← Chapters

လက်တစ်ချက်လှုပ်ရုံဖြင့် အပြတ်အသတ် အနိုင်ယူ ခြင်း

Vol. 20 Ch. 217

လက်တစ်ချက်လှုပ်ရုံဖြင့် အပြတ်အသတ် အနိုင်ယူ ခြင်း

Vol. 20 Ch. 217

​ကောင်းကင်ကို ဖုံးလွှမ်းထားသည့် တောအုပ်ကြီးတစ်ခုအတွင်း...

​အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ထန်ထျန်း၏ ပုံရိပ်က သိပ်သည်းလှသော တောနက်ထဲ၌ ပေါ်လာခဲ့သည်။

​ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သည့်တပည့်၏ ပုံရိပ်ကိုမျှ မတွေ့ရပေ။ ဤတောင်ကိုးလုံး ဟု ခေါ်သောနေရာမှာ သူထင်ထားသည်ထက်ပင် ပိုမိုကျယ်ဝန်းပုံရသည်။

ရှေ့ရောနောက်ပါ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့်ဧရာမ သစ်ပင်ကြီးများသာ ရှိနေသဖြင့် အရပ်မျက်နှာ ခွဲခြားရန်ပင် ခက်ခဲလှသည်။

တိကျသော ဦးတည်ရာကို မသိဘဲ ရှေ့သို့သာ တဖြည်းဖြည်းချင်း စမ်းတဝါးဝါး တိုးသွားရုံသာ ရှိသည်။

​ဤသို့ဆိုလျှင် စမ်းသပ်ပွဲ အောင်မြင်ရန် ခဲယဉ်းမှုမှာ ပိုမိုကြီးမားသွားပြီဖြစ်သည်။

သို့သော် ထန်ထျန်းအတွက်မူ ဤအရာများက ပြဿနာမဟုတ်ပေ။

​သူ၏ အစွမ်းထက်သော စိတ်အာရုံ ကို ဖြန့်ကျက်လိုက်သည်နှင့် သူရောက်နေသည့် ပတ်ဝန်းကျင် အခြေအနေကို ချက်ချင်း သိသွားသည်။

ယခု သူက ပထမတောင်၏ အလယ်ပိုင်းနေရာတွင် ရောက်နေခြင်းဖြစ်ပြီး အနောက်ဘက်သို့ သွားပါက စမှတ်သို့ ပြန်ရောက်သွားပေလိမ့်မည်။

​အရှေ့ဘက်သည်သာ မှန်ကန်သော ဦးတည်ရာဖြစ်ပြီး ထိုဘက်တွင် တောင်များမှာ အဆုံးမရှိ ဆက်တိုက် တည်ရှိနေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဦးတည်ရာမှားပြီး အင်အားအမြောက်အမြား အကုန်ခံကာ စမှတ်သို့ ပြန်ရောက်သွားပါက စိတ်ဓာတ်ကျ သွားပေလိမ့်မည်။

​ထျန်းဖူနန်းတော်က ဤကဲ့သို့ နေရာမျိုးကို မည်သည့်နေရာမှ ရှာတွေ့ခဲ့သည်ကိုပင် မသိရပေ။ ထို့ပြင် အထဲရှိ မိစ္ဆာသားရဲအားလုံးကိုလည်း ရှင်းလင်းထားပြီး ယခုအဝင်အခမ်းအနားအတွက် ကွင်းပြင်အဖြစ် အသုံးချထားသည်။

ဤအချက်ကပင် ထျန်းဖူနန်းတော်၏ အင်အားကြီးမားမှုကို သက်သေပြနေသည်။

​ဦးတည်ရာကို အတည်ပြုပြီးနောက် ထန်ထျန်းက အရှေ့ဘက်သို့ စထွက်သွားခဲ့သည်။

​သူ၏ အရှိန်မှာ အလွန်မမြန်လှပေ။ အဓိကမှာ ထျန်းဖူနန်းတော်က လွှတ်လိုက်သော "မုဆိုး" များက မည်သည့် အဆင့်ရှိသည်ကို စမ်းကြည့်ချင်၍ ဖြစ်သည်။

သို့သော် ကံကောင်းခြင်းနတ်သမီးက သူ၏ ပုခုံးပေါ်တွင် ရှိနေသယောင်ပင်။

ပထမတောင်ကို ဖြတ်ကျော်ပြီး ဒုတိယတောင်၏ နယ်မြေထဲသို့ ရောက်သည်အထိ မည်သည့်မုဆိုးနှင့်မျှ မဆုံခဲ့ရပေ။

​"ထျန်းဖူနန်းတော် က လွှတ်လိုက်တဲ့ မုဆိုးတွေက အရေအတွက် နည်းလွန်းလို့ အချိန်မပေးနိုင်တာများလား"

ထန်ထျန်း တွေးတောရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။

​သို့သော် ယခုတစ်ခါတွင်မူ အဝေးကြီး မသွားလိုက်ရပေ။ တာအို ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်ကျင့်ကြံသူတစ်ဦးက သူ၏ ရှေ့ရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

ထိုသူ ပေါ်လာပုံမှာ အလွန်ထူးဆန်းပြီး မည်သည့် တာအို လှုပ်ရှားမှုမျှ မရှိပေ။ သဘာဝတရားနှင့် ပတ်သက်သော တာအို တစ်မျိုးမျိုးကို အသုံးပြုထားခြင်းဖြစ်မည်ဟု ထန်ထျန်း ခန့်မှန်းလိုက်သည်။

သူတို့​နှစ်ယောက် မျက်လုံးချင်း ဆုံသွားကြသည်။

​"ဂုဏ်ထူးဆောင်တပည့်လား"

​ထန်ထျန်း၏ ခေါင်းပေါ်ရှိ ခရမ်းရောင်ကြယ် ၉ ပွင့်ကို မြင်လိုက်ရသောအခါ ထိုလူငယ်ကျင့်ကြံသူက မျက်မှောင်ကြုတ်သွားသည်။

​"ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒုတိယတောင်ထဲ ရောက်လာတော့ တက်လှမ်းလာသူတွေထဲက ထိပ်တန်း တစ်ယောက်များလားလို့ အောက်မေ့နေတာ။ "

"တကယ်တော့ ဂုဏ်ထူးဆောင်တပည့် တစ်ယောက် ဖြစ်နေတာပဲ"

​သူ၏ လေသံမှာ အလွန် စိတ်ပျက်သွားသည့်ပုံ ပေါက်နေသည်။

​"မင်းက... မုဆိုးလား"

ထန်ထျန်းက မေးလိုက်သည်။

​ဤလူငယ်မှာ လက်အောက်ခံဂိုဏ်းများမှ တပည့်များနှင့် တကယ်ပင် ကွာခြားသည်။

သူ၏ ကိုယ်ပေါ်တွင် မွေးရာပါကဲ့သို့ မြင့်မြတ်ပြီး အထက်စီးဆန်သော အော်ရာတစ်ခု ရှိနေသည်။

ဤသည်မှာ မာနထောင်လွှားခြင်းမျိုး မဟုတ်ဘဲ အထက်တန်းကျသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့် အမူအကျင့်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက ထူးခြားနေခြင်းပင်။

ဤကဲ့သို့သော အော်ရာမျိုးကို ပထမအဆင့် ပါရမီရှင်များထဲမှ အထူးချွန်ဆုံးသူများပင် မပိုင်ဆိုင်ကြပေ။

​ထန်ထျန်း၏ မေးခွန်းကို ထို "မုဆိုး" က အောက်ခြေလူတန်းစားကို ကြည့်သလို ကြည့်ကာ မထီမဲ့မြင် ပြုလိုက်သည်။

​"ငါက ဂုဏ်ထူးဆောင်တပည့်နဲ့ စကားပြောချင်စိတ် မရှိဘူး။"

" မင်း ပထမတောင်ကို ဘာဒဏ်ရာမှမရဘဲ ဖြတ်ကျော်နိုင်ခဲ့တာက မင်းမှာ ကံနည်းနည်း ကောင်းနေ လို့ပဲ။"

" ဒါပေမဲ့ ကံဆိုးတာက မင်းရဲ့ ကံကောင်းခြင်း က ဒီမှာတင် ကုန်သွားပြီ။ "

"မင်းနဲ့ မတိုက်ခိုက် ချင်ဘူး၊ ဒုတိယမြောက် အသက်ကို ကိုယ့်ဘာသာကိုယ်ပဲ လွှဲပေးလိုက်"

​ပြောပြီးနောက် သူက လက်ကို နောက်ပစ်ကာ ရပ်နေပြီး ထန်ထျန်းကို လုံးဝ လှည့်မကြည့်တော့ပေ။

​ထန်ထျန်းက ဤမျှအထိ မောက်မာ သောသူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

​"မင်းက... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား"

ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။

​"ဟမ်"

​လူငယ်မုဆိုးက မျက်မှောင်ကြုတ်သွားပြီး ထန်ထျန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ ထန်ထျန်းရှိရာသို့ လေထဲ ကို ဆုပ်ကိုင်လိုက်သည်။

​ချက်ချင်းဆိုသလိုပင် မြေအောက်နက်ရှိုင်းသော နေရာမှ ကြီးမားသော နွယ်ပင်ကြီး ပေါင်းများစွာ ထိုးထွက်လာပြီး ထန်ထျန်းကို ဝိုင်းရံပိတ်ဆို့လိုက်သည်။

နွယ်ပင်တစ်ခုချင်းစီတွင် အစွမ်းထက်သော အင်အားများ ပါဝင်နေပြီး အင်မော်တယ် စွမ်းအားများပင် မသိမသာ ပါဝင်နေသည်။

​ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။

ဤမုဆိုး ကျင့်ကြံသည့် တာအို မှာ သဘာဝတရားနှင့် ပတ်သက်နေသည်မှာ မှန်ပေသည်။

အလံလုပွဲတွင်လည်း သူက သဘာဝ တာအို ကျင့်ကြံသည့် တပည့်တစ်ဦးနှင့် တွေ့ဖူးပြီး ထိုသူက သူ့ကို တိုက်ခိုက်ခဲ့ဖူးသည်။

၎င်းမှာ ချင်းယွဲ့ဂိုဏ်းသို့ ရောက်ပြီးနောက် သူ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

ယခု ထျန်းဖူနန်းတော်သို့ ရောက်လာသောအခါ ပထမဆုံး လက်ရည်စမ်းရသူမှာလည်း သဘာဝ တာအို ကျင့်ကြံသူပင် ဖြစ်နေပြန်သည်။

ကံကြမ္မာက တိုက်ဆိုင်လွန်းလှသည်။

​သို့သော် ယခုပြိုင်ဘက်ကတော့ အရင်လူထက် အဆမတန် သန်မာလှသည်။

နွယ်ပင်တိုင်းတွင် ပြင်းထန်သော အင်မော်တယ် စွမ်းအားများ ကိန်းအောင်းနေသည်။

ထိုသူ၏ ကျင့်ကြံမှုမှာ တက်လှမ်းခြင်း နှောင်းပိုင်း အဆင့် ဖြစ်ကြောင်း ထန်ထျန်း တွေ့လိုက်ရသည်။

​တကယ်ပင် ကြောက်စရာကောင်းလှသည်။ ကျပန်းတွေ့ရသည့် မုဆိုးတစ်ဦးပင် ဤမျှ သန်မာနေလျှင် အခြားသော မုဆိုးများလည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။

ထိုသို့ဆိုလျှင် တက်လှမ်းလာသူ တစ်သောင်းထဲမှ ၉၉ ရာခိုင်နှုန်းမှာ ထွက်ပြေးဖို့ပင် အခွင့်အရေးမရဘဲ အသက်ဆုံးရှုံးကြရပေလိမ့်မည်။

​သို့သော် ထန်ထျန်းအတွက်မူ...

သူက အတွေ့အကြုံ နုသေးသူ တစ်ဦးသာ။

​"သေလမ်းရှာနေတာပဲ"

​ထန်ထျန်းက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသဖြင့် လူငယ်မုဆိုးက အခွင့်အရေး ထပ်မပေးတော့ဘဲ နှာခေါင်းရှုံ့ကာ လက်ချောင်းများကို ဆုပ်လိုက်သည်။

ချက်ချင်းပင် နွယ်ပင်အားလုံးက အလယ်ရှိ ထန်ထျန်းထံသို့ ဖိညှစ်လိုက်ကြတော့သည်။

​"ဘုန်း"

​ပြင်းထန်သော အသံကြီးနှင့်အတူ ထန်ထျန်းရှိနေသည့် နေရာမှာ နွယ်ပင်များအောက်တွင် မြေထဲသို့ မြုပ်နှံ သွားခဲ့သည်။

သို့သော် လူငယ်မုဆိုးမှာမူ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

အကြောင်းမှာ တိုကင်ပေါက်ကွဲရာမှ ထွက်ပေါ်လာရမည့် ခရမ်းရောင် အလင်းတန်းကို သူ မမြင်ရသောကြောင့်ပင်။

ခရမ်းရောင်ကြယ်ထဲမှ အသက်စွမ်းအား များကိုလည်း သူ အာရုံမခံမိပေ။

​"ဘာဖြစ်တာလဲ"

သူ တွေးလိုက်စဉ်မှာပင် နောက်ကျောမှ အေးစိမ့်သော အာရုံတစ်ခုကို ခံစားလိုက်ရသည်။

​"ထျန်းဖူနန်းတော် က မင်းတို့ကို ရန်သူနဲ့ ရင်ဆိုင်ရင် သတိထားဖို့ သင်မပေးထားဘူးလား"

​ထန်ထျန်း၏ အသံက သူ၏ နောက်ကျောမှ ခပ်ဖြည်းဖြည်း ထွက်ပေါ်လာသည်။

လူငယ်မုဆိုးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးရှိ ခွန်အားကို စုစည်းကာ နောက်သို့ လှည့်၍ လက်သီးဖြင့် ထိုးလိုက်သည်။

​သို့သော် ကြီးမားသော လက်ဝါးတစ်ခုက သူ၏ လက်သီးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး သူ၏ အစွမ်းကုန် စွမ်းအားပါသော တိုက်ကွက်ကို လက်ထဲ၌ပင် ချေဖျက်ပစ်လိုက်သည်။

ထို့နောက် ထန်ထျန်းက သူ၏ လက်သီးကို ဆွဲကိုင်ကာ အရှိန်ဖြင့် ရှေ့သို့ တွန်းလိုက်ရာ လူငယ်မုဆိုး၏ မျက်နှာပေါ်သို့ ပြန်လည် ထိမှန်သွားတော့သည်။

​"ဘုန်း"

​ပေါက်ကွဲမှု အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ယပ်တောင်ပုံစံ လွင့်စင်ထွက်သွားကြသည်။

....

​တစ်ချိန်တည်းမှာပင် ပေ သောင်းချီမြင့်သော ကမ်းပါးယံကြီးအောက်၌...

​အစွမ်းထက်သော အင်မော်တယ် အဆင့်ရှိသူ အချို့မှာ အေးအေးလူလူ စုဝေးနေကြသည်။

လက်အောက်ခံဂိုဏ်း တပည့်များကို ပို့ဆောင်ပေးခဲ့သည့် သက်လတ်ပိုင်း အမျိုးသားနှင့် မုဆိုးများကို ပို့ဆောင်ပေးခဲ့သည့် အဖိုးအိုတို့လည်း ထိုအထဲတွင် ပါဝင်သည်။

​သူတို့ရှေ့တွင် မြင်ကွင်းပေါင်းစုံ ပေါ်နေပြီး ပုံရိပ်တစ်ခုချင်းစီ၌ တက်လှမ်းသူများနှင့် မုဆိုးများ၏ အခြေအနေကို ပြသနေသည်။

ယခုအခါ ပထမတောင်တွင် တိုက်ပွဲများ စတင်နေပြီ ဖြစ်သည်။

​တက်လှမ်းသူ အများစုအတွက် မုဆိုးများ၏ အင်အားမှာ သူတို့ တောင့်ခံနိုင်သည့် အဆင့်ထက် ကျော်လွန်နေသဖြင့် ထိပ်တိုက်တွေ့သည်နှင့် အသက်တစ်ချောင်း ဆုံးရှုံးနေကြရသည်။

ထန်ထျန်း ခန့်မှန်းသည့်အတိုင်းပင် သူတို့မှာ ထွက်ပြေးရန်ပင် အခွင့်အရေး မရကြပေ။

ပထမအဆင့် ပါရမီရှင်များထဲမှ အထူးချွန်ဆုံးသူများသာ အသက်ရှင်ရန် အခွင့်အရေး ရှိကြသည်။

​"ဟမ်... ဒီမိန်းကလေးက မဆိုးဘူးပဲ"

တစ်ဦးက မြင်ကွင်းတစ်ခုကို လက်ညှိုးထိုးပြကာ အံ့သြစွာ ပြောလိုက်သည်။

​အခြားသူများလည်း လှမ်းကြည့်လိုက်ကြသည်။

မြင်ကွင်းထဲတွင် ခန္ဓာကိုယ် သေးသွယ်သော မိန်းကလေးတစ်ဦးက မုဆိုးတစ်ဦးနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။

နှစ်ဦးကြားတွင် ခွန်အားကွာခြားချက် ရှိနေသေးသော်လည်း ထိုမိန်းကလေးမှာ ခိုင်ခိုင်မာမာ တောင့်ခံထားနိုင်ပြီး ရှုံးနိမ့်မည့် အရိပ်အယောင် လုံးဝမရှိပေ။

​"သူက ဂိုဏ်းပေါင်းစုံတိုက်ပွဲကနေ ဝင်လာတာလား"

သူ၏ ခေါင်းပေါ်ရှိ ဟို့ထန်း ဆေးလုံးကို မြင်သဖြင့် တစ်ဦးက မေးလိုက်သည်။

​"အင်း... သူက ချင်းယွဲ့ဂိုဏ်းက ကုရှောင်းရွှယ်ပဲ။ ဒီရက်ပိုင်း ရှန့်တုမှာ နာမည်အကြီးဆုံး တပည့်တစ်ယောက်ဖြစ်ပြီး အစွမ်းထက်သူ အများကြီးကို အနိုင်ယူခဲ့တာ"

တစ်ဦးက မှတ်မိသွားသည်။

​အားလုံးက ခေါင်းညိတ်ကြသည်။ သူတို့လည်း ဤအမည်ကို အနည်းနဲ့အများ ကြားဖူးကြသည်။

ယခုကြည့်ရသည်မှာ နာမည်နှင့် လိုက်ဖက်သော အရည်အချင်းရှိကြောင်း သိသာသည်။

​"ချင်းယွဲ့ဂိုဏ်းလို နေရာမျိုးမှာတောင် ဒီလောက်အထိ ကြီးထွားလာနိုင်တယ်ဆိုရင် သေချာ ပျိုးထောင်ပေးလိုက်ရင် ထိပ်တန်းတစ်ယောက် ဖြစ်လာဖို့ မခဲယဉ်းဘူး"

လူအများက မှတ်ချက်ပေးကြသည်။

​တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး ခဏအကြာတွင် မုဆိုးမှာ ကုရှောင်းရွှယ်ကို အနိုင်မတိုက်နိုင်သဖြင့် လက်လျှော့ရန် ပြင်လိုက်သည်။

တက်လှမ်းသူတွေ အများကြီး ရှိနေသဖြင့် ဤကဲ့သို့ ခေါင်း မာသောသူအပေါ် အချိန်ကုန်မခံချင်တော့ပေ။

သို့သော် သူက လက်လျှော့ချင်သော်လည်း ကုရှောင်းရွှယ်က လက်မလွှတ်ဘဲ သူ့နောက်သို့ လိုက်လံ တိုက်ခိုက်နေသဖြင့် အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားသည်။

ဤသည်ကို ကြည့်ကာ အင်မော်တယ် ကျင့်ကြံသူ များမှာ ရယ်မောနေကြသည်။

​သို့သော် ထိုစဉ်မှာပင် အံ့သြထိတ်လန့်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

​"ဟင်..."

​"ဘာဖြစ်တာလဲ"

​"တစ်ယောက်ယောက်က ဒီလောက် မြန်မြန်ကြီး ရှုံးသွားတာလား"

​သူတို့အားလုံးမှာ ထျန်းဖူနန်းတော်မှ လူများဖြစ်ကြသဖြင့် "တစ်ယောက်ယောက်" ဟု ဆိုသည်မှာ သူတို့ လွှတ်လိုက်သော မုဆိုးကို ဆိုလိုခြင်း ဖြစ်သည်။

လူတိုင်းမှာ ထိတ်လန့်သွားပြီး ထိုမြင်ကွင်းဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြတော့သည်။

All Chapters