← Chapters

အခန်း (၁၇၈၅-၁၇၈၇)

Vol. 95 Ch. 1785-1787

အခန်း (၁၇၈၅-၁၇၈၇)

Vol. 95 Ch. 1785-1787

အခန်း (၁၇၈၅) - ပြဇာတ်ကတော့ စတင်တော့မယ်

~ရော်ဘင်ဟုဒ်၏ ဘေးနားတွင်ရှိသော ကိုဘရာ (Cobra) ဟု အမည်ရသည့် အမျိုးသမီးသည် သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး တစ်စုံတစ်ခုကို ပြောလိုက်လေသည်။

"ဪ... မင်းကိုး"

ထိုအခါမှ ရော်ဘင်ဟုဒ်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားရတော့၏။

"ကျွန်တော် အခုမှပဲ မှတ်မိတော့တယ်။ မနေ့က အရက်ဆိုင်မှာ လူမိုက်တွေရဲ့ အကြံအစည်ကို ဖွင့်ချခဲ့တဲ့သူပဲ။ မင်းက နဂါးနိုင်ငံက လာတာ ဖြစ်ပြီး သိုင်းပညာမှာလည်း အင်မတန်မှ ကျွမ်းကျင်တယ်ဆိုပဲ"

"အန်းကျူ မြို့စားမင်းရဲ့ မိသားစုဝင်၊ အန်းကျူပရင့်စ်ရဲ့ ချစ်သူပေါ့"

"ဒါကိုတောင် ခင်ဗျားတို့တွေ သိနေကြပြီလား"

ယဲ့ဖန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားရတော့၏။

ဤသည်မှာ ကောင်းသော ကိစ္စလော ၊ သို့မဟုတ် မကောင်းသော ကိစ္စလော ဆိုသည်ကို သူ မဝေခွဲနိုင်တော့ပေ။

သို့သော်ငြားလည်း ရော်ဘင်ဟုဒ်မှာမူ အတွေးနက်နေပုံ ရ၏။

"ကျွန်တော့်လူတွေကလည်း မင်းရဲ့ တခြားသော လုပ်ရပ် အချို့ကို ကြားဖူးနားဝ ရှိကြပါတယ်။ မင်းက လူဆိုး တစ်ယောက်တော့ မဟုတ်ပါဘူး"

"ဒါ့အပြင်... မင်းက ယွမ် (၅၀၀) သန်းလောက်အတွက်နဲ့တော့ တရားမဝင်တဲ့ အလုပ်တွေကို ကျူးလွန်မယ့်သူမျိုးနဲ့ မတူပါဘူး"

"ကျွန်တော်တို့တွေ ရန်သူတွေ ဖြစ်မသွားဖို့တော့ မျှော်လင့်ရတာပဲလေ"

"ကျွန်တော်လည်း အဲဒီလိုပဲ တွေးပါတယ်" ယဲ့ဖန်က ထိုသူ့အား သိမ်မွေ့စွာ ပြုံးပြလိုက်၏။

"ကျွန်တော်က ဒီနေ့ည ပျော်ပွဲရွှင်ပွဲမှာ လာပြီး ပါဝင်ဆင်နွှဲရုံ သက်သက်ပါပဲ"

"တဆက်တည်းမှာပဲ ကျွန်တော်တို့ နဂါးနိုင်ငံ ပိုင်တဲ့ သွမ့်ဟွမ် ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်ယူနိုင်မလား ဆိုတာကို ကြည့်ချင်ရုံပါ"

"အဲဒီလို ဆိုရင်တော့... ကျွန်တော်တို့ မင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး" ရော်ဘင်ဟုဒ် က ဆက်လက်၍ မပြောတော့ပေ။

သူသည် ယဲ့ဖန်နှင့် ဘေးနားရှိ ချန်းဖေးအယ် တို့အား ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက်၊ နိုက်ဖ် နှင့် ကိုဘရာ တို့ကို ခေါ်ဆောင်ကာ သူ၏ မူလနေရာသို့ ပြန်သွားလေတော့သည်။

"ဒီလူ (၃) ယောက်ကို နောက်ကျရင် ဘယ်လို ကိုင်တွယ်ကြမလဲ"

ထိုအခိုက်အတန့်၌ ချန်းဖေးအယ်သည် ချစ်သူများပမာ ယဲ့ဖန်၏ ပခုံးပေါ်သို့ ခေါင်းမှီထားရင်း တိုးတိုးလေး မေးမြန်းလာ၏။

"သူတို့ရဲ့ နောက်ကြောင်းကို အရင်ဆုံး စုံစမ်းကြည့်သင့်တယ် မဟုတ်လား။ သူတို့က တကယ်ပဲ သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်တွေကို ကာကွယ်ဖို့ ရောက်နေတာလား၊ ဒါမှမဟုတ် တခြား ပြိုင်ဘက်တွေကို မောင်းထုတ်ဖို့အတွက် အကြောင်းပြချက် ရှာနေတာလား ဆိုတာကိုပေါ့"

"ကိုယ် စုံစမ်းကြည့်လိုက်မယ်"

ယဲ့ဖန်သည်လည်း ထိုသို့ပင် ရည်ရွယ်ထားပြီး ဖြစ်လေသည်။

ရော်ဘင်ဟုဒ် သည် နေမဝင်အင်ပါယာ၏ ဒဏ္ဍာရီထဲက သူရဲကောင်း သူခိုးကြီး ဖြစ်နေပြီး၊ ထိုလူလတ်ပိုင်း အမျိုးသား၏ ပုံစံမှာလည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ယုံကြည်စိတ်ချရသူ တစ်ဦးဟု ထင်ရသော်ငြားလည်း၊ ယဲ့ဖန်အနေဖြင့်မူ ခိုင်မာသော သတင်းအချက်အလက်များဖြင့် အတည်ပြုရန် လိုအပ်သည် မဟုတ်ပါလော။

ထိုသို့ တွေးတောရင်း သူသည် ဆာမီယာနှင့် အစ္စဘယ်လ်လာ ထံသို့ ချက်ချင်းပင် စာတို ပေးပို့လိုက်လေသည်။ သူသည် ရော်ဘင်ဟုဒ် နှင့် ပတ်သက်သော အချက်အလက်များကို အတည်ပြုပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်၏။

ဆာမီယာ၏ အလုပ်လုပ်ပုံမှာ အမြဲတမ်း လျင်မြန်လှပေသည်။

ခေတ္တမျှ ကြာပြီးနောက်တွင်တော့ သတင်းအချက်အလက် တစ်စုံ ရောက်ရှိလာတော့၏။ ထိုမှတ်တမ်းများအရ ဤရော်ဘင်ဟုဒ် ဂိုဏ်းသည် နေမဝင်အင်ပါယာအတွင်း၌ မကောင်းဆိုးဝါးများကို နှိမ်နင်းကာ ချမ်းသာသူများထံမှ လုယက်၍ ဆင်းရဲသူများကို ကူညီပေးနေကြသူများ ဖြစ်ကြောင်း အတည်ပြုနိုင်လေသည်။

သူတို့အား နေမဝင်အင်ပါယာ၏ မြေအောက်လောကတွင် 'သူရဲကောင်း သူခိုးဂိုဏ်း' ဟုပင် တင်စား ခေါ်ဝေါ်ကြလေ၏။ ၎င်းသည် လူတိုင်း၏ ချီးကျူးမှုကို ခံရသော အဖွဲ့အစည်းမျိုး ဖြစ်ချေသည်။

ထို့အပြင် ဤသူရဲကောင်း သူခိုးဂိုဏ်းနှင့် သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင် အချို့ကြားတွင်လည်း ရင်းနှီးသော သံယောဇဉ်များ ရှိနေကြောင်း သဲလွန်စအချို့ကို တွေ့ရှိရလေသည်။

'ကျွန်မတို့ နေမဝင်အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက် အေးဂျင့် အဖွဲ့အစည်းကလည်း သူနဲ့ အရင်က ဆက်ဆံဖူးပါတယ်။ သူက တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါပဲ'

ဆာမီယာ၏ သတင်းများ ရောက်ရှိလာပြီး မကြာမီမှာပင် အစ္စဘယ်လ်လာ ထံမှ စာသည်လည်း ရောက်ရှိလာပြန်သည်။

'ပိုပြီး တိတိကျကျ ပြောရရင်တော့... သူတို့ ဂိုဏ်းတစ်ခုလုံးက တခြားသူတွေနဲ့ မတူတာပါ။ သူတို့က ငွေကို ဂရုမစိုက်ကြဘူး။ သူတို့ရဲ့ စိတ်အာရုံ စီးမျောမှုကိုပဲ အလေးထားကြတာပါရှင်'

'အကယ်၍ သူတို့နဲ့ စိတ်ချင်း တိုက်ဆိုင်သွားပြီ ဆိုရင်တော့... ဘာအကျိုးအမြတ်မှ မရရင်တောင်မှ ရှင် ခိုင်းတာကို အစွမ်းကုန် ကူညီပေးကြလိမ့်မယ်။ ဒါပေမဲ့ သူတို့နဲ့ စိတ်မတိုက်ဆိုင်ဘူး ဆိုရင်တော့... ယွမ် သန်းပေါင်း ရာနဲ့ချီတဲ့ ကော်မရှင် ပေးရင်တောင်မှ သူတို့က အရေးစိုက်မှာ မဟုတ်ဘူး'

'အကယ်၍ သူက သင်္ဘောပေါ်က သူငယ်ချင်း တစ်ယောက်ကို ကာကွယ်ပေးနေတာလို့ ပြောတယ်ဆိုရင်တော့... အဲဒါက ယုံကြည်စိတ်ချရမှု အတော်လေး မြင့်မားပါတယ်'

'နောက်ကျရင် ကျွန်မတို့ လှုပ်ရှားတဲ့အခါ သူတို့ကို ရှောင်ရှားဖို့ ကြိုးစားကြတာပေါ့။ သူတို့နဲ့တော့ ပဋိပက္ခ မဖြစ်စေနဲ့ဦး'

'ဖြစ်နိုင်ရင် သူတို့က ကျွန်မတို့အတွက် ကြီးမားတဲ့ အထောက်အကူတောင် ဖြစ်လာနိုင်သေးတယ်လေ'

"..."

ဤသတင်းရင်းမြစ် နှစ်ခုစလုံးက အတည်ပြုပေးနေကြသဖြင့် ယဲ့ဖန်သည်လည်း ဆက်လက်၍ မေးမြန်းမနေတော့ပေ။

သူသည် ချန်းဖေးအယ်အား အခြေအနေများကို ရှင်းလင်းပြောပြလိုက်ပြီးနောက်၊ သူမနှင့်အတူ ရုပ်ရှင် ဆက်လက် ကြည့်နေဟန် ဆောင်လိုက်လေတော့သည်။

သူတို့နှစ်ဦး အနီးကပ် မှီတွယ်ရင်း ရုပ်ရှင်ကြည့်နေကြစဉ်မှာပင် အချိန်တို့သည် မသိမသာ ကုန်ဆုံးသွားခဲ့ရ၏။

လူအုပ်စုများမှာ တစ်ဖွဲ့ပြီး၊ တစ်ဖွဲ့ တစ်သီတစ်တန်းကြီး ပေါ်ထွက်လာကြတော့၏။ အထူးသဖြင့် လက်မှတ် စစ်ဆေးမည့် အချိန် နီးကပ်လာသောအခါတွင်မူ အဖွဲ့ပေါင်းများစွာမှာ တပြိုင်နက်တည်းပင် ရောက်ရှိလာကြတော့သည်။

သို့သော် ယဲ့ဖန်အား ဇဝေဇဝါ ဖြစ်စေသော အချက် တစ်ခုမှာ... သူ၏ မိတ်ဟောင်းဆွေဟောင်း အားလုံးနီးပါး ရောက်ရှိနေကြပြီး လက်မှတ် စစ်ဆေးမည့် အချိန်ပင် ရောက်တော့မည် ဖြစ်သော်ငြားလည်း၊ 'နာရေး အဖွဲ့အစည်း' မှ လူများကိုမူ တစ်ဦးတစ်လေမျှပင် မတွေ့ရခြင်း ဖြစ်ချေသည်။

'ဒါက... ထောင်ချောက် တစ်ခုများလား'

ယဲ့ဖန်၏ စိတ်ထဲတွင် ဤကဲ့သို့သော အတွေးမျိုး မဝင်ဘဲ မနေနိုင်တော့ပေ။

အခန်း (၁၇၈၆) - ဤသည်မှာ ထောင်ချောက်တစ်ခုပင်

~"နာရေး အဖွဲ့အစည်း" ၏ အရှိန်အဝါဖြင့်ဆိုလျှင် ယနေ့ည ကာနာရီဝေါ့ဖ်မှ သတင်းကို သူတို့ မသိဘဲ နေမည် မဟုတ်ပေ။ ထို့ပြင် သူတို့၏ သဘာဝအရလည်း ဤမျှ အဖိုးတန်သော ပစ္စည်းမျိုးကို ဒီအတိုင်း လက်လွတ်ခံမည့်သူများ မဟုတ်သည်မှာ သေချာသော်ငြားလည်း... ယခု လက်မှတ်စစ်၍ လူအများ ဝင်ရောက်နေကြပြီ ဖြစ်သော်လည်း သူတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရခြင်းက အတော်လေးပင် ထူးဆန်းနေချေသည်။

ယဲ့ဖန်သည် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်၏။ သူသည် အစ္စဘယ်လ်လာတို့ အဖွဲ့ တန်းစီနေသည်ကို စောင့်ကြည့်ရင်း ချန်းဖေးအယ်ကို ခေါ်ကာ လူအုပ်နောက်မှ လိုက်ပါလာခဲ့လေသည်။

လက်မှတ်စစ်ပြီးသည်နှင့် တစ်ပြိုင်နက်... ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်ချေသည်။

ဤစောင့်ဆိုင်းခန်းထဲရှိ ဧည့်သည်အားလုံးနီးပါးသည် သူတို့လက်မှတ်ထဲတွင် ပါရှိသော ခရီးသည်တင် သင်္ဘောများဆီသို့ မသွားကြတော့ဘဲ "စောင့်ကြည့်သူ (The Watch)" ကုန်တင်သင်္ဘောကြီး ဆိုက်ကပ်ထားသည့် ဘက်သို့သာ ခြေလှမ်းပြင်လိုက်ကြတော့၏။

အစောပိုင်းက ဟန်ဆောင်ပန်ဆောင် ငြိမ်းချမ်းနေသော လေထုသည် ရုတ်ချည်းဆိုသလို တင်းမာသွားရတော့သည်။

သိုင်းပညာရှင်များနှင့် မျိုးဗီဇပြုပြင်ထားသော လူသားများအားလုံးသည် သူတို့၏ ခန္ဓာကိုယ်များကို အသင့်အနေအထား ဖြစ်စေရန် တောင့်တင်းထားလိုက်ကြပြီး မျက်လုံးများကလည်း ပတ်ဝန်းကျင်ကို စိမ်းစိမ်းကြည့်ကာ အကဲခတ်နေကြ၏။ လက်နက်

ကိုင်ဆောင်ထားသူများကလည်း သူတို့၏ အဝတ်အစားများအောက်တွင် ဖုံးကွယ်ထားသော သေနတ်များဆီသို့ လက်လှမ်းလိုက်ကြတော့၏။

တစ်ခုခုကသာ မီးစတင်လိုက်လျှင် ဤမြင်ကွင်းတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားတော့မည့်နှယ် ဖြစ်ချေသည်။

"ဖြည်းဖြည်းချင်းပဲ သွားကြရအောင်"

ယဲ့ဖန်က အခြေအနေကို ရိပ်မိလိုက်သည်နှင့် ချန်းဖေးအယ်ကို ဆွဲပြီး ခြေလှမ်းကို လျှော့လိုက်လေသည်။ သူသည် အခြားသူများကို အရင်ဆုံး အပြေးအလွှား သွားခွင့်ပေးလိုက်ခြင်း ဖြစ်၏။

ချန်းဖေးအယ်သည်လည်း ယဲ့ဖန်၏ ဆိုလိုရင်းကို နားလည်သွားပုံရသည်။ သူမသည် ဖိနပ်ကြိုးချည်ဟန်ဆောင်ကာ ထိုင်ချလိုက်ပြီး အချိန်အနည်းငယ် ဆွဲထားလိုက်လေသည်။

သို့သော်ငြားလည်း ယဲ့ဖန်တို့ကဲ့သို့ပင် ပါးနပ်သောသူများက အနည်းအကျဉ်းတော့ ရှိနေသေး၏။

ချန်းဖေးအယ် ဖိနပ်ကြိုးချည်ပြီး ပြန်ထလာချိန်တွင်မူ လူအများစုသည် "စောင့်ကြည့်သူ" သင်္ဘောကြီးဆီသို့ အလုအယက် ပြေးဝင်သွားကြပြီ ဖြစ်သော်လည်း သူတို့၏ ဘေးပတ်လည်၌ ရွှေတူးဖော်ရေးအဖွဲ့ အနည်းငယ် ကျန်ရှိနေသေးလေသည်။

"အခု ဘာဆက်လုပ်မလဲ"

ချန်းဖေးအယ်က ယဲ့ဖန်ကို အကဲခတ်သလို မေးလိုက်၏။

ယဲ့ဖန်ကမူ တည်ငြိမ်စွာဖြင့်ပင် သူမကို စိတ်အေးအေးထားရန် အကြည့်ဖြင့် အချက်ပြလိုက်လေသည်။

သူသည် သင်္ဘောကြီးဆီသို့ ဖြည်းဖြည်းချင်းသာ တိုးကပ်သွားတော့၏။ မည်သို့ပင်ဖြစ်စေ ဤနေရာ၌ ရှိနေသော လူအုပ်စု၏ အင်အားက သူ့အတွက်မူ အမှုမထားလောက်သည့် အဆင့်တွင်သာ ရှိနေသည် မဟုတ်ပါလော။ သူတို့သည် “ပုစဉ်းရင်ကွဲကို နှံကောင်ချောင်း၊ နှံကောင်ကို စာဝါငှက်ချောင်း” သကဲ့သို့ လုပ်ချင်နေကြလျှင်ပင် ယဲ့ဖန်နှင့် ယှဉ်ရန်ကား အဝေးကြီး လိုနေသေး၏။

ဒါက "ပုစဉ်းရင်ကွဲကို နှံကောင်ချောင်း၊ နှံကောင်ကို စာဝါငှက်ချောင်း" (The mantis stalks the cicada, unaware of the oriole behind) ဆိုတဲ့ တရုတ်စကားပုံပါ၊ မူရင်းအဓိပ္ပာယ်က ကိုယ့်ရှေ့က အမြတ်အစွန်း (သားကောင်) ကိုပဲ မက်မောပြီး၊ ကိုယ့်နောက်မှာ ရှိနေတဲ့ ပိုကြီးမားတဲ့ အန္တရာယ် (သို့မဟုတ်) ကြားက အခွင့်ကောင်းယူမယ့်သူကို သတိမထားမိတာကို ဆိုလိုတာပါ။ ]

သူ ခြေလှမ်းနှေးနေခြင်းမှာ နောက်မှ နေ၍ အခွင့်ကောင်း ယူချင်သောကြောင့် မဟုတ်ပေ။ လူအများကြီးကြားထဲ၌ အဓိပ္ပာယ်မရှိဘဲ ဝင်ရောက် လုံးထွေး သတ်ပုတ်မနေလိုရုံ သက်သက်သာ ဖြစ်ချေသည်။

"ကျစ်... သွားပြီကွာ။ နာရေးအဖွဲ့အစည်းက လူတွေ အစောကြီးကတည်းက ရောက်နေတာပဲ။ သူတို့ တခြားလမ်းကြောင်းကနေ သင်္ဘောပေါ် တက်သွားကြပြီထင်တယ်"

ယဲ့ဖန် အတွေးစက်နေစဉ်မှာပင် ရှေ့ဘက်မှ ဟိန်းထွက်လာသော အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရတော့၏။

"သူတို့ကားကို ငါ မြင်လိုက်ပြီ"

"သောက်ကျိုးနည်း... သူတို့လူတွေ သင်္ဘောပေါ် ရောက်ကုန်ပြီဟေ့"

"မြန်မြန်သွားကြစမ်း... အားလုံး မြန်မြန်လုပ်ကြ"

ထိုအသံများ ကြားသည်နှင့် လူတစ်စုသည် ရူးသွပ်သွားသည့်အတိုင်း "စောင့်ကြည့်သူ" သင်္ဘောကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။ ယဲ့ဖန်တို့နှင့်အတူ ဘေးမှ ဖြည်းဖြည်းချင်း လိုက်ပါလာသော အဖွဲ့များပင် မျက်နှာ ပျက်သွားကြပြီး ဒရောသောပါး ပြေးထွက်သွားကြတော့၏။

သင်္ဘောဆိပ် တစ်ခုလုံးသည် ရုတ်ချည်းဆိုသလို မွှေနှောက်ချောက်ခြားဖွယ်ရာ ဇာတ်ပျက်ကြီး တစ်ခုပမာ ဖြစ်သွားရတော့၏။

သင်္ဘောပေါ်မှလည်း တိုက်ခိုက်သံများ၊ ဟိန်းဟောက်သံများနှင့် သေနတ်သံများ စတင်ထွက်ပေါ်လာတော့၏။ ယဲ့ဖန်၏ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသည့် ပတ်ဂျီချန်း၊ ကွန်ချာနှင့် သူတို့၏ သူငယ်ချင်းများကို ကာကွယ်ပေးမည်ဟု ကြုံးဝါးထားသော ရော်ဘင်ဟုဒ်တို့ အဖွဲ့များအားလုံး သင်္ဘောပေါ်သို့ အပြေးအလွှား တက်သွားကြတော့၏။

"ကျွန်မတို့ရော မတက်တော့ဘူးလား"

ချန်းဖေးအယ်သည်လည်း အခြေအနေကို ကြည့်ပြီး စိတ်ပူလာပုံရ၏။

"သင်္ဘောပေါ်က အခြေအနေအရ ဆိုရင် အဲဒီ သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်တွေ တကယ်ပဲ သင်္ဘောပေါ် ရောက်နေလောက်ပြီ။ သူတို့ဆီမှာ ရွှေဗုဒ္ဓရုပ်ပွားတော် မပါရင်တောင် သဲလွန်စတော့ ရနိုင်မှာပဲလေ"

"ခဏလေး စောင့်ပါဦး"

ယဲ့ဖန်ကမူ ကျောက်ရုပ်ကြီးပမာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သင်္ဘောပေါ်တွင် တိုက်ပွဲများ အရှိန်တက်နေသည်ကို မြင်တွေ့နေရသော်လည်း သူကမူ ခြေလှမ်းကို ပုံမှန်အတိုင်းသာ ထားရှိရင်း စနစ် ၏ အဆင့်မြင့် ရတနာရှာဖွေရေး အစွမ်းကို တိတ်တဆိတ် ဖွင့်လိုက်လေသည်။

မီတာ (၁၀၀၀) ပတ်လည်အတွင်း၌ ရှိသော ရတနာမှန်သမျှကို သူ စကန် (Scan) ဖတ်လိုက်၏။

မကြာမီမှာပင် "စောင့်ကြည့်သူ" သင်္ဘောကြီး အပါအဝင် ပတ်ဝန်းကျင် တစ်ဝိုက်၌ ရှိနေသော ရတနာများ၏ တည်နေရာသည် သူ၏ ဦးနှောက်ထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ်လာတော့သည်။

သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်၏ တည်နေရာကိုလည်း သူ ရှင်းလင်းစွာ မြင်လိုက်ရ၏။

ယဲ့ဖန်သည် ထိုပစ္စည်းရှိသည့် နေရာကို ပထမဆုံး တွေ့လိုက်ရချိန်တွင်မူ စိတ်ထဲမှ မသိမသာ ဝမ်းသာသွားမိသော်လည်း... စနစ်၏ စကန်ဖတ်ထားသော ရလဒ်များကို အသေအချာ ကြည့်လိုက်ချိန်၌မူ သူ၏ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားရတော့သတည်း။

ဤသည်မှာ... တကယ့်ကို ယုတ်မာလွန်းသော ထောင်ချောက်ကြီး တစ်ခုပင် မဟုတ်ပါလော။

အခန်း (၁၇၈၇) - ကျည်ဆန်တွေကို ခဏတာ ပျံသန်းခွင့် ပေးလိုက်ဦး

~"အရင်ဆုံး ပုန်းရမယ့် နေရာ တစ်ခု ရှာပြီး ဘာဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြရအောင်"

စနစ်၏ စကန်ဖတ်ထားသော ရလဒ်များကို မြင်လိုက်ရပြီးနောက် ယဲ့ဖန်သည် ချန်းဖေးအယ်ကို ဆွဲခေါ်ကာ အမှောင်ထုနှင့် သင်္ဘောကျင်းထဲရှိ ကွန်တိန်နာပုံကြီးများ၏ အကာအကွယ်အောက်တွင် ချက်ချင်းပင် ကိုယ်ယောင်ဖျောက်လိုက်လေတော့သည်။

ချန်းဖေးအယ်သည် ယဲ့ဖန်ကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်လေရာ သံသယများစွာ ရှိနေသော်ငြားလည်း မည်သည့် အရာကိုမျှ မမေးမြန်းဘဲ သူ့နောက်သို့ လိုက်ပါကာ အမှောင်ထဲတွင် ပုန်းကွယ်နေလိုက်၏။

အခင်းဖြစ်ပွားရာ နေရာ၌ လူအများအပြား ရှိနေပြီး အားလုံး၏ အာရုံသည်လည်း "စောင့်ကြည့်သူ (The Watch)" သင်္ဘောကြီးဆီ၌သာ ရောက်ရှိနေကြသဖြင့် သူတို့နှစ်ဦး လူအုပ်ထဲမှ ပျောက်ကွယ်သွားသည်ကို မည်သူမျှ သတိမထားမိသကဲ့သို့ သံသယလည်း မဝင်ကြချေ။

သို့သော် ကာနာရီဝေါ့ဖ် (Canary Wharf) ၏ အုပ်ချုပ်ရေး ရုံးခန်း အပေါ်ဆုံးထပ်၌မူ စောင့်ကြည့်ရေး ကင်မရာများကို ကြည့်ရှုနေသော လူမည်းဝတ်စုံဝတ် အမျိုးသား တစ်ဦးသည် ယဲ့ဖန်နှင့် ချန်းဖေးအယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ မျက်ခုံးများ တွန့်ချိုးသွားခဲ့၏။

"ဘာဖြစ်တာလဲ။ ပစ်မှတ်က ဘာလို့ ရုတ်တရက် ပျောက်သွားရတာလဲ"

"နည်းပညာရှင် ဘယ်မှာလဲ။ အခုလေးတင် ပျောက်သွားတဲ့ ယောက်ျားနဲ့ မိန်းမရဲ့ ဗီဒီယိုကို ပြန်ဖွင့်ပြစမ်း၊ ပြီးတော့ အနှေးပြကွက်နဲ့ ကြည့်မယ်"

လူမည်းဝတ်စုံဝတ် အမျိုးသား၏ ရှေ့တွင်မူ ဗိုက်ပူပူ၊ မျက်နှာနီနီနှင့် နှာခေါင်းချွန်ချွန် ရှိသော လူတစ်ဦးသည် နည်းပညာရှင်ကို အပြေးအလွှား ခေါ်လာခိုင်းပြီး အမိန့်ပေးသမျှကို ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ပုံစံဖြင့် အကုန် လုပ်ပေးနေသည်။

နည်းပညာရှင်သည် အံ့အားသင့်သွားရ၏။

ဤနှာခေါင်းချွန်နှင့် လူဝကြီးမှာ ကာနာရီဝေါ့ဖ်၏ တာဝန်ခံဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည် မဟုတ်ပါလော။ ယခု သူ့၏ ဆရာသမားကပင် ဤလူမည်းဝတ်စုံ ဝတ်ထားသူကို ဤမျှအထိ ရိုသေ ကိုင်းရှိုင်းပြနေသည် ဆိုလျှင် သူလည်း ဘာမှ မပြောရဲဘဲ စောင့်ကြည့်ရေး ဗီဒီယိုများကို ချက်ချင်းပင် ပြန်ဖွင့်ပြလိုက်ရတော့သည်။

လူမည်းဝတ်စုံဝတ် အမျိုးသား ကျေနပ်သွားသောအခါမှ သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားခဲ့၏။

လူမည်းဝတ်စုံဝတ် အမျိုးသားသည် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ စောင့်ကြည့်ရေးကင်မရာမှ နောက်ဆုံး ပျောက်ကွယ်သွားသည့် မြင်ကွင်းကို စူးစိုက်ကြည့်နေရင်း ဖုန်းထုတ်ကာ စာတစ်စောင် ရိုက်ပို့လိုက်လေသည်။

"ပစ်မှတ်က ယာယီ ကိုယ်ယောင်ဖျောက်သွားပြီ။ သူတို့တွေ သင်္ဘောကျင်းရဲ့ စီ-(၂) (C-2) ဧရိယာနားမှာ ရှိနေနိုင်တယ်"

...

စာပို့ပြီး မကြာခင်မှာပင် "စောင့်ကြည့်သူ" သင်္ဘောပေါ်မှ အော်ဟစ်သံများနှင့် သေနတ်သံများသည် ပိုမို ပြင်းထန်လာခဲ့၏။

"အိုး ၊ သောက်ကျိုးနည်း ..ငါ သူ့ကို မြင်လိုက်ပြီ၊ အဲဒီ သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်ကောင်ကို ငါ မြင်လိုက်ပြီဟေ့"

"သူ ဒီသင်္ဘောပေါ်မှာ… ရှိနေတာပဲ"

"အပြင်မှာ ပျံ့နေတဲ့ သတင်းတွေက တကယ်ပဲ။ ဒီကောင်တွေ တကယ်ပဲ ရတနာကို ယူပြီး ထွက်ပြေးဖို့ ပြင်နေတာပဲ"

"အားလုံး တက်ကြစမ်း၊ ဟိုမှာ ကြည့်... နာရေးအဖွဲ့အစည်းက ကောင်တွေလည်း သူတို့နောက်ကို လိုက်နေကြပြီ"

"ဟိုအပေါ်မှာ"

အမှောင်ထုထဲတွင် ကုန်တင်သင်္ဘောပေါ်မှ ပြုတ်ကျလာသော လူရိပ်များကို မြင်တွေ့နေရသကဲ့သို့ သွေးနံ့များကလည်း စတင် ပျံ့လွင့်လာတော့၏။

အခြေအနေများသည် ပိုမို ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့၏။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ရှုပ်ထွေးနေသည့်ကြားမှ လူမည်းရိပ် တစ်ခုသည် မည်သူမျှ သတိမထားမိခင်၌ သင်္ဘောပေါ်မှ တိတ်တဆိတ် ဆင်းသက်လာခဲ့လေသည်။

ထိုလူရိပ်သည် အတော်လေးပင် ပါးနပ်ပုံ ရ၏။ သင်္ဘောပေါ်မှ ကြိုးလှေကားဖြင့် ဆင်းသက်လာပြီးနောက် လူများ၏ အကြည့်နှင့် လွတ်မည့် နေရာကို ရွေးချယ်ကာ မီးရောင်မရှိသော စီ (C) ဧရိယာထဲသို့ အမြန်ပြေးဝင်ပြီး ကွန်တိန်နာများကြား၌ ပုန်းကွယ်လိုက်လေတော့သည်။

...

"စောင့်ကြည့်သူ" သင်္ဘောပေါ်၌မူ မည်သူမျှ ဤအရာကို သိရှိပုံ မရချေ။ သေနတ်သံများနှင့် တိုက်ပွဲသံများသည် အချိန်အတော်ကြာ ဆက်လက် ဖြစ်ပွားနေပြီး ခေတ္တ ငြိမ်သက်သွားသောအခါမှ ဒေါသတကြီး ကြိမ်းမောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဘာဖြစ်တာလဲ။ ပစ္စည်းကို တစ်ယောက်ယောက် ယူသွားပြီ ဟုတ်လား"

"သူ ဘယ်မှာလဲ"

"ပစ္စည်းက ဘယ်မလဲ"

"လူက ဘယ်တုန်းက ထွက်ပြေးသွားတာလဲ"

ခဏအကြာတွင်မူ သင်္ဘောပေါ်မှ လူအုပ်ကြီးသည် တစ်ဟုန်ထိုး ပြန်ဆင်းလာကြလေတော့သည်။

"ငါတို့တွေ ဟိုပြေးဒီပြေး လုပ်နေတုန်း အဲဒီကောင် ထွက်ပြေးသွားတာ ဖြစ်ရမယ်"

"သင်္ဘောကျင်းက အကျယ်ကြီးပဲ။ သူ ခဏလေးအတွင်းမှာ ဝေးဝေးတော့ ရောက်နိုင်မှာ မဟုတ်ဘူး"

"အားလုံး ရှာကြစမ်း"

အချိန်တိုအတွင်းမှာပင် "စောင့်ကြည့်သူ" သင်္ဘောကြီးသည် စွန့်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အားလုံး၏ အာရုံက သင်္ဘောကျင်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

"ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ" ချန်းဖေးအယ်က ယဲ့ဖန်ကို တိုးတိုးလေး မေးလိုက်သည်။

"ဆက်ပြီး ပုန်းနေရမှာလား"

"ဆက်ပြီး ပုန်းနေရင်လည်း ကျွန်မတို့ အဖမ်းခံရပြီး အထင်လွဲခံရနိုင်တယ်လို့ ထင်တယ်။ သင်္ဘောပေါ်က အခြေအနေကြည့်ရတာ သွမ့်ဟွမ် ရွှေဗုဒ္ဓ ရုပ်ပွားတော်က ခုနက ထွက်ပြေးသွားတဲ့ လူရိပ်ဆီမှာ ရှိနေနိုင်တယ်။ ဒီလူတွေကတော့ အဲ့ဒီလူကို မတွေ့မချင်း ဒီနေ့ည.. ကာနာရီဝေါ့ဖ်ကို တစ်ကွက်မကျန် မွှေနှောက်ရှာကြမှာပဲ"

"ကျွန်မတို့လည်း အခုပဲ ပြေးထွက်ပြီး အဲဒီလူရိပ်ကို အရင်ရှာကြမလား။ ပစ္စည်းရတာနဲ့ တန်းထွက်သွားလို့ ရတာပဲလေ"

ယဲ့ဖန်က ခေါင်းခါပြလိုက်၏။

"ဆက်ပြီး ပုန်းနေစမ်းပါ"

"ဒါပေမယ့် ကိုယ်တို့တွေ မီးဟုန်းဟုန်းထနေတဲ့ကြားထဲ မပါသွားအောင် အဝေးက တခြားပုန်းလို့ကောင်းတဲ့ နေရာသစ် တစ်ခုကို အရင်ပြောင်းရအောင်"

"ဘာလို့လဲ"

ချန်းဖေးအယ်မှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားရရှာသည်။

"အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် ခဏလောက် ထပ်ပြီး စောင့်ကြည့်ကြည့်ရအောင်၊ သဲလွန်စတွေကို ဖြည်းဖြည်းချင်း မြင်လာရပါလိမ့်မယ်"

ယဲ့ဖန် စကားပြောနေရင်းပင် အမှောင်ထုကို အသုံးချကာ လူအုပ်ကြီး သူတို့နားသို့ မရောက်လာခင်မှာပင် ချန်းဖေးအယ်ကို ခေါ်ဆောင်၍ နေရာသစ် တစ်ခုသို့ ရွှေ့ပြောင်းလိုက်လေသည်။

ထို့နောက်တွင်မူ သူသည် အရိပ်တစ်ခုပမာ... အမှောင်ထဲမှနေ၍ အေးစက်စက် မျက်လုံးများဖြင့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလေတော့သတည်း။

All Chapters