ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်း
Vol. 20 Ch. 221
အပြင်ဘက်၊ ကမ်းပါးယံအောက်တွင်...
ရုတ်တရက် ပေါ်လာသော အခြေအနေကြောင့် လူတိုင်း မှင်သက်သွားကြသည်။
စီနီယာအစ်ကိုဖုန်း ပြိုင်ပွဲမှ ထွက်လာပြီးနောက် မုဆိုးများ ရှုံးနိမ့်သွားခြင်းကို ကိုယ်စားပြုသည့် အလင်းတန်းများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် လက်လာတော့သည်။
အဆန်းကြယ်ဆုံး အချက်မှာ ပြိုင်ပွဲမှ ထွက်လာသည့် မုဆိုးတိုင်းက ကြောင်တောင်တောင် ဖြစ်နေကြခြင်းပင်။
သူတို့ကို မေးမြန်းကြည့်သောအခါမှ သူတို့ကို မည်သူက ထုတ်လိုက်သည်ကိုပင် လုံးဝ မသိလိုက်ကြကြောင်း သိရသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ငါ့ကို တာဝန်ချထားတဲ့ နေရာက ပဉ္စမတောင်ပဲလေ"
"ဒီလောက် မြန်မြန်နဲ့ တက်လှမ်းသူတွေ ရောက်လာတာလား"
တစ်ဦးက နားမလည်နိုင်စွာ ပြောလိုက်သည်။
သို့သော် သူ၏ စကားအဆုံးတွင် အခြားသူများမှာ မျက်လုံးပြူးကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အကြောင်းမှာ ယခုတစ်ခဏအတွင်း လျင်မြန်စွာ ရှုံးနိမ့်လာသူများမှာ ပဉ္စမတောင်တွင် တာဝန်ကျသူများသာ ဖြစ်နေသောကြောင့်ပင်။
"ငါက စတုတ္ထတောင်ကပါ"
စီနီယာအစ်ကိုဖုန်းက လေးနက်သော လေသံဖြင့် ပြော သည်။
"ငါက တတိယတောင်က"
ထန်ထျန်း ပထမဆုံး ထုတ်လိုက်သည့် မုဆိုးကလည်း ပြောလာသည်။
လူတိုင်း ကြောင်သွားကြပြီးနောက် စတင် သုံးသပ်ကြတော့သည်။
အကယ်၍ ဤကိစ္စကို လူတစ်ယောက်တည်းကသာ လုပ်ဆောင်ခဲ့သည်ဆိုလျှင် ထိုသူက ရှေ့ဆုံးတောင်လေးခုကို လျင်မြန်စွာ ဖြတ်ကျော်လာပြီး လမ်းတွင်တွေ့သည့် မုဆိုးများကိုပါ ရှင်းလင်းခဲ့ကာ နောက်ဆုံးတွင် ပဉ္စမတောင်ထဲသို့ ရောက်ရှိလာပြီး အကြီးအကျယ် သုတ်သင်နေခြင်း ဖြစ်ပေလိမ့်မည်။
"မဖြစ်နိုင်တာ"
တစ်ဦးက ချက်ချင်းပင် အော်ဟစ်ကာ ကန့်ကွက်လိုက်သည်။
"တက်လှမ်းသူတစ်ယောက်မှာ ဒီလို ခွန်အားမျိုး ရှိဖို့ မဖြစ်နိုင်ဘူး၊ သူ လူရှင်းထုတ်တဲ့ အမြန်နှုန်းက အရမ်း မြန်လွန်းတယ်"
"ဟုတ်တယ်၊ သူက အင်မော်တယ် အဆင့်ဖြစ်နေရင်တောင် ဒီလောက်အထိ သန်မာနေဖို့ မသင့်တော်ဘူး။"
" တစ်ခုခုတော့ မှားနေပြီ"
လူအများက ဝိုင်းပြောကြသည်။
ဤအခြေအနေက မြင်ကွင်းများကို စောင့်ကြည့်နေကြသည့် အစစ်အမှန်အင်မော်တယ် အဆင့်ရှိ အကြီးအကဲများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။ သူတို့လည်း ကြောင်နေကြသည်။
အကြောင်းမှာ လက်ရှိ တက်လှမ်းသူများထဲတွင် အမြန်ဆုံးသူပင် စတုတ္ထတောင်သို့ ရောက်ရုံသာ ရှိသေးသောကြောင့် ဖြစ်သည်။
၎င်းအပြင် သူတို့၏ စွမ်းဆောင်ရည်အရ အသန်မာဆုံးသူပင်လျှင် ထိပ်တန်းမုဆိုး တစ်ယောက်နှင့်သာ လက်ရည်တူနိုင်ပြီး ယခုကဲ့သို့ မယုံနိုင်စရာ ကိစ္စမျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
"တောင်ကိုးလုံးထဲမှာ တကယ်ပဲ ပြဿနာတက်နေတာလား"
အကြီးအကဲများက လေးနက်စွာ ဆွေးနွေးနေကြသော်လည်း သူတို့ သတိမထားမိသည်မှာ လောင်စူး တစ်ယောက်က ထောင့်တစ်နေရာတွင် ထိုင်ကာ အခြားသူများ ပျာပျာသလဲ ဖြစ်နေသည်ကို တိတ်တဆိတ် ကြည့်နေခြင်းပင်။
သူက မြင်ကွင်းတစ်ခုကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။
"ဟားဟား... အကုန်လုံး ပူပန်နေကြစမ်းပါ။"
" လူကို အထင်သေးခဲ့ကြတာကိုး"
လောင်စူးက စိတ်ထဲမှ ကျိတ်ပြောနေသည်။
သို့သော် မြင်ကွင်းထဲတွင် သေမင်းတစ္ဆေတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ပျံဝဲနေသည့် ထန်ထျန်း၏ ပုံရိပ်ကို ကြည့်ကာ သူကိုယ်တိုင်ပင် ကျောစိမ့်လာမိသည်။
ထန်ထျန်းက လူဖျင်းတစ်ယောက် မဟုတ်ဘဲ တကယ် တော်သူဖြစ်ကြောင်း သူ သိထားသော်လည်း ဤမျှအထိ သောင်းကျန်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထန်ထျန်း၏ လုပ်ရပ်ကို ကြည့်ရသည်မှာ ပဉ္စမတောင်တစ်ခုလုံးကို တစ်ယောက်တည်းနှင့် အကုန်ရှင်းထုတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
လောင်စူးက ထန်ထျန်း ဘာကြောင့် ဤသို့ လုပ်သည်ကို နားမလည်သော်လည်း ဤမြင်ကွင်းကို အခြားသူများ အလွယ်တကူ မြင်တွေ့ခွင့် မပေးနိုင်ကြောင်း သူ သိသည်။
ဤအကြီးအကဲများ ဘာကြောင့် ဤနေရာကို လာကြသနည်း။
အဓိက ရည်ရွယ်ချက်မှာ ထူးချွန်သည့် ပါရမီရှင်များကို ကြိုတင် စူးစမ်းပြီး သူတို့ဘက်သို့ သိမ်းသွင်းရန် ဖြစ်သည်။
လောင်စူးမှာလည်း ထိုသို့ပင်။
အကယ်၍ သူသာ ဤမြင်ကွင်းကို လွှတ်ပေးလိုက်လျှင် ထန်ထျန်းက အလုအယက် ကမ်းလှမ်းခံရမည့်သူ ဖြစ်သွားပေလိမ့်မည်။
လူတိုင်းတွင် အတ္တရှိကြသည်ပင်။
လောင်စူးက အခွင့်အရေးကို ကြိုတင် ရရှိထားသဖြင့် ထန်ထျန်းကို သူ့ဘက်သို့ ပါလာအောင် အစွမ်းကုန် ကြိုးစားလိုသည်။
သူက ခဏမျှ စဉ်းစားပြီးနောက် သတင်းပို့ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
"ခန်းမသခင်"
"အရေးကြီး ကိစ္စပါ"
"ဒီမှာ ကျွန်တော် တကယ့် ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ထားပါတယ်"
.....
၁၅ မိနစ် ခန့် ကြာပြီးနောက် ထန်ထျန်းက ပဉ္စမတောင်အတွင်းရှိ နောက်ဆုံးမုဆိုးကို ထုတ်လိုက်သည်။
သူ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်လှပြီး မုဆိုးများကို ပြန်လည် တိုက်ခိုက်ခွင့်ပင် မပေးခဲ့ပေ။
မျက်နှာချင်းတောင် မဆိုင်ခဲ့ပေ။
ထန်ထျန်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း မဟုတ်ဘဲ သူတို့နှင့် စကားများပြီး အချိန်မဖြုန်းချင်ရုံသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အပြင်ကလူတွေ မြင်နေရမှာပဲလေ။
"ဟမ့်... ငါတို့ တက်လှမ်းသူတွေကို အားနည်းတယ်လို့ တကယ် ထင်နေကြတာလား"
ထန်ထျန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
အထင်သေးခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းမှာ စိတ်ထဲတွင် တစ်မျိုးတော့ ဖြစ်မိသည်ပင်။
သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ တက်လှမ်းသူများအတွက် ဆေးလုံးရအောင် ကူညီပေးခြင်းအပြင် ဤဒေါသကို ဖြေဖျောက်လိုခြင်းလည်း ပါဝင်သည်။
ထျန်းဖူနန်းတော်က လူတွေကို လက်အောက်ခံဂိုဏ်းက တပည့်တွေက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ကြောင်း သူ ပြသချင်နေသည်။
အချိန်ကို တွက်ချက်ပြီးနောက် ထန်ထျန်းက ဆဋ္ဌမတောင်ဘက်သို့ ပျံသန်းသွားတော့သည်။
လုပ်မှတော့လည်း ပိုပြီး ကြီးကြီးမားမား လုပ်လိုက်တော့မည်။
.....
စတုတ္ထတောင်၏ အစွန်းတွင်...
ပုံရိပ်နှစ်ခုက တောအုပ်အတွင်း အသည်းအသန် ပြေးလွှားနေကြပြီး ပြင်းထန်သော အော်ရာ ကြောင့် လမ်းတစ်လျှောက်ရှိ အရာအားလုံး လွင့်စင်သွားကြသည်။
ရှေ့မှ ပြေးနေသူ၏ ခေါင်းပေါ်တွင် တောက်ပသော ရွှေရောင်ကြယ်များ ဝန်းရံထားရာ သူက ပထမအဆင့် တက်လှမ်းသူများထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
နောက်မှ လိုက်နေသူမှာမူ မုဆိုးတစ်ဦး ဖြစ်သည်။
တက်လှမ်းသူမှာ သိသိသာသာ အားနည်းသဖြင့် အသည်းအသန် ထွက်ပြေးနေရသည်။
မုဆိုးကလည်း လိုက်နေပြီး အကြိမ်ပေါင်းများစွာ ဖမ်းမိလုနီးပါး ဖြစ်ခဲ့သော်လည်း တက်လှမ်းသူ၏ ပါးနပ်သော ကိုယ်ယောင်ဖျောက်နည်းများကြောင့် ကံကောင်းထောက်မစွာ လွတ်မြောက်နေခြင်း ဖြစ်သည်။
သို့သော် သူသည်လည်း အသက်ဘေးနှင့် ရင်ဆိုင်နေရပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်။
ကံကောင်းသည်မှာ မုဆိုး မိတော့မည့် အချိန်တွင် တက်လှမ်းသူက စတုတ္ထတောင်နှင့် ပဉ္စမတောင်ကြားရှိ နယ်နိမိတ်ကို အစွမ်းကုန် ခုန်ကူးနိုင်ခဲ့ခြင်းပင်။
မုဆိုးများက နယ်မြေကျော်ခွင့် မရှိသဖြင့် မကျေမနပ်နှင့် ရပ်တန့်လိုက်ရသည်။
လွတ်မြောက်သွားသော တက်လှမ်းသူကို ကြည့်ကာ မုဆိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်။"
" ငါ တခြားတစ်ယောက်ကို ကိုင်တွယ်နေတုန်း မင်း လွတ်သွားတာ၊ မဟုတ်ရင် မင်း အသက်ကို ငါ ယူလိုက်ပြီ"
သို့သော် တက်လှမ်းသူမှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။
အသက်တူ ပါရမီရှင်ချင်း အတူတူ ဘယ်သူက ပိုမြင့်မြတ်နေလို့လဲ။
သူက လှောင်ပြောင်စွာ ပြုံးလျက် "ရှုံးတာဟာ ရှုံးတာပဲ၊ စကားနာထိုးနေလို့ ဘာထူးမှာလဲ။"
" ပေါ့ဆလို့ပါဆိုတဲ့ ဆင်ခြေက အသုံးမဝင်ဘူး။ တကယ်လို့ ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲသာဆိုရင် မင်းကို အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့ နည်းလမ်း ဆယ်မျိုးလောက် ငါ့မှာ ရှိတယ်"
မုဆိုးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း "သိပ်ပြီး ဝမ်းမသာနဲ့ဦး။ "
"မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင် ပဉ္စမတောင်ထဲမှာ အမွှေးတိုင်တစ်တိုင်စာ အချိန်တောင် ခံမှာ မဟုတ်ဘူး"
တက်လှမ်းသူက ရယ်မောကာ "အဲ့ဒါ မင်းနဲ့ မဆိုင်တော့ဘူးလေ။"
" သူတို့ ငါ့ကို သတ်နိုင်တာနဲ့ မင်း ငါ့ကို မသတ်နိုင်တာဟာ ဘာမှ မပတ်သက်ဘူး။ နောက်ပြီး မင်းက ကျင့်ကြံမှု ပတ်ဝန်းကျင်ကောင်းတာကို အခွင့်ကောင်းယူထားတာလေ"
" တကယ်လို့ ငါတို့လို နေရာမျိုးမှာဆိုရင် မင်း ပထမအဆင့်ထဲတောင် ပါမှာ မဟုတ်ဘူး"
မုဆိုး၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားသည်။
"မင်းကို ငါ မှတ်ထားမယ်။"
" မင်း ထျန်းဖူနန်းတော် ထဲ ရောက်လာတဲ့အခါ ပြန်တွေ့ကြတာပေါ့"
တက်လှမ်းသူကလည်း ဂရုမစိုက်စွာဖြင့် "ငါလည်း မင်းကို မှတ်ထားမယ်။ "
"အဲ့ဒီကျရင် ဒီနေ့ အကြွေးကို ပြန်ဆပ်ရမှာပေါ့"
နှစ်ဦးစလုံးမှာ မာန်မာနကြီးသော ပါရမီရှင်များ ဖြစ်ကြရာ တစ်ဦးကိုတစ်ဦး အလျှော့မပေးကြပေ။
စကားနာထိုးပြီးနောက် မုဆိုးမှာ စတုတ္ထတောင်ထဲသို့ ပြန်ဝင်သွားပြီး တက်လှမ်းသူမှာမူ ခဏမျှ အနားယူကာ ရှေ့သို့ သတိရှိရှိ ဆက်လက် ချီတက်ခဲ့သည်။
ထိုသူပြောခဲ့သည်မှာ မှန်ပါသည်၊ ယခု သူ၏ အခြေအနေနှင့်ဆိုလျှင် မည်သည့် မုဆိုးနှင့်တွေ့တွေ့ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် အတော်ကြာအောင် လျှောက်လာပြီးနောက် သူသည် မုဆိုးတစ်ဦးနှင့်မျှ မတွေ့ရပေ။
ဘာဖြစ်တာလဲ။
ငါ့ဆီကို ကံကောင်းခြင်း တွေ ရောက်လာတာလား။
တက်လှမ်းသူမှာ နားမလည်သော်လည်း သတိကို ကပ် ကာ ဖြည်းဖြည်းချင်း ရှေ့တိုးနေခဲ့သည်
။ သို့သော် သူ မထင်မှတ်ထားသည်မှာ ဆဋ္ဌမတောင်၏ အစွန်းသို့ ရောက်သည်အထိ မုဆိုးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ မမြင်တွေ့ခဲ့ရခြင်းပင်။
အရာအားလုံးက ချောမွေ့လွန်းနေသဖြင့် သူ အနည်းငယ် ကြောင်နေမိသည်။
သို့သော် မကြာမီ သူ ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ရှန့်ထန်း ဆေးလုံး တစ်လုံးကို ထိန်းသိမ်းနိုင်တာ ကောင်းတဲ့ကိစ္စပဲလေ။
စိတ်ကို တည်ငြိမ်အောင် ထားပြီး သူ ရှေ့ဆက်ခဲ့သည်။
သို့သော် သူ မသိသည်မှာ အပြင်လောကတွင်မူ ယခုအခါ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ ဆိုခြင်းပင်။
အဆက်မပြတ် လက်နေသည့် အလင်းတန်းများနှင့် အကြောင်းရင်းမရှိ ရှုံးနိမ့်လာသည့် မုဆိုးများကို ကြည့်ကာ လူတိုင်းမှာ ဆွံ့အကုန်ကြသည်။
"ဘုရားရေ"
"ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ"