အခန်း (၁၇၇၆-၁၇၇၈)
Vol. 95 Ch. 1776-1778
အခန်း (၁၇၇၆) - ငါ ပွဲထွက်ရမယ့် အချိန်ရောက်ပြီ
~ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် လှောင်ပြောင်လိုသော အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။ သူ၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားတော့၏။
ပထမဦးစွာ သူသည် ဝုဖ်ဂန်းက လူမိုက်များကို ခိုင်းစေ၍ ဆိုဖီ့ကို အနိုင်ကျင့်ခိုင်းသည်ဟု မတရားစွပ်စွဲကာ ဆိုဖီ၏ စိတ်ထဲတွင် ဝုဖ်ဂန်းအပေါ် အထင်အမြင် လွဲမှားသွားအောင် လုပ်ဆောင်ခဲ့သည်။ ထို့နောက် ဝုဖ်ဂန်းအား စကားလုံးများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရန်စကာ အရက်ဆိုင်အတွင်းရှိ ဖောက်သည်များ၏ အာရုံကို ဖမ်းစားခဲ့လေ၏။
နောက်ဆုံးတွင်မူ ဝုဖ်ဂန်းသည် သူ၏ စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရန်ပွဲကို စတင်လိုက်တော့သည်။ အရာအားလုံးသည် ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လက်ခုပ်ထဲက ရေပမာ အကွက်ချထားသည့်အတိုင်း ဖြစ်ပျက်နေခြင်းပင် ဖြစ်ချေသည်။
အမှန်အတိုင်း ပြောရလျှင် ဝုဖ်ဂန်းမှာ အလွန်ပင် လှည့်စားရ လွယ်ကူလွန်းလှသဖြင့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာပင် ပျင်းရိလာမိတော့၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် မိမိဆီသို့ ပြေးဝင်လာကြသော သူဌေးသား အုပ်စုကို တည်ငြိမ်စွာဖြင့် ရင်ဆိုင်လိုက်လေသည်။
ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးသည် ဟွတ်ခ်ဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်လာ၏။ သူသည် ဝုဖ်ဂန်း၏ အဖွဲ့ထဲတွင် အရပ်အမောင်း အမြင့်ဆုံးဖြစ်သကဲ့သို့ ပုံမှန်အားဖြင့်လည်း အားကစားရုံတွင် လေ့ကျင့်ထားသူ ဖြစ်သဖြင့် သန်သန်စွမ်းစွမ်းနှင့် အင်အားကြီးမားပုံ ရလေသည်။ ဝုဖ်ဂန်းသည် ရန်ပွဲများတွင် သူ့အား အမြဲတမ်း ခေါ်ဆောင်လေ့ရှိပြီး သူ၏ သံမဏိလက်သီးအောက်တွင် ပြိုင်ဘက်များစွာ လဲကျခဲ့ဖူးချေသည်။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် မိမိရှေ့ရှိ လူကောင်ကြီးကို ကြည့်ကာ ခေါင်းကို မော့လိုက်ပြီး သူ၏ မေးစေ့ဆီသို့ ပစ်မှတ်ထားလိုက်၏။
လက်သီးတစ်လုံးသည် သပ်ရပ်ပြတ်သားစွာဖြင့် ထိုးထွက်သွားလေသည်။ လူကောင်ကြီး၏ မေးရိုးမှာ သွားချင်း ရိုက်မိသံ တဖျတ်ဖျတ် မြည်သွားရပြီး၊ သူသည် လျှပ်စစ်စီးကြောင်းနှင့် အရှော့ရိုက်ခံလိုက်ရသကဲ့သို့ တောင့်ခဲသွားတော့၏။ ထို့နောက် သူသည် ရွှံ့နွံပုံကြီးပမာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားလေတော့သည်။ သူ၏ မျက်ဝန်းများမှာ ဗလာဟင်းလင်း ဖြစ်နေပြီး မည်သည့် အသိစိတ်မျှ မရှိတော့ချေ။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် သူ၏ အကြည့်ကို နောက်ထပ် သူဌေးသား တစ်ဦးဆီသို့ လှည့်လိုက်ပြန်၏။
သူသည် လျှပ်စီးပမာ လျင်မြန်သော အရှိန်ဖြင့် ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင်လိုက်ပြီး မိမိဆီသို့ လာနေသော လက်သီးကို ဖမ်းဆွဲလိုက်လေသည်။ ထို့နောက် အသာအယာပင် လိမ်ချိုးလိုက်ရာ တစ်ဖက်လူ၏ လက်မောင်းမှာ ထူးဆန်းသော ပုံစံဖြင့် ကွေးညွှတ်သွားတော့၏။
"အား..."
ထိုသူဌေးသားမှာ နာကျင်လွန်းသဖြင့် ငိုယိုကာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ တစ်ကိုယ်လုံး သိမ့်သိမ့်ခါအောင် တုန်ယင်နေတော့သည်။
"ကျစ်... မင်းက တော်တော်လေး ရက်စက်တာပဲ"
ဝုဖ်ဂန်းသည် မိမိ၏ လူများ အထိနာနေသည်ကို မြင်လိုက်ရသောအခါ နှလုံးသားထဲတွင် နာကျင်သွားရရှာ၏။ သူ၏ ရင်ထဲ၌ ဒေါသမီးများမှာ ပြင်းထန်စွာ ကျစ်လောင်လာတော့၏။
ဤလူများသည် ဝုဖ်ဂန်းအတွက် ပျော်ဖော်ပျော်ဖက် သူငယ်ချင်းများမျှသာ ဖြစ်သော်ငြားလည်း၊ သူတို့ မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်ရခြင်းက ဝုဖ်ဂန်းအတွက်မူ လုံးဝ လက်ခံနိုင်စရာ မရှိသော ကိစ္စပင် ဖြစ်လေသည်။
သူသည် ရှေ့သို့ ဒရောသောပါး ပြေးဝင်လိုက်ပြီး သူ၏ ဘယ်ဘက်ခြေထောက်ကို မြှောက်ကာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား ကန်ကျောက်လိုက်၏။ သူ၏ ညာဘက်လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်ဆစ်များမှာ ဖြူဖျော့နေတော့သည်။ သူသည် မိမိ၏ အင်အားအားလုံးကို အသုံးချရန် ပြင်ဆင်ထားခြင်း ဖြစ်လေ၏။
သို့သော်ငြားလည်း ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက်လွန်းလှပေသည်။ သူသည် ဝုဖ်ဂန်း၏ ခြေကန်ချက်ကို ပေါ့ပါးစွာပင် ရှောင်တိမ်းလိုက်၏။ ထိုသို့ ရှောင်တိမ်းရင်းနှင့်ပင် သူ၏ ခြေထောက်ကို မြှောက်ကာ ဝုဖ်ဂန်း၏ ဝမ်းဗိုက်ဆီသို့ တအားထိုးသွင်းလိုက်လေတော့သည်။
ဝုဖ်ဂန်းသည် သူ၏ ဝမ်းဗိုက်ပေါ်သို့ ကြီးမားသော အင်အားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ သူ၏ ပါးစပ်မှာ အလိုအလျောက် ပွင့်သွားရကာ ကိုယ်ကိုလည်း ပျော့ခွေ၍ လဲကျသွားတော့သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများကမူ ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား စိမ်းစိမ်းကြည့်ကာ စိုက်ကြည့်နေမိလေသည်။
လက်သီးဆုပ်ထားသော သူ၏ ညာဘက်လက်မှာလည်း အားအင်များ ကုန်ခမ်းသွားရကာ လက်သီးတစ်လုံးပင် မထိုးလိုက်ရဘဲ မြေပြင်ပေါ်သို့ အဟုန်ပြင်းစွာ ကျရောက်သွားတော့၏။
"မင်း... မင်းတော့လား"
ဝုဖ်ဂန်းက ဒေါသတကြီး ရေရွတ်လိုက်၏။ သို့သော် သူ၏ ရှေ့မှောက်သို့ ရောက်လာသည်မှာ သဲအိတ်အလား ကြီးမားသော လက်သီးတစ်လုံး ဖြစ်ချေသည်။ ထိုလက်သီးမှာ ဝုဖ်ဂန်း၏ ချောမောသော မျက်နှာပေါ်သို့ အားပြင်းစွာ ကျရောက်သွားတော့၏။
ဝုဖ်ဂန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်လဲသွားရပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားလေတော့သည်။ သူ၏ မျက်နှာမှာ နီမြန်းကာ ဖူးရောင်နေပြီး ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေ၏။ သူ၏ ဦးနှောက်တစ်ခုလုံးမှာလည်း တဝီဝီနှင့် မြည်ဟိန်းနေတော့သည်။
ယနေ့တွင်မူ သူသည် တကယ့် ပြိုင်ဘက်ကောင်း တစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံနေရပြီ ဖြစ်မှန်း သိသာလှပေသည်။
...
သခင်လေး ဝုဖ်ဂန်း ရိုက်နှက်ခံလိုက်ရတော့၏။
ဤအခြေအနေကြောင့် အရက်ဆိုင်အတွင်းရှိ လူအများ၏ အာရုံမှာ ဤနေရာသို့ ချက်ချင်းပင် စုပြုံရောက်ရှိလာတော့သည်။ ဝုဖ်ဂန်းက မင်းသမီးလေးကို ကယ်တင်မည်ဟု မျှော်လင့်နေကြသော ကျန်ရှိသည့် သူဌေးသားများမှာလည်း ထိတ်လန့်တကြားဖြင့် ထရပ်လိုက်ကြ၏။
"ပြဿနာ တက်ပြီဟ"
"သခင်လေး ဝုဖ်ဂန်း အရိုက်ခံလိုက်ရပြီ"
"မြန်မြန်... အဲဒီကို သွားကြမယ်"
သခင်လေး ဝုဖ်ဂန်း အရိုက်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ထိုသူဌေးသားများသည် မိမိကိုယ်တိုင် အရိုက်ခံရသည်ထက်ပင် ပို၍ ဒေါသထွက်သွားကြရသည်။ သူတို့သည် မကျေမနပ် ရေရွတ်ရင်း ဝိုင်ပုလင်းများနှင့် အခြားသော လက်နက်များကို ဆွဲကိုင်ကာ ဝုဖ်ဂန်းရှိရာသို့ ပြေးဝင်သွားကြလေတော့သည်။
ယဲ့ဖန်သည် ဆိုဖာပေါ်တွင် ထိုင်နေရင်းမှ အတွေးနက်နေ၏။
'ဒီသူဌေးသားတွေက တော်တော်လေးတော့ သစ္စာရှိကြသားပဲ။ ဒါပေမဲ့... သူတို့က ဘာမှ အကူအညီ ဖြစ်မှာ မဟုတ်ဘူး'
သူတို့ ရင်ဆိုင်နေရသော ပြိုင်ဘက်သည် အပြင်ပန်း မြင်တွေ့နေရသကဲ့သို့ သာမန်လူတစ်ဦး မဟုတ်ပေ။ ထိုသာမန်ရုပ်ရည်၏ အောက်တွင် ဖော့ခ်စီးတီး၏ ထိပ်တန်းလွှာ သခင်လေး ဒီဗွန်ရှိုင်းယား ဟွတ်ခ် ပုန်းကွယ်နေခြင်း ဖြစ်ချေသည်။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် သိုင်းပညာ ပါရမီရှင် တစ်ဦး ဖြစ်၏။ သူသည် ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒိုနှင့် အခြားသော တိုက်ခိုက်ရေး ပညာရပ်များစွာကို အတပ်သိ နားလည်ထားသူ ဖြစ်လေသည်။ သူသည် ပြိုင်ဘက်ကင်း သလောက်ရှိသော သိုင်းဆရာပေါင်းများစွာကို စိန်ခေါ် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ချေသည်။
နောက်ဆုံးတွင် ထိုသိုင်းဆရာများ အားလုံးမှာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ကြရလေသည်။ ဤအကြောင်းများကို ပြင်ပလူများ မသိရှိစေရန်အတွက် ဟွတ်ခ်သည် ထိုသိုင်းဆရာများကို နှုတ်ပိတ်ခအဖြစ် ငွေကြေး အမြောက်အမြား ပေးခဲ့၏။ သိရှိသွားသော သာမန်လူများကိုမူ မည်သည့် ခြေရာခံမှ မကျန်အောင် ရှင်းလင်းပစ်ခဲ့လေသည်။
ယဲ့ဖန်သည် ထိုသူဌေးသားများ၏ ကံကြမ္မာကို ကြိုတင် သိမြင်နေသဖြင့် အံ့အားသင့်ခြင်း မရှိပေ။ သူတို့သည် ပုံမှန်အားဖြင့် သောက်စားပျော်ပါးခြင်းကိုသာ သိရှိကြသူများဖြစ်ရာ၊ သူတို့၏ ခန္ဓာကိုယ်များမှာ သေရည်နှင့် ကာမဂုဏ်များကြောင့် အားအင် ချည့်နဲ့နေခဲ့သည်မှာ ကြာလှပြီ ဖြစ်လေသည်။ အကယ်၍ သူတို့သာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်ကို အနိုင်ယူနိုင်ခဲ့လျှင် ၎င်းသည် တကယ့်ကို ယုံနိုင်ဖွယ်မရှိသော ထူးဆန်းမှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
‘ငါ ပွဲထွက်ရမယ့် အချိန်ရောက်ပြီ’
ယဲ့ဖန်သည် သူ၏ ဝိုင်ခွက်ကို ချလိုက်လေတော့သည်။
...
ယဲ့ဖန် တွက်ဆထားသည့်အတိုင်းပင်... ဝုဖ်ဂန်း၏ နောက်မှ လိုက်လာသော သူဌေးသားများမှာ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြတော့၏။ သူတို့မှာ လူအင်အား (၁၀) ဦးကျော် ရှိသော်ငြားလည်း ဒီဗွန်ရှိုင်းယား ဟွတ်ခ်ကမူ သူတို့၏ ပုလင်းများ၊ တုတ်များဖြင့် တိုက်ခိုက်မှုကို ပေါ့ပါးစွာပင် ရှောင်တိမ်းနေလေသည်။ သူသည် သူတို့ကြားတွင် လှည့်ပတ်သွားလာရင်း ရက်စက်ကြမ်းကြုတ်စွာဖြင့် လက်သီးတစ်လုံးချင်း ထိုးသွင်းကာ ကန်ကျောက်နေတော့သည်။
ဝုဖ်ဂန်းသည် မြေပြင်ပေါ်တွင် ထိုင်နေရင်း သူ၏ ဝမ်းဗိုက်ကို ဆွဲကိုင်ကာ ဝေဒနာကို မအောင့်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။ သူ၏ မျက်နှာမှာ ဖူးရောင်နေသဖြင့် နဂိုရှိရင်းစွဲ ချောမောသော ရုပ်ရည်မှာ ပျောက်ကွယ်သွားရတော့၏။ ယခုအချိန်တွင်မူ ဤသူမှာ ဖော့ခ်စီးတီး၏ မောက်မာလှသော သခင်လေး ဖြစ်မှန်း သိရှိရန်ပင် ခဲယဉ်းလှပေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖန်သည် လူအုပ်ကြားထဲမှ ထွက်လာပြီး ဝုဖ်ဂန်း၏ အနားတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။
"ဘယ်လိုလဲ... ခင်ဗျား အဆင်ပြေရဲ့လား"
တစ်စုံတစ်ဦးက သူ၏ ပုခုံးကို လာရောက် ပုတ်လိုက်သဖြင့် ဝုဖ်ဂန်းသည် နာကျင်မှုကြောင့် မျက်နှာ ကွက်ခနဲ ပျက်သွားရသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း နောက်သို့ လှည့်ကြည့်ကာ ယဲ့ဖန်ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်၏။
"ကျစ်... ယဲ့ဖန်... ခင်ဗျား ဘာလုပ်နေတာလဲ"
ဝုဖ်ဂန်း၏ မျက်နှာပေါ်ရှိ ဒဏ်ရာဒဏ်ချက်များကြောင့် စကားပြောလိုက်တိုင်း နာကျင်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်သည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိလေသည်။
"ဒီပုံစံနဲ့ဆိုရင် ခင်ဗျားရဲ့ မိဘတွေတောင် ခင်ဗျားကို မှတ်မိနိုင်ပါ့မလား မသိဘူးနော်"
"သောက်ကျိုးနည်း... ခင်ဗျား..ကျွန်တော့်ကို လာပြီး လှောင်နေတာလား"
"ကောင်းပြီ... ကောင်းပြီ"
ယဲ့ဖန်က ဝုဖ်ဂန်း၏ မျက်နှာကို ကြည့်ကာ စိတ်ထဲမှ မသိမသာ ရယ်မောနေမိ၏။
နောက်ဆုံးတွင်မူ ပါးစပ် သရမ်းတတ်သော ဤကောင်စုတ်ကို တစ်စုံတစ်ဦးက ပညာပေးလိုက်ပြီ မဟုတ်ပါလော။
ယဲ့ဖန်သည် ဤကောင်လေး အနာဂတ်တွင် ပို၍ စကားနားထောင်လာလိမ့်မည်ဟု မျှော်လင့်နေမိသည်။
ယဲ့ဖန်က တည်ကြည်လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
"ခင်ဗျားရဲ့ ဒေါသတွေကို ကျွန်တော်က ဝင်ပြီး ဖြေရှင်းပေးရမလား"
"ခင်ဗျားကလား"
ဝုဖ်ဂန်းသည် ယဲ့ဖန်အား လူအူကြောင် တစ်ဦးကို ကြည့်သကဲ့သို့ မထီမဲ့မြင် ကြည့်လိုက်လေသည်။ ဝုဖ်ဂန်း၏ အမြင်တွင် ယဲ့ဖန်၏ ကိုယ်လုံးကိုယ်ပေါက်မှာ သူ့လောက်ပင် မကြီးမားသည် မဟုတ်ပါလော။
ဤကဲ့သို့သော အနေအထားနှင့် လူ (၁၀) ယောက်ကျော်ကို အလဲထိုးနိုင်သော ထိုလူကြမ်းကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
ဝုဖ်ဂန်းသည် ယဲ့ဖန်၏ စကားကို လုံးဝ မယုံကြည်နိုင်ဘဲ ရှိနေတော့သတည်း။
အခန်း (၁၇၇၇) - ငါတို့ ရုပ်ရှင်ကြည့်နေကြတာလား
~ဝုဖ်ဂန်း၏ စိတ်ပျက်စရာကောင်းလှသော မျက်နှာထားကို မြင်လိုက်ရချိန်တွင် ယဲ့ဖန်သည် ချက်ချင်းပင် စိတ်တိုသွားရလေ၏။
"ခင်ဗျား ယုံတာ မယုံတာကတော့ ခင်ဗျားအပိုင်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ အရိုက်ခံနေရတာက ကျွန်တော်မှ မဟုတ်တာ"
ဝုဖ်ဂန်းသည် ခေတ္တမျှ တွေဝေသွားရ၏။ ယနေ့တွင် သူကဲ့သို့ အမည်မသိ လူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းသည် ဖော့ခ်စီးတီးအတွင်း ပျံ့နှံ့သွားမည်မှာ သေချာလှပေသည်။
ဤသည်မှာ ဖော့ခ်စီးတီး၏ ထိပ်တန်း ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးအတွက်မူ အလွန်ပင် အရှက်ရစရာ ကောင်းလှသည် မဟုတ်ပါလော။
ယဲ့ဖန်၏ အစွမ်းအစကို သူ မသိရှိသော်ငြားလည်း အကယ်၍များ ဖြစ်နိုင်ခဲ့လျှင်...။
သူသည် မိမိကိုယ်ကို အားယူကာ ဆုံးဖြတ်လိုက်လေသည်။
"ကောင်းပြီလေ... ကျွန်တော် ခင်ဗျားကို ယုံပါတယ်။ ကျွန်တော့်အတွက် အငြိုးအတေးတွေကို ပြန်ပြီး ချေပပေးစမ်းပါ"
ယဲ့ဖန်က ပခုံးတွန့်လိုက်၏။ ဝုဖ်ဂန်း အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် သဘောတူလိုက်သည်ကို သူ ကောင်းကောင်းကြီး သိရှိထားပေသည်။
"ဟဲဟဲ... ငါ့မှာ အခြေအနေ တစ်ခုတော့ ရှိတယ်။ ငါ့ကို Red Knight ဝိုင် တစ်ပုလင်း တိုက်ရမယ်"
ယဲ့ဖန်သည် ဤကောင်လေးကို လွယ်လွယ်နှင့် လွှတ်ပေးရန် စိတ်ကူးမရှိပေ။
"ခင်ဗျားက အခွင့်ကောင်းယူပြီး ဈေးတင်နေတာလား။ အခုချိန်မှာ ကျွန်တော့်ဆီက ဝိုင်တစ်ပုလင်း လိမ်သောက်ဖို့ ကြံနေတာပေါ့လေ"
ဝုဖ်ဂန်းက ယဲ့ဖန်အား ချက်ချင်းပင် ပြန်လည် ချေပလိုက်လေ၏။
"ဒီလို လုပ်ကြစမ်းပါ... ကျွန်တော် ခင်ဗျားအတွက် အငြိုးအတေးတွေ ပြန်ချေပပေးမယ်။ အဲဒီကောင်ကိုလည်း ကောင်းကောင်းကြီး ပညာပေးလိုက်မယ်။ အဲဒီအတွက် ခင်ဗျား..ကျွန်တော့်ကို ဝိုင်တစ်ပုလင်း ပြန်ဧည့်ခံရမယ်။ ဘယ်လိုလဲ"
ယဲ့ဖန်သည် စကားအရှည်ကြီး ပြောမနေတော့ဘဲ ပြတ်သားစွာပင် ကမ်းလှမ်းလိုက်တော့သည်။
"ကောင်းပြီလေ။ တကယ်လို့ ခင်ဗျားသာ သူ့ကို လက်စားချေပေးနိုင်မယ် ဆိုရင်တော့... တစ်ပုလင်းတည်း မဟုတ်ဘူး၊ (၁၀) ပုလင်းတောင် တိုက်နိုင်တယ်"
"သဘောတူပြီ"
ယဲ့ဖန်သည် ဝုဖ်ဂန်း၏ ပုခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး၊ တမင်သက်သက်ပင် လိမ်ဆွဲလိုက်သေး၏။ ထိုအခါ ဝုဖ်ဂန်းမှာ နာကျင်လွန်းသဖြင့် မျက်နှာ ပျက်သွားရကာ မျက်ရည်များပင် ဝဲလာတော့သည်။
"ယဲ့ဖန်... ခင်ဗျား ဒါကို တမင် လုပ်တာလို့ ကျွန်တော် သံသယရှိတယ်နော်"
"ဒါ ဘယ်လောက် နာတယ်ဆိုတာ ခင်ဗျား သိရဲ့လား"
ယဲ့ဖန်က ပြုံးရုံသာ ပြုံးနေပြီး ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထို့နောက် သူသည် နောက်သို့ ချာခနဲ လှည့်ထွက်လိုက်ပြီး မိမိဘာသာ ကြားနိုင်ရုံမျှသော အသံဖြင့် ရေရွတ်လိုက်လေ၏။
'ဒါကတော့... မကောင်းတဲ့ စိတ်ထားတွေ ရှိနေတဲ့အတွက် ပေးတဲ့ ပြစ်ဒဏ်လေးပါပဲ'
ယဲ့ဖန်သည် ဝုဖ်ဂန်း၏ သတ်ဖြတ်လိုသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး သိမ်မွေ့သော မဲ့ပြုံးတစ်ချက်နှင့်အတူ ထွက်ခွာလာခဲ့တော့သည်။
...
ယဲ့ဖန်သည် ဒီဗွန်ရှိုင်းယား ဟွတ်ခ် ရှိရာသို့ လျှောက်လှမ်းသွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင်ပင် မျှော်လင့်မထားသော အသံတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရ၏။
"ဟို... ကျေးဇူးပြုပြီး အဲဒီကို မသွားပါနဲ့"
ယဲ့ဖန် အနည်းငယ် အံ့အားသင့်သွားကာ ထိုအသံရှင်ကို လိုက်လံ ရှာဖွေကြည့်လိုက်ရာ၊ ချစ်စဖွယ် ရုပ်ရည်ရှိသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုသူမှာ ဆိုဖီ ပင် ဖြစ်ချေသည်။
"မိန်းကလေး ဆိုဖီ... ဘာကိစ္စ ရှိလို့လဲ"
ဒီဗွန်ရှိုင်းယား ဟွတ်ခ် မျက်စိကျရလောက်သည့် အမျိုးသမီးဖြစ်သည့်အတိုင်း သူမ၏ အလှမှာ အန်းကျူပရင့်စ်နှင့်ပင် ရင်ဘောင်တန်းနိုင်လှပေသည်။ အကယ်၍ အန်းကျူပရင့်စ်မှာ မည်သူမျှ တည့်တည့် မကြည့်ဝံ့သော မြင့်မြတ်သည့် ပန်းတစ်ပွင့် ဖြစ်လျှင်၊ ဆိုဖီမှာမူ လူတိုင်းက ချစ်ခင်ရပြီး နွေးထွေးမှုကို ပေးစွမ်းနိုင်သော လှပသည့် နေကြာပန်းလေး တစ်ပွင့်နှင့် တူလှပေသည်။
ယဲ့ဖန်က သူမ၏ အမည်ကို ခေါ်လိုက်သဖြင့် ဆိုဖီမှာ ထိတ်လန့်သွားရ၏။ သူမသည် မိမိ နားကြားမှားသလောဟုပင် သံသယ ဖြစ်သွားရရှာသည်။
သူမသည် ထိုအကြောင်းကို တွေးတောနေရင်း မျက်နှာလေးမှာ နီမြန်းသွားတော့၏။ ယဲ့ဖန်သည် သူမ၏ အမည်ကို သိရှိနေရုံသာမက သူမအား အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။
"မိန်းကလေး ဆိုဖီ"
ယဲ့ဖန်က ထပ်မံ၍ ခေါ်လိုက်ပြန်သည်။ ဤမိန်းကလေးမှာ ဘာလုပ်ချင်နေသည်ကို သူ မသိတော့ပေ။ စောစောက ပျာပျာသလဲ လှမ်းခေါ်ခဲ့ပြီး၊ ယခုကျမှ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်မှာ သူ့အပေါ် စွဲလမ်းနေသော အမျိုးသမီး တစ်ဦးနှင့်ပင် တူနေတော့၏။
သို့သော်လည်း ဆိုဖီသည် ဒီဗွန်ရှိုင်းယား ဟွတ်ခ်ပင်လျှင် အနိုင်မရနိုင်ခဲ့သော အမျိုးသမီး ဖြစ်သည် မဟုတ်ပါလော။
ယဲ့ဖန်သည် ဆိုဖီနှင့် တစ်ခါမျှ မဆုံဖူးခဲ့ဘဲ ယခုမှသာ မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ သူ၏ ဆွဲဆောင်မှုမှာ မြင့်မားလှသည်ကို သူ သိရှိထားသော်လည်း လူတိုင်း၏ ချစ်ခင်မှုကို ရရှိနိုင်လောက်သည်အထိတော့ မိမိကိုယ်ကို အထင်ကြီးမနေပေ။
"ရှင်က အဲဒီလူနဲ့ သွားပြီး တိုက်ခိုက်မလို့လား။ ကျေးဇူးပြုပြီး မသွားပါနဲ့။ ရှင် ဒဏ်ရာ ရသွားပါလိမ့်မယ်"
ဆိုဖီသည် သတိပြန်ဝင်လာကာ ယဲ့ဖန်အား အလျင်အမြန်ပင် တားဆီးလိုက်လေသည်။
ယဲ့ဖန်သည် ဆိုဖီ၏ စိုးရိမ်မှုကို သဘောပေါက်လိုက်၏။ သူမသည် အရက်ဆိုင်အတွင်းရှိ ရန်ပွဲမှာ ကြီးကျယ်သွားမည်ကို စိုးရိမ်နေသကဲ့သို့၊ ယဲ့ဖန် ဒဏ်ရာ ရသွားမည်ကိုလည်း ပူပန်နေခြင်း ဖြစ်ချေသည်။
"မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ငါ့ချစ်သူရဲ့ လက်အောက်ငယ်သား တစ်ယောက် အရိုက်ခံလိုက်ရတာကိုတော့ ငါ ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ"
ဝုဖ်ဂန်း၏ မျက်နှာမှာမူ ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်သွားရ၏။
'ကျစ်... ဒီကောင်ကတော့ ငါ့ကို အခုထိ အခွင့်ကောင်းယူနေတုန်းပဲ'
ဆိုဖီသည် ယဲ့ဖန်၏ အဖြေကို ကြားလိုက်ရချိန်တွင် သူ၏ စေတနာကို ချီးကျူးမိသော်လည်း၊ သူမ၏ နှလုံးသားထဲတွင်မူ အလွန်တရာ ခါးသက်သော ခံစားချက်မျိုး ဖြစ်ပေါ်သွားရရှာသည်။
'သခင်လေး ဝုဖ်ဂန်းရဲ့ ဝမ်းကွဲအစ်မက ရှင့်အတွက် တော်တော်လေး အရေးပါတာပဲနော်။ အဲဒီလူနဲ့ တိုက်ခိုက်ရတာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သိလျက်နဲ့တောင် ရှင်က သွားနေတုန်းပဲ'
ယဲ့ဖန်၏ အဓိက ရည်ရွယ်ချက်မှာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား တားဆီးရန် ဖြစ်မှန်းကိုမူ ဆိုဖီခမျာ မသိရှိရှာပေ။
...
ယဲ့ဖန်သည် မတ်တပ်ရပ်နေနိုင်သေးသော နောက်ဆုံး ဒုတိယမျိုးဆက် သူဌေးသား နှစ်ဦးကို ဘေးသို့ တွန်းဖယ်လိုက်လေသည်။
"မင်းတို့ သွားကြတော့။ ဒါကို ငါ့ကိုပဲ လွှဲထားလိုက်စမ်း။ တခြားသူတွေကို သွားပြီး ဖေးမ ပေးလိုက်ကြပါဦး"
ထိုသူဌေးသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ယဲ့ဖန်အား ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြလေတော့သည်။
"မိတ်ဆွေ... ကိုယ်သဘောကျတဲ့ မိန်းကလေးကို ဖားယားတာကတော့ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ နည်းလမ်းတွေကတော့ တော်တော်လေး အောက်တန်းကျလွန်းတယ် မဟုတ်လား"
ယဲ့ဖန်၏ ပထမဦးဆုံး စကားလုံးမှာပင် ရန်လိုမှုများ ပြည့်နှက်နေလေသည်။ သူသည် ရုပ်ဖျက်ထားသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။
"သခင်လေး ဝုဖ်ဂန်းက မိန်းကလေး ဆိုဖီ့ကို ကူညီပေးဖို့အတွက် စေတနာနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ မင်းကတော့ ရှေ့ထွက်လာပြီး သူက အဲဒီ လူမိုက်တွေနဲ့ ပူးပေါင်းနေပါတယ်လို့ မတရား စွပ်စွဲနေတာပဲ။ မင်းမှာ ဤကဲ့သို့ စွပ်စွဲဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ မင်း သိထားရမှာက... ဒီအရက်ဆိုင်မှာ လုံခြုံရေး ကင်မရာတွေ ရှိတယ်ဆိုတာပဲ"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာထားမှာ မည်းမှောင်သွားရတော့၏။
ယဲ့ဖန်သည် ဤပြဇာတ်ထဲတွင် ပါဝင်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် ယဲ့ဖန်သည် ဤပြဇာတ်၏ အားနည်းချက်ကိုပါ ထောက်ပြလိုက်သည် မဟုတ်ပါလော။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"မင်းက သက်တော်စောင့် ခေါ်ဖို့အတွက် အချိန်ဆွဲနေတာပဲ ဖြစ်ရမယ်"
"စကားတွေ အများကြီး ပြောမနေနဲ့တော့။ တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့"
"ဒါဆိုရင်လည်း ငါက အားနာနေမှာ မဟုတ်ဘူး"
ယဲ့ဖန်သည် သူ၏ ဝတ်စုံပေါ်ရှိ နက်ကတိုင်ကို လျော့လိုက်ရင်း ဒီဗွန်ရှိုင်းယား ဟွတ်ခ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေသည်။
သူ၏ အရိုးများနှင့် ကြွက်သားများထံမှ တဖျတ်ဖျတ် မြည်သံများ ထွက်ပေါ်လာကာ ကိုယ်ခန္ဓာအတွင်း၌ နွေးထွေးသော စွမ်းအင်များ စီးဆင်းလာတော့၏။ အဆုံးမဲ့သော ခွန်အားတို့သည် သူ၏ တစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်နေတော့၏။ အရှေ့တိုင်းမှ သိုင်းပညာ စွမ်းအားများသည် မြက်ခင်းပြင်ပေါ်တွင် တစ်ဟုန်ထိုး ပြေးလွှားတော့မည့် မြင်းရိုင်း တစ်ကောင်ပမာ ရှိနေတော့သည်။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်ကပင် စတင် လှုပ်ရှားလိုက်၏။
ဝုဖ်ဂန်းနှင့် တိုက်ခိုက်မှုမှာမူ သွေးပူ လေ့ကျင့်ခန်းမျှသာ ဖြစ်ပြီး၊ သူသည် သူ၏ အစွမ်းအားလုံးကို အသုံးမပြုခဲ့သည်မှာ ထင်ရှားလှပေသည်။
ထိုအခိုက်အတန့်၌ သူ၏ ညာဘက်ခြေထောက်ကို ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး၊ တစ်ကိုယ်လုံးကို ရှေ့သို့ ယိမ်းနွဲ့ကာ ယဲ့ဖန်၏ မျက်နှာဆီသို့ သူ၏ ညာဘက်လက်ဖြင့် ကုတ်ခြစ်ရန် ကြိုးစားလိုက်လေသည်။
သူ တိုက်ခိုက်လိုက်သည့် ခဏ၌ပင် လေတိုးသံများမှာ ဝီဝီနှင့် မြည်ဟိန်းသွားရ၏။
ဤသည်မှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အကယ်၍များ ဤတိုက်ကွက်ကသာ ထိမှန်သွားခဲ့လျှင် ယဲ့ဖန်၏ မျက်နှာမှာ ပျက်စီးသွားမည်မှာ သေချာလှပေ၏။
သူသည် ဤကဲ့သို့သော နည်းလမ်းမျိုးကို အကြိမ်ပေါင်း များစွာ ကျူးလွန်ခဲ့ဖူးသူ ဖြစ်ချေသည်။
သူသည် ပြိုင်ဘက်၏ မျက်နှာတစ်ခုလုံးကို သူ၏ လက်ဖဝါးဖြင့် အုပ်မိုးလိုက်ပြီးနောက်၊ ပြင်းထန်စွာ ဖိညှစ်ကာ မျက်နှာသွင်ပြင်များကို ဖျက်ဆီးပစ်လေ့ ရှိသည်။ ထို့နောက် ပြိုင်ဘက်၏ နာကျင်စွာ အော်ဟစ်သံနှင့် ပုံပျက်ပန်းပျက် ဖြစ်သွားသော ရုပ်ရည်ကို ကြည့်ကာ သာယာနေတတ်သူ ဖြစ်လေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဆိုဖီသည် စိုးရိမ်ထိတ်လန့်လွန်းသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားမိတော့သည်။
ဝုဖ်ဂန်းသည် မြေပြင်ပေါ်တွင် ထိုင်နေရင်း လက်သီးကို တင်းတင်းဆုပ်ကာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေလေ၏။
ယဲ့ဖန်၏ လှုပ်ရှားမှုမှာမူ ထိုသူထက်ပင် များစွာ မြန်ဆန်လွန်းနေသည်။
သူ၏ မျက်လုံးထဲတွင်မူ ကုတ်ခြစ်ရန် ပြင်နေသော ထိုညာဘက်လက်မှာ အရုပ်ဖမ်းစက်ထဲမှ စက်ရုပ်လက်တံ တစ်ခုပမာ အားအင်ကင်းမဲ့နေသယောင် ရှိ၏။
သူသည် ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်ရာ၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လက်မှာ သူ၏ ဦးခေါင်းဘေးမှ ပွတ်ကာသီကာလေး ရှောင်တိမ်းသွားတော့သည်။
တဆက်တည်းမှာပင် သူတို့နှစ်ဦးသည် ကျောချင်းကပ်လျက် အနေအထားဖြင့် တစ်ဦးကိုတစ်ဦး ဖြတ်ကျော်သွားကြလေ၏။
"ဟယ်"
လူအုပ်ကြီးဆီမှ အံ့သြသော အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။
ယဲ့ဖန်၏ လှုပ်ရှားမှုမှာ အလွန်ပင် ခန့်ညားလွန်းလှပြီး လျှပ်စီးပမာ မြန်ဆန်လွန်းလှပေသည်။
စောစောက ပွဲကြည့်ပရိသတ်များမှာ အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားနေသဖြင့် သူတို့၏ နှလုံးခုန်သံများမှာ ရပ်တန့်မတတ် ဖြစ်ခဲ့ရ၏။ ထိုလက်သည်းများက မိမိတို့ကို လာရောက် ဖမ်းဆွဲမည်ကို စိုးရိမ်သဖြင့် သူတို့၏ ကိုယ်ခန္ဓာများမှာ အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ကြရသည်။
သို့သော် ယဲ့ဖန်မှာမူ ခေါင်းကို အနည်းငယ်သာ လွှဲလိုက်ပြီး၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ တိုက်ခိုက်မှုကို လက်ညှိုးတစ်ချောင်းစာမျှသာ ကွာဝေးသော အကွာအဝေးမှနေ၍ ရှောင်တိမ်းနိုင်ခဲ့သည် မဟုတ်ပါလော။
"ငါတို့ ရုပ်ရှင်ကြည့်နေကြတာလား"
"ဒါက ရုပ်ရှင်ထဲက ကျည်ဆန်ရှောင်တဲ့ အခန်းအတိုင်းပဲ မဟုတ်လား"
"သူ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ"
...
ယဲ့ဖန်သည် ရှောင်တိမ်းလိုက်သည့် ခဏ၌ပင် သူ၏ ဘယ်ဘက်ခြေထောက်ကို မြေပြင်ပေါ်တွင် အချက်ပြုလိုက်ပြီး၊ ထိုခြေထောက်ကို ဗဟိုပြုကာ တစ်ပတ် ချာခနဲ လှည့်လိုက်လေသည်။ ထို့နောက် မြှောက်တက်လာသော သူ၏ ညာဘက်ခြေထောက်မှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော လေအဟုန်ကို သယ်ဆောင်လာပြီး ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ရင်ညွန့်ဆီသို့ ဝဲခနဲ ရိုက်ခတ်သွားတော့၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ လက်မောင်းနှစ်ဖက်ကို ကပျာကယာ မြှောက်ကာ ကာဆီးလိုက်ရလေသည်။
"ဗုန်း"
နာကျင်ဖွယ်ကောင်းသော ထုရိုက်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လက်နှစ်ဖက်မှာ ကျိုးသွားခဲ့ရတော့၏။
ယဲ့ဖန်၏ ခြေကန်ချက်မှာ ကြီးမားသော ပုဆိန်ကြီးတစ်လက်က သူ၏ လက်ပေါ်သို့ ခုတ်ပိုင်းလိုက်သကဲ့သို့ ပြင်းထန်လွန်းလှပေသည်။
ထိုကြောက်မက်ဖွယ် ကောင်းသော အင်အားကြောင့် သူ၏ လက်မောင်းများ ကျိုးသွားရရုံတင်မကဘဲ၊ ကျန်ရှိနေသော အရှိန်အဟုန်မှာ သူ၏ လက်ဖျံများမှတဆင့် ဦးခေါင်းဆီသို့ ရိုက်ခတ်သွားသဖြင့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာ အနည်းငယ် မူးဝေသွားရလေတော့သတည်း။
အခန်း (၁၇၇၈) - ကိုယ့်ထက်သာသူ အမြဲရှိစမြဲပဲ
~ယဲ့ဖန်၏ တိုက်စစ်က ရပ်တန့်သွားခြင်း မရှိသေးပေ။ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ လက်မောင်းနှစ်ဖက်ကို ရိုက်ချိုးလိုက်သည်နှင့် တပြိုင်နက်၊ သူ၏ ဝမ်းဗိုက်ဆီသို့ နောက်ထပ် ခြေကန်ချက်တစ်ချက်ကို ထပ်မံ၍ အဟုန်ပြင်းစွာ ပစ်လွှင့်လိုက်ပြန်၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ပျာပျာသလဲပင် ခုခံရန် ပြင်လိုက်ပြီး၊ ကျိုးနေသော သူ၏ လက်မောင်းနှစ်ဖက်ကို အားပြုကာ ယဲ့ဖန်၏ ညာဘက်ခြေထောက်ကို ချုပ်ကိုင်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြားလည်း ထိုသို့ ပြုလုပ်ခြင်းက သူ၏ လက်မောင်းအရိုးများကို ထပ်မံ၍ အက်ကွဲသွားစေပြီး၊ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်လဲသွားရတော့၏။
ထိုခဏ၌ပင် ယဲ့ဖန်သည် လေထဲသို့ (၂) မီတာခန့် မြင့်တက်သွားပြီး၊ သူ၏ ဘယ်ဘက်ခြေထောက်ကို ခေါင်းပေါ်အထိ မြှင့်ကာ ပုဆိန်ကြီးတစ်လက်ပမာ ဝုန်းခနဲ ရိုက်ချလိုက်လေသည်။ ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာမူ မိမိ၏ မျက်လုံးထဲတွင် ပိုမိုကြီးမားလာသော ထိုခြေကန်ချက်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
"ဂျွတ်"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ဦးခေါင်းမှာ အရှေ့သို့ တောင့်ခဲစွာ ငိုက်ကျသွားရပြီး၊ အရိုးကျိုးသံမှာ စူးရှစွာ ထွက်ပေါ်လာတော့၏။ သူ၏ ခန္ဓာကိုယ်မှာ သေရည်မူးနေသူတစ်ဦးပမာ ယိမ်းထိုးနေပြီး၊ ရှေ့တွင် ဘာရှိနေသည်ကို မြင်နိုင်ရန်အတွက် မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်နေရှာသည်။
သို့သော် ယဲ့ဖန်က သူ၏ လက်ကို မြှောက်ကာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာပေါ်သို့ လက်သီး တစ်လုံး ပစ်သွင်းလိုက်ပြန်၏။ ထို့နောက် အခြား လက်တစ်ဖက်ကိုလည်း လေးကြိုး တစ်ချောင်းပမာ နောက်သို့ ဆွဲယူလိုက်ပြီး၊ ယခုတစ်ကြိမ်တွင်မူ ဟွတ်ခ်၏ ရင်ဘတ်တည့်တည့်ဆီသို့ ပစ်မှတ်ထားလိုက်လေတော့သည်။
"ဗုန်း... ဗုန်း... ဗုန်း"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် နောက်သို့ တစ်လှမ်းချင်း လွင့်စဉ်ထွက်သွားရ၏။ သူသည် အရာအားလုံးကို ဝေဝါးစွာသာ မြင်တွေ့နေရပြီး၊ သူ၏ ဦးနှောက်မှာလည်း ထုံထိုင်းနေတော့၏။ သူသည် မသိစိတ်၏ တွန်းပို့မှုကြောင့်သာ နောက်သို့ တရွေ့ရွေ့ လျှောက်လှမ်းနေမိတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းမှာ ကြက်သေသေသွားကြရ၏။ ဘေးပတ်ဝန်းကျင်ရှိ ဖောက်သည်များမှာလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး၊ လက်သီးတစ်လုံး ထိုးလိုက်တိုင်း သွေးများ ဝေါ့ခနဲ အန်ချနေရသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်ကို ကြည့်ကာ အသံပင် ထွက်မလာနိုင်တော့ချေ။
ယဲ့ဖန်က ဘေးသို့ ဖယ်ခိုင်းလိုက်သော သူဌေးသား အုပ်စုမှာလည်း အလိုအလျောက် တံတွေးကို မျိုချလိုက်မိကြတော့၏။
"ဟယ်... ဒီလူကြီးမင်းက တကယ်ကို အစွမ်းထက်တာပဲ။ ဒါကြောင့်လည်း အဲဒီလူကြမ်းကို သွားပြီး စိန်ခေါ်ရဲတာကိုး"
"သူက တရုတ်ပြည်က လာတာလေ။ ဒါက ဧကန်မလွဲ တရုတ်ပြည်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာပဲ ဖြစ်ရမယ်"
ဝုဖ်ဂန်း၏ မျက်နှာမှာမူ မည်းမှောင်နေပြီး၊ ကြမ်းပြင်ကို လက်ဖြင့် ဝုန်းခနဲ ထုချကာ မကျေမနပ် ရေရွတ်လိုက်လေသည်။
"ဒီလူက ဒီလောက် အစွမ်းထက်နေတာကို... ငါတို့တွေ အရိုက်ခံနေရတုန်းက ဘာလို့ ဝင်မတိုက်တာလဲ"
"သူက ငါတို့ကို တမင် သက်သက် အရှက်ခွဲနေတာပဲ"
ဘေးနားရှိ သူဌေးသားများကမူ ဝုဖ်ဂန်းကို ကပျာကယာပင် ချော့မော့ပြောဆိုလိုက်ကြ၏။
"သခင်လေးရဲ့ ယေက်ဖက ကျွန်တော်တို့အားလုံး ဝိုင်းတိုက်ရင်တောင် ရှုံးလိမ့်ယ်လို့ မထင်ထားလို့ နေမှာပါ"
"ဟုတ်တယ်... ဟုတ်တယ်"
"ဒါ့အပြင်... အနည်းဆုံးတော့ သခင်လေးရဲ့ ယောက်ဖက အဲဒီကောင်ကို ကောင်းကောင်းကြီး ပညာပေးလိုက်တာပဲ မဟုတ်လား"
"သခင်လေး ဝုဖ်ဂန်း.. စိတ်မဆိုးပါနဲ့တော့ဗျာ"
ဝုဖ်ဂန်း တစ်ယောက် အသံတစ်သံပင် မထွက်နိုင်တော့ပေ။ အမှန်စင်စစ် သူတို့ ပြောနေသည့် စကားများမှာ အဓိပ္ပာယ် ရှိနေသည် မဟုတ်ပါလော။
သူတို့အုပ်စုမှာ ထူးဆန်းသော အနေရခက်မှုကြီး တစ်ခုထဲသို့ ကျရောက်သွားရတော့သည်။
ထိုအခိုက်အတန့်၌ ယဲ့ဖန်၏ အသံ ထွက်ပေါ်လာ၏။
"ဒီကောင် လဲသွားပြီ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ခင်ဗျားတို့ပဲ ရှင်းလိုက်ကြတော့"
"..."
ဝုဖ်ဂန်းသည် အခြားသူများ၏ ဖေးမမှုဖြင့် ထိုင်ရာမှ ထလိုက်ပြီး၊ ရက်စက်ကြမ်းကြုတ်မည့်ဟန်ရှိသော အငွေ့အသက်များနှင့်အတူ ယဲ့ဖန်၏ အနားသို့ လျှောက်လာလေသည်။ သူ၏ နီမြန်းကာ ဖူးရောင်နေသော မျက်လုံးများက ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား စိမ်းစိမ်းကြည့်ကာ စိုက်ကြည့်နေမိ၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် မြေပြင်ပေါ်တွင် လဲကျနေတော့၏။ သူ၏ မျက်စိသူငယ်အိမ်များမှာ အပေါ်သို့ လန်တက်နေပြီး သတိလစ်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်နေသော သွေးများက အရက်ဆိုင်၏ အဖြူရောင် ကြွေပြားများပေါ်တွင် အိုင်ထွန်းနေတော့၏။
"သူ သေသွားပြီလား" ဝုဖ်ဂန်းက ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာ အချိန်အတော်ကြာအောင် လှုပ်ရှားမှု မရှိသဖြင့် မေးမြန်းလိုက်လေသည်။
"ဒီကောင်က သိုင်းပညာ တတ်ကျွမ်းသူပဲ။ သူ့ ခန္ဓာကိုယ်က အင်မတန်မှ သန်စွမ်းမှာ သေချာပါတယ်။ ခင်ဗျားက သူ့ကို ပြန်နိုးစေချင်သလား"
ယဲ့ဖန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်ရင်း သူ၏ လက်ကောက်ဝတ်ကို လျှော့လိုက်လေသည်။ သူ၏ ပုံစံမှာ အလွန်ပင် ပေါ့ပါးလွတ်လပ်နေသယောင် ရှိ၏။
"ကျစ်... သူက သေချင်ယောင် ဆောင်နေတာပေါ့လေ။ နှိုးလိုက်ပါ"
ဝုဖ်ဂန်းသည် သနားညှာတာတတ်သူ တစ်ဦး မဟုတ်ပေ။ မိမိ၏ ရန်သူကိုလည်း လွယ်လွယ်နှင့် လွှတ်ပေးမည့်သူ မဟုတ်သည်မှာ ယုံမှားဖွယ်မရှိပေ။
ယဲ့ဖန်သည် ရှေ့သို့ လှမ်းသွားလိုက်ပြီး သူ၏ ဘယ်ဘက်ခြေထောက်ဖြင့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ရင်ဘတ်ကို နင်းလိုက်၏။ ထို့နောက် သူ၏ ခြေထောက်ကို ဟွတ်ခ်၏ ပေါင်ကြားဆီသို့ ရွှေ့ကာ တအားနင်းချလိုက်လေတော့သည်။
"အား..."
ဒီဗွန်ရှိုင်းယား ဟွတ်ခ်ထံမှ နှလုံးသားကို ခွဲထုတ်လိုက်သကဲ့သို့ ပြင်းထန်လှသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်းမှာ ကျောချမ်းသွားကြရ၏။ ဝုဖ်ဂန်း၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်ဟန်များ ရိပ်ခဲထင်သွားရသည်။ ယဲ့ဖန်၏ လူနှိုးသည့် နည်းလမ်းမှာ တော်တော်လေးကို ရက်စက်လွန်းလှသည် မဟုတ်ပါလော။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ပြင်းထန်လှသော နာကျင်မှုကြောင့် သတိပြန်ဝင်လာခဲ့ရ၏။ သူသည် ပျက်စီးလုနီးပါး ဖြစ်သွားသော သူ၏ ပေါင်ကြားကို ငိုင်၍ ကြည့်နေမိသည်။ ထို့နောက် သူသည် ယဲ့ဖန်အား စိမ်းစိမ်းကြည့်ကာ စိုက်ကြည့်လိုက်လေ၏။ သူ၏ မျက်ဝန်းများထဲတွင် မည်သည့် အလင်းရောင်မျှ မရှိတော့ဘဲ၊ အေးစက်လှသော အမုန်းတရားများဖြင့်သာ ပြည့်နှက်နေတော့သည်။
"မင်း... မင်းက ဘယ်သူလဲ"
ယဲ့ဖန်သည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပြောဆိုလိုက်လေသည်။
"ငါက ယဲ့ဖန်။ ဝုဖ်ဂန်းရဲ့ အနာဂတ် ယောက်ဖပဲ။ အကယ်၍ မင်းက လက်စားချေချင်တယ် ဆိုရင်တော့... ငါက အချိန်မရွေး ကြိုဆိုနေမှာပါ"
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်က ကြိမ်းမောင်းလိုက်၏။
"မင်း စောင့်နေလိုက်စမ်း"
ယဲ့ဖန်၏ ဖော်ရွေသော အပြုံးမှာ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်လုံးထဲတွင် အလွန်ပင် စူးရှလှပေသည်။ သူသည် ယခုအချိန်တွင် ယဲ့ဖန်၏ မျက်နှာကို ဆွဲခွာပစ်ချင်သည့် စိတ်များသာ ပြင်းထန်နေတော့၏။
ယဲ့ဖန်ကမူ ပခုံးတွန့်လိုက်လေသည်။ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ဘဝဇာတ်ညွှန်း စီမံကိန်း ကို ရရှိထားသဖြင့် ထိုသူ၏ ယုတ်မာသော အစီအစဉ်များကို သူ သိရှိထားပြီး ဖြစ်၏။ ယဲ့ဖန်၏ စိတ်ထဲတွင်ရော၊ ကိုယ်ထဲတွင်ပါ ဒီဗွန်ရှိုင်းယား ဟွတ်ခ်အပေါ် ရွံရှာမုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။
အထူးသဖြင့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် အန်းကျူပရင့်စ်ကိုပါ ပစ်မှတ်ထားနေသည်ကို သိလိုက်ရသောအခါ၊ ယဲ့ဖန်အနေဖြင့် ထိုသူ့ကို လုံးဝ လွှတ်ပေးရန် စိတ်ကူးမရှိတော့ပေ။ ထိုသို့ တွေးတောရင်း ယဲ့ဖန်သည် စွမ်းအင်လှိုင်းတစ်ခုကို ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်စေကာ၊ သူ၏ စကားမပြောနိုင်သော အကြောကို ပိတ်ဆို့လိုက်လေတော့သည်။
သူသည် ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား နှိပ်စက်လိုသည့်အပြင်၊ ထိုသူက မိမိ၏ ရုပ်မှန်ကို ထုတ်ဖော်ပြောဆိုကာ ဤပြဿနာကြားမှ ထွက်ပြေးသွားမည်ကိုလည်း တားဆီးလိုခြင်း ဖြစ်၏။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ၏ ကိုယ်တွင်း အကြောများပေါ်သို့ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ကျရောက်လာသည်ကို သူ ခံစားလိုက်ရ၏။ ထိုစွမ်းအင်မှာ ပိုးကောင်လေး တစ်ကောင် လျှောက်သွားနေသကဲ့သို့ သူ၏ လည်ပင်းဆီသို့ လျင်မြန်စွာ စီးဆင်းသွားလေသည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်က ဟိန်းဟောက်လိုက်သော်လည်း၊ မကြာမီမှာပင် သူသည် မည်သည့် အသံမျှ ထွက်မလာတော့ဘဲ ဝက်တစ်ကောင် အော်သကဲ့သို့ ငြီးတွားသံများသာ ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရတော့၏။
ယဲ့ဖန်သည် မိမိ၏ လက်ပေါ်ရှိ သွေးစွန်းကွက်များကို မထီမဲ့မြင် ကြည့်လိုက်ပြီး၊ အော်ဟစ်နေသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား ပြောလိုက်လေသည်။
"အော်မနေနဲ့တော့။ မင်း ဘာတွေ ပြောနေလဲဆိုတာ ငါ တစ်လုံးမှ နားမလည်ဘူး"
သူသည် ပြောပြောဆိုဆိုနှင့်ပင် ဘားကောင်တာမှ သန့်ရှင်းသော လက်သုတ်ပုဝါ တစ်ထည်ကို ယူလိုက်ပြီး မိမိ၏ လက်များကို အကြိမ်ကြိမ် သုတ်လိုက်လေသည်။
"မင်းမှာ သိုင်းပညာ နည်းနည်းပါးပါး ရှိရုံနဲ့ ကောင်းကင်ပေါ်ကို ခုန်တက်လို့ ရလိမ့်ယမလို့ မထင်လိုက်နဲ့။ ကိုယ့်ထက် သာသူ အမြဲ ရှိစမြဲပဲ"
ထို့နောက် ယဲ့ဖန်သည် ထိုလက်သုတ်ပုဝါကို ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာပေါ်သို့ ဝုန်းခနဲ ပစ်ပေါက်ပေးလိုက်၏။
"မင်းမျက်နှာကို သုတ်လိုက်စမ်းပါ။ အခု မင်းပုံစံက ဝက်တစ်ကောင်ထက်တောင် ပိုပြီး ရုပ်ဆိုးနေပြီ"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် မိမိ၏ အားအင်အားလုံးကို အသုံးချကာ ထိုညစ်ပတ်နေသော ပုဝါကို ဆွဲယူလိုက်ပြီး၊ လက်ထဲတွင် တင်းတင်းဆုပ်ကာ ယဲ့ဖန်အား ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် စိုက်ကြည့်နေမိတော့သည်။ သူသည် ဆက်လက်၍ မငြီးတွားတော့ပေ။ တိတ်ဆိတ်ခြင်းသည်သာ အကောင်းဆုံးသော စကားပြောခြင်း ဖြစ်သည် မဟုတ်ပါလော။
"ငါတို့ အရက်ဆိုင်မှာ ဘယ်သူက လာပြီး ပြဿနာရှာနေတာလဲ"
နားစည်ကို စူးရှစွာ ထိမှန်သွားစေသော အသံ တစ်ခုသည် အရက်ဆိုင်အတွင်း၌ ဟိန်းထွက်သွားတော့၏။
သန်သန်စွမ်းစွမ်း ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အရက်ဆိုင်အတွင်းသို့ မောက်မာစွာဖြင့် ဝင်ရောက်လာလေသည်။ သူ၏ နောက်တွင်လည်း လုံခြုံရေး ဝန်ထမ်းအုပ်စုတစ်စု ပါဝင်လာ၏။ သူသည် အရပ်အမောင်း မြင့်မားကာ ခန့်ညားသော ပုံစံရှိသော်လည်း၊ သူ၏ အကြည့်များမှာမူ မထီမဲ့မြင် ပြုမှုများဖြင့် ပြည့်နှက်နေလေသည်။
ထိုအမျိုးသားသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ သူနှင့် မလှမ်းမကမ်းတွင် အရက်ဆိုင်မှ ဖောက်သည်များမှာ ဝိုင်းဖွဲ့ကြည့်ရှုနေကြပြီး၊ သူတို့ရှေ့မှ မြင်ကွင်းမှာမူ အလွန်ပင် ကြေကွဲဖွယ် ကောင်းလှပေသည်။ စားပွဲပုလေး တစ်လုံးမှာ အလယ်မှ ကျိုးပျက်နေပြီး၊ တန်ဖိုးကြီး ဝိုင်ပုလင်းမျိုးစုံမှာလည်း ကြမ်းပြင်ပေါ်တွင် ကွဲအက်လျက် ရှိနေကာ သေရည်များမှာ နေရာတိုင်း၌ အိုင်ထွန်းနေတော့သည်။
အမျိုးသားတစ်ဦးမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး၊ သူ အသက်ရှင်နေသလော သို့မဟုတ် သေဆုံးသွားပြီလော ဆိုသည်မှာ မသေချာလှပေ။ ကျန်ရှိနေသော အမျိုးသားများကမူ ထိုသူ့အား အေးစက်စွာပင် ကြည့်ရှုနေကြလေသည်။
ထိုအမျိုးသားသည် ဒေါသတကြီးဖြင့် ယဲ့ဖန်အနားသို့ ပြေးဝင်လာကာ ဟိန်းဟောက်လိုက်တော့၏။
"ဒါ မင်းလက်ချက်လား။ မင်းက ငါ့နယ်မြေမှာ ပြဿနာလာရှာရဲတယ်ပေါ့လေ"
ဤပုဂ္ဂိုလ်သည် ယခင်က ဤအနီးအနားရှိ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ ဖြစ်ချေသည်။ ယခုအခါတွင်မူ သူသည် ဤအရက်ဆိုင်၌ လုံခြုံရေး ခေါင်းဆောင်အဖြစ် ဝင်ရောက် လုပ်ကိုင်နေခြင်း ဖြစ်လေသည်။
ယဲ့ဖန်သည် ဤလူအား အရေးတယူ လုပ်ဆောင်လိုစိတ် မရှိသဖြင့် နောက်သို့ လှည့်ထွက်ရန် ပြင်လိုက်သော်လည်း၊ လုံခြုံရေး ဝန်ထမ်းအုပ်စု၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။ သူတို့သည် ဓားနံရံကြီး ကာဆီးထားသကဲ့သို့ လူသားတံတိုင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ယဲ့ဖန်အား စိမ်းစိမ်းကြည့်နေကြသည်။
"မင်းက ထွက်ပြေးချင်နေတုန်းလား။ အကယ်၍ မင်း ဒီနေ့ ငါ့ကို ရှင်းပြချက် တစ်ခု မပေးနိုင်ဘူး ဆိုရင်တော့... ဒီနေရာကနေ ထွက်သွားဖို့ စိတ်ကူးတောင် မယဉ်လိုက်နဲ့"
ဒေသခံ လူမိုက် တစ်ဦးသည် မည်သည့် အရာကို အကြောက်ဆုံး ဖြစ်မည်နည်း။
မိမိထက် ပို၍ အင်အားကြီးမားသော ဒေသခံ တစ်ဦးကိုသာ ဖြစ်ပေလိမ့်မည်။ ဝုဖ်ဂန်းထက် ပို၍ အင်အားကြီးမားသော ဒေသခံ ဤနေရာတွင် ရှိနိုင်ပါဦးမည်လော။
"ဝုဖ်ဂန်း... ဒီနေရာကို ခင်ဗျားပဲ ရှင်းလိုက်တော့"
ယဲ့ဖန်သည် လူအုပ်ကြီးရှိရာသို့ လှမ်း၍ အော်ပြောလိုက်လေတော့သတည်း။