← Chapters

အင်မော်တယ်လှေကား တက်ခြင်း

Vol. 20 Ch. 227

အင်မော်တယ်လှေကား တက်ခြင်း

Vol. 20 Ch. 227

​တောင်ကမ်းပါးယံကြီး၏ အောက်ခြေ

​တက်လှမ်းသူ အရေအတွက် ပို၍ များပြားလာသည်နှင့်အမျှ စီမံသူများ၏ ထန်ထျန်းကို ရှာဖွေသည့် အပြုအမူမှာလည်း တဖြည်းဖြည်းနှင့် သိပ်ပြီး မလောတော့ပေ။

အဓိကအကြောင်းရင်းမှာ ရှာရသည်မှာ တကယ်ပင် မလွယ်ကူသောကြောင့် ဖြစ်သည်။ အကြောင်းမှာ စောစောက မြင်ကွင်းများထဲတွင်လည်း ရှာမတွေ့ခဲ့သောကြောင့်ပင်။

​နောက်တစ်ချက်မှာ ထန်ထျန်းအပြင် သူတို့ အာရုံစိုက်ရန်နှင့် ဆွဲဆောင်ရန် ထိုက်တန်သော ပါရမီရှင်များစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။

အထူးသဖြင့် ပိုင်တိဂိုဏ်း၊ ကျီယန်ဂိုဏ်း စသည့် ထျန်းဖူနန်းတော်သို့ "တံဆိပ်" ကပ်ပြီးသား တပည့်များအပြင် အခြားသော ဂိုဏ်းများမှ ပါရမီရှင် တပည့်များကို သူတို့ အင်အားစုထဲသို့ ဆွဲဆောင်ရန် အခွင့်အရေး အများကြီး ရှိနေသေးသည်။

​ထို့ကြောင့် ကုရှောင်းရွှယ် ပေါ်လာသည်နှင့် သူတို့က သူမထံသို့ ချက်ချင်း ဝိုင်းအုံသွားကြတော့သည်။

အသက် (၁၆) နှစ်သာ ရှိသေးသော်လည်း ထူးခြားသော စွမ်းဆောင်ရည် ပြသနိုင်သည့် ဤမိန်းကလေးမှာ သူတို့၏ ပစ်မှတ် ဖြစ်လာခဲ့သည်။

​သို့သော် သူတို့ မထင်မှတ်ထားသည်မှာ လူတိုင်း၏ ဖိတ်ခေါ်မှု သို့မဟုတ် ရင်းနှီးမှုများကို ဤမိန်းကလေးက လုံးဝ စိတ်မဝင်စားသည့် ပုံစံမျိုး ဖြစ်နေခြင်းပင်။

သူမက လူအုပ်ကို တိုးဝှေ့ကာ ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားသည့် အချိန်ကျမှသာ လူတိုင်း နားလည်လိုက်ကြသည်မှာ ဤထူးချွန်သော မိန်းကလေးမှာ တစ်စုံတစ်ယောက်၏ လက်ဦးမှုကို ရရှိသွားပြီ ဖြစ်ကြောင်းပင်။

​ဘယ်သူက ဒီလောက်တောင် လက်မြန်ခြေမြန် ရှိနေတာလဲ

​လူတိုင်းသည် စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။

သို့သော် ကုရှောင်းရွှယ် ပြေးသွားသည့် ပစ်မှတ်ကို အသေအချာ မြင်လိုက်ရသောအခါ အားလုံးမှာ ကြောင်အသွားကြတော့သည်။

​"ဒါ ဟို ဂုဏ်ထူးဆောင်တပည့် မဟုတ်လား"

"ဘာတွေ ဖြစ်နေတာလဲ"

​လူတိုင်း နားမလည်နိုင်သော အမူအရာများ ဖြစ် ကုန် ကြသည်။

သူတို့ ပေးသည့် ကမ်းလှမ်းချက်တွေက ဒီလောက် ကောင်းနေတာတောင်မှ သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ကို မယှဉ်နိုင်ဘူးလား

​မကြာမီမှာပင် တစ်စုံတစ်ယောက်က သူတို့၏ နောက်ကြောင်းကို စုံစမ်းလိုက်သည်။

​"သတင်းတွေအရ ကုရှောင်းရွှယ်က ချင်းယွဲ့ဂိုဏ်းမှာ ရှိတုန်းက ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ရဲ့ ဧည့်သည် အဖြစ် နေခဲ့ဖူးတယ်တဲ့"

"ဒါ့အပြင် နှစ်ယောက်သား ဆက်ဆံရေးက အရမ်း ခိုင်မာတယ်လို့ ဆိုတယ်"

"အဲ့ဒီ ဂုဏ်ထူးဆောင်တပည့် နာမည်က ထန်ထျန်း တဲ့"

"ကြည့်ရတာ... ဟိုလူပဲ ဖြစ်ရမယ်"

​ထိုစကားအဆုံးတွင် လူတိုင်း၏ အကြည့်မှာ နားမလည်မှုမှ မကျေနပ်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။

ခဏအတွင်းမှာပင် သူတို့၏ ခေါင်းထဲတွင် "မတော်တဆ ပတ်သက်မှု" တစ်ခုကို ပုံဖော်လိုက်ကြသည်။

​ဂိုဏ်းငယ်လေးတစ်ခုမှ လောကအကြောင်း မသိသေးသည့် မိန်းကလေးတစ်ယောက်ကို ရုပ်ချောပြီး ပိုက်ဆံရှိသည့် လူငယ်တစ်ယောက်က စကားချိုချိုလေးတွေနဲ့ မြှူဆွယ်ကာ သူ့ရဲ့ ဧည့်သည် ဖြစ်အောင် လုပ်ထားခဲ့တာပဲ ဖြစ်ရမည်။

ထိုလူငယ်မှာ လူလည်တစ်ယောက် ဖြစ်သဖြင့် မိန်းကလေး၏ စိတ်ကို အလွယ်တကူ ဖမ်းစားထားနိုင်ခဲ့ပုံရသည်။

မိန်းကလေးမှာ ပါရမီ အရမ်း မြင့်သဖြင့် အနာဂတ်မှာ တောက်ပနိုင်သော်လည်း ထိုလူငယ်အပေါ်မှာတော့ အစွဲအလမ်းကြီး ဖြစ်နေရှာသည်။

​ဇာတ်လမ်းက တကယ်ကို ဒရာမာ ဆန်လှသော်လည်း ၎င်းမှာ လူအများစု အလွယ်တကူ တွေးမိနိုင်သည့် မြင်ကွင်းမျိုး ဖြစ်သည်။

​"နှမြောစရာပဲ"

"ဒီလောက် ကောင်းတဲ့ ပါရမီရှင် လေးက နောက်ဆုံးတော့ ဂုဏ်ထူးဆောင်တပည့် တစ်ယောက်ရဲ့ လက်ထဲ ရောက်သွားရတယ်"

"ကြည့်ရတာ ထန်ထျန်း ဆိုတဲ့လူကတော့ လူရှုပ်လူပွေ ဖြစ်မှာ သေချာတယ်"

​အချို့က နှမြောတသသော မျက်နှာဖြင့် ပြောနေကြသည်။

​"ဟုတ်တယ်... သတင်းအရ ထန်ထျန်းမှာ တခြား ဧည့်သည် နှစ်ယောက်လည်း ရှိသေးတယ်၊ နှစ်ယောက်လုံးက အချောအလှတွေပဲ၊ အဲ့ဒီအပြင် အမွှာတွေတောင် ဖြစ်နေသေးတယ်"

"ကျွန်တော့်အမြင်အရတော့ ကုရှောင်းရွှယ်က သူ့လက်ထဲမှာ ပျက်စီးသွားတော့မှာပဲ"

"တကယ့်ကို တန်ဖိုးရှိတာကို ဖြုန်းတီးပစ်တာပဲ"

​လူအများမှာ ပြောရင်းနှင့် ပို၍ ဒေါသထွက်လာကြပြီး အချို့ဆိုလျှင် ရှေ့သို့ တိုးသွားကာ ဆုံးမရန်ပင် ပြင်နေကြသည်။

ထန်ထျန်းသည်လည်း ဤလေထုကို ခံစားမိလိုက်ပြီး မည်သို့ ကိုင်တွယ်ရမလဲဟု တွေးနေစဉ်မှာပင် ပုံရိပ်တစ်ခုမှာ သူ၏ ရှေ့တွင် ပေါ်လာကာ ပြဿနာရှာရန် ပြင်နေသူများကို တားဆီးလိုက်သည်။

​"တပည့်အားလုံးရဲ့ ရွေးချယ်မှုက သူတို့ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်။ "

"မင်းတို့ ဒါကို မေ့နေကြပြီလား"

​ပေါ်လာသူမှာ တက်လှမ်းသူများကို ပို့ဆောင်ပေးခဲ့သည့် အရှင် ချန်ကျန်း ပင် ဖြစ်သည်။

ထန်ထျန်းသည်လည်း မူမုကျင်း၏ ပါးစပ်မှတစ်ဆင့် သူ၏ အမည်ကို သိထားပြီးသား ဖြစ်သည်။

​ဤနေရာတွင် ချန်ကျန်း၏ သြဇာမှာ အတော်အတန် ရှိသည်။

သူ ထွက်လာသောအခါ ထိုသူများက မကျေမနပ် ဖြစ်နေကြသော်လည်း အားလုံး နောက်ဆုတ်သွားကြသည်။

ထို့နောက် ချန်ကျန်းက နောက်သို့ လှည့်ကာ ထန်ထျန်းကို ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး များများစားစား မပြောဘဲ ပျံသန်း ထွက်ခွာသွားသည်။

​ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိသည်။

ဤလူက သူ့ရဲ့ တကယ့် ခွန်အားကို သိနေသူ ဖြစ်သည်။

သူ ဤသို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ စည်းကမ်း ထိန်းသိမ်းရုံလောက်နှင့်တော့ မရိုးရှင်းနိုင်ပေ။

​သူ့ကို ရင်းနှီးချင် နေတာလား

​လောင်စူး ပြောခဲ့သည်များကို ပြန်တွေးကြည့်လျှင် လောင်စူးနှင့် ချန်ကျန်းတို့မှာ တစ်လမ်းတည်း လျှောက်သူများ မဟုတ်ကြောင်း ထန်ထျန်း ခံစားမိသည်။

​"စိတ်ရှုပ်စရာပဲ။ "

"ငါ အခု အမုန်းဆုံးက ဒီလို အကွက်ချ တိုက်ခိုက်တာတွေပဲ။"

" ဆွဲဆောင်တာလား... ဟမ့်..."

​ချန်ကျန်း မသိသည်မှာ ထန်ထျန်း၏ စိတ်ထဲတွင် သူ့ကို အမှတ်အမှားကြီး ပေးထားလိုက်ပြီ ဖြစ်ကြောင်းပင်။

နောက်ထပ် ဖန်း မျိုးနွယ် အဘိုးအို အင်မော်တယ်ဘုရင်မှာလည်း အတူတူပင်။

လောင်စူးရဲ့ နောက်ကွယ်က အင်အားစုက ဘာလဲဆိုတာကိုသာ မသိသေးတာ၊ သိရင်တော့ အမှတ်အမှား ပေးရုံတင်မကဘဲ မှတ်စုစာအုပ်ထဲမှာပါ မှတ်ထားရဦးမယ်...။

​ထန်ထျန်းက ရှုပ်ထွေးသော အတွေးများကို ခါထုတ်လိုက်ပြီး ကုရှောင်းရွှယ်ကို ကြည့်လိုက်သည်။

​"ဘယ်လိုနေလဲ "

"မုဆိုးတွေနဲ့ လက်ရည်စမ်းခဲ့လား"

ထန်ထျန်းက သူမ၏ အနည်းငယ် ရှုပ်ပွနေသော ဆံပင်များကို ပွတ်ပေးရင်း မေးလိုက်သည်။

​"စမ်းခဲ့တယ်"

ကုရှောင်းရွှယ်က ခေါင်းညိတ်လိုက်ပြီး "အဲ့ဒီ မုဆိုးတွေက တကယ် အစွမ်းထက်တယ်"

" ပထမတောင်မှာတုန်းက တစ်ယောက်နဲ့ တွေ့တယ်၊ သူနဲ့ အကြာကြီး တိုက်တာတောင် အနိုင်မရဘူး။ "

"နောက်တော့ သူက အရေးကြီးတဲ့ ကိစ္စရှိသလိုမျိုးနဲ့ ထွက်ပြေးသွားတယ်၊ ကျွန်မ လိုက်ရှာတာ မတွေ့တော့လို့ လက်လျှော့လိုက်ရတယ်။"

​"ဒုတိယတောင်မှာတော့ မုဆိုးသုံးယောက် ဆက်တိုက်တွေ့တယ်၊ နှစ်ယောက်နဲ့က သရေပဲ၊ တစ်ယောက်ကတော့ နည်းနည်း အားနည်းလို့ အလင်းတန်း ဖြစ်ပြီး ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်။ "

"တတိယတောင်နဲ့ စတုတ္ထတောင်မှာလည်း အတူတူပဲ၊ သရေကျတာရှိသလို၊ အနိုင်ရတာလည်း ရှိတယ်၊ တချို့ဆို သမီး ရှုံးပြီး ထွက်ပြေးခဲ့ရတာတွေတောင် ရှိသေးတယ်"

​"အဲ့ဒီနောက် ပဉ္စမတောင်ကနေ အဋ္ဌမတောင်အထိတော့ မုဆိုးတစ်ယောက်မှ မတွေ့တော့ဘူး၊ အကုန် ပျောက်ကွယ်သွားသလိုပဲ၊ ဘာဖြစ်တာလဲ မသိဘူး။ "

"ကျွန်မက နောက် တောင်တွေမှာ မုဆိုးမရှိတော့ဘူး ထင်နေတာ၊ ဒါပေမဲ့ နောက်ဆုံးတောင်မှာတော့ အရိပ်ထဲမှာ ပုန်းနေတဲ့ တစ်ယောက်နဲ့ တွေ့ပြီး အလစ်အငိုက် အတိုက်ခံရတယ်။"

" ကျွန်မ ပေါ့ဆမိသွားလို့ မရှောင်နိုင်လိုက်ဘူး။ "

"နောက်ဆုံးတော့ အသက်တစ်ခါ ဆုံးရှုံးသွားရတယ်"

​ကုရှောင်းရွှယ်က နှုတ်ခမ်းဆူကာ ပြောသည်။ သူမ၏ စွမ်းဆောင်ရည်ကို သူမ ကိုယ်တိုင် မကျေနပ်သည့် ပုံစံမျိုး ဖြစ်သည်။

သို့သော် သူမ သတိမထားမိသည်မှာ ဘေးမှ မူမုကျင်းမှာ မျက်လုံးအပြူးသား ဖြစ်နေသည်ကိုပင်။

​အများစုက သရေကျပြီး မုဆိုး အချို့ကိုတောင် ပယ်ထုတ်နိုင်ခဲ့တယ်လား

နောက်ဆုံးမှာတောင် အလစ်အငိုက် တိုက်ခံရလို့ ရှုံးသွားတာလား

နောက်ထပ် ပါရမီရှင်တစ်ယောက်ပေါ့

​သူက ထန်ထျန်းကို တစ်ချက်ကြည့်၊ ကုရှောင်းရွှယ်ကို တစ်ချက်ကြည့်ရင်း တံတွေးကို သိသိသာသာ မျိုချလိုက်မိသည်။

"ပါရမီရှင်" တွေဆိုတာ အုပ်စုလိုက် ရှိနေကြတာပဲ။

​သို့သော် ထန်ထျန်းမှာ ကြားပြီးနောက် သူမ၏ ဆံပင်ကို ထပ်မံ သပ်ပေးကာ ပြုံးလျက် "ဒါဆို အနာဂတ် ကျရင် သတိထားပေါ့။ "

"နောက်တစ်ခါ ပေါ့ဆလို့ အမှားမခံနဲ့"

သူ၏ ပုံစံမှာ ဤအခြေအနေကို ကြိုသိနေသည့်အတိုင်းပင်။

​မူမုကျင်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဒီတက်လှမ်းသူတွေ ရှေ့မှာ ဟန်ထုတ် ချင်ပါတယ်ဆိုမှ တစ်ယောက်ထက်တစ်ယောက် မလွယ်တဲ့လူတွေချည်းပဲ။

​ထန်ထျန်းနှင့် ကုရှောင်းရွှယ် စကားပြောပြီးနောက် မူမုကျင်းက ရှေ့တိုးလာကာ လေသံတိုးတိုးဖြင့် "ဟို... အစ်ကိုကြီး၊ ကျွန်တော်ရှိတဲ့ အင်အားစုထဲကို ဝင်ဖို့ စိတ်ဝင်စားလား"

​ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ "မင်းမှာလည်း လူစုဆောင်းဖို့ တာဝန်ရှိလို့လား"

​မူမုကျင်းက ချက်ချင်း ခေါင်းခါပြသည်။ "ကျွန်တော်က အဲ့ဒီလို ကိစ္စတွေကို ဂရုမစိုက်ပါဘူး။"

" ဒါပေမဲ့ အစ်ကိုကြီးသာ ကျွန်တော်တို့ လျို့ယွင်တင်း ကို ရောက်လာရင် တကယ် ပျော်ဖို့ ကောင်းမှာ"

" လျို့ယွင်တင်းမှာလည်း တောင်ထိပ်တပည့် လျာထားခံရတဲ့သူ အချို့ ရှိတယ်၊ တစ်နေ့တစ်နေ့ ဟိတ်ဟန်ထုတ်နေကြတာ။"

" အစ်ကိုကြီးသာ ရောက်သွားရင် သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလို့ရမှာ"

​ထန်ထျန်းမှာ ဆွံ့အသွားရသည်။ ဤလူကလည်း တစ်ပါးသူ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်တတ်တဲ့ အကျင့်မျိုး ရှိနေတာပဲ။

​"နောက်မှပဲ ပြော ကြတာပေါ့"

​ခဏအကြာတွင် တက်လှမ်းသူ အားလုံးက တောင်ကိုးလုံးထဲမှ ထွက်လာကြသည်။

ထန်ထျန်း၏ ကျေးဇူးကြောင့် အညံ့ဆုံးသူမှာပင် ဆေးလုံး (၄) လုံး ကျန်နေခဲ့သည်။

၎င်းမှာ သူ၏ အုပ်စုအတွက် သူ လုပ်ဆောင်ပေးခဲ့သည့် သေးငယ်သော အကျိုးပြုမှုတစ်ခုပင်။

​ခဏအကြာတွင် အရှင်ချန်နှင့် အရှင်ဖန်း တို့၏ ဦးဆောင်မှုအောက်တွင် အားလုံးက နောက်ဆုံးအဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်ကြသည်။

​၎င်းမှာ အင်မော်တယ်လှေကား ပင် ဖြစ်သည်။

All Chapters