ကောင်းကင်လမ်းစဉ်၏ အာဏာ ၊ အားရှင်းနဲ့ပတ်သတ်တဲ့ သူတိုင်း အကုန်သတ် (Part-1)
Vol. 55 Ch. 723
ထိုစကားကို ကြားလိုက်ရသော အမတနယ်မြေမှ ကောင်းကင်လမ်းစဉ်သည် အနည်းငယ်ခေါင်းညိတ်လိုက်ကြသည်။
ဤအားကောင်းသော ပုဂ္ဂိုလ်များသည် မရေမတွက်နိုင်သော ခေတ်ကာလအတွင်း ၎င်းတို့၏ ကိုယ်ပိုင်တိုးတတ်ရေးအတွက် သူတို့၏ ကူညီထောက်ပံ့မှုကို ရယူထားသော အင်အားစုများပင် ဖြစ်သည်။
၎င်းတို့ထဲတွင်၊ ခေတ်ပြိုင် အမတနယ်မြေ၏ သာလွန်အင်အားစု(၁၈) ခုအနက်မှ လေးခု ပါဝင်သည်။
တားမြစ်အင်အားစုများ မဟုတ်သော်လည်း၊ ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်းသည် အတော်လေး ကြောက်စရာကောင်းနေပြီဟု ဆိုရမည်။
ယနေ့ခေတ်ရှိ အမတနယ်မြေမှ ကောင်းကင်လမ်းစဉ်များသည် ပြင်းထန်သော ထိခိုက်မှုကို ခံစားခဲ့ရပြီး ၊ ၎င်းတို့၏ အင်အားမှာ ယခင်ကထက် များစွာ လျော့နည်းသွားသည်ကို သင် သိထားရမည်။
အကယ်၍ အင်အားအထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိပါက ၊ အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်များသည် မည်မျှအင်အားကြီးမားမည်ကို စိတ်ကူးကြည့်နိုင်သည်။
ထိုအခိုက်အတန့်တွင် ၊ နောက်ထပ် ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် စကားစလိုက်သည် ။
" လူကြီးမင်းကို လျှောက်တင်ပါတယ်... ကျွန်တော်တို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကနေ ပေးပို့လာတဲ့အချက်အလက် ရှိပါတယ်"
လူတိုင်း၏ မျက်လုံးများသည် ထိုစကားပြောသူထံသို့ ကျရောက်သွားသည်။
ထိုသူသည် ခမ်းနားသော ရွှေရောင်တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ရာ ကောင်းသော ဧကရာဇ်အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
ဤပုဂ္ဂိုလ်မှာ ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကျိုးဝူကျီ ပင်ဖြစ်သည်။
"နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ဟွရှင်း ရှေးဟောင်းမြို့လို့ ခေါ်တဲ့ လျှို့ဝှက်နေရာတစ်ခု ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်"
" အဲ့နေရာမှာ အမတ ဧကရာဇ်မင်းတစ်ပါးရဲ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး၊ အဲ့မြို့မှာ ဝှက်ထားတဲ့ အခွင့်အလမ်းတွေကို ရရှိနိုင်ပါကြစေ ဆိုပြီး ပြောခဲ့တယ်တဲ့ ..."
ထိုစကားများထွက်လာသည်နှင့် ၊
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ထိုအချိန်ကတည်းက နတ်ဘုရားလက်နက် အမတမျှော်စင်ကို သူတို့ အပြီးသတ် ဖျက်ဆီးပစ်ခဲ့ပြီးပြီ မဟုတ်လား!?
လူတိုင်း ၊ နယ်မြေတိုင်း ၊ အဆောက်အအုံတိုင်း အားလုံး ဖျက်ဆီးခံလိုက်ရပြီးပြီ!
ဘယ်လိုလုပ်ပြီး လျို့ဝှက်နေရာတစ်ခု ရှိနေရတာတုန်း !
ဟွရှင်းရှေးဟောင်းမြို့တဲ့လား ?
ဘာလို့ သူတို့ တစ်ခါမှမကြားဖူးတာလဲ!
" မင်း ဘာပြောတယ်"
ချန်ဟွမ်ထျန်းသည် ကျိုးဝူကျီအား ဒေါသတကြီးဖြင့် မေးလိုက်သည် ။
"ပျက်စီးသွားပြီးသား နတ်ဘုရားလက်နက် အမတမျှော်စင်မှာ လျှို့ဝှက်နေရာတစ်ခု ရှိနေသေးတယ် ဟုတ်လား....!?"
"ဒါ ဘယ်လိုဖြစ်တာလဲ "
ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် အောက်က ပုဂ္ဂိုလ်များမှာ တုန်လှုပ်သွားကြသည်။
"ကောင်းကင်လမ်းစဉ်လူကြီးမင်း၊ အဲ့တာက..."
ကျိုးဝူကျီသည် မဖုံးကွယ်ဝံ့ဘဲ အဖြစ်အပျက်များကို အစအဆုံးကို ပြောပြလိုက်သည်။
.........
အချိန်အနည်းငယ်ကြာပြီးမှသာ၊ ကောင်းကင်လမ်းစဉ် လေးဦးသည် အံ့အားသင့်ရာမှ ပြန်သတိဝင်လာကြသည်။
သို့ရာတွင်၊ သူတို့လေးဦး၏ မျက်နှာအမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။
ချန်ဟွမ်ထျန်း က ဆိုလိုက်သည်။
" နတ်ဘုရားလက်နက် အမတမျှော်စင်... ပျောက်ဆုံးနေတဲ့ နယ်မြေ ...အမတ ဧကရာဇ်မင်းရဲ့ ပုံရိပ်....."
အမှန်အားဖြင့် ၊နတ်ဘုရားလက်နက် အမတမျှော်စင်သည် သူတို့၏ လက်ချက်ဖြင့် ပျက်စီးရခြင်းမှာ သံသရာစက်ဝန်းစွမ်းအား ရှိသည့် မူလအမတလက်နက်ကို ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။
ယင်းက သူတို့၏ စီမံကိန်းကို ထိခိုက်စေရုံသာမက ၊ အဓိကအချက်မှာ ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူတို့နှင့် အမတနယ်မြေရှိ အထက်လောကမှ ထူးဆန်းသော ဖြစ်တည်မှုများ၏ လျို့ဝှက်ချက်အချို့ကို သိရှိထားသောကြောင့် ဖြစ်သည်။
ချန်ဟွမ်ထျန်းက ထပ်မံ မေးမြန်းလိုက်သည် ။
" အဲ့ဒီ အမတဧကရာဇ်မင်းပုံရိပ်နဲ့ ပတ်သက်ပြီး ခင်ဗျားမှာ ဘာထင်မြင်ချက်ရှိလဲ"
" နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ဂိုဏ်းသခင် ကျောက်ဟွ အမတဧကရာဇ်မင်း ဖြစ်နိုင်လား"
စူးရှသော မျက်လုံးများဖြင့် အကြည့်ခံလိုက်ရခြင်းကြောင့် ကျိုးဝူကျီ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ၊ သူသည် အလျင်အမြန် ဖြေဆိုလိုက်သည်။
"လူကြီးမင်း.... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီးမသိပါဘူး...."
"ကျွန်တော်ရဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက တပည့်တွေ ပေးပို့တဲ့ အချက်အလက်အရ.... သူတို့ပြောတာကတော့ မှုန်ဝါးဝါး ပုံရိပ်တစ်ခုဖြစ်ပြီး...."
"အဲ့ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်....."
ထိုစကားများ ထွက်လာသည်နှင့်၊ ကောင်းကင်လမ်းစဉ်များ၏ စိတ်ထဲတွင် ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။
အကယ်၍ ကျောက်ဟွ အမတဧကရာဇ်မင်းသာ အမှန်တကယ်ပင် အသက်ရှင်နေသေးပါက၊ ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ကာ တားမြစ်အင်အားစု ကိုးဖွဲ့စလုံး သိရှိသွားခဲ့လျှင်ဖြင့် ထိုအရာသည် သူတို့အတွက် မှန်းဆမရနိုင်သော အန္တရာယ်ကြီးကို မလွဲမကန် ယူဆောင်လာတော့လိမ့်မည်။
သို့ရာတွင်၊ ၎င်းတို့သည် ထိုအချိန်တုန်းက အဖြစ်အပျက်ကို ဦးနှောက်ညှစ်ပြီး ပြန်လည်စဉ်းစားကြည့်သော်လည်း၊ သူတို့သည် ထိုလူများကို တစ်ယောက်မှအလွတ်မပေးဘဲ အမှန်တကယ်ပင် သတ်ဖြတ်ခဲ့သည်။
ထို့အပြင်၊ တစ်ဖက်လူသည် လျှို့ဝှက်နည်းအတတ်ကို အသုံးပြု၍ ၎င်းတို့၏ ဝိညာဉ်ကို ပြန်လည်မွေးဖွားရန်မှ ကာကွယ်ရန်အတွက် သူတို့သည် အတုမရှိသော နတ်ဘုရားပစ္စည်းများဖြင့် ထိုဒေသရှိ နိယာမတရားများကို အပြီးတိုင် ပျောက်ကွယ်စေခဲ့သည်။
ကျောက်ဟွ အမတဧကရာဇ်မင်းတွင် မိုးမြေကိုလှန်ပစ်နိုင်သည့် စွမ်းအားမျိုး ရှိခဲ့ရင်တောင် ၊ သူ၏ စိတ်ဝိညာဉ် တစ်မျှင်ကိုပင် ချန်ထားရန် မဖြစ်နိုင်ချေ။
ကောင်းကင်လမ်းစဉ်များ၏ ဦးနှောက်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေစဉ် ၊
ကောင်းကင်မိစ္ဆာအမတ နယ်မြေ၏ ကောင်းကင်လမ်းစဉ် ဖြစ်သော ရွှမ်ယောင်က ပြောလိုက်သည်။
" ဟွမ်ထျန်း ၊ ငါ အမှတ်မမှားဘူးဆိုရင် ကျောက်ဟွ အမတဧကရာဇ်မင်းက အရင်က ထူးခြားတဲ့ သံမဏိစက်ရုပ်တစ်ခုကို ဖန်တီးခဲ့တယ်မလား"
"အားရှင်းလို့ခေါ်တဲ့ သံမဏိစက်ရုပ် သားရဲတစ်ကောင်ကို နင် မှတ်မိသေးလား"
ထိုစကားကို ကြားလိုက်ရသော ချန်ဟွမ်ထျန်းသည်လည်း ရုတ်တရက် အံ့အားသင့်သွားသည်။
"သံမဏိစက်ရုပ်? အားရှင်း?"
ရွှမ်ယောင်၏ ဆိုလိုရင်းကို နားမလည်သော်လည်း၊ သို့သော် သူသည် အားရှင်းနှင့် ပတ်သက်သော ကိစ္စကို အမှတ်ရမိသွားသည်။
ထိုအချိန်က သူနှင့်ရွှမ်ယောင်တို့သည် ကျောက်ဟွ အမတဧကရာဇ်မင်းကို နှိမ်နင်းရန် တာဝန်ရှိခဲ့သည်။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူ မသေဆုံးခင်က ၊ အားရှင်းဟု အမည်ရသည့် ထူးဆန်းသော သံမဏိစက်ရုပ်တစ်ကောင်ကို အပြင်းအထန် ကာကွယ်သွားခဲ့သည်။
အကယ်၍ သူသည် ထိုတိုက်ပွဲအတွင်း အားရှင်းကို ကာကွယ်ရန် အာရုံမစိုက်ထားပါက ၊
သူတို့နှစ်ဦးသည် ကျောက်ဟွ အမတဧကရာဇ်မင်းကို အပြီးတိုင် ချေမှုန်းရန်မှာ မဖြစ်နိုင်ချေ။
"ကျောက်ဟွ အမတဧကရာဇ်မင်းက အားရှင်းလို့ ခေါ်တဲ့ အဲ့ဒီသံမဏိစက်ရုပ်ကို အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့တာ.. မဟုတ်မှလွဲရော ဒီသံမဏိစက်ရုပ်မှာ ထူးခြားတဲ့အရာများ ရှိနေမလား"
ရွှမ်ယောင်သည် ခန့်မှန်းပြောဆိုလိုက်သည်။
" ကျောက်ဟွ အမတဧကရာဇ်မင်းကို ငါတို့ မသတ်ခင် ၊ သူ့ရဲ့နတ်အသိစိတ်ကို အဲ့ဒီသံမဏိစက်ရုပ်ထဲ ပြောင်းရွေ့ခဲ့တာဖြစ်နေမလား"
" ပြီးတော့ အားရှင်းလို့ ခေါ်တဲ့ အဲ့ကောင်ကလည်း အဲ့တုန်းက သတ်ဖြတ်မှုကနေလွတ်မြောက်ပြီး ပျောက်ဆုံးသွားခဲ့တယ်မလား"
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ အခြားသော ကောင်းကင်လမ်းစဉ်သုံးဦး၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။
ယခုအခါ နတ်ဘုရားလက်နက် အမတမျှော်စင်၏ အကြွင်းအကျန်များ ထွက်ပေါ်လာပြီး ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့်အတွက် ကျောက်ဟွ အမတဧကရာဇ်မင်းမှာ အသက်ရှင်နေသေးသည်ဟု သံသယရှိမိသည်။
ရွှမ်ယောင်၏ စကားအရ ၊ ဤသည်မှာ အမှန်တရားဖြစ်နေနိုင်သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဤကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့် ၊ ပျောက်ဆုံးနေသော အားရှင်းသည်လည်း လူ့လောကထဲသို့ ပြန်လည်ပေါ်ထွက်လာနိုင်သည်။
အပိုင်း(၇၂၃): ကောင်းကင်လမ်းစဉ်၏ အာဏာ ၊ အားရှင်းနဲ့ပတ်သတ်တဲ့ သူတိုင်း အကုန်သတ် (Part-2)
သိပ်မကြာမီ ၊
အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ် လေးဦး တိုင်ပင်ဆွေးနွေးပြီးနောက် ၊
အန္တရာယ်ကို ကာကွယ်ဖို့ ဤဖြစ်နိုင်ခြေကို အပြီးတိုင် ပျောက်ကွယ်သွားစေရန် လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ဤကိစ္စတွင် ပါဝင်နေသော လျှို့ဝှက်ချက်သည် ကြီးမားလွန်းသောကြောင့် သူတို့သည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ရှင်သန်မှုကို ခွင့်ပြုပေးမည် မဟုတ်။။
"ကျိုးဝူကျီ ၊ ထျန်းဖုန်းရှင် "
ချန်ဟွမ်ထျန်း က ပြောလိုက်သည်။
"နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ရှိတဲ့ မင်းတို့ရဲ့ တပည့်တွေကို အမိန့်ပေးလိုက် ၊ ဘယ်လိုတန်ကြေးကိုပဲ ပေးဆပ်ရပါစေ.. အားရှင်းလို့ ခေါ်တဲ့ သံမဏိစက်ရုပ်ကို ရအောင် ရှာဖွေရမယ်"
" ပြီးတာနဲ့ သူ့ကို အပြီးတိုင် ဖျက်ဆီးပစ်!"
" ပြီးတော့ သူနဲ့ ထိတွေ့ဆက်ဆံဖူးသူတိုင်း အကုန်သတ် ၊ တစ်ယောက်မှ အရှင်မထားနဲ့"
ကောင်းကင်လမ်းစဉ်များသည် အကြင်နာကင်းမဲ့စွာ ဆုံးဖြတ်ခဲ့ကြသည်။
မိမိတို့၏ စီမံကိန်း ထုတ်ဖော်ခံရခြင်း နှင့် ဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန် အပြစ်ရှိသူ လူတစ်ယောက် လွတ်မသွားစေရန်အတွက် အပြစ်မဲ့သူ လူတစ်ထောင်ကို သတ်ပစ်ရန် ဝန်လေးနေမည်မဟုတ်။
"အောင်မြင်စွာ သတ်ဖြတ်ပြီး၊ ခေါင်းကို ယူလာနိုင်တဲ့သူကို ဆုလာဘ်ကြီးကြီးမားမား ချီးမြင့်မယ်"
"မင်းတို့ဂိုဏ်းအတွက် ကောင်းကင်လမ်းစဉ်ရဲ့ တုံ့ပြန်မှု နဲ့ ကောင်းကင်လမ်းစဉ် ကံကြမ္မာရွှေနဂါးတစ်ကောင်ကိုလည်း ပေးအပ်မယ်"
ထိုစကားဆုံးသည်နှင့်၊
လူအုပ်စုထဲရှိ ကျိုးဝူကျီနှင့် ထျန်းဖုန်းရှင်တို့မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ၊ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော တပ်မက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကောင်းကင်လမ်းစဉ်၏ တုံ့ပြန်မှုဆိုသည်မှာ အမတနယ်မြေ၏ ကံစွမ်းအားကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပြီး၊ အမတနယ်မြေရှိ ကံစွမ်းအားကို ပေါင်းစပ်နိုင်သော စွမ်းအားရှင်သည် မိုးမြေ၏ အသန့်စင်ဆုံး ကနဦးစွမ်းအင်နှင့် ဆက်သွယ်နိုင်သည်။
၎င်းသည် ကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဆွဲဆောင်နိုင်ပြီး ၊ အခြေခံအုတ်မြစ်တွင် ယခင်က ရှိနှင့်ပြီးသော ပျက်စီးမှုများကို ပြုပြင်ပြောင်းလဲကာ နက်နဲပြီး ပြီးပြည့်စုံသော ဉာဏ်အလင်းကို ရရှိသည့် အခြေအနေသို့ ရောက်ရှိစေနိုင်သည်။
ကောင်းကင်လမ်းစဉ် ကံကြမ္မာရွှေနဂါးသည် ကောင်းကင်နှင့် မြေကြီးမှ ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို ကိုယ်စားပြုသည်။
အကယ်၍ မိမိတို့ဂိုဏ်း၏ ကံကြမ္မာသွေးကြောတွင် ထည့်သွင်းလိုက်မည်ဆိုပါက၊ မိမိတို့ဂိုဏ်းတွင် ကံကောင်းခြင်း နှင့် ချမ်းသာကြွယ်ဝခြင်းများ ဖြစ်ပေါ်လာပေလိမ့်မည်။
ဤအရာဖြင့် မိမိတို့၏ဂိုဏ်းတွင် ပါရမီရှင် မျိုးဆက်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်ကာ လောကကြီးတစ်ခုလုံးကို ဦးဆောင်နိုင်ပေတော့မည်။
ဤအရာများသည် မိမိတို့ကိုယ်တိုင်နှင့် ဂိုဏ်းအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများပင် ဖြစ်သည်။
သဘောပေါက်သွားပြီးနောက် ၊ ၎င်းတို့နှစ်ဦးသည် ချန်ဟွမ်ထျန်းကို အလျင်အမြန် ဦးညွှတ်ကာ ဖြေဆိုလိုက်သည်။
" လူကြီးမင်း စိတ်ချပါ! မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ကာ လူကြီးမင်း မှာကြားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်"
ထိုသို့ ဖြေကြားပြီးနောက် ၊ ၎င်းတို့ နှစ်ဦးသည် နောက်တစ်ဖန် ဦးညွှတ်လိုက်ပြီး ဤကိစ္စကို စီစဉ်ရန် အလျင်အမြန် ထွက်ခွာသွားလေသည်။
အခြားသော ပုဂ္ဂိုလ်များမှာ ဤမြင်ကွင်းကို မနာလိုစွာဖြင့် ကြည့်နေခဲ့ကြသည်။
"အိုင်း.... ကျိုးဝူကျီ နဲ့ ထျန်းဖုန်းရှင်တို့က သာလွန်အင်အားစုတွေပဲ..."
" ကောင်းကင်လမ်းစဉ် လူကြီးမင်းတွေရဲ့ ရတနာတွေကို ကောင်းချီးမင်္ဂလာအဖြစ် ရရှိခဲ့မယ်ဆိုရင်...မကြာခင်အချိန်အတွင်း အမြင့်ကို တတ်လှမ်းနိုင်တော့မယ်"
" ကောင်းကင်လမ်းစဉ် လူကြီးမင်း... ကျွန်တော်ရဲ့ ဂိုဏ်းတပည့် အနည်းငယ်ဟာ နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ရှိနေပါတယ်.. များများစားစားမဟုတ်ပေမယ့် ကျွန်တော့်ဂိုဏ်းကိုလည်း ပါဝင်ခွင့်ပေးနိုင်မလား"
"ဖြစ်နိုင်ရင် ကျွန်တော် ခုချက်ချင်းပဲ နတ်ဘုရားလက်နက် အမတမျှော်စင် အနီးတဝိုက်မှာ ရှိနေတဲ့တပည့်တွေကို စုဆောင်းပြီး ကောင်းကင်လမ်းစဉ် လူကြီးမင်းရဲ့ တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်"
".........."
ကောင်းကင်လမ်းစဉ်များသည် အောက်ကလူများ၏ စကားများကို အာရုံစိုက်ရန် ပျင်းရိနေသကဲ့သို့ ၊ အခြားအရာကို ညွှန်ကြားလိုက်သည်။
" ဒီကိစ္စကို ထျန်းချန်လမ်းစဉ်ဂိုဏ်း နဲ့ ဖုန်းယွင်လှံခန်းမ ကလူတွေကိုပဲ အပ်နှံထားလိုက် ..မင်းတို့ကတော့ အမတနယ်မြေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် မှန်သမျှကို စုဆောင်းရမယ်"
"စိတ်ချ ၊ မင်းတို့ ကောင်းကောင်းလုပ်နိုင်ရင် မင်းတို့အတွက်လည်း အကျိုးကျေးဇူး မနည်းစေရဘူး"
ဤစကားများ ထွက်လာသည်နှင့်၊ ယခင်က
"သစ္စာရှိကြောင်း ပြသရန် တောင်းဆိုနေခဲ့ကြသော " ပုဂ္ဂိုလ်များသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားကြသည်။
"ကောင်းကင်လမ်းစဉ် လူကြီးမင်း ... ကျေးဇူးတင်ပါတယ်"
အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များသည် လက်ရှိတွင် ကျဆင်းနေသော်လည်း၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ မူလအစဝိညာဉ်များ ဖြစ်ကြပြီး၊ မွေးရာပါ ကနဦးစွမ်းအင်ကို ပိုင်ဆိုင်ထားကြသည်။
ကနဦးစွမ်းအင်သည် အမတနယ်မြေတစ်ခုလုံးနှင့် ဒေဝလောကတစ်ခွင်လုံးတွင် အသန့်စင်ဆုံး စွမ်းအားတစ်ခု ဖြစ်သည်။
အကယ်၍ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးပေးမှုကို ရရှိထားနိုင်သရွေ့ သူတို့သည် အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။
အောက်ကလူများကို ကြည့်ရင်း ၊
ကောင်းကင်လမ်းစဉ် လေးဦးစလုံး၏ နှုတ်ခမ်းထောင့်များတွင် ပြက်ရယ်ပြုသော အပြုံးများ ရှိနေခဲ့သည်။
သူတို့၏ ဆုလာဘ်များသည် လွယ်လင့်တကူ ရယူနိုင်သောအရာ မဟုတ်ချေ။
အနာဂတ်တွင်၊ စစ်ပွဲကြီးတစ်ခု ဆင်နွဲသည့်အခါ ဤလူများသည် သူတို့အတွက် အကောင်းဆုံး ကျားစေ့များ ဖြစ်လာပေလိမ့်မည်။
အစီအစဉ်ကို သင့်တင့်လျောက်ပတ်စွာ စီစဉ်ပြီးနောက် ၊
ရွှေရောင်တောက်ပနေသော ခန်းမဆောင်ကြီးထဲတွင် အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ် လေးဦးသာ ကျန်ရစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ၊ ကွေးယွမ်အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်ဖြစ်သော ချင်းယွင်က ရုတ်တရက် စကားစလိုက်သည်။
" ဒါနဲ့ ကွေးယွမ်အမတဂိုဏ်းက စူးချန်ကဲကလည်း နတ်ဘုရားလက်နက် အမတမျှော်စင်ကို ရောက်လာတယ်"
"အကယ်၍ ဒီကောင်လေးကသာ အားရှင်းနဲ့ ဆက်သွယ်မှုရှိခဲ့ရင် ၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ...."
ထိုစကားသံအဆုံးတွင် ၊
ပတ်ဝန်းကျင်တစ်ခုလုံး ထပ်မံ ဆိတ်ငြိမ်သွားပြီး၊ လေထုထဲတွင် ထူးဆန်းသော လေးလံမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
" မင်း နည်းနည်းလောက်လေးများ စကားအကောင်းပြောလို့မရဘူးလား"
" လောကကြီးထဲ ဒီလောက်ထိ တိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား"
ဟောက်ယွင်သည် မနေနိုင်ဘဲ ညည်းညူပြောဆိုလိုက်သည်။
" မင်း ဝတ္ထုရေးနေတာလား...နတ်ဘုရားလက်နက် အမတမျှော်စင်က ဒီလောက်တောင် ကြီးမားကျယ်ပြန့်တာ ....အထဲကို ဝင်တဲ့သူတွေ အများကြီးရှိတယ် ..ဒီလောက်လူအများကြီးထဲမှာ စူးချန်ကဲက အားရှင်းကို တွေ့နိုင်မတဲ့လား"
"မင်းပြောသလိုဆိုရင်၊ အားရှင်းက အရင် စူးချန်ကဲကို ရှာတွေ့မယ်နဲ့တူတယ်"
"ဟုတ်တယ်၊ ဟောက်ယွင် ပြောတာ မှန်တယ်"
ချန်ဟွမ်ထျန်းက ဝင်ရောက် ပြောဆိုလိုက်သည်။
"ကမ္ဘာပေါ်မှာ အဲ့လောက်ထိ မတိုက်ဆိုင်နိုင်ဘူး"
စူးချန်ကဲနှင့် ပတ်သက်၍ ၊
ကောင်းကင်လမ်းစဉ် လေးဦးစလုံး ခေါင်းကိုက်နေကြသည်။
သူ့နောက်က နောက်ခံက အရမ်းအားကောင်းလွန်းသည်။
ယခုအခါ ပီယွီ့ကောင်းကင်အရှင်သည် သူ့ကို ကာကွယ်ရန် တာဝန်ယူထားသည်။
စူးချန်ကဲသည် ထိုနှစ်က လျှို့ဝှက်ချက်အချို့ကို သိရှိထားသည့် လူငယ်မျိုးဆက်သစ်များထဲမှ တစ်ဦးတည်းသောသူ ဖြစ်သည်။
သူတို့ကို အရှက်ရစေသည့်အရာမှာ စူးချန်ကဲကို နည်းနည်းမှ သွားထိလို့မရနိုင်ခြင်းသာ။
အကယ်၍ နည်းနည်းလေး သွားထိမိရုံဖြင့် သေရမည်မှာ သူတို့ဖြစ်သွားနိုင်သည်။
အများဆုံးအနေဖြင့် သူတို့သည် အမှောင်ထု ပြန်လည်ရှင်သန်လာမည့် ခေတ်ကို အခွင့်ကောင်းယူကာ နောက်ကွယ်ကနေ လုပ်ဆောင်နိုင်ပေလိမ့်မည်။
သို့ရာတွင်၊ သူတို့အားလုံး မသိခဲ့သည်မှာ ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမဆောင် ဤဉာဏ်ကြီးရှင်နှစ်ဦးသည် နောက်ပိုင်းတွင် ၎င်းတို့အတွက် ကြီးမားသော ဒုက္ခများကို ယူဆောင်လာခဲ့ပြီး ၊
သူတို့အား ဒုတိယ တားမြစ်ကုန်းပြင်မြင့်နှင့် တူညီသော လမ်းကြောင်းအတိုင်း ပို့ဆောင်ခံရလုနီးပါး ဖြစ်စေခဲ့သည်။