← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း ၅၅၉ - မလိုအပ်ဘူး... ထူးဆန်းလှသော မြူခိုးတော...

"ဘယ်သူလဲ..."

ကျောက်စိမ်းစင်မြင့်ပေါ်တွင်မူ လော့ရှာဂိုဏ်း တပည့်များနှင့် အကြီးအကဲများစွာမှာ ရေပြင်ကြေးမုံကို အသက်ရှူအောင့်ကာ စိုက်ကြည့်နေကြပြီး ပထမဆုံး ကျွန်းပေါ်သို့ ခြေချနိုင်သူမှာ မည်သူဖြစ်ကြောင်း အဖြေရှာချင်နေကြသည်။

ရေပြင်မှန်ချပ်အတွင်းမှ ပုံရိပ်မှာ ဝေဝါးနေရာမှ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

ချက်ချင်းပင် လော့ရှာဂိုဏ်း တပည့်မလေးတစ်ဦးချင်းစီမှာ မျက်လုံးများ ပြူးသွားကြပြီး မယုံကြည်နိုင်ဘဲ ဖြစ်နေကြတော့သည်။

"ဟင်... သူပါလား..."

မှောင်မည်းနေသော ကျောက်စိုင်များပေါ်တွင် ရပ်နေသည့် ပုံရိပ်မှာ အပြာရောင်ဝတ်စုံနှင့် ဖြစ်ပြီး ခါးတွင် လျှပ်စီးဓားကို ချိတ်ဆွဲထားကာ ချောမောခန့်ညားလျက် လူအများကြားတွင် ထင်ရှားနေသည်။

ထိုသူမှာ လော့ချန် ပင် ဖြစ်၏။

“ရှူး...”

နောက်ထပ် ပုံရိပ်တစ်ခုမှာလည်း အနောက်မှ ကပ်လျက် ရောက်ရှိလာပြီး လော့ချန်၏ ဘေးနားတွင် အသာအယာ ဆင်းသက်လိုက်ရာ မွှေးရနံ့များပင် ပြန့်လွင့်သွားခဲ့သည်။

"ခွန်အားကို အသုံးချပြီး အရှိန်မြှင့်လိုက်တာလား... တကယ့်ကို ထူးခြားတဲ့ စိတ်ကူးပဲ... ငါ အရှုံးကို လက်ခံပါတယ်..."

ယူလန်ရှင်းသည် လော့ချန်ကို ကြည့်ကာ ပြုံးလျက် ချီးကျူးစကား ဆိုလိုက်သည်။

လော့ချန်က လှည့်ကြည့်ကာ ရယ်မောလိုက်၏။

"ဒါက ကံကောင်းလို့ ဖြစ်သွားတဲ့ လှည့်ကွက်လေးတစ်ခုပါ..."

အကယ်၍သာ နက်မှောင်မြူခိုးတောင် မဟုတ်ခဲ့လျှင် သူသည် တစ်ဖက်လူကို အနိုင်ရရန် လုံးဝ အခွင့်အရေး ရှိမည် မဟုတ်ပေ။

ယူလန်ရှင်းက ပြုံးနေသော်လည်း စကားမဆိုတော့ပေ။ သူမ လေးစားသည်မှာ လော့ချန်က ဤကဲ့သို့သော နည်းလမ်းကို စဉ်းစားနိုင်ခဲ့ခြင်းကြောင့် မဟုတ်ပေ။ ဤသည်မှာ ထိုကဲ့သို့သော အရေးကြီးသည့်အချိန်တွင် လော့ချန်က ဤမျှလောက်အထိ တည်ငြိမ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

ရိုးသားစွာပြောရလျှင် သူမကိုယ်တိုင်ပင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။ သူမသာဆိုလျှင် အရှိန်ကိုသာ အစွမ်းကုန် မြှင့်တင်နေမိမည်ဖြစ်ရာ နောက်ဆုံးတွင် ရှုံးနိမ့်ခြင်းမှလွဲ၍ အခြားရလဒ် ရှိမည် မဟုတ်သည်မှာ သေချာလှပေသည်။

လော့ချန်သည် ကျွန်းအတွင်းပိုင်းသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ယံမှာ မှောင်မှောက်နေပြီး မြေပြင်မှာလည်း ထူးဆန်းလှသော အနီရောင်ရင့်ရင့် အရောင်များ ရှိနေကာ အရှေ့တည့်တည့်တွင်မူ ကျယ်ပြောလှသော သစ်တောကြီးတစ်ခု ရှိနေပြီး ထိုတောအတွင်း၌ ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်သို့ ထိုးထွက်နေကာ ထူထဲလှသော မြူခိုးများလည်း ဖုံးလွှမ်းနေသည်။

ထိုမြူခိုးများမှာ အရောင်အမျိုးမျိုး ထွက်ပေါ်နေသဖြင့် အလွန်ပင် ထူးဆန်းလှသလို လူကိုလည်း ဖိနှိပ်ထားသကဲ့သို့ ခံစားရစေကာ ဝင်သွားပြီးလျှင် ပြန်ထွက်ရန် မလွယ်ကူသည့် ကမ္ဘာသစ်တစ်ခုအလား ရှိနေတော့သည်။

"ဒါက မြူခိုးတော ပဲ..."

လော့ချန်က ရေရွတ်လိုက်သည်။

ယန်ချင်းရှုံး မိတ်ဆက်ပေးခဲ့ဖူးသည်မှာ ကျွန်းတစ်ခုလုံးကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး ၎င်းတို့မှာ မြူခိုးတော နှင့် အဆိပ်တောင် တို့ပင် ဖြစ်သည်။

၎င်းတို့မှာ စစ်ဆေးမှု၏ အရေးကြီးဆုံး အဆင့်နှစ်ဆင့်လည်း ဖြစ်ပေသည်။

ပါဝင်ယှဉ်ပြိုင်သူများသည် ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် ပထမဆုံးအနေဖြင့် မြူခိုးတောကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ထို့နောက်မှသာ ကျွန်းအလယ်ရှိ အဆိပ်တောင်သို့ ရောက်ရှိမည် ဖြစ်သည်။ ပထမဆုံး တောင်ထိပ်သို့ တက်နိုင်သူ တစ်ဆယ့်ငါးဦးသာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခွင့် ရရှိမှာ ဖြစ်ပေသည်။

မြူခိုးတောမှ အဆိပ်တောင်အထိမှာ ကြည့်ရသည်မှာ အလွန်နီးကပ်ပုံရပြီး မိုင်ဆယ်ဂဏန်းခန့်သာ ဝေးကွာသဖြင့် ဖြတ်ကျော်ရန် လွယ်ကူလိမ့်မည်ဟု ထင်ရသော်လည်း လော့ချန်ကမူ ထိုသို့ မယူဆပေ။

ကျွန်းပေါ်သို့ ခြေချလိုက်သည့် ခဏမှာပင် လော့ချန်သည် ကျွန်း၏ အတွင်းပိုင်း နက်ရှိုင်းရာ နေရာမှနေ၍ ရှေးဟောင်းဆန်လှသော ရှုပ်ထွေးလှသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါများက ထူးဆန်းသော စွမ်းအားနယ်ပယ်တစ်ခုကို ဖန်တီးထားသဖြင့် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုစလုံးမှာ ငြိမ်သက်သွားခဲ့ရပြီး ချီစွမ်းအင် အစအနလေးကိုပင် လှုပ်ရှား၍ မရတော့ချေ။

ယန်ချင်းရှုံး၏ စကားများကို သတိရလိုက်သည့်အခါ လော့ချန်သည် စိတ်ဝင်စားသွားပြီး ဤကျွန်းအောက်တွင် မြှုပ်နှံထားသော ဘုရင်အဆင့် ရှေးဟောင်း နတ်ဆိုးသားရဲ၏ အလောင်းမှာ အဘယ်မျှအထိ ထူးခြားသနည်းဆိုသည်ကို သိလိုသဖြင့် ဝိညာဉ်စွမ်းအားကို အောက်ဘက်သို့ ဖြန့်ကြက်ကြည့်လိုက်သည်။

သို့သော်လည်း ထိုရှေးဟောင်းလှသော အရှိန်အဝါများက ချီစွမ်းအင်ကိုသာ ဖိနှိပ်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကိုလည်း များစွာ ကန့်သတ်ထားသဖြင့် မြေပြင်အောက်သို့ လုံးဝ တိုးဝင်နိုင်ခြင်း မရှိပေ။

လော့ချန်သည် ထိတ်လန့်ဖွယ်ကောင်းသော သားရဲဟိန်းသံအချို့ကိုသာ ဝေဝါးစွာ ကြားလိုက်ရသည်။

ထိုဟိန်းသံမှာ ကျယ်ပြောလှသလို ခန့်မှန်းရခက်ပြီး ပြောမပြတတ်သော ထိတ်လန့်မှုကို ပေးစွမ်းနေကာ ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင်သည့်အလား ရှိနေသည်။

"သေဆုံးသွားတာ နှစ်ပေါင်း သောင်းချီနေပြီကိုတောင်မှ... ကျန်ရှိနေတဲ့ အရှိန်အဝါလေးကတင် ဒီလောက်အထိ ကြောက်ဖို့ ကောင်းနေတာဆိုတော့... အသက်ရှင်နေတုန်းကဆိုရင် ဘယ်လောက်အထိ အစွမ်းထက်မလဲ မသိဘူး... ပါးစပ်တစ်ချက် ဟလိုက်ရုံနဲ့တင် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေကို အမှုန့်ဖြစ်သွားအောင် လုပ်နိုင်မှာပဲ... မဟုတ်ဘူး... မြေကမ္ဘာအဆင့် သန်မာသူတွေတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး"

လော့ချန်သည် ဝိညာဉ်စွမ်းအားကို ပြန်လည် သိမ်းဆည်းလိုက်သော်လည်း သူ၏ စိတ်ထဲမှ အံ့သြတုန်လှုပ်မှုမှာမူ ငြိမ်သက်မသွားဘဲ လေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။

ထိုစဉ် ဘေးနားရှိ ယူလန်ရှင်းက လော့ချန်၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။

သူမသည် လော့ချန်ကို စိတ်ဝင်တစားဖြင့် တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်းက ထိပ်သီးသုံးယောက် စာရင်းထဲ ပါချင်တာဆို... ဘာလို့ တိုက်ရိုက် မဝင်သွားဘဲနဲ့ အခွင့်အရေးကို လက်လွတ်ခံနေတာလဲ..."

လော့ချန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"အဲလိုလုပ်ဖို့ မလိုအပ်ပါဘူး..."

ယူလန်ရှင်း ခေတ္တမျှ မှင်တက်မိသွားပြီး လော့ချန်၏ စကားကြောင့် တုန်လှုပ်သွားရသည်။

ဤမျှလောက်သော ယုံကြည်ချက်မျိုးမှာ ထိပ်သီးသုံးယောက် စာရင်းဝင်ရန်မှာ သူ့အတွက် အလွန်လွယ်ကူသည့် ကိစ္စတစ်ခုအလား ရှိနေသည်မဟုတ်ပါလော။

အကယ်၍ ယခင်ကဆိုလျှင် ယူလန်ရှင်းသည် လော့ချန်အား မောက်မာလွန်းလှပြီး သူတို့ လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့်များကို အထင်သေးနေသည်ဟု ယူဆမိမှာ သေချာသော်လည်း ယခုမူ သူမ၏ အမြင်မှာ ပြောင်းလဲသွားခဲ့ချေပြီ။

ထိုစဉ် လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ချီယွဲ့ အပါအဝင် အခြားသော မျိုးဆက်တပည့် ခြောက်ဦးမှာလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး လော့ချန်ကို ဒေါသတကြီး ကြည့်နေကြတော့သည်။

လော့ချန်၏ ယခုတင်က စကားများကို သူတို့ အတိုင်းသား ကြားခဲ့ရသဖြင့် လော့ချန်မှာ အကန့်အသတ်မရှိအောင် မောက်မာနေသည်ဟု ယူဆလိုက်ကြသည်။

ယခင်က ထိပ်သီးသုံးယောက်စာရင်းဝင်ရန် ကြိုးစားမည်ဟု ပြောခဲ့ခြင်းမှာ တစ်မျိုးဖြစ်သော်လည်း ယခုအခါတွင်မူ ထိုနေရာမှာ သူ၏ လက်ဝယ်ရှိပြီးသားအရာတစ်ခုအလား ပြောဆိုနေခြင်းမှာ သူတို့ မျိုးဆက်တပည့်များကို လုံးဝ အလေးမထားရာ ရောက်နေသည်မဟုတ်ပါလော။ တကယ့်ကို သည်းခံနိုင်စရာ မရှိပေ။

"ဟွန်း..."

ဒေါသများကို အတင်းအကျပ် နှိမ်ထားရသော ချီယွဲ့သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ဆိုလိုက်သည်။

"မလိုအပ်ဘူး ဟုတ်လား... စကားကတော့ တော်တော်ကြီးတာပဲ... မင်းက နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို အရှိန်မြန်ရုံနဲ့တင် အနိုင်ရမယ်လို့ ထင်နေတာလား... ခုနကကိစ္စက အပျော်သဘောပဲ ရှိသေးတယ်... မြူခိုးတောနဲ့ အဆိပ်တောင်ကမှ စစ်မှန်တဲ့ စစ်ဆေးမှုတွေပဲ... ငါ အသေအချာ ပြောရဲတယ်... မင်း ဒီနေ့ ထိပ်သီးသုံးယောက် စာရင်းထဲ ဝင်ဖို့ဆိုတာ ဝေးလာဝေးပဲ... ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲတောင် ပါမှာ မဟုတ်ဘူး"

လော့ချန်သည်လည်း အမျက်မထွက်ဘဲ အေးဆေးစွာပင် ဆိုလိုက်သည်။

"ငါ ပြောတာ အမှန် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ရလဒ်ကပဲ သက်သေပြပါလိမ့်မယ်..."

စကားအဆုံးတွင် လော့ချန်၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ရှေ့ရှိ သစ်တောကြီးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

"ဒီကောင်ကတော့ တကယ်ကို မောက်မာလွန်းတယ်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ် အစောပိုင်းအဆင့်လောက်နဲ့... ပြီးတော့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားသေးတာကို... ငါတို့ရှေ့မှာ ဘာလို့ ဒီလောက်အထိ ကြွားလုံးထုတ်နေရတာလဲ..."

"စိတ်မပူပါနဲ့... သူ အကြာကြီး မောက်မာနိုင်မှာ မဟုတ်ပါဘူး... ကျွန်းပေါ်ရောက်ပြီဆိုရင် သူ့ရဲ့ ကိုယ်ဟန် လျှို့ဝှက်ကျင့်စဉ်တွေက အသုံးမဝင်တော့ဘူးလေ... ကိုယ်ပိုင် ပါရမီနဲ့ ဉာဏ်ပညာ... စိတ်ဓာတ်နဲ့ ဝိညာဉ်စွမ်းအားကိုပဲ ယှဉ်ရတော့မှာဆိုတော့... သူ့ရဲ့ ပါရမီနဲ့ဆိုရင် မြူခိုးတောထဲကတောင် ထွက်နိုင်ပါ့မလား မသိဘူး..."

"ဟင်းဟင်း... စကားတွေကို အကုန်အစင် ပြောထားတာဆိုတော့... ခဏနေလို့ ထိပ်သီး တစ်ဆယ့်ငါးယောက်ထဲတောင် မပါခဲ့ရင်တော့ ဘယ်လိုများ မျက်နှာပြမလဲဆိုတာ ကြည့်ရတာပေါ့..."

လော့ချန်၏ အထင်သေးမှုကို ခံလိုက်ရသဖြင့် မျိုးဆက်တပည့်များမှာ ဒေါသထွက်နေကြပြီး လော့ချန်၏ ဟာသကိုသာ စောင့်ကြည့်ရန် ပြင်လိုက်ကြတော့သည်။

ယူလန်ရှင်းက ဆိုလိုက်သည်။

"မင်းတို့ လော့ချန်ကို အထင်မသေးကြနဲ့... သူက အပြင်ပန်း မြင်နေရသလောက် မရိုးရှင်းဘူး..."

ချီယွဲ့က ပြန်ပြောသည်။

"စီနီယာအစ်မကြီး... အစ်မကြီးက ဘာလို့ အဲဒီလို လူစားမျိုးဘက်ကနေ ကာကွယ်ပေးနေရတာလဲ... သူက ငါတို့ကို တကယ်ပဲ ကျော်ဖြတ်နိုင်မယ်လို့ အစ်မကြီး ထင်နေတာလား..."

ယူလန်ရှင်းသည် ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောတော့ပေ။

သူမ၏ အာရုံခံစားမှုအရ လော့ချန်မှာ မရိုးရှင်းသော်လည်း သူမ၏ ဆင်ခြင်တုံတရားကမူ ၎င်းကို ငြင်းပယ်နေသည်။

ကျင့်ကြံဆင့်၊ သိုင်းဝိညာဉ် သို့မဟုတ် အလားအလာ မည်သည့်အရာနှင့် ယှဉ်ပြိုင်ပါစေ လော့ချန်သည် သူတို့ မျိုးဆက်တပည့်များနှင့် ယှဉ်နိုင်ရန် အရည်အချင်း မရှိပေ။

မြူခိုးတောနှင့် အဆိပ်တောင် ဆိုသည်မှာ ကံကောင်းမှု သို့မဟုတ် လှည့်ကွက်လေး အချို့နှင့် ဖြတ်ကျော်နိုင်မည့် နေရာမျိုး မဟုတ်ချေ။

"ကောင်းပြီ... သူလည်း ဝင်သွားပြီဆိုတော့... သူ့ရဲ့အနောက်မှာ ကျန်မနေခဲ့ချင်ရင် ငါတို့လည်း အမြန်ဝင်ကြရအောင်..."

လော့ချန်၏ ပုံရိပ်မှာ မြူခိုးများအတွင်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ ယူလန်ရှင်းသည် ဆက်လက်၍ မနေတော့ဘဲ မြူခိုးတောအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ချီယွဲ့မှာမူ လော့ချန်၏ အပြုအမူများကို တွေးမိတိုင်း ဒေါသထွက်နေရဆဲ ဖြစ်သဖြင့် ပြတ်သားစွာ ဆိုလိုက်သည်။

"လော့ချန်... မင်း ရှုံးနိမ့်သွားတဲ့အခါမှ ငါ မင်းကို ဘယ်လို နှိပ်စက်မလဲဆိုတာ စောင့်ကြည့်နေလိုက်..."

“ဝှစ်... ဝှစ်... ဝှစ်...”

ချီယွဲ့နှင့် ကျန်ရှိသော မျိုးဆက်တပည့် ငါးဦးမှာလည်း သစ်တောအတွင်းသို့ တစ်ဦးပြီးတစ်ဦး တိုးဝင်သွားကြတော့သည်။

လော့ချန်သည် သစ်တောအတွင်းသို့ ဝင်လိုက်သည်နှင့် ဤနေရာကို အဘယ်ကြောင့် မြူခိုးတောဟု ခေါ်ဆိုရကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။

သစ်တောအတွင်း၌ ပေပေါင်း ရာနှင့်ချီ၍ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများမှလွဲ၍ အခြား မည်သည့်အရာမျှ ရှိမနေပေ။ ဆူးပင်၊ ပန်းပင်၊ မြက်ပင် တစ်ခုမျှ ရှိမနေဘဲ မှောင်မည်းနေသော မြေပြန့်ကြီးသာ ရှိနေသည်။

ထို့ပြင် ထိုသစ်ပင်ကြီးများမှာလည်း တစ်ပင်နှင့်တစ်ပင် အလွန်ပင် ဆင်တူလှပြီး ရောင်စုံမြူခိုးများလည်း ဖုံးလွှမ်းနေသဖြင့် အမြင်အာရုံမှာ အလွန်ပင် ကန့်သတ်ခံထားရကာ အစွမ်းကုန် ကြည့်လျှင်ပင် မီတာဆယ်ဂဏန်းခန့်သာ မြင်တွေ့နိုင်သဖြင့် တကယ့်ကို ဝင်္ကပါကြီး တစ်ခုအလား ရှိနေတော့သည်။

လော့ချန်သည် သူ၏ အာရုံခံစားမှုကို အသုံးပြုလျက် အဆိပ်တောင် ဦးတည်ရာဘက်သို့ တည့်တည့်မတ်မတ် ပြေးထွက်သွားလိုက်သည်။

ချီစွမ်းအင်များကို လှုပ်ရှား၍ မရသော်လည်း သူ၏ ခန္ဓာကိုယ် ခွန်အားမှာ ရှိနေသေးသည်ဖြစ်ရာ အစွမ်းကုန် ပြေးလွှားသည့်အခါ အရှိန်မှာ မီးလျှံရတနာမြင်း ထက်ပင် ပိုမို မြန်ဆန်နေပြီး သူ၏ ပုံရိပ်မှာလည်း ရောင်စုံမြူခိုးများအတွင်း၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတော့သည်။

"ဟင်... တစ်ခုခုတော့ မှားနေပြီ..."

အချိန်အတော်ကြာအောင် ပြေးလွှားပြီးနောက် လော့ချန်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်သွားရသည်။

သူသည် ဖြောင့်တန်းလှသော လမ်းအတိုင်း လာခဲ့ခြင်းဖြစ်ရာ သူ၏ အရှိန်နှင့်ဆိုလျှင် မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော မြူခိုးတောမှ သေချာပေါက် ထွက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပတ်ဝန်းကျင်ရှိ မြင်ကွင်းမှာမူ မည်သည့် ပြောင်းလဲမှုမျှ ရှိမနေဘဲ သစ်ပင်ကြီးများနှင့် မြူခိုးများသာ ရှိနေကာ အဆိပ်တောင်၏ အရိပ်အယောင်လေးကိုပင် မမြင်တွေ့ရသေးပေ။ ၎င်းအပြင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်ထဲ၌ အလွန်ပင် ဖိနှိပ်လှသော မကောင်းသော ခံစားချက်များ ပေါ်ထွက်လာခဲ့သည်။

ထိုခံစားချက်မှာ ဤနေရာတွင်တင် အရှုံးပေးလိုက်ချင်သည့် အတွေးများကိုပင် ဖြစ်ပေါ်စေခဲ့ချေပြီ။

အခန်း ၅၅၉ ပြီးပါပြီ။

အခန်း ၅၆၀ - မြူခိုးတောမှ ထွက်လာခြင်း... စံချိန်တင်ခြင်း

ကျယ်ပြောလှသော ရှေးဟောင်းသစ်တောကြီးနှင့် အဆုံးမရှိသော မြူခိုးများမှာ ဘယ်သောအခါမှ ထွက်မသွားနိုင်တော့မည့်အလား ရှိနေပြီး စိတ်ထဲတွင်လည်း မကောင်းသော ခံစားချက်များမှာ အဆက်မပြတ် စုစည်းလာသဖြင့် လူကို တဖြည်းဖြည်း နစ်မွန်းသွားစေကာ ရုန်းမထွက်နိုင်အောင် ဖြစ်စေသည်။

"ထူးဆန်းတာပဲ..."

တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသည်နှင့် လော့ချန်သည် ချက်ချင်းပင် ဓားဆန္ဒကို နှိုးဆွလိုက်ပြီး စိတ်ထဲရှိ မကောင်းသော ခံစားချက်အားလုံးကို အတင်းအကျပ် နှိမ်နင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အာရုံစိုက်လျက် စမ်းသပ်ကြည့်လိုက်၏။

မကြာမီမှာပင် လော့ချန်သည် အဖြေကို ရှာတွေ့သွားခဲ့သည်။

ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်သည့်အခါ ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများမှာ အဆက်မပြတ် ပြောင်းလဲလှုပ်ရှားနေပြီး ထိုထူးဆန်းသော အရှိန်အဝါများ၏ သက်ရောက်မှုကြောင့် တွန့်လိမ်နေသော စွမ်းအားနယ်ပယ်တစ်ခု ဖြစ်ပေါ်နေကာ လူ၏ အာရုံခံစားမှုကို လှည့်စားနေခြင်း ဖြစ်ပေသည်။

အပြင်ပန်း၌ လမ်းတည့်တည့် သွားနေသည်ဟု ထင်ရသော်လည်း တဖြည်းဖြည်းနှင့် လမ်းကြောင်း လွဲချော်သွားတတ်သည်။

ထိုသို့ လွဲချော်မှုမှာ အလွန်ပင် သိမ်မွေ့လှသဖြင့် သတိပြုမိရန် ခက်ခဲသော်လည်း အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်အခါတွင်မူ ထိုလွဲချော်မှုမှာ အဆပေါင်းများစွာ ကြီးမားသွားမည် ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။ အကယ်၍ ဤအချက်ကို သတိမပြုမိပါက မည်မျှပင် အစွမ်းကုန် ပြေးလွှားနေပါစေ သစ်တောအတွင်း၌ စက်ဝိုင်းပတ်နေရုံသာ ရှိမည်ဖြစ်ပြီး ဘယ်သောအခါမှ ထွက်နိုင်မည် မဟုတ်ပေ။

"မြူခိုးတောလို့ ခေါ်တာ မထူးဆန်းတော့ပါဘူး..."

လော့ချန်က ရေရွတ်လိုက်သည်။

ဤအချက်ကို သိရှိသွားပြီဖြစ်ရာ ထွက်သွားရန်မှာမူ မခက်ခဲတော့ပေ။

လွဲချော်နေသော အစီအစဉ်ကို အာရုံခံကြည့်ပြီး အဆက်မပြတ် ပြင်ဆင်သွားရုံဖြင့် မိမိသွားနေသော လမ်းကြောင်းမှာ လမ်းတည့်ဖြစ်ကြောင်း သေချာစေကာ အနှေးနှင့်အမြန် ထွက်သွားနိုင်မည် ဖြစ်သည်။

သို့သော်လည်း လော့ချန်က ထိုသို့လုပ်ခြင်းမှာ အချိန်ကုန်လွန်းသည်ဟု ယူဆလိုက်သည်။

ထိပ်သီးသုံးယောက်စာရင်းဝင်ရန် သူ ကြွားလုံးထုတ်ခဲ့ပြီးသားဖြစ်ရာ အကယ်၍ မလုပ်နိုင်ခဲ့ပါက လူတိုင်းက သူ့ကို အထင်သေးကြမှာဖြစ်သလို ဟာသတစ်ခုအဖြစ်လည်း သဘောထားကြမှာ သေချာလှသည်။ အထူးသဖြင့် ချီယွဲ့ တို့ဆိုလျှင် ဤအခွင့်အရေးကို အသုံးချပြီး သူ့ကို ဒုက္ခပေးကြမှာဖြစ်ရာ ထိုအချိန်တွင် အဘယ်မျှလောက်သော နားမခံနိုင်သည့် စကားများဖြင့် ပြောင်လှောင်လိမ့်မည်နည်း။

လော့ချန်သည် ဤနေရာမှ ထွက်သွားရုံတင်မကဘဲ အမြန်ဆုံးနည်းလမ်းဖြင့် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဝိညာဉ်စွမ်းအားကိုပဲ အားကိုးရတော့မယ်..."

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလျက် မျက်လုံးများကို မှိတ်ကာ ဝိညာဉ်စွမ်းအားကို အစွမ်းကုန် နှိုးဆွလိုက်သည်။

သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်း၌ ရွှေရောင်လှိုင်းတံပိုးများမှာ ဆူဝေနေပြီး ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများမှာ မျက်ခုံးနှစ်ခုကြားမှတစ်ဆင့် အပြင်သို့ ဖြန့်ကြက်ထွက်ပေါ်လာခဲ့သည်။

ရောင်စုံမြူခိုးများ၏ သက်ရောက်မှုကြောင့် ဝိညာဉ်စွမ်းအားမှာ များစွာ ကန့်သတ်ခံထားရသည်။

လော့ချန်၏ ဝိညာဉ်စွမ်းအား အဆင့်အတန်းနှင့်ပင် မီတာ နှစ်ရာခန့်အထိသာ ဖြန့်ကြက်နိုင်သဖြင့် ပြင်ပရှိ အစွမ်း၏ ငါးရာခိုင်နှုန်းပင် မပြည့်တော့ပေ။

"မီတာ နှစ်ရာလား... လုံလောက်ပါတယ်လေ..."

လော့ချန် မျက်လုံးများကို ဖွင့်လိုက်သည်။

ဝိညာဉ်စွမ်းအားဆိုသည်မှာ အာရုံငါးပါးထက် သာလွန်သော ထူးခြားသည့် စွမ်းအားဖြစ်သဖြင့် ဝိညာဉ်စွမ်းအား၏ အာရုံခံစားမှုနယ်ပယ်အတွင်း၌ အရာအားလုံးမှာ အထင်းသား ပေါ်လွင်နေပြီး တွန့်လိမ်နေသော စွမ်းအားနယ်ပယ်၏ လှည့်စားမှုကိုလည်း ခံရမည် မဟုတ်ပေ။

ဆိုလိုသည်မှာ ဤ မီတာ နှစ်ရာအတွင်း၌ လော့ချန်သည် မိမိသွားနေသော လမ်းကြောင်း လွဲချော်မှု မရှိကြောင်း သေချာစေနိုင်ခြင်းပင်။

မြူခိုးတော တစ်ခုလုံးမှာ မိုင်ဆယ်ဂဏန်းခန့်သာ ကျယ်ဝန်းသဖြင့် မီတာ နှစ်ရာပေါင်း ဆယ်ဂဏန်းမျှသာ ရှိပေသည်။

"ကဲ... စလိုက်ရအောင်..."

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဝိညာဉ်စွမ်းအားကို အကန့်အသတ်အထိ ထပ်မံ နှိုးဆွလိုက်ကာ အဝေးဆုံးသော နေရာကို မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်သည်။

“ဝှစ်...”

ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လော့ချန်သည် မှတ်တိုင်ရှိရာသို့ ရောက်ရှိသွားခဲ့ပြီး ရှေ့နှင့် နောက်သို့ ဝိညာဉ်စွမ်းအားကို ထပ်မံ ထုတ်လွှတ်လျက် လမ်းကြောင်းမှာ လမ်းတည့်ဖြစ်ကြောင်း အတည်ပြုကာ နောက်ထပ် မှတ်တိုင်သစ်တစ်ခုကို ထပ်မံ သတ်မှတ်လျက် ဆက်လက် ပြေးလွှားနေတော့သည်။

ဤအတိုင်း ထပ်တလဲလဲ လုပ်ဆောင်နေ၏။

တစ်ကြိမ်...

ဆယ်ကြိမ်...

အကြိမ် နှစ်ဆယ်...

မှတ်တိုင်များကို တစ်ခုပြီးတစ်ခု သတ်မှတ်ကာ လမ်းကြောင်းကို အတည်ပြုနေရင်း လော့ချန်မှာ တဖြည်းဖြည်း ပိုမို ကျွမ်းကျင်လာခဲ့ပြီး မှတ်တိုင်တစ်ခုသို့ ရောက်သည်နှင့် နောက်ထပ် မှတ်တိုင်တစ်ခုကို ချက်ချင်း သတ်မှတ်နိုင်သဖြင့် အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှပေသည်။

နောက်ဆုံးတွင် လော့ချန်သည် ခြောက်ဆယ့်ခုနစ်ခုမြောက် မှတ်တိုင်ကို သတ်မှတ်လိုက်သည့်အချိန်၌ ပတ်ဝန်းကျင်ရှိ ရောင်စုံမြူခိုးများမှာ တဖြည်းဖြည်း ကျဲပါးလာခဲ့ပြီး ပါးလွှာသော အလွှာတစ်ခုသာ ကျန်ရှိတော့သည်။

မြူခိုးများကြားမှနေ၍ မြင့်မားလှသော တောင်ထိပ်ကြီး တစ်ခုမှာ အရှေ့တည့်တည့်တွင် တည်ရှိနေသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

၎င်းမှာ ကျွန်း၏ အလယ်ဗဟိုတွင် တည်ရှိသော အဆိပ်တောင်ပင် ဖြစ်၏။

"ဟင်းဟင်း... ထွက်လာနိုင်ပြီပဲ..."

အဆိပ်တောင်ကို မော့ကြည့်ရင်း လော့ချန်သည် အလွန်ပင် ဝမ်းသာသွားရသည်။

"ယူလန်ရှင်း တို့ မြူခိုးတောထဲက ထွက်လာနိုင်ကြပြီလား မသိဘူး..."

လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူ ခန့်မှန်းကြည့်ရသလောက် ကျွန်းပေါ်သို့ ခြေချချိန်မှ ယခုအချိန်အထိ အမွှေးတိုင် တစ်ဝက်ကျော်ခန့်သာ ကုန်ဆုံးသေးသည်ဟု ယူဆရသည်။

အစပိုင်းတွင် အချိန်အနည်းငယ် နှောင့်နှေးခဲ့သဖြင့် သူသည် မြူခိုးတောမှ မည်သည့်အဆင့်ဖြင့် ထွက်လာနိုင်သည်ကိုမူ အသေအချာ မပြောနိုင်ပေ။

လော့ရှာဂိုဏ်း တပည့်များမှာမူ သူ့ထက် ဤစစ်ဆေးမှုကို ပိုမို ရင်းနှီးကြသဖြင့် အသာစီး ရထားကြသည် မဟုတ်ပါလော။

"ထားလိုက်ပါတော့... အခု နောက်ကျနေရင်တောင်မှ အဆိပ်တောင်ကို တက်တဲ့အချိန်မှာ ပြန်ပြီး အမီလိုက်လို့ ရတာပဲ... ဘာပဲဖြစ်ဖြစ် ထိပ်သီးသုံးယောက် စာရင်းထဲကိုတော့ သေချာပေါက် ဝင်ရမယ်..."

လော့ချန်သည် ဆက်လက်၍ မတွေးတော့ဘဲ အရှိန်ကို မြှင့်တင်လျက် အဆိပ်တောင်ဆီသို့ ပြေးထွက်သွားတော့သည်။

ကျောက်စိမ်းစင်မြင့်ပေါ်တွင်မူ...

လေထဲတွင် ဝဲပျံနေသော ရေပြင်ကြေးမုံအတွင်း၌ ကျွန်းတစ်ခုလုံး၏ မြင်ကွင်းများမှာ ဝေဝါးစွာ ပေါ်ထွက်နေသည်။

ပါဝင်ယှဉ်ပြိုင်သူများ အားလုံးမှာ မြူခိုးတောအတွင်းသို့ ဝင်ရောက်သွားကြပြီဖြစ်ရာ မြူခိုးများကြောင့် အတွင်းပိုင်း မြင်ကွင်းကို မမြင်တွေ့ရသဖြင့် လူတိုင်းမှာ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကြရသည်။

ထိုင်နေကြသော လော့ရှာဂိုဏ်း၏ အကြီးအကဲများမှာလည်း အချင်းချင်း ဆွေးနွေးနေကြသည်။

ဆွေးနွေးနေကြသည့် အဓိက အချက်မှာ မည်သည့်တပည့်က ပထမဆုံး မြူခိုးတောထဲမှ ထွက်လာနိုင်မည်နည်း ဆိုသည်ပင် ဖြစ်၏။

လူကြိုက်အများဆုံး တပည့်မှာမူ ယူလန်ရှင်း ဖြစ်ပေသည်။

လော့ရှာဂိုဏ်း အတွင်းစည်း၏ စီနီယာအစ်မကြီးအဖြစ် ယူလန်ရှင်း၏ အစွမ်းမှာ သံသယဖြစ်ဖွယ် မရှိပေ။ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ခြေတစ်လှမ်းလှမ်းလိုက်ရုံနှင့် စတုတ္ထနယ်ပယ်သို့ တက်လှမ်းနိုင်ကာ မြေကမ္ဘာအဆင့် သန်မာသူတစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။ ထို့ပြင် ၈၀ ရာနှုန်းသော ဓားဆန္ဒကိုပါ ပိုင်ဆိုင်ထားသဖြင့် ပထမနေရာ ရရှိရန်မှာမူ ထိုက်တန်လှပေသည်။

ကျန်ရှိသော မျိုးဆက်တပည့်များကိုမူ လူအနည်းငယ်သာ ပြောဆိုကြသည်။

အချို့လူများမှာ ယန်ချင်းရှုံးကိုပင် ထည့်သွင်းပြောဆိုကြသည်။ ကြယ် ၉ ပွင့် ဓားသိုင်းဝိညာဉ်ပိုင်ရှင်အဖြစ် သူမသည် မွေးရာပါ ထိပ်သီးဓားသမားတစ်ဦးဖြစ်ရာ စိတ်ဝိညာဉ်မှာလည်း ထက်မြက်မှုများ ရှိနေသဖြင့် ပုံရိပ်ယောင်များနှင့် စိတ်မိစ္ဆာများကို ချေမှုန်းနိုင်စွမ်း ရှိသောကြောင့် နက်မှောင်မြူခိုးတောင် စစ်ဆေးမှုတွင် များစွာ အသာစီး ရရှိထားသည်မဟုတ်ပါလော။

ထိုစဉ် အကြီးအကဲ လင်းသည် အကြည့်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဘေးနားရှိ ယင်းလီ ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ယင်းလီ... မင်း အဲဒီတုန်းက နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို အမွှေးတိုင် လေးတိုင်အတွင်းမှာတင် အောင်မြင်ခဲ့တာလေ... မြူခိုးတောကို ဖြတ်ဖို့ကော ဘယ်လောက်ကြာခဲ့လဲ..."

ယင်းလီသည် မွှေးရနံ့သင်းပျံ့သော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ဆိုလိုက်သည်။

"သိပ်တော့ မမြန်ပါဘူး... အမွှေးတိုင် တစ်တိုင်ခွဲနီးပါးလောက် ကြာခဲ့ပါတယ်..."

"ဟင်းဟင်း... အမွှေးတိုင် တစ်တိုင်ခွဲ မပြည့်ခင်မှာတင် မြူခိုးတောကို ဖြတ်နိုင်ခဲ့တာလေ... ဒါဟာ ငါတို့ဂိုဏ်းရဲ့ နှစ်ပေါင်း တစ်ရာအတွင်းမှာ အမြန်ဆုံး စံချိန်ပဲကို... ဒါကိုတောင် မမြန်ဘူးလို့ ပြောနေသေးတာလား... မင်းက တကယ်ကို နှိမ့်ချလွန်းတာပဲ..."

ပုံမှန်အားဖြင့် တင်းမာလေ့ရှိသော အကြီးအကဲ လင်းမှာ ယခုအခါတွင်မူ ပြုံးရွှင်နေတော့သည်။

အခြားသော အကြီးအကဲများကလည်း အဆက်မပြတ် ချီးကျူးနေကြသည်။

ယင်းလီသည် လော့ရှာဂိုဏ်း တပည့်များအားလုံးထဲတွင် ပါရမီ အထူးခြားဆုံးသူဖြစ်ရာ ရွှမ်ယွမ်ဂိုဏ်းမှ မကြာသေးခင်က အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသော ယွမ်မန်လီ နှင့်ပင် ယှဉ်လျှင် များစွာ ကွာခြားမည် မဟုတ်ဘဲ နောင်တစ်ချိန်တွင် လော့ရှာဂိုဏ်းချုပ် ရာထူးကို ဆက်ခံမည့်သူလည်း ဖြစ်နိုင်သည်မဟုတ်ပါလော။

ယင်းလီက နှုတ်ခမ်းနီနီလေးကို ဟလျက် ဆိုလိုက်သည်။

"ကျွန်မ အဲဒီတုန်းက ကံကောင်းသွားလို့ပါ... ကျင့်ကြံထားတဲ့ အေးခဲလှိုင်းကျင့်စဉ်ကြောင့် မြူခိုးတောထဲမှာ ပိတ်မိနေတယ်လို့ သိလိုက်ရတာနဲ့... အဲဒီကျင့်စဉ်ကို သုံးပြီးတော့ ကျွန်မရဲ့ အာရုံငါးပါးကို ပိတ်လိုက်ပြီး... စိတ်ရဲ့ အာရုံခံစားမှုအတိုင်း တိုးထွက်လာခဲ့တာပါ... အဲဒီကျင့်စဉ်သာ မရှိရင်တော့ အခုလိုမျိုး မြန်မြန် ထွက်လာနိုင်ဖို့ မလွယ်ပါဘူး..."

"မြူခိုးတောထဲမှာ ပိတ်မိတဲ့အခါ လူရဲ့ မကောင်းတဲ့ ခံစားချက်တွေက ပိုပြီးတော့ ကြီးမားလာတတ်တာဆိုတော့... လမ်းကြောင်းလည်း ပျောက်သွားသလို ဆုံးဖြတ်ချက်တွေလည်း မှားသွားတတ်ကြတယ်... နောက်ဆုံးမှာတော့ စိတ်ဓာတ်တွေ ပြိုလဲပြီးတော့ အရှုံးပေးလိုက်ကြတာပဲလေ... မင်းက အဲဒီလောက် မြန်မြန်နဲ့ အာရုံငါးပါးကို ပိတ်ဖို့ စဉ်းစားနိုင်ခဲ့တာကတင် တကယ်ကို ချီးကျူးစရာပဲ..."

အကြီးအကဲ လင်းက ပြုံးလျက် ဆိုလိုက်ပြီး အိုမင်းနေသော မျက်ဝန်းများဖြင့် ရေပြင်ကြေးမုံကို ကြည့်ကာ ဆက်ပြောသည်။

"ယူလန်ရှင်း ကော... ဒီတစ်ခေါက် အမွှေးတိုင် နှစ်တိုင်အတွင်းမှာ မြူခိုးတောထဲက ထွက်လာနိုင်မလား မသိဘူး..."

လူအများစုကဲ့သို့ပင် အကြီးအကဲ လင်းသည်လည်း ဤစစ်ဆေးမှုတွင် ပထမဆုံး မြူခိုးတောထဲမှ ထွက်လာနိုင်သူမှာ ယူလန်ရှင်း မှလွဲ၍ အခြား မည်သူမျှ မရှိနိုင်ဟု ယူဆထားခြင်း ဖြစ်သည်။

သူမ၏ စကားမှာ ဆုံးရုံရှိသေးသော်လည်း...

ရေပြင်ကြေးမုံအတွင်း ထင်ဟပ်နေသော ကျယ်ပြောလှသည့် မြူခိုးများကြားတွင် ပုံရိပ်တစ်ခုမှာ ဝေဝါးစွာ ပေါ်ထွက်လာခဲ့သည်။

"ဟင်... တစ်ယောက်ယောက် မြူခိုးတောထဲက ထွက်လာပြီ ထင်တယ်..."

မည်သူက အော်ဟစ်လိုက်သည် မသိပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မြူခိုးတောထဲကို ဝင်သွားတာ အမွှေးတိုင် တစ်တိုင်တောင် မပြည့်သေးဘူးလေ... ယူလန်ရှင်း တောင်မှ ဒီလောက်အထိ မမြန်နိုင်ပါဘူး..."

ချက်ချင်းပင် လူတစ်ဦးက ငြင်းပယ်လိုက်သည်။

သို့သော်လည်း သူ၏ အသံမှာ နောက်ကွယ်မှ ထွက်ပေါ်လာသော အံ့သြသံများနှင့် အသက်ရှူသံများကြားတွင် ပျောက်ကွယ်သွားခဲ့ရသည်။

ရေပြင်ကြေးမုံအတွင်း၌ ထိုပုံရိပ်မှာ မြူခိုးနယ်ပယ်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး ပိုမို ရှင်းလင်းလာခဲ့ချေပြီ။

"ဟေး... တစ်ယောက်ယောက် မြူခိုးတောထဲက တကယ်ပဲ ထွက်လာပြီ..."

"ဒါ... ဒါ... ဒါက မြန်လွန်းတယ်... အမွှေးတိုင် တစ်ဝက်ကျော်ရုံပဲ ရှိသေးတာလေ... အဲဒီတုန်းက စီနီယာအစ်မ ယင်းလီ တောင်မှ မြူခိုးတောကို ဖြတ်ဖို့ အမွှေးတိုင် တစ်တိုင်ခွဲ ကြာခဲ့တာ မဟုတ်လား..."

"ဘယ်သူလဲ... ယူလန်ရှင်း လား..."

လူတိုင်းသည် ရေပြင်ကြေးမုံအတွင်းရှိ ထိုပုံရိပ်ကို မျက်လုံးများ ပြူးကာ ကြည့်နေကြပြီး အံ့သြသံများနှင့် အသက်ရှူသံများမှာလည်း ဆူညံသွားတော့သည်။

အခန်း ၅၆၀ ပြီးပါပြီ။

အခန်း ၅၆၁ - အသွင်ကူးပြောင်းခြင်း... ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒ

“ဝှစ်...”

တစ်ခဏချင်းမှာပင် ထိုနေရာရှိ လူအားလုံး၏ အကြည့်မှာ ရေပြင်ကြေးမုံအတွင်းမှ ပုံရိပ်ထံသို့ စုပြုံရောက်ရှိသွားကြသည်။

"မြူခိုးတောထဲက ဒီလောက်အမြန် ထွက်လာနိုင်တယ် ဟုတ်လား... ဒါဟာ အရင်က မရှိဖူးသေးတဲ့ စံချိန်သစ်ပဲ..."

အကြီးအကဲလင်း အပါအဝင် လော့ရှာဂိုဏ်း၏ အကြီးအကဲ အတော်များများမှာ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ကြပြီး ဤမျှလောက်သော အံ့ဖွယ်စံချိန်ကို တင်နိုင်သူမှာ မည်သူဖြစ်ကြောင်း သေသေချာချာ မြင်တွေ့ချင်နေကြသည်။

ယင်းလီ၏ မျက်ဝန်းထဲတွင်ပင် လှိုင်းတံပိုးများ ထသွားခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ရေပြင်ကြေးမုံကို စိုက်ကြည့်နေမိသည်။

ထိုစဉ် အကြီးအကဲ လင်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရေပြင်ကြေးမုံကို ဖန်တီးခဲ့သော အဓိကအကြီးအကဲထံသို့ လှည့်ကြည့်လိုက်သည်။

"အကြီးအကဲယွမ်..."

အကြီးအကဲ ယွမ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ ထွက်လာကာ လက်ဟန်အချို့ ပြုလုပ်လျက် ရေပြင်ကြေးမုံကို တို့လိုက်သည်။

“ဝူး...”

ရေပြင်ကြေးမုံမှာ တောက်ပလာပြီး လည်ပတ်နေစဉ်မှာပင် ပုံရိပ်မှာ လျင်မြန်စွာ ကြီးထွားလာခဲ့ရာ ထိုလူ၏ ရုပ်သွင်မှာလည်း ပိုမို ရှင်းလင်းလာခဲ့ချေပြီ။

ထိုပုံရိပ်၏ ရုပ်သွင်မှာ အပြည့်အဝ ပေါ်ထွက်လာသည့်အခါ...

ချက်ချင်းပင် စင်မြင့်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျသံပင် ကြားနိုင်လောက်အောင် ငြိမ်ကျသွားတော့သည်။

"လော့... လော့ချန်... ရွှမ်ယွမ်ဂိုဏ်း တပည့် လော့ချန် တဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ကောင်လေ... မြူခိုးတောထဲက ဒီလောက် မြန်မြန် ထွက်လာနိုင်တယ်ဆိုတာ... အံ့သြစရာ ကောင်းလွန်းတာပဲ..."

ရေပြင်ကြေးမုံအတွင်းရှိ ချောမောခန့်ညားသော ပုံရိပ်ကို ကြည့်ကာ လော့ရှာဂိုဏ်း တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အံ့သြသံများ ဆူညံသွားတော့သည်။

နဝမမင်းသမီး ကျင်းယွီရှီးလည်း ခေတ္တမျှ မှင်တက်မိသွားရသည်။ သူမသည် လော့ချန်အပေါ် ယုံကြည်မှု ရှိပြီး သူ စစ်ဆေးမှုကို အောင်မြင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လော့ချန်၏ စွမ်းဆောင်ရည်မှာ ဤမျှအထိ ထူးခြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ပထမဆုံး ကျွန်းပေါ်ကို ခြေချနိုင်ရုံတင်မကဘဲ အခု မြူခိုးတောထဲကနေလည်း ပထမဆုံး ထွက်လာနိုင်ခဲ့ပြီပင်။ ထို့ပြင် အရင်က မရှိဖူးသေးတဲ့ စံချိန်သစ်ကိုတောင် တင်နိုင်ခဲ့ပြီ မဟုတ်ပါလော။

ထိုနေရာရှိ လော့ရှာဂိုဏ်း အကြီးအကဲများမှာမူ မျက်နှာများ အနည်းငယ် ပျက်နေကြသည်။ သူတို့အားလုံးက ယူလန်ရှင်း ပထမဆုံး ထွက်လာမည်ဟု ယူဆထားကြသော်လည်း ရွှမ်ယွမ်ဂိုဏ်း တပည့် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

အကြီးအကဲ ပိကျိုးရွှေသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး အကြီးအကဲ လင်းဘက်သို့ လှည့်ကာ လှပစွာ ပြုံးလျက် ဆိုလိုက်သည်။

"အကြီးအကဲလင်း... အခုတော့ သိုးငယ်လေးက ဝံပုလွေအုပ်ရဲ့ ရှေ့ဆုံးကို ရောက်နေပြီနော်..."

"ဟွန်း..."

အကြီးအကဲ လင်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသော်လည်း အေးစက်စွာ လှောင်ပြုံးလိုက်သည်။

"မြူခိုးတောထဲက ထွက်လာနိုင်ရုံပဲ ရှိသေးတာလေ... လူတိုင်း သိကြတဲ့အတိုင်း မြူခိုးတောကို ဖြတ်ကျော်ဖို့ဆိုတာ ကံတရားကလည်း အများကြီး ပါသေးတာပဲ... သူ ဒီလောက် မြန်မြန် ထွက်လာနိုင်တာက ကံကောင်းလို့လည်း ဖြစ်နိုင်တာပဲလေ"

သူမက ဆက်ပြောသည်။

"အဆိပ်တောင်ကို တက်ဖို့ဆိုတာကမှ ဒီစစ်ဆေးမှုရဲ့ အဓိက အကျဆုံး အပိုင်းဖြစ်သလို အခက်ခဲဆုံး အဆင့်ပဲလေ... သူ အဆိပ်တောင်ပေါ်ကို တက်နိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာပေါ့..."

အကြီးအကဲ လင်း၏ အိုမင်းသော မျက်ဝန်းများမှာ ထက်မြက်လှပြီး ရေပြင်မှန်ချပ်အတွင်းရှိ လော့ချန်ကို စိုက်ကြည့်နေတော့သည်။

ယင်းလီသည် စကားမပြောဘဲ လော့ချန်ကိုသာ စူးစိုက်ကြည့်နေပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ ရုတ်တရက် ဆိုလိုက်သည်။

"ကျွန်မ သွားကြည့်လိုက်ဦးမယ်..."

စကားအဆုံးတွင် ယင်းလီ၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး နက်မှောင်မြူခိုးတောင် ရှိရာဘက်သို့ ပျံသန်းသွားတော့သည်။

အမွှေးတိုင် တစ်ဝက်ကျော်မျှသော အချိန်အတွင်းမှာတင် မြူခိုးတောမှ ထွက်လာနိုင်ခြင်းမှာ ကံကောင်းခြင်း တစ်ခုတည်းနှင့် ရှင်းပြရန် မလုံလောက်ပေ။ ၎င်းအပြင် ယင်းလီသည် နောက်ထပ် ကိစ္စတစ်ခုကိုလည်း သတိရသွားသည်။

လော့ချန်သည် စိမ်းလဲ့တောင်ကြားရှိ ပုံရိပ်ယောင် အစီအရင်ကို တစ်ဦးတည်း ဖောက်ထွက်ပြီး ရောင်စဉ်ငါးသွယ်စမ်းရေတွင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည် မဟုတ်ပါလော။

ထိုစဉ်က သူမသည် လော့ချန်၏ စကားကို ယုံကြည်ခဲ့ပြီး သူ ကံကောင်း၍ ရောက်လာခြင်းဟု ယူဆခဲ့သည်။ သို့သော်လည်း ပထမတစ်ကြိမ်က ထိုသို့ဖြစ်သလို ဒုတိယတစ်ကြိမ်မှာလည်း ထိုသို့ ထပ်မံ ဖြစ်ပျက်နေချေပြီ။ ဤကဲ့သို့သော ကံကောင်းခြင်းမျိုးမှာ အမှန်တကယ်ပင် ထူးခြားလွန်းလှပေသည်။

ယင်းလီသည် လော့ချန်၏ ကိုယ်ပေါ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသနည်း၊ သူက သူမ၏ စံချိန်ကိုပင် အဘယ်ကြောင့် ချိုးနိုင်ခဲ့သနည်း ဆိုသည်ကို ကိုယ်တိုင် သွားရောက် ကြည့်ရှုလိုခြင်း ဖြစ်သည်။

“ဝှစ်...”

ယင်းလီ ထွက်ခွာသွားသည်နှင့် လော့ရှာဂိုဏ်း၏ အဓိကအကြီးအကဲ နောက်တစ်ဦးမှာလည်း လေနှင့်အတူ လိုက်ပါသွားတော့သည်။

ကျန်ရှိသော လူများမှာမူ လိုက်သွားလိုသော်လည်း အစွမ်းမရှိကြပေ။ နက်မှောင်မြူခိုးတောင်၏ ထူးဆန်းလှသော ဖိအားမှာ ဝိညာဉ်အထိ တိုးဝင်နိုင်ခြင်းပင်။

သာမန် မြေကမ္ဘာအဆင့် သန်မာသူများပင်လျှင် ထိုနေရာ၌ ချီစွမ်းအင်ကို အချိန်အကြာကြီး လှုပ်ရှားရန် မဖြစ်နိုင်ပေ။

ကျွန်းပေါ်တွင်မူ...

လော့ချန်သည် မိမိကြောင့် ဤမျှ ဂယက်ထသွားသည်ကို မသိရှိပေ။

မြူခိုးတောမှ ထွက်လာပြီးနောက် သူသည် ကျွန်းအလယ်ရှိ မြင့်မားလှသော အဆိပ်တောင်ဆီသို့ တိုက်ရိုက် ပြေးထွက်သွားလိုက်သည်။

“ရှူး...”

ခေတ္တမျှအကြာတွင် လော့ချန်သည် အဆိပ်တောင်၏ ခြေရင်းသို့ ရောက်ရှိလာခဲ့ပြီး မော့ကြည့်လိုက်သည်။

"ဒါက အဆိပ်တောင် ပေါ့..."

တောင်ထိပ်မှာ မြင့်မားလှပြီး မှောင်မည်းနေသော ကျောက်စိုင်ကျောက်ခဲများဖြင့်သာ ပြည့်နှက်နေကာ မြက်ပင်တစ်ပင်မျှ ပေါက်ရောက်ခြင်း မရှိပေ။ ရောင်စုံတောက်ပနေသော မြူခိုးများမှာ တစ်ခုလုံးသော တောင်ထိပ်ကို ဖုံးလွှမ်းထားသဖြင့် ခြောက်ကပ်ပြီး ဆန်းကြယ်လှကာ တောင်ခြေ၌ ရပ်နေရုံနှင့်ပင် ရင်ထဲ၌ ပြောမပြတတ်သော ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေသည်။

၎င်းမှာ တောင်ထိပ်ကြီး တစ်ခုကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ရှေးဟောင်း သားရဲကြီး တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ရှိနေပြီး ဖိနှိပ်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

ဝိညာဉ်စွမ်းအား သန်မာလှသော လော့ချန်မှာမူ တောင်အတွင်းမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် သားရဲဟိန်းသံများကိုပင် ကြားနေရသည်။

"ကြည့်ရတာတော့ ရှေးဟောင်း ဘုရင်အဆင့် နတ်ဆိုးသားရဲရဲ့ အလောင်းက ဒီတောင်အောက်မှာ မြှုပ်နှံထားတာ အမှန်ပဲ ဖြစ်ရမယ်..."

လော့ချန် စိတ်ထဲမှ တွေးတောရင်း ညာဘက်အရှေ့သို့ ပြေးထွက်သွားလိုက်သည်။

ထိုနေရာတွင် ပေဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ကျောက်လှေကားတစ်ခု ရှိနေပြီး မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားသည်အထိ ဆန့်တန်းထားသည်။ ၎င်းမှာ အဆိပ်တောင်ပေါ်သို့ တက်ရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပေသည်။

လော့ချန် လှေကားခြေရင်းသို့ ရောက်သည့်အခါ အခြားလူ မည်သူမျှ ရှိမနေပေ။

"ထားလိုက်တော့... အရင်တက်ကြည့်ရမှာပဲ..."

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လှေကားပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။

“ဝူး...”

လှေကားပေါ်သို့ ခြေချလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ထိုဖိနှိပ်လှသော အရှိန်အဝါမှာ အဆပေါင်းများစွာ တိုးတက်လာလေသည်။

လော့ချန်သည် သူ၏ ခြေထောက်နှစ်ဖက်စလုံးမှာ ခဲများ ဆွဲထားသကဲ့သို့ လေးလံလှသည်ဟု ခံစားလိုက်ရပြီး အဆုံးမရှိသော လှေကားထစ်များကို ကြည့်လိုက်သည့်အခါ စိတ်ထဲမှ အလိုလို နောက်ဆုတ်ချင်သော အတွေးများ ပေါ်ထွက်လာသည်။

"နောက်ဆုတ်စရာလား..."

စိတ်ထဲမှ အော်ဟစ်လိုက်ပြီးနောက် လော့ချန်သည် ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်လျက် ထိုမကောင်းသော ခံစားချက်များကို အစအနပင် မကျန်အောင် ချေမှုန်းလိုက်ပြီး လှေကားထစ်များအတိုင်း အရှိန်အဟုန်ဖြင့် တက်လှမ်းသွားတော့သည်။

နက်မှောင်မြူခိုးတောင်၏ အထက် ကောင်းကင်ယံရှိ မြူခိုးများကြားတွင် ပုံရိပ်နှစ်ခုမှာ ဝေဝါးစွာ ပေါ်ထွက်နေသည်။

"အဆိပ်တောင်ရဲ့ ဖိနှိပ်မှုကို ဒီလောက် မြန်မြန် ဖယ်ရှားနိုင်တယ်တဲ့လား... တခြားဟာတွေ ထားပါဦး... ဒီကောင်လေးရဲ့ စိတ်ဓာတ် ခိုင်မာမှုကတော့ တခြားလူတွေထက် အများကြီး သာလွန်တာပဲ... တကယ်ကို တွေ့ရခဲတယ်..."

လော့ရှာဂိုဏ်း၏ အဓိကအကြီးအကဲက ချီးကျူးလိုက်သည်။

ယင်းလီသည် လှေကားပေါ်မှ လော့ချန်ကို စိုက်ကြည့်လျက် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်သည်။

"သူက ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ဓားကျင့်ကြံသူ ပါရမီရှင် တစ်ယောက်ပဲလေ... စိတ်ဝိညာဉ်ကလည်း ထက်မြက်နေမှာဆိုတော့ ဒီလောက် ဖိအားလေးကို နှိမ်နင်းဖို့ကတော့ မခက်ပါဘူး"

သူမက ဆက်ပြောသည်။

"ဒါပေမဲ့ အဆိပ်တောင်ရဲ့ တကယ် ကြောက်စရာကောင်းတဲ့ အချက်ကတော့ အဲဒီမှာ ကြာကြာနေလေလေ... စိတ်ထဲက ဖိအားတွေက ပိုပြီးတော့ ကြီးမားလာလေလေ ဖြစ်တာပဲ... ပြင်းထန်လှတဲ့ ဖိအားတွေကြောင့် လူကို တကယ့်ကို စစ်မှန်တဲ့ ပုံရိပ်ယောင်တွေအထိ မြင်တွေ့စေနိုင်တာဆိုတော့... ဓားဆန္ဒအစပျိုး အဆင့်လောက်နဲ့တင် လုံးဝ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"

"တကယ်လို့ သူက စိတ်ထဲက ကြောက်ရွံ့မှုတွေကို မကျော်လွှားနိုင်ခဲ့ရင်တော့... ရှေ့ဆက်ဖို့က အရမ်း ခက်ခဲသွားလိမ့်မယ်"

ယင်းလီ ပြောသည့်အတိုင်းပင် လော့ချန် လှေကားပေါ်သို့ အဆက်မပြတ် တက်လှမ်းနေစဉ်မှာပင် အဆိပ်တောင်မှ ဖိနှိပ်မှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။

ထိုခံစားချက်မှာ အစပိုင်းတွင် အနည်းငယ်မျှသာ ရှိသော်လည်း တောင်ခါးပန်းကို ကျော်ဖြတ်ပြီးနောက်တွင်မူ ပို၍ပင် ပြင်းထန်လာခဲ့လေသည်။

လော့ချန် လှေကား၏ သုံးပုံနှစ်ပုံခန့်သို့ ရောက်ရှိချိန်တွင်မူ ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒနှင့်ပင် ထိုဖိအားကို အပြည့်အဝ မနှိမ်နင်းနိုင်တော့ပေ။

လော့ချန်သည် သူ၏ ခန္ဓာကိုယ်မှာ ပိုမို လေးလံလာသည်ဟု ခံစားရပြီး အရှိန်မှာလည်း တဖြည်းဖြည်း နှေးကွေးသွားကာ စိတ်ထဲတွင်လည်း တည်ငြိမ်မှု မရှိတော့ပေ။ ရှေ့ခရီးမှာ ရှည်လျားလှသလို လှေကားထစ်များမှာလည်း ကောင်းကင်ယံအထိ ဆန့်တန်းထားသဖြင့် အဆုံးမရှိတော့သည့်အလား ရှိနေသည်။

အချိန်ကြာလာသည်နှင့်အမျှ လော့ချန်သည် တဖြည်းဖြည်း စိုးရိမ်လာပြီး စိတ်တိုလာခဲ့သည်။ အကယ်၍ ပန်းတိုင်တစ်ခု ရှိနေမည်ဆိုပါက တစ်မျိုးဖြစ်သော်လည်း ယခုမူ အဆုံးမရှိသော လှေကားထစ်များမှာ ဘယ်သောအခါမှ ဆုံးတော့မည် မဟုတ်သကဲ့သို့ ရှိနေသည်မဟုတ်ပါလော။

ထိုကဲ့သို့သော ပစ်မှတ်မဲ့မှုနှင့် ငြီးငွေ့စရာ ကောင်းလှသော ထပ်တလဲလဲ ဖြစ်နေမှုများက သူ၏ စိတ်ထဲ၌ အဆက်မပြတ် စုစည်းလာပြီး နောက်ဆုံးတွင် သူ့အား ဝါးမြိုသွားတော့မည့်အလား ရှိနေကာ စိတ်ထဲမှ အသံတစ်ခုကလည်း အော်ဟစ်နေတော့သည်။

"ထားလိုက်ပါတော့..."

"အရှုံးပေးလိုက်ပါ..."

"ဘာပဲဖြစ်ဖြစ် အောင်မြင်မှာ မဟုတ်ဘူး..."

"ဒီနေရာမှာတင် အရှုံးပေးလိုက်တာ ပိုကောင်းပါတယ်..."

"မဖြစ်ဘူး..."

လော့ချန်သည် ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး များပြားလှသော မကောင်းသည့် ခံစားချက်များကြားမှ ရုန်းထွက်လိုက်သည်။

"ဓားလမ်းစဉ်မှာ ဘယ်အညစ်အကြေးမှ မရှိစေရဘူး... ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါ မယုံကြည်တော့ဘူးဆိုရင်... ဘာ ဓားလမ်းစဉ်ကို ကျင့်ကြံနေဦးမှာလဲ... ကျိမိသားစု ဆီကိုကော ဘာလို့ သွားနေဦးမှာလဲ..."

လော့ချန်သည် ရှည်လျားလှသော လှေကားထစ်များကို စိုက်ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ ထက်မြက်လှပေသည်။

"ခက်ခဲမှုတွေ... ကျရှုံးမှုတွေနဲ့ စစ်ဆေးမှုတွေ အားလုံးက ငါ့ရဲ့ ဓားကို သွေးမဲ့ ကျောက်သားတွေပဲ... ငါ့ရဲ့ ထက်မြက်မှုကို ပိုပြီးတော့ တောက်ပလာအောင် လုပ်ပေးမယ့်အရာတွေပဲ... ငါ့ရဲ့ နှလုံးသားက ဓားတစ်လက်လိုပဲ... ငါ့ရဲ့ ဆန္ဒကလည်း ဓားတစ်လက်လိုပဲ... ဘယ်သောအခါမှ မကျိုးမကွဲဘဲ ရှေ့ကိုပဲ တည့်တည့်သွားမယ်... ဘုရင်လာရင် ဘုရင်ကိုသတ်မယ်၊ နတ်ဘုရားလာရင် နတ်ဘုရားကို သတ်မယ်... ဒါဟာ ငါ့ရဲ့ စိတ်ဓာတ်ပဲ... ငါ့ရဲ့ ဓားလမ်းစဉ်ပဲ..."

“ဘုန်း...”

လော့ချန်၏ စိတ်ထဲ၌ ဝေဝါးလှသော အကာအကွယ်တစ်ခုမှာ ကျိုးပျက်သွားသကဲ့သို့ ရှိနေပြီး သူ၏ စိတ်ဝိညာဉ်မှာလည်း သန့်စင်သွားကာ အသွင်ကူးပြောင်းမှုတစ်ခုကို ပြီးမြောက်စေခဲ့ချေပြီ။ သူ၏ လမ်းကြောင်းနှင့် သူ၏ ဓားလမ်းစဉ်အပေါ်တွင် ယခင်ကထက် ပိုမို ရှင်းလင်းစွာ မြင်တွေ့လာခဲ့ရသည်။

နောက်တစ်ခဏတွင်...

“ဝူး...”

ပြင်းထန်လှသော ထက်မြက်သည့် အရှိန်အဝါတစ်ခုမှာ လော့ချန်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ဝေဝါးလှသော ဓားစွမ်းအင်များအဖြစ် ပြန့်ကျဲသွားကာ ထိတ်လန့်ဖွယ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသဖြင့် အဆိပ်တောင်မှ ကြောက်စရာကောင်းသော အရှိန်အဝါများကိုပင် ချေမှုန်းပစ်လိုက်တော့သည်။

ဓားဆန္ဒနှင့် ဓားသမား၏ စိတ်အခြေအနေမှာ နီးကပ်စွာ ဆက်နွှယ်နေသည်ဖြစ်ရာ စိတ်ဝိညာဉ် အသွင်ကူးပြောင်းသွားသည့် ခဏမှာပင် လော့ချန်၏ ဓားဆန္ဒမှာလည်း တစ်ရှိန်ထိုး မြင့်တက်သွားခဲ့သည်။

၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ချေပြီ။

အခန်း ၅၆၁ ပြီးပါပြီ။

All Chapters