← Chapters

ရွှေရောင်ကမ်းရိုးတန်းဒေသ 

Vol. 173 Ch. 2473

ရွှေရောင်ကမ်းရိုးတန်းဒေသ 

Vol. 173 Ch. 2473

ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ဗုဒ္ဓရွှေရောင်အလင်းတို့က သူ့ကို တောက်ပစွာ ဝန်းရံထားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် အေးချမ်းသန့်စင်သည့် ဗုဒ္ဓအသံတို့က ပဲ့တင်ထပ်နေခဲ့ပေသည်။

“ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေက တကယ့်ကို ထူးခြားတာပဲ။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး စိတ်အခြေအနေကို ထိန်းညှိပေးတယ်။” ရီဖူရှင်းက တီးတိုးပြောလိုက်သည်။ ဟွားဂျီယူနှင့် ဟွာချင်းချင်းတို့က သူ့နောက်သို့ လျှောက်သွားခဲ့၏။ ဟွားဂျီယူက အပြုံးနှင့် ပြောလိုက်သည်။ “အဲဒါက ချင်းချင်း ရွေးချယ်ပေးခဲ့တဲ့ ဗုဒ္ဓကျမ်းစာတွေ အားလုံးက သာလွန်ကောင်းမွန်တာကြောင့် ဒီလိုရလဒ်ထွက်လာတာပဲ”

“အဲဒီလို မဟုတ်ဘူး။” ဟွာချင်းချင်းက နူးညံ့စွာ ပြောလိုက်သည်။ “ဗုဒ္ဓကျင့်ကြံခြင်းလမ်းစဥ်ရဲ့ ကျမ်းစာတွေမှာ သာလွန်တယ် ညံ့ဖျင်းတယ်ရယ်လို့ မရှိပါဘူး။ အဲဒါက ကျင့်ကြံတဲ့လူရဲ့ နားလည်သဘောပေါက်နိုင်ခြင်း ရှိမရှိဆိုတာပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် ငါ ရွေးချယ်ပေးခဲ့တဲ့ ဗုဒ္ဓကျမ်းစာတွေက စိတ်အခြေအနေကို အကျိုးပြုစေနိုင်တယ်။ ဒါပေမယ့် တကယ်အရေးကြီးဆုံးကတော့ ကျင့်ကြံတဲ့လူကိုယ်တိုင်ပေါ်မှာ မူတည်နေတာပဲ။”

သိသာစွာပဲ ဟွာချင်းချင်းက ရီဖူရှင်းကို ချီးကျူးနေခြင်း ဖြစ်သည်။

“အဲဒီလိုပြောကြေးဆို ချင်းချင်း မင်းရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းက ဒီအခြေအနေထိ အမြန်တိုးတက်လာမှာ မဟုတ်ဘူး။ ငါ ထင်တာတော့ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရာမှာ မင်းရဲ့ အကူအညီကို ရတဲ့ ဘယ်သူမဆို ဒီလို အံ့သြဖို့ကောင်းတဲ့ ရလဒ်ကို ရမှာပဲ။” ရီဖူရှင်းက စိတ်လက်ပေါ့ပါးစွာ သက်ပြင်းချကာ ကောက်ချက်ချလိုက်သည်။

ဤကျင့်ကြံနေသည့် ကာလတ​လျှောက် ဟွာချင်းချင်း၏ သက်ရောက်မှုက ဗုဒ္ဓလမ်းစဥ်အပေါ် သူ့ဆန္ဒတို့ကို လောင်ကျွမ်းစေခဲ့သည်။ သူက ထူးခြားသောပါရမီဖြင့် ကောင်းချီးပေးခံထားရကာ သူ့ ပင်ကိုဝိညာဥ်၏ တည်ရှိမှုကြောင့် မဟာလမ်းစဥ် နည်းစနစ်အသစ်တစ်ခုခုကို ကျင့်ကြံရန်မှာ သူ့အတွက် မခက်ခဲလှပေ။ ယခု ဟွာချင်းချင်း၏ အကူအညီနှင့် သူက ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်းအတွက် သင့်တော်သွားပုံရလေသည်။ သူက ပြီးပြည့်စုံသည့် ကိုက်ညီမှုကြောင့် ချက်ချင်းပင် ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားနိုင်စွမ်းရှိလေသည်။

“နင်တို့နှစ်ယောက် အချင်းချင်း မြှောက်ပင့်နေတာ မရပ်သေးဘူးလား။” ဟွားဂျီယူက အပြုံးနှင့် ပြောလိုက်သည်။ “ဗုဒ္ဓလမ်းစဥ် ကျင့်ကြံခြင်းက ချောမွေ့တယ်ဆိုပေမယ့် ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲမှာ ပါဝင်ဖို့ဆိုရင် အနောက်ဘက်လောကရဲ့ ထိပ်သီး ဗုဒ္ဓကျင့်ကြံသူတွေ အများကြီးကို ရင်ဆိုင်ရလိမ့်မယ်။ ရဟန်းတွေ အပါအဝင် အများစုက နင့်အပေါ် ရန်လိုနေကြတာ။”

ဟွားဂျီယူက ပြောနေရင်း အကောင်းမြင်စိတ် အနည်းငယ်မျှ ထပ်မရှိတော့ပေ။ သူမက ရီဖူရှင်း၏ ကျင့်ကြံခြင်း၌ အကြွင်းမဲ့ယုံကြည်ချက်ရှိသည်။ သူက ဗုဒ္ဓလမ်းစဥ်ကို အချိန်အကြာကြီး ကျင့်ကြံခဲ့ရခြင်း မဟုတ်သော်လည်း သူက အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှု ရခဲ့ပေသည်။

အရာအားလုံးက သူ မည်သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသနည်းဟူသည့်ပေါ်တွင်လည်း မူတည်နေဆဲ ဖြစ်သည်။

သို့သော် ဗုဒ္ဓကျင့်ကြံသူများ စုဝေးပွဲက ဗုဒ္ဓကျင့်ကြံခြင်းအတွက် ဆွေးနွေးရာဖြစ်သည်။ ရီဖူရှင်းက အခြားရည်ရွယ်ချက်တစ်ခုခုဖြင့် စုဝေးပွဲကို ဝင်ရောက်ရန် ကြိုးစားခဲ့လျှင် ဗုဒ္ဓကျင့်ကြံသူများစုဝေးပွဲ၏ မူလရည်ရွယ်ချက်ကို သွေဖယ်ခဲ့သလို ဖြစ်သွားပေလိမ့်မည်။ ထိုဗုဒ္ဓကျင့်ကြံသူများကြား မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ရသည့် ဗုဒ္ဓအရှင်ပါဝင်ခဲ့လျှင် ရီဖူရှင်းက ၎င်းကို ဆန့်ကျင်ရန် ခက်ခဲပေလိမ့်မည်။

“နားလည်ပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ဖိအားအချို့ ခံစားခဲ့ရလျှင်ပင် ရီဖူရှင်းက စိတ်အခြေအနေကို တည်ငြိမ်ဖို့ရာ ထိန်းသိမ်းနိုင်ပေသည်။ ထိုသည်က သူ၏ လက်ရှိ ကျင့်ကြံခြင်းနှင့် ဆက်စပ်နေနိုင်သည်။ သူက ဟွာချင်းချင်းကို ကြည့်ကာ ပြောလိုက်၏။ “ငါတို့ ဒီတစ်ကြိမ် ကျရှုံးသွားရင် နောက်ထပ်နည်းလမ်းတစ်ခု ရှာရလိမ့်မယ်။”

“ငါတို့ ဒီတစ်ကြိမ် အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်။ အနောက်ဘက်ကောင်းကင်ရဲ့ မြင့်မြတ်နယ်မြေအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးက ဗုဒ္ဓအားလုံး အရှင်သခင်ဆီကနေ ဖုံးကွယ်ထားလို့မရနိုင်ဘူး။ ဆန္ဒရှိသရွေ့ သူ သိချင်တဲ့ အရာအားလုံးကို သိရှိနိုင်လိမ့်မယ်။ ငါတို့ ကျရှုံးသွားရင်တောင် ဗုဒ္ဓအားလုံးအရှင်သခင်က လက်ခံချင်တဲ့ ဆန္ဒရှိရင် လက်ခံလိမ့်မယ်။ သူက ငါ့ကို လက်ခံချင်စိတ်မရှိရင် လက်ခံမှာ မဟုတ်ဘူး။” ဟွာချင်းချင်းက သာမန်ကာလျှံကာနှင့် စိတ်လက်အေးချမ်းစွာ ပြောလိုက်သည်။ သူမက မြင့်မားသည့် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်မထားသော်လည်း သူမ၏ စိတ်အစဥ်က အလွန် တည်ငြိမ်အေးချမ်းပေသည်။ သူမက ဖြစ်ပျက်သမျှ အရာအားလုံးကို စိတ်လက်သက်သာစွာပင် ရင်ဆိုင်နေခဲ့သည်။

“အင်း။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ဟွာချင်းချင်း၏ စကားလုံးများ​က အတော်လေး မှန်ကန်ပေသည်။ ဗုဒ္ဓကျင့်ကြံသူများတွင် ထူးခြားသည့် စွမ်းရည်ခြောက်မျိုးနှင့် အခြားဆန်းကြယ်လှသည့် နည်းစနစ်များစွာရှိကာ အဆုံးမဲ့ အံ့အားသင့်စရာများနှင့် ပြည့်နှက်နေပေသည်။ ဗုဒ္ဓအားလုံး၏ အရှင်သခင်က ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံခဲ့သည့်အတွက်ကြောင့် အနောက်ဘက်ကောင်းကင်၏ မြင့်မြတ်နယ်မြေအတွင်း ဖြစ်ပျက်နေသည့် အရာအားလုံးကို သူက မည်သို့မသိဘဲ နေပါမည်နည်း။

ထိုအချိန်တွင် သူတို့နောက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ရောက်လာသည့် မျက်မမြင်ထျယ်က ရီဖူရှင်းကို ပြောလိုက်သည်။ “ဗုဒ္ဓကျင့်ကြံသူတွေ စည်းဝေးပွဲမတိုင်ခင် ရက်နည်းနည်းပဲ ကျန်တော့တယ်။ အနောက်ဘက်ကောင်းကင်ရဲ့ ကျင့်ကြံသူတွေက တစ်နေရာတည်းမှာ စုဝေးနေကြလိမ့်မယ်။ အဲဒီဗုဒ္ဓကျင့်ကြံသူတွေကလည်း အနောက်ဘက်ကောင်းကင်ရဲ့ လိပ်ပြာတောင်ကုန်းကို သွားဖို့ ပြင်ဆင်နေကြတယ်။ ငါတို့လည်း အဲဒီကိုသွားဖို့ အသင့်ပြင်ထားသင့်တယ်မလား။”

“ဟုတ်တယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “သွားဖို့အချိန်ရောက်ပြီ။”

ထို့နောက် သူက မော့ယွင်ကျီနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။ မကြာခင်မှာပင် မော့ယွင်ကျီက ဖန်းစွင်၊ အခြားလူများနှင့်အတူ ရောက်ရှိလာခဲ့သည်။ သူက မူလသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲလိုက်၏။ ရီဖူရှင်းနှင့် သူ့လူများက ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်သို့ လျှောက်သွားခဲ့သည်။ ငှက်ကြီးက တောင်ပံကို ဖြန့်ကာ ကောင်းကင်အား ဖြတ်ခွင်း၍ ရှေ့သို့ တဟုန်ထိုး ထွက်ခွာသွားခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် အနောက်ဘက်ကောင်းကင်၏ ကောင်းကင်ထက်တွင် နေရာအနှံ့မှ ကျင့်ကြံသူများက ခရီးဆက်နေခဲ့ကြ၏။ အများစုမှာ ဗုဒ္ဓကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့ကို ဗုဒ္ဓအလင်းရောင်တို့ဖြင့် ဝန်းရံထားပေသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို လှည့်ပတ်ကြည့်လိုက်သည်။ မရေတွက်နိုင်သည့် ကျင့်ကြံသူများစွာက လေထဲတွင် ရှိနေခဲ့ပြီး သူတို့အားလုံးက တူညီသော နေရာသို့ ဦးတည်နေခဲ့သည်။

အနောက်ဘက်ကောင်းကင်၏ အနောက်ဘက်တွင် ရွှေရောင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။ ထိုနေရာက စိတ်ဝိညာဥ်ရှိပြီး ဗုဒ္ဓကျင့်ကြံသူများသာ ဖြတ်သန်းသွားနိုင်သည်ဟု ဆိုကြပေသည်။ သာမန်ကျင့်ကြံသူများက ခြွင်းချက်မရှိ ထိုနေရာသို့ ဖြတ်သန်းသွားရန် နည်းလမ်းမရှိပေ။

ထို့ပြင် ဤကမ်းရိုးတန်းဒေသကို ဗုဒ္ဓကျင့်ကြံခြင်းပင်လယ်ဟု ခေါ်ကြပေသည်။

ထိုအချိန်တွင် မရေတွက်နိုင်သော ကျင့်ကြံသူများက ရွှေရောင်ကမ်းရိုးတန်းဒေသ ရှေ့တွင် စုဝေးလာကြပေသည်။ သူတို့၏ မျက်လုံးများက အဝေးသို့ ကြည့်နေခဲ့ပြီး ကောင်းကင်နှင့် ပင်လယ်ထိစပ်နေသည့် အခြားတစ်ဖက်ကို မြင်တွေ့လိုက်ကြရပေသည်။ ကောင်းကင်ထက်တွင် ဗုဒ္ဓ၏ ရွှေရောင်အလင်းတို့အား ဝိုးတဝါး မြင်တွေ့နိုင်ပြီး ၎င်းသည် လောကအပြင်ဘက် ဗုဒ္ဓလောကတစ်ခုကဲ့သို့ပင် စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် ခမ်းနားထည်ဝါလှသည်။

လူတိုင်းသည် ထိုနေရာ၌ အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်း တည်ရှိကြောင်း သိကြသည်။ ဗုဒ္ဓအားလုံး၏ အရှင်သခင်က ထိုနေရာ၌ ကျင့်ကြံနေခဲ့ပြီး ယနေ့တွင် အနောက်ဘက်ကောင်းကင်မှ လိပ်ပြာတောင်ကုန်းကို ဗုဒ္ဓအားလုံးအရှင်သခင်၏ ကျင့်ကြံရာနယ်မြေအဖြစ် ဆုံးဖြတ်နိုင်ပေသည်။ ဗုဒ္ဓအားလုံး၏ အရှင်သခင်က လောကီအရေးအခင်းများတွင် မပါဝင်ခဲ့သည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ကာ ကောင်းကင်နှင့်မြေကြီးတို့၏ ဒြပ်စင်ငါးမျိုးနှင့် ဆက်စပ်နေခြင်း မရှိတော့ပေ။ ယခု လိပ်ပြာတောင်ကုန်း၌ ကျင့်ကြံနေသည့် အခြား ဗုဒ္ဓကျင့်ကြံသူ အများကြီး ရှိပေသည်။

အားလုံးသော ဗုဒ္ဓကျင့်ကြံသူများက သူတို့ရှေ့တွင် လက်များကို လက်အုပ်ချီထားပြီး အလွန် ဘာသာတရားကိုင်းရှိုင်းဟန်ရလေသည်။ ထို့နောက် သူတို့က ပင်လယ်အတွင်းသို့ ခြေချလိုက်ပြီး ဗုဒ္ဓအလင်းရောင်တို့နှင့် ဝန်းရံခံထားရသည့် ဗုဒ္ဓလှေတို့ဖြင့် ခရီးဆက်နေကြသည်မှာ ပျော်ရွှင်စွာ ခရီးသွားနေသကဲ့သို့ပင် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များက ဗုဒ္ဓအလင်းတို့ဖြင့် ဝန်းရံခံထားရပေသည်။

အချိန်က တဖြေးဖြေး ကုန်ဆုံးသွားသည်နှင့် ရွှေရောင်ပင်လယ်အတွင်း ဗုဒ္ဓကျင့်ကြံသူများစွာက နေရာအနှံ့ ပြန့်ကျဲနေခဲ့သော်လည်း တူညီသော နေရာသို့ သွားနေခဲ့ကြသည်။ ထိုမြင်ကွင်းက အလွန် ခမ်းနားထည်ဝါလှပေသည်။

“ကျုပ်တို့လို ရဟန်းငယ်လေးတွေ ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲမှာ ပါဝင်နိုင်တဲ့ အခွင့်အရေး ဘယ်အချိန်မှ ရနိုင်မှာလဲ ဘယ်သူသိမှာလဲ။” ကျင့်ကြံခြင်း အဆင့်နိမ့်သော ဗုဒ္ဓကျင့်ကြံသူအချို့က သက်ပြင်းချလိုက်ကြသည်။ သူ့မျက်လုံးများက ရွှေရောင်ပင်လယ်တွင် စူးစိုက်နေခဲ့ပြီး အဆုံးသတ်မရှိသည့် ဆန္ဒတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူက လက်များကို အုပ်ချီကာ အဝေးသို့ ကြည့်ရင်း ဆုတောင်းဟန်ပြုလိုက်သည်။

လူအုပ်ကြီးထဲရှိ ကျင့်ကြံသူများစွာကလည်း တူညီသော အရာကို လုပ်ဆောင်နေခဲ့ကြသည်။

“အဲဒါ ထုံချန်းဗုဒ္ဓအရှင်ရဲ့ လက်အောက်က ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပဲ။” တစ်စုံတစ်ယောက်က ထိုနေရာသို့ ကြည့်ကာ ပြောလိုက်သည်။

“ထုံချန်းရဟန်းလည်း အဲဒီနေရာမှာ ရှိနေတယ်။” တစ်စုံတစ်ယောက်က ထိုချောမောသည့် ဗုဒ္ဓကျင့်ကြံသူကို ကြည့်ကာ ထပ်ပြောလိုက်သည်။ ထိုကျင့်ကြံသူအဖွဲ့က ပင်လယ်ထဲသို့ ခြေချကာ ရှေ့သို့ ရွေ့လျားလိုက်ကြသည်။

ပို၍ များပြားသော ဗုဒ္ဓကျင့်ကြံသူများ ရောက်လာခဲ့သော်လည်း သူတို့က ခြွင်းချက်မရှိ တူညီသော နည်းလမ်းဖြင့် ရှေ့ဆက်သွားခဲ့ကြသည်။

ဤသည်မှာ လိပ်ပြာတောင်ကုန်းသို့ ရောက်ရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အခြားဖြတ်လမ်း မရှိပေ။ ထိုထိပ်သီးဗုဒ္ဓအရှင်များသည်ပင် ထိုနေရာသို့ ရောက်ရှိရန် ပင်လယ်ကိုသာ ဖြတ်သန်းသွားနိုင်ပေသည်။

ဗုဒ္ဓကျင့်ကြံသူစည်းဝေးပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့် ထိုကမ်းရိုးတန်းဒေသအတွင်း လူပေါင်းများစွာက တဖြေးဖြေး ရောက်ရှိလာပေသည်။ ခမ်းနားကြီးကျယ်သော ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲကို မလွတ်ချင်သည့်အတွက် အများစုက လိပ်ပြာတောင်ကုန်းသို့ ရောက်ရှိလာကြသည်။

ရီဖူရှင်းနှင့် အခြားလူများ ရောက်ရှိလာသောအခါ ပင်လယ်ကို ဖြတ်သန်းသွားနေသည့် လူအများကြီး မရှိတော့ပေ။ သူတို့က ကမ်းရိုးတန်းဒေသသို့ လျှောက်သွားခဲ့ပြီး အဝေးရှိ ကောင်းကင်မှ ကျဆင်းလာသော တောက်ပသည့် ဗုဒ္ဓအလင်းရောင်များကို ကြည့်နေခဲ့သည်။ ပင်လယ်၏ အဆုံးသတ်က ကောင်းကင်နှင့် တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ပြီး ၎င်းသည် အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်းသည် ဗုဒ္ဓစွမ်းရည်ကို ကျင့်ကြံသူများသည်အတွက် သန့်စင်မြင့်မြတ်သော နယ်မြေ ဖြစ်လေသည်။

သို့သော် ရီဖူရှင်းက ချက်ချင်းမသွားသေးဘဲ စောင့်ဆိုင်းနေခဲ့သည်။ ဗုဒ္ဓကျင့်ကြံသူများအားလုံး သွားပြီးသည့်အခါမှ သူက ပင်လယ်ကို ဖြတ်သန်းသွားမည် ဖြစ်သည်။

All Chapters