အခန်း (၅၀၁-၅၀၂)
Vol. 38 Ch. 501-502
အပိုင်း ၅၀၁ - အကျဥ်းသားများ၏ သဘောထား
"နားခိုရာဂိုဏ်းက မဟာတာအိုနယ်မြေကို တက်သွားတယ်ဆိုတာ အစ်ကို ဘယ်လိုလုပ် သိတာလဲ။ အထဲက တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရလို့လား"
လန်ရီသည် နားမလည်နိုင်သော ဟန်ပန်မျိုးဖြင့် ကောင်းကင်သို့ မော့ကြည့်ရင်း ယွမ်ရှောင်၏ လက်ကို ဆုပ်ကိုင်ထားသည်။
"နားခိုရာဂိုဏ်းထဲက အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ယောက် ငါ့ကို ဆက်သွယ်လာခဲ့တယ်။ အင်မော်တယ်တွေ ရောက်လာတုန်းက သူ့အသံကို ကြားလိုက်ရတယ်"
ဤသို့ အစချီ၍ သူက လေးနက်စွာ ရှင်းပြလိုက်၏။ ဆက်သွယ်လာသူမှာ အကျဥ်းသားတစ်ယောက် ဖြစ်ပြီး ရိုးရှင်းသော စကားတစ်ခွန်းတည်း ပြောသွားခဲ့ခြင်း ဖြစ်သည်။ လောလောဆယ်တွင် ယွမ်ရှောင်၌ နားခိုရာဂိုဏ်းကို ထိန်းချုပ်နိုင်စွမ်း မရှိသေးသဖြင့် ကျင့်ကြံရေးလမ်းကြောင်းတွင် အရှေ့သို့ ကြိုသွားထားလိုက်မည်ဟု အဓိပ္ပါယ်ရသည်။ အရှေ့ဆိုသည်မှာ မဟာတာအိုနယ်မြေကို ဆိုလိုခြင်း ဖြစ်ကာ လောဘသားများ၏ လုပ်ရပ်က အကျဥ်းသားများကို ဒေါသထွက်စေခဲ့ပြီး ရလဒ်ကောင်းတစ်ခု ဖြစ်လာ၏။
"ဒီလူက စိတ်ထားကောင်းလောက်တယ်။ ရတနာကို နေရာရွှေ့လိုက်တော့ ဒီလောကမှာ နောက်ထပ် ပဋိပက္ခတွေ ရှိလာမှာ မဟုတ်ဘူး"
လန်ရီက ကျေးဇူးတင်စွာ မှတ်ချက်ချသည်။
"ငါ စဥ်းစားမိတယ်။ ဆက်သွယ်လာတဲ့ အကျဥ်းသားက အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမယ့် လေးစားမှုနဲ့ ပြောဆိုပြီး လူသားဆန်တယ်။ အရာအားလုံးကို လုယက်ဖျက်ဆီးပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ ဟိုအင်မော်တယ်တွေလို မဟုတ်ဘူး"
ယွမ်ရှောင်၏ အမြင်တွင် အင်မော်တယ်တစ်ယောက်၏ ကိုယ်ကျင့်စရိုက်အကြောင်း မေးခွန်းထုတ်နေမိသည်။ လောကတစ်ခု သေကြေပျက်စီးမည်ကိုပင် ဂရုမစိုက်ခဲ့သော အင်မော်တယ် လောဘသားများက ကျင့်ကြံခြင်း၏ အမှောင်ဘက်ခြမ်းကို ပြသပေးခဲ့၏။
"ငါတို့ ကောင်းတဲ့ဘက်ကနေ ကြည့်ရအောင်လေ"
လန်ရီက ဖြောင်းဖြလိုက်ပြီး ကောင်းကင်ရုံးတော်သည် အင်မော်တယ်များကို သေမျိုးလောကသို့ မဆင်းသက်ရန် တားမြစ်ထားသောကြောင့် အခြေခံအားဖြင့် သက်ရှိများကို ကာကွယ်ပေးနေသည့် သဘောတရား ဖြစ်၏။ ထို့ကြောင့် မဟာတာအိုနယ်မြေ၏ အခြေခံ စည်းမျဥ်းက ကောင်းမွန်သည်ဟု ဆိုလိုပြီး ကောင်းကင်ရုံးတော်တွင် လူကောင်းများ ရှိမရှိ ကိုယ်တိုင် သွားရောက် ကြည့်ရှုမှသာ သိနိုင်ပေလိမ့်မည်။ ငရဲကိုးထပ်ကမ္ဘာ၏ ပျက်စီးသွားသော ဒေသတွင် ဟင်းလင်းပြင်သည် အရာရာကို ဝါးမျိုရန် အသင့်ဖြစ်နေသော သားရဲပါးစပ်ကြီးနှင့် ဆင်တူသည်။
"ဒီနေရာမှာ အကုန်လုံး ပျက်စီးသွားနိုင်တယ်။ ကောင်းကင်ရုံးတော်မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိနိုင်လောက်တယ်"
ယွမ်ရှောင်က ခေါင်းအေးအေးထားကာ အဖြေရှာရန် ကြိုးစားနေသည်။
"သက်ရှိတွေက ဒီလောကကြီးမှာ နာကျင်စရာ အဖြစ်မျိုးနဲ့ ရှင်သန်နေရတယ်။ ယိုယွင်းချီ ကပ်ဆိုး ပြီးသွားပေမယ့် ကမ္ဘာပျက် ကပ်ဘေးတစ်ခု ဖြစ်လာပြန်ပြီ။ ငြိမ်းချမ်းတဲ့ အချိန်ကို မရှိသလောက်ပဲ"
လန်ရီ သက်ပြင်းချလိုက်ပြီး မျက်ဝန်း၌ မျက်ရည်စလေးများ တွဲလွဲခိုနေ၏။ ယွမ်ရှောင်၏ စိတ်ထဲတွင် ဒေါသနှင့် လက်စားချေလိုစိတ်တို့ ပြင်းထန်နေပြီး ကြင်နာတတ်သော စရိုက်ပိုင်ရှင် သူမ၏ စိတ်တွင် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းနေမိသည်။ သက်ရှိများအပေါ် ကျရောက်လာသည့် ကပ်ဘေးတိုင်းအတွက် သူမက တာဝန်ယူလိုစိတ် အပြည့်ရှိ၍ ဂူကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့သည်ထက် ပို၍ ခိုင်မာပြတ်သားလာခဲ့၏။
"လန်ရီ ကပ်ဘေးတစ်ခု ပြီးဆုံးသွားပေမယ့် ဒီလောကမှာ ပျက်စီးကိန်း ကြုံနေရပြန်ပြီ။ မင်းရဲ့ တာဝန် မပြီးသေးဘူးမလား"
"မပြီးသေးဘူးလေ။ ဘာလို့လဲ"
သူမ၏ စကားကြောင့် ယွမ်ရှောင် ကျေနပ်စွာ ပြုံးလိုက်ပြီး ကမ္ဘာပျက်ကိန်း၏ သတင်းကောင်းအနေဖြင့် သူမကိုယ်သူမ ချက်ချင်း သတ်သေတော့မည် မဟုတ်ချေ။
"ငါတို့ ခရီးမဆက်ခင် လူခွဲကြမယ်။ မင်းက ကျောင်းအုပ်ယွီဆီ သွားပြီး ရှင်းပြလိုက်ပါ။ ကာကွယ်သူတွေကို ငရဲကိုးထပ်ကမ္ဘာရဲ့ သက်ရှိတွေ နေရာပြောင်းနိုင်ဖို့ ကူညီခိုင်းလိုက်။ ဒီကပ်ဆိုးထဲမှာ နတ်ဆိုးဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် မျိုးနွယ် မခွဲခြားပါနဲ့။ အနာဂတ်မှာ အားလုံး ငြိမ်းချမ်းနိုင်ဖို့ သူတို့ကို တာဝန်ပေးလိုက်"
အချိန်မရှိတော့သဖြင့် သူက စကားရှည်မနေဘဲ ညွှန်ကြားလိုက်သည်။
"နားလည်ပြီ။ အစ်ကိုက သူ့ကို သွားနှုတ်ဆက်မလို့လား"
သူက ငရဲကိုးထပ်ကမ္ဘာ၏ တစ်နေရာသို့ သွားရန် ပြင်ဆင်နေသောကြောင့် လန်ရီ မေးလိုက်ခြင်း ဖြစ်သည်။
"ဘယ်သူလဲ"
"အစ်ကို့ကလေးရဲ့ အမေ"
"ဟုတ်တယ်။ ငါ သွားပြီး နှုတ်ဆက်လိုက်ဦးမယ်"
သူက ခေါင်းကုတ်၍ အရှက်ပြေ ပြုံးကာ ဝန်ခံလိုက်ရသည်။
"သူက ဘယ်သူလဲဟင်။ ကျင့်ကြံသူတစ်ယောက်လား။ ဒါမှမဟုတ် ဟိုမိစ္ဆာမလေးလား။ မဟာတာအိုနယ်မြေကို ခေါ်လာခဲ့လိုက်ပါလား"
"မဟုတ်ပါဘူး။ ငါ မွေးခဲ့တဲ့ ကမ္ဘာငယ်လေးက သေမျိုးမိန်းကလေးတစ်ယောက်ပါပဲ။ ငါ့ကို ကျင့်ကြံရေးလမ်းကြောင်း အစမှာ ကူညီပေးခဲ့တဲ့ ဂိုဏ်းတူအစ်မလေ"
ယွမ်ရှောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သောအခါ တစ်ဖက်လူသည် ပထမဆုံး ဇနီးဖြစ်ကြောင်း လန်ရီ နားလည်သွားသဖြင့် ပြုံးနေခဲ့သည်။
"ကြည့်ရတာ ညီမက နောက်လူ ဖြစ်နေတာပဲ"
အမှန်တရားကို သိလိုက်ရသော်လည်း သူမက စိတ်ဆိုးပုံ မပြသောကြောင့် သူ့ကို အံ့သြစေသည်။
"အစ်မသာ ဒီအကြောင်း သိသွားရင် အစ်ကိုတို့ မိသားစုလေး ပျက်စီးသွားမှာလား"
ခဏတာ စဥ်းစားပြီးနောက် သူမက စိုးရိမ်စွာ မေးလိုက်သည်။
"မဆိုးပါဘူး။ အစ်မကျောက်က စိတ်သဘောထား ကြီးတယ်။ အရာရာကို လက်ခံပေးနိုင်စွမ်း ရှိတယ်"
"ညီမ သလောပေါက်ပြီ။ အစ်ကိုက တကယ် ကံကောင်းတာပဲ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ လန်ရီကို ပွေ့ဖက်နှုတ်ဆက်ကာ ဓားပျံစီးနင်း၍ နတ်ဘုရားတိုက်ကြီးထံ ပျံသန်းသွား၏။
"ဟေ့ သူ့ကို တကယ်ချစ်မိသွားတာလား"
လန်ရီက အချိန်အတန်ကြာအောင် ငေးငိုင်နေသဖြင့် နှင်းလုံးလေး ခေါင်းပြူထွက်လာကာ မလိုလားဟန်ဖြင့် မေးသည်။
"ဘယ်လိုထင်လဲ။ အချစ်က တစ်ခါတလေ အတ္တကြီးတဲ့ ခံစားချက်ပဲ။ အင်မော်တယ်လမ်းကြောင်းမှာ ခံစားချက်တွေကို တကယ်ဖြတ်တောက်ပစ်ရမှာလား"
"လျှောက်တွေးမနေနဲ့။ ငါ ပြောတာ နားထောင်။ တတိယအကြိမ်ကို မြန်မြန်လုပ်ပြီး ဒီကောင့်ကို ကောင်းကင်ပေါ်က ကန်ချလိုက်စမ်းပါ။ မင်းကမှ အဓိကဇာတ်ကောင်ပဲ။ သူ့ကို ဇာတ်ပို့နေရာ ထားလိုက်တော့"
နှင်းလုံးလေးအတွက် ယွမ်ရှောင်က သည်းမခံနိုင်စရာ လူတစ်ယောက် ဖြစ်နေပုံပေါ်သည်။ ကံကြမ္မာအရ ကယ်တင်ရှင်တစ်ယောက်၏ သားရဲ အဖြစ် မွေးဖွားလာသောကြောင့် ဖိနှိပ်ခြင်း မခံလိုပေ။
"တော်ပြီ။ နင့်ကို ဂရုမစိုက်တော့ဘူး"
သူမက ကျားဖြူလေး၏ ပါးကို ဆွဲလိမ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေထံ ခြေဦးလှည့်လိုက်လေသည်။
နတ်ဘုရားတိုက်ကြီး၊ အသူရာဓားဂိုဏ်း၊ ဓားအိမ်တော်ရှိ တိမ်ခြံဝန်းအတွင်း ကျောက်စားပွဲ၌ ယွမ်ရှောင် ရောက်ရှိနေကာ အလင်းရောင်များ တဖြတ်ဖြတ် တောက်ပနေသည့် မျှော်စင်တစ်ခုကို စိုက်ကြည့်နေသည်။ ၎င်းက အချိန်စီးဆင်းမှုကိုပင် ပြောင်းလဲနိုင်စွမ်းရှိသော ကိုးထပ် ကြယ်မျှော်စင် ဖြစ်ကာ သူက တံခါး ခေါက်လိုက်သည်။
"အစ်မကျောက် ထွက်လာလို့ ရပြီ"
မျှော်စင် အတွင်းနှင့် အပြင်၌ အချိန်စီးဆင်းမှု ကွဲပြားသောကြောင့် ကျောက်ရန်ရန် ထွက်ပေါ်လာရန် ခဏတာ စောင့်လိုက်ရ၏။
"မောင်လေးယွမ် ကပ်ဘေး ပြီးသွားပြီလား"
သူမက နွေးထွေးသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ မျှော်စင်အတွင်း နေထိုင်ခြင်းက အေးချမ်းမှု ရှိသောကြောင့် သူမအတွက် အပြောင်းအလဲ မရှိပေ။ ကပ်ဘေးတစ်ခု အစပြုလျှင် သို့မဟုတ် ပြီးဆုံးလျှင် ယွမ်ရှောင် ရောက်လာတတ်သည်ဖြစ်ရာ ဤအချက်နှင့် ပတ်သက်၍ နေသားကျလာခဲ့၏။
"ကပ်ဘေးတစ်ခု ပြီးသွားပြီ။ ဒါပေမယ့် ကမ္ဘာကြီး ပျက်စီးတော့မယ်"
"မောင်က ကပ်ဘေးတွေကို ဆွဲဆောင်တဲ့ သံလိုက်လေး ဖြစ်နေတာပဲ"
သက်ပြင်းချ၍ ပြောလိုက်သော ယွမ်ရှောင်၏ စကားကြောင့် ကျောက်ရန်ရန် ချစ်ခင်စွာ စနောက်လိုက်သည်။
"ဟုတ်လောက်တယ်။ ကျုပ် ဘယ်မှမသွားဘဲ ဒီမှာပဲ နေလိုက်ရမလား"
သူက ခေါင်းကုတ်၍ ကလေးမွေးသည့်အချိန်ကို စောင့်ပေးရန် မေးလိုက်ခြင်းပင်။
"မလုပ်ပါနဲ့။ အစ်မက ဘဝကို ဖြည်းဖြည်းမှန်မှန်လေး ရှင်သန်သွားချင်တယ်။ မောင်က အဆင့်တက်တာ အရမ်းမြန်တယ်။ ဒီလိုစည်းချက်မျိုးနဲ့ဆိုရင် ရူးသွားနိုင်တယ်"
သူမက ခေါင်းခါ၍ ချက်ချင်း ငြင်းဆန်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် ရှင်သန်နေထိုင်ပုံချင်း အလွန်ကွာခြားနေသည် မဟုတ်ပါလော။ ဤသို့ဖြင့် ဇနီးမောင်နှံ နှစ်ယောက်က ဘဝအစတွင် အမှတ်တရ များစွာ ရှိနေသော ပန်းပင်ကြီးအောက် ကျောက်စားပွဲအထက်တွင် ချစ်ခြင်းမေတ္တာများ ဖလှယ်ခဲ့ကြလေသည်။
အပိုင်း ၅၀၂ - မူမမှန်သော တတိယမြောက် ခေါင်းတလား
"သေရည် မသောက်သင့်ဘူး"
ယွမ်ရှောင်က အရက်တစ်အိုး ထုတ်ယူလိုက်သောအခါ ကျောက်ရန်ရန် မျက်နှာထားတင်းတင်းဖြင့် တားမြစ်သည်။
"အဲ့လောက်တောင် သတိထားနေတာလား။ အသက်ကြီးမှ ကလေးရရင် ဒီလိုမျိုး ဖြစ်တတ်ကြမယ် ထင်တယ်"
"ဘာတွေလာပြောနေတာလဲ။ ငါက အခုမှ အသက်နှစ်ဆယ်ကျော်ကျော်လေး ရှိသေးတယ်"
ဇနီးမောင်နှံက အကြည့်ချင်းဖလှယ်၍ ရယ်မောနေကြသဖြင့် ပျော်စရာ ကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာ၏။
"မကြာခင် ပျက်စီးကိန်း ရောက်လာတော့မယ်။ အစ်မ ပုန်းနေလိုက်ပါလား"
"ဘယ်နှရက်လောက်ကြာမှာလဲ။ ငါ ဒီအိမ်လေးကို မပျက်စီးစေချင်ဘူး"
ကျောက်ရန်ရန်၏ မျက်နှာထက်တွင် ဝမ်းနည်းသော အမူအရာ ဖြစ်ပေါ်လာကာ စိုက်ပျိုးထားသော ပန်းပင်များ၊ မွေးမြူထားသော ငါးကလေးများနှင့် ချိတ်ဆွဲထားသည့် မီးအိမ်များထံ အကြည့်ရောက်သွားသည်။ ကျင့်ကြံရေးတွင် ၎င်းတို့က အကျိုးမပြုနိုင်သော်လည်း သူမအတွက် အမြတ်တနိုး တန်ဖိုးထားသည့် ရတနာလေးများဖြစ်သည့်အပြင် ဤနေရာကို ကာကွယ်ချင်ရသော အကြောင်းအရင်းမှာ နှစ်ယောက်လုံးအတွက် အိမ် ဖြစ်နေ၍ပင်။
"ကောင်းပြီ။ လဝက်အတွင်း ကျုပ် အိမ်ကို ကာကွယ်မယ်။ ဒီဖိအားကို ရအောင် ကိုင်တွယ်ထားမယ်။ အခုတော့ သွားရမယ်"
ယွမ်ရှောင်က သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ လေးလေးနက်နက် ကတိပေးလိုက်၏။ ကျောက်ရန်ရန်က သူ့ကို ဖိအားမများစေချင်ဘဲ ထွက်ခွာသွားမည်ဟု ဖြောင်းဖြချင်သော်လည်း လက်မခံတော့ပေ။
"သွားပါ။ မောင်က မြန်မြန် ပြန်ရောက်လာမှာ သေချာပါတယ်။ မြောက်ပိုင်းဖုန်းဆိုးမြေမှာ နတ်ဆိုးတွေ သောင်းကျန်းကတည်းက ဒီလိုမျိုး ခဏခဏ ကျင့်သားရနေပါပြီ"
သူမက လက်ပြနှုတ်ဆက်၍ ငိုမဲ့မဲ့ မျက်နှာထားဖြင့် ပြောနေစဥ် ယွမ်ရှောင်သည် ပွေ့ဖက်နမ်းရှိုက်ကာ ဓားပျံမှာ ကောင်းကင်သို့ ပျံတက်သွား၏။ အောက်ဘက်တွင် အသူရာဓားဂိုဏ်းရှိ အိမ်ကလေးမှာ ဖြည်းဖြည်းချင်း သေးငယ်၍ မြင်ကွင်းမှ ပျောက်ကွယ်သွားသော်လည်း နှလုံးသားထဲတွင် ထာဝရ စွဲထင်ကျန်ရစ်နေသည်။ သို့သော် ထိုအချိန်တွင် သူ၏ မြင်ကွင်းအတွင်း ပတ်ဝန်းကျင်က ချာချာလည်သွား၍ မည်းနက်သော မီးခိုးများ အရာရာ ဖုံးလွှမ်းသွားသဖြင့် မျက်လုံးပြူးသွားရ၏။ အနက်ရောင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာပြီး ပွင့်နေသော အဖုံးနောက်တွင် အနက်ရောင်ဝတ် မိန်းမပျိုတစ်ယောက် ငြိမ်းချမ်းစွာ လဲလျောင်းနေသည်။ သူမ၏.လက်က ဝမ်းဗိုက်အပေါ် ညှင်သာစွာ တင်ထားပြီး ဖောက်ထွင်းမြင်နေရကာ သေးငယ်သော သန္ဓေသားလောင်းကို တွေ့နေရ၏။ ထိုအခိုက်အတန့်တွင် သူက မည်သည့်အရာမှန်း မသိရသော မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားကာ တစ်ဖက်လူသည် နက်နဲဆန်းကြယ်၍ အရာရာကို သိနေသော အပြုံးမျိုးဖြင့် ပြန်လည် နှုတ်ဆက်လာသည်။
ယွမ်ရှောင်တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွား၍ ရေနစ်နေသူတစ်ယောက်ပမာ အသက်ရှူကြပ်လာ၏။ သို့ရာတွင် ခဏအတွင်း လက်တွေ့ကမ္ဘာသို့ ချက်ချင်း ရောက်ရှိလာကာ ဓားပျံအထက်တွင် စီးနင်းနေဆဲ ဖြစ်ပြီး နတ်ဘုရားတိုက်ကြီးမှာ ပုံမှန်အတိုင်း ရှိနေဆဲပင်။
"ယွမ်ရှောင် ဘာဖြစ်သွားတာလဲ"
ကြယ်ပြာသည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော ယွမ်ရှောင်ကို ချက်ချင်း သတိထားမိခဲ့သည်။
"မင်းဗိုက်ထဲက တတိယမြောက် အနက်ရောင်ခေါင်းတလားမှာ လှုပ်ရှားမှုရှိလား"
"မရှိဘူး"
၎င်းက ချက်ချင်း အတည်ပြုပေးလိုက်သောအခါ အတွေး၌ တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုသည် သူ တန်ဖိုးထားသော အရာများကို ခြိမ်းခြောက်နေသည်လားဟု ချက်ချင်း ဖြစ်ပေါ်လာသည်။ ဤကလေးကို ကျောက်ရန်ရန်ရော သူပါ အလွန်တန်ဖိုးထားသောကြောင့် ထိုခေါင်းတလားအကြောင်း ပိုမိုနားလည်လာအောင် ကြိုးစားရပေလိမ့်မည်။
"ငါ ဒီအထိ ရောက်လာမှတော့ အရှုံးပေးလို့ မဖြစ်ဘူး။ ဘာမှလည်း အဆုံးရှုံးမခံနိုင်တော့ဘူး"
ထိုဆုံးဖြတ်ချက်ကြောင့် ချစ်မြတ်နိုးသမျှ အရာရာတိုင်းကို ကာကွယ်ရန် သူ စွန့်စားရပေတော့မည်။
နေ့ဝက်ခန့်ကြာပြီးနောက် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ကာကွယ်သူများ၏ အားထုတ်မှုကြောင့် အမှန်တရား ပေါ်ပေါက်လာကာ အခြေအနေများ ငြိမ်သက်နေပြီ ဖြစ်၏။ သိုင်းဧကရာဇ် မျိုးနွယ် မတရားခံခဲ့ရသော စွပ်စွဲမှု ပျောက်ကွယ်သွားကာ အောင်ပွဲခံရမည့် အချိန် ဖြစ်သော်လည်း နောက်ထပ်ကပ်ဘေးတစ်ခုက လည်ပင်းတွင် ဓားဖြင့် လာထောက်ထားသကဲ့သို့ ခြိမ်းခြောက်နေပြန်သည်။
"ငါတို့ကမ္ဘာကြီးကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"
ယွမ်ရှောင်ကို မြင်သောအခါ လူတိုင်း ဒူးထောက်လိုက်ကြပြီး မျက်နှာများ၌ ဝမ်းနည်းပူဆွေးမှုတို့ ထင်ဟပ်နေ၏။ သူက ကယ်တင်ရှင်အဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားခြင်း မရှိဘဲ အသူရာဓားဂိုဏ်းရှိ အိမ်ကို ကယ်တင်ရန်သာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သို့သော် မွေးရာပါ လူယုတ်မာ စိတ်ဓာတ်မရှိသော မည်သည့်လူကောင်းမဆို ဤမျှ ဒုက္ခခံစားနေရသည့် သက်ရှိများကို မြင်လျှင် လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
"သွားကြစို့"
လက်တွေ့အကောင်အထည် မဖော်နိုင်သရွေ့ ကတိများက အဓိပ္ပါယ်မရှိသောကြောင့် သူက ကယ်တင်ပေးရန် အာမခံမနေဘဲ လန်ရီကို လက်ဟန်ပြလိုက်၏။
"နှုတ်ဆက်ပါတယ် အင်မော်တယ် သခင်လေးယွမ်"
ဤကြွေးကြော်သံများက နယ်မြေတစ်ခွင် ဟိန်းထွက်သွားပြီး ကောင်းကင်အုပ်စိုး ဓားယာဥ်ထံ ချဥ်းကပ်နေသည့် လူငယ်စုံတွဲကို ကြည့်ရင်း ကျောင်းအုပ်ယွီ အတွေးနက်နေမိသည်။ အစစ်အမှန် အင်မော်တယ်ဆိုသည်မှာ မည်သို့သော လူမျိုး ဖြစ်မည်ဟု သူမ အမြဲတွေးနေမိပြီး မက်မွန်အင်မော်တယ်နှင့် လောဘသားကောင်များကို မြင်ခဲ့သောအခါတွင်မှ တကယ့် အဓိပ္ပါယ်ကို နားလည်သွား၏။ သူမ၏ အမြင်တွင် အစစ်အမှန် အင်မော်တယ်ဆိုသည်မှာ ယွမ်ရှောင်ကဲ့သို့ လူမျိုး ဖြစ်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံး သဘောတူကြပေလိမ့်မည်။ ဂူကျင့်ကြံသူများ၏ လှည့်ဖျားမှု ခံခဲ့ရပြီး သူ့ကို ပြဿနာများစွာ လုပ်ခဲ့သောကြောင့် လူသားများစွာ အပြစ်ရှိစိတ် ခံစားနေရသည်။ နောက်ဆုံးတွင် ဤလူအုပ်ကြီးက စစ်မှန်သော တရားမျှတမှုကို သဘောပေါက်၍ သူ့ဘက်တွင် ရပ်တည်ပေးလိမ့်မည်ဟု ယွမ်ရှောင် ထင်မထားခဲ့ပေ။
ယွမ်ရှောင်သည် လုအန်းထံမှ ဓားယာဥ် မောင်းနှင်နည်းကို သိထားပြီး ဖြစ်သောကြောင့် လန်ရီနှင့်အတူ ဝင်ရောက်ကာ ဝုန်းခနဲ ပျံတက်သွားခဲ့သည်။ သေမျိုးလောက၏ မျှော်လင့်ချက်များလည်း ၎င်းနှင့်အတူ မဟာတာအိုနယ်မြေသို့ လိုက်ပါလာခဲ့၏။
"အရမ်းကျပ်တာပဲ"
လူတစ်ယောက်သာ ဆန့်သော ဓားယာဥ်အတွင်း လန်ရီသည် ယွမ်ရှောင်၏ ရင်ခွင်အတွင်း ရောက်နေသောကြောင့် မျက်နှာလေး နီရဲနေသည်။ သူမ၏ ခန္ဓာကိုယ် သေးနေသောကြောင့်သာ မဟုတ်လျှင် အတူ လိုက်လာနိုင်မည် မဟုတ်ချေ။
"သည်းခံလိုက်ပါ"
သူတို့သာမက ခြေထောက်အောက်တွင်လည်း သားရဲလေးနှစ်ကောင် ညှပ်ပူးညှပ်ပိတ် တွန်းထိုးနေကြသည်။.
"ရုပ်ဆိုးကောင်တွေ ဖယ်စမ်း"
ကျားဖြူလေး၏ မျက်နှာပေါ် ကြယ်ပြာ တက်ထိုင်နေသဖြင့် ဒေါသတကြီး အော်လိုက်ခြင်း ဖြစ်သည်။
"ကျားအိုမကြီး တိတ်တိတ်နေစမ်း။ မဟုတ်ရင် လနီက လာလျက်လိမ့်မယ်နော်"
ကြယ်ပြာက လူယုတ်မာ အပြုံးမျိုးဖြင့် ခြိမ်းခြောက်လိုက်သောကြောင့် ၎င်းမှာ ရွေးချယ်စရာမရှိဘဲ တိတ်တိတ်နေလိုက်ရ၏။ ဤသို့ဖြင့် လူနှစ်ယောက်၊ သားရဲနှစ်ကောင်သည် ကျပ်ညှပ်နေသော ဓားယာဥ်ဖြင့် သေမျိုးလောက၏ အဆုံး ကောင်းကင်သို့ ရောက်ရှိလာကြသည်။ ကျင့်ကြံဆင့် လုံလောက်လျှင် ကန့်သတ်ထားသော အတားအဆီးကို ဖြိုခွင်း၍ အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်၏။ အတားအဆီးက ကြယ်ရောင်တောက်ပသော တံတိုင်းကြီး ဖြစ်နေပြီး မျက်စိကျိန်းလောက်အောင် လင်းလက်နေသည်။
"ဒီအောက်မှာဆိုရင် ကမ္ဘာတွေက ဥတွေအတိုင်းပါလား"
ယွမ်ရှောင်က အောက်ကို ငုံ့ကြည့်ရင်း မှတ်ချက်ချသည်။ ကောင်းကင်အုပ်စိုး ဓားယာဥ်သည် အတားအဆီးကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်သဖြင့် များစွာ အားထုတ်နေစရာ မလိုချေ။
"ငါတို့ ကောင်းကင်ရုံးတော်ကို ခိုးဝင်ရင် အပြစ်ကြီးလောက်တယ်မလား"
လန်ရီက မေးသည်။
"စီရင်သူလုက သေပြီဆိုတော့ အထောက်အထားတစ်ခုခု ရအောင် ငါတို့ဘာသာ ကြံဖန်ရမှာပဲ"
စကားအဆုံးတွင် ဓားယာဥ်သည် အတားအဆီးကို ဖောက်ထွက်သွားကာ ယွမ်ရှောင် တစ်ကိုယ်လုံး ပေါ့ပါးသွားသယောင် ခံစားလိုက်ရ၏။ အရှေ့သို့ ကြည့်လိုက်သော်လည်း တိမ်မည်းများနှင့် မြူခိုးများ ပြည့်နှက်နေသောကြောင့် လမ်းကြောင်းကိုမူ ရှင်းရှင်းလင်လင်း မမြင်ရချေ။
"အနောက်ကို ကြည့်လိုက်ဦး"
ဓားယာဥ်က လေခွင်း၍ လျင်မြန်စွာ ရှေ့ဆက်နေစဥ် အလန့်တကြား ပြောလာသော လန်ရီ၏ မျက်နှာသည် မယုံနိုင်စရာ တစ်ခုခု တွေ့လိုက်ရသကဲ့သို့ ပြောင်းလဲသွား၏။ ယွမ်ရှောင်လည်း အနောက်သို့ လှည့်ကြည့်လိုက်ရာ အသက်ရှူမှားလောက်အောင် တအံ့တသြ ဖြစ်သွားရလေသည်။