အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း (၅၄၇) - ကြောက်မက်ဖွယ် အရှိန်အဝါ
~"အစ်ကိုဖုန်း... လိန်ဟွန်း ရောက်လာပြီ"
လိန်ဟွန်း၏ ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိသည်နှင့် လျိုချင်းယန် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
"အချိန်မမီတော့ဘူး... ငါတို့တော့ သွားပြီ"
ပေတိုယန် တစ်ကိုယ်လုံး တုန်ရီနေရှာသည်။
"မလန့်ကြပါနဲ့... လိန်ဟွန်း..ကျွန်မရဲ့ အတားအဆီးကို မဖောက်နိုင်ဘူး"
လင်ရှောင်ရှောင်က တည်ငြိမ်စွာ ပြောလိုက်ပြီး ချိပ်တံဆိပ် အခင်းအကျင်း၏ အပေါ်ဘက် နေရာလပ်ကို စူးစိုက်ကြည့်နေသည်။
ထိုအချိန်တွင်... လိန်ဟွန်းသည် ချိပ်တံဆိပ် အခင်းအကျင်း၏ အဝင်ဝတွင် ရပ်လျက် အောက်မှ တက်လာသော ကြောက်မက်ဖွယ် စွမ်းအားများကို အာရုံခံစားနေသည်။
"နတ်ဘုရား ပြစ်ဒဏ် စွမ်းအား..."
လိန်ဟွန်း၏ မျက်နှာတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ အတိုင်းသား ပေါ်လွင်နေသည်။
ဘာကိုမှ တွေဝေမနေတော့ဘဲ လိန်ဟွန်းသည် ချိပ်တံဆိပ် အခင်းအကျင်း အပေါက်ဝထဲသို့ ခုန်ချလိုက်တော့၏။ သူ ဒီကို လာခဲ့တာ ဒီစွမ်းအားကို လိုချင်၍ပဲလေ။
အောက်ဘက်တွင်တော့... လျိုချင်းယန်တို့ အဖွဲ့မှာ ကြောက်လန့်တကြား ဖြစ်နေကြ၏။
လင်ရှောင်ရှောင်၏ အတားအဆီးက ခိုင်မာတယ် ဆိုသော်လည်း... ဒါက ကာကွယ်ရေး သက်သက်သာ ရှိ၏။ လိန်ဟွန်း၏ လက်ထဲက လွတ်အောင် ပြေးဖို့ ဆိုတာ ကောင်းကင်ပေါ် တက်ရတာထက် ခက်ခဲနေဦးမည်။
ဖုန်းဝူချန် တစ်ယောက်တည်းသာ လိန်ဟွန်းကို ယှဉ်နိုင်မည့် အနေအထား ရှိသည်။
"အစ်ကိုဖုန်း... မပြီးသေးဘူး..."
လျိုချင်းယန်က ဖုန်းဝူချန်ဘက် လှည့်ပြီး အားကိုးတကြီး အော်လိုက်သော်လည်း... ဖုန်းဝူချန်က မူလနေရာမှာ မရှိတော့။ သူတို့ဘေးနားကို ရောက်နေပြီး အပေါ်ဘက်က ချိပ်တံဆိပ် အခင်းအကျင်းကို မော့ကြည့်နေသည်။
"ဗျာ..."
လျိုချင်းယန် စကားမဆုံးခင် ကြောင်သွားရသည်။
"အချိန်ဆွဲမနေနဲ့... ရှောင်ရှောင်... ခဏနေရင် 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' သုံးပြီး သူတို့ကို ခေါ်ထုတ်သွားဖို့ ပြင်ထား"
ဖုန်းဝူချန်က သူ့လက်ထဲသို့ 'အစစ်အမှန် ယွမ်' စွမ်းအားများ စုစည်းလိုက်ရင်း အမိန့်ပေးလိုက်၏။
"အစ်ကိုကြီးဖုန်း... ရှင်တစ်ယောက်တည်း လိန်ဟွန်းကို ရင်ဆိုင်မလို့လား" လင်ရှောင်ရှောင်က စိုးရိမ်တကြီး မေးသည်။
"ဆရာ... မလုပ်ပါနဲ့... သွားရင် အတူတူ သွားကြမယ်လေ" ကျန်းကျွင့်လန် မျက်နှာပျက်နေလေပြီ။
"ငါ သူ့ကို ချိတ်ပိတ်ဖို့ ကြိုးစားကြည့်မယ်... မင်းတို့ အရင်သွား... ငါ့အတွက် မပူနဲ့"
ဖုန်းဝူချန် ဆုံးဖြတ်ချက် ချလိုက်ပြီးပြီ ဖြစ်၏။ သူ့လက်သီးဆုပ်များတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး စွမ်းအားများ ပြည့်လျှံနေသည်။
"ဆရာက သူ့ကို ချိတ်ပိတ်မလို့လား..." ကျန်းကျွင့်လန် မျက်လုံးပြူးသွား၏။
"မဖြစ်နိုင်ဘူးလို့ ထင်လို့လား" ဖုန်းဝူချန်က ပြန်မေးလိုက်၏။
"ချိတ်ပိတ်လိုက်ရင်... သူ့အတွက် သက်သာလွန်းရာ ကျနေမှာပေါ့"
ဟု ကျန်းကျွင့်လန်က အံကြိတ်ပြီး ပြောလိုက်၏။ သူသာ တတ်နိုင်လျှင် လိန်ဟွန်းကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်ချင်သည်။
"နန်းတော်သခင်... သူ လာနေပြီ"
ယဲ့ထျန်းချင်းက မျက်မှောင်ကြုတ်ပြီး သတိပေးလိုက်၏။ လိန်ဟွန်း ဆင်းလာနေပြီ။
"ရှောင်ရှောင်... အဆင်သင့် ပြင်ထား"
ဖုန်းဝူချန်၏ မျက်နှာထား တင်းမာသွား၏။
"ကောင်စုတ်လေးတွေ... မင်းတို့ ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့ကွာ"
လိန်ဟွန်း အောက်ကို ရောက်ရောက်ချင်း ဖုန်းဝူချန်တို့ကို မြင်လိုက်ရတော့ ရက်စက်စွာ ပြုံးလိုက်၏။
"မင်း... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို စုပ်ယူလိုက်တာလား... အဲဒီ စွမ်းအားကို ပြန်ပေးစမ်း"
ဖြူဖွေးနေသော နေရာလပ်ထဲတွင် စွမ်းအားအရှိန်အဝါတွေ ပျောက်ကွယ်သွားတာကို သတိထားမိလိုက်တော့ လိန်ဟွန်း ဒေါသထွက်သွား၏။
" အရည်အချင်းရှိရင် လာယူလေ"
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်၏။ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။
"ရှောင်ရှောင်... သွားတော့"
ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို စိတ်ချင်း ဆက်သွယ်ပြီး အမိန့်ပေးလိုက်၏။
လင်ရှောင်ရှောင်သည် စိမ်းပြာရောင် အကာအကွယ် အတားအဆီးကို ဖန်တီးလိုက်ပြီး လျိုချင်းယန်တို့ အားလုံးကို လွှမ်းခြုံလိုက်၏။ ပြီးသည်နှင့် စိတ်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်... သူတို့အားလုံး နေရာမှာတင် ပျောက်ကွယ်သွားလေတော့၏။
"ထွက်ပြေးချင်တာလား... အခွင့်အရေး မရှိဘူး"
လိန်ဟွန်း အော်ဟစ်လိုက်ပြီး လိုက်ဖမ်းဖို့ ပြင်လိုက်၏။
"လိန်ဟွန်း... အရင်ဆုံး ပူပန်သင့်တာက... ဒီချိပ်တံဆိပ် အခင်းအကျင်းထဲကနေ မင်း ပြန်ထွက်နိုင်ပါ့မလား ဆိုတာပဲ"
ဖုန်းဝူချန်၏ အေးစက်သော အသံ ထွက်ပေါ်လာပြီးနောက်... သူသည် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော လက်သီး တစ်လုံးဖြင့် နေရာလပ်၏ မျက်နှာပြင်ကို ထိုးချလိုက်လေသည်။
ဒါကို မြင်လိုက်ရတော့ လိန်ဟွန်း မျက်နှာပျက်သွား၏။
"ဝုန်း..."
"ဝူး... ဝူး..."
ပြင်းထန်သော စွမ်းအားသည် နေရာလပ် မျက်နှာပြင်ကို ရိုက်ခတ်သွားပြီး ချက်ချင်းပင် တိုက်စားသွား၏။ နေရာလပ် တစ်ခုလုံး တုန်ခါသွား၏။
"ငါ ချိပ်တံဆိပ် အခင်းအကျင်းရဲ့ စွမ်းအားကို ဆွလိုက်ပြီ... ပေါက်ကွဲတာနဲ့ ခင်ဗျား ဒီထဲမှာ ထာဝရ ပိတ်မိနေတော့မှာပဲ... ဟားဟား"
ဖုန်းဝူချန် လှောင်ရယ် ရယ်လိုက်ပြီး 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို သုံးကာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
"ဝူး... ဝူး..."
မြင့်မားသော ရှေးဟောင်း စွမ်းအားလှိုင်းကြီးများ လှိုင်လှိုင် ထွက်ပေါ်လာပြီး... ဖြူဖွေးသော နေရာလပ်ကြီးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါလာသည်။ အပေါ်ဘက်ရှိ အပေါက်ဝသည်လည်း လျင်မြန်စွာ ပြန်ပိတ်စ ပြုလာ၏။
"သေစမ်း..."
လိန်ဟွန်း မျက်နှာ ဖြူရော်သွားပြီး 'နေရာလပ် စွမ်းအား' ကို အသည်းအသန် ထုတ်သုံးကာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချိပ်တံဆိပ် အခင်းအကျင်း အဝင်ဝ ပိတ်သွားပြီး... အခင်းအကျင်း မျက်နှာပြင်ပေါ်မှ သင်္ကေတများ တောက်ပလာကာ ရှေးဟောင်း စွမ်းအားများ အရိုင်းဆန်စွာ တိုက်စားထွက်ပေါ်လာတော့၏။
"အစ်ကိုကြီးဖုန်း"
အတားအဆီးထဲတွင် ဖုန်းဝူချန် ပြန်ပေါ်လာသည်နှင့် လင်ရှောင်ရှောင် ဝမ်းသာအားရ ခေါ်လိုက်၏။
"သွားမယ်"
ဖုန်းဝူချန် အတားအဆီးထဲ ဝင်လိုက်သည်နှင့် တပြိုင်နက်...
"ဝုန်း..."
ချိပ်တံဆိပ် အခင်းအကျင်း၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး... ကောင်းကင်သို့ ဒုံးပျံတက်သလို ထိုးတက်သွား၏။ လိန်ဟွန်း ဖန်တီးထားသော နေရာလပ် အမိုးခုံးကြီးမှာလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့၏။
ချိပ်တံဆိပ်ထဲမှ သီသီလေး လွတ်မြောက်လာသော လိန်ဟွန်းမှာမူ ထိုစွမ်းအား၏ ရိုက်ခတ်မှုကြောင့် သွေးတစ်လုပ် အန်လိုက်ရလေသည်။
"တောက်..."
လိန်ဟွန်း၏ ရင်ထဲတွင် ဒေါသများ မီးဟုန်းဟုန်း တောက်လောင်နေသည်။ နေရာလပ် ဖိအားဖြင့် ဖျက်ဆီးခံလိုက်ရခြင်းကြောင့် သူလည်း အတော်လေး အထိနာသွား၏။
ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားပြီး တိမ်တိုက်မည်းများ ဝဲကတော့ကြီးသဖွယ် စုစည်းလာကြသည်။
"ပြေးတော့"
ဖုန်းဝူချန် အော်ဟစ်လိုက်သည်။ နေရာလပ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး အမြန်ဆုံး ထွက်ပြေးကြတော့၏။
"မင်းတို့ ပြေးမလွတ်ပါဘူးကွ"
လိန်ဟွန်း၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး လေထဲတွင် ပျောက်ကွယ်သွားပြန်သည်။
"ဒီကောင် လွတ်လာသေးတယ်လား"
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိ၏။
‘ထင်တော့ ထင်သားပဲ။ တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် ဟူသော လူက ဒီလောက် လွယ်လွယ်နဲ့ ချိတ်ပိတ်မိနေမှာ မဟုတ်ဘူး။’
"အစ်ကိုကြီးဖုန်း... သူ့ နေရာလပ်ထဲ နောက်တစ်ခါ အပိတ်မခံနဲ့နော်" လင်ရှောင်ရှောင် သတိပေးလိုက်၏။
သူတို့အဖွဲ့သည် ကောင်းကင်ယံသို့ အမြန်ဆုံး ပျံသန်းထွက်ပြေးနေကြသည်။
"ရွှပ်..."
သို့သော်... လိန်ဟွန်း၏ ပုံရိပ်သည် သူတို့ ရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာပြီး လမ်းပိတ်လိုက်၏။ သူ့အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။
"ငါ့လက်ထဲက လွတ်အောင် ပြေးနိုင်မယ် ထင်နေတာလား... နေ့ခင်းကြောင်တောင် အိပ်မက် မက်နေကြတာပဲ"
လိန်ဟွန်းက အေးစက်စက် အော်ဟစ်လိုက်၏။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရက်စက်သော လူသတ်အရှိန်အဝါများ တောက်လောင်လာသည်။
"ဖြောင်း..."
ထိုအချိန်တွင် လင်ရှောင်ရှောင်သည် သူမ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်လိုက်ပြီး လက်ကို ပူးကပ်ကာ မန္တန် ရေရွတ်လိုက်ပြန်သည်။
"မဖြစ်ဘူး"
လင်ရှောင်ရှောင်၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် လိန်ဟွန်း မျက်နှာပျက်သွား၏။ သူ ချက်ချင်းပင် နေရာလပ် စွမ်းအားကို သုံးပြီး ဖုန်းဝူချန်တို့ကို နောက်တစ်ကြိမ် ဖမ်းချုပ်ဖို့ ကြိုးစားလိုက်၏။
"ရှီး..."
သို့သော် လိန်ဟွန်း လက်မဦးလိုက်ပါ။ လင်ရှောင်ရှောင်၏ ဘေးနားရှိ နေရာလပ်တွင် မည်းနက်သော အက်ကွဲကြောင်းကြီး တစ်ခု ရုတ်တရက် ကွဲအက်လာသည်။
"နောက်ကျသွားပြီ"
လိန်ဟွန်း မျက်မှောင်ကြုတ်လိုက်ပြီး လက်သင်္ကေတများ အမြန်ပြောင်းကာ နေရာလပ် စွမ်းအားကို အတင်းအကြပ် ထုတ်သုံးလိုက်၏။
ထိုအခိုက်အတန့်တွင်... ပတ်ဝန်းကျင်ရှိ နေရာလပ်သည် သိမ်မွေ့ နက်နဲစွာ ပြောင်းလဲသွား၏။ သာမန်လူများ သတိမထားမိနိုင်လောက်အောင် ဆန်းကြယ်သော ပြောင်းလဲမှုပင်။
"ချင်းချင်း..."
လျိုချင်းယန် ရုတ်တရက် လန့်သွား၏။ သူ့ဘေးနား ကပ်လျက် ရှိနေသော မြောင်ချင်းချင်း ပျောက်သွားသည်လေ။
"ဒုက္ခပဲ"
ဖုန်းဝူချန် မျက်နှာပျက်သွားပြီး လိန်ဟွန်းကို လှမ်းကြည့်လိုက်၏။
"ချင်းချင်း ဘယ်ရောက်သွားတာလဲ..."
ပေတိုယန်တို့ ကြောင်အသွားကြသည်။ ဒါမျိုး တစ်ခါမှ မကြုံဖူး။
"အစ်ကိုလျို... အစ်ကိုဖုန်း"
မြောင်ချင်းချင်းသည် လိန်ဟွန်း ဖန်တီးလိုက်သော နေရာလပ် အသေးစားလေး တစ်ခုထဲတွင် ပိတ်မိနေလေ၏။
"ချင်းချင်း..." လျိုချင်းယန် ပြာသွား၏။
"ငတုံး ကောင်မလေး... အစွမ်းထက်တဲ့ လူတွေ ခေါ်လိုက်နိုင်ရုံနဲ့ ငါ့ကို နိုင်ပြီ ထင်နေတာလား"
လိန်ဟွန်းက အေးစက်စက် ပြောလိုက်၏။
"ကောင်စုတ်လေး... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ပြန်ပေးမလား... ဒီကောင်မလေးကို အမှုန့်ကြိတ်ပစ်ရမလား... ရွေးစမ်း"
လိန်ဟွန်းက ယုတ်မာစွာ ခြိမ်းခြောက်လိုက်၏။
"ရှင်... အလိုက်ကမ်းဆိုးသိရင် ချင်းချင်းကို လွှတ်ပေးလိုက်... မဟုတ်ရင် ဒီနေ့ ရှင့်ကို ပြာကျအောင် လုပ်ပစ်မယ်"
လင်ရှောင်ရှောင်၏ အသံက ရေခဲတမျှ အေးစက်နေပြီး သူမ၏ ကိုယ်မှ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများ တိုက်စားထွက်ပေါ်လာသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
လိန်ဟွန်း၏ မျက်နှာ ပိုမို အရုပ်ဆိုးသွား၏။
ထိုအချိန်တွင်...
ဟို မည်းနက်သော အက်ကွဲကြောင်းကြီးထဲမှနေ၍ အလွန်တရာ မြင့်မားသော အရှိန်အဝါတစ်ခု ဖြည်းဖြည်းချင်း စိမ့်ထွက်လာသည်။
ထိုအရှိန်အဝါကြောင့် ရှိသမျှ လူကုန် မျက်နှာ အရောင်ဆင်းသွားကြရသည်။
"ငါက မင်းကို ခြိမ်းခြောက်ဖို့အတွက်... မင်းနဲ့ ညှိနှိုင်းနေစရာ လိုသေးလို့လား"
အက်ကွဲကြောင်းကြီးထဲမှ အက်ကွဲကွဲ အသံကြီးတစ်သံ ထွက်ပေါ်လာလေတော့၏။
အခန်း (၅၄၈) - နတ်ဘုရားအသွင်ပြောင်းဘုံ ကျွမ်းကျင်သူ
~သြရှသော အသံကြီးက အလွန်အမင်း အာဏာဆန်ပြီး ယဉ်ကျေးခြင်း အလျဉ်းမရှိပေ။
ဒါက အစွမ်းထက်တဲ့ လူတွေ၏ လောကလား။
စွမ်းအား ပိုကြီးလေ...၊ စကားပြော ပိုရဲတင်းလေပါလား။
အက်ကွဲကြောင်းကြီးထဲမှ မြင့်မားသော အရှိန်အဝါများ တရိပ်ရိပ် ထွက်ပေါ်လာနေသည်။ ထိုအရှိန်အဝါများက အက်ကွဲကြောင်းကြီးကို အတွင်းမှ နေ၍ အတင်း ဖြိုခွင်းပြီး ထွက်လာသကဲ့သို့ပင်။
"နတ်ဘုရား အသွင်ပြောင်းဘုံ ကျွမ်းကျင်သူပါလား"
လိန်ဟွန်း၏ နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရသည်။ သူက တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေကို မြင်ဖူးတွေ့ဖူးသည် ဆိုသော်လည်း... ကိုယ်တိုင် ရင်ဆိုင်ရချိန်မှာတော့ ကြောက်စိတ်က ဖုံးလွှမ်းလာစမြဲပင်။
"ကြောက်... ကြောက်စရာ ကောင်းလိုက်တဲ့ အရှိန်အဝါ... ဒါက... ဒါက နတ်ဘုရား အသွင်ပြောင်းဘုံလား"
ယဲ့ထျန်းချင်း၏ မျက်နှာက စက္ကူလို ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေရှာသည်။
"တကယ်... တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ... ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေပါလား"
လျိုချင်းယန်၏ အသံများ တုန်ရီနေပြီး အသက်ရှူဖို့ပင် မေ့နေသကဲ့သို့ ဖြစ်နေသည်။
"ရှောင်ရှောင်ရဲ့ နောက်ခံက တကယ့်ကို အံ့မခန်းပဲ... နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်ကိုတောင် ခေါ်ထုတ်နိုင်တယ်ဆိုတော့..."
ပေတိုယန် မျက်လုံးပြူးကာ အက်ကွဲကြောင်းကြီးကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ ဆိုတာ သိပ်ကို ကြောက်စရာ ကောင်းလွန်းသည်။ သူတို့ရဲ့ အရှိန်အဝါ တစ်ခုတည်းနှင့်ပင် လူတစ်ယောက်ကို အသက်ရှူကျပ်ပြီး သေသွားစေနိုင်လောက်သည်။
ရှိသမျှ လူတွေအားလုံးထဲမှာ ဖုန်းဝူချန် တစ်ယောက်သာ တည်ငြိမ်နေသည်။ သို့သော် သူလည်း စိတ်ဝင်တစားဖြင့် အက်ကွဲကြောင်းဘက်ကို ကြည့်နေမိ၏။
ခဏအကြာတွင်...
မည်းနက်သော အက်ကွဲကြောင်းကြီးထဲမှ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ ဆံပင်နှင့် မုတ်ဆိတ်များက ဖြူဖွေးနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော်လည်း... သူ့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကတော့ ကမ္ဘာပျက်မတတ် ကြမ်းတမ်းလှ၏။
"သခင်မလေး..."
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် လင်ရှောင်ရှောင်ကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်၏။
လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး...
"စီနီယာ အိုးယွမ်... ဒီတစ်ခါလည်း ဒုက္ခပေးရပြန်ပါပြီရှင့်" ဟု ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
"သူတော်စင်မလေးက ယဉ်ကျေးလွန်းနေပါပြီ"
အိုးယွမ်က ပြုံးလျက် ပြန်ဖြေသည်။
"သူတော်စင်မလေး..."
လိန်ဟွန်း မျက်မှောင်ကြုတ်လိုက်မိ၏။ လင်ရှောင်ရှောင်ကို ပိုပြီး အာရုံစိုက် ကြည့်လိုက်မိ၏။
'ဒီတိုက်ကြီးပေါ်မှာ ရှိတဲ့ အင်အားစုတွေထဲမှာ... သခင်မလေး ဟူသော နေရာမျိုး ရှိတဲ့ အဖွဲ့အစည်း မကြားဖူးပါဘူး... ဒီကောင်မလေးက ဘယ်သူလဲ... သူ့နောက်ကွယ်မှာ ဘယ်လို အင်အားစု ရှိနေတာလဲ'
လိန်ဟွန်း စဉ်းစားမရ ဖြစ်နေ၏။
သေချာတာတစ်ခုကတော့... ဒီအဘိုးအိုက လင်ရှောင်ရှောင်ကို အရမ်း ရိုသေလေးစားနေသည်ပင်။ ဒါကို ကြည့်လျှင် လင်ရှောင်ရှောင်၏ အဆင့်အတန်းက သာမန် မဟုတ်သည်မှာ သေချာသည်။
လင်ရှောင်ရှောင်က လျှို့ဝှက်ဆန်းကြယ် သော သခင်မလေး တစ်ယောက် ဖြစ်နေတာကို ဖုန်းဝူချန်တို့က မအံ့ဩကြ။ သူတို့က အစကတည်းက ရိပ်မိပြီးသားပင်။ သို့တိုင်၊ ဒီအဘိုးအို၏ ရိုသေမှုက... 'အစေခံ' တစ်ယောက်လို ဖြစ်နေတာကိုတော့ အံ့ဩမိ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်ရှိတဲ့ အစေခံလား။
ဒါက ဖုန်းဝူချန်တို့ကို တုန်လှုပ်စေသည်။
"စီနီယာကို တွေ့ရတာ ဝမ်းသာပါတယ်"
ဖုန်းဝူချန်နှင့် အခြားသူများလည်း အဘိုးအိုကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
သူက လင်ရှောင်ရှောင်ရဲ့ အစေခံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့် ကျွမ်းကျင်သူ ဖြစ်နေသည်နှင့်တင် လေးစားထိုက်နေပြီလေ။
အိုးယွမ်က ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။ သူ့အကြည့်က ဖုန်းဝူချန်ဆီမှာ ခဏလောက် ရပ်တန့်သွား၏။
ဖုန်းဝူချန်ကလည်း အဘိုးအိုကို အကဲခတ်နေသည်။
'နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ... ပြီးတော့... အဆင့် ၈ အင်းကွက် ပညာရှင် ပါလား... မဆိုးဘူးပဲ... ဒီတိုက်ကြီးပေါ်မှာ အဆင့် ၈ အင်းကွက် ပညာရှင် ဆိုတာ ရှားတယ်'
ဖုန်းဝူချန်က တစ်ချက်ကြည့်ရုံနှင့်၊ အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ရော၊ ပညာရပ် အဆင့်အတန်းကိုရော အကုန် သိလိုက်၏။
"ရှောင်ရှောင်... ဒီ စီနီယာ အိုးယွမ်က နတ်ဘုရား အသွင်ပြောင်းဘုံ ဘယ်နှစ်လွှာလောက် ရှိလဲဟင်"
ဟု လျိုချင်းယန်က အသံတိုးတိုးဖြင့် မေးလိုက်၏။
"ကျွန်မလည်း သေချာ မသိဘူး... စတုတ္ထ အလွှာလောက်တော့ ရှိမယ် ထင်တယ်" လင်ရှောင်ရှောင်က ခေါင်းခါလိုက်၏။
အိုးယွမ်၏ ကျင့်ကြံခြင်းက နက်ရှိုင်းလွန်းတော့ သူတို့ အဆင့်လောက်နှင့် အတိအကျ ခန့်မှန်းဖို့ ခက်သည်။
"ဒီအဘိုးကြီးရဲ့ ကျင့်ကြံခြင်းက... တတိယ အကြီးအကဲအောက် မနိမ့်ဘူးပဲ"
လိန်ဟွန်း စိတ်ထဲတွင် တွက်ချက်လိုက်၏။ အရှိန်အဝါအရ ကြည့်မည် ဆိုလျှင်... ဒီအဘိုးကြီးက နတ်ဘုရား ဘုရင် နန်းတော်၏ တတိယ အကြီးအကဲထက်တောင် သာလွန်နေသေးသည်။
"သူတို့ကို လွှတ်ပေးလိုက်"
လင်ရှောင်ရှောင်က အေးစက်စက် အမိန့်ပေးလိုက်၏။
"ငါ့ပစ္စည်းကို ပြန်မပေးဘဲနဲ့... လွှတ်ပေးရမယ် ဟုတ်လား... အိပ်မက် မက်နေလိုက်... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ငါ ရမှ ဖြစ်မယ်"
လိန်ဟွန်းက အိုးယွမ်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။
"နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့် တစ်ယောက် ပါလာတာနဲ့... ငါ ကြောက်သွားမယ် မထင်နဲ့... နတ်ဘုရား ဘုရင် နန်းတော်မှာလည်း... အဲဒီလို လူတွေ အများကြီးပဲ"
ပြောပြောဆိုဆိုပင် လိန်ဟွန်းက လက်သင်္ကေတ တစ်ခု ရေးဆွဲလိုက်ပြီး လေထုထဲသို့ လက်နှိုက်ကာ သူ့ဘေးနားရှိ နေရာလပ် အက်ကွဲကြောင်း တစ်ခုကို ဆွဲဖွင့်လိုက်လေသည်။
"လိန်ဟွန်းကလည်း... အစွမ်းထက်တဲ့ လူတွေကို လှမ်းခေါ်နိုင်တာလား"
ယဲ့ထျန်းချင်း မျက်နှာ ပျက်သွား၏။
"နတ်ဘုရား ဘုရင် နန်းတော် ဆိုတာ... ဒီတိုက်ကြီးမှာ အင်အားအကြီးဆုံးပဲလေ... လိန်ဟွန်း ခေါ်နိုင်တာ မဆန်းပါဘူး"
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်၏။
အက်ကွဲကြောင်းထဲမှနေ၍... နောက်ထပ် မြင့်မားသော အရှိန်အဝါတစ်ခု စိမ့်ထွက်လာပြန်သည်။
ဒီအရှိန်အဝါကလည်း... အိုးယွမ်လိုပဲ နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့် ဖြစ်သည်။
"ဒီအရှိန်အဝါက... စီနီယာ အိုးယွမ်နဲ့ တူတူပဲ" ယဲ့ထျန်းချင်း အော်လိုက်မိ၏။
"နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ အဆင့်ပဲ"
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရား ဘုရင် နန်းတော်၏ အင်အားက... 'နတ်ဆိုးနဂါး' ၏ မှတ်ဉာဏ်ထဲကထက် ပိုပြီး အစွမ်းထက်လာသလိုပင်။
နတ်ဆိုးနဂါး မှတ်ဉာဏ်ထဲမှာတုန်းကတော့... နတ်ဘုရား ဘုရင် နန်းတော် ဆိုတာ နံပါတ်တစ် မဟုတ်သေးချေ။
"နတ်ဘုရား ဘုရင် နန်းတော်လား..." အိုးယွမ်က ပြုံးလိုက်၏။
"ခင်ဗျား သိတယ် ဆိုတော့လည်း... ကောင်းတာပေါ့"ဟု လိန်ဟွန်းက မာန်တက်စွာ ပြောလိုက်၏။
"နတ်ဘုရား ဘုရင် နန်းတော်က အစွမ်းထက်တယ်လေ... ငါ သိတာပေါ့" အိုးယွမ်က ခေါင်းညိတ်သည်။
"ကျွန်တော်က ကျွန်တော့် ပစ္စည်းကိုပဲ ပြန်လိုချင်တာ... ခင်ဗျားရဲ့ သိက္ခာကို ထောက်ထားပြီး ကျန်တာတွေကို ခွင့်လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ ခင်ဗျားက ဝင်စွက်ဖက်ချင်တယ် ဆိုရင်တော့... နတ်ဘုရား ဘုရင် နန်းတော်ကို ခင်ဗျား ယှဉ်နိုင်ပါ့မလား ဆိုတာ သေချာ စဉ်းစားပါ"
အကူအညီ ရောက်လာတော့ လိန်ဟွန်း လေသံ ပြောင်းသွားတော့၏။ ဘာကိုမှ မကြောက်တော့ပေ။
နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်ဆိုတာ ကြောက်စရာ ကောင်း၍... နတ်ဘုရား ဘုရင် နန်းတော် အနေနှင့် အဲဒီလို လူမျိုးကို အလွယ်တကူ ရန်စမှာ မဟုတ်သော်ငြား... 'နတ်ဘုရား ပြစ်ဒဏ် စွမ်းအား' အတွက် ဆိုလျှင်တော့ လိန်ဟွန်းက ဂရုစိုက်နေမှာ မဟုတ်ချေ။
"သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်... ဒါဆို မင်းကို အသက်ချမ်းသာ ပေးလိုက်မယ်... ဒါပေမဲ့ သူတော်စင်မလေးရဲ့ ဆန္ဒအပေါ်တော့ မူတည်တာပေါ့... သူတော်စင်မလေးက မင်းကို သေစေချင်တယ် ဆိုရင်တော့... မင်း သေရမှာပဲ"
အိုးယွမ်က ပြုံးလျက်ပင် ပြောလိုက်၏။ လိန်ဟွန်း ခေါ်လိုက်သည့် လူကို ဂရုစိုက်ပုံ မရ။
အိုးယွမ်က တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိလှ၏။ နတ်ဘုရား ဘုရင် နန်းတော်၏ အင်အားကို သိရက်နှင့်တောင် မကြောက်မရွံ့ ရှိနေသည်။
လိန်ဟွန်း ထင်ထားတာက နတ်ဘုရား ဘုရင် နန်းတော် နာမည်ကို ကြားလျှင် ဒီအဘိုးကြီး နည်းနည်းတော့ လန့်သွားမည်ဟု တွက်ထားသည်။
သို့ရာတွင်၊ အိုးယွမ်က ဂရုမစိုက်သည့် အပြင် သူ့ကို သတ်မည်ဟုတောင် ခြိမ်းခြောက်နေသေးသည်။
"ခင်ဗျားမှာ အဲဒီလောက် အရည်အချင်း ရှိလို့လား"
ဟု လိန်ဟွန်း အေးစက်စွာ တုံ့ပြန်လိုက်၏။
သူ့နောက်မှာ နတ်ဘုရား ဘုရင် နန်းတော်ကြီး ရှိနေတာ... ဒီအဘိုးကြီး တစ်ယောက်တည်းကို ဘာကြောက်ရမည်လဲ။
"ကောင်စုတ်လေး... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အခု ထုတ်ပေးစမ်း... မဟုတ်ရင် ဒီကောင်မလေးကို ငါ အခု သတ်ပစ်လိုက်မယ်"
လိန်ဟွန်းက ဖုန်းဝူချန်ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
"စီနီယာ အိုးယွမ်... သူ့ကို သတ်လိုက်ပါ" လင်ရှောင်ရှောင်က အမိန့်ပေးလိုက်၏။
လျှပ်တပြက်အတွင်း၌...၊
ကမ္ဘာပျက်မတတ် မြင့်မားသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး... လိန်ဟွန်းကို ရိုက်ခတ်သွား၏။ လိန်ဟွန်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ဖြစ်ပြီး တဆတ်ဆတ် တုန်ရီလာသည်။ မျက်နှာလည်း သွေးဆုတ် ဖြူလျော်သွားပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ လှိုင်းထန်လာသည်။
အိုးယွမ်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့်... မြောင်ချင်းချင်းကို ချုပ်နှောင်ထားသော နေရာလပ် အသေးစားလေးမှာ ဖန်ခွက်ကွဲသလို ကွဲကြေသွားလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မြောင်ချင်းချင်း လွတ်မြောက်လာခဲ့သည်။
ဖိအားပေးရုံ သက်သက်နှင့်တင်... လိန်ဟွန်း လှုပ်တောင် မလှုပ်နိုင်တော့။
နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်၏ ကြောက်စရာ ကောင်းပုံက အဲဒီလောက် ထိဖြစ်သည်။
"ဒုတိယ အကြီးအကဲ... မြန်မြန် ထွက်လာပါတော့"
လိန်ဟွန်း အသည်းအသန် အော်ဟစ်လိုက်၏။
ထိုအခါ၊ အက်ကွဲကြောင်းထဲမှ ခမ်းနားထည်ဝါပြီး အိုမင်းသော အသံ တစ်သံ ထွက်ပေါ်လာသည်။
"မင်းတို့ သေချာ စဉ်းစားပြီးပြီလား... ငါတို့ နတ်ဘုရား ဘုရင် နန်းတော်နဲ့ ရန်သူ ဖြစ်ချင်တာလား"
စကားဆုံးသည်နှင့်... အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ထွက်လာသည်။ သူသည် နတ်ဘုရား ဘုရင် နန်းတော်၏ 'ဒုတိယ အကြီးအကဲ' ဖြစ်ပြီး... နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ အဆင့်ရှိသူ ဖြစ်သည်။
"ဒုတိယ အကြီးအကဲ... ဟိုကောင်စုတ်လေးက နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အရင် ရသွားတာပါ... သူ့ကို လွတ်သွားလို့ မဖြစ်ဘူး... အဲဒီ စွမ်းအားကို ပြန်ယူရမယ်"
လိန်ဟွန်း ဒေါသတကြီး တိုင်တောလိုက်၏။
ဒုတိယ အကြီးအကဲက အိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး... ပြီးမှ ဖုန်းဝူချန်တို့ဘက် လှည့်ကြည့်သည်။
"ခင်ဗျားက ဘယ်သူလဲ" ဒုတိယ အကြီးအကဲက အိုးယွမ်ကို မေးလိုက်၏။
"ခင်ဗျားရဲ့ ကျင့်ကြံခြင်းက မနိမ့်ပါဘူး... ဒါပေမဲ့ ဒီကောင်လေးတွေ အတွက်နဲ့တော့... ကိုယ့်အသက်ကို အလကား မစွန့်လိုက်ပါနဲ့လို့ ကျုပ် သတိပေးချင်တယ်... နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်ထိ ရောက်လာရတဲ့ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေ နှမြောစရာ ကောင်းနေပါလိမ့်မယ်"
အခန်း (၅၄၉) - နတ်ဘုရား အသွင်ပြောင်းဘုံ ကျွမ်းကျင်သူများ၏ တိုက်ပွဲ
~"နတ်ဘုရား ဘုရင် နန်းတော်ကို ရန်သူတော်လိုက်ခြင်းက... သေလမ်းကို ကိုယ်တိုင် ရွေးချယ်လိုက်ခြင်းပဲ"
ဒုတိယ အကြီးအကဲက အိုးယွမ်ကို မောက်မာစွာ စိုက်ကြည့်ရင်း ကြုံးဝါးလိုက်၏။
သူကလည်း နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ... အိုးယွမ်ကလည်း အတူတူပင်။ ဒီတော့ ဘာကြောက်စရာ ရှိမည်လဲ။
သို့သော်...
ဒုတိယ အကြီးအကဲ၏ မာန်တက်မှုကို အိုးယွမ်က အကြမ်းပတမ်း နည်းလမ်းဖြင့် တုံ့ပြန်လိုက်လေသည်။
အိုးယွမ်၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး... မှုန်မှိုင်းနေသော မျက်လုံးအိုကြီးများထဲတွင် ကြောက်မက်ဖွယ် အလင်းရောင်များ တောက်ပလာကာ လူသတ်အရှိန်အဝါများ လေထုထဲတွင် လွှမ်းခြုံသွား၏။
အိုးယွမ်သည် သူ့လက်များထဲသို့ ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလိုက်ပြီး လက်သီး တစ်ချက် ပစ်သွင်းလိုက်၏။
ရိုးရှင်းသည်။ ဘာဟန်ဆောင်မှုမှ မပါသော ရိုးရှင်းသည့် လက်သီး တစ်ချက်။
"ဟွန့်"
လာမယ့်ဘေးကို ရိပ်စားမိသော ဒုတိယ အကြီးအကဲက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ဝုန်း..."
"ဝူး... ဝူး..."
ရိုးရှင်းသော လက်သီးချက်ဟု ထင်ရသော်လည်း... ပေါက်ကွဲထွက်လာသော စွမ်းအားက မိုင်ပေါင်းများစွာအထိ တိုက်စားသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ လေထုကြီး တစ်ခုလုံး အလွှာလိုက် ပြိုကျသွားပြီး မိုင်ပေါင်းများစွာ အတွင်းရှိ အရာအားလုံး အမှုန့်ဖြစ်သွားရသည်။
လက်သီးတစ်ချက်တည်းနှင့် ကမ္ဘာပျက်မတတ် ဖြစ်သွားရသည်။
ယဲ့ထျန်းချင်းတို့ အဖွဲ့မှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြသည်။
"လက်... လက်သီး တစ်ချက်တည်းနဲ့... ကောင်းကင်ကြီး ပြိုကျသွားသလိုပဲ..."
ပေတိုယန် ကြောက်လွန်း၍ သတိလစ်ချင်သလို ဖြစ်သွား၏။
"အရမ်း... အရမ်း ကြောက်စရာ ကောင်းလွန်းတယ်... ဒါ ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေရဲ့ စွမ်းအားလား"
လျိုချင်းယန် တစ်ကိုယ်လုံး တုန်ရီနေပြီး အသက်ရှူဖို့ပင် မေ့နေရှာသည်။
"ဒီစွမ်းအားက... ဘယ်လောက်တောင် ကြီးမားလိုက်သလဲ..."
ယဲ့ထျန်းချင်းလည်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
နတ်ဘုရား အသွင်ပြောင်းဘုံ ကျွမ်းကျင်သူတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းနေမှန်း သူတို့ ခုမှ လက်တွေ့ သိလိုက်ရခြင်း ဖြစ်သည်။
အိုးယွမ်၏ လက်သီးချက်က ပြင်းထန်လွန်းလှ၏။
စွမ်းအားလှိုင်းများ ပြန်လည် ငြိမ်သက်သွားသောအခါ... ဒုတိယ အကြီးအကဲနှင့် လိန်ဟွန်းတို့သည် မီတာထောင်ချီ အဝေးသို့ လွင့်စင်သွားကြသည်ကို တွေ့လိုက်ရသည်။
မီတာထောင်ချီ လွင့်ထွက်သွားသော်လည်း... သူတို့နှစ်ယောက်စလုံး ဒဏ်ရာရပုံ မပေါ်။ အိုးယွမ်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခုခံနိုင်ခဲ့ပုံ ရသည်။
"ခင်ဗျားရဲ့ စွမ်းအားက မဆိုးပါဘူး... ဒါပေမဲ့ ဒီလောက်လေးနဲ့ ကျုပ်ကို နိုင်မယ် ထင်နေရင်တော့... မှားသွားပြီ"
ဒုတိယ အကြီးအကဲက အေးစက်စွာ ပြောလိုက်၏။ စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ၏ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
"ဝူး..."
စွမ်းအားလှိုင်းကြီးများ လေပွေသဖွယ် မွှေနှောက်သွားပြီး... ဖြူဖွေးသော အလင်းတန်းကြီး တစ်ခု ကောင်းကင်သို့ ထိုးတက်သွား၏။ ထိုအလင်းတန်းကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးလိုက်သကဲ့သို့ ရှိပြီး... လေထုထဲတွင် ကြီးမားသော ဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ နေရာလပ်များကို အလွှာလိုက် ပြိုကျပျက်စီးစေသည်။
ကမ္ဘာပျက်မယ့်နေ့ ရောက်လာသလိုမျိုး... ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာတော့မယောင်။
"ဒီအဘိုးကြီးရဲ့ စွမ်းအားကလည်း... ကြောက်စရာ ကောင်းလိုက်တာ"
ယဲ့ထျန်းချင်းတို့ နောက်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။
လင်ရှောင်ရှောင်သည် စိမ်းပြာရောင် အကာအကွယ် အတားအဆီးကို ဖန်တီးလိုက်ပြီး ဖုန်းဝူချန်တို့ကို လွှမ်းခြုံထားလိုက်၏။ နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေ၏ တိုက်ပွဲကြားမှာ လင်ရှောင်ရှောင်၏ အတားအဆီး မပါဘဲ သူတို့ အသက်ရှင်ဖို့ ခက်ခဲလိမ့်မည်။
"ဒုတိယ အကြီးအကဲ... သူ့ကို သတ်လိုက်ပါ... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ပြန်ယူပါ"
လိန်ဟွန်းက အေးစက်စက် အမိန့်ပေးလိုက်၏။
"ကျုပ်ရဲ့ စွမ်းအားအစစ်အမှန်ကို ပြရသေးတာပေါ့"
ဒုတိယ အကြီးအကဲက မာန်တက်စွာ ကြွေးကြော်လိုက်၏။ သူ့လက်တစ်ဖက်က ရင်ဘတ်ရှေ့တွင် သင်္ကေတ တစ်ခု ဖော်ဆောင်လိုက်သည်နှင့်... သူ့နောက်ကျောဘက်တွင် ဖြူဖွေးသော ပုံရိပ်ယောင်ကြီး တစ်ခု ထွက်ပေါ်လာသည်။
ထိုအချိန်တွင်... ဒုတိယ အကြီးအကဲ၏ စွမ်းအား အရှိန်အဝါသည် ရုတ်တရက် ထိုးတက်သွားပြီး... 'နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ' အဆင့်ထိ ရောက်ရှိသွားတော့၏။
"သူ့စွမ်းအားတွေ တက်သွားပြီ"
လျိုချင်းယန်တို့ အားလုံး လွှတ်ခနဲ အော်လိုက်မိကြသည်။ သူတို့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပိုမို တိုးပွားလာသည်။
အိုးယွမ်ကတော့ မျက်နှာတစ်ချက် မပျက်ချေ။ ဒုတိယ အကြီးအကဲ စွမ်းအားတက်သွားတာ သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်သလိုပင်။
"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... ကောင်းကင်ချေမှုန်း လက်ဝါး"
ဒုတိယ အကြီးအကဲ အော်ဟစ်လိုက်ပြီး လက်ကို ကောင်းကင်သို့ မြှောက်ကာ စွမ်းအားများ စုစည်းလိုက်၏။
ပြီးသည်နှင့် လက်ဝါးကို အောက်သို့ ရိုက်ချလိုက်လေသည်။ ကောင်းကင်ယံထက်မှ ပေပေါင်းသောင်းချီ ကြီးမားသော လက်ဝါးရာကြီး တစ်ခုသည် နတ်ဘုရားသခင်၏ လက်ဝါးသဖွယ် ပြိုကျလာတော့၏။
ဒုတိယ အကြီးအကဲ၏ တိုက်ကွက်က ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှု အလျဉ်းမရှိ။
စကတည်းက မြေကမ္ဘာအဆင့် သိုင်းကွက်ကို ထုတ်သုံးလိုက်ခြင်းက... နတ်ဘုရား အသွင်ပြောင်းဘုံ ကျွမ်းကျင်သူ တစ်ယောက်၏ ဂုဏ်ဒြပ်နှင့် ညီမျှလှ၏။
"ဂလု..."
ဧရာမ လက်ဝါးရာကြီး ပြိုကျလာတာကို မြင်လိုက်ရတော့ လျိုချင်းယန်တို့ အဖွဲ့မှာ အသည်းငယ်သွားပြီး တံတွေးနင်သွားကြသည်။
ဒီလောက် ကြောက်စရာကောင်းသော လက်ဝါးရာကြီးကို ရင်ဆိုင်နေရပါလျက်... အိုးယွမ်က ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ယုံကြည်မှု အပြည့် ရှိနေပုံပင်။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... ဝိညာဉ်သတ် လက်ညှိုး"
အိုးယွမ်သည် လက်ကို ဓားသဏ္ဌာန် လက်ညှိုးထောင်လိုက်၏။ ပိုမို ကြီးမားသော စွမ်းအားလှိုင်းများ ဖွဲ့တည်လာပြီး... စိမ်းပြာရောင် အလင်းတန်းများ ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။ ဖျက်ဆီးခြင်း စွမ်းအင်များ ဆူနာမီလှိုင်းတံပိုးလို တိုက်စားသွားလေသည်။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်..."
ဒုတိယ အကြီးအကဲ၏ မျက်နှာထား အနည်းငယ် လေးနက်သွား၏။
ထိုအချိန်မှာပင်...
စွမ်းအားများ စုစည်းနေသော အိုးယွမ်၏ လက်ညှိုးပေါ်တွင် ရွှေရောင် အင်းကွက် တစ်ခု လေထဲမှ ထွက်ပေါ်လာပြီး လက်ညှိုးကို ရစ်ပတ်လိုက်၏။
ထိုအခိုက်အတန့်တွင်... အိုးယွမ်၏ လက်ညှိုးမှ ထွက်ပေါ်နေသော စွမ်းအားသည် ရုတ်တရက် အဆပေါင်းများစွာ တိုးပွားသွားတော့၏။
ထိုစွမ်းအား၏ အရှိန်အဝါသည် ဒုတိယ အကြီးအကဲ၏ လက်ဝါးရာ စွမ်းအားကိုပင် ကျော်လွန်သွားခဲ့လေ၏။
"အင်းကွက်... ခင်ဗျားက အင်းကွက် ပညာရှင် ပဲ"
ရွှေရောင် စာလုံးကို မြင်လိုက်သည်နှင့် ဒုတိယ အကြီးအကဲ မျက်နှာပျက်သွား၏။
"ရွှေရောင် အင်းကွက်... သူက အနည်းဆုံး အဆင့် ၆ အင်းကွက် ပညာရှင် ဖြစ်ရမယ်"
အဝေးမှ လှမ်းကြည့်နေသော လိန်ဟွန်းလည်း အံ့ဩတုန်လှုပ်သွား၏။
"ရွှပ်..."
"ဝူး..."
အိုးယွမ်က လက်ညှိုးကို လှမ်းထိုးလိုက်၏။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိသော စိမ်းပြာရောင် စွမ်းအားတန်းကြီး တစ်ခုသည် နားအူလှသော ပေါက်ကွဲသံနှင့်အတူ ပြေးထွက်သွား၏။ လမ်းတစ်လျှောက်ရှိ လေထုများ ပြိုကျပျက်စီးသွားပြီး... ထိုကြောက်မက်ဖွယ် လက်ညှိုးစွမ်းအားသည် ကောင်းကင်ကြီးကိုပါ ဖောက်ထွက်သွားမတတ်။
"အိုးယွမ်က အင်းကွက် ပညာရှင် ဖြစ်နေတာလား... ကြောက်စရာကြီးဟ"
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်ကိုမှ... တိုက်ခိုက်ရေး အင်းကွက်နဲ့ ပေါင်းစပ်လိုက်တာ... စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းလွန်းတယ်"
"ကောင်းကင်ကြီး ပြိုကျလာသလို ခံစားနေရတယ်"
လျိုချင်းယန်တို့မှာ ကြောက်လန့်တကြားနှင့် အံ့ဩမှင်သက်နေကြသည်။ နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေ၏ တိုက်ပွဲကို တစ်ခါမှ မမြင်ဖူးခဲ့ကြ။
ယခုမှပဲ ဒီအဆင့် ရောက်နေသော သူရဲကောင်းတွေ ဆိုတာ ဘာလဲ ဆိုတာကို သဘောပေါက်လိုက်ကြသည်။
"ရှဲ..."
"ဝုန်း..."
"အဟွတ်..."
မျက်စိတစ်မှိတ် အတွင်းမှာပင်... ဖျက်ဆီးခြင်း စွမ်းအားကြီး နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကြသည်။
စက္ကူကို စုတ်ဖြဲလိုက်သလို အသံနှင့်အတူ... စိမ်းပြာရောင် လက်ညှိုးစွမ်းအားကြီးက ဧရာမ လက်ဝါးရာကြီးကို အလွယ်တကူ ဖောက်ထွက်သွား၏။ လက်ဝါးရာကြီးမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး... ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများ ရိုက်ခတ်မှုကြောင့် ဒုတိယ အကြီးအကဲ သွေးတစ်လုပ် အန်လိုက်ရလေသည်။
"မြေကမ္ဘာအဆင့် အင်းကွက်... ဒါ မြေကမ္ဘာအဆင့် အင်းကွက်ပဲ... အဆင့် ၈ အင်းကွက် ပညာရှင်... ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဒုတိယ အကြီးအကဲ၏ မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နှင့်တောင် အိုးယွမ် ၏ သိုင်းကွက်ကို မခံနိုင်ဘူး ဆိုတာ သူ မယုံနိုင်အောင် ဖြစ်နေသည်။
သူ၏ မြေကမ္ဘာအဆင့် သိုင်းကွက်က အိုးယွမ်ရှေ့မှာ အလကား ဖြစ်သွားခဲ့သည်။
"ဒုတိယ အကြီးအကဲ"
အဝေးမှ လိန်ဟွန်းလည်း မျက်နှာ ဖြူရော်နေတော့၏။
"ဝိုး..."
ဒီလောက် ခမ်းနားကြီးကျယ်ပြီး ထိတ်လန့်စရာ ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရတော့... လျိုချင်းယန်တို့ အဖွဲ့မှာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
သို့တိုင်၊... မပြီးသေးပါချေ။
"ဝှစ်.."
"ဝူး..."
ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်စွမ်း ရှိသော စိမ်းပြာရောင် လက်ညှိုးစွမ်းအားကြီးသည် အရှိန်မသေဘဲ ဒုတိယ အကြီးအကဲဆီသို့ ဆက်လက် ပြေးဝင်သွား၏။ လေထုကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး... ဒီစွမ်းအားသာ ထိသွားလျှင် ဒုတိယ အကြီးအကဲ ပွဲချင်းပြီး သေသွားနိုင်သည် အထိ ပြင်းထန်လှ၏။
တစ်ခုခုကို အာရုံခံမိလိုက်သော ဒုတိယ အကြီးအကဲ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် အံ့ဩမှုများ ရောထွေးနေသည်။ အိုးယွမ်က ဒီလောက်ထိ စွမ်းအားကြီးနေမည်ဟု သူ မထင်ထားခဲ့မိပေ။
သို့သော်... ဆက်ပြီး စဉ်းစားနေဖို့ အချိန်မရှိတော့။
လက်ညှိုးစွမ်းအားကြီး၏ အမြန်နှုန်းက လျှပ်စီးလက်သလို မြန်ဆန်လွန်းလှ၏။
"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... သန့်ရှင်းသော ဝိညာဉ် ချပ်ဝတ်"
ဒုတိယ အကြီးအကဲသည် 'အစစ်အမှန် ယွမ်' စွမ်းအားများကို အသည်းအသန် ထုတ်ဖော်လိုက်ပြီး လက်သင်္ကေတ ပြုလုပ်ကာ အော်ဟစ်လိုက်၏။
ပေထောင်ချီ ကြီးမားသော အဖြူရောင် စွမ်းအင် ချပ်ဝတ် တစ်ခု သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံသွား၏။ ထိုချပ်ဝတ်ကြီးဆီမှ အင်မတန် ခိုင်ခံ့သော ကာကွယ်ရေး စွမ်းအားများ ထွက်ပေါ်နေသည်။
"ဝုန်း..."
"ဝူး..."
မျက်စိတစ်မှိတ် အတွင်းမှာပင်... စိမ်းပြာရောင် လက်ညှိုးစွမ်းအားကြီးက ဝင်ဆောင့်လိုက်၏။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးနှင့်အတူ... ဒုတိယ အကြီးအကဲ ဖန်တီးထားသော စွမ်းအင် ချပ်ဝတ်ကြီးမှာ ဖန်ခွက်ကွဲသလို တစစီ ကြေမွသွားတော့၏။
"မ... မဖြစ်နိုင်ဘူး... မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်နဲ့ မြေကမ္ဘာအဆင့် အင်းကွက် ပေါင်းစပ်လိုက်တာနဲ့... ဒီလောက်တောင် စွမ်းအားကြီးသွားတာလား"
ဒုတိယ အကြီးအကဲ၏ ရင်ထဲတွင် ထိတ်ပျာသွားရတော့၏။