တောင်တစ်ခုလုံးကို ရှင်းခြင်း
Vol. 20 Ch. 220
တတိယတောင်...
ထန်ထျန်းက မုဆိုးတစ်ဦးကို လက်စသတ်ပြီးနောက် အတွင်းသို့ ဝင်လာခဲ့သည်။
စမ်းသပ်ပွဲ စတင်ခဲ့သည်မှာ နာရီဝက်ခန့် ကြာမြင့်သွားပြီ ဖြစ်သည်။
ယခုအခါ တက်လှမ်းသူအချို့က တတိယတောင်ထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ လမ်းတစ်လျှောက်တွင် မုဆိုးများနှင့် တက်လှမ်းသူများကြား တိုက်ပွဲအချို့ကို တွေ့ရသည်။
အချို့မှာ အပြတ်အသတ် ခြေမှုန်းခံရပြီး တတိယတောင်၏ "အသက်" ကို လွှဲပြောင်းပေးလိုက်ရသည်။
အချို့မှာမူ လက်ရည်တူ တိုက်ခိုက်နေကြသဖြင့် မုဆိုးက အချိန်ကုန်မခံတော့ဘဲ လက်လျှော့သွားသည်လည်း ရှိသည်။
ထို့ကြောင့် အချို့သော တက်လှမ်းသူများမှာ အသက်ကို ဆက်လက် ထိန်းထားနိုင်ကြသည်။
အချို့သော သူများမှာမူ ပုန်းကွယ်ခြင်း ကျင့်စဉ် ၌ ကျွမ်းကျင်ကြသဖြင့် မုဆိုးများ မတွေ့အောင် တိတ်တဆိတ် စမ်းတဝါးဝါးဖြင့် ရှေ့တိုးနေကြသည်။
လူတိုင်းမှာ သူတို့၏ အသက်များကို အတတ်နိုင်ဆုံး ကာကွယ်ရန် ကြိုးစားနေကြခြင်းပင်။
"တကယ် မလွယ်ပါလား"
"ဆေးလုံး အနည်းငယ်အတွက်နဲ့ သူတို့ရဲ့ သတိ တွေကို အပြည့်အဝ လှုပ်နှိုးနိုင်တာပဲ"
ထန်ထျန်းက ရေရွတ်လိုက်မိသည်။
တကယ်တော့ ထျန်းဖူနန်းတော်မှ မုဆိုးများကို ကြည့်ပြီးနောက် တက်လှမ်းသူများနှင့် မုဆိုးများကြား ခြားနားချက်မှာ အပေါ်ယံ မြင်ရသလောက် ကြီးမားခြင်း မရှိကြောင်း ထန်ထျန်း တွေ့ရှိခဲ့သည်။
ခြုံငုံသုံးသပ်ရလျှင် မုဆိုးအုပ်စုက ပထမအဆင့် တက်လှမ်းသူများထက် အနည်းငယ်သာ ပိုသန်မာကြခြင်း ဖြစ်သည်။
ဤသို့ ကွာခြားရခြင်းမှာ အရင်းအမြစ်နှင့် ကျင့်ကြံမှု ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်သည်။
တက်လှမ်းသူများ အမြင်တွင် ရှန့်ထန်း ဆေးလုံး မှာ နတ်ဆေးလုံး ကဲ့သို့ ဖြစ်သော်လည်း မုဆိုးများအတွက်မူ ၎င်းမှာ ကောင်းမွန်သော ကျင့်ကြံမှု ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။
သူတို့မှာ ထိုအရာများကို မြင်တွေ့နေကြ ဖြစ်သည်။
ထို့ကြောင့် တောင်အချို့ကို ရှင်းပြီး တက်လှမ်းသူအားလုံးအတွက် အကျိုးခံစားခွင့် ဖန်တီးပေးရန်မှာ ပို၍ လိုအပ်သည်ဟု ထန်ထျန်း ယူဆလိုက်သည်။
"တက်လှမ်းသူတွေ မရောက်သေးတဲ့ တောင်တွေကိုပဲ ရှာရအောင်"
ထန်ထျန်း တွေးလိုက်သည်။
သူက အရှိန်ကို မြှင့်တင်လိုက်သည်။
တတိယတောင်မှ မထွက်ခွာမီ နောက်ဆုံး မုဆိုးတစ်ဦးနှင့် တွေ့သဖြင့် ထိုသူကို ပြိုင်ပွဲမှ ထုတ်လိုက်ပြီးနောက် စတုတ္ထတောင်ထဲသို့ ဝင်ရောက်သွားသည်။
အပြင်ဘက်တွင်မူ လောင်စူးက ထန်ထျန်းက တစ်ဖက်လူ သတိမထားမိခင်မှာပင် တစ်ချက်တည်းဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်လိုက်သည်ကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။
သို့သော် ယခုတစ်ခါတွင် သူသည် ဘေးပတ်ဝန်းကျင်က လူများကို ကြည့်လိုက်ပြီး ဤကိစ္စကို ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့ရဲ့ အစွဲ က ဒီလောက်အထိ အမြစ်တွယ်နေမှတော့ မျက်နှာ ဖြတ်ရိုက်ခံရမယ့် အချိန်ကိုပဲ စောင့်နေကြတော့"
သူတွေးလိုက်သည်။
သို့သော် ထန်ထျန်းက ဘာကြောင့် ဤမျှ မြန်မြန်သွားနေရသနည်း ဆိုသည်ကိုတော့ သူ နားမလည်နိုင်သေးပေ။
တစ်ချိန်တည်းမှာပင် ကမ်းပါးအောက်ရှိ အခြားသော နေရာတစ်ခု...
ဤနေရာက မုဆိုးများ စတင်ဝင်ရောက်ရာ နေရာဖြစ်သလို ရှုံးနိမ့်သွားသူများ ပြန်လည် ရောက်ရှိလာသည့် နေရာလည်း ဖြစ်သည်။
ယခုအခါ ကံဆိုးသူ မုဆိုး တစ်ဒါဇင်ခန့် ရောက်ရှိနေပြီ ဖြစ်သည်။
"ကျစ်... ကံဆိုးလိုက်တာ၊ ငါ ဘယ်လိုလုပ် အဲ့ဒီလို ကောင်မျိုးနဲ့ သွားတိုးရတာလဲ။"
" တက်လှမ်းခြင်း နှောင်းပိုင်းအဆင့် တောင် ရှိတယ်၊ တက်လှမ်းသူ တစ်သောင်းထဲမှာ အဆင့် ၅ အတွင်း ချိတ်မယ့်သူပဲ"
တက်လှမ်းခြင်း အစောပိုင်းအဆင့် ရှိသော မုဆိုးတစ်ဦးက ညည်းတွားနေသည်။
"မင်းကတော့ ကံကောင်းသေးတာပေါ့၊"
" ငါကမှ တကယ် ကံဆိုးတာ။ စဝင်ချင်းမှာတင် သန်မာ တဲ့ ကောင်နဲ့ တိုးတာ၊ တိုက်လို့ကို မနိုင်ဘူး။"
" သူ့ကို လက်လျှော့ပြီး တခြားတစ်ယောက်နဲ့ တွေ့တော့ အဆင့်က အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ်အဆင့် ပဲ ရှိတာ၊ ဒါပေမဲ့ ကြောက်စရာကောင်းလောက်အောင် သန်မာနေတယ်။"
" အဆိုးဆုံးက သူက အရူးမလေးပဲ၊ ငါ့နောက်ကို လိုက်တိုက်နေတာ..."
နောက် မုဆိုးတစ်ဦးက ပြောသည်။
ရှုံးနိမ့်သွားသော မုဆိုးများမှာ အများအားဖြင့် အစောပိုင်းအဆင့်များ ဖြစ်ကြသဖြင့် အားအနည်းဆုံး အုပ်စု ဖြစ်သည်။
သို့သော် ထိုအထဲတွင် တက်လှမ်းခြင်း အလယ်အလတ်အဆင့် ရှိသော မုဆိုးတစ်ဦးမှာမူ မျက်နှာပျက်လျက် တစ်ဦးတည်း ဘေးထွက်ကာ တွေးတောနေသည်။
ထိုစဉ် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုသူကို မြင်လိုက်ရသောအခါ အခြားမုဆိုးများမှာ မှင်သက်သွားကြသည်။
"စီနီယာအစ်ကိုဖုန်းလား"
"စီနီယာအစ်ကိုတောင် ရှုံးသွားတာလား"
မုဆိုးများမှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
အကြောင်းမှာ ဤ စီနီယာအစ်ကိုဖုန်းက အင်မော်တယ်တစ်ဝက် အဆင့် ဖြစ်သောကြောင့်ပင်။
သူတို့အတွက် ဤစမ်းသပ်ပွဲမှာ ကံဆိုးသူများကို ရှာဖွေရုံသက်သက်သာ ဖြစ်သင့်သော်လည်း ယခုအခါ သူပင် ရှုံးနိမ့်လာခဲ့ပြီ။
"စီနီယာအစ်ကို... ဘယ်လိုဖြစ်တာလဲ။ "
"ဘယ်သူက ဒီလောက် သန်မာနေလို့လဲ"
သူတို့ ဝိုင်းမေးကြသည်။
သို့သော် စီနီယာအစ်ကိုဖုန်းမှာ မျက်မှောင်ကြုတ်လျက် "ငါ... ငါ မသိဘူး။ "
"တစ်ဖက်လူရဲ့ မျက်နှာကိုတောင် မမြင်လိုက်ရဘူး၊ အဆောင်က တစ်ခဏအတွင်းမှာပဲ အလိုအလျောက် ပွင့်သွားတာ။ "
"တစ်ဖက်လူရဲ့ ခွန်အားက ငါ့ထက် အများကြီး သာလွန်နေတယ်"
အားလုံးမှာ ဆွံ့အသွားကြသည်။
သူ့ထက် သာလွန်သည်ဆိုလျှင် ဧကန်မုချ အစစ်အမှန်အင်မော်တယ် အဆင့် ဖြစ်ပေလိမ့်မည်။
တက်လှမ်းသူများထဲတွင် အင်မော်တယ် အဆင့်အထက် ရှိသူ ရှိနေသလား။
ဤသည်မှာ မဖြစ်နိုင်ပေ။
ထိုစဉ် အမြဲတမ်း တိတ်ဆိတ်နေသည့် အလယ်အလတ်အဆင့် မုဆိုးက ရှေ့သို့ လှမ်းလာသည်။
"ကျွန်တော့် အခြေအနေလည်း စီနီယာအစ်ကိုနဲ့ တူတူပါပဲ။"
" ကျွန်တော့်ကို ဘယ်သူ ထုတ်လိုက်လဲဆိုတာ လုံးဝ သတိမထားမိလိုက်ဘူး"
အားလုံး ထပ်မံ တုန်လှုပ်သွားကြသည်။
ဤလျှို့ဝှက်ဆန်းကျယ်သူက တစ်ကြိမ်ထက်မက လက်လှုပ်လိုက်ပြီ ဆိုသည့် သဘောပင်။
ထိုစဉ်မှာပင် အလင်းတန်းများ ဆက်တိုက် လက်လာပြီး နောက်ထပ် နှောင်းပိုင်းအဆင့် မုဆိုးတစ်ဦးပါ ပေါ်လာပြန်သည်။
.....
ထန်ထျန်းက လမ်းတွင်တွေ့သည့် မုဆိုးအချို့ကို ရှင်းလင်းရင်း စတုတ္ထတောင်ကို ဖြတ်ကျော်ကာ ပဉ္စမတောင်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် မည်သည့် တက်လှမ်းသူကိုမျှ မတွေ့ရသေးပေ။
တက်လှမ်းသူများ၏ အမြန်နှုန်း ကို ခန့်မှန်းကြည့်ပြီးနောက် ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"အင်း... တော်လောက်ပြီ"
သူက ကောင်းကင်ကို မော့ကြည့်ကာ သူ့၏ စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်လိုက်သည်။
ဧရာမ စိတ်အာရုံကြီးမှာ ပဉ္စမတောင်၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားပြီး အစွမ်းထက်သော ပုံရိပ်ပေါင်း ဒါဇင်အချို့ သူ၏ အာရုံထဲတွင် ပေါ်လာသည်။
"မင်းတို့ကနေပဲ စရအောင်။ "
"တစ်ခါတလေမှာ ကံကောင်းတာကလည်း ခွန်အားရဲ့ စံနှုန်းတစ်ခုပဲ။"
" မင်းတို့ကို ဒီနေရာမှာ တာဝန်ချထားမိတဲ့ မင်းတို့ရဲ့ ကံတရားကိုပဲ အပြစ်တင်ကြတော့"
ထန်ထျန်းက အေးဆေးစွာ ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏတွင် သူက မုဆိုးတစ်ဦး၏ နောက်၌ ပေါ်လာပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ထိုသူကို တောင်အပြင်သို့ ထုတ်လိုက်သည်။
.....
အပြင်ဘက်တွင် လောင်စူးက ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်များ ကြုတ်နေမိသည်။
ထန်ထျန်းနှင့် မူမုကျင်း တွေ့ဆုံချိန်မှစ၍ သူက ထန်ထျန်းကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထန်ထျန်းက ဒုတိယ၊ တတိယနှင့် စတုတ္ထတောင်များကို လျင်မြန်စွာ ဖြတ်ကျော်ပြီး ပဉ္စမတောင်ထဲသို့ ဝင်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် ထန်ထျန်းက မုဆိုးအတော်များများကို လွယ်လွယ်ကူကူ ရှင်းလင်းခဲ့သော်လည်း ပဉ္စမတောင်ထဲ ရောက်သောအခါ ထန်ထျန်းက ရပ်တန့်သွားသည်။
"သူ ဘာလုပ်မလို့လဲ"
လောင်စူး နားမလည် ဖြစ်နေစဉ်မှာပင် အဖြေက ပေါ်ထွက်လာသည်။
ထန်ထျန်း၏ ပုံရိပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ပဉ္စမတောင်အတွင်း ဟိုဟိုဒီဒီ ကူးလူးပျံသန်းနေသည်။
သူက မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ၊ မုဆိုးအားလုံး၏ တည်နေရာကို သိရှိနေပြီး ပေါ်လာတိုင်းတွင် တစ်ယောက်ကို တိတိကျကျ ပြိုင်ပွဲမှ ထုတ်ပယ်နေသည်။
တစ်ယောက်မှ လွတ်မသွားပေ။
ပဉ္စမတောင်အတွင်းရှိ မုဆိုးအရေအတွက် တဖြည်းဖြည်း လျော့နည်းလာသည်နှင့်အမျှ လောင်စူး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ အစားထိုးလာသည်။
"ဒီကောင်... တောင်တစ်ခုလုံးကို..."
"အကုန် ရှင်းထုတ်ပစ်တော့မှာပဲ"
လောင်စူးက စိတ်ထဲမှ ကြွေးကြော်လိုက်တော့သည်။