အခန်း (၁၄၇၁-၁၄၇၅)
Vol. 88 Ch. 1471-1475
အခန်း(၁၄၇၁)
ကပ်ဘေးမှ ရှင်သန်လွတ်မြောက်ခြင်း
နဂါးဓား၏ မျက်လုံးများက တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး မျက်နှာက အစိမ်းရောင်သမ်းနေသည်။ သူ၏ခန္ဓာကိုယ်က ရင်ဘက်နေရာမှ အားနည်းလွန်းသော မြင့်လိုက်နိမ့်လိုက် အနေအထားမျိုးကလွဲပြီး လှုပ်ရှားမှုကင်းမဲ့နေသည်။
သူအသိစိတ် ရှိနေသေးတယ်။
ဝမ်ချောင်က တိတ်တဆိတ် မှတ်ချက်ချ၏။
ဒီပင့်ကူရဲ့ အဆိပ်က တကယ်ကို မှင်သက်ဖို့ကောင်းတယ်။ နဂါးဓားက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်။ ဒါပေမဲ့ အနည်းငယ် ရင်ဆိုင်ပြီးရုံနဲ့တင် အမှောင်အရိပ်ပင့်ကူ လက်အောက်ကို ကျသွားတဲ့သားကောင် ဖြစ်သွားတယ်။ သူတောင်မှ သူ့ရဲ့ နက်နဲတဲ့ခွန်အားကို ထုတ်မသုံးနိုင်ခဲ့ဘူး။
ဝမ်ချောင်ဟာ နဂါးဓား၏ ပါးစပ်ထဲသို့ ဆေးတစ်လုံးကို ထိုးထည့်ပေးခြင်းအားဖြင့် သူ့အား ပြန်လည် သက်သာနိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သခင်လေးချင်းယန်ကို သွားခေါ်လိုက်သည်။
“ဘယ်လို ဘယ်လို ဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က သူ၏အရှေ့တွင် ပေါ်လာသောအခါ သခင်လေးချင်းယန်သည် ကြမ်းတမ်းသောတိုက်ပွဲတစ်လှည့် ပြီးဆုံးပြီးနောက် ဝမ်ချောင်ဟာ တစ်ဖက်သူကို မယှဉ်နိုင်ကြောင်း နားလည်သွားပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပြီဟု ယုံကြည်ထားခြင်းဖြစ်သည်။ သို့သော် သခင်လေးချင်းယန် အနေနှင့်လည်း အမှောင်အရိပ် ပင့်ကူကသာ မောင်းထုတ်ခံလိုက်ရမည်ဟု မထင်ထားမိချေ။
သူသည်လည်း ထိုအကောင်၏ ပင့်ကူမှ ကြမ်းတမ်းမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ထိုအစိမ်းရင့်ရောင် မြူထုဟာ စိတ်စွမ်းအင်များကိုပင် ပွတ်တိုက်ပျက်စီးစေနိုင်သေးသည်။ ထိုအခြေအနေအပြင် အလွန်အမင်း ပြိုင်ဘက်ကင်းလွန်းသော ပင့်ကူမျှင်များကြောင့် သူ့အား အနိုင်ယူနိုင်မည်ဟု မတွေးဝံ့အောင် ဖြစ်စေသည်။
ဒါပေမဲ့ ဝမ်ချောင်က မောင်းထုတ်လိုက်တယ်။
အဲ့ဒီရှေးဟောင်းသားရဲကြီးလေ။ သူက ရက်စက်ကြမ်းတမ်းတဲ့ သတ္တဝါကြီး။ နောက်ပြီး အနည်းဆုံး နှစ်တစ်ထောင်လောက် ရှင်သန်နေထိုင်ခဲ့ပြီးပြီ။ နောက်ပြီး ဖမ်းမိထားတဲ့ သားကောင်တွေကိုလည်း တော်တော်လေးကို လွန်လွန်ကျူးကျူး စွဲလမ်းတတ်သေးတာ။ လုံးဝ မလိုအပ်သမျှ သူ့ရဲ့ အသိုက်ကို စွန့်ပစ်ပြီး ထွက်ပြေးမှာမဟုတ်ဘူး။
ထိုအခိုက်အတန့်တွင် သခင်လေးချင်းယန်ဟာ အိမ်မက် မက်နေသလို ခံစားလိုက်ရသည်။ သို့သော် သူသည် ဂူထဲမှ တဖြည်းဖြည်းချင်းစီ ပြန်လည်သက်သာလာနေသော နဂါးဓား၏ ပုံစံကို မြင်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။
“သခင်လေး”
သခင်လေးချင်းယန်က စကားမပြောရသေးခင် နဂါးဓားက မျက်လုံးကို တဖြည်းဖြည်းချင်းစီ ဖွင့်ပြီး မော့ကြည့်လာသည်။
“ဝမ်းသာစရာပဲ။ မင်းအသက်ရှင်သေးတယ်”
အသက်ရှင်နေသေးသော သခင်လေးချင်းယန်ကို မြင်လိုက်ရခြင်းက နဂါးဓားအား အလွန်အမင်း ခံစားချက်များ လွှမ်းမိုးသွားစေသည်။ သူသည်လည်း ဝမ်ချောင်ကို အကြွင်းမဲ့ ကျေးဇူးတင်စိတ်နှင့် ကြည့်လိုက်သည်။
သခင်လေးချင်းယန်နှင့် အစေခံတို့က ပြန်လည်ဆုံစည်းသွားကြသည်။ နှစ်ယောက်လုံးကလည်း သေခြင်းကို အတူတကွ ကျော်ဖြတ်ခဲ့ဖူးသလို ခံစားနေရသည်။ မည်သို့ပင်ဆိုစေ သိပ်မကြာခင်ကပင် သခင်လေးချင်းယန်က သေခြင်းကို လက်ခံထားပြီးဖြစ်သည်။
“အစ်ကိုဝမ် ခင်ဗျားရဲ့ ကျေးဇူးတင်စိတ်ကို ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြနိုင်မယ်မထင်ဘူး။ ငါမင်းကို ဒီကိစ္စအတွက် အကြွေးတင်သွားပြီ။ အနာဂတ်မှာ မင်းလိုအပ်တာသာရှိရင် ကျေးဇူးပြုပြီး ပြောလိုက်ပါ။ နဂါးဓားနဲ့ငါက အဲ့ဒီတာဝန်ကို ပြီးမြောက်ဖို့အတွက် မီးတောင်ကိုတောင် ကျော်ဖြတ်ပေးမယ်”
“ဟား ငါတို့ အဲ့ဒီကိစ္စကို နောက်မှ ပြောတာပေါ့။ လောလောဆယ်တော့ ငါ့ကိုကူညီပြီး အခြားသူတွေကို ကယ်ပေးပါဦး”
ဝမ်ချောင်က ပြောလိုက်သည်။
ထိုနှစ်ယောက်၏ အကူအညီကြောင့် ဝမ်ချောင်သည် ပိုးအိမ်များသဖွယ် အုပ်စိုင်းထားသော ပင့်ကူအိမ် ရာကျော်ခန့်ကို ဆွဲဖြုတ်ချရင်း အတွင်းမှ သိုင်းပညာရှင်များကို နှိုးရသည်။
အမှောင်အရိပ် ပင့်ကူ၏ အဆိပ်ဟာ အလွန်အမင်း ဒုက္ခပေးနိုင်ပြီး ပြဿနာများသည်။ သို့သော် ကံကောင်းစွာဖြင့်ပင် ထိုလူများသည် သိပ်မကြာခင်ကမှ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ ပိုဆိုးသည်မှာ အမှောင်အရိပ် ပင့်ကူဟာ ထိုလူများကို သေစေသည်အထိ အဆိပ်ခတ်သတ်ရန် ကြံစည်ထားလေသည်။ ထိုအတွက်ကြောင့် အမှောင်အရိပ် ပင့်ကူ၏ အဆိပ်ကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေသော သိုင်းပညာရှင် အနည်းငယ်က သေဆုံးသွားသည်မှလွဲပြီး ကျန်သောသိုင်းပညာရှင် အများစုကမူ အကောင်းအတိုင်း ရှိနေကြလေသည်။
“အား ငါရှင်သန်နိုင်မယ်လို့ မထင်ထားဘူး”
“တော်တော်ကို အဆိပ်ပြင်းတဲ့ ပင့်ကူပဲ။ ငါမှတ်မိလိုက်ပြီ ဒီနေရာမှာ အရမ်းကြီးတဲ့ ပင့်ကူကြီးရှိတယ်”
“တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။ အဲ့ဒီပင့်ကူ ဘယ်ရောက်သွားတာလဲ”
“အာ ငါအသက်ရှင်နေသေးတယ်။ ငါတကယ် အသက်ရှင်နေသေးတာပဲ”
ရှင်သန်နေကြသေးသည့် သိုင်းပညာရှင်များ အားလုံးက အသိဝင်လာပြီးသည်နှင့် အောင်ပွဲခံကြသည်။ သူတို့သည် ပတ်ပတ်လည်မှ ပင့်ကူမျှင်များကို ကြည့်ကြရင်း သူတို့၏ကံကို ကျေးဇူးတင်နေကြလေသည်။
အချို့သော သိုင်းပညာရှင်များက ရှေးဟောင်းသစ်ပင်၏ သစ်ကိုင်းများကို ကောက်ယူလိုက်ပြီးနောက် အလွန်အမင်း တင်းမာနေသေးသော ပင့်ကူမျှင်များကိုသုံးပြီး ဖြတ်တောက်ရန် ကြိုးစားကြည့်ကြသည်။ ထိုအခါ တုတ်ချောင်းများက ချက်ချင်းလိုလို နှစ်ခြမ်းကွဲသွားသည်။ သူတို့သည်လည်း သစ်ကိုင်းများပေါ်မှ ချောမွေ့လွန်းသော ပြတ်တောက်ရာများကို ကြည့်နေရင်း သူတို့၏ အရေပြားများကပင် တွန့်နေသလို ခံစားရသည်။ ထိုပင့်ကူကြီးသည် သူတို့ကြုံရသမျှထဲတွင် ကြောက်စရာအကောင်းဆုံး သတ္တဝါဖြစ်သည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူတို့သည်လည်း ဘာဆက်ဖြစ်မည်ဖြစ်ကြောင်း မတွေးဝံ့ချေ။
လူတိုင်းက ဝမ်ချောင်ကို ကြည့်ကြသည်။ တစ်ဖက်သူဟာ ရိုးရှင်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည့်တိုင်အောင် ထန်းပင်အလား မားမတ်စွာ ရပ်နေသည်။
ဂူထဲမှ လူအများစုက တွင်းထဲသို့ မဝင်ခင်ကတည်းက ဝမ်ချောင်ကို မြင်ဖူးကြသည်။ မည်သို့ပင်ဆိုစေ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ တပည့်ကို မသိရန်ခက်ခဲသည်။ ယခင်ကဆိုလျှင် ထိုထဲမှ လူအများစုဟာ သူ့ကို နက်ရှိုင်းစွာ မုန်းတီးနေကြသည်။ သို့သော် ယခုအခါ သူတို့၏ ခံစားချက်များ အားလုံးကို ဘေးဖယ်ထားလိုက်ကြပြီး ကျေးဇူးတင်စိတ်များသာ ကျန်တော့သည်။
“သခင်လေးဝမ်”
အသက်(၃၀)၊ (၄၀)အရွယ်ခန့်ရှိမည့် သိုင်းပညာရှင် တစ်ယောက်က လက်နှစ်ဖက်ကို ဖိကပ်ကာ ဂါရဝပြုပြီး စိတ်လှုပ်ရှားစွာ ရှေ့တက်လာသည်။
“ငါ့ရဲ့ကျေးဇူးတင်စိတ်ကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ ဒီတစ်ကြိမ်မှာ ငါတို့ကို ကယ်ပေးတဲ့အတွက် ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ အားလုံးရဲ့ကိုယ်စား ငါသခင်လေးကို ကျေးဇူးတင်ချင်တယ်။ သခင်လေးက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ။ အနာဂတ်မှာ သခင်လေးသာ တောင်းဆိုစရာရှိရင် ငါတို့ သေချာပေါက် ဖြည့်ဆည်းပေးမယ်။ ငါတို့ အကြိမ်တစ်သောင်းလောက် သေရမယ်ဆိုရင်တောင်မှပေါ့”
သက်လတ်ပိုင်းလူကြီးဟာ ဝမ်ချောင်ကို လေးနက်စွာ ဂါရဝပြုသည်။
ဝမ်ချောင်က လက်ကိုယမ်းလိုက်ရင်း မထူးခြားနားသလို ပြောသည်။
“အဲ့ဒီလောက်ထိ ရိုကျိုးနေစရာ မလိုပါဘူး။ ငါက ဒီတိုင်း လမ်းကြုံလုပ်ပေးလိုက်ရုံပါပဲ”
“သခင်လေးက အရမ်းနှိမ့်ချလွန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သခင်လေးအပေါ် အကြွေးတင်သွားပြီ”
“သခင်လေး စိတ်အေးအေးထား အနာဂတ်မှာ တစ်ယောက်ယောက်သာ သခင်လေးကို တိုက်ခိုက်ရဲရင် အဲ့ဒီလူက ငါတို့ရဲ့ရန်သူပဲ ဟုတ်တယ်မလား အားလုံးပဲ”
“ဒါပေါ့ သခင်လေးကို အံ့တုရဲတဲ့ ဘယ်သူကမဆို ငါတို့ရဲ့ရန်သူ ဖြစ်လိမ့်မယ်”
ဂူထဲမှ သိုင်းပညာရှင်များက သဘောတူကြောင်း အော်ဟစ်ကြသည်။ သို့သော် လူတိုင်းက သူတို့၏ အပြင်းထန်ဆုံးသော စိတ်ခံစားချက်များနှင့် စိတ်လှုပ်ရှားနေကြရုံသာဖြစ်သည်။
ဝမ်ချောင်သည် သတိနည်းပါးသွားသောအခါ ယခုလေးတင် ညီနောင်များ၏ကိုယ်စား ဝမ်ချောင်ကို ကျေးဇူးတင်သည်ဟု ပြောထားသည့် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးက ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ ပါးစပ်ကို ဟလိုက်ပြီးသည်နှင့် အနက်ရောင် အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်လေသည်။
စွစ်
ထို့နောက် သေးငယ်လွန်းသဖြင့် ငွေရောင်အပ် တစ်မျှင်ခန့်သာ ရှိလောက်မည့် အဆိပ်ဓားတစ်လက်က ပါးစပ်ထဲမှ ထွက်လာသည်။ အနက်ရောင် အဆိပ်ငွေ့နှင့် ရောနှောလေရင်း ဝမ်ချောင်၏ မျက်နှာထက် တိုးဝင်သွားသည်။
ထိုအခိုက်အတန့်တွင် ထိုသိုင်းပညာရှင်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်စိတ်က ဆိုးယုတ်ကာ ခြောက်ခြားဖွယ်ကောင်းသွားသည်။
“အား”
ရုတ်တရက်ဆန်ကာ လူတိုင်းကို အံ့ဩသွားစေသည်။
“မင်းဘာလုပ်တာလဲ”
“မျိုးမစစ် မင်းလုပ်ရဲလား”
လူအုပ်တစ်ခုလုံးက အံ့ဩကာ ဒေါသထွက်သွားကြသည်။ သခင်လေးချင်းယန်နှင့် နဂါးဓားကပင် အော်သည်။
ဝမ်ချောင်သည် ထိုနေရာမှ သိုင်းပညာရှင်တိုင်းကို ကယ်ထားသည်။ အားလုံးက ကျေးဇူးတင်စိတ်ကိုသာ ခံစားနေရသည်။ သူတို့အားလုံးသည်လည်း သူ့ကိုကာကွယ်ရန် စိုးရိမ်စိတ် များနေကြချိန်တွင် မည်သူကမှ သူ့ကို ထိခိုက်အောင်လုပ်ရန် မတွေးကြပေ။ ထိုအတွက်ကြောင့်လည်း သူတို့ထဲမှ တစ်ယောက်ယောက်က ဝမ်ချောင်ကို တိုက်ခိုက်မည်ဟု မထင်ထားမိချေ။
ဘန်း
ချက်ချင်းဆိုသလိုပင် သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ ရင်ဘက်ထံသို့ လက်ဝါးတစ်ဖက်က ရိုက်ချလိုက်ပြီး သူ့ကို လွင့်ထွက်သွားစေသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က လေဟာနယ် ရွေ့လျားမှုသိုင်းကိုသုံးပြီး ချက်ချင်းလိုလို ပျောက်သွားကာ ထိုတိုက်ကွက်ကို ကပ်သီးလေး ရှောင်လိုက်သည်။
စွစ်
သေးငယ်သော အဆိပ်ဓားက ဝမ်ချောင်၏အနောက်ဘက်မှ နံရံကို ရိုက်မိသွားပြီးနောက် ဝုန်းကနဲဖြစ်ကာ ကြေမွသွားစေလေသည်။ အနက်ရောင် အဆိပ်ငွေ့က နံရံကို ပွတ်တိုက်စားလေရင်း ကြီးမားသော အပိုင်းကြီးတစ်ခုလုံးကိုပင် မည်းတူးသွားစေသည်။
ဝမ်ချောင်က အနက်ရောင် အဆိပ်ငွေ့ကို ကပ်သီးလေး ရှောင်ရှားလိုက်နိုင်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ပေတစ်ဆယ်ကျော်ခန့် အကွာမှ အနောက်ဘက်သို့ လွင့်ထွက်သွားသော သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က ထိုမြင်ကွင်းကို မြင်လိုက်ပြီး သူ၏မျက်လုံးက ပြူးကျယ်သွားကာ မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုများ ပြည့်နှက်သွားလေသည်။
သူသည် သူစကားလုံးများကို အထူးတလည်ပြောရန် ရှေ့တက်လာခဲ့သည်မှာ ဝမ်ချောင်က သတိပေါ့လျော့သွားစေရန်ဖြစ်သည်။ ဒီနည်းအားဖြင့် သူ့အား တိုက်ခိုက်ရန် ပြီးပြည့်စုံဆုံးသော အခွင့်အရေးကို ရလိုသည်။ သူသည်လည်း သူ၏လုပ်ရပ်က ကျရှုံးသွားမည်ဟု မထင်ထားမိချေ။
“ဟွန်း ခင်ဗျားက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ”
ဝမ်ချောင်က ပြန်မော့လာသည်။ သူ၏မျက်ဝန်းတွင် အေးစက်သောအလင်းက လက်နေသည်။
ထိုနေရာရှိ လူများက သူထင်ထားသည်ထက် သူ့ကို ရိုးရှင်းလွန်းစွာ တွေးနေလောက်သည်။ မြေအောက်ဂူ လမ်းကြောင်းအတွင်းတွင် ရှိနေသမျှသော ခြိမ်းခြောက်ပေးနိုင်သည့် အန္တရာယ်တိုင်း၏ အခြေအနေအရ သူဟာ မည်သည့်နည်းနှင့်မျှ သူ၏သတိကို မပေါ့လျော့ထားနိုင်ပေ။ အကယ်၍ ရှေ့တက်လာသောသူက သခင်လေးချင်းယန်သာဆိုလျှင် သူသည် ထိုလှည့်ကွက်ထဲ ကျရောက်သွားလောက်သည်။ သို့သော် ဖြစ်နိုင်ချေသာ ရှိသည်။
သူဟာ ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်နှင့် ဆုံကာစဖြစ်သည်။ သူတို့နှင့်လည်း တစ်ကြိမ်သော်မျှ အဆက်အစပ် မလုပ်ဖူးချေ။ သို့မဟုတ် သူနှင့် စကားတစ်ခွန်းပင် မဖလှယ်ခဲ့ဖူးချေ။
ဒါကို ဘယ်လိုဖြစ်ပြီး သူက သူ့ရဲ့ သံသယတွေကို ဘေးဖယ်လို့ လုံးဝ မသိမကျွမ်းတဲ့ သူစိမ်းတစ်ယောက်ကို အကြွင်းမဲ့ ယုံပေးရမှာလဲ။
ထိုအချက်အပြင် ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က မသိလောက်သည်မှာ
ဝမ်ချောင်သည် အစပိုင်းကတည်းက သူ၏ကိုယ်ပေါ်မှ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါကို မှတ်မိလိုက်ခြင်းဖြစ်သည်။ သို့သော် သက်သေမရှိသောကြောင့် လုံးဝ မသေချာနိုင်ခဲ့ပေ။
“သေစမ်း”
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က အံ့ကိုကြိတ်လိုက်သည်။ သူ၏ ကျိန်ဆဲသံများက ဂူတစ်ဂူလုံးအနှံ့ ဟိန်းထွက်သွားသည်။
“မင်းတို့ မတော်လောဘကြီးတဲ့ အရူးတွေ။ မင်းတို့ရဲ့ သိုင်းပညာရှင်တွေက ဘယ်လောက်ပဲ ကြီးမြတ်ကြီးမြတ် ဒီနေရာမှာ လူတွေဘယ်လောက်များများ မူလအမရအရှင်ရဲ့ ဂူသင်္ဂြိုင်းထဲကို ကျူးကျော်လာဖူးတဲ့ ဘယ်သူမဆို သေဘေးကို ရင်ဆိုင်ရမှာပဲ။ မင်းတို့က ဒီနေရာကို ကျူးကျော်လိုက်တဲ့ အခိုက်အတန့်မှာတင် ဘယ်တော့မှ အသက်ရှင်လျှက် ပြန်ထွက်မသွားနိုင်ဖို့ ဆုံးဖြတ်ချက် အချခံရပြီးပြီ”
သတ်လတ်ပိုင်းအရွယ် လူကြီးက ကျိန်ဆဲသည်။ သူ၏ခန္ဓာကိုယ်ကြီးက စတင်ကာ တုန်သွားပြီးနောက် ဝမ်ချောင်၏ ထိုးနှက်ချက်ကြောင့် ထွက်ပေါ်လာသော ခွန်အားများကို တဖန်အသုံးပြု၍ ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များ အကြားမှ ဟာကွက်ထံသို့ အရပြေးသွားသည်။
ဖူး...
သူဟာ ထွက်ပြေးချိန်တွင် ဂူထဲတွင် ထူးဆန်းသော အသံတစ်မျိုးက စတင်ကာ ပဲ့တင်ထပ်လာသည်။
စွစ် စွစ် စွစ်
ထိုစူးရှသော အသံများက ဟိုဘက်နံရံများနှင့် ဒီဘက်နံရံများမှ ပြန်ကန်ထွက်နေပုံပေါ်သည်။ ထို့နောက် ဂူနံရံများထဲမှ နေရာတစ်ခုထံမှတစ်ဆင့် ပါးလျပြီး ထက်ရှလွန်းသော ပင့်ကူမျှင်များက ထွက်လာလေသည်။
အား...
သိုင်းပညာရှင်များက အံ့အားသင့်သွားကြချိန်တွင် သူတို့၏ ကျောအား ထိုပင့်ကူမျှင်များက ထိုးဖောက်သွားပြီး နှစ်ခြိမ်းကွဲသွားစေသည်။
“မကောင်းတော့ဘူး အဲ့ဒီပင့်ကူပဲ”
“သူပြန်လာတာလား”
“သေစမ်း အားလုံးပဲ သတိထား”
သူတို့အားလုံးကလည်း သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို အာရုံမစိုက်နိုင်တော့ချေ။ အမှောင်အရိပ် ပင့်ကူ ရောက်လာပြီဟု ထင်ထားကြလေပြီး အလန့်တကြား ထွက်ပြေးကြလေသည်။
ထိုပင့်ကူမျှင်များကို ကြောက်ခြင်းက သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေသေးသည်။ မည်သည့်လက်နက်ကမှ ထိုပင့်ကူမျှင်များကို မတားနိုင်ပေ။ သူတို့၏ အသွေးအသား အရိုးများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
“ဟွန်း ကိုယ့်ကိုယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလား”
ဝမ်ချောင်ကမူ ထွက်ပြေးသွားသော သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို အေးစက်စွာ စိုက်ကြည့်ရင်း လှောင်လိုက်သည်။
သူသည် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေခဲ့သည်မှာ ညှာတာပေးလိုသောကြောင့် မဟုတ်လေဘဲ သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က သူ့ကို တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင်ပင် သူဟာ ဒီဂူထဲမှ ဘယ်သောအခါမှ ထွက်မသွားနိုင်ရန် ကံကြမ္မာ ပါပြီးသားဖြစ်သည်။
ဘုန်း
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးက အခြားဂူ တစ်ဂူထဲသို့ ဝင်တော့မည့် အခိုက်အတန့်တွင် ဝမ်ချောင်က သူ၏လက်ချောင်းလေးများအား လက်သည်းများကဲ့သို့ ကွေးလိုက်ပြီး ထိုလူကို လှမ်း၍ ကုပ်ဆွဲသော အမူအရာမျိုး လုပ်လိုက်လေသည်။
ဘုန်း
ဝမ်ချောင်၏ ပခုံး တစ်ဖက်တစ်ချက်စီပေါ်တွင် နေတစ်စင်းနှင့် လတစ်စင်းက ပေါ်ထွက်လာသည်။ ထို့နောက် ဂူထဲတွင် ကြီးမားလွန်းသော လေပြင်းက တိုက်ခတ်လာသည်။ ပြင်းထန်သိပ်သည်းကာ ကြောက်စရာကောင်းသည့် ဆွဲစုပ်အားတစ်ရပ်က ထွက်ပေါ်လာလေပြီး ထိုသိုင်းပညာရှင်ကို ချက်ချင်း ဖမ်းဆွဲလိုက်ကာ ဂူထဲသို့ ပြန်ဆွဲသွင်းသည်။
“မကောင်းတော့ဘူး”
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က အံ့အားတကြီး မျက်နှာဖြူဖျော့သွားသည်။ သူ၏ကိုယ် အပြင်ဘက်သို့ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲကာ ထွက်သွားလေပြီး သူ၏အားကို အကန့်အသတ်သို့ တွန်းပို့၍ ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းထဲမှ လွတ်မြောက်ရန် ကြံစည်သည်။
သို့သော် ဝမ်ချောင်ဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အထွတ်အထိပ်သို့ ရောက်အောင်ကျင့်ပြီးခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူဟာ အလွယ်တကူ မလွတ်မြောက်နိုင်တော့ပေ။
+++++
အခန်း(၁၄၇၂)
မူလအမရ ရွာသားများ
“ဟွန့် မင်းရဲ့အသက်ကို အပ်စမ်း”
အေးစက်လွန်းသော အသံတစ်သံက ပဲ့တင်ထပ်လာချိန်တွင် စွမ်းအားကြီးမားလွန်းသော စွမ်းအင်တစ်ရပ်က သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ အနားသို့ လျှင်မြန်စွာဖြင့် ချဉ်းကပ်လာလေသည်။
သခင်လေးချင်းယန်၏ အစောင့်နဂါးဓားက တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ လျှပ်စီးအလင်းက တစ်ချက် လက်သွားပြီးသည်နှင့် မည်းမှောင်လွန်းသော မိုးကြိုးတိမ်စိုင်များက နဂါးဓား၏ ခေါင်းအထက်တွင် ပေါ်ထွက်လာလေသည်။ ထိုမိုးကြိုးတိမ်စိုင် အတွင်းတွင် ထူးဆန်းကာ ကြမ်းတမ်းပြီး ရက်စက်မည့်ပုံပေါ်သည့် မိစ္ဆာနတ်ဆိုးတစ်ပါးက အစွယ်များကို ဖြဲထားသည်။ သူ၏မျက်ဝန်းများက ဓားအလား ထက်ရှလွန်းနေသည်။
ထိုအင်အားကြီးမားသော အရှိန်အဝါက သိုင်းပညာရှင်ကို ညဉ်းညူမိစေသည်။ သူသည် တစ်ဖက်သို့ လှည့်လိုက်ပြီး လက်ဖဝါးကို ရိုက်ထုတ်လိုက်သေးကာ ကြယ်တာရာစွမ်းအင် အားလှိုင်းများအား နဂါးဓားထံ ပို့လွှတ်လိုက်သည်။
ကြမ်းတမ်းသော လေပြင်းက အပြင်ဘက်သို့ ပေါက်ကွဲကာ ထွက်လာရင်း စွမ်းအားနှစ်ရပ်က ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုစွမ်းအားအချင်းချင်း တိုက်မိကာ ပေါက်ကွဲသွားခြင်းက သံမဏိအချင်းချင်း ထုရိုက်သံကဲ့သို့ ကျယ်လောင်လွန်းစွာ ထွက်ပေါ်လာသည်။
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီးက မတုန့်ပြန်နိုင်သေးခင် နဂါးဓား၏ ကြယ်တာရာစွမ်းအင်က ရုတ်တရက် အရှေ့ဘက်သို့ တိုးဝင်သွားလေပြီး ထိုသိုင်းပညာရှင် တစ်ပါးကိုပင်ကျော်ကာ ကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ထိုသို့ဖြင့် သူ၏သွေးကြောများ အားလုံးကိုပင် ကျော်ဖြတ်ကာ တိုက်ရိုက် ပိတ်လှောင်ပစ်လိုက်သည်။
ခွက်
ထိုသိုင်းပညာရှင်၏ မျက်လုံးက ပြူးကျယ်သွားပြီး လှုပ်ရှားမှုကင်းမဲ့စွာနှင့် လဲကျသွားလေသည်။
နဂါးဓားဟာ တစ်ချက်တည်းနှင့်တင် တစ်ဖက်သူ၏ ကြယ်တာရာစွမ်းအင်ကို လုံးဝ ချိတ်ပိတ်လိုက်နိုင်သည်။ ထိုသို့လုပ်ပြီးသည်နှင့် နဂါးဓားက ကိုယ်ကိုကုန်းလိုက်ကာ သတ်လတ်ပိုင်းအရွယ် လူကြီးကို ကောက်မလိုက်လေပြီး ဝမ်ချောင်၏ အရှေ့ဘက်သို့ ပစ်လွှတ်လိုက်လေသည်။ ဖုန်များကပင် အလုံးလိုက် မြောက်တက်လာသေးသည်။
“သခင်လေး ဒီလူ ဘာဖြစ်သင့်သလဲဆိုတာကို သခင်လေးပဲ ဆုံးဖြတ်သင့်တယ်”
နဂါးဓားက တင်းမာစွာပြောသည်။ သူ၏ဟန်အမူအရာက ဖြောင့်မတ်နေလေပြီး ခန္ဓာကိုယ်ကလည်း စွမ်းအင်များဖြင့် တောက်ပနေသည်။ သူဟာ ထိုတိုက်ကွက်တွင် အင်အားနည်းနည်းသာ ထုတ်ထားရပုံပေါ်သည်။
ဝမ်ချောင်က အသာအယာပြုံးသည်။ နဂါးဓားသည် သခင်လေးချင်းယန်ကိုယ်တိုင် လေ့ကျင့်ပေးထားသော ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်နှင့် တစ်မျှင်ခန့်သာ ဝေးကွာတော့သောသူဖြစ်သည်။ သူ့အနေဖြင့် ယခုလို အင်အားမျိုးကို ထုတ်ပြနိုင်သည်မှာ ထူးဆန်းခြင်းမရှိပေ။
ဝမ်ချောင်က နဂါးဓားထံမှ အကြည့်ကို သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ထံသို့ ခပ်မြန်မြန် ပို့လိုက်သည်။
“မျိုးမစစ်ကောင် မင်းက သခင်လေးဝမ်ကို တိုက်ခိုက်ရဲတယ်ဟုတ်လား”
“သူက အဲ့ဒီပင့်ကူကို ထိန်းချုပ်ဖို့ ပုလွေကို အသုံးပြုခဲ့တာဖြစ်မယ်။ သူက ငါတို့ထဲကလူ မဟုတ်ဘူး”
“သူ့ကိုစစ်မေးရမယ်။ သူဘယ်ကလာလဲဆိုတာကို သိအောင်လုပ်ရမယ်။ သူက သာမာန် မဟုတ်နိုင်ဘူး”
“ဒီမျိုးမစစ်က ရှန်းချူကို သတ်လိုက်တာ။ ငါ့ရဲ့ကိုယ်ပိုင်လက်နဲ့ သူ့ကိုယ်စား ကလဲ့စားချေပေးရမယ်”
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က ဖမ်းမိကြောင်း မြင်သည်နှင့် ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များ အားလုံးက ဒေါသတကြီး အော်ဟစ်ကြသည်။ အမျိုးမျိုးသော လူကပင် ထိုလူဟာ ပင့်ကူကို ထိန်းချုပ်နိုင်ကြောင်း နားလည်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ အဖွဲ့ဝင်မဟုတ်နိုင်ပေ။ ထို့ကြောင့် မူလအမရ ရတနာသိုက်နှင့် နီးကပ်စွာ ချိတ်ဆက်နိုင်စွမ်းရည် မြင့်မားလွန်းနေပြန်သည်။
သို့သော် အမှောင်အရိပ် ပင့်ကူက အနီးအနားတွင် ချောင်းမြောင်းနေသည့်တိုင် သူတို့သည်လည်း တစ်ဖက်သူ၏ အနားသို့ နီးကပ်မသွားရဲပေ။
“စိတ်အေးအေးထား အဲ့ဒီပင့်ကူက မရှိတော့ဘူး”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူက ထိုပင့်ကူကို မောင်းထုတ်ထားပြီးသောကြောင့်သာ မဟုတ်လျှင် အမှောင်အရိပ် ပင့်ကူကလည်း သူ့ကို ရင်မဆိုင်ရဲပါပေ။
“ပြောစမ်း မင်းကဘယ်သူလဲ”
ဝမ်ချောင်က ခေါင်းကိုငုံ့လိုက်ပြီး သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို စိုက်ကြည့်သည်။ သို့သော် ထိုလူက အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကိုလှည့်လိုက်သည်။ ထို့နောက် စကားပြောရန် ငြင်းဆန်၏။
“မျိုးမစစ်ကောင် ဒီလိုအခြေအနေမျိုးမှာတောင် စကားမပြောချင်သေးဘူးဟုတ်လား။ သခင်လေးဝမ် ငါ့ကို သင်ခန်းစာပေးခွင့်ပြုပါ။ ငါ့မှာ အနည်းဆုံးတော့ သူ့ရဲ့ အစစ်အမှန် နောက်ခံကို ဝန်ခံလာစေလောက်မဲ့ နည်းလမ်း (၁၀၈)မျိုးလောက် ရှိနေတယ်”
သိုင်းပညာရှင် အားလုံးဟာ ထိုလူ၏ အပြုအမူကြောင့် ဒေါသထွက်နေကြပြီဖြစ်သည်။ သူတို့၏ ရဲဘော်ရဲဘက် အများစုက ဒီနေရာရှိ ထောင်ချောက်များကြောင့် သေသွားကြသည်။ ယခုအခါ အခြေအနေ အားလုံးကို တာဝန်ယူနိုင်မည့် လူတစ်ယောက်ကို ရှာတွေ့သွားပြီ ဖြစ်လေရာ သူတို့၏ ဒေါသများကို နားလည်၍ရလေပြီ။
ဝမ်ချောင်၏ တည်ရှိမှုကြောင့်သာ မဟုတ်လျှင် သူတို့သည်လည်း အပြေးသွားပြီး ခုတ်သတ်ပြီးလောက်လေပြီ။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ ဒေါသတကြီးဖြစ်နေသော လူအုပ်ကို ရပ်တန့်ရန် ဟန်အမူအရာပြသည်။
သူဟာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း မထူးခြားနားသလို မေးသည်။
“မင်းက အစပိုင်းကတည်းက သိုင်းပညာရှင်တွေနဲ့ လိုက်လာတာဖြစ်မယ်။ ဟုတ်တယ်မလား မင်းက အပေါ်ယံကနေ ငါတို့ရဲ့ လှုပ်ရှားမှုတွေအားလုံးကို တောက်လျှောက် စိုက်ကြည့်နေရင်းနဲ့ အောက်ဆုံးထိလိုက်ပြီး ဒီဂူတွေထဲထိ ပါလာတာ။ တော်တော်လေးကို လေးစားဖို့ကောင်းတဲ့လူပဲ။ ဒါပေမဲ့ ငါတို့တွေက တစ်ကိုယ်ကောင်းဆန်တယ်။ လောဘကြီးလွန်းလို့ မူလအမရအရှင်ရဲ့ ဂူသင်္ဂြိုင်းထဲကို ကျူးကျော်လာတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ ဒါက မူလအမရ အရှင်သခင်ရဲ့ ရတနာသိုက် တည်နေရာမဟုတ်ဘူးလား”
“နောက်ပြီး မူလအမရသိုင်းအတွက် ဖန်တီးထားတဲ့ ရတနာမြေပုံတွေက သိုင်းပညာလောကမှာ ပျံ့နှံ့နေခဲ့တာ ကြာပြီ။ ငါတို့ကပဲ ဒီကိစ္စအတွက် တာဝန်ယူသင့်တာ မဟုတ်ဘူးလေ နော် ဟုတ်တယ်မလား။ ရတနာမြေပုံတွေက ဒီလိုတောက်လျှောက် ပျံ့နေမှတော့ ဒါတွေကိုစုစည်းပြီး ရတနာသိုက်ကိုဖွင့်မှ အဲ့ဒီ မူလအမရသိုင်းက နေအလင်းရောင်ကို ပြန်မြင်ရမှာပဲမဟုတ်ဘူးလား။ ဒီအတွက်ကြောင့်ပဲ ရတနာမြေပုံတွေက တည်ရှိနေတာ မဟုတ်လား”
“ပိုဆိုးတာက မူလအမရသိုင်းက ပျောက်သွားခဲ့တာ နှစ်နှစ်ရာကျော်လောက် ကြာနေပြီ။ သိုင်းပညာလောကရဲ့ အနှစ်သာရက ပျောက်ဆုံးနေခဲ့တာ။ ဒီအဆင့်လွန်သိုင်းကြီးက အမွေဆက်ခံဖို့ မလွယ်ကူတဲ့အပြင် ထူးချွန်ပြောင်မြောက်လွန်းတဲ့ နားလည်နိုင်စွမ်းရည်နဲ့ ပါရမီတွေကို လိုအပ်နေသေးတယ်။ မူလအမရ အရှင်သခင်ရဲ့ ဆန္ဒအရ သူ့ရဲ့ ဆက်ခံသူကို ဒီသိုင်းရှာတွေ့စေချင်တာ မဟုတ်ဘူးလား”
“ဟွန်း မင်းတို့ မိုက်မဲတဲ့ အရူးတစ်သိုက်။ မင်းတို့ဘာလုပ်နေမှန်း မင်းတို့မသိပါဘူး။ ဒီအထွတ်အမြတ် နယ်မြေက မင်းတို့မျှော်လင့်ထားတဲ့ သာမာန်နယ်မြေ မဟုတ်ဘူး။ ဒီနယ်မြေက လုံးဝပွင့်သွားတာနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ မင်းတု့ိ မသိနိုင်ဘူး။ ဒါက တစ်လောကလုံးကို မြုပ်သွားစေမဲ့ ကပ်ဘေးကြီးဖြစ်လာမှာ။ ဘယ်လိုနည်းနဲ့မဆို မင်းတို့အားလုံး သေရမှာပဲ။ ဒီတိုင်း လွန်ခဲ့တဲ့ နှစ်ရာကျော်လောက်ကလို မိုက်ရူးရဲဆန်တဲ့ နောက်ထပ် အရူးတစ်သိုက်ပေါ့။ မင်းတို့က ဘယ်သူကမှ အရှင်လတ်လတ် ထွက်သွားနိုင်မှာမဟုတ်ဘူး။ မင်းတို့ရဲ့လောဘနဲ့ ရူးသွပ်မှုတွေကြောင့် သေကြ”
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကြီး၏ အသံက ပြင်းထန်သော မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။ သူ၏ စကားလုံးများကလည်း ကျိန်စာနှင့်တူသည်။ သူဟာ ပါးစပ်ကို တင်းတင်းပိတ်လိုက်ပြီးနောက် သူ၏မျက်လုံးက ဝမ်ချောင်ကိုလည်း မျက်မှောင်ကျံ့ပြီး ကြည့်နေသေးသည်။
ဝုန်း
လူအုပ်ကလည်း ထိုစကားလုံးများကြောင့် ပေါက်ကွဲသည်။
“တကယ်ကို သူတို့လုပ်တာပဲ”
“လွန်ခဲ့တဲ့ နှစ်ရာကျော်ကလို့ သူပြောသွားသေးတယ်။ ဘာကိုဆိုလိုတာလဲ။ အရင်တစ်ခေါက်ကလည်း ဒီနေရာကို လာခဲ့တဲ့ သူတွေအားလုံးကို မင်းတို့ သတ်လိုက်တာလား”
“မျိုးမစစ်ကောင် မင်းတို့မှာ ဘယ်လိုအကြံတွေ ရှိနေတာလဲ။ ဘာကြောင့် ဒီလောက်လူတွေ အများကြီးကို သတ်နေတာလဲ”
“သူ့ကိုသတ် ငါ့ကို သတ်ခိုင်းစမ်းပါ”
လူတိုင်း၏မျက်လုံးက ဒေါသများဖြင့် နီရဲလာလေသည်။
လူတစ်ဖွဲ့သည် သူတို့ဟာ ကံကြမ္မာကောင်းအတွက် စွန့်စားရှာဖွေရင်း ထွက်လာသည်ဟု ခိုင်မြဲစွာ ယုံကြည်ထားကြသည်။ သို့သော် နောက်တစ်ဖွဲ့ကမူ သူတို့၏ စွန့်စားရှာဖွေရေးကို အကြံအစည်တစ်ခုအဖြစ် ဖန်တီးထားကာ သူတို့အဖွဲ့ကို နယ်ရုပ်များကဲ့သို့ သဘောထားနေသည်။ ထိုအခြေအနေကို သိရသောအခါ မည်သူကမဆို ဒေါသထွက်ပေလိမ့်မည်။
လူအုပ်က စတင်ကာ ရှေ့သို့တိုးပြီး ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို သတ်ရန်ကြိုးစားသည်။ သို့သော် ထိုလူက နဂါးဓားနှင့် ဝမ်ချောင်တို့က ဖန်တီးထားခြင်း ဖြစ်သောကြောင့်လည်း ထိုနှစ်ယောက်က ဘာမှမပြောသေးခင်အထိ သူတို့ကလည်း မိုက်ရူးရဲဆန်ပြီး မလှုပ်ရှားရဲကြပေ။
“မင်းတို့ရဲ့ အင်အားတွေကို မဖြုန်းနဲ့။ ငါဒီလောက်အများကြီး ထုတ်ပြောနေတယ် ဆိုတာကလည်း ငါစကားလုံးတွေကို ဖြန့်ဝေပြီးသား ဖြစ်နေလို့ပဲ။ မင်းတို့အားလုံးက မကြာခင် ဒီနေရာမှာ သေရတော့မှာ ဟား ဟား”
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က လူအုပ်ကို အကဲခတ်သည်။ သူက ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုးကိုပေးသည်။ ပို၍ဆိုးသည်မှာ သူ၏ ကျယ်လောင်သော အော်ရယ်သံက လှောင်ပြောင်စိတ်များနှင့် ပြည့်နှက်နေလေသည်။
“ရမ်းကားတယ်”
“မျိုးမစစ်”
“ဒီလူအိုကြီးက အခုပဲ မင်းကိုသတ်မယ်။ မင်းဘယ်လောက်ထိ မောက်မာမလဲဆိုတာကို ကြည့်ရအောင်”
သူက တဖန်ထပ်ပြီး ရန်စခံရပြန်သည်။ သို့သော် ဝမ်ချောင်ကလည်း တစ်စုံတစ်ရာဟာ မူမမှန်ကြောင်း ခံစားမိလိုက်သည်။ ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က သူ့အား အလွန်ထူးဆန်းသော ခံစားချက် ပေးနေသည်။
“မဟုတ်သေးဘူး”
သူ၏စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။ ဝေဝါးသော အကြံသာဖြစ်သည်။ သို့သော် နောက်ကျသွားပြန်သည်။
“အား”
ရုတ်တရက် ထိုလူ၏ နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာချိန်တွင် ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပျော့ခွေသွားလေပြီ။ သူ၏မျက်နှာကသာ ကျောချမ်းဖွယ်ကောင်းသည့် လှောင်ပြုံးနှင့် ကျန်ရစ်ခဲ့သည်။
“ဒီလူက သေနေပြီ”
သိုင်းပညာရှင် တစ်ယောက်ကအော်သည်။
“မျိုးမစစ်ကောင် သူ့ရဲ့သေခြင်းကိုတောင် အတုလုပ်တယ်”
သိုင်းပညာရှင် တစ်ယောက်က ထိုလူ၏ ကော်လံကို ဒေါသတကြီး ဆွဲကိုင်လိုက်သည်။ တစ်ဖက်သူဟာ အလွယ်တကူ သေသွားမည်ဟု မယုံကြည်ပေ။
“စမ်းသပ်စရာ မလိုတော့ဘူး။ သူက သွေးကြောတွေကို ဖျက်ဆီးလိုက်တာ။ သူက တကယ်ကို သေသွားပြီ”
ဝမ်ချောင်က ဖြည်းဖြည်းချင်းပြောသည်။
လူတစ်ယောက်ကသာ ဘဝကို အဆုံးသတ်လိုလျှင် အစပိုင်းကတည်းက လုပ်ရန် ကြံစည်ထားပါက အပြင်လူတစ်ယောက်ကပင် တားရန် မဖြစ်နိုင်ပေ။ ထိုသတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်သည်လည်း ဝမ်ချောင်၏အရှေ့တွင် အခွင့်အရေး အနည်းငယ် ရှိမှန်း သိလောက်သည်။ ထို့ကြောင့် လူအုပ်ကို ရည်ရွယ်ချက်ရှိရှိ ရန်စရင်း အချိန်ဆွဲနေခြင်းဖြစ်သည်။
“ဒါ ဒါ ဘာလို့ဒီလောက်ထိ မြန်တာလဲ”
သိုင်းပညာရှင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး နှာခေါင်းမှ အသက်ရှုနှုန်းကို စမ်းသပ်ကြည့်ရန် ကြိုးစားသည်။ သို့သော် ခန္ဓာကိုယ်ကပင် အေးစက်နေကြောင်း ခံစားလိုက်ရသည်။ သူသည်လည်း အဖြစ်အပျက်ကို ခပ်မြန်မြန် နားလည်သွားသည်။ ဂူတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားပြီး လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားသည်။ မည်သူကမှလည်း ထိုလူဟာ ထိုမျှအထိ ရုတ်ချည်း သေသွားမည်ဟု မထင်ထားကြပေ။
“ဆိုတော့ ဒါတွေအားလုံးက သခင်းပို့ဖို့ပေါ့”
ဝမ်ချောင်က အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းချင်းစီ ထရပ်လာသည်။ ဝမ်ချောင်သည်လည်း ထိုလူ၏သေခြင်းကို မအံ့ဩပေ။ ထိုလူကလည်း ကိုယ့်ကိုယ်ကို မသတ်သေလျှင်ပင် လူအုပ်ကလည်း လူအုပ်ကို လွှတ်ပေးမည်မဟုတ်ပေ။
ထိုလူ၏ နောက်ဆုံးသော စကားများက ဝမ်ချောင်အား တွေးစရာများစေသည်။
“အခြားစကားနဲ့ ပြောရရင် အဲ့ဒီလူတွေက သတင်းရသွားပြီးလို့ သိပ်မကြာခင် ဒီနေရာကို ရောက်လာလောက်ပြီ”
ဝမ်ချောင်က အတွေးနက်သွားသည်။ သူသည်လည်း မူလအမရဝင်္ကပါကို လျို့ဝှက်ကာ ထိန်းချုပ်နေခဲ့သည့် လျို့ဝှက်ဆန်းကြယ်သော တတိယမြောက် အဖွဲ့ကို မှတ်မိသွားသည်။
ဝမ်ချောင်သည်လည်း ထိုလူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို မကြောက်ပေ။ သို့သော် ယခင်တစ်ခေါက်ကကဲ့သို့ သူတို့ဟာ သူ့ကို အခွင့်အရေး မပေးခဲ့လျှင် အခြေအနေဆိုးနိုင်သည်။
ဝမ်ချောင် အစိုးရိမ်ဆုံး ကိစ္စက သူတို့၏ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရည်ဖြစ်သည်။ သူတို့သည် ဒီဂူများအတွင်းမှ နည်းပညာကို ထိန်းချုပ်နိုင်လောက်သည်။ နဂါးသားရဲဖြစ်စေ၊ အိမ်မက်ဆိုးသားရဲဖြစ်စေ၊ အမှောင်အရိပ် ပင့်ကူပင်ဖြစ်စေ မည်သည့်သားရဲကမှ ကိုင်တွယ်ရ မလွယ်ကူပေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း နောက်ထပ် စောင့်ကြိုနေလောက်ဦးမည့် များပြားလွန်းသော အန္တရာယ်များအကြောင်း မသိနိုင်သေးပေ။
ဝမ်ချောင်က ထိုနေရာကို အကဲခတ်ကြည့်သည်။ ဂူက တိတ်ဆိတ်နေသည်။ သို့သော် ဝမ်ချောင်သည်လည်း ချောင်းမြောင်းနေသော အန္တရာယ်က အလုံးအရင်းလိုက် ဝင်ရောက်လာနေပြီဟု ခံစားနေရသည်။
သခင်လေးချင်းယန်နှင့် နဂါးဓားတို့က ရှေ့တက်လာပြီး ဝမ်ချောင်ကို တိုးတိုးပြောသည်။
“ဘာဖြစ်လို့လဲ”
“အဲ့ဒီလူကသာ အမှန်ကိုပြောတာဆိုရင် ဒီနေရာက မလုံခြုံတော့ဘူး။ ငါတို့အမြန်ဆုံး ထွက်သွားရမယ်”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
သခင်လေးချင်းယန်က ကြောင်သွားသည်။ သို့သော် ခပ်မြန်မြန် ခေါင်းညိမ့်သည်။
“အွန်း”
ဒီဂူက အခု တော်တော်လေးကို အန္တရာယ်များတာ။ ဝမ်ချောင် ဘာမှမပြောရင်တောင်မှ သူနဲ့ သူ့အစောင့်က ထွက်သွားချင်နေပြီ။
“ကြည့်လိုက်ဦး အဲ့ဒါဘာလဲ”
ရုတ်တရက် လူတစ်ယောက်က ထအော်သည်။
ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က လှည့်ကြည့်လိုက်ကြသည်။
++++
အခန်း(၁၄၇၃)
သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင် အလောင်းနားတွင် ဆောင့်ကြောင့်ထိုင်နေသော သိုင်းပညာရှင် တစ်ယောက်ရှိသည်။ အလောင်း၏ ပါးစပ်က တစ်ဝက်ခန့်သာ ပွင့်နေသည်။ ထိုသိုင်းပညာရှင်က ဘေးဘက်တွင် ဆောင့်ကြောင့် ထိုင်နေသောကြောင့် သူ၏လက်ထဲတွင် ကိုင်ထားသည့် သေးငယ်သော အစိမ်းရောင် သစ်ရွက်လေးကို ပြလာသည်။ ထိုအရာက ထိုအလောင်း၏ ပါးစပ်ထဲမှ ထုတ်ထားခြင်းဖြစ်သည်။
“ဒါကဘာလဲ”
ဝမ်ချောင်က မျက်တောင်တစ်ချက် ခတ်လိုက်ရင်း ထိုသစ်ရွက်ကို ဂရုစိုက် စစ်ဆေးကြည့်လိုက်သည်။
အခြားသော သိုင်းပညာရှင် တစ်ယောက်ကလည်း အလောင်း၏ကိုယ်ကို ရှာပြန်သည်။
“ကြည့်လိုက်ဦး ဒီမှာလည်း ရှိသေးတယ်”
အလောင်း၏ ခါးနားမှတစ်ဆင့် အဝတ် အမွှေးနံ့သာ အိတ်တစ်အိတ် ထွက်လာသည်။ အတွင်းတွင်လည်း အစိမ်းရောင် သစ်ရွက်များ ပြည့်နေသည်။
လူတိုင်းကလည်း တစ်ယောက်ကိုတစ်ယောက် စွံ့အစွာ ကြည့်လိုက်ကြသည်။
ဝမ်ချောင်နှင့် သခင်လေးချင်းယန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်မှောင်က ကျုံ့သွားသည်။ အဆုံးသတ်တွင်မူ သခင်လေးချင်းယန်ကသာ အရှေ့သို့တက်ပြီး တစ်ရွက်ပြီးတစ်ရွက်ကို လှမ်းယူလိုက်သည်။ သူသည်လည်း သစ်ရွက်ကို နှာခေါင်းနားကပ်ပြီး အနံခံကြည့်သည်။ သို့သော် ဘာကိုမှ မခံစားမိပေ။ သူဟာ သတ်လတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သစ်ရွက်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဘယ်လိုလဲ”
ဝမ်ချောင်ကမေးသည်။
သခင်လေးချင်းယန်က ခေါင်းခါသည်။ သူ၏မျက်မှောင်က ပိုကျုံ့လာသည်။ သူသည် တခဏခန့် ကြာပြီးနောက် သူ၏မျက်လုံးက တောက်ပသွားပြီး ထူးဆန်းသော မျက်နှာထားမျိုး ပေါ်လာသည်။ ထိုအပြောင်းအလဲက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။
“ကောင်းလိုက်တာ သူဒီနက်ရှိုင်းတဲ့ မြေအောက်နယ်မြေမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာ မအံ့ဩတော့ဘူး”
သခင်လေးချင်းယန်က ပါးစပ်ထဲမှနေ၍ သစ်ရွက်ကိုပြန်ထုတ်လိုက်ပြီး အံ့အားသင့်သော မျက်နှာထားမျိုးနှင့် ဖြစ်လာသည်။
“ဒီသစ်ရွက်ကို တံတွေးနဲ့ ရောလိုက်တဲ့အခါ လေပမာဏ အမြောက်အများကို ထုတ်နိုင်တယ်။ ဒါကြောင့် လေက တော်တော်ပါးနေရင်တောင်မှ လုံးဝ သက်ရောက်မှာမဟုတ်ဘူး။ ကျယ်ပြောတဲ့ လောကကြီးမှာ တကယ်ကို အရာအားလုံး ရှိနေတာပဲ။ ငါဒီလောက် စာအုပ်တွေအများကြီး ဖတ်ခဲ့တာတောင်မှ ထူးဆန်းတဲ့ နေရာတွေသွားပြီး ဒဏ္ဍာရီဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့တာတောင်မှ ဒီလိုအရာမျိုးကို မကြားဖူးဘူး”
သခင်လေးချင်းယန်က ထိုသို့ပြောချိန်တွင် သူဟာ နောက်ထပ် တစ်ရွက် နှစ်ရွက်ခန့်ကို ယူလာပြီး ဝမ်ချောင်နှင့် နဂါးဓားကို တစ်ရွက်စီပေးသည်။
ဝမ်ချောင်သည်လည်း သံသယအပြည့်ဖြင့်သာ သစ်ရွက်ကို ပါးစပ်ထဲထည့်လိုက်သည်။ အစပိုင်းတွင်မူ ဘာမှ ထူးထူးခြားခြား မခံစားရပေ။ ထို့အပြင် သစ်ရွက်က ပါးစပ်ထဲသို့ ဝင်ရောက်သောအခါ အနည်းငယ်ပင် ခါးနေသေးသည်။ သို့သော် တံတွေး၏ အစိုဓာတ်က ထွက်လာပြီးသည်နှင့် သစ်ရွက်၏ အပေါ်ယံ မျက်နှာပြင်တွင် လေပူဖောင်း သေးသေးလေးများက ထွက်ပေါ်လာသည်။ အစပိုင်းတွင် နည်းပါးနေသေးသည်။ သို့သော် တဖြည်းဖြည်းချင်းစီ များလာသည်။
ပို၍ထူးဆန်းသည်မှာ သိသာထင်ရှားသော လေပူဖောင်း ပမာဏတစ်ခုက သူ၏ပါးစပ်ထဲမှတစ်ဆင့် သွေးကြောများထဲသို့ ဖောက်ဝင်သွားခြင်းဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးအနှံ့ လှည့်ပတ်ပေးလေသည်။
ထိုမြေအောက်ဂူက အလင်းမဲ့သည်။ အနည်းဆုံး အပေါ်ယံမျက်နှာပြင်မှ ရေတွက်ကြည့်သော် မီတာ (၁၆၀၀၀)ခန့်အထိ နက်လေသည်။ လေထုဟာ ပါးလျလွန်းသောကြောင့် အသက်ရှုရန်ပင် အလွန်ခက်ခဲသည်။ ဝမ်ချောင်ကပင် သူ၏အသက်ရှုနှုန်းကို အတက်နိုင်ဆုံး ချိန်ညှိထားခြင်းအားဖြင့် (၁၅)မိနစ် တစ်ကြိမ်မှသာ ရှုသွင်း၊ ရှုထုတ် လုပ်ဖြစ်သည်။ သို့တိုင်အောင် အန္တရာယ်က သူ၏အနားသို့ အရိပ်လို လိုက်ပါနေသေးသည်။ သူ၏စွမ်းရည် အင်အားကလည်း အများကြီး ထိုးကျနေသည်။ သူတို့ရင်ဘက်ကို လေးလံလွန်းသော အလေးချိန်က လာရောက်ဖိကပ်ထားသည်။
သို့သော် ထိုသစ်ရွက်များက လေထုကို ထုတ်ပေးထားသောကြောင့် လေးလံလွန်းသော ခံစားချက်က လွင့်ပျယ်သွားသည်။ ထိုအရာသာမကသေးချေ ဝမ်ချောင်သည် အများကြီး တိုးတက်လာသလို ခံစားရသည်။ သူ၏ ကြယ်တာရာစွမ်းအင်များက ယခင်ထက် မြန်ဆန်စွာ စီးဆင်းလာလေပြီး ဒဏ်ရာများကလည်း တည်ငြိမ်လာသည်။
တော်တော်လေးကို သိပ်သည်းလွန်းတဲ့ အောက်ဆီဂျင်ပဲ။
ဝမ်ချောင်၏ မျက်ဝန်းက နားလည်မှုအပြည့်နှင့် လက်သွားသည်။ သခင်လေးချင်းယန်သည်လည်း ထိုသစ်ရွက်များက လေထုတ်ပေးနိုင်မှန်း သိသည်။ သို့သော် ဝမ်ချောင်ကမူ အလွန်အမင်း သိပ်သည်းလွန်းသော အောက်ဆီဂျင်ဓာတ်များ ဖြစ်နေကြောင်း သိလိုက်သည်။ သိပ်မများသော်လည်း သန့်စင်မှုက သိုင်းပညာရှင် တစ်ယောက်၏ လိုအပ်ချက်ကို ဖြည့်ပေးရန် လုံလောက်သည်။ ထိုအောက်ဆီဂျင်၏ ထောက်ပံ့မှုနှင့်အတူ ဝမ်ချောင်၏အင်အားက နောက်ထပ်တစ်ဆင့်သို့ တက်သွားပြီဖြစ်ပြီး အောက်ဆီဂျင် လိုအပ်ချက်ကြောင့် ကန့်သတ်ခံရခြင်း မရှိတော့ပေ။
ဝမ်ချောင်က ထိုသစ်ရွက်များ၏ ပြင်းထန်လွန်းသော ပမာဏကို ချက်ချင်းနားလည်လိုက်သည်။
“ဒီသစ်ရွက်တွေနဲ့သာဆိုရင် ငါတို့တွေ မြေအောက်နယ်မြေမှာ ချုပ်ထိန်းခြင်းမရှိဘဲ သွားလာလို့ရပြီ”
သိုင်းပညာရှင်များက စိတ်လှုပ်ရှားသွားသည်။
လူတိုင်းကလည်း ထိုသစ်ရွက်ထုတ်ကို မျက်စိကျသွားချိန်တွင် အကြီးအကဲ တစ်ယောက်ကပြောသည်။
“နေဦး”
လူတိုင်းက နှင်းဖြူရောင်ဆံပင်နှင့် ငွေရောင်ဝတ်စုံ ဝတ်ထားသော လူအိုကြီးကို ကြည့်လိုက်ကြသည်။ ထိုအကြီးအကဲက ဂုဏ်အဆင့်အတန်း ကြီးမြတ်ပုံရပြီး သူကပြောလိုက်သည်နှင့် လူအုပ်က တိတ်သွားသည်။
“အကြီးအကဲကျောင်းပဲ”
“အားလုံးပဲ အကြီးအကဲကျောင်းရဲ့ စကားကို နားထောင်ရအောင်”
ရုတ်တရက် လူအုပ်က နောက်ဆုတ်ပေးကြပြီး ထိုအကြီးအကဲကို လေးစားစွာနှင့် ကြည့်ကြသည်။
ဝမ်ချောင်၏မျက်ဝန်းတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။ သူသည်လည်း သခင်လေးချင်းယန်ကို မေးမြန်းစူးစမ်းသလို ကြည့်လိုက်သည်။
“သူ့ရဲ့နာမည်က ကျောင်းချန်ဝေ့တဲ့။ သန့်စင်ချန်ဂိုဏ်းက အကြီးအကဲတစ်ယောက်ပေါ့။ သူက သိုင်းပညာလောကနဲ့ ရှုပ်ထွေးမှုတွေကို ငြိမ်းချမ်းမှု ယူချင်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အမြဲတစေ ကျော်ကြားနေခဲ့တာ။ နောက်ပြီး သိုင်းပညာလောကထဲမှာတောင်မှ တော်တော်လေးကို ဝါကြီးလွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ စုန့်ယွမ်ယွီနဲ့ ယင်နက်ဘိုးဘေးတို့တောင်မှ သူ့ကို လေးစားမှုပြရတယ်”
သခင်လေးချင်းယန်က ခပ်တိုးတိုး ရှင်းပြသည်။ သူဟာ တခဏခန့်ရပ်တန့်ပြီးနောက် ပြုံးကာဆက်ပြောသည်။
“ဒါ့အပြင် ကျောင်းချန်ဝေ့က ဆေးလုံးသန့်စင် ဖော်စပ်တတ်တယ်။ ဒီတော့ ဆေးအကြောင်း သိတယ်ပေါ့။ သိုင်းပညာလောကမှာ သူကဘာလို့ လေးစားခံရလဲဆိုတာကို သိပြီမဟုတ်လား”
သခင်လေးချင်းယန်က ဝမ်ချောင်ကို နက်နဲစွာ တစ်ချက်ကြည့်သည်။
ဝမ်ချောင်က နားလည်သွားသည်။ အင်ပါယာခုံရုံးတွင်ဖြစ်စေ၊ သိုင်းပညာလောကတွင်ဖြစ်စေ ဆေးဝါးဖော်စပ်နိုင်သူများက နက်ရှိုင်းစွာ လေးစားခံရသည်။ သိုင်းပညာရှင်များက နေ့တိုင်းလိုလို သေရေး၊ ရှင်ရေး အခြေအနေကို တိုက်ခိုက်နေရသည်။ သူတို့ဟာ မည်သည့်အချိန်တွင် မည်သည့်ဆေးလုံးကို လိုအပ်မည်ဖြစ်ကြောင်း မည်သူကမှ မသိနိုင်ပေ။ ကျောင်းချန်ဝေ့ကသာ ထိုကဲ့သို့သော အဆင့်အတန်းမျိုးနှင့် ဆိုလျှင် သိုင်းပညာလောကမှ သူ၏အဆင့်အတန်းကို နားလည်နိုင်လေသည်။
“အားလုံးပဲ ငါပြောတာ နားထောင်ကြအုံး။ သခင်လေးဝမ်ချောင်ကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီဂူထဲမှာ သေသွားပြီးလောက်ပြီ။ ပိုဆိုးတာက သခင်လေးဝမ်က ဒီလူကိုဖမ်းထားတာ။ ငါ့ရဲ့အမြင်အရ ဒီအရွက်အိတ်ကို သခင်လေးဝမ်ကို ပေးသင့်တယ်”
“ဟုတ်တယ် ဒါတွေအားလုံးက သခင်လေးဝမ်အပိုင် ဖြစ်သင့်တယ်။ ငါအကြီးအကဲကျောင်းရဲ့ စကားကို သဘောတူတယ်”
လူတစ်ယောက်က ခပ်မြန်မြန် ရှေ့ထွက်ပြီး ထောက်ခံသည်။
အခြားသောသူများကလည်း သဘောတူကြောင်း ပြောကြသည်။
“ဟုတ်တယ် ဟုတ်တယ် ငါတို့ ဒါတွေအားလုံးကို သခင်လေးဝမ်ကို ပေးရမယ်”
မြေအောက်မှ အခြေအနေက အလွန်အမင်း အန္တရာယ်များသည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူတို့ ဘာဖြစ်သွားမှန်း မသိနိုင်ပေ။ ထိုအရာများကလည်း ဝမ်ချောင်ဟာ သူတို့၏အသက်ကို ကယ်တင်ပေးထားသောကြောင့် တင်နေသည့် အကြွေးနှင့် နှိုှုင်းယှဉ်နိုင်စွမ်းရည်ပင် မရှိပေ။
ဝမ်ချောင်ကပင် အံ့ဩသွားသည်။ သိုင်းပညာလောကထဲတွင် နောက်ကျောဓားထိုးသည့် အခြေအနေများကို တွေ့ကြုံခဲ့ပြီးသောလူဟာ ထိုအပြောင်းအလဲကြောင့်ပင် မှင်သက်သွားရသည်။
“တကယ်တော့ မလိုပါဘူး။ ငါဆယ်ရွက်ပဲ လိုတယ်။ ကျန်တာတွေအားလုံး ခင်ဗျားတို့ပဲ ခွဲယူကြပါ”
တခဏခန့် တိတ်ဆိတ်နေပြီးနောက် ဝမ်ချောင်က ဆယ်ရွက်ကိုသာ ယူလိုက်သည်။
ဝမ်ချောင်ဟာ သေချာတွက်ချက်ပြီးမှသာ ထိုပမာဏကို ရလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်၏ အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေဖြင့် မြေအောက်ထဲမှလေဟာ အလွန်အမင်း ပါးလျသော်လည်း သူ့အနေဖြင့် ရွေ့လျားသွားလာရန် လုံလောက်လျှင် အဆင်ပြေပြီဖြစ်သည်။ သူအမှန်တကယ် စိုးရိမ်ရသည်မှာ အမျိုးမျိုးသော အင်အားကြီး ရန်သူများနှင့် တိုက်ခိုက်မှုအပြင် ထောင်ချောက်များကို ရင်ဆိုင်ရန်ဖြစ်သည်။
အောက်ဆီဂျင် နည်းပါးလွန်းသော မြေမျက်နှာသွင်ပြင် အနေအထားမျိုးတွင် ရန်သူများနှင့် ကြာမြင့်စွာ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အောက်ဆီဂျင် လိုအပ်ချက်က သိုင်းပညာရှင်များ၏ ခွန်အားကို ပြင်းထန်စွာ ကန့်သတ်ပစ်နိုင်သည်။
ဝမ်ချောင်သည် ဂူထဲမှ ဖြစ်နိုင်သော တိုက်ပွဲတိုင်းအတွက် ခုနှစ်ရွက်ဟာ လုံလောက်ပြီဟုထင်သည်။ ကျန်သော သုံးရွက်ကမူ လိုအပ်သောအခါ အသုံးပြုရန် စဉ်းစားထားသည်။
ဒါ...
ကျောင်းချန်ဝေ့က အနောက်မှလူအုပ်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့ကိုယ်တိုင်ကပင် ကြောင်အသွားခြင်းဖြစ်သည်။ သူသည်လည်း ဝမ်ချောင်က အားလုံးကို သူ၏ကိုယ်ကျိုးအတွက် ယူသွားမည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် ဝမ်ချောင်က ဆယ်ရွက်သာယူသည်။
“ဟား သခင်လေးဝမ်ချောင်က ဒီလိုပြောမှတော့ အားလုံးပဲ ယဉ်ကျေးနေစရာ မလိုဘူး။ ယူလိုက်တော့”
သခင်လေးချင်းယန်ကပင် ဝင်ပြောသည်။
“သခင်လေးဝမ်က တကယ်ကို သဘောထားကြီးတာပဲ။ ငါတို့ တကယ်ကို နားလည်မှုလွဲခဲ့မိတယ်။ သခင်လေးဝမ် ကယ်ထားခဲ့တဲ့ အကြွေးကို ငါတို့တကယ်ပဲ မှတ်သားထားမှာပါ။ အနာဂတ်မှာလည်း သခင်လေးကသာ တစ်ခုခုလိုအပ်ရင် ဒီကျောင်းချန်ဝေ့က မီးတောင်ကိုတောင်ဖြတ်ပြီး လာရောက် လုပ်ဆောင်ပေးမှာပါ”
ကျောင်းချန်ဝေ့က လေးစားစွာ ပြောသည်။
“ငါ့ကိုလည်း ထည့်တွက်။ ငါလည်း တူတူပဲ”
“ငါလည်းပါတယ်”
အခြားသော သိုင်းပညာရှင်များက စိတ်လှုပ်ရှားစွာ သဘောတူကြောင်း ပြောလိုက်သည်။ ဝမ်ချောင်က ပြုံးသည်။ သူဟာ တစ်စုံတစ်ရာ ပြောတော့မည့် အချိန်တွင် ရုတ်တရက် သူ၏ဝမ်းဗိုက်ထဲမှ ရင်းနှီးကျွမ်းဝင်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဝမ်ချောင်က မျက်နှာဖျော့တော့သွားသည်။ ဂူထဲမှ လူများက ဝမ်ချောင်ကို ကြည့်ကြသည်။ သူတို့အားလုံးသည်လည်း သူ၏အပြုအမူကို သတိထားမိလိုက်ကြသည်။
သခင်လေးချင်းယန်က ရှေ့တက်လာပြီး အံ့အားတကြီးမေးသည်။
“အစ်ကိုဝမ် ဘာဖြစ်တာလဲ”
သို့သော် ဝမ်ချောင်က ထိုမေးခွန်းကို မကြားတော့ပေ။ သူသည် သူ၏ဗိုက်နာသို့ လက်ဆန့်ထုတ်လိုက်ပြီး အတွင်းမှ စတုရန်းဗူးလေးကို ထုတ်လိုက်သည်။
ဂူ၏အမှောင်ထဲတွင် ထိုဗူးထိပ်မှ မျက်စိကြိမ်းမတက် တောက်ပသော အစိမ်းရောင် အလင်းတုံးက ကျောချမ်းဖွယ်ကောင်းလွန်းနေသည်။ လူတိုင်းကလည်း ဝမ်ချောင်၏လက်ထဲမှ ဗူးလေးကို စိုက်ကြည့်နေကြသည်။ သို့သော် ဝမ်ချောင်ကသာ သူ၏နှလုံးသားက လေးလံသွားမှန်း သိလိုက်သည်။
အနက်ရောင်ဝတ်စုံနဲ့လူတွေ
သူ၏စိတ်ထဲ ထိုအတွေးက ဝင်လာသည်။
သူသည် ထိုဗူးမှ အလင်းရောင်ကို ကောင်းမွန်စွာ ရင်းနှီးနေသည်။ အနက်ရောင်ဝတ်ထားသော လျို့ဝှက်ဆန်းကြယ်ပြီး ရက်စက်သော လူများက အနားကပ်လာမှသာ ထိုကဲ့သို့သော တုန့်ပြန်မှုကို ပြသသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်နေသော်လည်း ဝမ်ချောင်ကမူ ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားမိလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက မည်မျှကြောက်စရာကောင်းပြီး ရက်စက်မှန်း သူတို့ထက်ပိုပြီး မည်သူကမှ နားမလည်နိုင်ပေ။
ဒီဂူများအားလုံးက အကြွင်းမဲ့ တိတ်ဆိတ်နေသည်။ လူတိုင်းက ဝမ်ချောင်ကို အာရုံစိုက်ထားကြ၏။ ထိုအခါ အမှောင်ထုထဲတွင် အထိတ်တလန့်ဖြစ်နေသော အော်သံက ထွက်ပေါ်လာသည်။
“ပြေးတော့”
ဘုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။ ဂူတစ်ခုလုံးက ပြင်းထန်သော တင်းအားဖြင့် တောက်ပလာသည်။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”
ဂူထဲမှ သိုင်းပညာရှင်များက စတင်ကာ ထိတ်လန့်လာကြသည်။ ကျောင်းချန်ဝေ့ကပင် အငိုက်မိသွားသည်။ မည်သူကမှလည်း ဘာဖြစ်နေမှန်း မသိကြပေ။ သို့သော် သူတို့အားလုံးက ဝမ်ချောင်၏ အော်သံကို ကြားလိုက်သည်။
အထိတ်တလန့်ဖြစ်စိတ်နှင့် မသက်မသာ ဖြစ်စိတ်များက ပြင်းထန်လွန်းသည်။ ဝမ်ချောင်က မည်သည့်အရာကို အာရုံခံမိလိုက်မှန်း မည်သူကမှ မသိလိုက်ပေ။ သို့သော် သူတို့အားလုံးသည်လည်း သူ၏အသံကတစ်ဆင့် ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားမိနိုင်သည်။
ဝမ်ချောင်သည် ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ ဂူတစ်ခုလုံးအနှံ့ ရက်စက်သော ရယ်သံက စတင်ကာ ပဲ့တင်ထပ်သွားသည်။
“ဟား ဟား ဟား မင်းတုန့်ပြန်တာ တော်တော်မြန်သားပဲ။ ဒါပေမဲ့ မင်းတို့တကယ်ပဲ ထွက်ပြေးနိုင်မှာလား”
++++
အခန်း(၁၄၇၄)
ရုတ်တရက် ပေါ်လာသော ဝါးဦးထုပ် ဆောင်းထားတဲ့လူတွေ
ဝမ်ချောင်ကပင် ဘာမှမလုပ်နိုင်သေးခင် အဝေးရှိ ဂူထဲမှ ကြီးမားသော မီးလုံးကြီးတစ်လုံးက အရှိန်ပြင်းပြင်း တောက်လောင်သော အပူအလင်းရောင်များနှင့်အတူ လူအုပ်၏ အရှေ့သို့ဝင်ရောက်ကာ ပေါက်ကွဲလာသည်။
“အား”
အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအင်အားလှိုှုင်းများက ပတ်ဝန်းကျင် တစ်ခုလုံးအနှံ့ လှုပ်ခတ်သွားစေလေပြီး သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်ကို လေထဲသို့ မြောက်တက်သွားစေလေသည်။ အနက်ရောင် မီးတောက်က အလက်ကြီးကြီး တောက်လောင်ကာ အားလုံးကိုပင် မည်းတူးသွားစေသည်။ ထိုအနက်ရောင် မီးတောက်များဟာ အလွန်အမင်း ပြင်းထန်လွန်းသည်။ ကြယ်တာရာစွမ်းအင်ကိုပင် လောင်သွားစေနိုင်သည်။
“ငါ့ကိုကယ်ပါ င့ါကိုကယ်ပါ”
“ဘယ်သူက ငါတို့ကို တိုက်ခိုက်နေတာလဲ”
“အား”
အော်ဟစ်သံများ၊ ပေါက်ကွဲသံများ၊ ဒေါသတကြီး ကျိန်ဆဲသံများနှင့် မျက်ကန်းတိုက်ပွဲများက ဂူတစ်ခုလုံးအနှံ့ ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ သို့သော် ဒါဟာ အစပိုင်းသာ ဖြစ်နေသေးသည်။
အနက်ရောင်မီးတောက်၏ အနောက်ဘက်တွင် ဆေဘာစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မျက်စိကြိမ်းမတက် တောက်ပသည့် လခြမ်းကွေးလေးက ပေါ်ထွက်လာသည်။
ခွက် ခွက် ခွက်
သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်က အငိုက်မိသွားကြပြီး ထိုပြစ်ချက်ကင်းလွန်းလောက်အောင် ထက်ရှလွန်းသည့် ဆေဘာစွမ်းအင်ကြောင့် ရှောင်ရှားရန်ပင် အချိန်မရှိတော့ဘဲ နှစ်ခြမ်းအလှီးခံရသည်။
အမှောင်အရိပ် ပင့်ကူကြောင့် ရှင်သန်ကျန်ရစ်နိုင်ခဲ့သော ထိုလူများက ရုတ်တရက် တိုက်ကွက်အောက်တွင် သေဆုံးသွားရသည်။
“သွားရအောင် လူတိုင်း ဒီနေရာက ထွက်သွားရမယ်”
ဝမ်ချောင်က နောက်ဆုံးတစ်ခေါက် သတိပေးသံနှင့် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို နောက်ထပ် ဂူတစ်ခုထဲသို့ ထွက်ပြေးသည်။
အနက်ရောင်မီးတောက်များက မာရာမီးတောက်ဖြစ်သည်။ လခြမ်းကွေး ဆေဘာစွမ်းအင်ကမူ ဝါးဦးထုပ်နှင့် လူများထဲမှ တစ်ယောက်၏ စွမ်းအင်ဖြစ်သည်။ ဝမ်ချောင်သည် ထိုနှစ်ခုလုံးကို ရင်းနှီးလွန်းနေသည်။ လူတစ်ယောက်တည်းသာဆိုလျှင် ဝမ်ချောင်အနေဖြင့် ဘယ်သောအခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ သို့သော် တစ်ယောက်၊ နှစ်ယောက် မဟုတ်လောက်ကြောင်း သူက ကောင်းကောင်း နားလည်နေသည်။ အနက်ရောင်ဝတ်စုံနှင့် လူပေါင်းများစွာက သူ့ကိုစောင့်ဆိုင်းနေခြင်း ဖြစ်လောက်သည်။
သူ၏စိတ်စွမ်းအင်ကတစ်ဆင့် ဝမ်ချောင်သည်လည်း မျက်လုံးသုံးလုံးပါသော သမင်မျက်နှာဖုံးကို ဝတ်ထားသည့် ထိုလူက သူ၏ကြယ်တာရာစွမ်းအင်ကို ရွှေရောင်လက်များအသွင် ပြောင်းလဲရင်း မူလအမရ ဝင်္ကပါအနီးအနား ဝန်းကျင်ရှိ အကာအကွယ်လွှာကို အတင်း အင်အားသုံးကာ ဖွင့်လောက်ကြောင်း ခံစားမိလိုက်သည်။ ထိုလူ၏စွမ်းအင်က ဝမ်ချောင်ကိုပင် ကြောက်ရွံ့မှုကြောင့် တုန်ယင်စေနိုင်သည်။
ထိုကဲ့သို့သော ခွန်အားမျိုးက သူတို့တားနိုင်သော အရာမျိုးမဟုတ်ပေ။ ထိုနေရာတွင် ဆက်နေလျှင် သေရမည်ဆိုသော အဓိပ္ပာယ်သာ ရှိပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ထိုတိုတောင်းသော အခိုက်အတန့်တွင်ပင် ဝမ်ချောင်အနေဖြင့် သူ၏ကိုယ်ထဲသို့ အဝေးမှ ဝင်ရောက်လာနေသော ကြမ်းတမ်းလွန်းသော စွမ်းအင်သုံးခုက ပိတ်လှောင်နေကြောင်း ခံစားမိလိုက်သည်။
ဝါးဦးထုပ်နှင့် လူသုံးယောက်
ဘန်း
ဝမ်ချောင်ဟာ ပါးစပ်ထဲသို့ အစိမ်းရောင် သစ်ရွက်လေးကို ပစ်ထည့်လိုက်ပြီးသည်နှင့် သူ၏စွမ်းအင်များကို ပါးစပ်ထဲသို့ တွန်းပို့လိုက်သည်။ ထို့နောက် လေဟာနယ် ရွေ့လျားမှုသိုင်းကို ထုတ်သုံးပြီး မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထွက်ပြေးသည်။
ဝမ်ချောင်က စပြေးပြီး သိပ်မကြာခင် အရိုးကွဲမတက် အေးစိမ့်သော ကြယ်တာရာစွမ်းအင်က ဂူတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
စွစ် စွစ် စွစ်
ထိုကြယ်တာရာစွမ်းအင်၏ အရှေ့တွင်ပင် ကြီးမားလွန်းသော ဆေဘာစွမ်းအင်ပေါင်း များစွာက ဂူတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေပြီး ထွက်ပြေးသော သိုင်းပညာရှင်တိုင်းကို ကျော်ဖြတ်ခဲ့လေသည်။
ထိုထွက်ပြေးသော သိုင်းပညာရှင်များက ဆေဘာစွမ်းအင်ကြောင့် ရုတ်တရက် တောင့်တင်းသွားကြသည်။ သူတို့ဟာ မျက်လုံးပြူးသွားကြသည်။ သူတု့ိ၏ မျက်လုံးများက တုန်ယင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။ သို့သော် မည်သည့် အခြေအနေကိုမှ ပြောင်းလဲနိုင်စွမ်းရည် မရှိတော့ပေ။
ဝှစ်
ညင်သာသော လေပြေအောက်တွင် ဝေဝါးသော ပုံရိပ်တစ်ခုက သူတို့နှင့် အနောက်ဘက် ဆယ်မီတာခန့် အကွာတွင် ပေါ်လာသည်။
ထိုလူဟာ အရှေ့ဘက်သို့ အနည်းငယ် ကုန်းထားသည်။ သူ၏လက်ကလည်း ခါးတွင် ချိတ်ထားသော ဆေဘာ လက်ကိုင်ပေါ်သို့ တင်ထားသည်။ သူက ယခုလေးတင် ထုတ်ခဲ့ပုံပေါ်သည်။ ခေါင်းတွင် ဆောင်းထားသော ဝါးဦးထုပ်က ကြောက်စရာကောင်းသော နောက်ခံကို ဖော်ပြသည်။
ပွက်
ထိုလူက ဆေဘာဓားကို ပြန်သိမ်းပြီးနောက် ထွက်ပြေးသောလူများ၏ နောက်ဆုံးမှ အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့်က ခါးကမှနေ၍ စတင်ကာ ပြတ်ထွက်သွားကြသည်။ သူတို့၏ခန္ဓာကိုယ် အပေါ်ပိုင်းက မြေပေါ်သို့ ပြုတ်ကျချိန်တွင် အောက်ပိုင်းက ရပ်လျှက်ကျန်ရစ်နေသေးသည်။ အချိန်တစ်ခု ကြာပြီးမှသာ သစ်သားတိုင်များအလား ပြိုလဲကျလေသည်။ သိပ်သည်းသော သွေးရနံ့က လေထဲတွင် ပြည့်နှက်သွားလေသည်။
“သူက တုန့်ပြန်တာ တအားမြန်တယ်”
အင်အားကြီးမားသော သိုင်းပညာရှင် အယောက်နှစ်ဆယ်ခန့်ကို ခပ်အေးအေး လိုက်ပါပို့ဆောင်ပြီးနောက် ဝါးဦးထုပ်နှင့်လူက ဝမ်ချောင် ထွက်ပြေးသွားသောဘက်သို့ လှည့်ကြည့်သည်။ သူတို့သည်လည်း အလွန်အမင်း လျှင်မြန်စွာ ရောက်ရှိလာကြပြီးနောက် အတက်နိုင်ဆုံး ကြိုးစားကာ သူတု့ိ၏ စွမ်းအင်ကို ဖုံးကွယ်ထားခဲ့သည်။ မြေအောက်ထဲမှ စိတ်စွမ်းအင် စည်းတံဆိပ်က သူတို့၏ ကြိုးစားအားထုတ်မှုများအတွက် သဘာဝ အကူအညီဖြစ်စေသည်။
သို့သော် တခဏထဲနှင့်တင် သိုင်းပညာရှင် အားလုံးက ထွက်ပြေးသွားနိုင်သည်။ ဝမ်ချောင်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် အနက်ရောင်ဝတ်စုံနှင့် လူများက သူတို့အားလုံးကို သတ်ပြီးလောက်လေပြီ။
“ဒီကလေးရဲ့ ဖျက်ဆီးနိုင်စွမ်းအားက ကိုင်တွယ်ဖို့ တအားခက်တယ်။ ဆင်းတူက အဲ့ဒီ အမှိုက်ကောင်အိုကြီးက ပေးလိုက်တဲ့အရာကြောင့် ငါတို့သူ့အနား မကပ်ခင်ကတည်းက သူရှာတွေ့တွေ့နေတာပဲ”
“စိတ်အေးအေးထား သူဝေးဝေး မသွားနိုင်ဘူး”
နောက်ထပ် နက်ရှိုင်းစွာ အေးစက်သောအသံက ထွက်လာသည်။ ထိုအသံထဲတွင်လည်း ဆိုးယုတ်မှုနှင့် ရက်စက်မှုများ ပြည့်နှက်နေသည်။
နောက်ထပ် ဝါးဦးထုပ်နှင့် လူနှစ်ယောက်ကလည်း အနောက်ဘက်မှ ထွက်လာသည်။ အနောက်ဆုံးမှ ဝါးဦးထုပ်နှင့်လူဟာ အရှိန်အဝါကြီးမြတ်သော မုန်တိုင်းကြီးတစ်ခု၏ အကန့်အသတ်မဲ့သော စွမ်းအင်မျိုးကို သယ်ဆောင်ထားသည်။ ရှင်းလင်းစွာပင် ထိုသူဟာ သူတို့၏ ခေါင်းဆောင်ဖြစ်သည်။ ကြီးမားသော ရွှေရောင်လူထွားအဖြစ် ပြောင်းလဲနိုင်သောလူလည်း ဖြစ်သည်။
နှစ်ယောက်လုံး၏ မျက်လုံးက အေးစက်သောအလင်းဖြင့် တောက်ပနေရင်း အမှောင်ထု၏ မီးတုတ်များအလား ပေါ်လာသည်။
မြေအောက် မီတာ(၁၆၀၀၀)ခန့်နက်သော မြေအောက်ဂူထဲတွင် မည်သည့်အလင်းမှ မရှိချေ။ ထို့ကြောင့် မြင်နိုင်စွမ်းအားက အလွန်အမင်း ကန့်သတ်နေသည်။ ဝမ်ချောင်က စိတ်စွမ်းအင်ကိုသုံးပြီး သူ့ကို ထောက်ပံ့ခိုင်းထားသေးသည့်တိုင်အောင် ဝါးဦးထုပ်နှင့် လူသုံးယောက်အတွက်ကမူ ထိုမြေအောက်ဂူ၏ ရှုပ်ထွေးသော နေရာများက နေရောင်အလား လင်းချင်းနေသေးသည်။ သူတို့ကလည်း အသေးစိတ် အခြေအနေတိုင်းကို မြင်နိုင်သည်။
သူတို့သုံးယောက်က ဘေးချင်းယှဉ်လျှက် ရပ်နေကြသည်။ သူတို့၏ အနောက်ဘက်တွင်လည်း မြောက်များလှစွာသော အနက်ရောင်ဝတ်စုံနှင့် ကျွမ်းကျင်ပညာရှင်များက အေးစက်သော အရှိန်အဝါကို လွှတ်ထုတ်၍ တည်တင်းသော မျက်နှာထားမျိုးနှင့် ရှိနေကြသည်။
တခဏခန့် ကြာပြီးနောက် သူတို့၏ အနောက်ဘက်တွင် နောက်ထပ် အင်အားကြီးမားသော အားလှိုင်းများက ပေါ်ထွက်လာပြီး နေ့ခင်းအလား တောက်လောင်နေသည့် နေမင်းအလား တောက်ပနေသည်။ မျက်လုံးသုံးလုံးနှင့် သမင်မျက်နှာဖုံး တပ်ထားသော လူက တဖြည်းဖြည်းချင်းစီ ရှေ့တက်လာသည်။
“အရှင်”
အနက်ရောင်ဝတ်စုံနဲ့ လူများက ထိုလူကို မြင်လိုက်သည်နှင့် ခေါင်းကိုငုံ့ကြသည်။ ဝါးဦးထုပ်နှင့် လူသုံးယောက်ကပင် ဂါရဝပြုကြ၏။ သူတို့၏ မျက်နှာပေါ်တွင် အမူအရာ အနည်းငယ် ပြောင်းသွားသည်။
မျက်နှာဖုံးနှင့်လူက ဘာစကားမှမပြောချေ။ သူ၏အကြည့်က ဂူတစ်ခုလုံးအနှံ့ ဖြတ်သွားသည်။ သူဟာ အလယ်ဗဟိုရှိ ကြီးမားလွန်းသော ရှေးဟောင်းသစ်ပင်ထံသို့ အာရုံစိုက်လိုက်ပြီးနောက် ထိုပေါ်မှ ဖြာကျနေသော ပင့်ကူမျှင်များကိုကြည့်သည်။
ဝမ်ချောင်က ပင့်ကူမျှင် အများစုကို ရှင်းလင်းသွားခဲ့သည့်တိုင်အောင် အများစုက ကျန်သေးသည်။
ထိုအဖြူရောင် ပင့်ကူမျှင်များက ထိုမျက်နှာဖုံးနှင့်လူ၏ မျက်လုံးကို အံ့အားသင့်မှုဖြင့် လင်းလက်သွားစေလေသည်။
“အရှင် ဘာဖြစ်လို့လဲ”
ဝါးဦးထုပ်နှင့် လူတစ်ယောက်ကမေးသည်။ သူသည်လည်း မျက်နှာဖုံးနှင့်လူ၏ မျက်ဝန်းမှ အပြောင်းအလဲကို သတိထားမိလိုက်သည်။
မျက်လုံးသုံးလုံးပါသော သမင်မျက်နှာဖုံးကို တပ်ထားသောလူက ချက်ချင်း ပြန်မဖြေလေဘဲ သူ၏အကြည့်က ချင့်ချိန်စဉ်းစားသကဲ့သို့ တည်ငြိမ်သွားသည်။
“အဲ့ဒီခြေထောက်အများကြီးပါတဲ့ သားရဲကောင်ကို မောင်းထုတ်နိုင်တဲ့လူမျိုး ရှိမယ်လို့တောင် တကယ် မထင်ထားမိဘူး။ နောက်ဆုံးတစ်ခေါက် ငါတို့ဒီဂူတွေထဲကို ဝင်လာတော့ ငါတို့ရဲ့လူနည်းနည်းတောင် ဆုံးရှုံးသွားသေးတယ်”
မျက်နှာဖုံးနှင့်လူက မထူးခြားနားသလိုပြောသည်။
သူဟာ ထိုသို့ပြောပြီးနောက် သစ်ပင်၏ထိပ်မှ မြေပြင်ပေါ်သို့ ဆန့်တန်းကျနေသော ပင့်ကူမျှင်တစ်ခုကို အာရုံစိုက်လိုက်သည်။ သူဟာ လက်ညိုးလေးကို အသာလှုပ်လိုက်ပြီးနောက် တင်ကနဲမြည်သံက ထွက်လာသည်။ ထက်ရှလွန်းသော ပင့်ကူမျှင်က သံမဏိကို လှီးဖြတ်နိုင်သည့်အပြင် ဝု့စ်သံမဏိဓားကိုပင် ထိခိုက်အောင် လုပ်နိုင်သော်လည်း ချက်ချင်းလိုလို နှစ်ခြမ်းကွဲသွားသည်။
ဝမ်ချောင်၊ သခင်လေးချင်းယန်နှင့် အခြားသော သိုင်းပညာရှင်များက ရှိနေမည်ဆိုပါက ဖိအားများသွားလောက်သည်။ သိသာစွာပင် ထိုလူက သူ၏ စွမ်းအားကို ကြောက်စရာကောင်းသော အဆင့်အထိ အဆင့်မြင့်တင်ထားသောကြောင့် ထိုအဖြူရောင် ပင့်ကူမျှင်များကပင် ဖြတ်တောက်ခံရခြင်းဖြစ်သည်။
ထိုအခြေအနေကို ကြည့်ရုံနှင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို နားလည်လိုက်သည်။
ဇွက်
ရုတ်တရက် စူးရှသော လေချွန်သံက ထွက်ပေါ်လာသည်။ နက်ရှိုင်းသော ဂူတစ်ဂူထဲမှ အနက်ရောင် ကျည်တောက်လေးတစ်ခုက ပျံသန်းကာ ထွက်လာသည်။ မီတာငါးဆယ်၊ ခြောက်ဆယ်ခန့်ကို ကျော်ဖြတ်သွားပြီးနောက် လက်တစ်ဖက်က ဆန့်ထုတ်ကာ ဖမ်းယူလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဖွင့်လိုက်သည်။ ထို့နောက် စာပါ အကြောင်းအရာကို ဖတ်ပြီးသည်နှင့် မျက်နှာဖုံးနှင့်လူ၏ အနောက်ဘက်သို့ လျှောက်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူက ဂါရဝပြုကာ တင်ပြသည်။
“အရှင် ငါတို့ဒီနေရာကို ရှာပြီးပြီ။ မူလအမရ ရွာကလူတွေအားလုံး ပျောက်သွားတယ်။ သူတို့ ငါတို့ကို သတိထားမိလောက်တယ်”
ထိုဂူက ချက်ချင်းဆိုသလိုပင် သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။
“ဟုတ်လား”
မျက်နှာဖုံးနှင့်လူက ရုတ်တရက် လှောင်သည်။
“သူတို့ကပဲ ဒီလိုချိတ်ဆက်ထားတဲ့ ဂူတွေအားလုံးကို ထုတ်ခဲ့တာလေ။ သူတို့က ကြွက်တွေလိုပဲ။ ဒါက သူတို့ရဲ့အသိုက်။ သူတို့ဆီကနေ ငါတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့က မဖြစ်နိုင်ဘူး”
“ဒါဆိုရင် ငါတို့ဘယ်လိုလုပ်ကြမလဲအရှင်”
အနက်ရောင်ဝတ်စုံနှင့် လူက မေးသည်။
“မစိုးရိမ်နဲ့။ အချိန်ကျလာတဲ့အခါ သူတို့က သဘာဝအလျောက်ပဲ ငါတို့ရှေ့မှာ ပေါ်လာလိမ့်မယ်။ အဝါရောင်စစ်သည်တော် ငါအဲ့ဒီ ဖျက်ဆီးခြင်းကလေးကို မင်းဆီ လွှဲပေးလိုက်တော့မယ်။ သူ့ကိုအမြန်ဆုံး သတ်။ ဒါဆိုရင် ငါတို့ နောက်ဆုံးတာဝန်ကို သွားလုပ်လို့ရပြီ”
သမင်မျက်နှာဖုံးနှင့်လူက တင်းမာစွာပြောသည်။
“ဟုတ် အရှင် စိတ်အေးအေးထားပါ။ ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်။ အဲ့ဒီကောင်လေး ဝေးဝေး မပြေးနိုင်ပါဘူး”
ခေါင်းဆောင် ဝါးဦးထုပ်နဲ့လူက ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုးကိုပေးပြီးနောက် လက်နှစ်ဖက်လုံးကို အနောက်ဘက်သို့ ပို့လိုက်သည်။
“အားလုံးပဲ င့ါရဲ့နောက်ကို လိုက်ခဲ့ကြ”
လူအချို့က ရှေ့သို့ခုန်တက်သွားသည်။ ထို့နောက် တစ္ဆေသရဲများအလား ဂူအသီးသီးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
...
ထိုအချိန်တွင် ဝမ်ချောင်က ဂူများအနှံ့ လှည့်လည်ကာ ပြေးလွှားနေသည်။ အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများက လိုက်မလာသေးသည့်တိုင်အောင် တစ်စုံတစ်ရာက သူနှင့်ကပ်ပါနေသလို ခံစားနေရပြီး သူ၏ကျောကို စိုက်ကြည့်နေသလို ခံစားချက်မျိုးကို ရနေသည်။
သူဟာ မည်သို့ပင် မြန်ဆန်စွာ သွားလာနေစေကာမူ ထိုအာရုံခံစားချက်က မလွတ်မြောက်ခဲ့ပေ။
“ဘာတွေဖြစ်နေတာလဲ။ ငါက အိမ်မက်ဆိုးသားရဲရဲ့ စိတ်စွမ်းအင်ကို ဝါးမြိုထားပြီး ငါ့ဘာသာငါ သွားခဲ့ပြီးသား။ ဒါကြောင့် တစ်ယောက်ယောက်က ငါသတိမထားမိဘဲ ငါ့ကိုပိတ်လှောင်ထားနိုင်စရာ အကြောင်းမရှိဘူး”
ဝမ်ချောင်သည်လည်း လေဟာနယ် ရွေ့လျားမှုသိုင်းကို အကန့်အသတ်သို့ရောက်အောင် ထုတ်သုံးထားပြီး မီးခိုးများအလား ကိုယ်များအနှံ့ လှည့်လည်သွားလာနေခဲ့သည်။ သူ၏စိတ်က လျှင်မြန်စွာ ပြေးလွှားနေရင်း ပြဿနာကို ရှာဖွေနေခဲ့သည်။ သို့သော် အခြေအနေကို နားမလည်နိုင်ဘဲ ရှိနေသေးသည်။
သို့သော် တခဏခန့် ကြာပြီးနောက် သူသည်လည်း ရင်ဘက်ထံမှ တင်းကြပ်သော ခံစားချက်မျိုးကို ရလိုက်သည်။ တင်းမာသော မျက်နှာထားနှင့် ဝမ်ချောင်ဟာ နောက်ထပ် အစိမ်းရောင် သစ်ရွက်လေးကိုထုတ်ကကာ ပါးစပ်ထဲသို့ ထည့်လိုက်ရသည်။ ထိုတင်းမာသော ခံစားချက်က ချက်ချင်းလိုလို ပျောက်ကွယ်သွားပြီး ကြယ်တာရာစွမ်းအင်များကလည်း တဖန်ပြန်ပြီး ချောမွေ့သွားပြန်သည်။ သူ၏ အရှိန်နှုန်းက ပြန်လည်ပြီး မြန်ဆန်လာသည်။
ဒီအရွက်တွေရှိလို့ တော်သေးတယ်။ ဒီတော့ နည်းနည်းလောက်တော့ ကြာကြာခံနိုင်လောက်မှာပါ။
ဝမ်ချောင်က စိတ်ထဲတွင်တွေးပြီး သက်ပြင်းချသည်။
သို့သော် ဝမ်ချောင်ကပင် ကောင်းမွန်စွာ အသက်ရှုနေခြင်းကို တစ်ပတ်ပြည့်အောင် မလှည့်ပတ်ရသေးခင် ရုတ်တရက် အနောက်ဘက်မှ လှောင်သံကို ကြားရသည်။ ထိုအသံက ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ဆော့ကစားနေသော အသံမျိုးဖြစ်သည်။
“ဟား ဟား ကလေး မင်းက တော်တော်လေးကို မြန်တာပဲ။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်ကိုတောင် သုံးပြီး ငါတို့ကို ကိုင်တွယ်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းဘယ်ကိုပြေးမလဲ ကြည့်ဦးမယ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်ကာ အံ့အားသင့်သွားသည်။ သူ၏ ကြယ်တာရာစွမ်းအင်က ပတ်ဝန်းကျင် ဂူများအနှံ့ ဖြန့်ကျက်ထားပြီးသားဖြစ်သည်။ သို့သော် သူသည် ဝါးဦးထုပ်နှင့်လူကို အာရုံမခံမိခဲ့ပေ။
ဝမ်ချောင်အနေဖြင့် နက်ရှိုင်းစွာ တွေးတောရန် အချိန်မရှိတော့ပေ။ အကြောင်းမူကား အလွန်အမင်း အန္တရာယ် များလွန်းသော စိတ်အာရုံခံစားမှု တစ်ခုက ရှေ့သို့ တိုးဝင်လာလေပြီး သူ၏စိတ်ထဲသို့ ဝင်ရောက်သွားကာ သူ၏သွေးများအားလုံးကို ခဲသွားစေလေသည်။
++++
အခန်း(၁၄၇၅)
ဘန်း
ဝမ်ချောင်၏ ခြေထောက်က နံရံပေါ်သို့ ဆောင့်နင်းလိုက်ပြီးနောက် ထိုအရှိန်ကို အရညှိယူ၍ အရှေ့ဘက်သို့ ခုန်ထွက်လိုက်သည်။
တစ်ချိန်ထဲတွင်ပင် ကြီးမားသော ကျောက်သားလက်ကြီး တစ်ဖက်က နံရံထဲမှ ပေါ်ထွက်လာကာ ဝမ်ချောင် နဂိုက တည်ရှိနေခဲ့သော နေရာကို ရိုက်ပစ်လိုက်သည်။ ကျိုးထွက်သွားသော အပိုင်းအစများက လေထဲသို့ မြောက်တက်သွားပြီးနောက် ဝမ်ချောင်၏ အနောက်ဘက်မှ လျှောက်လမ်းကို တစ်ဝက်ခန့်ထိ ပြိုကျသွားစေသည်။
ဝါးဦးထုပ်နဲ့ ခေါင်းဆောင်ပဲ။
ဝမ်ချောင်၏ နှလုံးသားက တုန်ယင်သွားသည်။ ဝါးဦးထုပ်နှင့်လူဟာ ကြီးမားသော လူထွားကြီးအဖြစ် ပြောင်းလဲနိုင်သော ကိစ္စကို သတိရသွားသည်။ ထိုလူက အသွင်ပြောင်းလဲသွားသောအခါ သူသည် မယုံနိုင်စရာကောင်းသည့် အင်အားကို ပိုင်ဆိုင်သွားတတ်ပြီး သိုင်းပညာရှင် တစ်ယောက်၏ ကြယ်တာရာစွမ်းအင်ကို အသုံးပြုကာ ကျောက်သားတုံးများအဖြစ်ပင် ပြောင်းနိုင်သည်။
ဝမ်ချောင်သည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည်။ သို့သော် သူဟာ ထိုအကြံကို ဆက်မတွေးနိုင်သေးခင် နောက်ထပ် ကြီးမားသော ကျောက်သားလက်သီးကြီးက သူ့ကို လာထိုးပြန်သည်။ ဝမ်ချောင်က ချက်ချင်းဆိုသလိုပင် ကိုယ်ပိုင် သံမဏိကဲ့သို့ မာကြောသည့် ကြယ်တာရာစွမ်းအင်များကို သုံးပြီး ပြန်လည်ရင်ဆိုင်လိုက်ရသည်။
ဘန်း
အကြီးတစ်လုံး၊ အသေးတစ်လုံးက လေထဲတွင် ရင်ဆိုင်တွေ့သွားသည်။
ခလွက် ခလွက်
ကြီးမားသိပ်သည်းသော ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်ကို ဝိုင်းနေရာမှ လျှင်မြန်စွာ ကွဲအက်လာကာ ပါးလျလာသည်။ မရေမတွက်နိုင်သော ကျောက်သား အပိုင်းအစများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။
ဝမ်ချောင်ကမူ ကြာရှည်စွာတိုက်ခိုက်ရန် မစဉ်းစားထားချေ။ လက်သီးကို တစ်ချက် ပစ်ထိုးပြီးသည်နှင့် သူဟာ မြွေတစ်ကောင်ကဲ့သို့ ချောမွေ့စွာ ရှောင်ရှားလိုက်ရင်း ထိုကြီးမားသော လက်သီးကြီးအား လျှောက်လမ်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြိုကျသွားစေလိုက်ပြန်သည်။
“အသုံးမဝင်ဘူး မင်းမလွတ်ဘူး”
ဝါးဦးထုပ်နဲ့လူက လှောင်လိုက်သည်။ သူ၏အသံက ဝမ်ချောင်အား အရိပ်ကဲ့သို့ ကပ်တွယ်လာသည်။ သူသည်လည်း ဝမ်ချောင်၏ တည်နေရာကို မည်သို့မည်ပုံ သိနေမှန်း မသေချာပေ။
တခဏခန့်ကြာပြီးနောက် အရှေ့ဘက်တွင် ပေါက်ကွဲသံပေါင်းများစွာကို ကြားရသည်။ ဝမ်ချောင်သည်လည်း မီတာသုံးဆယ်ခန့် အကွာတွင် ကြီးမားသော လက်သီးကြီးက ရုတ်တရက် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုလက်သီးကြီးဟာ ကျောက်သားလမ်းကြောင်း တောက်လျှောက် အောက်သို့ဆင်းသက်လာသည်။
ဝါးဦးထုပ်နှင့် လူကြီးကလည်း သူသည် ဝမ်ချောင်၏ ထွက်ပြေးရန် လမ်းကြောင်းတိုင်းကို ဖြတ်တောက်နိုင်မှန်းသိပြီး ပိတ်လှောင်လိုက်ပုံရသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏မျက်နှာက တင်းမာသွားပြီးနောက် ကျည်ဆံတစ်ခုကဲ့သို့ ရှေ့သို့ခုန်တက်သွားသည်။ ထိုလမ်းကြောင်းက အပြည့်အဝ ပြိုကျမသွားခင်လေးတင် သူဟာ အတင်းရအောင် ဝင်တိုးလိုက်နိုင်သည်။ သူ၏ အနောက်ဘက်တွင် ကြီးမားသော ကျောက်သားများက ပြိုကျသွားပြီဖြစ်သည်။
“ဟွန်း ဆိုတော့ ဘာဖြစ်လဲ။ ငါက လမ်းကြောင်းတိုင်းကို တောက်လျှောက် ဖြိုချသွားရုံပေါ့။ အဲ့ဒီနောက် မင်းဘယ်လောက်ထိ ပြေးနိုင်မလဲ ကြည့်ရအောင်”
ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ အေးစက်ကာ ဆိုးယုတ်သည့် အသံက ဂူများအနှံ့ ပဲ့တင်ထပ်သွားသည်။ သိသာစွာပင် ဝမ်ချောင်သည် ရွံ့ငါးတစ်ကောင်လို ထွက်ပြေးသွားခြင်းအား သူ၏ဒေါသကို ဆွလိုက်နိုင်လေသည်။
ဝုန်း
မြေကမ္ဘာကြီးက တုန်ခါသွားပြီးနောက်တွင် ကြီးမားသော ဂူများအားလုံးက ပြိုကျလာသည်။
ဝုန်း
ထိုအချိန်တွင် ဝမ်ချောင်၏အနားမှ ကျောက်တုံးက ရုတ်တရက် ပွင့်သွားသည်။ အခြားတစ်ဖက်က ပိတ်သွားသည်။ မျက်လုံးကလည်း ငွေရောင်အဖြစ် ပြောင်းသွားသည်။ ဝမ်ချောင်ဟာ စွမ်းအင်လောကထဲသို့ ဝင်ရောက်လိုက်သည်။
“ဟွန်း ကိုယ့်ကိုယ်ကို ရှေ့ရောက်ပြီလို့ တွေးမနေစမ်းပါနဲ့။ ငါက ခင်ဗျားကို မထိနိုင်ဘူးလို့ တကယ်ထင်နေတာလား”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူ၏အသံက အများကြီး တည်ငြိမ်သွားသည်။
ထိုအခိုက်အတန့်တွင် ဝါးဦးထုပ်နှင့်လူက သိုင်းပညာရှင်များ၏ နယ်မြေကို ကျော်လွန်ပြီး တိုင်းတာရခက်ခဲပုံပေါ်သည်။ သူဟာ မြေကြီးကိုပင် အလွန်အမင်း ဝေးကွာသောနေရာမှ လှမ်း၍ ထိန်းချုပ်နိုင်ပုံပေါ်သည်။ သို့သော် တခဏခန့် တိုက်ခိုက်ပြီးသည်နှင့် ဝမ်ချောင်သည်လည်း တစ်ဖက်သူဟာ ထိုမျှအထိ လေးစားဖွယ် ကောင်းနေသည့်တိုင်အောင် ဝါးဦးထုပ်နှင့်လူဟာ သူမျှော်လင့်ထားသလောက် ကြောက်စရာကောင်းပြီး ပြိုင်ဘက်ကင်းမနေကြောင်း သိလိုက်သည်။
“ဘာ မင်းက တုံးအပြီး မိုက်မဲတဲ့ကောင်ပဲ။ မင်းမှာ ဘယ်လိုလှည့်ကွက်တွေရှိလဲ ကြည့်ရအောင်”
ဝါးဦးထုပ်နှင့် ခေါင်းဆေင်၏ အသံက ပတ်ပတ်လည်မှ ထွက်ပေါ်လာပြီး ထိုအသံထဲတွင် လှောင်ပြောင်သံ၊ အထင်သေးသံများက ပြည့်နှက်နေသည်။ သူ၏ အဝါရောင် လည်စီးစစ်သည်တော်ဟာ ဒီနေရာ အခြေအနေမျိုးတွင် အကောင်းဆုံးသော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပြီး ယခုလို ကျောက်သားများက သိပ်သည်းနေသော မြေအောက် အနက်ရှိုင်းဆုံးအပိုင်းက သူ့အတွက် အိမ်ကွင်းဖြစ်သည်။ ထိုကဲ့သို့ အားနည်းသော သိုင်းပညာရှင်များကို ရင်ဆိုင်ရခြင်းဟာ လက်ခုံးကို ယမ်းနေသလောက် လွယ်ကူသည်။ ဝမ်ချောင်က သူ့ကို တစ်စုံတစ်ရာ လုပ်နိုင်သည်ဟု ပြောသောအတွက်ကမူ အမှန်တကယ် ရယ်စရာပင် ကောင်းနေသေးသည်။
ဝုန်း
ဝါးဦးထုပ်နှင့် ခေါင်းဆောင်က အဝါရောင် လည်စီးစစ်သည်တော် စွမ်းအားကို ထုတ်သုံးတော့မည့် အချိန်တွင် ဝမ်ချောင်က ရုတ်တရက် ကျယ်ပြောသိပ်သည်းလွန်းသော စွမ်းအားတစ်ရပ်ကို လေထုကို ထိုးခွဲကာ ထွက်သွားစေလိုက်သည်။
ထို့နောက် ကျောက်သားအလွှာထဲသို့ ဝင်ရောက်သွားခြင်းအားဖြင့် မြေအောက်မှတစ်ဆင့် ဆက်လက်ကာ ခရီးသွားစေသည်။ ထို့နောက် ဝမ်ချောင်၏ လက်ရှိတည်နေရာမှ မီတာတစ်ထောင်ခန့် အကွာသို့ သွားလာစေပြီးနောက်တွင် အဝါရောင် စွမ်းအင်များ စုစည်းနေသော အမြူတေလုံးလေးပေါ်သို့ ရောက်သွားသည်။
“ရှာတွေ့ပြီ”
ဝမ်ချောင်၏ မျက်လုံးထဲတွင် အေးစက်သောအလင်းက လက်သွားသည်။
ဝါးဦးထုပ်နှင့်လူ၏ အဝါရောင် လည်စီးစစ်သည်တော်ဟာ ဖော်ပြရန် ခက်ခဲလောက်အောင် အင်အားကြီးမားလေပြီး ဒီလိုဝန်းကျင်မျိုးဖြင့် အနိုင်ယူရန် မဖြစ်နိုင်စေပေ။ သို့ရာတွင် ဝမ်ချောင်သည်လည်း ထိုမျှဝေးကွာလွန်းသော တိုက်ကွက် မရောက်သေးခင် အချိန်တွင် ဝါးဦးထုပ်နှင့်လူက အရင်ဦးဆုံး စွမ်းအင်များကို စုစည်းရမှန်း သိလိုက်သည်။ ထိုစွမ်းအင်က မြေကြီးနှင့် ကျောက်သားများကို ထိန်းချုပ်ခြင်းအားဖြင့် မြေသားစွမ်းအင်လုံးပုံသဏ္ဍန် ဖြစ်ပေါ်လာတတ်သည်။ ထိုအမြူတေက ပေါ်လာပြီးမှသာ တိုက်ကွက်ကို ထုတ်နိုင်ခြင်းဖြစ်လေသည်။
သူဟာ ထိုအားနည်းချက်ကို သိသွားကတည်းက ဝမ်ချောင်သည်လည်း တစ်ဖက်သူအား စွမ်းအင် အမြူတေ ပုံသဏ္ဍန်ကို အောင်မြင်စွာ လုပ်ခွင့်ပြု၍မရနိုင်တော့ပေ။
ဘုန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ စိတ်စွမ်းအင်က ထိတွေ့ကိုင်တွယ်၍ ရလာကာ ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲ၍ ထိုစွမ်းအင်လုံးလေးကို ခုတ်လိုက်သည်။
စိတ်စွမ်းအင်များက ထိတွေ့ကိုင်တွယ်၍ မရနိုင်ပေ။ အခြားသောသူများက ထိုကဲ့သို့ မလုပ်နိုင်တတ်ပေ။ သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအင်ကမူ ကြယ်တာရာစွမ်းအင်နှင့် တူသော အတိုင်းအတာသို့ ရောက်သည်အထိ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီးလေပြီ။
ခြိမ်း
စိတ်စွမ်းအင်က ထိုစွမ်းအင်အမြူတေကို ထိုးဖောက်သွားပြီးနောက် လျှင်မြန်စွာ ပျက်စီးသွားစေသည်။
စွမ်းအင်များက ပေါက်ကွဲသွားသည်နှင့် ပတ်ဝန်းကျင်လမ်းကြောင်းနှင့် ကျောက်သားများအားလုံးက လှုပ်ခါပြီး ရပ်တန့်သွားလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝေးကွာလွန်းသော လျှောက်လှမ်းထဲမှ ဝါးဦးထုပ်နှင့် လူသုံးယောက်က ဝမ်ချောင်၏ အနောက်ဘက်သို့ လိုက်နေကြဖြစ်သည်။ ရုတ်တရက် သူတို့၏ ခေါင်းဆောင်၏ မျက်နှာက တင်းမာသွားပြီးနောက်တွင် တစ်စုံတစ်ရာကို အာရုံခံမိသလို ရပ်တန့်သွားသည်။ ဝါးဦးထုပ်နှင့် လူနှစ်ယောက်ကလည်း တစ်စုံတစ်ရာကို နားလည်သွားပုံရလေပြီး တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်ကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက မြေသားကို ထိန်းချုပ်ထားတဲ့ အဝါရောင်လည်စီး စစ်သည်တော်ကိုတောင် ဖျက်ဆီးပစ်လိုက်တယ်”
အခြားသော နှစ်ယောက်ကလည်း အလွန်အမင်း အံ့ဩသွားကြသည်။
သူတို့၏ခေါင်းဆောင်၏ အဝါရောင်လည်စီး စစ်သည်တော်သည် မြေကမ္ဘာ၏ အာဏာရှင်အဖြစ် တံဆိပ် ခတ်ရိုက်ခံထားရပြီးသားဖြစ်လေသည်။ ထိုအရာကို အသုံးပြုရန်အလို့ဌာ လောကမှ စွမ်းအင်တိုင်းနှင့် ပေါင်းစည်းရန် လိုအပ်သည်။ မြေသားအခြေပြု သိုင်းများထဲတွင် မည်သည့်သိုင်းကမှ ထိုအဝါရောင်လည်စီး စစ်သည်တော်ကို မယှဉ်နိုင်ပေ။ ပို၍ဆိုးသည်မှာ ထိုမြေသားအမြူတေက ထိုသိုင်းအတွက် အထူးတလည် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်လေပြီး ရှာဖွေတွေ့ရှိရန်လည်း အလွန်အမင်း ခက်ခဲလေသည်။ ထိုစွမ်းအင် အမြူတေကို ရှာဖွေတွေ့ရှိလျှင်ပင် ဖျက်ဆီးရန် မလွယ်ကူနိုင်ပေ။ ကီလိုမီတာ တစ်ထောင်နီးပါး ဝေးကွာသော အဝေးကတင် သိုင်းပညာရှင် အများစုကို ကြိုးကိုင်နိုင်ရန် လုံလောက်နေပြီးသားဖြစ်သည်။ ထိုအချက်အပြင် ထိုအမြူတေတွင် မည်သည့်တိုက်ကွက်မဆို၏ စွမ်းအားများကို ပတ်ဝန်းကျင် မြေသားများသို့ ခွဲပေးနိုင်သော ထူးခြားသည့် စွမ်းအင်မျိုးက ရှိနေသေးလေသည်။
သို့သော် ယခုအခါ ပတ်ဝန်းကျင် မြေသားက အကောင်းတိုင်း ကျန်ရစ်ပြီး အမြူတေကမူ ကွဲကြေသွားသည်။
ထိုအခြေအနေက ရိုးရှင်းစွာပင် မဖြစ်သင့်ပေ။ ထိုလူသုံးယောက်လုံးကလည်း အခြေအနေကို နားမလည်နိုင်ပေ။
“သူ့ရဲ့နောက်ကိုလိုက် ဘယ်လိုနည်းနဲ့မဆို သူသေရမယ်”
ဝါးဦးထုပ်နှင့်လူ၏ ခန္ဓာကိုယ်က အေးစက်သော သတ်ဖြတ်လိုစိတ် ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။ သူဟာ လျှောက်လမ်းထဲသို့ စဝင်သည်။
သူသည်လည်း အစောပိုင်းက ဝမ်ချောင်၏အနောက်သို့ လိုက်နေခဲ့သည်မှာ အမိန့်ကြောင့်ဖြစ်သည်။ သို့သော် ဝမ်ချောင်က ယခုအခါ သူ၏ စစ်မှန်သော သတ်ဖြတ်လိုစိတ်ဆန္ဒကို ရအောင် ထုတ်ခိုင်းလိုက်နိုင်လေပြီ။
သူသည်လည်း သူ၏ မြေသားအဝါရောင် စစ်သည်တော်ကို ရင်ဆိုင်နိုင်သော စွမ်းအင်မျိုးရှိသည်။ မည်သူ့ကိုမှ အသက်ရှင်ခွင့် မပေးနိုင်ချေ။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်က ဆက်လက်ပြီး ပြေးနေသည်။ အနောက်မှ ဝါးဦးထုပ်နှင့် လူသုံးယောက်က အင်အားအကုန်သုံးပြီး လိုက်ကြသည်။ တစ်ယောက်က မြေသားအမြူတေ တစ်ခုပြီးတစ်ခု ဖွဲ့စည်းနေသည်။ သို့သော် သူတို့ကလည်း ထိုအမြူတေများကို အသုံးမပြုနိုင်သေးခင် ဝမ်ချောင်၏ ပြင်းထန်လွန်းသော စိတ်စွမ်းအင်များက ရှာတွေ့ပြီး ဖျက်ဆီးသွားတတ်သည်။
ဝမ်ချောင်၏ ထိတွေ့ကိုင်တွယ်ရသော စိတ်စွမ်းအင်များက တိုက်ခိုက်လိုက်သောအခါ ကြယ်တာရာစွမ်းအင်ထက်ပင် တိုက်ခိုက်နိုင်စွမ်းအား ပို၍ ပြင်းထန်သေးလေသည်။
“မျိုးမစစ်ကောင် ဟမ် မင်းဘယ်ကိုပြေးမလဲ ကြည့်ရအောင်”
ဝါးဦးထုပ်နှင့် ခေါင်းဆောင်က အံ့ကိုကြိတ်လေသည်။ သူဟာ ဒေါသတကြီးဖြစ်နေသည်။
အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ ခေါင်းဆောင်တစ်ယောက် အနေနှင့် သူသည်လည်း အလွန်အမင်း ထောင်လွှားသော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏ခံစားချက်များကိုလည်း ထုတ်မပြတတ်ချေ။ သို့သော် ဝမ်ချောင်သည် ဆက်တိုက်ဆိုသလို အမြူတေများကို ခွဲချေနေသော ကိစ္စက သူဂုဏ်ယူရသော သိုင်းပညာကို ဖျက်ဆီးနေသလို ဖြစ်နေလေပြီး သူ့အား ထိုအဝါရောင်လည်စီး စစ်သည်တော်စွမ်းအားကို ထပ်မသုံးနိုင်အောင် ဖြစ်စေသည်။ ထို့ကြောင့် သူခံစားဖူးသမျှထဲတွင် ဒေါသအထွက်ဆုံးနှင့် အသတ်ဖြတ်လိုဆုံးသော ခံစားချက်ဖြစ်လောက်သည်။
ထိုလူသုံးယောက်က ဝမ်ချောင်၏ အနောက်ဘက်သို့ လိုက်နေချိန်တွင် အရှေ့ဘက်မှ ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။ အသံများကို ကြားသောအခါ သုံးယောက်လုံးက အရှိန်ကို နှေးချလိုက်ပြီး လှောင်သည်။
အဲ့ဒီမျိုးမစစ်ကလည်း တစ်လမ်းလုံးကို ဖျက်ဆီးလိုက်ပြီပဲ။
ဝါးဦးထုပ်နဲ့ လူသုံးယောက်က ခန့်မှန်းမိသည်မှာ မှန်ကန်သည်။ နောက်ဆုံးအခိုက်အတန့်တွင် ဝမ်ချောင်က ရန်သူများ၏ ဗျူဟာအတိုင်း ထိုသုံးယောက် လိုက်နေသော လမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်သည်။
ထိုဖုန်လုံးထဲမှ ပုံရိပ်တစ်ခုက ပြေးထွက်သွားသည်။ လေထဲကို ဖြတ်သန်းပြီးနောက်မှသာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ထို့နောက်တဖန် ထပ်ပြေးသည်။
သူတို့ကို ဒီနေရာမှာ ထိန်းထားဖို့ တကယ်ခက်ခဲပေမဲ့လည်း တခဏလောက် ထိန်းထားတာကတော့ လွယ်ပါတယ်။
ဝမ်ချောင်က ထိုသို့ပြောပြီး ဆက်ပြေးလေသည်။
ဝါးဦးထုပ်နှင့် လူများ၏ ခေါင်းဆောင်က အသုံးပြုသော အဝါရောင်လည်စီး စစ်သည်တော်ဟာ အမှန်ပင် အင်အားကြီးမားလေသည်။ ထို့ကြောင့် ကျောက်လမ်းများက ပြိုကျလျှင်ပင် သူတို့ကိုတားရန် မဖြစ်နိုင်သေးပေ။ သို့သော် ဒါဟာ ဝမ်ချောင်၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်သေးပေ။
ဝါးဦးထုပ်နှင့် လူသုံးယောက်က လေးစားဖွယ်ကောင်းသော်လည်း သူ့ကို ပို၍ ကြောက်ရွံ့စေသည်မှာ သမင်မျက်လုံးနှင့် မျက်နှာဖုံးကို တပ်ထားသောသူဖြစ်သည်။ ထိုလူကသာ သူ့ကို ထွက်ပြေးစေသည့် တရားခံဖြစ်သည်။
ဝမ်ချောင်သည် ထိုလူကို တစ်ကြိမ်သာမြင်ဖူးသည်။ မူလအမရ ဝင်္ကပါ၏ အမြူတေနားတွင်သာ ဖြစ်သော်လည်း ထိုသို့ တစ်ကြိမ် တွေ့ဆုံမှုကတင် သူ၏စိတ်အတွင်း အလွန်အမင်း နက်ရှိုင်းလွန်းသော ထင်မြင်ချက်မျိုးကို ချန်ထားရစ်နိုင်ခဲ့သည်။
ထိုလူဟာ ဝါးဦးထုပ်နှင့် လူများ၏ ခေါင်းဆောင်ထက် အဆပေါင်းများစွာ ကြောက်စရာကောင်းလွန်းလေသည်။ သူ၏ ယခုလို ဒဏ်ရာရနေသည့် အခြေအနေတွင် မဆိုထားဘိ အထွတ်အထိပ် အခြေအနေမျိုးတွင်ပင် ဝမ်ချောင်ဟာ တစ်ဖက်သူကို ရင်ဆိုင်နိုင်ပါမည်ဟု ယုံကြည်မှုမရှိပေ။
ဝမ်ချောင်သည်လည်း အလွန်အမင်း အင်အားကြီးမားကာ ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအားကို အာရုံခံမိလိုက်သည်။ ထိုစွမ်းအားက တစ်ဖက်သူပေါ်မှ သူအာရုံခံမိခဲ့သည့် စွမ်းအားလည်းဖြစ်သည်။ အာရပ်စစ်နတ်ဘုရား ချွီထေပါး။
ထိုစွမ်းအားဟာ သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်မှ စွမ်းအားတစ်ရပ်ဖြစ်ပြီး သိမ်မွေ့နယ်မြေကဲ့သို့ မြင့်မားသောအဆင့်မှ ထွက်ပေါ်လာသော အရှိန်အဝါတစ်မျိုးလည်း ဖြစ်ပေသည်။ ချွီထေပါးနှင့်အတူ ထိုမျက်လုံးသုံးလုံးနှင့် သမင်မျက်နှာဖုံးနှင့်လူဟာ သိမ်မွေ့နယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် ဖြစ်သည်။ သို့သော် ဝမ်ချောင်သည်လည်း ထိုမျက်နှာဖုံးနှင့်လူဟာ ချွီထေပါးထက် အင်အားကြီးမားမှန်း သိလိုက်သည်။
သူသည် တံစက်မြိတ်ကို အမှန်တကယ် ကျော်ဖြတ်ပြီး ထိုအဆင့်ကို မရောက်သေးသမျှ ဝမ်ချောင်သည်လည်း ထိုကဲ့သို့သော ယုံကြည်ချက်မရှိပေ။
ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများ၏ အကွာအဝေးခြားရန်အလို့ဌာ အဝေးသို့ဆက်ပြေးရန် ကြိုးစားသည်။ တခဏခန့်ကြာပြီးနောက် အရှေ့ဘက်တွင် ကြီးမားသော ဂူကြီးရှိသည့် ဝင်ပေါက်က ပေါ်လာသည်။
ပင့်ကူဂူနှင့် အိမ်မက်ဆိုးသားရဲဂူတို့နှင့် မတူသည်မှာ ထိုဂူဟာ အချင်းအားဖြင့် မီတာရာကျော်သည်။ ပို၍ဆိုးသည်မှာ နံရံများကလည်း အစိမ်းရောင်မီးတောက်များ ပြည့်နှက်နေလေပြီး ကျောချမ်းဖွယ်ကောင်းသော အလင်းကို လွှတ်ထုတ်ထားလေသည်။
သို့သော် ဝမ်ချောင်ကို အံ့ဩစေသည့် ကိစ္စကမူ အခြားတစ်ဖက်ခြမ်းတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက ရပ်နေခဲ့ခြင်းဖြစ်သည်။