← Chapters

မုဆိုး မူမုကျင်း

Vol. 20 Ch. 218

မုဆိုး မူမုကျင်း

Vol. 20 Ch. 218

​မြင်ကွင်းထဲတွင်...

​အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦးက ထျန်းဖူနန်းတော် ဝတ်ရုံ ဝတ်ဆင်ထားသည့် တပည့်တစ်ဦးကို ကြက်ကလေးတစ်ကောင်အား ဖမ်းထားသလိုမျိုး လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားသည်။

ထိုမုဆိုးမှာ တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ဆုံးနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

​သူသည်ကား ထျန်းဖူနန်းတော်က စေလွှတ်လိုက်သော မုဆိုးတစ်ဦးပင် ဖြစ်သည်။

​သို့သော် ကြည့်ရှုနေသူများက ထန်ထျန်း၏ ခေါင်းပေါ်တွင် ခရမ်းရောင်ကြယ်များ ရှိနေသည်ကို မြင်လိုက်ရသောအခါ တစ်ဦးကိုတစ်ဦး ကြောင်ကြည့်မိသွားကြသည်။

​"ဂုဏ်ထူးဆောင်တပည့် တစ်ယောက်လား"

​"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တစ်ဦးက အော်လိုက်သည်။

​အခြားသူများမှာလည်း အလွန်အံ့သြသွားသည့် အရိပ်အယောင်များ ပြနေကြသည်။

သူတို့၏ အမြင်တွင် ဂုဏ်ထူးဆောင်တပည့် အုပ်စုဆိုသည်မှာ အရေအတွက် ပြည့်ရုံသက်သက် ပါလာကြသူများသာ ဖြစ်သည်။

လက်အောက်ခံဂိုဏ်းများတွင်မူ ၎င်းတို့က ငွေကြေးခွန်အားနှင့် ဩဇာအာဏာဖြင့် မြင့်မားသော အဆင့်အတန်းကို ရရှိနိုင်ပေလိမ့်မည်။

​သို့သော် ခွန်အားကိုသာ တစ်ခုတည်းသော ယုံကြည်ချက်အဖြစ် ထားရှိသည့် ထျန်းဖူနန်းတော်တွင်မူ ဤအုပ်စု၏ နာမည်မှာ သိပ်မကောင်းလှပေ။

အပျော်အပါးမက်ခြင်း၊ ပျင်းရိခြင်းနှင့် စည်းစိမ်ခံခြင်းတို့မှာ သူတို့၏ ကိုယ်စားပြု နာမည်များ ဖြစ်လေ့ရှိသည်။

​သို့သော် ယခုအခါ မုဆိုးတစ်ဦးကို ပထမဆုံး အနိုင်ယူလိုက်သူမှာ ဂုဏ်ထူးဆောင်တပည့် တစ်ဦး ဖြစ်နေပြန်သည်။

​"တိုက်ပွဲဖြစ်စဉ်ကို မြင်လိုက်တဲ့သူ ရှိလား"

"သူ ဘယ်လို အနိုင်ယူလိုက်တာလဲ"

တစ်ဦးက မေးလိုက်သည်။

​မြင်ကွင်းကို ပထမဆုံး သတိထားမိသူက မျက်မှောင်ကြုတ်လျက် "သတိမထားမိလိုက်ဘူး"

" ဒီဘက်မှာ တိုက်ပွဲဖြစ်နေတာကိုပဲ မြင်လိုက်တာ၊ ငါ ကြည့်လိုက်တဲ့အချိန်မှာ တိုက်ပွဲက ပြီးသွားပြီ။ "

"သူက မျက်စိတစ်မှိတ်အတွင်းမှာပဲ မုဆိုးကို အနိုင်ယူလိုက်ပုံရတယ်"

​အားလုံး ထပ်မံ အံ့အားသင့်သွားကြသည်။

မုဆိုးတစ်ဦး ရှုံးနိမ့်သွားခြင်းမှာ သူတို့၏ ခန့်မှန်းချက်အတွင်း ရှိနေသည်။ အကြောင်းမှာ တက်လှမ်းလာသူများထဲတွင် အလွန်သန်မာသူများ ရှိနိုင်သလို မုဆိုးများထဲတွင်လည်း အားနည်းသူများ ရှိနိုင်သောကြောင့်ပင်။

သို့သော် ဤမျှ မြန်ဆန်သော အနိုင်ယူမှုမျိုးကိုမူ သူတို့ လုံးဝ မထင်ထားခဲ့ပေ။

​"တစ်ခုခု... အထူးနည်းလမ်းကို သုံးလိုက်တာများလား"

တစ်ဦးက ထိုဖြစ်နိုင်ခြေကို တင်ပြလိုက်သည်။

​ထိုအခါ လူအများက ဟန်ပါပါဖြင့် ခေါင်းငြိတ်ထောက်ခံကြသည်။

​"ဖြစ်နိုင်တယ်၊ ငါ အခုပဲ စုံစမ်းကြည့်လိုက်တော့ ဒီလူနာမည်က ထန်ထျန်းတဲ့၊ ချင်းယွဲ့ဂိုဏ်းက ဂုဏ်သရေရှိ သခင်လေးတစ်ယောက်ပဲ။ "

"သူက အရင်က နာမည်ကြီး သခင်လေးအချို့ကိုလည်း အနိုင်ယူပြီး ဂိုဏ်းချုပ် နေရာကို ရယူခဲ့ဖူးတယ်။ "

"ဘာလို့ အဲ့ဒီနေရာကို ပြန်ပေးလိုက်လဲ မသိပေမဲ့ အဲ့ဒီအဆင့်အထိ ရောက်ခဲ့တယ်ဆိုရင်တော့ အနည်းဆုံးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုက အတော်လေး ကြွယ်ဝမှာပဲ"

​"အစွမ်းထက်တဲ့ ရတနာပစ္စည်းတွေ ရှိနေတာကလည်း အံ့သြစရာ မဟုတ်တော့ဘူး"

လူအချို့က ထန်ထျန်း၏ အခြေခံ အချက်အလက်များကို လျင်မြန်စွာ စုံစမ်း သိရှိသွားကြသည်။

​ဤသည်ကို ကြားသောအခါမှ လူအများက သဘောပေါက်သွားကြသည်။

​"ဟမ့်... တကယ်ပဲ ဘယ်လောက် တော်နေလဲလို့၊ တကယ်တော့ 'ငွေကြေးစွမ်းအား' ကို သုံးထားတာကိုး"

လူအချို့က ခေါင်းခါလိုက်ကြပြီး စောစောက စိတ်ဝင်စားမှုများမှာလည်း တစ်ဝက်ခန့် လျော့နည်းသွားတော့သည်။

​သို့သော် သူတို့၏ ပြောစကားကို သဘောမတူသူများလည်း ရှိသည်။

​"အပြင်ပစ္စည်းတွေကို မသုံးရဘူးလို့ ဘယ်စည်းမျဉ်းကမှ သတ်မှတ်မထားဘူး။"

" ပြီးတော့ ဒါက လက်တွေ့ဘဝမှာ အချိန်မရွေး ကြုံတွေ့ရနိုင်တဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲပဲ၊ အဲ့ဒီလိုအချိန်မျိုးမှာ ရန်သူကို ရတနာပစ္စည်း မသုံးဖို့ မင်းက သွားတားလို့ ရမှာလား"

​"ဘယ်လို နည်းလမ်းပဲသုံးသုံး၊ နိုင်ရင် နိုင်တာပဲ၊ ပြောစရာ မရှိဘူး"

​လူအများက အငြင်းပွားနေကြသော်လည်း မကြာမီ သူတို့၏ အာရုံမှာ အခြားတပည့်များထံသို့ ရောက်သွားကြပြန်သည်။

ဂုဏ်ထူးဆောင်တပည့်များအပေါ် ထားရှိသည့် သူတို့၏ အဂတိတရားမှာ အမြစ်တွယ်နေပြီ ဖြစ်သည်။

ပထမဆုံး ထူးခြားမှုကို သတိထားမိသူ တစ်ဦးတည်းသာလျှင် ကိစ္စရပ်များမှာ ထင်သလောက် မရိုးရှင်းကြောင်း ယူဆသဖြင့် မြင်ကွင်းကို ထန်ထျန်းပေါ်၌သာ ပုံသေသတ်မှတ်ကာ ဆက်လက် စောင့်ကြည့်နေခဲ့သည်။

​တောအုပ်အတွင်း၌...

​ထန်ထျန်းက တစ်ချက်တည်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်ရာ တစ်ဖက်လူမှာ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။

အတော်ကြာမှ သတိပြန်လည်လာတော့သည်။

​သူ၏ ရှေ့တွင် ရှိနေသော ထန်ထျန်းကို မြင်လိုက်ရသောအခါ ထိုသူမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ ဝေးရာသို့ အသည်းအသန် ပြေးရန် ကြိုးစားသည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှာ ထန်ထျန်း၏ ချုပ်နှောင်မှုကို အပြည့်အဝ ခံထားရကြောင်း စိတ်ပျက်ဖွယ် သိလိုက်ရသည်။

​"မင်း... မင်း ဘာလုပ်မလို့လဲ"

သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​ထန်ထျန်းက လှည့်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

​"ငါ သတိပေးလိုက်မယ်၊ မဟုတ်တာ မလုပ်နဲ့နော်"

" မဟုတ်ရင် ထျန်းဖူနန်းတော်ထဲ ရောက်သွားတဲ့အခါ မင်းအတွက် လွယ်မှာ မဟုတ်ဘူး"

လူငယ်မုဆိုးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

​သို့သော် ထန်ထျန်းက ဘာမှ ပြန်မပြောဘဲ သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။ ယခုအချိန်တွင် ထန်ထျန်းမှာ မုဆိုးဖြစ်နေပြီး သူက သားကောင် ဖြစ်နေသယောင်ပင်။

​ခဏအကြာတွင် လူငယ်မုဆိုးမှာ စိတ်ထဲတွင် တုန်လှုပ်လာပြီး ကျောရိုးထဲအထိ အေးစိမ့်လာတော့သည်။

အဓိကမှာ ထန်ထျန်းက သူ၏ လှုပ်ရှားမှုအားလုံးကို ပိတ်ဆို့ထားသဖြင့် ယခုအခါ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း ပင် မလုပ်နိုင်တော့ပေ။

သူတစ်ပါး လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေသည့် ဤအခြေအနေက သူ၏ အာရုံကြောများကို တင်းကျပ်စေသည်။

​နောက်ဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ တုန်တုန်ရင်ရင်ဖြင့် ပြောလာသည်။ "ဟို... အစ်ကိုကြီး၊ ဒီလို မလုပ်ပါနဲ့ဗျာ"

​"ကျွန်တော်က အဲ့ဒီလို အကြိုက်မျိုး (လိင်တူ) မရှိပါဘူး... "

"ထျန်းဖူနန်းတော် ကို ပြန်ရောက်ရင် ကျွန်တော် အစ်ကိုကြီးကို ချောချောလှလှ ညီမလေးတွေနဲ့ မိတ်ဆက်ပေးပါ့မယ်..."

​ထိုသူမှာ ဖော်ပြ၍မရသော အောက်တန်းကျသည့် ကိစ္စရပ်များကို တွေးတောနေပုံရသည်။

ထန်ထျန်းကတော့ အေးစက်စွာသာ ကြည့်နေပြီး ထိုသူက သူ့ကိုယ်သူ အထင်ကြီးနေခြင်းများကို လျှော့ချလိုက်ပြီမှန်း သိမှသာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

​"မင်းက ဒီတစ်ခါ မုဆိုးပေါ့"

​လူငယ်မုဆိုးမှာ ကြောင်သွားပြီး ခါးသီးစွာ ခေါင်းညိတ်ပြသည်။

​"မင်းနာမည် ဘယ်လိုခေါ်လဲ"

ထန်ထျန်းက မေးလိုက်သည်။

​ထျန်းဖူနန်းတော်မှ မုဆိုးများနှင့် ပတ်သက်၍ သူ အနည်းငယ် စပ်စုချင်စိတ် ရှိနေသည်။

​"မူ... မူမုကျင်း"

လူငယ်မုဆိုးက ဖြေလိုက်သည်။

​ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ "ဘာလို့ ထစ်နေတာလဲ"

​မူမုကျင်းက ရှက်ကိုးရှက်ကန်းဖြင့် "ကျွန်တော် စကားမထစ်ပါဘူး၊ ကျွန်တော့်မျိုးရိုးက 'မူ' (သစ်သား)"

" နာမည်က 'မုကျင်း' (ရေချိုးခြင်း) ပါ"

​ထန်ထျန်းမှာ ဆွံ့အသွားရသည်။ မည်မျှအထိ ပညာတတ်သူက ဤကဲ့သို့ ထူးဆန်းသော နာမည်မျိုး ပေးနိုင်မည်နည်း။

​"မုဆိုးတွေဘက်က အခြေအနေကို ပြောပြ"

"မင်းမှာ ဒီတစ်ကြိမ်ပဲ အခွင့်အရေးရှိတယ်"

"တကယ်လို့ မင်း ကောင်းကောင်း မပူးပေါင်းရင်တော့ တပည့်ပေါင်း သောင်းချီထဲမှာ ယောကျ်ားချင်း စိတ်ဝင်စားတဲ့သူတွေ သေချာပေါက် ရှိမှာပဲ"

​မူမုကျင်းမှာ ဦးရေပြားများ ထုံကျင်သွားပြီး သူ သိသမျှ အကုန်ပြောပါမည်ဟု အလျင်အမြန် ကတိပေးတော့သည်။

​ခဏအကြာတွင် မူမုကျင်း၏ ပြောစကား အရ ထန်ထျန်းက မုဆိုးအုပ်စုအကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။

မုဆိုး စုစုပေါင်း ၅၀၀ ကျော်ရှိပြီး တောင်တစ်ခုစီတွင် လူ ၅၀ ခန့်စီ ခွဲဝေကာ တက်လှမ်းလာသူများကို "အမဲလိုက်" ရန် တာဝန်ပေးထားသည်။

သူတို့သည်လည်း တက်လှမ်းလာသူများကဲ့သို့ပင် အသက် ၂၅ နှစ်အောက် လူငယ်များ ဖြစ်ကြသည်။

​ထူးခြားသည်မှာ သူတို့၏ ခွန်အားမှာ အပြတ်အသတ် သာလွန်နေခြင်းပင်။

အားနည်းဆုံးသူပင် တက်လှမ်းခြင်း အစောပိုင်းအဆင့် ရှိသည်။

အသန်မာဆုံးသူများမှာမူ အင်မော်တယ်တစ်ဝက် များ ဖြစ်ကြပြီး အင်မော်တယ် အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

​ဤသည်ကို ကြားသောအခါ ထန်ထျန်း အနည်းငယ် စိတ်ပျက်သွားသည်။ အသန်မာဆုံးမှ အင်မော်တယ်တစ်ဝက်ပဲလား၊ ထျန်းဖူနန်းတော်က ပါရမီရှင်တွေက ဒီလောက်ပဲလားဟု တွေးမိသည်။

​သို့သော် မူမုကျင်းက ချက်ချင်းပင် ရှင်းပြသည်။ ဤသည်မှာ ထျန်းဖူနန်းတော်က တမင် စီစဉ်ထားခြင်း ဖြစ်သည်။

အင်မော်တယ် အဆင့်ရှိသော ပါရမီရှင်များမှာ တက်လှမ်းလာသူများအတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိသဖြင့် မျှတမှု ရှိစေရန် တက်လှမ်းခြင်း အဆင့်ရှိ တပည့်များကိုသာ ရွေးချယ်ထားခြင်း ဖြစ်သည်။

ဤမုဆိုးများက သူတို့ဂိုဏ်းတွင် အသန်မာဆုံးလည်း မဟုတ်သလို အားအနည်းဆုံးလည်း မဟုတ်ကြပေ။

ဤစမ်းသပ်ပွဲက သူတို့အတွက်လည်း အနာဂတ် တွင် ထိပ်တန်းတပည့် ဖြစ်လာရန် အကဲဖြတ်မှု တစ်ခု ဖြစ်သည်။

ရရှိသည့် "အသက်" ပိုများလေလေ၊ ပိုအဖိုးတန်လေလေ သူတို့၏ အဆင့်အတန်းမှာ ပိုမြင့်မားလေလေ ဖြစ်သည်။

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ဤအခြေအနေမှာ သူ ခန့်မှန်းထားသည်နှင့် ထပ်တူပင်။

သို့သော် သူ နားမလည်သည့် ကိစ္စတစ်ခု ရှိသေးသည်။

​"ထျန်းဖူနန်းတော် က မင်းတို့ကို လုံးဝ စိတ်ချနေတာလား။"

" မင်းတို့ မုဆိုးတွေ ရှုံးနိမ့်သွားနိုင်ခြေကို သူတို့ ထည့်မစဉ်းစားဘူးလား။ "

"အခု အချိန်အတွင်းမှာ ငါ မင်းကို အကြိမ်ပေါင်းများစွာ သတ်လို့ ရနေပြီ"

" ဘာလို့ မင်းကို ဘယ်သူမှ လာမကယ်ကြတာလဲ"

ထန်ထျန်းက မေးလိုက်သည်။

All Chapters