ငါက မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လိုက်ဖမ်းနေတဲ့ ဝတ်ရုံဖြူဓားသမား မဖြစ်နိုင်ဘူးလား
Vol. 55 Ch. 720
ထိုစကားကို ကြားလိုက်ရသည်နှင့် ၊
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျောက်ဟွသခင် လီချဲ့?
လီချဲ့က ဘယ်သူတုန်း...
ကျောက်ဟွသခင်သည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ ဂိုဏ်းသခင်၊ ကျောက်ဟွ အမတဧကရာဇ်မင်း ပင် မဟုတ်လော။
လူတိုင်း အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
သူတို့အားလုံးသည် မယုံနိုင်သော အကြည့်များဖြင့် အားရှင်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
သံမဏိဖြင့် ပြုလုပ်ထားသော ကိုယ်ထည်သည် အချိန်ကာလ၏တိုက်စားမှုအောက်တွင် အတော်လေး ပျက်စီးယိုယွင်းနေပုံရသည်။
ထို့အပြင် ၎င်း၏ ပုံသဏ္ဍာန်မှာလည်း အတော်လေး ထူးဆန်းနေသည်။ အမတနယ်မြေရှိ အမတသားရဲမျိုးစုံ၏ လက္ခဏာများကို ပေါင်းစပ်ထားပုံရပြီး ချီလင်အသေးစား တစ်ကောင်နှင့် ဆင်တူသည်။
" ဟားးဟား... ကျောက်ဟွသခင်?"
ဦးဆောင်သူ အမျိုးသားသည် ကိုယ့်တံတွေးကို မျိုချလိုက်ရင်း ။
"ကျောက်ဟွသခင် ဆိုတာ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တစ်ဦးလဲ"
" ဒါက နတ်ဘုရားလက်နက် အမတမျှော်စင် ရဲ့ဂိုဏ်းသခင်၊ ကျောက်ဟွ အမတ ဧကရာဇ်မင်း မဟုတ်လား "
"ဒီလို အတုမရှိတဲ့ ပုဂ္ဂိုလ်က မင်းလို အမှိုက်ကို ဘယ်လိုလုပ်ပြီး ဖန်တီးမှာလဲ "
"ငါ့ပိုင်ရှင်က တကယ်ပဲ ကျောက်ဟွသခင်... လီချဲ့ပဲ..."
အားရှင်းသည် လူသားဆန်သော စိုးရိမ်မှုတစ်ခုကို ပြသလိုက်သည်။
"သူ့ကို ပြင်ပြီးရင် ... ငါ ပိုင်ရှင်ကို ကောင်းကောင်း ကျေးဇူးတင်ခိုင်းလိုက်မယ်....."
အားရှင်း၏ စကားသံမဆုံးခင်။
ထျန်းချန်လမ်းစဉ်ဂိုဏ်းဝင် ဦးဆောင်သူ အမျိုးသား၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။
"ဟမ်! ဒီလို သာမန် သံမဏိစက်ရုပ်တစ်ကောင်က ငါတို့ကို လှည့်စားရဲသေးတယ်!"
" သေပေတော့!"
ထိုသို့ပြောပြီးနောက် ၊
ကြောက်ခမန်းလိလိ စွမ်းအားများကို သူ၏ လက်ဝါးထဲ၌ စုဝေးပြီးနောက် ၊ လက်သီးအဖြစ် ပြောင်းလဲကာ အားရှင်းကို ထိုးနှက်လိုက်သည်။
သူသည် အားရှင်း၏ စွမ်းအင်ဗဟိုချက်ကို တိုက်ရိုက် ထိုးနှက်၍ တစ်ချက်တည်းဖြင့် အပြီးအပိုင်ဖျက်ဆီးရန် ကြံရွယ်ထားပုံရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းသည် နားမလည်နိုင်ဖြစ်နေခဲ့သည်။
လူသားများကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံပါက ၊ လူသားများကလည်း သူ့ကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံလိမ့်မည်ဟု ပိုင်ရှင်သည် ဤသို့ ပြောခဲ့ဖူး၏။
သို့သော် ဤလူများသည် သူ့ကို အဘယ့်ကြောင့် သတ်ချင်နေကြသနည်း။
ဝုန်း !
အရေးကြီးသော အခိုက်အတန့်တွင်၊ သက်တံကဲ့သို့ တောက်ပသော နတ်အလင်းတန်း တစ်စင်းသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ၊ ဦးဆောင်တိုက်ခိုက်လာသော ထိုအမျိုးသားပေါ်သို့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။
ဘုန်း--!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ ဖုန်မှုန်များသည် အရပ်ရှစ်မျက်နှာတစ်ခွင် ထောင်းထောင်း ထသွားသည်။
ဤရုတ်တရက်ဆန်သော မြင်ကွင်းသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ တပည့်များကို ကြောင်အမ်းသွားစေပြီး ၊ သူတို့၏ဦးခေါင်းထက်တွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဒါ ဘာဖြစ်သွားတာလဲ?
ထိုအချိန်တွင် ဝေဟင်ထက်၌ အမျိုးသားတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ကျောက်ဟွသခင်? မင်းရဲ့ပိုင်ရှင်က ကျောက်ဟွသခင်လား"
စူးချန်ကဲသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
တမင်တကာလား မသိနိုင်သော်လည်း ၊ စူးချန်ကဲသည် သူ၏ တိုက်ခိုက်မှုကြောင့် မြေအောက်ထဲသို့ နစ်ဝင်သွားသော ထိုပါရမီရှင်၏ခေါင်းပေါ်သို့ နင်းချလိုက်သည်။
သူ၏ မျက်လုံးများသည် ရှေ့က သံမဏိသားရဲအား စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
၎င်း၏ရင်ဘတ်ပေါ်တွင် ရေးထွင်းထားသော စာလုံးနှစ်လုံးကို မြင်လိုက်ရချိန်တွင် ၊ စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"အားရှင်း...."
"မင်းနာမည် က အားရှင်းလား!?"
ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် အားရှင်းသည် နားမလည်နိုင်ဟန်ဖြင့် ။
"ဒီက လူကြီးမင်း... ကျုပ်ကို သိတာလား..."
တဖက်လူ၏စကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲ၏ စိတ်ထဲတွင် ပို၍ တုန်လှုပ်သွားခဲ့သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်၏ သံမဏိစက်ရုပ်များသည် ခံစားချက်နှင့် အသိဉာဏ် မပါရှိသော ထွက်ကုန်များပင် မဟုတ်လော။
သို့သော် သူ့ရှေ့က ဤသံမဏိစက်ရုပ်သည် ကွဲပြားခြားနားပြီး ဉာဏ်ရည်ကို အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားပုံရသည်။
"မမှားဘူး... ဒါက အဲ့လျှို့ဝှက်ချက်ထဲက အားရှင်းဆိုတာ ဖြစ်ရမယ်....."
"ကျောက်ဟွ အမတ ဧကရာဇ်မင်းရဲ့ ဆန္ဒ.... သံမဏိသားရဲ အားရှင်း ! "
စူးချန်ကဲ တစ်ယောက် ဝမ်းသာပျော်ရွှင်သွားစဉ် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်တစ်ဦးသည် ပြန်သတိကပ်လာပြီး ကြမ်းတမ်းစွာ ဆဲဆိုလိုက်သည်။
"ကောင်စုတ်လေး! စည်းကမ်းကို မလိုက်နာဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့လေ"
" ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိလား "
"ငါတို့ကို ပြစ်မှားရဲရင် မင်းရဲ့မျိုးနွယ်စု ကိုးဆက်တိုင်တိုင် အမြစ်ဖြတ်ခံရမယ်ဆိုတာ မင်း ယုံလား "
" သုံးစက္ကန့်အချိန်ပေးမယ်.. မင်းရဲ့ခွေးခြေထောက်ကို ငါတို့ ကျန်းအစ်ကိုကြီးရဲ့ ခေါင်းပေါ်ကနေ ဖယ်လိုက်စမ်း..."
တဖက်လူ၏ စကားကို ပြီးဆုံးအောင်ပင် မစောင့်တော့ချေ။
" ဆူညံလိုက်တာ !"
ကြောက်ခမန်းလိလိ နတ်အလင်းများသည် စူးချန်ကဲ၏ လက်ဝါးထဲသို့ စုဝေးရောက်ရှိလာပြီး ၊ သူ၏ ခန္ဓာကို လှည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
တခဏအတွင်းမှာပင် ၊ ဧရာမ ရွှေရောင်လက်ဝါးရိပ်ကြီး တစ်ခုသည် ရှေးဟောင်းတောင်ကြီး တစ်ခုကဲ့သို့ အောက်သို့ ကျဆင်းလာလေ၏။
အဆိုပါ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား၏ ရှေ့မှောက်တွင် ၊ ဟင်းလင်းပြင်သည် ဆက်တိုက် မြည်ဟည်းတုန်ခါနေသည်။
ခရက်ခ်!!
အရိုးအသားများ ကျိုးကြေကာ သွေးများ နေရာအနှံ့ ပြန့်ကျဲကုန်သည်။
တဖက်လူမှာ တုံ့ပြန်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ စူးချန်ကဲ၏ လက်ဝါးချက်အောက်တွင် အသက်ပျောက်ခဲ့ရသည်။
"လီ ...အစ်ကိုကြီး လီ သေပြီလား"
ထိုမြင်ကွင်းကို မြင်လိုက်ရသော တပည့်များသည် စိတ်ဝိညာဉ်ပျောက်ဆုံးကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ယခင်က သူတို့သည် စူးချန်ကဲ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့်သာ သူတို့၏အစ်ကိုကြီးမှာ ရှုံးနိမ့်ခဲ့ရသည်ဟု ထင်မှတ်ခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကျန်းအစ်ကိုကြီးသည် စစ်မှန်အမတနယ်ပယ် အဆင့် (၇)တွင် ရှိနေပြီး ၊ သို့သော် စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော ရောင်ဝါအရ ၎င်းသည် စစ်မှန်အမတနယ်ပယ် အဆင့် (၆)တွင်သာ ရှိသေး၏။
သူတို့၏ ကျန်းအစ်ကိုကြီးကို တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်နိုင်သည်မှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည် မဟုတ်လော။
သို့သော် သူတို့၏ လီအစ်ကိုကြီးသည်လည်း စစ်မှန်အမတနယ်ပယ် အဆင့် (၇)တွင် ရှိပြီး၊ ခွန်အားအရ သူတို့၏ ကျန်းအစ်ကိုကြီးထက် အနည်းငယ်သာ အားနည်းသည်။
ရလဒ်အနေဖြင့် စူးချန်ကဲသည် သူ့ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ခဲ့သည်။ ဤသည်မှာ လုံးဝ မယုံနိုင်စရာကောင်းပေသည်။
တစ်ချိန်တည်းမှာပင် ၊ သူတို့၏ခေါင်းထဲ၌ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည် - သွားပြီ!
သူတို့သည် အတုမရှိသော ပါရမီရှင်တစ်ဦးကို ထိပ်တိုက် တွေ့ဆုံခဲ့ပုံရသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ သူ၏အသွင်အပြင်သည် အလွန်တရာမျှ ခန့်ညားချောမောလှပေသည်။
သို့သော် တကယ်တန်း တိုက်ခိုက်ကြသည့်အခါ အလွန်ပင် ရက်စက်ပြီး သွေးဆာနေသော မိစ္ဆာကောင်ကြီးကဲ့သို့ပင်။
စူးချန်ကဲသည် ထိုတပည့်များ၏ ဝတ်စားဆင်ယင်မှုကို မြင်တွေ့ပြီးနောက် မျက်ခုံးပင့်လျက် ပြုံးရယ်ကာ ဆိုလိုက်သည်။
"ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူတွေပဲလား"
ထိုစကားကို ကြားသည်နှင့် အမှန်တရားကို မသိသေးသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် စူးချန်ကဲသည် ကြောက်လန့်နေသည်ကို ထင်မှတ်သွားသည်။
ထိုအချိန်တွင် ၎င်းတို့သည် အသက်ကယ်ကြိုးကို ဖမ်းကိုင်မိသကဲ့သို့ စိတ်လှုပ်ရှားလာကြပြီး ချက်ချင်းလက်ငင်း ပြောလိုက်ကြသည်။
" မိတ်ဆွေ ... အရင်က အရာတွေအားလုံးက ဒီတိုင်း အထင်လွဲခဲ့တာပါ "
"မင်းသာ ဒီသံမဏိစက်ရုပ်ကို လိုချင်တယ်ဆိုရင် ၊ ငါတို့ မင်းကို ပေးမယ် ..ကျေးဇူးပြုပြီး ငါတို့အားလုံးကို အလွှတ်ပေးလို့ရမလား"
"ငါတို့က ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်တွေပဲ... မင်းသာ ငါတို့ကိုသတ်ရင်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်းက တခြားသူတွေက မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"
"အရင်က ဝတ်ရုံဖြူ ဓားသမားတစ်ယောက်က ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက တပည့်တွေကို သတ်ပစ်ခဲ့တယ်၊ အခု ငါတို့ ဂိုဏ်းသားတွေ အကုန်လုံး သူ့ကို လိုက်ဖမ်းနေတယ်.. မိတ်ဆွေ မင်းလည်း အဲ့ဒီလူရဲ့ခြေရာအတိုင်း မလိုက်စမ်းပါနဲ့"
" မင်းသာ ငါတို့ကို လွှတ်ပေးရင်၊ ဒီနေ့ကိစ္စနဲ့ ပတ်သတ်ပြီး ငါတို့ ထပ်မပြောတော့ဘူး!"
"မင်း မယုံရင်၊ ငါတို့ရဲ့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုပြမယ်!"
"........"
လူတိုင်းက စူးချန်ကဲအား ခွင့်လွှတ်ပေးရန် အဆက်မပြတ် တောင်းဆိုခဲ့ကြသည်။
သာလွန်အင်အားစု ၁၈ ခုအနက် တစ်ခုဖြစ်သည့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ ဖြစ်သည့်အလျောက် သူတို့သည် အတော်လေး မာနကြီးကြသည်။
အဲ့လိုမာန်မာနမျိုး ရှိတယ်ဆိုတောင် ခုလိုအချိန် အသုံးဝင်မတဲ့လား ? အသက်ရှင်နိုင်မှာတဲ့လား?
စိမ်းလန်းသော တောင်ကုန်းများ ရှိနေသရွေ့ ထင်းကုန်သွားမည်ကို စိုးရိမ်စရာမလို။
အရင်ထွက်ပြေးပြီး ၊ နောက်မှ လူတွေခေါ်ပြီး ဒီကောင့်ကို ဝိုင်းချလည်း နောက်မကျသေးဘူး!
၎င်းတို့၏ အတွေးများကို သိမြင်နေသကဲ့သို့။
စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် ပြက်ရယ်ပြုသော အပြုံးတစ်ခု လှစ်ဟသွားသည် ။
"မင်းတို့ ပြောကြည့် "
" ငါ က မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လိုက်ဖမ်းနေတဲ့ ဝတ်ရုံဖြူဓားသမား မဖြစ်နိုင်ဘူးလား "