ရှန်းချန်ကောအား လိုက်လံဖမ်းဆီးခြင်း (၁)
Vol. 29 Ch. 283
ချင်းဖုန်းမြို့ သည် နန်ဟွာဒေသ၏ ပင်မမြို့ကြီး ၁၀ မြို့တွင် တစ်မြို့ အပါအဝင် ဖြစ်လေသည်။ ၎င်းသည် လုံးဝ အားနည်းခြင်း မရှိပေ။
မြို့စားမင်းနယ်မြေအပြင် မြို့တွင်းရှိ စီးပွားရေးလုပ်ငန်း အားလုံးကို ထိန်းချုပ်ထားသော မိသားစုကြီး သုံးစု ရှိပြီး သူတို့၏ အင်အားသည် မြို့စားမင်းနယ်မြေထက် မည်သို့မျှ အားမနည်းကြချေ။
ယနေ့သည် ထူးခြားသော နေ့တစ်နေ့ ဖြစ်လာရန် ဖန်တီးထားသကဲ့သို့ ရှိနေပေသည်။
သဘာဝအရိပ်၏ တတိယထပ် သီးသန့်အခန်း တစ်ခုတွင် ဖြစ်လေသည်။
ရှန်းချန်ကောသည် ပြတင်းပေါက် အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသဖြင့် အံ့သြသွားရ၏။ သူသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အောက်ဘက် လမ်းမဆီသို့ ငုံ့ကြည့်လိုက်လေသည်။
လမ်းမများပေါ်တွင် လူများ၏ ပုံရိပ်များသည် ရေလွှမ်းမိုးသကဲ့သို့ လှုပ်ရှားသွားလာနေကြပြီး နှစ်ဖက်အဖွဲ့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြလေသည်။
ရှန်းချန်ကော၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် တမင်စစ်ဆေးစရာ မလိုဘဲ မိုင်တစ်ရာအတွင်းရှိ လေတိုက်ခတ်မှုနှင့် မြက်ပင်လှုပ်ရှားမှုများကိုပင် ကြားသိနိုင်စွမ်း ရှိပေသည်။
ခဏအကြာတွင် ရှန်းချန်ကောသည် အခြေအနေကို သဘောပေါက်သွားလေသည်။
ဤသတ်ဖြတ်ပွဲ၏ မူလအစမှာ မြို့တော်၏ နံပါတ်တစ် မိသားစုနှင့် မြို့စားမင်းနယ်မြေတို့ ပူးပေါင်းပြီး အခြား မိသားစုကြီး နှစ်ခုကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။
ယခုအချိန်တွင် ချင်းဖုန်းမြို့ တစ်ခုလုံးသည် ပြင်းထန်သော တိုက်ခိုက်သံများဖြင့် ပြည့်နှက်နေလေသည်။ သွေးများသည် လမ်းမရှည်ကြီးကို နီရဲသွားစေပြီး အလောင်းများသည် သွေးအိုင်များထဲတွင် ပြတ်တောက်နေသော လက်များ၊ ခြေများဖြင့် လဲလျောင်းနေကြလေသည်။
အလွန် သနားစဖွယ် ကောင်းပြီး သွေးစွန်းသော မြင်ကွင်း ဖြစ်ပေသည်။
ထန်..ထန်..
လက်နက်ချင်း ထိခတ်သံများသည် နားထဲတွင် စွဲထင်နေလေသည်။ သတ်ဖြတ်လိုသော ဆန္ဒများသည် ကောင်းကင်ကို လွှမ်းမိုးထားပြီး အဆုံးမဲ့ သွေးအရှိန်အဝါများ မြင့်တက်လာကာ ကမ္ဘာလောကကြီး တစ်ခုလုံးကို နီရဲသော ဆိုးယုတ်ခြင်းဖြင့်ပြည့်နှက်သွားစေခဲ့ချေ၏။
အမိုးထပ်တွင် ရှန်းချန်ကောသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ တောတွင်းဥပဒေသ သည် ကျင့်ကြံသူများ၏ အမြင့်မြတ်ဆုံး ဥပဒေ ဖြစ်လေသည်။
ပိုသန်မာသူသာ အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး သန်မာသူကို လေးစားရမည် ဖြစ်ပေသည်။
ဤအရာကို မည်သူမျှ ပြောင်းလဲနိုင်ခြင်း မရှိချေ။
ရုတ်တရက် ရှန်းချန်ကော၏ မျက်လုံးများ စူးရှသွားလေသည်။ သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ချင်းဖုန်းမြို့ အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်၏။
ချင်းဖုန်းမြို့၏ မြောက်ဘက်တွင် ဖြစ်လေသည်။
ကောင်းကင်ယံ၌ လေများ တိုက်ခတ်ပြီး တိမ်တိုက်များ လှုပ်ရှားနေလေသည်။ အလွန် အစွမ်းထက်သော အရှိန်အဝါ အချို့ကို ခံစားလိုက်ရ၏။
ကောင်းကင်ကို လွှမ်းခြုံထားသော ဖိအားမှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်ပေသည်။
"မြင့်မြတ်မင်းဆက်နဲ့ ထိုက်တန်ပါပေတယ်... သူတို့ ဒီလောက်မြန်မြန် ရောက်လာကြတယ်..."
ရှန်းချန်ကော၏ မျက်နှာထားသည် အေးစက်နေပြီး ချင်းဖုန်းမြို့၏ မြောက်ဘက် အဝေးဆီသို့ စိုက်ကြည့်နေလေသည်။ လေထုထဲတွင် ပျံ့နှံ့နေသော အရှိန်အဝါမှတစ်ဆင့် အလွန် ရင်းနှီးသော ခံစားချက်ကို သူ အာရုံခံမိလိုက်၏။
သူတို့သည် ကုမျိုးနွယ်စု မှ ဖြစ်ကြပေသည်။
"ရွှစ်..."
ထို့နောက် ရှန်းချန်ကော၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး ကောင်းကင်သို့ ပျံတက်ကာ ချင်းဖုန်းမြို့၏ အရှေ့ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
"ရွှစ်..."
ရှန်းချန်ကော ထွက်ခွာသွားသည်နှင့် ကုကလန်မှ ကျင့်ကြံသူများ ရောက်ရှိလာကြလေသည်။ သူတို့အထဲတွင် အဘိုးအို နှစ်ဦးနှင့် လူငယ်တစ်ဦး ပါဝင်လေသည်။
သူတို့သုံးဦးသည် နတ်ဘုရားများ လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ အတူတကွ ရောက်ရှိလာကြ၏။ သူတို့၏ နတ်ဘုရား အရှိန်အဝါသည် ကြီးမားလှပြီး သူတို့၏ ဖိအားသည် ချင်းဖုန်းမြို့ တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ကောင်းကင်ဘုံ၏ အစွမ်းအစများ ကမ္ဘာလောကသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်နေပေသည်။ ချင်းဖုန်းမြို့ရှိ ကျင့်ကြံသူ အားလုံး မျက်နှာပျက်သွားကြပြီး အသက်ရှူကျပ်မတတ် ဖိအားကို ခံစားလိုက်ကြရချေ၏။
ကောင်းကင်ယံတွင် အဘိုးအိုနှစ်ဦးသည် လေထဲ၌ ရပ်နေကြလေသည်။ ထိုအချိန်တွင် ဝတ်ရုံနက်ဝတ်ထားသော သူ၏ မျက်လုံးများမှ စူးရှသော အကြည့်များ ထွက်ပေါ်လာ၏။
သူသည် အောက်သို့ ငုံ့ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ငါမရောက်ခင် သူ ထပ်ထွက်ပြေးသွားလိမ့်မယ်လို့ မထင်ထားဘူး..."
အခြားတစ်ဦးမှာ အစိမ်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အဘိုးအို ဖြစ်လေသည်။ သူ၏ မျက်လုံးများသည် မဲမှောင်အေးစက်နေပြီး တိုက်ပွဲရပ်တန့်သွားသော ချင်းဖုန်းမြို့မှ လူများကို ငုံ့ကြည့်လိုက်၏။
သူက နှာခေါင်းရှုံ့ပြီး ပြောလိုက်လေသည်။
"ဒီပုရွက်ဆိတ်တွေ အချင်းချင်း တိုက်ခိုက်ပြီး အရှိန်အဝါတွေ ရှုပ်ထွေးမနေရင် ရှန်းချန်ကော ဘယ်လိုလုပ် လွတ်နိုင်မှာလဲ..."
"ဝုန်း... ဝုန်း... ဝုန်း..."
မျက်တောင်တစ်ခတ်အတွင်း အစိမ်းရောင်ဝတ် အဘိုးအိုသည် လက်ကိုမြှောက်ပြီး ရိုက်ချလိုက်လေသည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် ကြီးမားသော လက်ဝါးရာကြီးတစ်ခု အသွင်ဆောင်ကာ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ချင်းဖုန်းမြို့ တစ်ခုလုံးကို အုပ်မိုးသွားသကဲ့သို့ ဖြစ်နေပေသည်။
နတ်ဘုရားတစ်ပါး၏ လက်ဝါး ကျရောက်လာသကဲ့သို့ ချင်းဖုန်းမြို့သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပြိုကွဲပျက်စီးသွားလေသည်။
ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများဖြင့် ယိုယွင်းနေသော မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့၏။ သွေးများသည် မြစ်ချောင်းသဖွယ် စီးဆင်းပြီး မြေကြီးကို နီရဲသွားစေခဲ့လေသည်။
ချင်းဖုန်းမြို့ တစ်ခုလုံးသည် ထိုလက်ဝါးချက်ကြောင့် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ မြို့ထဲရှိ သက်ရှိသတ္တဝါ အားလုံး သုတ်သင်ခံလိုက်ရပြီး အရိုးများပင် မကျန်ရစ်ခဲ့ချေ။
ဤသည်မှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ကြောက်မက်ဖွယ် ကောင်းသော အချက်ပင် ဖြစ်ပေသည်။
ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်ရုံဖြင့် ကောင်းကင်ပြိုကျကာ မြေကြီးအက်ကွဲသွားပြီး တောင်များနှင့် မြစ်များသည် အရောင်အဆင်း ကင်းမဲ့သွားကာ သာမန်ပြည်သူများ၏ သွေးများသည် အရိုးဖြူများ အဖြစ်သို့ ပြောင်းလဲသွားကြရပေသည်။
"ဆက်လိုက်မယ်..."
ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သော လူငယ်သည် နောက်ဆုံး၌ စကားပြောလာလေသည်။ သူသည် ချင်းဖုန်းမြို့၏ အရှေ့ဘက်သို့ ကြည့်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
အစမှ အဆုံးထိ သူ၏ မျက်နှာထားသည် အလွန် အေးစက်နေလေသည်။ အစိမ်းရောင်ဝတ် အဘိုးအိုက မြို့ထဲရှိ သက်ရှိသတ္တဝါ အားလုံးကို သတ်ဖြတ်လိုက်သည့်တိုင် သူ မတားဆီးခဲ့ပေ။
သူ၏ မျက်လုံးများထဲတွင် ဂရုမစိုက်မှုများ ပြည့်နှက်နေ၏။
သူသည် သာမန်ပြည်သူများကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားပြီး လူ့အသက်များကို မြက်ပင်များကဲ့သို့ သဘောထားလေသည်။
သူ၏ မျက်လုံးထဲတွင် မြို့တစ်မြို့လုံး၏ အသက်များသည် ထည့်ပြောစရာပင် မလိုဘဲ သူ့အာရုံစိုက်မှုနှင့် မထိုက်တန်ချေ။
ဤလူငယ်သည် ကုနန်ဖုန်း ဖြစ်လေသည်။
အခြား အဘိုးအို နှစ်ဦးသည် ကုကလန် အကြီးအကဲဆောင်မှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး နှစ်ဦးစလုံးသည် ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် သို့ ရောက်ရှိနေကြသူများ ဖြစ်ပေသည်။
ကုနန်ဖုန်းသည် ရှန်းချန်ကော၏ အင်အားကို ကောင်းစွာ သိရှိလေသည်။ ဖန်ဆင်းခြင်း အသေးစား နယ်ပယ်ကျင့်ကြံသူများကို လိုက်လံ ဖမ်းဆီးခိုင်းခြင်းသည် အဓိပ္ပာယ်မရှိဘဲ အသက်အန္တရာယ်ပင် ရှိနိုင်ကြောင်း သူ သိပေသည်။
ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးနှင့်အတူ ရှန်းချန်ကော၏ ခြေရာကို ခံပြီး လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်လေသည်။
အများကိစ္စကြောင့်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးကြောင့်ဖြစ်စေ သူသည် ရှန်းချန်ကောကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။ သူ ဘယ်တော့မှ လက်လျော့မည် မဟုတ်ပေ။
အကယ်၍ မြင့်မြ့တ်မင်းဆက်တွင် ရှန်းချန်ကောကို အမုန်းဆုံး အင်အားစုက ဘယ်သူလဲဟု မေးလာလျှင် သေချာပေါက် ကုကလန်ပင် ဖြစ်လိမ့်မည်။
သူတို့သည် ရှန်းချန်ကောကို အရိုးထဲထိ မုန်းတီးကြလေသည်။
ရှန်းချန်ကောသည် ကုလင်းဖန်ကို သတ်ဖြတ်ခဲ့သဖြင့် ကုကလန်နှင့် ရန်ငြိုးဖွဲ့ထားပြီး ဖြစ်လေသည်။ လေဘုရင်က ကြားဝင် ဖြန်ဖြေပေးခဲ့သောကြောင့် ကုကလန် အနေဖြင့် ဘာမျှ မလုပ်နိုင်ခဲ့ချေ။
ယခုအခါ ရှန်းချန်ကောသည် သူတော်စင်ဘုရင်ကို ဒေါသထွက်စေခဲ့ပြီး သူတော်စင်ဘုရင် ကိုယ်တိုင်က သတ်မိန့် ထုတ်ပြန်ထားသဖြင့် ကုကလန်၏ တုံ့ပြန်မှုသည် အပြင်းထန်ဆုံး ဖြစ်လာခဲ့ပေသည်။
ကုကလန် ကောင်းကင်ဘုရင် အပြင် ကုကလန် တစ်ခုလုံးနီးပါးသည် ရှန်းချန်ကောကို လိုက်လံ ဖမ်းဆီးရန် လှုပ်ရှားနေကြလေသည်။
ကုနန်ဖုန်း၏ ရှန်းချန်ကောအပေါ် မုန်းတီးမှုသည် သူ့ညီ ကုလင်းဖန်ကို သတ်ဖြတ်ခဲ့သောကြောင့်သာ မဟုတ်ဘဲ လက်စားချေလိုစိတ်ကြောင့်လည်း ပါဝင်လေသည်။
သူတော်စင် အကယ်ဒမီတွင် ရှန်းချန်ကောက သူ့ကို အရှက်ရစေခဲ့သည့်အတွက် လက်စားချေလိုခြင်း ဖြစ်ပေသည်။
ဤသည်မှာ ကုကလန် အနေဖြင့် ရှန်းချန်ကောကို လက်လွတ်မခံရသည့် အကြောင်းရင်းလည်း ဖြစ်လေသည်။ ရှန်းချန်ကော အသက်ရှင်နေသရွေ့ ကုကလန်သည် ဘယ်သောအခါမှ ခေါင်းမော့နိုင်မည် မဟုတ်ချေ။