← Chapters

အခန်း (၄၉၅-၄၉၆)

Vol. 38 Ch. 495-496

အခန်း (၄၉၅-၄၉၆)

Vol. 38 Ch. 495-496

အပိုင်း ၄၉၅ - နေနှင့်လကို ဝါးမျိုသော နဂါး

ငရဲကိုးထပ်ကမ္ဘာကို နောက်တွင် ချန်ထား၍ ယွမ်ရှောင်နှင့် လန်ရီသည် ဓားပျံ စီးနင်းကာ နောက်တစ်ကြိမ် ထွက်ခွာလာခဲ့သည်။ ဓားအထက်တွင် ရှိနေသော သူမ၏ မျက်နှာအမူအရာက စိတ်မသက်မသာ ဖြစ်နေသယောင်ပင်။

"ဘာဖြစ်နေတာလဲ"

ထို့ကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေထံ စိုက်ကြည့်နေရင်း သူက မေးသည်။

"ဘာမှ မဟုတ်ပါဘူး"

"ငါ့အရှိန်အဝါကြောင့် အနှောင့်အယှက် ဖြစ်နေတာလား"

"နည်းနည်းလောက်ပါပဲ"

သူမက ခပ်တိုးတိုး ရေရွတ်၍ ပြန်ဖြေ၏။

"နည်းနည်း မဟုတ်လောက်ပါဘူး"

ယွမ်ရှောင်က သတိထားမိသည့်အတိုင်း ပြောလိုက်သောအခါ လန်ရီသည် ဆက်တိုက် ငြင်းဆန်နေသော်လည်း ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သော မသိစိတ်အရ ဆန့်ကျင်တွန်းလှန်ချင်နေ၏။

"လန်ရီ ငါက ဘယ်လိုစွမ်းအားတွေ ပိုင်ဆိုင်ပါစေ၊ ပုံသဏ္ဍာန် ပြောင်းလဲသွားရင်တောင် မင်းအပေါ် ထားတဲ့ ခံစားချက်တွေ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါ"

သူက လေးနက်စွာ ကတိပေးလိုက်သောအခါ သူမသည် တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

"ထူးဆန်းတယ်။ ငါ့အချစ်လေးက ဘာကြောင့် ဒီလောက် စိတ်မသက်မသာ ဖြစ်နေရတာလဲ"

"အဲ့ဒီရန်သူကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စဥ်းစားနေတာပါ။ ရန်သူက ရှေးဟောင်းအပျက်အစီးနယ်မြေမှာ လူပေါင်းသန်းချီရဲ့ အသက်ဓာတ်တွေကို စုပ်ယူနေတာဆိုတော့ အရမ်း သန်မာနေလိမ့်မယ်။ ဂူကျင့်ကြံသူ သုံးယောက်ထက် ပိုသန်မာပြီး စွမ်းအားကို စိတ်ကူးကြည့်လို့တောင် မရဘူး"

လန်ရီက ခေါင်းယမ်း၍ သက်ပြင်းချကာ ရှင်းပြသည်။

"ဟုတ်တယ်။ ဒါပေမယ့် ငါက သူ့ဆီ တိုက်ရိုက်သွားမှာ မဟုတ်ဘူး။ သေတွင်းထဲ မဝင်နိုင်ဘူးလေ"

ယွမ်ရှောင်၏ အကြံက နယ်မြေဓာတ်လုံးအနား နောက်တစ်ဖန် ချဥ်းကပ်ပြီး ပြဿနာရှာကာ ရန်သူကို မက်မွန်အစီအရင် အပြင်ဘက်သို့ ဆွဲထုတ်ရန် ဖြစ်၏။ လန်ရီ၏ အမြင်တွင်လည်း ၎င်းက အကြံကောင်းဖြစ်ပြီး ယိုယွင်းချီများကို ထိန်းချုပ်ကန့်သတ်ရန် နည်းလမ်းရှာနိုင်သောကြောင့်ပင်။

"မင်းဆီမှာ ရှေးဟောင်း သံလိုက်အိမ်မြှောင် ရှိသေးလား"

ယွမ်ရှောင်က ရုတ်တရက် မေးလာသောအခါ သူမသည် ခေါင်းညိတ်၍ ဝတ်ရုံအတွင်းမှ လက်ရာမြောက်သော သံလိုက်အိမ်မြှောင်ကို ထုတ်ပေးလိုက်သည်။ ၎င်း၏ မျက်နှာပြင်တွင် နယ်မြေယာဥ်ကြီး၏ ပုံတူ ထွင်းထုထားကာ ကြယ်တာရာများဖြင့် ဝန်းရံနေကာ မြေအင်မော်တယ် နေနှင့်လကို ပေါင်းစည်းရန် သုံးခဲ့သော ရတနာ ဖြစ်၏။

"ခဏလောက် ပေးဦး။ ငါ အကြံထုတ်ဦးမယ်"

သူက ၎င်းကို ယူလိုက်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေအား ထိန်းချုပ်ရန် နည်းလမ်း ရှာဖွေရန် ဖြစ်သည်။

"နယ်မြေယာဥ်ကြီးကို ငရဲကိုးထပ်ကမ္ဘာနဲ့ အဝေးဆီ မောင်းသွားမလို့လား"

"မဟုတ်ဘူး။ ဒါက ယာယီပဲ အဆင်ပြေလိမ့်မယ်။ ငါတို့ ဘယ်လောက်ပြေးပြေး ရန်သူက ခဏအတွင်း လိုက်လာနိုင်တယ်"

"ဒါဆိုရင် ဘာလုပ်မလို့လဲ"

ထိုအချိန်တွင် သူက သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်နေရင်း တစ်ခုခုကို သဘာပေါက်သွားပုံ ရသည်။

"မင်းတို့ ပြောဖူးသလိုဆိုရင် နယ်မြေဓာတ်လုံးက စွမ်းအင်အစုအဝေး တစ်ခု ဖြစ်တယ်။ ဒါဆိုရင် စွမ်းအားတွေကို ပြန့်ကြဲမသွားအောင် စုစည်းထားတဲ့ အစီအရင်တစ်ခု ရှိကိုရှိရမယ်။ ဒီစွမ်းအားကို ထုတ်လွှတ်ပေးဖို့ရော၊ နယ်မြေယာဥ်ကြီးကို မောင်းနှင်ဖို့ရော ဆိုရင် ကျင့်ကြံသူတွေ လုပ်ထားတာ ဖြစ်နိုင်တယ်"

"ဟုတ်တယ်။ ဆရာ ပြောဖူးတာက နယ်မြေဓာတ်လုံးကို ကောင်းကင်ရုံးတော်ရဲ့ အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတာတဲ့"

လန်ရီက ခဏတာ စဥ်းစား၍ ခေါင်းညိတ်သည်။ ကောင်းကင်ရုံးတော်သည် အစီအရင် အသုံးပြုပုံကို အပေါ်ယံ ဖြစ်ဖြစ် သင်ကြားပေးခဲ့၍ ဂူကျင့်ကြံသူများသည် နေနှင့်လကို ခွဲထုတ် ပေါင်းစပ်နိုင်ခြင်းဟု ယွမ်ရှောင်က ကောက်ချက်ဆွဲသည်။ ထို့အပြင် ယိုယွင်းချီများ ထွက်လာနိုင်စေရန် နှစ်ပေါင်းရာချီ ကြိုးစားနေခဲ့သော အကြောင်းအရင်းမှာ အစီအရင်ကို ထိုးဖောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

"တကယ်လို့ ဒီအရာက ယာဥ်ကို ထိန်းချုပ်နိုင်ရင် အစီအရင်နဲ့ ဆက်စပ်နေမှာပဲ။ စမ်းသပ်ကြည့်တာပေါ့။.အစီအရင်တွေ၊ ရုန်းတွေ၊ တံဆိပ်တော်တွေက ဘယ်လောက်ခက်ခက် ငါ လေ့လာနိုင်တယ်"

ယွမ်ရှောင်က စိတ်အားထက်သန်စွာ ကြွေးကြော်၍ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ဝင်ရောက်လာသောအခါ လမ်းများအထက်တွင် ရူးသွပ်နေသော သက်ရှိများသည် အသတ်ခံလိုက်ရသော ဂူကျင့်ကြံသူများအစား ကောင်းကင်မှ ဆင်းသက်လာသည့် အင်မော်တယ်ကို ပြောင်းလဲ ကိုးကွယ်နေကြပြန်သည်။

"ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တွေက ဘာကြောင့် ဒီလောက်ရက်စက်ကြတာလဲ။.ဒီလောကကြီးက သာယာလှပခဲ့ပေမယ့် အခုတော့ ငရဲခန်း ဖြစ်နေပြီ။ မဟာတာအိုနယ်မြေက အင်မော်တယ်တွေအားလုံး ဒီလိုပဲလား"

လန်ရီက ထိုမြင်ကွင်းကို မကြည့်လိုဟန်ဖြင့် မျက်နှာလွှဲကာ ဒေါသတကြီး ရေရွတ်သည်။

"လောကကြီးမှာ လူပေါင်းစုံ ရှိပြီး ငါတို့က လူဆိုးတွေနဲ့ပဲ တွေ့ဖူးတာ ဖြစ်ပါလိမ့်မယ်"

ယွမ်ရှောင်က သူမကို နှစ်သိမ့်နေသော်လည်း နီအန်၏ စကားများကြောင့် ရက်စက်ခါးသီးသော အမှန်တရားကို သိထား၏။ ဤသို့ဖြင့် သူတို့က နယ်မြေဓာတ်လုံးထံ ရောက်ရှိလာကြပြီး အပူလှိုင်းများ ဆက်တိုက် ရိုက်ခတ်လာသဖြင့် ခန္ဓာကိုယ်အတွင်းမှ မီးခိုးများပင် ထွက်လုမတတ်ပင်။ သူက လေးနက်သော မျက်နှာထားဖြင့် ဓားပျံကို ထိန်းချုပ်ကာ ရှေ့ဆက်လာစဥ် သံလိုက်အိမ်မြှောင်ကို သေချာ ဆုပ်ကိုင်ထားသည်။ လန်ရီကမူ တိတ်တဆိတ်ဖြင့် မည်သို့ ဆက်လုပ်မည်ကိုသာ စောင့်ကြည့်နေခဲ့၏။

ယွမ်ရှောင်သည် ထောင်စောင့်နဂါးတံဆိပ်၏ ရုန်းများကို သံလိုက်အိမ်မြှောင်အတွင်း ထည့်သွင်းထိန်းချုပ်လိုက်သောအခါ ရတနာတစ်ခုလုံး ခရမ်းရောင် ပြောင်းသွားသည်။ အသက်တံဆိပ်က အင်မော်တယ် ရတနာတစ်ခုကို အမှန်တကယ် ထိန်းချုပ်နိုင်သောကြောင့် လန်ရီ တအံ့တသြ ဖြစ်သွား၏။ သို့သော် သံလိုက်အိမ်မြှောင်က ရတနာတစ်ခု သက်သက် မဟုတ်ဘဲ အစီအရင်ဆုံချက် ဖြစ်နေကာ ရှေးဟောင်းအပျက်အစီးနယ်မြေကို လည်ပတ်စေသော အစီအရင်များစွာနှင့် ဆက်သွယ်နေသည်။ ထောင်စောင့်နဂါး အသက်တံဆိပ်၏ အသွင်တစ်မျိုးဖြစ်သော အစီအရင်နတ်ဘုရား သည် အစီအရင်အားလုံးကို ထိန်းချုပ်နိုင်ကာ တည်ဆောက်ပုံကိုပင် ပြောင်းလဲပစ်နိုင်၏။

ထိုအချိန်တွင် သံလိုက်အိမ်မြှောင်အတွင်းရှိ ညွှန်တံက ဆတ်ခနဲ တုန်ခါသွားကာ နယ်မြေဓာတ်လုံးထံ ခရမ်းရောင် အလင်းတစ်ခု ပြေးထွက်လာ၏။ ၎င်းက အခြေခံ ဆုံချက် တစ်ခုသာ ဖြစ်သောကြောင့် ရှုပ်ထွေးသော အစီအရင်ကို ဖြေရှင်းရန် ယွမ်ရှောင်က အချိန်ယူရပေလိမ့်မည်။ ထို့အပြင် နယ်မြေဓာတ်လုံးသည် ကောင်းကင်ရုံးတော်၏ လက်ရာ ဖြစ်သောကြောင့် အစစ်အမှန် ဆုံချက်ကို သူတို့သာ သိပေလိမ့်မည်။ အကယ်၍ ကျင့်ကြံသူများသာ ၎င်းဆုံချက်ကို ထိန်းချုပ်၍ အစီအရင်ကို ပိတ်ချလိုက်လျှင် နယ်မြေဓာတ်လုံး ပေါက်ကွဲ ပျက်စီးသွားနိုင်၏။

"အချိန်လိုသေးလား။ ဂူကျင့်ကြံသူတွေတောင် ဒါကို လုပ်ဖို့ နှစ်ရာချီ အချိန်ကုန်ခဲ့တယ်"

"လန်ရီ မင်း တစ်နေရာရာမှာ သွားပုန်းနေလိုက်"

လန်ရီ၏ စကားမဆုံးခင် ယွမ်ရှောင်က လုပ်လက်စများကို ရပ်တန့်ကာ နောက်လှည့်ပြီး ညွှန်ကြားသည်။

"ဘာကြောင့်လဲ"

"ငါသာ အစီအရင်ကို ထိန်းချုပ်ပြီး ယိုယွင်းချီတွေကို ပိတ်လိုက်ရင် ရန်သူက ချက်ချင်း ရောက်လာလိမ့်မယ်။ ငါတစ်ယောက်တည်းဆိုရင် ရန်သူနဲ့ ရင်ဆိုင်ဖို့ နောက်ဆံ မတင်းတော့ဘူး"

"တကယ်ရပ်နိုင်တာလား"

သူ၏ စကားက နောက်ပြောင်နေပုံမရဘဲ လေးနက်သောကြောင့် သူမကို ဝမ်းသာအားရ ဖြစ်သွားစေသည်။

"စိတ်မပူနဲ့။ ငါ့ကို ယုံထားလိုက်"

လက်ရှိတွင် ယွမ်ရှောင်က ပိုင်ဆိုင်သမျှ စွမ်းအားများကို စုစည်းထားကာ အကောင်းဆုံး အခြေအနေ ရှိသောကြောင့် စွန့်စားရန် အသင့်ပင်။

"ဒါပေမယ့်..."

"ရပါတယ်။ ငါ ကိစ္စပြီးသွားရင် မင်းကို လာရှာမယ်"

သူက ချစ်သူ၏ နဖူးကို ကြင်နာစွာ နမ်းရှိုက်၍ နှစ်သိမ့်ပေးလိုက်ကာ စနောက်လိုက်သည်။

"တတိယအကြိမ်ကို စောင့်နေ"

လန်ရီက အရှက်သည်းသွားသောကြောင့် ချက်ချင်း ပြေးထွက်လာကာ တစ်နေရာရာတွင် ပုန်းအောင်းနေခဲ့သည်။

ယွမ်ရှောင်သည် အသက်ကို ခပ်ပြင်းပြင်းရှူ၍ သံလိုက်အိမ်မြှောင်ကို ကိုင်ထားရင်း နယ်မြေဓာတ်လုံးအတွင်း ဝင်ရောက်သွားကာ အပူလှိုင်းများအကြား နစ်မြုပ်သွား၏။ ဖြည်းဖြည်းချင်း ရှေ့ဆက်လာသောအခါ ၎င်းကို ကာကွယ်ထားသည့် အစီအရင်၏ တည်ရှိမှုအကြောင်း သူ ခံစားလိုက်မိသည်။ တောက်ပသော အလင်းများအကြားတွင် ရုန်းများက သက်ရှိများပမာ ရွေ့လျားနေကြပြီး မရေမတွက်နိုင်လောက်အောင် များပြားကာ တစ်ခုချင်းစီ တာဝန်များ ဆောင်ရွက်နေကြ၏။ ထိုရုန်းများ အားလုံး ပေါင်းစည်းသွားသောအခါ နယ်မြေဓာတ်လုံးကို ဖုံးအုပ်နေသည့် ဧရာမ အစီအရင်ကြီး ဖြစ်တည်လာပေသည်။

"ရုန်းအရေအတွက်က သန်းချီလောက်တယ်။ တကယ့်ကို လက်ရာမြောက်တဲ့ အစီအရင်တစ်ခုပဲ"

သူ၏ မျက်လုံးများက စိန်ခေါ်လိုစိတ်ကြောင့် တောက်ပနေပြီး သံလိုက်အိမ်မြှောင်ကို အစီအရင် မျက်နှာပြင်နှင့် ထိလိုက်သောအခါ ခရမ်းရောင်ရုန်းများ ပြန့်ထွက်လာကာ ကျူးကျော်ဝင်ရောက်ကုန်သည်။

ဘုန်း

နဂါးများက နေနှင့်လကို ဝါးမျိုသကဲ့သို့ နယ်မြေဓာတ်လုံးကို ခရမ်းရောင်နဂါးသဏ္ဍာန် ရုန်းများက ထိုးဖောက်နေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားလောက်အောင် ပြင်းထန်သည့် စွမ်းအင်မုန်တိုင်းကြီး ရုတ်တရက် ဖြစ်ပေါ်လာ၏။ အကယ်၍ ယွမ်ရှောင်သာ ကြိုတင်ပြင်ဆင်မထားလျှင် သေချာပေါက် လွင့်ထွက်သွားပေလိမ့်မည်။

"ရန်သူက သေချာပေါက် သတိထားမိသွားလိမ့်မယ်။ ငါ့အတွက် အချိန်မရှိတော့ဘူး"

ယွမ်ရှောင်၏ အကြည့်က စူးရှပြတ်သားလာပြီး အစီအရင်ကို ထိန်းချုပ်ရန် ရုန်းများ ကျူးကျော်ဝင်ရောက်ရုံဖြင့် မရနိုင်သောကြောင့် ကိုယ်တွင်းရှိ နတ်ဆိုး၊ မိစ္ဆာနှင့် လူသား ချီများကိုပင် စေလွှတ်ပစ်လိုက်လေသည်။

အပိုင်း ၄၉၆ - နေနှင့်လ ပြန်လည် ခွဲထုတ်ခြင်း

ခရမ်းရောင် နဂါးရုန်းများ၏ တိုက်ခိုက်မှုအောက်တွင် နယ်မြေဓာတ်လုံး၏ မျက်နှာပြင်သည် ခရမ်းရောင် ပြောင်းလဲသွားကာ ရွှေရောင် ငွေရောင် အလင်းများ လုံးဝ လွှမ်းမိုးခံလိုက်ရသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံး အမှောင်ကျသွားကာ လူတိုင်း၏ မျက်နှာတွင် ခရမ်းရောင်အလင်း ထင်ဟပ်နေကာ ခြောက်ခြားဖွယ် အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။ တက်ကျမ်းကို အားကြိုးမာန်တက် ကျင့်ကြံနေသူများက ဆတ်ခနဲ တုန်ခါ၍ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် ကောင်းကင်သို့ မော့ကြည့်ကာ ဇဝေဇဝါ ဖြစ်ကုန်သည်။

"ဘယ်ကောင် လာနှောင့်ယှက်နေတာလဲ"

အရှိန်အဝါကြီး တစ်ခုနှင့်အတူ အေးစက်စက် မိန်းမအသံသည် ဓားစံအိမ်မှ ဟိန်းထွက်လာပြီး ကျယ်လောင်လွန်း၍ အဆောက်အအုံများပင် ပြိုကျပျက်စီးသွားသည်။

"အစ်ကိုကြီး မြန်မြန်လုပ်ပါ"

တစ်နေရာရာတွင် ပုန်းအောင်းနေသော လန်ရီသည် အလွန်လျင်မြန်စွာ ထွက်လာသော ရန်သူကြောင့် စိုးရိမ်းမကင်း ဖြစ်နေ၏။ နယ်မြေဓာတ်လုံးအတွင်း စွမ်းအားများ ခြောက်ကပ်သွားသည်အထိ ပို့လွှတ်ထားရသောကြောင့် ကိုယ်ပွားများနှင့် ပေါင်းစပ်ထားသော်လည်း ယွမ်ရှောင်တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ သူက အဆင့်တက်သွားကြောင့်သာ မဟုတ်လျှင် ဤတစ်ချက်တည်းဖြင့်ပင် သေပွဲဝင်သွားရပေလိမ့်မည်။ ရန်သူ၏ ခြိမ်းခြောက်မှု၊ ငရဲခန်းအတွင်း ရောက်နေသော သက်ရှိများ၊ ငရဲကိုးထပ်ကမ္ဘာ၏ အခြေအနေဆိုး စသဖြင့် ပြဿနာများကို သူက ရှင်းရှင်းလင်းလင်း မြင်နေရပြီး ဖြေရှင်းရန် ကျင့်ကြံခဲ့သည် မဟုတ်ပါလော။

"ပြန်ခွဲထွက်စမ်း"

သူက အသံနက်ကြီးဖြင့် အားကုန် ကြွေးကြော်လိုက်သောကြောင့် ကြားရသူအပေါင်း၏ နားကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်ဟီးသွားစေသည်။ အသိဉာဏ်မဲ့နေသော ကျင့်ကြံသူများ၏ မျက်လုံးအတွင်း လူသားဆန်သော အရိပ်အယောင် ထွက်ပေါ်စပြုလာသည်။ ထိုအချိန်တွင် များပြားလှသော ခရမ်းရောင် ရုန်းများသည် နယ်မြေဓာတ်လုံးကို နေနှင့် လ အဖြစ် အတင်းအကြပ် ခွဲထုတ်နေကြ၏။

"နေက အရှေ့ကိုသွား၊ လက အနောက်ကို ဆင်း။ ကပ်ဘေးတွေ ပျောက်ကွယ်စမ်း"

နေနှင့်လကို နယ်မြေဓာတ်လုံးအဖြစ် ပေါင်းစည်းကာ ယိုယွင်းချီ ထုတ်လုပ်သော နည်းလမ်းကို ယွမ်ရှောင် နားမလည်သော်လည်း ကပ်ဘေး၏ အစမှာ ထိုပေါင်းစပ်မှုဖြစ်ကြောင်း သိထားသဖြင့် ပြန်လည် ခွဲထုတ်၍ လောကကြီးကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည်။ အခြားသူများက အစီအရင်ကို ကျော်ဖြတ်ရန် နှစ်ပေါင်းရာကျော် ကြိုးစားခဲ့ရသော်လည်း သူကမူ အချိန်တိုအတွင်း အောင်မြင်စွာ ထိုးဖောက်ခဲ့၏။ အစီအရင်၏ တည်ဆောက်ပုံ အကြမ်းကို သူက နားလည်သွားသောကြောင့် နေနှင့်လ အဖြစ် ပြန်လည်ခွဲထုတ်ရန်မှာ အဆပေါင်းများစွာ ပို၍ လွယ်ကူလာသည်။ ပထမဆုံး သူက သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ နေနှင့်လအား ပြန်လည် ခွဲထုတ်ရန် အစီအရင်အား ထိန်းချုပ်ပြီး ရွှေရောင်နှင့် ငွေရောင် စွမ်းအင်လှိုင်းများ သီးခြား ဖြစ်စေ၏။

"အခုချက်ချင်း ကွဲစမ်း"

သူက ခြေကုန်လက်ပန်းကျလာသည့်တိုင်အောင် အစွမ်းကုန် ကြိုးစားနေသဖြင့် နယ်မြေဓာတ်လုံးမှာ စတင် အသွင်ပြောင်းလာ၏။ မူလတွင် စက်ဝိုင်းသဏ္ဍာန်မှ ဘဲဥသဏ္ဍာန်၊ ထို့နောက် အလယ်က ချိုင့်ဝင်၍ ဘူးသီးပုံစံ ဖြစ်လာသောအခါ သူ၏ထိန်းချုပ်မှုဖြင့် စွမ်းအင်နှစ်ခုမှာ အစွန်းများ၌ ကွဲထွက်သွားသည်။ ဤဖြစ်စဥ်က တဝုန်းဝုန်း မြည်ဟီးနေကာ ကောင်းကင်ပင် တုန်ခါ၍ တိကျပြီး အပြစ်ပြောစရာမရှိသော ထိန်းချုပ်မှုအောက်တွင် ရွှေရောင်နှင့် ငွေရောင် စွမ်းအင်များသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် သီးခြား ဖြစ်ကုန်သည်။

"အောင်မြင်တော့မယ်"

လန်ရီက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားမိပြီး ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ကျင့်ကြံသူများ ယိုယွင်းချီဒဏ်မှ သက်သာလာသည်ကို မျက်မြင်တွေ့နေရ၏။ သူတို့က တက်ကျမ်းကို အပြင်းအထန် ကျင့်ကြံမနေတော့ဘဲ အသိဉာဏ် ပြန်လည် ရောက်ရှိလာကာ ယွမ်ရှောင်၏ လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြနေ၏။ ထိုကျင့်ကြံသူများ သက်သာလာခြင်းသည် ငရဲကိုးထပ်ကမ္ဘာရှိ လူသားများ အသက်ချမ်းသာမည်ဟု ဆိုလိုခြင်းပင်။

"ဘုန်း"

ထိုအချိန်တွင် ကောင်းကင်တွင် မက်မွန်ပန်းများ မုန်တိုင်းပမာ တိုက်ခတ်၍ ယွမ်ရှောင်ထံ သားရဲတစ်ကောင်ပမာ တဟုန်ထိုး ပြေးဝင်လာကာ သတ်ဖြတ်လိုစိတ် ပြင်းထန်ပုံပေါ်သည်။

"ယွမ်ရှောင် သတိထား"

လန်ရီက အော်ဟစ် သတိပေးလိုက်ချင်သော်လည်း ရန်သူ သိသွားမည်ကို စိုးရိမ်၍ ပါးစပ်ပိတ်ကာ စိတ်ထဲမှသာ အော်ဟစ်လိုက်ရ၏။ ရန်သူ ရောက်လာကြောင်း ယွမ်ရှောင်က အာရုံခံမိသော်လည်း အရေးအကြီးဆုံး အချိန် ဖြစ်နေ၍ လုပ်လက်စကိုသာ လက်စသတ်ရန် ဆုံးဖြတ်ထားသည်။

"လုပ်စမ်းပါ"

သူ၏ အော်သံ အောက်တွင် ရွှေရောင်နှင့် ငွေရောင် စက်လုံးနှစ်ခု ပြတ်ပြတ်သားသား ကွဲထွက်သွားကာ အချင်းချင်း တွန်းကန်၍ ဆန့်ကျင်ဘက် အရပ်မျက်နှာများသို့ အလိုလို ရွေ့လျားသွားကြ၏။ ဤနည်းအားဖြင့် နေဝင် နေထွက် သဘာဝတရားထံ ပြန်လည် ရောက်ရှိသွားကာ အချင်းချင်း တွေ့ဆုံတော့မည် မဟုတ်ပေ။

"အောင်မြင်ပြီ"

သက်ရှိများကို ဒုက္ခပေးနေသည့် ယိုယွင်းချီများ မရှိတော့ကြောင်း ယွမ်ရှောင်ရော လန်ရီပါ အတိအကျ ခံစားလိုက်ရပြီး သေမျိုးလောကကြီး ပရမ်းပတာ မဖြစ်တော့ပေ။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လမ်းများအထက်တွင် ကျင့်ကြံသူများ ဇဝေဇဝါဖြင့် နိုးထလာကာ ကြောင်တောင်တောင် အမူအရာ ကိုယ်စီ ရှိနေကြ၏။

"ငါက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ"

"ဘုရားရေ ဘာလို့ ဒီလောက် အသက်ကြီးလာရတာလဲ"

ကျင့်ကြံသူများ အသိစိတ်ဝင်လာခြင်းသည် အသက်စားဂူကောင်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသည်ဟု ဆိုလိုပြီး ခဏတာ ငြိမ်သက်သွားကာ ဆူညံပွက်လောရိုက်ကုန်သည်။ မြေအင်မော်တယ် ဖန်တီးခဲ့သော ယိုယွင်းမှုဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ဖူးသူများမှာ နောက်တစ်ကြိမ် ကပ်ဆိုက်ရသော အကြောင်းအရင်းကို နားမလည်နိုင်တော့ပေ။

"အင်မော်တယ်ဆိုတာကို ငါ့ နားထဲမှာ ခနခန ကြားဖူးတယ်"

"ဘယ်သူလဲ။ သူမက အင်မော်တယ်သုံးပါးရဲ့ အမေလား"

"မဟုတ်ဘူးကွ။ ဂူကောင်ကြောင့် လှည့်စားခံမနေနဲ့။ ဒီကောင်မကလည်း ငါတို့ အသက်ဓာတ်တွေကို စုပ်ယူနေတာပဲ"

လူအုပ်အကြားတွင် အမှန်တရားကို သိထားသူများ ရှိသောကြောင့် ငြင်းခုံမှုများ စတင် ဖြစ်ပေါ်လာစဥ် ကောင်းကင်မှ မက်မွန်ပန်းများကြောင့် ရုတ်တရက် ရပ်တန့်သွား၏။

"ဒါက အင်မော်တယ်လား။ ငါတို့ ဒူးထောက်သင့်တယ် မထင်ဘူးလား"

"ယီးကို ဒူးထောက်မှာလား။ ဒီကောင်မက ငါတို့ အသက်ဓာတ်တွေကို ဝါးမျိုချင်နေတယ်။ ပြီးတော့ ကယ်တင်ရှင် ယွမ်ရှောင်ကို သတ်ဖို့ ဒေါသတကြီး ကြိုးစားနေတာပဲ။ မြေအင်မော်တယ်ကို သတ်ပြီး ယွမ်ရှောင်က ငါတို့ကို ကယ်ခဲ့ဖူးတယ်ကွ"

ကောင်းကင်ယံတွင်မူ ယွမ်ရှောင်သည် မူးဝေနေပြီး စွမ်းအားအလွန်အကျွံ သုံးလိုက်မိသောကြောင့် မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင် ဖြစ်နေကာ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ သူ့ကို ပစ်မှတ်ထားနေသော အေးစက်စက် အလင်းတန်းက နီးကပ်လာ၍ လှည့်ကြည့်လိုက်သောအခါ မက်မွန်ပွင့်ချပ်ပေါင်း သောင်းချီအတွင်းမှ အသက်ရှူမှားလောက်စရာ မိန်းမလှတစ်ယောက်၏ ပုံရိပ် စုစည်း ထွက်ပေါ်လာလေသည်။

All Chapters