အခန်း (၁၇၈၈-၁၇၉၀)
Vol. 95 Ch. 1788-1790
အခန်း (၁၇၈၈) - ဤသည်မှာ တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်ပါမည်လော
~ကာနာရီဝေါ့ဖ် အုပ်ချုပ်ရေးရုံးခန်း၏ အလင်းရောင် အတောက်ပဆုံး အပေါ်ဆုံးထပ်၌မူ လူမည်းဝတ်စုံဝတ် အမျိုးသားသည် နောက်ထပ် စာတိုတစ်စောင်ကို ထပ်မံပေးပို့လိုက်ပြန်လေ၏။
ခေတ္တမျှ ကြာပြီးနောက်... သင်္ဘောကျင်း၏ စီ (C) ဧရိယာတွင် ပုန်းကွယ်နေသော လူမည်းရိပ်သည် ညအမှောင်ထုကို အကာအကွယ်ယူပြီး ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ ပုန်းခိုနေသည့် အရပ်ဆီသို့ တိတ်တဆိတ် တိုးကပ်လာခဲ့လေတော့သည်။
"ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲလား"
ယဲ့ဖန်သည် ထိုအခြေအနေကို သတိပြုမိလိုက်သည်နှင့် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိ၏။
"ငါတို့ လှုပ်ရှားကြတော့မလား"
ချန်းဖေးအယ်သည် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်သည်။
"အဲဒီကောင်က ငါတို့နားမှာပဲ ရှိနေတာလေ။ အခု ငါတို့ လှုပ်ရှားမယ်ဆိုရင် အဲဒီ ရွှေတူးသမားတွေနဲ့ အနည်းဆုံး မီတာ (၁၀၀) လောက် ဝေးနေသေးတယ်။ ပတ်ဝန်းကျင်ကလည်း ရှုပ်ထွေးနေတော့... သူတို့တွေ ဘာမှ မသိခင်မှာတင် ငါတို့ ပစ္စည်းယူပြီး ထွက်ပြေးလို့ ရနိုင်မယ့် အခွင့်အရေး ရှိတယ်နော်"
"ဒါဟာ ရှားပါးတဲ့ အခွင့်အရေးပဲ"
"ကျည်ဆန်တွေကို ခဏလောက် ထပ်ပြီး ပျံသန်းခွင့် ပေးလိုက်ဦး"
ယဲ့ဖန်က ခေါင်းခါပြလိုက်ဆဲပင်။
"အတည်ပြုရမယ့် အချက်အချို့ ကျန်နေသေးလို့ပါ။ နောက်ထပ် စောင့်ကြည့်လို့ ကောင်းမယ့် နေရာ တစ်ခုကို ပြောင်းရအောင်"
သူသည် ချန်းဖေးအယ်၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်ကို လျစ်လျူရှုလိုက်ပြီး၊ သူမကို ဆွဲခေါ်ကာ အခြား ပုန်းအောင်းရာ နေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်လေသည်။
ယခုတစ်ကြိမ် နေရာပြောင်းရာတွင် ယဲ့ဖန်သည် သူ၏ စနစ်မှ ရတနာ ရှာဖွေရေး လမ်းညွှန်စနစ်ကို တမင်တကာ အသက်သွင်းလိုက်၏။ သူသည် အလင်းရောင်အောက်တွင်ရော၊ အမှောင်ထုထဲ၌ပါ တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကင်မရာ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တိမ်းသွားတော့သည်။
ခဏအကြာတွင်မူ စောစောက လူမည်းရိပ်သည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာပြန်၏။
သို့သော်လည်း ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ မည်သည့်နေရာ၌ ပုန်းနေသနည်း ဆိုသည်ကို သူ အတိအကျ မသိရှိသည့်အတွက် သူတို့ရှိရာသို့ တည့်တည့် တိုးမလာနိုင်ဘဲ ဖြစ်နေရှာသည်။ သူသည် ယဲ့ဖန်တို့ စောစောက ထွက်ခွာသွားခဲ့သည့် လမ်းကြောင်းအတိုင်းသာ လိုက်ပါ လှုပ်ရှားနေလေတော့၏။
"ဘာတွေ ဖြစ်နေတာလဲ"
ယခုတစ်ကြိမ်တွင်မူ ချန်းဖေးအယ်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း မသိမသာ ရိပ်မိသွားတော့၏။
"ဘာလို့ ငါတို့ နေရာရွှေ့တိုင်း သင်္ဘောပေါ်က ဆင်းလာတဲ့ အဲဒီလူကပါ လိုက်ပြီး နေရာရွှေ့နေရတာလဲ။ သူက ငါတို့ကို သတိထားမိလို့ ငါတို့ရဲ့ အကာအကွယ်ကိုယူပြီး 'စောင့်ကြည့်သူ' သင်္ဘောကြီးနဲ့ ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားနေတာလား"
"ဒါမှမဟုတ်ရင်... ကျွန်မတို့ မသိသေးတဲ့ တခြား အကြောင်းရင်း တစ်ခုခု ရှိနေလို့လား"
"နောက်ဆုံးအချက်က ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်"
ယဲ့ဖန်သည် ညအမှောင်ထုထဲသို့ မျက်လုံးကို ကျဉ်းမြောင်းကာ ကြည့်လိုက်၏။ ထိုလူမည်းရိပ် ပျောက်ကွယ်သွားသည့် နေရာကို သူ စိုက်ကြည့်နေမိသည်။
"အမှောင်ထဲမှာ ကိုယ်တို့ကို စောင့်ကြည့်နေတဲ့လူတွေ ရှိနေသေးတယ်။ ကိုယ်တို့က သူတို့ရဲ့ ဒီနေ့ညအတွက် ပစ်မှတ်အစစ်အမှန် ဖြစ်နေမယ်လို့ သံသယဝင်စရာ အကြောင်းရှိတယ်"
"ရှင် ဘာကို ဆိုလိုတာလဲ"
ချန်းဖေးအယ်မှာ ကြောင်အသွားရရှာသည်။
ထိုအခိုက်အတန့်၌၊ ယဲ့ဖန်သည် မြေပြင်ပေါ်မှ ကျောက်ခဲ တစ်လုံးကို ကောက်ယူလိုက်ပြီး ထိုလူမည်းရိပ် ပုန်းနေသည့် ကွန်တိန်နာဆီသို့ ပစ်ပေါက်လိုက်လေ၏။
"ဒုန်း..."
ကျောက်ခဲနှင့် ကွန်တိန်နာ ရိုက်မိသံမှာ တိတ်ဆိတ်နေသော သင်္ဘောကျင်းအတွင်း ကျယ်လောင်စွာ ထွက်ပေါ်သွားတော့သည်။
သင်္ဘောကျင်းတစ်ခုလုံးကို မွှေနှောက်ရှာဖွေနေကြသည့် ရွှေတူးသမားအားလုံး၏ အကြည့်များသည် ထိုနေရာဆီသို့ ချက်ချင်းပင် ရောက်ရှိသွားကြ၏။
တိတ်ဆိတ်စွာ ပုန်းအောင်းနေသော လူမည်းရိပ်သည်လည်း လန့်ဖျပ်သွားပုံရပြီး အလန့်တကြား လှုပ်ရှားရန် ပြင်လိုက်လေသည်။
ရုတ်ချည်းဆိုသလို ရွှေတူးသမားအချို့က သဲလွန်စကို တွေ့ရှိသွားကြပြီး သင်္ဘောကျင်း တစ်ခုလုံး သောင်းသောင်းဖျဖျ ဖြစ်သွားရတော့၏။
"ဟာ၊ ဟိုမှာ... ဟိုမှာ။ တစ်ယောက်ယောက် ထွက်ပြေးဖို့ လုပ်နေတယ်ဟေ့"
"အားလုံး... မြန်မြန် လိုက်ကြစမ်း"
"အဲဒါ သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်ကောင် ဖြစ်ရမယ်။ ရှုပ်ထွေးနေတုန်းမှာ သင်္ဘောပေါ်ကနေ ထွက်ပြေးသွားတာ ဖြစ်ရမယ်"
ရေတွက်၍ မရနိုင်သော ရွှေတူးသမားပေါင်းများစွာသည် ထိုနေရာဆီသို့ တရကြမ်း ပြေးဝင်သွားကြတော့၏။
"ရှင် ဘာလုပ်လိုက်တာလဲ"
ချန်းဖေးအယ်က ဇဝေဇဝါနှင့် မေးလိုက်၏။
သို့သော် ယဲ့ဖန်ကမူ သူမကို ဆွဲခေါ်ကာ သူ၏ အားအင်အားလုံးကို အသုံးချလိုက်လေသည်။ သူသည် အရိပ်တစ်ခုပမာ ကြိုတင်စီစဉ်ထားသော လမ်းကြောင်းအတိုင်း စောင့်ကြည့်ရေးကင်မရာများကို ရှောင်ကွင်းပြီး နောက်ထပ် ဧရိယာတစ်ခုဆီသို့ အမြန်ဆုံး ရွှေ့ပြောင်းလိုက်ပြန်၏။
"ကိုယ့်ရဲ့ တွက်ဆချက် မှန်၊ မမှန် အတည်ပြုချင်လို့ပါ။ တစ်ဖက်လူက ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို ကိုယ်.. သိချင်တယ်"
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ နေရာသစ်ကို ရောက်ရှိသွားချိန်တွင်မူ စောစောက လူမည်းရိပ်သည် အတော်လေးကို ရှုပ်ထွေးသွားပုံ ရလေသည်။ သူသည် မိမိ ပုန်းအောင်းနေသည့် နေရာ၌ပင် ဟိုဟိုဒီဒီ လှည့်ပတ်ပြေးလွှားနေမိ၏။ ဦးခေါင်း မရှိသော ယင်ကောင် တစ်ကောင်ပမာ ခဏကြာအောင် ပြေးလွှားပြီးနောက်တွင်မူ၊ လူမည်းရိပ်သည် ရွှေတူးသမားများနှင့် ဝေးရာ အရပ်ဆီသို့သာ မိုက်မိုက်ကန်းကန်း ထွက်ပြေးရန် ကြိုးစားလိုက်လေတော့သည်။
သို့ဖြစ်သော်ငြားလည်း သူ၏ ထွက်ပြေးနှုန်းမှာ ရွှေတူးသမားများ၏ ပိုက်စိပ်တိုက် ရှာဖွေမှုလောက် မမြန်ဆန်လှပေ။ သူ၏ ခြေရာလက်ရာများ ပေါ်ပေါက်သွားသည်နှင့် တစ်ပြိုင်နက် လူအုပ်စုပေါင်းများစွာသည် အရပ်မျက်နှာ အသီးသီးကနေ ဝိုင်းရံပိတ်ဆို့လိုက်ကြတော့၏။
မကြာမီ အချိန်အတွင်းမှာပင် သူသည် ပိုက်ကွန်ထဲမှ ငါးတစ်ကောင် ဖြစ်သွားတော့မည့်အတိုင်းပင်။
...
ယဲ့ဖန်သည် ဤမြင်ကွင်းကို ကြည့်ကာ မျက်လုံးကို ကျဉ်းမြောင်းလိုက်မိ၏။
အခြေအနေများကတော့ ဤအဆင့်အထိ ရောက်ရှိလာခဲ့တော့၏။ သူ၏ တွက်ဆချက်အရ ဆိုလျှင် ယနေ့ည အစီအစဉ်၏ နောက်ကွယ်မှ အကြီးမားဆုံး တရားခံသည် မကြာခင်မှာ ပေါ်ထွက်လာတော့မည် မဟုတ်ပါလော။
အခန်း (၁၇၈၉) - ကြီးမားလှသော အကြံအစည်
~သို့သော် ယဲ့ဖန် မထင်မှတ်ထားသော အချက်တစ်ခုကား... "စောင့်ကြည့်သူ" သင်္ဘောပေါ်မှ ထွက်ပြေးလာသူ အဖမ်းခံရတော့မည့် အချိန်၌ ရှေ့သို့ တိုးထွက်လာသူများသည် သူနှင့် ရင်းနှီးပြီးသား လူဟောင်းများ ဖြစ်နေခြင်းပင်။
ထိုသူများကား... "နာရေး အဖွဲ့အစည်း" ၏ ရွှေရောင်တပ်ဖွဲ့ အုပ်စုပင် ဖြစ်ချေတော့သည်။
သူတို့သည် အင်အားပြင်းလှသော လက်နက်ခဲယမ်းများနှင့် အံ့အားသင့်ဖွယ်ကောင်းသော မျိုးဗီဇပြုပြင်မှု အစွမ်းများကို အသုံးချပြီး၊ ရွှေတူးသမားပေါင်းစုံ ခင်းကျင်းထားသည့် ပိုက်စိပ်တိုက် ပိုက်ကွန်ကြီးကို တစ်ချီတည်းဖြင့် ထိုးဖောက် ဝင်ရောက်လာခဲ့ကြလေသည်။
ထို့ပြင် သူတို့၏ ပစ်မှတ်ကိုလည်း အလွယ်တကူပင် ဖမ်းဆီးနိုင်ခဲ့ကြ၏။ ထိုသူမှာ မုတ်ဆိတ်ဗွေနှင့် ထိပ်ပြောင်ပြောင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်လေသည်။
ထိုလူလတ်ပိုင်း အမျိုးသား၏ ရင်ခွင်ထဲတွင် လက်ရာပြောင်မြောက်လှသော သစ်သားသေတ္တာတစ်လုံးကို ပိုက်ထား၏။ သူသည် နာရေးအဖွဲ့အစည်းမှ လူများလက်ထဲ အမိခံလိုက်ရချိန်တွင် ထိုသေတ္တာလေးသည် လူမြင်ကွင်း၌ ပေါ်လာတော့သည်။
ထိုအခါ ရွှေတူးသမားအားလုံး၏ မျက်လုံးများသည် သွေးဆာနေသော ဝံပုလွေများအလား ရဲရဲနီသွားကြသည်ကို ယဲ့ဖန် သတိပြုမိလိုက်၏။
"အဲဒီထဲမှာ ရှိနေတာ ဂျယ်ရီဘားရိုးစ် မိသားစုဆီက လက်ဆင့်ကမ်းလာတဲ့ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် ဖြစ်ရမယ်"
"ဟေ့လူတွေ... အဲဒါကို ဖွင့်ပြစမ်း။ ငါတို့ကို ကြည့်ခွင့်ပေး"
"လူတိုင်း ဒီနေ့ည အစွမ်းကုန် ကြိုးစားခဲ့ကြတာပဲ။ မြင်တဲ့သူတိုင်း အခွင့်အရေး ရှိရမယ်လေ"
"ဟုတ်တယ်... နာရေးအဖွဲ့အစည်းက အင်အားကြီးတယ်ဆိုပေမယ့်၊ ဒီတိုက်ပွဲရဲ့ ရလဒ်ကိုတော့ သူတို့တစ်ဖွဲ့တည်း လက်ဝါးကြီးအုပ်ခွင့် မရှိဘူး"
အရပ်မျက်နှာ အသီးသီးမှ မကျေမနပ် အော်ဟစ်သံများသည် ဆူညံစွာ ထွက်ပေါ်လာတော့၏။ ရွှေတူးသမားအားလုံးနီးပါးသည် နာရေးအဖွဲ့အစည်း၏ ရွှေသိုင်းသမားများကို တမင်တကာ ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။
အချို့သော ရက်စက်သည့်သူများသည် လက်ပစ်ဗုံးများနှင့် စက်သေနတ်များကိုပင် ထုတ်လိုက်ကြပြီး၊ နာရေးအဖွဲ့အစည်းကသာ သဘောမတူလျှင် အားလုံး အတူတူ သေကြစို့ဟူသော ပုံစံမျိုးဖြင့် ခြိမ်းခြောက်နေကြတော့၏။
နာရေးအဖွဲ့အစည်း၏ ရွှေသိုင်းသမားများလည်း အကျပ်ရိုက်သွားပုံရ၏။ သူတို့အားလုံးသည် သူတို့၏ ခေါင်းဆောင်ရှိရာဆီသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်မှာ အနောက်တိုင်းသား ရုပ်ရည်ရှိသော်လည်း တရုတ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးပင် ဖြစ်လေ၏။
"ခေါင်းဆောင် တန်လုံ... အခု ကျုပ်တို့ ဘာဆက်လုပ်မလဲ"
ထိုလူငယ် တန်လုံမှာလည်း အတော်လေး စိတ်ညစ်သွားပုံရသည်။
"ငါတို့ ဘာတတ်နိုင်မှာလဲ။ သူတို့ တောင်းဆိုချက်ကို အရင် သဘောတူလိုက်ပြီး အချိန်ဆွဲထားရမှာပေါ့"
"ဒီမှာ သေနတ်က (၁၀) လက်ကျော် ရှိတယ်၊ တစ်နေရာရာမှာ ပုန်းနေတဲ့ စနိုက်ပါသမား (၂) ယောက်လည်း ရှိနေသေးတယ်။ ပြီးတော့ ကိုယ်ပေါ်မှာ ဗုံးတွေပတ်ထားတဲ့ အရူးတစ်ယောက်နဲ့ လက်ထဲမှာ ပြင်းအားမြင့် လက်ပစ်ဗုံးတွေ ကိုင်ထားတဲ့ လူမိုက် (၄-၅) ယောက်လည်း ရှိနေသေးတယ်လေ..."
"အဖွဲ့အစည်းက အခုလောလောဆယ် ဒီလောက်အင်အားမျိုးနဲ့ လာပြီး မထောက်ပံ့နိုင်သေးတော့... ငါတို့ဘက်က လိုက်လျောရမှာပဲ"
ထန်လုံ စကားပြောနေစဉ်ပင် ထန်လုံ၏ ကိုယ်ပေါ်မှာရော၊ သူ၏ လက်အောက်ငယ်သားများ ကိုယ်ပေါ်မှာပါ ရွေ့လျားနေသော အနီရောင် လေဆာစက်ကလေးများကို မြင်လိုက်ရ၏။ ထိုအခါ သူက ပစ်မှတ်ကို ဖမ်းထားသည့် လက်အောက်ငယ်သားကို အမိန့်ပေးလိုက်လေသည်။
"အားလုံးရဲ့ စကားကို နားထောင်လိုက်ကြရအောင်... အဲဒီ သစ်သားသေတ္တာကို ဖွင့်လိုက်စမ်း"
ပတ်ဝန်းကျင်မှ ရွှေတူးသမားများသည် ဤအရာကို မြင်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး အသက်ရှူရန်ပင် မေ့သွားကြတော့၏။ သူတို့ကြားထဲတွင် ရှိနေသော အစ္စဘယ်လ်လာလည်း ထိုနည်းတူပင် ဖြစ်သည်။
ယဲ့ဖန်ကမူ ချန်းဖေးအယ်ကို အမြန်ဆွဲပြီး ကွန်တိန်နာ နောက်ကွယ်၌ ပုန်းကွယ်လိုက်၏။
တစ်ဆက်တည်းမှာပင် သူသည် အစ္စဘယ်လ်လာထံသို့ မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်လေသည်။
'အခုချက်ချင်း အဲဒီကနေ ထွက်သွားပါ'
'အဲဒီ သစ်သားသေတ္တာနဲ့ အဝေးဆုံးကို ပြေးတော့'
အစ္စဘယ်လ်လာသည် သတင်းကို လက်ခံရရှိချိန်၌ ဇဝေဇဝါ ဖြစ်သွားရှာသည်။ သို့သော် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို မတွေ့တော့သည့်အတွက်၊ လူတိုင်း၏ အာရုံသည် သေတ္တာဆီသို့ ရောက်နေစဉ်မှာပင် သူမသည် အဝေးသို့ အမြန်ဆုံး ဆုတ်ခွာလိုက်လေတော့သည်။
သို့သော်လည်း သေတ္တာကို ဖွင့်လိုက်လျှင် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု သူမ ထင်မှတ်ထားသော်လည်း၊ သေတ္တာပွင့်သွားချိန်တွင်မူ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ ထိုသေတ္တာထဲ၌ လက်ရာမြောက်ပြီး ရှေးကျလှသော ရွှေဗုဒ္ဓရုပ်ပွားတော်တစ်ဆူက လွဲ၍ အခြား မည်သည့်အရာမျှ ရှိမနေခဲ့ချေ။
'ဘာဖြစ်လို့လဲဟင်'
သူမက ယဲ့ဖန်ထံသို့ စာအမြန် ပြန်ပို့လိုက်၏။
ယဲ့ဖန်က စာပြန်မနေတော့ပေ။ သူသည် သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် ပေါ်လာသည်နှင့် လူအုပ်ကြီး တစ်ဖန် ပြန်လည် ဆူညံလာသည်ကို မြင်လိုက်ရသောအခါ၊ အဝေးမှနေ၍ လှမ်းအော်ဟစ်လိုက်လေတော့သည်။
"ကိုယ့်လူတို့၊ အဲ့ဒီ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်မှာ တစ်ခုခု မှားနေတယ်ဗျို့"
"အဲဒီ ရုပ်ပွားတော်ရဲ့ နားနှစ်ဖက်စလုံးကို တစ်ယောက်ယောက်က ပြုပြင်ထားတယ်။ အဲဒီထဲမှာ ရေဒီယိုသတ္တိကြွ အီရီဒီယမ်-(၁၉၂) (Iridium-192) တွေကို ထည့်ထားတာ"
"အကယ်၍ တစ်ယောက်ယောက်ကသာ အဲဒီပစ္စည်းကို ရယူပြီး သူ့ဘေးမှာ ရက်အနည်းငယ်လောက် ထားမိမယ်ဆိုရင်၊ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေ အကုန်လုံး ပျက်စီးသွားလိမ့်မယ်။ အပေါ့စားဆိုရင်တော့ ခြေလက်ဖြတ်ရလိမ့်မယ်။ အပြင်းအထန် ဖြစ်မယ်ဆိုရင်တော့ သွေးကင်ဆာ (Leukemia) ဖြစ်သွားလိမ့်မယ်ဗျ"
"ကျွန်တော် သံသယဖြစ်တာကတော့... တစ်စုံတစ်ယောက်က ဒီနေ့ညမှာ အကြီးစား ထောင်ချောက်တစ်ခုကို ခင်းကျင်းထားတာပဲ။ ဒီရွှေဗုဒ္ဓရုပ်ပွားတော်ကို သုံးပြီး ဂျယ်ရီဘားရိုးစ် မိသားစုရဲ့ ရတနာတွေကို လိုချင်နေတဲ့ ဖော့ခ်စီးတီးက ရွှေတူးသမား အားလုံးကို တစ်ယောက်နဲ့တစ်ယောက် သတ်ခိုင်းနေတာ။ ပြီးတော့မှ အဲဒီ ရေဒီယိုသတ္တိကြွ အီရီဒီယမ်-(၁၉၂) ကို သုံးပြီး နောက်ဆုံး ကျန်ရစ်တဲ့ အနိုင်ရသူကိုပါ အပြီးတိုင် ရှင်းပစ်ဖို့ ကြံစည်ထားတာပဲ"
"..."
ယဲ့ဖန်၏ စကားလည်း ဆုံးရော... တစ်ကွင်းလုံး၌ ရှိနေသော လူများသည် ဝုန်းဒိုင်းကြဲပြီး ဆူညံသွားကြတော့၏။ ရွှေတူးသမား အားလုံးနီးပါးသည် နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားကြတော့၏။
သစ်သားသေတ္တာကို ကိုင်ထားသည့် နာရေးအဖွဲ့အစည်းဝင်ပင်လျှင် ကြောက်လန့်တကြားဖြင့် တုန်ယင်သွားရရှာသည်။ ထို့နောက်တွင်မူ သူသည် ထိုပစ္စည်းမှ ရောဂါကူးစက်မည်ကို ကြောက်နေသည့်အတိုင်း သေတ္တာကို အမြန်ပိတ်လိုက်ပြီး၊ သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်၏ ရင်ခွင်ထဲသို့ ဒရောသောပါး ပြန်ထိုးထည့်ပေးလိုက်လေတော့သတည်း။
အခန်း (၁၇၉၀) - ရုန်းရင်းဆန်ခတ်မှု
~သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်မှာမူ ဘာလုပ်ရမှန်းမသိဘဲ အကျပ်ရိုက်နေတော့၏။
သူသည် သစ်သားသေတ္တာလေးကို ပိုက်ထားရင်း၊ လူအုပ်ကြီးကြား၌ သနားစရာကောင်းပြီး အားကိုးရာမဲ့နေသည့် သတ္တဝါလေး တစ်ကောင်ပမာ ရပ်နေရသည်။ သို့သော်လည်း သူ့ဘေးနားရှိလူများကမူ တစ်ချက်ကလေးမျှ လှုပ်ရှားခြင်း မရှိကြသေးချေ။
နာရေးအဖွဲ့အစည်းမှ လူများ "စောင့်ကြည့်သူ" သင်္ဘောပေါ်သို့ အရင်တက်သွားကြသည်ကို သိလိုက်ရပြီးကတည်းက ကာနာရီဝေါ့ဖ် တစ်ခုလုံးသည် သုသာန်တမျှ တိတ်ဆိတ်သွားခဲ့ရသည် မဟုတ်ပါလော။
ယခုလည်း အားလုံးက အခြေအနေကို စောင့်ကြည့်နေကြဆဲပင်။
ခဏအကြာတွင်မူ နာရေး အဖွဲ့အစည်း၏ ရွှေသိုင်းသမားများထဲမှ တစ်ဦးက ဟိန်းဟောက်ပြီး ပြောလိုက်လေသည်။
"ဒီရွှေဗုဒ္ဓရုပ်ပွားတော်ရဲ့ နားထဲမှာ အီရီဒီယမ်-(၁၉၂) တွေ ထည့်ထားတယ်လို့ ဘယ်သူက ပြောတာလဲ"
"ဘယ်သူမှလည်း ဒီပစ္စည်းကို အနီးကပ် မမြင်ဖူးဘဲနဲ့... တစ်ယောက်ယောက်က ပြုပြင်ထားတယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ဒါဟာ အားလုံးကို ကြောက်အောင်လုပ်ပြီး နောက်နေတဲ့ ရေမှာ ငါးဖမ်းချင်လို့ တမင်သက်သက် လျှောက်ပြောနေတာ မဟုတ်လား"
[ Translator's Note: နောက်နေတဲ့ ရေမှာ ငါးဖမ်းခြင်း (Fish in troubled waters) ဆိုသည်မှာ ရှုပ်ထွေးနေသောအခြေအနေတွင် အခွင့်ကောင်းယူခြင်းကို ဆိုလိုပါသည်။ ]
ထိုအခါမှ ရွှေတူးသမားများသည် သတိပြန်ဝင်လာကြပြီး တစ်ဖန် ပြန်လည် ဆူညံလာကြပြန်၏။
"ဟုတ်တယ်... ဟုတ်တယ်ကွ"
"ငါတို့တွေ အခုလေးတင် သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်ကို ကြားဖြတ်ဖမ်းလိုက်တာလေ။ ရွှေဗုဒ္ဓရုပ်ပွားတော်ကိုလည်း အခုမှ မြင်ရတာ။ ဒါကို တစ်ခုခု မှားနေတယ်လို့ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ"
"တစ်စုံတစ်ယောက်ကတော့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ တမင် လျှောက်ပြောနေတာပဲ"
"အားလုံးပဲ... သူတို့ရဲ့ အကွက်ထဲကို အကျမခံကြနဲ့ဦး"
"..."
"ဒါ့အပြင်... ငါက ဒြပ်ပစ္စည်း ဓာတုဗေဒဌာနက မဟာတန်း ကျောင်းသား တစ်ယောက်ပဲ။ ငါ အားလုံးကို ပြောပြမယ်... ရေဒီယိုသတ္တိကြွ အီရီဒီယမ်-(၁၉၂) နဲ့ အချိန်အကြာကြီး ထိတွေ့မိရင်တော့ လူ့ခန္ဓာကိုယ်ကို ပြန်ပြင်လို့မရတဲ့ ထိခိုက်မှုတွေ ဖြစ်စေတာ အမှန်ပဲ။ ဒါပေမယ့် ထိတွေ့တဲ့အချိန်က မိနစ် (၉၀) ထက် မကျော်ဘူးဆိုရင်တော့ ဒါဟာ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး"
"ထိတွေ့ပြီးတာနဲ့ အဆက်မပြတ် ဆက်ပြီး မကိုင်ဘူးဆိုရင်တော့ ဒါဟာ ကြောက်စရာ မကောင်းပါဘူး"
"ဒီရွှေဗုဒ္ဓရုပ်ပွားတော်ရဲ့ တန်ဖိုးက ဒေါ်လာ (၇၀) သန်း ကျော်တယ်လေ"
"ဒေါ်လာ (၇၀) သန်းအတွက်ဆိုရင်တော့ ဒီလောက် စွန့်စားရတာက ပြောပလောက်ပါဘူးကွာ"
သူ့၏ စကားလည်း ဆုံးရော... သေနတ်သံများနှင့် တိုက်ပွဲသံများသည် ဆူညံစွာ ပေါ်ထွက်လာတော့၏။
ရေတွက်၍ မရနိုင်သော ရွှေတူးသမားအဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြတော့၏။ ယမ်းငွေ့များ၊ သွေးနံ့များနှင့် လဲကျနေသော အလောင်းများသည် ကာနာရီဝေါ့ဖ်၏ ပင်မ ပြကွက်ကြီး တစ်ခုပမာ ဖြစ်သွားရတော့သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ကမူ အမှောင်ထဲတွင် ပုန်းကွယ်ရင်း ဤမြင်ကွင်းကို ဘေးမှ စောင့်ကြည့်နေကြ၏။ အစ္စဘယ်လ်လာထံမှ မက်ဆေ့ခ်ျ တစ်စောင် ချက်ချင်း ရောက်ရှိလာသည်။
'အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ’
ယဲ့ဖန်သည် မရယ်ဘဲ မနေနိုင်တော့ပေ။
"အေးဂျင့်ကြီးရာ... ခင်ဗျား နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့် ဆိုတာကို မေ့နေပြီလား။ ကျွန်တော်ကတော့ နဂါးနိုင်ငံက လာတဲ့သူလေ"
အစ္စဘယ်လ်လာ တစ်ယောက် အသံ တစ်သံမျှပင် မထွက်နိုင်ဘဲ ငိုင်သွားရရှာသည်။
ဖုန်းထဲတွင် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူမက ပြန်လည် ဖြေကြားလာ၏။
'ကောင်းပြီလေ... ဒီနေ့ည ကျွန်မ.. ဒီကို လုံးဝ မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့’
တကယ်တော့ ဤအမျိုးသမီးသည် ယဲ့ဖန်ကို အတော်လေး ကျေးဇူးတင်နေရှာခြင်း ဖြစ်သည်။ ယဲ့ဖန် ပေးလိုက်သော သတင်းစကားက သူမကို ပြဿနာများ၏ ဗဟိုချက်မှ သွယ်ဝိုက်ပြီး ထွက်ခွာသွားနိုင်အောင် ကူညီပေးခဲ့သည်ကို သူမ သိရှိထားသည် မဟုတ်ပါလော။
အခြေအနေများက ပိုမို ရှုပ်ထွေးလာသည်ကို မြင်ရသည့်အပြင် ယဲ့ဖန်ကလည်း ဤကိစ္စထဲတွင် ဆက်လက် ပါဝင်ရန် ပြင်နေသဖြင့်၊ သူမ၏ အဆင့်အတန်းက ယဲ့ဖန်၏ လှုပ်ရှားမှုများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ဤစစ်ဆင်ရေးမှ နုတ်ထွက်ရန် သူမ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ချေသည်။
ယဲ့ဖန်ကမူ ဘာမျှ ပြန်မပြောပေ။
သူသည် သိမ်မွေ့စွာ ပြုံးလိုက်ရင်း ဖုန်းကို သိမ်းလိုက်ပြီး စစ်တလင်း၏ ဗဟိုချက်ဆီသို့သာ အာရုံစိုက်လိုက်တော့သည်။
(၁၀) မိနစ်ကျော်ခန့် တိုက်ခိုက်ပြီးနောက်တွင်မူ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို လူတစ်စုက လုယူသွားနိုင်ခဲ့ကြတော့၏။
ထိုသူများသည် အခြားသူများ မဟုတ်ဘဲ... စောစောက ကြီးမားသော ဖန်ပြတင်းပေါက်ကြီးကို မျက်နှာမူပြီး တက်ဘလက်ဖြင့် ဗီဒီယို ကြည့်နေဟန် ဆောင်ခဲ့သည့် စုံတွဲပင် ဖြစ်ချေတော့သည်။
သူတို့နှစ်ယောက်သည် တကယ့်ကို အတွေ့အကြုံရှိသော သူများ ဖြစ်ကြသဖြင့်၊ "ပုစဉ်းရင်ကွဲကို ချောင်းနေသည့် နှံကောင်၏ အနောက်က စာဝါငှက်" ကဲ့သို့" ကဲ့သို့ အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် ကိုယ်တွင်းအား အဆင့်အတန်းကို အသုံးချပြီး နာရေးအဖွဲ့အစည်းဝင်များ၏ လက်ထဲမှ ရွှေဗုဒ္ဓရုပ်ပွားတော်ကို မထင်မှတ်ဘဲ လုယူသွားခဲ့ကြခြင်းပင်။
ထို့နောက်တွင်မူ သူတို့သည် မော်တော်ဆိုင်ကယ်ကို စီးပြီး ကာနာရီဝေါ့ဖ် သင်္ဘောဆိပ်ထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားကြလေတော့သည်။ သူတို့သည် ရှုပ်ထွေးနေသော တိုက်ပွဲကြားမှ အမြန်ဆုံး ဖောက်ထွက်သွားနိုင်ခဲ့ကြ၏။
"အခု ဘာဆက်လုပ်မလဲ" ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချန်းဖေးအယ်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်သည် ထိုစုံတွဲနောက်သို့ လိုက်လံ ဖမ်းဆီးရန် ပြင်နေကြသော ရွှေတူးသမားပေါင်းများစွာကို ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။
"သူတို့နောက်ကို လိုက်ကြစမ်း"
သူ့တွင် ပြင်းထန်သော အာရုံခံစားမှု တစ်ခု ရှိနေသည်။ အခြေအနေများက ဤအဆင့်အထိ ရောက်လာခဲ့သော်လည်း၊ ဤကိစ္စကို စနစ်တကျ အကွက်ချစီစဉ်ထားသူ၏ လက်ခုပ်ထဲမှတော့ လွတ်ထွက်သွားဦးမည် မဟုတ်သေးဘူးဆိုသည်ကိုပေါ့။
အဲဒီစုံတွဲသည် ယနေ့ညတွင် ဤမျှ လွယ်လွယ်ကူကူဖြင့်တော့ အောင်မြင်သွားမည် မဟုတ်ပေ။
ရှေ့တွင်မူ အားလုံးအတွက် ထိတ်လန့်စရာကောင်းသော အံ့အားသင့်မှုများ စောင့်ကြိုနေမည်မှာ သေချာလှပေသည်။
ယဲ့ဖန်သည် ချန်းဖေးအယ်ကို ခေါ်ကာ ကာနာရီဝေါ့ဖ် သင်္ဘောဆိပ်ထဲမှ ထွက်လာခဲ့ပြီး၊ ကားပေါ်သို့ အမြန်ဆုံး တက်လိုက်လေသည်။ ထို့နောက် ရှေ့က သွားနေသော လူအုပ်ကြီးနှင့် အလှမ်းဝေးသည့် နေရာမှနေ၍ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့တော့၏။
လူအုပ်ကြီးနောက်မှ လိုက်နေရင်းပင် ယဲ့ဖန်သည် ပတ်ဝန်းကျင်ကိုလည်း မသိမသာ အကဲခတ်နေမိသည်။
အမှောင်ထဲမှ နေ၍ သူ့ကို စူးစိုက်ကြည့်နေသော အခြား အကြည့်များ ရှိနေသေးသလား ဆိုသည်ကိုပေါ့။