ငါးကြီးကြီး ဖမ်းဖို့ ပိုက်ကွန်ချခြင်း
Vol. 55 Ch. 724
ကွေးယွမ်အမတဂိုဏ်းရှိ ဘိုးဘွားပိုင်နယ်မြေ၌ ၊
အဆုံးမရှိသော စွမ်းအင်လှိုင်းများစွာ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ နိယာမတရားများသည် နဂါးငွေ့တန်းသဖွယ် ကျဆင်းလျက်ရှိသည်။
တုံထျန်း အဝေးဘိုးဘေးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
လှုပ်ရှားရိုက်ခတ်နေသော နိယာမမြူဆိုင်းများက သူ၏ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားပြီး ၊ အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သော ထိုမျက်ဝန်းတစ်စုံမှ တစ်ပါး အခြားအရာများကို မမြင်တွေ့နိုင်ပေ။
"ဟားးး.... အမတနယ်မြေက ဒီကောင်တွေ ဒီလောက်မြန်မြန် လှုပ်ရှားလာကြပြီလား...."
" အမတနယ်မြေထဲမှာ ပုန်းကွယ်နေတဲ့ ခွေးတွေ ဒီလောက်အများကြီး ရှိမယ်လို့ ထင်မထားဘူး..."
တုံထျန်း အဝေးဘိုးဘေး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အတော်ပဲ၊ ဒီအခွင့်အရေးမှာ ခွေးတချို့ကို သတ်ပြီး အဲ့ကောင်တွေကို သင်ခန်းစာပေးရမယ်"
ဤနေရာရှိ တုံထျန်း အဝေးဘိုးဘေး၏ ကိုယ်ခွဲသည် အမတ ဧကရာဇ်မင်းအဆင့်သာရှိသော်လည်း၊ သူ၏ အတွေးတစ်ချက်ကို ထုတ်လွှတ်ရုံဖြင့် လောကရှိ အရာအားလုံးကို သိမြင်နိုင်သည်။
ဤနေ့ရက်များအတွင်း၊ သူသည် အမတနယ်မြေအရပ်ရပ်မှ အပြောင်းအလဲများကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။
ထင်ထားသည့်အတိုင်း အမတနယ်မြေအတွင်း ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။
လျှို့ဝှက်သော အာကာသ သွားလာရေးလမ်းကြောင်း အများအပြားကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီး ၊ သူ၏ အာရုံခံစားမှုအရ ဤအာကာသလမ်းကြောင်းများသည် ဝေးလံခေါင်သီသော ကြယ်စုနယ်မြေတစ်ခုသို့ ဦးတည်နေသည်ကို တွေ့ရှိခဲ့ရသည်။
ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ တုံထျန်း အဝေးဘိုးဘေး၏ အာရုံသည် ထိုသူများ၏ တိကျသောကိုယ်ပိုင်လက္ခဏာကို သိရှိနိုင်သည်။
သို့သော် ၊ ယင်းအတွင်း၌ ကွယ်ဝှက်ထားသော မိုးမြေစွမ်းအားသည် သူ၏ ရှာဖွေစူးစမ်းမှုကို ပိတ်ဆို့ကာ ထိုနေရာရှိ လျှို့ဝှက်ချက်များကို ကာကွယ်ထားခဲ့သည်။
ထိုနေရာတွင် ကောင်းကင်လမ်းစဉ်က ထိုသကောင့်သားများကလွဲ၍ မည်သူများ ရှ်ိနိုင်ဦးမည်နည်း။
ထိုနေရာသို့ သွားလာနေသူများမှာ အထူးပြောစရာပင် မလိုချေ။ အမတနယ်မြေအတွင်း ပုန်းအောင်းနေသော ကောင်းကင်လမ်းစဉ်၏ ကျားစေ့များသာ ဖြစ်သည်။
"ထင်ထားသလိုပဲ... ဒီတစ်ခါ ချန်ကဲကို နတ်ဘုရားလက်နက် အမတမျှော်စင်ကို စေလွှတ်ပြီး အဲ့လျှို့ဝှက်ချက်ကို စုံစမ်းခိုင်းလိုက်တာ... တကယ်ပဲ အကျိုးရှိတယ်"
တုံထျန်း အဝေးဘိုးဘေးသည် မုတ်ဆိတ်ကို သပ်ချရင်း တစ်ချက် ပြုံးလိုက်သည်။
"ချန်ကဲကိုလည်း လေ့ကျင့်ပေးရင်း၊ ဒီကောင်တွေရဲ့ ခွေးအင်အားစုတွေကိုလည်း ရှင်းထုတ်ပစ်နိုင်တယ်.. တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"
တုံထျန်း အဝေးဘိုးဘေးသည် ငါးကြီးကြီးဖမ်းရန် စူးချန်ကဲကို အသုံးချ၍ ပိုက်ကွန်ချနေသည်မှာ ထင်ရှားသည်။
သို့ဆိုတောင် သူသည် စူးချန်ကဲဟူသော ထောက်ချောက်ကို မည်သူ၏အစာမှ ဖြစ်ခွင့်ပေးမည် မဟုတ်။
အကယ်၍ တစ်စုံတစ်ယောက်မှ ထိဝံ့သည်နှင့် ၊ သူတို့အနေဖြင့် ဝင်ရောက်စွက်ဖက်ကာ အမှုန့်ချေပစ်မည်။
ဤလူများကို စူးချန်ကဲ၏ ဓားသွေးကျောက်များအဖြစ် အသုံးပြုသွားမည် ဖြစ်ပြီး ၊ အကယ်၍ သူတို့ကို စိတ်အနှောက်ယှက် ဖြစ်စေပါက ၊ ဒါဆို သူတို့သည် စားပွဲတစ်ခုလုံးကို အချိန်မရွေး ဇောက်ထိုးလှန်ပစ်ပေမည်။
..........
အခြားတစ်ဖက်တွင် ၊
နတ်ဘုရားလက်နက် အမတမျှော်စင်၊ ဟွရှင်း ရှေးဟောင်းမြို့အတွင်း။
အားရှင်း၏ ဦးဆောင်မှုဖြင့်၊ စူးချန်ကဲသည် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ၊ ဤနန်းတော်၏ ကာကွယ်ရေး အစီအရင်သည် အပြီးတိုင် ပျက်စီးသွားပြီဖြစ်ကာ တံခါးများ ပွင့်နေပြီး တစ်စုံတစ်ဦး ဝင်ရောက်ထားသည့်အလား ရှိနေသည်။
ဘုန်း ! ဘုန်း !
အတွင်းမှ ကျယ်လောင်သော အသံများကို မကြာခဏ ကြားနေရပြီး နိယာမလှိုင်းတံပိုး အတတ်အကျများ ဖြစ်ပေါ်လျက်ရှိသည်။
ပါရမီရှင်အချို့သည် အတွင်း၌ အခွင့်အလမ်းများကို ရှာဖွေရင်း ၊ ထိတ်လန့်ဖွယ်ရာ ကောင်းသော တိုက်ပွဲများကို ဆင်နွှဲနေဟန် ရှိသည်။
"အားရှင်း ၊ ဟွရှင်းအပိုင်းအစက ဒီထဲမှာရှိတယ်ဆိုတာ မင်း သေချာလား"
စူးချန်ကဲသည် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
" မမှားနိုင်ဘူး.... ကျုပ် ခံစားမိတယ်..."
အားရှင်း၏ ပြန်လည် ဖြေဆိုမှုကြောင့် စူးချန်ကဲသည် များများစားစား မပြောတော့ပေ။
သူသည် ခန်းမဆောင်ထဲသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ် ၊
"ကျိုး အစ်ကိုကြီး ! ကြည့်ပါဦး! အဖြူရောင် ဝတ်ထားတဲ့ နောက်တစ်ကောင်!"
ရိုင်းစိုင်းသော အော်ဟစ်သံသည် စူးချန်ကဲ၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။
"သူ့ဆီမှာ ဓားအရှိန်အဝါကို ခံစားမိတယ် ... သူက ကျွန်တော်တို့ လိုက်လံဖမ်းဆီးနေတဲ့ ကောင် ဖြစ်နိုင်မလား "
စူးချန်ကဲသည် အသံလားရာသို့ လှည့်ကြည့်လိုက်ရာ ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားသော လူတစ်စုသည် သူ့ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ဤတပည့်အုပ်စု၏ ရောင်ဝါသည် ယခင်ကအုပ်စုနှစ်စုထက် ပို၍ အားကောင်းသည်။
စုစုပေါင်း ခုနှစ်ဦးရှိပြီး ၊ အနိမ့်ဆုံးအဆင့်ရှိသူပင်လျှင် စစ်မှန်အမတနယ်ပယ် အဆင့်(၈) ရှိသည်။
သို့သော်လည်း စူးချန်ကဲ၏ မျက်လုံးများသည် ထိုအဖွဲ့ကို ဦးဆောင်ထားသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်လျက် အဖြူရောင်ဆံနွယ်များရှိသည့် အမျိုးသားတစ်ဦးပေါ်သို့ သူ့အလိုလို ကျရောက်သွားသည်။
အမတအလင်းများက သူ၏ ဘေးပတ်ပတ်လည်တွင် ဖြာထွက်ကာ လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်ပြသနေသည်။
စစ်မှန်အမတနယ်ပယ် အဆင့် (၉)ရှိသည့် စွမ်းအားများသည် သူ့ကိုဗဟိုပြု၍ လှိုင်းထနေပြီး၊ လူတို့အား မမြင်ရသော ဖိအားတစ်မျိုးကို ပေးစွမ်းနေသကဲ့သို့ ခံစားရစေသည်။
ထိုအမျိုးသား၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။ ဤလူသည် ယခင်က သူ သတ်ဖြတ်ခဲ့သော ကျိုးကျင့်လီနှင့် အနည်းငယ် ဆင်တူသည်ကို တွေ့ရှိလိုက်ရသည်။
ယခင်က ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ ပြောစကားများကို ထောက်ဆကြည့်လျှင်ဖြင့် ၊ စူးချန်ကဲ၏ စိတ်ထဲတွင် ချက်ချင်း အဖြေရသွားသည်။
သူ့ဘက်က စကားမစမီ ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် သူနှင့် မနီးမဝေး အကွာအဝေးသို့ ရောက်ရှိလာပြီး၊ စူးချန်ကဲအား ခေါင်းမှခြေအဆုံး ကြည့်ရှုလိုက်ကြသည်။
" အမ် ! ဒီကောင်ကလည်း စစ်မှန်အမတ နယ်ပယ် အဆင့် (၆) ပဲ! ငါတို့ လိုက်လံဖမ်းဆီးနေတဲ့ ကောင်နဲ့ အတူတူပဲ"
"မင်းတို့ ပြောကြည့်စမ်း ၊ ဒီကောင် ငါတို့ လိုက်လံဖမ်းဆီးနေတဲ့ ကောင်ဖြစ်နိုင်မလား"
"မဖြစ်နိုင်ဘူး၊ ဒီကောင်က ချောတယ်ဆိုပေမယ့် ဒါပေမဲ့ ကြည့်ရုံနဲ့ မိန်းမဆန်လွန်းတဲ့ လူချောလေးမှန်း သိနိုင်တယ်..သူ့လို အားနည်းတဲ့ အဆင့်နဲ့ အစ်ကိုကြီး ကျိုးကျင့်လီကို သတ်နိုင်မှာတဲ့လား"
" နေဦး.... ကြည့်လိုက်စမ်း၊ အဲ့ကောင်ရဲ့ ဘေးမှာ သံမဏိသားရဲတစ်ကောင် ရပ်နေပါ့လား "
တပည့်တစ်ဦးသည် အားရှင်းကို သတိထားမိသွားပြီး အော်ဟစ်လိုက်သည်။
" ပြီးတော့... သူ့ကိုယ်ပေါ်မှာ စာလည်း ရေးထားတယ်"
"အား... အားရှင်း လို့ ခေါ်သလိုပဲ "
ထိုစကားများ ထွက်လာသည်နှင့် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်အားလုံး တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။
အားရှင်း?
ဂိုဏ်းခေါင်းဆောင်၏ အသံပေးပို့မှုတွင် အားရှင်းဟု အမည်ရသော သံမဏိစက်ရုပ်တစ်ကောင်ကို မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ကာ လိုက်လံဖမ်းဆီးရမည်ဟု မှာကြားခဲ့သည်။
ထို့အပြင်၊ ဂိုဏ်းခေါင်းဆောင်သည် အားရှင်းကို လိုက်လံဖမ်းဆီးနိုင်သူအား ဂိုဏ်း၏ မဟာလမ်းစဉ် အမွေအနှစ်ကိုပင် ရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။
သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် အမတဧကရာဇ်နယ်ပယ် အဆင့်ထိ ရောက်ရှိထားသူ ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်၏ အမွေအနှစ်ကို ရရှိနိုင်ပါက ၊ နောင်တစ်ချိန်တွင် မိမိ၏ ပါရမီဖြင့် ပေါင်းစပ်ကာ အမတဧကရာဇ် နယ်ပယ်အဆင့်သို့ တတ်လှမ်းနိုင်ပေလိမ့်မည်။
ဤအရာကို တွေးမိသည်နှင့်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ တပည့်အချို့သည် အသက်ရှုနှုန်းများ အနည်းငယ် မြန်ဆန်လာပြီး၊ အလိုလောဘများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အားရှင်းကို စိုက်ကြည့်နေကြသည်။
"ဟားဟား! ဒီနေ့ငါတို့ ကံကောင်းပြီ .. ဂိုဏ်းခေါင်းဆောင် ပေးတဲ့ တာဝန်ကို ခုလို ချက်ချင်း ကြုံတွေ့လိုက်ရပြီ"
"ညီအစ်ကိုတို့ ..ငါတို့ ကံကောင်းတော့မယ်.. ရလာတဲ့ မဟာလမ်းစဉ်အမွေအနှစ်ကို အတူတူ မျှဝေကြမယ်"
" စည်းကမ်းမဲ့လိုက်တာ.. ဒီမှာ ကျိုး အစ်ကိုကြီး တစ်ယောက်လုံး ရှိနေတာ မမြင်ဘူးလား!?"
"ဘယ်လိုလုပ်သင့်တယ်ဆိုတာ ကျိုး အစ်ကိုကြီး ကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်"
".........."