← Chapters

မျဲ့ရှန်းယင်ယန်မျက်လုံး ဖွင့်လှစ်ခြင်း

Vol. 55 Ch. 726

မျဲ့ရှန်းယင်ယန်မျက်လုံး ဖွင့်လှစ်ခြင်း

Vol. 55 Ch. 726

ဝှစ်!

ချက်ချင်းပင်၊ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များသည် မိုးကောင်းကင်ပေါ်သို့ ဆန်တက်လာသည်ကို မြင်လိုက်ရသည်။

၎င်းတို့သည် တောက်ပသော နဂါးငွေ့တန်းကြီးပမာ ရိုက်ခတ်လှုပ်ရှားနေသော ကျိုးထျန်းမော့၏ ဓားအလင်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။

ဝုန်း --!!

ခေါင်းလောင်းကြီးမှ ထွက်ပေါ်လာသော အသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံကြသည့် ထိုနေရာကို ဗဟိုပြုလျက် ၊

ပေါက်ကွဲထွက်ပေါ်လာသော လှိုင်းတံပိုးထဲတွင် ပါဝင်သည့် ကြောက်ခမန်းလိလိ စွမ်းအားများသည် အရာအားလုံးကို အမှုန့်အဖြစ် ပျောက်ကွယ်သွားစေမည့်အလား ထင်မှတ်ရသည်။

သို့သော်လည်း အမြင်အာရုံကို ကာဆီးနေသော ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်းဝင် တပည့်များ၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး၊ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။

လူတိုင်း၏ မျက်လုံးထဲတွင်၊ ကျိုးထျန်းမော့ မှ ထုတ်လွှတ်လိုက်သော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ဓားစွမ်းအင်မုန်တိုင်းသည် စူးချန်ကဲ၏ ဓားတစ်ချက်အောက်တွင်၊ ပူပြင်းသော နေရောင်အောက်က အရည်ပျော်ကျနေသော နှင်းခဲများကဲ့သို့ အပြီးတိုင် ပြိုကွဲပျောက်ကွယ်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

"အစ်ကိုကြီး ကျိုး.... အစ်ကိုကြီး ကျိုးရဲ့ ဓားစွမ်းအင်ကတောင်..သူ့ကို မယှဉ်နိုင်ဘူးတဲ့လား!?"

တပည့်တစ်ဦးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

ကျိုးထျန်းမော့သည် သူတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းတွင် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ယင်ယန်ဖော့ရှန်းမျက်လုံးကို ပိုင်ဆိုင်ထားရုံသာမက၊ ဓားလမ်းစဉ်အရာတွင် မည်သူမျှ မယှဉ်နိုင်သော ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်သည်။

တစ်ချိန်က သူ၏ ဓားတစ်လက်တည်းဖြင့် အခြားအင်အားစုများ၏ ဆက်ခံသူ‌လေးဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ အနည်းငယ်မျှပင် မရရှိခဲ့ပေ။

ယခုတွင်မူ ၊ သူသည် စူးချန်ကဲ၏ ဓားတစ်ချက်စာကိုတောင် ခံနိုင်ရည်မရှိခဲ့လေသလော။

မဟုတ်သေးဘူး!

စူးချန်ကဲက ဓားကိုမှ အသုံးမပြုခဲ့တာ ..သူ့ရဲ့ လက်ချောင်းကို ဓားအဖြစ် အစားထိုးခဲ့တာ မဟုတ်လား ?

ဒါတောင် ခံနိုင်ရည်မရှိဘူးတဲ့လား ?

ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ မယုံကြည်နိုင်သော အကြည့်များကို ခံစားမိပုံရသော ကျိုးထျန်းမော့၏ မျက်နှာအမူအရာမှာ အလွန်ပင် ခက်ထန်နေကာ ဒေါသထွက်နေခဲ့သည်။

" ကောင်စုတ်လေး ! ဒီကောင့်နောက်ခံက ဘာလဲ"

" ငါ့ထက် အဆင့်သုံးဆင့် နိမ့်တာတောင် ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ ငါ့ကို နှိပ်ကွပ်နိုင်ရတာလဲ "

စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်ရင်း ၊ စူးချန်ကဲသည် ကြီးမားသော အင်အားစုတစ်ခု၏ ထိပ်တန်းအမွေဆက်ခံသူ တစ်ဦး ဖြစ်မည်ဟု သံသယဖြစ်လာခဲ့သည်။

သူသည် တဖက်လူကို လျှော့တွက်မိခဲ့သည် ။

" လာခဲ့စမ်း!"

ချက်ချင်းပင်၊ ကျိုးထျန်းမော့၏ ဟစ်ကြွေးသံကို ကြားလိုက်ရသည်။

ဝုန်း !

သူ့လက်ထဲရှိ စိမ်းပြာရောင် တိုက်ပွဲဓားသည် ချက်ချင်းဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှည့်ကာ ဓားကို ဝှေ့ယမ်းလိုက်သည်။

ဝေါင်း!!

မျက်စိတမှိတ်အတွင်းမှာပင် ၊ ပြင်းထန်သော ဓားစွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုရန်ကြိုးစားနေသော မိုးပြာနဂါးတစ်ကောင်ကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ ဓားစွမ်းအင်ကို ရင်ဆိုင်ရင်း အပေါ်သို့ ဆန်တတ်သွားပြီး လွှမ်းမိုးနေသော ဓားစွမ်းအင်ကို ဖြတ်၍ ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို ဖောက်လုပ်ရန် ကြိုးစားနေပုံရသည်။

ဘုန်း!

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ချက်ချင်းပင် ပျံ့နှံ့သွားပြီး အရာအားလုံးကို ဖုံးလွှမ်းထားသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာကာ ဤနေရာရှိ နိယာမတရားများသည်ပင် ပျက်စီးသွားခဲ့သည်။

"ကောင်းလိုက်တာ! အစ်ကိုကြီး ကျိုး ခုခံနိုင်ခဲ့ပြီ"

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

သို့ရာတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီးနောက် ၊

သူတို့သည် အနည်းငယ် ရှက်ရွံ့မိသွားသည်။

စစ်မှန်အမတ နယ်ပယ် အဆင့် (၉) ထိ ရောက်ရှိထားသော သူတို့၏ အစ်ကိုကြီးသည် စစ်မှန်အမတ နယ်ပယ် အဆင့် (၆)သာ ရှိသေးသော ကျင့်ကြံသူ၏ နှိပ်ကွပ်မှုကိုခံနေရသည်။

သူသည် တဖက်လူ၏ ဓားချက်ကို ခံနိုင်ရည်ရှိရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်မှာ ဂုဏ်ယူရမည့်အရာပင်လော။

အဖြေမှာ ဂုဏ်ယူရမည်။

အကယ်၍ သူတို့၏ အစ်ကိုကြီးသာ သေဆုံးသွားပါက၊ သူတို့သည်လည်း သေဆုံးရပေတော့မည်။

ဒါဆို ဘာလို့လူကိုယ်တိုင်သွားပြီး မကူညီရတာလဲ?

သူတို့၏အစ်ကိုကြီးသည် စိတ်သဘောထား ထူးဆန်းပြီး၊ သူ၏တိုက်ပွဲတွင် အခြားသူများ ဝင်ရောက်စွက်ဖက်သည်ကို မနှစ်သက်သောကြောင့် ဖြစ်သည်။

.........

ထိုအချိန်တွင် ၊

အရာအားလုံး တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် ၊

အသက်ရှူ အနည်းငယ်မြန်ကာ ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်သာ ရှိသော်လည်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော ကျိုးထျန်းမော့ကို တွေ့မြင်လိုက်ရချိန်တွင် ၊

စူးချန်ကဲသည် သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ သူ၏ အေးစက်နေသော မျက်လုံးထဲတွင် စိတ်ဝင်စားဖွယ်ရာကောင်းသော အရိပ်အမြွက်များ ဖြတ်ပြေးသွားသည်။

"မင်းမှာ အရည်အချင်း ရှိမယ်လို့ ထင်မထားဘူး "

"ငါ့ရဲ့ ဓားတစ်ချက်ကို ခံနိုင်ပြီး မသေဘူးဆိုတာ...ဒါ တကယ်ကို ဂုဏ်ယူစရာပဲ"

စူးချန်ကဲ၏ ဓားတစ်ချက်သည် ရိုးရှင်းသည်ဟု မထင်နှင့် ၊ ၎င်းတွင် သူ‌တော်စင်ကိုယ်ထည်၏ ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။

ဓားစွမ်းအင်နှင့် ပေါင်းစပ်ထားသည့်အတွက်၊ စစ်မှန်အမတနယ်ပယ် အဆင်(၉)ရှိသော သာမန် ပါရမီရှင်တစ်ဦးသည်ပင် သူ၏ ထိုးနှက်မှုကို ခံနိုင်ရည်ရှိမရှိ အတပ်မပြောနိုင်ပေ။

သို့သော်လည်း ထိုစကားများသည် ကျိုးထျန်းမော့၏ နားထဲတွင် အလွန်ပြင်းထန်ပြီး သူ့ကို ကြီးကြီးမားမား အရှက်ရစေသည်။

သူ၊ ကျိုးထျန်းမော့သည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ပါရမီရှင်ကြီးလေးဦးအနက်မှ တစ်ဦးဖြစ်သည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းရှိ ထိုအမျိုးသမီးမှလွဲ၍၊ သူသည် အပြင်းထန်ဆုံး ဖြစ်သည်။

သူ့ဘဝတစ်လျှောက်လုံး တိုးတတ်အောင်မြင်လာပြီး ဒဏ္ဍာရီတွင်သည့် ပါရမီရှင်များစွာကို နှိမ်ကွပ်ခဲ့သည်။

ယနေ့တွင် ရရှိခဲ့သော ဤအရှက်တရားနှင့် နာကျင်မှုကို သူမည်သို့ သည်းခံနိုင်မည်နည်း။

"ဟားဟား! ကောင်းတယ်! သိပ်ကောင်းတယ် !"

အေးစက်မှု နှင့် ယုံကြည်ချက်မရှိတော့သည့် ကျိုးထျန်းမော့သည် လက်ရှိအချိန်တွင် အနည်းငယ် ရူးသွပ်သွားဟန်ရှိနေသည်။

" ငါ့ရှေ့မှာ ဒီလို စကားတွေ ပြောရဲတဲ့အထိ မင်းမှာ ဘာအရည်အချင်းရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်!"

ဝီ !!

ကျိုးထျန်းမော့သည် စကားဆုံးသည်နှင့် ၊

လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါနှစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ နိုးထလာပြီး သူ၏ ခန္ဓာကိုယ် ဘေးတဝိုက်တွင် အဆက်မပြတ် ရစ်ပတ်နေသည် ။

ဘုန်း !!

သူ၏ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟောက်သံကို ကြားလိုက်ရသည်။

" မဟုတ်မှလွဲရော...."

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် ပဟေဠိဖြစ်နေကြပြီး ၊ နောက်ပိုင်းတွင် သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အမြွက်များ ဖြစ်ပေါ်လာကြသည်။

မိမိတို့၏ အစ်ကိုကြီးသည် အစွမ်းကုန် ထုတ်သုံးလာခဲ့ပြီ ဖြစ်ရာ ၊ မျက်စိရှေ့က ဤမျက်နှာဖြူကောင်လေးသည် မကြာမီအချိန်အတွင်း ကိစ္စပြတ်ပေတော့မည်။

အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော ရောင်ဝါသည် ကျိုးထျန်းမော့၏ ခန္ဓာကိုယ်ဘေးတဝိုက်တွင် ရစ်ပတ်ဝန်းရံနေသည်မှာ လောကရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေသလိုပင်။

သို့သော် ဒါနဲ့တင် မပြီးသေးချေ။ အဖျက်စွမ်းအားများ ကျရောက်လာခြင်းနှင့်အတူ ၊

ဖန်ဆင်းခြင်းဆိုင်ရာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသော စွမ်းအားတစ်ခုသည် ကမ္ဘာမြေမှ ထွက်ပေါ်ကာ ဝန်းရံလာသည်။

စွမ်းအားနှစ်မျိုးသည် ယင်နှင့်ယန် ပေါင်းစပ်ခြင်းကဲ့သို့ တစ်ခုနှင့်တစ်ခု ရောစပ်ပေါင်းစည်းသွားသည်။

၎င်းသည် ကမ္ဘာကြီး၏ ကမောက်ကမ ဖြစ်မှုနှင့် ကနဦးကာလ ၊ အဆုံးစွန်သော ယင်နှင့်ယန်ကို ကိုယ်စားပြုနေပုံရပြီး အလင်းနှင့် အမှောင်တို့၏ လျို့ဝှက်ဆန်းကြယ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုနေသဟန် ရှိသည်။

"ဒါ....ယင်ယန် တာအိုစည်းချက်!?"

စူးချန်ကဲ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားပြီး၊ သူ၏လေသံထဲတွင် မျှော်လင့်မထားသော အံအားသင့်မှုများ ရှိနေခဲ့သည်။

ယင်ယန်မဟာလမ်းစဉ်သည် မဟာလမ်းစဉ်သုံးထောင်တွင် ထိပ်ဆုံးနေရာတွငိ တည်ရှိသည်။

ဤကဲ့သို့သော လမ်းစဉ်ကို ထိန်းချုပ်နိုင်သူများသည် လောက၏ အတုမရှိသူဟု မဆိုနိုင်သော်လည်း ခေတ်ရေစီးကြောင်းတွင် ဦးဆောင်သူတစ်ယောက် ဖြစ်လာရန် ပြဿနာမရှိပေ။

ယခု ကျိုးထျန်းမော့၏ ပုံစံအရ ၊ သူသည် ယင်ယန်လမ်းစဉ်၏ အခြေခံမူများကို ကျွမ်းကျင်ရုံသာမက ပြီးပြည့်စုံသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဝီ!!

ထိုအချိန်တွင်၊ ကျိုးထျန်းမော့သည် မှိတ်ထားသော သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ ကျိုးထျန်းမော့၏ မျက်လုံးများသည် အလွန် ထူးဆန်းနေသည်။

သူ၏ ဘယ်ဘက်မျက်လုံးသည် မည်းနက်နေပြီး ၊ ယင်း၌ ပါဝင်သော အဖျက်စွမ်းအားများသည် လောကရှိ အရာအားလုံးကို အပြီးတိုင် အရည်ပျော် ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသည်။

ညာဘက်မျက်လုံးမှာမူ ၊ မြင့်မြတ်သော အရာကဲ့သို့ သန့်ရှင်းစင်ကြယ်စွာ ဖြူစင်ပြီး ယင်း၌ ပါဝင်သော အသက်စွမ်းအားသည် သေဆုံးသင့်သော အရာအားလုံးကို အသက်ပေးစွမ်းနိုင်သကဲ့သို့ ထင်မှတ်ရသည်။

ကျိုးထျန်းမော့၏ မျက်လုံးထဲမှ ထွက်ပေါ်လာသော လျို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ကိုယ်စားပြုနေပုံရသည်။

" မျဲ့ရှန်းယင်ယန် မျက်လုံး၊ ဖွင့်!"

ဝုန်း !!

ထိုစကားသံအဆုံးတွင် ၊

သူ၏ ဘေးတဝိုက်တွင် စုဝေးနေသော စွမ်းအားများသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ယင်နှင့်ယန်၏ စွမ်းအားများသည် အဆုံးမရှိ၊ ပြီးပြည့်စုံစွာ လည်ပတ်နေခဲ့သည်။

All Chapters