← Chapters

အနိုင်ရသူတိုင်း အမွေအနှစ်ကို ရရှိနိုင်ကြပါစေ

Vol. 55 Ch. 719

အနိုင်ရသူတိုင်း အမွေအနှစ်ကို ရရှိနိုင်ကြပါစေ

Vol. 55 Ch. 719

တစ်ချိန်တည်းမှာပင် ။

ဟွရှင်း ရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် ပိုမို တောက်ပသော နတ်အလင်းရောင်များကို ထုတ်လွှတ်‌လာခဲ့ပြီး ၊ အာကာသစွမ်းအားများသည်လည်း ထူထပ်များပြားစွာ ထွက်ပေါ်လာခဲ့သည်။

ဟွရှင်း ရှေးဟောင်းမြို့ထဲသို့ ဝင်ရောက်လာသော ပါရမီရှင်အားလုံးသည် မိုးကောင်းကင်တစ်ခုလုံး လှည့်ပြောင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ၊ ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်နေသကဲ့သို့ပင်။

မူလက ရှိနေသော နေရာသည် အပေါက်တစ်ခုထဲသို့ ရုတ်တရက် ပြိုကျသွားသကဲ့သို့ ၊ လူတစ်ကိုယ်လုံးသည် မြေအောက်ထဲသို့ ထိုးဆင်းသွားသည်ကို ခံစားလိုက်ရသည်။

ထိုသို့ ပြုတ်ကျနေစဉ်အတွင်း သူတို့၏ ခန္ဓာကိုယ်များသည် ကြေးနှင့် သံနံရံများကို အဆက်မပြတ် ရိုက်ခတ်မိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နာကျင်သွားစေသည်။

ဟွရှင်း ရှေးဟောင်းမြို့ထဲသို့ မဝင်ရောက်ရသေးသော ပါရမီရှင်များသည် ထိုမြင်ကွင်းကို အပြင်ကနေ လှမ်းကြည့်ရင်း မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။

သူတို့၏ ရှုထောင့်အရ ။

ဤအခိုက်အတန့်တွင်၊ ဟွရှင်း ရှေးဟောင်းမြို့ကြီးတစ်ခုလုံးသည် အသက်ဝင်လာပုံရသည်။

မြို့အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများသည် ဆက်တိုက်ဆိုသလို ပြန်လည်ဖွဲ့စည်းနေပြီး ၊ မရေမတွက်နိုင်သော ဂီယာများက လည်ပတ်ကာ လှုပ်ရှားနေကြသည်။

ပြောင်းလဲသွားသည့် အကြိမ်တိုင်း ၊ အာကာသစွမ်းအားများ ပါဝင်သော မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ဖွဲ့စည်းသွားသည်။

ပျက်စီးနေသော အဆောက်အအုံများမှာလည်း အသစ်တစ်ဖန် မွေးဖွားခံရသကဲ့သို့ ဆက်တိုက်‌ဆိုသလို အသစ်ပြန်လည်ဖွဲ့စည်းနေလေ၏။

........

ဤပြောင်းလဲမှု ဖြစ်စဉ်များ ငြိမ်သက်သွားချိန်တွင် ၊

လူတိုင်း ဆွံ့အနေမိကြသည်။

လက်ရှိ ဟွရှင်း ရှေးဟောင်းမြို့ကြီးသည် ယခင်က ပျက်စီးပြီး လူသူကင်းမဲ့နေသော ‌မြို့ကြီးကဲ့သို့ မဟုတ်တော့ဘဲ ကျယ်ပြောလှပြီး ခမ်းနားထည်ဝါသော သံမဏိမြို့တော်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။

မြင်တွေ့ရသော အရာတိုင်းသည် ကမ္ဘာပေါ်ရှိ အထူးခြားဆုံးသော အံ့ဖွယ်ရာတစ်ခုလိုပင်။

မရေမတွက်နိုင်အောင် သံမဏိအပိုင်းအစများဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြန့်ကျက်ထားသော သံခံတပ်ကြီးတစ်ခုလိုပင်။

သံမဏိ အဆောက်အအုံများပေါ်တွင် ရိုက်နှိပ်ထားသော မဟာလမ်းစဉ်ပုံစံများဖြင့် ပေါင်းစပ်ကာ ၊ အသစ်တစ်ဖန် နိုးထလာသော သံမဏိမြို့ကြီးတစ်ခုလို ဖြစ်ပေါ်နေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုသည် လူတိုင်း တွေးထင်ထားသည်ထက် လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

မိုးမြေတစ်ခုလုံးကို အသစ်တစ်ဖန် ပြောင်းလဲရန် အင်အားမည်မျှလိုအပ်လိမ့်မည်နည်း။

လူတိုက်း စိတ်ရှုပ်ထွေးနေစဉ် ။

ဟွရှင်းရှေးဟောင်းမြို့ကြီး၏ အတွင်းပိုင်းမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဟွရှင်း ရှေးဟောင်းမြို့ကြီးကို အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ "

"ဒီမြို့ထဲမှာ၊ ငါတို့ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတုမရှိ အမွေအနှစ်တွေ ရှိတယ်၊ လျှို့ဝှက်နေရာ ဘဏ္ဍာတိုက်တွေထဲမှာ ဝှက်ထားတယ်...."

"နတ်ဘုရားလက်နက် အမတမျှော်စင်ဟာ ပြန်လည်ရှင်သန်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး၊ ဝေလငါးတစ်ကောင် နောက်ဆုံးအချိန်ကိုရောက်တဲ့အခါ.. သက်ရှိတိုင်းကို ပြန်လည် ကျွေးမွေးသလိုပဲ"

"ငါတို့အမတမျှော်စင်ရဲ့ အခွင့်အလမ်းတွေကို... အနိုင်ရသူတိုင်း... ရရှိကြပါစေ!"

.......

လောကကြီးတစ်ခုလုံး တ်ိတ်ဆိတ်သွားသည်။

တစ်စက္ကန့်၊ သုံးစက္ကန့်၊ ဆယ်စက္ကန့်ကြာပြီးနောက် ၊

လူတိုင်း အာရုံပျံ့လွင့်ရာမှ သတိပြန်ကပ်လာကြသည်။

"ဒီလျှို့ဝှက်နေရာထဲမှာ...နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတုမရှိတဲ့ အခွင့်အလမ်းတွေ ဝှက်ထားတယ်တဲ့ !"

"ဒီလို ကောင်းမွန်တဲ့အခွင့်အရေးကြီးကို လက်လွတ်ကြမှာလား!?"

" ညီအစ်ကိုတို့! သွားကြစို့ !"

"........"

လူအုပ်ကြီးသည် ချက်ချင်းဆိုသလို ပွက်လောရိုက်သွားသည် ။

ပါရမီရှင်များစွာသည် အကြိတ်အနယ် ပြိုင်ဆိုင်ကာ ဟွရှင်းရှေးဟောင်းမြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

........

တစ်ချိန်တည်းမှာပင်။

ဟွရှင်း ရှေးဟောင်းမြို့၏ ရှေးဟောင်းအဆောက်အအုံတစ်ခုထဲတွင် ။

ကျောတွင် ဓားရှည်တစ်လက် ကို ထမ်းပိုးထားသော စူးရွှမ်သည် ဤမြင်ကွင်းကို ကြည့်ရင်း အချိန်အတန်ကြာ အံ့အားသင့်နေမိသည်။

"ဒီအငွေ့အသက်က... ကျောက်ဟွအမတ ဧကရာဇ်မင်း အဲ့လူကြီးမင်းလား "

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံးက လူတွေအားလုံး အဲ့ဒီကပ်ဘေးကြီးထဲမှာ သေဆုံးသွားခဲ့တာ မဟုတ်လား"

" နတ်အသိစိတ်‌ မပြောနဲ့၊ စိတ်ဝိညာဉ်တစ်‌မျှင်တောင် ကျန်ခဲ့မှာမဟုတ်ဘူး....."

စူးရွှမ်တစ်ယောက် အတွေးများနေမိသည်။

"ဘာလို့ ဒီမှာ အဲ့လူကြီးမင်းရဲ့ အငွေ့အသက် ထွက်ပေါ်လာရတာလဲ..."

ကျောက်ဟွ အမတဧကရာဇ်မင်းသည် ဧကရာဇ်အဖြစ် တတ်လှမ်းစဉ်က စူးရွှမ်ထက် အများကြီးစောသဖြင့် စူးရွှမ်သည် ၎င်းကို လူကြီးမင်းဟူ၍ လေးလေးစားစား တပ်ခေါ်သည်မှာ မမှားချေ။

တစ်ချက်ကြည့်ပြီးနောက်၊ စူးရွှမ်သည် သိလိုက်ရသည်။ ဤဟွရှင်း ရှေးဟောင်းမြို့အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ရိုက်နှိပ်ထားသော မဟာလမ်းစဉ်ပုံစံများကြောင့်သာ ဖြစ်သည်။

" ဒါစိတ်ဝိညာဉ် အကြွင်းအကျန် မဟုတ်ဘဲ မှော်သင်္ကေတ တားမြစ်စွမ်းအင်ကနေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ "

စူးရွှမ်သည် ဤအကြောင်းအရာများကို ဆက်မစဉ်းစားလိုတော့ချေ။ ဤနတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အခွင့်အလမ်းများကို သူ စိတ်ဝင်မစားပေ။

ဤနေရာသို့ သူ ရောက်ရှိလာခဲ့သည့် အကြောင်းရင်းမှာ သံသရာစက်ဝန်းစွမ်းအားရှိသော မူလရင်းမြစ် အမတလက်နက်ကို ရှာဖွေရန်သာ ဖြစ်သည်။

ထို့အပြင် ရှစ်ထျန်းတိ့ ထိုသကောင့်သားသည် အစီအစဉ်ကို ဖျက်ဆီးရန် ကြိုးစားနေလေ၏။

ထိုစဉ် စူးရွှမ်သည် တစ်စုံတစ်ခုကို သတိရမိသွားပြီး၊ သူ၏ ထိုးဖောက်မြင်နိုင်စွမ်းရှိသော အကြည့်တစ်စုံသည် တစ်နေရာရာကို ကျရောက်သွားသည်။

သူ၏နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ချန်ကဲလည်း ဒီရှေးဟောင်းမြို့ထဲကို ဝင်လာပြီလား..."

"သူတောင် အရွယ်ရောက်လာပြီပဲ "

"ငါ သွားတွေ့ရင်...."

"မဖြစ်သေးဘူး"

စူးရွှမ်သည် ခေါင်းယမ်းလိုက်ပြီး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

"အခု အချိန်မတန်သေးဘူး"

"ဒါတွေအားလုံး လုပ်ပြီးတဲ့အခါမှပဲ သွားတွေ့တော့မယ် "

.........

အခြားတစ်ဖက်တွင် ။

အမည်မသိအကြောင်းရင်းကြောင့် တစ်နေရာသို့ ပို့ဆောင်ခံလိုက်ရသော စူးချန်ကဲသည် ပတ်ဝန်းကျင်ကို တချက်ကြည့်ရှုလိုက်သည်။

အရင်က လူသူကင်းမဲ့လျက် တိတ်ဆိတ်နေခဲ့သော ဟွရှင်း ရှေးဟောင်းမြို့ကြီး တစ်ခုလုံးသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ၊ ယခုအခါ လေထုထဲတွင် နတ်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

ပျက်စီးယိုယွင်းနေသော နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အမွေအနှစ်ထဲတွင် ယခုလို လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ပေါ်ထွက်လာမည်ဟု သူ ထင်မထားခဲ့ပေ။

စူးချန်ကဲ အံ့အားသင့်နေစဉ်မှာပင်။

ဝုန်း !!

သူနှင့် မလှမ်းမကမ်း တစ်နေရာမှ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။

ထို့နောက်တွင် အမတမှော်သင်္ကေတများစွာ ပျံ့နှံ့ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင်ကို လွင့်စဉ်ရိုက်ခတ်သွားသည်။

"ဒါက တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းလား..."

စူးချန်ကဲသည် စဉ်းစားပြီးနောက် ၊ ထိုနေရာသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဟွရှင်း ရှေးဟောင်းမြို့သည် ကျောက်ဟွ အမတ ဧကရာဇ်မင်း၏ ဆန္ဒနှင့် ခွဲခြားမရအောင် ဆက်စပ်နေသည်။

သူသည် ထိုနေရာမှ သဲလွန်စတစ်ခုခု ရှာတွေ့နိုင်သည်။

တစ်ချိန်တည်းမှာပင် ။

ပေါက်ကွဲမှုဖြစ်ပေါ်သော ဧရိယာတွင် ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းက တပည့်အချို့သည် လက်သင်္ကေတ အစီအရင်တစ်ခုကို ဖော်ဆောင်ကာ ပေါက်ကွဲမှု၏ ဗဟိုချက်ကို အေးစက်စွာဖြင့် စိုက်ကြည့်နေကြသည်။

အထဲမှ လှုပ်ရှားမှုမရှိသည်ကို မြင်တွေ့ပြီးနောက် ဦးဆောင်သူ အမျိုးသားက အေးစက်သော အပြုံးဖြင့် ဆိုလိုက်သည်။

" ဘာအပြောင်းအလဲမှ မရှိရင်၊ ဒီကောင်တော့.."

သို့သော် သူ့ စကားမဆုံးခင် ။

အခိုးအငွေ့များထဲမှ စက်ပိုင်းဆိုင်ရာ အသံတစ်ခုက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာခဲ့သည်။

"ငါ...ငါ့မှာ မကောင်းတဲ့စိတ် မရှိဘူး..."

"ကျေးဇူးပြုပြီး တောင်းဆိုပါတယ်... ငါ လိုချင်တာက... မင်းလက်ထဲက သံမဏိအပိုင်းအစကိုပဲ....."

ထိုအချိန်တွင် သံမဏိသားရဲတစ်ကောင်သည် ဖြည်းညှင်းစွာ ထွက်လာခဲ့လေသည်။

"ငါ့ရဲ့ ပိုင်ရှင်ကို ပြင်ဖို့ အတွက် ဒါကို သုံးရမှာ..."

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ မျက်နှာများမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။

"အစ်ကိုကြီး ၊ ဒီသံမဏိစက်ရုပ်က ထူးဆန်းလွန်းတယ်!"

တပည့်တစ်ယောက်က ဦးဆောင်သူ အမျိုးသားကို လှမ်းပြောလိုက်သည်။

"ဒီသံမဏိစက်ရုပ်တွေက ဉာဏ်မရှိဘူး မဟုတ်လား ... ဘယ်လိုလုပ်ပြီး ဒီကောင်က စကားပြောနိုင်တာလဲ"

"အများကြီး ပြောနေစရာမလိုဘူး ၊ ဒီအရာက အံ့ဖွယ်ရတနာတစ်ခု ဖြစ်မှာသေချာတယ်!"

"ကြည့်လေ! သူ့ရဲ့ ရင်ဘတ်နေရာမှာ အမည်တစ်ခု ရေးထွင်းထားတယ်၊ အားရှင်း တဲ့ !"

"ငါ ကြားတာတော့ ဒီသံမဏိစက်ရုပ်တွေရဲ့ စွမ်းအင်ဗဟိုချက်ကို ကနဦးအဖိုးတန်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုပဲ ..ဒီကောင်က အခြားသက်ရှိစက်ရုပ်တွေနဲ့ မတူဘူး...သူ့ရဲ့စွမ်းအင်ဗဟိုချက်က ပိုပြီး တန်ဖိုးရှိနိုင်တယ်!"

"ဒီကောင်ကို ကြိတ်ချေပြီး၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ဗဟိုချက်ကို တူးထုတ်လိုက်ရအောင်!"

"ခဏလေး!"

ထိုစဉ် တပည့်တစ်ယောက်က ဟန့်တားလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ပြက်ရယ်ပြုသော အပြုံးတစ်ခုရှိနေခဲ့သည်။

" ဒီကောင်ပြောတဲ့ ပိုင်ရှင်ဆိုတာ ဘယ်သူမှန်း မင်းတို့ မသိချင်ဘူးလား "

"ဒီကောင်ကို အမှုန့်မကြိတ်ခင် ၊ သူပြောတာကို အရင် နားထောင်ကြည့်ရအောင်လား"

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ချက်ချင်း စိတ်ဝင်စားသွားကြသည်။

ဤကဲ့သို့ ထူးခြားသော သံမဏိစက်ရုပ်ကို မည်သူကများ ဖန်တီးခဲ့လေသနည်း။

ဦးဆောင်သူ အမျိုးသားက ပြုံးရယ်ကာ မေးလိုက်သည်။

"မင်း အရင် ပြောကြည့် ...မင်းပိုင်ရှင်က ဘယ်သူလဲ ဆိုတာ ငါ နားထောင်ပြီးရင် ငါ ဒီအရာကို မင်းကို ပေးမလား မပေးဘူးလား စဉ်းစားကြည့်မယ် "

ထိုသို့ပြောပြီးနောက် ၊ ထိုအမျိုးသားသည် သူ့လက်ထဲက လျှို့ဝှက်ဆန်းကြယ်သော ကြေးဝါအပိုင်းအစကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလေ၏။

တဖက်လူသည် မိမိအား အမှန်တကယ်ပင် ကူညီပေးတော့မည်ဟု ထင်မှတ်ကာ အားရှင်းသည် ပြတ်တောင်းပြတ်တောင်း လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ငါ့...ငါ့ပိုင်ရှင်က... ကျောက်ဟွသခင်... လီချဲ့...."

All Chapters