အခန်း (၁၇၇၉-၁၇၇၈၁)
Vol. 95 Ch. 1779-1781
အခန်း (၁၇၇၉) - ဒီမိန်းကလေးက ငါ့ကို သဘောကျနေတာများလား
~ဝုဖ်ဂန်းသည် လုံခြုံရေးခေါင်းဆောင်၏ အနားသို့ လျှောက်သွားပြီး ဘာမှမပြောဘဲ ပါးကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်၏။
"ကျစ်... မင်းက အခုမှ ရောက်လာရသလား။ ငါ ဘယ်လောက်တောင် အရိုက်ခံလိုက်ရသလဲဆိုတာ ကြည့်စမ်း။ မင်းကတော့ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ"
ထိုပါးရိုက်ချက်ကြောင့် လုံခြုံရေးခေါင်းဆောင်မှာ ကြောင်အသွားရတော့၏။ သူသည် ပုံမှန်အားဖြင့် ရိုင်းစိုင်းပြီး အကျိုးအကြောင်း မသိတတ်သူ ဖြစ်သော်လည်း၊ တစ်ဖက်လူ၏ တန်ဖိုးကြီး အဝတ်အစားများ၊ ရင်းနှီးနေသော အသံနှင့် မောက်မာလှသော ဟန်ပန်တို့ကို မြင်လိုက်ရချိန်တွင်မူ ဤသူမှာ လုံးဝ မပြစ်မှားသင့်သော ပုဂ္ဂိုလ်ဖြစ်မှန်း အတပ်သိလိုက်လေသည်။
သူသည် ပြန်လည် တိုက်ခိုက်လိုသော စိတ်ကို အသာယူ ထိန်းချုပ်လိုက်ပြီး မျက်လုံးကို ပြူးကာ တစ်ဖက်လူ၏ ရုပ်ရည်ကို အသေအချာ စိုက်ကြည့်လိုက်၏။ ထို့နောက် မဝံ့မရဲဖြင့် မေးမြန်းလိုက်လေသည်။
"ဟင်... သခင်လေး ဝုဖ်ဂန်း မဟုတ်ပါလားခင်ဗျာ"
"မင်းက အခုမှ ငါ့ကို မြင်တာလား"
ဝုဖ်ဂန်းက ပြောပြောဆိုဆိုနှင့်ပင် လုံခြုံရေးခေါင်းဆောင်ကို ခြေထောက်ဖြင့် တစ်ချက် ကန်ကျောက်လိုက်ပြန်၏။
လုံခြုံရေးခေါင်းဆောင်သည် မြေပြင်ပေါ်မှ ကပျာကယာ ပြန်ထလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စောစောကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ဖားယားသော အပြုံးကို ဆင်မြန်းကာ ဆိုလေသည်။
"ဪ... သခင်လေး ဝုဖ်ဂန်း ဖြစ်နေတာကိုး။ တောင်းပန်ပါတယ်ခင်ဗျာ... ကျွန်တော် တောင်းပန်ပါတယ်။ အို... သခင်လေးက ဘာဖြစ်လို့ ဒီလို ပုံစံ ဖြစ်သွားရတာလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာသာ ပြောပြပါ။ ကျွန်တော် သခင်လေးအတွက် အငြိုးအတေးတွေကို ပြန်ပြီး ချေပပေးပါ့မယ်"
ထိုစကားကို သူ မပြောခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ သူ ပြောလိုက်သည်နှင့် ဝုဖ်ဂန်း၏ ဒေါသတရားတို့မှာ တစ်ဖန် ပြန်လည် အုံကြွလာရပြန်၏။
ဝုဖ်ဂန်းသည် မြေပြင်ပေါ်တွင် လဲကျနေသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား စိမ်းစိမ်းကြည့်ကာ စိုက်ကြည့်လိုက်ပြီး၊ ဘာမှမပြောဘဲ ရှေ့သို့ ပြေးဝင်ကာ ကန်ကျောက် နင်းခြေလိုက်တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ နောက်ကွယ်မှ ဖော့ခ်စီးတီး သူဌေးသားများမှာလည်း ရှေ့သို့ တက်လာကြပြီး ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား ဝိုင်း၍ နှိမ်နင်းကြလေတော့၏။
သူတို့သည် လုံးဝ ညှာတာခြင်း မရှိဘဲ လူ့ခန္ဓာကိုယ်၏ အားနည်းသော နေရာများကိုသာ ရွေးချယ်၍ တိုက်ခိုက်နေကြခြင်း ဖြစ်ချေသည်။ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာ၊ ဝမ်းဗိုက်နှင့် ကျောပြင်တို့မှာ သူတို့၏ အဓိက ပစ်မှတ်များ ဖြစ်နေတော့၏။
အချို့သော သူများမှာမူ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ ပေါင်ကြားဆီသို့ပင် အားစိုက်၍ တိုက်ခိုက်နေကြသေးသည်။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်မှာမူ နာကျင်လွန်းသဖြင့် အော်ဟစ်နေရပြီး တစ်ကိုယ်လုံးလည်း ပျော့ခွေနေရှာသည်။ သို့သော်လည်း သူ၏ အသံထွက်နိုင်သော အကြောမှာ ပိတ်ဆို့ခံထားရသဖြင့် ဝက်တစ်ကောင်၏ ငြီးတွားသံကဲ့သို့သော အသံများသာ ထွက်ပေါ်နေတော့၏။
(၄) မိနစ်၊ (၅) မိနစ်ခန့်ကြာအောင် အငြိုးအတေးများကို ချေပပြီးနောက်တွင်မူ ဖော့ခ်စီးတီးမှ သခင်လေးများမှာ မောဟိုက်ကာ အသက်ကို ပြင်းပြင်းရှူနေကြရတော့၏။
လုံခြုံရေးခေါင်းဆောင်သည် ရွှံ့နွံပုံကြီးပမာ ဖြစ်နေသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား ကြည့်လိုက်၏။ သူ၏ တစ်ကိုယ်လုံးတွင် ကောင်းသော နေရာဟူ၍ တစ်ကွက်မျှပင် မကျန်တော့ပေ။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် လုံခြုံရေးခေါင်းဆောင်အား ကြည့်ကာ နှာမှုတ်လိုက်မိသည်။ သူသည် မိမိ၏ ရုပ်မှန်ကို ဖွင့်ဟဝန်ခံချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် ဝက်အော်သံကဲ့သို့သော အသံများသာ ထွက်ပေါ်လာတော့၏။
လုံခြုံရေးခေါင်းဆောင်မှာမူ ဒေါသထွက်သွားရပြန်သည်။
"ဒီကောင်က ဒီလောက် အရိုက်ခံထားရတာတောင် ငါ့ကို လာပြီး ရန်စနေသေးတာလား။ ကျစ်... သူ့ကို အပြင်ခေါ်ထုတ်သွားပြီး ထပ်ပြီးတော့ ပညာပေးလိုက်ကြစမ်း"
ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်ဝန်းများမှာ ကြောက်လန့်တကြားဖြင့် ပြူးကျယ်သွားရတော့သတည်း။
...
ဒီဗွန်ရှိုင်းယား ဟွတ်ခ်အား အပြင်သို့ သယ်ဆောင်သွားပြီးနောက်တွင်မူ ဒီနေ့ည၏ ပြဇာတ်မှာ အဆုံးသတ်သွားခဲ့လေ၏။
ယဲ့ဖန်နှင့် ဝုဖ်ဂန်းတို့သည် ဘားကောင်တာတွင် ယှဉ်တွဲ၍ ထိုင်နေကြ၏။
"ဒီနေ့ညတော့ ခင်ဗျားကြောင့် ကျွန်တော် တော်တော်လေး စိတ်တိုရတယ်"
ဝုဖ်ဂန်းက မကျေမနပ် ရေရွတ်လိုက်လေသည်။
"ဒီမိန်းကလေးရော၊ ခင်ဗျားရော၊ အဲ့ဒီကောင်ရော... အားလုံးက ကျွန်တော့်ကို စိတ်ဖိစီးအောင် လုပ်နေကြတာပဲ"
ဝုဖ်ဂန်းသည် ဆိုဖီ၊ ယဲ့ဖန်နှင့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်တို့ကို ရည်ညွှန်း ပြောဆိုနေခြင်း ဖြစ်ချေသည်။ ဤလူ (၃) ဦးစလုံးက သူ့အား နေရခက်အောင် ပြုလုပ်ခဲ့သည် မဟုတ်ပါလော။
ဘားကောင်တာ နောက်ကွယ်မှ ဆိုဖီသည် သူတို့နှစ်ဦးအား ကြည့်ကာ ခပ်ပြုံးပြုံးပင် ရှိနေလေသည်။ သူမသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းများကို ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်သဖြင့် ယခုအခါ သူတို့အတွက် သေရည်များကို ဖော်စပ်ပေးနေခြင်း ဖြစ်၏။
"ဒါပေမဲ့... ဒီနေ့ည ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ်" ဝုဖ်ဂန်းသည် သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ယဲ့ဖန်ဘက်သို့ ကမ်းပေးလိုက်လေသည်။
ယဲ့ဖန်သည်လည်း သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်ရာ၊ ခွက်ချင်း ထိတိုက်သံက စူးရှစွာ ထွက်ပေါ်လာတော့၏။
"ဒါနဲ့ နေပါဦး... ခင်ဗျားက ဒီည ဘာတွေ ဖြစ်လာမယ်ဆိုတာကို ကြိုတင် သိနေခဲ့တာလား"
ဝုဖ်ဂန်း၏ အကြည့်များမှာ သံသယများဖြင့် ပြည့်နှက်နေလေသည်။ ယဲ့ဖန်က ဒီနေ့ညတွင် သူ သွေးထွက်သံယို ဖြစ်လိမ့်မည်ဟု သတိပေးခဲ့ပြီးနောက်၊ တကယ်ပင် အရိုက်ခံလိုက်ရသည် မဟုတ်ပါလော။
ယဲ့ဖန်သည် ဝိုင်ခွက်ထဲရှိ ရဲရဲနီနေသော အရည်များကို ငေးကြည့်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။
သူသည် ဤ 'ဘဝဇာတ်ညွှန်း' အကြောင်းကို ဝုဖ်ဂန်းအား ဖွင့်ဟပြောပြသင့်၊ မပြောသင့်ကို တွေးတောနေမိခြင်း ဖြစ်၏။ အကယ်၍ သူသာ အမှန်အတိုင်း ပြောပြလိုက်လျှင် ဝုဖ်ဂန်းသည် အရာအားလုံးကို နားလည်သွားမည်ဖြစ်ပြီး၊ သူနှင့် မဟာမိတ် ဖွဲ့နိုင်ပေလိမ့်မည်။
သို့သော်ငြားလည်း ဝုဖ်ဂန်းမှာမူ အရာရာကို ရင့်ကျက်စွာ ဆုံးဖြတ်နိုင်စွမ်း မရှိသေးသလို၊ သူ၏ အတွေးအခေါ်များမှာလည်း စနစ်တကျ မရှိလှပေ။ သူသည် အဖော်ကောင်း တစ်ဦး မဖြစ်နိုင်သည့်အပြင်၊ သတင်းများ ပေါက်ကြားသွားနိုင်သည့် အန္တရာယ်လည်း ရှိနေသည် မဟုတ်ပါလော။
နောက်ဆုံးတွင်မူ ယဲ့ဖန်သည် ဤလျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းထားရန်သာ ဆုံးဖြတ်လိုက်လေသည်။
"ဖော့ခ်စီးတီးကို အတော်လေး အစွမ်းထက်တဲ့လူ တစ်ယောက် ရောက်နေတယ်လို့ ကျွန်တော် ကြားထားလို့ပါ။ ဒါပေမဲ့ သူက စည်းကမ်းတွေကိုတော့ နားမလည်ဘူး ထင်တယ်"
"ခင်ဗျား သိတဲ့အတိုင်းပဲ... ကိုယ့်ကိုယ်ကို အစွမ်းထက်တယ်လို့ ထင်နေတဲ့သူတွေက အသိဉာဏ် အကင်းမဲ့ဆုံး သူတွေပဲလေ"
ဝုဖ်ဂန်းက ခေါင်းညိတ်လိုက်၏။ သူသည် ဤကဲ့သို့သော လူမျိုးများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးလေသည်။
ယဲ့ဖန်က ဆက်ပြောလိုက်ပြန်သည်။
"ဒီည သူ ဒီအရက်ဆိုင်မှာ ရှိနေမယ်ဆိုတာကို သိလိုက်ရတယ်။ ပြီးတော့ ခင်ဗျားကလည်း ဒီကို ရောက်နေမှာဆိုတော့..."
"ကျွန်တော် တွက်ချက်ကြည့်သလောက် ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ပဋိပက္ခ ဖြစ်နိုင်တယ်လို့ ယူဆရတာနဲ့ လာခဲ့တာပဲ"
"ဒါဆိုရင် ခင်ဗျား ကျွန်တော့်ကို ဘာလို့ ကြိုပြီး သတိမပေးခဲ့တာလဲ" ဝုဖ်ဂန်းက မကျေမနပ် မေးမြန်းလိုက်၏။
ယဲ့ဖန်သည် ဝုဖ်ဂန်းအား မထီမဲ့မြင် တစ်ချက် ကြည့်လိုက်လေသည်။
"အဲဒီအချိန်တုန်းက ကျွန်တော် ပြောရင် ခင်ဗျားက ယုံမှာမို့လို့လား"
ဝုဖ်ဂန်း တစ်ယောက် အမှား တစ်ခု ကျူးလွန်ထားမှန်း သိသဖြင့် ပါးစပ်ပိတ်သွားရရှာတော့သည်။
"အခုတော့... ကျွန်တော် ခင်ဗျားကို ပြောစရာ တစ်ခု ရှိသေးတယ်။ ခင်ဗျား နားထောင်ခြင်း ရှိ၊ မရှိကတော့ ခင်ဗျားအပိုင်းပဲ"
ဝုဖ်ဂန်းက ပျင်းရိစွာဖြင့် သမ်းဝေလိုက်၏။
"ဘာလဲ... အရေးကြီးလို့လား"
"ခင်ဗျားရဲ့ ဝမ်းကွဲအစ်မ အကြောင်းပဲ"
ဝုဖ်ဂန်းသည် ချက်ချင်းပင် သတိပြန်ဝင်လာကာ ကိုယ်ကို ဖြောင့်တန်းစွာ ထိုင်လိုက်လေသည်။
အန်းကျူပရင့်စ်သည် ဝုဖ်ဂန်း၏ နှလုံးသားထဲတွင် အရေးပါသော နေရာ တစ်ခုကို ရယူထားသူ ဖြစ်ချေသည်။ သူ ငယ်စဉ်ကတည်းက သူ၏ မိဘများမှာ အလုပ်များနေသဖြင့် သူ့အား အဖော်ပြုရန် အချိန်မရခဲ့ကြပေ။ ဝုဖ်ဂန်း၏ ဘေးနားတွင် အိမ်အကူျားသာ ရှိနေခဲ့သော်လည်း၊ အန်းကျူပရင့်စ် ရောက်လာချိန်တွင်မူ သူမသည် ဝုဖ်ဂန်းအား သူ လိုအပ်နေသော သံယောဇဉ်များကို ပေးသနားခဲ့သည် မဟုတ်ပါလော။
ဝုဖ်ဂန်းနှင့် အန်းကျူပရင့်စ်တို့မှာ မောင်နှမဝမ်းကွဲများ ဖြစ်ကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာ မောင်နှမအရင်းများကဲ့သို့ပင် ရင်းနှီးလှပေသည်။
ယဲ့ဖန်သည် ဝုဖ်ဂန်း၏ မျက်နှာထားကို ကြည့်ကာ သဘောပေါက်လိုက်၏။ ဝုဖ်ဂန်းသည် အန်းကျူပရင့်စ်ကို အမှန်တကယ်ပင် ဂရုစိုက်လှပေသည်။ စောစောက ပျင်းရိငြီးငွေ့နေသော သူ၏ ပုံစံမှာ ပျောက်ကွယ်သွားပြီး အလွန်ပင် တည်ကြည်လေးနက်သွားရတော့၏။
"ခင်ဗျားအနေနဲ့ အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီကို ဂရုစိုက်ကြည့်ပေးဖို့ ကျွန်တော် လိုချင်တယ်။ အဲဒါ ခင်ဗျားအစ်မရဲ့ ကုမ္ပဏီလေ။ မကြာခင်မှာ ကုမ္ပဏီမှာ တစ်စုံတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျားက ကုမ္ပဏီ လုပ်ငန်းတွေအပေါ် စိတ်မဝင်စားဘူးဆိုတာ ကျွန်တော် သိပေမဲ့၊ လာမယ့် ရက်အနည်းငယ်အတွင်းမှာတော့ ကုမ္ပဏီကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ လိုလိမ့်မယ်"
"ဒါ့အပြင် ခင်ဗျားက အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အခြေအနေတွေကို အလွယ်တကူ သိရှိနိုင်မှာပဲလေ။ ခင်ဗျားရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် အချိန်ရောက်ပြီလို့ ကျွန်တော် ထင်တယ်"
ဝုဖ်ဂန်းသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိ၏။ သူသည် ကုမ္ပဏီသို့ သွားရောက်လေ့ မရှိသလို၊ ဒုတိယ ဥက္ကဋ္ဌ ရာထူးမှာလည်း အမည်ခံမျှသာ ဖြစ်ချေသည်။
သို့သော်ငြားလည်း အကယ်၍ ဤကိစ္စသည် အန်းကျူပရင့်စ်နှင့် သက်ဆိုင်နေလျှင်တော့ သူ ကုမ္ပဏီသို့ သွားရန် ဝန်လေးနေမည် မဟုတ်ပေ။
...
သူတို့နှစ်ဦး စကားပြော၍ ပြီးခါနီးအချိန်တွင် ယဲ့ဖန်သည် သူ၏ လည်ချောင်းမှာ ခြောက်သွေ့နေသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်၌ပင် ကော့တေး တစ်ခွက်သည် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
ယဲ့ဖန်သည် ခေါင်းကို မော့ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"မိန်းကလေး ဆိုဖီ... ငါ..ကော့တေး မှာခဲ့တာ မဟုတ်ဘူး ထင်တယ်နော်"
"ဒါက... ကျွန်မ တိုက်တာပါ" ဟု ဆိုဖီက မျက်နှာလေး နီမြန်းလျက် ပြောဆိုလိုက်လေသည်။
ထိုသို့ ပြောပြီးသည်နှင့် ဆိုဖီသည် ယဲ့ဖန်အား မသိမသာ ခိုးကြည့်လိုက်၏။ သူနှင့် အကြည့်ချင်း မဆုံမီမှာပင် သူမသည် ဘာမှ မလုပ်ခဲ့သကဲ့သို့ အကြည့်ကို အလျင်အမြန်ပင် လွှဲဖယ်လိုက်လေတော့သည်။
ဝုဖ်ဂန်းကမူ မဆီမဆိုင် ဝင်ရောက် နှောင့်ယှက်လိုက်၏။ သူ၏ လေသံမှာမူ ခါးသက်နေတော့သည်။
။
"အလှလေး... မင်းက ငါ့ကိုကျတော့ ဘာလို့ မတိုက်တာလဲ"
"တောင်းပန်ပါတယ်ရှင့်... ကျွန်မက ယဲ့ဖန်ကိုပဲ တိုက်နိုင်မှာပါ။ သခင်လေး ဝုဖ်ဂန်းကတော့ ကိုယ့်စာရင်းနဲ့ကိုယ်ပဲ သောက်ရပါလိမ့်မယ်"
ဝုဖ်ဂန်းသည် မကျေမနပ် ဖြစ်သွားရသော်လည်း အလွန်အကျွံတော့ မပြုမူခဲ့ပေ။
ယဲ့ဖန်သည် ဆိုဖီ့အား စိုက်ကြည့်နေသဖြင့် သူမမှာ နေရခက်လာရတော့၏။ သူမ၏ လက်များကိုပင် ဘယ်နေရာမှာ ထားရမှန်း မသိတော့ပေ။
ယဲ့ဖန်သည် ဤမိန်းကလေးက မိမိကို သဘောကျနေသည် မဟုတ်ပါလော ဟု ရိပ်မိသွားတော့၏။
သို့သော်လည်း သူမသည် ဒီဗွန်ရှိုင်းယား ဟွတ်ခ်ပင်လျှင် အနိုင်မရနိုင်ခဲ့သော အမျိုးသမီး ဖြစ်သည် မဟုတ်ပါလော။ သူမအနေဖြင့် မိမိကိုယ်ကို ဤမျှအထိ လွယ်လွယ်နှင့် ပုံပေးလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။
ယဲ့ဖန်က မေးမြန်းလိုက်၏။
"မိန်းကလေး ဆိုဖီ... မင်းရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းက ငါ့ကို ဘာဖြစ်လို့ ဝိုင်တိုက်ချင်ရတာလဲ ဆိုတာ သိချင်မိတယ်"
"အစောက ပြဿနာရှာတဲ့သူကို နှိမ်နင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်လို့ပါ"
ဆိုဖီက တည်ကြည်စွာပင် ပြန်လည် ဖြေကြားလိုက်လေသည်။
"ဒါမှမဟုတ်ရင်... အရက်ဆိုင်ကတော့ တော်တော်လေးကို ရှုပ်ထွေးသွားလိမ့်မယ်"
ယဲ့ဖန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"အဲဒီလို ဆိုရင်တော့... ဝိုင်တစ်ခွက်တည်းနဲ့တော့ မလုံလောက်ဘူးထင်တယ်နော်။ ငါက ဒီနေ့ည အရက်ဆိုင်ကို ကယ်တင်ပေးခဲ့တာလေ။ မင်း ငါ့ကို ဘယ်လိုများ ကျေးဇူးဆပ်မလဲ"
ဆိုဖီ တစ်ယောက် ကြောင်အသွားရတော့၏။ ယဲ့ဖန်က ဤကဲ့သို့သော တောင်းဆိုမှုမျိုး ပြုလုပ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သူမသည် ယဲ့ဖန်အတွက် ဝိုင်တစ်ခွက် ဝယ်တိုက်ပြီး သူမ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြချင်ရုံ သက်သက်သာ ဖြစ်လေသည်။ ကျန်ရှိနေသော ကိစ္စများကိုမူ သူမ အများကြီး တွေးမထားခဲ့ရှာပေ။
ဆိုဖီက အားငယ်သော လေသံဖြင့်သာ ပြောနိုင်ရှာတော့သည်။
"ကျွန်မ...မသိပါဘူး"
ယဲ့ဖန်သည် နောက်ပြောင်လိုသော စိတ်ဖြင့် ကျီစယ်လိုက်လေ၏။
"ဒီလို လုပ်ရင်ရော ဘယ်လိုလဲ။ မင်း ငါ့ရဲ့ အိမ်အကူလေး လုပ်မလား။ ငါ့မှာလည်း နေ့စဉ် လိုအပ်ချက်တွေကို ဂရုစိုက်ပေးမယ့်သူ တစ်ယောက် လိုနေတာနဲ့ အတော်ပဲပေါ့"
ယဲ့ဖန်သည် ဤကိစ္စကို ရုတ်တရက် သတိရလိုက်ခြင်း ဖြစ်လေသည်။ သူသည် ဤ နိုင်ငံခြားသို့ ရောက်ရှိနေသော်လည်း သူ တည်းခိုနေသော ဟိုတယ်မှာမူ သန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်ချေသည်။
ချန်းဖေးအယ်မှာမူ သည်းသည်းမည်းမည်း ခြေရာခံ လိုက်နေရသူ ဖြစ်သဖြင့် အိမ်သို့ ပြန်လာခဲလှပေသည်။
ဟိုတယ် ဝန်ထမ်းများကိုသာ လွှဲထားရမည်ကိုလည်း သူ စိတ်မချလှပေ။
သို့သော်လည်း ယဲ့ဖန်သည် ဆိုဖီ့အား နောက်ပြောင်နေခြင်းသာ ဖြစ်၏။ ကျောင်းသူတစ်ဦးက အိမ်အကူ တစ်ဦးအဖြစ် လုပ်ကိုင်ရန် သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကျွန်မ သဘောတူပါတယ်"
ယဲ့ဖန် မြှောက်ထားသော ဝိုင်ခွက်မှာ လေထဲတွင် တုံ့ခနဲ ရပ်တန့်သွားရတော့၏။ ထို့နောက် သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဝိုင်ခွက်ကို ပြန်ချလိုက်လေသည်။
"အာ…မိန်းကလေး ဆိုဖီ... ငါက နောက်ပြောင်နေတာပါ။ မင်း အတည်ကြီး သဘောမထားပါနဲ့"
ဆိုဖီ၏ မျက်နှာထားမှာမူ အလွန်ပင် တည်ကြည်လေးနက်နေလေ၏။
ဤသည်မှာ ယဲ့ဖန်နှင့် နီးစပ်ခွင့်ရမည့် အခွင့်ကောင်းတစ်ခု ဖြစ်မှန်း သူမ သိရှိထားသည် မဟုတ်ပါလော။ သူမက ကပျာကယာပင် ပြောဆိုလိုက်တော့သည်။
"ကျွန်မက တော်တော်လေး အလုပ်လုပ်နိုင်ပါတယ်ရှင်။ အဝတ်လျှော်တာရော၊ ဟင်းချက်တာရော အကုန်တတ်ပါတယ်။ ဪ... ဒါနဲ့ ကျွန်မ ရှင့်နိုင်ငံရဲ့ ဟင်းချက်နည်းတွေကိုတောင် သိထားတာ ရှိတယ်နော်။ သေချာ စဉ်းစားပေးပါဦးရှင်"
အခန်း (၁၇၈၀) - ဖော့ခ်စီးတီးက မိန်းမလှလေးတွေ အားလုံး ရှင့်ကို ကြွေနေကြပြီ
~ယဲ့ဖန်သည် ဆိုဖီ တစ်ယောက် မိမိကို အမှန်တကယ်ပင် သဘောကျနေပြီဖြစ်ကြောင်း သေချာစွာ သိရှိလိုက်ရတော့၏။ ဤအချက်က သူ့အား အံ့အားသင့်စေသကဲ့သို့ တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားမှုကို ပေးစွမ်းနေ၏။
သူသည် မိမိကိုယ်မိမိ ဒီဗွန်ရှိုင်းယား ဟွတ်ခ်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေသည်ကို အံ့သြမိနေခြင်း ဖြစ်သည်။ ဆိုဖီသည် တကယ့်ကို ကောင်းမွန်သော မိန်းကလေးတစ်ဦး ဖြစ်ချေသည်။ အကယ်၍ သူမကိုသာ ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့လျှင် လူတိုင်း၏ အာရုံစိုက်မှုကို ခံရမည်မှာ ယုံမှားဖွယ်မရှိပေ။
ဝုဖ်ဂန်းမှာမူ မှင်သက်သွားရတော့၏။ သူသည် ဒီနေ့ညတွင် အချည်းနှီးသာ အပင်ပန်းခံခဲ့ရသလို ခံစားနေရရှာသည်။ သူ သဘောကျသော မိန်းကလေးမှာ သူတစ်ပါး၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။
သူသည် အလွန်ပင် နေရခက်သွားရကာ မကျေမနပ် ရေရွတ်လိုက်လေသည်။
"ကျစ်... ကျွန်တော်ကတော့ ဒီနေ့ည တစ်ညလုံး အပင်ပန်းခံခဲ့ရတာ ဘာမှ အဖတ်မတင်ဘူး။ အကျိုးအမြတ်တွေကိုတော့ ခင်ဗျားကပဲ အကုန်ယူသွားတာပဲ။ ကျွန်တော့်ဝမ်းကွဲအစ်မသာ သိသွားရင်တော့ ခင်ဗျား ဘာလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
"ဒါက အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ။ မင်းအစ်မက ဒါကို ဗွေယူမှာ မဟုတ်ပါဘူး"
ယဲ့ဖန်က ပြုံးလိုက်၏။ သူသည် ဝုဖ်ဂန်းအား နှုတ်ဆက်လိုက်ပြီးနောက် ဆိုဖီနှင့်အတူ အရက်ဆိုင်မှ ထွက်ခွာကာ ပဲလေ့စ် ဟိုတယ် (Palace Hotel) ဆီသို့ ဦးတည်လိုက်လေတော့သည်။
...
သူတို့ အရက်ဆိုင်မှ ထွက်လာချိန်တွင် ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လမ်းပေါ်တွင် လူသူကင်းမဲ့နေတော့၏။
ယဲ့ဖန်သည် မေဘက် (Maybach S680) ကားကြီး၏ မောင်းနှင်သူနေရာတွင် ထိုင်လိုက်ပြီး၊ ဆိုဖီကမူ ရှေ့ခန်းမှ လိုက်ပါလာ၏။ ငွေရောင် ကားကြီးသည် အဆုံးမဲ့သော ညအမှောင်ထုထဲသို့ တိုးဝင်သွားပြီး၊ လမ်းကွေ့အနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် မီးရောင်စုံများဖြင့် လင်းထိန်နေသော ပဲလေ့စ် ဟိုတယ်သို့ ရောက်ရှိသွားတော့သည်။
ယဲ့ဖန်သည် ဆိုဖီ့ကို သူ၏ အခန်းထဲသို့ ခေါ်ဆောင်လာပြီး ဆိုဖာပေါ်တွင် သက်သောင့်သက်သာ ထိုင်လိုက်၏။
ဆိုဖီသည် ခေါင်းလေးကို ငုံ့ထားရင်း ပတ်ဝန်းကျင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူမ၏ မျက်နှာလေးမှာမူ နီမြန်းနေဆဲပင်။
ယဲ့ဖန်၏ လက်ဖဝါးပေါ်တွင် စွန်းထင်းနေသော သွေးကွက်များကို မြင်လိုက်ရသည့် အချိန်အထိပေါ့။
"ယဲ့လူကြီးမင်း... ရှင့်လက်က ဒဏ်ရာကို ကျွန်မ ဆေးထည့်ပေးပါရစေ"
"ဘာမှ မဟုတ်ပါဘူး။ အညစ်အကြေး နည်းနည်း စွန်းရုံတင်ပါ"
"မဖြစ်ဘူးလေ" ဆိုဖီက ချက်ချင်းပင် ကန့်ကွက်လိုက်၏။ "အဲဒါ တခြားနေရာတွေ ပြန့်သွားရင် သန့်ရှင်းရေး လုပ်ရခက်လိမ့်မည်"
ထို့နောက် သူမသည် သန့်ရှင်းရေး ပစ္စည်းများကို လိုက်လံ ရှာဖွေတော့သည်။ သူမ ဆေးပစ္စည်းများနှင့် ပြန်လာချိန်တွင် သူမ၏ မျက်ဝန်းများမှာ အပြစ်ကင်းစင်သော သတ္တဝါလေး တစ်ကောင်ပမာ တောင်းဆိုနေသယောင် ရှိ၏။ ယဲ့ဖန်သည် ဤမျှအထိ ပြင်းပြသော အကြည့်မျိုးကို မငြင်းပယ်နိုင်ခဲ့ပေ။
သူတို့နှစ်ဦးသည် ဆိုဖာပေါ်တွင် အတူယှဉ်တွဲ၍ ထိုင်နေကြသဖြင့် အလွန်ပင် နီးကပ်နေကြတော့၏။ တစ်ဦး၏ အငွေ့အသက်ကို တစ်ဦးက ခံစားနေရသလို၊ အသက်ရှူသံများကိုပင် ကြားနေရတော့သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အလွန်ပင် ထူးဆန်းစွာ စီးမျောနေတော့၏။
ယဲ့ဖန်သည် ဆိုဖီ့ကို ကြည့်လိုက်မိသည်။ ဆိုဖီသည် တကယ်ပင် လှပလွန်းလှ၏။ သူမ၏ ဖြူစင်သော လည်တိုင်လေး၊ အလိုအလျောက် ကောက်နေသော ဆံနွယ်များနှင့် ကြည်လင်သော မျက်ဝန်းအစုံတို့သည် အမျိုးသမီးငယ်တစ်ဦး၏ အဖြူစင်ဆုံးသော အလှတရားကို ထူးခြားစွာ ပုံဖော်နေလေသည်။
ယဲ့ဖန်က သူ၏ လက်ကို ပြန်မရုတ်သိမ်းနိုင်စေရန်အတွက် ဆိုဖီသည် ယဲ့ဖန်၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူ၏ ဒဏ်ရာရနေသော လက်ကို သူမ၏ ပြည့်ဖြိုးသော ပေါင်တံပေါ်သို့ တင်လိုက်လေသည်။ ၎င်းသည် သန့်ရှင်းသော သဲသောင်ပြင်ပေါ်သို့ ရဟတ်ယာဉ် တစ်စင်း ဆင်းသက်လိုက်သကဲ့သို့ပင်။
ယဲ့ဖန်သည် အမျိုးသမီးငယ် တစ်ဦး၏ နုညံ့ချောမွတ်သော အသားအရေကို ခံစားလိုက်ရ၏။ ဝါဂွမ်းပုံ တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ပင် နူးညံ့နေတော့သည်။
ဤရဲတင်းသော အပြုအမူကြောင့် ယဲ့ဖန် တစ်ဦးတည်း အံ့အားသင့်သွားခြင်း မဟုတ်ပေ။ ဤကိစ္စကို စတင်ခဲ့သော ဆိုဖီ ကိုယ်တိုင်ပင်လျှင် မျက်နှာတစ်ခုလုံး နီမြန်းကာ ဦးခေါင်းမှ အငွေ့များပင် ထွက်လာတော့မတတ် ဖြစ်နေရရှာသည်။
မိမိကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင်ပင် သူမသည် ရဲတင်းစွာ ပြုမူမိသွားခဲ့ခြင်း ဖြစ်ချေသည်။ သူမသည် သူတစ်ပါးကို မိမိ၏ ခန္ဓာကိုယ်အား ထိတွေ့ခွင့် ပေးလိုက်သည် မဟုတ်ပါလော။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ယဲ့ဖန်သည် သူမအား မကျီစယ်ခဲ့ပေ။ သူ၏ လက်ဖဝါးမှာ ဆိုဖီ၏ ပေါင်ပေါ်တွင် ရှိနေသော်ငြားလည်း၊ သူသည် ငြိမ်သက်စွာပင် နေလိုက်လေသည်။ သူ၏ စိတ်ထဲတွင် အခြားသော အတွေးမျိုး မရှိပေ။ ဆိုဖီသည် ယခုအချိန်တွင် သူ၏ အိမ်အကူလေးသာ ဖြစ်ပြီး သူ၏ အမျိုးသမီး မဟုတ်သေးပေ။ ဤသည်မှာ ခြားနားချက်ပင် ဖြစ်လေ၏။
သန့်ရှင်းရေး ပြုလုပ်ခြင်းမှာ ပြီးဆုံးသွားခဲ့ပြီ။ ယဲ့ဖန်သည် တောင့်တင်းနေသော သူ၏ ကိုယ်ခန္ဓာကို ဆန့်လိုက်၏။ စောစောက သူ တစ်ချက်မျှပင် မလှုပ်ရှားခဲ့သည် မဟုတ်ပါလော။
"ငါ ရေချိုးလိုက်ဦးမယ်။ မင်း အပြင်မှာ ခဏစောင့်နေပါဦး"
ယဲ့ဖန်က ဆိုဖီ့ကို ပြောလိုက်၏။
"ဟို... ရှင်က အခုလေးတင် ရန်ပွဲမှာ အပင်ပန်းခံထားရတာဆိုတော့ မောနေမှာပေါ့။ ကျွန်မ အထဲလိုက်ပြီး ရှင့်ကို ရေချိုးပေးပါရစေ။ ဒါက အိမ်အကူ တစ်ယောက်ရဲ့ အလုပ်ပဲလေ..."
ယဲ့ဖန်သည် မျက်နှာလွှဲထားသော ဆိုဖီ့ကို ကြည့်လိုက်မိ၏။ သူမသည် ယဲ့ဖန်အား တည့်တည့်မကြည့်ဝံ့ဘဲ ရှိနေကာ သူမ၏ နားရွက်များမှာလည်း ရဲရဲနီနေတော့သည်။
"အင်း... ကောင်းပြီလေ"
ခေတ္တမျှ ကြာပြီးနောက်တွင်တော့ လှပသော အရိပ်တစ်ခုသည် ရေချိုးခန်းထဲမှ ခြောက်လှန့်ခံလိုက်ရသော တိရစ္ဆာန်လေး တစ်ကောင်ပမာ ပြေးထွက်လာလေသည်။
ဆိုဖီသည် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။
"ငါ ဘာဖြစ်နေတာလဲ..."
သူမသည် ရှက်ကိုးရှက်ကန်းနှင့် ရေရွတ်နေမိသည်။
"ငါ ဘာလို့ ဒီလောက်တောင် ရဲတင်းသွားရတာလဲ"
ယဲ့ဖန်ကမူ သူ၏ ဘယ်ဘက်လက်ဖြင့် မျက်နှာပေါ်ရှိ ရေစက်များကို သုတ်လိုက်၏။ ဆိုဖီသည် ရေချိုးခန်းထဲတွင် ယဲ့ဖန်၏ ကျောပြင်ကို ပွတ်သပ်ပေးပြီးနောက်၊ ပျာပျာသလဲနှင့် ထွက်ပြေးသွားခြင်း ဖြစ်လေသည်။ သူမ၏ သည်းခံနိုင်စွမ်းမှာ အဆုံးစွန်သို့ ရောက်ရှိသွားပုံ ရပေသည်။
ဆိုဖီ၏ ဖြူစင်သော အကြည့်များကို ပြန်လည် မြင်ယောင်ရင်း ယဲ့ဖန် သိမ်မွေ့စွာ ပြုံးလိုက်မိ၏။
'မင်းက ဒီလိုကိစ္စတွေကို ကျွမ်းကျင်တာလည်း မဟုတ်ဘဲနဲ့၊ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အတင်းအကျပ် ခိုင်းစေနေရတာလဲ'
ယဲ့ဖန်သည် ဆိုဖီနှင့် မိမိကြား ဤမျှအထိ နီးကပ်သွားခြင်းအပေါ် အနည်းငယ် အံ့သြမိနေသေး၏။
...
အခြားတစ်ဖက်တွင်မူ... သက်သောင့်သက်သာရှိလှသော အိမ်ဂေဟာလေးအတွင်း၌ ဖြစ်ပေသည်။
အန်းကျူပရင့်စ်သည် သက်သောင့်သက်သာရှိသော ခုတင်ပေါ်တွင် လဲလျောင်းနေရင်း သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် နားထင်ကို အသာအယာ ဖိနှိပ်နေလေ၏။
သူမသည် တစ်နေ့လုံး အလုပ်များခဲ့ရသဖြင့် ယခုအချိန်မှာ သူမအတွက် အဖိုးတန်သော နားနေချိန်ပင် ဖြစ်လေသည်။ သူမသည် ယဲ့ဖန် ဘာတွေ လုပ်ဆောင်နေသည်ကို မသိရှိပေ။ စဉ်းစားကြည့်လိုက်ရာ သူနှင့် မဆက်သွယ်ဖြစ်သည်မှာ (၁၀) နာရီကျော်ပင် ရှိနေခဲ့ပြီ မဟုတ်ပါလော။ သူတို့ကြားတွင် ဝေးကွာနေသကဲ့သို့ ခံစားလိုက်ရ၏။
အန်းကျူပရင့်စ်သည် ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး ခေါင်းအုံးထဲသို့ ခေါင်းတိုးဝင်လိုက်၏။ သူမသည် စိတ်ကောက်နေသူ တစ်ဦးနှင့်ပင် တူနေတော့သည်။ ထိုစဉ် သူမ၏ ဖုန်းမှာ ပျက်စီးနေသော နှိုးစက်တစ်ခုပမာ အဆက်မပြတ် မြည်ဟိန်းလာတော့၏။
အန်းကျူပရင့်စ် တစ်ယောက် ထူးဆန်းသွားရသည်။ သူမသည် ဤဖုန်းမြည်သံမှာ မက်ဆေ့ခ်ျ ဂရုတစ်ခုမှ ဖြစ်မှန်း သိရှိလိုက်၏။ ဤဂရုအတွင်းရှိ အဖွဲ့ဝင်များမှာ အိမ်ထောင်မပြုရသေးသော အထက်တန်းစား မိန်းမလှလေးများသာ ဖြစ်ကြသည်။ ထိုညီအစ်မများမှာ များသောအားဖြင့် တန်ဖိုးကြီး အိတ်များ၊ ကျောက်မျက်ရတနာများနှင့် အခြားသော အဆင့်မြင့် ပစ္စည်းများအကြောင်းကိုသာ ဆွေးနွေးလေ့ ရှိကြသည် မဟုတ်ပါလော။
အန်းကျူပရင့်စ်သည် တစ်ခါတစ်ရံမှသာ ဤဂရုကို အာရုံစိုက်လေ့ ရှိသည်။ ပုံမှန်အားဖြင့်မူ ဤဂရုမှာ သိပ်ပြီး ဆူညံလေ့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးမှာ သူဌေးသမီးလေးများ ဖြစ်ကြပြီး ကိုယ်ပိုင် အဆင့်အတန်းများကို ထိန်းသိမ်းတတ်ကြသောကြောင့်ပင်။
သို့သော် ယနေ့တွင်မူ ဘာတွေ ဖြစ်ပျက်နေသနည်း။ ဘာဖြစ်လို့ မက်ဆေ့ခ်ျတွေ ဒီလောက်တောင် များနေရသနည်း။
အန်းကျူပရင့်စ်သည် ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖန်သားပြင်ပေါ်တွင် လူပေါင်းစုံ၏ ပုံရိပ်များမှာ ဒုံးပျံတစ်စင်းပမာ တရကြမ်း တက်လာတော့၏။ သူမသည် ခုတင်ပေါ်မှ ကိုယ်ကို တစ်ဝက်ခန့် ကြွလိုက်လေသည်။
ဘာဖြစ်လို့ လူတွေ အများကြီးက သူမကို လိုက်ရှာနေကြတာလဲ။ ကိစ္စကြီးတစ်ခုခု ဖြစ်လို့လား။ သူမ ဘာလို့ မသိရတာလဲ။
အန်းကျူပရင့်စ်သည် စိုးရိမ်တကြီးဖြင့် မက်ဆေ့ခ်ျများကို ဖွင့်ကြည့်လိုက်၏။ သူမ၏ လှပသော မျက်ခုံးအစုံတို့မှာ ပူပန်မှုကြောင့် တွန့်ချိုးသွားရသည်။
ထို့နောက်တွင်မူ သူမသည် မက်ဆေ့ခ်ျအစုလိုက် အပြုံလိုက်ကို မြင်တွေ့လိုက်ရတော့၏။
"@အန်းကျူပရင့်စ်... ရှင့်ယောကျာ်းကို လာကြည့်ဦးဟယ်"
"@အန်းကျူပရင့်စ်...ရှင့်ယောကျာ်းက တော်တော်လေး ခန့်တာပဲ"
"@အန်းကျူပရင့်စ်... ရှင့်ယောကျာ်းက တကယ့် ယောကျာ်းကောင်းပဲဟေ့"
အန်းကျူပရင့်စ် တစ်ယောက် မှင်သက်သွားရတော့၏။
'ငါ့ယောကျာ်း ဟုတ်လား။ ဟွန့်... ငါက အိမ်ထောင်မပြုရသေးပါဘူး။ ငါ့မှာ ချစ်သူ တစ်ယောက်ပဲ ရှိတာပါ...'
သူမ အလွန်ပင် လွမ်းဆွတ်နေရသော ထိုတရုတ်အမျိုးသား၏ ပုံရိပ်မှာ အန်းကျူပရင့်စ်၏ အာရုံထဲသို့ ချက်ချင်းပင် ရောက်ရှိလာတော့သည်။
"အို... ဘာတွေ ဖြစ်ခဲ့တာလဲ"
အန်းကျူပရင့်စ်သည် ဆက်လက် စဉ်းစားမနေတော့ဘဲ ထိုမက်ဆေ့ခ်ျ ဂရုထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်၏။ တိတ်ဆိတ်နေကျ ဖြစ်သော ထိုဂရုမှာ ယခုအခါတွင်မူ လူပေါင်းများစွာက သူမကို မန်းရှင်းခေါ်နေကြသဖြင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေတော့၏။
အန်းကျူပရင့်စ်သည် မက်ဆေ့ခ်ျများ၏ ဝဲဂယက်ထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသဖြင့်၊ သူမဘက်မှ မည်သည့် မက်ဆေ့ခ်ျမျှ ပြန်မပို့ဘဲ သတိကြီးစွာ ထားလိုက်၏။ ထိုအစား သူမသည် မက်ဆေ့ခ်ျများကို အပေါ်သို့ ပြန်ဆွဲကာ သဲလွန်စ ရှာဖွေလိုက်လေသည်။
နောက်ဆုံးတွင်မူ... မက်ဆေ့ခ်ျပေါင်း (၁၀၀) နီးပါးကို လှန်လှောကြည့်ပြီးနောက်တွင် အန်းကျူပရင့်စ် တစ်ယောက် ထိုဂရု တစ်ခုလုံး ဘာကြောင့် ရူးသွပ်နေကြသည်ကို သိရှိသွားတော့၏။ ဖော့ခ်စီးတီးမှ အသားဖြူဖြူ၊ ကြွယ်ဝချမ်းသာပြီး လှပသော မိန်းမပျိုလေးများ သူမကို အဘယ်ကြောင့် မန်းရှင်းခေါ်နေကြသနည်း ဆိုသည့် အဖြေမှာ... ဗီဒီယို တစ်ခု ဖြစ်ချေသည်။
ထိုဗီဒီယိုထဲတွင် ယဲ့ဖန်သည် အလွန်ပင် ခန့်ညားစွာ ပေါ်ထွက်လာပြီး၊ သူသည် ထူးခြားသော သိုင်းပညာများကို အသုံးပြုကာ အလွန်ပင် အစွမ်းထက်ပုံ ရသော လူ တစ်ဦးကို နှိမ်နင်းလိုက်သည် မဟုတ်ပါလော။ ထို့အပြင် သူသည် ထိုသူ၏ ဟန်ဆောင်ထားသော သရုပ်မှန်ကိုပါ ဖွင့်ချလိုက်သည် မဟုတ်ပါလော။
အန်းကျူပရင့်စ်၏ နှုတ်ခမ်းလေးမှာ အံ့သြမှုကြောင့် အနည်းငယ် ဟသွားရ၏။
ဒါက တကယ်ပင် ထိုအမျိုးသား ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သူမသည် ဖုန်းကို ကိုင်ထားရင်း အတော်ကြာအောင် စဉ်းစားနေမိသည်။ နောက်ဆုံးတွင်မူ သူမသည် ရင်းနှီးနေသော ဖုန်းနံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်လေတော့သတည်း။
...
ထိုအချိန်၌ ပဲလေ့စ် ဟိုတယ်တွင် ဖြစ်ပေသည်။ ဖုန်းမြည်သံ ထွက်ပေါ်လာသည်နှင့် ယဲ့ဖန်သည် နံပါတ်ကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန်ပင် ကိုင်လိုက်၏။
"အချစ်... ရှင် သိရဲ့လား။ ဖော့ခ်စီးတီးက အထက်တန်းစား မိန်းမလှလေးတွေ အားလုံးက ဒီနေ့ ရှင့်ကို ကြွေနေကြပြီနော်"
ယဲ့ဖန် တစ်ယောက် အံ့အားသင့်သွားရသည်။
‘'ကိုယ် ဒီနေ့ ဘာဖြစ်လို့လဲ'
"အိမ်မက်ကမ္ဘာ အရက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလေ"
"ဪ... ဟားဟား၊ ဒါကို ပြောတာကိုး"
ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။
သူသည် အန်းကျူပရင့်စ်နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ဖုန်းကို ချလိုက်လေ၏။ ထို့နောက် သူသည် ဆိုဖီ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဆိုဖီ... မင်း ဒီနေ့ညတော့ ပြန်လိုက်ပါတော့။ ငါ မင်းကို လိုအပ်တဲ့ အခါကျမှပဲ ထပ်ပြီး အကြောင်းကြားလိုက်မယ်"
အခန်း (၁၇၈၁) - သတင်းစကားတစ်ခု
~ဆိုဖီသည် ယဲ့ဖန်နှင့် ခွဲခွာရမည်ကို အမှန်တကယ်ပင် နှမြောတသ ဖြစ်နေရှာ၏။ သူမသည် မျက်နှာလေး နီမြန်းလျက် ယဲ့ဖန်အား ကြည့်ကာ ခပ်တိုးတိုး ဆိုလိုက်လေသည်။
"ကျွန်မ အခုပဲ စစ်ဆေးကြည့်ပြီးပါပြီ။ ရှင့်ရဲ့ အိမ်အကူတစ်ယောက်အနေနဲ့ ကျွန်မ ရှင့်ကို အနီးကပ် ပြုစုစောင့်ရှောက်သင့်ပါတယ်ရှင်"
ယဲ့ဖန် တစ်ယောက် အသံတစ်သံပင် မထွက်နိုင်ဘဲ ငိုင်သွားရတော့၏။
'ဒီမိန်းကလေးက တစ်ခုခုကို အရိပ်အမြွက် ပြောနေတာလား'
သို့သော်ငြားလည်း ယဲ့ဖန်သည် နားမလည်ချင်ယောင်ဆောင်ရန်သာ ရွေးချယ်လိုက်လေသည်။
"ရပါတယ်... မင်း အိမ်ပြန်နားလိုက်ပါတော့။ အလုပ်အတွက် လိုအပ်တဲ့ ငွေကြေးကိုတော့ ငါ ပေးပါ့မယ်။ နောင်တစ်ချိန်မှာ ငါ တစ်ခုခု အကူအညီလိုရင်တော့ မင်းဆီကို ဖုန်းဆက်လိုက်မယ်လေ"
ယဲ့ဖန်သည် ဆိုဖီ့ကို အိမ်အကူအဖြစ် လက်ခံလိုက်ခြင်းမှာ ထိုအချိန်က အခြေအနေအရ အခွင့်ကောင်းယူလိုက်ခြင်းသာ ဖြစ်ချေသည်။ ထို့အပြင် သူ နေမဝင်အင်ပါယာတွင် ရှိနေစဉ်အတွင်း အဝတ်အစား လျှော်ဖွပ်ပေးရန်နှင့် အခန်းသန့်ရှင်းရေး လုပ်ပေးရန်အတွက် ယုံကြည်စိတ်ချရသော သူတစ်ဦး လိုအပ်နေသည်မှာလည်း အမှန်ပင် ဖြစ်လေသည်။
ဤမိန်းကလေးနှင့် ပိုမို နက်ရှိုင်းသော ဆက်ဆံရေးမျိုး တည်ဆောက်ရန်အတွက်မူ... သူမသည် အလွန်ပင် ဆွဲဆောင်မှု ရှိလှသော်ငြားလည်း ယဲ့ဖန်ဘက်ကမူ ထိုသို့ လုပ်ဆောင်ရန် စိတ်မပါလှပေ။
အကြောင်းမူကား ယဲ့ဖန်သည် စည်းကမ်းမဲ့လှသော အမျိုးသားတစ်ဦး မဟုတ်သောကြောင့်ပင်။ သူ၏ ဘေးပတ်လည်တွင် မိန်းမလှလေးများစွာ ဝိုင်းရံနေသော်လည်း သူသည် လူတိုင်းကို လက်ခံနိုင်သူ မဟုတ်သည်မှာ သေချာလှပေသည်။
ထို့ကြောင့်ပင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ရိုးရှင်းစွာ ထားရှိခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဆိုဖီက သူ့အပေါ် သဘောကျနေခြင်းမှာ သူမ၏ ကိစ္စသာ ဖြစ်ပြီး၊ သူကိုယ်တိုင်ကမူ သူမအပေါ် သံယောဇဉ် တွယ်လာခြင်း မရှိသေးပေ။
ယုံကြည်စိတ်ချရပြီး အလုပ်အကျွေး ပြုနိုင်သော အိမ်အကူလေး တစ်ဦးအဖြစ်သာ သဘောထားလိုက်ခြင်းက အကောင်းဆုံး မဟုတ်ပါလော။
ယဲ့ဖန်၏ ပြတ်သားလှသော သဘောထားကို မြင်လိုက်ရချိန်တွင် ဆိုဖီသည် ဆက်လက်၍ နေထိုင်ရန် တောင်းဆိုဝံ့သည့် သတ္တိ မရှိတော့ပေ။ သူမသည် ယဲ့ဖန်အား တစ်ဖန် ပြန်လည် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။
"ယဲ့လူကြီးမင်း... ကျွန်မရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို စားပွဲပေါ်မှာ တင်ထားခဲ့ပါတယ်ရှင်။ နောက်မှ လိုအပ်တာ ရှိရင် ကျွန်မကို အကြောင်းကြားဖို့ မမေ့ပါနဲ့ဦးနော်"
သူမသည် အခန်းထဲမှ မထွက်မီမှာပင် ယဲ့ဖန်အား သတိပေးရန် မမေ့ခဲ့ပေ။
ယဲ့ဖန်က သူမအား ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြကာ လက်ယမ်း၍ နှုတ်ဆက်လိုက်၏။ ထို့နောက် တံခါးပိတ်သွားသည်အထိ စောင့်ဆိုင်းနေပြီးမှ အနားယူရန် ပြင်လိုက်လေသည်။
သို့သော်ငြားလည်း ထိုအခိုက်အတန့်၌ သူ၏ ဖုန်းမှာ တစ်ဖန် ပြန်လည် တုန်ခါလာပြန်၏။
သူသည် ဖုန်းကို ကောက်ကိုင်လိုက်ရာ စမတ်သတင်းအချက်အလက် အကြံပေးကုမ္ပဏီမှ ဆာမီယာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ညနက်သန်းခေါင်ကြီးတွင် ဖုန်းဆက်လာသည်ဆိုမှတော့ ကိစ္စတစ်ခုခု ရှိနေပြီဖြစ်ကြောင်း ယဲ့ဖန် တွက်ဆလိုက်မိ၏။
သူသည် ဖုန်းကို အလျင်အမြန်ပင် ကိုင်လိုက်လေသည်။
"ဘာကိစ္စ ရှိလို့လဲ ဆာမီယာ"
"အစ်ကိုကြီး... ဒီနေ့ည အရက်ဆိုင်မှာ အစ်ကိုကြီးရဲ့ အစွမ်းတွေကို ပြသွားတယ်လို့ ကြားတယ်နော်" ဆာမီယာ၏ လေသံမှာ သူငယ်ချင်းဟောင်း တစ်ဦးနှင့် စကားပြောနေသကဲ့သို့ ပေါ့ပါးနေလေသည်။
"ခင်ဗျားတို့ သတင်းက တော်တော်လေးကို မြန်တာပဲ" ယဲ့ဖန်က ရယ်မောလိုက်ရင်း ဆို၏။
"ဒါပေမဲ့... ဒီလောက် ညနက်ကြီးမှ ကျွန်တော့်ဆီ ဖုန်းဆက်တာက ဒါလေးပြောဖို့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်နော်"
"သူဌေးကို လိမ်လို့ မရဘူးဆိုတာ ကျွန်မ သိသားပဲ" ဆာမီယာက ပြုံးလိုက်ရင်း ဆက်ပြောလေသည်။ "ကာနာရီ ဝေါ့ဖ် (Canary Wharf) မှာရှိတဲ့ ကျွန်မတို့ရဲ့ သတင်းပေးဆီကနေ ခိုင်မာတဲ့ သတင်းတစ်ခု ရထားလို့ပါ"
"မနက်ဖြန် ညသန်းခေါင်ယံ အချိန်လောက်မှာ ကုန်တင်သင်္ဘော တစ်စင်း ထွက်ခွာဖို့ ရှိတယ်။ အဲဒီသင်္ဘောက အမေရိကန်ကို ကုန်စည်တွေ ပို့ဆောင်ရင်းနဲ့ အထူး ဧည့်သည်အချို့ကိုလည်း တိတ်တဆိတ် သယ်ဆောင်သွားဖို့ ရှိနေတယ်"
"အဲဒီ ဧည့်သည်တွေထဲက တစ်ယောက်ကတော့ 'သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး၊ သူက ဂျယ်ရီ ဘားရိုးစ် မိသားစုဆီကနေ လက်ဆင့်ကမ်းလာတဲ့ 'သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်' ကို သယ်ဆောင်သွားလိမ့်မယ်လို့ သိရပါတယ်"
"သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် ဆိုတာ နဂါးနိုင်ငံက လာတာလေ" ယဲ့ဖန်က ဆာမီယာ၏ စကားကို ချက်ချင်းပင် ပြင်ပေးလိုက်၏။
"တောင်းပန်ပါတယ် သူဌေး ၊ နောင်ကျရင် ကျွန်မ ပိုပြီး သတိထားပါ့မယ်" ဆာမီယာက ကပျာကယာပင် တောင်းပန်လိုက်လေသည်။
"ကျွန်မတို့ရဲ့ သတင်းဆန်းစစ်ချက်တွေအရ အဲဒီ အထူးဧည့်သည်တွေဟာ သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်တာကြောင့်၊ ဒီတစ်ခေါက်မှာ အဲဒီ ရွှေဗုဒ္ဓရုပ်ပွားတော်ကို တိတ်တဆိတ် မှောင်ခို ခိုးထုတ်သွားဖို့ ကြံစည်နေကြတာ ဖြစ်နိုင်ပါတယ်"
"အဲဒီ ရုပ်ပွားတော်ဟာ ဂျယ်ရီ ဘားရိုးစ် မိသားစုရဲ့ အဖိုးအထိုက်တန်ဆုံး ရတနာတွေလောက် တန်ဖိုး မကြီးမားပေမဲ့၊ အကြမ်းဖျင်းအားဖြင့်တော့ ယွမ် (၅၀၀) သန်းလောက် တန်ဖိုးရှိမှာ ဖြစ်ပြီး ပီကာဆိုရဲ့ (၁၀) ခုမြောက် အဖိုးတန် ပန်းချီကားရဲ့ တန်ဖိုးနဲ့ မရှေးမနှောင်းပါပဲ။ ဒီသတင်းက သူဌေးအတွက် အသုံးဝင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်"
"အင်မတန်မှ အသုံးဝင်တာပေါ့" ယဲ့ဖန်က အတည်ပြုလိုက်၏။
"ဆာမီယာ... ခင်ဗျားတို့ ဒီကိစ္စကို အချိန်မီ ကိုင်တွယ်နိုင်ခဲ့တာ တော်တော်လေး ကောင်းတယ်"
"ကာနာရီ ဝေါ့ဖ် နဲ့ အဲဒီ ကုန်တင်သင်္ဘော အကြောင်း အချက်အလက် အသေးစိတ်ကို ကျွန်တော့်ဆီ ပို့ပေးလိုက်ပါ။ ကျွန်တော် သေချာ ကြည့်ပြီး ကြိုတင် ပြင်ဆင်ထားလိုက်မယ်"
"ဟုတ်ကဲ့ပါ" ဆာမီယာက ချက်ချင်းပင် ပြန်လည် ထူးလိုက်လေသည်။
ခေတ္တမျှ ကြာပြီးနောက်တွင်တော့ သူမသည် ရှင်းလင်းစွာ စုစည်းထားသော မှတ်တမ်းအချို့ကို ယဲ့ဖန်ထံသို့ ပေးပို့လာတော့၏။ ယဲ့ဖန်သည် ထိုအချက်အလက်များကို ဖတ်ရှုလိုက်ပြီးနောက် အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားလေသည်။
သူသည် ထိုည၌ ကောင်းမွန်စွာ အိပ်စက်လိုက်ပြီး၊ နောက်တစ်နေ့ မနက်တွင် ချန်းဖေးအယ်ထံသို့ ဆက်သွယ်ကာ သူမအား မိမိနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ပြောဆိုရန် ပြင်ဆင်လိုက်၏။
သို့သော်ငြားလည်း သူ ထင်မှတ်မထားသော အချက်မှာ... နောက်တစ်နေ့ မနက် နိုးလာပြီး ဖုန်းဖွင့်လိုက်ချိန်တွင် သူ၏ ဖုန်းမှာ ဖုန်းခေါ်ဆိုမှု အများအပြားဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်ချေသည်။
ထိုအထဲတွင် ချန်းဖေးအယ်၏ ဖုန်းခေါ်ဆိုမှုများလည်း ပါဝင်နေလေ၏။ ယဲ့ဖန် ဆက်လက်၍ မစဉ်းစားရသေးမီမှာပင် သူမဆီမှ ဖုန်း ထပ်မံ ဝင်ရောက်လာပြန်သည်။
"ဘုရားရေ... ယဲ့လူကြီးမင်း။ ရှင့်ဖုန်းကို အခုမှပဲ ဖွင့်ရသလား။ တော်သေးတာပေါ့"
ချန်းဖေးအယ်သည် ဖုန်းထဲမှနေ၍ သက်ပြင်းတစ်ချက် ချလိုက်သံကို ကြားလိုက်ရ၏။
ယဲ့ဖန်သည် သူမ၏ လှောင်ပြောင်မှုများကို အရေးမစိုက်ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
"ဘာကိစ္စတွေ ဒီလောက်တောင် အရေးကြီးနေလို့လဲ။ ဂျယ်ရီ ဘားရိုးစ် မိသားစုရဲ့ စုဆောင်းမှုတွေနဲ့ ပတ်သက်တဲ့ သတင်း ရထားလို့လား"
"ရှင် မှန်းတာ မှန်ပါတယ်" ချန်းဖေးအယ်၏ လေသံမှာ အလွန်ပင် အရေးကြီးနေပုံ ရလေသည်။
"ကျွန်မတို့ လူတွေ မှောင်ခိုဈေးကွက်ကနေ ကြားလိုက်ရတာကတော့... ဒီည သန်းခေါင်ယံ အချိန်လောက်မှာ 'သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' က လူတစ်စုဟာ ကာနာရီ ဝေါ့ဖ် မှာ ရှိနေလိမ့်မည်တဲ့။ သူတို့တွေ ရတနာတွေကို မှောင်ခို ခိုးထုတ်ဖို့ ပြင်နေကြတာ ဖြစ်နိုင်ပါတယ်"
"ဟင်"
ယဲ့ဖန် တစ်ယောက် ထိုစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားရတော့၏။
သတင်းက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားရသလား...။
တစ်ညတည်းနှင့်ပင် ဖော့ခ်စီးတီး၏ မှောင်ခိုဈေးကွက်အတွင်းသို့ ရောက်ရှိသွားပြီ ဆိုပါလား။
သို့ဆိုလျှင် လူပေါင်းများစွာက ဒီသတင်းကို သိရှိနေကြပြီ မဟုတ်ပါလော။
—