← Chapters

ဟန်ထုတ် မှု မအောင်မြင်ခြင်း

Vol. 20 Ch. 225

ဟန်ထုတ် မှု မအောင်မြင်ခြင်း

Vol. 20 Ch. 225

​ခဏမျှ မူးဝေသွားပြီးနောက် ထန်ထျန်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လမ်းကြောင်းထဲမှ ထွက်လာခဲ့သည်။

အပြင်လောက၏ ဆူညံသံများမှာ နားထဲသို့ ချက်ချင်း တိုးဝင်လာ၏။

သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော အကြည့်များမှာ သူ့ထံ ကျရောက်လာသည်ကို ထန်ထျန်း ခံစားလိုက်ရသည်။

​"ရောက် လာပြီလား..."

​ထန်ထျန်းက ခပ်ပါးပါး ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ရှေ့တွင် ကောင်းကင်သို့ ထိုးထွက်နေသော ပေပေါင်းသောင်းချီ မြင့်သည့် မတ်စောက်သော တောင်ကမ်းပါးယံ ကြီးတစ်ခု ရှိနေသည်။

တောင်ကမ်းပါးယံ ကြီး၏ အောက်ခြေတွင်မူ ကျယ်ပြန့်သော မြေပြန့်လွင်ပြင်တစ်ခု ရှိ၏။

​ထို့နောက် ဟင်းလင်းပြင်တံခါး ကို စိုက်ကြည့်နေကြသော ရာနှင့်ချီသည့် မုဆိုးများကို သူ မြင်လိုက်ရသည်။

၎င်းအပြင် အင်မော်တယ်အဆင့် အထက်ရှိသော လူတစ်ရာကျော်ကလည်း သူ့ထံသို့ အကြည့်များ ပို့လွှတ်နေကြသည်။

​မူမုကျင်း ပြောခဲ့သည်မှာ မှန်ကန်လျှင် ဤအင်မော်တယ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များက အပြင်ဘက်မှနေ၍ တောင်ကိုးလုံး စမ်းသပ်ပွဲကို ကြည့်ရှုနေသူများ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူတို့က သူ၏ လုပ်ဆောင်ချက်များကို ဧကန်မုချ မြင်တွေ့ခဲ့ကြပေမည်။

​ထန်ထျန်းက ငြိမ်သက်စွာ ရပ်နေပြီး လူအများ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ လူများ၏ အကြည့်များက သူ၏ အပေါ်တွင် ခဏမျှသာ တည်ရှိပြီးနောက် ချက်ချင်းပင် တစ်ဖက်သို့ လွှဲသွားကာ စိတ်ပျက်သည့် ပုံစံများ ဖြစ်သွားကြခြင်းပင်။

​"ဂုဏ်ထူးဆောင်တပည့်လား"

"သူတောင် ပထမဆုံးအသုတ်ထဲမှာ ပါလာနိုင်တာပဲ"

"ကံကောင်းလို့နေမှာပေါ့။ ကြည့်ဦး... အသက်တစ်ခါတောင် မဆုံးရှုံးထားဘူး။ တောင်ကိုးလုံးကို ဖြတ်လာတုန်းက မုဆိုးတစ်ယောက်နဲ့မှ မတွေ့ခဲ့တာ နေမှာပါ"

"ဖြစ်နိုင်တယ်။ ပထမတောင်လေးလုံးကို ရှောင်လာပြီး နဝမတောင်ထဲကို တက်လှမ်းသူတွေ အလုံးအရင်းနဲ့ ဝင်သွားတဲ့အချိန်မှာ အသက်ရှင်ဖို့က လွယ်လွယ်လေးပဲလေ"

"ထားလိုက်ပါတော့... သူ့ကို ဂရုမစိုက်နဲ့တော့။ ငါတို့ အဲ့ဒီ 'ပါရမီရှင်' ကိုပဲ ရှာရအောင်။ တောင်လေးလုံးစာ မုဆိုးတွေကို အကုန် ရှင်းထုတ်ပစ်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ ငါ တကယ် သိချင်နေပြီ"

​လူအများက အသီးသီး ပြောဆိုနေကြသည်။

ထန်ထျန်းက ထိုနေရာတွင် ရပ်နေရင်း သူတို့၏ ဆွေးနွေးမှုများကို ကြားလိုက်ရသောအခါ ခေါင်းထဲတွင် မေးခွန်းသင်္ကေတ အကြီးကြီးများ ပေါ်လာတော့သည်။

​ဘာတွေ ဖြစ်နေတာလဲ

​သူတို့ ပြောနေတဲ့ အဲ့ဒီ "ပါရမီရှင်" က သူတို့ ရှေ့မှာတင် ရပ်နေတာ မဟုတ်ဘူးလား

ဘာတွေကို လိုက်ရှာနေကြတာလဲ

​ထန်ထျန်း ကြောင်အသွားသည်။ ရှေ့မှ မြင်ကွင်းမှာ သူ စိတ်ကူးထားသည့် မြင်ကွင်းနှင့် လုံးဝ ခြားနားနေ၏။

လူအများ၏ အာရုံစိုက်မှုကို ခံရမယ်ဆိုတာ ဘယ်ရောက်သွားပြီလဲ

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူအများ၏ အကြည့်များက သူ့ထံမှ ဖယ်ခွာသွားသည်မှာ ကြာပြီ ဖြစ်သည်။

​ထန်ထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

​ကောင်းပြီလေ။

တစ်ခါတလေမှ ကလေးဆန်ဆန် စိတ်ကူးနဲ့ ကစားချင်ပါတယ်ဆိုမှ အရှုံးကြီး ရှုံးသွားရတော့သည်။

ကြည့်ရသည်မှာ သူက ဤကဲ့သို့ ထင်ပေါ်ကျော်ကြားရမည့် မြင်ကွင်းမျိုးနှင့် မကိုက်ညီဟု ထင်ရသည်။

​သူက ခေါင်းကို ခါယမ်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး၊ လူအုပ်ထဲမှ ပုံရိပ်တစ်ခုမှာ လျင်မြန်စွာ ထွက်လာပြီး သူ၏ ဘေးသို့ ရောက်လာသည်။

​ဤသူမှာ အသက်သိပ်မကြီးသေးသည့် လူငယ်တစ်ဦး ဖြစ်သော်လည်း သူ၏ အော်ရာ အရ ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိနိုင်သည်။

ထန်ထျန်းက မျက်မှောင်ကြုတ်ကာ ဤလူငယ် ဘာကြောင့် လာသနည်းဟု မေးရန် ပြင်လိုက်သည်။

သို့သော် စကားမစရသေးမီမှာပင် ထိုလူငယ်က သူ၏ လက်မောင်းကို ဆွဲလိုက်သည်။

​"ငါနဲ့ လိုက်ခဲ့"

​လူငယ်က လေသံတိုးတိုးဖြင့် ပြောပြီးနောက် သူ့ကို ဘေးဘက်သို့ ဆွဲခေါ်သွားတော့သည်။

​ထန်ထျန်းမှာ ကြောင်အသွားရ၏။

သူက မည်သူနည်း

ငါတို့ သိလို့လား

နေ့ခင်းကြောင်တောင်မှာ ထူးချွန်တဲ့ လူငယ်လေးကို လာပြီး ပြန်ပေးဆွဲနေတာလား

​ထန်ထျန်းက ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး တစ်ဖက်လူ၏ အားကို ခုခံ လိုက်သည်။

​"အစ်ကိုကြီး... ခင်ဗျားက ဘယ်သူလဲ"

ထန်ထျန်းက မေးလိုက်သည်။

​လူငယ်က ထန်ထျန်းကို ဆွဲမရသဖြင့် ကြောင်သွားသည်။

သူက အမှတ်မထင် ဆွဲလိုက်ခြင်း ဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူက ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်လျှင်ပင် သူ၏ အင်အားမှာ သာမန်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းက သူ၏ အားကို အလွယ်တကူ ခုခံ နိုင်သည်လား

​ကြည့်ရသည်မှာ ဤကောင်လေးက သူ ထင်ထားတာထက် ပိုပြီး မယုံနိုင်စရာ ကောင်းနေပုံရသည်။

​လူငယ်က အတွေးပေါင်းစုံ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ "ငါ့နာမည်က လောင်စူး ပါ။ ဒီဝင်ခွင့်စမ်းသပ်ပွဲရဲ့ စီမံသူ တစ်ဦးပေါ့။"

" မင်း တောင်ကိုးလုံးထဲမှာ လုပ်ခဲ့တာတွေကို ငါ အကုန် မြင်ပြီးပြီ"

​ထန်ထျန်းက မျက်တောင်ခတ်လိုက်ပြီး "ခင်ဗျား မြင်တယ် ဟုတ်လား"

​မူမုကျင်းက သူ့ကို လိမ်ပြောခဲ့ကာ၊ အပြင်ကလူတွေ တောင်ကိုးလုံးထဲက အခြေအနေကို စောင့်ကြည့်မနေဘူးလို့ သူ ထင်သွားမိသေးသည်။

​လောင်စူးက ခေါင်းညိတ်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။ "မင်း လုပ်ခဲ့တာတွေက... နည်းနည်း လွန်သွားတယ်"

" မင်းကြောင့် ထွက်သွားရတဲ့ မုဆိုးတွေ အကုန်လုံးက အခု မင်းကို လိုက်ရှာနေကြတယ်။"

" သူတို့ သတိမထားမိခင် ငါနဲ့ မြန်မြန် လိုက်ခဲ့။ သူတို့ မြင်သွားရင် မင်းအတွက် ပြဿနာ အကြီးကြီး တက်လိမ့်မယ်!"

​ပြောပြီးသည်နှင့် သူက ထန်ထျန်း၏ လက်မောင်းကို ထပ်မံ ကိုင်လိုက်ပြီး လူအုပ်နှင့် ဝေးရာသို့ ဆွဲခေါ်ရန် ကြိုးစားပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သူ၏ ခွန်အား အချို့ကို အသုံးပြုလိုက်သည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ ထန်ထျန်းက နောက်တစ်ကြိမ် အလွယ်တကူ ရုန်းထွက်သွားခြင်းပင်။

​"အဲ့ဒီလိုလား"

ထန်ထျန်းက လောင်စူးကို စိတ်ဝင်တစား ကြည့်လိုက်သည်။

​လမ်းကြောင်းထဲက ထွက်လာကတည်းက တစ်ခုခု ပုံမှန်မဟုတ်ဘူးဆိုတာ သူ ခံစားမိသည်။

ပြီးတော့ လောင်စူး ပေါ်လာပြီး သူ့ကို အလျင်စလို ခေါ်ထုတ်သွားဖို့ ကြိုးစားတာ၊ နောက်ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ။

ဒီအခြေအနေတွေကို ကြည့်ပြီး ထန်ထျန်းက တစ်ခုခုကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

​သူ တောင်ကိုးလုံးမှာ လုပ်ခဲ့တဲ့ ကိစ္စတွေကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ ဖြစ်ရမည်။

​"အဲ့ဒီ မုဆိုးတွေက ကျွန်တော့်ကို စောင့်နေပြီး ပြဿနာ ရှာချင်နေကြတာလား"

ထန်ထျန်းက ခပ်အေးအေး မေးလိုက်သည်။

​လောင်စူးက အလေးအနက် ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်။"

" ဒီဝင်ခွင့်စမ်းသပ်ပွဲက သူတို့ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတာလေ။ "

"မင်းကြောင့် တိုက်ရိုက် ထွက်လိုက်ရပြီး တက်လှမ်းသူတွေရဲ့ မျက်နှာကိုတောင် မမြင်လိုက်ရတဲ့အတွက် သူတို့က မင်းကို ရန်ငြိုးဖွဲ့နေကြတာ။ "

"ဒါကြောင့် ဒါကို မင်းလုပ်ခဲ့တာလို့ ဘယ်သူ့ကိုမှ အသိမခံနဲ့"

​သူ၏ လေသံမှာ အလွန် အလေးအနက် ရှိလှသည်။

ကံဆိုးသည်မှာ ထန်ထျန်းက စကားနှစ်ခွန်း၊ သုံးခွန်းနှင့် အရူးလုပ်ခံရမည့် ကလေးမဟုတ်ပေ။

သူက ဤနေရာကို အသစ်ရောက်လာသူ ဖြစ်သဖြင့် ထျန်းဖူနန်းတော်၏ အခြေအနေကို မသိသေးသော်လည်း လောင်စူး ပြောသလိုတော့ မဖြစ်နိုင်သည်မှာ သေချာသည်။

​"အဲ့ဒီလိုလား"

ထန်ထျန်းက ခပ်ပါးပါး ပြုံးလိုက်သည်။ "ဒါဆိုရင် ပိုတောင် ကောင်းသေးတာပေါ့။"

" ကျင့်ကြံသူတွေ ဖြစ်ပြီး စိန်ခေါ်မှုကို ဘာလို့ ကြောက်နေရမှာလဲ"

" သူတို့ ကျွန်တော့်ကို ပြဿနာ ရှာချင်တယ်ဆိုရင်လည်း လာပါစေ။"

" သူတို့ကို အခုပဲ သွားပြောလိုက်မယ်... သူတို့ကို ရှင်းပစ်လိုက်တာ ကျွန်တော်ပဲလို့"

​ပြောပြီးသည်နှင့် ထန်ထျန်းက လမ်းကြောင်းရှိရာသို့ ပြန်လှည့်သွားရန် ပြင်လိုက်သည်။

လောင်စူးမှာ ချက်ချင်း ထိတ်လန့်သွားပြီး ထန်ထျန်းကို အလျင်အမြန် တားဆီးကာ ဆက်မသွားရန် ကြိုးစားတော့သည်။

သို့သော် ထန်ထျန်းက ထိုမုဆိုးများနှင့် မျက်နှာချင်းဆိုင် တိုက်ရန် ဆုံးဖြတ်ချက် ခိုင်မာနေပုံရသည်။

​လောင်စူးက တားမရသော်လည်း လူအာရုံစိုက်မည့် အပြုအမူမျိုးကိုလည်း မလုပ်ချင်ပေ။

နောက်ဆုံးတွင် မတတ်သာသည့်အဆုံး အမှန်တရားအားလုံးကို ဖွင့်ပြောလိုက်ရတော့သည်။

​"အရှင် နှစ်ပါးက ငါ့ကို အဲ့ဒီလို လုပ်ခိုင်းလိုက်တာပါ။ "

"သူတို့က မင်းရဲ့ သတင်းအချက်အလက်တွေကို တခြားသူတွေ အစောကြီး မသိစေချင်လို့ မင်းကို အရင် ထိန်းထားခိုင်းလိုက်တာ"

လောင်စူးက ပြောလိုက်သည်။

​ထန်ထျန်း ကြားလိုက်ရသောအခါ အလွန် ဆွံ့အသွားရတော့သည်။

​သူ့ကို ဘယ်သူမှ မမှတ်မိတာ အံ့သြစရာ မရှိတော့ပေ ။ ဒီလူက မြင်ကွင်းကို ဖုံးထားခဲ့တာကိုး။

တကယ့်ကို မယုံနိုင်စရာ လုပ်ရပ်ပဲ။

ဒီလိုပုံစံမျိုးနဲ့ သူ့ကို ဆွဲခေါ် ချင်နေတာလား

​"ခင်ဗျားကကော သူတို့ဘက်ကလား"

ထန်ထျန်းက မေးလိုက်သည်။

​လောင်စူးက ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြပြီး ဝန်လည်းမခံ၊ ငြင်းလည်း မငြင်းပေ။

လုချန်းကျီ ပြောခဲ့တာ မှန်လိုက်တာ။ ထျန်းဖူနန်းတော်ရဲ့ ရေက တကယ်ကို နက်တာပဲ။

တွေ့လိုက်ရတဲ့ လူတိုင်းက စိတ်ကူးဉာဏ် တစ်သောင်းလောက် ရှိနေကြတာပဲ။

​"ကျွန်တော့်ကိစ္စကို ကျွန်တော်ပဲ ဆုံးဖြတ်မယ်။ "

"နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာရင်တော့ ကျွန်တော် မျက်နှာပျက်ရလိမ့်မယ်လို့ မပြောနဲ့"

ထန်ထျန်းက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လှည့်ထွက်သွားသည်။

​ခဲရာခဲဆစ် ဟန်ထုတ် ချင်ပါတယ်ဆိုမှ ဒီလူတွေက လာဖျက်ဆီးပစ်ကြသည်။

တကယ့်ကို ပျင်းစရာကောင်းတဲ့ လူတွေပဲ။

​သို့သော် သူက တကယ်တမ်း သွားပြီး သူ့ကိုယ်သူ ဖော်ထုတ်ပြခြင်းတော့ မလုပ်တော့ပေ။

ထိုသို့လုပ်ခြင်းမှာ ကလေးဆန်လွန်းလှသည်။

ထျန်းဖူနန်းတော်ကို ရောက်လာမှတော့ နောက်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးသည်။

​ထို့နောက် ထန်ထျန်းက တစ်နေရာတွင် အေးအေးလူလူ ထိုင်ရင်း အခြားတက်လှမ်းသူများ ထွက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

လူအုပ်ကြားတွင် လောင်စူး၏ အကြည့်မှာ ထန်ထျန်းအပေါ် ခဏမျှ တည်ရှိနေပြီးနောက် သူ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

All Chapters