ဗလာနိတ္ထိစွမ်းအား vs ယင်ယန်စွမ်းအား ၊ ယင်ယန်စွမ်းအားကို သဲလွန်စ မကျန်အောင် ဖျောက်ဖျက်ပစ်နိုင်တဲ့ စွမ်းအားက ဘယ်လိုစွမ်းအားလဲ
Vol. 55 Ch. 727
ကျိုးထျန်းမော့သည် မျဲ့ရှန်းယင်ယန်မျက်လုံး၏ စွမ်းအားကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်နှင့်အမျှ ၊
ဤနေရာတစ်ခုလုံးသည် လျို့ဝှက်ဆန်းကြယ်သော နယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရပုံပေါ်သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ အလင်းနှင့် အမှောင်ကြားတွင် ရပ်တည်နေသကဲ့သို့ပင်။
ယင်ယန်နှင့် ဆက်စပ်သော ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဤနေရာလောကတွင် အပြည့်အဝ ထင်ရှားပေါ်လွင်နေပုံသည်။
“ဒီကောင်တော့သွားပြီ “
“ မျဲ့ရှန်းယင်ယန် မျက်လုံးကို အသက်သွင်းလိုက်ပြီ ဖြစ်တဲ့ အစ်ကိုကြီး ကျိုးကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူး”
“ဟားဟား! ဒီမျက်နှာဖြူကောင်လေးက အရည်အချင်းတော့ ရှိရှာသားပဲ..အစ်ကိုကြီးကို မျဲ့ရှန်းယင်ယန်မျက်လုံးကို ထုတ်သုံးလာအောင် လုပ်နိုင်တယ် ...သေရင်တောင် ဂုဏ်ယူရမယ် “
“……..”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ ပြက်ရယ်ပြုသံများကို ကြားနေရသော်လည်း စူးချန်ကဲသည် လုံးဝဂရုမစိုက်ပေ။
ဤလူများသည် သူ့မျက်လုံးထဲတွင် အရေးမပါသော ဖြစ်တည်မှုများ ဖြစ်သည်။
ကျိုးထျန်းမော့ကို အပြီးတိုင် ဖြေရှင်းပြီးသည်နှင့် ၎င်းတို့အားလုံးကို အသာလေး ချေမှုန်းလိုက်ရုံသာ ။
ပြင်းထန်သော ယင်ယန်စွမ်းအားများကို ထုတ်လွှတ်ထားသည့် ကျိုးထျန်းမော့ကို ကြည့်ရင်း ၊ စူးချန်ကဲမှာ ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍ပင် ပျော်ရွှင်နေပုံရသည်။
ယင်ယန်စွမ်းအားသည် အမတနယ်မြေတွင်ပင် အလွန်ရှားပါးသည်။
“ တကယ်လို့ ငါသာ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို အသုံးချပြီး သူရဲ့စွမ်းအားကို ဝါးမျိုပစ်နိုင်ရင် .. အဲ့ဒီယင်ယန်စွမ်းအားကို ငါ့စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီပဲ မဟုတ်လား”
“ဟားး.... အစကတော့ သာမန်ငါးတစ်ကောင်လို့ ထင်နေတာ လက်စသတ်တော့ ရောင်စုံငါးကြင်းတစ်ကောင် ဖြစ်နေခဲ့တာပဲ “
စူးချန်ကဲ၏ ထူးဆန်းသော စကားများကြောင့် ကျိုးထျန်းမော့၏ မျက်နှာအရောင်မှာ ပို၍ မည်းမှောင်သွားသည်။
သူသည် မျဲ့ရှန်းယင်ယန်မျက်လုံးကို အသက်သွင်းလိုက်ပြီ ဖြစ်ရာ ၊ ဤယင်ယန်စွမ်းအားသည် မည်မျှအားကောင်းပြီး မည်မျှလျို့ဝှက်ဆန်းကြယ်သည်ကို ယင်ယန်စွမ်းအားကို ပိုင်ဆိုင်ထားသူအနေဖြင့် ရှင်းရှင်းလင်းလင်း သိသည်။
သို့သော် သူ့မျက်စိရှေ့က ဤသကောင့်သားသည် သူ့ကို အလေးအနက်မထားသည့် ပုံစံဖြင့် ရှိနေသည်။
“ မာန်တတ်နေတဲ့ကောင် ၊ သေလိုက်တော့!”
ကျိုးထျန်းမော့သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့လက်ဝါးကို ရိုက်ထုတ်လိုက်သည်။
ဝုန်း !!
သူ့ကို ဝန်းရံထားသော ယင်ယန်နိယာမတရားများသည် မိုးမြေကို ဖုံးလွှမ်းထားသော ယင်ယန်စွမ်းအင်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
အကန့်အသတ်မရှိသော စွမ်းအားများကို ဆောင်ကျဉ်းလျက် ပြင်းထန်သော ပင်လယ်လှိုင်းသဖွယ် စူးချန်ကဲအား ဖျက်ဆီးတော့မည့် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာခဲ့သည်။
ကျပန်းတိုက်ခိုက်မှု တစ်ခုသာ ဖြစ်သော်လည်း ၊ သို့သော် ၎င်းတွင် အဆုံးစွန်သော ယင်ယန်စွမ်းအားများ ပုန်းကွယ်စွာဖြင့် ရှိနေခဲ့သည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ တပည့်များသည် စူးချန်ကဲအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း မှတ်ယူနေကြစဉ် ၊
သူတို့မျှော်လင့်မထားသော မြင်ကွင်းတစ်ခု တစ်ဖန် ဖြစ်ပေါ်လာခဲ့သည်။
စူးချန်ကဲသည် ရှောင်တိမ်းခြင်းမပြုဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
“ ဗလာနိတ္ထိအကျဉ်းထောင် ဖွဲ့ !”
ဝုန်း !!
မျက်စိတမှိတ်အတွင်းမှာပင် ၊ နေ၊ လ၊ ကြယ်များနှင့် မိုးမြေပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ဗလာနိတ္ထိစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင်၊ သူ့ကို ဗဟိုပြု၍ မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်း အရာအားလုံးသည် ဗလာနိတ္ထိနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။
အဖျက်သဘောတရားများဖြင့် ပြည့်နှက်နေသော ချောက်ကမ်းပါးမှ ထွက်ပေါ်လာပုံရသော ထူထဲသော မြူခိုးထုကြီးသည် တွင်းနက်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ၊ စူးချန်ကဲ၏ ရှေ့တွင် လွင့်မျောနေကာ ပြေးဝင်တိုက်ခိုက်လာသော ယင်ယန်စွမ်းအားများကို သူ့အတွက် ပိတ်ဆို့ကာရံထားခဲ့သည်။
ဟူးး--!!
ယင်ယန်စွမ်းအင်စီးကြောင်း၏ သက်ရောက်မှုကြောင့် ကောင်းကင်ယံသည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ပျံ့နှံ့ထွက်လာသော စွမ်းအင်လှိုင်းများသည် ဟင်းလင်းပြင်အလွှာများကိုပင် ပင့်ကူအိမ်ကဲ့သို့ ကွဲအက်သွားစေသည်။
သို့ရာတွင် ဤမျှ ထိတ်လန့်ဖွယ်ရာကောင်းသော စွမ်းအားများသည် စူးချန်ကဲအပေါ် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ပေ။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊
ယင်ယန်စွမ်းအားသည် စူးချန်ကဲ၏ ရှေ့တွင် မျောလွင့်နေသော ဗလာနိတ္ထိတွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ မိုးမြေကို ပုံပျက်သွားစေနိုင်သော အဆိုပါ ယင်ယန်စွမ်းအားများသည် အနည်းငယ်မျှပင် မကျန်ရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
“ ဒါဘယ်လိုစွမ်းအားမျိုးလဲ!?”
ဤမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်း မျက်လုံးများပြူးကျယ်လျက်၊ မျက်နှာပေါ်တွင် နားမလည်နိုင်သော သံသယမေးခွန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ယင်ယန်စွမ်းအားများသည် လွန်စွာ ဆန်းကြယ်ပေသည်။ သို့သော်လည်း ယင်ယန်စွမ်းအားကို တစ်စက်မှမကျန် ပျောက်ကွယ်သွားစေနိုင်သည့် စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် မည်သည့်အရာမျိုး ဖြစ်သနည်း။
မိမိ၏ တိုက်ခိုက်မှုသည် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသော ကျိုးထျန်းမော့သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။
“ငါ့ရဲ့ ယင်ယန်စွမ်းအားက... ဝါးမြိုခံရပြီး ပျောက်ကွယ်သွားတာလား”
စူးချန်ကဲ၏ ရှေ့တွင် သက်ဝင်လှုပ်ရှားနေသော တွင်းနက်ကြီးကို ကြည့်ရင်း၊
ကျိုးထျန်းမော့၏ ယခင်က မောက်မာသော အမူအရာထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယင်ယန်စွမ်းအားကို အပြီးတိုင် ဝါးမြိုကာ ပျောက်ကွယ်စေနိုင်သော ဤကြောက်ခမန်းလိလိ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ချေပြီ။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်ကို ဂရုမစိုက်ဘဲ စူးချန်ကဲသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ဒီလောက်ပဲ လုပ်နိုင်တာလား....”
“ကြည့်ရတာ ဒီစွမ်းအားနဲ့ပတ်သက်ပြီး ငါ သိပ်ပြီး မကျွမ်းကျင်သေးဘူးပဲ”
ဗလာနိတ္ထိအကျဉ်းထောင် ။
ဤသည်မှာ မွေးရာပါ နိတ္ထိတာအိုခန္ဓာ နိုးထစဉ်က ၊ သူ ကိုယ်တိုင်သဘောပေါက်ခဲ့သော ပင်ကိုယ် မှော်စွမ်းအားတစ်ခု ဖြစ်သည်။
၎င်းသည် ကမ္ဘာပေါ်ရှိ မည်သည့် စွမ်းအားမဆို ဝါးမျိုနိုင်သည်။ ဗလာနိတ္ထိအကျဉ်းထောင်ထဲသို့ စုပ်ယူခံရသော အရာအားလုံးသည် ဗလာနိတ္ထိစွမ်းအားဖြင့် လုံးဝပျောက်ကွယ်သွားပေမည်။
တစ်နည်းအားဖြင့် လောကမှ အပြီးတိုင် ပျောက်ကွယ်သွားသည်ဟု ဆိုနိုင်သည်။
သို့ရာတွင်၊ စူးချန်ကဲသည် စစ်မှန်သော ဗလာနိတ္ထိစွမ်းအားကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် ဗလာနိတ္ထိအကျဉ်းထောင်၏ အခြေခံပုံစံအဖြစ်သာ စုစည်းနိုင်သည်။
အများဆုံးအနေဖြင့် အခြားသူများ ထုတ်လွှတ်လိုက်သော မဟာလမ်းစဉ် စွမ်းအားများကို ဗလာနိတ္ထိအကျဉ်းထောင်ထဲသို့ စုပ်ယူနိုင်သည်။
အစွမ်းထက်သော ထိပ်တန်းပါရမီရှင်တစ်ယောက်ကို ၎င်းထဲသို့ စုပ်ယူရန်မှာ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ပေသည်။ အကယ်၍ တစ်ဖက်လူသည် အစွမ်းကုန် ရုန်းကန်နေပါက သို့မဟုတ် ရှောင်တိမ်းရန် ကြိုးစားပါက သူ့အနေဖြင့် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း စူးချန်ကဲ၏ တီးတိုးစကားကို ကြားလိုက်ရသော ကျိုးထျန်းမော့သည် သူ့ကို လျှော့တွက်နေသည်ဟု ထင်မှတ်ကာ အမျက်ဒေါသသည် ပို၍ ပြင်းထန်လာခဲ့သည်။
“ဟမ်! အဖျက်ဗလာ အာကာသစွမ်းအားတစ်ခုကို ထိန်းချုပ်နိုင်ရုံနဲ့ နတ်ဘုရားလို့ ထင်နေသလား”
“ တစ်ကြိမ်တားနိုင်ရုံနဲ့ နောက်တစ်ကြိမ် ထပ်ပြီး တားနိုင်မယ်လို့ ငါ မယုံဘူး “
ကျိုးထျန်းမော့သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး နောက်တစ်ဖန် လှုပ်ရှားလိုက်သည်။
ဗလာနိတ္ထိစွမ်းအားနှင့် ပတ်သက်၍၊ အမတနယ်မြေတွင် မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် သူသည် ကြားဖူးနားဝမရှိပေ။
သို့ရာတွင် ထိုစွမ်းအားသည် အဖျက်ဗလာစွမ်းအားနှင့် အလွန်ဆင်တူသည်။
အဖျက်ဗလာစွမ်းအားအကြောင်း သူသိသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရည်ပျော် ပျက်စီးစေပြီး အပြီးတိုင် ဖျောက်ဖျက်ပစ်နိုင်သည်။
အနှစ်ချုပ်အားဖြင့်၊ သူ ထိန်းချုပ်နိုင်သော ယင်ယန်စွမ်းအားနှင့် အလွန်ဆင်တူသည်။
အဘယ်ကြောင့်ဆိုသော်၊ သူ ပိုင်ဆိုင်ထားသော ယင်စွမ်းအားသည် ဖျက်ဆီးနိုင်စွမ်းကို ပြသနိုင်သဖြင့် အဖျက်ဗလာစွမ်းအားဖြင့် တူညီသော ပန်းတိုင်မျိုး ရှိသည်။
သို့သော်လည်း လောကရှိ အရာအားလုံးကို ပြသပေးနိုင်သော ယင်-ယန်စွမ်းအားကို အဖျက်ဗလာစွမ်းအား တစ်ခုတည်းဖြင့် မည်သို့ ကာကွယ်နိုင်မည်နည်း။
“ယင်ယန် မိုးမြေလက်ဝါး!”
ကျိုးထျန်းမော့၏ ဟစ်ကြွေးသံနှင့်အတူ ၊ ယင်နှင့်ယန်ကို ကိုယ်စားပြုသော နေမင်းနှစ်စင်းသည် တောက်ပသော အလင်းရောင်များကို ပေါက်ကွဲ ထုတ်လွှတ်လိုက်သည်။
ဤယင်နှင့်ယန် နေမင်းနှစ်စင်း၏ လှုံ့ဆော်မှုအောက်တွင်၊ ကျိုးထျန်းမော့၏ နောက်တွင် ဖြစ်ပေါ်နေသော ယင်ယန်လောကသည် ချက်ချင်းပင် ဧရာမ လက်ဖဝါးကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ခုသည် အဆုံးမရှိသော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၊ နောက်တစ်ခုသည် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့ စုဝေးသွားသည့် အခိုက်အတန့်တွင် ၊ စူးချန်ကဲ၏ ခေါင်းပေါ်ရှိ မိုးကောင်းကင်သည် ပြိုကျလာသည့်အလား ခံစားရစေသည်။
“ နှိပ်ကွပ်!”
မိုးမြေရှိ ယင်နှင့်ယန်ကို အဓိပ္ပာယ်ဖော်ဆောင်နေသော အဆိုပါ လက်ဝါးကြီး နှစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။
ဤထိတ်လန့်ဖွယ်ရာ ကောင်းသော စွမ်းအားများ၏ သက်ရောက်မှုအောက်တွင်ဟင်းလင်းပြင်သည် ပြင်းထန်စွာ ရွဲ့စောင်းနေပြီး၊ ထိုအောက်က စူးချန်ကဲ၏ပုံရိပ်သည် အလွန်တရာမျှ သေးငယ်နေပုံရသည်။
ယင်ယန်မီးဖိုထဲတွင် ရှိနေသကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။