အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း (၅၅၀) - အပြတ်အသတ် ချေမှုန်းခြင်း
~"အဟွတ်..."
သွေးများ ပန်းထွက်လာသည်။ စွမ်းအင် ချပ်ဝတ်သည် ဖန်ခွက်ကွဲသကဲ့သို့ ကွဲကြေသွားပြီး ဒုတိယအကြီးအကဲ၏ ခန္ဓာကိုယ်ကြီး လွင့်ထွက်သွားလေတော့သည်။
နှစ်ကြိမ်ဆက်တိုက် ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ဒုတိယ အကြီးအကဲ၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ ဟူသော ဂုဏ်ပုဒ်သည်... အိုးယွမ်၏ ရှေ့မှောက်တွင်မူ တိုက်ကွက်တစ်ကွက်မျှ မခံနိုင်သည့် ကလေးကစားစရာ သာသာမျှသာ ဖြစ်နေခဲ့ရသည်။
နှစ်ဦးစလုံးသည် နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာများချည်း ဖြစ်ကြသည်။ သို့သော် အိုးယွမ်၏ စွမ်းအားမှာမူ တစ်ဖက်သတ် သာလွန်လွန်းနေပေသည်။ ကွာခြားချက်မှာ... မိုးနှင့် မြေပမာ ကွာခြားချက်ပင် ဖြစ်သည်။
"ဒုတိယ အကြီးအကဲ"
လိန်ဟွန်းတစ်ယောက် ပြာသွားပြီဖြစ်သည်။ သို့သော် အနီးသို့ မကပ်ရဲချေ။ ထိုကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကြားသို့ ဝင်ရောက်သွားပါက သူ၏ ကျင့်ကြံခြင်း အဆင့်လောက်ဖြင့် အမှုန့်ဖြစ်သွားမည် မဟုတ်ပါလော။
ဒုတိယ အကြီးအကဲကို ခေါ်လိုက်ပါက အိုးယွမ်ကို အနိုင်ရပြီဟု သူ ထင်မှတ်ထားခဲ့သည်။ လက်တွေ့တွင်မူ... ဖိနှိပ်ခံနေရဆဲပါတကား။
"စီနီယာ အိုးယွမ်ရဲ့ စွမ်းအားက... ကြောက်စရာ ကောင်းလိုက်တာ... နတ်ဘုရား ဘုရင် နန်းတော်က ဒုတိယ အကြီးအကဲတောင် သူ့ရှေ့မှာ ပုရွက်ဆိတ်လောက်ပဲ ရှိတော့တယ်"
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်ရော... မြေကမ္ဘာအဆင့် အင်းကွက်ရော သုံးနေတာ... ဒီအဘိုးကြီးရဲ့ စွမ်းအားက နတ်ဘုရား အသွင်ပြောင်းဘုံ ဆဌမအလွှာလောက်နဲ့တောင် ယှဉ်နိုင်လောက်တယ်"
"ငါ့တစ်သက် ဒီလောက် ကြမ်းတာမျိုး တခါမှ မမြင်ဖူးဘူး"
လျိုချင်းယန်တို့ အဖွဲ့မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီဖြစ်သည်။ အိုးယွမ်၏ စွမ်းအားသည် သူတို့ မှန်းဆနိုင်သည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေပေသည်။
"ဝူး... ဝူး..."
ဖျက်ဆီးခြင်း စွမ်းအားများ တိုက်စားနေစဉ်မှာပင်... အိုးယွမ်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်၏။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စွမ်းအားလှိုင်းများ အားလုံး ချက်ချင်း ငြိမ်သက်ပျောက်ကွယ်သွားလေသည်။
အဝေးတစ်နေရာတွင်မူ... ဒုတိယ အကြီးအကဲ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီဖြစ်သည်။ ဆံပင်များမှာ ဖွာလန်ကြဲလျက်ရှိသည်။ အသက်ကို မနည်း လုရှူနေရပြီး တော်တော်လေး အထိနာထားပုံ ပေါ်သည်။
ဒုတိယ အကြီးအကဲ၏ မျက်လုံးတွေထဲမှာ ရက်စက်တသော အရိပ်အယောင်တွေ ပေါ်လာပြီး...
"ခင်ဗျားက... အဆင့် ၈ အင်းကွက် ပညာရှင် ဖြစ်နေမယ်လို့... ထင်မထားခဲ့ဘူး... ကျုပ် ခင်ဗျားကို လျှော့တွက်မိလိုက်တာပဲ"
စွမ်းအားလှိုင်းတွေ ငြိမ်သွားသည်နှင့် လိန်ဟွန်းက ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်၏။
"ဒုတိယ အကြီးအကဲ... ဒဏ်ရာ အခြေအနေ ဘယ်လိုလဲဟင်”
"ကိစ္စ မရှိပါဘူး" ဒုတိယ အကြီးအကဲက ခေါင်းခါလိုက်၏။ မျက်နှာကတော့ မကောင်းလှ။
သူက အိုးယွမ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
"ခင်ဗျား ဘယ်သူလဲ... မြေကမ္ဘာအဆင့် အင်းကွက်တွေ ဖန်တီးနိုင်တဲ့ အဆင့် ၈ အင်းကွက်ပညာရှင် တစ်ယောက်ကို... ဒီတိုက်ကြီးပေါ်မှာ မသိသူ ရှိမယ် မထင်ဘူး"
ထိုစကားကို ကြားတော့ အိုးယွမ်က ခပ်ပါးပါး ပြုံးလိုက်ပြီး...
"တကယ်တော့... ဘယ်သူမှ မသိကြပါဘူး"
"ဘယ်သူမှ မသိဘူး ဟုတ်လား" လိန်ဟွန်း ကြောင်သွား၏။
ဒုတိယ အကြီးအကဲ မျက်မှောင်ကြုတ်လိုက်မိ၏။ သူဆိုတာ ဒီတိုက်ကြီး၏ ထိပ်သီး ခေါင်းဆောင် တစ်ယောက်။ ကျွမ်းကျင်သူ ပေါင်းစုံကို သိသည်။ သို့သော်၊ အိုးယွမ်ကိုတော့ တခါမှ မမြင်ဖူးပေ။
"စကားများမနေနဲ့... ခင်ဗျားမှာ ရွေးစရာ နှစ်လမ်းပဲ ရှိတယ်... ကိုယ့်ဘာသာ သတ်သေမလား... ကျုပ် ကိုယ်တိုင် သတ်ပေးရမလား"ဟု
အိုးယွမ်က ပြုံးလျက်ပင် ပြောလိုက်၏။ သူ့အကြောင်း ဘာတစ်လုံးမှ ထုတ်မပြော ချေ။
ဒီစကား ကြားတော့ ဒုတိယ အကြီးအကဲ ဒေါသထွက်သွား၏။
"ဟွန့်... ကျုပ်ကို သတ်နိုင်မယ် ထင်နေလား... လျှော့တွက်လွန်းနေပြီ"
နတ်ဘုရား ဘုရင် နန်းတော် ဆိုတာ ဒီတိုက်ကြီးမှာ အင်အားအကြီးဆုံးပင်။ သူက အဲဒီ နန်းတော်၏ ဒုတိယ အကြီးအကဲ နေရာကို ယူထားသည်။ ဤမျှလောက်နှင့် အားနည်းသွားမည်ဟု ထင်နေသလော။
လိန်ဟွန်းကလည်း သုန်မှုန်စွာ.. ဝင်ပြောသည်။
"အဘိုးကြီး... သိပ် ဘဝင်မမြင့်နဲ့... ခင်ဗျား စွမ်းအားကြီးတာ မှန်ပေမဲ့... နတ်ဘုရား ဘုရင် နန်းတော်ကို ယှဉ်နိုင်မလား ဆိုတာတော့ မသေချာသေးဘူးနော်"
"ဝူး..."
ပြောပြောဆိုဆိုပင် ဒုတိယ အကြီးအကဲ၏ ကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ဒီတစ်ခါ အရှိန်အဝါက စောစောကနှင့် မတူတော့။ ရိုင်းစိုင်းကြမ်းတမ်းပြီး ပိုမို ကြောက်စရာ ကောင်းလာသည်။
"ဒါ... ရှေးဟောင်း ရေနတ်ဘုရား စွမ်းအားပဲ" ဖုန်းဝူချန် အံ့ဩတကြီး ရေရွတ်လိုက်မိ၏။
"ရေနတ်ဘုရား စွမ်းအား ဟုတ်လား..." လျိုချင်းယန်တို့ မျက်လုံးပြူးသွားကြသည်။
"နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ဒုတိယ အကြီးအကဲ ဆိုမှတော့... သူ့မှာလည်း ဝှက်ဖဲ ရှိမှာပေါ့" ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်၏။
"ငါ့ နတ်ဘုရား ဘုရင် နန်းတော်ကို ရန်သူ လာလုပ်မှတော့... မင်းတို့ကို အရှင်ထားလို့ ဘယ်ဖြစ်တော့မလဲ"
ဒုတိယ အကြီးအကဲ ဟိန်းဟောက်လိုက်၏။
သူ့အရှိန်အဝါက ပင်လယ်လှိုင်းလုံးကြီးတွေလို လွှမ်းမိုးသွား၏။
ဒဏ်ရာရထားတာတောင်မှ... သူ့ရဲ့ အရှိန်အဝါက အကောင်းပကတိ အချိန်ထက်တောင် ပိုကြမ်းနေသေးသည်။
ရှေးဟောင်း ရေနတ်ဘုရား စွမ်းအားက 'အစစ်အမှန် ယွမ်' စွမ်းအားထက် အများကြီး ပိုအစွမ်းထက်သည်ကိုး။ ဒါက ဒုတိယ အကြီးအကဲ၏ ဝှက်ဖဲပင်။
"စီနီယာ အိုးယွမ်... သတိထားနော်"
လင်ရှောင်ရှောင်က သတိပေးလိုက်၏။ ဒုတိယ အကြီးအကဲ၏ စွမ်းအားက သူမကိုပါ စိုးရိမ်စေသည်။
"မပူပါနဲ့.. သခင်မလေး... သူ ကျုပ်ကို ဘာမှ မလုပ်နိုင်ပါဘူး" အိုးယွမ်က စိတ်အေးလက်အေးပင် ပြန်ပြောလိုက်၏။
အိုးယွမ်၏ စကားကြောင့် လျိုချင်းယန်တို့ ဆွံ့အသွား၏။ အိုးယွမ်က စွမ်းတာတော့ မှန်သော်လည်း... နည်းနည်းလေးများ အထင်ကြီးလွန်းနေမလားဟု ကြိတ်၍ တွေးမိကြသည်။
"ဝုန်း..."
ဒုတိယ အကြီးအကဲက အဆင့်မြင့် ဝိညာဉ်လက်နက် တံဆိပ်တော် တစ်ခုကို ထုတ်လိုက်ပြန်သည်။ သူ့စွမ်းအားတွေ ထပ်တက်လာပြန်၏။
"ဒုန်း..."
အရှိန်အဝါ အမြင့်ဆုံး ရောက်ချိန်မှာတော့ ဒုတိယ အကြီးအကဲက ကျည်ဆန် တစ်တောင့်လို ပြေးဝင်လာတော့၏။ သူ့အမြန်နှုန်းက မျက်စိနှင့်တောင် လိုက်မမီတော့။
တပြိုင်နက်တည်းမှာပင် အိုးယွမ်ကလည်း အားကုန်ထုတ်သုံးလိုက်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက် ချပ်ဝတ် တစ်ခုကို ဆင်မြန်းလိုက်၏။
နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေ၏ တကယ့် တိုက်ပွဲကြီး စတင်လေပြီ။
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝူး... ဝူး..."
ဒုတိယ အကြီးအကဲက အသေအလဲ တိုက်ခိုက်တော့၏။ သူ့တိုက်ကွက်တွေက ရက်စက်ပြီး မြန်ဆန်လွန်းလှ၏။ ပေါက်ကွဲသံတွေက မိုးခြိမ်းသံလို ဆက်တိုက် ထွက်ပေါ်နေပြီး ဖျက်ဆီးခြင်း စွမ်းအင်တွေက နေရာအနှံ့ ပျံ့လွင့်နေသည်။
နှစ်ယောက်စလုံး၏ အမြန်နှုန်းက မြန်လွန်း၍ အရိပ်တောင် မမြင်ရတော့ပါ။ ကမ္ဘာပျက်မတတ် စွမ်းအားလှိုင်းတွေကိုပဲ ခံစားနေရသည်။
အိုးယွမ်က အစွမ်းထက်သော အင်းကွက်တွေ၏ အကူအညီနှင့် ဒုတိယ အကြီးအကဲကို ကောင်းကောင်းကြီး ယှဉ်နိုင်နေသည်။ ဒုတိယ အကြီးအကဲ၏ စွမ်းအားက ပိုပြင်းသော်ငြား... အိုးယွမ်က နည်းပညာ သာနေသည်။
အဆင့် ၈ အင်းကွက်ပညာရှင် တစ်ယောက် အနေနှင့်... သူက အင်းကွက် အမျိုးမျိုးကို စိတ်ကြိုက် ဖန်တီးပြီး ဒုတိယ အကြီးအကဲကို ဖိနှိပ်ထားလိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ... ဒုတိယ အကြီးအကဲ တစ်ယောက် အင်းကွက်တွေ၏ ဒဏ်ကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း အားနည်းလာသည်။ ဒဏ်ရာတွေကလည်း ပိုဆိုးလာသည်။
"ရေနတ်ဘုရား စွမ်းအား သုံးတာတောင်... ဒုတိယ အကြီးအကဲက မယှဉ်နိုင်သေးဘူးလား"
လိန်ဟွန်း စိတ်ပူလာရသည်။ အစကတော့ ဒုတိယ အကြီးအကဲ နိုင်မည် ထင်ထားတာ... ယခုတော့ အခြေအနေ မကောင်းတော့။
ဒုတိယ အကြီးအကဲ မျက်နှာကတော့ မဲသထက် မဲလာရသည်။ ဒေါသတွေလည်း ထွက်နေသည်။
သူ့တိုက်ကွက်တိုင်းကို အိုးယွမ်က အင်းကွက်တွေနှင့် ချေဖျက်ပစ်နေသည်။ သူ့မှာ အိုးယွမ်ကို ထိခိုက်အောင် မလုပ်နိုင်သည့်အပြင် ကိုယ်တိုင်ပဲ ဒဏ်ရာတွေ ပိုရနေရသည်။
"လွန်လွန်းတယ်... ခင်ဗျားရဲ့ အင်းကွက်တွေက... တကယ်ပဲ စွမ်းသလား ကြည့်ရသေးတာပေါ့"
ဒုတိယ အကြီးအကဲ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
တဆက်တည်း၌၊ သူ့စွမ်းအား အကုန်လုံးကို စုစည်းလိုက်ပြီး လက်သင်္ကေတ ပြုလုပ်ကာ ညာဘက် လက်ထဲသို့ စွမ်းအားများ ပို့လွှတ်လိုက်၏။ ဖြူဖွေးသော အလင်းတန်းများ ကောင်းကင်ယံကို လွှမ်းခြုံသွား၏။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... မည်းနက်သော မီးလျှံဓား"
ဒုတိယ အကြီးအကဲက ကြောက်မက်ဖွယ် အသံကြီးဖြင့် အော်ဟစ်လိုက်ပြီး ညာလက်မောင်းကို ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်၏။
"ရွှပ်..."
"ဝူး..."
ပေပေါင်းသောင်းချီ ရှည်လျားသော ဧရာမ မီးလျှံဓားကြီး တစ်လက်သည် ကောင်းကင်ကို ထိုးခွဲပြီး ဆင်းသက်လာသည်။ ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားသလိုပင်။ ဓားကြီး ဖြတ်သန်းသွားရာ လမ်းကြောင်း တလျှောက်တွင် မည်းနက်သော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ် ကျန်ရစ်ခဲ့သည်။ မြင်ကွင်းက ကြက်သီးထစရာ ကောင်းလှ၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း... မြေကမ္ဘာအဆင့် အဆင့်မြင့် အင်းကွက်ရဲ့ စွမ်းအားကို ပြရသေးတာပေါ့"
အိုးယွမ်က လှောင်ပြုံး ပြုံးလိုက်၏။ သူ့မျက်နှာပေါ်တွင်.. ရှားရှားပါးပါး မောက်မာမှုတို့ ထင်ဟပ်လာသည်။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... သေမင်းတမန် တံဆိပ်တော်... မြေကမ္ဘာအဆင့် အဆင့်မြင့် အင်းကွက်... ဝိညာဉ်တစ်သောင်း တံဆိပ်တော်"
အိုးယွမ်က လက်သင်္ကေတများ ပြုလုပ်ပြီး မန္တန် ရေရွတ်လိုက်၏။ တပြိုင်နက်တည်းမှာပင် 'ဝိညာဉ်တစ်သောင်း တံဆိပ်တော်' ကို မြှောက်တင်လိုက်ပြီး သိုင်းကွက်နှင့် အင်းကွက်ကို ပေါင်းစပ်လိုက်လေသည်။
အိုးယွမ်၏ ခေါင်းပေါ်တွင် ကြီးမားသော စိမ်းပြာရောင် စွမ်းအင် တံဆိပ်တော် တစ်ခု ထွက်ပေါ်လာသည်။ ထိုတံဆိပ်တော်ကြီးဆီမှ အရိုးခိုက်အောင် အေးစက်ပြီး မြင့်မားသော အရှိန်အဝါများ တိုက်စားထွက်ပေါ်လာသည်။
ထိုအရှိန်အဝါက... ဒုတိယ အကြီးအကဲ၏ မီးလျှံဓား အရှိန်အဝါကိုတောင် ကျော်လွန်သွားခဲ့လေ၏။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်နဲ့... မြေကမ္ဘာအဆင့် အဆင့်မြင့် အင်းကွက်..."
လိန်ဟွန်း၏ နှလုံးသား တစ်ချက် လှုပ်ခါသွားရ၏။ အိုးယွမ်၏ ကြောက်စရာ ကောင်းပုံက သူထင်ထားတာထက် အများကြီး ပိုနေသည်။
"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး..."
ဒုတိယ အကြီးအကဲ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။ သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး... နောက်ဆုံးမှာတော့ မကျေမနပ် ဟိန်းဟောက်သံ ထွက်ပေါ်လာလေတော့၏။
အခန်း (၅၅၁) - ထွက်ပြေး လွတ်မြောက်ခြင်း
~အိုးယွမ်၏ သိုင်းကွက်သည် မည်မျှပင် ကြမ်းတမ်းသနည်းဆိုလျှင် ဒုတိယအကြီးအကဲပင် မကျေမနပ် ဟိန်းဟောက်ရသည်အထိပင် ဖြစ်လေသည်။
အဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေသော လိန်ဟွန်းသည်လည်း ကြောက်ရွံ့လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။
အိုးယွမ်၏ စွမ်းအားသည် သူတို့၏ မှန်းဆချက်များကို ထပ်မံ၍ ရိုက်ချိုးပစ်လိုက်ပြန်တော့၏။
‘သာမန် အဆင့် ၈ အင်းကွက်ပညာရှင် တစ်ယောက်က... မြေကမ္ဘာအဆင့် အဆင့်မြင့် အင်းကွက်တွေကို ဖန်တီးနိုင်မှာ မဟုတ်ဘူး... အိုးယွမ်ရဲ့ အင်းကွက် ပညာရပ်က အရမ်းကို နက်နဲတယ်... သူ့ရဲ့ သိုင်းကွက်တွေနဲ့ အင်းကွက်တွေ ပေါင်းစပ်လိုက်တဲ့ အခါကျတော့... အင်မော်တယ် ကျင့်စဉ် တွေနဲ့တောင် ယှဉ်နိုင်လောက်တဲ့ အထိ အစွမ်းထက်သွားတာပဲ’
ဖုန်းဝူချန် စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။
အင်မော်တယ် ကျင့်စဉ်နှင့် ယှဉ်ပြိုင်နိုင်သော သိုင်းကွက် ဖြစ်သည်ဆိုလျှင် ဒုတိယအကြီးအကဲကို ဖိနှိပ်နိုင်သည်မှာ မဆန်းလှပေ။
"အိုးယွမ်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..."
"ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက... ဝူကျိ နယ်မြေ တစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေနိုင်တယ်"
"အိုးယွမ် သေချာပေါက် နိုင်မှာပါ... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ဒုတိယ အကြီးအကဲက သူ့ပြိုင်ဘက် မဟုတ်ဘူး"
ယဲ့ထျန်းချင်းတို့ ရင်ထဲတွင် တုန်လှုပ်မှုများ အပြည့်ဖြင့် အိုးယွမ်၏ အစွမ်းအစကို မှန်းဆရန်ပင် မရဲတော့ချေ။
"ဘုန်း... ဘုန်း... ဘုန်း..."
"အဟွတ်... အဟွတ်..."
ဖျက်ဆီးခြင်း စွမ်းအားကြီး နှစ်ခု လေထဲတွင် ထိပ်တိုက် တွေ့ဆုံ ပေါက်ကွဲသွားကြသည်။ စူးရှသော ပေါက်ကွဲသံကြီးသည် ဝူကျိ နယ်မြေ တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားစေသည်။
စွမ်းအားလှိုင်းများ တိုက်စားသွားသည့် အခါ၌မူ ဒုတိယ အကြီးအကဲသည် သွေးများ ဆက်တိုက်အန်ကာ အမြောက်ဆန်ကဲ့သို့ လွင့်စဉ်ထွက်သွားလေတော့၏။
"ဝူး... ဝူး..."
ပေါက်ကွဲမှု စွမ်းအားလှိုင်းတွေက အရပ်မျက်နှာ အနှံ့ကို ပေပေါင်း သိန်းချီ တိုက်စားသွားပြီး ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အောက်ခြေက မြေကြီးတွေ အက်ကွဲ ပြိုကျကုန်ပြီး... တောင်တန်းကြီးများသည် ဂျစ်ဆော အရုပ်ဆက်တွေ ပြုတ်ထွက်သွားသလို တစစီ ပြိုလဲကုန်ကြသည်။
မြင်ကွင်းက သွေးပျက်စရာ ကောင်းလွန်းလှ၏။
"ဒုတိယ အကြီးအကဲ"
လိန်ဟွန်း စိတ်ပူစွာ အော်ဟစ်လိုက်ပြီး... နေရာလပ် စွမ်းအားကို အသုံးပြုကာ ဒုတိယ အကြီးအကဲဆီသို့ အမြန်ဆုံး ပြေးဝင်သွားလေသည်။
ဒီတိုက်ပွဲမှာတော့... အိုးယွမ်က အပြတ်အသတ် အနိုင်ယူလိုက်လေ၏။
အိုးယွမ်က နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာပဲ ရှိသေးသော်လည်း... သူ၏ အစစ်အမှန် တကယ့် စွမ်းအားက ဆဌမအလွှာနှင့်တောင် ယှဉ်နိုင်လောက်သည်။ တကယ့်ကို ကြောက်စရာကောင်းသော အဆင့် ၈ အင်းကွက်ပညာရှင်ကြီးပါပဲ။
သို့သော်၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသည့် နောက်မှာတော့... အိုးယွမ်ရဲ့ မျက်နှာလည်း နည်းနည်း ဖြူလျော်နေသည်။ 'အစစ်အမှန် ယွမ်' စွမ်းအားများစွာ ကုန်ခမ်းသွားပုံ ရသည်။
"အိုးယွမ်... အဆင်ပြေရဲ့လား" လင်ရှောင်ရှောင်က စိုးရိမ်တကြီး မေးလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်မလေး... ကျုပ် ဘာမှ မဖြစ်ပါဘူး"
အိုးယွမ်က ပြုံးပြီး ခေါင်းခါလိုက်၏။ စွမ်းအားကုန်သွားတာကလွဲလျှင် ဒဏ်ရာ မရခဲ့ပါချေ။
"စီနီယာ အိုးယွမ်ရဲ့ စွမ်းအားက တကယ် လေးစားစရာပါပဲဗျ... ခင်ဗျားရဲ့ အင်းကွက် ပညာရပ်က ပြိုင်ဘက်ကင်းတဲ့ အဆင့်ကို ရောက်နေပါပြီ"
ဖုန်းဝူချန်က ပြုံးရင်း ချီးကျူးလိုက်၏။
ဒီစကားကြားတော့ အိုးယွမ်က ဖုန်းဝူချန်ကို ကြည့်ပြီး ခါးသက်သက် ပြုံးလိုက်၏။
"မင်းနဲ့ ယှဉ်ရင်တော့... ငါက အများကြီး လိုပါသေးတယ်ကွာ... မင်းက ဒီအရွယ်လေးနဲ့တင် အဆင့် ၆ အင်းကွက်ပညာရှင် အဆင့်ကို ရောက်နေပြီ... ငါတောင် ရှက်မိပါရဲ့"
"စီနီယာကလည်း... နောက်နေပြန်ပြီ" ဖုန်းဝူချန်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။
အိုးယွမ်က ဖုန်းဝူချန်၏ အဆင့်ကို တစ်ချက်ကြည့်ရုံနဖြင့် သိနေသည်။ ဒါက သာမန် အဆင့် ၈ အင်းကွက်ပညာရှင် တစ်ယောက် လုပ်နိုင်သော ကိစ္စ မဟုတ်ပေ။
အချိန်တွေ ကုန်ဆုံးသွားပြီး... ငါးမိနစ်လောက် ကြာမှ စွမ်းအားလှိုင်းတွေ ငြိမ်သက်သွား၏။
အဝေးတစ်နေရာမှာတော့... ဒုတိယ အကြီးအကဲက ဒဏ်ရာအပြင်းအထန် ရထားပြီး လေထဲမှာ ယိုင်နဲ့နဲ့ ဖြစ်နေသည်။
"ဒုတိယ အကြီးအကဲ... ခင်ဗျား ဒဏ်ရာတွေ တော်တော် ပြင်းထန်နေပြီ... ကျွန်တော် အဖေကို အခုချက်ချင်း လှမ်းခေါ်လိုက်မယ်"
လိန်ဟွန်း မကျေနပ်နိုင် ဖြစ်နေသည်။ ဒီအရှက်တကွဲ ဖြစ်မှုကို သူ လက်မခံနိုင်ပါ။
"နေဦး"
ဒုတိယ အကြီးအကဲက အမြန် တားလိုက်၏။ အသက်ကို မနည်း ရှူနေရသည့် ကြားမှ...တားလိုက်၏။
"သူတို့ရဲ့ နောက်ခံက သာမန် မဟုတ်ဘူး... ဒီလူက အရမ်း စွမ်းအားကြီးတယ်... ငါတို့က သူတို့အကြောင်း ဘာမှ မသိရသေးဘဲနဲ့... စွတ်ပြီး မလုပ်သင့်ဘူး"
"ဒါဆို... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ဒီအတိုင်း လက်လွတ်ခံ
လိုက်ရမှာလားဗျာ... နတ်ဘုရား ဘုရင် နန်းတော်က သူတို့ကို ကြောက်နေရမှာလား" လိန်ဟွန်း ဒေါသထွက်နေသည်။
"အခု တိုက်ခိုက်လိုက်ရင် ငါတို့ဘက်က အများကြီး နစ်နာလိမ့်မယ်... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ပြန်ယူဖို့ နောက်ထပ် အခွင့်အရေး ရှာလို့ ရပါသေးတယ်... နန်းတော်သခင်လေး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... အခုလောလောဆယ် ဆုတ်ခွာတာ အကောင်းဆုံးပဲကွာ"
ဒုတိယ အကြီးအကဲ မှာ.. လူအ မဟုတ်ပေ။
အိုးယွမ်က အဆင့် ၈ အင်းကွက်ပညာရှင် ဖြစ်နေရက်နှင့်... ဒီတိုက်ကြီးပေါ်မှာ မည်သူမှ မသိကြ ဆိုကတည်းက... သူ၏ နောက်ခံက အရမ်း လျှို့ဝှက်ဆန်းကြယ်နေပြီ ဖြစ်သည်လေ။
အိုးယွမ် ကိုယ်တိုင်ကလည်း ဤမျှ စွမ်းအားကြီးမားနေရာ... သူ၏ နောက်ကွယ်တွင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ရှိနေမည်နည်း ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
အဆင့် ၈ အင်းကွက်ပညာရှင် တစ်ဦး ရှိနေသည် ဆိုကတည်းက... သူ၏ အဆက်အသွယ် ကွန်ရက်မှာ ကြောက်ခမန်းလိလိ ဖြစ်နေမည်မှာ သေချာပေသည်။
ထို့ကြောင့်... အိုးယွမ်၏ နောက်ခံကို သေချာစွာ မစုံစမ်းရသေးမီတွင် ဒုတိယ အကြီးအကဲအနေဖြင့် တိုက်ပွဲကြီး မဆင်နွှဲလိုချေ။
"ဟား..."
လိန်ဟွန်း အံကို ကြိတ်လိုက်၏။
တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့်သူ... ဘယ်သောအခါကများ ဤမျှ အားကိုးရာမဲ့ ဖြစ်ဖူးသနည်း။
ဖုန်းဝူချန်က တစ်ကြိမ်ပြီး တစ်ကြိမ် လှောင်ပြောင်ကစားသွားခဲ့သည်ကို တွေးမိတိုင်း ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်ရသည်။ ယခု ဒုတိယ အကြီးအကဲကို ခေါ်ဆောင်လာသည်တိုင် အရှက်ကွဲရပြန်ပြီ ဖြစ်သည်။
နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်လေး တစ်ဦး အနေဖြင့်... ဤသို့ အရှက်ကွဲမှုကို မည်သို့ ခံနိုင်ပါမည်နည်း။
နတ်ဘုရား ဘုရင် နန်းတော် ဆိုသည်မှာ အင်အားအကြီးဆုံး အဖွဲ့အစည်းကြီး ဖြစ်ပေသည်။ ယခု ဒုတိယ အကြီးအကဲပင် ရှုံးနိမ့်၍ ထွက်ပြေးရမည် ဆိုပါက... တစ်လောကလုံး၏ ရယ်စရာ ဖြစ်မသွားပေဘူးလော။
သို့သော်... ဒုတိယ အကြီးအကဲ ပြောဆိုသည်မှာလည်း မမှားပေ။ အိုးယွမ်၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံ၊ ကြောက်မက်ဖွယ် စွမ်းအားနှင့် အဆင့် ၈ အင်းကွက်ပညာရှင် ဂုဏ်ပုဒ်များကြောင့်... ဤသို့သော ပြိုင်ဘက်မျိုးကို အလွန်အကျွံ သွားရောက်မစခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... ရန်သူ့ အကြောင်းကို ဦးစွာ စုံစမ်းရပေမည်။
ရွေးချယ်စရာ မရှိတော့သည့်အဆုံး... လိန်ဟွန်းသည် နေရာလပ် စွမ်းအားကို အသုံးပြုပြီး ဒုတိယ အကြီးအကဲကို တွဲကာ ထွက်ခွာရန် ပြင်လိုက်လေ၏။
"စီနီယာ အိုးယွမ်... သူတို့ကို တားလိုက်ပါ"
လင်ရှောင်ရှောင် ရုတ်တရက် အော်ဟစ်လိုက်လေ၏။
"ထွက်ပြေးချင်တာလား..."
အိုးယွမ်၏ မျက်နှာတွင် အထင်သေးသော အပြုံး တစ်ခု ပေါ်လာပြီး လိန်ဟွန်းတို့ကို တားဆီးရန် ပြင်လိုက်လေ၏။
"ဟွန့်... ငါ သွားချင်ရင် ဘယ်သူမှ တားလို့ မရဘူး"
လိန်ဟွန်း ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။ နေရာလပ် စွမ်းအားများ လှုပ်ရှားသွားပြီး... သူ၏လက်က ကြောက်မက်ဖွယ် စွမ်းအားများဖြင့် အက်ကွဲကြောင်း တစ်ခုကို ဆွဲဖွင့်လိုက်လေ၏။
လိန်ဟွန်း၏ ဘေးတွင် မည်းနက်သော အက်ကွဲကြောင်း တစ်ခု ပေါ်လာလေသည်။
"ငါတို့ အတူတူ သေချင်တယ် ဆိုရင်လည်း... စမ်းကြည့်လိုက်လေ... မင်းရဲ့ အတားအဆီးက ငါ့အဖေရဲ့ စွမ်းအားကို တားနိုင်မလား ကြည့်ကြတာပေါ့"
လိန်ဟွန်းက ရက်စက်စွာ ခြိမ်းခြောက်လိုက်လေ၏။
ဤစကားကို ကြားသော် အိုးယွမ် မျက်မှောင်ကြုတ်သွား၏။
နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင် ဆိုသည်မှာ..အင်အားကြီးထဲကမှ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး မဟုတ်ပါလား။
"နင့်အဖေကို ခေါ်ပြီး စမ်းကြည့်လိုက်က်လေ"
လင်ရှောင်ရှောင်က မခံချင်စိတ်ဖြင့် ပြန်အော်လိုက်ပြီး... သူမ၏ သွေးမျိုးဆက် စွမ်းအားနှင့် နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တွေကို ဆင့်ခေါ်ဖို့ ပြင်လိုက်၏။
"သခင်မလေး... နေပါစေတော့"
အိုးယွမ်က အမြန် တားလိုက်၏။ ခေါင်းခါရင်း...
"မလိုအပ်ပါဘူး"
"ရှောင်ရှောင်... လွှတ်ပေးလိုက်ပါ... ငါတို့ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ရပြီးပြီပဲ... သူ့ကို သွားမစတာ ကောင်းပါတယ်... နဂါးနတ်ဘုရား နန်းတော်အတွက် အန္တရာယ် ရှိလာနိုင်တယ်"
ဟု ဖုန်းဝူချန်ကလည်း စိတ်ချင်းဆက်သွယ်ပြီး တားလိုက်၏။
"ဒီတစ်ခါတော့ နင် ကံကောင်းသွားတယ် မှတ်ပါ" လင်ရှောင်ရှောင် နှာခေါင်းရှုံ့လိုက်၏။
"ဟွန့်... လူယုတ်မာ... ငါတို့ ပြန်တွေ့ကြသေးတာပေါ့... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ငါ ပြန်ယူရမှ ကျေနပ်မယ်... ဒီအဘိုးကြီးက မင်းကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ကြည့်ကြတာပေါ့"
လိန်ဟွန်း အေးစက်စက် နှာမှုတ်လိုက်၏။ သူ့မျက်လုံးတွေက အဆိပ်ပြင်းသော မြွေတစ်ကောင်လို ဖုန်းဝူချန်ကို စိုက်ကြည့်နေသည်။
"အဘိုးကြီး... ဒီနေ့ ကိစ္စကို ငါ မှတ်ထားမယ်... တနေ့ကျရင် အဆတစ်ဆယ် ပြန်ပေးဆပ်စေရမယ်"
လိန်ဟွန်းက အိုးယွမ်ကို ကြုံးဝါးလိုက်ပြီး... ဒဏ်ရာရနေသည့် ဒုတိယ အကြီးအကဲကို တွဲကာ မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားလေတော့၏။
"နေရာလပ် စွမ်းအား... မဆိုးဘူးပဲ" အိုးယွမ်က ချီးကျူးလိုက်မိ၏။
"ဒီလူက တော်တော် အန္တရာယ်များတယ်... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အင်အားက အရမ်းကြီးမားတယ်... တိုက်ကြီးမှာ အင်အားအကြီးဆုံးပဲ... လိန်ဟွန်းက ဘာမဆို လုပ်ရဲတဲ့ ကောင်လေးပဲ... နောက်နောင် သတိထားကြ... သူ ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး"
အိုးယွမ်က သတိပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် စီနီယာ... ကျွန်တော်တို့ သတိထားပါ့မယ်" ဖုန်းဝူချန်တို့ ခေါင်းညိတ်လိုက်ကြသည်။
"သူတောင်စင်မလေး... အန္တရာယ် တစ်ခုခု ကြုံရင်... ကျုပ်ကို လှမ်းခေါ်လိုက်ပါ"
အိုးယွမ်က လင်ရှောင်ရှောင်ကို ထပ်မံ မှာကြားလိုက်၏။
"စီနီယာ အိုးယွမ်... ဂရုစိုက်ပါနော်" လင်ရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်၏။
နေရာလပ် အက်ကွဲကြောင်း ပွင့်လာပြီး... အိုးယွမ် အထဲသို့ ဝင်ကာ ပြန်လည် ထွက်ခွာသွားလေသည်။
ဖုန်းဝူချန်တို့ အဖွဲ့... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ရလိုက်သော်ငြား.. လိန်ဟွန်း ဟူသော ကြောက်စရာ ရန်သူကြီးကိုပါ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားခဲ့သည်။ ရှေ့ဆက်ရမယ့် ခရီးလမ်းကတော့ ပိုပြီး ကြမ်းတမ်းလာတော့မည်မှာ အသေအချာပင်။
အခန်း (၅၅၂) - ရှေးဟောင်း ချိပ်တံဆိပ် အခင်းအကျင်း
~"ဒီခရီးစဉ်ကတော့ တကယ့်ကို သေမင်းနဲ့ စစ်ခင်းခဲ့ရတာပဲ"
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို အရယူနိုင်ခဲ့ကြသည်။ အကယ်၍ အိုးယွမ်သာ အချိန်မီ ရောက်ရှိမလာခဲ့ပါက သူတို့အနေဖြင့် စွမ်းအားရရှိရန် မဆိုထားနှင့်၊ အသက်ပင် ရှင်သန်နိုင်ပါမည်လား မသေချာပေ။
"ရှောင်ရှောင့် ကျေးဇူးတွေ အများကြီး ရှိတယ်... သူသာ မကယ်ခဲ့ရင် ငါတို့အားလုံး ဒီမှာ သေနေလောက်ပြီ"
လျိုချင်းယန် သက်ပြင်းချလိုက်မိ၏။ တင်းမာနေသော စိတ်တွေ အခုမှ လျှော့ချ၍ ရတော့၏။
လန်ယွဲ့က ပြုံးပြီး ပြောလိုက်၏။
"ရတနာရှာတယ် ဆိုတာ ဒီလိုပါပဲ... ကျားသိုက် မဝင်ရင် ကျားကလေး ဘယ်ရမလဲ"
ဒါက တကယ့်ကို အန္တရာယ်ကြားက စည်းစိမ်ရှာခြင်းပါပင်။
"သိပ်ပြီး ကလေး မဆန်စမ်းပါနဲ့"
ပေတိုယန်က လက်ကာပြလိုက်ရင်း...
"အန္တရာယ် တစ်ခုမှ မရှိဘဲနဲ့ ရတနာတွေ အများကြီး ရမယ်လို့ မင်း မျှော်လင့်နေတာလား"
"ဒီတခါတော့ လိန်ဟွန်း တစ်ယောက်တည်းနဲ့ ကြုံလို့ တော်သေးတာပေါ့... အန္တရာယ်ရှိမှန်း သိနေရတော့ သတိထားလို့ ရတယ်... ဘာဖြစ်မှန်း မသိဘဲ သေသွားရမယ့် အန္တရာယ်မျိုး ဆိုရင်တော့ ပိုကြောက်စရာ ကောင်းတယ်" ယဲ့ထျန်းချင်းက ဝင်ပြောသည်။
"အစ်ကိုဖုန်း... ကျွန်မတို့ မြန်မြန် သွားကြရအောင်... လိန်ဟွန်း ပြန်လာမှာ စိုးရိမ်တယ်"
မြောင်ချင်းချင်းက စိုးရိမ်တကြီး သတိပေးလိုက်၏။ သူမ၏ စိုးရိမ်မှုက အခြေအမြစ် မရှိတာတော့ မဟုတ်ချေ။ အိုးယွမ်က လင်ရှောင်ရှောင် ခေါ်၍ ရောက်လာသည် ဆိုတော့... တိုက်ပွဲပြီးလျှင် ပြန်သွားမှာ သေချာသည်။
တကယ်လို့ လိန်ဟွန်းက ပါးနပ်သည် ဆိုလျှင်... အိုးယွမ် ပြန်သွားသည်နှင့် နတ်ဘုရား ဘုရင် နန်းတော်က လူတွေကို ခေါ်ပြီး ပြန်လာတိုက်နိုင်၏။ ထိုအခါကျလျှင် အခြေအနေက တွေးရဲစရာတောင် မရှိပေ။
"မပူပါနဲ့... သူ ပြန်မလာလောက်ပါဘူး... သူတို့က ရှောင်ရှောင်ရဲ့ နောက်ခံကို သံသယ ဝင်နေကြတာ... သေချာ မစုံစမ်းရသေးဘဲ စွတ်ပြီး လာတိုက်မှာ မဟုတ်ပါဘူး... ကဲ... ငါတို့ ချိပ်တံဆိပ် အခင်းအကျင်းဆီ ပြန်သွားရအောင်"
ဟု ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
"ချိပ်တံဆိပ် အခင်းအကျင်းဆီ ပြန်သွားမလို့လား"
လင်ရှောင်ရှောင်တို့ အားလုံး အံ့ဩသွားကြသည်။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး...
"မင်းတို့ ရတနာ မလိုချင်ကြဘူးလား... ချိပ်တံဆိပ် အခင်းအကျင်းရဲ့ အောက်ခြေမှာ... နောက်ထပ် လျှို့ဝှက် နေရာလပ် တစ်ခု ရှိနေသေးတယ်... အဲဒီမှာ နောက်ထပ် ချိပ်တံဆိပ် တစ်ခု ရှိတယ်... ရတနာတွေ အများကြီး ရှိလောက်တယ်ကွ"
"ဘုရားရေ၊ နောက်ထပ် ချိပ်တံဆိပ် တစ်ခု ရှိသေးတာလား"
ဖုန်းဝူချန် စကား ကြားလိုက်သည်နှင့် အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ မျက်လုံးများ အရောင်တောက်လာကြသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။
"ငါ ထင်တာ မမှားဘူး ဆိုရင်ပေါ့... ခုနက နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ဝါးမြိုနေတုန်း... နောက်ထပ် ချိပ်တံဆိပ် အခင်းအကျင်း တစ်ခုရဲ့ အရှိန်အဝါကို မတော်တဆ အာရုံခံမိလိုက်တယ်"
"ဒါဆို မြန်မြန် သွားကြည့်ကြတာပေါ့" လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ပြောသည်။
မိနစ်ပိုင်းအတွင်းမှာပဲ... သူတို့အားလုံး ချောက်ကမ်းပါး အောက်ခြေကို ပြန်ရောက်လာကြသည်။
ယခု အချိန်မှာတော့... ချိပ်တံဆိပ် အခင်းအကျင်းကြီးက ပြန်ငြိမ်သက်သွားခဲ့သည်။ ချိပ်ပိတ်ထားသော အနေအထားအား ပြန်ရောက်သွား၏။
သို့ရာတွင်၊ ပတ်ဝန်းကျင်က တောင်တန်းကြီးတွေတော့ အကုန် ပြိုလဲပျက်စီးကုန်ပြီ။ ဖြစ်၏။ ချောက်ကမ်းပါးကြီး ဆိုတာလည်း မြေပြင်ညီ ဖြစ်သွားခဲ့သည်။
ပထမ အကြိမ်တုန်းက အတွေ့အကြုံ ရှိထားတော့... ဖုန်းဝူချန်က ချိပ်တံဆိပ်ကို အလွယ်တကူ ပြန်ဖွင့်လိုက်နိုင်သည်။
သူတို့အားလုံး ဖြူဖွေးသော နေရာလပ်ထဲသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်သွားကြသည်။
"နန်းတော်သခင်... ဒီ နေရာလပ်ထဲမှာ နောက်ထပ် လျှို့ဝှက် ချိပ်တံဆိပ် ရှိတယ်လို့ မထင်ရပါဘူး... ဘာအာရုံ ခံမှုမှ မရဘူး"
ပေတိုယန် နေရာအနှံ့ စမ်းသပ်ကြည့်နေသော်လည်း ဘာမှ မတွေ့ပါ။
"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားရဲ့ အရှိန်အဝါတွေလည်း လုံးဝ ပျောက်သွားပြီ... အစတုန်းက အဲဒီ စွမ်းအားတွေ ဖုံးနေလို့ မသိသာဘူး ထားပါတော့... အခု အကုန် ရှင်းသွားပြီလေ... ရှိရင် သိသာရမှာပေါ့"
ဟု ယဲ့ထျန်းချင်းလည်း မျက်မှောင်ကြုတ်လျက် တွေးတွေးဆဆ ပြောလာသည်။
"ကျွန်တော်လည်း ဘာမှ အာရုံမခံမိဘူး... အစ်ကိုဖုန်း... ဒီမှာ ဘာမှ မရှိပါဘူးဗျာ"
လျိုချင်းယန်လည်း ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ဖြူဖွေးနေသော နေရာလပ်ကလွဲရင် ဘာမှ မမြင်ရပေ။
ထိုအခါ၊ ဖုန်းဝူချန်က ခပ်ပါးပါး ပြုံးလိုက်၏။
"ငါတောင် မတော်တဆ အာရုံခံမိလိုက်တာလေ... ဒီ ချိပ်တံဆိပ် အခင်းအကျင်းက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တယ်"
"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားလောက်ကိုတောင် ချိတ်ပိတ်နိုင်တယ် ဆိုတော့... ဒီ အခင်းအကျင်း ပိုင်ရှင်က တော်တော် စွမ်းအားကြီးတဲ့ လူ ဖြစ်ရမယ်" လင်ရှောင်ရှောင်က သုံးသပ်သည်။
"ဒါ... လူသူ မသိဘဲ ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူ တစ်ယောက်ယောက်ရဲ့ လက်ရာ ဖြစ်မယ်... သူ ချန်ထားခဲ့တဲ့ ရတနာတွေက သာမန် မဖြစ်နိုင်ဘူး... အင်မော်တယ် လက်နက်တွေ၊ အစွမ်းထက်တဲ့ ကျင့်စဉ်တွေ၊ သိုင်းကွက်တွေ ရှိချင်ရှိမှာ"
လျိုချင်းယန်ကတော့ စိတ်ကူးတွေ ယဉ်ပြီး နှုတ်ခမ်းသပ်နေလေ၏။
ဖုန်းဝူချန်သည် 'အစစ်အမှန် ယွမ်' စွမ်းအားများကို လက်ဖဝါးတွင် စုစည်းလိုက်၏။ ရွှေရောင် အလင်းတန်းလေးများ ထွက်ပေါ်လာသည်။
သူက လက်ဖဝါးကို မြေပြင်ပေါ် ညင်သာစွာ တင်လိုက်ပြီး... မျက်လုံးမှိတ်ကာ ချိပ်တံဆိပ် အခင်းအကျင်း ရှိသော နေရာကို အာရုံခံ ရှာဖွေလိုက်၏။
"ချိပ်တံဆိပ် အရှိန်အဝါတွေ ပျောက်သွားပြန်ပြီ"
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိ၏။ အခုကျတော့ သူကိုယ်တိုင်တောင် ရှာမတွေ့တော့။ ချိပ်တံဆိပ် အခင်းအကျင်းက သူတို့ကို တမင် ရှောင်တိမ်းနေသလိုပင်။
"ပျောက်သွားပြီ ဟုတ်လား" လျိုချင်းယန်တို့ ကြောင်သွား၏။
"စောစောက ငါ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ဝါးမြိုလိုက်လို့... အဲဒီ စွမ်းအားက လျှို့ဝှက် ချိပ်တံဆိပ်ကို သွားဆွမိလိုက်တာ ဖြစ်မယ်"
ဟု ဖုန်းဝူချန်က တွေးမိတွေးရာ ပြောလိုက်၏။
"အစ်ကိုဖုန်းတောင် ရှာမတွေ့ဘူးလားရှင်.." မြောင်ချင်းချင်းက မေးလာသည်။
"အချိန် နည်းနည်း ပေးပါ"
ပြောပြောဆိုဆိုပင် ဖုန်းဝူချန်သည် 'ဖျက်ဆီးခြင်း စွမ်းအား' အား ထုတ်သုံးလိုက်၏။ သူ့လက်ဖဝါးတွင် အနီရောင်ရင့်ရင့် အလင်းစက်ဝန်းများ ပေါ်လာပြီး မြေပြင်ပေါ် နောက်တစ်ကြိမ် ဖိချလိုက်၏။
"ဝူး... ဝူး..."
ထိုအချိန်တွင်... ငြိမ်သက်နေသော ဖြူဖွေးသည့် နေရာလပ်ကြီး ရုတ်တရက် တုန်ခါလာသည်။
"တွေ့ပြီ... ရှေးဦး ကမ္ဘာဦး စွမ်းအားက ချိပ်တံဆိပ်ကို လှုံ့ဆော်နိုင်တာပဲ" ဖုန်းဝူချန် ဝမ်းသာအားရ အော်လိုက်၏။
"နန်းတော်သခင်... ဟို အပေါ်မှာ"
ယဲ့ထျန်းချင်းက အပေါ်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။ အားလုံး မော့ကြည့်လိုက်ကြသည်။
နေရာလပ်၏ အပေါ်ဘက် လေထုထဲတွင် ရွှေရောင် အခင်းအကျင်း ပုံစံ တစ်ခု လွင့်မျောနေသည်။ အခင်းအကျင်းက ပျံသန်းနေသကဲ့သို့ပင်။
"ချိပ်တံဆိပ် အခင်းအကျင်းက ပျံတတ်တယ်လား" ကျန်းကျွင့်လန် အံ့ဩသွား၏။
"ထူးဆန်းလိုက်တဲ့ အရှိန်အဝါပဲ... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားနဲ့ လုံးဝ မတူဘူး... အစ်ကိုဖုန်း... ဒါလည်း ရှေးဦး ကမ္ဘာဦး စွမ်းအားပဲလား" လျိုချင်းယန်က စပ်စုလိုက်၏။
"ဒါက အရမ်း ရှေးကျတဲ့ ချိပ်တံဆိပ် အခင်းအကျင်း တစ်ခုပဲ... ရှေးဦး ကမ္ဘာဦး ခေတ်တုန်းက သေဆုံးသွားတဲ့ ဘုရင်တွေကို ချိပ်ပိတ်ဖို့ သီးသန့် ဖန်တီးထားတာ... ကြားဖူးရုံပဲ ရှိသေးတယ်... တခါမှ မမြင်ဖူးဘူး"
ဖုန်းဝူချန် လေးနက်စွာ ပြောလိုက်၏။
ယခုလို ရှေးဟောင်း ချိပ်တံဆိပ်မျိုးကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"ဘုရင် ဟုတ်လား... ဒါဆို အရမ်း စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်ပေါ့... အနည်းဆုံး နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တော့ ရှိမှာပဲနော်" ပေတိုယန် ကြောက်လန့်တကြား မေးလိုက်၏။
"အဲ့ဒီလို ပြောလို့.. ရပါတယ်" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။
ခဏ နားပြီးမှ ဆက်ပြောသည်။
"ဒါပေမဲ့... ဘုရင် တစ်ပါးကို ချိတ်ပိတ်တဲ့ နေရာ ဆိုရင်... ဒီပတ်ဝန်းကျင်က အရမ်း စည်ကားနေသင့်တယ်... အခုလို တောင်တန်းကြီးတွေ ဖြစ်မနေသင့်ဘူး... ပြီးတော့ ဝူကျိ နယ်မြေ နဲ့ အာဏာရှင် နယ်မြေ ကြားထဲမှာ ဖြစ်နေတာက ပိုထူးဆန်းတယ်"
"နတ်ဘုရား အသွင်ပြောင်းဘုံထက် ပိုကြောက်စရာ ကောင်းတာ ဖြစ်နိုင်တယ်... တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားတဲ့ 'စစ်မှန်သော နတ်ဘုရား ဘုံ' အဆင့် ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်နိုင်တယ်... စစ်ပွဲကြီး တစ်ခုခုကြောင့် ပျက်စီးသွားတာ ဖြစ်မယ်" ဟု ကျန်းကျွင့်လန်က ဝင်ရောက် သုံးသပ်လိုက်၏။
"ဖြစ်နိုင်တယ်" ဖုန်းဝူချန်လည်း ထောက်ခံလိုက်၏။
"အလို..စစ်မှန်သော နတ်ဘုရား ဘုံတဲ့လား... နတ်ဘုရား အသွင်ပြောင်းဘုံ အထက်မှာ နောက်ထပ် အဆင့် တစ်ခု ရှိသေးတာလား"
လူတိုင်း အံ့ဩသွားကြသည်။
ထိုအကြောင်း သူတို့..တစ်ခါမှ မကြားဖူးကြပါ။
"နတ်ဘုရား အသွင်ပြောင်းဘုံ ဆိုတာက ဒဏ္ဍာရီလို့ ပြောကြပေမဲ့... တကယ်တမ်းကျတော့ တိုက်ကြီးပေါ်မှာ အဲဒီ အဆင့်ရှိတဲ့ လူတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ 'စစ်မှန်သော နတ်ဘုရား ဘုံ' အဆင့်ကို ရောက်တဲ့လူတော့ ဘယ်သူမှ မရှိသေးပါဘူး"
ကျန်းကျွင့်လန်က ရှင်းပြသည်။ တိုက်ကြီး၏ အဓိက မိသားစုဝင် တစ်ယောက် အနေနှင့် သူက တခြားလူတွေထက် ပိုသိသည်။
"ကျွန်တော့် အဖေ ပြောပြဖူးတာတော့... တစ်ချိန်တုန်းက စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးတယ်တဲ့... ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် အကုန်လုံး ပျောက်ကွယ်
သွားကြတယ်တဲ့... အဲ့ဒီနောက်ပိုင်း ဘယ်သူမှ အဲ့ဒီ အဆင့်ကို ထပ်မရောက်တော့ဘူး"
ကျန်းကျွင့်လန်က ဆက်ပြောပြလာသည်။
ဘာကြောင့် ပျောက်သွားလဲ ဆိုတာ သိချင်သော်လည်း... သူတို့ အဆင့်နှင့် လိုက်မမီနိုင်သော ကိစ္စတွေ ဖြစ်နေသည်။
"အကုန် ပျောက်သွားတာလား... ဘာလို့ ကြောက်စရာ ကောင်းနေတာလဲ"
အားလုံး ထပ်ပြီး အံ့ဩသွားကြပြန်သည်။
"အင်း... ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိကြဘူး... နှစ်တွေ အများကြီး ကြာသွားတာတောင် အဖြေမပေါ်ပါဘူး... တချို့ကတော့ ပြောကြတယ်... အဲဒီ ပုဂ္ဂိုလ်တွေက တခြားနေရာကို ထွက်ခွာသွားကြတာတဲ့... ဘယ်ကို သွားကြလဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး လေ"
"ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်ကြီး ရှိခဲ့တာလား"
လျိုချင်းယန်တို့ အံ့ဩမှင်သက်နေကြသည်။
"စစ်မှန်သော နတ်ဘုရား ဘုံ အဆင့် ပုဂ္ဂိုလ်တွေ ဆိုတာ... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲနော်"
လျိုချင်းယန် မှန်းဆ၍ပင် မရတော့ပါ။
"အစ်ကို ချင်းယန်ကို လေမှုတ်ထုတ်လိုက်ရုံနဲ့တင်... ပြာကျသွားမယ့် အဆင့်မျိုးပေါ့ရှင်"
သူ့ချစ်သူ မြောင်ချင်းချင်းက စနောက်လိုက်လေ၏။