← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 38 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 38 Ch. 493-494

အပိုင်း ၄၉၃ - ကြယ်မီးတောက် ဓားသိုင်း

မွန်းလွဲချိန်တွင် ယွမ်ရှောင်သည် သင်ယူတတ်မြောက်ထားသော ဓားသိုင်းများကို ဆင်ခြင်သုံးသပ်နေကာ ရင်ခွင်အတွင်း၌ လန်ရီမှာ ကြောင်ပေါက်လေးတစ်ကောင်ပမာ ရှိနေ၏။ မိုးချုန်းသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသောကြောင့် နားခိုရာဂိုဏ်းအနားတွင် တပ်စွဲထားသည့် ကာကွယ်သူများကို တုန်လှုပ်သွားစေသည်။ သူက မနီးမဝေးတွင် ရှိနေပြီး အသံလာရာသို့ ကြည့်လိုက်သောအခါ အနက်ရောင်ဝတ် အဘိုးအိုတစ်ယောက် ရောက်လာကြောင်း မြင်ခဲ့ရသည်။

"ယွမ်ရှောင် လန်ရီ အင်မော်တယ်က မင်းတို့ကို ချက်ချင်း လိုက်လာဖို့ အမိန့်ချထားတယ်"

လူသားအင်မော်တယ်ခေါ် ဂူကျင့်ကြံသူ၏ အသံက တင်းမာပြတ်သား၍ ဓားသွားပမာ ထက်ရှနေသည်။ ယွမ်ရှောင်က ချက်ချင်း ထရပ်လိုက်ပြီး မျက်ဝန်း၌ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်ကုန်သည်။

"သူ့ကို လျစ်လျူရှုထားလိုက်။ စီရင်သူ ပြန်ရောက်လာတဲ့အထိ စောင့်နေတာ ကောင်းလိမ့်မယ်"

ထိုအချိန်တွင် ကျောင်းအုပ်ယွီ ရောက်ရှိလာ၍ အကြံပေးလိုက်သည်။

"ဆရာ...ဆရာက ဘယ်လိုလုပ် မြန်မြန် ရောက်လာတာလဲ"

လန်ရီက ယွမ်ရှောင်၏ လက်ကို အမြန်လွှတ်၍ ပါးပြင်၌ ရှက်သွေးလေးများ ဖြာနေ၏။

"ငါက အနားမှာ ရှိတယ်လေ လူဖြစ်သွားတဲ့ တပည့်လေးရဲ့"

ယွီချန်၏ အပြုံးကြောင့် သူမသည် မြေကြီးအတွင်း ဝင်ရောက်ပျောက်ကွယ်ချင်သွားပြီး ကာကွယ်သူများနှင့် နီးကပ်သော နေရာကို ရွေးထားသည့်အတွက် ချစ်သူထံ မကျေမနပ် ကြည့်နေမိသည်။

"ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်တာက ဥပဒေကို ချိုးဖောက်တာပဲ။ လောကကြီးမှာ မင်းအတွက် သေလမ်းပဲ ရှိတယ်။ ပုန်းနေလို့ အကျိုးမရှိဘူး။ အခု ထွက်မလာရင် ငရဲကိုးထပ်ကမ္ဘာကို မီးရှို့ပြီး သက်ရှိတွေ အကုန် သတ်ပစ်မယ်"

စိတ်ရှည်တော့ပုံမရသော လူသားအင်မော်တယ်က ရက်စက်ကြမ်းကြုတ်စွာ ခြိမ်းခြောက်နေသောအခါ ယွမ်ရှောင်အနေဖြင့် လူသတ်ချင်လွန်း၍ လက်ပင် ယားနေပြီ ဖြစ်၏။ သူက လောဘကြီး၍ ရက်စက်ပြတ်သားသော်လည်း အကန့်အသတ်ရှိပြီး အပြစ်ကင်းသူများကို လက်ဖျားနှင့်ပင် မထိချေ။ သို့သော် အင်မော်တယ်ဆိုသူများက မောက်မာလွန်းပြီး သက်ရှိများ၏ အသက်ကို ဝါးမျိုကျင့်ကြံရန်အတွက်သာ တွေးနေကြသည်။

"လန်ရီ ခဏစောင့်နေ။ ငါ ကိုင်တွယ်လိုက်မယ်"

"ဒါပေမယ့် နောက်ဆုံးတိုက်ပွဲအတွက် အချိန်မကျသေးဘူးလေ"

လန်ရီက ယွမ်ရှောင်၏ စကားကို ခေါင်းယမ်းပြ၏။

"ငါ သိပါတယ်။ နည်းလမ်းတစ်ခု ရှာလိုက်မယ်"

သူက ယွီချန်ဘက်လှည့်ကာ လန်ရီကို ဂရုစိုက်ပေးရန် မှာကြား၍ ထွက်ခွာလာခဲ့၏။

"မင်းတစ်ယောက်တည်း သွားမလို့လား"

"မဟုတ်ဘူး"

စိတ်ပူနေသော တစ်ဖက်လူ၏ အမေးကို သူက ပြုံးပြလိုက်ရင်း တောအုပ်အတွင်း ပျောက်ကွယ်သွားသောကြောင့် ရန်သူများနှင့် ရင်မဆိုင်ခင် တစ်ယောက်ယောက်ကို သွားရှာလိုကြောင်း သိသာသည်။

"သူ့မှာ အစွမ်းထက် မိတ်ဆွေတွေ ရှိသေးတာလား"

"ရှိမယ် ထင်တာပဲ"

ဆွဲဆောင်အားပြင်းထန်သော စစ်မင်းသမီး အကြောင်း ခေါင်းထဲ ရောက်လာသဖြင့် လန်ရီ နှုတ်ခမ်းဆူမိသည်။

"အခုတော့ စီရင်သူ ပြန်ရောက်လာတဲ့အထိ သူ အချိန်ဆွဲထားနိုင်ပါစေလို့ မျှော်လင့်ရမှာပဲ"

ယွီချန်က သက်ပြင်းချလိုက်သောအခါ သူမအနေဖြင့် မကျေမနပ် ဝင်ပြော၏။

"တပည့်ကိုလည်း အားကိုးလို့ ရပါတယ်နော်"

"မင်းက ပိုပြီး အားနည်းသွားသလိုပဲ။ အသက် ၁၅နှစ်နဲ့ အမေ မဖြစ်ချင်သေးရင် ဒါကို မြန်မြန်သောက်လိုက်။ တစ်ရက်အတွင်းဆိုရင် အာနိသင် ရှိလိမ့်မယ်"

ယွီချန်က စိုးရိမ်တကြီး ဟန်ပန်မျိုးဖြင့် ကျောက်စိမ်းပုလင်းတစ်လုံး ရုတ်တရက် ထုတ်ပေးလာသောအခါ အရှက်သည်းနေသော်လည်း အခြားလူများ မမြင်ခင် သူမသည် လက်ခံ၍ ဝတ်ရုံအတွင်း ဝှက်ထားလိုက်သည်။ ထိုအချိန်တွင် မိုးပြာရောင် ဓားအလင်းတစ်ခု တောအုပ်အတွင်းမှ ကောင်းကင်သို့ ပျံတက်သွားသောကြောင့် အာရုံပြောင်းသွားကြ၏။

"လန်ရီ မင်းရဲ့ ယောကျ်ားကို ကြည့်လိုက်ဦး။ ကောင်းကင်အင်မော်တယ်ကို သတ်တုန်းကလည်း ဒီအတိုင်း မိစ္ဆာနဲ့ နတ်ဆိုး အရှိန်အဝါတွေ ဖုံးလွှမ်းပြီး ကြောက်စရာကောင်းလွန်းတယ်"

ကောင်းကင်သို့ ညွှန်ပြနေသော ယွီချန်၏ လက်ညှိုးမှာ တုန်ရီနေခဲ့သည်။ လန်ရီ အမြန် မော့ကြည့်လိုက်သောအခါ နတ်ဆိုးချီများနှင့် သွေးနဂါးများ ရစ်ပတ် လွှမ်းခြုံနေသော ဝတ်ရုံဖြူ ပုံရိပ်ကို မြင်လိုက်ရပြီး ဆရာဖြစ်သူ ပြောသကဲ့သို့ ကြမ်းတမ်းရက်စက်ပုံ ပေါ်သည်။ ဤအရှိန်အဝါက သူမကို အလိုလို ရွံရှာစိတ် ဖြစ်ပေါ်စေကာ အကြောင်းအရင်းအား မသိရပေ။ ဖြောင့်မတ်မှန်ကန်သော ဓားကျင့်ကြံသူ တစ်ယောက်က ရန်သူများကို ရင်ဆိုင်ရန် အစွန်းရောက် လမ်းကြောင်းအား ရွေးချယ်လိုက်ခြင်းသည် သူမနှင့် အဝေးသို့ ပိုရောက်သွားစေနိုင်သဖြင့် တွေးပင်မတွေးရဲတော့ပေ။

"တော်သေးတယ်။ အရင်တစ်ခေါက်နဲ့စာရင် သူ့ အရှိန်အဝါကို လူသားဆန်မှုက ဦးဆောင်ထားပြီး မိစ္ဆာနဲ့ နတ်ဆိုး အရှိန်အဝါတွေ ဖိနှိပ်ခံထားရတယ်။ အခုတော့ ပုံမှန်လူတစ်ယောက်လို ဖြစ်သွားပြီ။ အရင်ကဆိုရင် တော်တော် ကြောက်စရာကောင်းတယ်"

ယွီချန်က စိတ်အေးသွားဟန်ဖြင့် နှစ်သိမ့်ပေးနေပြီး လန်ရီမှာမူ တိတ်တဆိတ် စောင့်ကြည့်နေမိသည်။ ဤတစ်ခေါက်တွင် မူလကိုယ်က အဆင့်များစွာ တက်နိုင်ခဲ့သောကြောင့် ပေါင်းစပ်မှုတွင် ဦးဆောင်ခဲ့ပြီး လူသားအရှိန်အဝါနောက်တွင် မိစ္ဆာနှင့် နတ်ဆိုးသည် ဘယ်ညာ ရံလျက်ရှိသည်။ ဓားရှည်နှင့် အသက်တံဆိပ်က လင်းလက်တောက်ပနေကာ လူသားကျင့်ကြံသူတစ်ယောက်၏ ပြီးပြည့်စုံသော အခြေအနေကို ကိုယ်စားပြု၏။ မူလကိုယ်က အခြေခံဖြစ်သောကြောင့် ခိုင်မာလာသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းအားများ တိုးတက်လာကြောင်း ယွမ်ရှောင် ခံစားနေရသည်။

သူက ကောင်းကင်တွင် ပျံသန်းရင်း ကာကွယ်သူများ၏ စောင့်ကြည့်မှုအောက်၌ ဝတ်ရုံနက် အဘိုးအိုထံ ချဥ်းကပ်သွားသည်။ ရန်သူ စီးနင်းထားသော ဓားဝိညာဥ်၌ ဓားစက်ကွင်းရှစ်ခုနှင့် ဓားအော်ရာ အလွှာ ရှစ်သန်း ပိုင်ဆိုင်ထားကာ ဂူပိုးကောင်များအား သွေးကျောက်အဖြစ် တပ်ဆင်ထားသောကြောင့် နိမ့်ကျလှ၏။ ဤလူကား တစ်ချိန်က ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ဓားပညာ ဘိုးဘေးအဖြစ် ရိုသေလေးစားခြင်းခံရသော လူသားအင်မော်တယ်ပင်။ လက်ရှိတွင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် ဓားစက်ကွင်း ၁၁ခု နှင့် ဓားအော်ရာ အလွှာ ဆယ်သန်းကျော် ရှိနေသောကြောင့် ရန်သူကို ချက်ချင်း တုန်လှုပ်သွားစေသည်။

"မင်း...မင်းကရော ကောင်းကင်ရုံးတော်နဲ့ သက်ဆိုင်နေတာလား။ ဥပဒေကို မသိဘူးလား"

သူက အားတင်း၍ အထက်စီးမှ မေးခွန်းထုတ်လိုက်၏။

"ဘာဥပဒေလဲ"

"ငမိုက်သား ဘာမှမသိသလို ဟန်ဆောင်မနေနဲ့။ ကိုယ့်အခြေအနေကို သိ၊ လန်ရီကို ခေါ်ပြီး ငါနဲ့ လိုက်လာစမ်း။ အင်မော်တယ်ကို တောင်းပန်လိုက်ရင် ခွင့်လွှတ်ချင် ခွင့်လွှတ်လိမ့်မယ်"

လူသားအင်မော်တယ်က နှာခေါင်းရှုံ့၍ ခြိမ်းခြောက်စကား ဆိုသည်။

"ငါက သေမင်းဆီ လမ်းလျှောက်သွားရမှာလား။ ဟိုကောင်မကရော အတူတူ လိုက်မလာဘူးလား"

ယွမ်ရှောင်က အရေးမစိုက်သကဲ့သို့ အေးတိအေးစက် ရပ်နေသည်။

"မင်းက ဘာကောင်မို့လို့ အင်မော်တယ်က ကိုယ်တိုင် လှုပ်ရှားရမှာလဲ"

ရန်သူက ဟာသပြက်လုံးတစ်ခုပမာ လှောင်ရယ်သည်။

"နားလည်ပြီ။ ဒါဆိုရင် ငါ ကိုယ်တိုင် သွားတွေ့လိုက်မယ်"

"နောက်ဆုံးတော့ အမြင်မှန် ရသွားပြီ။ လိုက်လာစမ်း၊ အချိန်မဆွဲနဲ့"

အဘိုးအိုက ဓားပျံကို စီးနင်း၍ ကောင်းကင်သို့ ပျံတက်သွားသော်လည်း ယွမ်ရှောင်မှာ နေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။

"မင်း ငါ့ကို အရူးလုပ်နေတာလား"

"မဟုတ်ဘူး။ ဒီကောင်မကို ငါ သွားတွေ့မှာပါ။ ဒါပေမယ့် မင်းလို ကောင်စားမျိုး လမ်းပြစရာ မလိုဘူး။ သေမင်းဆီ ရောက်သွားတဲ့ ဟိုအဘိုးကြီးနှစ်ယောက်ကို ငါ လိုက်ပို့ပြီးပြီ။ မင်းကိုလည်း မြင်ရတာ အတော် မျက်စိနောက်လာတယ်ဆိုတော့ သေလိုက်တော့"

ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ဓားဝိညာဥ်ကို ဓားမြှောင်အဖြစ် ပြောင်းလဲကာ လက်ထဲ၌ ချိန်ဆနေသည်။ သူ၏ မျက်လုံးများက ပစ်မှတ်ကို မမှိတ်မသုန် စိုက်ကြည့်နေရင်း ၎င်းကို ပစ်ခတ်လိုက်ကာ အိပ်မက်ပင်လယ် ကမာနတ်ဆိုး ၁၁ကောင်၏ ပုံရိပ်ယောင်စွမ်းအားများလည်း ကောင်းကင်ယံတွင် တဟုန်ထိုး ဖြတ်သန်းသွား၏။

"ဘုန်း"

ဓားသွားရာ လမ်းကြောင်း အနောက်တွင် လှပသော နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ်လာကာ အလွန်အမင်း စူးရှတောက်ပ၍ အိပ်မက်တစ်ခုအလား ဆန်းကြယ်သည်။ သူက နားခိုရာဂိုဏ်းတွင် ကောင်းကင်အင်မော်တယ်ကို သတ်ရန် ကြယ်တာရာဓားသိုင်းကို အသုံးပြုခဲ့ဖူးပြီး အုပ်စုလိုက် သတ်ဖြတ်ခဲ့သော်လည်း ယနေ့တွင် ပစ်မှတ်သည် တစ်ယောက်တည်း ဖြစ်ရာ ကောင်းကင်အား နှစ်ခြမ်းခွဲပစ်နိုင်လောက်သော ဓားချက်မျိုး ထုတ်ဖော်ခဲ့၏။ နဂါးငွေ့တန်းက အစွမ်းများ ပြင်းထန်စွာ တောက်လောင်လာပြီး ကောင်းကင်ယံတွင် ဖုံးလွှမ်းကာ အစစ်အမှန်စွမ်းအားကို ဟင်းလင်းပြင်နှင့် ဆက်သွယ်ထားသည်။ ဓားမြှောင်က ဟင်းလင်းပြင်နှင့် လက်တွေ့လောကသို့ ဝင်လိုက်ထွက်လိုက် အဆက်မပြတ် ဖြတ်သန်းရင်း မီးများတောက်လောင်နေသည့် နဂါးငွေ့တန်းသည် လူသားအင်မော်တယ်ကို ဝါးမျိုသွား၏။

ဤဓားချက်ကို ယွမ်ရှောင်က ကြယ်မီးတောက်ဟု အမည်ပေးထားပြီး လင်းချန်၏ ကောင်းကင်နတ်ဓားသိုင်းကိုလည်း ပေါင်းစပ်ထားသဖြင့် အစွမ်းထက်လှ၏။ ကာကွယ်သူများက တခဲနက် အားပေးနေစဥ် တစ်သက်လုံး ဓားကျင့်ကြံသူ ဖြစ်ခဲ့သော လူသားအင်မော်တယ်၏ ယုံကြည်ချက်များ ချက်ချင်း ပြိုလဲကုန်သည်။

"ဒါက ဘာကြီးလဲ"

သူက ဓားဝိညာဥ်ဖြင့် ပြန်လည် တိုက်ခိုက်ချင်သော်လည်း နဂါးငွေ့တန်းပုံရိပ်အောက်တွင် အစအနပင် မကျန်အောင် ဝါးမျိုခံလိုက်ရပြီး အရိုးစုသာ ကျန်ရစ်၏။

"အားနည်းလိုက်တာ။ မင်းကတော့ နည်းနည်းလောက် အစွမ်းထက်ဖို့ ငါ မျှော်လင့်တယ်"

ယွမ်ရှောင်သည် တစ်ဖက်လူ၏ ဓားဝိညာဥ်ကို စုပ်ယူရန် အချိန်ဖြုန်းမနေဘဲ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ မော့ကြည့်ကာ လှောင်ပြုံးပြုံးလိုက်လေသည်။

အပိုင်း ၄၉၄ - ဖန်ဆင်းရှင် မရှိသော လောက

ဓားတစ်ချက်တည်းဖြင့် ယွမ်ရှောင်က ရန်သူတစ်ယောက်ကို ထပ်မံနှိမ်နင်းလိုက်ပြီး ကြယ်မီးတောက်များ ငြိမ်းသွားသောအခါ ခန့်ညားလှပသော ဓားကိုင်လူငယ်တစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ကာကွယ်သူများက အသက်ရှူမှားမတတ် အားကျစိတ်များဖြင့် တုန်လှုပ်စွာ ကြည့်နေပြီး ဂူကျင့်ကြံသူ သုံးယောက်လုံးကို ယွမ်ရှောင်တစ်ယောက်တည်း သတ်ခဲ့ခြင်း ဖြစ်၏။ အားလုံးက လန်ရီကို ကယ်တင်ရှင်ဟု သတ်မှတ်ထားသော်လည်း ရုတ်တရက် ထွက်ပေါ်လာသော ဓားကျင့်ကြံသူတစ်ယောက်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လူဆိုးကြီးများကို ရှင်းလင်းပေးခဲ့၏။

"သူ့လို လူမျိုး ရှိနေရင် ဘယ်ရန်သူကိုမှ ကြောက်စရာ မလိုတော့ဘူး။ တကယ် ပြတ်သားသူ ဖြစ်ပေမယ့် ဓားအောက်မှာ သေသွားတဲ့ လူတိုင်းက အပြစ်သားတွေချည်းပဲ"

လောကကြီးတစ်ခွင် ကပ်ဘေးများ ဖြစ်နေဆဲဖြစ်သော်လည်း ကာကွယ်သူများက စိတ်လှုပ်ရှားနေကြ၏။ မျက်တောင်တစ်ခတ်အတွင်း လူသားအင်မော်တယ် အသတ်ခံလိုက်ရခြင်း ဖြစ်သော်လည်း အဖြစ်အပျက်၏ သက်ရောက်မှုက အချိန်ကြာကြာ ရှိနေပေလိမ့်မည်။

"ယွမ်ရှောင် သံတမန်ကို မသတ်ရဘူးမလား"

ကြင်နာရိုးသားတတ်သော လန်ရီက ခပ်တိုးတိုး မေးသည်။

"ဒီလိုတရားခံအပေါ်ကြင်နာနေတာက အကျိုး မရှိဘူး။ ဒီကောင် ငရဲရောက်ရင်တောင် အပြစ်ကြွေး မကြေဘူး"

ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်ပြီး ယွီချန်မှာ အားမလိုအားမရဖြင့် ဝင်ရောက်ထောက်ခံလိုက်၏။

"ဒီလိုလူယုတ်မာက ငရဲမှာတောင် ထာဝရ ခံစားသင့်တယ်"

ထို့ကြောင့် သူက ဓားဝိညာဉ်ကို တစ်ချက်ခါလိုက်သောအခါ လူသားအင်မော်တယ်၏ ဝိညာဥ် အကြွင်းအကျန် ပြုတ်ကျလာပြီး ထာဝရ အပြစ်ပေးနိုင်ရန် ကျောင်းအုပ်ယွီထံ အပ်နှံခဲ့သည်။

"မင်းက အင်မော်တယ်ကို တကယ်သွားတွေ့ဖို့ စီစဥ်ထားတာလား"

"ဟုတ်တယ်။ သူတို့ကို သွားရင်ဆိုင်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ငရဲကိုးထပ်ကမ္ဘာ ပျက်စီးသွားနိုင်တယ်"

အကယ်၍ သူသာ လူလုံးထွက်မပြလျှင် ငရဲကိုးထပ်ကမ္ဘာတင်သာမက အခြားကမ္ဘာများအထိ ရန်သူက ဖျက်ဆီးပစ်နိုင်ပြီး မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။

"တောင်းပန်ပါတယ်။ မင်းက ကြမ်းတမ်းရက်စက်ပြီး ပြတ်သားလွန်းတယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် မင်းက သက်ရှိတွေကို ငါတို့အားလုံးထက်တောင် ဂရုစိုက်သေးတယ်။ အပြင်ပန်းမှာ ဘယ်လောက်ရက်စက်ပါစေ၊ မင်းရဲ့ နှလုံးသားက ကြည်လင်နေတုန်းပဲ"

ယွီချန်က နူးညံ့စွာ စိုက်ကြည့်ပြီး ချီးကျူးလိုက်ရာ ယွမ်ရှောင်ပင် မနေတတ်မထိုင်တတ် ဖြစ်သွား၏။

"ကျုပ်နဲ့ လန်ရီက ရှေးဟောင်းအပျက်အစီးနယ်မြေကိစ္စကို ကိုင်တွယ်လိုက်မယ်။ ခင်ဗျားတို့ကတော့ သက်ရှိတွေ ဘေးကင်းအောင် စောင့်ရှောက်ပေးပါ။ ကျုပ် သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

သူက ပြတ်သားစွာ ပြောလိုက်ပြီး လန်ရီနှင့်အတူ ခရီးထွက်ရန် စတင်ပြင်ဆင်လိုက်သောအခါ သူမကို စိတ်အေးသွားစေသည်။ အကယ်၍ သူမကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားလျှင် အမြဲတမ်း စိုးရိမ်မကင်း ဖြစ်နေပေလိမ့်မည်။

ခရီးမထွက်ခင် သူသည် တိတ်ဆိတ်ငြိမ်သက်နေသော နားခိုရာဂိုဏ်းကို စိုက်ကြည့်နေပြီး ၎င်း၏ လျှို့ဝှက်ချက်များအကြောင်း တွေးတောနေခဲ့သည်။ရန်သူက ဂူကျင့်ကြံသူများ၏ နောက်ခံ ဖြစ်သောကြောင့် နားခိုရာဂိုဏ်း အကြောင်း သိထားနိုင်ပြီး အောက်နယ်မြေသို့ ဆင်းသက်လာသည့် အကြောင်းအရင်းလည်း ဖြစ်နိုင်၏။ တစ်ခုတည်းသော ပြဿနာမှာ နားခိုရာဂိုဏ်းအကြောင်း သိထားသူ မည်မျှ ရှိနေကြောင်းပင်။

"နီအန် နားခိုရာဂိုဏ်းကို ဘယ်လိုထိန်းချုပ်ရမလဲ မင်း သိလား"

၎င်းကို ထိန်းချုပ်နိုင်မှသာ လောကကြီး ငြိမ်းချမ်းမည် ဖြစ်သောကြောင့် ယွမ်ရှောင်က ကိုယ်ထဲရှိ နီအန်၏ ဝိညာဥ်ထံ စုံစမ်းသည်။

"သိတယ်"

"ငါ့ကို သင်ပေးစမ်း"

"ဘာလို့ သင်ပေးရမှာလဲ"

"ငါက မင်းကို နားခိုရာဂိုဏ်းထဲက ကယ်ထုတ်ပေးခဲ့လို့"

"စောက်ရူး လိမ်ညာမနေနဲ့။ ငါ့ဘာသာ ထွက်ပြေးလို့ရနေတာကို ခန္ဓာကိုယ် အပိုင်စီးပြီး ဝိညာဥ်ကိုတောင် ချုပ်နှောင်ထားသေးတယ်။ ဘယ်လိုကောင်လဲဟ"

နီအန် အသိစိတ်က ဒေါသတကြီး ပြန်အော်လိုက်ပြီး အမှန်တရား ဖြစ်နေသောကြောင့် ယွမ်ရှောင် တိတ်ဆိတ်သွားသည်။ ထို့နောက် သူက နားခိုရာဂိုဏ်းကို ထိန်းချုပ်နည်း သင်ပေးလျှင် နီအန်အတွက် ရုပ်ခန္ဓာတစ်ခု ရှာပေးကာ လွတ်လပ်ခွင့်ပေးမည်ဟု ကမ်းလှမ်းလိုက်၏။ ဂူကျင့်ကြံသူများ သေသွားသော်လည်း သက်ရှိများက အသက်စားဂူပိုးကောင်နှင့် ယိုယွင်းချီများကြောင့် ခံစားနေရဆဲ ဖြစ်သောကြောင့် အစစ်အမှန်တရားခံမှာ မက်မွန်အစီအရင်အတွင်း ရှိနေသူ ဖြစ်ပေလိမ့်မည်။

"မင်းကို တစ်ခု ပြောပြမယ်။ ဒီလောကကြီးက ပျက်စီးဖို့ ကံပါလာတယ်"

နီအန်က ခေါင်းယမ်း၍ ရုတ်တရက် အေးစက်စက် ပြောလာခဲ့သည်။ အကြောင်းအရင်းသည် အန္တရာယ် အရှိဆုံး အရာများကို ချုပ်နှောင်ထားသော နားခိုရာဂိုဏ်း ဖြစ်နေပြီး ပိုင်ရှင် ပျောက်ဆုံးနေသောအခါ အစွမ်းထက် ကျင့်ကြံသူ လောဘသားများက သွေးနံ့ရသော ငါးမန်းများပမာ ရောက်လာကြပေလိမ့်မည်။

"သူတို့ ရောက်လာရင် သက်ရှိတွေ သေကြေပျက်စီးကုန်မှာပေါ့။ ကောင်းကင်ပြစ်ဒဏ်ကို မစိုးရိမ်ကြဘူးလား"

ယွမ်ရှောင်က လေးနက်စွာ တွေး၍ ပြောလိုက်သည်။

"ငတုံး မင်းလို ပါရမီရှင်တစ်ယောက်က ဒါလေးတောင် နားမလည်ဘူးလား။ ကြည့်ရတာ အင်မော်တယ်လမ်းစဥ်အကြောင်း မင်း ဘာမှ မသိသေးဘူး။ ငါ ရှင်းပြမယ်။ ကောင်းကင်ပြစ်ဒဏ်ကို ဖန်ဆင်းရှင်က သတ်မှတ်တယ်။ ဒီလောကကြီးမှာ ရှိနေပုံမရဘူး။ သူ ရှိနေရင်လည်း ကျင့်ကြံသူတွေ၊ အင်မော်တယ်တွေ ဒီလောက် ထင်ရာစိုင်း ရက်စက်ရဲမှာ မဟုတ်ဘူး"

နီအန်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ကာ ရှင်းပြ၏။

"ရက်စက်တယ် ဟုတ်လား။ ဒါက ဒီလောကမှာ အင်မော်တယ် လမ်းစဥ်ရဲ့ အနှစ်သာရပေါ့"

သူ၏ အကြည့်များ နက်ရှိုင်းသွားစဥ် ၎င်းက ဆက်ပြောသည်။

"ဟုတ်တယ်။ ဒါက အစာကွင်းဆက်လိုပဲ။ ကိုယ်ကျင့်တရားဆိုတာက ပန်းပွင့်လေးတွေပဲ။ အမြင်လှသလောက် ပျက်စီးဖို့ တော်တော်လွယ်တယ်။ ဘာစောက်အဓိပ္ပါယ်မှ မရှိဘူး။ ရှင်းရှင်းပြောရရင် ကောင်းကင်ရုံးတော်က ကောင်တွေ အောက်ဆင်းလာပြီး သတ်ဖြတ်နေတာက အမဲလိုက်ထွက်သလိုပဲ။ သားကောင်က မုဆိုးကို သတ်နိုင်ရန် ပြန်သတ်၊ မသတ်နိုင်ရင် သေပေးရုံပဲ ရှိတယ်"

"ငါ နားလည်ပြီ"

"မင်းက ဘာကို နားလည်တာလဲ"

"ဒီလောကကြီးမှာ မတရားမှုတွေ ပြည့်နှက်နေတာက ဖန်ဆင်းရှင် မရှိလို့ ဖြစ်မယ်။ ငါ ကိုယ်တိုင် ဖန်ဆင်းရှင် ဖြစ်လာပြီး သက်ရှိတွေကို ကယ်တင်ဖို့ စည်းမျဥ်းတွေ သတ်မှတ်မယ်"

ယွမ်ရှောင်က ခေါင်းမော့လိုက်ပြီး အကြည့်များ တင်းမာပြတ်သား၍ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်၏။

"ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့ဟ"

နီအန်အသိစိတ်က ခေါင်းတခါခါဖြင့် အထင်သေးစွာ နှာခေါင်းရှုံ့ရင်း ကိုယ်တွင်း၌ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

All Chapters