အခန်း (၄၉၉-၅၀၀)
Vol. 38 Ch. 499-500
အပိုင်း ၄၉၉ - လောဘသား အင်မော်တယ်များ ရောက်ရှိလာခြင်း
အဝေးမှ ကောင်းကင်ခွင်း၍ ရောက်ရှိလာသော ယာဥ်များက အကြီးအသေး စုံလင်၍ ခမ်းနားသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ နယ်မြေဓာတ်လုံးများဖြင့် မောင်းနှင်ထားခြင်း ဖြစ်ကာ ဟင်းလင်းဟင်ပြင်ကို ထိုးဖောက်၍ လောကများအတွင်း ထိုးဖောက်ဝင်ရောက်လာနိုင်စွမ်း ရှိသည်။ ရှေ့ဆုံးတွင် လုအန်း၏ ဓားယာဥ်က အမြန်ဆုံးနှုန်းဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေသို့ လာနေသဖြင့် ယွမ်ရှောင်၏ အတွေးတွင် သူက စစ်ကူများကြောင့် မက်မွန်အင်မော်တယ်ကို မကြောက်ဟု ထင်လိုက်သည်။
"မင်း ခနလောက် ပုန်းနေတာ ကောင်းမယ်"
ယွမ်ရှောင်က လန်ရီကို အကြံပေးလိုက်ပြီး သူမသည်လည်း လိမ္မာစွာ ခေါင်းညိတ်နာခံသည်။ မျက်ကွယ်ရာသို့ ပျောက်ကွယ်သွားသော ချစ်သူကို ကြည့်နေရင်း သူ၏ မျက်ဝန်းများ နွေးထွေးလာ၏။ ကပ်ဘေးလူဝင်စား ပြဿနာကို စောစောဖြေရှင်းရန် သူ စီစဥ်ထားပြီး နောက်ကျသွားလျှင် ပိုမို ခက်ခဲလာပေလိမ့်မည်။ ဤလောက၏ ကပ်ဘေးတစ်ခု ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူမသာ ကိုယ့်ကိုကိုယ် သတ်သေသွားလျှင် ဆိုသော အတွေးက နှိပ်စက်နေ၏။ လုအန်းနှင့် တွေ့ပြီးလျှင် လူဝင်စားပြဿနာကို ဖြေရှင်းမည် ဖြစ်ကာ သူမကို ကျင့်ကြံရေးလမ်းကြောင်းတွင် ရှေ့ဆက်နိုင်ရန် သူက ကူညီရပေလိမ့်မည်။ လမ်းထောင့်တစ်နေရာတွင် သူ၏ ကိုယ်တွင်းမှ နတ်ဆိုးကိုယ်ပွားနှင့် သွေးစွမ်းအားများ ပြန်လည်ခွဲထုတ်၍ ကပ်ဘေးသွေးကို စစ်မင်းသမီး ရုပ်ခန္ဓာထံ အလိုလို ပြန်သွားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက သန့်ရှင်းစင်ကြယ်သော လူငယ် ဓားသမားတစ်ယောက် ပုံစံမျိုး ဖြစ်သွားကာ ယင်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီးသားပင်။
"ယွမ်ရှောင်က ဂူကျင့်ကြံသူတွေကို သတ်ပြီး ငါတို့ကို ကယ်တင်လိုက်တာလား"
ကောင်းကင်သို့ ပျံတက်လာသော ယွမ်ရှောင်ကို ကြည့်နေရင်း သက်ရှိများက အဖြစ်အပျက်ကို ဖြည်းဖြည်းချင်း ပြန်လည်မှတ်မိလာကြသည်။ ကာကွယ်သူများလည်း သတိပြန်ဝင်လာသော ကျင့်ကြံသူများကြောင့် ဝမ်းသာပီတိ ဖြစ်နေကာ အမှန်တရားကို စတင် ဖြန့်ဝေလိုက်ကြ၏။ အဆောက်အအုံတိုင်းတွင် လူသားများက ကောင်းကင်သို့ မော့ကြည့်၍ ကပ်ဘေးမှ လွတ်မြောက်လာသော အရသာကို ခံစားနေကြပြီး လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားနှင့်အတူ ကယ်တင်ရှင်နှစ်ယောက်အကြောင်း သိလာလျှင် ကျေးဇူးတင်မိကြပေလိမ့်မည်။ သို့သော် ယွမ်ရှောင်အတွက် ကျေးဇူးတရားက အရေးမပါဘဲ ချီးကျူးခံချင်၍ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ မှန်ကန်သော အရာကို လုပ်သင့်လုပ်ထိုက်သောကြောင့်သာ တိုက်ပွဲဝင်နေခြင်း ဖြစ်၏။ လူမြင်ကွင်းတွင် ထင်ထင်ရှားရှား ထွက်လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းသည် လုအန်း မြင်သာစေရန် ဖြစ်သည်။
အချိန်ခဏအတွင်း ဓားယာဥ်သည် ယွမ်ရှောင်ထံ ရောက်ရှိလာပြီး ရုတ်တရက် ရပ်တန့်လိုက်သော အရှိန်ကြောင့် ဝတ်ရုံရှည် လွင့်ပျံသွား၏။ ကြည်လင်သော ယာဥ်အတွင်း၌ မျက်လုံးအပြူးသားနှင့် အရေးတကြီး ဖြစ်နေသော လုအန်း၏ မျက်နှာကို မြင်နေရသည်။ ဝင်ပေါက်က ချက်ချင်း ပွင့်သွားကာ အလောတကြီး ပြေးထွက်လာသည့် စီရင်သူထံ သူက သတင်းပို့လိုက်သော်လည်း အရေးမကြီးတော့ပေ။
"စီရင်သူ တရားခံက ခင်ဗျားတို့ ရောက်လာတာကို မြင်ပြီး ထွက်ပြေးသွားပြီ။ ဒီနယ်မြေက အခု ငြိမ်းချမ်းနေတယ်။ ကျေးဇူးတင်ပါတယ်"
"အဲ့တာက အရေးမပါတော့ဘူး"
လုအန်း၏ မျက်လုံးများက အရောင်မှိန်နေပြီး လေသံ အားလျော့ကာ အပြင်ပန်း ဒဏ်ရာ မရှိသော်လည်း ကိုယ်တွင်း၌ ပြဿနာ တစ်ခုခု ရှိနေသည့်အလားပင်။
"ယွမ်ရှောင် လန်ရီကို မြန်မြန်ခေါ်။ ငါ့ယာဥ်ကို ယူပြီးဒီလောကအပြင်ကို ချက်ချင်း ထွက်ပြေး"
လုအန်းသည် ယွမ်ရှောင်၏ ပခုံးကို ဆုပ်ကိုင်ကာ တုန်တုန်ရီရီနှင့် အော်ဟစ် သတိပေးလိုက်၏။
"ဘာကြောင့်လဲ"
ထိုအမူအရာကြောင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။
"မြန်မြန်လုပ်။ မင်းကို ညီအစ်ကိုတစ်ယောက်လို ငါ သဘောထားလို့ သတိပေးနေတာ။ အသက်ရှင်အောင်နေပါ"
စကားအဆုံးတွင် လုအန်း၏ မျက်နှာက မည်းနက်သွားကာ ယွမ်ရှောင်အား မြေပြင်သို့ တွန်းချပစ်လိုက်ရင်း ဘေးလွတ်ရာ ပို့ပေးလိုက်၏။ ထို့နောက် တစ်ကိုယ်လုံး အနက်ရောင် မီးတောက်များ လွှမ်းခြုံ၍ နာကျင်စွာ အော်ဟစ်နေစဥ် ဒွါရကိုးပေါက်မှ လက်ချောင်းအရွယ် ပိုးကောင်များ တွားသွား ထွက်ပေါ်လာကြသည်။ ပိုးကောင်အရေအတွက်က ရာချီပြီး လုအန်း၏ အသက်မဲ့အလောင်းကောင်ကြီးကို ထိန်းချုပ်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားကြ၏။ လေထဲတွင် မျောလွင့်၍ ကျန်ခဲ့သည်မှာ လူ့အရေခွံတစ်ခုသာ ဖြစ်ပြီး သနားစရာကောင်းစွာ အသတ်ခံလိုက်ရခြင်းပင်။
"ယွမ်ရှောင် အခုရောက်နေတာ စီရင်သူတွေ မဟုတ်ဘူး"
လုအန်း၏ ဝိညာဥ်က နောက်ဆုံးစကားကို ယွမ်ရှောင်၏ ခေါင်းအတွင်း ပေးပို့လာကာ လုံးဝ ပျောက်ကွယ်သွားပြီး ရဲရင့်စွာ ပြုမူခဲ့သော စီရင်သူတစ်ယောက်အတွက် ဤဇာတ်သိမ်းမျိုးမှာ မက်မွန်အင်မော်တယ်ကို တိုင်ကြားချက်နှင့် ပတ်သက်နေပေလိမ့်မည်။ ၎င်းက နားခိုရာဂိုဏ်းနှင့် ပတ်သက်နေပြီး ယာဥ်များမှာ ထင်ထားသည့်အတိုင်း ရှေးဟောင်းအပျက်အစီးနယ်မြေကို လျစ်လျူရှုကာ ငရဲကိုးထပ်ကမ္ဘာသို့ ဦးတည်နေကြ၏။ အရေအတွက်က ယွမ်ရှောင် မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်၍ ထောင်ချီပြီး တစ်ခုချင်းစီမှာ ကောင်းကင်အုပ်စိုးဓားယာဥ်ထက် သာလွန်ကြသည်။ ကြောက်စရာအကောင်းဆုံး အချက်သည် ပိုင်ရှင်များ၏ အရှိန်အဝါ ဖြစ်ကာ ကြီးမားကျယ်ပြန့်၍ မက်မွန်အင်မော်တယ်အောက် အားနည်းသူ တစ်ယောက်မှ မရှိချေ။ အကယ်၍ နီအန် ပြောခဲ့သည့်အတိုင်း သူတို့က နားခိုရာဂိုဏ်းကို လောဘတက်ကာ လုယူမည်ဆိုလျှင် ငရဲကိုးထပ်ကမ္ဘာနှင့် သက်ရှိများကို ဂရုစိုက်ကြမည် မဟုတ်ပေ။
"အစ်ကို ဘာတွေ ဖြစ်နေတာလဲ"
စိုးရိမ်စိတ်ကြောင့် မျက်ဝန်းများ နီမြန်းနေသည့် လန်ရီ ရောက်ရှိလာခြင်း ဖြစ်သည်။ အင်မော်တယ်များ ရောက်ရှိလာခြင်းက သက်ရှိသတ္တဝါများ နားလည်နိုင်သည်ထက် ကျော်လွန်နေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေအထက်မှ မည်သည့်အရာများ ဖြတ်ကျော်သွားကြောင်း သိပင် မသိကြပေ။
"စိတ်ကို တည်ငြိမ်အောင် လုပ်ရမယ်။ ဒီဓားယာဥ်ကို ဝှက်ထားပေး။ ငရဲကိုးထပ်ကမ္ဘာကို ငါ သွားကြည့်ဖို့ လိုနေပြီ"
မှာစရာရှိသည်ကို ညွှန်ကြားပြီးနောက် ယွမ်ရှောင်က အဖြေကိုပင် စောင့်မနေဘဲ ဓားပျံဖြင့် အောက်သို့ ထိုးဆင်းသွား၏။
"အစ်ကို ဂရုစိုက်နော်"
စိုးရိမ်တကြီး ဖြစ်နေသော လန်ရီမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော ချစ်သူကြောင့် တီးတိုးရေရွတ်ရင်း ကျန်ရစ်ခဲ့သည်။
ကောင်းကင်ကို တုန်ခါစေသော မိုးချုန်းသံများ ထွက်ပေါ်လာပြီး ယာဥ်ပေါင်းများစွာသည် နားခိုရာဂိုဏ်း အထက် ကောင်းကင်၌ ရပ်တန့်လိုက်ကြ၏။ ပြင်းထန်သော အရှိန်အဟုန်များကြောင့် ငရဲကိုးထပ်ကမ္ဘာ၏ ကောင်းကင်ပင် အက်ကွဲကာ အနက်ရောင် ဟင်းလင်းပြင်ကို မြင်နေရသည်။ တိမ်များက အက်ကြောင်းများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားပြီး ရုတ်တရက် ဆန်လွန်းသော ဖြစ်ရပ်သည် ကပ်ဘေးမှ လွတ်မြောက်ကာစ သတ္တဝါများကို ထိတ်လန့် တုန်လှုပ်စေ၏။ ယာဥ်ပေါင်းထောင်ချီ၏ တံခါးများ ပြိုင်တူ ပွင့်လာကာ လူလုံးထွက်မပြသေးခင်မှာပင် အရှိန်အဝါသက်သက်ကြောင့် မြေပြင် ကွဲထွက်သွားကာ တောတောင်ရေမြေအချို့ အမှုန့်ဖြစ်ကုန်သည်။ တောက်ပသော အလင်းရောင်များ လွှမ်းခြုံနေသည့် အင်မော်တယ်များက စုဝေးကာ ရှစ်ထောင့်ကြယ် သဏ္ဍာန် နားခိုရာဂိုဏ်းကို ငုံ့ကြည့်နေကြသည်။
"မြောက်ပိုင်း ကြယ်သခင် မင်းရဲ့ သတင်းရယူနိုင်စွမ်းက တကယ် အထင်ကြီးဖို့ ကောင်းတယ်"
တွန့်လိမ်နေသော ပုံရိပ်ငါးခုမှ စကားသံ ထွက်လာခြင်း ဖြစ်ကာ သူတို့ပတ်လည်ရှိ အနက်ရောင် မက်မွန်ပန်းအောက်တွင် အမှောင်ထုသာ လွှမ်းမိုးထား၏။
"မက်မွန်တောင် သရဲငါးကောင် မင်းတို့လောက်တော့ မဟုတ်ပါဘူး"
ခမ်းနားထည်ဝါသော ကြယ်တာရာများ ထင်ဟပ်နေသည့် ဝတ်ရုံဖြူ အင်မော်တယ်တစ်ယောက်က ပြန်ပြောသည်။ ပတ်ဝန်းကျင်၌ အရှိန်အဝါ တူညီသော ပုဂ္ဂိုလ်များစွာ ရှိနေပြီး အများစုမှာ တိတ်တဆိတ်ဖြင့် နားခိုရာဂိုဏ်း အပေါ် အာရုံစိုက်ထားကြ၏။
"မိတ်ဆွေတို့ လူစုံရင် စလိုက်ရအောင်။ ရတနာကို ဘယ်သူ ပိုင်ဆိုင်မလဲဆိုတာကတော့ ကံတရား ဆုံးဖြတ်ပါစေ"
အေးစက်စက်စကားသံများ ထွက်ပေါ်လာပြီး လေထုပင် အေးခဲသွားကာ ဟင်းလင်းပြင် အက်ကြောင်းများသာ လှုပ်ရှားနေကြသည်။
ဘုန်း
နောက်ဆုံးတွင် အင်မော်တယ်အားလုံး ပြိုင်တူ လှုပ်ရှားခဲ့ကြပြီး နားခိုရာဂိုဏ်း ဝင်ပေါက်ရှစ်ခုအနက် တစ်ခုကို ရွေးချယ်ကာ အတင်းအကြပ် ဝင်ရောက်သွားကြလေသည်။
အပိုင်း ၅၀၀ - ဖုန်းဆိုးကမ္ဘာ
ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့ဆုံမှုသည် လောဘ၏ စေ့ဆော်မှုကြောင့် စတင် ဖြစ်ပေါ်လာခဲ့သည်။
"ဘုန်း"
နားခိုရာဂိုဏ်းကို ဗဟိုပြုသော ဤတိုက်ပွဲသည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်ခြောက်ကပ်သွားစေကာ မြေပြင်ရော ကောင်းကင်ပါ အမှောင်ထုအောက် ရောက်ရှိသွား၏။ ကြောက်စရာ အရှိန်ဖြင့် ပျက်စီးလာသောကြောင့် ဟင်းလင်းပြင်သည် ဧရာမ သားရဲပါးစပ်ကြီးအလား ဒေသတစ်ခုကို ဝါးမျိုပစ်လိုက်ရာ တောတောင်ရေမြေနှင့် သတ္တဝါများ ချက်ချင်း ပျက်စီးသေကြေကုန်သည်။ ထာဝရဓားအကျဥ်းထောင်ကဲ့သို့ ကြီးမားသော ဟင်းလင်းပြင်သည် နားခိုရာဂိုဏ်းမှ ဖြစ်ပေါ်လာသောကြောင့် မြေပြင် တဝုန်းဝုန်း ပြိုကျ၍ မြုပ်နှံထားသည့် အောက်အလွှာများ ထွက်ပေါ်လာသဖြင့် ရတနာသည် ရှစ်ထောင့်ကြယ်သဏ္ဍာန် တိုင်ကြီးတစ်လုံး အဖြစ် ထွက်ပေါ်လာပေ၏။ ထိုအခိုက်အတန့်တွင် ခရီးပြင်းနှင်လာသော ယွမ်ရှောင် ကိုယ်တိုင် လူဦးရေ သန်းချီနေထိုင်သည့် အရပ်ဒေသတစ်ခု ပျက်စီးသွားကာ မည်သည်ကိုမှ နားမလည်သော သာမန်လူသားများ အင်မော်တယ်ထောင်ချီ၏ လောဘကြောင့် သေဆုံးသွားခဲ့သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
"ပြေးတော့"
ကြယ်ပြာ၏ သတိပေးချက် ထွက်ပေါ်လာသောအခါ ယွမ်ရှောင်၏ နှလုံးသားက အလွန် နာကျင်နေပြီ ဖြစ်၏။ ဤမြင်ကွင်းက နီအန်သားရဲ ပြောပြခဲ့သော အင်မော်တယ်လမ်းစဥ်၏ ရက်စက်မှုကို အတည်ပြုနေကာ ကြားဖူးထားသော်လည်း လက်တွေ့မြင်လိုက်ရသောအခါ အင်မတန် စက်ဆုပ်စရာကောင်းလှသည်။ သူက ဓားပျံစီးနင်း၍ အရူးတစ်ယောက်ပမာ ထွက်ပြေးလာရပြီး ဟင်းလင်းပြင်အတွင်းမှ သီသီလေး လွတ်မြောက်နိုင်ခဲ့၍ လှည့်ကြည့်လိုက်သောအခါ အမှောင်ထုသာ ကျန်ရစ်ကာ သွေးတစ်စက်ပင် မကျန်ရစ်ချေ။ ဤကား အင်မော်တယ်ထောင်ချီ၏ ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ကပ်ဆိုးဖြစ်ကာ သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ မလွတ်မြောက်ခဲ့ပေ။
"အခု မြင်ပြီလား။ ဒေါသမထွက်နဲ့။ ဝမ်းမနည်းနဲ့။ အင်မော်တယ် လမ်းစဥ်မှာ ဒါက ပုံမှန်ပဲ။ လောဘသားကောင်တွေက ရတနာကို လုယူနေကြဖို့ ထိန်းသိမ်းထားတဲ့ သေတ္တာကို ဖျက်လိုက်သလို ဒီကမ္ဘာလည်း ပျက်စီးသွားရမယ်။ ဘယ်သူမှ သေမျိုးတွေကို တကယ် ဂရုမစိုက်ဘူး။ မင်းလည်း ဂရုစိုက်နေရင် အထက်ကို တက်နိုင်မှာ မဟုတ်ဘူး"
လနတ်သားနှင့် အတူ ရှိနေသော နီအန်အသိစိတ်က မျက်လုံးတစ်စုံ ဖွင့်ကြည့်၍ အေးစက်စွာ ထောက်ပြလိုက်သည်။ ထိုအခိုက်အတန့်တွင် ယွမ်ရှောင်၏ ဒေါသကို ၎င်းက အားလုံးထက် ပိုသိနေသော်လည်း အမုန်းတရား ဖြစ်ပေါ်လာရုံမှလွဲ၍ မရှိဟု မှတ်ယူထား၏။ ၎င်းအမြင်တွင် ကျင့်ကြံရေးလောကသည် တောတွင်းလောကဖြစ်ပြီး သနားကြင်နာခြင်းက အားနည်းသူများ၏ ပြယုဂ် ဖြစ်ကာ တည်ငြိမ်ရက်စက်မှသာလျှင် ကောင်းကင်သို့ တက်နိုင်ပေလိမ့်မည်။
"ယွမ်ရှောင် မင်းကိုယ်မင်း သန်မာတယ် ထင်နေတာလား။ ဘာမှ မပြောင်းလဲနိုင်ပါဘူးကွာ"
ထိုအချိန်တွင် ယွမ်ရှောင်သည် ပျက်စီးသွားသော ဒေသ၏ အစွန်းတွင် ရပ်လျက် အနက်ရောင် ထောင်ကြီးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ၎င်းက အလင်းရောင်များ ဖြာထွက်၍ တိုက်ပွဲခေါ်သံများ ပေါက်ကွဲသံများနှင့် ဆူညံနေကာ သာမန်သက်ရှိများမှာမူ နားမလည်နိုင်ခြင်းများဖြင့် ကြည့်နေရုံသာ တတ်နိုင်၏။
"အနိုင်ရသူ မပေါ်မချင်း ဒီတိုက်ပွဲက ဆက်ဖြစ်နေမှာပဲ။ နောက်ထပ် ထပ်ရောက်လာဦးမယ်။ မင်း ဂရုစိုက်သမျှ အရာတွေ ပျက်စီးသွားရလိမ့်မယ်"
နီအန်က ငရဲကိုးထပ်ကမ္ဘာ ကံဆိုးမိုးမှောင်ကျနေသည်ကို အားရကျေနပ်နေပုံပေါ်သည်။
"ဒီကောင်တွေလား မကြာခင် သေတော့မှာလေ"
ယွမ်ရှောင်၏ စကားသံ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ အနက်ရောင် ထောင်ကြီး၏ အောက်ဆုံးအထပ်မှ အလင်းစက်ကွင်းတစ်ခု ဒေါင်လိုက် ပြေးတက်လာသည်။ ထို့နောက် နာကျင်စွာ အော်သံများ ဆက်တိုက် ထွက်ပေါ်လာကာ အင်မော်တယ်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်သည့်အပြင် အလင်းစက်ကွင်းသည် ယာဥ်များအထိ လိုက်လံ ဖျက်ဆီးပစ်ခဲ့၏။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်း လောဘသားများ သေဆုံးကုန်ကာ ယာဥ်များ အမှုန့် ဖြစ်၍ နယ်မြေဓာတ်လုံးများပင် ပေါက်ကွဲခွင့် မရလိုက်ချေ။ လောဘသားကောင်အားလုံး သေဆုံးသွားသောအခါတွင်မှ ၎င်းက ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ထောင်ကြီးတစ်ခုလုံး အေးချမ်း တိတ်ဆိတ်သွားသည်။
"မဖြစ်နိုင်ဘူး"
နီအန်၏ အဝါရောင် မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးကျယ်ကုန်၏။
"ဒါက အကျဥ်းသားတွေ လက်ချက်ဆိုတာ မင်း သိတယ်မလား"
"သူတို့အားလုံးက အဖမ်းခံထားရတာလေ။ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ"
"အချိန်တွေ ကြာသွားပြီ။ ထောင်ပိုင်ရှင်လည်း မရှိတော့ဘူး။ ထောင်စောင့်ဖြစ်တဲ့ မင်းတောင် စိတ်ကြိုက် သောင်းကျန်းခဲ့တာပဲ။ သူတို့ကို ရန်သွားစမှတော့ ကိုယ့်သေတွင်းကိုယ် တူးလိုက်သလိုပဲ"
အင်မော်တယ်ထောင်ချီက မောက်မာစွာ ပျော်ပျော်ပါးပါး ရောက်လာကြသော်လည်း ခဏအတွင်း သုတ်သင်ခံလိုက်ရပြီး ဝဋ်လည်ခဲ့သည်။ ထိုအချိန်တွင် ဒေါင်လိုက် အကျဥ်းထောင်ကြီးက ဟင်းလင်းပြင် ဝဲကတော့အတွင်း ပျံတက်သွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး မဟာတာအိုနယ်မြေသို့ ဦးတည်နေကြောင်း မှားစရာ မရှိတော့ပေ။ အင်အားစုတိုင်းမှ အင်မော်တယ်များ အသက်ပျောက်ကုန်သောကြောင့် ကောင်းကင်ရုံးတော်တစ်ခွင် ပွက်လောရိုက်နေကြပေလိမ့်မည်။
"မင်း..မင်း ဒါကို ဘယ်လို သိနေတာလဲ"
"စဥ်းစားကြည့်စမ်းပါ။ နားခိုရာဂိုဏ်းထဲက လွတ်မြောက်ချင်နေတာ မင်းတစ်ယောက်တည်း ထင်လို့လား။ ငါ့အကူအညီကို ဘယ်သူက မလိုချင်မှာလဲ"
"မင်းလိုကောင်က ဘာလုပ်နိုင်မှာမို့လို့လဲ"
နီအန်၏ ရုပ်ခန္ဓာကို လနတ်သားက ဝါးမျို၍ အသိစိတ်ကို ဖမ်းချုပ်ထားကြောင်း ၎င်းက မေ့လျော့နေပုံပေါ်သည်။
"ဒါဆိုရင် အခု မင်းလည်း မဟာတာအိုနယ်မြေကို သွားတော့မှာလား"
၎င်း၏ အမေးကို လနတ်သားက လျစ်လျူရှုထားပြီး ပျက်စီးသွားသော ငရဲကိုးထပ်ကမ္ဘာ တစ်စိတ်တစ်ပိုင်းကို ကြည့်နေရင်း လက်စားချေလိုစိတ် တောက်လောင်လာခဲ့သည်။ ယွမ်ရှောင်က ဤကမ္ဘာကို အိမ်အဖြစ် သတ်မှတ်ထားကာ ကောင်းကင်ရုံးတော်ရှိ အင်မော်တယ်များကြောင့် ကပ်ဆိုး ဖြစ်ပေါ်လာခဲ့ရာ အရေအတွက် ထောင်ချီ သေသွားသည့်တိုင်အောင် ခွင့်လွှတ်မည် မဟုတ်ပေ။
"ဒီနေရာမှာ ဟင်းလင်းပြင် ပျက်စီးနေပြီ။ အချိန်နဲ့အမျှ ဒါက ကြီးလာလိမ့်မယ်။ ဒီလောကတစ်ခုလုံး ပြိုလဲပြီး ဖုန်းဆိုးကျတ်တီးကမ္ဘာ ဖြစ်သွားတဲ့အထိ ပြင်းထန်နိုင်တယ်။ သတ္တဝါတွေ ကံဆိုးပြီ"
နီအန်အသိစိတ်က ခါးသီးသော အမှန်တရားကို ထောက်ပြလိုက်ပြန်သည်။
"ကောင်းပြီလေ။ ဒီလောက ပျက်စီးမယ်ဆိုရင် ကောင်းကင်ရုံးတော်က စောက်ကောင်တွေကို ဖယ်ရှားပြီး ငါတို့ သွားနေကြတာပေါ့"
ကံကောင်းသည်မှာ အချိန်တစ်ခု ရှိနေသေးသဖြင့် ယွမ်ရှောင်ရော လနတ်သားပါ အထက်သို့ မော့ကြည့်ရင်း ပြိုင်တူ ကြုံးဝါးလိုက်ကြ၏။
ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ယွမ်ရှောင် ပြန်ရောက်လာသောအခါ ကောင်းကင်အုပ်စိုးဓားယာဥ်အတွင်း စောင့်ဆိုင်းနေသည့် လန်ရီမှာ အရာရာကို မြင်ခဲ့ရသဖြင့် မျက်ရည်ဝဲလျက်ရှိသည်။
"နားခိုရာဂိုဏ်းက မဟာတာအို နယ်မြေဆီ တက်သွားပြီ။ ငါတို့ လိုက်သွားရမယ်။ သွားကြစို့။ ကောင်းကင်ရုံးတော်က ဘယ်လောက် မောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့။ ရှန်ရီကရော မင်းလောက် လှမလှ သိချင်မိတယ်"
ယွမ်ရှောင်က သူမကို ခေါင်းပုတ်၍ နှစ်သိမ့်ပေးကာ ဓားယာဥ်အတွင်း ဝင်ရောက်လာသည်။
"ဘာလဲ။ အစ်ကိုက တခြားမိန်းမတစ်ယောက်ကို စိတ်ဝင်စားနေတာလား။ ညီမ မကြိုက်ဘူးနော်။ တတိယအကြိမ်ကို အခု စလိုက်ရအောင်"
လန်ရီက နှုတ်ခမ်းဆူ၍ မကျေမနပ်ဖြင့် သဝန်တိုကာ အနားသို့ ကပ်လာ၏။
"ဒီနေရာကြီးမှာလား။ ဒါက သိပ်မသင့်တော်သလိုပဲ"
ယွမ်ရှောင်က ချောင်းဟန့်၍ ထိုအရာကို မလိုချင်သည့်အလား ဟန်ဆောင်နေခဲ့လေသည်။