← Chapters

ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်း

Vol. 20 Ch. 221

ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်း

Vol. 20 Ch. 221

​အပြင်ဘက်၊ ကမ်းပါးယံအောက်တွင်...

​ရုတ်တရက် ပေါ်လာသော အခြေအနေကြောင့် လူတိုင်း မှင်သက်သွားကြသည်။

​စီနီယာအစ်ကိုဖုန်း ပြိုင်ပွဲမှ ထွက်လာပြီးနောက် မုဆိုးများ ရှုံးနိမ့်သွားခြင်းကို ကိုယ်စားပြုသည့် အလင်းတန်းများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် လက်လာတော့သည်။

အဆန်းကြယ်ဆုံး အချက်မှာ ပြိုင်ပွဲမှ ထွက်လာသည့် မုဆိုးတိုင်းက ကြောင်တောင်တောင် ဖြစ်နေကြခြင်းပင်။

​သူတို့ကို မေးမြန်းကြည့်သောအခါမှ သူတို့ကို မည်သူက ထုတ်လိုက်သည်ကိုပင် လုံးဝ မသိလိုက်ကြကြောင်း သိရသည်။

​"ဘာတွေ ဖြစ်နေတာလဲ"

​"ငါ့ကို တာဝန်ချထားတဲ့ နေရာက ပဉ္စမတောင်ပဲလေ"

​"ဒီလောက် မြန်မြန်နဲ့ တက်လှမ်းသူတွေ ရောက်လာတာလား"

​တစ်ဦးက နားမလည်နိုင်စွာ ပြောလိုက်သည်။

သို့သော် သူ၏ စကားအဆုံးတွင် အခြားသူများမှာ မျက်လုံးပြူးကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အကြောင်းမှာ ယခုတစ်ခဏအတွင်း လျင်မြန်စွာ ရှုံးနိမ့်လာသူများမှာ ပဉ္စမတောင်တွင် တာဝန်ကျသူများသာ ဖြစ်နေသောကြောင့်ပင်။

​"ငါက စတုတ္ထတောင်ကပါ"

စီနီယာအစ်ကိုဖုန်းက လေးနက်သော လေသံဖြင့် ပြော သည်။

​"ငါက တတိယတောင်က"

ထန်ထျန်း ပထမဆုံး ထုတ်လိုက်သည့် မုဆိုးကလည်း ပြောလာသည်။

​လူတိုင်း ကြောင်သွားကြပြီးနောက် စတင် သုံးသပ်ကြတော့သည်။

အကယ်၍ ဤကိစ္စကို လူတစ်ယောက်တည်းကသာ လုပ်ဆောင်ခဲ့သည်ဆိုလျှင် ထိုသူက ရှေ့ဆုံးတောင်လေးခုကို လျင်မြန်စွာ ဖြတ်ကျော်လာပြီး လမ်းတွင်တွေ့သည့် မုဆိုးများကိုပါ ရှင်းလင်းခဲ့ကာ နောက်ဆုံးတွင် ပဉ္စမတောင်ထဲသို့ ရောက်ရှိလာပြီး အကြီးအကျယ် သုတ်သင်နေခြင်း ဖြစ်ပေလိမ့်မည်။

​"မဖြစ်နိုင်တာ"

တစ်ဦးက ချက်ချင်းပင် အော်ဟစ်ကာ ကန့်ကွက်လိုက်သည်။

​"တက်လှမ်းသူတစ်ယောက်မှာ ဒီလို ခွန်အားမျိုး ရှိဖို့ မဖြစ်နိုင်ဘူး၊ သူ လူရှင်းထုတ်တဲ့ အမြန်နှုန်းက အရမ်း မြန်လွန်းတယ်"

​"ဟုတ်တယ်၊ သူက အင်မော်တယ် အဆင့်ဖြစ်နေရင်တောင် ဒီလောက်အထိ သန်မာနေဖို့ မသင့်တော်ဘူး။"

" တစ်ခုခုတော့ မှားနေပြီ"

​လူအများက ဝိုင်းပြောကြသည်။

ဤအခြေအနေက မြင်ကွင်းများကို စောင့်ကြည့်နေကြသည့် အစစ်အမှန်အင်မော်တယ် အဆင့်ရှိ အကြီးအကဲများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။ သူတို့လည်း ကြောင်နေကြသည်။

အကြောင်းမှာ လက်ရှိ တက်လှမ်းသူများထဲတွင် အမြန်ဆုံးသူပင် စတုတ္ထတောင်သို့ ရောက်ရုံသာ ရှိသေးသောကြောင့် ဖြစ်သည်။

​၎င်းအပြင် သူတို့၏ စွမ်းဆောင်ရည်အရ အသန်မာဆုံးသူပင်လျှင် ထိပ်တန်းမုဆိုး တစ်ယောက်နှင့်သာ လက်ရည်တူနိုင်ပြီး ယခုကဲ့သို့ မယုံနိုင်စရာ ကိစ္စမျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

​"တောင်ကိုးလုံးထဲမှာ တကယ်ပဲ ပြဿနာတက်နေတာလား"

​အကြီးအကဲများက လေးနက်စွာ ဆွေးနွေးနေကြသော်လည်း သူတို့ သတိမထားမိသည်မှာ လောင်စူး တစ်ယောက်က ထောင့်တစ်နေရာတွင် ထိုင်ကာ အခြားသူများ ပျာပျာသလဲ ဖြစ်နေသည်ကို တိတ်တဆိတ် ကြည့်နေခြင်းပင်။

သူက မြင်ကွင်းတစ်ခုကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။

​"ဟားဟား... အကုန်လုံး ပူပန်နေကြစမ်းပါ။"

" လူကို အထင်သေးခဲ့ကြတာကိုး"

လောင်စူးက စိတ်ထဲမှ ကျိတ်ပြောနေသည်။

​သို့သော် မြင်ကွင်းထဲတွင် သေမင်းတစ္ဆေတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ပျံဝဲနေသည့် ထန်ထျန်း၏ ပုံရိပ်ကို ကြည့်ကာ သူကိုယ်တိုင်ပင် ကျောစိမ့်လာမိသည်။

ထန်ထျန်းက လူဖျင်းတစ်ယောက် မဟုတ်ဘဲ တကယ် တော်သူဖြစ်ကြောင်း သူ သိထားသော်လည်း ဤမျှအထိ သောင်းကျန်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​ထန်ထျန်း၏ လုပ်ရပ်ကို ကြည့်ရသည်မှာ ပဉ္စမတောင်တစ်ခုလုံးကို တစ်ယောက်တည်းနှင့် အကုန်ရှင်းထုတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

လောင်စူးက ထန်ထျန်း ဘာကြောင့် ဤသို့ လုပ်သည်ကို နားမလည်သော်လည်း ဤမြင်ကွင်းကို အခြားသူများ အလွယ်တကူ မြင်တွေ့ခွင့် မပေးနိုင်ကြောင်း သူ သိသည်။

​ဤအကြီးအကဲများ ဘာကြောင့် ဤနေရာကို လာကြသနည်း။

အဓိက ရည်ရွယ်ချက်မှာ ထူးချွန်သည့် ပါရမီရှင်များကို ကြိုတင် စူးစမ်းပြီး သူတို့ဘက်သို့ သိမ်းသွင်းရန် ဖြစ်သည်။

လောင်စူးမှာလည်း ထိုသို့ပင်။

အကယ်၍ သူသာ ဤမြင်ကွင်းကို လွှတ်ပေးလိုက်လျှင် ထန်ထျန်းက အလုအယက် ကမ်းလှမ်းခံရမည့်သူ ဖြစ်သွားပေလိမ့်မည်။

​လူတိုင်းတွင် အတ္တရှိကြသည်ပင်။

လောင်စူးက အခွင့်အရေးကို ကြိုတင် ရရှိထားသဖြင့် ထန်ထျန်းကို သူ့ဘက်သို့ ပါလာအောင် အစွမ်းကုန် ကြိုးစားလိုသည်။

သူက ခဏမျှ စဉ်းစားပြီးနောက် သတင်းပို့ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

​"ခန်းမသခင်"

"အရေးကြီး ကိစ္စပါ"

"ဒီမှာ ကျွန်တော် တကယ့် ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ထားပါတယ်"

.....

​၁၅ မိနစ် ခန့် ကြာပြီးနောက် ထန်ထျန်းက ပဉ္စမတောင်အတွင်းရှိ နောက်ဆုံးမုဆိုးကို ထုတ်လိုက်သည်။

သူ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်လှပြီး မုဆိုးများကို ပြန်လည် တိုက်ခိုက်ခွင့်ပင် မပေးခဲ့ပေ။

မျက်နှာချင်းတောင် မဆိုင်ခဲ့ပေ။

ထန်ထျန်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း မဟုတ်ဘဲ သူတို့နှင့် စကားများပြီး အချိန်မဖြုန်းချင်ရုံသာ ဖြစ်သည်။

​ဘာပဲဖြစ်ဖြစ် အပြင်ကလူတွေ မြင်နေရမှာပဲလေ။

​"ဟမ့်... ငါတို့ တက်လှမ်းသူတွေကို အားနည်းတယ်လို့ တကယ် ထင်နေကြတာလား"

ထန်ထျန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

​အထင်သေးခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းမှာ စိတ်ထဲတွင် တစ်မျိုးတော့ ဖြစ်မိသည်ပင်။

သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ တက်လှမ်းသူများအတွက် ဆေးလုံးရအောင် ကူညီပေးခြင်းအပြင် ဤဒေါသကို ဖြေဖျောက်လိုခြင်းလည်း ပါဝင်သည်။

ထျန်းဖူနန်းတော်က လူတွေကို လက်အောက်ခံဂိုဏ်းက တပည့်တွေက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ကြောင်း သူ ပြသချင်နေသည်။

​အချိန်ကို တွက်ချက်ပြီးနောက် ထန်ထျန်းက ဆဋ္ဌမတောင်ဘက်သို့ ပျံသန်းသွားတော့သည်။

လုပ်မှတော့လည်း ပိုပြီး ကြီးကြီးမားမား လုပ်လိုက်တော့မည်။

.....

​စတုတ္ထတောင်၏ အစွန်းတွင်...

​ပုံရိပ်နှစ်ခုက တောအုပ်အတွင်း အသည်းအသန် ပြေးလွှားနေကြပြီး ပြင်းထန်သော အော်ရာ ကြောင့် လမ်းတစ်လျှောက်ရှိ အရာအားလုံး လွင့်စင်သွားကြသည်။

ရှေ့မှ ပြေးနေသူ၏ ခေါင်းပေါ်တွင် တောက်ပသော ရွှေရောင်ကြယ်များ ဝန်းရံထားရာ သူက ပထမအဆင့် တက်လှမ်းသူများထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

နောက်မှ လိုက်နေသူမှာမူ မုဆိုးတစ်ဦး ဖြစ်သည်။

​တက်လှမ်းသူမှာ သိသိသာသာ အားနည်းသဖြင့် အသည်းအသန် ထွက်ပြေးနေရသည်။

မုဆိုးကလည်း လိုက်နေပြီး အကြိမ်ပေါင်းများစွာ ဖမ်းမိလုနီးပါး ဖြစ်ခဲ့သော်လည်း တက်လှမ်းသူ၏ ပါးနပ်သော ကိုယ်ယောင်ဖျောက်နည်းများကြောင့် ကံကောင်းထောက်မစွာ လွတ်မြောက်နေခြင်း ဖြစ်သည်။

သို့သော် သူသည်လည်း အသက်ဘေးနှင့် ရင်ဆိုင်နေရပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်။

​ကံကောင်းသည်မှာ မုဆိုး မိတော့မည့် အချိန်တွင် တက်လှမ်းသူက စတုတ္ထတောင်နှင့် ပဉ္စမတောင်ကြားရှိ နယ်နိမိတ်ကို အစွမ်းကုန် ခုန်ကူးနိုင်ခဲ့ခြင်းပင်။

မုဆိုးများက နယ်မြေကျော်ခွင့် မရှိသဖြင့် မကျေမနပ်နှင့် ရပ်တန့်လိုက်ရသည်။

​လွတ်မြောက်သွားသော တက်လှမ်းသူကို ကြည့်ကာ မုဆိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်။"

" ငါ တခြားတစ်ယောက်ကို ကိုင်တွယ်နေတုန်း မင်း လွတ်သွားတာ၊ မဟုတ်ရင် မင်း အသက်ကို ငါ ယူလိုက်ပြီ"

​သို့သော် တက်လှမ်းသူမှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။

အသက်တူ ပါရမီရှင်ချင်း အတူတူ ဘယ်သူက ပိုမြင့်မြတ်နေလို့လဲ။

သူက လှောင်ပြောင်စွာ ပြုံးလျက် "ရှုံးတာဟာ ရှုံးတာပဲ၊ စကားနာထိုးနေလို့ ဘာထူးမှာလဲ။"

" ပေါ့ဆလို့ပါဆိုတဲ့ ဆင်ခြေက အသုံးမဝင်ဘူး။ တကယ်လို့ ဒါက သေ​ခြင်းရှင်ခြင်း တိုက်ပွဲသာဆိုရင် မင်းကို အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့ နည်းလမ်း ဆယ်မျိုးလောက် ငါ့မှာ ရှိတယ်"

​မုဆိုးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း "သိပ်ပြီး ဝမ်းမသာနဲ့ဦး။ "

"မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင် ပဉ္စမတောင်ထဲမှာ အမွှေးတိုင်တစ်တိုင်စာ အချိန်တောင် ခံမှာ မဟုတ်ဘူး"

​တက်လှမ်းသူက ရယ်မောကာ "အဲ့ဒါ မင်းနဲ့ မဆိုင်တော့ဘူးလေ။"

" သူတို့ ငါ့ကို သတ်နိုင်တာနဲ့ မင်း ငါ့ကို မသတ်နိုင်တာဟာ ဘာမှ မပတ်သက်ဘူး။ နောက်ပြီး မင်းက ကျင့်ကြံမှု ပတ်ဝန်းကျင်ကောင်းတာကို အခွင့်ကောင်းယူထားတာလေ"

" တကယ်လို့ ငါတို့လို နေရာမျိုးမှာဆိုရင် မင်း ပထမအဆင့်ထဲတောင် ပါမှာ မဟုတ်ဘူး"

​မုဆိုး၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားသည်။

"မင်းကို ငါ မှတ်ထားမယ်။"

" မင်း ထျန်းဖူနန်းတော် ထဲ ရောက်လာတဲ့အခါ ပြန်တွေ့ကြတာပေါ့"

​တက်လှမ်းသူကလည်း ဂရုမစိုက်စွာဖြင့် "ငါလည်း မင်းကို မှတ်ထားမယ်။ "

"အဲ့ဒီကျရင် ဒီနေ့ အကြွေးကို ပြန်ဆပ်ရမှာပေါ့"

​နှစ်ဦးစလုံးမှာ မာန်မာနကြီးသော ပါရမီရှင်များ ဖြစ်ကြရာ တစ်ဦးကိုတစ်ဦး အလျှော့မပေးကြပေ။

စကားနာထိုးပြီးနောက် မုဆိုးမှာ စတုတ္ထတောင်ထဲသို့ ပြန်ဝင်သွားပြီး တက်လှမ်းသူမှာမူ ခဏမျှ အနားယူကာ ရှေ့သို့ သတိရှိရှိ ဆက်လက် ချီတက်ခဲ့သည်။

ထိုသူပြောခဲ့သည်မှာ မှန်ပါသည်၊ ယခု သူ၏ အခြေအနေနှင့်ဆိုလျှင် မည်သည့် မုဆိုးနှင့်တွေ့တွေ့ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

​သို့သော် အတော်ကြာအောင် လျှောက်လာပြီးနောက် သူသည် မုဆိုးတစ်ဦးနှင့်မျှ မတွေ့ရပေ။

​ဘာဖြစ်တာလဲ။

ငါ့ဆီကို ကံကောင်းခြင်း တွေ ရောက်လာတာလား။

​တက်လှမ်းသူမှာ နားမလည်သော်လည်း သတိကို ကပ် ကာ ဖြည်းဖြည်းချင်း ရှေ့တိုးနေခဲ့သည်

။ သို့သော် သူ မထင်မှတ်ထားသည်မှာ ဆဋ္ဌမတောင်၏ အစွန်းသို့ ရောက်သည်အထိ မုဆိုးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ မမြင်တွေ့ခဲ့ရခြင်းပင်။

အရာအားလုံးက ချောမွေ့လွန်းနေသဖြင့် သူ အနည်းငယ် ကြောင်နေမိသည်။

​သို့သော် မကြာမီ သူ ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ရှန့်ထန်း ဆေးလုံး တစ်လုံးကို ထိန်းသိမ်းနိုင်တာ ကောင်းတဲ့ကိစ္စပဲလေ။

စိတ်ကို တည်ငြိမ်အောင် ထားပြီး သူ ရှေ့ဆက်ခဲ့သည်။

​သို့သော် သူ မသိသည်မှာ အပြင်လောကတွင်မူ ယခုအခါ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ ဆိုခြင်းပင်။

အဆက်မပြတ် လက်နေသည့် အလင်းတန်းများနှင့် အကြောင်းရင်းမရှိ ရှုံးနိမ့်လာသည့် မုဆိုးများကို ကြည့်ကာ လူတိုင်းမှာ ဆွံ့အကုန်ကြသည်။

​"ဘုရားရေ"

"ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ"

​

All Chapters