ ထိုစကားက မှန်ကန်ကြောင်းကိုလည်း သက်သေပြသွားသည်။

ယင်နက်ဘိုးဘေးက စုန့်ယွမ်ယွီနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တစ်ဖက်သူကို နက်ရှိုင်းသော နားလည်မှုမျိုး ရှိနေပြီးသားဖြစ်လေရာ စုန့်ယွမ်ယွီက ရတနာမြေပုံကို ဖွက်ထားကြောင်းပင် သိနေသည်။

ဝမ်ချောင်သည် အရာအားလုံးကို သူတစ်ယောက်တည်း လုပ်ရမည်ဆိုပါက သူ့အနေဖြင့် ရတနာမြေပုံ ခြောက်ခုလုံးကို အချိန်တိုအတွင်း စုစည်းရန် ခက်ခဲလောက်လေသည်။

“အဲ့ဒါကို စစ်ဆေးဖို့မလိုဘူး။ အားလုံး ပေါင်းကြည့်လိုက်တာနဲ့ အစစ်အမှန် ဟုတ်မဟုတ် သိရမှာပဲ”

သူဟာ အင်္ကျီလက်ကို တစ်ချက် ခါယမ်းပြီးသည်နှင့် အခြားသော မြေပုံငါးခုလုံးကို ထုတ်လိုက်သည်။

စွစ်

သူ၏ ကြယ်တာရာစွမ်းအင်နှင့်အတူ ဝမ်ချောင်က ပထမမြေပုံတစ်ခုကို မြေပေါ်တွင်ချသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ... မြေပုံငါးခုလုံးကို ချပြီးနောက် အစီအစဉ်တကျ တွဲဆက်သွားလေသည်။

လောကကြီးတစ်ခုလုံးက တိတ်ဆိတ်စွာနှင့် အားလုံးက အသက်ရှုပင်အောင့်ပြီး လောင်မြိုက်နေသော စိတ်ဆန္ဒများနှင့်အတူ ဝမ်ချောင်၏လက်ထဲမှ ရတနာမြေပုံကိုသာ ကြည့်နေသည်။

အလွန်ဝေးကွာသော တစ်နေရာတွင် ပုန်းနေသည့် အရှေ့ပိုင်းတူရကီဘုရင် ပါးကုရှိတုကပင် လှည့်ကြည့်သည်။

“နောက်ဆုံးတစ်ပိုင်းအတွက် အချိန်ကျပြီ”

ပါးကုရှီတု၏ မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ဝမ်ချောင်အား ငါးခုမြောက် မြေပုံကို ပေးပြီးထားသော်လည်း ထိုမြေပုံက မူလအမရ ရတနာသိုက်ကို ဦးဆောင်ခေါ်သွားပေးမည်ဖြစ်ကြောင်း မည်သူကမှ မသေချာနိုင်ကြပေ။

အလွန်ဝေးကွာသော တစ်နေရာမှ တောက်ပသော မျက်ဝန်းများကလည်း အရာအားလုံးကို စောင့်ကြည့်နေသည်။ ဝမ်ချောင်ပင်ဖြစ်စေ၊ စုန့်ယွမ်ယွီပင်ဖြစ်စေ မည်သူကမှ သူ၏မျက်လုံးထဲမှ မလွတ်မြောက်သွားခဲ့ချေ။

ထိုအချိန်တွင် ဝမ်ချောင်က အနောက်မြောက်ပိုင်းမှ အလယ်ဗဟိုကြီးတစ်ခုကဲ့သို့ လူတိုင်း၏ အာရုံကိုသာ လက်ခံရရှိနေလေသည်။

ဝုန်း

နောက်ဆုံးတွင် နောက်ဆုံးသော မြေပုံက ကြယ်တာရာစွမ်းအင်များ၏ လွှမ်းခြုံမှုနှင့်အတူ အဟကြား တစ်နေရာတွင် ဝင်ဖြည့်လိုက်သည်။

နောက်ဆုံးတစ်ခုကို နေရာချပြီးသည်နှင့် မြေပုံတစ်ခုလုံးက ပြီးပြည့်စုံသွားသည်။ မြေပုံက နှစ်ပေရှည်ပြီး သုံးပေကျယ်သည်။

ဝမ်ချောင်သည် စွမ်းအင်သိပ်သည်းခြင်း၏ ပုလဲလုံးကို အပေါ်ဘက်မှတင်ကာ အလင်းရောင်ပေးလိုက်သည့် အခိုက်အတန့်တွင်ပင် မြေပုံတစ်ခုလုံးအနှံ့ အလင်းရောင်များက တောက်ပလာသည်။ ရတနာမြေပုံ ခြောက်ခုလုံးက ငွေရောင်အပ်ချည်မျှင်များဖြင့် တွဲဆက်ထားသလိုမျိုး အဖြူရောင် ကြယ်အလင်းတန်းများ ပေါ်လာလေသည်။

“အစစ်ပဲ အစစ်ပဲ ရတနာမြေပုံ အစစ်ပဲ”

“ကြည့်လိုက်ဦး မြေပုံပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာပြီ။ ငါတို့တွေ မူလအမရ ရတနာက ဘယ်နေရာမှာ ရှိလဲဆိုတာကို ရှာနိုင်တော့မယ်ထင်တယ်”

လူတိုင်းကလည်း စိတ်လှုပ်ရှားစွာနှင့် ငွေရောင်အပ်ချည်မျှင်များဖြင့် လင်းလက်တောက်ပနေသော မြေပုံအသစ်ကို ကြည့်ကြသည်။ ယင်နက်ဘိုးဘေးကပင် ဟန်အမူအရာကို မနည်းတည်ငြိမ်အောင် ထိန်းနေရသည်။ သူ၏မျက်လုံးထဲတွင် လောဘ၊ ပျော်ရွှင်မှု၊ ရူးသွပ်မှုနှင့် အမျိုးမျိုးသော ခံစားချက်များက ဖြတ်ပြေးသွားသည်။ ယင်နက်ဘိုးဘေးကပင် ထိုသို့ အခြေအနေ ဖြစ်နေခဲ့လျှင် အခြားသော သူများက မည်မျှအထိ အခြေအနေ ဆိုးနိုင်ကြောင်း သိနိုင်သည်။

ဝမ်ချောင်က မြေပုံကိုကြည့်ပြီး စိတ်ထဲတွင်ရေရွတ်သည်။

နောက်ဆုံးတော့ ပေါ်လာပြီ။ လောကရဲ့ နံပါတ်တစ်သိုင်းက တကယ်တော့ ငါ့ရဲ့ရှေ့မှာ ပေါ်လာတာပဲ။

ထိုမျှအထိ မှင်သက်ဖွယ်ကောင်းသော သိုင်းက သူ၏ယခင်ဘဝတွင်ပင် အလွန်အမင်း အဖိုးတန်ကာ မည်သည့်အချိန်ကမှ မပေါ်လာခဲ့ဖူးချေ။ မည်သူကမှလည်း ထိုသိုင်းကို မည်သည့်နေရာတွင် ဝှက်ထားမှန်း မသိကြပေ။ အဆုံးသတ်ထိပင် မည်သူကမှ မသိသွားခဲ့ပေ။ လူအများစုကလည်း ထိုသိုင်းဟာ ပျောက်သွားပြီဟု ယုံကြည်နေကြသည်။

သို့သော် သူ၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ သမိုင်းက ပြောင်းသွားသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက လောကရဲ့ နံပါတ်တစ်သိုင်းကို ရှာဖွေနိုင်တဲ့ သဲလွန်စတစ်ခုကို ရှာတွေ့သွားပါတယ်။ လျို့ဝှက်ကံကြမ္မာ အားလှိုင်းတစ်ခုနဲ့ ထိတွေ့ဆက်ဆံမိခြင်းအားဖြင့် အသုံးပြုသူကို ကံကြမ္မာစွမ်းအင် အမှတ်တစ်သောင်း ဆုချီးမြှင့်လိုက်ပါတယ်”

ကံကြမ္မာကျောက်တုံး၏ အသံက ဝမ်ချောင်၏စိတ်အတွင်း ဟိန်းထွက်သွားသည်။

ထိုအသံက ဝမ်ချောင်အား အလွန်အံ့ဩသွားစေသည်။ ကံကြမ္မာကျောက်တုံးသည် ထိုကဲ့သို့ တာဝန်မျိုးရှိကြောင်း အရိပ်အမြွတ်ပင် မပြောဖူးပါချေ။

အရန်တာဝန်များ ဖြစ်နေမလား။

ဝမ်ချောင်က တအံ့တဩတွေးသည်။ သို့သော် အရန်တာဝန်များသည် ထိုမျှအထိ ဆုလဒ်ချီးမြင့်ခဲသည်။

ဒါကိုဘာလို့ ရုတ်တရက်ကြီး လောကရဲ့ နံပါတ်တစ်သိုင်းက ကံကြမ္မာအားလှိုင်းနဲ့ ဆက်စပ်နေရတာလဲ။

ဝမ်ချောင်ကပင် အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်သွားသည်။

အနောက်မြောက်ပိုင်းသို့ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာခဲ့မှုနှင့်အတူ သူပင် သတိမထားမိသော လျို့ဝှက်ချက်အချို့ကို သိလာရသည်။

သို့သော် သူဟာ ထိုအခြေအနေများကို ဆက်လက်ပြီး တွေးတောရန် အချိန်မရှိတော့ချေ။ သူဟာမြေပုံ အပိုင်းအစ ခြောက်ပိုင်းလုံးကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ပြောင်းလဲမှု အသစ်တစ်ခုက ဖြစ်လာသည်။

ယခုအခါ အပ်ချည်မျှင်များအားလုံးက ပေါ်လာပြီဖြစ်ပြီး ရတနာမြေပုံ၏ အထက်တွင် အလွန်အမင်း တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာသည့် ကြယ်မြေပုံတစ်ခုက ပေါ်လာသည်။

“အဲ့ဒီကိုကြည့်လိုက်ဦး”

“အဲ့ဒီနေရာက မူလအမရအရှင်ရဲ့ ရတနာသိုက် ရှိတဲ့နေရာ ဖြစ်လိမ့်မယ်”

“ဘယ်သူက နက္ခတ်ပညာကိုကျွမ်းလဲ”

လူအချို့က စတင်ကာအော်သည်။

ကြယ်စင်များကို အဓိပ္ပာယ်ခွဲခြမ်းသည်က ကိစ္စတစ်ခုဖြစ်ပြီး နက္ခတ်ဗေဒပညာတွင် အမှန်တကယ် ကျွမ်းကျင်သော အခြေအနေက နောက်ထပ်ကိစ္စတစ်ခု ဖြစ်သွားသည်။ သိုင်းပညာရှင် အများစုက သိုင်းပညာများကိုသာ နစ်မြုပ်ကာ လေ့လာနေကြလေရာ မည်သူကမှ နက္ခတ်ပညာကို အာရုံစိုက် လေ့လာနေခြင်းမရှိပေ။

“အနောက်မြောက်ပိုင်း”

ရုတ်တရက် အသံတစ်သံက ထအော်သည်။

“ဒီနေရာကသာ စမယ်ဆိုရင် ခြေလှမ်း (၆၈၀၀)အကွာပဲ”

သူဟာ စုန့်ယွမ်ယွီကဲ့သို့ သိုင်းပညာရှင် တိုင်တန်ကြီးများထက် အင်အားနည်းပါးသည့်တိုင်အောင် ကောင်းကင်ဘုံနှင့် မြေပြင်ဗဟုသုတများနှင့် နှိုင်းယှဉ်သော် မည်သူကမှ ဝင်္ကပါအကြီးအကဲကို မယှဉ်နိုင်ပေ။

“သွားရအောင်”

ဝင်္ကပါအကြီးအကဲက ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ လေထုက စတင်ကာ ဟိန်းဟောက်သည်။

လူအုပ်၏နောက်ဆုံးမှ သိုင်းပညာရှင်များက ချက်ချင်းဆိုသလိုပင် လေထဲသို့ ခုန်တက်သွားကြကာ ဝင်္ကပါအကြီးအကဲက ညွှန်ပြသည့် ဦးတည်ရာဘက်သို့ အပြေးအလွှား သွားကြလေသည်။

+++++

အခန်း(၁၄၃၄)

အခြားသောသူများက လမ်းကို ဦးဆောင်မှုနှင့်အတူ အခြားသောသူများကလည်း အဝေးသို့ စတင်ကာ ပြေးကြသည်။

“ဟွန် ဘယ်သူက ဒီဘိုးဘေးနဲ့ တိုက်ခိုက်ရဲလဲ။ မူလအမရ ရတနာကို ယူရဲတဲ့ ဘယ်သူကမဆို ငါတို့ ဘိုးဘေးငါးယောက် မဟာမိတ်ရဲ့ ရန်သူပဲ”

ယင်နက်ဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ဝတ်ရုံက လေတွင် တဖြတ်ဖြတ်လွင့်ပြီးနောက် ရှေ့သို့ ဦးတည်ကာ တက်သွား၏။ ထို့နောက် မြောက်ဘက်မှ ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုး ဘိုးဘေးတို့က လိုက်သွားသည်။

သူတို့၏အဖွဲ့ထဲမှ သိုင်းပညာရှင် တစ်ဝက်ကျော်ကျော်ခန့်က ထိုဦးတည်ရာဘက်သို့ စတင်ကာ သွားကြသည်။ သူတို့ကသာ နှေးကွေးနေမည်ဆိုပါက နောက်တွင် နောက်ကောက်ကျ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်ကြပုံရသည်။

“မဟုတ်သေးဘူး”

သို့သော် ထိုအချိန်တွင် ဝမ်ချောင်က လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။ သူ၏အမူအရာက တည်ငြိမ်ကာ အေးစက်သည်။ သူမြင်သော အနေအထားအရ လေထဲမှ အလင်းများ၏ ညွှန်ပြရာနေရာက ပြောင်းလဲမှု ရှိနေလေသည်။

ဟေ့

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့၏ စောင့်ကြည့်နေမှု အောက်တွင်ပင် ထိုအလင်း ကြယ်စက်အမှတ်များက မီးခိုးလှိုင်းများစွာဖြင့် ပြောင်းလဲသွားသည်။ ထိုငွေရောင်မီးခိုးလှိုင်းများက ဟိုလှုပ်ဒီလှုပ်၊ ဟိုရွှေ့ဒီရွှေ့ လုပ်နေခဲ့ပြီး နောက်ဆုံးတွင်မှ ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်အတွင်းမှ စာကြောင်းများအဖြစ် ပြောင်းလဲသွားလေသည်။

“ဒါကဘာလဲ”

ရုတ်တရက် အပြောင်းအလဲက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ အဆုံးသတ်လေးခု သိုင်းအရှင်နှင့် အထီးကျန်တိတ်ဆိတ် ဘိုးဘေးတို့က ပေတစ်ရာအကွာသို့ ရောက်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် သူတို့သည် အခြေအနေကို သတိထားမိသဖြင့် နောက်ပြန်လှည့်ကြည့်မိကြခြင်းဖြစ်သည်။

“ဒီစကားလုံးတွေက ဘာကိုဆိုလိုတာလဲ။ ဘယ်သူ ဖတ်တတ်လဲ”

ပတ်ဝန်းကျင်မှ လူအုပ်က ဝရုန်းသုန်းကား ဖြစ်နေသည်။ ရတနာမြေပုံကြောင့် ပေါ်လာသော စကားလုံးများက အရေးကြီးသော အချက်အလက်များကို သယ်ဆောင်ထားမည်မှာ သေချာသည်။ သို့သော် သူတို့က ထိုမျှအထိ အသက်အရွယ် ကြီးရင့်နေသည့်တိုင်အောင် မည်သူကမှ မဖတ်တတ်ကြပေ။

ဝမ်ချောင်က နားလည်နေသလိုမျိုး မျက်ခုံးကိုပင့်သည်။ သူသည်လည်း ထိုထဲမှ စကားလုံးအချို့ကို မှတ်မိသည်။ သို့သော် လူအများက ကြည့်ရှု့နေသောကြောင့် သူသည် ဘာစကားမှ ထပ်မပြောလိုက်ပေ။

ထိုစာသားများက လေထဲတွင် အနည်းငယ်ခန့် ဝဲပျံလျှက်ရှိနေပြီး စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ပျောက်ကွယ်သွားသည်။

“သွားရအောင်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အင်္ကျီလက်ကို တစ်ချက် ခါယမ်းသည်။ သူသည် ရတနာမြေပုံ ခြောက်ခုလုံးကို အင်္ကျီလက်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် ဝမ်ချောင်၏ ပုခုံးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သူသည် ဝင်္ကပါအကြီးအကဲကိုခေါ်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏အနောက်ဘက်မှ ဝူရှန်းရွာသူကြီး၏ ခန္ဓာကိုယ်ကလည်း လိုက်ပါသွားလေသည်။

ဝှစ်

မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် သိုင်းပညာရှင် ထောင်ကျော်ခန့်ရှိသော ဒီလူအုပ်ကြီးက အနောက်မြောက်ပိုင်းထံသို့ စတင်ကာ ဦးတည်ကြသည်။

“သူတို့က မူလအမရ ရတနာကို ရှာနိုင်မဲ့ မြေပုံတစ်ခုလုံးကို ရသွားကြတာပဲ။ ငါတို့ထွက်သွားကြမလား။ နောက်က လိုက်ကြမလား”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ် ဒုအရှင် ရှဲ့ကွမ်းထင်က တဖြည်းဖြည်းချင်းစီ ရှေ့ထွက်လာရင်း တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့သော မျက်နှာထားမျိုးဖြင့် ပြောလေသည်။

မူလအမရ အရှင်သခင်က ချန်ထားရစ်ခဲ့သော ထိုမြေပုံက စစ်မှန်သည်ဖြစ်စေ၊ အတုအပဖြစ်စေ၊ ရတနာသိုက်ကို ဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ရှဲ့ကွမ်းထင်၏စိတ်ကို လှုပ်ခါအောင် လုပ်နိုင်ပုံမပေါ်ချေ။ ရှဲ့ကွမ်းထင်သည် စုန့်ယွမ်ယွီ၏ အကောင်းမွန်ဆုံးသော လက်ထောက်တစ်ယောက် ဖြစ်သလို မည်သည့် အခြေအနေမျိုးတွင်မဆို သူ့အား အကောင်းဆုံး အသန်မာဆုံး လက်တစ်ဖက်ဖြင့် ကမ်းလှမ်းပေးနေကြောင်းဖြစ်သည်။

လေပြင်းက တိုက်ခတ်လာပြီး ရှင်းလင်းသောပြင်ကျယ်ကို ဟိန်းဟောက်ကာ လွှမ်းခြုံသွားသည်။ ထိုသိုင်းပညာရှင်ပေါင်း များစွာ၏ ထွက်ခွာမှုနှင့်အတူ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ တပည့်ဂိုဏ်းသားများဟာ ကျန်ရစ်ကြတော့သည်။

လူတိုင်းက စုန့်ယွမ်ယွီ၏အမိန့်ကို စောင့်နေကြသည်။

“ထွက်သွားရမယ် ဟုတ်လား ငါတို့က ဘာလို့ထွက်သွားရမှာလဲ။ မူလအမရအရှင်ရဲ့ ရတနာသိုက်က ပွင့်တော့မှာ။ ငါတို့ အနည်းဆုံး ရတနာတစ်ပိုင်းရအောင် စုစည်းနိုင်ခဲ့တာပဲ။ ဒီတော့ ဘာလို့ သွားမကြည့်ရမှာလဲ”

သူ၏မျက်ဝန်းက ဓားသွားများကဲ့သို့ တောက်ပနေသည်။ စုန့်ယွမ်ယွီက နောက်ဆုံးတွင် အမိန့်ထုတ်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အဖွဲ့ဝင်တိုင်း အခုချက်ချင်း ထွက်ခွာဖို့ ပြင်ဆင်တော့”

ဘန်း

စုန့်ယွမ်ယွီက ရှေ့သို့တစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် ဖုန်လှိုင်းအသွင် ပြောင်းလဲ၍ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏နောက်မှ ရှဲ့ကွမ်းထင်ကလည်း လေထဲသို့ ခုန်တက်လိုက်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်၏ အရှင်နှင့် ဒုအရှင်ကိုယ်တိုင်က လမ်းကိုဦးဆောင်သွားသောကြောင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ တပည့်ဂိုဏ်းသားများကလည်း အနောက်မြောက်ပိုင်းသို့ စတင်ကာ လိုက်ကြလေသည်။

....

နာရီဝက်နီးပါးခန့် ကြာပြီးနောက် ရတနာမြေပုံပေါ်မှ ကြယ်စင်က ညွှန်ပြထားသည့် နေရာတွင် သိုင်းပညာရှင်ပေါင်း များစွာက စုစည်းနေကြသည်။ သူတို့အားလုံးက ထိုနေရာအနှံ့ လိုက်ရှာနေကြသည်။

သိုင်းပညာရှင် တစ်ယောက်ချင်းစီတိုင်းက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသလို လောက၏ နံပါတ်တစ် မူလအမရသိုင်းကိုလည်း ရေရှည်သတ်မှတ်နေကြသည်။

“ရှာတွေ့ပြီ”

လူတစ်ယောက်က ထအော်သည်။ ဘေးနားတွင်ရပ်နေသော သိုင်းပညာရှင်က ကြီးမားသော ကျောက်တုံးကြီးကို ညွှန်ပြရင်း အခြားသောသူများကို လက်ယမ်း၍ လှမ်းခေါ်လိုက်သည်။ သို့သော် အခြားသော ဦးတည်ရာဘက်များမှလည်း သတင်းများထွက်လာသည်။

“ချန်နန်းတော်၊ လီနန်းတော် မင်းတို့ကောင်တွေ အရှေ့တောင်ပိုင်းကို တစ်ချက်ကြည့်”

လူအုပ်၏အလယ်မှ ဝင်္ကပါကို အနည်းငယ် နားလည်ပုံရသည့် သိုင်းပညာရှင် တစ်ယောက်က ထိုနေရာတစ်ခုလုံးကို ရှာဖွေရန် လူအုပ်ကို လမ်းညွှန်ပေးနေသည်။

“ကြည့်ရတာ ငါတို့ဘာမှလုပ်ဖို့ မလိုအပ်ဘူးပဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝမ်ချောင်၊ ဝူရှန်းရွာသူကြီးနှင့် ဝင်္ကပါအကြီးအကဲတို့က ဘေးဘက်တွင် ရပ်နေကြသည်။

သူတို့၏ ဝေးကွာသော ရပ်တည်မှတ်မှတဆင့် ထိုနေရာဟာ အထူးတလည် ပျံ့နေကြောင်း မြင်နိုင်သည်။ တောင်ပိုင်းအစွန်နားတွင်ရှိသော မော့ဟယ်ရန် ကန္တာရထံမှ ဒီတိုက်ခတ်မှုကြောင့် လွင့်စင်လာပုံရသည့် ကျောက်သားများ၊ ကျောက်စရစ်ခဲများကလွဲရင် အခြားသောနေရာများ အားလုံးက ပြန့်ပြူးနေလေသည်။ ထို့ကြောင့် မူလအမရအရှင် ရတနာနှင့် ဆက်စပ်နေလောက်သည့် မည်သည့်အရာမှ ရှိပုံမရချေ။

ဝမ်ချောင်၏အဖွဲ့ကလည်း သူတို့က ဝင်ရောက်ရန် လိုအပ်သည်ဟု ယုံကြည်ထားကြသော်လည်း သူတို့ကိုယ်တိုင်တောင် အမှန်တကယ် အံ့ဩသွားရလေသည်။ ထိုသိုင်းပညာရှင် ထောင်ပေါင်းများစွာက ထိုနေရာတစ်ခုလုံးကို ပူးပေါင်းကာ ရှာဖွေနေသောကြောင့် ပုံမှန်မဟုတ်သော အသေးစိတ် အချက်အလက်များ အားလုံးက လှန်လောရှာဖွေခံရခြင်းအားဖြင့် မြေပြင်မှ အချို့သော ပစ္စည်းများကိုပင် တူးထုတ်ရရှိမိလေသည်။

သိုင်းပညာရှင်ပေါင်း များစွာက စုစည်းရောက်ရှိနေကြသည်။ ထိုထဲတွင် အလွန်ထူးချွန်သော ပါရမီစွမ်းရည်ကို ပိုင်ဆိုင်ထားသော လူအနည်းစုသာ ရှိနေသည်။ ထိုလူများက ဝင်္ကပါပေါ် နားလည်သဘောပေါက်မှုနှင့် နှိုင်းယှဉ်သော် ဝင်္ကပါအကြီးအကဲကို မယှဉ်နိုင်သည့်တိုင်အောင် သူတို့က အတူပူးပေါင်းလိုက်သောအခါ ဝင်္ကပါအကြီးအကဲကပင် မလုပ်နိုင်လောက်သည့် သက်ရောက်မှုမျိုးကို ရရှိသွားစေသည်။

ထို့ကြောင့် တခဏခန့်သာ ကြာသေးသည်။ လူတိုင်းကလည်း မြေအောက်ဘက်တွင် ပုန်းကွယ်နေသော ကြီးမားလွန်းသည့် စက်ဝိုင်းပုံသဏ္ဍန် ဝင်္ကပါကြီးကို ရှာတွေ့သွားကြသည်။ ထိုဝင်္ကပါက မရေမတွက်နိုင်အောင် ကြီးမားသည့် ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားကာ အချင်းက ကီလိုမီတာ တစ်ဆယ်ကျော်ခန့်အထိ ရှိနေလေသည်။ သူတို့သည် မြေပုံထဲမှ ညီမျှမှုကိုတောင် မရရှိထားဘဲ သိုင်းပညာရှင်များစွာက ပူးပေါင်းထားသောကြောင့်သာ မဟုတ်လျှင် ထိုနေရာကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ဝင်္ကပါအကြီးအကဲကလည်း ဝရုန်းသုန်းကား အခြေအနေကို ကြည့်နေရင်းမှ ရုတ်တရက် ထပြောသည်။

“မမှားနိုင်ဘူး ဒီနေရာက မူလအမရဝင်္ကပါထက် အဆတစ်ဆယ်ကျော်လောက် ကြီးတဲ့ ရှေးဟောင်းဝင်္ကပါကြီးပဲ။ ဒီဝင်္ကပါက ကြီးလွန်းလို့ ငါတို့အားလုံး ဖော်ဖို့တောင် မဖြစ်နိုင်ဘူး”

“ဒါပေမဲ့ ငါ့ရဲ့အမြင်အရ မူလအမရ အရှင်က ဒီလောက်ကြီးမားတဲ့ ဝင်္ကပါကို ချသွားနိုင်မှာမဟုတ်ဘူး။ ဒီတော့ ငါ့ရဲ့ထင်မြင်ချက်အရ သူက ဒီနယ်မြေရဲ့ မြေမျက်နှာသွင်ပြင် အနေအထားနဲ့ ပိုင်နက်နယ်မြေကို ချေးငှားယူခြင်းအားဖြင့် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို ထိန်းချုပ်သွားတာဖြစ်မယ်”

“ဒီလိုနည်းလမ်းအားဖြင့် သူက ဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထိန်းချုပ်ဖို့ လိုအပ်လိမ့်မယ်။ အဲ့ဒီလိုနဲ့ အခြားနယ်မြေတွေရဲ့ လွှမ်းမိုးမှုကိုသုံးပြီး ကြီးမားတဲ့ ဝင်္ကပါကြီးကို ချခင်းသွားတာပဲ။ အဲ့ဒီလိုနဲ့ သဘာဝ ဝင်္ကပါတစ်ခုလို့တောင် ခေါ်လို့ရတယ်”

“ဒါပေမဲ့ ဒီဝင်္ကပါကို အုပ်စိုးနေတဲ့ စည်းမျဉ်းတွေနဲ့ ရည်ရွယ်ချက်ကိုတော့ အတည်မပြုနိုင်သေးဘူး”

“သဘာဝဝင်္ကပါဟုတ်လား”

ဝမ်ချောင်ကပင် ဝင်္ကပါအကြီးအကဲ၏ စကားများကြောင့် မှင်သက်သွားသည်။

“အွန်း သဘာဝဝင်္ကပါက သဘာဝကိုယ်တိုင်နဲ့ တူညီလွန်းလို့ ယခုလို ပေးထားတာပဲ။ ဒီလိုဝင်္ကပါမျိုးကို ဖန်တီးတဲ့ ရှေးဟောင်းနည်းလမ်းက ပျောက်ဆုံးနေခဲ့တာ တော်တော်ကြာပြီ။ အခုဆိုရင် ဘယ်သူကမှ မလုပ်တတ်ကြတော့ဘူး”

ဝင်္ကပါအကြီးအကဲက ပေါ်လာသော ကျောက်တုံးဝင်္ကပါကို ကြည့်နေသည်။ ထို့နောက် သူသည် တအံ့တဩဖြင့် သက်ပြင်းတချချ ပြုနေလေသည်။ သူဟာ မူလအမရ အရှင်သခင် ချန်ထားရစ်ခဲ့သော ပစ္စည်းများကို မြင်ရလေလေ ပို၍ ကြောက်ရွံ့ရိုသေ လေးစားလာမိလေလေဖြစ်သည်။

“ဒီလောက် အင်အားကြီးမားတဲ့ ဝင်္ကပါကြီးက အချိန်အောက်မှာ ပျောက်သွားတာ နှမြောစရာပဲ”

ဝမ်ချောင်ကပြုံးသည်။

“ဟင်း စီနီယာကျိုး စိတ်အေးအေးထားပါ။ ဒီဝင်္ကပါကိုသာ ဖွင့်လို့ရရင် ဝင်္ကပါနက် ပုံစံခွက်ကို ရအောင်ယူဖို့ နည်းလမ်းတစ်ခု ရှာပေးနိုင်ပါတယ်”

သူသည် သဘာဝအလျောက်ပင် ဝင်္ကပါအကြီးအကဲ၏ အတွေးကို နားလည်သည်။ ထိုအမျိုးသားသည် သိုင်းပညာကို စိတ်မဝင်စားပေ။ သို့သော် သူသည် မူလအမရအရှင်၏ ပျောက်ဆုံးနေသော ဝင်္ကပါနက် ပုံစံခွက်ကို အလွန်အမင်း စိတ်ဝင်စားလေသည်။

“ဟေး ကောင်စုတ်လေး အဲ့ဒီလိုဆိုမှတော့ ဒီအဘိုးကြီးက ယဉ်ကျေးမနေတော့ဘူး”

ဝင်္ကပါအကြီးအကဲက ချက်ချင်းဆိုသလိုပင် အင်အား တက်ကြွသွားသည်။ သူသည် လက်ညိုးတစ်ချောင်းညွှန်လျှက် အရှေ့သို့ထိုးပြရင်း ဘယ်ဘက်ခြမ်းသို့ တဖန်ပြန်လည် ထောက်ပြသည်။

“ငါ့ရဲ့ခန့်မှန်းမှုကသာ မှန်ကန်မယ်ဆိုရင် ဝင်္ကပါကို အသက်သွင်းရမဲ့ အမြူတေက အဲ့ဒီမှာပဲ”

မည်သည့်အချိန်ကမှန်းမသိ ဘေးဘက်ခြမ်းတွင် စောင့်နေသော သိုင်းပညာရှင်တစ်ယောက်က ဝင်္ကပါ အကြီးအကဲ၏ စကားကို ကြားသွားသည်။

ထိုအဖွဲ့သည် မိစ္ဆာဧကရာဇ်နှင့်အတူ ခရီးထွက်လာသော ထိုဝင်္ကပါအကြီးအကဲကို လေးစားမှုအနည်းငယ် ရှိလေသည်။ သိုင်းပညာရှင် အများစုကလည်း ဝင်္ကပါအကြီးအကဲ ညွှန်ပြသောနေရာကို စတင်ကာ တူးကြသည်။

“တကယ်ကို ဒီနေရာမှာ တစ်ခုခု ရှိနေတာပဲ”

မြေပြင်ကို တူးထုတ်ခံရပြီးသည်နှင့် သိုင်းပညာရှင်များသည်လည်း ထိုနေရာတွင် ပြိုလဲကျနေသော ကျောက်တိုင်များကို မြင်လိုက်ရသည်။ ကျောက်တိုင်များတွင် အဓိပ္ပာယ်ဖော်ရခက်သော စကားလုံး အချို့နှင့်အတူ ထူးဆန်းသော သင်္ကေတများကို ထွင်းထုထားလေသည်။ ထိုကျောက်တိုင်များ၏ အခြေအနေကို အကဲခတ်ကြည့်ခြင်းအားဖြင့် ရာစုနှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပုံပေါ်သည်။ သို့မဟုတ် နှစ်ထောင်ကျော်နိုင်သည်။

“ဒါကဒီလောက်ထိ မရိုးရှင်းဘူး။ မူလအမရ အရှင်က ရတနာမြေပုံကို ချန်ထားရစ်ခဲ့တယ်။ မူလအမရ ဝင်္ကပါကိုလည်း ထားရစ်ခဲ့ပြီး ဒီရှေးဟောင်းဝင်္ကပါကိုလည်း ထားထားခဲ့တယ်ဆိုတော့ သူသင့်တော်တဲ့ စီစဉ်မှုတွေကို လုပ်သွားခဲ့မှာပဲ။ ဒီတော့ ရတနာကိုဖွင့်ဖို့ နည်းလမ်းမရှိတာမဟုတ်ဘဲ မှန်ကန်တဲ့နည်းလမ်းကို ရှာမတွေ့သေးတာဖြစ်မယ်”

ဝင်္ကပါအကြီးအကဲကပြောသည်။ သူဟာ မျက်လုံးကို တဖန်မှိတ်လိုက်ပြီးနောက် လက်ချောင်းများကိုလှုပ်ကာ စတင်ကာ တွက်ချက်သည်။

...

“မဟာမိတ်အရှင် ဒီကောင်တွေက ရတနာကို တကယ်ရှာနိုင်မယ်လို့ထင်လား”

ဝင်္ကပါအကြီးအကဲက စတင်ကာ တွက်ချက်နေချိန်တွင် မျက်လုံးတစ်စုံက တိတ်တဆိတ် ကြည့်လာသည်။ ခပ်နိမ့်နိမ့် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေသော စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က ဘေးချင်းယှဉ်လျှက် ရပ်နေပြီး စစ်ခွန်းယွမ်ကျားနှင့် အခြားသော မဟာမိတ် အကြီးအကဲများ အားလုံးက သူတို့ကို ဝိုင်းနေကြသည်။

လူတိုင်းကလည်း မူလအမရ ရတနာသိုက်ကို တူးထုတ်နေသည့်နေရာကို အထူးတလည် စောင့်ကြည့်နေကြချိန်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကသာ မလှုပ်ရှားဘဲ ရှိနေကြခြင်းဖြစ်သည်။

ထိုနေရာဘက်တွင် လှုပ်ရှားမှု အလွန်များနေသည်။ သို့သော် မူလအမရ ရတနာက ပွင့်မည့်လက္ခဏာ မပြသေးချေ။

“အလျင်လိုစရာမလိုဘူး စောင့်ကြည့်ရအောင်”

စုန့်ယွမ်ယွီ၏အကြည့်က အဝေးမှ လူငယ်ဆီရောက်သွားသည်။ သူ၏အမူအရာက တည်ငြိမ်သည်။

စုန့်ယွမ်ယွီသည်လည်း အမျိုးမျိုးသော သိုင်းပညာရှင်များ၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုက မည်မျှအထိ သက်ရောက်မှု ကောင်းမွန်ကြောင်း နားလည်သည်။ ထို့ကြောင့် ရတနာကို ရှာတွေ့သည်ဖြစ်စေ၊ ရှာမတွေ့သည်ဖြစ်စေ အဆုံးသတ်မှာ ရလဒ်က ခါးသီးသောတိုက်ပွဲ ဖြစ်ပေလိမ့်မည်။ ထို့နောက် ပြီးပြည့်စုံသော တိုက်ခိုက်ရမည့် အချိန်မျိုးက ပေါ်ထွက်လာပေလိမ့်မည်။

မင်းဘယ်လောက် ကြာကြာခံမလဲ ကြည့်ရအောင်။

စုန့်ယွမ်ယွီ၏ မျက်လုံးက တခဏခန့် လင်းလက်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

...

တခဏခန့်ကြာပြီးနောက် ဝင်္ကပါအကြီးအကဲက မျက်လုံးကိုပြန်ဖွင့်ပြီး ပြန်မှိတ်ပေသည်။

“အနောက်တောင်ပိုင်း ပထမကျောက်တုံးတိုင်ကို တွန်းလိုက်”

ခြိမ်း

သိုင်းပညာရှင်များကလည်း အနောက်တောင်ပိုင်းမှ ကျောက်တုံးတိုင်တစ်ခုကို တွန်းလိုက်သည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် မြေကမ္ဘာက ဝုန်းကနဲ မြည်ဟီးလာကာ အနောက်တောင်ပိုင်းသို့ သွားသော မြေပြင်က ရုတ်တရက် ပွင့်ထွက်သွားသည်။ ရုတ်တရက် ကျောက်တုံးတိုင်၏ တစ်ဝက်ကျော်ကျော်ခန့်က မြေပြင်ထဲမှ ပေါ်ထွက်လာလေသည်။

“အရှေ့တောင်ပိုင်း ဒုတိယနဲ့ တတိယတိုင်ကိုတွန်း”

ဝင်္ကပါအကြီးအကဲက ထပ်ပြီး အမိန့်ပေးသည်။

ခြိမ်း

မြေကမ္ဘာက တုန်ခါသွားပြန်ပြီး နောက်ထပ် တိုင်များက ပေါ်ထွက်လာပြန်သည်။

“အရှေ့ဘက် ခုနှစ်တိုင်မြောက်...”

“တောင်ဘက် လေးတိုင်မြောက်...”

ထိုသို့ဖြင့် သိုင်းပညာရှင်များက ဝင်္ကပါအကြီးအကဲ၏ အမိန့်အတိုင်း လိုက်လံလုပ်ဆောင်နေရင်း ကျောက်တုံးတိုင် တစ်ခုပြီးတစ်ခုကို တွန်းကြကာ မြေပြင်က တုန်ခါ၍ ညဉ်းညူသံကိုပင် လွှတ်ထုတ်လာလေသည်။

ဒါဟာ အစဉ်အဆက် သက်ရောက်မှု ဖြစ်ပေါ်သွာစေသကဲ့သို့ တခဏခန့် ကြာပြီးရုံဖြင့် ကျောက်တုံးတိုင်ပေါင်း များစွာက ပေါ်ထွက်လာသည်။ တစ်နာရီနီးပါးခန့် ကြာပြီးနောက် ဝင်္ကပါကြီး တစ်ခုလုံးက ပေါ်ပေါ်လာပြီဖြစ်သည်။ ဝင်္ကပါအကြီးအကဲက အမိန့်များထုတ်နေရင်း ဝင်္ကပါက ဆက်လက်ကာ ပြောင်းလဲနေသည့်အလျောက် ဝင်္ကပါ၏ အလယ်ဗဟိုမှ ကျောက်တိုင်လေးခုက အသက်ဝင်လာသလိုမျိုး ဝင်းမွတ်လာလေသည်။

ရုတ်တရက် မြေပြင်က ကြီးမားစွာ လှုပ်ခါလာပြီး တိုင်ကြီးလေးတိုင်၏ အောက်ဘက်မှ တစ်စုံတစ်ရာဟာ ပေါ်ထွက်လာလုနီးပါး အရိပ်အယောင် ပြလာလေသည်။

+++++

အခန်း(၁၄၃၅)

“အဲ့ဒီကိုကြည့်”

“ယစ်ပုလ္လင် ယစ်ပုလ္လင်တစ်ခုပဲ”

မီးမြိုက်ခံရသလိုမျိုး ကျွတ်ကျွတ်ဆူနေသော လူအုပ်က ကျောက်တုံးတိုင် လေးတိုင်အောက်ဘက်မှ မြောက်တက်လာသည့် ရှေးဟောင်း ယစ်ပုလ္လင်ကြီးကိုမြင်ပြီး အုပ်အော်သောင်းနင်း ဖြစ်သွားကြသည်။

ထိုယစ်ပုလ္လင်ကြီးသည် အလွန်အမင်း အိုဟောင်းနေသည်။ အပြင်ဘက်ခြမ်းတွင် တိမ်စိုင်နှင့် ရှေးဟောင်း သားရဲပုံများကို ထွင်းထုထားသော်လည်း ထိုယစ်ပုလ္လင်ကြီး တစ်ခုလုံးက သံချေးတက်ကာ ပျက်စီးနေလေသည်။

ထိုယစ်ပုလ္လင်က လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

“တစ်ချက်သွားပြီး ကြည့်ရအောင်”

အနောက်တောင်ပိုင်းမှ အရိုးနတ်ဆိုးဘိုးဘေး၏ မျက်လုံးက တစ်ချက်လက်ပြီး ယစ်ပုလ္လင်ပေါ်သို့ ခုန်တက်လိုက်သည်။ သူသည် သူ၏အနောက်ဘက်မှ ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် အဆုံးသတ်လေးခု သိုင်းအရှင်တို့အပြင် အခြားသော သိုင်းပညာရှင်များကလည်း လိုက်သွားကြသည်။ ထိုသို့ဖြင့် ကြီးမားသော ရေလှိုင်း တစ်အုပ်ကဲ့သို့ လူအုပ်ကြီးက ဝင်္ကပါ၏ အလယ်သို့ ပြုံတိုးဝင်သွားသည်။

ယစ်ပုလ္လင်၏ ပတ်ဝန်းကျင်နေရာက သိုင်းပညာရှင်များဖြင့် ပြည့်နှက်သွားသည်။

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်တို့က ဘေးချင်းယှဉ်လျှက်လျှောက်ရင်း နောက်ဆုံးမှ ဝင်သွားလိုက်ကြသည်။

ယစ်ပုလ္လင်၏ အလယ်ဗဟိုနေရာရှိ ကျောက်တိုင်လေးခုအကြားတွင် ကြေးနီရောင် တိုင်ကြီးတစ်လုံးရှိသည်။ ထိုတိုင်ကြီးက လုံးဝိုင်းနေသည်။ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ယစ်ပုလ္လင်ပေါ်သို့ လျှောက်ဝင်လာသည့် အချိန်တွင် လူတိုင်းက သူတို့ကို ကြည့်လာကြသည်။

“မိစ္ဆာဧကရာဇ်၊ သခင်လေးဝမ် ငါတို့မင်းတို့ကို စောင့်နေတာ”

ဝမ်ချောင်က ယစ်ပုလ္လင်ပေါ်သို့သာ တက်ရုံရှိသေးသည် ယင်နက်ဘိုးဘေးက ရုတ်တရက် မြွေဟောက် တစ်ကောင်ကဲ့သု့ိ ဆိုးယုတ်သော အသံမျိုးဖြင့် လှမ်းပြောသည်။

“သခင်လေး မြေပုံခြောက်ခုလုံးက မင်းဆီမှာပဲ။ ဖွင့်မဲ့နည်းလမ်းကလည်း မင်းဆီမှာပဲဖြစ်လိမ့်မယ်”

အထီးကျန်တိတ်ဆိတ် ဘိုးဘေးက ပြောသည်။

အနီးအနားရှိ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့ကလည်း ဝမ်ချောင်ကို ကြည့်ကြသည်။

လေထုအခြေအနေက ထူးဆန်းလာသည်။ အဆုံးသတ်လေးခု သိုင်းအရှင်ကပင် ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်လုံးထဲတွင် မရေမတွက်နိုင်သော အတွေးများက ဖြတ်ပြေးသွား၏။ ယစ်ပုလ္လင်ကို ဝိုင်းထားသော သိုင်းပညာရှင် ထောင်ပေါင်းများစွာက ဝမ်ချောင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

“ဝမ်ချောင်”

ဝင်္ကပါအကြီးအကဲက ဝမ်ချောင်၏ အင်္ကျီလက်ကိုဆွဲသည်။ မျက်နှာက ထိတ်လန့်လာ၏။

မြေပုံခြောက်ခုကိုလည်း ရှာတွေ့ပြီ။ မူလအမရ ရတနာသိုက်ရဲ့ တည်နေရာကလည်း ပေါ်ထွက်လာပြီးကတည်းက အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုဆိုသော အရာက မတည်ရှိတော့သည်မှာ ကြာပြီဖြစ်သည်။ ထိုသို့ဖြင့် အကွက်ချ ကြံစည်မှုများအသွင် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်မှ အုံနေသော သိုင်းပညာရှင်များ၏ အမူအရာများကလည်း စတင်ကာ ပြောင်းလဲလာသည်။

မူလအမရသိုင်းရဲ့ လှုံ့ဆော်မှုကို ဘယ်သူက တောင့်ခံပြီး လောကရဲ့ နံပါတ်တစ် မဖြစ်ချင်ကြလို့လဲ။

“ဟွန်း မင်းတို့က ဒီအဘိုးကြီးရဲ့ရှေ့မှာ ဘယ်လိုအသေခံတဲ့ လုပ်ရပ်တွေ လာလုပ်နေလဲဆိုတာကို ကြည့်ဦးမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လွှမ်းမိုးကာ မင်းမူလွန်းသော အသံမျိုးဖြင့်ပြောသည်။

လူတိုင်း၏ အမူအရာက ရုတ်တရက် တောင့်တင်းသွားသည်။ စုန့်ယွမ်ယွီနှင့် ရှဲ့ကွမ်းထင်တို့က မျက်မှောင်ကျုံ့သည်။ ထိုသို့ဖြင့် သေစေနိုင်လောက်သော ခြိမ်းခြောက်မှုတစ်မျိုးက ကြီးစိုးလာလေသည်။

ယခုအခါ မိစ္ဆာဧကရာဇ် လူအိုကြီး၏ အရှိန်အဝါကို သိုင်းပညာလောကမှ လူတိုင်းက မှတ်မိနေသေးသည်။

“ဟွန်း မိစ္ဆာဧကရာဇ် ဒီလောက်လူအများကြီး ရှိနေတာ မင်းနဲ့ မင်းတပည့်က အရာအားလုံးကို မင်းတို့ဘာသာ ယူဖို့အတွက်ကြောင့်နဲ့ လှည့်ကွက်တွေတော့ လာမချဘူးမဟုတ်လား”

ယင်နက်ဘိုးဘေးက အေးစက်စွာရယ်သည်။

“အားလုံးပဲ မိစ္ဆာဧကရာဇ်က မူလအမရသိုင်းကို သူတစ်ယောက်ထဲအတွက် လိုချင်နေတယ်။ မင်းတို့တွေ လက်ခံမှာလား”

“လက်မခံပါဘူး”

လူတိုင်းက တစ်ပြိုင်တည်းအော်သည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက်ပြောသည်။

“အားလုံးပဲ စိတ်အေးအေးထားကြဦး။ မူလအမရ ရတနာသိုက်က ဖွင့်ရသေးတာ မဟုတ်ဘူး။ အခုက အချင်းချင်း တိုက်ခိုက်ဖို့ အချိန်မကျသေးဘူး”

သူဟာ ခေါင်းလှည့်၍ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်ကို ကြည့်သည်။

“လူကြီးမင်းတို့ ငါတို့က ဒီလောက်ခက်ခက်ခဲခဲ ကြိုးစားပြီး ရတနာမြေပုံ ခြောက်ခုကို ရအောင် စုစည်းခဲ့ရတာ။ နောက်ဆုံးတစ်ခုပဲ လိုတော့တာ။ ရတနာမြေပုံက ပွင့်သွားတာနဲ့ ငါတို့အချင်းချင်း ငါတို့ရဲ့ စွမ်းရည်တွေကို စစ်ဆေးလို့ရပြီ။ ဆိုတော့ မိစ္ဆာဧကရာဇ် မင်းဘယ်လိုထင်လဲ”

မိစ္ဆာဧကရာဇ်က ဘာစကားမှမပြောဘဲ ဝမ်ချောင်ကိုသာ ကြည့်သည်။

“ဟွန်း အားလုံးက အတွေးလွန်နေကြတာပဲ။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးကြပါ။ ငါက ရတနာသိုက်ကို ဖွင့်ပေးမှာပါ”

ဝမ်ချောင်က ပြုံးပြီး ရှေ့သို့လျှောက်လာသည်။

သူ၏တည်ငြိမ်သော မျက်နှာပြင်အောက်တွင် အားလှိုင်းများက လိမ့်ထွက်နေသည်။ သို့သော် ယခုအချိန်အထိ မည်သူကမှ ထိုးနှက်ချက်ဖြင့် မစတင်ရသေးပေ။

လူတိုင်းကလည်း ဝမ်ချောင်က ယစ်ပုလ္လင်၏ အလယ်သို့ တဖြည်းဖြည်းချင်းစီ လျှောက်သွားပြီး ကျောက်တုံးတိုင်၏ အရှေ့တွင် ရပ်လိုက်ကြောင်း မြင်လိုက်ကြရသည်။

ထိုကျောက်တုံးတိုင်က တစ်မီတာခန့်မြင့်သည်။ လိမ်ကောက်နေသော သင်္ကေတများနှင့် ရှုပ်ထွေးသော ကျမ်းစာများကိုလည်း အပြည့်ထွင်းထုထားသေးပြီး ငှက်တံဆိပ် ကျမ်းစာထက် ပို၍ရှေးကျသော စကားလုံးများကိုပင် မြင်ရသည်။

တိုင်၏ အပေါ်ယံပေါ်တွင် မည်သည့် စက်ကိရိယာကိုမှ မမြင်ရချေ။ ထို့ကြောင့် ထိုလုံးဝိုင်းသော ကျောက်တုံးတိုင်ကြီးက မူလအမရအရှင်ရဲ့ ရတနာသိုက်ကို ဖွင့်ရန် အသုံးပြုနိုင်မည်ဟု မတွေးနိုင်ကြပါချေ။

“ငါတို့ သေချာကြည့်ပြီးပြီ။ အရေးကြီးတာ ဘာကိုမှ ရှာမတွေ့ဘူး”

အဆုံးသတ်လေးခု သိုင်းအရှင်က မှတ်ချက်ချသည်။

“ဒါပေမဲ့ မူလအမရအရှင်ရဲ့ စွမ်းရည်မျိုးနဲ့ဆိုရင် သူက သဲလွန်စတစ်ခုကိုတောင် ချန်ထားရစ်ခဲ့မှာမဟုတ်ဘူး။ ဒီတော့ သခင်လေးဝမ် မင်းက မူလအမရ ဝင်္ကပါကို ဖြည်နိုင်ခဲ့ပြီး ရတနာတွေကို ယူနိုင်ခဲ့တဲ့လူပဲ။ ဆိုတော့ ဒီဝင်္ကပါကို ဖွင့်ဖို့က မင်းအပေါ်မူတည်သွားပြီ”

ထိုစကားလုံးများက လူတိုင်းအား ဝမ်ချောင်ကို အာရုံစိုက်စေသည်။

လူတိုင်းကလည်း တိတ်ဆိတ်နေကြသည်။ ဝမ်ချောင်က ကြေးနီရောင်တိုင်ကို တိတ်တဆိတ် လေ့လာနေ၏။ သို့သော် သူသည်ပင် အပေါ်ယံပေါ်မှ သိသာထင်ရှားသော အချက်အလက်များကို သတိမထားမိပေ။ ဝမ်ချောင်သည် မူလကမူ စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးက သော့ချက်ဖြစ်မည်ဟု ထင်ထားသည်။ သို့သော် ထိုပုလဲလုံးကို ထပ်ရပ် နေရာတစ်ခုကိုမှ မတွေ့ပါချေ။

“ဟွန်”

ရုတ်တရက် သူ၏မျက်လုံးက တိုင်ထိပ်ပေါ်ရှိ ပုံစံတစ်ခု၏ အရိပ်ကိုမြင်လိုက်ပြီး စိတ်အတွင်းတွင် အတွေးတစ်ခုက ပေါ်ထွက်လာသည်။

ထိုနေရာက အစပိုင်းတွင် ဝမ်ချောင် အနည်းငယ်သာ သတိထားမိလောက်သည့် သားရဲတစ်ကောင်၏ အရိပ်လေးဖြစ်သည်။ သို့သော် ယခုအခါ ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုးကို ရလိုက်သည်။ ဝမ်ချောင်သည် ချက်ချင်းဆိုသလိုပင် သူ၏အင်္ကျီ ဝမ်းဗိုက်ထဲမှ အနက်ရောင် သားရဲရုပ်ထုလေးကို ထုတ်လိုက်သည်။

သူသည် ထိုရုပ်ထုကို ပိုင်ဆိုင်ထားသည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သည်။ သို့သော် စွမ်းအင်သိပ်သည်းခြင်း ဆေးလုံးနှင့် မတူညီစွာပင် ဝမ်ချောင်က ထိုရုပ်ထုရဲ့ အသုံးဝင်မှုကို ရှာမတွေ့ခဲ့သေးချေ။ ဆရာဖြစ်သူနှင့် ဝူရှန်းရွာသူကြီးတို့ကပင် ဘာကိုမှ ရှာမတွေ့ခဲ့ပါချေ။

ခလွက်

ဝမ်ချောင်က ထိုရုပ်ထုကို ချလိုက်ရုံသာ ရှိသေးသည်။ တိုင်ထဲမှ စွမ်းအားကြီးမားသော ဆွဲစုပ်အားတစ်ရပ်က ပေါ်ထွက်လာပြီး ရုပ်ထုကို လျှင်မြန်စွာ စုပ်ယူလိုက်သည်။

သားရဲတစ်ကောင်၏ အရိပ်လေးကလည်း တဖြည်းဖြည်းချင်းစီ အတွင်းဘက်သို့ ကျွံဝင်သွားပြီးနောက်တွင် ဝမ်ချောင်ထပ်လိုက်သည့် အရုပ်အား ထိုတိုင်ထဲသို့ ခိုင်မြဲစွာဖြင့် ဆွဲကပ်လိုက်လေသည်။

ကလက် ကလက်

ထို့နောက် စက်ကိရိယာများစွာ လည်ပတ်သလိုမျိုး အသံမျိုးက ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် ထိုကြေးနီရောင် ကျောက်တုံးတိုင်ကြီးက ပုလ္လင်ထဲသို့ ပြန်ဝင်သွားလေသည်။

တခဏခန့်ကြာပြီးနောက် နောက်ထပ် ဝုန်းကနဲအသံက ထပ်ထွက်လာသည်။ မြေပြင်ထဲမှ လေးထောင့် ကျောက်တုံးတိုင်တစ်ခုက ထပ်ထွက်လာသည်။ ဒီတစ်ကြိမ်တွင်မူ ထိုတိုင်၏ မျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာပင် လက္ခဏာများက ပီသစွာ ပေါ်လွင်နေသည်။

“သခင်လေးဝမ် မြန်မြန်လေး ရတနာမြေပုံကို ထားလိုက်တော့”

ဝမ်ချောင်၏ အနောက်ဘက်မှ အသံထွက်လာသည်။ သို့သော် ထိုအကြံပေးခြင်း မရှိလျှင်ပင် ဝမ်ချောင်က သူလုပ်ရမည့် ကိစ္စကို ဆက်လုပ်သွားမည်ဖြစ်သည်။ သူက ရတနာမြေပုံခြောက်ခုကို ထိုလေးထောင့် ကွက်လေးထဲတွင် ထည့်လိုက်သည်။

ဝှစ်

မည်သူကမှ အနီးကပ်မကြည့်နိုင်သေးခင် တိုင်ထဲမှ ခရမ်းရောင် မီးတောက်များက ထတောက်လာလေပြီး မြေပုံများကို ပြာအဖြစ် ပြောင်းလဲသွားစေသည်။

“အာ ဘယ်လိုဖြစ်နိုင်မှာလဲ”

ထိုသို့ဖြင့် အနှံ့အပြားမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မည်သူကမှလည်း ယခုလို ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိချေ။

ယခုအခါ မြေပုံခြောက်ခုလုံးက ပြာအဖြစ် လောင်ကျွမ်းသွားလေပြီ။ မူလအမရသိုင်းကို ရရှိရန် ရတနာမြေပုံက ပျောက်ကွယ်သွားပြီဟု ဆိုရပေမည်။

သို့သော် သူတို့က အလွန်အမင်း မအံ့ဩနိုင်သေးခင် သူတို့အားလုံး မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေသော အခြေအနေတစ်ခုက ဖြစ်ပျက်လာသည်။

ခရမ်းရောင်မီးတောက်များကို လွှတ်ထုတ်ပြီးသည်နှင့် ထိုကြေးနီရောင် လေးထောင့်တိုင်ကွက်လေးက ချက်ချင်းဆိုသလို မြေပြင်ထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် စက်ကိရိယာများက လည်ထွက်သွားသလို အသံမျိုးက ထပ်ထွက်လာပြန်သည်။

လူအုပ်က စတင်ကာ အော်ဟစ်ကြသည်။ ယစ်ပုလ္လင်ကြီးကလည်း ရုတ်တရက်ဆိုသလို မြေပြင်ထဲသို့ ပြန်ကျွံဝင်သွား၏။ ထို့နောက် ဝုန်းကနဲအသံနှင့်အတူ အလယ်ဗဟိုဖြစ်လောက်မည့် နေရာတစ်နေရာမှ စတင်ပြီး အခြားသော နေရာများအနှံ့ စတင်ကာ ပျံ့နှံ့ကာ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာလေသည်။

ထိုသို့ဖြစ်နေရင်းမှ စက်များ၏ အချင်းချင်း ရိုက်ခတ်သံ၊ ကွဲအက်သံလို အသံမျိုးကလည်း ထွက်ပေါ်နေသည်။ လူအုပ်က စတင်ကာ ထိတ်လန့်လာကြသည်။

အမည်မသိရသော အရာက ကြောက်စရာကောင်းသော အရာဖြစ်သည်။ အပြောင်းအလဲက မည်သည့် အခြေအနေသို့ ဦးတည်နေကြောင်း မည်သူကမှ မသိနိုင်ကြပေ။

ရုတ်တရက် သိုင်းပညာရှင်တစ်ယောက်က တစ်နေရာကို ညွှန်ပြသည်။

“အဲ့ဒီကိုကြည့်ကြဦး”

ဝမ်ချောင်တို့အားလုံးက လှည့်ကြည့်လိုက်ကြသည်။

သူသည် ရှင်းလင်းစွာပင် အခြေအနေများ အားလုံးကို ယခုလို ပြောင်းလဲသူဖြစ်အောင် လုပ်ခဲ့သူဖြစ်သည့်တိုင်အောင် ဝမ်ချောင်ကိုယ်တိုင်ကပင် အံ့ဩသွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။ တခဏခန့်ကြာသည်အထိ သူ၏နားထဲတွင် လူအုပ်၏အော်သံ၊ မယုံကြည်နိုင်စွာ ဟစ်ကြွေးသံများနှင့် ပြည့်နှက်နေသေးသည်။

အမြင့်အားဖြင့် မီတာရာကျော်ခန့်ရှိသော ကြီးမားသော တောင်ကြီးက အဝေးရှိ မိုးကုတ်စက်ဝိုင်း တစ်နေရာတွင် ပေါ်ထွက်လာလေသည်။

ယခင်က ထိုတောင်သည် ထိုနေရာတွင် မရှိခဲ့ချေ။ ယခုလေထဲမှ ပေါ်ထွက်လာခဲ့သလိုမျိုး ပေါ်ထွက်လာခြင်းဖြစ်သည်။

သို့သော် ပို၍မှင်သက်ဖွယ် ကောင်းသည်မှာ ထိုကြီးမားသော တောင်ကြီးက ယခင်တစ်ခေါက်က လူတိုင်းမြင်ဖူးသော မူလအမရတောင်ကြီး၏ ပုံရိပ်ယောင်နေရာနှင့် တူနေလေသည်။

“အတုပဲ အတုပဲဖြစ်မယ်”

“အရင်တစ်ခေါက်ကလည်း ပေါ်လာခဲ့ဖူးတာပဲ။ ဆိုလိုတာက နောက်ထပ် မူလအမရဝင်္ကပါတစ်ခုက ရှိနေတာလား”

“ငါမယုံဘူး။ ဒါက ပုံရိပ်ယောင်ပဲဖြစ်မယ်”

လူတိုင်းသည် မူလအမရ ဝင်္ကပါထဲတွင် သေသွားခဲ့သော လူများအားလုံး၏ အခြေအနေကို ရှင်းလင်းစွာ မှတ်မိနေကြသေးသည်။ ယခုလို တောင်ကြီးကို မြင်လိုက်ရခြင်းက အားလုံးအတွက် ဆိုးရွားသော ထိုးနှက်ချက်ကြီး ဖြစ်သွားလေသည်။

အချို့သော သိုင်းပညာရှင်များက ကြောက်လန့်မှုကို ဖော်ထုတ်ပြသကြသည်။ သူတို့ ယခင် စိတ်လှုပ်ရှားမှုများက အငွေ့ပျံကာ ပျောက်ကွယ်သွားသည်။

“မဟာမိတ်အရှင် ဘာတွေဖြစ်နေတာလဲ။ ဘာလို့ နောက်ထပ် မူလအမရတောင်က ထပ်ပေါ်လာတာလဲ”

ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ အဖွဲ့ဝင်များကလည်း ထိုတောင်ကို လေ့လာနေကြသည်။

စုန့်ယွမ်ယွီက အဝေးတွင်ရှိလျှက် ပေ့ါပါးစွာပြောသည်။

“ဒီတောင်က အစစ်အမှန်တောင် ဖြစ်လောက်တယ်”

သူ၏တည်ငြိမ်သော မျက်နှာက အခြားသောသူများအား သူ၏အတွေးကို မဖတ်နိုင်အောင် ဖြစ်စေသည်။

“လေးစားစရာပဲ တကယ်ကို လေးစားဖို့ကောင်းတယ်။ ကောင်းကင်နဲ့မြေပြင်ကို ပြောင်းပြန်လှန်ထားပြီး ယင်နဲ့ရန်ကို ဖုံးကွယ်ထားတယ်။ မူလအမရအရှင်ရဲ့ ဝင်္ကပါပေါ် နားလည်မှုက တိုင်းတာဖို့ခက်တဲ့ အဆင့်ကိုတောင် ရောက်နေပြီ။ ငါ့ရဲ့ဘဝမှာ ဒီလို ဝင်္ကပါအထွတ်အထိပ် အခြေအနေကို မြင်တွေ့ခွင့် ရလိမ့်မယ်လို့ မထင်ထားဘူး”

မည်သူကမှ ဝင်္ကပါအကြီးအကဲထက် ပို၍ စိတ်မလှုပ်ရှားနိုင်လောက်ချေ။ ဝင်္ကပါကို နားလည်ထားသည့် လူများကလည်း ထိုဝင်္ကပါက မည်မျှအထိ ရှုပ်ထွေးကြောင်း ကောင်းမွန်စွာ သိနေပေလိမ့်မည်။

သို့သော် ဝင်္ကပါအကြီးအကဲအတွက် ထိုနေရာက အချက်အလက်ပေါင်း များစွာနှင့် ပြည့်နှက်နေလေသည်။

ဒါဟာ အလွန်ကြီးမားလွန်းသော ရေခဲတုံးကြီးနှင့် တူသည်။ သာမာန်လူများက ရေခဲတုံး၏ ထိပ်ကိုသာ မြင်လောက်သည်။ သို့သော် ဝင်္ကပါအကြီးအကဲကမူ ရေအောက်ဘက်မှ အလွန်အမင်း နက်ရှိုင်းလွန်းလှမည့် ရေခဲပုံစံခွက်ကြီးကို လှမ်း၍ မြင်နိုင်နေသည်။ သူယခု မြင်လိုက်ရသည်မှာ မီးပန်းများ ထပေါက်သလိုမျိုး လောက၏ အခမ်းနားဆုံးသော ပြကွက်တစ်ခု ဖြစ်နေလေသည်။

All Chapters