အခန်း (၁၄၄၁-၁၄၄၅)
Vol. 86 Ch. 1441-1445
အခန်း(၁၄၄၁)
ဓားမုန်တိုင်း
“ပုဇွန်ကြီးက ပုဇဉ်းရင်ကွဲကောင်နောက်ကို လိုက်နေတဲ့အချိန်မှာ နောက်က အဝါရောင်ငှက်ကို သတိမထားမိဘူး။ အရှေ့ပိုင်း တူရကီဘုရင်က ရတနာမြေပုံ ပေးလာတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဝင်ဖို့ရွေးချယ်တယ်။ သူက မကောင်းတဲ့ရည်ရွယ်ချက် နည်းနည်းရှိနေတာပဲ”
နဂါးဓားက သခင်ဖြစ်သူ၏ မှတ်ချက်ကို တိတ်တဆိတ် တွေးတောသည်။
“သခင်လေး စိတ်အေးအေးထားပါ။ သူသခင်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးဆိုတာကို ငါအာမခံပေးနိုင်တယ်”
သခင်လေးချင်းယန်ကို ကျောပေါ်တွင် သယ်ထားသော နဂါးဓားက ရှေ့ဘက်သို့ ခုန်ဝင်သွားသည်။ သူသည် သိပ်မကြာခင် ချောမွေ့သော နံရံများမှတဆင့် အောက်ဘက်သို့ဆင်းရန် ကြိုးစားသည်။
အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ထိုသို့ဖြင့် ထိုတွင်းအစွန်းနားတွင် မည်သည့် လူအပိုမှ မရှိတော့သလောက် ဖြစ်လာသည်။
သို့သော် ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ သူတို့ဟာ ဝတ်ရုံများ ခြုံထားသောကြောင့် ဒီနေရာတွင်ရှိသည့် အခြားသော သိုင်းပညာရှင်များနှင့် ထူးထူးခြားခြား ခြားနားပုံ မပေါ်သေးချေ။ သို့တိုင်အောင် သူတို့က ထုတ်လွှတ်ထားသော စွမ်းအင်များကမူ မူလအမရဝင်္ကပါကို ထိန်းချုပ်ခဲ့သော သူများနှင့် စွမ်းအင်ခြင်း တူညီနေသည်။
“ဂိတ်ပေါက်ပွင့်သွားတဲ့အခါ ထပ်ပိတ်ဖို့ခက်တယ်။ အခု သိုင်းပညာရှင်တွေ အားလုံးက အဆုံးအစမဲ့တဲ့ အသူရာချောက်ထဲကို ဝင်ရောက်သွားပြီးလောက်ပြီ”
ပုံရိပ်များထဲမှ တစ်ခုက ရုတ်တရက်ပြောသည်။
ထိုသိုင်းပညာရှင်များကသာ လာရောက်နားထောင်နေကြမည်ဆိုလျှင် သူတို့သည်လည်း သံသယဝင်ရန် မလိုလောက်အောင် ဖိအားများသွားလောက်သည်။ အကြောင်းမူကား ထိုမူလ အမရ အစောင့်အရှောက်များက ထိုနေရာကို အဆုံးအစမဲ့ အသူရာချောက်ဟု ရည်ညွှန်းနေသည်။
“အချိန်ဘယ်လောက် ကုန်သွားသလဲဆိုတာကို အခြေခံကြည့်ပြီး တွေးတောကြည့်ရရင် အဲ့ဒီသိုင်းပညာရှင်တွေက အဲ့ဒီနေရာကို ရောက်နေသင့်ပြီ”
နောက်ထပ် မူလအမရ အစောင့်အရှောက်ကပြောသည်။
“အွန်း အများဆုံး နောက်ထပ် ဆယ်မိနစ်လောက်ပဲ”
နောက်ထပ်တစ်ယောက်က ဝင်ပြောသည်။
“စက်ကို အသက်သွင်းဖို့ပြင်ထား။ ဒီတစ်ကြိမ် သူတို့အားလုံး ဒီမှာသေကိုသေရမယ်။ လွန်ကဲလွန်းတဲ့ သေဆုံးမှုနဲ့ အကြောက်တရားကပဲ သူတို့ကို မူလအမရအရှင်အပေါ် ကြောက်ရွံ့ရိုသေ လေးစားစိတ် ဝင်စေမှာ”
ခေါင်းဆောင် မူလအမရ အစောင့်အရှောက်က ကြုံးဝါးသည်။
ဝုန်း
အချို့သော ဂါထာတစ်မျိုးကို လွှတ်ထုတ်လိုက်သကဲ့သို့ အဆုံးအစမဲ့ အသူရာချောက်အတွင်းသို့ ဝင်ရောက်သွားစေပြီးနောက်တွင် သူတို့အားလုံးက ထွက်ခွာသွားကြသည်။
ချွင် ချွင် ချွင်
တွင်းထဲမှ သတ္ထုချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။ အမှောင်ထုထဲတွင် တိုက်ခိုက်သံများ ထွက်ပေါ်နေ၏။ အောက်ဘက်သို့ရောက်လေလေ ထိုအသံကို ကြားရဖန်များလေလေဖြစ်သည်။
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က အတူတကွ အဖွဲ့ဖွဲ့၍ ချောမွေ့လွန်းသော တောင်နံရံတောက်လျှောက် လျှင်မြန်စွာ ဆင်းသက်နေခဲ့သည်။ သူတို့၏ကိုယ်မှ ထုတ်လွှတ်ထားသော အရှိန်အဝါများကလည်း သူတို့ကို လူအနည်းစုသာ ရန်စနိုင်စေသည်။ သို့သော် အချို့သောသူများက ထိုအဖွဲ့ကို ခြုံခိုတိုက်ခိုက်ရန် ကြိုးစားကြသေးသည်။
ဇွက် ဇွက် ဇွက်
မရေမတွက်နိုင်အောင် မြောက်များသော လက်သီးအရွယ်အစား သတ္ထုဆူးချွန်လုံးပေါင်း များစွာက ရုတ်တရက် ထိုအဖွဲ့၏အရှေ့တွင် ပေါ်လာပြီးနောက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လေထဲတွင် တကွဲတပြားစီ လွင့်သွားသည်။
ဝူရှန်းရွာသူကြီးက သူ၏ အဖြူရောင်တုတ်ကောက်ကို ဆန့်ထုတ်လိုက်ခြင်းဖြင့် ကျယ်ပြောများပြားလွန်းသော ကြယ်တာရာစွမ်းအင် တစ်လှိုင်းကို ရှေ့သို့ ဝင်ရောက် ပျံ့နှံ့သွားစေသည်။ ထိုနည်းအားဖြင့် ထိုဆူးချွန်လုံးတိုင်းကို ပိတ်ဆို့နိုုင်သော အကာအကွယ်လွှာတစ်ခု ပေါ်ထွက်လာသည်။
ဘုန်း ဘုန်း ဘုန်း
ထိုသို့ဖြင့် ပေါက်ကွဲသံများနှင့် စူးရှစွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပေခုနှစ်ဆယ်ကျော်ခန့် အကွာမှ သိုင်းပညာရှင်တစ်ယောက်က ထိုဆူးချွန်လုံးများကြောင့် အသားအပိုင်းအစ ပုံကြီးအဖြစ် ပြောင်းလဲကာ နံရံမှအောက်သို့ လျောကျသွားသည်။
ဘန်း
ထို့နောက် ပဲ့တင်ထပ်သွားသလို အသံတစ်မျိုးက ထပ်ထွက်လာပြန်ပြီးနောက်တွင် တောက်ပသော ဆေဘာစွမ်းအင် အလင်းတန်းက ရှေ့သို့ ပျံ့နှံ့လာသည်။ မီတာသုံးဆယ်မှ လေးဆယ်ခန့်အထိ ရှည်သော ငွေရောင်မြစ်တစ်စင်းကဲ့သို့ စွမ်းအားလှိုင်း တစ်မျိုးကလည်း ထိုအဖွဲ့သုံးယောက်ထံသို့ ဝင်တိုးလာသေးသည်။
“ကိုယ့်နေရာကိုယ် မသိတာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကြီးက နံရံဘက်သို့ မျက်နှာမူထားသော ထောင့်တစ်နေရာတွင် ရပ်နေပြီးနောက် သူ၏အင်္ကျီလက်လေးကို အသာယမ်းလိုက်သည်။ ထိုသို့ယမ်းလိုက်ရုံဖြင့် သူဟာ ကျယ်ပြောများပြားသော ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်နိုင်ပုံပေါ်သည်။
တစ်ချိန်ထဲတွင်ပင် မီးပူလိုစွမ်းအားတစ်မျိုးက ကိုယ်အတွင်းမှ ဖြာထွက်လာသည်။
ထိုအရှိန်အဝါကြီးမြတ်သော ဆေဘာစွမ်းအင်က ပုံမှန်အားဖြင့် တောင်တန်းများကို ခုတ်ထွင်ကာ အရာအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ပုံ ပေါ်သော်လည်း ယခုအခါတွင်မူ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ခေါင်းနှင့် ပေဆယ်ကျော်အကွာတွင် ရှိသည့် လေထဲတွင် ခဲသွားသည်။ ထိုသို့ဖြင့် ရှေ့မတိုးနိုင်တော့ချေ။
ဘန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ဝါးတစ်ချက်ကို ရှေ့သို့တွန်းဟန် ပြုလိုက်သည်။
“အား”
အကွာအဝေး တစ်နေရာမှ ပုန်းနေသော သိုင်းပညာရှင်ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ လက်ဖဝါးကြောင့် မီတာရာပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားလေပြီး ချောက်ကမ်းပါး အောက်ဘက်သို့ တောက်လျှောက် ပြုတ်ကျရင်း သွေးများကို အန်ထုတ်လိုက်ရသည်။
“ဟွန်း အမှိုက်တစ်သိုက်”
ဝမ်ချောင်က တွင်း၏ အခြားတစ်နေရာကိုသာ လှည့်ကြည့်လိုက်သည်။
ဝမ်ချောင်သည် အရှေ့ဘက်သို့ လက်ဝါးတစ်ချက် တွန်းပို့ကာ သူတို့၏အဖွဲ့နှင့် ခုနှစ်မီတာ ရှစ်မီတာအကွာမှ နေရာကို ရိုက်ချလိုက်သည်။ ကျောက်သားနှင့် အုတ်ခဲအပိုင်းအစများက အောက်ဘက်သို့ ပြုတ်ကျသွားပြီးနောက်တွင် ပုန်းနေသော ကျွမ်းကျင်ပညာရှင် ငါးယောက်၊ ခြောက်ယောက်ကိုလည်း အတူသွားကာ အောက်ဘက်သို့ ခေါ်သွားလေသည်။ ထိုလူများက ယခင်ကတည်းက တိုက်ခိုက်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
“အား”
ထိုသို့ဖြင့် ထိုအတွေးနှင့်အတူ အချိန်တခဏခန့် ကြာသည်အထိ အော်သံများက ပဲ့တင်ထပ်သွားသည်။
“ဘိုးဘေးငါးယောက် မဟာမိတ်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်က အဖွဲ့ဝင်တွေ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရုတ်တရက် အောက်ဘက်သို့ ကျသွားသော လူများကိုကြည့်ရင်း ထပြောလာသည်။ မိစ္ဆာလမ်းကြောင်းကိုလျှောက်သော နံပါတ်တစ် ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် သူသည်လည်း ထိုအဖွဲ့နှစ်ဖွဲ့၏ စွမ်းအင်များကို ရှင်းလင်းစွာ ရင်းနှီးနေသည်။
“သူတို့ပဲ ယင်နက်ဘိုးဘေးနဲ့ စုန့်ယွမ်ယွီက အောက်ဘက်ကို ဦးဆောင် ဆင်းသွားတဲ့အချိန်မှာ ဒီကောင်တွေကို ငါတို့ကို ကိုင်တွယ်ဖို့အတွက် ထားခဲ့တာဖြစ်မယ်”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ စုန့်ယွမ်ယွီနှင့် ယင်နက်ဘိုးဘေးတို့က အောက်ဘက်သို့ ဆင်းနေရင်း သူတို့နှင့် ကျွမ်းကျင်ပညာရှင် အများစုကို ခေါ်လာသည်။ သူတို့က အောက်ဘက်သို့ ဆက်ဆင်းသွားသော်လည်း သူတို့၏ လက်အောက်ငယ်သားများကို ခြုံခိုတိုက်ခိုက်ရန် ချန်ထားရစ်ခဲ့ခြင်း ဖြစ်လောက်သည်။
အပေါ်ယံတွင်မူ ထိုလူများက ခြိမ်းခြောက်မှု အနည်းငယ်သာ ရှိနိုင်သော်လည်း ယခုလို ထူးခြားသော ဝန်းကျင်မျိုးတွင်မူ အနည်းငယ် သတိမထားမိရုံဖြင့် အထွတ်အထိပ် မဟာဗိုလ်ချုပ် တစ်ယောက်ကိုပင် ဟန်ချက်ပျက်ပြီး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားနိုင်သည်။
“ဆရာ၊ ရွာသူကြီး ဆရာတို့ အရှေ့ကအရင် ဆင်းလိုက်ပါ။ ငါအနောက်ကနေ စိတ်စွမ်းအင်နဲ့ ထောက်လှမ်းကြည့်ပြီး လိုက်လာခဲ့မယ်။ တစ်ခုခု အာရုံခံမိတာနဲ့ ချက်ချင်း အကြောင်းကြားပေးပါ့မယ်”
သူတို့က အောက်ဘက်သို့ ဆင်းလေလေ အမျိုးမျိုးသော တိုက်ကွက်များကို ရင်ဆိုင်ရလေလေ ဖြစ်သည်။ သို့သော် သူတို့သည် အားလုံးကို တားနိုင်ခဲ့သေးသည်။
သူတို့သည်လည်း တဖြည်းဖြည်းချင်းစီ မီတာရှစ်ထောင်ခန့် အနက်သို့ ရောက်ရှိလာပြီဖြစ်သည်။
ဝုန်း
ရုတ်တရက် သတိပေးခြင်း အလျဉ်းမရှိလေဘဲ သူတို့၏စိတ်ထဲတွင် ဝေဝါးသော ခံစားချက်တစ်ရပ်က ပေါ်ထွက်လာသည်။ ဝမ်ချောင်က အရှေ့သို့ကြည့်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် အမှောင်ထုအတွင်းမှ အလွန်အမင်း ထူးဆန်းလွန်းသော တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ တောက်ပလွန်းသော အလင်း ထောင်ပေါင်းများစွာက ငါးအုပ်အလား လေထဲတွင် လွင့်မျောနေသည်။
“အန္တရာယ်”
ဝမ်ချောင်က သူ၏စိတ်စွမ်းအင်ကို ထိုအလင်းများထဲသို့ ပို့လွှတ်လိုက်ပြီးသည်နှင့် အန္တရာယ်ကို ခံစားလိုက်မိသည်။ ဝမ်ချောင်သည် ထိုအလင်းထောင်ကျော်က သတ္ထုဓားများဖြစ်ကြောင်း မြင်နိုင်သည်။
ထိုသတ္ထုဓားများက တွင်းအနှံ့ ပျံ့နေခြင်းဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်နှင့် သူ၏ မြောက်များလွန်းသော စိတ်စွမ်းအားများကပင် ထိုသတ္ထုဓားများက အရေအတွက် မည်မျှရှိကြောင်း သူတို့၏ ဖြန့်ဝေမှုဝန်းကျင်က မည်မျှကျယ်ကြောင်း မသိနိုင်ပေ။
“မကောင်းတော့ဘူး ငါတို့ ဒီထောင်ချောက်တွေကို သွားထိလို့မရဘူး”
ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။ သူ၏စိတ်စွမ်းအင်က သူ့အား ထိုသတ္ထုဓားများသည် အမြစ်ဖြတ် သုတ်သင်ခြင်း အခြေအနေမျိုးဖြစ်ကြောင်း ပြောပြနေသည်။ ထို့ကြောင့် သူတို့ကို ထိ၍မရသလို သတ္ထုဓားများကိုလည်း အထိတ်တလန့်ဖြစ်အောင် လုပ်၍မရပေ။ သို့မဟုတ် သွားမထိခဲ့လျှင် အန္တရာယ် ကင်းပေလိမ့်မည်။
“အာ ဒါက ဘာလဲ”
ရုတ်တရက် အောက်ဘက် မီတာတစ်ထောင်ခန့် အကွာမှ ထူးဆန်းသော သူစိမ်းတစ်ယောက်၏ အသံက ထွက်လာသည်။ အရှေ့ဘက်သို့ စောရောက်နေသော သိုင်းပညာရှင် တစ်ယောက်က လေထဲတွင် မျောလွင့်နေသော သတ္ထုဓားသွားများကို မြင်လိုက်ရပုံပေါ်သည်။
“မြန်မြန်လေး အဲ့ဒါတွေကို လမ်းကဖယ်လိုက်”
အောက်ဘက်မှ စိတ်မရှည်သော အသံရင့်ရင့်က ထွက်လာပြန်၏။
“မကောင်းတော့ဘူး”
ဝမ်ချောင်က ဆယ်ဆထက်မနည်း မြောက်များလွန်းသော အန္တရာယ်ကို အာရုံခံမိလိုက်ပြီး မျက်နှာထားက တင်းမာသွားသည်။ ဝမ်ချောင်သည် သူတို့အား ရပ်ရန် ပြောလိုသည်။ သို့သော် အချိန်ဟာ နောက်ကျလွန်းသွားသည်။ အောက်ဘက်မှ ထိုသိုင်းပညာရှင်ကလည်း ထိုဓားသွားများ၏ အန္တရာယ်ကို သတိထားမိပုံရပြီး ကြယ်တာရာစွမ်းအင်ဖြင့် အနီးနားဆုံး ဓားသွားကို တွန်းဖယ်ရန် ကြိုးစားလိုက်ခြင်းအားဖြင့် နောက်တစ်ခုကို သွားတိုက်လိုက်သည်။ ထိုတုန့်ပြန်မှုကို နားလည်၍ရသည်။ ထိုသိုင်းပညာရှင်ကလည်း သူယခုလို လုပ်လိုက်ခြင်းအားဖြင့် ဖြစ်လာမည့် အကျိုးဆက်ကို မသိလောက်ချေ။
ချွင်
ထိုသို့ဖြင့် သတ္ထုဓားသွားတစ်ချောင်းက ထိုအနက်ပိုင်းတွင်ရှိသော နောက်ထပ် ဓားသွားတစ်ချောင်းကို သွားရိုက်လိုက်သည်။ တခဏခန့်ကြာပြီးနောက် တကွဲတပြားစီဖြစ်သော တချွင်ချွင် အသံများက ပဲ့တင်ထပ်သွားပြီးနောက်တွင် တွင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။
ဝုန်း
တခဏခန့်ကြာပြီးနောက် မရေမတွက်နိုင်သော သတ္ထုဓားသွားပေါင်း များစွာက ကြီးမားသော သားရဲကောင်များကဲ့သို့ အမှောင်ထုထဲတွင် အိပ်ပျော်နေရာမှ နိုးထလာသလိုမျိုး ဖြစ်လာလေပြီး မျက်နှာထားကို တင်းမာစေလောက်သည့် စွမ်းအင်မျိုးဖြင့် ပေါက်ကွဲလာကာ ထိုတွင်းနံရံတွင်ရှိသော မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များစွာကို ထိတ်လန့်သွားစေသည်။
ယခုလို ကြောက်မက်ဖွယ်ကောင်းလွန်းသော စွမ်းအင်က ဖောင်းကားလာပြီး သိပ်မကြာခင် ခြောက်ခြားဖွယ်ကောင်းသော မုန်တိုင်းစွမ်းအင် တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ဘန်း
မျက်တောင်တခတ် အချိန်အတွင်းတွင်ပင် ဓားသွားသောင်းပေါင်းများစွာက အရိပ်တစ်ခုလုံးကို စူးရှစွာ ဖြတ်သန်း၍ ဓားမုန်တိုင်းအသွင် ပြောင်းလဲပြီး အထက်သို့ တက်လာကာ တိုက်ခိုက်သည်။ ထိုသို့ဖြင့် လေထဲတွင်ပင် ကြောက်စရာကောင်းသော အခြစ်ရာများကို ချန်ထားရစ်ခဲ့သည်။
“အား”
ထိုသို့ဖြင့် လေထဲတွင် အော်ဟစ်သံများက ပေါ်ထွက်လာသည်။ ထိုဓား ထောင်ပေါင်းများစွာကို မတားဆီးနိုင်ခဲ့သော ပထမတစ်သုတ် သိုင်းပညာရှင် ရာပေါင်းများစွာ ပေါ်လာသည်။ ထိုသတ္ထုဓားသွားများက ကြီးမားသော အသားကြိတ်စက်ကြီးကဲ့သို့ တစ်စစီ ဖြစ်သွားသည်အထိ သူတို့ကို ကြိတ်ချေလိုက်ပြီးနောက်တွင် ချောက်ကမ်းပါး အောက်ဘက်သို့ အသားအလွှာပေါင်းများစွာ ပို့လွှတ်လိုက်လေသည်။
ကြောက်စရာကောင်းလွန်းသော သတ်ဖြတ်စက်ကြီး တစ်လုံးက စတင်လည်ပတ်လာသကဲ့သို့ ဖြစ်လာသည်။ သို့သော် အရာအားလုံးက အစသာဖြစ်သည်။
ဇွက် ဇွက် ဇွက်
ပါးလျစူးရှပြီး ထိုလက်ကိုင်မပါသည့် သတ္ထုဓားက အရှေ့ဘက်လေကို ထိုးမွှေကာ ဝင်ရောက်သွားပြီးနောက်တွင် မုန်တိုင်း၏အထက် မီတာခုနှစ်ရာ၊ ရှစ်ရာခန့်အကွာ နံရံနားတွင် ကပ်နေသော သိုင်းပညာရှင် တစ်ယောက်ကို သွားထိလေသည်။ ထိုသိုင်းပညာရှင်ကလည်း အားမနည်းချေ။ သို့သော် သူ၏အင်အားက ယခုလို နေရာမျိုးတွင် ကန့်သတ်ခံထားရပြီး ထိုသတ္ထုဓားသွားကလည်း သူ၏ကျောရိုးကိုပင် လှီးဖြတ်သွားသေးသည်။
“အား”
ထိုသိုင်းပညာရှင်က တုန်ယင်သွားပြီး အော်ဟစ်သည်။ ချက်ချင်းဆိုသလိုပင် သူသည် အနောက်ဘက်သို့ ခုန်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်အတန့်တွင် ပို၍များပြားသော သတ္ထုဓားသွားများက သူ၏အသားကို လှီးဖြတ်လာသည်။ ဓားတစ်ခုက သူ၏လည်ပင်းကိုဖြတ်ပြီး အခြားသော ဓားများက သူ၏ ခြေလက်များ အားလုံးကို တောက်လျှောက် ဖြတ်သွားသည်။ ထိုသိုင်းပညာရှင်က အပြည့်အဝ ပြီးဆုံးအောင် မအော်နိုင်သေးခင် သူ၏ လှီးဖြတ်ခံလိုက်ရသည့် ခြေလက်များနှင့် လည်ပင်းတစ်ခုလုံးက အောက်ဘက်သို့ ပြုတ်ကျသွားပြီး သွေးမိုးများက ရွာသွန်းသည်။
သို့သော် ဒါက အစမျှသာ ဖြစ်နေသေးပြန်သည်။
ထိုဓားထောင်ပေါင်းများစွာ ပါဝင်သည့် မုန်တိုင်းကြီးက အထက်သို့ ထက်တက်လေပြီး မီတာရှစ်ရာ ဝန်းကျင်အတွင်းတွင်ရှိသော သိုင်းပညာရှင်များအားလုံးကပါ သက်ရောက်ခံရမည်ဖြစ်သည်။ ထိုထဲတွင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့လည်း ပါသည်။
“အား”
ဝမ်းနည်းဖွယ်ကောင်းသော သတ်ဖြတ်မှုမှတဆင့် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။ သိုင်းပညာရှင် ထောင်ပေါင်းများစွာက မတုန့်ပြန်နိုင်သေးခင် ထိုသတ္ထုဓားသွားများက သူတို့ကို လှီးဖြတ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း တစစီ အဖြုတ်ခံရလျှက် အောက်ဘက်သို့ ပြုတ်ကျစေသည်။ ထိုတစ်စက္ကန့်စာသော အချိန်က သက်ရှိငရဲအဖြစ် ပြောင်းလဲသွားလေသည်။
+++++
အခန်း(၁၄၄၂)
“ချောင်အာ သတိထား”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က တုန်သွားသည်။ သူသည် ပထမဦးဆုံး အခိုက်အတန့်တွင်ပင် အန္တရာယ်ကို ခံစားမိလိုက်သည်။ တောက်ပသောမျက်ဝန်းနှင့် သူဟာ ဝမ်ချောင်၏အရှေ့ဘက်သို့ ချက်ချင်း ခုန်ဝင်လာလေပြီး ကြယ်တာရာစွမ်းအင်များဖြင့် ခိုင်မာလွန်းသော အကာအကွယ်လွှာ တစ်ခုကို ဖန်တီးကာ သူတို့သုံးယောက်၏ အဖွဲ့ကို ကာကွယ်ပေးသည်။
ဘန်း
နောက်ထပ် ကြယ်တာရာစွမ်းအင် တစ်လှိုင်းကလည်း သူ၏ခြေထောက် အောက်ဘက်သို့ ရောက်ရှိသွားပြီးနောက်တွင် တွင်းနံရံကို ကပ်လိုက်သည်။ ဒီနည်းအားဖြင့် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် အောက်ဘက်ရှိမြေသားကို ပေါင်းစပ်သွားစေသည်။
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ဟာ ထိုသတ္ထုမုန်တိုင်း၏ တိုက်ကွက်ပေါင်းများစွာကို တိုက်ရိုက် ခံလိုက်သည့် ခံတပ်ကြီးနှင့်တူသွားသည်။
ဘုန်း ဘုန်း ဘုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က အရာအားလုံးကို လုပ်ပြီးသည့် တစ်စက္ကန့်အတွင်းတွင်ပင် ဓားမုန်တိုင်းက ရောက်လာသည်။ ထိုသို့ဖြင့် မရေမတွက်နိုင်အောင် မြောက်များသော သတ္ထုဓားပေါင်း များစွာက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ ကြယ်တာရာစွမ်းအင် ခံတပ်ကို တိုက်ရိုက် ဝင်တိုက်သည်။ ထိုသို့ တိုက်လိုက်ရုံနှင့် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးကို ဖြစ်ပေါ်လာစေပြန်သည်။
အလုံးအရင်းဖြင့် လုပ်ကြံသတ်ဖြတ်မှုဟာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် ပြင်းထန် ကြမ်းတမ်းလွန်းသဖြင့် ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကိုပင် ဆက်တိုက်ဆိုသလို တုန်ခါနေစေသည်။
ထိုသတ္ထုဓားသွားများသည် အမှန်တကယ်ပင် အင်အား အမြောက်အများ ပါဝင်နေသလို မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကဲ့သို့သော တည်ရှိမှုအတွက်လည်း အမှန်တကယ် ထိရောက်အောင် မလုပ်နိုင်သေးပြန်ချေ။ သို့ရာတွင် ထိုကဲ့သို့ တိုက်ကွက် သောင်းပေါင်းများစွာက အဆုံးအစမဲ့လောက်အောင် တိုက်ခိုက်လာပြီးနောက်တွင် ပတ်ဝန်းကျင်က ထုတ်ပေးထားသော ကန့်သတ်မှုမျိုးက ထုတ်ပေးထားခြင်းအားဖြင့် သူကဲ့သို့ အင်အားကြီးမားသည့် သူကိုပင် ဖိအားပေးနိုင်သည်။
ဘုန်း
ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာထဲတွင် ရပ်နေသည့် ဝမ်ချောင်က အန္တရာယ်ကို ခံစားမိနေသည်။ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသော ပေါက်ကွဲသံများ၊ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများက ဥက္ကာတုံးများ တစ်တုံးပြီးတစ်တုံး ပြုတ်ကျနေသည်နှင့်ပင် တူသေးသည်။ ပို၍ဆိုးသည်မှာ အောက်ဘက်ရှိနံရံက ဆက်တိုက်ဆိုသလို တုန်ခါကာ လှုပ်နေသည်။ ထိုသို့ဖြင့် အချိန်မရွေး ကွဲကြေကျသွားတော့မည့် အနေအထားသို့ ရောက်ရှိနေလေပြီး ထိုအကာအကွယ်လွှာက ကြေသွားသည်နှင့် သူတို့အားလုံးပါ ပြုတ်ကျသွားတော့မလို ခံစားလာရသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ဓားမုန်တိုင်း၏ ဟိန်းဟောက်သံများက အဆုံးအစမဲ့သလိုမျိုး ဖြစ်ပေါ်နေသည်။ သို့သော် ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ဝမ်ချောင်တို့၏ အဖွဲ့က အကာအကွယ်လွှာ ကျိုးပျက်ပြီး အောက်သို့ ပြုတ်ကျတော့မည့် အခိုက်အတန့်တွင်မှ မုန်တိုင်းကလည်း စတင်ကာ ပြိုကျလုနီးပါး ဖြစ်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင်မှ မုန်တိုင်းက စတင်တော့မည့် အရိပ်အယောင် ထပ်ပြလာသေးသည်။
မကောင်းတော့ဘူး။ ဒီတိုင်းဆက်ဖြစ်နေရင် ဆရာ့ရဲ့စွမ်းအင်က ဒီနေရာမှာတင် အလဟသ ကုန်သွားလိမ့်မယ်။ နောက်ပြီး အဆုံးသတ်မှာတော့ ငါတို့က ခုခံဖို့ ခက်နေဦးမှာပဲ။
ဆရာဖြစ်သူ၏ ကြီးမားထောင်လွှားလွန်းသော ပုံရိပ်က ပြိုင်ဘက်ကင်းပြီး အန္တရာယ်တိုင်းကို တားမြစ်နိုင်သေးသည်ဟု ထင်ရသည့်တိုင်အောင် ဝမ်ချောင်ကမူ ဆရာဖြစ်သူ၏ ခန္ဓာကိုယ်မှ ကြယ်တာရာစွမ်းအင်များက လျှင်မြန်စွာ ကုန်ဆုံးနေကြောင်း သတိထားမိသည်။ စုန့်ယွမ်ယွီနှင့် အခြားသောသူများက သတိမထားမိလောက်သော်လည်း ဝမ်ချောင်ကမူ ဆရာဖြစ်သူက ကြာရှည်တိုက်ပွဲမျိုးတွင် မတိုက်ခိုက်နိုင်ကြောင်း နားလည်နေသည်။
ယခုလို အဆုံးအစမဲ့သည့် တိုက်ကွက်များကို ဆက်တိုက်ဆိုသလို တောင့်ခံနေရခြင်းက သူ၏ ကြယ်တာရာစွမ်းအင်များကို လျှင်မြန်စွာ ကုန်ဆုံးစေခြင်းအားဖြင့် သူ့အား လဲပြိုကျသွားခြင်း သို့မဟုတ် နောက်ထပ် အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရာတွင် ခုခံရန် အင်အားမရှိတော့ခြင်းမျိုး ဖြစ်သွားစေနိုင်သည်။
ငါဒီတစ်သုတ်ကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုတွေးရမယ်။
ဝမ်ချောင်က ခေါင်းကိုငုံ့ပြီး စတင်ကာ တွေးတောသည်။ သူ၏နားထဲတွင် အော်ဟစ်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာက ခန်းမအောက်ဘက်သို့ ပြုတ်ကျသည်။ ဒါဟာ အလုံးအရင်းနှင့် သတ်ဖြတ်မှုမျိုးဖြစ်သည်။ သိုင်းပညာရှင် ရာပေါင်းများစွာက ထိုသတ္ထုမုန်တိုင်းကြောင့် တစ်လွှာပြီးတစ်လွှာ အလှီးအဖြုတ် ခံရပြီးဖြစ်သည်။
ယခုလို ခြောက်ခြားဖွယ်ကောင်းပြီး ကြီးမားလွန်းသော အလုံးအရင်းနှင့် လုပ်ကြံသတ်ဖြတ်သည့် မုန်တိုင်းက မည်သည့် သိုင်းပညာရှင်၏ အင်အားကိုမဆို သေးငယ် သိမ်နုပ်သွားသလို ခံစားရစေသည်။ ဝမ်ချောင်တို့၏ အဖွဲ့က ယခုအခါ လုံခြုံနေသည်မှာလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကြောင့် ဖြစ်သည်။ သို့သော် သူတို့ကသာ ဖြေရှင်းချက်ကို မရှာလျှင် ကြာကြာလုံခြုံနိုင်မည် မဟုတ်ချေ။
ဘန်း
ရုတ်တရက် ဝမ်ချောင်က မျက်လုံးကို ဖွင့်လိုက်ပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံးကို အကဲခတ်လိုက်သည်။ တခဏခန့်ကြာပြီးနောက် သူ၏မျက်လုံးက လင်းလက်သွားပြီး အရှေ့ဘက်သို့ လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း
ဝမ်ချောင်တို့၏အဖွဲ့ အောက်ဘက်ရှိ တွင်းနံရံကြီးက အတွင်းဘက်သို့ ချိုင့်ဝင်ကာ ပြိုကျသွားပြီးနောက်တွင် အောက်ဘက်ခြမ်းသို့ အုတ်ကျိုးအုတ်ပဲ့များကို မိုးရွားသလိုမျိုး ဝုန်းကနဲ ပြိုကျသွားစေသည်။
ဝမ်ချောင်၏ လက်သီးချက်က ထိုတွင်းနံရံတွင် ဆယ်မီတာခန့်ရှိသော အပေါက်ကြီးကို တူးထုတ်လိုက်နိုင်သည်။
“ဆရာ၊ ရွာသူကြီး ဝင်ပါ”
ဝမ်ချောင်က ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ထိုတွင်းထဲသို့ ဆွဲအားတစ်ရပ်ကို ထည့်လိုက်သည်။ ထိုအချိန်တွင် အခြားသော လက်တစ်ဖက်ကမူ ရွာသူကြီးနှင့် ဆရာဖြစ်သူကို လှမ်းဆွဲလိုက်သည်။
ဝှစ်
သူတို့က လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော တွင်းထဲသို့ ခုန်ဝင်သွားလိုက်သည်။ ထိုအခြေအနေက သူတို့အား အန္တရာယ်မှ တိုက်ရိုက် မလွတ်သွားစေသော်လည်း အနည်းဆုံး တိုက်ကွက်များ၏ သုံးပုံတစ်ပုံကို လျော့ကျသွားစေနိုင်သည်။
ထိုသို့လုပ်ပြီးနောက် ဝမ်ချောင်က သူ၏ စိတ်စွမ်းအားအား သူ၏အရှေ့ဘက်ရှိ အဆုံးအစမဲ့သလို ထင်ရသည့် လေဟာနယ်ထဲသို့ ပို့လွှတ်လိုက်သည်။
ဝမ်ချောင်၏ ခန္ဓာကိုယ်က လှုပ်ရှားမှုကင်းမဲ့သော်လည်း ဓားသောင်းကျော်က လေထဲတွင် ဖြတ်သန်းနေသည်အား ဝမ်ချောင်၏ စိတ်ထဲတွင် ထင်ရှားပီသစွာ ပေါ်လွင်နေသည်။ သူ၏ စိတ်စွမ်းအင်ကတစ်ဆင့် ဝမ်ချောင်ဟာ ထိုဓားမုန်တိုင်း၏ လမ်းကြောင်းကိုပင် စတင်ကာ ဖမ်းဆုပ်မိလိုက်သည်။
ထိုလမ်းကြောင်းများဟာ အစပိုင်းတွင် သိပ်မရှင်းလင်းသေးချေ။ သို့သော် သူဟာ ဓားသွား အနည်းငယ်ကိုသာ ဖမ်းဆုပ်နိုင်သေးသည့်တိုင်အောင် သူဟာ တဖြည်းဖြည်းချင်းစီ ပို၍များပြားသော ဓားများ၏ လမ်းကြောင်းများကို နားလည်လာခဲ့သည်။
ဝမ်ချောင်သည် မူလအမရဝင်္ကပါထဲ ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏။ သူ၏စိတ်က သန်းပေါင်းများစွာသော တွက်ချက်မှုပေါင်းများစွာကို လုပ်ဆောင်နေရသည်။ သူက ထိုဝင်္ကပါကို အုပ်စိုးနေသော စည်းမျဉ်းများကို တွက်ချက်နေရာမှ ယခုအခါ သူ၏ ဒီသတ္ထုမုန်တိုင်းထဲမှ ဟာကွက်ကိုရှာရန် ကြိုးစားရပြန်သည်။
ထိုသို့ဖြင့် တစ်စက္ကန့်က ခေတ်တစ်ခေတ်နီးပါး ကြာညောင်းနေပြီးနောက်...
“တွေ့ပြီ”
ဝမ်ချောင်၏မျက်ဝန်းက လက်သွားသည်။ သောင်းပေါင်းများစွာသော ဓားပျံများအကြားတွင် သူဟာ အထူးတစ်ခုကို တွေ့လိုက်သည်။ ထိုဓားက ဝမ်ချောင်နှင့် မီတာနှစ်ထောင်ခန့် အကွာတွင်ဖြစ်သည်။ သို့သော် သူ၏လမ်းကြောင်းအရ ရှုပ်ထွေးသော လမ်းကြောင်းတလျှောက် ပျံသန်းရင်း ဝမ်ချောင်၏အနားမှ ဖြတ်သွားသည်။
ထိုသတ္ထုဓားဟာ အလွန်အမင်း လျှင်မြန်စွာ ဖြတ်သွားသော်လည်း ဝမ်ချောင်ကမူ သူ၏ လှုပ်ရှားမှု လမ်းကြောင်းကို ခန့်မှန်းမိလိုက်ပြီဖြစ်သည်။
ဝမ်ချောင်၏ မျက်လုံးထဲတွင် ထိုသတ္ထုဓားက အားလုံးထဲတွင် အထူးခြားဆုံး ပုံစံမျိုးဖြစ်သည်။
ဝုန်း
ဝမ်ချောင်သည် သတိပေးချက် အလျဉ်းမရှိဘဲ သူ၏အင်္ကျီလက်ကို တစ်ချက်ခါလိုက်သည်။ ထိုသို့ခါလိုက်ရင်းဖြင့် သူ၏လက်ချောင်းများက အပေါ်ဘက်သို့ ဆန့်ထုတ်လျှက် လက်ဝါးဖြန့်ကာ ဖိလိုက်သလိုမျိုး ဖြစ်သွားလေပြီး တစ်ခုခုကို လှမ်းဆွဲလိုက်သလိုမျိုး ဖမ်းယူဟန်ပြုလိုက်သည်။ ထိုသို့ ဆွဲလိုက်သောအားက ပြင်းထန်လွန်းခြင်း မရှိသော်လည်း သတ္ထုဓားကို အထူးတလည် ရည်ရွယ်ကာ လှမ်းဆွဲလိုက်ခြင်းဖြစ်လေသည်။
တင်
ခပ်ဆတ်ဆတ် အသံလေးတစ်သံ ထွက်လာပြီးသည်နှင့် ဝမ်ချောင်၏ အထက် ဆယ်ပေခန့်အကွာမှ ဖြတ်သွားသင့်သော ထိုသတ္ထုဓားသွားက ရုတ်တရက် လားရာပြောင်းပြီး ဝမ်ချောင်တို့အဖွဲ့သို့ ရောက်လာသည်။
ထိုသို့ပြောင်းလဲသွားခြင်းက ထိုသတ္ထုဓားသွားအား နောက်ထပ် သတ္ထုဓားတစ်ချောင်းနှင့် တိုက်မိသွားစေသည်။
ထိုအခါ အချိန်က ရပ်တန့်သွားပုံပေါ်သည်။
ထိုသို့ တစ်ချက်လေး တိုက်လိုက်မိရုံဖြင့် ချိန်းကြိုးတစ်ခုကို ဆွဲလိုက်မိသလိုမျိုး အတွဲလိုက်သက်ရောက်မှု ဖြစ်သွားပြီး မယုံနိုင်စရာကောင်းသော ဖြစ်ရပ်တစ်ခုက ဖြစ်လာသည်။ ထိုသို့တိုက်မိသွားသော သတ္ထုဓားသွားများက အချင်းချင်း လွင့်ကန်ထွက်ကုန်ရင်း ကြေမွသွားသည်။ ထို့နောက် အနားရှိ ဓားသွားလေးခုလုံး သက်ရောက်သွားစေလေသည်။
ထိုမြင်ကွင်းက ထပ်ခါတလဲလဲ ဖြစ်သွားသည်။ ထိုသို့ဖြင့် တစ်ခုပြီးတစ်ခု တိုက်မိပြီး လည်ထွက်သွားချိန်တွင် နောက်ထပ် ဓားနှစ်လက်က ထိပ်တိုက် တိုက်မိသွားသည်။ ထို့နောက် နောက်ထပ် တစ်ဖက် လည်ထွက်သွားလေပြီး နောက်ထပ် ဓားများနှင့် တိုက်မိကာ ထပ်မံ လည်ထွက်ပြန်သည်။ ထိုသို့ဖြင့် တိုက်ရိုက်လည်ထွက်ကာ တိုက်မိသွားပြီးနောက်တွင် ဓား(၈)ချောင်း၊ (၁၆)ချောင်း၊ (၃၂)ချောင်း၊ (၆၄)ချောင်း၊ (၁၂၈)ချောင်း... စသဖြင့် အတန်းလိုက်ဖြစ်သွားသည်။ ဓားတစ်ချောင်း၏ လားရာကို ပြောင်းလဲရုံဖြင့် ဝမ်ချောင်ဟာ ဓားထောင်ပေါင်းများစွာ၏ အနေအထားကို ပြောင်းလဲသွားစေသည်။
ဝုန်း ဝုန်း ဝုန်း
ထိုဓားပေါင်းများစွာက ရုတ်တရက် ထိုသို့ အပြောင်းအလဲဖြစ်သွားပြီးနောက် နံရံထဲသို့ ဝင်စိုက်ကုန်ချိန်တွင် ဖုန်များက လွင့်လာသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ မျက်နှာထားကပင် တောင့်ခဲသွားသည်။
ဝမ်ချောင် ယခုထုတ်ပြလိုက်သော စွမ်းရည်က သူတို့အား တအံ့တဩ သက်ပြင်းချမိစေသည်။ အမှန်တိုင်းပြောရသော် သူတို့သည်လည်း ထိုဓားပေါင်းများစွာကို ထိုသို့ လမ်းကြောင်း ပြောင်းသွားစေလိုလျှင် လုပ်နိုင်လောက်သော်လည်း အင်အားအမြောက်အများ လိုအပ်မည်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးကပင် သောကရောက်လောက်သည်။ သို့သော် ထိုသို့လုပ်ပါက ကြယ်တာရာ စွမ်းအင် အမြောက်အများ ကုန်ဆုံးလေပြီး သူတို့ကလည်း အောက်ဘက်တွင် မည်သည့်အန္တရာယ်များကို တွေ့ကြုံနိုင်မှန်း မသေချာသေးသည့်အလျောက် မလုပ်လိုကြပေ။
သို့သော် ဝမ်ချောင်ကမူ ဓားတစ်ချောင်းချင်းကိုသာ ထိန်းချုပ်လိုက်သည်။ သူသည် သေးငယ်လွန်းသော ကြယ်တာရာစွမ်းအင် လေးကိုသာ အသုံးပြုလိုက်ရ၏။ သို့သော် သက်ရောက်မှုက ဓားအမြောက်အများပေါ် သက်ရောက်သွားစေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
ထိုအခြေအနေဟာ စွမ်းအားနှင့်လည်း မသက်ဆိုင်သလို ကျင့်ကြံခြင်းနှင့်လည်း မသက်ဆိုင်ချေ။ ဝမ်ချောင်၏ တွက်ချက်နိုင် စွမ်းရည်ကပင် မှင်သက်ဖွယ်ကောင်းလွန်းသော အတိုင်းအတာသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ထို့နောက် သတ္ထုဓားသွားများက တွင်းနံရံထဲသို့ ဆက်တိုက်ဆိုသလို တိုးဝင်စိုက်နေရင်း ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေပြီး ထိုမီတာ ထောင်ပေါင်းများစွာအတွင်းရှိ နံရံများအားလုံးကို ပျက်စီးသွားစေသည်။
သို့ရာတွင် ဝမ်ချောင်၏ အဖွဲ့ ရှိနေသော နေရာကမူ သက်ရောက်ခံရခြင်းမရှိပေ။
ဝုန်း
ဝမ်ချောင်၏ ညာဘက်လက်က ဆန့်သွားသည်။ လက်ချောင်းများက တဖန်ပြန်လည် ဖြန့်လိုက်ပြန်သည်။ သူဟာ သတ္ထုဓားများကို ချက်ချင်းဆိုသလို ထိန်းချုပ်မှု အရယူနေသလိုမျိုး အလားတူသော ဖြစ်ရပ်များကို ဆက်လက် ဖြစ်ပွားနေစေသည်။ မည်သည့်ဓားသွားကမှ ဝမ်ချောင်တို့၏ အဖွဲ့နှင့် ပေတစ်ရာဝန်းကျင် အတွင်းသို့ မဝင်လာနိုင်ခဲ့ချေ။ ဝမ်ချောင်ဟာ ကြယ်တာရာစွမ်းအင်၏ နည်းပါးလွန်းသော ပမာဏကိုသာ ကုန်ဆုံးစေသည်။
“ဆရာ၊ ရွာသူကြီး ရှေ့ဆက်သွားရအောင်။ ဒီလိုသတ္ထုမုန်တိုင်းက တစ်သုတ်တည်းတော့ မဟုတ်လောက်ဘူး။ ငါတို့ ဒီနေရာမှာ ဆက်နေနေရင် ဆက်တိုက် တိုက်ခိုက်ခံရမှာပဲ”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
သူတို့သည် လုံခြုံပြီး ကြယ်တာရာစွမ်းအင် အမြောက်အများ မကုန်ဆုံးသေးဟု ထင်ရသည်။ သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအင်က လျှင်မြန်စွာ ကုန်ဆုံးနေသည်။ ထိုမျှမြောက်များလွန်းသော တွက်ချက်မှုက ကြီးမားလွန်းသော သက်ရောက်မှုလည်း ရှိစေသည်။ ထိုအရာသာမကသေးချေ။ ဝမ်ချောင်၏ စိတ်စွမ်းအင်က သူ့အား အချို့သော မမြင်ရသည့် အားတစ်ရပ်က သတ္ထုဓားသွားများအား နံရံထဲမှ ပြန်ဆွဲထုတ်ပြီး ကောင်းကင်သို့ ယူဆောင်ရန် ကြိုးစားနေသည်ဟု သတိပေးနေသည်။
ဝမ်ချောင်သည်လည်း သတ္ထုဓားသွားများ၏ အစောပိုင်း တစ်သုတ်က ပြန်လှည့်လာ၍ ပို၍များပြားသော ပမာဏ ဖြစ်လာကြောင်း ခံစားမိလိုက်သည်။ သူတို့ကသာ ဒီနေရာမှထွက်သွားပြီး နည်းလမ်းတစ်ခု မရှာပါက အဆုံးအစမဲ့သော တိုက်ကွက်များက သူတို့ကို သေသည်အထိ ဒုက္ခပေးပေလိမ့်မည်။
ဘန်း
တခဏခန့်ကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝတ်ရုံကို ခါလိုက်သည်။ သူသည် ကြေကွဲသွားစေလျှက် မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် အောက်ဘက်သို့ ပြန်ဆင်းသွားသည်။ ဝမ်ချောင်၏ ဆက်တိုက်ဆိုသလို တွက်ချက်ပေးမှုမှတဆင့် သူတို့သုံးယောက်သည် မည်သည့် တိုက်ခိုက်မှုကိုမှ မခံစားရလေဘဲ ခရီးဆက်သွားနိုင်ခဲ့သည်။
မီတာငါးဆယ်၊ မီတာတစ်ရာ၊ မီတာနှစ်ရာ...
ဝမ်ချောင်တို့၏အဖွဲ့က ဆက်တိုက်ဆိုသလို အောက်ဘက်သို့ ထပ်ဆင်းနေခဲ့သည်။ သူတို့သည် မီတာသုံးရာခန့် အနက်သို့ ထပ်ဆင်းသွားပြီးနောက်တွင် သူတို့၏အနောက်ဘက်တွင် စူးရှလွန်းသော လေချွန်သံက ထွက်ပေါ်လာကာ ဓားထောင်ပေါင်းများစွာက အလုံးအရင်းဖြင့် ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ထပ်မံဖြစ်ပွားနေစေကြောင်း ကြားလိုက်ရပြန်သည်။ ထိုသု့ိဖြင့် သူတို့၏ပတ်ဝန်းကျင်တွင် အော်ဟစ်သံများက ပဲ့တင်ထပ်သွားပြန်သည်။ ပထမတစ်သုတ်တွင် တောင့်ခံနိုင်ခဲ့သည့် သိုင်းပညာရှင် တစ်သုတ်ကလည်း ယခုအခါ ထပ်ရောက်လာသည့် ထိုတိုက်ကွက်များအောက်တွင် သတိလက်လွတ် ဖြစ်သွားသည်။ အကြောင်းမူကား ယခုတစ်ခေါက်က မျက်နှာချင်းဆိုင် ဘက်ခြမ်းမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်များက လှီးဖြတ်ခံရပြီး အောက်ဘက်သို့ အသားတုံးများအဖြစ်သာ ပြုတ်ကျသည်။ သွေးများကလည်း မိုးအလား စီးဆင်းသွားသေးသည်။
ထိုသို့ဖြင့် သေဆုံးမှု၏ နံဟောင်သောရနံ့က တွင်းထဲတွင် စုစည်းလာလေပြီး သိပ်သည်းသော သွေးမြူနှင့် ရောနှောသွားသည်။ ကျယ်လောင်လွန်းသော အော်ဟစ်သံများက ထိုနံရံများအနှံ့ အဆုံးအစမဲ့လောက်အောင် ပဲ့တင်ထပ်နေသည်။ ထိုတွင်းကလည်း မြေအောက်လောကနှင့်ပင် မခြားတော့သလို ခံစားလာရစေသည်။
+++++
အခန်း(၁၄၄၃)
ကူညီရန် ကမ်းလှမ်းခြင်း
“ကယ်ပါ ကယ်ပါ ငါဒီနေရာမှာ မသေချင်ဘူး”
မနီးမဝေး တစ်နေရာမှ ခပ်တိုးတိုး အော်သံက ထွက်လာသည်။
ဝမ်ချောင်က လေထဲမှ ဓားမုန်တိုင်းကို ထိန်းချုပ်နေဆဲ ရှိနေသေးသည်။ ထိုအကူညီတောင်းသံကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ သိမ်မွေ့သောနေရာမှ မရေမတွက်နိုင်သော သတ္ထုဓားများကြောင့် တွန်းထုတ်ခံလိုက်ရပုံပေါ်သော နံရံတွင်းပေါက်တစ်ပေါက် ပေါ်နေသည်။ ထိုနေရာက အမျိုးမျိုးသော အလောင်းများ၏ အပိုင်းအစပြတ်များ ပေကျံနေသလို ထိုအလောင်းများ၏ အလယ်တွင်မှ ဒူးထောက်နေသော လှပသည့် အမျိုးသမီး သိုင်းပညာရှင်တစ်ယောက်ကို တွေ့ရသည်။ သူမ၏ ဆံပင်များက ကစဉ့်ကလျားဖြစ်နေပြီး မျက်နှာကလည်း အထိတ်တလန့်ဖြစ်နေပုံပေါ်သည်။
သူမ၏ခန္ဓာကိုယ်က တုန်ယင်နေလေပြီး ကြောက်စရာကောင်းသော အိမ်မက်ဆိုးဒဏ်ကို တောင့်ခံနေရပုံပေါ်သည်။
ထိုအနက်ထိ ရောက်လာသော မည်သည့်သိုင်းပညာရှင်ကမဆို အားမနည်းချေ။
ထိုလှပသော အမျိုးသမီးက ရှင်းလင်းစွာပင် နက်နဲသော ကျင့်ကြံခြင်းအဆင့် ရှိနေမည်ဖြစ်သည်။ သို့တိုင်အောင် သတ္ထုမုန်တိုင်း အဆုံးအစမဲ့သော တိုက်ကွက်ဒဏ်ကို ခံရပြီးနောက် သူမ၏ ကြီးကျယ်မြင့်မြတ်သော ကျင့်ကြံခြင်းအဆင့်နှင့် မြောက်များလွန်းသော စွမ်းအင်များကပင် ကုန်ဆုံးသွားနိုင်သည်။
ဇွက် ဇွက် ဇွက်
စူးရှသော လေချွန်သံများက အထက်မှ ထိုးဆင်းလာသဖြင့် ပြင်းထန်သော ဓားသွားများကလည်း အောက်ဘက်သို့ ဆင်းသက်လာသည်။ သူ၏လမ်းကြောင့်က ထိတ်လန့်မှုအပြည့်ဖြင့် တုန်ယင်နေသော အမျိုးသမီး ကျင့်ကြံသူရှိရာသို့ ဦးတည်နေ၏။ သူမကမူ ပတ်ဝန်းကျင်မှ အခြေအနေကို သတိမထားမိသေးချေ။
မည်သူကမှသာ ဝင်မပါလျှင် သူမက သေချာပေါက် သေတော့မည်ဖြစ်သည်။
သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က လက်ကိုဖြန့်လိုက်သည်။ ထိုအမျိုးသမီးထံသို့ ဦးတည်တော့မည့် ဓားသွားများက စတင်ကာ အချင်းချင်း တိုက်မိသွားသည်။ မမြင်ရသော အကာအကွယ်လွှာ တစ်ရပ်ကလည်း ထိုအမျိုးသမီး၏ ဝန်းကျင်တွင် ဖွဲ့တည်လာသလိုမျိုး ထိုဓားသွားများအား သူမကိုကျော်ဖြတ်၍ ဆယ်မီတာခန့်အကွာမှ နေရာကို ရိုက်မိသွားစေသည်။
ထိုသို့ဖြင့် ပေါက်ကွဲမှု ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ အမျိုးသမီးဝန်းကျင် ဆယ်မီတာခန့်အကွာမှ နံရံက ထိုးဖောက်ခံရသလို ဖြစ်သွားလေပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ၊ ကျောက်သားပေါင်း များစွာက အောက်ဘက်သို့ ဝုန်းကနဲ ပြုတ်ကျလျှက် ပတ်ဝန်းကျင် နံရံများကိုပင် တုန်ခါသွားစေလေသည်။
ကြမ်းတမ်းသော ပေါက်ကွဲသံက နောက်ဆုံးတွင် ထိုအမျိုးသမီး ကျင့်ကြံသူကို ကြောက်လန့်မှုအတွင်းမှ လှုပ်နှိုးလိုက်နိုင်သည်။ သူမက ခေါင်းကို မော့လိုက်သောအခါ ဝမ်ချောင်တို့၏ အဖွဲ့ကို မြင်ရသည်။
“ငါ့ကိုကယ်ပါ”
အမျိုးသမီး၏ မျက်လုံးက ပြင်းထန်လွန်းသော အသက်ရှင်သန်လိုစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
ဝမ်ချောင်က နောက်ထပ်စကားတစ်ခွန်း မဆိုတော့လေဘဲ စွမ်းအင်စုစည်းခြင်း ပုလဲလုံးထဲမှ စွမ်းအင်ကို ချေးငှားယူ၍ ပြင်းထန်သော ဆွဲစုပ်အားတစ်ရပ်ဖြင့် အမျိုးသမီးကို ဘေးဘက်သို့ လှမ်းခေါ်လိုက်သည်။
“မင်းမသေချင်ရင် ဒီဆေးလုံးကိုသောက်ပြီး အမြန်ဆုံး ကုစားလိုက်တော့။ ငါမင်းကို ခဏပဲ ကူပေးနိုင်မယ်။ နောက်ပိုင်း ကိုယ့်ဘာသာကို ရင်ဆိုင်ရမယ်”
ဝမ်ချောင်၏အသံက သူမ၏နားထဲတွင် ဟိန်းထွက်လာသည်။ သူက သူမအား ဆေးတစ်လုံးပေးသည်။
“ကျေးဇူးတင်ပါတယ်”
အံ့အားသင့်မှုမှ ပြန်လည်သတိရကာစ ဖြစ်လောက်သော ထိုအမျိုးသမီးက စကားကို မနည်းပြောနေရသည်။ သူမသည်လည်း ဆေးလုံးကို ယူသောက်ချိန်တွင် တုန်ယင်နေသေးသည်။ ထို့နောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမ၏ အသက်ရှုနှုန်းကို ချောမွေ့စွာဖြင့် စတင်ကာ ချိန်ညှိလေသည်။ တခဏခန့်ကြာပြီးရုံနှင့် သူမ၏မျက်နှာက သွေးရောင်ပြန်ပေါ်လာသည်။
ဝမ်ချောင်က သူမကို ရိုးရှင်းစွာပင် လှမ်းကိုင်၍ ဆရာဖြစ်သူ၏နောက်သို့ လိုက်လေသည်။
ထိုသတ္ထုတိုက်ကွက်များ၏ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာမှုက သူတို့ထဲမှ မည်သူကမှ မမျှော်လင့်ထားသော ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဝမ်ချောင်တို့၏ အဖွဲ့က အောက်ဘက်သို့ဆင်းလေလေ ချောမွေ့သော နံရံများက မညီမညာ ဖြစ်လာလေလေ ရှုပ်ထွေးမှုများအဖြစ် ပြောင်းလဲလာလေလေ၊ ထိုအရှုပ်အထွေး ပုံများထဲတွင်လည်း လူများ၏ ခြေပြတ်လက်ပြတ်များနှင့် ကိုယ်တွင်းအင်္ဂါများ၊ သွေးများက ပေကျံလေလေ ဖြစ်လာလေသည်။
အကြမ်းဖျင်း ခန့်မှန်းချက်အရ ဒီတစ်သုတ်မှ သတ်ဖြတ်နိုင်ခဲ့သော လူအရေအတွက်က ထောင်ကျော်နိုင်သည်။
ထိုအခိုက်အတန့်တွင် လူအများစုကလည်း ကံကောင်းမှု သို့မဟုတ် ကပ်ဘေးအတွက် တံခါးပေါက်မရှိဆိုသော ကျောက်တိုင်၏ အဓိပ္ပာယ်ကို နားလည်လာသည်။
“အား ငါ့ခြေထောက်”
“ဘယ်လိုဖြစ်နိုင်မှာလဲ ငါဒီနေရာမှာ မသေချင်သေးဘူး”
“ကယ်ပါ ငါ့ကိုကယ်ပါ”
ဝမ်ချောင်က အောက်ဘက်သို့ ဆင်းလေလေ သူ၏ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များ၏ ဆိုးရွားသော အခြေအနေကို မြင်ရလေလေဖြစ်သည်။ ထိုလူများက ပထမတစ်သုတ်တွင် ကံကောင်းပြီး ရှင်သန်နိုင်ခဲ့သည်။ သို့သော် သေဆုံးခြင်းအရိပ်က သူတို့၏နောက်ဘက်သို့ ဆက်တိုက်ဆိုသလို ကပ်လိုက်ပါနေလေပြီး သူတို့ဟာ အချိန်မရွေး သေသွားစေနိုင်လေသည်။
ဝမ်ချောင်က တစ်ယောက်ကိုမြင်သည်နှင့် အတက်နိုင်ဆုံး ကြိုးစားပြီး ကယ်ပေးသည်။ ထိုသို့ဖြင့် သူ့အဖွဲ့သို့ ခေါ်လာသည်။
ဝမ်ချောင်၏အဖွဲ့က လူသုံးယောက်ထဲဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မီတာရာပေါင်းများစွာ ထပ်ဆင်းပြီးသည်နှင့် လူအယောက် လေးဆယ်၊ ငါးဆယ်အထိ ဖြစ်လာသည်။
မီတာလေးရာ၊ မီတာငါးရာ၊ မီတာရှစ်ရာ၊ မီတာတစ်ထောင်...
ထိုအချိန်တွင် သူတို့ဟာ အပေါ်ယံမှ မီတာရှစ်ထောင်မှ ကိုးထောင်ခန့်အထိ ထိုးဆင်းပြီးလေပြီ။ ထိုအနက်မှ လေထုက အလွန်အမင်း ပါးလေပြီး အလင်းများကိုလည်း မမြင်ရချေ။ မျက်လုံးများကလည်း အသုံးမဝင်တော့ချေ။ ထို့ကြောင့် အာရုံခံနိုင်စွမ်းအားကို မှီခို၍ စိတ်စွမ်းအင်ဖြင့်သာ အောက်သို့ ဆက်ဆင်းရပေမည်။
သို့တိုင်အောင် ထိုဓားသွားများက သားကောင်ရှာနေသော ငါးမန်းကြီးများအလား နောက်မှ ကပ်လိုက်လာသည်။ ရပ်တန့်မည့် အရိပ်အယောင်လည်း မပြသေးချေ။
ဝူရှန်းရွာသူကြီး၏ အသံက အမှောင်ထဲမှ ရုတ်တရက် ထွက်လာသည်။
“နှမြောစရာပဲ။ အစ်ကိုကျိုးသာ ဒီမှာရှိရင် သူ့ရဲ့အတွေ့အကြုံနဲ့ဆိုရင် ဒီဓားသွားတွေရဲ့ ခလုတ်ကို ရှာနိုင်မှာပဲ”
လက်ရှိအခြေအနေက ကြက်ဥပုံအလား သတိထားနေရသည်။ မည်သူကမှလည်း ဒီနေရာတွင် သတ္ထုမုန်တိုင်းက မည်မျှများပြားနိုင်ကြောင်း၊ မည်မျှကြာမည်ဖြစ်ကြောင်း မသိနိုင်သေးပေ။
“ငါခန့်မှန်းတာ မှန်မယ်ဆိုရင် တွင်းရဲ့အောက်ခြေမှာလည်း အရမ်းကိုကြီးတဲ့ ရှေးဟောင်းဝင်္ကပါကြီး ရှိလိမ့်မယ်။ အဲ့ဒီလိုနဲ့ တွင်းရဲ့ဘေးဘက်တွေထဲမှာ ပေါင်းပြီးတပ်ဆင်ထားပြီးမှ တစ်ခုတည်းအဖြစ် တစ်သားတည်း တည်ရှိနေတာ။ ဒီသတ္ထုဓားတွေအတွက် စက်တွေ၊ ခလုတ်တွေ အားလုံးကလည်း ဒီဝင်္ကပါရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိလောက်တယ်”
“စီနီယာကျိုး ပြောတဲ့အတိုင်းဆိုရင် ဒီနေရာက စကြာဝဠာပုံစံခွက်တဲ့။ ဆိုတော့ အဲ့ဒီပုံစံခွက်က လှုံ့ဆော်နိုင်တဲ့ စွမ်းအင်က ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့အပြင် မူလအမရ အရှင်ကလည်း ဒီဝင်္ကပါတွေကို ကောင်းကောင်း ထိန်းကွပ်ခဲ့မှာပဲ။ ဆိုတော့ အဲ့ဒီစွမ်းအင်အားလုံးက ဒီဝင်္ကပါထဲမှာ ရှိနေလိမ့်မယ်။ ဒီလိုမျိုးဖြစ်နေတာက ဆယ်ကြိမ်လည်း ဖြစ်ချင်ဖြစ်မယ်၊ အကြိမ်တစ်ရာလည်း ဖြစ်ချင်ဖြစ်မယ်၊ မူလအမရ ဝင်္ကပါထက်တောင် သန်မာချင် သန်မာနေဦးမယ်။ ဒါကြောင့် ငါတို့အနေနဲ့ ဒီစွမ်းအင် အရင်းအမြစ်ကို ဖြတ်တောက်ဖို့က မလုံလောက်ဘူး”
ဝမ်ချောင်က တင်းမာသော မျက်နှာထားနှင့်ပြောသည်။ သူသည် ဝင်္ကပါကို အကောင်းဆုံး နားလည်သော အဖွဲ့ထဲမှ တစ်ယောက်ဖြစ်သည်။
“ငါတို့တွေ နံရံကိုဖောက်ပြီး တွင်းတူးရင်းနဲ့ အတွင်းဘက်က ဝင်္ကပါကို ဖျက်ဆီးလို့မရဘူးလား”
ဝမ်ချောင်၏အနောက်ဘက်မှ သိုင်းပညာရှင်က ရုတ်တရက်ပြောသည်။
“အသုံးမဝင်ဘူး။ မူဘအမရဝင်္ကပါကို ကျော်ဖြတ်သွားချင်ရင်တောင်မှ မူလအမရအရှင်က ဒီလိုအားနည်းချက်မျိုး ချန်ထားခဲ့မှာမဟုတ်တာကို သိသင့်တယ်။ တွင်းတူးပြီး ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားတာက ပြင်းထန်တဲ့အင်အားကိုလိုတယ်။ ဒါက ကျရှုံးသွားစေနိုင်တဲ့အပြင် သတ္ထုမုန်တိုင်းကို ပိုပြီး အင်အားကြီးစေနိုင်တယ်။ ဘာလို့လည်းဆိုတော့ ဒီလိုသတ္ထုမုန်တိုင်းဖြစ်စေတဲ့ ဝင်္ကပါထဲကို စွမ်းအင်ပို့လွှတ်လိုက်သလို ဖြစ်သွားနိုင်လို့ပဲ”
ဝမ်ချောင်က တည်ငြိမ်စွာရှင်းပြသည်။
သူ၏အနောက်ဘက်မှ သိုင်းပညာရှင်များ၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ အများစုကမူ မူလအမရ ဝင်္ကပါ၏ ခြောက်ခြားမှုကို ကြုံတွေ့ခဲ့ကြပြီးလေပြီ။ ထိုအရာက ကြီးမားလွန်းသော အသားကြိတ်ဆုံကြီးကဲ့သို့ လူတိုင်းအား ဝင်္ကပါ၏ အလယ်ဗဟိုနေရာသို့ခေါ်ပြီး သတ်ဖြတ်နေခြင်းဖြစ်သည်။
တွင်းပေါက်၏ နံရံများအတွင်းတွင် တပ်ဆင်ထားသော ဝင်္ကပါကသာ အလားတူ ဖြစ်နေခဲ့မည်ဆိုပါက သူတို့၏ အပြုအမူက ဆန့်ကျင်ဘက် သက်ရောက်မှု ဖြစ်လာနိုင်သည်။
“ဝင်္ကပါကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ငါတို့ အခုလုပ်နိုင်သမျှက အရှေ့ကိုဆက်သွားဖို့ပဲ။ ဒီလိုနဲ့ သတ္ထုမုန်တိုင်း လွှမ်းခြုံနိုင်တဲ့ ဝန်းကျင်ကို ကျော်လွန်ဖို့ ကြိုးစားရမယ်။ ဒီနယ်မြေက ဘယ်လောက်ကြီးကြီး အဆုံးတော့ရှိမယ်လို့ ငါယုံကြည်တယ်။ အဲ့ဒီလိုမှမဟုတ်ရင် မုန်တိုင်းကုန်ဆုံးသွားတဲ့ အချိန်ထိ စောင့်ပြီးမှပဲ ကြည့်ရမယ်။ ဒါပေမဲ့ ကံကောင်းမှပဲ ရှင်နိုင်မယ်”
“သူ့ရဲ့အင်အားအကြီးဆုံး တိုက်ကွက်တောင်မှ အားသာချက်၊ အားနည်းချက်ဆိုတာမျိုးတွေ ရှိတယ်။ ဒီသတ္ထုမုန်တိုင်းက အရမ်းကို အင်အားကြီးတယ်။ ဒါပေမဲ့ ဒီတိုက်ကွက်က ထာဝရတည်နိုင်မယ်လို့တော့ ငါတော့မယုံဘူး။ ဒီလိုအလုံးအရင်းနဲ့ သတ်ဖြတ်တဲ့စက်ကွင်း ပြီးဆုံးသွားပြီးတဲ့နောက်မှာ အားနည်းတဲ့ လက္ခဏာ ပြလာမှာပဲ”
သူသည် ထိုသတ္ထုဓား သောင်းကျော်အကြောင်း မသိသော်လည်း သူဟာ ဝင်္ကပါအကြောင်း သိထားသည်။ ထို့ကြောင့် သတ္ထုဓားသွားများကို ဝင်္ကပါကသာ ပို့လွှတ်နေခဲ့ရိုး မှန်ကန်လျှင် ဝင်္ကပါ၏ စည်းမျဉ်းများအောက်မှ မလွတ်မြောက်နိုင်ပေ။
“တကယ်ပဲ လုပ်နိုင်တာ ဘာမှမရှိတော့ဘူးလား”
ဝမ်ချောင်ကယ်ခဲ့သည့် သိုင်းပညာရှင်တစ်ယောက်က သတ္ထုဓားသွားများကို စိတ်ပျက်အားငယ်သလို ကြည့်သည်။ သေဆုံးခြင်းအပေါ် ခံစားစိတ်က သူ့အား အရိပ်မည်းတစ်ခုလို ကပ်တွယ်နေလေပြီး သူ့အား အသက်မရှုနိုင်အောင် ဖြစ်စေသည်။ ဝမ်ချောင်၏ အင်အားက သူတို့၏လေးစားမှုကို ရရှိခဲ့ပြီးသားဖြစ်သည်။ ထိုသုံးယောက်အဖွဲ့က ထုတ်လွှတ်ထားသော ခွန်အားကလည်း အမှန်တကယ် လေးစားဖွယ်ကောင်းသည်။
သို့သော် မည်သူကမှ ဒီလိုအခြေအနေမျိုးက မည်မျှ တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း မသိနိုင်ကြပေ။
အနည်းငယ်သော အမှားကတင် ထိုဓားထောင်ကျော်အား အောက်ဘက်သို့ ဆင်းသွားခြင်းဖြင့် သူတို့အားလုံးကို သုတ်သင်သွားစေနိုင်သည်။
ယခုလိုမျိုး ပြင်းထန်လွန်းသော သတ္ထုမုန်တိုင်းများကို ရင်ဆိုင်ရချိန်တွင် ကျွမ်းကျင်ပညာရှင်များကလည်း ပုရွက်ဆိတ်ထက် မပိုလောက်အောင် အင်အားနည်းလွန်းနေကြသည်။
“ငါစဉ်းစားကြည့်ဦးမယ်”
ဝမ်ချောင်က တိတ်သွားသည်။ သူသည် သတ္ထုဓားသွားများကိုကြည့်ရင်း ဆက်တိုက် စဉ်းစားနေသည်။
...
တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်တို့၏ အဖွဲ့ကသာ တိုက်ခိုက်ခံနေရခြင်းမဟုတ်ပေ။
“သေစမ်း ဘယ်မျိုးမစစ်က ထောင်ချောက်ကို သွားထိလိုက်တာလဲ”
တွင်းအနက်ပိုင်းမှ ယင်နက်ဘိုးဘေးက လက်အောက်ငယ်သားများနှင့် စိတ်ပျက်အားငယ်စွာ ဆောင့်ကြောင့်ထိုင်နေသည်။ သူကလည်း ဒေါသတကြီး အံ့ကိုကြိတ်ထား၏။ သူသည် သတ္ထုဓားသွားများက မျောလွင့်နေကြောင်း သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဒါဟာ ကြောက်စရာကောင်းသော ထောင်ချောက်ဖြစ်ကြောင်း သိလေသည်။
သူသည် နဂိုကမူ မည်သူကမှ ထိုသတ္ထုဓားသွားများကို မကိုင်တွယ်သေးခင် သူဟာ ထိုနေရာကို အရင်ကျော်ဖြတ်၍ ထိုသတ္ထုဓားသွားများကို အသက်သွင်းခြင်းအားဖြင့် အနောက်ဘက်မှ အကောင်များကို ကိုင်တွယ်ရန် စဉ်းစားထားသည်။ သို့သော် အရူးတစ်ကောင်ကောင်က သူကပင် အမိန့်မပေးသေးခင် ထောင်ချောက်ကို သွားထိလိုက်ခြင်းအားဖြင့် ယခုလိုမျိုး ဖြစ်သွားလေသည်။
ချက်ချင်းဆိုသလိုပင် ဘိုးဘေးငါးယောက်အဖွဲ့က ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ဆုံးရှုံးသွားသည်။ သူကသာ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့လျှင် သူ၏ လူတစ်ဖွဲ့သာ သေသွားခဲ့ပေလောက်သည်။
“ဘိုးဘေး ထောင်ချောက်ကို ဖျက်ဆီးဖို့ နည်းလမ်းမရှိဘူးလား”
ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင် တစ်ယောက်က အထက်တွင် လွင့်ပျံနေသော သတ္ထုဓားသွားများကိုကြည့်ရင်း ကြောက်လန့်တကြား ပြောသည်။
“မဖြစ်နိုင်တာ ဒီဘိုးဘေးက သတ္ထုမုန်တိုင်းကို မဖြေရှင်းချင်ဘူးလို့ မင်းက ထင်နေလို့လား ဟမ် ဒါကို လူသားတွေ လုပ်နိုင်တာမှမဟုတ်တာ။ အဲ့ဒီမူလအမရ အရှင်ဆိုတဲ့ မျိုးမစစ်အိုကြီးက နှစ်ထောင်ကျော် တည်ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကိုသုံးပြီး ဖန်တီးထားတာ။ ဒီစွမ်းအင်တွေက အနည်းဆုံး နှစ်တစ်ထောင်လောက် ရှိနေခဲ့ပြီးသား။ ဒါကို ဘယ်သိုင်းပညာရှင်က ခုခံနိုင်မှာလဲ”
ယင်နက်ဘိုးဘေးက အံ့ကိုကြိတ်သည်။ သူဟာ မုန်းတီးစွာအော်ပြောသည်။
“ဘာမှလုပ်လို့မရဘူး။ လူသားတွေရဲ့ အင်အားက သဘာဝရဲ့ အင်အားကို မမှီနိုင်ဘူး။ ဟွန်း ငါတို့ဒီတိုင်း ကျော်ဖြတ်ရမယ်”
သူ၏စကားဆုံးသွားသည်နှင့် ယင်နက်ဘိုးဘေးက သူ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို အကန့်အသတ်သို့ ရောက်သည်အထိ ချဲ့လိုက်သည်။ ထိုသို့ဖြင့် အတက်နိုင်ဆုံး ကြိုးစားပြီး ဘိုးဘေးငါးယောက် မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကို ကာထားပေးလိုက်သည်။ သူတို့သည် မယုံနိုင်စရာကောင်းသော သတ်ဖြတ်မှုအောက်တွင် ရောက်နေသော်လည်း ဘိုးဘေးငါးယောက် မဟာမိတ်ကမူ ကောင်းကောင်း ရှင်သန်နေထိုင်ကြသေးသည်။ သူတို့က တွင်းထဲသို့ အရင် စောဝင်သည့်အလျောက် တိုက်ကွက် နည်းနည်းကိုသာ ခံရသည်။ အနောက်ဘက်မှ လူများက ပို၍ဆိုးပေလိမ့်မည်။
ချွင် ချွင် ချွင်
သတ္ထုဓားများက အောက်ဘက်သို့ ဆင်းသက်လာသည်။ ရေများအောက်ဘက်သို့ စီးလာသော အနေအထားမျိုးနှင့် ရင်ဆိုင်ရသောအခါ အားလုံးကလည်း ယင်နက်ဘိုးဘေးနည်းတူ တူညီသော နည်းလမ်းများကို အသုံးပြုကာ တားဆီးကြသည်။ မည်သို့ပင်ဆိုစေ သူတို့သည်လည်း ထိုသတ္ထုမုန်တိုင်းကို ချိုးဖျက်ရန် မဖြစ်နိုင်ကြောင်း နားလည်ထားကြလေသည်။
+++++
အခန်း(၁၄၄၄)
ဘုန်း
အမျိုးမျိုးသော သိုင်းပညာရှင်များက ပြင်းထန်လွန်းသော ဖိအားအောက်တွင် အောက်ဘက်သို့ ဆက်ဆင်းနေကြချိန်တွင် ဝမ်ချောင်က ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။
“ငါတစ်ကြိမ်လောက် စမ်းကြည့်မှ အသုံးဝင်မလားဆိုတာ သိရမယ်”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ ကျောဘက်သို့ ပို့ထားသော ဘယ်ဘက်လက်မှ လက်ချောင်းများက ရုတ်တရက် ပျံ့သွားသည်။ ထိုအခါ အလွန်အမင်း မြောက်များလွန်းသော ကြယ်တာရာစွမ်းအင်များကို စုစည်းထားသော ပုလဲငါးလုံးက သူ၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာလေသည်။ ထိုပုလဲလုံးလေးများက ပထမဦးဆုံး ပေါ်ထွက်လာချိန်တွင် သူတို့၏ အတွင်းဘက်က အလွန်အမင်း မတည်မငြိမ် ဖြစ်နေသည်။ သို့သော် တခဏခန့်ကြာပြီးမှသာ ခိုင်မာလာလေသည်။
သိသာစွာပင် ထိုပုလဲလုံးလေးများက ဝမ်ချောင် စွမ်းအင်များဖြင့် သိပ်သည်းထားခြင်းဖြစ်သည်။ ဝမ်ချောင်က ရုတ်တရက် ရလိုက်သော အကြံအစည်ကြောင့် လှုပ်ရှားရန် ကြိုးစားလိုက်မိခြင်းဖြစ်သည်။
ထိုပုလဲလုံးလေးများသည် ဝမ်ချောင်၏ စွမ်းအင်ကို စုပ်ယူလေလေ ကြီးမားလာလေလေ ဖြစ်လာလေပြီး ပို၍ပင် သိသာထင်ရှားကာ ကျစ်လစ်လာသည်။ သိပ်မကြာခင် ထိုပုလဲလုံးလေးများက လက်သီးဆုပ် အရွယ်အစားခန့် ဖြစ်လာပြီး မှေးမှိန်သော အလင်းများကိုပင် လွှတ်ထုတ်နေသေးသည်။ ထိုသို့ဖြင့် လေထဲတွင် ဝဲပျံကာ ပျံသန်းနေပြီး အချင်းချင်း လိုက်ဖက်ညီသလို သင့်တင့်လျောက်ပတ်သလိုမျိုးပင် ဖြစ်ကာ ကပ်နေကြသေးသည်။
ဝင်္ကပါကပဲ ဝင်္ကပါကို တွန်းလှန်နိုင်တယ်။ ဒါအလုပ်ဖြစ်မလား ကြည့်ရအောင်။
ဝမ်ချောင်က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။ ချက်ချင်းဆိုသလို အလင်းတစ်ချက် လက်သွားပြီးနောက် စွမ်းအင်ပုလဲသုံးလုံးက ဝမ်ချောင်၏ လက်ထဲမှ ခုန်ထွက်သွားကာ အခြားသော ပုလဲငါးလုံးနှင့် ပေါင်းစပ်၍ ဂြိုလ်ပတ်လမ်းကြောင်းတွင် လည်ပတ်သကဲ့သို့ လျှင်မြန်စွာနှင့် ဝမ်ချောင်ကိုဝိုင်းကာ လည်ပတ်လေသည်။ ထိုသို့ဖြင့် သေးငယ်ပြီး ရိုးရှင်းသော ဝင်္ကပါလေးက ဖြစ်လာ၏။
ပုလဲရှစ်လုံးက အသက်ဂိတ်ရှစ်ခုဖြစ်သည့် နာကျင်ခြင်း၊ အနားယူခြင်း၊ ရပ်တန့်ခြင်း၊ ကြည့်ရှု့ခြင်း၊ သေဆုံးခြင်း၊ အချက်ပေးနှင့် ဖွင့်လှစ်ခြင်း တံခါးပေါက်များဖြစ်သည်။
“ဒါက...”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က အထက်မှ တိုက်ကွက်များကို ရင်ဆိုင်နေခဲ့ရင်း စွမ်းအင် အကာအကွယ်လွှာကို ထိန်းထားခဲ့ကာ အောက်ဘက်ရှိ အဖွဲ့က ချီတက်နိုင်ရန် ကြိုးစားပေးနေရာမှ ရုတ်တရက် သူ၏ပတ်ဝန်းကျင်ရှိ စွမ်းအင်သိပ်သည်းမှုကို အာရုံခံမိလိုက်ပြီး အလန့်တကြား လှည့်ကြည့်လာသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က သူတို့အား အခြားသောသူများထက် ပိုမြန်နိုင်စေသည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည်။ သို့သော် ထိုအကြံဟာ မှင်သက်ဖွယ် ကောင်းလွန်းသဖြင့် သူတို့နှစ်ယောက်ကပင် သေချာမည်ဟု မတွေးရဲချေ။
ဒီအချက်က မယုံနိုင်စရာပဲ။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ထိုအချိန်တွင် သူတို့နှစ်ယောက်က အတွေးတူသည်။
ဝမ်ချောင်၏ အပြုအမူက ရိုးရှင်းစွာပင် သူတို့၏ လှုပ်ရှားမှုများကို အတည်ပြုလိုက်နိုင်သည်။
ဝုန်း
နေနှင့်လပုံရိပ်က ရုတ်တရက် ဆင့်ခေါ်ခြင်း ခံရပြီးနောက်တွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအင်က လျှင်မြန်စွာဖြင့် ပေါ်ထွက်လာသည်။ ထိုအရာ၏ စွမ်းအင်ကို သူ၏ ရိုးရှင်းသောဝင်္ကပါ အမြူတေထဲသို့ ပို့လွှတ်လိုက်ခြင်းအားဖြင့် ယင်နှင့်ရန်ကို ဖန်တီးသည်။
ယင်နှင့်ရန်အတွင်းသို့ စွမ်းအင်များ လောင်းထည့်လိုက်ခြင်းက နဂါးပန်းချီတွင် မျက်လုံးများ ထပ်ဖြည့်လိုက်သကဲ့သို့ နောက်ဆုံး စုတ်ချက်ကတင် ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်ကို ဖြစ်ပေါ်စေနိုင်သည်။ ရိုးရှင်းသော ဝင်္ကပါက စတင်ကာ လည်ပတ်လာပြီးနောက်တွင် နန်းတော်ကိုးပေါက်ကလည်း သူတို့ဘာသာ စတင်ကာ ရွေ့လျားသည်။ ဝင်္ကပါသည် ပတ်ဝန်းကျင်မှ စွမ်းအင်များကို ဆက်တိုက်ဆိုသလို စုပ်ယူလေပြီး မြင့်မားသော အဆင့်သို့ ခုန်တက်သွားသည်။
“ဒါက... မူလအမရ ဝင်္ကပါပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များက ထိုသေးငယ်သော ဝင်္ကပါလေး၏ အခြေခံကို ချက်ချင်းလိုလို သတိထားမိလိုက်ပြီး တအံ့တဩ အော်ကြသည်။
ဝမ်ချောင်က ဖန်တီးထားသော ဝင်္ကပါလေးက ထုတ်လွှတ်နေသော စွမ်းအင်များက မူလအမရ ဝင်္ကပါနှင့် တူသည်။ ထိုဝင်္ကပါက သိုင်းပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ပို၍ပင် ရှုပ်ထွေးကာ ကြောက်စရာ ကောင်းသေးလေသည်။
ဝမ်ချောင်က တစ်စုံတစ်ရာကို တွေးတောနားလည်သွားပြီးနောက်တွင် ထိုရှေးကျသော ဝင်္ကပါကို တဖန်ပြန်လည် ထုတ်ဖော်ပြီး ရွေ့လျားစေလိုက်သည်။ ထိုကဲ့သို့သော အရာမျိုးကို အခြားသောသူများက လုပ်နိုင်မည်ဟု တွေးရန်ပင် မဖြစ်နိုင်ပေ။
လူအများစုအတွက် ဒါဟာ မှင်သက်ဖွယ်ဖြစ်ရပ်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အားလုံးက တောင့်တင်းပြီး မလှုပ်နိုင်ကြတော့ချေ။ လူတိုင်းက ဝမ်ချောင်ကို တောက်ပလွန်းသော ရိုသေလေးစားမှု အပြည့်ပါသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်ကြသည်။ သူတို့သည် သူ့ကို နတ်တစ်ပါးအလား သတ်မှတ်လိုက်ကြ၏။
မူလအမရ ဝင်္ကပါက ဒီဝင်္ကပါနဲ့ အရင်းအမြစ်တူတယ်။ ဒါကြောင့် မူလအမရ ဝင်္ကပါကို လည်ပတ်ခြင်းအားဖြင့် ဒီသတ္ထုမုန်တိုင်း အနောက်က ဝင်္ကပါအပေါ် လွှမ်းမိုးနိုင်ဖို့ မျှော်လင့်တယ်။
ဝမ်ချောင်က လူအုပ်ကို ကျောပေးထားသည်။ ထို့ကြောင့် သူသည် သူတု့ိ၏ တုန့်ပြန်မှုကို မမြင်နိုင်ချေ။ သို့သော် ဂရုလည်းမစိုက်ပေ။
ဝမ်ချောင်သည် မူလအမရဝင်္ကပါ၏ ပုံစံခွက်ကို မြင်ဖူးသည်။ ထို့ကြောင့် သူသည်လည်း ဝင်္ကပါ ပုံစံခွက် အတွင်းမှ အခြေခံအချက်အလက်များကို သိထားပြီးသားဖြစ်ပြီး ကြယ်တာရာစွမ်းအင်များကို အသုံးပြုခြင်းအားဖြင့် သူ၏ပတ်ဝန်းကျင်က လေထုအတွင်း မူလအမရ ဝင်္ကပါအသေးစားလေးကို ချခင်းရန် အကြံရသွားသည်။
သူ၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများက ထွက်ပေါ်လာသည်။ ဝမ်ချောင်ဟာ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းပြီး အပေါ်သို့ မော့ကြည့်သည်။
ခီး...
ဓားပျံထောင်ပေါင်းများစွာ၏ ပုံရိပ်က အထက်မှအောက်သို့ ဆင်းသက်လာပြီးနောက်တွင် သူ၏ မျက်လုံးနှင့် စိတ်အတွင်း ထင်ဟပ်လာသည်။ သူဟာ တဖန်ထပ်ပြီး တွက်ချက်ပြန်သည်။
ဝှစ်
ဝမ်ချောင်က ရုတ်တရက် လက်ဖဝါးကို မြှောက်လိုက်ခြင်းအားဖြင့် သေးငယ်သော မူလအမရ ဝင်္ကပါလေးအား ဆင့်ခေါ်လိုက်သည်။
သက်ဆိုင်သည်လားမသိ ပုလဲရှစ်လုံးကလည်း စွမ်းအင်ဓားမုန်တိုင်း ရှိရာသို့ ချက်ချင်းဆိုသလိုပင် ဖြတ်သန်းသွားသည်။ သို့သော် ဖြတ်သန်းသွားခဲ့ချိန်တွင် ခြစ်ရာပင် မထင်ခဲ့ချေ။ ထိုသို့ဖြင့် တွင်း၏အလယ်သို့ ရောက်သွားသည်။
ထိုသေးငယ်သော မူလအမရဝင်္ကပါလေးက တွင်း၏အလယ်သို့ ရောက်သွားသည့် အခိုက်အတန့်တွင် လောကက လှုပ်ခတ်သွားသည်။ ကျယ်ပြောပြီး အရှိန်အဝါကြီးမြတ်သော ဓားမုန်တိုင်းကြီးက ရုတ်တရက် ရပ်သွားသည်။
ရုတ်တရက် လောကအတွင်းရှိ စွမ်းအင်များအားလုံးက ထိုအသေးစား မူလအမရဝင်္ကပါ အတွင်းသို့ စုပ်ယူခံရသလိုမျိုး တွင်းပေါက်ကြီးက ပေါ်ထွက်လာသည်။ သတ္ထုဝင်္ကပါကို ထောက်ပံ့ပေးထားသော လောကမှ စွမ်းအင်တိုင်းက ခြောက်ကပ်သည်အထိ အစုပ်ခံရသည်။
မြောက်များလွန်းသော မူလစွမ်းအင် ပမာဏနှင့်အတူ ထိုပုလဲလေးရှစ်လုံးက လူ့ခေါင်းအရွယ်အစားအထိ ဖောင်းကားကြီးမားလာသည်။ ထို့နောက် ဆက်ကြီးနေသေး၏။
မူလအမရဝင်္ကပါသည် လျှင်မြန်စွာဖြင့် ပျံ့သထက် ပျံ့လာသည်။ သိပ်မကြာခင် နဂိုအရွယ်အစား၏ ဆယ်ဆကျော်အထိ ကြီးမားသွားသေးသည်။ ထိုသို့ဖြင့် အခန်းတစ်ခန်းလုံးစာ ပြည့်လာသည်။ ထို့နောက် စွမ်းအင်အားလှိုင်းများကိုပင် စတင်ကာ လွှတ်ထုတ်လာသေးသည်။
အဖက်ဖက်မှ သတ္ထုဓားပေါင်းများစွာက မမြင်ရသော အကာအကွယ်လွှာ တစ်ခုဖြင့် တိုက်မိသကဲ့သို့ ထိုဝင်္ကပါလေး၏ အဝေးမှ ပျံပြေးကြသည်။ မူလအမရဝင်္ကပါလေးက ပေတစ်ရာဝန်းကျင်အထိ ကျယ်လာပြီဖြစ်သည်။
ပို၍ဆိုးသည်မှာ မူလအမရဝင်္ကပါ၏ သက်ရောက်မှုအောက်တွင် ဓားများ၏ အရှိန်နှုန်းက နှေးကွေးသလို အင်အားကလည်း လျော့ကျသွားပြီး ရှင်းလင်းစွာပင် သိသိသာသာ ဖြစ်လာသည်။
“မဖြစ်နိုင်တာ”
အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အဝေးမှ သိုင်းပညာရှင်များက သူတို့ဘာသာ ရုန်းကန်နေခဲ့ရာမှ ရုတ်တရက် မှင်သက်သွားကြသည်။
တွင်းထဲမှ စွမ်းအင်မုန်တိုင်းက မူလအမရအရှင်က ဖန်တီးထားခဲ့သည့် အလုံးအရင်းဖြင့် လုပ်ကြံသတ်ဖြတ်သည့် ဝင်္ကပါကြီးဖြစ်သည်။ ထိုဝင်္ကပါကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင်ပင် သိုင်းပညာရှင် ထောင်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီး ခုတ်ဖြတ်ခံရသည့် ခန္ဓာကိုယ် အစိတ်အပိုင်း များစွာက အောက်ဘက်သို့ ပြုတ်ကျသေးသည်။ ဒါဟာ ပြင်းထန်လွန်းသော စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဝင်္ကပါဖြစ်လေသည်။
သို့သော် ဝင်္ကပါထံမှ မြောက်များလွန်းသော လောကစွမ်းအင်များကို ဆွဲစုပ်ယူခြင်းအားဖြင့် ယခုလို ဝင်္ကပါတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိသွားစေနိုင်ကြောင်း မည်သူကမှ သတိမထားမိကြပေ။
ဝုန်း
အောက်ဘက်ရှိ ပေထောင်ပေါင်းများစွာ အကွာမှ ယင်နက်ဘိုးဘေးက စွမ်းအင်မုန်တိုင်း ရှိရာနယ်မြေမှ ထွက်သွားလုနီးပါး အနေအထားမျိုးတွင် ရုတ်တရက် အထက်မှ အခြေအနေကို သတိထားမိလိုက်ပြီး ရပ်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဝင်္ကပါကြီး တစ်ခုလုံးရဲ့ စွမ်းအားတွေကို တွန်းလှန်နိုင်နေတာပဲ”
ယင်နက်ဘိုးဘေး၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ပေါ်ထွက်လာသည်။
တစ်ချိန်ထဲတွင် အခြားသော မတူညီသော တစ်နေရာမှ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် စုန့်ယွမ်ယွီက အဓိကနယ်မြေမှလာသော စွမ်းအင်လှုပ်ခတ်မှုများကို ကြည့်လိုက်သည်။ သူ၏မျက်နှာထားက တင်းမာသွားပြီး မျက်လုံးကလည်း နားလည်ရခက်သွားသည်။
“အဲ့ဒီမှာ ဒီလိုမျိုး လုပ်လောက်မဲ့ လူတော့ရှိတယ်”
စုန့်ယွမ်ယွီသည် အလွန်အမင်း နားလည်ရခက်သည်။ သူသည် ထိုတွင်းထဲမှ လောကစွမ်းအင်များကို အာရုံခံကြည့်လိုက်ပြီးနောက် ထိုအစီအစဉ်မကျ ဖြစ်လာသည့် အခြေအနေကို သတိမထားမိလိုက်သည်။ ထိုစွမ်းအင်များက အမြူတေနားတွင် ဝရုန်းသုန်းကား လည်ပတ်နေသည်။ ထိုစွမ်းအင်များက ရှင်းလင်းစွာပင် လူလုပ်ထားခြင်းဖြစ်သည်။ စုန့်ယွမ်ယွီကလည်း ယခုလိုမျိုး လူအင်အားက အကန့်အသတ်နှင့် ရှိနေသည့် အနေအထားမျိုးတွင်ပင် သဘာဝ၏စွမ်းအင်ကို ထိုမျှအထိ ကြီးမားစွာ နှောက်ယှက်နိုင်လောက်အောင် လုပ်နိုင်စွမ်းအား ရှိမည့်လူမျိုးကို မတွေးဖူးချေ။
“အောင်မြင်ပြီ”
ဝမ်ချောင်ကသာ ဟန်အမူအရာ တည်ငြိမ်သောလူမျိုးဖြစ်သည်။ သူ၏မျက်လုံးက တောက်ပပြီး ပျော်ရွှင်မှုအလင်းတန်းများ လက်နေ၏။
ဒါဟာ သူ၏ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်္ကပါထဲသို့ စွမ်းအင်များ ပို့လွှတ်ခြင်းဖြစ်ပြီး ဝင်္ကပါနှင့် အမှန်တကယ် ပေါင်းစပ်ကာ လက်တွေ့ကျကျ ထုတ်သုံးနိုင်ခြင်းလည်း ဖြစ်သည်။ ရလဒ်ကလည်း မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေပြန်သည်။
တကယ်ကို ငါခန့်မှန်းထားတဲ့ အတိုင်းပဲ။ မူလအမရဝင်္ကပါက မူလအမရအရှင်ရဲ့ နာမည်ကျော် အဓိက ပစ္စည်းပဲလေ။ သူတို့က သူ့ရဲ့နာမည်ကို တောင့်ခံထားကြတယ်။ ဒီလိုလုပ်ရပ်နဲ့ ကြီးမားလွန်းသော ဝင်္ကပါကြီးကို မူလအမရအရှင်က မြေအောက် အနက်ရှိုင်းဆုံးအပိုင်းမှာ ချခင်းထားခဲ့တယ်ဆိုတာကလည်း မူလအမရဝင်္ကပါနဲ့ မျိုးဆက်တူတယ်လို့ ပြောလို့ရတယ်။ မူလအမရဝင်္ကပါရဲ့ စွမ်းအားက ဒီလိုသတ္ထုမုန်တိုင်းကို မောင်းနှင်နိုင်တဲ့ ဝင်္ကပါကို တကယ်ထိန်းချုပ်နိုင်တာပဲ။
ဝမ်ချောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများက ဖြတ်ပြေးသွား၏။
ထိုမြင်ကွင်းက ကံကောင်းမှုကြောင့် ကျော်ဖြတ်လာနိုင်ခဲ့သည်ဟု ထင်ရလောက်သော်လည်း ဝမ်ချောင်က ယခုလို အနေအထားကို ရရှိရန်အတွက် အသေးစိတ်ကျကျ စဉ်းစားဆင်ခြင်ပြီး တွေးတောခဲ့ရန် လိုအပ်လေသည်။ ဝမ်ချောင်၏ အသေးစား မူလအမရ ဝင်္ကပါလေးက စွမ်းအင်မြောက်များစွာ စုပ်ယူပြီး ပို၍များပြားလွန်းသော သဘာဝဆန်မှုများကို ရရှိလာလေလေ ပို၍ကြီးမားလာလေလေ ဖြစ်သည်။ ယခုအခါ မီတာတစ်ရာနီးပါးဖြစ်လာသည်။
ဝင်္ကပါပြောင်းပြန်
ဝမ်ချောင်က သူ၏လက်ဖြင့် အကာအကွယ်လွှာ တစ်ခုကို ဖန်တီးလိုက်သည်။ တခဏခန့်ကြာပြီးနောက် လေများက စတင်ကာ ညဉ်းညူသံထုတ်လာသည်။ ကြယ်တာရာစွမ်းအင် မူလအမရဝင်္ကပါ အတွင်းမှ ထုတ်လွှတ်နေသော စွမ်းအင်အားလှိုင်းများက ချက်ချင်းဆိုသလိုပင် အဆပေါင်းများစွာ အင်အားကြီးမားသွားလေသည်။ ထို့နောက် အပြင်ဘက်သို့ ဆက်လက်ကာ ပျံ့နှံ့သွားပြီးနောက်တွင် နောက်ထပ် စွမ်းအင်အမျိုးအစား တစ်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်နေပုံပေါ်သည်။
လူတစ်ယောက်ကသာ နံရံများကို ဖောက်မြင်နိုင်မည်ဆိုပါက မြေအောက် အလွန်နက်သော တစ်နေရာ၊ သတ္ထုမုန်တိုင်းကို ဗဟိုအဖြစ် လည်ပတ်နေသော နေရာအတွင်းတွင် အချင်းချင်း ချိတ်ထားသော ဝင်္ကပါ (၁၂)လွှာကို မြင်ရမည်ဖြစ်သည်။ ထို(၁၂)လွှာ၏ အပြင်ဘက်ဆုံးအလွှာက လီဆယ်ကျော် ဝန်းကျင်ရှိသည်။
လောကအတွင်းရှိ စွမ်းအင်များအားလုံးကို ထိုဝင်္ကပါက စုစည်းထားလေပြီး သတ္ထုမုန်တိုင်းထဲသို့ ပို့လွှတ်နေခြင်းဖြစ်သည်။
သို့သော် ယခုအခါ မူလအမရဝင်္ကပါက အမြူတေအဖြစ် ဖွဲ့စည်းလာခဲ့သည့်အလျောက် ထိုရှေးဟောင်း ဝင်္ကပါ (၁၂)ခုကလည်း အစီအစဉ်တကျ လည်ပတ်နေရာမှ ရုတ်တရက် ကစဉ့်ကလျားဖြစ်သွားသည်။ သတ္ထုဓား သောင်းပေါင်းများစွာအား စတင်ကာ သက်ရောက်စေလေသည်။
“ကြည့်လိုက်ဦး”
လူတစ်ယောက်က ထအော်ပြီး လက်ညိုးထိုးလိုက်သည်။ သိပ်မကြာခင် အချိန်တွင် ပို၍များပြားသော လူများကလည်း အဖြစ်အပျက်ကို သတိထားမိသွားကြသည်။
လူအုပ်၏ မယုံနိုင်သော အကြည့်များအောက်တွင် အချိန်က ရပ်တန့်သွားပုံပေါ်သည်။ မူလအမရ ဝင်္ကပါ၏ အထက်နှင့် အောက်ဘက်တွင် သတ္ထုဓား ထောင်ပေါင်းများစွာက ရုတ်တရက် ရပ်တန့်သွားကြသည်။
သတ္ထုဓားများက မှေးမှိန်သော အဖြူရောင်အလင်းဖြင့် တောက်ပနေကြသေးပြီး သူတို့၏ အစွန်းနားတွင်လည်း ဝမ်းနည်းစရာကောင်းသော တွင်းများရှိနေသေးသည်။
သို့သော် ရူးသွပ်နေသလိုမျိုး အလန့်တကြား ပစ်ခတ်နေသည့် ထိုသတ္ထုမုန်တိုင်းက အတက်စွမ်းအား ခြောက်ကပ်သွားသကဲ့သို့ ပန်းချီကားချပ်တစ်ခုအသွင် ပြောင်းလဲကာ ရပ်တန့်သွားလေသည်။
++++
အခန်း(၁၄၄၅)
“သွားရအောင် ဒီမူလအမရ ဝင်္ကပါက တစ်နာရီလောက်တော့ ခံလောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခြားဝင်္ကပါက နောက်ထပ်ထပ်ပြီး စတင်လည်ပတ်တော့မှာလေ။ ငါတို့ဒီနေရာက ထွက်ဖို့လိုနေပြီ”
ဝမ်ချောင်၏ တည်ငြိမ်သောအသံက လူတိုင်း၏နားအတွင်း ဟိန်းထွက်လာသည်။
အားလုံးက မှင်သက်နေချိန်တွင် ဝမ်ချောင်ကသာ တည်ငြိမ်နေသည်။ သူဟာ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ ထို့နောက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ နောက်မှလိုက်ကာ အတွင်းပိုင်းသို့ဝင်သည်။
သတ္ထုမုန်တိုင်းကို နှောက်ယှက်ကာ ရပ်တန့်သွားစေသော နည်းလမ်းက လှည့်ကွက်အသေးစားသာ ဖြစ်သည်။ တစ်နာရီကတင် အကန့်အသတ်ဖြစ်သည်။ သူတို့က ထိုအန္တရာယ်များသော နယ်မြေမှ အကောင်းဆုံးကြိုးစားပြီး ထွက်ရမည်ဖြစ်သည်။
“ပြေးတော့”
“နောက်ကလိုက်”
ဝှစ်
တွင်းနံရံမှ ကျောက်စရစ်ခဲများ၊ ကျောက်သားများက ပြုတ်ကျလာပြီးနောက်တွင် ထိုအဖွဲ့ကလည်း အမျိုးမျိုးသော နည်းလမ်းများကိုသုံးပြီး ဝမ်ချောင်တို့၏ အဖွဲ့နောက်မှ လိုက်ကြသည်။
“ဝမ်းသာစရာပဲ”
“ဘယ်အဆင့်လွန်သိုင်းပညာရှင်က ဒီသတ္ထုဓားတွေကို တားလိုက်တာလဲ”
“သွားရအောင် ဝင်္ကပါက သူ့ဘာသာသူ ရပ်သွားတာဖြစ်မယ်။ ဘယ်သိုင်းပညာရှင်က ဒီလိုမျိုးကို လုပ်နိုင်မှာလဲ။ မင်းတို့က ပေါက်ကရတွေ ပြောနေပြီ”
တစ်ချိန်ထဲတွင်ပင် မရေမတွက်နိုင်သော သိုင်းပညာရှင်ပေါင်း များစွာက အောက်ဘက်သု့ိ အပြေးအလွှား ဆင်းကြသည်။ ဝမ်ချောင်က အလွန်အမင်း ရှားပါးသော အခွင့်အရေးကို ဖန်တီးပေးထားလေရာ သိုင်းပညာရှင် ထောင်ပေါင်းများစွာက အရှိန်နှုန်းမြှင့်ပြီး သွားကြသည်။
မီတာကိုးထောင်၊ မီတာတစ်သောင်း... ထိုအနက်တွင် လူတိုင်းသည် ခြောက်ခြားမှုကို ခံစားနေကြရပြီဖြစ်သည်။ အဆုံးအစမရှိမည်ကိုပင် အမှန်တကယ် ကြောက်ရွံ့လာကြ၏။
မီတာသောင်းကျော်နက်သော ထိုအတွေးကတင် ကြောက်စရာကောင်းနေပြီဖြစ်သည်။
ခွက်
ရုတ်တရက် ဝမ်ချောင်၏အနောက်မှ သိုင်းပညာရှင်တစ်ယောက်က ယမ်းခါသွားပြီး ခြေချော်သွားကာ နံရံဘေးဘက်နှင့် ရိုက်မိပြီး အောက်ဘက်သို့ ပြုတ်ကျသည်။
“ကြိုးချည်”
နောက်က သိုင်းပညာရှင်တစ်ယောက်က အော်သည်။ သို့သော် ပြုတ်ကျသွားသော သိုင်းပညာရှင်က မြန်ဆန်လွန်းလေရာ မည်သူကမှ အချိန်မှီ မကယ်နိုင်ခဲ့ပေ။
“မင်းတို့ရပ်သင့်ပြီ။ ဒီနေရာကလေက တအားပါးတယ်။ သူတော်စင်သိုင်းနယ်မြေအဆင့်က လူတွေပဲ နောက်လိုက်သင့်တယ်။ ကျန်တဲ့လူတွေက ပြန်သွားကြတော့”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က သတိပေးသည်။ သူ၏ကျင့်ကြံခြင်း အဆင့်တွင်ပင် သူဟာ မသက်မသာ ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် အားနည်းသောလူများ၏ ခံစားချက်ကို သိနိုင်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ဝမ်ချောင်ကို လှည့်ပြောသည်။
“ချောင်အာ အသင့်ပြင်ထား။ မင်းရဲ့အသက်ရှုနှုန်းကို ချိန်ညှိထား။ လုံလောက်တဲ့ လေကို စုဆောင်းထားတော့။ ပြီးတာနဲ့ အောက်ဘက်ကိုဆင်းကြမယ်”
“အွန်း”
ဝမ်ချောင်က ခိုင်မာစွာ ခေါင်းညိမ့်သည်။ သူတို့သုံးယောက်က မျက်လုံးကိုမှိတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေများကို စတင်ကာ စုပ်ယူသည်။
ရှည်လျားစွာ ရှုရှိုက်လိုက်ပြီးသည်နှင့် လေထဲမှ အောက်ဆီဂျင်အမြောက်အများကို ဆွဲယူလိုက်ကာ သူတို့၏ ခန္ဓာကိုယ်မှ ဆဲလ်တိုင်းတွင် သိုလှောင်သည်။
“သွားရအောင်”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က လက်ကိုယမ်းလိုက်သည်။ သူတို့သုံးယောက်က မျက်လုံးကို တစ်ပြိုင်တည်းလိုလို ဖွင့်ကြသည်။ ထို့နောက် ဖောက်ခွဲရေးစွမ်းအား ပြင်းထန်သော အရှိန်နှုန်းဖြင့် အောက်ဘက်ကို ဆင်းကြသည်။ သူတို့၏ အနောက်ဘက်မှ သိုင်းပညာရှင်များက တုန့်ဆိုင်းသွားသည်။ မီတာတစ်သောင်းအနက်တွင် သူတို့၏အင်အားက မှင်သက်ဖွယ်ကောင်းသော ပမာဏဖြင့် ကန့်သတ်ခံနေရပြီဖြစ်သည်။
“ယခုလိုဖြစ်သွားတဲ့ ပုံစံက မင်းတို့ဆက်ဆင်းရင် ဖြစ်လာမဲ့ အနေအထားပဲ။ မင်းတို့ ပြန်မလာနိုင်ဘူးဆိုတဲ့ အာမခံချက်တော့ မရှိပေမဲ့လည်း ဒီတွင်းထဲမှာ ထာဝရနေရမဲ့ အခွင့်အရေးကတော့ တော်တော်လေး မြင့်တယ်”
မုတ်ဆိတ်မွှေးနှင့် လူရမ်းကားပုံစံ ထွားထွားကြိုင်းကြိုင်း သိုင်းပညာရှင်တစ်ယောက်က တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် စိတ်ကိုဆုံးဖြတ်လိုက်သည်။
“ကျားဂူထဲမဝင်ရင် ကျားပေါက်ကို ဘယ်လိုခိုင်းနိုင်မှာလဲ။ ငါက လောကရဲ့ နံပါတ်တစ်သိုင်းကို ရပြီး သိုင်းလောက တစ်ခုလုံးကို မင်းမူနိုင်မယ်ဆိုရင် ဒီလောက်တော့ ရင်းရမှာပဲ”
သူက နံရံအတွင်းမှ စိတ်ဓာတ်ကျစွာ ခုန်ထွက်ပြီး အောက်ဘက်သို့ ဆက်ဆင်းသည်။
ထိုလူက ဦးဆောင်သွားသောအခါ ပို၍များပြားသော လူများက လိုက်ကြသည်။
သိုင်းပညာရှင်တိုင်းက အရင်းအနှီးယူပြီး ကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ အနောက်မြောက်ပိုင်းတွင် စုစည်းနေသော လူများအားလုံးက သေဆုံးရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။
သူတို့က မီတာတစ်သောင်း အနက်သို့ ရောက်ရှိနေကြပြီးသားဖြစ်သည်။ သတ္ထုမုန်တိုင်းကိုလည်း တောင့်ခံခဲ့ပြီးနောက်တွင် ဒီနေရာမှ လက်မလျော့လိုကြတော့ပေ။
ဒီနေရာမှ သိုင်းပညာရှင် အများစုက အောက်ဘက်သို့ ဆက်ဆင်းသည်။
မီတာ(၁၂၀၀၀)၊ (၁၃၀၀၀)... သို့တိုင်အောင် အောက်ခြေကို မမြင်ရသေးချေ။ သို့သော် ဝမ်ချောင်ကမူ အောက်ဘက်သို့ နီးကပ်နေပြီဖြစ်ကြောင်း ခံစားမိနေသည်။
“ဆရာ ကြည့်လိုက်ဦး”
ဝမ်ချောင်၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ပြောပြီးသည်နှင့် ထိတွေ့ကိုင်တွယ်၍ ရလောက်သော စွမ်းအင်အားလှိုင်းတစ်ရပ်က အောက်ဘက်မှ ဖြာထွက်လာပြီး ပတ်ဝန်းကျင် လောက တစ်ခုလုံးကို ယမ်းခါနေစေသည်။
ထိုစွမ်းအင်က သိပ်သည်းစွာ တည်ရှိနေလေပြီး များပြားလွန်းလေရာ ကြီးမားလွန်းသော မီးတောက်ကြီးတစ်ခုကို ဖြစ်ပေါ်နေစေသေးသည်။
အမှောင်ထုထဲမှ မျက်စိကြိမ်းမတက် တောက်ပသော အဖြူရောင်အလင်းတန်းက မျက်လုံးကြိမ်းစေမတက် ထည်ဝါစွာထွက်နေသည်။
ဝုန်း
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ ကိုယ်မှ ဖြာထွက်နေသော စွမ်းအင်အားလှိုင်း သုံးလှိုင်းက သူတို့၏ခန္ဓာကိုယ်အား တွင်းနံရံများတွင် ခိုင်မြဲစွာ ကပ်တွယ်ထားစေသည်။
တခဏခန့်ကြာပြီးနောက် သူတို့သုံးယောက်ကပင် စကားတစ်ခွန်း မဆိုရသေးခင် ထိုစွမ်းအင်အားလှိုင်းက သူတို့အပေါ်သို့ ရောက်လာသည်။
“အား”
လေထဲတွင် အော်ဟစ်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးကလွဲပြီး ကျန်သောလူများအားလုံးက သက်ရောက်ခံလိုက်ရသည်။
ထိုစွမ်းအင်အားလှိုင်း ပေါ်လာခြင်းက သူတို့အား လုံးဝ အံ့ဩသွားစေသည်။
မြောက်များလှစွာသော လူပေါင်းများစွာက ထိုစွမ်းအင်အားလှိုင်း၏ ရိုက်ခတ်မှုကို ခံရပြီး လေထဲသို့ မြောက်တက်သွားသည်။ ပြင်းထန်လွန်းသော သက်ရောက်မှုကတင် အချို့သော သိုင်းပညာရှင်များ၏ ကိုယ်တွင်းအင်္ဂါများကို ထိုးဖောက်ခံရပြီး သေဆုံးသွားစေသည်။
ခြိမ်း
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က သူတို့၏ကျောကို နံရံနှင့် ကပ်လိုက်ကြသည်။ သို့သော် သူတို့သည်လည်း ပြင်းထန်သော ဖိအားအောက်သို့ ရောက်သွားသည်။
သူတို့ဟာ စွမ်းအင်အားလှိုင်းကြားမှ လွင့်ထွက်သွားသော်လည်း သူတို့သည်လည်း သူတို့၏ကိုယ်ပေါ်သို့ တန်သောင်းကျော်သော ဖိအားတစ်ရပ် ကျရောက်နေကြောင်း ခံစားမိကြသည်။
ထိုပြင်းထန်သော ဖိအားအောက်တွင် သူတို့၏ခန္ဓာကိုယ် ပတ်ဝန်းကျင်မှ ကြယ်တာရာစွမ်းအင်များက ဆက်တိုက်ဆိုသလို လှုပ်ခါယမ်းခါနေလေပြီ။ မှင်သက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ကုန်ဆုံးနေသည်။
“ဆရာ၊ ရွာသူကြီး ငါကူညီပေးမယ်”
ဝမ်ချောင်က သူ၏စိတ်ကို နှစ်ပိုင်းခွဲလိုက်သည်။ သူ၏အသံကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ စိတ်ထဲသို့သာ တိုက်ရိုက်ဝင်သွားသည်။
ထိုစွမ်းအင်အားလှိုင်း၏ ဖိအားက ဆက်တိုက်ဆိုသလို မြင့်မားလာပြီး ပို၍မြင့်မားလာသလို ပို၍အရေးကြီးသည်မှာ မည်မျှကြာမည်ဖြစ်ကြောင်း မသိနိုင်သေးပေ။ အလားတူစွာပင် သတ္ထုမုန်တိုင်း၏ ပထမတစ်သုတ်ကဲ့သို့ ဖြစ်နေခဲ့ပါက အားလုံးဒီနေရာတွင် သေရပေလိမ့်မည်။
ထို့ကြောင့် ပိတ်ဆို့နေခြင်းထက် လမ်းညွှတ်ပေးလိုက်ခြင်းက ပိုကောင်းသည်။ မတိုင်ခင်က ကြယ်တာရာစွမ်းအင် အမြောက်အများကို စုပ်ယူခဲ့ပြီး မူလအမရ ရတနာကို မြင်တွေ့ခဲ့ရပြီးနောက် နောက်ပိုင်း အခြေအနေများက မည်မျှအန္တရာယ်များကြောင်း သိလာသည်။
ဘုန်း
ဝမ်ချောင်သည် အနည်းငယ်မှ မတုန့်ဆိုင်းတော့လေဘဲ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးလိုက်သည်။ ဝမ်ချောင်၏ လမ်းညွှန်မှုအောက်တွင် ကြီးမားမြောက်များလွန်းသော စွမ်းအင်များက သူတို့သုံးယောက်၏ ကိုယ်ထဲသို့ ဝင်လာသည်။
ထိုစွမ်းအင်လှိုင်းက အင်အားကြီးမားလွန်းပြီး အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကို သတ်ဖြတ်နိုင်သော်လည်း အလွန်အမင်း အင်အားကြီးမားသော မူလစွမ်းအင်များက ရှိနေသေးသည်။ သို့ရာတွင် ဝမ်ချောင်သည်သာ ထိုမျှများပြားလွန်းသော စွမ်းအင်များကို အချိန်တိုအတွင်း စုပ်ယူနိုင်လောက်သည်။
ထို့ကြောင့် တစ်ယောက်ယောက်က သတိမထားမိပါက စွမ်းအင်များကို ရယူနိုင်စွမ်းရည် မရှိဘဲ ကျရှုံးသွားရမည့်အပြင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးသွားနိုင်ချေရှိသည်။
ဝုန်း
ဝမ်ချောင်၏ လမ်းညွှန်မှုအောက်တွင် စွမ်းအင်များက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီး၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအင်အထောက်အပံ့ကြောင့် သူတို့သည်လည်း ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်စုစည်းလိုက်နိုင်ပြီး စိတ်အခြေအနေကပင် တည်ငြိမ်သွားသည်။
“ဒါက စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကို အားဖြည့်ဖို့ အကောင်းဆုံးအချိန်ပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အခြေအနေက တည်ငြိမ်သွားကြောင်း မြင်သည်နှင့် ဝမ်ချောင်က ထိုစွမ်းအင်မုန်တိုင်းအား စွမ်းအင်စုစည်းခြင်း ပုလဲလုံးနှင့်အတူ ထည့်သွင်းစေလိုက်သည်။
စွမ်းအင်မုန်တိုင်းကို ရင်ဆိုင်ပြီးနောက်တွင် ဝမ်ချောင်သည်လည်း ထိုပုလဲလုံးထဲက စွမ်းအင် အမြောက်အများကို ကုန်ဆုံးလိုက်မိသည်။ ယခုလိုမျိုး စွမ်းအင်အားလှိုင်းက ဝမ်ချောင်အား ရှားပါးသော အခွင့်အရေး ပေးလိုက်ခြင်းဖြစ်သည်။
စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးက တောက်ပလာပြီးနောက်တွင် စွမ်းအားအပြည့်ဖြင့် တုန်ခါလာသည်။ ဝမ်ချောင်ကလည်း ယခုလို ကံဆိုးမှုမှ အကျိုးအမြတ် ရလိုက်သည်။ သူ၏ဆရာနှင့် ရွာသူကြီးကို အင်အားမြင့်ရန် ကူညီပေးနိုင်ခဲ့ရုံသာ မကသေးလေဘဲ စွမ်းအင်သိပ်သည်းခြင်း ပုလဲလုံးကိုလည်း အားဖြည့်လိုက်နိုင်သည်။
“ဝမ်းသာစရာပဲ”
ဝမ်ချောင်က ပျော်သွားသည်။ အမှန်တိုင်းဆိုရသော် တိမ်စိုင် တစ်လုံးချင်းစီတိုင်းက ငွေရောင်လီနင်သား ဖြစ်နိုင်သည်။ သူသည် ယခုလိုမျိုး စွမ်းအားဖြည့်နိုင်သည့် နေရာတစ်ခုကို အောက်ဘက်တွင် ရှာတွေ့လိမ့်မည်ဟု မတွေးဖူးချေ။
သို့ရာတွင် ဝမ်ချောင်၏ ပျော်ရွှင်မှုက ကြာရှည်မခံချေ။ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့၏ အနောက်ဘက်မှ နံရံက စတင်ကာ တုန်ခါလာသည်။ ဝမ်ချောင်သည်လည်း ပထမတစ်သုတ်ထက် အဆတစ်ရာနီးပါး အင်အားကြီးမားသော တစ်လှိုင်းက ထပ်လာရန် နီးကပ်လာကြောင်း သိလိုက်သည်။
ဒီတစ်ကြိမ်တွင်မူ တွင်းအနက်ပိုင်းမှ လာခြင်းမဟုတ်လေဘဲ သူတို့၏ အနောက်ဘက် နံရံထံမှဖြစ်သည်။
တခဏခန့် ကြာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလွန်းသော စွမ်းအင်အားလှိုင်းက နံရံထဲမှ ပေါက်ထွက်လာပြီး ဝမ်ချောင်၏ အဖွဲ့ကို ရိုက်ခတ်ခြင်းအားဖြင့် သူတို့၏ စွမ်းအင်အကာအကွယ်လွှာကို ဖျက်ဆီးသွားစေသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည်။ တခဏခန့်ကြာပြီးနောက် မတူညီသော စွမ်းအားလှိုင်း နှစ်ရပ်က သူတို့သုံးယောက်အား လေထဲသို့ မြောက်တက်သွားစေသည်။
“ချောင်အာ မြန်မြန်လေး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံး”
မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အသံက ဝမ်ချောင်၏နားအတွင်း ပဲ့တင်ထပ်လာသည်။ သူသည်လည်း ကိုယ်ပိုင် အဆင့်လွန်သိုင်းကိုသုံးသည်။
“ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း”
တာလာ့၏တိုက်ပွဲ ပြီးဆုံးကတည်းက မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ထိုသိုင်းကို ပထမဦးဆုံးအကြိမ် ပြန်သုံးခြင်းဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်အားလှိုင်း တစ်ရပ်က နံရံထဲမှ ပေါက်ထွက်လာသည်။ ထို့ပြင် တွင်းအနက်ရှိုင်းဆုံးအပိုင်းမှ ပေါက်ထွက်လာသော စွမ်းအင်အားလှိုင်းလည်း ရှိသေးသည်။ ထိုသို့ဖြင့် နောက်ထပ် အင်အားကြီးသော အားလှိုင်းဖြင့် ဖြည့်တင်းထားသလိုမျိုး စွမ်းအင်အားလှိုင်းများကသာ ပြည့်နှက်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အနီးအနားဝန်းကျင်တွင် စွမ်းအင်လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။
“မဟာရင်ယန်သိုင်း”
ဇောက်ထိုးကျနေရင်းမှ ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းမှ အင်အားအကြီးဆုံး သိုင်းတစ်မျိုးကို ထုတ်သုံးလိုက်သည်။ ယင်နှင့်ရန်က သူတို့သုံးယောက် အောက်ဘက်တွင် ထွက်ပေါ်လာသည်။
ယင်ရန်သည် လောက၏ စွမ်းအင်အားလုံး၏ မူလဇစ်မြစ်ဖြစ်သည်။ ဝမ်ချောင်က ထိုသိုင်းကို သုံးလိုက်သည်နှင့် မတူညီသော စွမ်းအားနှစ်ရပ်က လိမ်တွန့်သွားကာ အချင်းချင်း ပေါင်းစပ်လာသလိုမျိုး ဖြစ်လာသည်။ ဝမ်ချောင်တို့၏အဖွဲ့ဝန်းကျင်ရှိ ထိုစွမ်းအင်လေဟာနယ်ကြီးက အကာအကွယ် စွမ်းအင်တစ်မျိုးကို အလိုအလျောက် ဖန်တီးပေးလာပြီး သူတို့ကို ကာပေးလိုက်သည်။
“နဂါးတစ်သောင်းက ဒီဂါထာကို ထိုးဖောက်မယ်”
ဝမ်ချောင်က မဟာရန်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးနေချိန်တွင် လေထဲသို့ အဖြူရောင် တုတ်ကောက်တစ်ချောင်းက ဆန့်ထွက်သွားလေပြီး ဖွဲ့စည်းထားပြီးသား စွမ်းအင်အကာအကွယ်လွှာပေါ် အသာတို့လိုက်သည်။
ထိုအခါ ပို၍များပြားသော စွမ်းအင်များက အကာအကွယ်လွှာအတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် ရေကို ခဲသွားစေသလိုမျိုး စတင်ကာ ခိုင်မာလာသည်။ ချက်ချင်းဆိုသလိုပင် သတ္ထုရောင် စွမ်းအင် အကာအကွယ်လွှာကြီးက တစ်ပေနီပါးခန့်ပင် ထူလာသေးလေသည်။