← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း ၅၅၆ - လော့ချန် အမီလိုက်လာပြီ

နက်မှောင်မြူခိုးတောင်ကို တက်ရသည့် စမ်းသပ်မှု၏ စည်းမျဉ်းမှာ အလွန်ပင် ရိုးရှင်းလှသည်။ ပါဝင်ယှဉ်ပြိုင်သူများသည် မည်သည့် ပြင်ပပစ္စည်းကိုမျှ အသုံးမပြုဘဲ ကျွန်းအလယ်ရှိ တောင်ထိပ်ပေါ်သို့ ခြေကျင်တက်လှမ်းနိုင်ရန်သာ လိုအပ်၏။

ဤနေရာတွင် ပြင်ပပစ္စည်းဆိုသည်မှာ ပျံသန်းနိုင်စွမ်းရှိသော ရတနာလက်နက်များနှင့် မှော်စာရွက်များ စသည်တို့ကို ဆိုလိုခြင်းဖြစ်ပြီး ဆေးလုံးများမှာမူ အကျုံးမဝင်ပေ။

အဘယ်ကြောင့်ဆိုသော် နက်မှောင်မြူခိုးတောင်မှာ အလွန်ပင် ထူးဆန်းပြီး ထူးခြားသော စွမ်းအားနယ်ပယ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းမှာ ကိုယ်တွင်းရှိ ချီစွမ်းအင်များကို ဖိနှိပ်ထားမည်ဖြစ်ရာ မြေကမ္ဘာအဆင့် သန်မာသူတစ်ဦး တက်လှမ်းလျှင်ပင် ချီစွမ်းအင်များမှာ များစွာကန့်သတ်ခံရမည် ဖြစ်၏။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအနေဖြင့်မူ ချီစွမ်းအင်များကို လုံးဝ လှုပ်ရှားနိုင်တော့မည် မဟုတ်သဖြင့် ဆေးလုံးများ သောက်သုံးခြင်းမှာလည်း အပိုသာ ဖြစ်ပေလိမ့်မည်။

လော့ရှာဂိုဏ်း အတွင်းစည်း အကြီးအကဲသည် အကျဉ်းချုပ် ရှင်းပြပြီးနောက် စစ်ဆေးမှုကို ချက်ချင်း စတင်လိုက်တော့သည်။

"ရှူး... ရှူး... ရှူး... ရှူး..."

အမိန့်သံ ထွက်လာသည်နှင့်တစ်ပြိုင်နက် စင်မြင့်ပေါ်မှ လေထုမှာ ဆူညံသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ပါဝင်ယှဉ်ပြိုင်မည့် တပည့်များအားလုံးမှာ စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်ကြပြီး မိုင်ဆယ်ဂဏန်းကျော် ဝေးကွာသော ကျွန်းငယ်လေးဆီသို့ ဦးတည်ပြေးထွက်သွားကြရာ အရှိန်အဟုန်ပြင်းလှသော ပုံရိပ်များကြောင့် အရောင်အမျိုးမျိုးရှိသော အလင်းတန်းများမှာ ရေပြင်ထက်တွင် ထင်ကျန်ရစ်ခဲ့သဖြင့် အလွန်ပင် လှပလှပေသည်။

"သွားကြရအောင်..."

လော့ချန်နှင့် ယန်ချင်းရှုံး တို့လည်း ချက်ချင်းပင် ထွက်ခွာခဲ့ကြပြီး အိုင်ရေပြင်အတွင်းသို့ ဆင်းသက်လိုက်ကြ၏။

ပါဝင်ယှဉ်ပြိုင်သူ လူသုံးရာနီးပါးမှာ လော့ရှာဂိုဏ်း၏ ထူးချွန်သော အတွင်းစည်းတပည့်များ ဖြစ်ကြသည်။ သူတို့သည် ရေပြင်နှင့်ကပ်လျက် ပျံသန်းနေကြပြီး အရှိန်မှာ အလွန်ပင် မြန်ဆန်လှရာ ခဏချင်းမှာပင် မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ကိုယ်ဟန်ကျွမ်းကျင်မှု ကွာခြားချက်မှာလည်း ပေါ်လွင်လာခဲ့၏။

ချီယွဲ့နှင့် ယူလန်ရှင်း အပါအဝင် မျိုးဆက်တပည့် ခုနစ်ဦးမှာ ကျင့်ကြံဆင့် အမြင့်မားဆုံး ဖြစ်သလို အားလုံးမှာ ကြယ်ခြောက်ပွင့် အဆင့်မြင့် ကိုယ်ဟန်ကျင့်စဉ်များကို ကျင့်ကြံထားသူများ ဖြစ်ကြသည်။ သူတို့ တစ်ဦးချင်းစီမှာ ကြိုးကြာငှက်များအလား လှပကျော့ရှင်းစွာဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်နေကြပြီး လူအုပ်ကြီးထက် ပေပေါင်း ရာနှင့်ချီ၍ ရှေ့မှ ဦးဆောင်နေကြလေသည်။

လော့ချန်သည် မြူခိုးရိပ်ခြေလှမ်းကို ပြည့်စုံမှုအဆင့်အထိ ကျင့်ကြံထားသော်လည်း ၎င်းမှာ ကြယ်ငါးပွင့် ကျင့်စဉ်တစ်ခုသာ ဖြစ်သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ယန်ချင်းရှုံးနှင့်အတူ လူအုပ်ကြီး၏ အလယ်ဗဟိုလောက်တွင်သာ ရှိနေ၏။

နောက်ထပ် ခဏအကြာတွင် လူအုပ်ကြီးနှင့် ကျွန်းငယ်လေး၏ အကွာအဝေးမှာ ဆယ်မိုင်ပင် မပြည့်တော့ပေ။

ပတ်ဝန်းကျင်တွင် ရောင်စုံမြူခိုးများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုမြူခိုးများမှာ အလွန်ပင် သိပ်သည်းလှပြီး ရေများအလား ရှိနေကာ လူတစ်ဦး ဖြတ်သန်းသွားသည့်အခါတိုင်း အက်ကွဲကြောင်းများ ထင်ကျန်ရစ်နေခဲ့သည်။

"ဟင်... ချီစွမ်းအင်တွေ ဖိနှိပ်ခံနေရပြီပဲ..."

မြူခိုးနယ်ပယ်အတွင်းသို့ ဝင်သည်နှင့် လော့ချန်သည် သူ၏ ကိုယ်တွင်း၌ ဟုန်းဟုန်းတောက် လှုပ်ရှားနေသော ချီစွမ်းအင်များမှာ အနည်းငယ် တန့်သွားသည်ကို သတိပြုမိလိုက်ရာ စိတ်ထဲတွင် ပြောမပြတတ်သော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။

ဘေးနားရှိ လော့ရှာဂိုဏ်း တပည့်မလေးများကို လှည့်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် ရှိနေကြပြီး ထိုအပြောင်းအလဲကို သတိပြုမိကြသေးဟန် မတူပေ။

နောက်ထပ် နှစ်မိုင်၊ သုံးမိုင်ခန့် တိုးဝင်ပြီးနောက်တွင်မူ...

ထိုဖိအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး ချီစွမ်းအင် လှည့်ပတ်မှုမှာလည်း သိသိသာသာ နှေးကွေးသွားခဲ့လေသည်။ လော့ရှာဂိုဏ်း တပည့်မလေးများ၏ မျက်နှာတွင် အမူအရာများ စတင်ပြောင်းလဲလာခဲ့ပြီး အရှိန်များလည်း ကိုယ်စီ လျော့ကျသွားကြတော့သည်။

လော့ချန်သည် ဓားဆန္ဒကို လှုပ်ရှားလိုက်ပြီး စိတ်ထဲမှ မကောင်းသော ခံစားချက်များကို ဖယ်ရှားလိုက်သော်လည်း ချီစွမ်းအင် ဖိနှိပ်ခံရမှုကိုမူ လုံးဝ ပျောက်ကွယ်အောင် မလုပ်နိုင်ပေ။

"တကယ်ကို ထူးဆန်းတာပဲ..."

လော့ချန်သည် ဝေးရာရှိ နက်မှောင်မြူခိုးတောင်ကို လှမ်းကြည့်လိုက်၏။

"ဒဏ္ဍာရီအရတော့ ဒီတောင်ရဲ့အောက်မှာ ငါတို့ လော့ရှာဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက ရှေးဟောင်း ဘုရင်အဆင့် နတ်ဆိုးသားရဲရဲ့ အလောင်းကို မြှုပ်နှံထားတာတဲ့လေ..."

ယန်ချင်းရှုံးက ဆက်လက်ရှင်းပြလေသည်။

"ဒီရှေးဟောင်း ဘုရင်အဆင့် နတ်ဆိုးသားရဲက သေဆုံးသွားတာ နှစ်ပေါင်း သောင်းချီနေပြီ ဆိုပေမဲ့ သူရဲ့ဆန္ဒကတော့ မပျောက်ကွယ်သေးဘူး... အဲဒါတွေက အဆိပ်မြူခိုးတွေနဲ့ ပေါင်းစပ်သွားပြီးတော့ ဒီလိုမျိုး ထူးဆန်းတဲ့ စွမ်းအားနယ်ပယ်ကြီး ဖြစ်ပေါ်လာတာပေါ့... သာမန် မြေကမ္ဘာအဆင့် သန်မာသူတွေတောင်မှ အနားကို ချဉ်းကပ်ရင် အများကြီး ဖိနှိပ်ခံရတာလေ... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေသာ ကျွန်းပေါ်ကို ခြေချလိုက်မယ်ဆိုရင်တော့ ချီစွမ်းအင်တွေကို လုံးဝ လှုပ်ရှားလို့ ရတော့မှာ မဟုတ်ဘူး..."

"ဘုရင်အဆင့် ရှေးဟောင်း နတ်ဆိုးသားရဲ တဲ့လား..."

လော့ချန် အနည်းငယ် အံ့သြသွားရသည်။ ဘုရင်အဆင့် နတ်ဆိုးသားရဲ ဆိုသည်မှာ မြို့တစ်မြို့ သို့မဟုတ် ဂိုဏ်းတစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်သည့် တည်ရှိမှုမျိုး မဟုတ်ပါလော။

ထိုသို့ အံ့သြနေစဉ်မှာပင် လော့ချန်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

‘ငါ့ရဲ့ ဝါးမြိုခြင်းစွမ်းရည်က ဒီအလောင်းကို ဝါးမြိုပြီးတော့ အစွမ်းတွေကို မြှင့်တင်လို့ ရမလား... ဘယ်လောက်အထိ တိုးတက်လာနိုင်မလဲ...’

ထိုစဉ် လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး လော့ချန်၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။

လော့ရှာဂိုဏ်း အဓိကတပည့် အချို့ အနားသို့ ရောက်ရှိလာကြပြီး ၎င်းတို့အနက် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်မလေးတစ်ဦးက လော့ချန်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လော့ချန် ဆိုတဲ့သူလား... ကြားရသလောက်တော့ မင်းက ဒီစစ်ဆေးမှုမှာ ထိပ်သီးသုံးယောက် စာရင်းဝင်ဖို့ ကြိုးစားမလို့ဆို... ဘာလို့ ဒီမှာပဲ ရှိနေသေးတာလဲ... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ထိပ်သီးသုံးယောက် မဆိုထားနဲ့... ထိပ်သီး တစ်ရာထဲ ပါဖို့တောင် မင်းအတွက် ခက်ခဲလိမ့်မယ်..."

ဘေးနားရှိ တပည့်မလေးများလည်း တဟီးဟီးနှင့် ရယ်မောလိုက်ကြသည်။

ယခုအခါ ယူလန်ရှင်းနှင့် ချီယွဲ့ တို့မှာ ဤနေရာနှင့် တစ်မိုင်ခန့် ဝေးကွာနေပြီဖြစ်ရာ ကွာခြားချက်မှာ အလွန်ပင် ထင်ရှားလှပေသည်။ သူတို့၏ အမြင်အရမူ လော့ချန် ထိပ်သီးသုံးယောက်စာရင်းဝင်ရန် ကြိုးစားခြင်းမှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။

"ငါ ပြောပြီးပြီဆိုမှတော့ သေချာပေါက် ယုံကြည်ချက် ရှိလို့ပေါ့..."

လော့ချန်က ထိုလူများကို တစ်ခွန်းသာ ပြန်ပြောလိုက်ပြီး ယန်ချင်းရှုံးကို လှည့်ကြည့်ကာ ဆိုလိုက်သည်။

"ယန်ချင်းရှုံး... ငါ အရင်သွားနှင့်ပြီနော်..."

ယန်ချင်းရှုံး ခေတ္တမျှ မှင်တက်မိသွားပြီး ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ..."

လော့ချန်က ခပ်တည်တည်နှင့် တုန့်ပြန်လိုက်ရာ အဝါရောင်ဝတ်စုံနှင့် တပည့်မလေးက မထီမဲ့မြင်ပြုစွာ ဆိုလိုက်သည်။

"ဟင်းဟင်း... အဆင့်ဆိုတာ ပါးစပ်နဲ့ ပြောနေရုံနဲ့ ရတာ မဟုတ်ဘူးလေ..."

သူမ၏ စကားမှာ တစ်ဝက်နှင့် တန့်သွားခဲ့ရသည်။

"ဘုန်း..."

လော့ချန်၏ ခြေဖဝါးအောက်ရှိ ရေပြင်မှာ ပေါက်ကွဲသွားပြီး သူ၏ တစ်ကိုယ်လုံးမှာ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့လေသည်။

ဤရက်အနည်းငယ်အတွင်း လော့ချန်သည် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ကြီးကျယ်သော အောင်မြင်မှုအဆင့်အထိ ခိုင်မာအောင် ကျင့်ကြံထားပြီးဖြစ်ရာ ၎င်းကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် အရှိန်မှာ ခြောက်ဆယ်၊ ၇၀ ရာခိုင်နှုန်းခန့်အထိ တစ်ခဏချင်း မြင့်တက်သွားခဲ့၏။

"ဝှစ်..."

ခဏချင်းမှာပင် လော့ချန်သည် ပေပေါင်း ရာနှင့်ချီ၍ ပြေးထွက်သွားခဲ့ပြီး ယန်ချင်းရှုံး တို့ကို အဝေးတွင် ထားရစ်ခဲ့ကာ ရှေ့ဆုံးမှ ချီယွဲ့ တို့ထံသို့ အမြန်ဆုံး လိုက်လံ အမီလိုက်နေတော့သည်။

"ဒီလောက် မြန်တာလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

လော့ရှာဂိုဏ်း အဓိကတပည့်မလေးများမှာ မျက်လုံးများ ပြူးသွားကြပြီး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား မှင်တက်မိနေကြတော့သည်။

ယန်ချင်းရှုံး လည်း အံ့သြသွားရသည်။ သို့သော်လည်း သူမ အံ့သြသည်မှာ လော့ချန်၏ အရှိန်ကြောင့် မဟုတ်ဘဲ သူ၏ ကျင့်ကြံဆင့်ကြောင့်ပင်။

ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ လော့ချန်သည်လည်း ဆက်လက် ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သူ၏ အစွမ်းအားလုံးကို ထုတ်ဖော်လိုက်သဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် အစောပိုင်းအဆင့် ကျင့်ကြံဆင့်မှာ အထင်းသား ပေါ်ထွက်လာခဲ့၏။

"ဝှစ်..."

အစွမ်းကုန် လှုပ်ရှားလိုက်သည်နှင့် လော့ရှာဂိုဏ်း တပည့်မလေးများမှာ တစ်ဦးပြီးတစ်ဦး လော့ချန်၏ ကျော်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

လူဆယ်ယောက်ကို ကျော်ဖြတ်သွားပြီ။

လူသုံးဆယ်ကို ကျော်ဖြတ်သွားပြီ။

လူ ၅၀ ကို ကျော်ဖြတ်သွားပြီ။

"ဒါ ဘယ်လို ဖြစ်တာလဲ... နက်မှောင်မြူခိုးတောင် နဲ့ နီးနေပြီလေ... သူ့ရဲ့ အရှိန်က ဘာလို့ ဒီလောက်အထိ မြန်နေရတာလဲ..."

"မြန်လွန်းတယ်..."

ကျော်ဖြတ်ခံလိုက်ရသော လော့ရှာဂိုဏ်း တပည့်မလေးများမှာ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြမိသည်။

ကျွန်းနှင့် နီးကပ်လေလေ ဖိနှိပ်မှုက ပိုမို ပြင်းထန်လေလေ ဖြစ်သော်လည်း လော့ချန်မှာမူ အရှိန်ကို အဆက်မပြတ် မြှင့်တင်နေနိုင်ခြင်းမှာ သဘာဝတရားနှင့် ဆန့်ကျင်နေသကဲ့သို့ ရှိနေတော့သည်။

မကြာမီမှာပင် လော့ချန်၏ အရှေ့တွင် လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့် ခုနစ်ဦးသာ ကျန်ရှိတော့သည်။

"ဟင်... တစ်ယောက်ယောက် အမီလိုက်လာပြီပဲ..."

အတွင်းစည်း စီနီယာအစ်မကြီး ယူလန်ရှင်းသည် အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ပထမဆုံး သတိပြုမိသွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ အံ့သြသွားရသည်။

"သူပဲ..."

ချီယွဲ့သည် မျက်မှောင်ကြုတ်လိုက်မိသည်။ လော့ချန်က ဤမျှအထိ အမီလိုက်လာနိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

သူတို့မှာ သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများ ဖြစ်ကြသလို ကျင့်ကြံထားသော ကျင့်စဉ်များနှင့် သိုင်းပညာများမှာလည်း လော့ရှာဂိုဏ်း အတွင်းစည်း၌ ပြိုင်ဘက်ကင်းလှသည်မဟုတ်ပါလော။

"အားလုံးပဲ... သူ့ကို မမီစေနဲ့... မဟုတ်ရင် ငါတို့ လော့ရှာဂိုဏ်းရဲ့ ဂုဏ်သိက္ခာရော... ငါတို့ မျိုးဆက်တပည့်တွေရဲ့ ဂုဏ်သိက္ခာပါ ဘယ်မှာ ရှိတော့မလဲ..."

မျိုးဆက်တပည့် တစ်ဦးက အေးစက်စွာ ဆိုလိုက်သည်။

"ငါတို့ကို အမီလိုက်ချင်တယ်လား... စိတ်ကူးယဉ်နေတာပဲ..."

ချီယွဲ့က အေးစက်စွာ လှောင်ပြုံးလိုက်သည်။ ရှေ့သို့ တိုးဝင်လေလေ ဖိနှိပ်မှုက ပိုမို ပြင်းထန်လေလေ ဖြစ်သည်။ သူတို့သည် လော့ချန်ထက် ပေ ရာနှင့်ချီ၍ ရှေ့ရောက်နေသော်လည်း ထိုအကွာအဝေးကို ကျော်ဖြတ်ရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။

သေချာသည်မှာ သူမသည်လည်း သူ၏ အစွမ်းအားလုံးကို မထုတ်ဖော်ရသေးပေ။

"ဝှစ်..."

လော့ချန်အား အမီလိုက်ခွင့် မပေးလိုသဖြင့် ချီယွဲ့သည် ရုတ်တရက် အရှိန်မြှင့်တင်လိုက်ရာ သူမ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအလား ရှေ့သို့ ထိုးထွက်သွားပြီး အရှိန်မှာလည်း တစ်ခဏချင်းမှာပင် နှစ်ဆယ် ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် သန်မာသူတစ်ဦး၏ အမီလိုက်ခြင်းကို ခံရခြင်းမှာ သိက္ခာရှိလှသော ကိစ္စ မဟုတ်သဖြင့် ကျန်ရှိသော မျိုးဆက်တပည့်များလည်း ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သူတို့၏ စစ်မှန်သော စွမ်းရည်များကို ထုတ်ဖော်လျက် အရှိန်မြှင့်လိုက်ကြတော့သည်။

သို့သော်လည်း သူတို့၏ အရှိန်မှာ မြန်ဆန်လာသော်လည်း လော့ချန်မှာမူ ပို၍ပင် မြန်ဆန်နေသေး၏။

ခေတ္တမျှအတွင်းမှာပင် လော့ချန်နှင့် ထိုခုနစ်ဦး၏ အကွာအဝေးမှာ ပေသုံးရာခန့်သာ ကျန်ရှိတော့သည်။

ပေ ၂၅၀ ။

ပေ ၁၅၀ ။

ပေ ၁၀၀ ။

"ဘာ... အမီလိုက်လာနိုင်သေးတယ် ဟုတ်လား..."

"ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နေရတာလဲ..."

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျိုးဆက်တပည့် ခုနစ်ဦးစလုံး၏ မျက်နှာမှာ ပျက်သွားခဲ့ရသည်။ ဤနေရာသို့ ရောက်သည်အထိ လော့ချန်သည် ဤမျှလောက်သော အရှိန်ကို ထိန်းထားနိုင်ရုံတင်မကဘဲ သူ၏ အကန့်အသတ်သို့ပင် ရောက်ရှိပုံ မပေါ်သေးခြင်းမှာ သူတို့အတွက် လုံးဝ မထင်မှတ်ထားသော ကိစ္စပင် ဖြစ်၏။

လော့ချန်သည်လည်း အနည်းငယ် အံ့သြမိသော်လည်း မကြာမီမှာပင် အဓိက အချက်ကို နားလည်သွားခဲ့သည်။

ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ် တစ်ခုတည်းနှင့်ဆိုလျှင် သူ၏ အရှိန်မှာ ချီယွဲ့ တို့ထက် များစွာ ပိုမြန်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ကိုယ်တွင်း၌ ချီစွမ်းအင်အိမ်တော် ကိုးခု၊ သွေးကြော ငါးဆယ့်ခြောက်ချောင်းနှင့် သန်မာလှသော ဝိညာဉ်စွမ်းအား ရှိနေသည်မဟုတ်ပါလော။ ဖိနှိပ်မှု ခံရလျှင်ပင် သူ လှုပ်ရှားနိုင်သော ချီစွမ်းအင်မှာ အခြားလူများထက် များစွာ သာလွန်နေခြင်းပင် ဖြစ်၏။

ဤသို့ဖြင့် ကျွန်းနှင့် နီးကပ်လေလေ သူ၏ အားသာချက်မှာ ပိုမို ကြီးမားလာလေလေ ဖြစ်ပေသည်။

"ပေါက်ကွဲစမ်း..."

လော့ချန်သည် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ထပ်မံ လှုပ်ရှားလိုက်ရာ သူ၏ ပုံရိပ်မှာ ရေပြင်ကို ဆွဲဖြဲလျက် တစ်ခဏချင်းမှာပင် ပေတစ်ရာခန့်သော အကွာအဝေးကို ဖြတ်ကျော်သွားပြီး မျိုးဆက်တပည့် ခုနစ်ဦး၏ ဘေးနားသို့ ရောက်ရှိကာ ရင်ပေါင်တန်းလိုက်နိုင်ခဲ့လေသည်။

အခန်း ၅၅၆ ပြီးပါပြီ။

အခန်း ၅၅၇ - ဝံပုလွေအုပ်ထဲရောက်သည့် သိုးငယ်... အစွဲအလမ်းသည် တောင်ကြီးတစ်လုံးအလား

"ဟင်... အဲဒီ လော့ချန်က စီနီယာအစ်မ ချီယွဲ့ တို့ကို တကယ်ပဲ အမီလိုက်သွားတာလား... ငါ မျက်လုံးမှားတာ မဟုတ်ဘူးမလား..."

"သူ့ရဲ့အရှိန်က ဘာလို့ ဒီလောက်အထိ မြန်နေရတာလဲ..."

လော့ချန်သည် ချီယွဲ့ တို့ကို အမီလိုက်သွားသည့် ခဏချင်းမှာပင် လော့ရှာဂိုဏ်း တပည့်များစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး တစ်ဦးချင်းစီ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေတော့သည်။

ကျယ်ပြောလှသော အိုင်ရေပြင်ထက်တွင် လော့ချန်သည် လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့် ခုနစ်ဦးနှင့် ရင်ပေါင်တန်းနေပြီး အခြားသော ပါဝင်ယှဉ်ပြိုင်သူများထက် တစ်မိုင်ခန့် ရှေ့မှ ဦးဆောင်နေသည်။

ထိုရှစ်ဦး၏ အနောက်တွင်မူ ယန်ချင်းရှုံး အပါအဝင် တပည့်ပေါင်း ဆယ်ဂဏန်းခန့် ရှိနေသည်။

နောက်ထပ် အနည်းငယ်ဝေးသော နေရာတွင်မူ လူဦးရေ အများဆုံးဖြစ်သည့် တပည့်ပေါင်း နှစ်ရာခန့် စုပြုံလိုက်ပါလာရာ ရေပြင်ထက်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လျက်ရှိသည်။

ကျောက်စိမ်းစင်မြင့်ပေါ်တွင်မူ လော့ရှာဂိုဏ်း၏ အကြီးအကဲများလည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

"ဒီ လော့ချန်ကတော့ အစွမ်းအစ အချို့ ရှိပုံရသားပဲ... ငါတို့ဂိုဏ်းရဲ့ မျိုးဆက်တပည့် ခုနစ်ယောက်ကိုတောင် အမီလိုက်နိုင်တယ်ဆိုတော့... မနှစ်က ယန်ချင်းရှုံးနဲ့ ဟွာကျင်းယန် တို့ကို အနိုင်ယူပြီး ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တာ မထူးဆန်းပါဘူး..."

"သူက ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ဓားသမားတစ်ယောက်ပဲလေ... စိတ်ဝိညာဉ်ကလည်း ထက်မြက်မှုတွေ ရှိနေမှာပဲ... ကြည့်ရတာတော့ သူက အရှိန်မြှင့်တင်တဲ့ လျှို့ဝှက်ကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံထားပုံရတယ်... အမီလိုက်နိုင်တာကလည်း ပုံမှန်ပါပဲ... ဒါပေမဲ့ နက်မှောင်မြူခိုးတောင်ရဲ့ တောင်ထိပ်ကို တက်ဖို့ဆိုတာကတော့ အရှိန်မြန်ရုံနဲ့တင် မရဘူးလေ..."

"အင်း... ကျွန်းပေါ်ကို ခြေချလိုက်တဲ့အခါမှသာ စစ်မှန်တဲ့ စစ်ဆေးမှုက စမှာပေါ့... အဲဒီအချိန်ကျရင်တော့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်... ဇွဲလုံ့လနဲ့ ပါရမီ အနိမ့်အမြင့်ကို ယှဉ်ရမှာပဲ... အခုကတော့ အပျော်သဘောပဲ ရှိပါသေးတယ်..."

အကြီးအကဲများမှာ အချင်းချင်း ဆွေးနွေးနေကြသော်လည်း လော့ချန် အမီလိုက်နိုင်ခြင်းအပေါ်တွင် အံ့သြရုံသာရှိပြီး အလွန်အမင်းတော့ အလေးမထားကြပေ။

အဘယ်ကြောင့်ဆိုသော် နက်မှောင်မြူခိုးတောင်ကို တက်ရာတွင် အခက်ခဲဆုံးအချိန်မှာ ကျွန်းပေါ်သို့ ရောက်ရှိပြီးချိန်မှသာ ဖြစ်သောကြောင့်ပင်။ ယခု ရှေ့မှ ဦးဆောင်နေခြင်းမှာ အရှိန်မြန်ကြောင်းကိုသာ သက်သေပြနိုင်ပြီး အခြားအရာများကိုမူ ကိုယ်စားမပြုနိုင်ပေ။

"အကြီးအကဲ ပိ... ကျွန်မ ကြားရသလောက်တော့... ဒီ လော့ချန်က ဒီစစ်ဆေးမှုမှာ ထိပ်သီးသုံးယောက် စာရင်းဝင်ဖို့ ကြွားလုံးထုတ်ထားတယ်ဆို..."

ယခင်က လော့ချန် စစ်ဆေးမှု ခံယူမည့်ကိစ္စကို အပြင်းထန်ဆုံးကန့်ကွက်ခဲ့သော အကြီးအကဲလင်းက ဘေးနားရှိ အကြီးအကဲ ပိကျိုးရွှေကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ဒီကိစ္စကို အကြီးအကဲ ဘယ်လို ထင်သလဲ..."

အကြီးအကဲ ပိကျိုးရွှေသည် အကြီးအကဲ လင်းက ဤကိစ္စအပေါ်တွင် အမြင်မကြည်လင်သည်ကို သိရှိထားသဖြင့် ပြုံးလိုက်ပြီး မေးခွန်းကို မေးခွန်းဖြင့်ပင် တုံ့ပြန်လိုက်သည်။

"အကြီးအကဲလင်းရော... ဘယ်လို ထင်လို့လဲ..."

အကြီးအကဲ လင်းသည် အိုင်ရေပြင်ဆီသို့ လှမ်းကြည့်လိုက်ပြီး သူမ၏ တောင်ဝှေးဖြင့် မြေကြီးကို အသာအယာ ခေါက်ကာ အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

"ဒီ လော့ချန်က အစွမ်းအစ အနည်းငယ် ရှိပေမဲ့... အရမ်းကို မောက်မာပြီးတော့ လူမိုက် အလုပ်ကို လုပ်နေတာပဲ... ယူလန်ရှင်းကလွဲရင် ကျန်တဲ့ မျိုးဆက်တပည့်တွေတောင်မှ ထိပ်သီးသုံးယောက်ထဲ ပါဖို့ကို အသေအချာ မပြောရဲကြဘူးလေ... သူက ဒီလိုမျိုး စကားကြီး စကားကျယ် ပြောရဲတယ်ဆိုမှတော့... ဒါဟာ ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လုပ်ရပ်ပဲ..."

"ဒီကိစ္စ ပြီးသွားရင်တော့ ကျွန်မ ဂိုဏ်းချုပ်ကို သွားပြောရမယ်... နောင်ကျရင် ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်စေဖို့လေ... မဟုတ်ရင်တော့ ဘယ်သူမဆို ငါတို့ လော့ရှာဂိုဏ်းထဲကို လာပြီးတော့ ပြဿနာတွေ ရှာနေကြမှာပေါ့..."

ပိကျိုးရွှေသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤစကားမှာ လော့ချန်ကို နှိမ့်ချပြောဆိုနေခြင်း ဖြစ်သော်လည်း သူမအား သတိပေးနေခြင်း ဖြစ်ကြောင်း မည်သို့လျှင် နားမလည်ဘဲ ရှိမည်နည်း။ သို့သော်လည်း တစ်ဖက်လူ၏ အဆင့်အတန်းကြောင့် ဒေါသကို ထိန်းထားလိုက်ပြီး ဆိုလိုက်သည်။

"အခြေအနေ ကောင်းတဲ့အခါ တိုးတက်ဖို့ လွယ်ပေမဲ့... အခက်အခဲတွေကြားထဲကနေ တိုးတက်လာဖို့ကတော့ ခက်ခဲလှပါတယ်... လော့ချန်က ဆူးခင်းလမ်းပေါ်ကနေပြီးတော့ ဒီအဆင့်အထိ ရောက်လာတာဆိုတော့... သူ့ရဲ့ အလားအလာကို လျှော့တွက်လို့ မရပါဘူး... ပြိုင်ဆိုင်မှု ရှိမှသာ တိုးတက်မှု ရှိမှာပါ... သူ ရှိနေတာက ငါတို့ ဂိုဏ်းက လူငယ်တွေ တိုးတက်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေမှာပါ..."

"ဟင်းဟင်း... အလားအလာ ဟုတ်လား"

အကြီးအကဲ လင်း၏ တွန့်လိမ်နေသော မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး အိုမင်းနေသော မျက်ဝန်းအစုံမှာလည်း ဝင်းလက်သွားသည်။

"အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ကောင်မှာ... ဘာ အလားအလာ ရှိမှာလဲ... ဝံပုလွေအုပ်ထဲကို သိုးတစ်ကောင် ပစ်ထည့်လိုက်တာက ပြိုင်ဆိုင်မှုလို့ ခေါ်နိုင်ပါ့မလား... အကြီးအကဲ ပိ... အကြီးအကဲကတော့ အခုထိ သူ နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို အောင်မြင်နိုင်မယ်လို့ ယုံနေတုန်းပဲလား..."

ပိကျိုးရွှေသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိပြီး အခြားသော အကြီးအကဲများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

လူတိုင်းမှာ တိတ်ဆိတ်နေကြသည်။

လူအများစုမှာ အကြီးအကဲ လင်းနှင့် အတွေးချင်း တူနေကြခြင်းပင်။ အသုံးမကျသော သိုင်းဝိညာဉ်အပေါ် ထားရှိသည့် အစွဲအလမ်းကြောင့် သူတို့သည် လော့ချန်ကို အစကတည်းက အထင်မကြီးကြဘဲ သူသည် နောင်တစ်ချိန်တွင် ကြီးကျယ်သော အောင်မြင်မှုကို ရရှိနိုင်မည် မဟုတ်သလို ဤစစ်ဆေးမှုကိုလည်း အောင်မြင်လိမ့်မည် မဟုတ်ဟု ယူဆထားကြသည်။

ဤအစွဲအလမ်းသည် လူတိုင်း၏ စိတ်ထဲတွင် မလှုပ်မယှက်နိုင်သော တောင်ကြီးတစ်လုံးအလား တည်ရှိနေတော့သည်။

ပိကျိုးရွှေသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပြီး အိုင်ရေပြင်ထက်ရှိ လော့ချန်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘လော့ချန်... မင်း သေချာပေါက် စစ်ဆေးမှုကို အောင်မြင်ရမယ်... ထိပ်သီးသုံးယောက် စာရင်းထဲ ပါနိုင်ရင်တော့ ပိုကောင်းတာပေါ့... မင်းရဲ့ ကိုယ်ပိုင်အစွမ်းကို သက်သေပြလိုက်စမ်းပါ... ငါ လူရွေးမမှားခဲ့ဘူးဆိုတာကိုလည်း သက်သေပြလိုက်ပါဦး...’

“ဝှစ်...”

အခြေအနေမှာ အနည်းငယ် တင်းမာနေစဉ်မှာပင် ကောင်းကင်ယံရှိ တိမ်တိုက်များမှာ လှုပ်ခတ်သွားပြီး အေးစက်လှသော ဆောင်းလေနှင့်အတူ နှင်းပွင့်များ ပြန့်ကျဲလာခဲ့သည်။

ထို့နောက်တွင်မူ လှပကျော့ရှင်းသော ပုံရိပ်တစ်ခုသည် စင်မြင့်ပေါ်သို့ အသာအယာ ဆင်းသက်လာခဲ့ချေပြီ။

ရောက်ရှိလာသူမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိပြီး အလွန်ပင် လှပကာ ဆံနွယ်များမှာလည်း လေထဲတွင် ဝေ့ဝဲနေပြီး တည်ငြိမ်အေးချမ်းသော အလှတရားများ ရှိနေသဖြင့် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

သူမမှာ လော့ရှာဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်သူ ယင်းလီပင် ဖြစ်၏။

"ယင်းလီ... မင်းတောင်မှ ဒီစစ်ဆေးမှုကို လာကြည့်တယ်ပေါ့လေ..."

ယင်းလီနှင့် ရင်းနှီးသော အတွင်းစည်း အကြီးအကဲတစ်ဦးက ပြုံးလျက် ဆိုလိုက်သည်။

"ဘာလဲ... မင်းရဲ့ စံချိန်ကို ဘယ်သူ ချိုးနိုင်မလဲဆိုတာကို လာကြည့်တာလား..."

ထိုစကားကြောင့် လူတစ်ဦးက ချက်ချင်း ခေါင်းခါယမ်းလျက် ဆိုလိုက်သည်။

"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အမွှေးတိုင် လေးတိုင်အတွင်းမှာတင် နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို အောင်မြင်ခဲ့တာလေ... ၈၀ ရာနှုန်းသော ဓားဆန္ဒကို နားလည်ထားတဲ့ ယူလန်ရှင်း တောင်မှ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး... ဒီစံချိန်ကတော့ နှစ်ပေါင်းများစွာအထိ ရှိနေဦးမှာပဲ... နှစ်ပေါင်း တစ်ရာအတွင်းမှာတောင် ကျော်ဖြတ်နိုင်တဲ့သူ ရှိလာဖို့ မလွယ်ပါဘူး..."

အခြားသော အတွင်းစည်း အကြီးအကဲများကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြပြီး ယင်းလီအပေါ် ထားရှိသည့် ချီးကျူးစကားများကိုလည်း ဖုံးကွယ်ထားခြင်း မရှိကြပေ။

ယင်းလီသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခွင့်ရရန်အတွက် စစ်ဆေးမှု ခံယူစဉ်ကလည်း နက်မှောင်မြူခိုးတောင်ကိုပင် တက်ခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်က သူမသည် အမွှေးတိုင် လေးတိုင်မျှသော အချိန်အတွင်းမှာတင် စစ်ဆေးမှုကို အောင်မြင်ခဲ့သဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကာ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ဖူးသည် မဟုတ်ပါလော။

"အကြီးအကဲတို့ကလည်း ချီးကျူးလွန်းနေပါပြီ... ကျွန်မက ဒီအတိုင်း အားနေတာနဲ့ လာကြည့်တာပါ..."

ယင်းလီက အသာအယာ ပြုံးလိုက်ပြီး အိုင်ရေပြင်ထက်ရှိ များပြားလှသော လူပုံရိပ်များကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"လူအများကြီး တစ်ပြိုင်နက်တည်း စစ်ဆေးမှု ခံယူနေတာကို မြင်ရတာ ဒါ ပထမဆုံးပဲ... တကယ့်ကို ခမ်းနားတာပဲ... ဟင်..."

ရုတ်တရက် သူမသည် ရှေ့ဆုံးမှ ပျံသန်းနေသော လော့ချန်ကို သတိပြုမိသွားသဖြင့် မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်လာသည်။

အကြီးအကဲတစ်ဦးက ရယ်မောလျက် ဆိုလိုက်သည်။

"ရွှမ်ယွမ်ဂိုဏ်းက လော့ချန်က ဘယ်လို လျှို့ဝှက်ကျင့်စဉ်မျိုးကို ကျင့်ကြံထားလဲ မသိဘူး... သူ့ရဲ့ အရှိန်က တကယ်ကို မယုံနိုင်စရာပဲ... ဒါပေမဲ့ ကျွန်းပေါ်ကို ရောက်လို့ ချီစွမ်းအင်တွေ အကန့်အသတ် ခံလိုက်ရရင်တော့ ဒီကျင့်စဉ်တွေက အသုံးမဝင်တော့ပါဘူး... အဲဒီကျရင်တော့ ကိုယ်ပိုင် စိတ်ဓာတ်နဲ့ ဇွဲလုံ့လ... ပါရမီ အလားအလာနဲ့ ဝိညာဉ်စွမ်းအားကိုပဲ ယှဉ်ရတော့မှာလေ... ဘယ်သူက နဂါးဖြစ်ပြီး ဘယ်သူက ပိုးကောင်ဖြစ်မလဲဆိုတာ ခဏနေရင် သိရမှာပေါ့..."

သူ့စကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ လော့ချန်မှာ မြေပြင်ပေါ်မှ ပိုးကောင်တစ်ကောင်သာဖြစ်ပြီး လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့်များမှာမူ စစ်မှန်သော နဂါးများ ဖြစ်သည်ဟူ၍ပင်။

"သူတို့ ကျွန်းပေါ်ကို တက်တော့မယ်..."

အော်ဟစ်သံတစ်ခုကြောင့် လူတိုင်း၏ အာရုံမှာ အိုင်ရေပြင်ထက်သို့ ပြန်လည် ရောက်ရှိသွားသည်။

မိုင်ဆယ်ဂဏန်းကျော်သော နေရာတွင် ရှေ့ဆုံးမှ ဦးဆောင်နေသော ယူလန်ရှင်းနှင့် လော့ချန် တို့မှာ ကျွန်းနှင့် တစ်မိုင်ပင် မဝေးတော့ပေ။

အကွာအဝေး ဝေးကွာနေသလို မြူခိုးများမှာလည်း ထူထဲလှသဖြင့် ပြိုင်ပွဲ အခြေအနေကို သဲသဲကွဲကွဲ မြင်တွေ့ရန်မှာ ခက်ခဲလှပေသည်။

ချက်ချင်းပင် အရှိန်အဝါ ပြင်းထန်လှသော လော့ရှာဂိုဏ်း၏ အဓိက အကြီးအကဲ တစ်ဦးမှာ ရှေ့သို့ ထွက်လာပြီး ချီစွမ်းအင်များကို လှုပ်ရှားလျက် အိုင်ရေပြင်ထက်သို့ လက်ဝါးဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

“ဝုန်း...”

အံ့သြဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အိုင်ရေပြင်ထက်တွင် ဧရာမ ရေတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုရေတံတိုင်းမှာ ဝဲဂယက်တစ်ခုအဖြစ် လည်ပတ်နေကာ ပေဆယ်ဂဏန်းကျော် ကျယ်ဝန်းပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည့်အခါ ရေပြင်မှန်ချပ်ကြီး တစ်ခုအလား လေထဲတွင် ဝဲပျံနေတော့သည်။

"ပြစမ်း..."

ထိုအဓိက အကြီးအကဲ၏ အော်ဟစ်သံနှင့်အတူ ရေပြင်မှန်ချပ်အတွင်း၌ ပုံရိပ်များ ပေါ်ထွက်လာခဲ့ရာ အစပိုင်းတွင် ဝေဝါးနေသော်လည်း မကြာမီမှာပင် ရှင်းလင်းလာခဲ့ချေပြီ။

၎င်းမှာ ကောင်းကင်ယံမှနေ၍ နက်မှောင်မြူခိုးတောင် တစ်ခုလုံး၏ မြင်ကွင်းကို ကြည့်ရှုနေရခြင်းပင် ဖြစ်၏။

မိုင်ဆယ်ဂဏန်းကျော်သော နေရာတွင်မူ...

ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ ထိုဖိနှိပ်လှသော အရှိန်အဝါမှာ ပိုမို ထိတ်လန့်ဖွယ် ကောင်းလာခဲ့ပြီး လော့ချန်တို့၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာလည်း အလွန်အမင်း အကန့်အသတ် ခံလိုက်ရသဖြင့် အရှိန်မှာ အကောင်းဆုံး အခြေအနေ၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိတော့ရာ ရေပြင်နှင့်ကပ်လျက်သာ ပျံသန်းနိုင်ကြတော့သည်။

အစပိုင်းတွင် လော့ချန်သည် မျိုးဆက်တပည့် ခုနစ်ဦးနှင့် ရင်ပေါင်တန်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လော့ချန်မှာ တဖြည်းဖြည်း ရှေ့သို့ ရောက်လာခဲ့ပြီး ချီယွဲ့ ကိုပင် ကျော်ဖြတ်ရန် ပြင်လိုက်သည်။

"မင်း... မဖြစ်စေရဘူး..."

လော့ချန် အမီလိုက်လာနိုင်ခြင်းကပင် ချီယွဲ့အား ဒေါသထွက်စေခဲ့ပြီးဖြစ်ရာ ယခုအခါ လော့ချန်က သူမအား ကျော်ဖြတ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခါ သူမမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။

“ဘုန်း...”

ကြယ်ရှစ်လုံး ပါဝင်နေပြီး ဝေဝါးလှသော အလင်းတန်းများ ထွက်ပေါ်နေသည့် ကျောက်စိမ်းသိုင်းဝိညာဉ်တစ်ခု ပေါ်ထွက်လာလေသည်။

လော့ချန်အား သူမကို ကျော်ဖြတ်ခွင့် မပေးလိုသဖြင့် ချီယွဲ့သည် သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး နက်မှောင်မြူခိုးတောင်မှ ဖိအားများကို အံတုလျက် အရှိန်ကို အကောင်းဆုံး မြှင့်တင်ကာ လော့ချန်နှင့် အကွာအဝေးတစ်ခုကို ပြန်လည် ဖန်တီးလိုက်ပြီး လော့ချန်ကို ဘေးတိုက်ကြည့်လျက် အေးစက်စွာ လှောင်ပြုံးလိုက်သည်။

"မင်းမှာ အရှိန်မြှင့်တဲ့ လျှို့ဝှက်ကျင့်စဉ် ရှိနေရုံနဲ့ ငါတို့နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား... တကယ့်ကို စိတ်ကူးယဉ်နေတာပဲ... ငါ ပြောလိုက်မယ်... မင်းကတော့ ငါတို့ထက် အဆပေါင်းများစွာ နောက်ကောက်ကျနေဦးမှာပဲ..."

လူမှာလည်း ဒေါသဆိုတာ ရှိတတ်သည်ဖြစ်ရာ ဤစကားကို ကြားရသည့်အခါ လော့ချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ ဝင်းလက်သွားပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။

"မင်းရဲ့ ကောက်ချက်က စောလွန်းနေသေးတယ် ထင်တယ်နော်..."

စကားပြောနေစဉ်မှာပင် လော့ချန်၏ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး သွေးကြော ငါးဆယ့်ခြောက်ကြောင်းမှာလည်း ဖောင်းကားလာကာ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ တစ်ခဏချင်းမှာပင် အဆပေါင်းများစွာ ပြင်းထန်လာပြီး ခြေဖဝါးအောက်တွင် ချီစွမ်းအင်လှိုင်းဝဲ တစ်ခု စုစည်းသွားခဲ့သည်။

"ပေါက်ကွဲစမ်း..."

“ဘုန်း...”

ဟိန်းဟောက်သံနှင့်အတူ ချီစွမ်းအင်လှိုင်းဝဲမှာ ပေါက်ကွဲသွားပြီး ဧရာမ ရေလှိုင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

“ဝှစ်...”

လော့ချန်သည် အတောင်ပံဖြန့်လိုက်သော ဝံပိုငှက်ကြီး တစ်ကောင်အလား ရေပြင်ကို ဆွဲဖြဲလျက် တစ်ခဏချင်းမှာပင် ပေပေါင်း ရာနှင့်ချီ၍ ဖြတ်ကျော်သွားကာ ချီယွဲ့ကို အဝေးတွင် ထားရစ်ခဲ့လေသည်။

အခန်း ၅၅၇ ပြီးပါပြီ။

အခန်း ၅၅၈ - လော့ချန်နှင့် ယူလန်ရှင်း... ကျွန်းပေါ်သို့ တက်လှမ်းခြင်း

"ကြည့်ရတာတော့ နှစ်ပေါင်း ၈၀ ၊ တစ်ရာအထိ စောင့်ဖို့ မလိုတော့ဘူး ထင်တယ်..."

လော့ချန်သည် ချီယွဲ့ကို ကျော်ဖြတ်သွားပြီးနောက် အနောက်သို့ လှည့်ကြည့်ကာ အေးဆေးစွာပင် ဆိုလိုက်သည်။

"မင်း..."

ချီယွဲ့၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် ဖြူလျော့သွားပြီး ပို၍ပင် အေးစက်လှပနေတော့သည်။

ဤစကားမှာ ယခုတင်က သူမ လော့ချန်ကို ပြောခဲ့သော စကားမဟုတ်ပါလော။ ယခုမူ လော့ချန်က သူမကို ကျော်ဖြတ်ပြီးမှ ထိုစကားကို ပြန်ပြောလိုက်ခြင်းဖြစ်ရာ တကယ့်ကို စောင်းသလို ချိတ်သလို ဖြစ်နေတော့သည်။

လော့ချန်အား ဆက်လက်၍ မောက်မာခွင့် မပေးလိုသဖြင့် ချီယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး သူမ၏ မျက်နှာတွင်လည်း နီမြန်းသော အရိပ်အယောင်များ ပေါ်ထွက်လာကာ ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အစွမ်းကုန် လှုပ်ရှားလျက် လော့ချန်ကို အမီလိုက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နက်မှောင်မြူခိုးတောင်မှ ဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် သူမသည် မည်မျှပင် ချီစွမ်းအင်များကို အရူးအမူး လှုပ်ရှားပါစေ အရှိန်မှာ မြင့်တက်လာခြင်း မရှိဘဲ ပို၍ပင် နှေးကွေးသွားခဲ့ရသည်။

လော့ချန်မှာမူ မျက်နှာပင် မနီဘဲ အသက်ရှူသံမှာလည်း တည်ငြိမ်နေကာ အလွန်ပင် သက်သောင့်သက်သာ ရှိနေပုံရသည်။

သူသည် ဆက်လက်၍ အချိန်ဆွဲရန် စိတ်ကူးမရှိဘဲ ရှေ့သို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။

ဤကဲ့သို့ လျစ်လျူရှုခံလိုက်ရသော အပြုအမူကြောင့် ချီယွဲ့သည် လော့ချန်က သူမအား တမင်တကာ အရှက်ခွဲနေသည်ဟု ယူဆလိုက်ကာ စိတ်ထဲမှ ပိုမို ဒေါသထွက်သွားရသည်။ သူမသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပုံမှန်အတိုင်း အေးစက်မောက်မာသော အမူအရာဖြင့် ဆိုလိုက်သည်။

"အခု မင်း ဘယ်လောက်ပဲ မြန်မြန်... ဘာထူးမှာလဲ... ကျွန်းပေါ်ကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် ငါ မင်းကို တစ်ခဏချင်း ကျော်ဖြတ်ပြမယ်"

လော့ချန်က ဂရုမစိုက်ပေ။ သူ၏ ခြေဖဝါးအောက်တွင် ချီစွမ်းအင်လှိုင်းဝဲများမှာ ဆက်တိုက် ပေါက်ကွဲနေပြီး အရှိန်မှာလည်း ပိုမို မြန်ဆန်လာကာ လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့်များကို တစ်ဦးပြီးတစ်ဦး အနောက်တွင် ထားရစ်ခဲ့လေသည်။

"ဒီကောင်ကတော့..."

"သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် အစောပိုင်းအဆင့်ပဲ ရှိသေးတာလေ... ဘာလို့ ငါတို့ထက် ပိုပြီးတော့ မြန်နေရတာလဲ..."

ကျော်ဖြတ်ခံလိုက်ရသော မျိုးဆက်တပည့်များမှာ လော့ချန်၏ နောက်ကျောကို ကြည့်ကာ မျက်နှာများ လေးနက်နေကြပြီး မယုံကြည်နိုင်ဘဲ ဖြစ်နေကြသည်။

ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့သည် တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ အေးခဲသွားတော့မည့်အလား ခံစားနေရပြီး လှုပ်ရှားရန်မှာလည်း အလွန်ပင် ခက်ခဲလှပေသည်။

"ကျင့်ကြံဆင့် နိမ့်လေလေ ဖိနှိပ်မှုက နည်းလေလေများလား..."

တပည့်မလေးတစ်ဦးက ခန့်မှန်းလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

အခြားသူများက ချက်ချင်းပင် ငြင်းပယ်လိုက်ကြသည်။

အကယ်၍ ထိုသို့သာ ဆိုပါက အဝေးတွင် ကျန်ရှိနေသော အခြား ဂျူနီယာညီမလေးများမှာ အဘယ်ကြောင့် အမီမလိုက်နိုင်ကြသနည်း။ ယန်ချင်းရှုံး တို့မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

"စိတ်မလှုပ်ရှားကြပါနဲ့... ကျွန်းပေါ်ရောက်မှသာ စစ်မှန်တဲ့ စစ်ဆေးမှုက စမှာပါ..."

တပည့်မလေးတစ်ဦးက ဆိုလိုက်သည်။

"ဒါပေမဲ့ ဒီကောင်က ငါတို့ရဲ့ အရှေ့မှာ ရှိနေတာကိုတော့ ရင်ထဲမှာ တစ်မျိုးကြီးပဲ... တကယ်လို့ သူသာ ပထမဆုံး ကျွန်းပေါ်ကို တက်သွားမယ်ဆိုရင် ငါတို့ မျိုးဆက်တပည့်တွေရဲ့ သိက္ခာ ဘယ်မှာ ရှိတော့မလဲ... ပြောရရင်တော့ မျက်နှာပူစရာကြီးပေါ့..."

"ဟင်းဟင်း... သူက ပထမဆုံး တက်မယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့မှာ စီနီယာအစ်မကြီး ယူလန်ရှင်း ရှိသေးတယ်လေ"

"မှန်တယ်... သူ စီနီယာအစ်မကြီး ယူလန်ရှင်း ကိုတော့ ဘယ်လိုမှ မကျော်နိုင်ပါဘူး..."

မျိုးဆက်တပည့် အချို့မှာ တစ်ဦးနှင့်တစ်ဦး မလှမ်းမကမ်းတွင် ရှိနေကြသဖြင့် ဆွေးနွေးလိုက်ကြပြီးနောက် နောက်ဆုံးတွင် မျှော်လင့်ချက်အားလုံးကို ရှေ့ဆုံးမှ ယူလန်ရှင်း အပေါ်တွင်သာ ပုံအောလိုက်ကြတော့သည်။ ထိုစီနီယာအစ်မကြီးအပေါ်တွင် သူတို့မှာ အပြည့်အဝ ယုံကြည်ချက် ရှိနေကြသည်မဟုတ်ပါလော။

"ရှူး..."

ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ဆက်တိုက် လှုပ်ရှားလိုက်သည့်အခါ လော့ချန်သည် မကြာမီမှာပင် အခြားသူများကို အဝေးတွင် ထားရစ်ခဲ့ပြီး သူ၏ အရှေ့တွင် ပုံရိပ်တစ်ခုသာ ကျန်ရှိတော့သည်။

သူမမှာ လော့ရှာဂိုဏ်း အတွင်းစည်း၏ စီနီယာအစ်မကြီး ယူလန်ရှင်းပင် ဖြစ်၏။

နှစ်ဦးသား၏ အကွာအဝေးမှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ယူလန်ရှင်းသည် လော့ချန်ကို အစကတည်းက သတိပြုမိထားခြင်း ဖြစ်သည်။ သူ အမီလိုက်လာသည်ကို မြင်သည့်အခါ ဆံနွယ်များကို အသာအယာ သပ်လိုက်ပြီး လှပစွာ ပြုံးလျက် ကြည်လင်လှသော အသံဖြင့် ဆိုလိုက်သည်။

"သခင်လေးလော့က ဒီနေရာအထိတောင် ဒီအရှိန်ကို ထိန်းထားနိုင်တာပဲ... တကယ်ကို အံ့သြဖို့ ကောင်းပါတယ်... ကြည့်ရတာ မင်းက ပထမဆုံး ကျွန်းပေါ်ကို တက်ချင်နေပုံပဲ... ဒါပေမဲ့ ငါကတော့ အဲဒီလို ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးနော်..."

ပြုံးပြလာသူကို ပြန်လည်၍ အမျက်မထွက်သင့်သည်ဖြစ်ရာ တစ်ဖက်လူက လေးစားသမှုဖြင့် ပြောဆိုလာသဖြင့် လော့ချန်သည်လည်း အေးစက်စွာ မဆက်ဆံတော့ဘဲ ပြုံးလျက် ပြန်လည် တုံ့ပြန်လိုက်သည်။

"မင်းရော ငါရောက ပထမနေရာကို လိုချင်နေကြတာဆိုတော့... ကိုယ့်အစွမ်းနဲ့ကိုယ်ပဲ ယှဉ်ကြတာပေါ့..."

ထိုစကားကြောင့် ယူလန်ရှင်းသည် လော့ချန်ကို အံ့သြစွာ တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ဆိုသည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ကိုယ့်အစွမ်းနဲ့ကိုယ်ပဲ ယှဉ်ကြတာပေါ့..."

"သွားစမ်း..."

စကားအဆုံးတွင် ယူလန်ရှင်းသည် လက်ချောင်းနှစ်ချောင်းကို ပူးလျက် ရှေ့သို့ တစ်ချက် ထောက်လိုက်သည်။

“ဝူး...”

ပြင်းထန်လှသော ဓားဆန္ဒတစ်ခု သူမ၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ဝေဝါးလှသော ဓားပုံရိပ်တစ်ခုအဖြစ် စုစည်းသွားကာ သူမသည် ထိုဓားပုံရိပ်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ရှိနေပြီး ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

“ရှူး...”

အိုင်ရေပြင်မှာ ဆွဲဖြဲခံလိုက်ရပြီး ယူလန်ရှင်း၏ အရှိန်မှာလည်း တစ်ခဏချင်းမှာပင် ၇၀၊ ၈၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်သွားခဲ့လေသည်။

"ဓားဆန္ဒကို ကိုယ်ဟန်ကျင့်စဉ်ထဲ ထည့်သွင်းလိုက်တာလား... တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းပဲ..."

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

နှစ်ဦးသားမှာ ဓားကျင့်ကြံသူ ပါရမီရှင်များ ဖြစ်ကြသည်ဖြစ်ရာ သူသည်လည်း ယှဉ်ပြိုင်လိုစိတ် ပြင်းပြလာသဖြင့် မြူခိုးရိပ်ခြေလှမ်း နှင့် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ် တို့ကို တစ်ပြိုင်နက်တည်း အစွမ်းကုန် လှုပ်ရှားလိုက်တော့သည်။

"ပေါက်ကွဲစမ်း..."

ပေဆယ်ဂဏန်းကျော် မြင့်မားသော ရေလှိုင်းကြီးများနှင့်အတူ တစ်ခုလုံးသော အိုင်ရေပြင်ထက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့ပြီး လော့ချန်၏ ခန္ဓာကိုယ်မှာ အမည်းရောင် မီးခိုးငွေ့တစ်ခုအလား ရေပြင်နှင့် ကပ်လျက် ယူလန်ရှင်းထံသို့ အမြန်ဆုံး အမီလိုက်နေတော့သည်။

"ဒီလောက် မြန်တာလား..."

ယူလန်ရှင်း၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ပြည့်နှက်သွားရသည်။ လော့ချန်သည် ဤအဆင့်အထိ ရောက်နေသည့်တိုင်အောင် အားအင်များ ကျန်ရှိနေသေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ဒါဆိုရင်လည်း ဘယ်သူက ပိုမြန်မလဲဆိုတာ ကြည့်ရတာပေါ့..."

ယူလန်ရှင်း၏ မျက်ဝန်းများ တောက်ပလာပြီး အနည်းငယ် ပို၍ အလေးအနက် ထားလာခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ထက်မြက်လှသော လေစီးကြောင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး အရာအားလုံးကို ဖြတ်တောက်နေတော့၏။

“ရှူး... ရှူး...”

နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး အမီလိုက်နေကြပြီး အိုင်ရေပြင်ထက်တွင် ဖြောင့်တန်းလှသော အက်ကွဲကြောင်းကြီး နှစ်ခုကို ထင်ကျန်ရစ်စေကာ ကျွန်းနှင့်လည်း ပိုမို နီးကပ်လာခဲ့သည်။

မီတာရှစ်ရာ။

မီတာငါးရာ။

မီတာသုံးရာ။

အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် နှစ်ဦးသားမှာ ကျွန်းနှင့် မီတာ နှစ်ရာခန့်သာ ဝေးတော့ရာ နောက်ဆုံးအချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။

သို့သော်လည်း ယူလန်ရှင်းသည် ပထမနေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လော့ချန်ထက် မီတာဆယ်ဂဏန်းကျော်ခန့် ရှေ့မှ ဦးဆောင်နေသည်။

ပုံမှန်အချိန်ဆိုလျှင် မီတာဆယ်ဂဏန်းကျော် ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦးသည် တစ်ခဏချင်းမှာပင် မီတာ ရာနှင့်ချီ၍ ဖြတ်ကျော်နိုင်သည်မဟုတ်ပါလော။

သို့သော်လည်း နက်မှောင်မြူခိုးတောင်၏ သက်ရောက်မှုကြောင့် နှစ်ဦးသားမှာ ဖိနှိပ်ခံထားရပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အနည်းငယ်မျှသာ လှုပ်ရှားနိုင်သဖြင့် လေထဲတွင် ပျံသန်းရန်မှာပင် အလွန် ခက်ခဲနေရကာ အရှိန်မှာ ထုံရွှမ်နယ်ပယ် သိုင်းသမားများလောက်ပင် မရှိတော့ပေ။

ဤအချိန်တွင် ထိုမီတာဆယ်ဂဏန်းကျော်သော အကွာအဝေးကို ကျော်ဖြတ်ရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။

"ဒီအတိုင်းဆိုရင်တော့ ကျွန်းပေါ်မရောက်ခင်မှာ သူ့ကို အမီလိုက်ဖို့ မလွယ်တော့ဘူး..."

လော့ချန်သည် ယူလန်ရှင်းကို ကြည့်ကာ မျက်မှောင် ပြင်းထန်စွာ ကြုတ်လိုက်မိသည်။

သူသည် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုကို အားကိုးလျက် နက်မှောင်မြူခိုးတောင်၏ ဖိနှိပ်မှုကို အနည်းဆုံး ခံရမည်ဖြစ်ရာ ကျွန်းနှင့် နီးကပ်လေလေ သူ၏ အားသာချက်မှာ ပိုမို ကြီးမားလာမည်ဖြစ်သဖြင့် ပထမဆုံး ကျွန်းပေါ်သို့ တက်ရန်မှာမူ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ သူသည် ယူလန်ရှင်းကို လျှော့တွက်မိသွားခဲ့ချေပြီ။

ဤလော့ရှာဂိုဏ်း၏ စီနီယာအစ်မကြီးမှာ အမှန်တကယ်ပင် မရိုးရှင်းလှဘဲ ၈၀ ရာနှုန်းသော ဓားဆန္ဒကို ကိုယ်ဟန်ကျင့်စဉ်ထဲ ထည့်သွင်းလိုက်ခြင်းမှာ သူမ၏ အရှိန်ကို မြှင့်တင်ပေးရုံတင်မကဘဲ နက်မှောင်မြူခိုးတောင်မှ ဖိနှိပ်မှုများကိုလည်း အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနေသဖြင့် သူ၏ အားသာချက်မှာ ပျောက်ကွယ်သွားခဲ့ရသည်။

လော့ချန်သည်လည်း ဓားဆန္ဒကို ကိုယ်ဟန်ကျင့်စဉ်ထဲ ထည့်သွင်းရန် ကြိုးစားကြည့်ခဲ့သည်။

ရလဒ်မှာမူ ထင်ထားသည့်အတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော အရေးပေါ် အခြေအနေတွင် ကြိုးစားခြင်းမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။

စဉ်းစားကြည့်လျှင်လည်း ဓားဆန္ဒဆိုသည်မှာ ဝေဝါးလှသောအရာ ဖြစ်ရာ ၎င်းကို ကိုယ်ဟန်ကျင့်စဉ်ထဲ ထည့်သွင်းရန်အတွက်မူ နှစ်ပေါင်းများစွာ လေ့ကျင့်မှသာ ရနိုင်မည့် နည်းစနစ်မျိုး ဖြစ်သည်မဟုတ်ပါလော။ တစ်ခဏချင်းမှာတင် လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ယခုအခါ နှစ်ဦးသားမှာ ကျွန်းနှင့် မီတာ တစ်ရာခန့်သာ ဝေးတော့သည်။

"နည်းလမ်းတစ်ခုခု စဉ်းစားရမယ်..."

လော့ချန်သည် အရှုံးမပေးလိုပေ။ ရုတ်တရက် သူ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး လက်ချောင်းလေးဖြင့် သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ရာ အလျား နှစ်မီတာခန့် မြင့်မားသော ဧရာမ ဒိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟင်... အဲဒါ ဘာလုပ်မလို့လဲ..."

ယူလန်ရှင်းသည် ဤမြင်ကွင်းကို သတိပြုမိသော်လည်း ဘာကြောင့်လဲဆိုသည်ကိုမူ နားမလည်ပေ။ ဤနောက်ဆုံးအချိန်တွင် အမြန်ဆုံး မပြေးဘဲနှင့် ဤကဲ့သို့သော လေးလံလှသည့်အရာကို ထုတ်ယူလိုက်ခြင်းမှာ မိမိ၏ အရှိန်ကို လျော့ကျစေမည်မဟုတ်ပါလော။

ထိုစဉ်မှာပင် လော့ချန်သည် ဧရာမ ဒိုင်းကြီးကို ရှေ့ရှိ အိုင်ရေပြင်ထက်သို့ လှမ်း၍ ပစ်လိုက်ပြီး ဒိုင်းကြီး ရေပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏတွင် ခြေလှမ်းတစ်လှမ်း လှမ်းလျက် အပေါ်သို့ နင်းလိုက်တော့သည်။

လော့ချန်၏ အကြည့်မှာ ခိုင်မာနေပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားကာ တစ်ကိုယ်လုံးရှိ ခွန်အားများကို ညာဘက်ခြေဖဝါးပေါ်တွင် စုစည်းလျက် အော်ဟစ်လိုက်သည်။

"ပေါက်ကွဲစမ်း..."

“ဘုန်း...”

လော့ချန် ပြင်းထန်စွာ နင်းလိုက်သည်နှင့်အမျှ သံမဏိဖြင့် ပြုလုပ်ထားသော ဧရာမ ဒိုင်းကြီးမှာ တစ်ခဏချင်းမှာပင် ပျက်စီးသွားပြီး ဧရာမ ရေလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုပြင်းထန်လှသော တွန်းကန်အားကြောင့် လော့ချန်၏ အရှိန်မှာ တစ်ဟုန်ထိုး မြင့်တက်သွားပြီး ကြယ်ကြွေတစ်ခုအလား ဝေးရာသို့ လွင့်ထွက်သွားတော့သည်။

"ဒုက္ခပဲ..."

ယူလန်ရှင်း၏ မျက်နှာမှာ ပျက်သွားခဲ့ပြီး ချက်ချင်းပင် ဓားဆန္ဒကို အစွမ်းကုန် လှုပ်ရှားလျက် ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လိုက်သဖြင့် သူမ၏ ကိုယ်ဟန်မှာလည်း လှပကျော့ရှင်းလှပေသည်။

မီတာ ၁၀၀။

မီတာ ၅၀။

မီတာ ၂၀။

၁၀ မီတာ။

“ဖန်း...”

ပုံရိပ်တစ်ခုသည် ကျွန်းပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်သဖြင့် ပြင်းထန်လှသော လေလှိုင်းများ ထွက်ပေါ်သွားပြီး မှောင်မည်းနေသော ကျောက်စိုင်များမှာလည်း အက်ကွဲကြောင်းများစွာ ထင်ကျန်ရစ်ခဲ့လေသည်။

အခန်း ၅၅၈ ပြီးပါပြီ။

All Chapters