← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း ၅၆၂ - ဓားဘုရင်၏ ဂုဏ်သိက္ခာကို စော်ကား၍မရ... ပထမနေရာ

“ဒါက...”

“ဓားဆန္ဒအစပျိုးနယ်ပယ်ရဲ့ အထက်အဆင့်ပဲ...”

၈၀ ရာနှုန်းသော ဓားဆန္ဒသို့ တက်လှမ်းသွားသည့် ထက်မြက်မှုမှာ ပြင်းထန်လွန်းလှသဖြင့် ကောင်းကင်ယံရှိ မြူခိုးများကိုပင် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့ရာ ယင်းလီနှင့် အခြားသော လော့ရှာဂိုဏ်း အဓိကအကြီးအကဲတို့မှာ ချက်ချင်း သတိပြုမိသွားကြသည်။

ထိုအဓိကအကြီးအကဲမှာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ငေးမောကာ ရေရွတ်လိုက်သည်။

“သူ့ရဲ့ ဓားဆန္ဒက တိုက်ပွဲကြားထဲမှာတင် အဆင့်တက်သွားတာလား...”

နက်မှောင်မြူခိုးတောင် စစ်ဆေးမှုမှာ ကျင့်ကြံသူ၏ စိတ်ဓာတ်နှင့် ဇွဲလုံ့လကို လေ့ကျင့်ပေးနိုင်သည်မှာ မှန်သော်လည်း အာနိသင်မှာမူ အကန့်အသတ် ရှိပေသည်။

မဟုတ်လျှင် လော့ရှာဂိုဏ်းက တပည့်အားလုံးကို အဆိပ်တောင်ပေါ်သို့ အမြဲတမ်း တက်ခိုင်းနေမည်မှာ သေချာလှသည်။

လော့ချန်မှာမူ တိုက်ပွဲကြားထဲတွင် အဆင့်တက်ရုံတင်မကဘဲ ဓားဆန္ဒကိုပါ တိုက်ရိုက် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်၏။ ၇၀ ရာနှုန်းမှ ၈၀ ရာနှုန်းသို့ တိုက်ရိုက် တက်လှမ်းသွားခြင်းပင်။

၎င်းမှာ ဓားသမားများစွာအတွက် နှစ်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှသာ ရရှိနိုင်မည့် အောင်မြင်မှုမျိုး မဟုတ်ပါလော။

ယင်းလီသည် စကားမပြောဘဲ လော့ချန်ကိုသာ စိုက်ကြည့်နေပြီး လော့ချန်၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်အားလုံးကို ဖောက်ထွင်းမြင်တွေ့ချင်နေသည့်အလား ရှိနေသည်။

လော့ချန်၏ ဓားဆန္ဒ အဆင့်တက်သွားခြင်းထက် သူမ ပို၍ အာရုံစိုက်မိသည်မှာ အခြားသော ကိစ္စတစ်ခု ဖြစ်ပေသည်။ ယခုတင်က ဝေဝါးစွာဖြင့် သူမသည် လော့ချန်၏ ကိုယ်ပေါ်မှ ပိုမို နက်ရှိုင်းလှသော စွမ်းအားတစ်ခုကို အာရုံခံမိလိုက်ခြင်းပင် ဖြစ်သည်။

ထိုစွမ်းအားမှာ အဆိပ်တောင်မှ ထွက်ပေါ်နေသော အရှိန်အဝါများနှင့်ပင် ရင်ပေါင်တန်းနိုင်ပုံရသည်။

နှမြောစရာကောင်းသည်မှာ အကွာအဝေး ဝေးကွာနေသလို နက်မှောင်မြူခိုးတောင်၏ သက်ရောက်မှုကြောင့် ထိုအရာမှာ ဘာဖြစ်ကြောင်း သူမ အသေအချာ မပြောနိုင်ဘဲ မိမိ၏ အာရုံမှားခြင်းလားဟုပင် သံသယဝင်မိနေတော့သည်။

လှေကားထစ်များပေါ်တွင်မူ...

“၈၀ ရာနှုန်းသော ဓားဆန္ဒ... တကယ်ပဲ ဖိအားရှိမှ ပိုပြီးတော့ မြန်မြန် အဆင့်တက်နိုင်တာပဲ...”

လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဓားဆန္ဒအစပျိုးနယ်ပယ်၏ အထက်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တက်ရန်မှာ တစ်နေ့တစ်ရက်တည်းနှင့် မဖြစ်နိုင်ပေ။

၇၀ ရာခိုင်နှုန်း ပြည့်စုံမှုအဆင့်သို့ ရောက်နေလျှင်ပင် နောက်ဆုံးခြေလှမ်းကို လှမ်းရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။ လော့ချန်သည် အဆိပ်တောင်မှ ဖိအားများက သူ့အား ဤကဲ့သို့သော အဓိကခြေလှမ်းကို လှမ်းနိုင်စေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ထို့ပြင် ယခုအချိန်တွင် လော့ချန်သည် သူ၏ စိတ်ရောကိုယ်ပါ ယခင်ကထက် ပိုမို ပေါ့ပါးလန်းဆန်းနေသည်ဟု ခံစားနေရသည်။ စိတ်ဝိညာဉ်မှာ သန့်စင်သွားပြီး အသွင်ကူးပြောင်းမှု ပြီးမြောက်သွားခဲ့သဖြင့် သူ၏ စိတ်ဓာတ်မှာ ပိုမို သန့်စင်လာကာ မည်သည့်အရာကမျှ မလှုပ်ခတ်နိုင်အောင် ခိုင်မာသွားခဲ့၏။

၎င်းမှာ ဓားသမားတစ်ဦးအတွက် အလွန်ပင် အရေးကြီးလှသော အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။

ဓားစွမ်းရည်ကို မကျင့်ကြံမီ စိတ်စွမ်းရည်ကို အရင်ကျင့်ကြံရမည်ဖြစ်ရာ စိတ်အခြေအနေ မြင့်မားလာပါက ကျန်ရှိသောအရာများမှာ အလိုလို ဖြစ်ပေါ်လာမည် ဖြစ်သည်။ စိတ်အခြေအနေ မပြည့်စုံဘဲ အခြေခံ မခိုင်မာပါက ကျင့်ကြံဆင့် မည်မျှ မြင့်ပါစေ ဓားလမ်းစဉ်၌ တိုးတက်ရန်မှာမူ အလွန် ခက်ခဲပေလိမ့်မည်။ နောင်တစ်ချိန်တွင် သူ၏ ဓားလမ်းစဉ် ကျင့်ကြံမှုမှာ ယခင်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လာမှာ သေချာလှပေသည်။

စစ်မှန်သော ဓားဆန္ဒကို နားလည်နိုင်ရန်မှာလည်း မဝေးတော့ပြီ ဖြစ်သည်။

“ဟင်... ချီစွမ်းအင်တွေကို ပြန်ပြီး လှုပ်ရှားလို့ ရပြီပဲ...”

ရုတ်တရက် လော့ချန်သည် သူ၏ ကိုယ်တွင်း၌ ငြိမ်သက်နေသော ချီစွမ်းအင်အိမ်တော် ကိုးခုမှာ ပြန်လည် နိုးထလာသည်ကို ခံစားလိုက်ရပြီး သွေးကြော ငါးဆယ့်ခြောက်ချောင်းအတွင်းရှိ ချီစွမ်းအင်များမှာလည်း တဖြည်းဖြည်း လှည့်ပတ်လာခဲ့သည်။

“ဒါ ဘယ်လို ဖြစ်တာလဲ...”

လော့ချန် စိတ်ထဲမှ အံ့သြသွားပြီး အာရုံစိုက်ကြည့်လိုက်သည့်အခါ အကြောင်းရင်းကို ချက်ချင်း သိရှိလိုက်ရသည်။

၎င်းမှာ သူ၏ အာရုံခံစားမှုနယ်ပယ်အတွင်းရှိ ဓားဘုရင်၏ ဆန္ဒများကြောင့်ပင် ဖြစ်ပေသည်။

သူသည် ဓားဘုရင်၏ ဆန္ဒများကို အသုံးပြုကာ ဓားဆန္ဒကို ထက်မြက်အောင် ပြုလုပ်နေခြင်းဖြစ်ရာ ယခုတင်က စိတ်ဝိညာဉ် အသွင်ကူးပြောင်းပြီး ဓားဆန္ဒ အဆင့်တက်သွားသည့်အချိန်၌ ဓားဘုရင်၏ ဆန္ဒအချို့မှာ နှိုးဆွခြင်း ခံလိုက်ရခြင်းပင်။

ဓားဘုရင်၏ ဆန္ဒဆိုသည်မှာ မြင့်မြတ်လှသော ဓားလမ်းစဉ်၏ ဘုရင်တစ်ဦးကို ကိုယ်စားပြုသည်ဖြစ်ရာ နတ်ဆိုးသားရဲ တစ်ကောင်၏ အရှိန်အဝါဖြင့် ဖိနှိပ်ခံရခြင်းကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

ရှေးဟောင်း ဘုရင်အဆင့် နတ်ဆိုးသားရဲပင် ဖြစ်ပါစေ ဓားဘုရင်တစ်ဦးကို ခေါင်းငုံ့ခိုင်းရန်မှာမူ မဖြစ်နိုင်ပေ။

ဓားဘုရင်၏ ဆန္ဒများသည် အလိုအလျောက်ပင် ပြန်လည် တုံ့ပြန်လိုက်ရာ ကျယ်ပြောလှသော ဓားဆန္ဒများမှာ လော့ချန်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ ထိုးထွက်လျက် ထိုထိတ်လန့်ဖွယ် အရှိန်အဝါများကို ပြန်လည် တိုက်ခိုက် ချေမှုန်းပစ်လိုက်တော့သည်။

"ကျည်..."

"ကျည်..."

"ကျည်..."

"ကျည်..."

အဆိပ်တောင်အတွင်းမှ ထွက်ပေါ်နေသော ထိုရှေးဟောင်း သားရဲကြီး၏ မကျေနပ်သော ဟိန်းဟောက်သံများကို လော့ချန် အတိုင်းသား ကြားနေရသည်။

သို့သော်လည်း ဓားဘုရင်တစ်ဦး၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ရှေ့တွင်မူ ထိုအရာများမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ခဏချင်းမှာပင် လော့ချန်၏ ကိုယ်ပေါ်ရှိ ဖိနှိပ်မှုများမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

“တကယ်ကို အစွမ်းထက်တာပဲ... ငါသာ ဒီနည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်မယ်ဆိုရင်... နောင်တစ်ချိန်မှာ မြင့်မြတ်လှတဲ့ ဓားဘုရင်တစ်ဦးနဲ့ ရင်ဆိုင်ရရင်တောင်မှ တစ်ဖက်လူက ငါ့ကို အလွယ်တကူ ဖိနှိပ်နိုင်မှာ မဟုတ်တော့ဘူး...”

လော့ချန်သည် စိတ်လှုပ်ရှားသွားပြီး သူ၏ အကြည့်မှာလည်း ဝင်းလက်နေတော့သည်။

သူသည် ထိုနေ့က ကျိမိသားစုမှ လျှို့ဝှက်ဆန်းကြယ်သော အရှင်သခင်နှင့် ရင်ဆိုင်ခဲ့ရစဉ်က မြင်ကွင်းကို သတိရလိုက်၏။

တစ်ဖက်လူက အကြည့်တစ်ချက်ဖြင့်ပင် သူ့အား မြဲမြံစွာ ဖိနှိပ်ထားနိုင်ခဲ့ရာ လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားရန် ခက်ခဲခဲ့သည်မဟုတ်ပါလော။

ထိုကဲ့သို့သော အားငယ်မှုမျိုးကို သူ ဒုတိယအကြိမ် ထပ်မံ မကြုံတွေ့လိုတော့ပေ။

“ဟူး...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလျက် လှေကားထစ်များကို မော့ကြည့်လိုက်သည်။

“အရင်ဆုံး စစ်ဆေးမှုကို အဆုံးသတ်ရမှာပဲ...”

"ဝှစ်..."

ပုံရိပ်တစ်ခု လှုပ်ရှားသွားပြီး လော့ချန်သည် တောင်ပေါ်သို့ ပြေးတက်သွားတော့သည်။

လူအများကို အလွန်အမင်း အံ့သြအောင် မလုပ်လိုသဖြင့် သူသည် ချီစွမ်းအင်များကို အသုံးမပြုဘဲ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုကို ပြန်လည် သိမ်းဆည်းလိုက်ကာ ခန္ဓာကိုယ် ခွန်အားဖြင့်သာ တက်လှမ်းနေခြင်း ဖြစ်သည်။

သို့သော်လည်း အဆိပ်တောင်၏ ဖိနှိပ်မှု မရှိတော့သဖြင့် လော့ချန်၏ အရှိန်မှာ အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်နေဆဲဖြစ်ပြီး ခြေတစ်လှမ်းလျှင် လှေကားသုံးထစ်ခန့် ကျော်ဖြတ်လျက် တောင်ထိပ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်နေတော့၏။

ဤမြင်ကွင်းမှာ ယင်းလီနှင့် အဓိကအကြီးအကဲတို့ကို အလွန်ပင် ထိတ်လန့်သွားစေခဲ့သည်။

အဆိပ်တောင် စစ်ဆေးမှုတွင် တောင်ထိပ်နှင့် နီးကပ်လေလေ ဖိအားမှာ ပိုမို ကြီးမားလာမည်ဖြစ်ရာ အရှိန်မှာလည်း ပို၍ နှေးကွေးသွားရမည် မဟုတ်ပါလော။ သို့သော်လည်း လော့ချန်၏ အရှိန်မှာမူ တောင်ခြေ၌ ရှိစဉ်ကထက်ပင် ပိုမို မြန်ဆန်နေသေးသည်။

ဓားဆန္ဒ အဆင့်တက်သွားလျှင်ပင် ဤမျှလောက်သော ပြောင်းလဲမှုမျိုး မရှိသင့်ပေ။ ၎င်းမှာ သဘာဝတရားနှင့် လုံးဝ ဆန့်ကျင်နေသကဲ့သို့ ရှိနေတော့သည်။

“ဒီကောင်လေးက ဒီအတိုင်းပဲ တောင်ထိပ်ကို တစ်ရှိန်ထိုး တက်သွားတော့မလို့လား... အဆိပ်တောင်မှာ တစ်ခုခု ပြဿနာ ဖြစ်နေတာများလား...”

လော့ရှာဂိုဏ်း၏ အဓိကအကြီးအကဲ လင်လန်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီး အဆိပ်တောင်၌ တစ်စုံတစ်ရာ ပြောင်းလဲသွားသလားဟုပင် သံသယဝင်မိနေတော့သည်။

ယင်းလီက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“အဆိပ်တောင်မှာ ဘာပြဿနာမှ မရှိပါဘူး... ကျွန်မတို့နှစ်ယောက်စလုံးရဲ့ ချီစွမ်းအင်တွေနဲ့ ဝိညာဉ်စွမ်းအားတွေက ဖိနှိပ်ခံထားရတုန်းပဲ မဟုတ်လား...”

“ဒါဆိုရင် သူ့ရဲ့အရှိန်က ဘာလို့ ဒီလောက်အထိ မြန်နေရတာလဲ... ဒီအတိုင်းဆိုရင် သူ ခဏနေရင် တောင်ထိပ်ကို ရောက်ပြီးတော့ စစ်ဆေးမှုကို အောင်မြင်တော့မှာပဲ... စစ်ဆေးမှု စကတည်းက အခုထိ အမွှေးတိုင် တစ်တိုင်ခွဲတောင် မပြည့်သေးဘူးလေ...”

အကြီးအကဲ လင်လန်သည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အလွန်ပင် ဆန်းကြယ်လွန်းသည်ဟု ခံစားနေရပြီး ရေရွတ်လိုက်သည်။

“သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲလေ... သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ပါရမီ အလားအလာက မင်းထက်တောင် အဆပေါင်းများစွာ သာလွန်နေတာမျိုးတော့ မဖြစ်နိုင်ပါဘူး... ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...”

ယင်းလီကဲ့သို့ သန်မာသူပင်လျှင် ထိုစဉ်က နက်မှောင်မြူခိုးတောင်ကို တက်ရန် အမွှေးတိုင် လေးတိုင် ပြည့်အောင် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

၎င်းမှာ လော့ရှာဂိုဏ်း၏ နှစ်ပေါင်း တစ်ရာအတွင်း အကောင်းဆုံး စံချိန်လည်း ဖြစ်ပေသည်။

အမွှေးတိုင် တစ်တိုင်ခွဲမျှသော အချိန်အတွင်းမှာတင် စစ်ဆေးမှုကို အောင်မြင်မည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။

ယင်းလီသည် လှေကားထစ်များပေါ်မှ လော့ချန်၏ မြန်ဆန်လှသော ပုံရိပ်ကို စိုက်ကြည့်နေပြီး သူမ၏ လှပသော မျက်ခုံးလေးများမှာလည်း အနည်းငယ် ကြုတ်နေကာ ရုတ်တရက် ဆိုလိုက်သည်။

“အကြီးအကဲ လင်လန်... စစ်ဆေးမှု ပြီးသွားရင် ကျွန်မလည်း ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် ထဲကို ဝင်ပါ့မယ်...”

အကြီးအကဲ လင်လန် ခေတ္တမျှ မှင်တက်မိသွားရသည်။

“မင်းရဲ့ အခု ကျင့်ကြံဆင့်နဲ့ဆိုရင် ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ထဲ ဝင်တာက သိပ်ပြီးတော့ ထူးခြားမှာ မဟုတ်ဘူးလေ... ဒါဆိုရင်...”

အကြီးအကဲ လင်လန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် အောက်ဘက်ရှိ လော့ချန်ကို လှမ်းကြည့်လိုက်သည်။

ယင်းလီသည် ဘာမှ ထပ်မပြောတော့ဘဲ အကြည့်ကို ပြန်လည်သိမ်းဆည်းလျက် လှပကျော့ရှင်းသော ကိုယ်ဟန်ဖြင့် အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

အကြီးအကဲ လင်လန်ကတော့ ခါးသီးစွာ ပြုံးလိုက်မိသည်။ ယင်းလီသည် အပြင်ပန်း၌ အရာအားလုံးကို အေးဆေးစွာ သဘောထားတတ်ပုံရသော်လည်း အမှန်တကယ် စိတ်ဝင်စားသော ကိစ္စနှင့် တွေ့သည့်အခါတွင်မူ အခြားလူများထက် ပိုမို ပြင်းထန်တတ်သည်မဟုတ်ပါလော။ လော့ချန်က သူမ၏ စံချိန်ကို ချိုးဖျက်လိုက်သည့် ကိစ္စအပေါ်တွင် သူမ၏ စိတ်ထဲ၌ အပြင်ပန်း မြင်နေရသလောက် အေးချမ်းနေမည် မဟုတ်သည်မှာ သေချာလှပေသည်။

အောက်ဘက်ရှိ လော့ချန်ကို ကြည့်ကာ အကြီးအကဲ လင်လန်က သက်ပြင်းချလျက် ရေရွတ်လိုက်သည်။

“တကယ်လို့ သူသာ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို မနိုးကြားခဲ့ဘူးဆိုရင်... တကယ့်ကို ထူးခြားလှတဲ့ နဂါးတစ်ကောင် ဖြစ်နေမှာပဲ...”

"ရှူး..."

ထိုစဉ်မှာပင် လော့ချန်သည် နောက်ဆုံး လှေကားထစ်အချို့ကို ဖြတ်ကျော်လျက် တောင်ထိပ်သို့ ရောက်ရှိလာခဲ့လေသည်။

တောင်ထိပ်ပေါ်တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော စင်မြင့်တစ်ခု ရှိနေပြီး ပတ်ဝန်းကျင်တွင် ကျောက်စိမ်းတိုင်များစွာ စိုက်ထူထားသည်။

ထိုကျောက်စိမ်းတိုင်များပေါ်တွင် မြစ်ချောင်းအင်းအိုင်များ၊ တောင်တန်းများနှင့် ကျေးငှက်သာရကာများအပြင် တိရစ္ဆာန်ပုံများကိုပါ ထွင်းထုထားပြီး ရောင်စဉ်တန်း အလင်းတန်းများစွာမှာလည်း တောက်ပနေတော့သည်။

ရောင်စဉ်တန်းများမှာ ချည်မျှင်များအလား တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေပြီး အပေါ်တွင် ကျောက်စိမ်းပြားများစွာကို ချိတ်ဆွဲထားကာ ကျောက်စိမ်းပြား တစ်ခုချင်းစီပေါ်တွင် ပါဝင်ယှဉ်ပြိုင်သူများ၏ အမည်များကို ရေးထိုးထားသည်။

ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့်အခါ လော့ချန်သည် မိမိအမည် ရေးထိုးထားသော ကျောက်စိမ်းပြားကို ချက်ချင်း ရှာတွေ့သွားသဖြင့် လက်လှမ်း၍ ဆွဲယူလိုက်သည်။

"ဝူး..."

ကျောက်စိမ်းပြားကို လက်ထဲသို့ ရောက်ရှိသည့် ခဏမှာပင် ထိုအပြားလေးမှာ အသာအယာ တုန်ခါသွားပြီး အလင်းတန်းများ ဝင်းလက်သွားကာ အနောက်ဘက်တွင် တောက်ပလှသော ‘တစ်’ ဆိုသည့် ဂဏန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ပထမနေရာ...”

အခန်း ၅၆၂ ပြီးပါပြီ။

အခန်း ၅၆၃ - လော့ချန်... မင်း လမ်းမှားနေပြီ

မြူခိုးတောထဲတွင် အချိန်အနည်းငယ် ကြန့်ကြာခဲ့သဖြင့် ထိပ်သီးသုံးယောက်စာရင်းဝင်လျှင်ပင် တော်တော်လေး အဆင်ပြေပြီဟု လော့ချန် ထင်ထားခဲ့သော်လည်း ယခုမူ ပထမနေရာကိုပင် ရရှိလာခဲ့သည်မှာ သူ့အနေဖြင့် မည်သို့မျှ ထင်မှတ်မထားသည့် ရလဒ်တစ်ခုဖြစ်သည်။

ဝိညာဉ်စွမ်းအားဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည့်အခါ လော့ချန်သည် များပြားလှသော ကျောက်စိမ်းပြားများကြားတွင် ယူလန်ရှင်း၊ ချီယွဲ့ နှင့် အခြားသော လော့ရှာဂိုဏ်း၏ မျိုးဆက်တပည့်များ၏ အမည်များကို ရှာတွေ့လိုက်သည်။

စိတ်အေးသွားပြီးနောက် လော့ချန်သည် လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ကာ ပြုံးလျက် ရေရွတ်လိုက်သည်။

“ဟင်းဟင်း... အခု ငါ့ကို ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ထဲ ဝင်ဖို့ အရည်အချင်းမရှိဘူးလို့ ဘယ်သူများ ပြောဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့...”

ထိုစဉ် ဝေဝါးလှသော အသံတစ်ခု လော့ချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

“လော့ချန်... မင်း အခု လာခဲ့တဲ့ လမ်းအတိုင်း ပြန်ဆင်းသွားလို့ ရပြီ... စစ်ဆေးမှု ပြီးဆုံးလို့ ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်း ထွက်လာပြီဆိုမှ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို သွားလို့ ရလိမ့်မယ်...”

ထိုအသံကို ကြားလိုက်ရသည့်အခါ လော့ချန် စိတ်ထဲမှ ထိတ်လန့်သွားရသည်။

အဆိပ်တောင် အနီးအနားတွင် ချီစွမ်းအင်ကို အသုံးပြုကာ အသံလွှင့်နိုင်သည်ဆိုပါက... ၎င်းမှာ မိုးမြေအရှိန်အဝါကို လှုပ်ရှားနိုင်သော မြေကမ္ဘာအဆင့် သန်မာသူတစ်ဦး ဖြစ်မှာ သေချာလှပေသည်။

ကံကောင်းသည်မှာ ယခုအချိန်ထိ သူသည် ချီစွမ်းအင်များကို မလှုပ်ရှားခဲ့ခြင်းပင်။

“ဟုတ်ကဲ့ပါ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...”

သူသည် ကောင်းကင်ယံသို့ လေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် ကျောက်စိမ်းပြားကို သိမ်းဆည်းလျက် လှေကားထစ်များအတိုင်း တောင်အောက်သို့ အရှိန်အဟုန်ဖြင့် ပြန်လည် ဆင်းလာခဲ့တော့သည်။

ကျောက်စင်မြင့်ပေါ်တွင်မူ...

လူပေါင်း ထောင်ချီမှာ ထူးဆန်းစွာ တိတ်ဆိတ်နေကြသည်။ လော့ရှာဂိုဏ်း တပည့်များရော၊ အကြီးအကဲများပါ ရေပြင်ကြေးမုံအတွင်းမှ မြင်ကွင်းကို ကြည့်ကာ မှင်တက်မိနေကြရသည်။

ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

အားလုံးက အထင်မကြီးခြင်း ခံခဲ့ရသော လော့ချန်၏ လက်ထဲသို့ ပထမနေရာ ရောက်ရှိသွားရုံတင်မကဘဲ... အချိန်မှာလည်း အမွှေးတိုင် တစ်တိုင်ခွဲမျှသာ ရှိသဖြင့် ယင်းလီ တင်ခဲ့သော စံချိန်ကိုပင် ကျော်ဖြတ်သွားခဲ့ချေပြီ။

၎င်းမှာ အနည်းငယ် ကျော်ဖြတ်ခြင်း မဟုတ်ဘဲ အဆပေါင်းများစွာ ပိုမို မြန်ဆန်နေခြင်း ဖြစ်ပေသည်။

ဤရလဒ်က လူတိုင်းအား ပေးလိုက်သော ရိုက်ခတ်မှုမှာ ကောင်းကင်နှင့် မြေကြီး မှောက်ခုံ ဖြစ်သွားသကဲ့သို့ ပြင်းထန်လှသည်။

“အမွှေးတိုင် တစ်တိုင်ခွဲအတွင်းမှာတင် နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို အောင်မြင်သွားတာလား... ဒါ အိပ်မက် မဟုတ်ဘူးမလား...”

“ငါဆိုရင် အိပ်မက်တောင် မမက်ရဲဘူး... ဒီစံချိန်ကတော့ နောင်ကျရင်လည်း ဘယ်သူမှ ချိုးနိုင်တော့မှာ မဟုတ်ဘူး...”

“ဒီ လော့ချန် က ဘယ်လိုဖြစ်တာလဲ... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုပြီးတော့ ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲမှာလည်း နံပါတ်တစ် ရခဲ့တယ်... အခုကျတော့ စီနီယာအစ်မ ယင်းလီ ရဲ့ စံချိန်ကိုတောင် ချိုးပစ်လိုက်ပြန်ပြီ...”

“စစ်ဆေးမှုမှာ တစ်ခုခု မှားနေတာများလား...”

လော့ရှာဂိုဏ်း တပည့်များစွာမှာ အံ့သြသူများ ရှိသလို၊ ချီးကျူးသူများနှင့် အားကျသူများလည်း ရှိနေကြသည်။ သို့သော်လည်း အများစုမှာမူ ပြင်းထန်လှသော သံသယနှင့် မယုံကြည်နိုင်မှုများသာ ဖြစ်နေကြတော့သည်။

အချို့က နက်မှောင်မြူခိုးတောင်တွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်နေသလားဟုပင် ခန့်မှန်းနေကြသည်။

လော့ရှာဂိုဏ်း၏ အကြီးအကဲများမှာမူ တိတ်ဆိတ်နေကြသည်။ သူတို့ကမူ ထိုသို့ မယူဆပေ။

ယင်းလီနှင့် အဓိကအကြီးအကဲ လင်လန် တို့မှာ ထိုနေရာ၌ ရှိနေကြသည်ဖြစ်ရာ အကယ်၍ နက်မှောင်မြူခိုးတောင်၌ အမှန်တကယ် ပြဿနာ ရှိနေမည်ဆိုပါက ထိုနှစ်ဦးမှာ ချက်ချင်း ဝင်ရောက် ဖြေရှင်းကြမှာ သေချာလှသည်။

ထိုနှစ်ဦးက ဘာမှ မလုပ်ဆောင်သည်မှာ ဤရလဒ်မှာ မှန်ကန်ကြောင်း သက်သေပြနေခြင်းပင်။

၎င်းမှာ အကြီးအကဲများအားလုံးကို စိတ်လွင့်သွားစေခဲ့သည်။

အထူးသဖြင့် လော့ချန်မှာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်သို့ ဝင်ရန် အရည်အချင်း မရှိဟု ယူဆထားကြသူများမှာမူ မျက်နှာများ တင်းမာနေကြတော့သည်။

ဤရလဒ်မှာ သူတို့၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသည်မဟုတ်ပါလော။

ရွှမ်ယွမ်ဂိုဏ်း၏ သာမန် အဓိကတပည့်တစ်ဦးက သူတို့ လော့ရှာဂိုဏ်း၏ ထူးချွန်လှသော ပါရမီရှင်အားလုံးကို ကျော်ဖြတ်သွားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သူတို့အတွက် အနည်းငယ် စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသော အချက်မှာမူ လော့ချန်သည် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်သဖြင့် ခေတ္တမျှသာ တောက်ပနိုင်မည်ဖြစ်ပြီး အနာဂတ်မှာမူ စိုးရိမ်စရာ ကောင်းလှသဖြင့် စစ်မှန်သော ပါရမီရှင်တစ်ဦးဟု မခေါ်နိုင်ခြင်းပင်။

“ရှူး...”

တောင်ပေါ်သို့ တက်ရသည်ထက် ပြန်ဆင်းရသည်မှာ များစွာ ပိုမို သက်သောင့်သက်သာ ရှိလှပေသည်။ လော့ချန်သည် လျှပ်စီးအလား မြန်ဆန်လှသော အရှိန်ဖြင့် ခဏချင်းမှာပင် တောင်ခြေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ဘာလို့ လူတစ်ယောက်မှ မရှိတာလဲ...”

လော့ချန် အနည်းငယ် သံသယဝင်သွားရသည်။

ပြန်ဆင်းလာသည့် လမ်းတစ်လျှောက်တွင် လော့ရှာဂိုဏ်း တပည့် တစ်ဦးကိုမျှ မတွေ့ခဲ့ရသည်မှာ ထူးဆန်းလှသည်မဟုတ်ပါလော။

“လော့ရှာဂိုဏ်း တပည့်တွေ အများကြီး ရှိတာကို... အခုထိ အဆိပ်တောင်ခြေကို တစ်ယောက်မှ မရောက်ကြသေးတာလား...”

ဤရလဒ်ကြောင့် လော့ချန်ပင် မိမိကိုယ်မိမိ ယုံကြည်မှု အနည်းငယ် လျော့နည်းသွားရသည်။ အကယ်၍သာ ပထမနေရာကို ကိုယ်စားပြုသည့် ကျောက်စိမ်းပြားမှာ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ရှိမနေပါက... ဤအရာအားလုံးမှာ ပုံရိပ်ယောင်များလားဟုပင် သူ သံသယဝင်မိနေတော့မည်။

“ထားလိုက်ပါတော့... အရင် ပြန်သွားတာက ပိုကောင်းပါတယ်...”

သူသည် ဆက်လက်၍ မတွေးတော့ဘဲ မြူခိုးတောရှိရာဘက်သို့ ဦးတည်၍ ပြေးထွက်သွားလိုက်သည်။

သူ၏ ဓားဆန္ဒမှာ ၈၀ ရာခိုင်နှုန်းသို့ အဆင့်တက်သွားခဲ့သော်လည်း နားမလည်သေးသော နေရာများစွာ ကျန်ရှိနေသေးသဖြင့် အမြန်ဆုံး ပြန်လည်၍ နားလည်အောင် ကျင့်ကြံလိုခြင်း ဖြစ်သည်။

“ဝှစ်...”

ဝေးဝေးသို့ မရောက်မီမှာပင် မြူခိုးများကြားမှနေ၍ လှပကျော့ရှင်းသော ပုံရိပ်တစ်ခုမှာ မျက်နှာချင်းဆိုင်မှ ပျံသန်းလာခဲ့သည်။

သူမမှာ လော့ရှာဂိုဏ်း၏ စီနီယာအစ်မကြီး ယူလန်ရှင်းပင် ဖြစ်၏။

“ဟင်... လော့ချန်...”

ယူလန်ရှင်းသည် လော့ချန်ကို ချက်ချင်းပင် သတိပြုမိသွားသဖြင့် အနည်းငယ် အံ့သြသွားရသည်။ သူမထက် အရင် မြူခိုးတောထဲမှ ထွက်လာနိုင်သူ ရှိလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ ၎င်းအပြင် လော့ချန် သွားနေသော လမ်းကြောင်းမှာ အဆိပ်တောင်၏ ဆန့်ကျင်ဘက် လမ်းကြောင်း ဖြစ်နေသည်မဟုတ်ပါလော။

လော့ချန်သည် ယူလန်ရှင်းအပေါ် အမြင်မဆိုးသဖြင့် ဝေးရာမှနေ၍ ခေါင်းအသာအယာ ညိတ်ပြလိုက်သည်။

ယူလန်ရှင်းက အလိုအလျောက်ပင် လှမ်း၍ အော်ဟစ်လိုက်သည်။

“လော့ချန်... မင်း လမ်းမှားနေပြီ... မြူခိုးတောထဲက ထွက်လာပြီးရင် အဆိပ်တောင်ပေါ်ကို တက်မှ စစ်ဆေးမှု အောင်မြင်မှာလေ...”

“ငါ သိပါတယ်... သတိပေးတဲ့အတွက် ကျေးဇူးပါ...”

လော့ချန်က စကားတစ်ခွန်းသာ ချန်ထားရစ်ပြီး မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

“သိတယ် ဟုတ်လား...”

ယူလန်ရှင်းက မျက်ခုံးလေး ကြုတ်လိုက်မိပြီး လော့ချန်၏ စကားအဓိပ္ပာယ်ကို စဉ်းစားရင်း ခြေလှမ်းများကို တဖြည်းဖြည်း ရပ်တန့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူမ၏ ဦးနှောက်ထဲ၌ အတွေးတစ်ခုမှာ လျှပ်စီးအလား ဖြတ်ပြေးသွားခဲ့သဖြင့် နှုတ်ခမ်းနီနီလေးမှာလည်း တုန်လှုပ်သွားရသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ယူလန်ရှင်းသည် မိမိဘာသာ ပြန်လည်၍ ခါးသီးစွာ ပြုံးလိုက်မိသည်။ ထိုကဲ့သို့သော မဖြစ်နိုင်သည့် အတွေးမျိုး ဘာကြောင့် ပေါ်လာသနည်းဆိုသည်ကို သူမ မသိရှိပေ။

“ငါကတော့ သူ့ကို သတိပေးပြီးပြီပဲလေ...”

လော့ချန် ပျောက်ကွယ်သွားရာ လမ်းကြောင်းကို လှမ်းကြည့်လိုက်ပြီးနောက် ယူလန်ရှင်းသည် ခေါင်းခါယမ်းလျက် အဆိပ်တောင်ဆီသို့ အရှိန်မြှင့်၍ ပျံသန်းသွားတော့သည်။

“ယူလန်ရှင်း က အခုမှ ဒီကို ရောက်တာလား... ဒါဆိုရင် ငါက အများကြီး ရှေ့ရောက်နေတာပေါ့...”

ယူလန်ရှင်းကို နှုတ်ဆက်ပြီးနောက် လော့ချန်သည်လည်း အံ့သြသွားရသည်။ ထို့နောက်တွင်မူ သူသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အသာအယာ ပြုံးလိုက်မိသည်။

“ကြည့်ရတာတော့ ငါ့ရဲ့ အလားအလာကို ငါကိုယ်တိုင်တောင် လျှော့တွက်မိနေတာပဲ...”

ဤသို့နှင့်ပင် လော့ချန်သည် မြူခိုးတော၏ အရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ဝှစ်...”

ထိုစဉ်မှာပင် လှပသော ပုံရိပ်တစ်ခုမှာ မြူခိုးများကြားမှနေ၍ တစ်ဟုန်ထိုး တိုးထွက်လာခဲ့သည်။

မျက်ဝန်းရှည်များနှင့် အေးစက်လှပနေသော ထိုပုံရိပ်မှာ ချီယွဲ့ ပင် ဖြစ်၏။

“မင်းပါလား... မင်း မြူခိုးတောထဲက တကယ်ပဲ ထွက်လာနိုင်တာလား...”

လော့ချန်ကို ရုတ်တရက် မြင်လိုက်ရသည့်အခါ ချီယွဲ့မှာ အလွန်ပင် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်မိသည်။ သူမ၏ အကြည့်မှာ ထက်မြက်နေပြီး နှုတ်ခမ်းလေးကိုလည်း တင်းတင်းစေ့ထားကာ မကျေနပ်သော အမူအရာများ ပြည့်နှက်နေတော့သည်။

နေ့စဉ် ဝိညာဉ်ရောင်စဉ်တန်းများကို ကိုယ်တွင်းသို့သွင်းကာ ကျင့်ကြံနေသဖြင့် ချီယွဲ့သည် မြူခိုးတောအတွင်းရှိ အဆိပ်မြူခိုးများကို အထူး အာရုံခံနိုင်စွမ်း ရှိပြီး အစွမ်းကုန် ကြိုးစားလျက် အမြန်ဆုံး ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမသည် လော့ချန်အား အဝေးတွင် ထားရစ်ခဲ့ပြီဟု ယူဆထားသော်လည်း မြူခိုးတောမှ ထွက်လာသည်နှင့် လော့ချန်ကို မြင်တွေ့လိုက်ရခြင်းပင်။

တစ်ဖက်လူက သူမထက် အရင် မြူခိုးတောထဲမှ ထွက်လာနိုင်ခြင်းမှာ မည်သို့သော အဓိပ္ပာယ်နည်း။

“မင်း ဘယ်လို ထွက်လာတာလဲ...”

ချီယွဲ့သည် လော့ချန်၏ အနားသို့ ရောက်ရှိလာပြီး သူ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ သူမမှာ အလွန်ပင် မကျေမနပ် ဖြစ်နေခြင်းပင်။ အစွမ်းကုန် အသာစီး ရထားသော သူမသည် အဘယ်ကြောင့် နောက်ကျနေရသနည်း ဆိုသည်ကို သူမ စဉ်းစား၍ မရပေ။

၎င်းမှာ လုံးဝကို သဘာဝမကျသည့် ကိစ္စပင် ဖြစ်၏။

လော့ချန်က ပုခုံးတစ်ချက် တွန့်လိုက်သည်။

“ဒီအတိုင်း လမ်းလျှောက်ပြီး ထွက်လာတာလေ... မင်း အမြန်သွားတော့... ကံကောင်းရင်တော့ ထိပ်သီးသုံးယောက် စာရင်းဝင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်...”

လော့ချန်က စေတနာဖြင့် သတိပေးလိုက်ခြင်း ဖြစ်သော်လည်း ချီယွဲ့အတွက်မူ အဓိပ္ပာယ်မှာ တစ်မျိုး ဖြစ်သွားခဲ့ရသည်။

တစ်ဖက်လူက စကားကြီး စကားကျယ် ပြောဆိုနေရုံတင်မကဘဲ သူမအား ကံကောင်းမှသာ ထိပ်သီးသုံးယောက်စာရင်းဝင်နိုင်မည်ဟု ပြောဆိုခြင်းမှာ သူမကို အထက်စီးမှ ဆုံးမနေသကဲ့သို့ ရှိနေသည်မဟုတ်ပါလော။

‘အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ နှာဗူးကောင် တစ်ယောက်ကလေ... သူက ဘာမို့လို့လဲ...’

ချီယွဲ့၏ မျက်နှာပေါ်တွင် အလိုလိုပင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာပြီး အေးစက်စွာ ဆိုလိုက်သည်။

“မင်းရဲ့ သတိပေးချက်ကို ငါ မလိုအပ်ပါဘူး... မြူခိုးတောထဲက ငါ့ထက် ခြေတစ်လှမ်း အရင် ထွက်လာနိုင်ရုံနဲ့တင် ဒီလောက်အထိ ဂုဏ်ယူနေစရာ မလိုဘူးလေ... စစ်ဆေးမှုက မပြီးသေးဘူးနော်... အဆိပ်တောင်ကို တက်ဖို့ဆိုတာကမှ ဒီစစ်ဆေးမှုရဲ့ အခက်ခဲဆုံး အပိုင်းပဲ... ငါ့အတွက် စိုးရိမ်နေမယ့်အစား မင်းကိုယ်မင်း ထိပ်သီးသုံးယောက်... မဟုတ်ဘူး... ထိပ်သီး တစ်ဆယ့်ငါးယောက် စာရင်းထဲ ပါနိုင်ပါ့မလား ဆိုတာကိုပဲ စိတ်ပူနေလိုက်စမ်းပါ...”

“ထိပ်သီးသုံးယောက် တဲ့လား...”

လော့ချန် ခေတ္တမျှ မှင်တက်မိသွားပြီးနောက် သူ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

“မှန်တယ်...”

လော့ချန်၏ အမူအရာကြောင့် ချီယွဲ့သည် စိတ်ထဲမှ အနည်းငယ် မကျေမနပ် ဖြစ်သွားရပြီး သူမ၏ မေးစေ့လေးကို အသာအယာ မြှောက်လျက် အေးစက်စွာ ဆိုလိုက်သည်။

“မင်း အစက စကားတွေကို အကုန်အစင် ပြောထားတာဆိုတော့... တကယ်လို့ ထိပ်သီးသုံးယောက်ထဲ မပါခဲ့ရင်တော့ လူရယ်စရာကြီး ဖြစ်သွားမှာပေါ့... မင်း ကံကောင်းလို့ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ထဲ ဝင်ခွင့် ရခဲ့ရင်တောင်မှ အဲဒီ အရှက်ကွဲတာကိုတော့ ဘယ်လိုမှ ဖုံးကွယ်လို့ ရမှာ မဟုတ်ဘူး...”

စကားအဆုံးတွင် ချီယွဲ့သည် အဆိပ်တောင်ဆီသို့ ဦးတည်၍ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။

ယူလန်ရှင်း ပထမနေရာ ရရှိမည်မှာ သေချာနေပြီး ဒုတိယနေရာမှာလည်း သူတို့ မျိုးဆက်တပည့်များထဲမှ တစ်ဦးဦးသာ ဖြစ်မှာ ဖြစ်သည်ဟု သူမ ယူဆထားသည်။

သူမသာ တတိယနေရာကို အစွမ်းကုန် ကြိုးစားယူနိုင်မည်ဆိုပါက လော့ချန်အတွက် ထိပ်သီးသုံးယောက်စာရင်းဝင်ရန် လုံးဝ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

၎င်းအပြင် လော့ချန်၏ ရှေ့တွင် အကြိမ်ကြိမ် အရှက်ရခဲ့သဖြင့် ချီယွဲ့သည် အလွန်ပင် ဒေါသထွက်နေရပြီး အဆိပ်တောင်ကို တက်သည့်အချိန်၌ လော့ချန်အား အဝေးတွင် ထားရစ်ကာ မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူမည်ဟု စိတ်ထဲမှ ကြုံးဝါးနေတော့သည်။

အခန်း ၅၆၃ ပြီးပါပြီ။

အခန်း ၅၆၄ - ဂိုဏ်းသုံးဂိုဏ်း သွေးကြောနိုးကြားမှုနယ်ပယ်၏ နံပါတ်တစ်

“……”

မြူခိုးများအတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသော ချီယွဲ့ကို ကြည့်ကာ လော့ချန်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။ ကြည့်ရသည်မှာ ထို မိန်းကလေးမှာ သူနှင့် အပြိုင်အဆိုင် ဖြစ်နေပြီး အချိန်မရွေး သူ့ထက် သာလွန်ရန် ကြိုးစားနေပုံရပေသည်။

“နှမြောစရာပဲ... နှမြောစရာပဲ... မင်းကတော့ စိတ်ပျက်ရမှာ သေချာနေပြီ...”

လော့ချန်က လက်ချောင်းလေးကို အသာအယာ တောက်လိုက်သည့်အခါ ပထမနေရာကို ကိုယ်စားပြုသည့် ကျောက်စိမ်းပြားမှာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ သူက အသာအယာ ပြုံးလိုက်ပြီးနောက် လှည့်ထွက်ကာ မြူခိုးတောအတွင်းသို့ တိုးဝင်သွားတော့သည်။

ယခင်က အတွေ့အကြုံ ရှိထားပြီဖြစ်ရာ လော့ချန်သည် ဤတစ်ကြိမ်တွင် မြူခိုးတောအတွင်း၌ ကျွမ်းကျင်စွာ လှုပ်ရှားနိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအားကို ချက်ချင်း နှိုးဆွလျက် လမ်းကြောင်းကို အတည်ပြုလိုက်သည်။

“ဟင်... မီတာ သုံးရာလား...”

ဝိညာဉ်စွမ်းအားကို နှိုးဆွလိုက်သည်နှင့် လော့ချန်သည် သူ၏ ဝိညာဉ်စွမ်းအား ဖြန့်ကြက်နိုင်သော အကွာအဝေးမှာ များစွာ တိုးတက်လာသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။ ၎င်းမှာ အစပိုင်းတွင် မီတာ နှစ်ရာကျော်ခန့်သာ ရှိသော်လည်း ယခုမူ မီတာ သုံးရာနီးပါးအထိ ရှိနေချေပြီ။

၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းပင် ဖြစ်၏။

“ဓားဆန္ဒ အဆင့်တက်သွားရုံနဲ့တော့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်အထိ တစ်ဟုန်ထိုး တိုးလာမှာ မဟုတ်ဘူး...”

“ကြည့်ရတာတော့ ဓားဘုရင်ရဲ့ ဆန္ဒကြောင့်ပဲ ဖြစ်ရမယ်...”

စဉ်းစားကြည့်လိုက်သည့်အခါ လော့ချန်သည် ဤအကြောင်းရင်းတစ်ခုကိုသာ တွေးမိတော့သည်။ မည်သို့ပင်ဖြစ်စေ ဝိညာဉ်စွမ်းအား တစ်ဟုန်ထိုး တိုးတက်လာခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေသည်။ ဤတစ်ကြိမ် စစ်ဆေးမှုတွင် ပထမနေရာကို အလွယ်တကူ ရရှိနိုင်ခဲ့ခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအား သန်မာနေခြင်းကြောင့်ပင် မဟုတ်ပါလော။

၎င်းအပြင် လော့ချန် သိရှိထားသည်မှာ ကျင့်ကြံဆင့်မှာ မြေကမ္ဘာအဆင့်သို့ ရောက်ရှိသွားပါက ဝိညာဉ်စွမ်းအားမှာ ပိုမို အရေးပါလာမည် ဖြစ်သည်။

ဝိညာဉ်စွမ်းအားသည် တိုက်ခိုက်ရေး စွမ်းရည်နှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ဆေးဖော်စပ်ခြင်း၊ လက်နက်ပြုလုပ်ခြင်းနှင့် အစီအရင်များ စီရင်ခြင်း စသည့် နည်းလမ်းများစွာနှင့်လည်း နီးကပ်စွာ ဆက်နွှယ်နေသည်မဟုတ်ပါလော။

“ငါ့ရဲ့ အခု ဝိညာဉ်စွမ်းအား အဆင့်အတန်းက ဘယ်အဆင့်အထိ ရောက်နေပြီလဲ မသိဘူး...”

“မြေကမ္ဘာအဆင့် သန်မာသူတွေရဲ့ အဆင့်လား...”

“ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့် သန်မာသူတွေရဲ့ အဆင့်လား...”

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အခွင့်အရေး ရပါက သူ၏ ဝိညာဉ်စွမ်းအား အဆင့်အတန်းကို သေချာပေါက် စမ်းသပ်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

“ဝှစ်...”

စိတ်ကို တည်ငြိမ်အောင် ထားလျက် လော့ချန်သည် အရှိန်ကို မြှင့်တင်လိုက်သည်။

ဝိညာဉ်စွမ်းအား သန်မာလာခြင်းကြောင့် သူ၏ ဖြန့်ကြက်နိုင်သော အကွာအဝေး တိုးတက်လာရုံတင်မကဘဲ လှုပ်ရှားရသည်မှာလည်း ပိုမို ကျွမ်းကျင်လာခဲ့ရာ မြူခိုးတောအတွင်း၌ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်မှာ အဆိပ်မြူခိုးများ၏ သက်ရောက်မှုကို လုံးဝ မခံရသည့်အလား ရှိနေတော့သည်။

ဆယ်မိုင်။

ငါးမိုင်။

သုံးမိုင်။

“ဝှစ်...”

မြူခိုးများ လှုပ်ခတ်သွားပြီး ပုံရိပ်တစ်ခုမှာ မြူခိုးများကြားမှ တိုးထွက်လာခဲ့သည်။

“ပြန်ထွက်ရတာက ပိုပြီးတော့ မြန်တာပဲ...”

ကျယ်ပြောလှသော မြူခိုးနယ်ပယ်မှ ထွက်လာသည့်အခါ လော့ချန်သည် နွေးထွေးလှသော နေရောင်ခြည်ကို ခံစားလိုက်ရပြီး စိတ်ထဲတွင် အလွန်ပင် ပေါ့ပါးသွားရသည်။

ဤတစ်ကြိမ်တွင် နက်မှောင်မြူခိုးတောင် စစ်ဆေးမှု၌ ပထမနေရာ ရရှိခဲ့ရုံတင်မကဘဲ ဓားဆန္ဒမှာလည်း ၈၀ ရာခိုင်နှုန်းသို့ အဆင့်တက်သွားကာ ဝိညာဉ်စွမ်းအားမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သဖြင့် တကယ့်ကို အလွန်တရာ အမြတ်ထွက်ခဲ့ခြင်းပင် ဖြစ်ပေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်ကိုး အထွတ်အထိပ် သန်မာသူတစ်ဦးနှင့်ပင် ရင်ဆိုင် တိုက်ခိုက်ကြည့်ချင်မိသည်။

သူ၏ ယခု အစွမ်းနှင့်ဆိုလျှင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ကိုး အထွတ်အထိပ် သန်မာသူကို တိုက်ရိုက် ရင်ဆိုင်နိုင်ရုံတင်မကဘဲ အနိုင်ရရန်ပင် အခွင့်အရေး ရှိနေပြီ မဟုတ်ပါလော။

“ဒါပေမဲ့ ဒါဟာ မလုံလောက်သေးဘူး... ‘နယ်မြေအဆင့်သတ်မှတ်ချက်’ ထဲကို ဝင်ချင်တယ်ဆိုရင်တော့ တာယွဲ့မင်းဆက် တစ်ခုလုံးရဲ့ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူအားလုံးကို အနိုင်ယူပြီး... ဒီနယ်ပယ်ရဲ့ အစစ်အမှန် ဘုရင်တစ်ဦး ဖြစ်လာမှသာ အခွင့်အရေး ရှိမှာပဲ...”

နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းဝင် ပါရမီရှင် တစ်ဦးချင်းစီမှာ အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် လျှော့တွက်၍ မရပေ။

ယူလန်ရှင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်ကိုး အထွတ်အထိပ် သန်မာသူဖြစ်သလို လော့ရှာဂိုဏ်း၏ စီနီယာအစ်မကြီးလည်း ဖြစ်ရာ သူမ၏ အစွမ်းမှာ သန်မာလှသော်လည်း နယ်မြေအဆင့်သတ်မှတ်ချက်စာရင်းဝင် ပါရမီရှင် တစ်ဦး ဖြစ်မလာသေးပေ။ ထိပ်သီး တစ်ရာ စာရင်းဝင်ရန်မှာမူ အဝေးကြီး လိုနေသေးသည် မဟုတ်ပါလော။

ထိုစာရင်းထဲ ဝင်ချင်ပါက ပထမဆုံးအနေဖြင့် ဤလူများကို ကျော်ဖြတ်နိုင်ရမည် ဖြစ်သည်။ မဟုတ်လျှင်မူ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“အခုတော့ ဂိုဏ်းသုံးဂိုဏ်း သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ နံပါတ်တစ် ဖြစ်ဖို့ကိုပဲ ပန်းတိုင်ထားရမှာပဲ... ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကနေ ထွက်လာရင်တော့ အဲဒီအဆင့်ကို ရောက်လောက်ပြီ ထင်ပါတယ်...”

သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ မှုတ်ထုတ်လိုက်ပြီး အကြည့်မှာ ခိုင်မာနေကာ ရှေ့သို့ ခုန်ပျံထွက်ခွာသွားတော့သည်။

“ရှူး...”

ကျွန်းပေါ်မှ ထွက်ခွာလာပြီးနောက် ချီစွမ်းအင်များကို ဖုံးကွယ်ထားရန် မလိုတော့သဖြင့် လော့ချန်သည် မြူခိုးရိပ်ခြေလှမ်း ကို တိုက်ရိုက် အသုံးပြုလိုက်ရာ အရှိန်မှာ ပိုမို မြန်ဆန်လာပြီး လျင်မြန်လှသော အလင်းတန်းတစ်ခုအလား အိုင်ရေပြင်ထက်တွင် ဖြောင့်တန်းလှသော ရေလှိုင်းကြီးများကို ထင်ကျန်ရစ်စေခဲ့သည်။

“သူ ပြန်လာပြီ...”

ကျောက်စိမ်းစင်မြင့်ပေါ်မှ အော်ဟစ်သံနှင့်အတူ လော့ရှာဂိုဏ်း တပည့်များနှင့် အကြီးအကဲများစွာမှာ အရပ်မျက်နှာတစ်ခုသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။

“ဝှစ်...”

ပုံရိပ်တစ်ခု လှုပ်ရှားသွားပြီး လော့ချန်သည် ကြည့်ရှုသူများ နေရာသို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။

ထောင်ချီသော လူများမှာ ထူးဆန်းစွာ တိတ်ဆိတ်နေကြပြီး လူအများစုမှာ လော့ချန်ကို ကြည့်ကာ အိပ်မက်မက်နေသည့်အလား ခံစားနေရသည်။

လော့ချန်သည် အကြီးအကဲများရှိရာ စင်မြင့်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားလိုက်သည်။

“အကြီးအကဲတို့... ကျွန်တော် နက်မှောင်မြူခိုးတောင် စစ်ဆေးမှုကို ပြီးမြောက်ခဲ့ပါပြီ... ဒါက ကျောက်စိမ်းပြားပါ...”

လော့ချန်သည် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

‘တစ်’ ဆိုသည့် ဂဏန်း အလင်းတန်းများ ဝင်းလက်နေသော ကျောက်စိမ်းပြားကို ကြည့်ကာ စင်မြင့်ပေါ်ရှိ အကြီးအကဲများမှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကြမိသည်။

စစ်ဆေးမှုကို တာဝန်ယူထားသော အတွင်းစည်း အကြီးအကဲမှာ သတိပြန်ဝင်လာခဲ့ပြီး ကျောက်စိမ်းပြားကို လှမ်းယူလိုက်ကာ လော့ချန်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“မင်း အရင်ဆုံး နားနားနေနေ နေရာတစ်ခု ရှာလိုက်ပါဦး...”

“ဟုတ်ကဲ့ပါ...”

လော့ချန် လှည့်ထွက်လိုက်ရုံရှိသေးသော်လည်း မွှေးရနံ့သင်းပျံ့မှုနှင့်အတူ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ရှေ့မှ ပေါ်ထွက်လာခဲ့သည်။

“လော့ချန်... ဂုဏ်ယူပါတယ်...”

လော့ချန် ပြုံးလိုက်သည်။

“နဝမမင်းသမီး...”

ကျင်းယွီရှီး၏ မျက်ဝန်းများမှာ တောက်ပနေပြီး အားကျမှုနှင့် လေးစားမှုများ ပြည့်နှက်နေတော့သည်။

“ငါ အစက မင်း ထိပ်သီး တစ်ဆယ့်ငါးယောက်ထဲ ပါပါ့မလားလို့ စိတ်ပူနေခဲ့တာ... မင်းက ပထမနေရာကိုတောင် ယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ခုနက အကြီးအကဲတွေ အားလုံး အံ့သြသွားကြတာကို မင်း မမြင်လိုက်လို့သိလား...”

ကျင်းယွီရှီးသည် ခေါင်းလေးကို မော့လျက် ရယ်မောလိုက်သည်။ လော့ချန် ပထမနေရာ ရရှိသွားခြင်းမှာ သူမကိုယ်တိုင် ရရှိသကဲ့သို့ ပျော်ရွှင်နေပုံရပြီး ဆက်ပြောလိုက်သည်။

“ဒါနဲ့... မင်းက တကယ်ကို သန်မာတာပဲ... အမွှေးတိုင် တစ်တိုင်ခွဲအတွင်းမှာတင် စစ်ဆေးမှုကို အောင်မြင်ခဲ့တာလေ... စီနီယာအစ်မ ယင်းလီ ရဲ့ စံချိန်ဖြစ်တဲ့ အမွှေးတိုင် လေးတိုင် ဆိုတာက နှစ်ပေါင်း တစ်ရာအတွင်း အမြန်ဆုံး စံချိန်ပဲလေ... မင်းက စီနီယာအစ်မ ထက်တောင် အဆပေါင်းများစွာ ပိုပြီး မြန်နေသေးတာပဲ...”

“ဒီလိုလား...”

လော့ချန် အနည်းငယ် အံ့သြသွားရသည်။ လော့ရှာဂိုဏ်း တပည့်များက သူ့ကို ဘာကြောင့် ထူးထူးဆန်းဆန်း ကြည့်နေကြသနည်း ဆိုသည်ကို သူ အခုမှ နားလည်သွားခဲ့ချေပြီ။

ထိုစဉ် အကြီးအကဲ ပိကျိုးရွှေ လမ်းလျှောက်လာခဲ့သည်။

“လော့ချန်... မင်းက တကယ်ကို အစွမ်းတွေကို ဖုံးကွယ်ထားနိုင်တာပဲ... ငါတောင်မှ မင်းကို လျှော့တွက်မိသွားတယ်...”

အကြီးအကဲ ပိကျိုးရွှေ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေတော့သည်။

လော့ချန် ပထမနေရာ ရရှိသွားခြင်းက သူမအား များစွာ ဂုဏ်တက်စေခဲ့ပြီး မည်သူမျှ သူ့အား လူရွေးမှားသည်ဟု မပြောနိုင်တော့ပေ။ ထိုကဲ့သို့သော လူမျိုးကို လော့ရှာဂိုဏ်းသို့ ခေါ်လာခြင်းမှာ မှားယွင်းသည်ဟု မည်သူမျှ မဝေဖန်နိုင်တော့ဘဲ အကြီးအကဲ လင်း ပင်လျှင် တိတ်ဆိတ်သွားခဲ့ရသည်မဟုတ်ပါလော။

“အကြီးအကဲပိ ရဲ့ ကျေးဇူးကို လော့ချန် အမြဲတမ်း မှတ်ထားမှာပါ...”

လော့ချန်သည် လက်အုပ်ချီလျက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

အကယ်၍ အကြီးအကဲ ပိကျိုးရွှေသာ မရှိခဲ့ပါက သူသည် လော့ရှာဂိုဏ်းသို့ လာရန် အခွင့်အရေး ရှိမည် မဟုတ်သလို၊ ဤမျှလောက် မြန်မြန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ခုနစ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်နိုင်ရန်မှာလည်း မလွယ်ကူလှပေ။

“ဒါက မင်းရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ရယူခဲ့တာပါ... ငါက လမ်းဖွင့်ပေးရုံပဲ ရှိတာပါ... ပြောရရင်တော့ ငါကတောင် မင်းကို ကျေးဇူးတင်ရမှာပါ... ငါတို့ဂိုဏ်းက အဘိုးကြီး အဘွားကြီးတွေကို အပြင်လောကကြီးမှာ အပြောင်းအလဲတွေ အများကြီး ရှိနေပြီဆိုတာကို သိအောင် လုပ်ပေးနိုင်ခဲ့လို့လေ...”

ပိကျိုးရွှေက စကားတစ်ခွန်း ဆိုလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ယန်ချင်းရှုံး ပြောပြချက်အရဆိုရင်... မင်းရဲ့ ဓားဆန္ဒက ၇၀ ရာခိုင်နှုန်းအထိ ရောက်နေပြီ ဟုတ်လား...”

လော့ချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည် ခါးယမ်းပြလိုက်သည်။

“အမှန်အတိုင်း ပြောရရင်တော့... ခုနက စစ်ဆေးမှု ခံယူနေတုန်းမှာပဲ ကျွန်မရဲ့ ဓားဆန္ဒက ၈၀ ရာခိုင်နှုန်းကို အဆင့်တက်သွားခဲ့ပါပြီ...”

အဆိပ်တောင်ပေါ်တွင် လော့ရှာဂိုဏ်း၏ မြေကမ္ဘာအဆင့် သန်မာသူ ရှိနေသည်ဖြစ်ရာ ဤကိစ္စကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

၎င်းအပြင် လော့ချန်အတွက်မူ ယနေ့ သူ၏ ဝှက်ဖဲမှာ နောင်တစ်ချိန်တွင် ဝှက်ဖဲ မဟုတ်တော့မည်ဖြစ်ရာ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းက ပို၍ ကောင်းမွန်လှပေသည်။

“၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒ တဲ့လား... ဒါဆိုရင် စီနီယာအစ်မကြီး ယူလန်ရှင်းနဲ့ တန်းတူ ဖြစ်သွားပြီပေါ့...”

ကျင်းယွီရှီးသည် သူမ၏ နှုတ်ခမ်းနီနီလေးကို လက်ဖြင့် အသာအယာ အုပ်လိုက်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

အကြီးအကဲ ပိကျိုးရွှေမှာမူ စိတ်ထဲမှ တုန်လှုပ်သွားရပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ လော့ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေမိသည်။ ယန်ချင်းရှုံး၏ ပြောပြချက်အရ လော့ချန်သည် ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားသည်ဆိုခြင်းကပင် သူမအား အံ့သြစေခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် လော့ချန်ကို အစကတည်းက စောင့်ကြည့်လာခဲ့သူ ဖြစ်သည်မဟုတ်ပါလော။ ဂိုဏ်းသုံးဂိုဏ်း ယှဉ်ပြိုင်ပွဲတုန်းက လော့ချန်၏ ဓားလမ်းစဉ်မှာ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း အဆင့်မှာသာ ရှိနေသေးပြီး ဓားဆန္ဒအစပျိုး နယ်ပယ်နှင့်ဆိုလျှင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာတင် ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်နိုင်ခြင်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှပေသည်။

ယခုမူ လော့ချန်မှာ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်သွားခဲ့ချေပြီ။ ဤသတင်းမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူမ၏ ဦးနှောက်ကို တုန်ခါသွားစေခဲ့သည်။

လော့ချန်သည် သူ၏ ဓားဆန္ဒကို ခိုင်မာအောင် ပြုလုပ်လိုသဖြင့် လက်အုပ်ချီလျက် ဆိုလိုက်သည်။

“အကြီးအကဲ ပိ... ကျွန်တော် အရင် သွားနားလိုက်ပါဦးမယ်...”

သူသည် လူသူကင်းဝေးသော တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် ခြေထောက်နှစ်ဖက်ကို ချိတ်လျက် ထိုင်လိုက်ကာ မျက်လုံးများကို မှိတ်ပြီး စိတ်ကို ကိုယ်တွင်းသို့ ပို့ဆောင်လိုက်သည်။

ရုတ်တရက်ဆိုသလို အနီးနားရှိ လော့ရှာဂိုဏ်း တပည့်မလေးများ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အံ့သြသွားကြသည်။

ယခုတင်က တစ်ခဏအတွင်းမှာပင် သူတို့သည် ထက်မြက်လှသော အရှိန်အဝါတစ်ခုကို ဝေဝါးစွာ ခံစားလိုက်ရခြင်းပင် ဖြစ်၏။ ထိုအရှိန်အဝါမှာ လူကို အေးခဲသွားစေနိုင်သည့်အလား အေးစက်လှသလို သတ်ဖြတ်လိုစိတ်များလည်း ပါဝင်နေသဖြင့် လူတိုင်းကို နှင်းတောထဲ ရောက်ရှိသွားသကဲ့သို့ ခံစားရစေတော့သည်။

အခန်း ၅၆၄ ပြီးပါပြီ။

All Chapters