← Chapters

နတ်ဘုရားအဆင့် ပစ္စည်း (၂)

Vol. 29 Ch. 290

နတ်ဘုရားအဆင့် ပစ္စည်း (၂)

Vol. 29 Ch. 290

"နောက်ထပ် ကုမျိုးနွယ်စုပဲလာပြန်ပြီလား... တစ်ရက်ရက်တော့ မင်းတို့ ကုမျိုးနွယ်စုတစ်ခုလုံးကို သက်ရှိတစ်ယောက်မှ မကျန်အောင် ရှင်းထုတ်ပစ်လိုက်မယ်..."

ကောင်းကင်ယံတွင် ရှန်းချန်ကော၏ ဆံပင်ရှည်ကြီးများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သူ၏မျက်နှာထားသည် အရိုးခိုက်အောင် အေးစက်နေလေသည်။

သူသည် ရှေ့မှ ကုကလန် ကျင့်ကြံသူများကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ပါသော စကားတစ်ခွန်းကိုတံတွေးထွေးသကဲ့သို့ ပြောလိုက်၏။

ကုကောင်းကင်မျိုးနွယ်စုသည် သူ့ကို အမြဲတမ်း သတ်ချင်နေကြပြီး သူ့အတွက် အကြိမ်ကြိမ် အခက်အခဲ ဖြစ်စေခဲ့လေသည်။

နောင်တစ်ချိန် သူ အထွတ်အထိပ်သို့ ရောက်သောအခါ သူသည် သေချာပေါက် ကုမျိူးနွယ်စုကို ဤကမ္ဘာလောကမှ ဖယ်ရှားပစ်မည်။ သူတို့၏ အမွေအနှစ်များကို ဖြတ်တောက်မည် ဖြစ်ပြီး သူတို့၏ဂုဏ်သိက္ခာများ ဆက်ရှိနေတော့မည် မဟုတ်ဘဲ သူတို့၏ ဇာတ်သိမ်းခန်းသည် သနားစရာကောင်းစွာ နိဂုံးချုပ်သွားရပေမည်။

ဤနေရာသည် ထိုက်ချင်းဒေသ ဖြစ်လေသည်။

တောင်ဘက် ပန်းပွင့်နယ်မြေရှိ တိုက်ပွဲအပြီး သုံးရက် ကုန်လွန်ခဲ့ပြီ။

လွန်ခဲ့သော သုံးရက်အတွင်း ရှန်းချန်ကောသည် အနားမယူခဲ့ပေ။ သူသည် ဒေသပေါင်း ဒါဇင်နှင့်ချီ ဖြတ်ကျော်ပြီး ထိုက်ချင်းဒေသသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုက်ချင်းဒေသ၏ပင်လယ်ရေအောက်တွင် လှိုဏ်ဂူတစ်ခု တူးဖော်ပြီး ဒဏ်ရာများကို ကုသချင်ခဲ့လေသည်။ သို့သော် သူ မစတင်မီမှာပင် နောက်တစ်ကြိမ် ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရပြန်၏။

ယခင်အကြိမ်နှင့် မတူတော့ပေ။

ယခုအကြိမ် အခြေအနေသည် ယခင်အကြိမ်ထက် များစွာ ပိုမို အန္တရာယ်များလှပေသည်။ သူ့ကို ဝိုင်းရံထားသော ကျွမ်းကျင်သူများသည် အနည်းဆုံး ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် တွင် ရှိနေကြသူများ ဖြစ်လေသည်။

ထို့အပြင် တိုက်ပွဲကွင်းပြင်အပြင်ဘက်တွင် လုံးဝ မလှုပ်ရှားသေးသော အစွမ်းထက် ကျင့်ကြံသူ အချို့လည်း ရှိနေသေးသည်။ သူတို့သည် တိုက်ပွဲကိုသာ အာရုံစိုက်နေကြသော်လည်း သူတို့သည် အလွန် အန္တရာယ်များကြောင်း ရှန်းချန်ကော ခံစားမိနေ၏။

သူတို့သည် ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်ရှိ ကြောက်မက်ဖွယ် ဖြစ်တည်မှုများ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"လေကြီးလှချည်လား..."

"သေခါနီးနေတဲ့သူက ဘယ်လို အနာဂတ်မျိုး ရှိဦးမှာလဲ... ဒီနေ့ မင်းကို သွေးထွက်အောင် လုပ်ပြမယ်..."

"သတ်..."

ကုကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူက အေးစက်စွာ ပြန်ပြောလိုက်လေ၏။ သူ၏ မျက်လုံးများတွင် အရိုးခိုက်အောင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ကုမျိုးနွယ်စုကျင့်ကြံသူများ၏ မျက်လုံးများသည် ရေကဲ့သို့ မဲမှောင်နေပြီး ရှန်းချန်ကော၏ ပုံရိပ်ကို စိုက်ကြည့်နေကြလေသည်။ သူတို့၏ မျက်လုံးများတွင် ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး သူတို့၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်နေပေသည်။

ယခုတစ်ကြိမ်တွင် မြင့်မြတ်မင်းဆက်၏ တတိယမြောက် သူတော်စင်စစ်သူကြီးဦးဆောင်မှုအောက်တွင် ကောင်းကင်မျိုးနွယ်စုအသီးသီးမှ အစွမ်းအထက်ဆုံး လူများကို စေလွှတ်ပြီး ရှန်းချန်ကောကို သတ်ဖြတ်ရန် စီစဉ်ထားကြခြင်း ဖြစ်လေသည်။

ယနေ့ သူတို့ စေလွှတ်လိုက်သော လူများအားလုံးသည် ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေကြသူများ ဖြစ်ကြသည်။

ရှန်းချန်ကောသည် ဖန်ဆင်းခြင်းအကြီးစား နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သောကြောင့် သူတို့ ဆက်လက် တိုက်ခိုက်နေလျှင် အသက်အန္တရာယ် ရှိနိုင်ပြီး တိုက်ပွဲအတွက် အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်သောကြောင့် ဤသို့ စီစဉ်ရခြင်း ဖြစ်ပေသည်။

ထို့အပြင် တိုက်ခိုက်နေသူများအပြင် မလှုပ်ရှားသေးသော အခြား ကောင်းကင်မျိုးနွယ်စုမှ သန်မာသူများလည်း ရှိနေသေးသည်။ သူတို့သည် စစ်မြေပြင်ကိုသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ထိုသန်မာသူများသည် ရှန်းချန်ကောကို လိုက်လံ ဖမ်းဆီးရာတွင် အဓိက အင်အားစုများ ဖြစ်ကြသည်။

"လူတိုင်း ခဏလောက် စောင့်ပေးကြပါ... ဒီအဘိုးကြီး ကိုယ်တိုင် သူ့ကို သတ်ပါရစေ..."

ကုမျိုးနွယ်စု၏ တတိယမြောက် အကြီးအကဲသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အခြား ကျင့်ကြံသူ သုံးဦးကို ကြည့်ကာ မတိုက်ခိုက်ရန် ပြောလိုက်လေသည်။

"ကောင်းပြီလေ..."

"ကိစ္စမရှိပါဘူး..."

"အစ်ကိုကြီးကု... သဘောရှိသလိုလုပ်လိုက်ပါ..."

အခြားကျင့်ကြံသူ သုံးဦးသည် ချူ၊ ရဲ့ နှင့် ယွမ် ကလန်တို့မှ ဖြစ်ကြလေ၏။ သူတို့၏ ကျင့်ကြံသူများ အားလုံး ကျဆုံးခဲ့ရသဖြင့် ရှန်းချန်ကောကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြပြီးနောက်ထပ် ကျင့်ကြံသူများကို ထပ်မံ စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခု ကုမျိုးနွယ်စု၏တတိယ အကြီးအကဲ စကားပြောလာသောအခါ သဘာဝကျစွာပင် သူတို့ မျက်နှာသာ ပေးလိုက်ကြရလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ရှေ့မှ လူသည် ကုမျိုးနွယ်စု၏ ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ပေသည်။

အရေးကြီးဆုံး အချက်မှာ သူတို့တွင်လည်း ကုမျိုးနွယ်စု၏ တတိယ အကြီးအကဲနှင့် တူညီသော အကြံအစည် ရှိနေကြခြင်း ဖြစ်သည်။

သူတို့ အမြင်တွင် အခြေအနေ အားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ရှန်းချန်ကောသည် သေချာပေါက် သေဆုံးရတော့မည်ဖြစ်ပြီး မည်သည့် လှိုင်းဂယက်မှ ထပ်မံ ဖန်တီးနိုင်တော့မည် မဟုတ်ချေ။

ရှန်းချန်ကောကို မည်သူ သတ်သည် ဆိုခြင်းမှာ သိပ်အရေးမကြီးတော့ပေ။

သူတော်စင်ဘုရင် ရှေ့မှောက်တွင် ကောင်းကင်မျိုးနွယ်များ အားလုံးသည် အကျိုးပြု ကုသိုလ်ရှင်များ ဖြစ်လာကြပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့ကြပြီး နတ်ဘုရားပညာရပ်ကို ခိုးယူခဲ့သော သူခိုးကို သတ်ဖြတ်ခဲ့ကြသောကြောင့် ဖြစ်လေသည်။

"ရွှစ်..."

ကောင်းကင်ယံတွင် ကုမျိုးနွယ်၏ တတိယ အကြီးအကဲသည် လက်ချောင်းများဖြင့် မန္တန်လက်ကွက် ဖော်လိုက်လေသည်။ သူ၏ အိုမင်းသော မျက်နှာသည် ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာပြီး မျက်စိကျိန်းလောက်အောင် ဖြစ်လာ၏။

ထို့နောက် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် သူ့ဆီသို့ လျင်မြန်စွာ စုဝေးလာပြီး သူ့နောက်တွင် ကြီးမားသော ရှေးဟောင်း နတ်ဘုရား ပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့လေသည်။ ၎င်းသည် ကမ္ဘာမြေသို့ ဆင်းသက်လာသော ရွှေရောင် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။

သူ၏ နတ်ဘုရား စွမ်းအားသည် ကိုးထပ်သော ကောင်းကင်နှင့် ပင်လယ်လေးစင်းကို တုန်ခါသွားစေခဲ့ချေ၏။

"ဗာဂျရာနှိမ်နင်းခြင်း မိစ္ဆာဓား..."

ကြီးမားသော ရှေးဟောင်း နတ်ဘုရား၏ ကိုယ်ခန္ဓာ အထက်၊ လက်ဖဝါးများကြားတွင် ကြီးမားသော ရွှေရောင်သူတော်စင်ဓား ပုံရိပ်ယောင် ပေါ်လာလေသည်။ ၎င်းသည် တောက်ပသော ရွှေရောင် အလင်းတန်းများ စီးဆင်းနေ၏။

ဓားအလင်းတန်းသည် ကောင်းကင်နှင့် လေဟာနယ်ကို ထိုးဖောက်သွားပြီး ရှန်းချန်ကောထံသို့ ခုတ်ပိုင်းချလိုက်လေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ရွှေရောင် ဓားအလင်းတန်း ခုတ်ပိုင်းလိုက်သောအခါ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားလေသည်။ ဓားအလင်းတန်း မရောက်ခင် ဓားချီ က အရင် ရောက်ရှိလာခဲ့၏။

အောက်ဘက်ရှိ အဆုံးမဲ့ ပြာလဲ့သော ပင်လယ်ပြင်တွင် မိုင် ၃၀၀ အရှည်ရှိသော နေရာလွတ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ပင်လယ်ရေများ စီးဆင်းမှု ရပ်တန့်သွားသည် အထိပင်။

ထိုအချိန်၌ပင် ဓားအလင်းတန်းသည် ရှန်းချန်ကော၏ ခေါင်းပေါ်သို့ ကျဆင်းလာလေသည်။ သူသည် မော့ကြည့်လိုက်ပြီး အစစ်အမှန် ဧကရာဇ်ဓား ကို ဝှေ့ယမ်းလိုက်ရာ မီတာ ၃၀၀ ရှည်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် ဓားအလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ပေါက်ကွဲသံသည် တိမ်တိုက်များကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်ထက်တွင် ပဲ့တင်ထပ်သွားလေသည်။ ရွှေရောင် ရှေးဟောင်း နတ်ဘုရား ပုံရိပ်ယောင်သည် ထိုးဖောက်ခံလိုက်ရပြီး ကွဲကြေသွားလေသည်။ ကုကလန်၏ တတိယ အကြီးအကဲသည် နတ်ဘုရားတောင်ကြီးနှင့် တိုက်မိသကဲ့သို့ လွင့်စင်သွားလေသည်။

သူ၏ သွေးနီရောင်များသည် လေဟာနယ်နှင့် ပင်လယ်ပြင်ကို နီရဲသွားစေခဲ့၏။

သူ၏ ခန္ဓာကိုယ်သည်လည်း ဗွမ်းခနဲ မြည်အောင် ပင်လယ်ထဲသို့ ပြုတ်ကျသွားလေသည်။

"ဒီအဘိုးကြီးရဲ့ အင်အားက သိပ်မကောင်းလှပါလား..."

စစ်မြေပြင် အပြင်ဘက်တွင် ဖုန်းကလန်၏ ပဉ္စမမြောက် အကြီးအကဲက ပင်လယ်ပြင်ကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်လေ၏။

စောစောက သူလည်း ပင်လယ်ထဲသို့ လွင့်စင်သွားခဲ့ပြီး ချက်ချင်း ပြန်တက်လာနိုင်ခဲ့သည်။ ဤအဘိုးကြီးကတော့ ပြင်းထန်စွာ ဒဏ်ရာရသွားပုံရပြီး အချိန်အတော်ကြာသည်အထိ ပြန်မတက်လာနိုင်သေးပေ။

ထို့နောက် သူတို့အားလုံး ရှေ့မှ ပျက်စီးယိုယွင်းနေသော လေဟာနယ် စစ်မြေပြင်ကို ကြည့်လိုက်ကြသည်။ အထူးသဖြင့် ဖုန်းကလန်မှ လူများသည် စိုးရိမ်ပူပန်နေကြလေသည်။

ဖုန်းလင်းတန်လည်း ထိုနေရာတွင် ရှိနေလေ၏။ သူ၏ မျက်လုံးများသည် စစ်မြေပြင်ကို အာရုံစိုက်ထားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

'ဒီနေ့ ရှန်းချန်ကော လွတ်မြောက်ဖို့ အရမ်း ခက်ခဲလိမ့်မယ်...'

ထို့နောက် သူ မျက်လုံးကို လွှဲပြီး တတိယမြောက် သူတော်စင် စစ်သူကြီးကို တစ်ချက် ကြည့်လိုက်သည်။ တတိယမြောက် သူတော်စင် စစ်သူကြီးက အာရုံခံမိသကဲ့သို့ ခေါင်းလှည့်ပြီး သူ့ကို ပြန်ကြည့်လိုက်လေသည်။

ဖုန်းလင်းတန် အကြည့်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ ဤလူမှာ အလွန်အန္တရာယ်များလွန်းသည်။ သူသည် ရှန်းချန်ကော ရင်ဆိုင်နေရသော အကြီးမားဆုံး အန္တရာယ်ပင်။

"ဝုန်း... ဝုန်း... ဝုန်း..."

ကောင်းကင်ယံတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ကုမျိုးနွယ်၏ တတိယ အကြီးအကဲ ပြင်းထန်စွာ ဒဏ်ရာရသွားပြီးနောက် အခြား ကောင်းကင်ကလန်မှ ကျွမ်းကျင်သူ သုံးဦးသည် ရှန်းချန်ကောကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြလေသည်။

စွမ်းအားသည် တုန်လှုပ်ဖွယ် ကောင်းလှပြီး လေဟာနယ်ကိုပါ ထိုးဖောက်သွားသကဲ့သို့ ရှိနေ၏။

အောက်ဘက်ရှိ ပင်လယ်ပြင်သည် ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။

ကုကလန်၏ တတိယ အကြီးအကဲ ပြင်းထန်စွာ ဒဏ်ရာရသွားပြီးနောက် ကောင်းကင်ကလန် သုံးခုမှ သန်မာသူ အားလုံး သဘောပေါက်သွားကြလေသည်။

ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် အလယ်အလတ်အဆင့်အား ခြိမ်းခြောက်နိုင်သော ရှန်းချန်ကော၏ စွမ်းရည်သည် လိမ်ညာခြင်း မဟုတ်ကြောင်း သိလိုက်ကြသည်။ကုမျိုးနွယ်၏ တတိယ အကြီးအကဲသည် ထိုအချက်ကြောင့်ပင် ပြင်းထန်စွာ ဒဏ်ရာရပြီး တိုက်ခိုက်နိုင်စွမ်း ကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်လေသည်။

ထို့ကြောင့် ကောင်းကင်မျိုးနွယ်မှ ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ သုံးဦးသည် ရှန်းချန်ကောကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ကောင်းကင်ယံရှိ တိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်စေပြီး လေဟာနယ်သည် ပြိုကျပျက်စီးသွားခဲ့လေသည်။ ပင်လယ်ရေများသည် မစီးဆင်းတော့ဘဲ ကောင်းကင်နှင့် မြေကြီးကို လှိုင်းပုတ်ကာ လေဟာနယ်ကို ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေ၏။ မြင်ကွင်းသည် အလွန် တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

အဝေးရှိ ပင်လယ်ပြင်တွင် တတိယမြောက် သူတော်စင်စစ်သူကြီးသည် နက်ရှိုင်းသော အကြည့်ဖြင့် စစ်မြေပြင်ကို ကြည့်နေလေသည်။

တိတိကျကျ ပြောရလျှင် သူသည် ရှန်းချန်ကောကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ ခဏအကြာတွင် သူသည် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။

"ဖန်ဆင်းခြင်းအသေးစား နယ်ပယ် နှောင်းပိုင်းအဆင့် အထွတ်အထိပ် အင်အားနဲ့ ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် အလယ်အလတ်အဆင့်ကို ယှဉ်ပြိုင်နိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး... သူက နတ်ဘုရားပစ္စည်းရဲ့ စွမ်းအားကို အားကိုးနေတာကိုး..."

"ဟုတ်ပါတယ်... သူ့လက်ထဲက ဓားနဲ့ ဝတ်ထားတဲ့ သံချပ်ကာ အားလုံးက နတ်ဘုရားပစ္စည်းတွေပါ... အင်မော်တယ်တာအိုနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးရဲ့ နတ်ဘုရား အရှိန်အဝါတွေ ပြည့်နှက်နေတာ..."

တစ်စုံတစ်ယောက်က ထောက်ခံ ပြောဆိုလိုက်လေသည်။ သူသည် ချူမျိုးနွယ်စုမှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်လေသည်။

သူ စကားပြောလိုက်သောအခါ သူ၏ မျက်လုံးနက်နက်ထဲတွင် လောဘမီးတောက်များ လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။

ကုမျိုးနွယ်မှလွဲ၍ ကျန်သော ကောင်းကင်ကလန်ကြီး အားလုံးသည် ရှန်းချန်ကောကို အဘယ်ကြောင့် အသည်းအသန် လိုက်လံ ဖမ်းဆီးနေကြသနည်း။ ဤနတ်ဘုရားပစ္စည်းကြောင့် မဟုတ်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။

နတ်ဘုရားပစ္စည်း။

ရှည်လျားသော အမွေအနှစ်များ ပိုင်ဆိုင်ထားသည့် ကောင်းကင်ကလန်ကြီး ဆယ်ခုပင်လျှင် နတ်ဘုရားပစ္စည်း တစ်ခုနှစ်ခုခန့်သာ ပိုင်ဆိုင်ကြလေသည်။

များသောအားဖြင့် ထိုပစ္စည်းများသည် ကောင်းကင်ဘုရင်များ၏ လက်ထဲတွင်သာ ရှိတတ်ကြသည်။ မည်သူက မလိုချင်ဘဲ နေမည်နည်း။

မည်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ယခုအခါ ကြီးမားသော အခွင့်အရေးကြီး တစ်ခုသည် သူတို့ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သဘာဝကျစွာပင် သူတို့ လက်လွှတ်ခံမည် မဟုတ်ကြချေ။

သူတို့သည် နတ်ဘုရားပစ္စည်းများကို ရယူရန် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။ မြင့်မြတ်မင်းဆက်သို့ သတင်းပို့လိုက်လျှင်ပင် အနည်းဆုံး ဆုလာဘ်တစ်ခု ရရှိနိုင်ပေမည်။

အမုန်းတရားအပြင် ကုမျိုးနွယ်သည်လည်း ရှန်းချန်ကော လက်ထဲရှိ နတ်ဘုရားပစ္စည်းကို လိုချင်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ထို့ကြောင့် သူတို့သည် ရေနှင့် မီးကဲ့သို့ မသင့်မြတ်ဘဲ တစ်ယောက်သေမှ တစ်ယောက် အေးချမ်းမည့် ပုံစံမျိုး ဟန်ဆောင်ကာ အသည်းအသန် လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်နိုင်ပေသည်။

"ဒီလူ့လက်ထဲမှာ နတ်ဘုရားပစ္စည်း ရှိနေတယ်... ဒါပေမဲ့ ခင်ဗျားတို့ ဘယ်သူမှ ပြောသံ မကြားမိပါလား..."

တတိယမြောက် သူတော်စင် စစ်သူကြီးသည် ထိုစကားကို ကြားသောအခါ မျက်နှာ အေးစက်သွားလေသည်။ သူသည် စူးရှသော မျက်လုံးများဖြင့် သူ့နောက်မှ လူများကို ကြည့်လိုက်ပြီး စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်၏။

'ဒီအဘိုးကြီးတွေ... မသေဘူးဆိုရင် သူခိုးတွေ ဖြစ်လာကြမှာပဲ... တကယ်ပါပဲ... သူတို့ ဘယ်သူမှ ရိုးရှင်းတဲ့သူတွေ မဟုတ်ကြဘူး...'

ယခင် တိုက်ပွဲများတွင် သူတို့သည် ဆုံးရှုံးမှုများကိုသာ သတင်းပို့ခဲ့ကြပြီး ရှန်းချန်ကောတွင် နတ်ဘုရားပစ္စည်း ရှိကြောင်း တစ်ခါမျှ မပြောခဲ့ကြပေ။

မြင်မြတ်မင်းဆက်မှ ကျွမ်းကျင်သူများ စေလွှတ်ပြီး လာယူသွားမည်ကို ကြောက်နေကြခြင်းလော။

ဖြစ်နိုင်ခြေ အများဆုံးမှာ ဤလူများသည် နတ်ဘုရားပစ္စည်းကို ကိုယ်ပိုင် ရယူလိုစိတ် ရှိနေကြခြင်း ဖြစ်ပြီး သူတို့သည် သေဒဏ်နှင့် ထိုက်တန်သူများ ဖြစ်ကြပေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

လေဟာနယ် အထက်တွင် ဖရိုဖရဲ အလင်းရောင် မိုးများ ရွာသွန်းနေလေသည်။ မဟာတာအို၏ ဥပဒေသများသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖြတ်သန်းစီးဆင်းနေသကဲ့သို့ အဆုံးမရှိ လည်ပတ်နေကြ၏။

၎င်း၏ နတ်ဘုရား စွမ်းအားသည် လွှမ်းမိုးထားပြီး ပြင်ပနယ်ပယ်ရှိ ကြယ်များကိုပင် တုန်ခါသွားစေခဲ့လေသည်။ကြယ်များသည်ပင် ရူးသွပ်စွာ ပေါက်ကွဲပြီး ကွဲကြေပျက်စီးသွားကြရချေ၏။

All Chapters