အခြေအနေ ပြောင်းလဲသွားခြင်း
Vol. 55 Ch. 729
စူးချန်ကဲသည် ထိုအမေးကြောင့် အနည်းငယ် ရှက်ရွံ့သွားပြီး ပြန်ဖြေလိုက်သည်။
“ငါ... နည်းနည်းတော့ အားပါသွားတယ်”
“ဒါပေမဲ့ ဒီဟွရှင်းရှေးဟောင်းမြို့က ဒီလောက်ထိ ခိုင်ခံ့မှုမရှိမယ်မှန်း ငါမှ မသိတာ....”
ဤစကားများကို ကြားပြီး သံမဏိစက်ရုပ်ဖြစ်သော အားရှင်းသည် မျက်ဖြူလှန်ပြလေသည်။
ဘာကို နည်းနည်းတုန်း ...ဒီလောက်ထိ အားတွေ အများကြီး ထည့်ထားတာကိုများ ...ဘာတဲ့ ၊ သူ့ရဲ့ဟွရှင်းရှေးဟောင်းမြို့ကြီးကပဲ မခိုင်ခံ့လို့ဆိုပြီး အပြစ်တင်လိုက်သေးတယ် ...ဒါ လူကထွက်တဲ့စကားလား !?
အမှန်အားဖြင့် ၊ ဟွရှင်းရှေးဟောင်းမြို့ကို အလွန်ခိုင်ခံ့သော သံမဏိသတ္တုများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
၎င်းပေါ်တွင် ရေးထွင်းထားသော မဟာလမ်းစဉ်၏ အမှတ်အသားများနှင့် ပေါင်းစပ်လိုက်သည့်အခါ စစ်မှန်အမတ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများအနေဖြင့် ၎င်းကို ဖျက်ဆီးရန်မှာ ကောင်းကင်ဘုံတတ်သည်ထက် ပို၍ ခက်ခဲပေသည်။
ဒါပေမဲ့ ခုတော့ ကြည့်လိုက်စမ်း!
စူးချန်ကဲသည် သူ၏မှော်အတတ်များကို အနည်းငယ် ထုတ်သုံးလိုက်ရုံဖြင့် အဆောက်အအုံများနှင့် မျှော်စင်များသည် တစ်ခုပြီးတစ်ခု ပြိုကျကုန်သည်။
မိမိ၏ ပိုင်ရှင်သာ ဤမြင်ကွင်းကို မြင်ခဲ့လျှင်ဖြင့် စိတ်မကောင်းဖြစ်မိမှာ သေချာသည်။
တစ်ဖက်တွင် ၊
ဤမြင်ကွင်းကို အစအဆုံး မြင်တွေ့လိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် မေးရိုးပြုတ်ကျမတတ် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
မျဲ့ရှန်းယင်ယန်မျက်လုံး၏ ကြောက်မက်ဖွယ် ကောင်းသော အင်အားကို သူတို့ ရှင်းရှင်းလင်းလင်း သိသည်။
အစွမ်းကုန် ပေါက်ကွဲမည်ဆိုပါက ၊ သူတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းရှိ လူ့ဘီလူးဟု လူသိများသော အကြီးတန်းအစ်မနှင့်ပင် လက်ရည်တူ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
“ မျဲ့ရှန်းယင်ယန် မျက်လုံးကို အသက်သွင်းလိုက်ရင် ကျိုး အစ်ကိုကြီးက အတုမရှိ မဟုတ်ဘူးလား”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ အံ့အားသင့်သံများ ထွက်ပေါ်လာကြသည်။
“ခုလို အလွယ်တကူ နှိပ်ကွပ်ခံလိုက်ရတာ ..ဒါ ဘယ်လိုဖြစ်တာလဲ “
သူတို့သည် အစ်ကိုကြီးဖြစ်သူ၏ ပြသမှုကြီးကို ကြည့်ရှုရန် အသင့်ပြင်ထားခဲ့သည်။
ရလဒ်အနေဖြင့် ၊ စူးချန်ကဲ၏ တစ်ဖက်သတ် ပြသမှုကြီးကိုသာ ကြည့်ရှုခဲ့ရသည်။
လူတိုင်း၏ မျက်နှာအမူအရာများသည် ရှက်ရွံ့မှုကြောင့် ပူလောင်နေကြသည်။ ယခင်က မိမိတို့၏ အစ်ကိုကြီးသည် အတုမရှိ ဟု ယုံကြည်နေကြပြီး စူးချန်ကဲသည် ဧကန်မုချသေရမည်ဟု ယုံကြည်ချက်ရှိရှိ ပြောဆိုခဲ့ကြသည်။
ယခုအခြေအနေအရ ၊မိမိတို့၏ ယခင်က ပြောဆိုချက်များသည် လူရွှင်တော်တစ်ယောက်၏ စကားများကဲ့သို့ ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ မျက်စိပါးသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်တစ်ဦးသည် အံ့အားသင့်စွာဖြင့် ပြောဆိုလာခဲ့သည်။
“မင်းတို့.... ခုနကမြင်ခဲ့တယ်မလား...”
“ ကျိုး အစ်ကိုကြီး စုစည်းထားတဲ့ ယင်ယန်စွမ်းအားတွေကို ဒီကောင်က တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တယ်”
“ပြီးတော့.... ခုနက စွမ်းအားထဲမှာ ခန္ဓာကိုယ်သုံးမျိုးရဲ့ စွမ်းအားတွေ ပါဝင်နေသလိုပဲ... ဒါက ဘယ်ပါရမီရှင်လဲ...ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”
“ ဘာတွေလေပေါနေတာလဲ ၊ အခုချက်ချင်း ထွက်မပြေးရင် အဲ့ကောင်က ငါတို့ကို ဟင်းသီးဟင်းရွက်လှီးသလို လှီးဖြတ်ပစ်တော့မှာ !”
“ဒါပေမယ့် ကျိုး အစ်ကိုကြီး သူက....”
“ ကျိုးထျန်းမော့ ဒီကောင်ကို ဘာလို့ ဂရုစိုက်နေသေးတာလဲ!? အဆိုးဆုံး နောင်ကျမှ စက္ကူငွေများများ မီးရှို့ပေးလိုက်မယ်ကွာ... အခုမှ မပြေးရင်တော့ တကယ် ပြီးသွားလိမ့်မယ်”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် ဆက်လက် မနေရဲကြတော့ဘဲ လူးလိမ့်ထကာထွက်ပြေးလေတော့သည်။
……..
အခြားတစ်ဖက်တွင်၊
“ အဟွတ်...အဟွတ်.....”
သွေးချောင်းဆိုးသံနှင့်အတူ ၊
ကျိုးထျန်းမော့သည် အပျက်အစီးများထဲမှ ဖြည်းဖြည်းချင်း ထလာသည်။
လက်ရှိ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစက်များ ရှိနေပြီး ၊ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အဝတ်အစားများမှာ စုတ်ပြဲနေလေ၏။
မက်မောဖွယ်ကောင်းသော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေသည်။
သူ၏ရင်ဘတ်သည် အနည်းငယ်ချိုင့်ဝင်နေပြီး နံရိုးမည်မျှကျိုးသွားသည်ကို မသိနိုင်ပေ။ လက်ရှိ သူ၏ပုံစံမှာ အတော်လေး ဖရိုဖရဲဖြစ်နေသည်။
သို့သော် ထူးဆန်းစွာဖြင့်၊
ကျိုးထျန်းမော့သည် သူ၏နှုတ်ခမ်းထောင့်ရှိ သွေးများကို ဖယ်ရှားခြင်းမရှိသလို ရှက်ရွံ့ဒေါသထွက်ကာ ပြန်လည်တိုက်ခိုက်ခြင်းလည်း မရှိပေ။
ယင်းအစား သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု လှစ်ဟသွားသည်။
သူသည် အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
“ငါ ယင်ယန်စွမ်းအား ကို အသုံးပြုပြီးတာတောင် ခုလိုပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာမျိုးကို ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးတာပဲ.....”
“ မင်းဟာ တကယ်ပဲ အားကောင်းတယ် .... ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ပထမဆုံး ပါရမီရှင်နဲ့တောင် ယှဉ်ပြိုင်နိုင်တယ် “
“ဒါပေမယ့်.... ယင်နဲ့ယန် ကို မင်းလို ငါးအသေးစားလေးတွေက ချိုးဖျက်နိုင်မယ်လို့ ထင်နေလား “
“ ယင်ယန် လှည့်ပတ်ခြင်း !”
ထိုစကားသံအဆုံးတွင် ၊
ဝုန်း !!
မျက်စိတမှိတ်အတွင်းမှာပင် ၊ မူလက လုံးဝပျောက်ကွယ်သွားခဲ့သော ယင်ယန်စွမ်းအားများသည် တစ်ဖန် ထွက်ပေါ်လာပြီး ၊ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
အမည်းနှင့်အဖြူ လျို့ဝှက်ဆန်းကြယ်သော ယင်နှင့်ယန် စွမ်းအားနှစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြား လည်ပတ်နေသကဲ့သို့ပင်။
၎င်းသည် ပတ်ဝန်းကျင်ရှိ အမတစွမ်းအင်များကို ကျိုးထျန်းမော့၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စုစည်းစေခဲ့သည်။
ယင်ယန်စွမ်းအားများသည် လောကရှိ အရာအားလုံးကို ဖန်တီးနေသည်အလား ရှိနေသည်။
ထို့နောက်တွင် ကျိုးထျန်းမော့၏ ခေါင်းပေါ်၌ လှည့်ပတ်လှုပ်ရှားနေသည့် ကြီးမားသည့် ယင်နှင့် ယန် ထိုက်ကျိစက်ဝန်းပုံသဏ္ဍာန် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းသူတော်စင် ကိုယ်ထည်၏ ပုံရိပ်ဖြစ်သည့် အသက်နှင့်သေခြင်းဆိုင်ရာ ယင်ယန် ပုံကားချပ်နှင့် ကွဲပြားသည်မှာ ၊
ဤယင်နှင့်ယန် ထိုက်ကျိစက်ဝန်းတွင် အရာအားလုံး၏ အရင်းအမြစ်၊ မိုးမြေရှိ မဟာလမ်းစဉ်များကို ပြသကာ ၊ နေနှင့်လ လည်ပတ်ခြင်း ၊ ကောင်းကင်နှင့် မြေကြီးတို့၏ လည်ပတ်ခြင်းတို့ ပါဝင်နေခြင်း ဖြစ်သည်။
ဤမျှကြီးကျယ်ခမ်းနားသော ရူပါရုံမြင်ကွင်းသည် ဟွရှင်းရှေးဟောင်းမြို့ထဲရှိ ကျင့်ကြံသူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“ အမ်..... ဘယ်လိုလုပ်ပြီး ယင်နှင့်ယန် ထိုက်ကျိစက်ဝန်းကြီး ထွက်ပေါ်လာတာလဲ..နတ်ဘုရားလက်နက် အမတမျှော်စင်ကနေ ဖန်တီးထားတဲ့ ယင်-ယန် ရတနာများလား”
“မဟုတ်သေးဘူး.... လာတဲ့နေရာကို ကြည့်ရတာ ခုနက ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာကပဲ “
သဘောပေါက်သွားသော ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
“ ငါ မမှားရင် ဒါက ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ပါရမီရှင် ကျိုးထျန်းမော့ ပေါက်ကွဲထုတ်လိုက်တဲ့ ယင်နှင့်ယန် ပုံရိပ် ဖြစ်နိုင်တယ်”
ထိုစကားများ ထွက်လာသည်နှင့် ၊
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များစွာသည် အလိုအလျောက် အာမေဠိတ်ပြုလိုက်ကြသည်။
ကျိုးထျန်းမော့သည် အမတနယ်မြေရှိ ပါရမီရှင်စာရင်းတွင် ပါဝင်ထားသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ၊ လောကတွင် ရှားပါးသော ယင်ယန်စွမ်းအားကို ထိန်းချုပ်နိုင်သည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အင်အားကို ပေါက်ကွဲထုတ်လွှတ်လိုက်ခြင်းသည် အခြားသူတစ်ဦးက သူ့ကို အကျပ်အတည်းထဲသို့ တွန်းပို့ခဲ့သည်မှာ ထင်ရှားသည်။
သို့မဟုတ်ပါက ဤမျှ အားကောင်းသော သူ၏ ယင်နှင့်ယန်စွမ်းအားကို မည်သူကများ ရင်ဆိုင်နိုင်မည်နည်း။
……..
အခြားတစ်ဖက်တွင်၊
ဟွရှင်းရှေးဟောင်းမြို့ရှိ အဆောက်အဦးတစ်ခုထဲတွင်။
လှပသော အမျိုးသမီးတစ်ဦးသည် မိုးကောင်းကင်ပေါ်ရှိ ယင်နှင့်ယန် ထိုက်ကျိစက်ဝန်းကို ကြည့်ရှုနေပြီး ၊ သူမ၏ မျက်လုံးများသည် စိတ်ဝင်စားဖွယ်ရာကောင်းသော အရိပ်အမြွက်များ ရှိနေခဲ့သည်။
“ဒါက.... ကျိုးထျန်းမော့ အဲ့ကောင်ရဲ့ ပင်ကိုယ် မှော်အတတ် ၊ ယင်ယန် လှည့်ပတ်ခြင်းပဲ “
ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ပါရမီရှင်အဖြစ်၊ သူမသည် တစ်ချိန်က ကျိုးထျန်းမော့နှင့် တိုက်ခိုက်ဖူးသည်။
ဤမှော်အတတ်သည် သူတစ်ပါးကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများကို ကုသနိုင်သည်။
ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေရုံသာမက၊ ယခင်က ခံစားခဲ့ရသော ရန်သူ၏ စွမ်းအားကိုပင် ၎င်း၏ကိုယ်ပိုင် စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်သည်။
ဤမှော်အတတ်မှာ အလွန် ထူးဆန်းသည်။ ဒုတိယအသက်တစ်ချောင်း ရရှိလိုက်သလိုပင် သူ၏ ခွန်အားကို ထပ်မံတိုးမြင့်စေနိုင်သည်။
“ကျိုးထျန်းမော့ကို ဒီလိုအခြေအနေထိ တွန်းပို့နိုင်တာ ဘယ်သူများလဲ”
အမျိုးသမီးသည် သွယ်လျသော ခန္ဓာကိုယ်ရှိကာ အပြာဖျော့ဖျော့ ပိုးချည်ထည်ကို ဝတ်ဆင်ထားပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ပိုးထည်သားအောက်တွင် တချက်တချက် မြင်တွေ့နေရသည်။
လှပသော မျက်နှာသွင်ပြင်၊ နက်မှောင်သော မျက်ခုံး ၊ အနည်းငယ် ကွေးညွှတ်နေသော အနီရောင်တောက်တောက် နှုတ်ခမ်းသားများသည် ရေထဲမှ ကြာပန်းအလား လူတို့၏စိတ်နှလုံးသားကို ဆွဲဆောင််နိုင်သည်။
ပို၍ ဆွဲဆောင်ဖွယ်ကောင်းသည်မှာ သူမ၏ မျက်လုံးအရောင်သည် တစ်ဖက်နှင့်တစ်ဖက် မတူညီခြင်း ဖြစ်ပေသည်။ သူမ၏ ဘယ်ဘက်မျက်လုံးသည် အပြစ်အနာအဆာကင်းမဲ့သော ကျောက်စိမ်းလို အစိမ်းရောင်ရှိပြီး ၊ သူမ၏ ညာဘက်မျက်လုံးသည် ငရဲချောက်ကမ်းပါးသဖွယ် မည်းနက်နေသည်။
သူမကို ထျန်းယွီလော့ရုံ ဟု ခေါ်ပြီး၊ သူမသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ အဆင့်တစ် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမ၏ကျင့်ကြံမှုသည် စစ်မှန်အမတ နယ်ပယ် အဆင့် (၉)ထိ ရောက်ရှိထားသည်။
ထို့အပြင် သူမသည် ကနဦးအရိုးကို ပိုင်ဆိုင်ထားရုံသာမက ၊ မရဏကောင်းကင် အဆိပ်ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားပြီး အပြည့်အဝ ကျွမ်းကျင်သွားပါက အမတဘုရင်ကိုပင် အဆိပ်ခတ်နိုင်သည်ဟု ဆိုကြသည်။
အကယ်၍ ဤကိုယ်ထည်နှစ်မျိုးကို အသက်သွင်းလိုက်မည်ဆိုပါက ၊ ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များပင် သူမ၏ လက်ထဲက သားကောင်ဖြစ်သွားနိုင်သည်။
ယင်ယန်စွမ်းအားရှိသော ကျိုးထျန်းမော့ပင်လျှင်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်းရှိ ပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် သူမ၏နောက်တွင်သာ ရပ်တည်နိုင်သည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် သူမပိုင်ဆိုင်သော စွမ်းအားသည် မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို သိနိုင်သည်။